← Chapters

အခန်း (၇၁)

Vol. 6 Ch. 71

အခန်း (၇၁)

Vol. 6 Ch. 71

မတ်လအတွင်း ပင်လယ်ပြင် အခြေအနေက ဝမ်ယွီထုံ မျှော်လင့်ထားသည်ထက် ပိုမိုလှပနေခဲ့သည်။

ကြည်လင်နေသည့်ရေပြင်နှင့် ကောင်းကင်သည် ပြာလဲ့ခဲ့အရောင်အဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။

မြင့်တက်လာသည့်နေမင်းကလည်း ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးကို ရွှေရောင်အလင်းများတောက်ပနေစေသည်။

ရွက်သင်္ဘော အယ်လန်ကလည်း ကမ်းကနေ တစ်ဖြည်းဖြည်းခွာကာ ရွက်လွင့်လာလေသည်။

ဇိမ်ခံရွက်လှေသင်္ဘောကြီးပေါ်တွင်တော့ မြို့တော်အေ၏ လူချမ်းသာ အသိုင်းအဝိုင်းမှ မိတ်ဆွေသူငယ်ချင်းများ ပြည့်နေသည်။

သူတို့အားလုံးက ကျိုးရှောင်ယွီလေးရဲ့ပထမဆုံးမွေးနေ့ပွဲကို တက်ရောက်ဖို့ လာခဲ့ကြတာပါ။

ဝမ်ယွီထုံက ဒီနေ့မှာ ခေတ်မှီဒီဇိုင်းချုပ်လုပ်ထားသည့်အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။

သူမရဲ့အညိုရောင်မျက်လုံးတွေက နေရောင်အောက်မှာ ပယင်းရောင်တောက်နေပြီး၊ သူမရဲ့အသားအရေကလည်း စီးဆင်းနေတဲ့နို့ရည်လို ကြည်လင်ကာ ဖြူစင်နေပြီး အနည်းငယ်ပင် တောက်ပနေသယောင်ပေါ်နေသည်။

ဝမ်ယွီထုံသည် ရှမ်ပိန်ခွက်တစ်ခွက်ကိုကိုင်ထားပြီး၊ သူမရဲ့ မိတ်ဆွေတစ်ချို့နဲ့ စကားပြောနေခဲ့သည်။

"မစ္စစ်ကျိုး ကျွန်မရဲ့ တူလေးက မနေ့က ရှင့်ရဲ့ ကလေးကစားကွင်းကိုသွားပြီး တစ်နှစ်စာ ဝင်ခွင့်စာရင်းသွင်းခဲ့တယ်။ သူက အာ့မှာ အရမ်းပျော်ဖို့ကောင်းတယ်လို့ပြောတယ်"

"ကလေးတွေ သဘောကျတယ် ဆိုရင်ကို ကျေနပ်ပါပြီ။ ကလေးတွေကို အလည်ခေါ်လာပါ ကျွန်မ ပေးပါ့မယ်"

"မစ္စစ်ကျိုး နောက်ထပ် ဆိုင်ခွဲတွေ ထပ်ဖွင့်ဖို့ရှိသေးလား? ကျွန်မတို့က မြို့အရှေ့ပိုင်းမှာ နေတာဆိုတော့ ဟွားရီစင်တာထိလာဖို့က သိပ်အဆင်မပြေဘူး"

"ဟုတ်တယ် ကျွန်မမှာလည်း ကလေးသုံးယောက်ရှိတာ ပိတ်ရက်တွေဆို သွားလာရတာ ခက်ခဲတယ်။ ကျွန်မတို့နားမှာ ဆိုင်ခွဲ ထပ်ဖွင့်လိုက်ပါလားရှင်?"

ဝမ်ယွီထုံက သူမရဲ့နှုတ်ခမ်းကိုလက်နဲ့အုပ်ရင်း ပြုံးပြလိုက်သည်။ "အခုလောလောဆယ်တော့ ဆိုင်ခွဲ ဖွင့်ဖို့ မလုပ်နိုင်သေးဘူး။ ဟွားရီစက်တာက ကစားကွင်း အတည်တကျ အ‌ခြေအနေငြိမ်သွားမှ နောက် ထပ်ဆိုင်ခွဲတွေ ဖွင့်ဖို့ ထပ်စဉ်းစားပါ့မယ်"

ချမ်းသာတဲ့အမျိုးသမီး အနည်းငယ်နဲ့ စကားပြောပြီးတဲ့နောက်၊ ဝမ်ယွီထုံက နေကာမျက်မှန်တပ်ထားတဲ့ သွမ့်ညီအစ်ကိုနှစ်ယောက်နား လျောက်သွားလိုက်သည်။

ဝမ်ယွီထုံသည် သွမ့်ရိနှင့် ရှန်ပိန်ခွက်ချင်း တိုက်လိုက်ကာ ပြောလိုက်သည်။ "အစ်ကိုသွမ့် ကျွန်မထင်ထားတာထက်တောင် အယ်လန်က ပိုမိုက်နေတယ်။ အစ်ကိုက တစ်ကယ် ရက်ရက်ရောရောကို ဆု အနေနဲ့ ပေးခဲ့တာပဲနော်"

သွမ့်ရွှမ်းယဲ့၏ ပန်းရောင်ဆံပင်သည် ဒီနေ့မှာ ပိုတောက်ပနေသည်။

သွမ့်ရွှမ်းယဲ့က သူ့အစ်ကိုရဲ့ လက်မောင်းကို တို့ကာ စလိုက်သည်။ "ဟုတ်တာပေါ့ ဒါက ဘယ်သူ့အတွက်မို့လို့လဲ အမ်းးး? အစ်မချူးယွဲ့ကော ဘယ်မှာလဲ?"

