အခန်း (၆၆)
Vol. 6 Ch. 66
ဝမ်ယွီထုံလည်း ကလေးကို တိတ်တိတ်လေးစောင့်ကြည့်နေလိုက်သည်။ ကျိုးရှောင်ယွီလေးသည် ပန်းခြံရင်ပြင်မှာ ကရတာကို ကြိုက်ရုံသာမက သူ၏ အဝတ်အစားဖိနပ်တွေအားလုံးကလည်း အသစ်တွေ လဲထားကာ ကလေးရဲ့ သွင်ပြင်က လုံးဝ ပြောင်းလဲနေ၏။
ဝမ်ယွီထုံ ကလေးကို ဆင်ပေးထားသည့် Denim ဘရန်းဝတ်စုံတွေအစား သူ့အဖွား၏ အကြိုက်အနွေးဝတ်စုံ တွေ ဝတ်ဆင်ထားလေသည်။
အစိမ်းရောင်ဂွမ်းအင်္ကျီအပေါ်ထည်၊ အညိုရောင်ဂွမ်းဘောင်းဘီနှင့် ဝူရှင်းကိုယ်တိုင်ထိုးထားသော လည်စီးကလေးဝတ်ဆင်ထားသည့် ရှောင်ယွီလေးသည် ဂွမ်းလုံးတစ်လုံးနှင့်တူပြီး ကလေး၏ပါးပြင်များသည် ပန်းရောင်သန်းနေကာ အပြုံးကလည်း တောက်ပနေ၏။
ကျိုးရှောင်ယွီ၏ သွင်ပြင်သည် အချိန်၏စမ်းသပ်မှုကို ခံနိုင်ရည်ရှိလိမ့်မည်ဟု ဝမ်ယွီထုံယုံကြည်လိုက်သည်။ ယခုလို ဝတ်ဆင်ထားပြီး မျက်ခုံးမွှေးမရှိတာတောင် ချစ်စရာကောင်းနေဆဲဖြစ်သည်။
ကျိုးရှောင်ယွီသည် ပထမဆုံးအကြိမ် ပန်းခြံရင်ပြင်မှာကရ၍ အလွန်ပျော်ရွှင်နေ၏။ သူ၏မျက်နှာလေးသည် အလွန်ပြုံးရွှင်နေ၏။ သူ့လက်ကလေးတွေ လှုပ်လိုက် ဖင်ကလေးတွေ လှုပ်လိုက်၊ သီချင်းသံမြူးကြွလာလျင် ပိုလှုပ်လိုက်ကာ ပျော်နေ၏။ ကလေးရဲ့ဆံပင်ကောက်လေးတွေကလည်း ရမ်းခါနေသည်။
'ပန်းခြံရင်ပြင်မှာ ကရတာ သူအရမ်းကြိုက်တာပဲ။
ဖွားဖွားက သူ့ကို နေ့တိုင်းခေါ်သွားနိုင်မလားနော်?'
ဝမ်ယွီထုံ တိတ်တိတ်လေး သူမဖုန်းကို ထုတ်ကာ မှတ်တမ်းတင်လိုက်သည်။ ကလေးကနေသည်ကိုကြည့်ကာ မနေနိုင်တော့ပဲ သူမရင်ဘတ်ပုခုံးတွေ တုန်အောင် ရီလိုက်မိသည်။
ပန်းခြံရင်ပြင်ထဲက အကပြီးသွားတော့ ကလေးထိန်းသည် ရှောင်ယွီလေးကို သူ၏ လှည်းထဲ ပြန်ထည့်လိုက်သည်။ ဝူရှင်းသည် ချစ်ခြင်းအပြည့်ဖြင့် ကလေး၏ချွေးတွေကို သုတ်ပေးလိုက်ကာ ရေတိုက်၊စတော်ဘယ်ရီသီးတွေ ကျွေးနေ၏။
ဝူရှင်း၏ အခင်ဆုံးသူငယ်ချင်း မစ္စစ်ကျန်းသည် သူမတို့အနား ရောက်လာခဲ့သည်။ မစ္စစ်ကျန်းသည်လည်းပဲ အသက်တစ်နှစ် နှစ်လသာရှိသေးသော သူမ၏ မြေးမလေး ကျားကျားကို ပန်းခြံခေါ်လာခဲ့သည်။ သူတို့အပေါင်းအပါ တစ်ချို့သည် မတ်တပ်ရပ်ကာ စကားပြောနေကြသညါ။
