အခန်း (၇၀)
Vol. 6 Ch. 70
ကလေးကစားကွင်းလေးက ဝမ်ယွီထုံ မျှော်မှန်းထားသည်ထက် ပိုအောင်မြင်နေ၏။
ဖွင့်ပွဲနေ့မှာကတည်းက ဂိတ်ပေါက်ဝမှာ လူတွေ တန်းစီနေပြီး အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွေ ပေါ်မှာလည်း အရည်အသွေးမြင့် ကလေးကစားကွင်း ဆိုပြီး နာမည်ကြီးနေ၏။
[မှတ်ထားကြပါ။ ကလေးတွေကို ခေါ်သွားသင့်တဲ့ အေမြို့က နေရာလေးတစ်ခု။#နံပါတ်(၁) ရွေးချယ်စရာ!]
[မိဘတွေလည်း သက်သောင့်သက်သာ အနားယူနိုင်သလို ကလေးတွေလည်း ဆော့ကစားနိုင် သင်ယူနိုင်တဲ့နေရာလေး]
[မိသားစုတွေ ကလေးတွေနဲ့အတူအပန်းဖြေလို့ရတဲ့ နေရာလေးး။ အေ မြို့ရောက်ရင် မဖြစ်မနေသွားရမယ့် နေရာလေးး]
[အရည်အသွေးမြင့် ကလေးကစားကွင်းကို ဘယ်လိုရွေးချယ်သင့်လဲ? မသွားမ်ိလိုက်ရင် နောင်တရနိုင်မယ့်နေရာလေးး]
[အေမြို့မှာ ကလေးတွေ ဓာတ်ပုံရိုက်၊ ချက်အင်(Check-in)လုပ်ဖို့ ခေတ်စားနေတဲ့နေရာ။ အရမ်းမိုက်တဲ့ ကြောင်လိမ်ပုံလျှောကြီးကို တွေ့တော့အရမ်းအံ့ဩသွားတယ် အရမ်းမိုက်တာပဲ]
ဖွင့်ပွဲအပြီး ဒုတိယနေ့မှာလည်း ကစားကွင်းပေါက်ဝမှာ လူတန်းကြီး ရှိနေတုန်းပင်။
ကစားကွင်း ဝန်ထမ်းအဖွဲ့လေးက မအားမလပ် အလုပ်များနေသော်လည်း စနစ်တကျဖြစ်နေခဲ့သည်။
ကစားကွင်းလည်ပတ်မှု အတွေ့အကြုံများသည့် ဆရာကျုံးရှကိုလည်း ကျေးဇူးတင်ရပေမည်။
သူရဲ့စီမံဆောင်ရွက်မှုမရှိရင် ဝမ်ယွီထုံနဲ့ သူမရဲ့အဖွဲ့ဟာ ပြာယာခတ်နေနိုင်သည်။
မွန်းလွဲပိုင်းမှာတော့ ဝမ်ယွီထုံသည် ကစားကွင်းအတွင်း အရာရာတိုင်း အကောင်းဆုံး အခြေအနေမှာရှိနေတာကို တွေ့ရပြီးနောက် သူမ၏ကိုယ်ပိုင်ကိစ္စတွေအတွက် အချိန်ရလာခဲ့သည်။
အလုပ်ကနေ ခဏခွင့်တောင်းကာ ပေါက်စီလေး ရှောင်ယွီနှင့် ကျိုးကျီယွဲ့တို့နှင့်အတူ အဖွားကျိုးကို သွားကြိုကြလေသည်။
ညနေပိုင်းတွင် အဖွားကျိုးသည် မြို့တော်အေကို ရောက်လာသည်။ ဝမ်ယွီထုံလည်း ကျိုးမိသားစု၏ အကြီးအကဲဖြစ်သူကို နောက်ဆုံးတော့ လူကိုယ်တိုင် ဆုံခဲ့ရလေပြီ။
အဖွားကျိုးသည် အသက်အရွယ်ရပြီ ဖြစ်သော်လည်း မျက်လုံးအကြည့်တွေက တောက်ပကာ တက်ကြွသည့်ကိုယ်ဟန်ရှိနေသေးသည်။
သူမသည် ကျော့ရှင်းသည့် ခရမ်းရောင်ဝတ်စုံကို ဝတ်ထားကာ လည်ပင်းနှင့်လက်တွေမှာ ကျောက်စိမ်းလက်ဝတ်တန်ဆာတွေ ဆင်မြန်းထား၏။
အဖွားကျိုးသည် သူမ၏ တောင်ဝှေးတုတ်ကောက်ကို ထောက်ကာ ဘေးတွင်လည်း သူမကို တစ်ဘဝလုံးနီးပါးပြုစုလာသည့် အဒေါ်တစ်ဦးလည်း ပါသေးသည်။
ဝမ်ယွီထုံက ကျိုးရှောင်ယွီကိုပွေ့ချီပြီး နှုတ်ဆက်ဖို့ လျှောက်သွားလိုက်သည်။"မင်္ဂလာပါ ဖွားဖွား"
