အခန်း (၂၇၇)
Vol. 27 Ch. 277
အခန်း။ ၂၇၇
"အရှင်... ခဏလောက် စိတ်အေးအေးထားပါဦး။ စိတ်လိုက်မာန်ပါ မလုပ်ဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်။ စီရင်ချက်မချခင်လေး ကျွန်တော့်ကို အပြင်ထွက်ပြီး အခြေအနေကို အရင်စုံစမ်းခွင့်ပေးပါဦး။ အကြောင်းစုံကို သေသေချာချာ သိရတော့မှ အရှင်မင်းကြီး အရေးယူရင်လည်း အချိန်မီပါသေး..."
ယွင်ရှန်းနှင့် ကျုံးရန်တို့ နန်းတော်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာကြောင်း ကြားလိုက်ရသဖြင့် ယန်ချန်းလန်မှာ အလွန်အံ့အားသင့်သွားရသည်။ သူသည် ယွင်ရှန်းအား ကျုံးရန်ကို ခေါ်ဆောင်၍ ချက်ချင်း တိမ်းရှောင်ရန် မှာကြားခဲ့သည်။ သူမသည် ဘာလို့ သူ၏စကားကို နားမထောင်ဘဲ ဤသို့ အန္တရာယ်ကြီးမားလှသော နန်းတော်အတွင်းသို့ ကျုံးရန်ကို တည့်တည့်မတ်မတ် ခေါ်ဆောင်လာခဲ့ရတာလဲ။
ယန်ချန်းလန်သည် ခန်းမဆောင်အပြင်ဘက်သို့ အပြေးအလွှား ထွက်လာခဲ့ရာ အေးဆေးစွာ စောင့်ဆိုင်းနေသော ယွင်ရှန်းနှင့် ကျုံးရန်တို့ကို မြင်တွေ့လိုက်ရသည်။ ယွင်ရှန်းသည် နန်းတော်ဝန်းကျင်ကို ပထမဆုံးအကြိမ် မြင်ဖူးသူပီပီ စူးစမ်းလေ့လာနေ၏။
"ရှန်းအာ... မင်း ဘာလို့ သူ့ကို ဒီကို ခေါ်လာရတာလဲ။ ဒါကျိုးဧကရာဇ်က ကျုံးရန်ကို ဖမ်းဆီးဖို့ အမိန့်ထုတ်ထားတာ မင်းမသိဘူးလား"
ယန်ချန်းလန်သည် ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ တည်ငြိမ်နေသော ယွင်ရှန်းကို ကြည့်ကာ ခေါင်းကိုသာ မတတ်သာသလို ခါယမ်းလိုက်မိသည်။
သူ၏တူမလေးမှာ မွေးရာပါ သတ္တိထူးသူ ဖြစ်ကြောင်း သူသိသည်။ သူမ၏အမြင်တွင် ဤအင်ပါယာနန်းတော်ကြီးမှာ သာမန်ခြံဝင်းကျယ်ကြီးတစ်ခုနှင့် မခြားနားလှပေ။ ထို့ပြင် သူမသည် အစဉ်အမြဲ ထူးခြားဆန်းသစ်သော နည်းလမ်းများဖြင့်သာ လုပ်ဆောင်တတ်သူဖြစ်ရာ ယခုတစ်ကြိမ်တွင်လည်း ဘယ်လို အစီအစဉ်ရှိသည်ကို သူ လုံးဝ ခန့်မှန်း၍ မရနိုင်တော့ပေ။
"ဦးလေး... ကျွန်မ ဒီကိုလာတာ ဦးလေး ရာထူးကနေ အောင်အောင်မြင်မြင် နုတ်ထွက်နိုင်ဖို့ ကူညီပေးဖို့ပါ။ ကျွန်မ ထင်တာမမှားရင် ဧကရာဇ်မင်းမြတ်က ဦးလေးရဲ့ နုတ်ထွက်လွှာကို လက်ခံမှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့ ကျုံးရန်ကို ကျွန်မနဲ့အတူ ခေါ်လာတာဖြစ်တဲ့အတွက် ဦးလေးရဲ့ ရာထူးကနေ နုတ်ထွက်မှုဟာ သေချာပေါက် အောင်မြင်ရပါမယ်။ ဒါတင်မကဘူး။ ကျွန်မတို့ သုံးယောက်စလုံး ဒီဒါကျိုးနန်းတော်ကနေ ဘေးမသီရန်မခဘဲ ပြန်ထွက်သွားနိုင်စေရမယ်လို့ ကျွန်မ အာမခံပါတယ်"
ယွင်ရှန်းသည် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သည်။ သူမနှင့် ကျုံးရန်တို့ ဝင်လာချိန်ကတည်းက အနည်းဆုံး ဒါဇင်နှင့်ချီသော မသိကျွမ်းသည့် မှော်စွမ်းအင်များနှင့် တိုက်ပွဲဝင်စိတ်ဝိညာဉ်များ သူတို့အနီးတွင် ဝန်းရံနေသည်ကို သူမ သတိပြုမိသည်။ ၎င်းမှာ ဒါကျိုးနန်းတော်အတွင်း၌ ပုန်းကွယ်နေသော ထူးချွန်သည့် ပညာရှင်များပင် ဖြစ်ပေလိမ့်မည်။