မစ္စစ်ကျန်း - " ရှင့်ကလေးက အရပ်ရှည်တယ်နော်။ တို့ကျားကျားလောက် အရပ်ရှည်သလိုပဲ"
ဝူရှင်းသည် မကျေမနပ်ကြည့်လိုက်သည်။ "ရှောင်ယွီက ခုထိပိန်နေတုန်းပဲ ကျွန်မသမီးကတော့ ကလေးကို ဘယ်လိုပြုစုရမှန်းမသိပါဘူး။ ရှောင်ယွီလေးကိုသာ ကျွန်မဆီ ခဏလောက်လာထားလိုက်ရင် ခုထက်တောင် ပိုထွားလာဦးမှာ"
မစ္စစ်ကျန်းကလည်း ပြောလာသည်။ "အာရားး ခုခတ်လူငယ်တွေက ကလေးကို ဘယ်လို ပြုစုရမှန်း မသိကြဘူး။ တို့ကျားကျားလည်း သူ့မိဘတွေနဲ့သာ နေရရင် ဗိုက်ဆာနေရှာမှာ။ ကျွန်မလည်း အာ့လိုဖြစ်မှာ မမြင်ရက်လို့ မြေးလေးကို ကျွန်မနဲ့ အတူ ခေါ်ထားလိုက်မှပဲ စိတ်ချနိုင်တော့တယ်"
ဝူရှင်းလည်း ခေါင်းငြိမ့်လိုက်သည်။ "မှန်တာပေါ့ ခုခတ် လူငယ်မိဘတွေ ဒီလိုမှားယွင်းတဲ့ အတွေးအခေါ်တွေကို ဘယ်ကများရကြမှန်း မသိပါဘူး"
အဖွားနှစ်ယောက်သည် သူတို့ကလေးတွေအကြောင်းပြောကြရင်း တိုက်ဆိုင်မှုတွေ ပါလာကြ၍ ကလေးပြုစုစောင့်ရှောက်ရေး အတွေ့အကြုံများဖလှယ်ရန် ဘေးမှာ ရပ်လိုက်ကြသည်။
ထိုစဉ် ကျားကျားသည် ယိုင်တိုင်တိုင်ဖြင့် ကျိုးရှောင်ယွီရှိရာ လှည်းကလေးဆီသွားကာ လမ်းမလျှောက်နိုင်သေးသည့် မောင်လေးကို မျက်လုံးလေးပြူးရင်း ကြည့်နေ၏။
"တိ တိ .." (မောင်လေး = 弟弟 dì di)
ကျားကျားသည် နူးညံ့သိမ်မွေ့ လှပသော ကောင်မလေးဖြစ်သည်။သူမသည် ရှောင်ယွီ၏ တွန်းလှည်း လက်ကိုင်ကို စူးစမ်းလိုစိတ်ဖြင့် ထိကြည့်သည်။
ကျိုးရှောင်ယွီသည် အလွန်ကပ်စေးကုပ်တတ်သည်။ သူ့ပစ္စည်းကို တစ်ခြားသူကိုင်တာကိုလည်း လုံးဝ မကြိုက်ပေ။ ထို့ကြောင့် သွားကြီးစိကာ ကျားကျားကို အော်လိုက်သည်။
"အားးး"
ကျားကျားသည် ကျိုးရှောင်ယွီထုတ်လွှတ်လိုက်သော ဒေါသနှင့် မကျေမနပ်ဖြစ်မှုကို နားလည်နိုင်သည့် အရွယ်မရောက်သေးပါ။
ကျားကျားသည် ဘယ်ဘက်လက်မှာ ရေညှိမုန့်ထုပ်ကို ကိုင်ပြီး ညာဘင်လက်ဖြင့် ရှောင်ယွီ၏ လှည်းကို ထိလိုက်သည်။
ကျိုးရှောင်ယွီသည် အလွန်စိတ်ဆိုးသွားပြီး မကျေမနပ်အသံပြုကာ လူကြီးတွေ အာရုံမစိုက်နေတုန်း ကျားကျားလက်ထဲမှ ရေညှိမုန့်ထုပ်ကို လူလိုက်သည်။
ကျားကျားသည် မျက်လုံးလေးပြူးကာ လန့်သွားပြီး ဝါးကနဲ အော်ငိုတော့သည်။
