← Chapters

အခန်း (၆၉)

Vol. 6 Ch. 69

အခန်း (၆၉)

Vol. 6 Ch. 69

ကျိုးရှောင်ယွီ၏ မွေးနေ့မတိုင်မီ သုံးရက်အလိုတွင် ကစားကွင်း ဖွင့်ပွဲလုပ်ကြသည်။

ဝမ်ယွီထုံက စနေနေ့မှာ ဆိုင်ဖွင့်ဖို့ အထူးရွေးချယ်ထားလိုက်သည်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ဟွားရီစင်တာဟာ လူအများကြီးနဲ့ စည်ကားပြီး ကလေးတွေကလည်း ရေပန်းရင်ပြင်မှာ ပြေးလွှားဆော့ကစားကြသည်။

က‌လေးကစားကွင်း ဖွင့်ပွဲအတွက် အပြင်အဆင်ကိုလည်း အထူးတလည် ပြင်ဆင်ထား၏။ မျက်စိပသာဒဖြစ်ဖွယ် အဝါရောင်နှင့် ကာတွန်းဖန်ယုန်ရုပ်လေးများကို ဝင်ပေါက်မှာ အလှဆင်ထား၏။

ဖွင့်ပွဲ ပထမနေ့မှာ ဝမ်ယွီထုံသည် အင်တာနက်ပေါ်မှ နာမည်ကြီး ကလေးဆယ်လီများကို ဆိုင်ကို ဖိတ်ကာ အခမဲ့ လာရောက်ကစားခွင့်ပေးထား၏။

ထို့ကြောင့် ရေပန်းရင်ပြင် ကလေးတစ်သိုက်ကလည်း ကစားကွင်းထဲ ဝင်ကစားချင်၍ သူတို့မိဘ လက်တွေကို ဆွဲကာ ငိုယို ပူဆာနေကြသည်။

ထို့ကြောင့် ကစားကွင်း၏ ဧည့်ကြိုနေရာကလည်း လူတွေနှင့်ပြည့်သိပ်နေသည်။ ဝမ်ယွီထုံတို့ ခန့်အပ်ထားသည့် ဧည့်ကြိုဝန်ထမ်းများ လုံခြုံရေးများသာမက လျန်ဇီအမေတို့ကလည်း ဝိုင်းဝန်းကူညီနေကြရသည်။

လာရောက်လည်ပတ်သည့် ဧည့်သည်ကလေးနှင့်မိဘတို့သည် လက်ပတ်တစ်ခုကို ဝတ်ထားရပြီး ထိုလက်ပတ်ဝတ်ထားသူသည် ကလေးကစားကွင်းထဲ တစ်နေကုန် ဝင်ထွက်သွားလာနိုင်၏။

ကစားကွင်းထဲဝင်လာသူတိုင်း ဖိနပ်ချွတ်ပြီး ကစားကွင်းအတွက် အထူးပြုလုပ်ထားသည့် ခြေအိတ်များကို ဝတ်ဆင်ထားရသည်။

ဝမ်ယွီထုံက ကျိုးရှောင်ယွီ၊ ဖန်းရော့ရှီးနှင့် လျန်းဇီတို့ကို ကစားကွင်းထဲ ခေါ်သွားခဲ့သည်။ ဝမ်ယွီထုံသည် ကျိုးရှောင်ယွီ၏ ဖောင်းနေတဲ့လက်ကလေးကို ကိုင်ကာ ပြောလိုက်သည်။

"ရှောင်ယွီ၊ သားနဲ့ မမရှီးရှီး၊ လျန်းဇီတို့ ဒီမှာဆော့ကြနော်။ မေမေ အလုပ်သွားလုပ်လိုက်ဦးမယ်"

ထို့နောက် ဝမ်ယွီထုံသည် သူမနှင့်အတူပါလာသည့် ကလေးထိန်းကို စကားအနည်းငယ် မှာကြားကာ ဧည့်သည်တွေကို လက်ခံရန် အမြန်ထွက်သွားလိုက်သည်။

ကလေးသုံးယောက်လုံး လုံးဝအာရုံပြောင်းသွားကြသည်။ သူတို့ရှေ့မှာရှိသည့် ဧရာမကစားကွင်းကြီးကိုမြင်တော့ မျက်လုံးတွေတောက်ပပြီး အံ့အားသင့်ကာ အသက်ရှူ ရပ်လုမတတ်ဖြစ်သွားကြသည်။

