အခန်း (၉၀၅-၉၀၆)
Vol. 55 Ch. 905-906
အပိုင်း (၉၀၅)
သို့နောက် ဆော်ရွန်နှင့် ဟယ်လင်တို့က နန်းတော်အတွင်းရှိ ရှီလွန်အင်ပါယာ၏ ဝန်ကြီးများကို စုပေါင်း ခေါ်ယူ၏။
တောင်နှင့်မြောက်မှ မင်းမှုထမ်းများက အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးရန် စုဝေးလာခဲ့ကြ၏။ ဥပမာအားဖြင့် မြောက်ဘက်မြို့တော်ကို သတ်မှတ်ပြီးနောက် ဘုရင်မမြို့တော်က ရှီလွန်အင်ပါယာ၏ ဒုတိယမြို့တော် ဖြစ်လာပေလိမ့်မည်။
ထို့အပြင် မင်းသားဆော်ရွန်၏ နန်းတက်ပွဲကို မည်သည့်အချိန်တွင် ကျင်းပမည်နည်း။ မည်သည့်နေရာတွင် ကျင်းပမည်နည်း။ နန်းတက်ချိန်တွင် မင်းသမီးဟယ်လင်က မည်ကဲ့သို့သော အခမ်းအနားမျိုးကို ဆောင်ရွက် ရမည်နည်း။ နှစ်ဦးစလုံးက တပြိုင်နက် နန်းတက်ကြမည်လား။ အဆင့်အတန်း တစ်ဝက်စီ ခွဲထားမည်လား သို့မဟုတ် ဘုရင်နှင့် လက်အောက်ခံသဖွယ် ဆောင်ရွက်ကြမည်လား။ ညှိနှိုင်းဆွေးနွေးရမည့် ကိစ္စရပ်များက အများအပြား ရှိနေသေးသည်။
အသေးစိတ် အချက်အလက်များကို တောင်နှင့်မြောက်မှ မင်းမှုထမ်းများ အကြိမ်ကြိမ် ပြင်းထန် ငြင်းခုံကြရ ပေဦးမည်။ သို့သော်ငြား အခြေခံ သဘောတူညီချက်ကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ဆော်ရွန်က အရှင်သခင် ဖြစ်သလို ဟယ်လင်ကလည်း ထိုနည်းလည်းကောင်းပင်။
နှစ်ဖက်စလုံး ငြင်းခုံနေသည့် အဓိက အချက်က နန်းတက်ပွဲကို သီးခြားစီ ကျင်းပမည်လား သို့မဟုတ် အတူတူ ကျင်းပမည်လား ဟူသည့် အချက်ပင်။ တောင်ပိုင်းသားတို့က သီးခြားစီ ကျင်းပလိုကြ၏။ မင်းသားဆော်ရွန်က မြောက်ဘက်တွင် နန်းတက်ပြီး ဟယ်လင်က ဘုရင်မမြို့တော်တွင် နန်းတက်ရန် ဖြစ်၏။
သို့သော်ငြား မြောက်ဘက်ပိုင်းရှိ တော်ဝင်မျိုးနွယ်များက သဘောမတူကြချေ။ မင်းသမီးဟယ်လင်က တတိယ ရှီလွန်အင်ပါယာ၏ ဒုတိယ ဧကရာဇ်ဖြစ်ပြီး တောင်ဘက်ပိုင်းရှီလွန်အင်ပါယာ၏ ဧကရာဇ် မဟုတ်ဟု သူတို့က ဆိုကြ၏။ ထိုအရာက ပေါင်းစည်းထားသည့် အင်ပါယာတစ်ခု ဖြစ်သောကြောင့် အဘယ်ကြောင့် နန်းတင်ပွဲ နှစ်ခုကို ကျင်းပရန် လိုအပ်သနည်း။
တောင်ပိုင်းမင်းမှုထမ်းတို့က ဤအချက်တွင် လျှော့ပေးလိုက်ကြ၏။ ဒုတိယ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ကြ၏။ သူတို့က ဟယ်လင်နှင့် ဆော်ရွန်တို့ နန်းတက်ပွဲ အတူကျင်းပရန် တောင်းဆိုကြ၏။ ထို့အပြင် ဆော်ရွန်၏ ရာဇပလ္လင်အမြင့်က ဟယ်လင်၏ ပလ္လင်ထက် တစ်မီတာထက် ပိုမမြင့်ရသလို ပမာဏကလည်း နှစ်ဆယ် ရာခိုင်နှုန်းထက် ပိုမကြီးရချေ။ ပြီးနောက် နန်းတင်ပွဲ အခမ်းအနားတွင် ဧကရီဟယ်လင်က ဆော်ရွန်ကို ဒူးထောက်ရန် မလိုအပ်ချေ။ ဤကဲ့သို့ အသေးစိတ်အချက်အလက်များစွာကို နှစ်ဖက်စလုံး ငြင်းခုံလျက်ရှိသည်။
..................