အဖွားကျိုးက ကြင်ကြင်နာနာ စကားဆိုလာသည်။
"သမီးက အဖွားမြေးချွေးမလေး ရှောင်ဝမ်လား? သိပ်လှတာပဲကွယ်"
သူမက သွေးကြောတွေကွက်ကွက်ကွင်းကွင်းမြင်ရသည့်သူမရဲ့လက်ကို ကျိုးရှောင်ယွီဆီ ကမ်းလိုက်သည်။
"ရှောင်ယွီ၊ မင်းဖွားဖွားကို မှတ်မိနေသေးလား? မင်းမွေးတုန်းက အဖွားချီခဲ့သေးတယ်လေ"
ကျိုးရှောင်ယွီက သူ မသိသည့် အဖွားကျိုးကိုမြင်ပြီးကတည်းက သူ့အမေရင်ခွင်ထဲ တိုးကာ နှုတ်ခမ်းစေ့ကာ ငြိမ်နေခဲ့သည်။
ဝမ်ယွီထုံက ကလေးလေးရဲ့ခေါင်းကိုပွတ်သပ်ပေးရင်း ပြောလိုက်သည်။ "လိမ္မာတယ်နော် ရှောင်ယွီ ဖွားဖွားလို့ခေါ်လိုက်လေ ဖွားဖွား"
ကျိုးရှောင်ယွီကတော့ စိတ်မပါသလိုနှုတ်ခမ်းစုပြီး စကားလည်း ပြန်မပြောချေ။
ကျိုးကျီယွဲ့က ချက်ချင်း အခြေအနေကို ပြေလည်အောင် လုပ်ဖို့ ကြိုးစားလိုက်သည်။ "အဖွားအိမ် အရင်ပြန်ရအောင်လေ။ ညနေစာလည်း ပြင်ပြီးပြီဆိုတော့"
အဖွားကျိုးကလည်း ရှောင်ယွီလေး၏ အပြုအမူတွေကို အပြစ်မယူပဲ ပြုံးကာပြောလိုက်သည်။ "တို့လည်း တရုတ်ပြည်ကို မရောက်တာ ကြာပြီဆိုတော့ နည်းနည်းလေး မအီမသာဖြစ်နေတယ်"
ကျိုးကျီယွဲ့က ခေါင်းငြိမ့်လိုက်သည်။ "ဒီတစ်ခါတော့ ကြာကြာနေလို့ရပါတယ် အဖွား"
သူတို့အိမ်ပြန်ရောက်တဲ့အခါနောက်ကျနေပြီဖြစ်သည်။
စားပွဲပေါ်မှာလည်း ဟင်းအသစ်တွေ အများကြီးရှိနေပြီး အားလုံးက အဖွားကျိုးကြိုက်တတ်သည့် ဟင်းများသာ ချက်ထား၏။
ကျိုးရှောင်ယွီလေးကတော့ သူ့ထမင်းစားထိုင်ခုံပေါ်ငြိမ်ငြိမ်လေးထိုင်နေပြီး သူ့လက်ထဲမှာလည်း ရွှေဖရုံသီးပေါင်းဟင်းပန်းကန်လုံး ကိုင်ထားကာ၊ အဖွားကျိုးကို စူးစမ်းကြည့်နေ၏။
အဖွားကျိုးက သူ့အပေါ် ကလေးစူးစမ်းနေသည်ကို သတိထားမိ၍ မျက်လုံးထောင့်တွေ တွန့်သွားအောင်ပြုံးလိုက်သည်။ "ရှောင်ယွီလေးက လိမ္မာလိုက်တာ ကိုယ့်ဖာသာစားတတ်နေပြီပေါ့"
ကျိုးရှောင်ယွီက ချက်ချင်းမျက်နှာ စူပုတ်သွားပြီး တစ်ဖက်ကို မျက်နှာ လှည့်လိုက်ကာ ပုန်ကန်သည့်ဟန်ဖြင့် ဖရုံသီးတုံးတွေ ပစ်ချလိုက်သည်။
ဝမ်ယွီထုံက ရှောင်ယွီလေးကို ကြက်သားနှင့်ထမင်းရောထားသည့်ဟင်းကို တစ်လုတ်ကျွေးလိုက်သည်။ "ရှောင်ယွီလေးက အခုဆိုအရမ်းတတ်နေပြီ။ သူ့ဖာသာသူ ဇွန်းနဲ့ စားတတ်နေပြီလေ"
ဝမ်ယွီထုံက ဆီလီကွန်ဇွန်း တစ်ချောင်းကို ကျိုးရှောင်ယွီရဲ့လက်ထဲထည့်ပေးပြီး အားပေးတိုက်တွန်းလိုက်သည်။
"ရှောင်ယွီ သားဖာသာ ထမင်းတစ်လုတ်စားကြည့်ပါလား ဖွားဖွားကကြည့်ချင်လို့တဲ့။ ကိုယ့်ဘာသာ စားတတ်တဲ့ ကလေးတွေက အရမ်းချစ်စရာကောင်းတာပဲ"
