အခန်း (၇၂)
Vol. 6 Ch. 72
မွေးနေ့ပွဲဟာ နေ့လယ်ကနေ ညနေအထိ ကြာပြီး အယ်လန်ရွက်သင်္ဘောပေါ်မှာ ကလေးတွေရဲ့ ပျော်ရွှင် ရယ်သံတွေနဲ့ ပြည့်နေခဲ့သည်။
ကလေးတွေကလည်း အသက်အရွယ်မျိုးစုံဖြစ်တာကြောင့် ဝမ်ယွီထုံလည်း ကလေးတွေအသက်အလိုက် ကစားစရာမျိုးစုံကို စီစဉ်ပေးထားခဲ့သည်။
သုံးနှစ်နဲ့အထက် ကလေးတွေက ကွင်းပစ်၊ အမြီးဆွဲ၊ ရတနာသိုက်ရှာခြင်းနှင့် သကြားဘူးခွဲသည့်ကစားနည်းများ ကစားကြသည်။ ကျိုးရှောင်ယွီလို သုံးနှစ်အောက် ကလေးတွေကျတော့ ပုံပြင်ဆရာမနဲ့အတူ ပုံပြင်စာအုပ်ဖတ်ခြင်း ဆေးရောင်စုံခြယ်ခြင်းနှင့် ပူးခေါင်းရိုက်သည့်ကစားနည်းများကစားကြသည်။
ကျိုးရှောင်ယွီရဲ့ လက်ကလေးတွေက ဆေးရာင်စုံတွေနှင့်ပေပွနေသည်။ အာရုံကိုစူးစိုက်ကာ ပုံဆွဲစာရွက်ပေါ် သူ့လက်ဝါးရာလေးနှိပ်နေ၏။
"ရှောင်ယွီ စုတ်တံတွေ ဝါဂွမ်းတွေ သုံးပြီး ဆေးခြယ်ကြည့်လေ"
အနက်ရောင်ဝတ်စုံ ပြောင်းလဲ ဝတ်ဆင်ထားသည့် ဝမ်ယွီထုံသည် ကလေးကို စုတ်တံ တစ်ချောင်းပေးလိုက်သည်။
ကျိုးကျီယွဲ့က ရှောင်ယွီလေးကို အေပရွန် ဝတ်ပေးလိုက်သည်။
ကျိုးရှောင်ယွီ နှုတ်ခမ်းလေးစူရင်း ခေါင်းခါလိုက်သည်။ 'သူက လက်ကိုသုံးပြီးပဲ ပုံဆွဲချင်တာလေ။ ဆေးတွေ လက်ဖဝါးပေါ်ပေနေပြီး ချောချောအေးအေး လေးဖြစ်နေတာကို သူကြိုက်တယ်။ လက်နဲ့ ဆွဲရတာ ပျော်ဖို့သိပ်ကောင်းတာပဲ!'
'မျက်နှာပေါ်မှာ သုတ်ရင်တော့ ပိုပျော်ဖို့ကောင်းသေးတယ်!!'
ကျိုးရှောင်ယွီက အနီရောင်ဆေးကိုယူပြီး သူရဲ့မျက်နှာလေးကို ပွတ်ကာ အတော်လေးရုပ်ဆိုးသည့် အပြုံးကို ပြုံးလိုက်သည်။
ကျိုးကျီယွဲ့ စိတ်ညစ်ညစ်ဖြင့် ရေစိုတစ်ရှုးလေးယူကာ ကလေးမျက်နှာကို သုတ်ပေးလိုက်သည်။
စနစ် - " အို့ ကလေးကို သူ့ဟာသူပဲ ထားလိုက်စမ်းပါ။ဒါက ပေပွနေအောင်ကစားရတဲ့ ကစားနည်းဆိုတဲ့အတိုင်း ပေပွနေမှာပဲ။ ဒီလိုပေပွရှုပ်ပွနေအောင် ကစားခြင်းဟာ အကျိုးကျေးဇူးတွေလည်း အများကြီးရတယ်။ ဥပမာ အာရုံခံစားမှု စူးစမ်းလေ့လာခြင်းကို လှုံ့ဆော်ပေးတယ်၊ ဖန်တီးနိုင်စွမ်းကို ဖွံ့ဖြိုးတိုးတက်စေတယ်၊ အာရုံစူးစိုက်နိုင်စွမ်း တိုးတက်စေတယ်၊ ကလေးတွေရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကိုလည်း မြှင့်တင်ပေးတယ်။"
စနစ်က ဒီလိုပြောပေမယ့် ဝမ်ယွီထုံက ဖခင်နဲ့သားတို့ "ပန်းချီဆွဲ" နေတာကို မနှောက်ယှက်ပဲ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
ရှောင်ယွီလေးရဲ့ ပန်းချီကား နောက်ဆုံးလက်ရာက ဘာမှန်းမသိပုံပျက်နေသည့်အရာကို ရောင်စုံခြယ်သထားသည့်ပန်းချီလေး ဖြစ်နေသည်။ ဒါပေမယ့် ရှောင်ယွီကတော့ သူ့ပန်းချီကို အတော်လ ဂုဏ်ယူနေပုံပေါက်သည်။ သူ့ရဲ့ အပြောင်မြောက်ဆုံး ပန်းချီလက်ရာကို ဝမ်ယွီထုံ ပုခုံးပေါ်တင်လိုက်ကာ ချီးကျူးခိုင်းနေ၏။
"ယေးးယေးးးယေးးး..."
