ထာဝရအမှတ်တရ
Vol. 8 Ch. 77
"မိတ်ဆွေလေး..." ဖန်ယုံ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေဆဲပင်။
သူ့အသံကို နှေးကွေးလိုက်ပြီး အသိဉာဏ်မဲ့သော ဂျူနီယာတစ်ဦးကို လမ်းညွှန်နေသကဲ့သို့ ဖြစ်သွားသည်။
"လူငယ်တွေ အားကောင်းမောင်းသန် ဖြစ်တာက ကောင်းတဲ့ ကိစ္စပါ။ ဒါပေမဲ့ တင်းလွန်းရင် ကျိုးလွယ်တတ်တယ်။ မင်းနဲ့ ဖန်ဟန်ကြားက ပွတ်တိုက်မှုလေးက ဖန်မိသားစု သည်းမခံနိုင်လောက်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး"
"အကယ်၍ မင်းသာ ငါနဲ့အတူ ဖန်မိသားစုဆီ လိုက်ခဲ့ပြီး နဂါးကျဆုံးရာမြေမှာ ကြုံတွေ့ခဲ့တာတွေကို ရိုးရိုးသားသား ဝေမျှပေးမယ်ဆိုရင်၊ မင်းရဲ့ အမှားတွေကို ပြင်ဆင်ဖို့ ငါ အခွင့်အရေး ပေးကောင်း ပေးနိုင်ပါတယ်"
သူ့စကားလုံးများသည် အပေါ်ယံတွင် အလွန် လှပနေသော်လည်း အမှန်တကယ်တွင်မူ အစွန်းရောက် ဟန်ဆောင်မှုများသာ ဖြစ်သည်။
ဖန်မိသားစုဆီ ရောက်သွားသည်နှင့် သူ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ဝိညာဉ်ရှာဖွေခံရသည်ဖြစ်စေ၊ အရေခွံခွာပြီး အရိုးထုတ်ခံရသည်ဖြစ်စေ သူတို့သဘောအတိုင်း ဖြစ်သွားတော့မည် မဟုတ်ပါလား။
သို့သော် စစ်ချန်သည် မကြားချင်ယောင်ဆောင်ကာ လက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ပြီး ဖန်ယုံကို လက်ယပ်ခေါ်လိုက်သည်။
သူ့ဆိုလိုရင်းမှာ ရှင်းလင်းလှသည် ပေါက်ကရတွေ ပြောမနေနဲ့တော့၊ လာချမယ်။
"..."
ဖန်ယုံ၏ မျက်နှာပေါ်မှ နူးညံ့သောအပြုံး ပျောက်ကွယ်သွားသည်။
သူ မောက်မာသူများကို မြင်ဖူးသော်လည်း ဤမျှ မောက်မာသူကို တစ်ခါမှ မတွေ့ဖူးပေ။
အရိုးသက်တမ်း ဆယ်နှစ်ကျော်သာ ရှိသေးသော ဂျူနီယာတစ်ဦးက သူ့ကို မောက်မာစွာဖြင့်စိန်ခေါ်ရုံသာမက လက်ညှိုးကွေးပြီးပါ စိန်ခေါ်နေသည်လား။
သူသည် နှစ်ပေါင်းရာချီ နေထိုင်လာခဲ့ပြီး ဖန်မိသားစု၏ အာဏာရှိသူတစ်ဦး ဖြစ်သည်။ သူ၏ နတ်ဘုရားဝိညာဉ် နှောင်းပိုင်းအဆင့် ကျင့်ကြံမှုသည် မည်သည့်နေရာတွင်မဆို ဂိုဏ်းတစ်ခု ထူထောင်ရန် လုံလောက်သည်။ သူရောက်လေရာ အရပ်တိုင်းတွင် လေးစားကြောက်ရွံ့ခြင်း မခံရဘဲ နေဖူးသလား။ ဘယ်တုန်းကများ ဤကဲ့သို့ အထင်သေးမှုကို ခံခဲ့ရဖူးသနည်း။