ကျားကျားသည် ရှေ့သို့လျှောက်သွားပြီး သူမ၏ ပင်လယ်ရေညှိပြန်ယူရန် ကြိုးစားလိုက်သည်။ သို့သော် ကျိုးရှောင်ယွီသည် သူမထက် အသက်ငယ်သော်လည်း အလွန်သန်မာမည်မှန်း သူမ မထင်ထားခဲ့ပါ။
"အာ! အာ ! "
ကျိုးရှောင်ယွီသည် ကျားကျားကို သွားဖြဲပြကာ ကြောက်စရာကောင်းအောင် အော်ဟစ်ပြလိုက်သည်။
ကျားကျားသည်လည်း ငိုယိုကာ မျက်ရည်တွေ နှာရည်တွေ ရွဲလဲဖြင့် သူ့မုန့်ကို ပြန်လုလေသည်။
ပတ်ဝန်းကျင်က လူကြီးတွေလည်း အမြန်ပြေးလာကာ ကလေးနှစ်ယောက်ကို ခွဲလိုက်ရသည်။ ဝမ်ယွီထုံလည်း အမြန်ပြေးလာလိုက်သည်။
ကျိုးရှောင်ယွီကတော့ ရေညှိမုန့်ထုပ်ကို ရတနာတစ်ခုလို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ထားကာ ကာကွယ်နေသည်။
ဝူရှင်းသည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ "ရှောင်ယွီ အာ့တာ ကျားကျားရဲ့ မုန့်လေ။ ပြန်ပေးလိုက်နော် ဖွားဖွား အသစ်ပြန်ဝယ်ပေးမယ်လေ"
မစ္စစ်ကျန်းကလည်း သူ့မြေးကျားကျားကို အမြန်ပွေ့ချီလိုက်ကာ ချော့မော့လိုက်သည်။ သူ့မျက်ရည်တွေ သုတ်နေသည့် ကျားကျားသည် အလွန်သနားစရာလေးဖြစ်နေသည်။
"ကျားကျားက လိမ္မာတယ်နော် မငိုနဲ့နော် မောင်လေးနဲ့ သေချာလေး စကားပြောကြည့်ရအောင်"
ပုံမှန်ချိန်တွင် အလွန် သိတတ်လိမ္မာပြီး ယဉ်ကျေးသော ကျိုးရှောင်ယွီသည် ယခုအချိန်တွင် လုံးဝကလေးအနိုင်ကျင့်သူတစ်ဦးနှင့်တူနေသည်။ သူသည် လုယူထားသော ပင်လယ်ရေညှိကို လက်ချောင်းဆယ်ချောင်းဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လူကြီးများမည်မျှပင် နားချသော်လည်း လက်လွှတ်ရန် ငြင်းဆန်လေသည်။
ဝမ်ယွီထုံသည် အမြန်ဆုံးရှေ့သို့ပြေးသွားပြီး ကျိုးရှောင်ယွီ၏ လက်တွန်းလှည်းရှေ့တွင် ထိုင်ချလိုက်သည်။ပြောရမည့်စကားလုံးတွေကို သူမစိတ်ထဲ အရင်စဉ်းစားစာစီလိုက်ကာ ခေါင်းမာသည့်ကလေးလေးကို နားချရန်ကြိုးစားလိုက်သည်။
မထင်မှတ်ဘဲ ဝမ်ယွီထုံကိုမြင်သောအခါ ကျိုးရှောင်ယွီ၏ မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။
ကျိုးရှောင်ယွီသည် ရန်လိုနေမှု ကိုရပ်တန့်ကာ ရေညှိမုန့်ထုပ်ကိုလည်း တင်းတင်းကြပ်ကြပ်မကိုင်ထားတော့ပဲ ဝမ်ယွီထုံကို လှမ်းပေးကာ တောက်ပသည့်အကြည့်များဖြင့် ကြည့်လိုက်သည်။
"မားးမာ မားးမာ..."