ဝမ်ယွီထုံတစ်ယောက် သူမနှဖူးကို အုပ်လိုက်ကာ စိတ်ထဲကနေ စနစ်ကို ညဉ်းငြူပြလိုက်သည်။ "ဒါက အဓိဇာတ်လိုက် ဆိုတာကော သေချာရဲ့လား? တစ်ခြားဇာတ်လိုက်တွေ ဆိုရင် တစ်နှစ်အရွယ်လောက်နဲ့ ပုံဆွဲတော်တာတို့၊ သုံးနှစ်နဲ့ ကဗျာရေးတာတို့၊ အိပ်ရာထဲ သေးပေါက်လိုက်ရင်တောင် ကမ္ဘာမြေပုံပေါ်နေတာမျိုးတွေလေ"
စနစ် - "..."
ပန်းချီဆွဲပြီးတော့ ကျိုးရှောင်ယွီရဲ့ လက်တွေ၊ မျက်နှာတွေက ရောင်စုံဖြစ်နေ၏။ အေပရွန်ဝတ်ထားသော်လည်း အဝတ်အစားတွေ အကုန်ပေပွကုန်၏။
"အိမ်မပြန်ခင် ရေအရင်ချိုးလိုက်ရအောင်"
ညရှစ်နာရီအချိန်ရှိပြီဖြစ်ကာ ဆယ်နာရီခန့်တွင် အယ်လန်ရွက်သင်္ဘောကြီး ကမ်းကပ်သည်နှင့် မွေးနေ့ပွဲကလည်း ပြီးဆုံးမည်ဖြစ်သည်။
ကြမ်းပြင်ပေါ်ထိုင်နေသည့် ကျိုးရှောင်ယွီက သူ့လက်ကလေးတွေကို သူ့အမေဆီ ဆန့်ထုတ်လိုက်သည်။
"ချီ.."
ညစ်ပတ်နေသည့်ကလေးကို စိတ်ထဲမထားပဲ အဖေဖြစ်သည့် ကျိုးကျီယွဲ့က ကောက်ချီလိုက်သည်။
"လာ ဖေဖေ မင်းကို ရေချိုးပေးမယ်"
ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ ရေချိုးတာကို ကြည့်ရန် အခန်းထဲ လိုက်ဝင်လိုက်သည်။
အမျိုးသားက အဖြူရောင် ရှပ်အင်္ကျီလက်ကို မြှောက်လိုက်ပြီး သွယ်လျပြီး သန်မာနေတဲ့လက်မောင်းကို ထုတ်ပြလိုက်ကာ၊ ကျိုးရှောင်ယွီကို ရေချိုးပေးဖို့ ကိုယ်ကို ကိုင်းလိုက်တယ်။ ပန်းရောင်သန်းကာ ပြည့်ကစ်နေသည့် ကလေးကတော့ ရေဇလုံထဲမှာထိုင်နေပြီး သူ့လက်ကစ်ကစ်ကလေးများဖြင့် ဆပ်ပြာပူပေါင်းတွေကို ဆော့ကစားနေ၏။
နောက်တစ်စက္ကန့်မှာ သူ့ပါးစပ်လေးကို ဟလိုက်ပြီး ဆပ်ပြာအမြုပ်တစ်ချို့ကို ပါးစပ်အပြည့်ထည့်လိုက်သည်။
"အာ့... အော့... အော့..."