ဖန်ယုံသည် ဉာဏ်နီဉာဏ်နက် များပြားပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ရာတွင် ဂုဏ်ယူလေ့ရှိသော်လည်း ယခုအချိန်တွင်မူ အမည်မသိ ဒေါသမီးတစ်ခု သူ့ရင်ထဲတွင် တောက်လောင်လာသည်။
ဒီကောင်က သေခြင်းတရားဆိုတဲ့ စာလုံး ဘယ်လိုပေါင်းလဲဆိုတာ တကယ် မသိဘူးပဲ။
"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ" ဖန်ယုံသည် ကောင်းပြီဟူသော စကားလုံးကို သုံးကြိမ်တိုင်တိုင် ပြောလိုက်ပြီး ဒေါသကြောင့် ရယ်မောမိလုမတတ် ဖြစ်သွားသည်။ "မင်းက သေလမ်းကို အတင်းရှာနေမှတော့... ဒီအရှင်သခင်က မင်းဆန္ဒ ပြည့်ဝစေရမယ်"
စစ်ချန်သည် ထိုကြောက်မက်ဖွယ်ကောင်းသော အလောင်းကောင်မြေနဂါးကြီးကို ထိန်းချုပ်နိုင်ကြောင်း သူ သေချာပေါက် သိထားသည်။ မည်သည့် ယုတ်မာသော နည်းလမ်းကို အသုံးပြုထားသည်ကို မသိရသော်လည်း ဖန်ဟန်၏ အစီရင်ခံစာတွင် ထိုကောင်လေးသည် အလွန်ထူးဆန်းကြောင်း အကြိမ်ကြိမ် အလေးပေး ဖော်ပြထားသည်။
သို့သော် ဤနေရာသည် နဂါးကျဆုံးရာမြေ မဟုတ်သလို သူ ထိန်းချုပ်ရန်အတွက် ဒုတိယမြောက် အလောင်းကောင်မြေနဂါးကြီးလည်း မရှိတော့ပေ။
မှီခိုအားထားစရာ ပြင်ပစွမ်းအား မရှိဘဲ ရွှေအမြုတေ နှောင်းပိုင်းအဆင့်လေးသာ ရှိသော သူ့အတွက်မူ နတ်ဘုရားဝိညာဉ် နှောင်းပိုင်းအဆင့် ရှေ့တွင် သာမန်ထက် အနည်းငယ် သန်မာသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
ဒီကောင်လေးရဲ့ အရိုးတွေကို ကိုယ်တိုင် ချေမှုန်းပစ်ပြီး မြေကြီးပေါ် ဒူးထောက်စေကာ သူ့ရဲ့ လက်ရှိ မောက်မာမှုအတွက် နောင်တရစေရမယ်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဖန်ယုံ တုန့်ဆိုင်းမနေတော့ပေ။
သူသည် လက်နက်ကိုပင် ထုတ်မသုံးပေ။ ထိုသို့ ပြုလုပ်ခြင်းသည် တစ်ဖက်လူကို မျက်နှာသာ ပေးလွန်းရာ ရောက်သည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
သူသည် ညာဘက်လက်ကို မြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခမ်းနားသော ဝိညာဉ်စွမ်းအားများသည် လက်ချောင်းထိပ်များတွင် ချက်ချင်း စုစည်းသွားသည်... "ကြယ်ကြွေ လက်ချောင်း"
သူ ဂရုမစိုက်သလို ပြောလိုက်ပြီး ပေါ့ပေါ့ပါးပါး ထိုးနှက်လိုက်သည်။
"ဘုန်း"
လေပြင်းများနှင့် ဝန်းရံထားသော တောက်လောင်နေသည့် အလင်းတန်းဖြူတစ်ခုသည် သူ့လက်ချောင်းမှ ထွက်ပေါ်လာပြီး စစ်ချန်၏ နဖူးတည့်တည့်ဆီသို့ တိုးဝင်သွားသည်။