ဝမ်ယွီထုံ မျက်ခုံးပင့်လိုက်သည်။ "မအံ့ဩတော့ပါဘူး ရှောင်ယွီလေးက ကျွန်မ အစ်မဆီကနေ အကျိုးမြတ်ရလိုက်တာပေါ့"

"ဟေးး အာ့အကြောင်း မပြောနဲ့တော့" သွမ့်ရိကပြုံးကာ ထိုသို့ ပြောလိုက်သော်လည်း ငြင်းတော့မငြင်းပေ။

သူက ရှမ်ပိန်ခွက်ထဲက တစ်ငုံသောက်လိုက်ပြီး၊ ရွက်လှေဘေးတန်းကို မှီကာ ပင်လယ်မြင်ကွင်းကို ငေးကြည့်လိုက်သည်။

လူကြီးတွေကို ဧည့်ခံပြီးနောက် ဝမ်ယွီထုံသည် ကလေးတွေဘက်ကို သွားလိုက်သည်။

ဒီနေ့‌မွေးနေ့မှာ ကလေးတွေအများကြီး လာခဲ့ကြသည်။ ကျိုးရှောင်ယွီကလည်း ကလေးတစ်သိုက်နှင့်အတူ ကျယ်ပြန့်သည့် ရွက်လှေကုန်းပတ်ပေါ် ကစားနေ၏။

ရှောင်ယွီလေးသည် အဖြူရောင်တီရှပ် နက်ပြာရောင်ဘောင်းဘီနှင့် လည်ပင်းမှာလည်း နက်ပြာရောင် လည်စည်းကို စည်းထားပြီး အဆင့်မြင့်သားရေရှူးဖိနပ်ကိုလည်း ဝတ်ဆင်ထားကာ သူ့သွင်ပြင်က အလွန်သားနား ချောမောနေ၏။

ဆံပင်ကိုလည်း သေသေချာချာ စတိုင်ကျအောင်ပုံသွင်းပြီး သပ်ရပ်စွာဖီးသင်ထား၍ ကြည့်လိုက်သည်နှင့် လူချမ်းသာ ကလေးမှန်း သိသာနေသည်။

ကျိုးရှောင်ယွီက မူလက အခြားကလေးတွေနဲ့အတူပူဖောင်းတွေနဲ့ ဆော့ကစားနေသည်။

ဝမ်ယွီထုံကိုမြင်ရတဲ့အခါ၊ သူက ချက်ချင်း ပူဖောင်းကို ပစ်ချလိုက်ပြီး ယိုင်တိုင်တိုင်နဲ့ သူ့အမေဆီ လျှောက်လာသည်။ "မားးမားးမားးမားး"

ရှောင်ယွီလေး၏ မျက်လုံးတွေက လုံးဝန်းကာ တောက်ပနေပြီး သူ့လက်ကလေးနှစ်ဖက်ကို ဆန့်တန်းလိုက်သည်။

"ချီ ပွေ့..."

ဝမ်ယွီထုံ၏ အကြည့်တွေကလည်း နူးညံ့ကာ ကြည်နူးပျော်ရွှင်မှုတွေနှင့် ပြည့်နေသည်။

သူမသည် ကလေးကို ကောက်ချီကာ နမ်းရန်ပြင်လိုက်စဉ်မှာပဲ သူမ နှုတ်ခမ်းနီ ဆိုးထားသည်ကို ရုတ်တရက် သတိရလိုက်၍ မနမ်းတော့ပဲ ရပ်လိုက်သည်။

ကျိုးရှောင်ယွီကတော့ ဒီနေ့မှာ သူက အထူးပုဂ္ဂိုလ်ဖြစ်နေမှန်းသိကာ ပြုံးဖြီးလိုက်သည်။

သူ့မျက်နှာ သေးသေးလေးကို သူ့အမေရဲ့ မျက်နှာနဲ့ကပ်လိုက်ကာ နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။

"မားမားး မားမားး မားမားး..."