' အရမ်းခါးပြီး ဖန်လိုက်တာ.. အန်ချင်စရာကြီးးး'
"ကျိုးကျီယွဲ့!! ကလေးဆပ်ပြာ အမြှုပ်စားတာကို ဘာလို့ မတားတာလဲ" ဝမ်ယွီထုံတစ်ယောက် တစ်အံ့တဩဖြင့် ချက်ချင်း ရှေ့ကိုပြေးပြီး ကျိုးရှောင်ယွီလေးကို ပါးစပ်ဆေးခိုင်းလိုက်သည်။
ကျိုးကျီယွဲ့လည်း ကိုယ့်ကိုယ်ကို အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသည်။ "ခုနက သူ့ခြေထောက်ဆေးနေတော့ သတိမထားလိုက်မိဘူး"
ဝမ်ယွီထုံက သူ့ကို စိတ်တိုတဲ့ဟန် မျက်လုံးပြူးပြီး ကြည့်လိုက်သည်။ ထို့နောက်နှစ်ယောက်သား ကျိုးရှောင်ယွီလေးကို ရေချိုးပေးလိုက်သည်။
ရှောင်ယွီလေးက အဘွားကြီးတွေလို တုန်ရီနေသည့် အသံဖြင့် ပြောလာသည်။"ပါးးပါးးး မားးးမားးး"
ကျိုးကျီယွဲ့နဲ့ ဝမ်ယွီထုံတို့နှစ်ယောက်စလုံး တစ်ချိန်တည်း ရှောင်ယွီလေးကို ကြည့်လိုက်ကြသည်၊၊ သူတို့မျက်ဝန်းတွေထဲမှာလည်း ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေ၏။
ကျိုးရှောင်ယွီလည်း ပြုံးဖြီးနေသည်။ 'ဒီနေ့အရမ်းပျော်တယ်။ တစ်ကယ်ကို ပျော်စရာကောင်းတဲ့ မွေးနေ့ပဲ။အဝတ်အစားအသစ်တွေလည်း ဝတ်ရတယ်။ ကိတ်မုန့်ချိုချိုလည်း စားရတယ်။ ဘယ်သူမှလဲ သူ့ကို မဆူဘူးးး ကစားဖော်တွေ အများကြီးလည်း ရတယ်။ ဖေဖေနဲ့ မေမေလည်း သူ့အပေါ်မှာ အရမ်းကောင်းတာပဲ..'
'နေ့တိုင်းက သူ့မွေးနေ့ဖြစ်ရင် ကောင်းမှာပဲ!!'
ပေါက်စီလုံးလေးကို ရေချိုးပြီးနောက် ဝမ်ယွီထုံသည် ကလေးကို မွှေးကြိုင်နေအောင် လိမ်းကျံပေးကာ ကျိုးကျီယွဲ့က ကလေးကို အင်္ကျီဝတ်ပေးလိုက်သည်။
ထိုစဉ် ဝူရှင်းက အခန်းထဲ ဝင်လာသည်။ မွှေးကြိုင်နေသည့် ပေါက်စီလုံးလေးကို ကောက်ချီလိုက်ကာ သမီးနှင့် သမက်ကို ပြောလိုက်သည်။
"လှေက တစ်နာရီအတွင်း ကမ်းကပ်တော့မယ်။ သမီးတို့နှစ်ယောက်တည်း ပျော်ပျော်သွားနေကြ။ ကလေးကို အမေကြည့်ထားလိုက်မယ်"
ကျိုးရှောင်ယွီလေးက အိပ်ချင်နေ၍ သူ့မျက်လုံးတွေကို ပွတ်သပ်နေသည်။ ဝူရှင်းရဲ့ ရင်ခွင်ထဲမှာ နွေးထွေးနေ၍ သူ့အမေနဲ့ အဖေဆီ မသွားချင်တော့ပဲ လိမ်လိမ်မာမာလေး ငြိမ်နေ၏။
ကျိုးကျီယွဲ့က ဝမ်ယွီထုံရဲ့လက်ကို ကိုင်လိုက်သည်။ "ဟုတ်ကဲ့ပါအမေ! အမေလည်း ပင်ပန်းသွားပါပြီ"
ဝူရှင်းက သူတို့နှစ်ယောက်ကို မျက်လုံး တစ်ဖက်မှိတ်ပြလိုက်သည်။