မြင့်မားလှသည့် လျှောစီးများ၊ ဘောလုံးကန်ကြီး၊ ဖားခုန်၊ ချားရဟတ်၊ ကောင်းကင်ကြိုးတန်းများ၊ စူးစမ်းလေ့လာရေးရထား၊ စီးစရာကားအမျိုးမျိုး၊ မင်းသမီးဝတ်စုံလဲခန်းများ၊ ကလေးမီးဖိုချောင် စသည်ဖြင့် အမျိုးအစားစုံလင်လှသည်။

ဖန်းရော့ရှီး၏ မျက်လုံးများက အံ့အားသင့်မှုကြောင့်ပြူးကျယ်သွားသည်။ "ဒီနေရာက သိပ်လှတာပဲ။ ခုကစပြီး ဒီနေရာက ငါ့အိမ်ပဲ။ ဒီနေရာကို မင်းသမီးလေးရှီးရှီးရဲ့နန်းတော်အဖြစ်ကြေညာလိုက်ပြီ!!"

လျန်းဇီကလည်း သွားရည်များကျနေလျက် "ငါ့ဟာ ငါ့ဟာ" ဟုပြောနေ၏။

ကျိုးရှောင်ယွီက စတိုင််ကျသည့် အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် ချွေးထုတ်ဘောင်းဘီဝတ်ထားသည်။ သူ့မျက်လုံးတွေက တစ်ဖြည်းဖြည်းချင်းလှည့်ပတ်နေသည့် ရထားကို စိုက်ကြည့်ကာ ရထားကို လက်ညိုးထိုးလိုက်သည်။

"ရထား၊ ရထား..."

ရထား ဆိုသည့်စကားလုံးသည် သူ့အဖေ၊အမေ အဖွားတို့ဆီမှာ ရှောင်ယွီ သင်ယူခဲ့ရသည့် နောက်ဆုံးစကားလုံးဖြစ်သည်။

"ရထား၊ ရထား..." ကျိုးရှောင်ယွီက ခြေအိတ်ဝတ်ထားသည့် သူ့ခြေထောက်လေးတွေနဲ့ ရထားဆီကို မတည်မငြိမ်နဲ့ လျှောက်သွားလိုက်သည်။

လျန်းဇီကတော့ လမ်းကောင်းကောင်းလျှောက်နိုင်ပြီဖြစ်သလို ပြေးပင်ပြေးနိုင်ပြီဖြစ်သည်။ထို့ကြောင့် လျန်းဇီသည်သူ့ခြေထောက်လေးတွေနဲ့ ရထားဆီ အလျင်အမြန်ပြေးလိုက်ကာ အပေါ်မှာ တက်ထိုင်လိုက်လေသည်။

သူထိုင်ချင်တဲ့ နေရာကို လျန်းဇီက ယူလိုက်တာမြင်တော့ ကျိုးရှောင်ယွီ နည်းနည်းဒေါသထွက်သွားသည်။ သူကလည်း ရထားဆီကို ပြေးသွားသည်။ သို့သော် ကံမကောင်းစွာပင် သူ့ရဲ့ဖောင်းနေတဲ့ ခြေထောက်လေးတွေက တည်ငြိမ်အောင် မလျှောက်နိုင်၍ ဘန်းကနဲ ဖင်ထိုင်ရက်ကျသွားတော့သည်။

"ဝါးးး" ကျိုးရှောင်ယွီသည် ချက်ချင်း ဒေါသတကြီး ငိုကြွေးတော့သည်။

ကလေးထိန်းက ရှောင်ယွီနား အမြန်ပြေးသွားသော်လည်း ဖန်းရော့ရှီးက အရင်ရောက်သွားလေသည်။

ဖန်းရော့ရှီးသည် ကျိုးရှောင်ယွီဆီ လက်ဆန့်တန်းလိုက်ပြီး နူးနူးညံ့ညံ့ပြောလိုက်သည်။ "ရှောင်ယွီ မငိုရဘူးလေ။ ချော်လဲရုံလေးပဲကို ဟုတ်တယ်မလား? လူတိုင်းချော်လဲဖူးတယ်။ မင်းသမီးလေးရှီးရှီးက မင်းကို ကူပြီး ထူပေးမယ်"

ဖန်းရော့ရှီးသည် ပန်းဖျော့ရောင် မင်းသမီးဂါဝန်ကို ဝတ်ထားပြီး ပတ္တမြားသရဖူတစ်ခု ခေါင်းမှာဆောင်းထား၏။ချိုသာသည့်အပြုံးနှင့် မျက်ဝန်းနက်ကလေးပိုင်ဆိုင်ထားသည့်ရှီးရှီးသည် တစ်ကယ့် မင်းသမီးလေးနှင့် တူနေ၏။

