← Chapters

အခန်း (၆၄)

Vol. 6 Ch. 64

အခန်း (၆၄)

Vol. 6 Ch. 64

နှစ်မိနစ်အကြာတွင် ကျိုးကျီယွဲ့ ဖုန်းခေါ်လာခဲ့သည်။

မနေ့ညက ကျိုးကျီယွဲ့ သူမအပေါ် ဘယ်လောက်ဆိုးခဲ့လဲဆိုတာကို သတိရမိပြီး ဝမ်ယွီထုံ မပျော်မရွှင်ဖြင့် ဖုန်းကိုကောက်ကိုင်လိုက်ကာ "ဘာလဲ" ဟုပြန်ဖြေလိုက်သည်။

"ခုထိ နာနေသေးလား" အမျိုးသား၏ သာယာနာပျော်ဖွယ် ဆွဲဆောင်မှု ရှိသည့်အသံဩဩကို ဖုန်းတစ်ဖက်မှ ကြားလိုက်ရသည်။

ဝမ်ယွီထုံ လေသံ မာဆတ်ဆတ်ဖြင့်ပြန်ဖြေလိုက်သည်။ "မနာတော့ဘူး"

"အိုး" ကျိုးကျီယွဲ့ မျက်ခုံးများအနည်းငယ်ပင့်လိုက်ကာဖြည်းညင်းစွာ ပြန်ပြောသည်။ "ဒါဆို ကိုယ် ဒီညနေခင်းစောစောပြန်လာခဲ့မယ်။ တစ်ကယ်လို့ မင်းနာနေသေးရင် ကိုယ်ဆေးလိမ်းပေးမယ်"

"အမ်!" ဝမ်ယွီထုံ၏ ပါးနီရဲသွားပြီး ဟွန့်ကနဲ နှာခေါင်းရှုံ့သံပြုလိုက်ကာ ဖုန်းကို ချပစ်လိုက်သည်။ သူမ ခြေနှစ်လှမ်း လှမ်းလိုက်စဉ် သူမ ခန္ဓာကိုယ် တစ်နေရာရာကနေ နာကျင်နေမှုကို ခံစားလိုက်ရပြန်သည်။

'ဒါတွေအားလုံးက ကျိုးကျီယွဲ့ကြောင့်ပဲ!!'

'ဒါတောင်သူက မသိချင်ယောင်ဆောင်နေသေးတယ်!!'

ဝမ်ယွီထုံသည် လိမ်းဆေးဘူးကို ကြမ်းပြင်ပေါ်သို့ပစ်ချကာ ကျိုးရှောင်ယွီကို ရှာရန် အောက်ထပ်ကိုဖြည်းဖြည်းချင်း ဆင်းသွားခဲ့သည်။

ကျိုးရှောင်ယွီသည် အစောပိုင်းတွင် နှုတ်ခမ်းကြီးထော်ကာ ဒေါသထွက်နေသော်လည်း ဝမ်ယွီထုံ သူ့ဆီသို့လာနေသည်ကိုမြင်သောအခါ ကလေးလေးသည် သူ၏မကျေနပ်ချက်များကို ချက်ချင်း မေ့သွားခဲ့သည်။

ရှောင်ယွီ၏ မျက်လုံးကြီးများက အရောင်တောက်ပလာကာ သူ့လက်နှစ်ဖက်ကို ဆန့်လိုက်သည်။ "မားးမားး မားးမားး"

ဝမ်ယွီထုံသည် ကလေးကို ကောက်ချီလိုက်ကာ ပါးဖောင်းဖောင်းလေးကို ဖျစ်ညစ်လိုက်သည်။ "ရှောင်ယွီ သားက အရမ်းတော်တာပဲ။ မေမေ့ကို သတိရနေတာလား? ထမင်းကော ဝဝလင်လင်စားပြီးပြီလား?"