ဝမ်ယွီထုံလည်း မျက်နှာ နီရဲလာပြီး ကျိုးကျီယွဲ့နှင့်အတူ ထွက်သွားလိုက်သည်။
လူတိုင်းက သင်္ဘောခန်းထဲမှာ ပျော်နေကြပေမယ့် သူတို့နှစ်ယောက်ကတော့ လူသူကင်းတဲ့ သင်္ဘောကုန်းပတ်ပေါ် ထွက်ပြီး ပင်လယ်ကို ကြည့်နေကြသည်။ ညလေတိုက်ခတ်နေပြီး ရွက်လှေသင်္ဘောလေးသည် လှိုင်းတွေနဲ့အတူ ညင်သာစွာ လွှင့်နေ၏။ လကမ္ဘာရဲ့ အလင်းတန်းတွေက ပင်လယ်ပြင်ပေါ် ဖြန့်ကျက်နေပြီး ပုလဲခင်းထားသလို ငွေရောင်မျဉ်းတစ်ကြောင်းကလည်း မှောင်မိုက်နေတဲ့ သမုဒ္ဒရာပေါ် မျောလွင့်ပါနေ၏။
ကျိုးကျီယွဲ့က ဝမ်ယွီထုံကို အနောက်ကနေ ပွေ့ဖက်ပြီး သူမနားကို အနမ်းလေးပေးလိုက်သည်။ "ရှောင်ယွီက ဒီနေ့ မွေးနေ့ပွဲကို အတော်ကျေနပ်နေပုံရတယ်။ မင်းကရော။"
ဝမ်ယွီထုံက ကျိုးကျီယွဲ့၏ ရင်ခွင်ထဲမှာ ပျင်းရိပျင်းတွဲ လျောင်းလျက်နေပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မဆိုးပါဘူး။ ဒီနေ့ရိုက်တဲ့ဓာတ်ပုံတွေကို ဓာတ်ပုံဆရာကို စာအုပ်လုပ်ခိုင်းမယ်။ ပြီးရင် ဒီည လာတဲ့ ဧည့်သည်တွေကို အမှတ်တရလက်ဆောင် အနေနဲ့ ပေးရမယ်။"
ကျိုးကျီယွဲ့သည် သူမနားထဲကို ပဟေဠိဆန်သည့် လေသံဖြင့် တိုးလျစွာ ပြောလာသည်။ "မင်းကျေနပ်တယ် ဆိုရင် ကိုယ်က ဆုချခံရမှာလားး? ဘာလို့လဲ ဆိုတော့ ဒီပွဲစီစဉ်မှုမှာ ကိုယ်ကလည်း တစ်ဖက်တစ်လမ်းကနေ ပါဝင်ထားတာလေ"
ဝမ်ယွီထုံ မျက်လုံးလေးပြူးကာ သူ့ကို တွန်းလိုက်သည်။
"ကျွတ်!"
"ဒါဆို ကိုယ် အတိုးအရင်းအရင် ကောက်မယ်။"
ကျိုးကျီယွဲ့ရဲ့ နွေးထွေးတဲ့ အသက်ရှူသံက သူမနားထင် ပေါ်ကျရောက်လာသည်။ သူ့ခေါင်းကိုငုံ့လိုက်ပြီး သူမ၏ အနီရောင် နှုတ်ခမ်းဖူးလေးကို ကိုက်လိုက်သည်၊၊ ထို့နောက် နွေးထွေးကြင်နာမှု အပြည့်ဖြင့် သူ့နားနဲ့ သူမနားကို ပွတ်လိုက်သည်။ တပ်မက်စိတ်တွေမပါပဲ နွေးထွေးကြင်နာဖြူစင်သည့် အနမ်းသက်သက်သာဖြစ်သည်။
တိုက်ခတ်နေသည့်ပင်လယ်လေးအေးသည် ငန်ကျိကျိအရသာရှိသည်။
ကျိုးကျီယွဲ့၏ အနမ်းစကေးသည် ကျွမ်းကျင်အဆင့်ရောက်နေပြီဖြစ်သည်။ သူ၏နမ်းရှုံ့မှုကို ခံယူနေသော မျက်လုံးမှိတ်နေသည့် ဝမ်ယွီထုံတစ်ယောက် တစ်မိနစ်မပြည့်ခင်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံး အားနည်း ပျော့ခွေလာကာ အသက်ရှုသံတွေပင် မမှန်နိုင်တော့ချေ။