ကျိုးရှောင်ယွီသည် သူ့မျက်လုံးထောင့်မှ ကျနေသည့် မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး သူ့လက်လေးကိုဆန့်ကာ ဖန်းရော့ရှီး၏ လက်ကို လှမ်းလိုက်သည်။

"မင်းသမီးရှီးရှီးက မင်းကို အလင်းရဲ့စွမ်းအားပေးမယ်! ဒီနေ့ကစပြီး မင်းဟာ မင်းသားလေး ရှောင်ယွီဖြစ်သွားပြီ"

ဖန်းရော့ရှီးသည် ကျိုးရှောင်ယွီကို ဆွဲထူလိုက်ကာ ခေါင်းပေါ်ဦးထုပ်တစ်ခု ဆောင်းပေးလိုက်သည်။

ကျိုးရှောင်ယွီသည် ပြုံးဖြီးလိုက်ကာ သူ့ဘဝရဲ့ ခြောက်ခုမြောက်စကားလုံးကို သင်ယူလိုက်သည်။ "ရှီးးရှီးး.."

ဖန်းရော့ရှီးသည် ကျိုးရှောင်ယွီကို ရထားဆီခေါ်သွားလိုက်သည်။ "လာ!! ဒီနေ့ မင်းကို မင်းသမီးရှီးရှီးက အပြင်ခေါ်ဆော့မယ်"

"ရှီးရှီးးး ရှီးရှီးးး ရှီးရှီးးး ရှီးရှီးးး.."

ကျိုးရှောင်ယွီသည် ရုတ်တရက် ထိုစကားလုံးလေးကိုသိပ်ကြိုက်သွားပြီး ဆက်တိုက်ပြောနေခဲ့သည်။ သူသည်လိမ်လိမ်မာမာဖြင့် ဖန်းရော့ရှီးနောက်ကို လိုက်ကာ ရထားပေါ်တက်သွားခဲ့သည်။

ကလေးသုံးယောက် ရထားပေါ်တက်ပြီးတဲ့နောက် ဘေးကင်းလုံခြုံရေးလမ်းညွှန်က ခလုတ်ကိုဖွင့်ပြီး ပြောလိုက်သည်။

"ကလေးတို့ရေ...ကျေးဇူးပြုပြီး သေချာလေးထိုင်ပြီး ကိုင်ထားကြပါ။ ရထားစတင်ထွက်ခွာပါတော့မယ်"

ရထားက သူ့လမ်းကြောင်းအတိုင်း တစ်ဖြည်းဖြည်းသွားနေ၏။ ကျိုးရှောင်ယွီသည် ရထားလက်ကိုင်တန်းကို မြဲမြဲဆုပ်ကိုင်ထားကာ သူ့မျက်နှာဝယ် စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုတွေ ရောထွေးနေ၏။

ရထားက လမ်းကြောင်းရှည်ကြီးသည် ကစားကွင်းတစ်ခုလုံးကိုပတ်ထား၏။ ကျိုးရှောင်ယွီက ခရီးလမ်းကြောင်းတစ်လျှောက် ရှုခင်းတွေကိုကြည့်ရှု့ပြီး သူ့မျက်လုံးကြီးတွေကလည်း စူးစမ်းလိုစိတ်တွေနဲ့ပြည့်နှက်နေ၏။ ဒီလိုနေရာမျိုးက ကမ္ဘာပေါ်မှာ ရှိတယ် ဆိုတာ သူယုံတောင်မယုံနိုင်ဖြစ်နေမိသည်။ ဒီနေရာက ပုံပြင်စာအုပ်တွေထံက နတ်သမီးကမ္ဘာပဲဖြစ်ရမယ်။

'နတ်သမီးကမ္ဘာက တစ်ကယ်ပဲ ရှိတာပဲ။ မေမေက သူ့ကို မလိမ်ဘူးးး။ဒီနေရာက သူ့အမေဖတ်ပြဖူးတဲ့ နတ်သမီးကမ္ဘာထက် ပိုလှတာပဲ။'

'သူအယ်လ်ထရာမင်း မဖြစ်ချင်တော့ပါ။ မင်းသားလေးဖြစ်ပြီး ဒီနန်းတော်ကြီးထဲမှာပဲ နေချင်တော့တယ်။'

"လာ တို့တွေ ခုန်ပျံပြား(Trampoline)ပေါ်သွားခုန်ဆော့ရအောင်"