သို့သော် ကျုံးရန်မှာမူ လုံးဝ ဂရုမစိုက်သည့်အမူအရာဖြင့် ရှိနေသည်။ သူ့အမြင်တွင်မူ ဘေးမှပုန်းကွယ်နေသော နန်းတွင်းဆင့်ခေါ်ပညာရှင်များမှာ ကလေးကစားစရာမျှသာ ဖြစ်သည်။ ယွင်ရှန်းက သူ့ကို ဘာလို့ ဤနေရာသို့ ခေါ်လာတာလဲဟုလည်း သူ မမေးမြန်းပေ။ သူ၏ နဂါးလက်သည်း လင်းနို့ဘုရင်သာ ရှိနေပါက ဤနန်းတော်ကြီးမှာ သူ့အတွက် ဈေးတစ်ခုကဲ့သို့ စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သည့် နေရာတစ်ခုသာ။
ယန်ချန်းလန်၊ ယွင်ရှန်းနှင့် ကျုံးရန်တို့ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာသောအခါ ဧကရာဇ်မင်းမြတ်သည် ကျုံးရန်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ အိမ်ရှေ့မင်းသားကို ဒဏ်ရာရစေခဲ့သော ကျုံးရန်မှာ အသက် ၆၀ အရွယ် မြင့်မြတ်သောသားရဲဆင့်ခေါ်သူ ဖြစ်သည်ဟု သတင်းကြားထားသော်လည်း ယခုမြင်တွေ့နေရသူမှာမူ အသက် ၃၀ ခန့်သာ ရှိသေးသည့် လူငယ်တစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ယွင်ရှန်းသည်လည်း ဧကရာဇ်မင်းမြတ်ကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ ဧကရာဇ်မှာ အသက် ၄၀ ခန့်ရှိပြီး ယီပိုင်မင်းနှင့် ၇ ပုံ၊ ၈ ပုံခန့် ဆင်တူလှသည်။ ခန့်ညားထည်ဝါသော အရှိန်အဝါရှိသော်လည်း ဓားသွားကဲ့သို့ ပါးလွှာသော နှုတ်ခမ်းများနှင့် အေးစက်သော မျက်ဝန်းများက သူ့ကို ချဉ်းကပ်ရခက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြသနေသည်။ ဧကရာဇ်အပေါ် ကြားထားသမျှ ကောလာဟလများကြောင့် ယွင်ရှန်းသည် သူ့အပေါ် သဘောကျခြင်း မရှိလှပေ။
"သာမန်အရပ်သား ယန်ယွင်က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ယွင်ရှန်းသည် ဒူးထောက်အလေးပြုလိုက်သော်လည်း ဧကရာဇ်က သူမကို ဂရုမစိုက်ဘဲ ကျုံးရန်ကိုသာ စိုက်ကြည့်နေသည်။ ကျုံးရန်မှာမူ ဧကရာဇ်ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အလေးပြုရန်လည်း စိတ်ကူးမရှိပေ။ သူသည် ဒါကျိုးနိုင်ငံသား မဟုတ်သဖြင့် ဧကရာဇ်ကို အရိုအသေပေးရန် မလိုအပ်ဘူးဟု ယူဆထားခြင်း ဖြစ်သည်။
"ရိုင်းစိုင်းလှချည်လား အရှင်မင်းကြီးကို မြင်ပါလျက်နဲ့ ဘာလို့ အရိုအသေမပေးတာလဲ"
မိန်းမစိုးတစ်ဦးက အသံစူးစူးဖြင့် အော်ဟစ်ငေါက်ငမ်းလိုက်သည်။
"မရိုင်းစိုင်းကြစမ်းနဲ့... ဝန်ကြီးယွင် ဒါက ဘာသဘောလဲ"
ဧကရာဇ် ယီချန်ထျန်းသည် သာမန်ဘဝမှ ဧကရာဇ်အဆင့်အထိ ရောက်ရှိလာသူဖြစ်ရာ သူ၏သားတော် အိမ်ရှေ့မင်းသားထက် ပိုမို ပါးနပ်ပြီး အမြော်အမြင်ရှိသူဖြစ်သည်။ ကျုံးရန်
သည် ယန်ယွင်ဟု အမည်ရသော အမဲလိုက်စစ်သည်၏ နောက်တွင် တပည့်တစ်ဦးကဲ့သို့ ရိုသေစွာ လိုက်ပါလာသော်လည်း သူ့အပေါ်တွင်မူ မခန့်လေးစား ပြုမူနေခြင်းကို ကြည့်ကာ တစ်စုံတစ်ခု ထူးခြားနေကြောင်း သူ သတိပြုမိလိုက်သည်။
"ဒါကတော့..."