အဖွားကျိုးကလည်း ရှောင်ယွီလေး၏ ချစ်စရာ အပြုအမူကို မြင်ရရန် မမျှော်လင့်တကြီး စောင့်ကြည့်နေ၏။
ကျိုးရှောင်ယွိကတော့ သူ၏လက်ဖောင်းကစ်ကစ်လေးနဲ့ ဆီလီကွန်ဇွန်းကို ကိုင်ပြီး အားလုံးရဲ့မျှော်လင့်တကြီး စောင့်ကြည့်မှုအောက်မှာ ကြက်သားထမင်းတစ်ဇွန်းကို ခပ်လိုက်သည်။
နောက်တစ်စက္ကန့်မှာတော့ "ဝှီးး" ကနဲ့ အသံနှင့်အတူ ကြက်သားထမင်းသည် အဖွားကျိုး၏ ပန်းကန်အစွန်းကို သွားကပ်နေလေသည်။
ဒါက သူမရဲ့ရင်ဘတ်က အဝတ်အစားကို ထိမှာနီးပါးဖြစ်နေခဲ့တယ်။
ရှောင်ယွီလေး ပစ်လိုက်သည်က အဖွားကျိုး၏ ရင်ဘတ်ကို ထိလုနီးပါးဖြစ်သွားသည်။
အဖွားကျိုးက အရမ်းထိတ်လန့်သွားပြီး မျက်ဝန်းများပင်ကျဉ်းသွားကာ နောက်ကိုဆုတ်လိုက်သည်။
ကျိုးရှောင်ယွီကတော့ အောင်ပွဲခံသည့် အပြုံးဖြင့် ပြုံးကာ သူ၏ဇွန်းကို ဝေ့ရမ်းလိုက်ပြီး အဖွားကျိုးကို သူလုပ်လိုက်ကြောင်းအော်ဟစ်နေသည်။ "ယေးးယေးးးယေးးယေးးး"
အဖွားကျိုးနှင့် ရှောင်ယွီသည် သိပ်မရင်းနှီးသေးသော်လည်း ထိုအဖွားကြီးကို သူသဘောကျ၏။
ဒါကတော့ သူနှစ်သက်ကြောင်းပြသည့်ပုံစံဖြစ်ပြီး သူမကိုနွေးထွေးစွာ ကြိုဆိုသည့်ပုံဖြစ်သည်။
'စောနက လုပ်လိုက်တာ မမိုက်ဘူးလား?'
ဝမ်ယွီထုံနဲ့ကျိုးကျီယွဲ့တို့နှစ်ယောက်လုံး နည်းနည်းလေး ရှက်သွားကြသည်။
ဝမ်ယွီထုံက အနည်းငယ်ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။ "အဖွား ရှောင်ယွီက အဖွားကို အရမ်းသဘောကျတယ်ထင်တယ်။ စောနက သူ့သဘောကျကြောင်း ပြတဲ့ နည်းလမ်း ထင်ပါတယ်"
အဖွားကျိုးလည်း မသက်မသာပြုံးလိုက်သည်။ "ကလေးတွေက ဒီလိုဆိုးတတ်တာပဲလေ"
ညစာစားပြီးတဲ့နောက်၊ မိသားစုက ဧည့်ခန်းထဲမှာ ထိုင်နေကြသည်။ ပြီးတော့ အဖွားကျိုးက မိသားစုဝင်သုံးယောက်ကို ပေးရန် လက်ဆောင်များ ယူလာခိုင်းလိုက်သည်။
အဖွားကျိုးက ပြုံးရင်းနဲ့ဆိုဖာခုံတစ်ခုံမှာ ထိုင်လိုက်သည်။ "ဒါက တို့ရဲ့ကလေးလေးအတွက် လက်ဆောင်ပါ။"
အဖွားဘေးနားက အန်တိီစူစန်က ပြိုင်ကားအရုပ်လေးတွေနဲ့ပြည့်နေသည့် သေတ္တာကို ဖွင့်ပြလိုက်သည်။ ပြိုင်ကားအရုပ်လေးတွေက အလွန်ဈေးကြီးသည့်ပုံပေါက်သည်။
ကျိုးရှောင်ယွီက သူ့အမေရဲ့ရင်ခွင်ထဲမှာ ခိုဝင်နေပြီး၊ လက်ဆောင်ကို လက်ခံယူဖို့ရှက်နေ၏။
ဝမ်ယွီထုံက သူ့ကိုလက်ဆောင်ယူပေးဖို့ ကူညီလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဖွားဖွား။ ရှောင်ယွီ ကျေးဇူးတင်တယ်လို့ အမြန်ပြောလိုက်။ အခုတို့မှာ ပြိုင်ကားလေးရှိနေပြီ"