ကျိုးရှောင်ယွီသည် သူ၏ လက်ကစ်ကစ်ကလေးဖြင့် သူ့အမေ၏ အင်္ကျီကော်လံကို ဆွဲကာ အမေ့ရင်ခွင်ထံ မှီဝင်ရင်း "မားမား မားမား "ဟု ဆိုလေသည်။

ဝမ်ယွီထုံလည်း ကလေး၏ ချောမွတ်သော နဖူးပြင်လေးကို အသာအယာ နမ်းလိုက်သည်။

ဤသို့ဖြင့် လူကြီးနှင့် လူကလေးတို့သည် သူတို့နှစ်ဦးကြားအတိတ်က မကျေချမ်းမှုများကို ခဝါချလိုက်ကာ ပြန်လည်သင့်မြတ်သွားကြတော့သည်။

ဝမ်ယွီထုံတစ်ယောက် နေ့လည်စာ စားနေစဉ် ကောင်ကလေးသည် သူ့အမေနားသာ ကပ်ချင်နေ၏။အောက်ပင်ချထားမရပဲ ဝမ်ယွီထုံ၏ ပေါင်ပေါ်မှာ ထိုင်ရင်း သူ့အမေ၏ စားစရာပါးစပ်ထဲ ထည့်လိုက်တိုင်း သူလည်း ပါးစပ်လေးကို လိုက်ဟနေ၏။

ဝမ်ယွီထုံလည်း သူမလက်ကို ဆေးကြောလိုက်ပြီး ရှောင်ယွီလေးစားနိုင်ရန် ထမင်းတစ်ချို့ကို လက်ဖြင့်ယူလိုက်သည်။သို့သော် လူကြီးစားသည့် ထမင်းက ကလေးအတွက် ဆိုလျင် အနည်းငယ် မာနိုင်၍ အများကြီးမကျွေးရဲပါ။ ကလေး၏ အစာချေစနစ်ပျက်စီးမည်စိုး၍ဖြစ်သည်။ ရှောင်ယွီလေး စားနေကျထမင်းပင်လျင် ပေါင်းအိုးဖြင့် နူးအိနေအောင်ချက်ကာ ကျွေးခြင်းဖြစ်သည်။

ရှောင်ယွီလေးသည် သူ့အမေကျွေးသည့်ထမင်းကို ပါးစပ် ဟကာ နှုတ်ခမ်းလေးတွေထိရင်း အရသာရှိရှိ ဝါးစားလိုက်သည်။ 'သူ ဒီထမင်းမာမာကို စားရတာ ပိုကြိုက်တယ်။ ဆန်ပြုတ်တို့၊ ခေါက်ဆွဲတို့ကို သူမကြိုက်ဘူး။ ဒီမာမာ လေးကမှ အရသာရှိပြီး ဝါးစားလို့လည်း ကောင်းတယ်။'

စနစ် - "ကျိုးရှောင်ယွီ၏ ဖြည့်စွက်အစားအစာကို လူကြီးအစားအစာသို့ တဖြည်းဖြည်းပြောင်းလဲပါ။ သူ၏ ဝါးနိုင်စွမ်းကို လေ့ကျင့်ပေးပါ! သတိပြုရန်အချက် - ဝါးနိုင်စွမ်းကိုလည်း လေ့ကျင့်ဖို့လိုအပ်တယ်။မိဘတွေက ဒီအချက်ကို မေ့နေတတ်ကြတယ်"

ရုတ်တရက် အနီရောင်သတိပေးချက်များစွာအား စနစ်မှ ပြသလာသည်။

[ညံ့ဖျင်းသောဝါးနိုင်စွမ်းသည် အစာခြေခြင်းနှင့်စုပ်ယူခြင်းကိုသာမက ဘာသာစကားစွမ်းရည်နှင့် ပင်ကိုယ်အသွင်အပြင်ကိုပါ သက်ရောက်မှုရှိနိုင်သည်!]

[အားနည်းသောဝါးနိုင်စွမ်းသည် မျက်နှာကြွက်သားများ၏ လှုပ်ရှားမှုကို အားနည်းစေပြီး သွားဖွံ့ဖြိုးမှုကို ထိခိုက်စေသည်!]

[သင့်ကလေး၏ နေ့စဉ်ဖြည့်စွက်စာကို အလွန်နူးညံ့အောင်မလုပ်ပါနှင့်၊ သင့်ကလေးအား သူ၏ဝါးနိုင်စွမ်းကို လေ့ကျင့်ခွင့်ပေးပါ!]