သူခက်ခက်ခဲခဲဖြင့် လုယူထားသော ပင်လယ်ရေညှိကို ဝမ်ယွီထုံ၏ လက်ထဲသို့ ထိုးထည့်လိုက်ပြီး ချီးကျူးမှု ခံယူရန် သူ၏ပန်းရောင်မျက်နှာလေးကိုမော့ချီလိုက်သည်။
'မေမေ! ဒါက မေမေ့အတွက် သားရဲ့ လက်ဆောင်ပါ!'
'မေမေ! ကမ္ဘာပေါ်က အကောင်းဆုံးအရာတွေကို လုယူပြီး မေမေ့ကို ပေးချင်တယ်!'
ဝမ်ယွီထုံလည်း တစ်ခဏအံ့အားသင့်သွားပြီး ကြည်နူးမိသွားသလို ဘာပြောရမှန်းလဲ မသိဖြစ်သွားသည်။
စနစ် - " ဒီကလေးက အရွယ်မရောက်သေးပေမယ့် ခုကတည်းက သူများကို လွှမ်းမိုးချင်နေပြီ။ကြီးလာရင်တော့ ဘယ်လိုတွေ များဖြစ်လာမှာပါလိမ့်"
လူကြီးတွေလည်း ကျိုးရှောင်ယွီ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး သူတို့၏မျက်နှာများတွင် မတတ်သာသည့်အမူအရာများ ပြလာကြသည်။
"ရှောင်ယွီ... ပင်လယ်ရေညှိမုန့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီမုန့်ထုပ်က တစ်ခြားသူရဲ့ မုန့်လေ။ သူများတွေရဲ့ မုန့်တွေ ကစားစရာတွေကို ဒီလို လုယူလို့မရဘူးလေ။ သားက မေမေ့ကို လက်ဆောင်ပေးချင်ရင် သားကြီးလာတဲ့အထိစောင့်ပြီး ပိုက်ဆံတွေရှာပြီးမှ ပေး ဟုတ်ပြီလား"
ကျိုးရှောင်ယွီသည် မျက်လုံးပြူးလေးဖြင့် သူ့အမေပြောသည်ကို နားလည်လား မလည်လား မသိပါ။ သူ့အမေကို လိမ်လိမ်မာမာလေး ပြုံးဖြီးပြနေ၏။
ဝမ်ယွီထုံသည် ပင်လယ်ရေညှိမုန့်ကို ကျားကျားကိုပြန်ပေးလိုက်ပြီး မျက်ရည်တွေ နဲ့သနားစရယ ကလေးလေးကို မျက်လုံးလေး မှိတ်ပြလိုက်သည်။
"တောင်းပန်တယ်နော် မောင်လေးက သမီးရဲ့ မုန့်ထုပ်ကို လုယူသွားတယ် အန်တီ သူ့ကို ဆုံးမလိုက်ပြီနော်"
ကျားကျားက အငြိုးမထားပဲ ချက်ချင်း အငိုရပ်သွားပြီး ရေညှိမုန့်ထုပ်ကိုယူကာ ကလေးလေးလို ပိုက်ထားလိုက်သည်။
ဤသို့ဖြင့် ကလေးနှစ်ဦးကြား ရန်ပွဲ ပြီးဆုံးသွားခဲ့လေသည်။
ဝမ်မိသားစုတွင် ဝမ်ယွီထုံတို့သားအမိ ညစာ စားပြီးနောက် ကျိုးရှောင်ယွီ၏ အင်္ကျီတွေ ပေရေကုန်၍ ဝူရှင်းက အိမ်မပြန်ခင်ကလေးကို ရေချိုးပေးခိုင်းခဲ့သည်။
ကျိုးကျီယွဲ့သည် သူ၏အလုပ်ကိစ္စများ ပြီးစီးသွား၍ ဝမ်ယွီထုံတို့သားအမိကို ကြိုရန် ဝမ်အိမ်တော်ကို တန်းသွားလိုက်သည်။