ကျိုးရှောင်ယွီက စကားလုံးတစ်လုံးမှမပြောဘဲ ငြင်းဆန်နေဆဲပင်။
အဖွားကျိုးနှင့် ဆုံကတည်းက ရှောင်ယွီလေးသည် ငထုံငအလို အခုထိ စကားတစ်ခွန်းမှ မပြောသေးပါ။
အဖွားကျိုးကလည်း ကလေးကို ဗွေမယူပဲ သဘောကျစွာ ပြုံးလိုက်သည်။ "ဖွင့်ပေးလိုက် ကလေးဆော့ပါစေ"
အန်တီစူစန်က အရုပ်သေတ္တာလေးကို ဖွင့်ပေးလိုက်သည်။ ကျိုးရှောင်ယွီက ဘဲကလေးကို ယိုင်တိုင်တိုင်ဖြင့် ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်သွားလိုက်ကာ အရုပ်အသစ်တွေကို ကိုင်ကြည့်ကာ စူးစမ်းနေ၏။
အဖွားကျိုးက ကျန်သည့်လက်ဆောင်များ ဆက်ပေးနေစဉ် ကျိုးရှောင်ယွီကလည်း ဘေးမှာ ဆက်ကစားနေ၏။
သူမက ကျိုးကျီယွဲ့ကို အဆင့်မြင့်နာရီတစ်လုံးပေးခဲ့ပြီး၊ ဝမ်ယွီထုံကိုလည်း ဗီဒီယိုကော ခေါ်စဉ်ကပြခဲ့သည့် ကျောက်မျက်ရတနာ အဆင်တန်ဆာတစ်စုံ ပေးခဲ့သည်။
အဖွားကျိုးက သူမလက်ကို ဝေ့ရမ်းကာမေးလိုက်သည်။
"စကားမစပ် ရှောင်ယွဲ့ ဒါက သမီးအတွက် S-Lab မျက်နှာကပ်ခွာ။ အဖွားကြားဖူးတာတော့ Mနိုင်ငံက လူချမ်းသာ မိန်းကလေးအများစုက ဒါမျိုး မျက်နှာ ကပ်ခွာကြိုက်ကြတယ်ဆိုပဲ။ ဒါက သမီးအတွက်"
ဝမ်ယွီထုံလည်း အသားအရည်ထိန်း မျက်နှာကပ်ခွာတစ်စုံကို လက်ဆောင်ရ၍ ကျေးဇူးတင်မဆုံးဖြစ်သွားသညါ။
S Lab ကို သိတာပေါ့။
လတ်တလော နာမည်ကြီးနေတဲ့ ဘရန်းပဲလေ။ ဒါပေမယ့် တရုတ်ပြည်မှာတော့ ဆိုင်ခွဲမရှိသေးဘူး။
ဝမ်ယွီထုံလည်း M နိုင်ငံကနေ တစ်ဆင့် လူတစ်ယောက်ကို ဝယ်ခိုင်းဖို့ စဉ်းစားနေတုန်းပင်။ အဖွားကျိုးက လူငယ်တွေရဲ့အကြိုက်ကို တစ်ကယ်သိလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
ထိုလက်ဆောင်က တန်ဖိုးမများသော်လည်း အဖွားကျိုး၏ စေတနာကို ဝမ်ယွီထုံ ခံစားမိလိုက်၍ ရင်ထဲ နွေးထွေးသွားသည်။
"ကျေးဇူးတင်ပါတယ် အဖွားကျိုး " ဝမ်ယွီထုံ ခေါင်းလေးငုံ့ကာ ကျေးဇူးတင်စကားပြောရင်းလက်ဆောင်ကို ဘေးခဏချထားလိုက်ပြီး အဖွားကျိုးအတွက်လက်ဖက်ရည်ငှဲ့ပေးရန် ရှေ့ကိုတိုးသွားလိုက်သည်။
အဖွားကျိုးက "မင်းတို့ ဘယ်တော့မင်္ဂလာပွဲလုပ်ဖို့စီစဉ်ထားလဲ" ဟုမေးလိုက်သည်။
ကျိုးကျီယွဲ့ သူ၏ လက်ထဲမှ သောက်လက်စ လက်ဖက်ရည်ခွက်ကို ချထားလိုက်ကာ ဝမ်ယွီထုံကို လှမ်းကြည့်ရင်း ဖြေလိုက်သည်။ "မေလထဲ ဒါမှမဟုတ် ဇွန်လ ထဲမှာပါ"
အဖွားကျိုးက ခေါင်းညိမ့်လိုက်သည်။ "ဟုတ်ပြီ။ လုပ်စရာရှိတာ အမြန်လုပ်ကြရအောင်။ နောက်ရက်ပိုင်းအတွင်း ယောက္ခမတွေရဲ့အိမ်ကိုသွားတွေ့ပြီး မင်္ဂလာပွဲအတွက် လိုအပ်တာတွေ စီစဉ်ရအောင်။ တို့မှာ ဒီဇိုင်နာမိတ်ဆွေ အဲလက်စ် ဆိုတဲ့တစ်ယောက်ရှိတယ်။ သူ့ကိုမင်္ဂလာဝတ်စုံ အပ်လိုက်ရင် လုံးဝပြည့်စုံသွားစေရမယ်"