ဝမ်ယွီထုံ မျက်နှာ နီမြန်းကာ ရှက်လာပြီး ခေါင်းကို လှည့်လိုက်ကာ အမျိုးသားကို တွန်းထုတ်လိုက်သည်။ "ဒီနေရာက အများသုံးနေရာ တစ်ယောက်ယောက် မြင်သွားလိမ့်မယ်"
ကျိုးကျီယွဲ့လည်း မလွတ်ချင်ဘဲ လွတ်ပေးလိုက်ရသည်။
"သစ်သီးဖျော်ရည် သွားယူလာပေး။ ကျွန်မ စတော်ဘယ်ရီ ဖျော်ရည်သောက်ချင်တယ်"
"အင်း၊ ခဏလေး စောင့်နော်။" ကျိုးကျီယွဲ့ တစ်ချက် ရယ်မောလိုက်ပြီး ကိုယ်ကို ကိုင်းညွှတ်လိုက်ကာ သူမပါးပြင်နူးနူးလေးကို နမ်းလိုက်သည်။ နောက် သစ်သီးဖျော်ရည်ယူရန် လှည့်ထွက်သွားသည်။
ဝမ်ယွီထုံတစ်ယောက် ထူပူနေတဲ့ သူမမျက်နှာကို ပွတ်လိုက်ပြီး ကမ်းရှိရာဘက်ကို မျက်နှာမူလိုက်သည်။
သူမ လက်နှစ်ဖက်ကို လက်ရန်းပေါ် ထောက်ပြီး လကို ကြည့်နေ၏။
မဝေးလှသည့် ထောင့်တစ်နေရာတွင် စုဟန်တစ်ယောက် စိတ်ဆိုးဒေါသထွက်ကာ ဆေးလိပ်သောက်နေ၏။ သူ့ခြေထောက်ပတ်လည်မှာလည်း ဆေးလိပ်တိုတွေပျံ့ကြဲနေ၏။
စောနက အဖြစ်အပျက်တစ်ခုလုံးကို သူ့မျက်လုံးတွေနှင့် မြင်ခဲ့ရသည်။
သူစိတ်ရှုပ်ရှုပ်ဖြင့် နှာခေါင်းရှုံ့ကာ ရွဲ့ပြုံး ပြုံးလိုက်သည်။ တစ်ယောက်ထဲ ရှိနေသည့် ဝမ်ယွီထုံဆီကို သွားချင်နေမိသည်။ ရွဲ့စောင်းသည့်စကားများပြောကာ အနှောက်အယှက်ပေးပြီး သူမက သူ့ကို မမေ့သွားနိုင်အောင် လုပ်ရမည်။
သူ ခြေတစ်လှမ်း စတင်လှမ်းလိုက်တဲ့အချိန်မှာပဲ ကြိုတင်သတိမပေးထားသည့် ဧရာမလှိုင်းလုံးကြီးတစ်ခု သူ့ဆီကို တိုက်ရိုက်ဝင်ရောက်လာသည်။
စုဟန် သင်္ဘောလက်ရန်းကို မြဲမြဲကိုင်ကာ တုန်လှုပ်သည့်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
ဧရာမလှိုင်းလုံးတွေက ထူးဆန်းသည်။ လှိုင်းကြီးဖြစ်သော်လည်း တစ်ခဏအတွင်း ပြန်လည်ငြိမ်သက်သွားသည်။
စုဟန် မတ်တတ်ရပ်ပြီးနောက် ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူ့မျက်ဆန်တွေ ထိတ်လန့်စွာ ကျဉ်းမြောင်းသွားသည်။
ခုနက ဝမ်ယွီထုံရှိနေတဲ့နေရာက အခု ဗလာဖြစ်နေပြီ။
"တစ်ယောက်ယောက် ရေထဲကျသွားပြီ။"
စုဟန် အသက်ရှုရပ်လုမတပ်ဖြစ်သွားကာ ရှေ့ကိုပြေးသွားလိုက်သည်။ သူ့ထက်မြန်သည့် သူတစ်ဦးက အရိပ်သဖွယ် ရှေ့ကို ဦးအောင်ပြေးသွားသည်ကို မြင်လိုက်ရသည်။