ဒါက ဖန်ယုံ၏ ကျော်ကြားသော တိုက်ကွက်ဖြစ်သည်။ လက်ချောင်းတစ်ချောင်းတည်းဖြင့် အဆင့်တူ နတ်ဘုရားဝိညာဉ် ကျင့်ကြံသူတစ်ဦး၏ ကာကွယ်ရေး အရှိန်အဝါကို ထိုးဖောက်နိုင်စွမ်း ရှိသည်။ ဖန်ယုံသည် တစ်ခါက ဤတိုက်ကွက်ဖြင့် တောင်ထိပ်တစ်ခုကို အဝေးမှနေ၍ ဖြိုချခဲ့ဖူးသည်။
"သေစမ်းကွာ... ဒီကောင်က နတ်ဘုရားဝိညာဉ် နှောင်းပိုင်းအဆင့်ဟ" ဟေးစန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး အသံကုန် ဟိန်းဟောက်လိုက်သည်။
"စစ်ချန်... သတိထား" ဟုန်ဖုန်းက ပို၍ စိုးရိမ်နေပြီး သူ့ကို ကယ်တင်ရန်အတွက် မိစ္ဆာစွမ်းအားများကို ဖောက်ခွဲကာ ရှေ့သို့ ပြေးထွက်လိုက်သည်။
သို့သော် အရာအားလုံးက မြန်ဆန်လွန်းလှသည်။
ဟေးစန်း စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုခမ်းနားသော လက်ချောင်းအလင်းတန်းသည် စစ်ချန်၏ နဖူးကို ထိမှန်သွားပြီ ဖြစ်သည်။
"ဘုန်း"
ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မျက်စိကျိန်းစေသော အလင်းရောင်ဖြူကြောင့် မည်သူမျှ ဘာမှ မမြင်ရတော့ပေ။
ဖန်ယုံသည် တစ်ဖက်လူ၏ ခေါင်း ပေါက်ကွဲထွက်သွားမည့် မြင်ကွင်းကို ကြိုမြင်နေသကဲ့သို့ မထီမဲ့မြင် ပြုံးလိုက်သည်။
သို့သော် နောက်တစ်ခဏတွင် သူ၏ နှုတ်ခမ်းထောင့်မှ အပြုံး လုံးဝ ခဲသွားသည်။
မျှော်လင့်ထားသကဲ့သို့ အသားစများနှင့် သွေးများ လွင့်စင်သွားခြင်း မရှိပေ။
စစ်ချန်၏ ခေါင်းသည်... ရိုက်ခတ်မှုအရှိန်ကြောင့် နောက်သို့ အနည်းငယ်သာ လန်သွားသည်။
နဖူးထိမှန်သွားသော နေရာမှ မီးခိုးငွေ့ အနည်းငယ် ထွက်ပေါ်လာပြီးနောက်... ပျောက်သွားသည်။
(bro is hashirama from Naruto fr -_-)
ဟုတ်တယ်... ပျောက်သွားတာ။
ဦးခေါင်းခွံကို ဖောက်ထွက်သွားဖို့ မပြောနှင့်၊ အနီရောင် အမှတ်အသားလေး တစ်ခုတောင် ကျန်မနေခဲ့ပေ။
စစ်ချန် လက်ကို မြှောက်လိုက်ပြီး ခုနက အထိမှန်ခံလိုက်ရသော နဖူးကို စမ်းကြည့်လိုက်ရာ တစ်စုံတစ်ခု အကိုက်ခံလိုက်ရသကဲ့သို့ ယားကျိကျိ ဖြစ်သွားသည်။
သူ လက်ကို ပြန်ချလိုက်ပြီး သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြစ်နေသော ဖန်ယုံကို ကြည့်ကာ လေးလေးနက်နက် မှတ်ချက်ချလိုက်သည်
"...နည်းနည်း ယားသွားတယ်"
ဖန်ယုံ "..."
ဟေးစန်း "..."
ဟုန်ဖုန်း "..."