ရထားစီးပြီးတဲ့နောက် ဖန်ရော့ရှီးက သူမ၏ မောင်လေးနှစ်ယောက်ကိုခေါ်ကာ ခုန်ပျံပြားပေါ် ခေါ်ဆော့လေသည်။

ဖန်းရော့ရှီးက မိန်းကလေးဆန်ဆန် ဝတ်စားထားသော်လည်း ခုန်ပျံပြားပေါ်တွင် အလွန်မြင့်အောင် ခုန်ပေါက်ရင်း ‌ထွက်လုမတတ် အော်ဟစ်ရယ်မောကာ မျက်ရည်‌များပင် မြူးထူးနေ၏။

"ဝိုး! အရမ်းပျော်စရာကောင်းတာပဲ။ လာလာ လာဆော့ ဟားးးဟားးးဟားးးဟား..."

လျန်းဇီက အစပိုင်းမှာ နည်းနည်းကြောက်နေပေမယ့် သတ္တိရှိရှိ အထဲဝင်သွားလိုက်သည်။

ဖန်းရော့ရှီးက ခုန်ပေါက်နေ၍ လျန်းဇီလည်း အပေါ်အောက်အနည်းငယ် ယိမ်းထိုးနေ၏။ လျန်းဇီလည်း ပျော်စရာကောင်းသည်ဟုခံစားလိုက်ရကာ လက်ခုပ်တွေ ထတီးလေသည်။

"ပျော်စရာ ! ကောင်းတယ် ! ဆော့!"

လျန်းဇီ ဝင်သွားတာမြင်တော့ အကျောမခံချင်သည့် ရှောင်ယွီလေးကလည်း ဝင်ရန်ပြင်လိုက်သည်။

ထိုစဉ် နို့ထိန်းက မြန်မြန်ပြေးလာကာ ပြောလိုက်သည်။

"သခင်ငယ်လေး။ သခင်ငယ်လေးက အရမ်းငယ်သေးတော့ ခုန်ပျံပြားပေါ်တက်မဆော့တာ ပိုကောင်းမယ်နော်"

ကျိုးရှောင်ယွီက နားထောင်ချင်သည့်ပုံ မပေါ်ပေ။ သူ့အာရုံအားလုံးက ခုန်ပျံပြားဆီကိုရောက်သွားပြီး ယိုင်နဲ့ယိုင်နဲ့လျှောက်သွားသည်။

သေချာတာပေါ့၊ ဝင်ပြီးတာနဲ့ ဟန်ချက်ပျက်ပြီး လဲကျသွားသည်။

သူ့လက်ကလေးတွေ နဲ့ ထိန်းကာ ပြန်ထရန်ကြိုးစားသည်။ သို့သော် ဖန်းရော့ရှီးက ခုန်ပေါက်နေ၍ ခုန်ပျံပြားတစ်ခုလုံး တုန်ခါနေကာ ကျိုးရှောင်ယွီလေး ဘယ်လိုမှပြန်မထနိုင်ဖြစ်နေသည်။ သူ့ကိုယ်သူ ထိန်းနိုင်သွားတာနဲ့ တုန်ခါနေသည့် ခုန်ပျံပြားပေါ် ထပ်လဲကျသွားပြန်သည်။

ကလေးထိန်းက စိုးရိမ်တကြီး ပြေးလာသည်။

"သခင်ငယ်လေး အပြင်ထွက်ကြမယ်လေ ဒီမှာ အန္တရာယ်များတယ်"

မမျော်လင့်ထားပဲ ကျိုးရှောင်ယွီလေးသည် မထနိုင်သော်လည်း ခုန်ပျံပြားပေါ် လှဲကာ ကျေနပ်နေ၏။ရှောင်ယွီလေးသည် သူ၏ စပျစ်သီးလို လုံးဝန်းသည့် မျက်လုံးလေးကို မှေးကာ သူ့လက်ကလေးကို အပေါ်အောက်ဝေ့ရမ်းလိုက်သည်။

"ယေးးယေးးယေးးး"

သူမခုန် နိုင်သော်လည်း ခုန်ပျံပြားက အရှေ့အနောက်ယိမ်းနေတော့ အတော်လေး ပျော်ဖို့ကောင်းသည်။

ဖန်ရော့ရှီးသည် ခုန်ပျံပြားပေါ်ဆော့ရတာ မကြာခင်ပဲငြီးငွေ့သွားပြီးနောက် သူမ၏ စိတ်ဝင်စားမှုသည် ကလေးမီးဖိုချောင်ဆီကို ရွေ့သွားလေသည်။