လူအနည်းငယ်က မင်္ဂလာပွဲပြင်ဆင်မှုတွေကို ဆွေးနွေးခဲ့ကြသည်။
မကြာခင်မှာပဲ လေယာဉ်အတော်ကြာစီးလာရသည့်အဖွားကျိုးသည် ခရီးပန်းလာ၍ သူမအခန်းကို ပြန်အနားယူချင်လာသည်။
ဝမ်ယွီထုံလည်း အဖွားကျိုးရောက်တာနဲ့ အဆင်သင့်နေထိုင်နိုင်အောင် မနက်အစောကတည်းက အလုပ်သမားတွေကို အခန်းသန့်ရှင်းရေး သေချာလုပ်ခိုင်းထားခဲ့သည်။
"ဖွားဖွား ကျွန်မ အခန်းကို လိုက်ပို့ပါ့မယ်" ဝမ်ယွီထုံ ရှေ့တိုးလိုက်ကာ အဖွားကျိုးကို ကူထိန်းလိုက်သည်။
အဖွားကျိုးကလည်း ပြုံးပြလိုက်ပြီး ဝမ်ယွီထုံရဲ့လက်ကို ကိုင်ကာ ထရပ်ဖို့ ပြင်ဆင်လိုက်သည်။
ချက်ချင်းဆိုသလို အဖွားကျိုးက ကြောက်စရာတစ်ခုခုကို မြင်လိုက်ရသလို တစ်ကိုယ်လုံး တုန်လှုပ်သွားကာ အော်ဟစ်လိုက်သည်။
အဖွားကျိုးတစ်ယောက် ဆိုဖာပေါ် ဖင်ထိုင်ရင်ပြန်ကျသွားပြီး တုန်ရီနေသည့်အသံဖြင့် "အားးး အာ့တာ အာ့တာ ဘာလဲ?"ဟု အော်လိုက်သည်။
လူတိုင်းက အဖွားကျိုး ညွှန်ပြရာကိုကြည့်လိုက်စဉ် လူသေးသေးလေး တစ်ယောက်က ပြတင်းပေါက်နားမှာ ထိုင်နေသည်ကို မြင်လိုက်ရသည်။
သူ့ရဲ့မျက်နှာနဲ့လက်တွေက အစိမ်းနဲ့ အမည်းရောထွေးနေပြီး၊ ညအလင်းရောင်အောက်မှာ အရမ်းကို ထူးဆန်းနေခဲ့တယ်!
လူသေးသေးလေးက သူ့ရဲ့အနီရောင်ပါးစပ်ကို ဟလိုက်ပြီး၊ ဖြည်းဖြည်းချင်းစီ သူမတို့ရှိရာဆီ လျှောက်လာသည်။
သရဲကားထဲက ကလေးသရဲလို ခြောက်ခြားစရာကောင်းလွန်းသည့်အသွင်အပြင်ကို ထုတ်ပြနေ၏။
"အဟွတ်!! အဟွတ်!! အဟွတ် !!"အဖွားကျိုးသည် ကြောက်လန့်တကြား အပြင်းအထန် ချောင်းဆိုးလာခဲ့သည်။
အန်တီစူစန်က ချက်ချင်း ပြေးလာပြီး ဆေးတစ်လုံးကျွေးလိုက်သည်။
ကျိုးကျီယွဲ့ကလည်း အဖွားကျိုးကို နှစ်သိမ့်ရန် ရှေ့ကိုတိုးလာခဲ့သည်။
ဝမ်ယွီထုံကတော့ ကြမ်းခင်းပေါ် လေးဖက်ကုန်းသွားနေသည့် ရှောင်ယွီလေးကို ပြေးကာ ကောက်ချီလိုက်သည်။
ကျိုးရှောင်ယွီသည် လူတိုင်း၏ မျက်နှာအမူအရာတုံ့ပြန်မှုကိုကြည့်ကာ အလွန်ကျေနပ်နေ၏။
သူသည်အားလုံးကို ပြုံးဖြီးပြနေကာ သူ့ဆံပင်ကောက်လေးများကို ဂုဏ်ယူစွာ လှုပ်ရမ်းနေ၏။
ရှောင်ယွီလေးသည် သူ့အမေ၏ S Lab မျက်နှာကပ်ခွာဘူးကို သူ့အမေ မသိအောင် တိတ်တိတ်လေးဖွင့်ကာ သူ့မျက်နှာ၊လက် ၊ခေါင်းတွေပေါ် လိမ်းခြယ်ထားခဲ့သည်။
'ဟားးဟားးးဟားးဟားးဟားး မေမေ၊ ဖေဖေ၊ ဖွားဖွားး ဒါက သိပ်ဝင်စားဖို့မကောင်းဘူးလား? မေမေတို့ကော ဒီလို မဲမဲစိမ်းစိမ်းကြီးတွေ မခြယ်ချင်ဘူးလား?'