ဝမ်ယွီထုံလည်း ကလေး၏ ချစ်စရာကောင်းသည့်မျက်နှာကို ဖျစ်ညှစ်ကာပြောလိုက်သည်။

" ရှောင်ယွီ သားဒီနေ့ တစ်နှစ်ပြည့်ပြီနော် ဟက်ပီးဘတ်ဒေးးးပါ"

ကျိုးရှောင်ယွီက သူ့လက်သေးသေးလေးကို ရှေ့မှာ ပိုက်လိုက်ပြီး ရှက်သလိုလို နှုတ်ခမ်းလေးစေ့ထား၏။

ဒီနေ့ လူတော်တော်တော်များများက သူ့ကို "ဟတ်ပီးဘတ်ဒေး" ဆိုပြီး မွေးနေ့ဆုတောင်းပေးကြသည်။

'"ဟတ်ပီးဘတ်ဒေး"ရဲ့ အဓိပ္ပာယ်ကို သူ သေချာမသိပေမယ့် လူတိုင်းသူ့ကို ဂရုစိုက်နေကြတာကိုတော့ သူကြိုက်တယ်။'

'သူအရမ်းပျော်တယ်! နေ့တိုင်း နေ့တိုင်း မွေးနေ့ကျင်းပချင်တယ်!'

စနစ်သည် အချိန်အတော်ကြာ မည်သည့်အချက်အလက်များ ပြသမလာသေးရာမှ လွန်ခဲ့သည့်နာရီဝက်အချိန်ခန့်တွင် တစ်နှစ်အရွယ်ကလေးများအတွက် ကလေးပြုစုစောင့်ရှောက်နည်းများ ပြသလာသည်ကို ဝမ်ယွီထုံ သတိထားမိလိုက်သည်။

[ဖေဖေ မေမေ သားဒီနေ့ တစ်နှစ်ပြည့်ပြီ]

[ကလေး၏ လှုပ်ရှားနိုင်မှု - သားသားက အကူမပါပဲ လှေကားပေါ် တစ်ယောက်တည်း ဖြည်းဖြည်းချင်း တက်နိုင်ပြီ။ ပြီးတော့ အထိုင်အထကိုလည်း လွယ်လွယ်ကူကူ လုပ်နိုင်ပြီ။ မေမေ၊ ဖေဖေ သား အရမ်း အံ့ဩဖို့ကောင်းတယ်မလား?]

[ အသေးစိတ် လှုပ်ရှားနိုင်မှုများ - သားသားက ဇွန်းနဲ့ ထမင်းဟင်းတွေ ကိုယ်တိုင်ခပ်စားနိုင်ပြီ။ ဘောပင်နဲ့လည်း ပုံဆွဲတတ်ပြီ။ မေမေ၊ ဖေဖေ သားတော်တယ်မလား?]

[ ဘာသာစကားစွမ်းရည် - သားသားကလေ အဓိပ္ပာယ်ရှိတဲ့စကားလုံး ငါးလုံး ခြောက်လုံး ပြောတတ်နေပြီ။တစ်ခြား စကားလုံးတွေကိုလည်း သားသား နား‌လည်နေပြီနော် မေမေ၊ ဖေဖေ သားသား တော်တယ်မလား?]

ဝမ်ယွီထုံသည် ရှောင်ယွီလေးကို အောက်ပြန်ချလိုက်ပြီး ကလေးတစ်သိုက်ကို ငုံ့ကြည့်ကာ သူမမျက်လုံးလေး ကွေးလောက်အောင် ပြုံးရင်း ပြောလိုက်သည်။

"ကလေးတို့ရေ တို့တွေ သင်္ဘောကုန်းပတ်ပေါ် အရင်ကစားပြီး ပင်လယ်ကြီးကို ကြည့်ရအောင်နော် နောက်ပြီးရင် မုန့်တွေ ကိတ်တွေစားကြမယ်။ ပုံပြင်စာအုပ်တွေ ဖတ်ပြပေးမယ့် ဆရာမလည်း ရှိသေးတယ်နော်"

ကလေးတွေအားလုံးရဲ့မျက်နှာတွေက ‌ဆော့ကစားထား၍ ပန်းဆီရောင်သန်းနေ၏။ သူတို့မျက်နှာပေါ်ဝယ် ပျော်ရွှင်သည့်အပြုံးတွေ ပြည့်နှက်နေ၏။

"ဟုတ်ကဲ့!"

ဖန်းရော့ရှီးက လက်ကလေးထောင်ကာ မေးလာသည်။

"အန်တီ၊ အန်တီ သမီး မာချာရေခဲမုန့် စားလို့ရလား?"

တစ်ခြကလေးတွေကလည်း လက်မြောက်ကာ မေးလာကြသည်။"အန်တီ သားရော ချောကလက်စားလို့ရလား?"

"အန်တီ သမီး နို့လက်ဖက်ရည်သောက်ချင်တယ်!"

"အန်တီ၊ အန်တီ သားရော သောက်လို့ရလားး!"