မောင်လေးနှစ်ယောက်ကလည်း သူတို့အစ်မ ဘယ်သွားသွား နောက်ကနေ အရူးလို လိုက်လေသည်။

ကလေးမီးဖိုချောင်နေရာက အရမ်းကျယ်ပြီး အတွင်းမှာ "မီးဖြိချောင်သုံးပစ္စည်းများ"ကို တန်းစီထားသည်။ မီးဖို၊ ဒယ်ပြား၊ မီးဖိုအိုး၊ စဉ့်တီတုံး၊ ရေခဲသေတ္တာ၊ အစားအစာအမျိုးမျိုး၊ သစ်သီးများ...စသည်ဖြင့်အစုံအလင် ရှိလေသည်။

"ငါက အမေ လုပ်မယ်။ နင်တို့က ကလေးလေးတွေလုပ်!"

ဖန်းရော့ရှီးသည် မီးဖိုနား လျှောက်သွားရင်း မောင်လေး နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"နင်တို့နှစ်ယောက် ငါချက်တဲ့ ဟင်းကို လိမ်လိမ်မာမာစားကြ!"

ထိုသို့ပြောပြီးနောက် ဖန်းရော့ရှီးသည် ချက်ပြုတ်ဖို့အလုပ်ရှုပ်လေတော့သည်။ တစ်ခါတစ်လေ ကြက်ဥကြော်တာလိုလို၊ တစ်ခါတစ်လေ ခေါက်ဆွဲပြုတ်တာလိုလို တစ်ကယ်ကြီး အာရုံစူးစိုက်ကာ လုပ်နေ၏။

လျန်းဇီကတော့ ရေခဲသေတ္တာနား လျှောက်သွားလိုက်ကာ ဖွင့်ကြည့်ပြီး စူးစမ်းနေသည်။

ကျိုးရှောင်ယွီသည် မီးဖိုချောင်ပစ္စည်းတွေနဲ့ပြည့်နှက်နေသည့် နေရာကို မြင်လိုက်ရ၍ အံ့အားသင့်သွားသည်။ သူ့မိဘတွေနဲ့ အိမ်က ဦးလေးတွေ၊ အဒေါ်တွေက သူ့ကို မီးဖိုချောင်ထဲလုံးဝ ဝင်ခွင့်မပြုကြပေ။ အိမ်မှာ မီးဖိုချောင်က တားမြစ်ထားတဲ့နေရာဖြစ်သည်။

သူ့အမေ ဝမ်ယွီထုံက ရုပ်တည်ကြီးဖြင့် အမြဲတမ်းသင်ပေးထားသည်။ "ကလေးတွေက မီးဖိုချောင်မှာ မကစားရဘူးနော်။မီးဖိုချောင်မှာ မီးတို့ ရေနွေးပူတို့ ဓားတို့ ရှိတယ်။ ကလေးတွေကို ထိခိုက်စေနိင်တဲ့ပစ္စည်းတွေ ကလေးတွေ မထိရတဲ့ ပစ္စည်းတွေအများကြီး ရှိတယ်"

ကျိုးရှောင်ယွီက ချက်ချင်း အရှိန်မြှင့်လျှောက်ကာ အရိုးခုတ်သည့် စဉ့်တီတုံးဓားမကြီးရှိရာဆီကို သွားလိုက်သည်။နောက်ဆုံးတော့ သူ ဓားမကြီးကို လက်ဝယ်ကိုင်နိုင်သွားပြီ။

ကျိုးရှောင်ယွီသည် ပြူးကျယ်သည့်မျက်လုံးများဖြင့် သူ့လက်ထဲက ဓားမကြီးကို မျက်မှောင်ကြုံ့ ကြည့်ကာ ဝေ့ရမ်းလိုက်သည်။

"ဒါ ဒါ ဒါ ဒါ !"

အိမ်က စားဖိုမှုးက ဒီဓားကို ကိုင်ပြီး စဉ်းတီတုံးပေါ် တစ်ဘန်းဘန်း ခုတ်ထစ်နေတာ သူမြင်ခဲ့ဖူးသည်။ သူကိုယ်တိုင်စမ်းကြည့်ချင်သော်လည်း စားဖိုမှူးက သူ့ကို ပေးမလုပ်ပါ။ ပြီးတော့ သူ့အမေရဲ့ ဆူပူတာလည်း ခံလိုက်ရသေးသည်။

'ဟမ့် အခုတော့ ငါ ဓားမကြီးနဲ့ ကစားလို့ရပြီပဲ!'