[ကလေးငယ်၏ ၁၁လ -၁၂လအရွယ်ကာလသည် ဝါးနိုင်စွမ်းအမြန်ဖွံ့ဖြိုးရန် အရေးကြီးသောကာလဖြစ်သည်။ ကလေး၏ စားစရာများကိုအတုံးသေးသေးများနှင့် လက်ဖြင့်ကိုင်စားနိုင်သော အရွယ်အစားများဖြစ်သင့်သည်။

ဝမ်ယွီထုံသည် ဆန်အလုံးကလေးတစ်ခုကို ကျိုးရှောင်ယွီ၏ ပါးစပ်ထဲသို့ ထည့်ပေးရင်း ကလေး၏ဖြည့်စွက်စာများကို တစ်ဖြည်းဖြည်းချင်း ပြောင်းလဲပေးရန် စဉ်းစားကာ ဆုံးဖြတ်လိုက်သည်။ သူမ ထမင်းစားတိုင်း ယခုကျွေးသလိုမျိုး ကျိုးရှောင်ယွီကို နည်းနည်းချင်းစီကျွေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဒါမှ ကလေးရဲ့ ဝါးနိုင်စွမ်းကို လေ့ကျင့်ပေးရုံသာမက ကလေး၏ အစာအိမ်ကလည်း တစ်ဖြည်းဖြည်းချင်း လက်ခံလာနိုင်လိမ့်မည်။

နေ့လည်ပိုင်း အိပ်ချိန်ရောက်လျက်လည်း ကျိုးရှောင်ယွီသည် သူ့အမေကို အရင်ကထပ်ပို ကပ်တွယ်နေ၏။

သူ့အမေ၏ ကုတင်ပေါ်တွင်သာအိပ်ပြီး အမေ့လက်မောင်းပေါ် ခေါင်းအုံးချင်နေ၏။ မည်ကဲ့သို့ပင်ဖြစ်စေကာမူ သူ၏ ကလေးကုတင်ပုခက်ပေါ်သွားအိပ်ရန် ငြင်းဆန်နေခဲ့သည်။

ဝမ်ယွီထုံသည်လည်း ဘာလုပ်ရမည်မှန်းမသိ မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချလိုက်သည်။ ထို့ကြောင့် ကလေးကလေးကိုသာ ပွေ့ဖက်လိုက်ပြီး အတူတူအိပ်လိုက်သည်။ သူမလည်း အိပ်ချိန်အနည်းငယ်ဖြည့်ရန်လိုအပ်နေသေးသည်ဟု ယူဆမိသည်။

ကျိုးရှောင်ယွီသည် သူ့လက်ချောင်းများကို စုပ်နေကာ နောက်သူ့ ခြေထောက်‌လေးကိုလည်း ဆွဲယူလိုက်ပြီး ခြေချောင်းတုတ်တိုတိုလေးကို မျက်မှောင်ကြုံ့ကာ စိတ်ဆိုးနေသေးသည့်ပုံဖြင့် စုပ်နေလေသည်။

'သူအိပ်နေတုန်း မေမေ့ကို ဘယ်မှ ထပ်ပြီး ခိုးမထွက်သွားခိုင်းတော့ဘူးးး။'

ဝမ်ယွီထုံ နေ့ခင်းတစ်ရေးအိပ်ပြီး နိုးလာသောအခါ မိမိ၏ စိတ်ရောကိုယ်ပါ မနက်ခင်းကထပ်စာလျင် သိသိသာသာတိုးတက်လာသည်ကို ခံစားလိုက်ရသည်။ ကျိုးရှောင်ယွီကတော့ အိပ်ပျော်နေဆဲဖြစ်ပြီး သူမဘေးတွင် လှဲအိပ်နေသည့် ကလေးကလေး၏ မျက်နှာသည် နုပျိုပြီး ပန်းနုရောင်သန်းနေ‌သည့် မက်မွန်သီးလုံးလေးနှင့် တူနေ၏။

ဝမ်ယွီထုံသည် သူမ ခန္ဓာကိုယ်ကိုအသာရွေ့ပြီး အိပ်ရာထဲမှထွက်လိုက်သည်။ သို့သော် ကျိုးရှောင်ယွီသည် ဘာသတိပေးချက်မှမရှိဘဲ ရုတ်တရက် နိုးလာမည်ကို သူမ မမျှော်လင့်ထားခဲ့ပါ။

ရှောင်ယွီလေးသည် သူ၏ မျက်လုံးပြူးလေးဖြင့် သူ့အမေကို ကြောင်တောင်တောင်ကြည့်နေကာ သူမထွက်ပြေးသွားမှာကို စိုးရိမ်နေသည့်အလား စက္ကန့်ပိုင်းအတွင်း ထထိုင်လိုက်သည်။