ကျိုးရှောင်ယွီကလည်း သူ့လက်ကလေးကိုမြောက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။ သို့သော် သူ့စကားကိုတော့ ဘယ်သူမှ နားမလည်ကြပါ။

ဝမ်ယွီထုံလည်း ကလေးတွေရဲ့ မေးခွန်းတွေကြောင့် ရုတ်တရက် မဖြေနိုင်ဖြစ်သွားသည်။

သူမခေါင်းကို ခါလိုက်ကာ ကလေးတွေ မကြိုက်သည့်အဖြေတစ်ခုပေးလိုက်သည်။ "အိုးးး အန်တီတို့မှာ အာ့တာတွေမရှိဘူး ဒီနေ့ရနိုင်တာက မုန်လာဥနီဖျော်ရည်နဲ့ ပြောင်းဖူးသုတ်ပဲ"

ကလေးတွေအားလုံး မကျေမနပ်ဖြစ်သွားကြကာ ညဉ်းငြူကုန်ကြသည်။ "အီးးး အာ့တာစားမကောင်းဘူး အရသာမရှိဘူး!!"

ရုတ်တရက် အရှေ့ဘက်မှ အမျိုးသားတစ်ဦး၏ အေးဆေးတည်ငြိမ်သည့် ရယ်သံထွက်ပေါ်လာသည်။

ဝမ်ယွီထုံ မော့ကြည့်လိုက်စဉ် စုဟန်ကလည်း‌ မွေ့နေ့ပွဲကို ရောက်လာသည်ကိုမြင်လိုက်ရသည်။ ဝမ်ယွီထုံ သူ့ကို မဖိတ်ထားခဲ့ပါ။ ဘာ့ကြောင့်ရောက်လာလဲ သူမလဲ မသိပါ။

ဝမ်ယွီထုံ သူ့ကို နားမလည်သလိုကြည့်ရင်း လက်ပိုက်လိုက်သည်။

စုဟန်တစ်ယောက် ကတုံးဆံပင်ပေါက်ကေ ကနေ အနည်းငယ်ရှည်လာပြီဖြစ်သည်။

စုဟန်သည် နှုတ်ခမ်းထောင့်ကို တွန့်ကာ ပြုံးလိုက်သည်။ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ မတ်တပ်ရပ်နေရင်း "ကိုယ့် တူလေးနဲ့ အဖော်လိုက်တာတာ" ဟု ပုံမှန်အတိုင်း ပြန်ပြောလိုက်ကာ သူ့ရှေ့ကာ လေးနှစ်အရွယ်ကောင်လေးကို မေးငေါ့ပြလိုက်သည်။

"မင်းမေ့သွားပြီလား ကိုယ့်တူလေး ကျွင်းကျွင်းလေ သူ့မိဘတွေက ဒီနေ့မအားကြဘူး"

ဝမ်ယွီထုံ ရုတ်တရက် နားလည်သွားကာ အိုးး ဟု အသံပြုလိုက်သည်။

စုဟန်၏ အစ်မသည် လျန်မိသားစုဝင်တစ်ဦးနှင့် လက်ထက်ထားကာ ကျိုးမိသားစုကလည်း လျန်မိသားစုနှင့် ပူးတွဲ လုပ်ငန်းများရှိထားရာ လျန်မိသားစုရှိကလေးများကိုလည်း အတူကစားရန် မွေးနေ့ပွဲကိုဖိတ်ထားသေး၏။

ဝမ်ယွီထုံ မမျှော်လင့်ထားသည်က ဒီနေ့ကလေးကို ခေါ်လာမည့် ဦးလေးဖြစ်သူ စုဟန်ကိုပင်။

ဝမ်ယွီထုံ စုဟန်ကို ခေါင်းငြိမ့်ပြကာ "ဟုတ်ပါပြီ ဒါဆိုရင်လည်း ပျော်ပျော်နေပါ" ဟု ဧည့်ဝတ်စကားပြောလိုက်သည်။

စုဟန်၏ မျက်ဝန်းတွေက မင်လိုနက်မှောင်နေကာ စိတ် ပျံ့လွင့်နေသလို အင်းး ဟု ပြန်ဖြေလာသည်။

ကျိုးရှောင်ယွီကတော့ ကားတားကားတားလေး လမ်းလျှောက်ကာ သူ့အမေရဲ့ ခြေထောက်ကို ဖက်လိုက်သည်။"မားးမားး"

ဝမ်ယွီထုံလည်း ရှောင်ယွီကို ကောက်ချီလိုက်သည်။

"ရေဆာနေပြီလား ရှောင်ယွီ ရေသောက်ရအောင်နော်"

ကျိုးရှောင်ယွီက သူ၏ ပန်းဆီရောင်နှုတ်ခမ်းလေးတွေကိုစုလိုက်သည်။

ယနေ့အပူချိန်သည် ၂၀ဒီဂရီဆဲစီးယပ်ရှိပြီး ကုန်းပတ်ပေါ်အချိန်အတော်ကြာ ဆော့ကစားထားသောကြောင့် ရှောင်ယွီလေးသည် ချွေးများပင် စို့နေသည်။

"ရေသွားးသောက်ရအောင်ရှောင်ယွီ!"