ရှမ့်လန်က ဘုရင်မမြို့တော်ရှိ ဝင်းခြံတစ်ခုအတွင်း နေထိုင်၏။ ဤစံအိမ်က တစ်ခါက အရှေ့တိုင်းသား မင်းဆက်များ ၏ သံတမန်များအတွက် တည်ဆောက်ထားခဲ့ခြင်း ဖြစ်၏။ သူက ဘုရင်မနန်းတော်အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်း မပြုခဲ့ချေ။ ထိုနေရာက ယောင်ယောင် အချိန်ကြာကြီး နေထိုင်ခဲ့သည့် နေရာဖြစ်သလို ဘုရင်မ မီဒူဆာ၏ နန်းတော်လည်း ဖြစ်၏။
“သခင်လေး ရှမ့်လန်… ဆော်ရွန်က ခင်ဗျားကို ညစာစားပွဲ တက်ရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်။”
မြို့စားကြီး ရပ်လ်ဆဲက ရှေ့သို့တိုးပြီး ဖိတ်စာကို ရိုရိုသေသေ ကမ်းပေး၏။ ထိုအရာက အရှေ့တိုင်းသားတို့၏ ယဉ်ကျေးမှုအတိုင်း ပြုမူခြင်းပင်။ အနောက်ဘက်လောကတွင် ဖိတ်စာဟူသည့်အရာမျိုး မရှိသောကြောင့်ပင်။
ရှမ့်လန်က ပြောသည်။ “အများကြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ် သမီးလေးနဲ့အတူ နေချင်လို့ပါ။ ဒါကြောင့် ခွင့်လွှတ်ပေးပါ။”
မြို့စားကြီး ရပ်လ်ဆဲက ပြော၏။ “မင်းသမီးလေး ယောင်ယောင်ကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားပါတယ်။ သူမက ညစာစားပွဲရဲ့ အဓိကလူ ဖြစ်လာမှာပါ။”
ရှမ့်လန်က ပြောသည်။ “ခွင့်လွှတ်ပါ။ ကျုပ်ရဲ့ သမီးလေးက အရမ်း ရှက်တတ်ပါတယ်။ လူတွေ အများကြီးနဲ့ တွေ့ရတာ ကျင့်သားမရသေးပါဘူး။”
ရပ်လ်ဆဲက အသည်းအသန် တောင်းပန်ရှာ၏။ “သခင်လေး ရှမ့်လန်.. ကျုပ်တို့ရဲ့ ခင်မင်မှုကို ထောက်ထားပြီး တက်ရောက်ပေးလို့ မရဘူးလား။”
“မြို့စားကြီး ရပ်လ်ဆဲ... ခင်ဗျားရဲ့ခင်မင်မှုကို ကျုပ် သေချာမှတ်ထားပါ့မယ်။ အခါအခွင့်သင့်တဲ့ အချိန်မှာ အရှေ့လောကကို လာရောက်လည်ပတ်ဖို့ ကျုပ် တကယ်ကို ရိုးရိုးသားသားနဲ့ ဖိတ်ခေါ်ပါတယ်။” ရှမ့်လန်က ပြောလိုက်သည်။
မြို့စားကြီး ရပ်လ်ဆဲက ဆက်လက်ကာ ပြော၏။ “ဒီည ညစာစားပွဲမှာ အရှင်ဆော်ရွန်က အရှေ့လောကနဲ့ ချစ်ကြည်ရေး ရှိကြောင်း လူသိရှင်ကြား ကြေညာချင်သလို ပွင့်လင်းတဲ့မူဝါဒတွေကိုလည်း ဖော်ပြချင်တာပါ။ ပြီးတော့ မင်းသမီးဟယ်လင်ရဲ့ မောင်တစ်ယောက်အနေနဲ့ ခင်ဗျားကို မြို့စားကြီးဘွဲ့တံဆိပ် ချီးမြှင့်သင့်တယ်လို့ ယူဆထားပါတယ်။”