ကျိုးကျီယွဲ့၏ ဇိမ်ခံကားတွင် ကလေးလုံခြုံရေး ထိုင်ခုံပါမလာခဲ့၍ ဝမ်ယွီထုံက ရေချိုးပြီး၍ မွှေးကြိုင်နေသော ကလေးလေးကို ဖက်ကာ ကားနောက်မှာထိုင်လိုက်လာရင်း ဆုံးမဩဝါဒစကားတွေခြွေနေလေသည်။
"ရှောင်ယွီ နောက်တစ်ခါ တစ်ခြားကလေးတွေရဲ့ ပစ္စည်းတွေ မုန့်တွေကို မခိုးရဘူး မလုယူရဘူးနော်။ တို့ကလေးလေးက သူများကို အနိုင်ကျင့်တဲ့သူ မဖြစ်ရဘူးနော်။လိမ္မာယဉ်ကျေးတဲ့ကလေးလေးဖြစ်ရမယ်နော်"
နေ့လည်တုန်းက သူများကို အနိုင်ကျင့်တတ်သည့်ပုံစံနှင့်ကွဲပြားစွာ ကျိုးရှောင်ယွီသည် နူးညံ့သိမ်မွေ့ လိမ္မာလှစွာ သူ့အမေ၏ လက်မောင်းကို ပွတ်နေ၏။
ကျိုးကျီယွဲ့သည် အမေ့ရင်ခွင်ထဲ လိမ္မာစွာ ပြုမူနေသော ကလေးကို ကြည့်ကာ အေးစက်သောအသံဖြင့် "အခြားကလေးတွေကို အနိုင်မကျင့်နဲ့။ သူများကို အနိုင်ကျင့်တာ သိရရင် မင်းကိုသေချာပေါက်ရိုက်မယ်" ဟုပြောသည်။
ဝမ်ယွီထုံသည် ကျိုးကျီယွဲ့၏ အပြောကို သဘောမကျသည့်ပုံဖြင့် လှမ်းကြည့်လိုက်စဉ် ကျိုးကျီယွဲ့သည် သူမလက်ကို အသာအယာ ဆုပ်ကိုင်ကာ စိတ်မပူရန် အချက်ပြလိုက်သည်။
အဖေဖြစ်သူ၏ ဆူပူမှုကို ခံလိုက်ရသည့်ကျိုးရှောင်ယွီလေးသည် လေထုထဲက အန္တရာယ်ရှိမှုကို သတိပြုမိလိုက်ပြီး ခေါင်းကို လိပ်ကလေးလို တိုဝင်သွားကာ စကားတစ်ခွန်းမှပင် မဟရဲတော့ပေ။
ကျိုးအိမ်တော်၏ ကားဂိုထောင်ထဲ ကားလေးဝင်လာတော့ ကျိုးရှောင်ယွီသည် အိပ်ပျော်နေပြီဖြစ်သည်။
ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို ညအိတ်ဝတ်အိတ်ထဲထည့်ကာ ပုခက်ထဲ ထည့်သိပ်လိုက်သည်။
ထို့နောက် သူမသည် ပထမထပ်ရှိ ဧည့်ခန်းသို့ဆင်းသွားလိုက်ရာ ကျိုးကျီယွဲ့သည် ဆိုဖာပေါ်တွင်ထိုင်ကာ အလုပ်စာရွက်စာတမ်းတစ်ခုကိုဖတ်နေသည်ကို တွေ့မြင်လိုက်ရသည်။
ဝမ်ယွီထုံသည် ကျိုးကျီယွဲ့အနားသွားလိုက်စဉ် ထိုအမျိုးသားသည် သူ၏လက်ထဲမှာရှိသော စာရွက်စာတမ်းများကို ချထားပြီး သူ့ပေါင်ပေါ်ထိုင်နိုင်ရန် သူမကို သူ့ဘက် ဆွဲယူလိုက်သည်။
ဝမ်ယွီထုံသည် မကျေနပ်သည့်လေသံဖြင့် " ရှောင်ယွီလေးကို ရိုက်မယ် နှက်မယ်တွေ ပြောပြီး မခြိမ်းခြောက်ပါနဲ့။ ကလေးက ငယ်သေးတယ် ဆိုပေမယ့် အများကြီး သိတတ်လာပြီ သူ့ကို နားလည်အောင်ပဲ ပြောသင့်တယ်"ဟု ကျိုးကျီယွဲ့ကို ပြောလိုက်သည်။