ဝမ်ယွီထုံသည် ရှောင်ယွီလေးကို ချီရင်း သင်္ဘောအတွင်းပိုင်းကို ဝင်သွားလိုက်သည်။ ကလေးကိုလည်း "ရေသောက် " ဟူသည့်စကားလုံးကို သင်ပေးရန်လည်း မမေ့လျော့ပေ။

ကျိုးရှောင်ယွီသည် သူ၏သွားခြောက်ချောင်းကို ဖြီးကာ ရယ်မောနေ၏။"အာ မားးမားး..."

"ဟေးးး မေမေ သားကို သင်ပေးနေတာလေ"

"မားးမားးမားးမားး.."

စုဟန်သည် ထွက်ခွာသွားသည့် အမျိုးသမီးနှင့်ကလေးငယ်၏ ကျောပြင်ကို ငေးကြည့်နေမိသည်။ သူတို့ထွက်သွားသည်ကိုကြည့်ရင်း သူ၏အမြင်တွေကလည်း မှုန်ဝါးလာသည်။

ဝမ်ယွီထုံနှင့် သူ စေ့စပ်ထားခဲ့ချိန်တုန်းက ဝမ်ယွီထုံ၏ အကျင့် စရိုက်သည် ယခုကဲ့သို့စရိုက်မျိုးရှိခဲ့ကြောင်း သူ ရေးရေးမှတ်မိလာခဲ့သည်။

သို့သော် စေ့စပ်ပြီး နောက်ပိုင်း အရာရာတိုင်းက ပြောင်းလဲသွားခဲ့သည်ဟု ခံစားရသည်။

သူမကို တစ်ဖြည်းဖြည်းချင်း မရင်းနှီးတော့သလို သူခံစားလာရပြီး သူမကလည်း ပိုဆိုးရွားသည့်ကိစ္စများကိုပင် လုပ်လာခဲ့သည်။

အဲ့ဒီအချိန်ကစပြီး သူလည်း သူမကို ညဉ်းငွေ့လာခဲ့သည်။

စုဟန်သည် အမျိုးသမီး၏ ဖြူလျသည့်ကျောပြင်ကိုကြည့်ရင်း သူ့ရင်ဘတ်တစ်နေရာဝယ် ဗလာဖြစ်နေသလိုခံစားလာရကာ မျက်နှာသည်မှောင်မှိုင်းလာသည်။

အရင်က သူ သူမကို ကြိုက်ခဲ့ဖူးတာကို ဝန်မခံချင်သော်လည်း ယခုတော့ သူမကို သူ နောက်တစ်ခေါက် ချစ်မိသွားပြန်ပြီထင်ပါတယ်လေ။

အခုလို ကိစ္စတွေအများကြီးမဖြစ်ပျက်ခဲ့ရင်....

သူကလည်း သူမအပေါ် စိတ်ရှည်ပြီး ဂရုစိုက်ပေးခဲ့၊ အတူတူရှိပေးနိုင်ခဲ့ရင်...အရာအားလုံးက ကွဲပြားသွားနိုင်မလား?

သူမဘေးမှာရပ်နေတဲ့လူက သူသာ ဖြစ်သင့်တယ်။

စုဟန် သူ့ကိုယ်သူ လှောင်ပြုံးလေး ပြုံးလိုက်သည်။

အမျိုးသမီး၏ပုံရိပ် ထောင့်ချိုးမှ ပျောက်ကွယ်သွားသည်အထိ သူငေးကြည့်နေမိသည်။

ထို့နောက် သူသည် အဆုံးမရှိသည့်ပင်လယ်ပြာကြီးကို ငေးမောကြည့်လိုက်သည်။

ဝမ်ယွီထုံသည် ကျိုးရှောင်ယွီအား သင်္ဘော၏ ဒုတိယအထပ်ကို ခေါ်လာလိုက်သည်။ ထိုနေရာတွင် ဟောအခန်းငယ်လေးတစ်ခုရှိသည်။

ထိုဟောခန်းငယ်လေးထဲတွင် ကျိုးကျီယွဲ့၊ အဖွားကျိုး၊ဝမ်အဖေနှင့် ဝမ်အမေတို့အပြင် မိသားစုနှင့် ရင်းနှီးသည့် တစ်ခြားလူကုံထံမိတ်ဆွေတစ်ချို့ စကားပြောနေကြသည်။

ကျိုးကျီယွဲ့သည် ရှောင်ယွီလေးကိုချီလာသည့် ဝမ်ယွီထုံကို မြင်လျင် ကလေးကို လက်ပြောင်းချီနိုင်ရန် သူမဆီ သွားလိုက်ကာ မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။

"နောက်တစ်ခါ သူ့ကို မချီထားနဲ့ သူ့ဖာသာ လမ်းလျှောက်ပါစေ"

ဝမ်ယွီထုံလည်း နာကျင်နေသည့် သူမ လက်ကောက်ဝတ်ကို ပွတ်ရင်း "ထားလိုက်ပါ ဒီနေ့က ကလေးမွေးနေ့လေ ဒါကြောင့် အထူးဂရုစိုက်ပေးရမှာပေါ့" ဟု ပြောလိုက်သည်။