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မူလက သတ်ဖြတ်လိုစိတ် ပြင်းထန်နေကြသော ဖန်မိသားစု ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြီး မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။ သူတို့သည် စစ်ချန်ကို ကြည့်လိုက်၊ သူတို့ခေါင်းဆောင်ကို ကြည့်လိုက်ဖြင့် အားလုံး စိတ်ကူးယဉ် အိပ်မက် မက်နေကြသလားဟု တွေးနေမိသည်။
ကြယ်ကြွေလက်ချောင်းက... လူတစ်ယောက်ရဲ့ အနုနယ်ဆုံး နဖူးကို ထိမှန်သွားတာတောင်မှ... နည်းနည်းလေးပဲ... ယားသွားတယ် ဟုတ်လား။
ဖန်ယုံ၏ မျက်နှာမှ ကြွက်သားများ တုန်ခါသွားပြီး သူ၏ ကနဦး ထိတ်လန့်မှုသည် မယုံကြည်နိုင်သော တုန်လှုပ်မှုနှင့် ဒေါသအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
"မဖြစ်နိုင်ဘူး"
"လုံးဝ မဖြစ်နိုင်ဘူး"
သူ အသံကုန် အော်ဟစ်လိုက်သည်။ ဤအရာသည် သူ၏ နားလည်မှုကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ခြင်း ဖြစ်သည်။ အစွမ်းထက်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်သည့် မိစ္ဆာမျိုးနွယ်များပင်လျှင် ဤမျှ မောက်မာရဲမည် မဟုတ်ပေ။
"မင်းမှာ ဘယ်လို ကာကွယ်ရေး ရတနာ ပါလာတာလဲ"
ဒါက ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ရှိသင့်သော ရုပ်ခန္ဓာ ခွန်အားမျိုး လုံးဝ မဟုတ်ပေ။ နဂါးကျဆုံးရာမြေမှာ တခြားအရာတွေပါ သူ ရခဲ့တာလား။
ဒါပဲ... နဂါးပုလဲ။
နဂါးပုလဲကဲ့သို့သော အံ့ဖွယ်ရတနာမျိုး ရှိနေမှတော့ တခြား ထိပ်တန်း မှော်ရတနာများ ရှိနေဖို့လည်း အလားအလာ များလှသည်။
ပိုမိုပြင်းပြသော လောဘစိတ်သည် ယခင်က ထိတ်လန့်မှုနှင့် အရှက်ရမှုများကို ချက်ချင်း လွှမ်းမိုးသွားသည်။
ဒီကောင်လေးမှာ ကောင်းကင်ကို တုန်လှုပ်စေမယ့် လျှို့ဝှက်ချက် တစ်ခုခု ရှိကိုရှိရမယ်။
ဖန်ယုံ အမြန် တည်ငြိမ်အောင် လုပ်လိုက်ပြီး သူ၏ နောက်ဆုံးကျန်ရှိသော အထင်သေးမှုများကို ဖယ်ရှားလိုက်သည်။
တစ်ဖက်လူက မှော်ရတနာကိုပဲ အားကိုးသည်ဖြစ်စေ၊ အခြားအရာတစ်ခုခုကြောင့်ပဲ ဖြစ်စေ၊ ကြယ်ကြွေလက်ချောင်းကို ထိပ်တိုက်ရင်ဆိုင်ပြီး ခြစ်ရာလေး တစ်ခုတောင် မထင်ဘူး ဆိုကတည်းက လျှော့တွက်လို့ မရတော့ပေ။
သူ စစ်ချန်ကို အစွမ်းကုန် ရင်ဆိုင်ရမည့် ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ရန် လိုအပ်သည်။
သူ့အတွေးများ ပြေးလွှားနေပြီး ဗျူဟာပြောင်းရန် ပြင်ဆင်နေစဉ်မှာပင် စစ်ချန်က ရှေ့သို့ စတင် တိုးဝင်လာသည်။
သူ့ရုပ်ခန္ဓာကို စမ်းသပ်မှု မပြီးသေးပေ။
မည်သည့် ဝိညာဉ်အလင်းတန်း သို့မဟုတ် ဆန်းကြယ်သော လှုပ်ရှားမှု နည်းစနစ်များကိုမျှ မသုံးဘဲ မြေကြီးကို ဆောင့်ကန်လိုက်ရုံဖြင့် လေးမှထွက်ခွာသွားသော မြားတစ်စင်းအလား လေထဲရှိ ဖန်ယုံဆီသို့ တိုးဝင်သွားတော့သည်။
ဖန်ယုံ၏ မျက်လုံးအိမ်များ ကျုံ့သွားသည်။ မြန်လိုက်တာ။
သို့သော် သူသည် တိုက်ခိုက်ရေး အတွေ့အကြုံ အလွန်ကြွယ်ဝသော နတ်ဘုရားဝိညာဉ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ အံ့ဩသွားသော်လည်း ထိတ်လန့်မသွားပေ။
စစ်ချန်၏ တည့်တည့်ဝင်လာသော လက်သီးကို ရင်ဆိုင်ရင်း သူ နှာခေါင်းရှုံ့လိုက်ကာ ပြန်လည် ထိုးနှက်လိုက်သည်။ တစ်ဖက်လူ၏ ခွန်အား မည်မျှ ထူးဆန်းသည်ကို သူ စမ်းသပ်ချင်သည်။