ယန်ချန်းလန်မှာ ယွင်ရှန်း ဘာလို့ လုပ်ဆောင်မည်ကို မသိသဖြင့် စကားစမရဘဲ ဖြစ်နေရှာသည်။
"အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ဒါကျိုးပြည်ကြီးလည်း ကျက်သရေမင်္ဂလာအပေါင်းနဲ့ အမြဲပြည့်စုံပါစေ။ အခုပဲ ဝမ်းမြောက်စရာ သတင်းတစ်ခု တင်ပြချင်ပါတယ်... လွတ်လပ်တဲ့ ဆင့်ခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့ ကျုံးရန်က ကျွန်မတို့ ဒါကျိုးနိုင်ငံမှာ ခေတ္တအခြေချပြီး အမှုထမ်းဖို့ သဘောတူလိုက်ပါပြီ အရှင်မင်းကြီး"
ယွင်ရှန်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။
ကျုံးရန်၏ မျက်နှာမှာ အံ့အားသင့်မှုကြောင့် ရှုံ့မဲ့သွားပြီး ယွင်ရှန်းအား သံသယဖြင့် လှမ်းကြည့်လိုက်ရာ သူမက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
မြင့်မြတ်သောသားရဲဆင့်ခေါ်သူတစ်ဦးက ဒါကျိုးနိုင်ငံအတွက် အမှုထမ်းမှာလား။
ဧကရာဇ်မင်းမြတ်သည်လည်း မှင်တက်သွားရပြီး ယွင်ရှန်း၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ဘာလဲဟု ဆင်ခြင်မရနိုင်အောင် ဖြစ်နေသည်။
"အိမ်ရှေ့မင်းသားကို ဒဏ်ရာရစေခဲ့တဲ့ အဲ့ဒီသစ္စာဖောက်ကို ဖမ်းဆီးကြစမ်း"
ဧကရာဇ်နှင့် ယန်ချန်းလန်တို့ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သတင်းကြား၍ ရောက်ရှိလာသော မိဖုရားခေါင်ကြီးချီသည် ကိုယ်ရံတော်တပ်ဖွဲ့များနှင့်အတူ ခန်းမဆောင်အတွင်းသို့ ဝင်
ရောက်လာတော့သည်။
သူမ၏သားတော်ကို ရန်ပြုခဲ့သော ဆင့်ခေါ်ပညာရှင်သည် ဒါကျိုးနန်းတော်အတွင်းသို့ ရဲရဲတင်းတင်း လာရောက်ဝံ့သည်ကို သိရသောအခါ မိဖုရားကြီးမှာ သည်းမခံနိုင်တော့ဘဲ ကိုယ်တိုင်ဦးစီး၍ လာရောက်ခြင်း ဖြစ်သည်။
သံချပ်ကာဝတ် ကိုယ်ရံတော်များသည် ကျုံးရန်အား ချက်ချင်းပင် ဝန်းရံလိုက်ကြသည်။
မိဖုရားခေါင်ကြီးချီလား။
ယွင်ရှန်းသည် မိဖုရားကြီး၏ မာနထောင်လွှားသော လေသံကို သဘောမကျပေ။ ခေတ်သစ်ကမ္ဘာမှ လာသူပီပီ သူမသည် အာဏာပြတတ်သော ဤကဲ့သို့သော အမျိုးသမီးများကို အမြဲပင် အထင်သေးတတ်သည်။ သို့သော် ဒါကျိုး၏ အလှဆုံးဟု တင်စားရသော မိဖုရားကြီးလီထံမှ ဧကရာဇ်၏ မျက်နှာသာပေးမှုကို လုယူနိုင်ခဲ့သူဖြစ်ရာ မိဖုရားကြီးချီသည် သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူးဟု ယွင်ရှန်း တွေးမိသည်။
မိဖုရားကြီးချီသည် ဖီးနစ်သရဖူကို ဆင်မြန်းထားပြီး ကျော့ရှင်းလှပသော်လည်း သူမ၏ မျက်ဝန်းထောင့်များ ပင့်တက်နေပုံနှင့် နှုတ်ခမ်းနားရှိ မှဲ့မှာ သူမ၏ ခေါင်းမာပြီး ခက်ထန်သော စရိုက်ကို ဖော်ပြနေ၏။ ယွင်ရှန်း အကဲခတ်ရသလောက် မိဖုရားကြီးမှာ လှပသည်ဆိုသော်ငြား နတ်ဘုရားမကဲ့သို့ ပြိုင်ဘက်ကင်းအလှမျိုးတော့ မဟုတ်ပေ။ သူမ၏ အရှိန်အဝါမှာ အဖိုးတန် အဝတ်အထည်များဖြင့်သာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။
ဧကရာဇ်ရဲ့ မျက်လုံးတွေက နွားချေးနဲ့ ပိတ်နေတာလား... ဒီလိုအမျိုးသမီးကိုမှ ဖက်တွယ်နေရအောင်….