"တောင်းပန်ပါတယ် အဖွား ကလေးက မသိတတ်သေးတော့ အဖွားကို လန့်စေမိပြီ"
ဆေးသောက်ပြီးသည့် အဖွားကျိုးသည် ထိုင်ခုံပေါ် အားအင်ကုန်ခမ်းနေသည့်ပုံဖြင့် ထိုင်နေရှာသည်။
အဖွားကျိုးသည် မျက်နှာတစ်ပြင်လုံး စိမ်းနေသည့် ကျိုးရှောင်ယွီကို ကြည့်ကာ သူမအသက် ချက်ချင်း ဆယ်နှစ်လောက်ကြီးသွားသလို ခံစားလိုက်ရသည်။ "ရပါတယ် အဖွား ဘာမှ မဖြစ်ပါဘူးကွယ် "
ဝမ်ယွီထုံကတော့ မျက်နှာ ပူနေသော်လည်း ကျိုးရှောင်ယွီကတော့ ပျော်ရွှင်ရီမောနေ၏။
'ဖွားဖွားက အရမ်း ရီစရာကောင်းတာပဲ။'
'သူ ဒီဖွားဖွားကို ပိုသဘောကျလာပြီ။
'ဖွားဖွားနဲ့ အတူကစားချင်တယ်!'
ကျိုးရှောင်ယွီသည် တက်ကြွစွာဖြင့် သူ့လက်သေးသေးကလေးကို ဝေ့ရမ်းလိုက်သည်။
နောက်အဖွားကျိုး ရှိရာဆီ မျက်နှာကပ်ခွာရှိ အစိမ်းရောင်အနှစ်တစ်ချို့ကို လက်ဖြင့်ယူကာ အဖွားကျိုးဆီပစ်လိုက်ရာ နှာခေါင်းကို တိုက်ရိုက်သွားထိလေသည်။
"ဒါ ဘာလဲ??"
အဖွားကျိုးသည် သူမနှာခေါင်းပေါ်ရှိ အေးစက်စက်အရာကို ဆွေစောင်းကြည့်ကာ ထိကိုင်ကြည့်လိုက်ပြီးနောက် သတိလစ်လုမတတ်လန့်သွားသည်။
လူတိုင်းကလည်း အပြေးလာကာ အဖွားကျိုးကို ကူမပေးကြသည်။
ကျိုးကျီယွဲ့နဲ့ အန်တီစူစန်ကတော့ ကောင်ဆိုးလေး ရှောင်ယွီ အဖွားကျိုးကို ထပ်မထိနိုင်သေးခင် သူမအနားယူမည့်အခန်းထဲကို အမြန်ခေါ်သွားလေတော့သည်။
ဝမ်ယွီထုံကလည်း ရှောင်ယွီကို အမြန်ကောက်ချီကာ အခန်းထဲ ခေါ်သွားလိုက်ပြီး နားလည်အောင်ပြောပြ၊ဆူရလေတော့သည်။
"ကျိုး!!ရှောင်!!ယွီ !! သားဘယ်လိုလုပ်လိုက်တာလဲ? ဖွားဖွားက အသက်ကြီးနေပြီ။ ဒီလိုကစားစရာမျိုး သူနဲ့ ဆော့လို့မရတော့ဘူး ဖွားဖွားလန့်သွားတတ်တယ်"
ကျိုးရှောင်ယွီကတော့ သူဘာမှားသွားလဲဆိုတာနားမလည်ခဲ့ပေ။
သို့သော် အစိမ်းရောင်တွေပေနေသည့် သူ့လက်ကလေးနှစ်ဖက်ကို ရှေ့မှာပိုက်ရင်း သနားစရာကောင်းသည့်အသံဖြင့် "မားမား မားမား မားမား"ဟု ပြော နေရှာသည်။
'သူက ဖွားဖွားနဲ့ ကစားချင်ရုံလေးတင်ကို မေမေက ဘာလို့သူ့ကို ဆူနေရတာလဲ?'