"ဘုန်း"
လက်သီးနှစ်ခုသည် မည်သည့် လှည့်ကွက်မျှ မပါဘဲ ထိပ်တိုက် တွေ့ဆုံသွားကြသည်။
မြင်ကွင်းတွင် လေလှိုင်းတစ်ခု စက်ဝိုင်းပုံစံ ပေါက်ကွဲထွက်ပေါ်လာပြီး အောက်ဘက်ရှိ လူများ၏ အဝတ်အစားများကို တဖျပ်ဖျပ် လွင့်သွားစေသည်။ ကျင့်ကြံမှု နိမ့်ပါးသူများဆိုလျှင် နောက်သို့ပင် ယိုင်သွားကြသည်။
ဖန်ယုံသည် ပုံမှန်မဟုတ်သော ကြီးမားသည့် အင်အားတစ်ခု သူ၏ လက်သီးမှတဆင့် စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ လက်မောင်းတစ်ခုလုံး ချက်ချင်း ထုံကျင်နာကျင်သွားပြီး ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်ဘဲ ကိုက်ပေါင်းများစွာ နောက်သို့ လွင့်စင်သွားကာ မနည်း ပြန်ထိန်းလိုက်ရသည်။
သူ စစ်ချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ရာ တစ်ဖက်လူသည် အနည်းငယ် ယိမ်းယိုင်ရုံသာ ရှိပြီး သူ့နောက်သို့ အရိပ်တစ်ခုအလား ထပ်မံ ကပ်ပါလာသည်ကို တွေ့လိုက်ရသည်။
"နောက်တစ်ခါ"
ဒုတိယမြောက် လက်သီးချက် ရောက်လာချိန်တွင် စစ်ချန်၏ အသံမှာ ပြားကပ်နေဆဲပင်။
ဖန်ယုံသည် ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ဖြစ်ပေါ်လာပြီး လက်မောင်းများကို ကြက်ခြေခတ်ကာ ကာကွယ်လိုက်သည်။
"ဘုန်း"
သူ နောက်သို့ ထပ်မံ လွင့်စင်သွားပြန်သည်။ သူ၏ ကာကွယ်ရေး ဝိညာဉ်စွမ်းအားများသည် အချိန်မရွေး ကွဲကြေသွားနိုင်မတတ် ပြင်းထန်စွာ လှုပ်ခတ်နေသည်။
စစ်ချန်သည် သူ့ကို အသက်ရှူချိန်ပင် မပေးဘဲ မုန်တိုင်းကဲ့သို့ လက်သီးချက်များဖြင့် ဆက်တိုက် ထိုးနှက်နေတော့သည်။
သူသည် မည်သည့် သိုင်းကွက်ကိုမျှ မသုံးပေ။ ရိုးရှင်းသော လက်သီးထိုးခြင်း၊ ကန်ခြင်းနှင့် တံတောင်ရိုက်ခြင်းတို့သာ ဖြစ်သော်လည်း တိုက်ချက်တိုင်းတွင် တောင်များကို ဖြိုဖျက်နိုင်ပြီး ကျောက်တုံးများကို ကွဲအက်စေနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေကာ သူ၏ အမြန်နှုန်းမှာလည်း အံ့ဩဖွယ် ကောင်းလှသည်။
"ဘုန်း ဘုန်း ဘုန်း ဘုန်း"
ဖန်ယုံသည် ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းများကြားတွင် စစ်ချန်နှင့် အနီးကပ် တိုက်ပွဲဝင်ရန် ဖိအားပေးခံနေရသည်။
ကောင်းကင်ထက်တွင် ပုံရိပ်နှစ်ခုသည် ရှေးအကျဆုံးနှင့် အရိုင်းစိုင်းဆုံး နည်းလမ်းဖြင့် ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။
သူ၏ တိုက်ချက်တိုင်းသည် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးကို ဆယ်ခါပြန် သေစေနိုင်လောက်သည်။
သို့သော် ဤတိုက်ခိုက်မှုများ စစ်ချန်အပေါ် ကျရောက်သောအခါ ပင်လယ်ထဲသို့ ရွှံ့နွံများ ဝင်သွားသကဲ့သို့ ဖြစ်နေသည်။ တဘုန်းဘုန်းမြည်သံများ ထွက်ပေါ်လာခြင်းမှလွဲ၍ သူ့ကို တစ်ခဏလေးတောင် ရပ်တန့်သွားအောင် မလုပ်နိုင်ပေ။
ပြောင်းပြန်အားဖြင့် စစ်ချန်၏ ရိုးရှင်းပုံရသော တိုက်ခိုက်မှုတစ်ခုစီသည် ပေါင်တစ်ထောင်မျှ လေးလံနေသဖြင့် သူ၏ ဝိညာဉ်စွမ်းအား အကုန်ထုတ်သုံးကာ ကာကွယ်နေရပြီး သူ၏ ကိုယ်တွင်းအင်္ဂါများပါ နာကျင်လာသည်အထိ တုန်ခါနေရသည်။
သူသည် လူတစ်ယောက်ကို တိုက်ခိုက်နေရသည် မဟုတ်ဘဲ လူရေခွံဝတ်ထားသော ရှေးဟောင်း ရက်စက်သည့် သားရဲတစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရသည်။
...
ဤပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားနေစဉ်တွင် ရှည်လျားသော တိမ်တိုက်တက် လှေကားထစ်၏ အဆုံးတွင် ပိန်လှီသော ပုံရိပ်တစ်ခုသည် နောက်ဆုံးအဆင့်ကို ခက်ခက်ခဲခဲ တက်လှမ်းလာပြီး ရင်ပြင်အစွန်းတွင် မောဟိုက်စွာ လဲကျသွားသည်။
လီထယ်ကျူးပင် ဖြစ်သည်။
သူသည် မောလွန်းသဖြင့် လဲကျလုမတတ် ဖြစ်နေပြီး မျက်လုံးများတွင် ချွေးများကြောင့် ဝေဝါးနေသည်။
တောင်ပေါ်မှ ဆူညံသံများကို ကြားကတည်းက သူ လှေကားထစ်များပေါ်မှ ပြုတ်ကျလုနီးပါး အကြိမ်ကြိမ် ဖြစ်ခဲ့သော်လည်း လမ်းတစ်ဝက်တွင် လက်မလျှော့ချင်ခဲ့ပေ။
ထို့အပြင် ထိုသဘောကောင်းသော သခင်လေးကိုလည်း သူ အနည်းငယ် စိတ်ပူနေမိသည်။
ထို့နောက် သူ့တစ်သက်လုံး မေ့မရနိုင်တော့မည့် မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရသည်။
ကောင်းကင်ထက်တွင် သူ့ကို ပေါက်စီပေးခဲ့သော အစိမ်းရောင်ဝတ် သခင်လေးသည် လက်ဗလာသက်သက်ဖြင့် တိုက်ခိုက်နေပြီး အလွန်အစွမ်းထက်ပုံရကာ ကြောက်မက်ဖွယ် အရှိန်အဝါရှိသော သက်လတ်ပိုင်း အမျိုးသားကြီးကို ထိုးနှက်နေသည် မဟုတ်ပါလား။
သူတို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော လေပြင်းများသည် အဝေးမှ သစ်ပင်များကိုပင် လှုပ်ခါသွားစေသည်။
သူတို့၏ လက်သီးချင်း ထိရိုက်သံများသည် မိုးခြိမ်းသံကဲ့သို့ ဖြစ်ပြီး သူ့နားများကို အူသွားစေသည်။
လီထယ်ကျူးသည် ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ယံမှ အရာအားလုံးကို လွှမ်းမိုးထားသော ထိုလူငယ်ပုံရိပ်ကို ငေးမောကြည့်နေပြီး အသက်ရှူဖို့ပင် မေ့လျော့နေတော့သည်။
အဲဒီသခင်လေးက... တကယ်ပဲ ဒီလောက်ထိ စွမ်းတာလား။
ဒါက... တကယ့် အစွမ်းထက်သူတစ်ယောက်လား။
ဖော်ပြမရနိုင်သော အပူလှိုင်းတစ်ခု သူ၏ ရင်ထဲသို့ ရုတ်တရက် စီးဝင်သွားပြီး တစ်ကိုယ်လုံး တုန်ခါသွားစေသည်။
ဤမြင်ကွင်းသည် သူ့ရင်ထဲတွင် ထာဝရ စွဲထင်သွားတော့သည်။