ဝမ်ယွီထုံသည် ကလေး၏ အပြုအမူကြောင့် ရီမောလိုက်ပြီး ကလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကာ "ကျိုးရှောင်ယွီ၊ နည်းနည်းထပ်အိပ်ဦးလေ သား တစ်နာရီပဲအိပ်သေးတယ်" ဟုပြောလိုက်သည်။

ကျိုးရှောင်ယွီတစ်ယောက် မပျော်ရွှင်တော့ပါ။ သူသည် အော်ဟစ်ကာ ဝမ်ယွီထုံကို သတိဖြင့်ကြည့်လိုက်သည်။ ကတိမတည်တဲ့ အမေက သူ့ကို ထပ်ထားခဲ့မှာကို သူကြောက်နေတာဖြစ်သည်။

ကလေးက အိပ်ချင်စိတ်မရှိတော့ ဝမ်ယွီထုံလည်း သူ့ကိုအတင်းအကျပ် မအိပ်ခိုင်းတော့ပါ။ ထို့ကြောင့် နှစ်ယောက်လုံး အောက်ထပ်ဆင်းသွားလိုက်ရာ မနေ့က သူမမှာခဲ့သော ပစ္စည်းရောက်နေကြောင်း သိလိုက်ရသည်။

မှာထားသည့်ပစ္စည်းသည် ကလေးဆံပင်ညှပ်စက်တစ်ခုဖြစ်သည်။

ပါကင်ဘူးကိုဖွင့်ရင်း ဝမ်ယွီထုံသည် အင်တာနက်ပေါ်မှ ကလေးဆံပင်ညှပ်ဗီဒီယိုများကို အမြန်ရှာဖွေလိုက်သည်။

[သင့်မှာသာ လက်ရှိရင် ဒါတွေ လုပ်နိုင်တယ်။ ကလေးဆံပင်ကို ဒီလိုညှပ်ကြမယ်!!]

ဝမ်ယွီထုံသည် အသစ်ဝယ်ထားသောဆံပင်ညှပ်စက်၏ အသုံးပြုပုံကို လေ့လာပြီး အွန်လိုင်းမှ ညှပ်နည်းသင်ခန်းစာကိုလည်း ကြည့်လိုက်သည်။

ကလေးဆံပင် ညှပ်နည်းကတော့ အတော်လေးလွယ်ပုံရသည်။ ဆံသဆရာပင် ရှာစရာမလိုပေ။ ပိုက်ဆံကုန်သက်သာရုံမက ကလေးတွေလည်း ကြောက်လန့်နေစရာမလိုတော့ပေ။ ထို့အပြင် မိဘကိုယ်တိုင်ညှပ်ပေးတာက ပိုပြီးလည်း လက်တွေ့ကျသည်။

"ကျိုးရှောင်ယွီ၊ ဒီနေ့တို့‌တွေ ဆံပင်ညှပ်ကြမယ်!"

ဝမ်ယွီထုံသည် ဆံပင်ညှပ်စက်ကိုင်ကာ ကျိုးရှောင်ယွီအား ကြိုတင် အသိပေးလိုက်သည်။

"တို့ကလေးရဲ့ဆံပင်တွေရှည်လာပြီး နည်းနည်းလေး ဘုတ်သိုက်ဖြစ်လာပြီဆိုတော့ မေမေက သားဆံပင်ကိုနည်းနည်းလေး ညှပ်ပေးမယ်နော်။ လုံးဝမနာဘူး။ မလှုပ်ပဲ ငြိမ်ငြိမ်လေး ထိုင်နေနော်"

ကျိုးရှောင်ယွီက‌တော့ နားမလည်ဘဲ ခေါင်းညိတ်လိုက်သည်။ ကလေးက ဆံပင်ညှပ်စက်ကို သူ၏ကစားစရာဟုထင်မှတ်ကာ ယူရန် သူ၏လက်ကလေးကိုဆန့်ထုတ်လိုက်သော်လည်း အမေကပြန်ယူသွားပြန်သည်။

ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ၏ ဆံပင်ကိုကြည့်လိုက်သည်။ ကလေး၏ ဆံပင်ကောက်ကွေးလေးများသည် တောက်ပြောင်ကာ ပျော့ပြောင်းသည်။ ဆံပင်အရောင်က လုံးဝမဲနက်နေတောမျိုး မဟုတ်ပဲ နေရောင်အောက်မှာ ရွှေရောင်ဖျော့ဖျော့လေးသန်းနေ၏။