ဝမ်ယွီထုံက သူ့ရဲ့မျက်ခုံးတွေကိုပွတ်သပ်လိုက်သည်။
"ရှောင်ယွီ ဖွားဖွားနဲ့ စိတ်လှုပ်ရှားစရာကစားနည်းတွေဆော့လို့မရဘူးနော် ဟုတ်ပြီလား? ဖွားဖွားက အသက်ရှစ်ဆယ်ကျော်ပြီဆိုတော့ ရုတ်တရက်လန့်တာမျိုးတွေ မခံနိုင်တော့ဘူး"
ကျိုးရှောင်ယွီ၏ မျက်ဝန်းတွေက ချက်ချင်း မျက်ရည်တွေ ဝဲတက်လာသည်။
သူက သူ့ခြေသလုံးလေးတွေကို ခြေတစ်ဖက်ဖြင့်ကန်ရင်း ရှက်သလိုလို ခေါင်းခါလိုက်သည်။
ဝမ်ယွီထုံကလည်း အကျိုးအကြောင်းလေးထပ်ပြောပြကာ နူးညံ့သည့်လေသံဖြင့် ရှင်းပြလိုက်သည်။
"ဟုတ်ပြီ မှတ်ထားနော် နောက်တစ်ခေါက်ဆို လူကြီးတွေကို မခြောက်လန့်ရဘူးနော်။ လူကြီးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ နူးညံ့သိမ်မွေ့ညှင်သာရမယ် သူတို့ရှေ့မှာ ပြသနာတွေမရှာရဘူးနော်"
ကျိုးရှောင်ယွီကတော့ သူ့အမေရဲ့ ဆုံးမစကားတွေနားထောင်ရတာ ညဉ်းငွေ့လာပြီဖြစ်သည်။
နှုတ်ခမ်းလေးစူကာ သူ့အမေရဲ့အင်္ကျီကော်လံကို အစိမ်းရောင်လက်တွေနဲ့ သွားကိုင်လိုက်သည်။
ဝမ်ယွီထုံလည်း ရွေးချယ်စရာမရှိတော့ပဲ သူ့ကို ရေချိုးခန်းခေါ်သွားပြီး ရေချိုးပေးလိုက်ရတော့သည်။
မျက်နှာကပ်ခွာမှ ဆေးအစိမ်းရောင်တွေ ပြောင်စင်သွားအောင် ရေစိမ်ကန်မှ ရေကို နှစ်ခါပင် လဲလိုက်ရသည်။
ဒီညရဲ့အရှုပ်တော်ပုံက ဒီလိုပဲ ကျော်လွန်သွားခဲ့လေသည်။
ဝမ်ယွီထုံသည် ကလေးကို ရေချိုးပြီးနောက် အဖွားကျိုး၏ အခြေအနေကို ကျိုးကျီယွဲ့ဆီ မက်ဆေ့ပို့ကာ မေးလိုက်သည်။
[ယောကျာ်း - စိတ်မပူပါနဲ့ အဖွားက အိပ်သွားပါပြီ။ဒါပေမယ့် အဖွားက မနက်ဖြန် မြို့စွန်က အိမ်ကို ပြောင်းချင်တယ်ပြောတယ် လေကောင်းလေသန့်ပိုရချင်လို့တဲ့]
[ဝမ်ယွီထုံ - လက်ဖြန့်နေသည့်ပုံ]
[ဝမ်ယွီထုံ - ဟေးး..]