ကျိုးကျီယွဲ့ကလည်း သူ၏ မေးကို သူမ၏ လည်ပင်းနား တိုးကပ်လိုက်ကာ လိမ္မာစွာ "ဟုတ်ပါပြီ မင်းပြောတာကိုယ် နားထောင်ပါ့မယ်" ဟု ပြန်ပြောသည်။
"ဟမ်! ကျွန်မရှင့်ကို တကယ်ပြောနေတာ။ ဝတ်ကျေတန်းကျေ ပြန်ပြောမနေနဲ့"
ကျိုးကျီယွဲ့ ညင်သာစွာရယ်မောလိုက်သည်။ "ကိုယ် သိပါတယ်"
"ဒါဆို ကျွန်မကို ရှင့်ပေါင်ပေါ်က မြန်မြန်ချပေး"
"ကိုယ့်ကို နည်းနည်း ကြာကြာလေး ဖက်ထားပေးပါဦး"
ဝမ်ယွီထုံသည် ကျိုးကျီယွဲ့၏ ပေါင်ပေါ်တွင် လှုပ်ရှားနေစဉ် ရုတ်တရက် ကျိုးကျီယွဲ့၏ ပြောင်းလဲမှုကို ခံစားလိုက်ရ၍ နှစ်ယောက်စလုံး ငြိမ်သက်သွားသည်။
ဝမ်ယွီထုံ၏ မျက်နှာသည် သူမ၏နားရွက်များအထိ နီမြန်းသွားသည်။ သူမသည် ရှက်လာပြီး စိတ်ဆိုးဆိုးဖြင့် ထရပ် လိုက်လိုသော်လည်း ကျိုးကျီယွဲ့က သူမခါးကို တင်းတင်း ဖက်ထားပြန်သည်။
"မလှုပ်နဲ့။" ကျိုးကျီယွဲ့၏အသံသည် အနည်းငယ်တိုးသွားသည်။
ဝမ်ယွီထုံသည် တိတ်ဆိတ်စွာထိုင်နေလိုက်ပြီး သူမလွတ်မြောက်သွားပြီဟု ထင်လိုက်သောအခါ သူမ၏ နားပန်သီးလေး ရုတ်တရက် အသာအယာ အကိုက်ခံလိုက်ရသည်။
ထိုနေရာသည် သူမ၏ အာရုံခံစားမှုအဖြစ်ဆုံးနေရာဖြစ်၍ သူမ၏ တစ်ကိုယ်လုံး လျှပ်စစ်စီးသွားသကဲ့သို့ တုန်လှုပ်သွားသည်။
ထိုသူ၏ နွေးထွေးသော နှုတ်ခမ်းနှင့် လျှာသည် သူမ၏နားမှတစ်ဆင့် ရွေ့လျားသွားသည်။ သူသည် သူမ၏ဦးခေါင်းနောက်ဘက်ကို သူ၏လက်ဖဝါးဖြင့် ဆုပ်ကိုင်ကာ သူမ၏နူးညံ့သော ပန်းရောင်နှုတ်ခမ်းဖူးလေးကို နူးညံ့ညှင်သာစွာ နမ်းရှုံ့နေ၏။
ဝမ်ယွီထုံသည် အသက်ရှူရန် ခက်ခဲလာသည်။ သူမသည် သူ၏ အင်္ကျီကော်လံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ညည်းညူသံထွက်လိုက်သည်။
သူတို့နှစ်ဦးကြား ချက်ချင်း မီးပွားတောက်လောင်လာကာ သူမ၏ လက်တွေကလည်း ကျိုးကျီယွဲ့၏လည်ပင်းကို ဖက်ထားလိုက်သည်။ အပူလှိုင်းသည် သူမ၏နှုတ်ခမ်းမှတစ်ဆင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ဝမ်ယွီထုံသည်မက်မွန်သီးရောင်အပေါ်ထပ်ဝတ်စုံ၊ပိုးသားရှပ်အင်္ကျီနှင့် အောက်ရှုးစကပ်ကို ဝတ်ဆင်ထား၏။ကပ်လျပ်နေသည့်စကပ်ကြောင့် သူမ၏ သွယ်လျသည့်ကိုယ်လုံးလေးသည် ပေါ်လွင်နေကာ ပို၍ ကြည့်ကောင်းနေသည်။