ဆံပင်ပုံစံလေးက လှပသော်လည်း ခေါင်းနောက်ဘက်ရှိဧရိယာသည် အနည်းငယ်ရှုပ်ပွနေ၍ ခေါင်းလျှော်ဆံပင်ဆေးလျင် အခက်အခဲဖြစ်သည်။ အထူးသဖြင့်ဆောင်းရာသီတွင်ဖြစ်သည်။ နေ့တိုင်း၅ မိနစ်ခန့် ဆံပင်အခြောက်ခံစက် သုံးပေးနေရသည်။ မသုံးလျင် လုံးဝမခြောက်နိုင်ပါ။

ဝမ်ယွီထုံသည် ကလေးထိန်းအန်တီကိုပါ အကူအညီရရန် ခေါ်ထားလိုက်သည်။ သူတို့သုံးယောက်သည် ဧည့်ခန်းရှိ အလင်းရောင်ကောင်းကောင်းရသော နေရာတစ်ခုတွင်ထိုင်လိုက်ကြသည်။

ကလေးထိန်းအန်တီသည် ရှောင်ယွီလေးကို ငြိမ်ငြိမ်ထိုင်ရန် ထိန်းပေးကာ ဝမ်ယွီထုံက ဆံပင်ညှပ်စက်ကိုကိုင်ပြီး ကိုယ်တိုင်ညှပ်တော့သည်။

ဆံပင်ညှပ်စက် အသုံးပြုနည်း လမ်းညွှန်ကိုကြည့်ကာ စက်ဖွင့်လိုက်ပြီး ဆံပင်ညှပ်ရန် စတင်လိုက်သည်။ "ကျိုးရှောင်ယွီ မေမေ ဆံပင် စညှပ်တော့မယ်နော်"

ကျိုးရှောင်ယွီကတော့ သူအမေ ဘာလုပ်တော့မှာလဲဆိုတာမသိဘဲ မတ်မတ်ထိုင်နေပြီး မျက်လုံးပြူးကြီးဖြင့် ဆံပင်ညှပ်စက်ကစားစရာကို စူးစမ်းကြည့်နေ၏။

ဝမ်ယွီထုံသည် အွန်လိုင်းဗီဒီယိုအတိုင်း ကလေး ၏ ဆံပင်ကို နားရွက်မှစတင်ညှပ်လိုက်သည်။

ဆံပင်ညှပ်စက်ကို ကျိုးရှောင်ယွီ၏ နားထင်သို့ တင်လိုက်သည်နှင့် ကျိုးရှောင်ယွီသည် ထိတ်လန့်သွားကာ မျက်လုံးပြူးရင်း တကိုယ်လုံးတုန်လှုပ်သွားသည်။

ကလေးထိန်းအန်တီက ရှောင်ယွီလေးကို နှစ်သိမ့်ပေးလိုက်သည်။ "သခင်ငယ်လေး မကြောက်နဲ့နော် ဆံပင်ညှပ်ပြီးသွားရင် ခန့်ချောကြီး ဖြစ်သွားမှာ"

နောက်တစ်စက္ကန့်တွင် ကျိုးရှောင်ယွီသည် မငိုရုံသာမက ခိုးခိုးခစ်ခစ် ရီမောကာ တစ်ကိုယ်လုံးတုန်ခါနေ၏။

'ခေါင်းပေါ်က ဆံပင်ညှပ်စက်က အရမ်းယားတာပဲ!

ခေါင်းအရေပြားကိုနှိပ်နယ်ပေးနေသလိုပဲ!!'

ဗီဒီယိုထဲမှာကြည့်ရတာတော့ လုပ်ရလွယ်ဟန်ရှိသော်လည်း ကလေးဆံပင်ညှပ်တာ ပထမဆုံးအကြိမ်ဖြစ်သည့် ဝမ်ယွီထုံအတွက်တော့ နှလုံးတုန်နေဆဲဖြစ်သည်။

ဝမ်ယွီထုံလည်း ကလေး၏ မိုက်မဲသောရယ်သံများကို လျစ်လျူရှုပြီး အသက်ရှူကိုအောင့်ထားကာ လက်များကိုမရပ်တန့်ဘဲ လှုပ်ရှားနေလိုက်သည်။