ကျိုးရှောင်ယွီက သူ့တင်ပါးလေးကို ပျော်ပျော်ရွှင်ရွှင်လှုပ်ရမ်းပြီး ဓားမကြီး ကိုကောက်ယူကာ လှပသေသပ်စွာလှုပ်လိုက်သည်။ နေယက်ဘန်းကနဲ အသံနှင့်အတူ သစ်သားရုပ်မုန်လာဥနီကြီးကိုနှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။

ထို့နောက် သူက "မုန်လာဥနီ" ကိုကောက်ယူပြီး စိတ်ကျေနပ်စွာဝါးစားလေတော့သည်။

ကျိုးရှောင်ယွီ အလွန်ကျေနပ်နေမိသည်။ 'သူ မီးဖိုချောင်မှာ ချက်ပြုတ်ရတာကို ကြိုက်တယ်။ သူမင်းသား မဖြစ်ချင်တော့ဘူး။ စားဖိုမှုး ဖြစ်ချင်တယ်။'

'စားဖိုမှူးဖြစ်တာက အကောင်းဆုံးပဲ။ ပျော်စရာကောင်းတဲ့မီးဖိုချောင်ထဲမှာ နေ့တိုင်းနေရပြီး ဓားတွေနဲ့လဲဆော့ရတယ်။'

ထိုစဉ် ဝမ်ယွီထုံသည် သူမ ဖိတ်ထားသည့် ကလေးဆယ်လီ တစ်သိုက်နှင့်အတူ ကစားကွင်းထဲ လှည့်ပတ်ပြနေသည်။

" ကျွန်မတို့ ကစားကွင်းမှာ အဓိကနေရာသုံးခုရှိပါတယ်- ကစားကွင်း၊ ရုပ်ပြစာကြည့်တိုက်နဲ့ ထမင်းစားခန်းတွေပါ။နေရာတိုင်းမှာလည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကျွမ်းကျင်ဝန်ထမ်းတွေ ခန့်အပ်ထားပါတယ်။ ဓာတ်ပုံတွေလည်း နောက်မှ စိတ်ကြိုက်အဝရိုက်လို့ရပါတယ်။ ကျွန်မတို့ဆီမှာ မြို့တော်အေရဲ့ အကြီးဆုံး ကြောင်လိမ်လျောစီးကြီးလည်း ရှိပါတယ်။ ရုပ်ပြစာကြည့်တိုက်ကလည်း ဓာတ်ပုံရိုက်လို့ အရမ်းကောင်းတဲ့ နေရာလေးပါ။ ကျွန်မတို့ဆီမှာ စာအုပ်အများကြီးစုဆောင်းထားပြီး နေ့တိုင်းပုံဖတ်ပြမယ့် ပုံပြင်စာအုပ်ဆရာတစ်ယောက်လည်းရှိပါတယ်..."

ကလေးဆယ်လီ အဖွဲ့တွင် နာမည်ကြီးကလေးများ အတော်ပါလာသည်။

ပရော်ဖက်ရှင်နယ် အင်တာနက် ကလေးဆယ်လီအများစုတွင် ကုမ္ပဏီများနှင့်ချိတ်ဆက်ကာ လုပ်ကိုင်ကြသည့် ဓါတ်ပုံဆရာ မိဘများရှိတတ်သည်။ သူတို့က ကင်မရာတွေယူလာကြကာ ကလေးကစားကွင်းကို ဓာတ်ပုံများရိုက်ယူနေကြသည်။

ကလေးဆယ်လီမော်ဒယ်တွေကလည် အလွန်အထင်ကြီးစရာ ကောင်းလှသည်။ ငယ်ရွယ်သော်လည်း သူတို့မှာ အရည်အချင်းတွေပြည့်ကြပြီးဓာတ်ပုံဗီဒီယိုရိုက်လျင်လည်း ဓာတ်ပုံ ကင်မရာစားကြကာ ပို့စ်ပေးတော်ကြသည်။

အင်တာနက် နယ်ပယ်တိုင်းက ကလေးဆယ်လီ နာမည်ကြီးတစ်ချို့အပြင် နာမည်သိပ်မကြီးသည့် ကလေးဆယ်လီများကိုလည်း ဝမ်ယွီထုံ ဖိတ်ကြားခဲ့သေးသည်။ သူတို့ပရိတ်သတ်များမှ တစ်ဆင့် လူထုဆီ ကစားကွင်းအကြောင်းပျံ့နှံ့စေရန်ဖြစ်သည်။

ဆယ်လီကလေးတစ်သိုက်ကို လမ်းညွှန်ပြသပြီးနောက်မှ ကျိုးရှောင်ယွီကို လိုက်ရှာဖို့ ဝမ်ယွီထုံ အချိန်ရတော့သည်။