ညလယ် ၁၁နာရီအချိန်တွင် နွေဦးလေပြေအေးက ပြတင်းပေါက် အပြင်ဘက်တွင် ဖြည်းညှင်းစွာ တိုက်ခတ်နေ၏။ သစ်ကိုင်းသစ်ခက်တွေကလည်း ယိမ်းယိုင်နေကာ လရောင်ကလည်း အိမ်ကြီးအိမ်ကောင်း အပေါ်ဖြာကျနေ၏။
ကျိုးရှောင်ယွီကတော့ သူ၏ကုတင်ပေါ်မှာ အိပ်ပျော်နေပြီဖြစ်သည်။ ဝမ်ယွီထုံကတော့ သူမ၏ ကလေးကစားကွင်း စာရင်းဇယားများနှင့် အလုပ်ရှုပ်နေ၏။
ညောင်းလာသည့် သူမ၏ လည်ပင်းကို ပွတ်သပ်လိုက်ကာ ကော်ဖီတစ်ငုံသောက်လိုက်သည်။ ထို့နောက် ခြေလက်တွေ ဆန့်ရန်မတ်တပ်ရပ်လိုက်သည်။
ပုံမှန် ဆိုလျင် စနစ်က သူမကို တက်ကြွစွာ စကားပြောလာတတ်သော်လည်း လတ်တလော ငြိမ်နေသည်ကို သူမရုတ်တရက် သတိထားမိလိုက်သည်။ ထို့နောက် စနစ်ကို စနောက်လိုက်သည်။
"ဘာလို့ ခုတစ်လော စကားမပြောတော့တာလဲ? မနက်ဖြန်ဆိုကလေးက တစ်နှစ်ပြည့်တော့မယ်။ ကလေးပြုစုစောင့်ရှောက်ရေး အချက်အလက်အသစ်တွေ မပို့ပေးသေးဘူးနော်"
စနစ်က တစ်ခါမှ မဖြစ်စဖူး တစ်ခဏ တိတ်ဆိတ်နေ၏။
"မဟုတ်ပါဘူး မဟုတ်ပါဘူး ခုလေးတင်ပို့ပေးတော့မလို့ပါ"
"ကောင်းပြီ ဒါဆိုရင် တစ်နှစ်အရွယ်ကလေးတွေကိုပြုစုစောင့်ရှောက်ရမယ့် အချက်အလက်သစ်တွေ ကျွန်မကို ပို့ပေးဦးနော်။ ကျွန်မလည်း မိဘနဲ့ကလေး အကောင့်မှာ ပို့စ် အသစ်တင်ရဦးမှာ။ မေမေ တစ်ယောက်ဆို တစ်နှစ်အရွယ်ကလေးတွေကို ဘယ်လိုကစားနည်းမျိုးခေါ်ဆော့သင့်လဲ ဆိုပြီး ကျွန်မကိုမေးထားလို့။ အလုပ်ပြီးရင် ကျွန်မလည်း အာ့အကြောင်း ပို့စ်တင်ရေးရဦးမယ်"
စနစ် - "အင်းး...."
ဝမ်ယွီထုံက ထိုင်လိုက်ပြီးအလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
သူမသည် သူမ၏ အလုပ်ကို လေးလေးနက်နက်လုပ်နေ၏။ သူမ၏ သွယ်လျသည့် လက်ချောင်းများသည် ကွန်ပျူတာကီးဘုတ်ပေါ် ပြေးလွှားနေပုံက သူမအရမ်းကြိုက်သည့်အလုပ်ကို လုပ်နေသည့်နှယ်။
စနစ်သည် အရမ်းကို စိတ်မသက်မသာခံစားနေရသည်။
စနစ်မှာ ခံစားနိုင်သည့် နှလုံးသားမရှိသော်လည်း လတ်တလော သူ့စိတ်အခြေအနေက တော်တော်လေးဆိုးနေသည်။
ဝမ်ယွီထုံရဲ့ ကံကောင်းခြင်းပြစက်ဝိုင်းက လွန်ခဲ့သည့်အပတ်ကတည်းက ၉၉%မှာ ရပ်တန့်နေခဲ့သည်။ ထိုအကြောင်းကို ဝမ်ယွီထုံအား မပြောပြနိုင်သေးပါ။
သဘောကတော့ ဤကမ္ဘာကြီးသည် ဇာတ်လမ်းကိုပြောင်းစေနိုင်သည့် ဇာတ်လမ်းပြင်ပကနေ ဝင်ရောက်လာသည့် ဝမ်ယွီထုံကို သတိထားမိသွားပြီ ဆိုသည့် သဘောပင်။
ကမ္ဘာကြီးက ပြင်ပမှ ဝင်ရောက်လာသည့်အရာကို ရှာတွေ့သွားလျင် သူ့အလိုအလျောက် ဖျက်စီးပစ်ကာ သူ့ဇာတ်လမ်းကို ပြန်ပြင်မည်ဖြစ်သည်။
စနစ်က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
ဒီအတိုင်း ဆိုရင်တော့ သူ့ရဲ့ အစီအစဉ် B ကို အသက်သွင်းရတော့မည်။
သူ ဝမ်ယွီထုံကို အရမ်းကြိုက်သည်။
ဝမ်ယွီထုံက အရမ်းကြင်နာတတ်သည်။ ပြီးတော့ ကလေးတွေကိုလည်း တကယ်ကို ကောင်းကောင်းဆက်ဆံသည်။
ဒါကြောင့်၊သူက သူမကို ကာကွယ်ဖို့ နည်းလမ်းတိုင်းကြိုးစားရမည်ဖြစ်သည်။ ပြီးတော့ ဒီတာဝန်ပျက်စီးသွားမှာကို သူ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူးး!!