ရှမ့်လန်က ပြောသည်။ “သူ့ကို ကျုပ်ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါ။ ဒါပေမဲ့ ကျုပ်က ရှီလွန် အင်ပါယာ အတွက် ဘာမှ အကျိုးမပြုရသေးပါဘူး။ မြို့စားကြီးဘွဲ့ ရာထူးကို အပ်နှင်းခံရဖို့ မသင့်တော်သေးပါဘူး။”
သူက ဘွဲ့အမည်များကို ဂရုမစိုက်ချေ။ သူ၏ အဆင့်အတန်း မပေါ်ပေါက်လာမီကပင် ဘုရင် နင်ယွမ်ရှန်းက သူ့ကို မြို့စားကြီးဘွဲ့ ချီးမြှင့်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သလို မင်းသမီးနင်ဟန်နှင့် လက်ထပ်ပေးရန်လည်း ကြံစည်ခဲ့ဖူး၏။ ထိုအချိန်တုန်းက ရှမ့်လန်က ငြင်းပယ်ခဲ့ပြီး သူက ကျင်းမိသားစုနှင့် နင်မိသားစု နှစ်ခုလုံး၏ သမက် ဖြစ်နိုင်ကြောင်းသာ ဆိုခဲ့၏။ ထိုစဉ်က နင်ယွမ်ရှန်းသည် ဒေါသထွက်လွန်းသောကြောင့် သူ့ကို သတ်ပစ်ချင်ခဲ့သလို မြို့စားကြီးဘွဲ့ အကြောင်းကို ထပ်မံကာ မဟတော့ချေ။
ဘွဲ့အမည်နှင့် ပတ်သက်လျှင် ရှမ့်လန်က တကယ်ကို ပွင့်လင်းသူဖြစ်ပြီး လုံးဝ ဂရုမစိုက်တတ်ချေ။ ထို့အပြင် ယခုသူက အရှေ့လောကကြီး မျက်နှာကို အပြည့်အဝ ကိုယ်စားပြုနေသူပင်။ ဘာပဲဖြစ်ဖြစ် သူက တော်ဝင်ချန်အင်ပါယာ ၏ အစစ်အမှန် အရှင်သခင်ဖြစ်သလို အရှေ့တိုင်းလောကကြီး၏ လူသားဧကရာဇ် လောင်းလည်း ဖြစ်၏။ သူက ရှီလွန်မင်းဆက်၏ မြို့စားကြီး အဘယ်သို့ ဖြစ်နိုင်မည်နည်း။
သေချာသည်က ရှမ့်လန်က အစပိုင်းတွင် ထိုအရာများကို ဂရုမစိုက်ခဲ့ချေ။ သူ၏ဖခင် ကျန်းလီပင်လျှင် လီယွန်နှင့် လိုကီ ဖြစ်နိုင်ခဲ့သည်ဆိုပါက ရှမ့်လန်က ရှီလွန်အင်ပါယာ၏ မြို့စားကြီးဖြစ်လာခြင်းက ဘာမှ ဟုတ်မည် မဟုတ်ချေ။
ဥရောပ၏ တော်ဝင်မိသားစုများကလည်း တစ်ဦးကိုတစ်ဦး ဘွဲ့အမည်များ ချီးမြှင့်လေ့ရှိကြသည် မဟုတ်ပါလား။ သို့သော်ငြား ယခု တစ်စုံတစ်ဦးက အရှေ့က အရှေ့အတွက်၊ အနောက်က အနောက်အတွက်ဟု ရှင်းရှင်းလင်းလင်း ခွဲခြားလိုနေသည့်အတွက် ရှမ့်လန်အနေနှင့် အနောက်လောကမှ မည်သည့်ဘွဲ့အမည်ကိုမျှ လက်ခံရန် ဆန္ဒမရှိတော့ချေ။
“နှမြောစရာပါပဲ” မြို့စားကြီး ရပ်လ်ဆဲက သက်ပြင်းချ၏။ ပြီးနောက် သူက ရှမ့်လန်နှင့် ခေတ္တမျှ စကား ပြောဆိုပြီး ထွက်ခွာသွားခဲ့၏။
…………..