ရှီးရှီးအမေနဲ့ လျန်းဇီအမေတို့ကလည်း ဒီနေ့အရမ်းအလုပ်ရှုပ်နေကြသည်။ ရှီးရှီးအမေက မိဘနဲ့ကလေးစားသောက်ဆိုင်နဲ့ ရုပ်ပြစာကြည့်တိုက်ကြားမှာ ပြေးလွှားနေရကာ လျန်းဇီအမေကတော့ ဧည့်သည်များလက်ခံရာနေရာ ကောင်တာစားပွဲမှာ အလုပ်များနေ၏။ ကစားကွင်းလည်ပတ်ရေး တာဝန်ခံဆရာ ကျုံးရှကလည်း ဖွင့်ပွဲနေရာမှာဦးဆောင်တာဝန်ယူနေရ၍ ပိုအလုပ်ရှုပ်နေ၏။

ဝမ်ယွီထုံလည်း မအားသည့်ကြားကနေ ခနအနားယူကာ ကျိုးရှောင်ယွီကို သွားကြည့်လိုက်သည်။ သူမ မမျှော်လင့်ထားသည်က ကောင်ကလေးသည် ဟင်းသီးဟင်းရွက်သီးနှံများကို စိတ်ဝင်တစားဖြတ်တောက်နေသည်ကိုပင်။

ကျိုးရှောင်ယွီသည် သူ၏ ပေါက်ခါစမျက်ခုံးမွှေးလေးတွေကို ကြုံ့ထားကာ အလွန်အာရုံစိုက်နေ၏။

လက်ထဲမှာ ဓားမကြီးကိုကိုင်ထားကာ ပန်းသီးကိုခုတ်ဖြတ်နေ၏။ ထို့နောက် ပန်းသီးကို ရေပိုက်ခေါင်းအောက်မှာ ထားပြီး ဆေးပြန်သည်။ ထို့နောက် အိမ်ရှိအလုပ်သမားများထံမှ သင်ယူခဲ့ရသည့် အတိုင်း စားပွဲကို အဝတ်ဖြင့်သုတ်လေသည်။

ဝမ်ယွီထုံ - "..."

မျှော်လင့်မထားတာက ကျိုးရှောင်ယွီက အိမ်မှုကိစ္စတွေကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်နိုင်နေသည်။ ကျိုးရှောင်ယွီတစ်ယောက် အိမ်သာသန့်ရှင်းရေးလုပ်ခဲ့သည့်အကြောင်းကို ရုတ်တရက် သတိရလိုက်မိ၍ ဝမ်ယွီထုံပြုံးမိလိုက်ပြန်သည်။

ကျိုးရှောင်ယွီရဲ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့်ပန်းရောင်သန်းနေ၏။ 'သူက အိမ်မှုကိစ္စလုပ်ရတာကိုတကယ်ကြိုက်တယ်။ ချက်ပြုတ်တာနဲ့ သန့်ရှင်းရေးလုပ်တာက သိပ်ပျော်စရာကောင်းတာပဲ။'

ဝမ်ယွီထုံက ရှေ့တိုးပြီး ကောင်လေးရဲ့လက်ကိုကိုင်ကာ အတူတူ ဟင်းသီးဟင်းရွက်များ လှီးဖြတ်လိုက်သည်။

"ရှောင်ယွီ၊ ဓားကို ဒီလိုကိုင်ရမယ်၊ငြိမ်အောင်ထားရမယ်၊ ဟင်းသီးဟင်းရွက်ကို ဒီလိုဖြတ်ရမယ်..."

ကျိုးရှောင်ယွီက မျက်လုံးလေးမှေးပြီး သွားလေးဖြီးကာ ပြုံးပြလိုက်သည်။"ယေးးယေးးယေးး"

ဝမ်ယွီထုံတစ်ယောက် ကလေး၏ ပါးပြင်လေးကိုမနမ်းရ‌မနေနိုင်ဖြစ်သွားသည်။

"အချစ်ကလေးရေး သားက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ဒီလိုငယ်ငယ်လေးနဲ့ ကိုယ်တိုင်လုပ်တတ်နေပြီလေ။ ချက်ပြုတ်တတ်၊ အိမ်မှုကိစ္စတွေလုပ်တတ် လက်မှုပညာတွေ တတ်ကျွမ်းတဲ့ ကောင်လေးလုပ်ကြရအောင် ဟုတ်ပြီလား? ပါးစပ်ဟ လက်ဖြန့်ပြီးတောင်းစားတတ်တဲ့ကလေးမျိုး မဟုတ်ဘူးနော့်"

ကျိုးရှောင်ယွီက တောက်ပတဲ့မျက်လုံးတွေနဲ့ သူ့အမေကိုကြည့်ကာ မျက်တောင်ခတ်လိုက်သည်။

"မားးမားး..."