သူမ ဝတ်ဆင်ထားသည့်စကပ် အပေါ်မြောက်တက်လာသောအခါ ဝတ်ထားသည့် အသားကပ်စတော့ကင် အရာများပေါ်လာ၏။
"မင်း ဒီနေ့လှနေတယ်"
ကျိုးကျီယွဲ့၏ မျက်လုံးများသည် မှောင်မိုက်နေပြီး သူ၏မျက်လုံးထောင့်များတွင်လည်း သွေးကြောမျှင်များကြောင့် နီနေသည်။ သူ၏လက်ဖဝါးသည် ဖြည်းဖြည်းချင်း အောက်သို့ရွေ့လျားလာသည်။
နူးညံ့ပျော့ပျောင်းသော ပိုးသားရှပ်အင်္ကျီသည် ကျိုးကျီယွဲ့၏ ဆုပ်ဖြဲခြင်းခံလိုက်ရကာ အင်္ကျီကြယ်သီးများသည် ကြမ်းခင်းပေါ် တောက်ကနဲ ကျကာ ပြန့်ကြဲကုန်သည်။
ဝမ်ယွီထုံ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပုဇွန်ပန်းဆီရောင်သို့ ပြောင်းသွားပြီး သူမ မျက်လုံးတွေကလည်းရွှန်းလဲ့နူးညံ့လာသည်။ တုန်ရီနေမှုတွေကို ချိုးနှိမ်လိုက်ပြီး ကျီစယ်သလို အကြံဆိုးဖြင့် ပြောလိုက်သည်။
"ဟမ် ဒီလောက် တည်ကြည်တဲ့ မစ္စတာကျိုးက ဒီလို ယူနီဖောင်းဝတ်စုံမျိုးကို တစ်ကယ်ကြိုက်တာလား"
ထိုညသည် ဝမ်ယွီထုံကို ပြိုလဲသွားသလို ခံစားရအောင်ရူးသွပ်စေသော ညကလေးဖြစ်သည်။
သူမ၏ မက်မွန်သီးရောင် စကပ်လေးကလည်း တစ်ရက်သာဝတ်လိုက်ရသည်။ ဒီလောက်ဈေးကြီးတဲ့ အဝတ်အစားက အာ့လောက် ကွာလတီညံ့ရလားဟု တွေးလိုက်မိသည်။ ဆုတ်ဖြဲခံလိုက်ရသည့် အဝတ်များသည် နောက်ဆုံးတော့ အမှိုက်ပုံးထဲ ရောက်သွားလေတော့သည်။
ဝမ်ယွီထုံကို ကျိုးကျီယွဲ့က သူမအခန်းထဲ ပြန်သယ်သွားသည်။ သူမကို ရေပြည့်နေတဲ့ ရေချိုးဇလုံထဲ ထည့်ထားလိုက်သည်။ ဝမ်ယွီထုံတစ်ယောက် သူမ၏ ရောင်ရမ်းနေသောနှုတ်ခမ်းများကို ဖွင့်ဟကာ သူမကို ကူညီလိုသောသူကို ပြန်တွန်းလိုက်သည်။
"ရှင်သွားစမ်းပါ ကျွန်မ ဘာသာဆေးကြောလိုက်မယ်"
ကျိုးကျီယွဲ့က စိုးရိမ်သည့်ပုံဖြင့် "မင်းတစ်ကယ်ကောရရဲ့လား"ဟုမေးလိုက်သည်။
"ရတယ် ရှင်ခုထွက်တော့"
ဝမ်ယွီထုံသည် ကြီးမားသော ပဝါတစ်ထည်ကို ကောက်ယူပြီး သူမကိုယ်သူမအား ဖုံးအုပ်ကာ ကျိုးကျီယွဲ့ကို သတိဖြင့် ကြည့်နေလိုက်သည်။ ဒီလူသားပုံစံနဲ့ သားရဲကြီးရဲ့ အကူအညီကို သူမလုံးဝ မလိုအပ်ပါဘူးနော်။ သူ့ကို ကူညီခိုင်းလိုက်ရင်ပိုဆိုးရုံပဲ ရှိမှာလေ။
ကျိုးကျီယွဲ့ မျက်ခုံးကို အသာပင့်လိုက်သည်။ "ဟုတ်ပြီ မင်းတစ်ခုခုလိုရင် ရေချိုးဇလုံဘေးက ဖုန်းကို ခေါ်လိုက်နော်"
"ကောင်းပြီ၊ အခုထွက်သွားပါ။"