နားရွက်နှင့်ခေါင်းနောက်ဘက်ကို ရိတ်ပြီးနောက် ကျိုးရှောင်ယွီ၏ ကွေးနေသောဆံပင်သည် ရုတ်တရက်တိုသွားပြီး အလွန်လန်းဆန်းပုံရသွားသည်။ သူ၏မျက်နှာသွင်ပြင်သည်လည်း ပိုထင်ရှားလာပြီး ပိုမိုချောမောလာသည်။

ဝမ်ယွီထုံသည် ကျေနပ်သွားပြီး ချီးကျူးလိုက်သည်။ "တို့ရှောင်ယွီလေးက ဆံပင်တိုလေးနဲ့ ပိုကြည့်ကောင်းတယ်ရော်။ ကဲ အခု ရှေ့ပိုင်းကို ညှပ်မယ် မလှုပ်နဲ့နော်"

ကျိုးရှောင်ယွီကတော့ သွားလေးချောင်းပေါ်အောင် ပြုံးဖြီးနေ၏။ "ဒါ ဒါ ဒါ ဒါ !"

ဝမ်ယွီထုံ သူမရုပ်ကို တည်တံ့လိုက်ကာ မျက်မှောင်ကြုံ့ပြီး ဆံပင်ညှပ်စက်ကို ကလေးမျက်နှာရှေ့က ဆံပင်ညှပ်ရန် ဟန်ပြင်လိုက်သည်။

ကျိုးရှောင်ယွီသည် သူ့မျက်နှာ နှင့် နီးကပ်လာသည့် ဆံပင်ညှပ်စက်ကစားစရာကို မျက်လုံးကြီးများပြူးကာ စူးစမ်းကြည့်နေ၏။

နောက်စက္ကန့်ပိုင်းအတွင်း ကလေးသည် သူ့ခေါင်းကို မော့ချလိုက်တော့သည်။

"ဂျီ ဂျီ ဂျီ ——"

ဝမ်ယွီထုံ မယုံနိုင်လောက်အောင်လက်များတုန်လှုပ်သွားသည်။

ကျိုးရှောင်ယွီ၏ မျက်ခုံးမွှေးတစ်ဖက်ကို ရိတ်ပစ်လိုက်မိပြီ!

"ကျိုး! ရှောင်! ယွီ! မလှုပ်နဲ့လို့မေမေ မပြောခဲ့ဘူးလား?"

ဝမ်ယွီထုံသည် ဆံပင်ညှပ်စက်ကိုချပြီး လက်နှစ်ဖက်ကိုခါးထောက်လိုက်သည်။

"အခုတော့ မျက်ခုံးမွှေး တစ်ဖက်ပျောက်သွားပြီ။ ဘယ်လို လုပ်ကြမတုန်း!!"

ဝမ်ယွီထုံသည် အလွန်စိတ်ညစ်သွားသည်။ ကလေး၏ ညာဘက်မျက်ခုံးမွှေးကို ရိတ်လိုက်မိပြီ အခုတော့ ဘယ်ဘက်မျက်ခုံးမွှေးသာ ကျန်တော့သည်။

ကျိုးရှောင်ယွီကတော့ သူ့အမေ ဘာကြောင့် ဒေါသထွက်နေမှန်းမသိပါ။ သူ့ခေါင်းကလေးကို ပျော်ရွှင်စွာခါရမ်းလိုက်ပြီး ဆံပင်ညှပ်စက်ကစားစရာက ပျော်စရာကောင်းသည်ဟု တွေးလိုက်သည်။ "မားးးမားးမားးးမားးးမားး...."

ထိုစဉ် ကလေးထိန်းအန်တီကြီးက ကြောင်တောင်တောင် ပြောလာသည်။ "မဒမ် တစ်ခြားတစ်ဖက်ကိုပါ ဘာလို့ မရိတ်လိုက်တာလဲ? ကလေးရဲ့ မျက်ခုံးမွှေးက မြန်မြန်ပြန်ပေါက်လာမှာသေချာတယ်"

ဝမ်ယွီထုံသည်လည်း မျက်ခုံးတစ်ဖက်ထဲ ကျန်တော့သည့် ကျိုးရှောင်ယွီကိုကြည့်ရင်း မျက်မှောင်ကြုံ့ကာ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။ "ဒီလိုပဲလုပ်ရတော့မှာပေါ့..."