ကျိုးရှောင်ယွီက လှေကားတက်ရမှာ ပျင်းနေ၍ သူမချီလာခဲ့ခြင်းဖြစ်သည်။

"မင်း သွားအနားယူလိုက်တော့ ကိုယ်ကလေးကြည့်ထားလိုက်မယ်"

"ဟုတ်ပြီ ကျွန်မ အစ်မနဲ့ စကားပြောလိုက်ဦးမယ်"

"အိုခေ "

ကျိုးကျီယွဲ့ ခေါင်းလေးငုံ့ကာ ဝမ်ယွီထုံ၏ နဖူးကို ညှင်သာအနမ်းလေးပေးလိုက်သည်။ထို့ နောက် ကျိုးရှောင်ယွီကိုချီလိုက်ကာ ရေသောက်ဖို့ခေါ်သွားလိုက်သည်။

ကျိုးရှောင်ယွီသည် လက်သီးဆုပ်ကာ ကျိုးကျီယွဲ့ပုခုံးကိုထုရိုက်ပြီး ဒေါသထွက်နေဟန် သွားဖြီးပြလေသည်။

'ဟမ့်!! သူ့အမေချီတာကိုပဲ ကြိုက်တယ်။ သူ့အမေကိုပဲ ချီစေချင်တယ်။ ဒီနံဆော်နေတဲ့ အဖေနဲ့ ဘာလုပ်ရမှာလဲ?'

ကျိုးကျီယွဲ့ကတော့ ကျိုးရှောင်ယွီ၏ အပြုအမူတွေကို လျစ်လျူရှုလိုက်ကာ လင်းပိုင်ပုံလေးပါသည့် ခွက်ကလေးကို ထုတ်လိုက်သည်။

ဒီခွက်က ဝမ်ယွီထုံ အသစ်ထုတ်ထားသည့်ခွက်ဖြစ်သည်။

ကျိုးကျီယွဲ့သည် ဝမ်ယွီထုံ မှာထားသည့်စကားကို သတိရလိုက်သည်။" အခုကစပြီး ကလေးကို နို့ဘူးနဲ့ မဟုတ်ပဲ လူကြီးတွေလို ခွက်နဲ့သောက်တတ်အောင်လေ့ကျင့်ပေးရမယ်! ခွက်နဲ့သောက်တာက ကလေးရဲ့ မျက်စိနဲ့ လက်ချိန်ကိုက်မှုကို တိုးတက်စေပြီး တစ်ခြားအကျိုးကျေးဇူးတွေလည်း အများကြီးရစေတယ်"

ကျိုးရှောင်ယွီသည် ဒီနေ့မှာ ပထမဆုံး ခွက်ကို သုံးဖူးတာဖြစ်သည်။

သူသည် ခွက်၏ လက်ကိုင်နှစ်ဖက်ကို ကိုင်ကာ သူ့မျက်လုံးကိုဖွင့်ပြီး စူးစမ်းလိုက်သည်။

ကျိုးကျီယွဲ့က ခွက်ကိုညွှန်ပြရင်း ပြောလိုက်သည်။

"ခွက်ကနေ တိုက်ရိုက် သောက်လို့ရတယ်"

ကျိုးရှောင်ယွီက ဂရုတစိုက်နဲ့ခွက်ကို ကောက်ယူပြီး သူ့ရဲ့နှုတ်ခမ်းဆီ တေ့လိုက်သည်။

"ဂလု ဂလု ..."

ကျိုးရှောင်ယွီက ခေါင်းကိုနောက်ပြန်စောင်းလိုက်ပြီး ရေနှစ်ငုံ သောက်လိုက်သည်။

ကျိုးရှောင်ယွီသည် သူ၏လုပ်ရပ်ကို သဘောကျပြီး မျက်လုံးတွေ အရောင်တောက်ပလာသည်။

သို့သော် ခွက်နှင့် သောက်စဉ် လက်ကို မထိန်းချုပ်နိုင်သေး၍ အားလွန်ကာ ပါးစပ်ထောင့်ကနေ ရေတွေစီးကျလာသည်။

ခုမှ ရေသောက်သင်ခါစ ပေါက်စီလုံးလေးသည် ရုတ်တရက် ရေသီးသွားလေတော့သည်။

"အဟွတ်!!"

ကျိုးကျီယွဲ့လည်း စိတ်ညစ်ညစ်နှင့် မျက်မှောင်ကြုံ့ကာ တစ်ရှုးဖြင့်ကလေးပါးစပ်ကို သုတ်ပေးလိုက်ကာ ရေသီးတာသက်သာစေရန် ကျောကိုလည်း ပုတ်ပေးလိုက်သည်။

"ဖြည်းဖြည်းချင်းသောက်လေ။ လာအဝတ်အစားလဲလိုက်ရအောင်"