"လာ မေမေ မင်းကို လျောစီးဖို့ခေါ်သွားမယ်"

ဝမ်ယွီထုံ လျောကိုစမ်းကြည့်ချင်သလို ကောင်လေးကလည်း စီးကြည့်ချင်နေသည်။

"မေမေတို့ လျောက အရမ်းရှည်တယ်။ ဒါကြောင့် လူကြီးတွေနဲ့အတူဆော့ရမယ်နော်"

ဖန်းရော့ရှီးကလည်း ခုန်ပေါက်ကာ ပြေးလာသည်။

"အန်တီ !အန်တီ !သမီးကော ကစားလို့ရလား! သမီးလည်း လျောစီးချင်တယ်"

လျန်းဇီကလည်း ပြေးလာပြီး ဝမ်ယွီထုံရဲ့အဝတ်ကိုဆွဲလေသည်။ "လျောစီး၊ လျောစီး၊ လှေကားတက်!"

"အားလုံးလိုက်ခဲ့ကြ လျောသွားစီးကြရအောင်"

ဝမ်ယွီထုံသည် လျောစီးရအဆင်ပြေအောင် ဆွဲသာဘောင်းဘီကို ဒီနေ့ဝတ်လာခဲ့သည်။

သူမသည် ကြောင်လိမ်ပုံစံ သုံးထပ်လျောကြီးကို ဂုဏ်ယူစွာကြည့်လိုက်သည်။ မြို့တော်အေရှိ ကစားကွင်းတိုင်းတွင် ဤကဲ့သို့ လျှောမျိုး လုံးဝ မရှိသေးပါ။

ဝမ်ယွီထုံသည် လျှောစီးချင်နေသည့်ကလေးသုံးယောက်ကို တစ်ယောက်ချင်းစီ သေချာဂရုစိုက် ထိန်းပေးလိုက်သည်။ ဖန်းရော့ရှီးနှင့် လျန်းဇီကို အရင်စီးခိုင်းလိုက်သည်။ ကြောင်လိမ်ပုံ လျှော၏ အလိမ်အကောက်များကြောင့် ကလေးနှစ်ယောက်သည် စိတ်လှုပ်ရှားကာ အော်ဟစ်ပြီး ပျော်ရွှင်နေကြသည်။

ဝမ်ယွီထုံ လျှောပေါ်ကို နောက်တစ်ခေါက်ပြန်တက်ကာ ကျိုးရှောင်ယွီကို ချီပြီး အတူ စီးချရန်ပြင်လိုက်စဉ် ကောင်လေးသည် သူမကို တွန်းထုတ်ကာ ကြောက်နေ၏။

"ရှောင်ယွီ မကြောက်ပါနဲ့။ မေမေက သားကို ချီထားပြီး အတူတူလျှောစီးမှာ။ ကြောက်စရာမလိုဘူး စိတ်ချနော်"

ကျိုးရှောင်ယွီကတော့ ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းနေ၏။ သူ့အတွက်က လျှောသည် မှောင်မည်းကာ ကြောက်စရာကောင်းနေ၏။

ဝမ်ယွီထုံက ဆက်ပြီးနှစ်သိမ့်ပေးနေသော်လည်း ကျိုးရှောင်ယွီက စက္ကန့်ပိုင်းအတွင်း မျက်ရည်များပိုးပေါက်ကျလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ ကြောက်နေသည့်ကောင်လေးသည် သူ့မျက်လုံးနီနီကြီးကို သူ့လက်ကလေးဖြင့် ပွတ်ကာ မျက်ရည်တွေ သုတ်နေရှာသည်။

ငိုယိုနေသည့် ရှောင်ယွီလေးထံမှ ဘူ!! ဆိုသည့်အသံနှင့်အတူ ချဉ်စုတ်စုတ်အနံ့တစ်မျိုးထွက်လာသည်။

သနားစရာ ကျိုးရှောင်ယွီလေးသည် ကြောင်လိမ်လျှောစီးရမှာ ကြောက်လွန်း၍ ဘောင်းဘီထဲ ဝမ်းသွားမိလေတော့သည်။

ဝမ်ယွီထုံ - "???"

စနစ် - " ကြောက်စရာသမိုင်းမှတ်တိုင် +1.."

All Chapters