သုံးမိနစ်အကြာတွင် လန်းဆန်းသောပေါက်စီလုံး ကျိုးရှောင်ယွီလေး ပေါ်လာသည်။

ပေါက်စီလုံးလေးသည် ဆံပင်တိုရုံသာမက မျက်ခုံးမွှေးပါ ပျောက်သွားတော့သည်။

သူ့ပုံစံက ရူးကြောင်ကြောင်နိုင်ကာ ထူးဆန်းနေ၏။ ဝမ်ယွီထုံတစ်ယောက် သူမ နဖူးကို ကိုင်ကာ ပြိုလဲလုမတတ်ဖြစ်သွားသည်။ မျက်ခုံးမွှေးတွေက ကလေးရဲ့ ပထမဆုံးမွေးနေ့ပွဲ မတိုင်ခင်အထိ ပြန်ပေါက်နိုင်ပါ့မလား မသိတော့ပါ။

ညနေစာ စားနေစဉ် ကျိုးကျီယွဲ့သည် မျက်ခုံးအနည်းငယ်ကျုံ့ပြီး ကျိုးရှောင်ယွီ၏ မျက်နှာကလေးပေါ်တွင် ကြာရှည်စွာရပ်တန့်ကြည့်နေသည်။

ဝမ်ယွီထုံလည်း အပြစ်ရှိစိတ်ဖြင့် ချောင်းလေးဟန့်ကာ ရိုးသားဖြောင့်မတ်စွာ ပြောလိုက်သည်။

"ဆံပင်ညှပ်ရင်းနဲ့ မျက်ခုံးကိုပါရိတ်လိုက်တယ်။ ဒီလိုလေးမှ ပို လန်းဆန်းသွားသလားလို့"

ကျိုးကျီယွဲ့သည် ရယ်ပြုံးလိုက်ကာ "တကယ်ပဲလန်းဆန်းသွားပါတယ်" ဟု ပြောလာသည်။

မျက်ခုံးမွှေးမပါသည့် ကျိုးရှောင်ယွီကတော့ ရေညှိဝက်သားလိပ်ကို လက်မှာ ကိုင်ပြီးမြောက်ကြွနေသည်မျက်နှာ အမူအရာဖြင့် "ဒါ ဒါ ဒါ .." ဟု အော်နေသည်။

'သူ ဒီနေ့ နေ့လည်ခင်းတုန်းကရော ညနေခင်းပိုင်းရော အားလုံးရဲ့ ချစ်ခြင်းအကြည့်တွေကို လက်ခံနေရတယ်။'

'စကားမစပ်၊ သူကအဲ့လောက်ချောသွားတာလား?

ဘာကြောင့်လူကြီး‌‌တွေက သူ့ရဲ့ချောမောတဲ့မျက်နှာကလေးကိုကြည့်ပြီး မရီပဲ မနေနိုင်ကြတာလဲ?'

ထိုသို့တွေးလိုက်ပြီးနောက် ကျိုးရှောင်ယွီသည် တက်ကြွလာကာ ပိုမိုလုပ်ပြလေတော့သည်။ ရေညှိဝက်သားလိပ်ကို ပါးစပ်ထဲ သွပ်လိုက်ရင်း အသံတွေမြည်အောင် ဝါးစားပြလေတော့သည်။

'လူကြီးတွေ သူ့ကို အာရုံစိုက်နေတာကို သူတစ်ကယ်ကို ကြိုက်တယ်!!'

ညဘက်ရေချိုးသည့်အခါ ဆံပင်တိုခြင်း၏ အကျိုးကျေးဇူးများကို ဝမ်ယွီထုံ လက်‌တွေ့ခံစားလိုက်ရသည်။

ဆံပင်ဆေးကြောချိန်သည် ယခင်ကထက်များစွာတိုတောင်းသွားသည်။ ထို့ပြင်ပုဝါဖြင့် သုတ်လိုက်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း ဆံပင် တစ်ဝက်ခန့်ခြောက်သွားသည်။

ကျိုးရှောင်ယွီသည် ရေချိုးဇလုံထဲတွင်ထိုင်ကာ ဘဲဝါရုပ်လေးနှင့် ကစားနေ၏။ သူ၏ဖြူဖွေးသောအသားအရေသည် ရေနွေးပူကြောင့် ပုဇွန်ပန်းဆီရောင်ပြောင်းနေ၏။

ကောင်ကလေးသည် ခုတစ်လော နည်းနည်း ဆိုးသွမ်းတတ်လာပြီဖြစ်သည်။ ဝမ်ယွီထုံ သူ့ကို အာရုံမစိုက်မိခင် သူ့လက်ဝကစ်ကစ်လေးကို ဘန်းကနဲ ရေထဲရိုက်လိုက်ကာ ဝမ်ယွီထုံ၏ ဘောင်းဘီကို ရေစိုအောင် လုပ်လိုက်သည်။

"ကျိုး! ရှောင်! ယွီ! ရေမကစားနဲ့!"