ကျိုးကျီယွဲ့က ကျိုးရှောင်ယွီကို အဝတ်အစားလဲဖို့ အခန်းထဲခေါ်သွားခဲ့သည်။

ကျိုးကျီယွဲ့သည် ခရီးဆောင်အိတ်ထဲကနေ ကာတွန်းရုပ်ပါသည့် အဖြူရောင်ဆွယ်တာအင်္ကျီနဲ့ အားကစားဂျင်းဘောင်းဘီတစ်စုံကို ထုတ်ယူပြီး ကျိုးရှောင်ယွီအား လဲပေးလိုက်သည်။

အရင်ကထက်စာရင် ကျိုးကျီယွဲ့သည် ပိုကျွမ်းကျင်လာပြီဖြစ်သည်။ ကလေး၏ ဘောင်းဘီကို ကျွမ်းကျင်စွာ ဝတ်ပေးလိုက်ကာ အင်္ကျီကိုလည်း မိနစ်ပိုင်းအတွင်းလဲပေးလိုက်သည်။

ကျိုးကျီယွဲ့က ကျိုးရှောင်ယွီရဲ့ကျောမှာ ချွေးသုတ်ပဝါသေးသေးလေးတစ်ထည်ကိုလည်း သိပ်ထည့်ပေးခဲ့သည်။

"ပါးပါးး.."

ကျိုးရှောင်ယွီက သူ့ခြေထောက်တွေကိုကန်ကျောက်ကာ ဖိနပ်ကို ညွှန်ပြပြီး ဖိနပ်စီးကာ အပြင်သွားဆော့ချင်ကြောင်းပြောလေသည်။

ကျိုးကျီယွဲ့လည်း ကောင်လေးကို ‌ခုံတစ်ခုံပေါ်ထိုင်စေလိုက်ပြီး ဘီးသေးသေးလေးထုတ်ကာ သူ့ဆံပင်ကိုဖီးပေးလိုက်သည်။

သူ့ပုံစံက အဖေကောင်းတစ်ယောက်လိုဖြစ်နေသည်။

အဖေဖြစ်သူက သားဖြစ်သူကို အလေးအနက်အကြံပေးလိုက်သည်။ "မင်းက ဒီနေ့တစ်နှစ်ပြည့်ပြီ။ နောက်ဆိုအစ်ကိုကြီးဖြစ်လာတော့မှာ။ ဒါကြောင့် လမ်းလျှောက်ရင် ကိုယ့်ဖာသာ လမ်းလျှောက်သင့်တယ်။ မေမေ့ကို မချီခိုင်းနဲ့တော့။ မေမေလည်း အရမ်းပင်ပန်းတယ်။ မင်းက မေမေကို ကာကွယ်ပေးနိုင်တဲ့သူဖြစ်လာအောင် အမြန်ကြီးလာရတော့မှာ"

ကျိုးရှောင်ယွီကတော့ ဘယ်လောက်ထိနားလည်လိုက်သလဲ မသိပါ။

နားမထောင်ချင်သည့်ပုံဖြင့် နှုတ်ခမ်းကြီးစူနေသော်လည်း သူ့အဖေပြောစကားကို နှောက်ယှက်တာမျိုးတော့မလုပ်ပါ။

"အပြင်ထွက်ပြီး ကိတ်မုန့်စားရအောင်" ကျိုးကျီယွဲ့က ကောင်လေးကိုကြမ်းပြင်ပေါ်ချလိုက်ကာ သူ၏ မီးခိုးရင့်ရောင်မျက်ဝန်းများဖြင့် နူးညံ့စွာကြည့်လိုက်သည်။

"မင်းဒီနေ့ မုန့်ချိုတွေ စားလို့ရတယ်။ ဖေဖေနဲ့ မေမေကလည်း မင်းရတဲ့ လက်ဆောင်တွေကို မသိမ်းဘူး "

"ပါးပါးး ပါးပါးးး.." ကျိုးရှောင်ယွီက သူ့ရဲ့မျက်လုံးတွေ ကွေးသွားအောင် ပြုံးပြလိုက်တယ်။

ဒီဆိုးတဲ့ ဖေဖေကို ပထမဆုံးအကြိမ် သူအရမ်းသဘောကျသွားပြီ။

ကျိုးကျီယွဲ့သည် ကလေး၏ ပါးဖောင်းဖောင်းလေးကို ချစ်စနိုးဖြင့်ထိလိုက်ကာ "သွားကြစို့ မင်းသူငယ်ချင်းတွေစောင့်နေလောက်ပြီ" ဟုပြောလိုက်သည်။

ထို့နောက် ကျိုးရှောင်ယွီလေးက သူ့ရဲ့အဝတ်အစားအသစ်တွေကို ဝတ်ဆင်ပြီး၊ မီးရောင်အောက်မှာ ယိုင်တိုင်တိုင်နဲ့ လူအုပ်ရဲ့အားပေးသံတွေကြားထဲ ဝင်သွားခဲ့တယ်။

ရှောင်ယွီလေးရဲ့ လှပသည့်ရဲတိုက်ပုံ ခြောက်ထပ်ကိတ်မုန့်ကြီးကလည်းအဆင်သင့်ဖြစ်နေပြီပင်။