ကျိုးကျီယွဲ့တစ်ယောက် တွန့်ဆုတ်မနေပဲ ဗွမ်းးးကနဲ မြည်သံနှင့်အတူ ပင်လယ်ပြင်ထဲ ခုန်ချလိုက်ပြီး နက်မှောင်သည့်ရေနက်ထဲ နစ်မြှုပ်သွားသည်။
ရေခဲတမျှအေးစက်လှသည့် ပင်လယ်ရေတွေကြောင့် ကျိုးကျီယွဲ့ အရိုးထဲ စိမ့်သွားသည်။ ကျိုးကျီယွဲ့၏ နှလုံးသားတွေ ဆွဲဆုတ်ခံလိုက်ရသလို နာကျင်ကာ ခန္ဓာကိုယ်ထဲက သွေးအားလုံး ခဲသွားသလို ခံစားလိုက်ရသည်။
သူအားကုန်သုံးကာ ရေအောက်ကို ကူးခတ်သွားလိုက်သည်။
ပင်လယ်ထဲ နစ်မြှုပ်သွားသည့် အမျိုးသမီးသည် သတိလစ်နေ၏။ သူမသည် ရုန်းကန်မှု မရှိဘဲ မျက်လုံးပိတ်ရက် တစ်ဖြည်းဖြည်း နစ်မြှုပ်နေသည်။ သူမ အသားအရေသည် ဖောက်မြင်ရလောက်အောင် ဖြူလျော့နေပြီး သူမဆံပင်တွေကလည်း ရေညှိတွေလို ရေထဲ ဝဲလွင့်နေသည်။
ကျိုးကျီယွဲ့ အံကြိတ်လိုက်သည်။ သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်လာသည်။ သူက ဝမ်ယွီထုံဆီကို ရူးသွပ်စွာ ကူးခတ်သွားကာ သူ့စိတ်ထဲမှာလည်းအတွေး တစ်ခုတည်းသာရှိနေသည်။
သူမကို ရအောင်ကယ်ရမယ်။ မကယ်နိုင်ဘူးဆိုရင် နှစ်ယောက်လုံး အတူသေရလိမ့်မယ်။
ဝမ်ယွီထုံက သတိလစ်မသွားခဲ့ပါ။ သို့သော် စနစ်က သူမကို အဖြူရောင်အလင်းတန်းတွေ ပြည့်နေတဲ့ လမ်းတစ်လမ်းဆီ ခေါ်ဆောင်သွားခဲ့သည်။
စနစ်က ညည်းညူရင်း ပြောလိုက်သည်။ "အရမ်းစိတ်တိုတာပဲ! ကမ္ဘာ့ဆန္ဒက ကျိုးရှောင်ယွီရဲ့ မွေးနေ့မှာ တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူးး အော် ဒါနဲ့ စကားမစပ် မင်း မှတ်မိသွားပြီလား"
ဝမ်ယွီထုံက သူမခေါင်းထဲ တဝီဝီ မြည်နေသလို ခံစားနေရသည်။ သူမ ရင်းနှီးသည့် ပုံရိပ်များ အပြင် မရင်းနှီးသည့်ပုံရိပ်များလည်း ရုတ်တရက် သူမစိတ်ထဲ ပေါ််လာခဲ့သည်။
သူမအရင်ဘဝတုန်းက အလုပ်တွေ ပင်ပန်းအောင်လုပ်ပြီး သေဆုံးသွားပြီးနောက် ဒီကမ္ဘာကို ကူးပြောင်းလာခဲ့သည် ဆိုသည့်အကြောင်းကိုတော့ ရေးရေးလေး မှတ်မိနေသည်။ ဝမ်မိသားစုမှာ မွေးဖွားလာခဲ့ပြီး တစ်ဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။ သူမဟာ ဝတ္ထုကမ္ဘာထဲက ရက်စက်သည့် အရံဇာတ်ဆောင်တစ်ဦးဖြစ်သည့်အပြင် ဇာတ်လိုက်၏ ငယ်ဘဝကို အကျည်းတန်စေခဲ့သည့် မိထွေးဖြစ်မှန်းလည်း သူမအမြဲ သိခဲ့ရသည်။
ဒါပေမယ့် ထိုအရာကို အမှန်ဖြစ်လိမ့်မည်ဟု သူမ မထင်ခဲ့ပါ။ ဇာတ်လမ်းဇာတ်ကွက်ကို သိသရွေ့ သူမရှောင်ရှားနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။