ကျိုးရှောင်ယွီသည် နားမထောင်ပဲ တစ်ခစ်ခစ်ရယ်မောလိုက်ပြီး သူ့ လက်နှင့်ခြေထောက်များဖြင့်ရေကို အားနှင့် တစ်ဘန်းဘန်းရိုက်ကာ ဆော့ လေတော့သည်။

"ဖူး--" ဝမ်ယွီထုံ၏ မျက်နှာပေါ်မမျှော်လင့်ဘဲ ရေစင်သွားပြီး နှာခေါင်းထဲပင် ရေများဝင်သွားသည်။

ဝမ်ယွီထုံသည် သူမမျက်နှာပေါ်ရှိရေကို အင်္ကျီလက်ဖြင့်သုတ်လိုက်ပြီး မျက်လုံးများကိုမှေးကာ ပြောလိုက်သည်။ "ကျွတ်! ကောင်စုတ်လေး၊ မင်းကို ငါဘယ်လိုကိုင်တွယ်မယ်ဆိုတာပြမယ်"

ထိုသို့ပြောလိုက်ပြီးနောက် သူမလည်း ကိုယ်ကို ကိုင်းညွှတ်ကာ ရေထဲ လက်ထည့်လိုက်ပြီး ကလေး၏ မျက်နှာပေါ် ပက်လိုက်သည်။

သူ့မျက်နှာပေါ်ရုတ်တရက် ရေပက်ခံလိုက်ရသည့် ကျိုးရှောင်ယွီသည် ပထမတော့ကြောင်အသွားပြီး နောက်တော့ ငိုယိုကာ မျက်ရည်တွေကျလာတော့သည်။

"ဝါးးး"

ကျိုးရှောင်ယွီသည် သူ့လက်သီးကလေးကို တင်းတင်း ဆုပ်ကာ ဒေါသတကြီး အော်ဟစ်ငိုယိုနေ၍ မျက်နှာတစ်ခုလုံး မျက်ရည်တွေရော နှာရည်တွေရော ရွဲစိုနေ၏။

သူက ဒီ"တိုက်ပွဲ"ကိုစတင်ခဲ့သူဖြစ်သည်။ သို့သော် သူကသာလျှင် အခြားသူများကို အနိုင်ကျင့်နိုင်သည်။ အခြားသူများက သူ့ကိုဘယ်တော့မှ အနိုင်ကျင့်လို့မရပါ။

အမေတောင်မှတူတူပါပဲ!

ဝမ်ယွီထုံသည် ကလေး၏ ခံယူချက်စံနှုန်းများကြောင့် ရီမောလိုက်ကာ ရှောင်ယွီလေးကို ရေချိုးကန်ထဲမှ အမြန်ထုတ်လိုက်ပြီး တဘတ်ဖြင့် ရေသုတ်ပေးကာ ကြပ်ကြပ်ကလေး ထုပ်ပိုးထားလိုက်သည်။

ထို့နောက် ဝမ်ယွီထုံသည် မျက်ခုံးပင့်ကာ သတိပေးလိုက်သည်၊ "ဟုတ်ပြီ စိတ်မဆိုးနဲ့တော့။ စောနက သားဘက်က အရင်စတာပါနော်"

ကျိုးရှောင်ယွီလေးကတော့ သူ့အမေ၏ စကားကို နားထောင်မနေပဲ သူ့ခေါင်းကိုခါရမ်းကာ ဒေါသတကြီး လက်သီးကလေးဝေ့ရမ်းနေ၏။ "အားးး"

ဝမ်ယွီထုံ ချောင်းအသာဟန့်ကာ "နောက်တစ်ခါ သားအနိုင်ကျင့်မခံချင်ရင် ကိုယ်တိုင်ကလည်း သူများကို အရင်အနိုင်မကျင့်နဲ့" ဟုပြောလိုက်သည်။

All Chapters