"ဂွတ်နိုက်ပါ" ကျိုးကျီယွဲ့သည် ဝမ်ယွီထုံ၏ နဖူးကို အသာအယာငုံ့နမ်းခဲ့ပြီး တံခါးကိုအသာပိတ်ကာ ထွက်သွားလိုက်သည်။
ဝမ်ယွီထုံသည် သူမ၏ရင်ဘတ်ကို ဖုံးအုပ်ထားသော ပဝါကို ပြန်ဖယ်လိုက်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်။
ပင်ပန်းလွန်းသည့် ဝမ်ယွီထုံသည် နောက်တစ်နေ့မှာ သူမလုပ်နေကျမဟုတ်သည့် နေမြင့်သည်အထိအိပ်ပျော်နေခဲ့သည်။
သူမ၏ခေါင်းသည် မူးဝေနေပြီး သူမကိုခေါ်နေသည့်ကလေး၏ အသံကို ကြားနေရသော်လည်း လုံးဝမထနိုင်ခဲ့ပါ။
နောက်မှ ကျိုးကျီယွဲ့၏ အသံကို ကြားလိုက်ရပြီးနောက် ကလေးကို ဂရုစိုက်မည့်ကိစ္စအား ထားလိုက်ကာ အိပ်ရာပေါ် ဝက်တစ်ကောင်လို အိပ်ပျော်သွားပြန်သည်။
သူမ နောက်တစ်ခေါက်နိုးလာတော့ နေ့ခင်း ၁၁နာရီ ထိုးနေပြီဖြစ်သည်။ ဝမ်ယွီထုံသည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ဦးခေါင်းကို ရိုက်ကာ မျက်နှာသစ်ပြီး အောက်ထပ်သို့ဆင်းသွားလိုက်သည်။
အောက်ထပ်ကိုဆင်းလိုက်တာနဲ့ ဧည့်ခန်းဘက်ကနေ ရွှင်မြူးတဲ့ရယ်သံတွေ၊ အားပေးသံတွေ ကြားလိုက်ရသည်။
ဝမ်ယွီထုံသည်လည်း သိချင်စိတ်ဖြင့် ဧည့်ခန်းဆီသို့ လျှောက်သွားရာ အိမ်ရှိ အလုပ်သမားအားလုံး ဧည့်ခန်းထဲတွင် စုရုံးနေပြီး ဖျော်ဖြေရေး တစ်ခုခုကို ကြည့်နေကြပုံရသည်။
အိမ်တော်ထိန်းစန်သည် ဝမ်ယွီထုံကို မြင်သောအခါ မျက်လုံးအရောင် တောက်ပသွားပြီး စိတ်လှုပ်ရှား တုန်ရီနေသည့်အသံဖြင့် ပြောလာသည်။
"မဒမ် !! သခင်ငယ်လေးက ခုလေးတင် သူကိုယ်တိုင် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တယ်"
ဝမ်ယွီထုံလည်း အံ့ဩမင်သက်သွားသည်။ "ဘယ်လို !! ဟုတ်ရဲ့လား??"
ကလေးထိန်းအန်တီကလည်း စိတ်လှုပ်ရှားစွာ ပြောလာသည်။ "ဟုတ်တယ် တစ်ကယ်! သခင်ငယ်လေးက ကော်ဖီစားပွဲကို ကိုင်ပြီး မတ်ထပ်ရပ်လိုက်တယ်။နောက်ပြီး ဘယ်ချိန် လက်လွတ်လိုက်လဲတော့မသိဘူး သူကိုယ်တိုင် ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်တာကို ကျွန်မတို့မြင်လိုက်ရတာ"
အိမ်တော်ထိန်းစန်က "ကျွန်တော်တို့ အချိန်မှီမတုံ့ပြန်လိုက်နိုင်တာက ဝမ်းနည်းစရာပဲ ဖုန်းနဲ့ မှတ်တမ်းမတင်လိုက်နိုင်ခဲ့ဘူး"ဟု စိတ်ပျက်လက်ပျက် ပြောခဲ့သည်။