ဤသို့ဖြင့် အချိန်တွေက သူမ အသက် ဆယ့်ရှစ်နှစ် ရောက်သည်အထိ ရောက်လာခဲ့သည်။
ဝမ်ယွီထုံက တစ်ခါတစ်ရံ သူ့ကိုယ်သူ ထိန်းချုပ်မရဘဲ ထူးဆန်းတဲ့အရာတွေ လုပ်မိတာ၊ သူမ၏ခန္ဓာကိုယ်၊ သူမ၏ အတွေးအခေါ်တွေတောင် တစ်ခါတစ်ရံ သူမထိန်းချုပ်မှုကနေ လွတ်ထွက်သွားတာကို ရုတ်တရက် သတိထားမိလိုက်သည်။
သူမက စုဟန်ကို ရူးသွပ်စွာချစ်မိသွားပြီး စိတ်လွတ်သည့်လူလိုပင် ဖြစ်သွားသေးသည်။
သူမကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ရန် အပြင်းအထန် ကြိုးစားကာ စုဟန်နှင့် စေ့စပ်ထားသည်ကို ဖျက်သိမ်းလိုက်ပြီး သူမအခန်းထဲမှာပဲ နေ့စဉ်ရက်စက်ငိုကြွေးနေခဲ့ရသည်။ သူမကိုယ် သူမ မထိန်းချုပ်နိုင်ပဲ အဓိပ္ပာယ်မဲ့သည့်လုပ်ရပ်များ လုပ်ကာ မိသားစုကို ထိခိုက်စေမည်ကို စိုးရိမ်၍ ကိုယ့်ကိုယ်ကို အခန်းတွင်း ပိတ်လှောင်ထားခဲ့သည်။
သူမ ဘာလုပ်ရမှန်း မသိတဲ့အချိန်၊ 8888 စနစ်က သူမကို ရှာတွေ့သွားလေသည်။
စနစ်က သက်ပြင်းချလိုက်သည်။ "မင်းရဲ့ အားထုတ်မှုတွေက အသုံးမဝင်ဘူး။ မူရင်းဇာတ်လမ်းထဲမှာ မင်းမှာ ဇာတ်လမ်းဇာတ်ကွက် သိပ်မများပေမယ့် စိတ်မနှံ့သူအဖြစ် သတ်မှတ်ခံထားရတာ။ မင်းဟာ စိတ်မနှံ့သူတစ်ယောက် ဖြစ်လာဖို့ ကံသတ်မှတ်ထားတာ။ ဒါမှ ဇာတ်ဆောင်အမျိုးသားကို နှိပ်စက်ညှဉ်းပန်း၊ သူ့ကလေးဘဝကို စိတ်ဒဏ်ရာရစေပြီး သူ့ကို စိတ်ဓာတ်ခိုင်မာခန့်ငြားချောမောပြီး ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်ကောင်တစ်ခု ဖြစ်လာစေမှာ"
ဝမ်ယွီထုံသည် တစ်နေကုန် အသိစိတ်ရှိတစ်ဝက် မရှိတစ်ဝက်ဖြစ်နေချိန်တွင် သူမ၏ လက်ကျန်အသိစိတ်လေးကို အားတင်းကာ စနစ်က်ို အကူအညီတောင်းလိုက်သည်။
"ရှင်က အတော် အစွမ်းထက်မယ့်ပုံပဲ။ ကျေးဇူးပြုပြီး ကျွန်မကို ဒီဇာတ်လမ်းကနေ လွတ်မြောက်ခွင့်ပေးပါ။ကျွန်မ အကုန်လုံးပေးဆပ်ဖို့ ဆန္ဒရှိပါတယ်"
စနစ်က စက္ကန့်အနည်းငယ် တိတ်ဆိတ်နေခဲ့သည်။
"မင်းတကယ်ပဲ အကုန်လုံး ပေးဆပ်ဖို့ ဆန္ဒရှိလား။ မင်းက စိတ်မနှံ့သူဖြစ်ပြီး စိတ်ရောဂါဆေးရုံမှာ ပိတ်ခံရမှာ ဖြစ်ပေမယ့်၊ အနည်းဆုံးတော့ အချိန်ကြာကြာ အသက်ရှင်နိုင်သေးတယ်လေ။ ဒါပေမယ့် မင်းက ငါနဲ့ သဘောတူညီချက်လုပ်ပြီး စီမံကိန်းပျက်သွားရင်တော့ လုံးဝသေဆုံးသွားနိုင်တယ်"