ဝမ်ယွီထုံက ကျိုးရှောင်ယွီရဲ့ခေါင်းပေါ်မှာလှပတဲ့ သရဖူသေးသေးလေးတစ်ခုကို တပ်ပေးလိုက်သည်။ ကလေးက ချစ်စရာကောင်းလွန်း၍ ဝမ်ယွီထုံတစ်ယောက်မနေနိုင်တော့ပဲ ကလေးရဲ့ ပါးပေါ် သူမ၏ နှုတ်ခမ်းနီရာထင်အောင် အနမ်းပေးလိုက်မိသည်။

ကျိုးရှောင်ယွီက လူတွေနဲ့ဝန်းရံခံရတဲ့အခါ ရှက်ပြုံးလေးပြုံးနေ၏။

"မိသားစုသုံးယောက် ပူးပူးကပ်ကပ်လေးနေပါ"

ဓါတ်ပုံဆရာက Cannon တံဆိပ်ကင်မရာကိုကိုင်ကာ အော်လိုက်သည်။ "လာလာ မိသားစု ဓါတ်ပုံရိုက်ရအောင်"

ဝမ်ယွီထုံက ဖောင်းကားနေတဲ့ကလေးလေးကိုပွေ့ထားပြီး၊ ကျိုးကျီယွဲ့က ဝမ်ယွီထုံရဲ့ခါးကို နူးညံ့စွာ ပွေ့ဖက်ထားသည်။

မိသားစုဝင်သုံးဦး တစ်ချိန်တည်းမှာပဲ နှုတ်ခမ်းထောင့်တွေကွေးညွှတ်ပြီးတူညီစွာ ပြုံးလိုက်ကြသည်။

"ချလပ် __"

ဓာတ်ပုံဆရာ - "ဓာတ်ပုံတွေကောင်းတယ်! ဒီလိုလှပတဲ့ မိသားစုသုံးယောက်ကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ!"

အဖွားကျိုး - "ဒီလူငယ်စုံတွဲက အရမ်းလိုက်ဖက်တာပဲ"

ဝမ်ယွင်ထင်း - သူတို့က တစ်ကယ်ကိုလိုက်ဖက်တဲ့စုံတွဲလေးပါ"

ဝူရှင်း - "ကလေးတွေအများကြီးလည်း ထပ်ယူသင့်တယ်။သုံးယောက် လေးယောက် ငါးယောက် ခြောက်ယောက် အကုန်လုံး ကျွန်မ ထိန်းမယ်"

ဓာတ်ပုံရိုက်ပြီးတဲ့နောက် မွေးနေ့သီချင်းတွေ စဆိုကြသည်။ထို့နောက် ဖယောင်းတိုင်မီးမှုတ်ကာ ဆုတောင်းကြသည်။

လေထုက ပျော်ရွှင်ဖွယ်ရာဖြစ်နေပြီး၊ကလေးတွေရဲ့ အားပေးသံတွေ အော်ဟစ်သံတွေနဲ့ ပြည့်နှက်နေသည်။

ကျိုးရှောင်ယွီက ရှက်ကြောက်နေဆဲဖြစ်ပြီးသူ့အမေရဲ့ရင်ခွင်ထဲမှာ ခိုဝင်နေကာ သူ့ရဲ့မျက်နှာကလည်းပျော်ရွှင်မှုကြောင့် နီရဲနေ၏။

"ရှောင်ယွီ၊ သား ဆုသုံးဆု တောင်းလို့ရတယ်! ဆုတောင်းတယ်ဆိုတာ သားစိတ်ထဲမှာ ဘာပဲဖြစ်ဖြစ် ပြောလို့ရတယ်လို့ အဓိပ္ပာယ်ပဲ။ မွေးနေ့ဆုတောင်းတွေက အရမ်းထိရောက်တယ်။"

ဝမ်ယွီထုံသည် ရလေးကို ဆုတောင်းသည့်ပုံစံ ကူလုပ်ပေးလိုက်သည်။ ကျိုးရှောင်ယွီသည် လက်ကလေးနှစ်ဖက်ကို ရင်ဘတ်ရှေ့စုထားလိုက်သည်။

ဖယောင်းတိုင်မီးရောင်အောက်တွင် ကောင်ကလေး၏ ဆံပင်ကောက်လေးတွေလှုပ်ရမ်းနေကာ မျက်တောင်မွှေးရှည်ကြီး‌တွေကိုလည်း လိပ်‌ပြာတောင်ပံလိုတစ်ဖျတ်ဖျတ် ခပ်လိုက်သည်။

——သူ ချောကလက်၊ကိတ်မုန့်၊ နို့လက်ဖက်ရည်နဲ့ မုန့်တွေ အများကြီးစားချင်တယ်!

——သူ စားဖိုမှူးဖြစ်ချင်တယ်၊ဒါမှ မီးဖိုချောင်ထဲမှာ ဓားတွေနဲ့ နေ့တိုင်းကစားလို့ရမယ်!

——သူ မေမေ့ကို ကာကွယ်နိုင်ဖို့ အမြန်ကြီးလာချင်တယ်!

All Chapters