ယွင်ရှန်း စိတ်ထဲမှ ကဲ့ရဲ့လိုက်မိသည်။ မိဖုရားကြီးချီသည် သူမ၏ သားဖြစ်သူ ယီပိုင်လျန်နှင့် အတော်ပင် တူလှပေသည်။
ကျုံးရန်က နှာခေါင်းရှုံ့လျက် "မင်းတို့လူစုနဲ့တင် ငါ့ကို ဖမ်းချင်တာလား"
သူ၏ ခြေအောက်တွင် ဆင့်ခေါ်စက်ဝန်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး သခင်အဆင့်မိစ္ဆာသားရဲဖြစ်သော နဂါးလက်သည်း လင်းနို့ဘုရင် ပျံသန်းထွက်ပေါ်လာတော့သည်။ သားရဲကြီး၏ ကြောက်မက်ဖွယ် ဖိအားများ ပြန့်နှံ့သွားပြီး ပေအတော်ကြာ ရှည်လျားသော လင်းနို့တောင်ပံများကို ခတ်လိုက်သည့်အခါ ခန်းမဆောင်အတွင်း၌ ပြင်းထန်သော လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားရသည်။ လိုက်ကာများနှင့် အလှဆင်ပစ္စည်းများ လွင့်စင်သွားပြီး ကိုယ်ရံတော်များမှာလည်း လန့်ဖျန့်ကာ နောက်သို့ ဆုတ်သွားကြရသည်။
"ကျုံးရန်... တော်တော့ အရှင်မင်းကြီးကို မစော်ကားနဲ့။ ရှင် ကျွန်မကို ကတိပေးထားပြီးသား မဟုတ်လား။ ဒါကျိုးအတွက် တရားဝင် အမှုမထမ်းဘူးဆိုရင်တောင် ကောင်းကင်အမဲလိုက်
တပ်ဖွဲ့ မှာ ခေတ္တနေထိုင်ရင်း ကျွန်မနဲ့ စစ်သူကြီးယွင်ကို ကူညီပေးမယ်ဆိုတာလေ"
ယွင်ရှန်းက ဘေးမှနေ၍ သတိပေးလိုက်သည်။
ထိုအခါမှ ယန်ချန်းလန်၏ စိတ်ထဲ၌ လျှပ်ခနဲ သတိရသွားသည်။ ယီပိုင်မင်း သူမအား မှာကြားခဲ့သော စကားများကို ပြန်လည်အောက်မေ့မိကာ သူက အသံကို မြှင့်၍ လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး... သေသေချာချာ ဆင်ခြင်ပေးတော်မူပါ။ ကျွန်တော် ရာထူးက နုတ်ထွက်ရတာလဲ ဆင့်ခေါ်ပညာရှင် ကျုံးရန်နဲ့အတူ ဒါကျိုးနယ်စပ်ကို သွားပြီး ခရမ်းရွှေရတနာကြောကို ရှာဖွေဖော်ထုတ်မဲ့ ရည်ရွယ်ချက်ကြောင့်ပါ"
ဒါကျိုးတောင်ဘက်နယ်စပ်က ခရမ်းရွှေရတနာကြောလား။
ဤစကားလုံးမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှရာ ဇဝေဇဝါ ဖြစ်နေသော ဧကရာဇ်နှင့် ဖီးနစ်သရဖူပင် စောင်းသွားရရှာသော မိဖုရားကြီးချီတို့မှာ ချက်ချင်းပင် အသိဝင်လာကြတော့သည်။