ဝမ်ယွီထုံက လေးလေးနက်နက် ပြန်ပြောလိုက်သည်။
"ကျွန်မလုပ်မယ်! ပြီးတော့ ကျွန်မ တစ်ကယ်ပဲ ကလေးတွေကို နှိပ်စက်တာမျိုး မလုပ်ချင်ဘူး"
စနစ်က အတော်လေး သဘောကျသွားသည်။ "အင်း၊ မင်းနဲ့ငါမှာ ရည်မှန်းချက် အထိုက်အလျှောက် တူတယ်။ ကမ္ဘာပေါ်က ဘယ်ကလေးမှ နှိပ်စက်ညှဉ်းပန်းခံရမှာ ငါမလိုချင်ဘူး။"
စနစ်က ဝမ်ယွီထုံနဲ့ ပူးပေါင်းဆောင်ရွက်လိုက်သည်။ ဇာတ်လိုက်အမျိုးသား၏ ကံကောင်းမှုကို ဝမ်ယွီထုံ၏ ကံကောင်းမှုနဲ့ အစားထိုးပြီး ဝမ်ယွီထုံ၏ ကံကောင်းမှုကို တိုးတက်စေကာ သူမ၏သတိအသိကို ဆက်ထိန်းထားနိုင်ပြီး ဇာတ်လမ်းရဲ့ ထိန်းချုပ်မှုမခံရအောင် လုပ်ထားလိုက်သည်။
သို့သော် ဝမ်ယွီထုံ၏ စိတ်ခွန်အား နည်းလွန်း၍ စနစ်နှင့် ပေါင်းစပ်စဉ်အတွင်း သူမ၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့သည်။
စနစ်ကလည်း သူမ ပြန်သတိရဖို့ အတင်းအကြပ် မလုပ်တော့ပဲ မေ့နေတာကပဲ ကောင်းသည်ဟုတွေးလိုက်သည်။ တစ်ခြားအတွေးတွေ မရှိတော့ပဲ တာဝန်ကို ပို၍ ပြီးမြောက်နိုင်သည်ဟု ခံစားမိ၍ ဖြစ်သည်။
အရာအားလုံး ပုံမှန်အတိုင်းချောမွေ့စွာ ဖြစ်သွားခဲ့သည်။ စနစ်ကလည်း သူ့လှည့်ကွက်သည် ကမ္ဘာ့ဆန္ဒကို လှည့်စားနိုင်ခဲ့ပြီဟု ထင်ခဲ့သော်လည်း နောက်ဆုံးမှာ ရှာတွေ့သွားလေတော့သည်။ ထို့ကြောင့်သာ သူမ၏ ကံကောင်းမှုတန်ဖိုးသည် ၉၉%မှ တက်မလာတော့ခြင်းဖြစ်သည်။
ဝမ်ယွီထုံက သက်ပြင်းပြင်းကြီး ချလိုက်သည်။ "ကျွန်မ အားလုံး သတိရသွားပြီ။ ဒါဆိုကျွန်မတို့ မစ်ရှင်ပျက်သွားပြီဆိုတဲ့ သဘောလားး ကျွန်မ သေရတော့မှာလားး?"
သူမ လက်သီးကိုတင်းတင်း ဆုပ်လိုက်သည်။ သေခြင်း ရှင်ခြင်းကို သူမ ဂရုမစိုက်ပါ။
သူမ၏ ပေါက်စီလုံးလေးနှင့် သူမယောကျာ်းကိုတော့ နည်းနည်းသတိရလိုက်မိသည်။
သူမ သေသွားရင် သူမရဲ့ ချစ်စရာကောင်းတဲ့ ပေါက်စီလုံးလေးကို တစ်ယောက်ယောက်ကများ အနိုင်ကျင့်လေမလားးး ဒါမှမဟုတ် စူပါမော်ဒယ်တွေ နဲ့ ကိုယ်လုံးကိုယ်ပေါက် ယှဉ်နိုင်တဲ့ သူမရဲ့ ခန့်ငြားတဲ့ ယောကျာ်းနဲ့တစ်ယောက်ယောက်ကများ အိပ်သွားမလားဆိုပြီး သိချင်နေမိသည်။
အာ့လိုဖြစ်ခဲ့ရင် တကယ်ပဲ သည်းမခံနိုင်စရာပဲ။