ညစာစားပွဲ ပြီးဆုံးသွားခဲ့၏။ မင်းသမီး ဟယ်လင်က ရှမ့်လန် နေထိုင်ရာ စံအိမ်သို့ ရောက်ရှိလာပြီး ကလေးလေးကို သူမ၏ ရင်ခွင်ထဲတွင် ပွေ့ချီထားသည်။
“သူက တခြားသူတွေထက် ပိုပြီး လှတာပဲ။ ဒီလောက်လှတဲ့ ကလေးမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး။”
မင်းသမီး ဟယ်လင်က ဆိုသည်။ “မောင်လေး... မင်း ရှီလွန်အင်ပါယာရဲ့ ဘွဲ့အမည်ကို ငြင်းလိုက်တယ်လို့ ကြားတယ်။ ဟုတ်လား။”
“ဟုတ်တယ်။” ရှမ့်လန်က ပြော၏။
မင်းသမီးဟယ်လင်က ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
“ဆော်ရွန်က ဘုရင်မမီဒူဆာအပေါ် ရိုင်းစိုင်းတဲ့ စကားအချို့ ပြောခဲ့တယ်။ ငါ သူ့ကို တောင်းပန်ဖို့ ပြောခဲ့ပေမဲ့ သူက ငြင်းခဲ့တယ်။”
သေချာစွာ ငြင်းပယ်ပေးလိမ့်မည်။ သူက အခုအချိန်တွင် ရှီလွန်ဧကရာဇ်နှင့် တန်းတူ ရင်ပေါင်တန်းနိုင်သည့် အင်ပါယာ၏ ဧကရာဇ် ဖြစ်နေသည် မဟုတ်ပါလား။ ရှမ့်လန်က မည်သူနည်း။ သူက အနောက်လောကသို့ ပြည်နှင်ခြင်း ခံထားရသည့် လမ်းဘေးခွေး တစ်ကောင်မျှသာပင်။
ဆော်ရွန် သူ့ကို တောင်းပန်ရန် သူ့၌ မည်သည့် အရည်အချင်းမျိုး ရှိသနည်း။ ရှမ့်လန် ဘုရင် ဖြစ်လာချိန်တွင်မှသာ သူတို့နှစ်ဦးက တန်းတူရည်တူ စကားပြောနိုင်မည့် အခွင့်အရေး ရှိပေမည်။
ဒီဘိုရာအတွက်မူ သူက ဧကရာဇ်၏ မြင့်မြတ်သည့်သားဖြစ်သလို သူမ ရှာတွေ့နိုင်သမျှ အမြင့်မြတ်ဆုံးသော ခင်ပွန်းလည်း ဖြစ်၏။ သို့သော်ငြား ရှီလွန်အင်ပါယာမှ မှူးမတ်များအတွက် ရှမ့်လန်က မင်းသမီး ဟယ်လင်၏ မောင်တစ်ဦးမျှသာ ဖြစ်၏။ ထို့အပြင် ရှီလွန်အင်ပါယာက ရှမ့်လန်ကို ခိုလှုံခွင့် ပေးထားခြင်း ဖြစ်သောကြောင့် ရှမ့်လန်က ရှီလွန်အင်ပါယာ၏ ကျေးဇူးကို ခံယူထားသည်ဟု အားလုံးက ယူဆထားကြ၏။
“မောင်လေး.. မင်း တချို့ကိစ္စတွေအပေါ်မှာ မကျေမနပ်ဖြစ်နေတာ အစ်မ သိပါတယ်။ မင်း အစ်မကို ရှီလွန်အင်ပါယာရဲ့ ဧကရာဇ်ဖြစ်အောင် ပံ့ပိုးချင်တာကိုလည်း အစ်မ သိတယ်။ ပြီးတော့ အချိန်လုံလောက်မယ် ဆိုရင် မင်း ဒါတွေကိုလုပ်နိုင်လိမ့်မယ် ဆိုတာကိုလည်း အစ်မ သိတယ်။ ဒါပေမဲ့ အစ်မအတွက် ငြိမ်းချမ်းရေးက တခြားအရာအားလုံးထက် ပိုပြီး အရေးကြီးတယ်။ ရှီလွန်အင်ပါယာက အချိန်အကြာကြီး ကွဲပြားနေခဲ့တာ။ ပေါင်းစည်းမှုထက် ပိုပြီး အရေးကြီးတာ ဘာမှ မရှိတော့ဘူး။”
ရှမ့်လန်က ပြောသည်။ “အစ်မ… အစ်မရဲ့ ရွေးချယ်မှုက မှန်ကန်ပါတယ်။ တရားမျှတမှုအရဖြစ်စေ၊ ကိုယ်ကျင့်တရား အရဖြစ်စေ အစ်မက အပြည့်စုံဆုံးပဲ။ ဒါပေမဲ့ အစ်မ သိထားရမှာက မီဒူဆာအပေါ် ဆော်ရွန်ရဲ့ ရိုင်းစိုင်းမှုကို ကျုပ် ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ နောက်တစ်ချိန်ကျရင် သူ အဲဒါအတွက် သေချာပေါက် ပေးဆပ်ရလိမ့်မယ်။”
မင်းသမီး ဟယ်လင်က စိတ်မကောင်းစွာဖြင့် ပြော၏။ “မောင်လေး… လောကမှာ ရန်ငြိုးမရှိစေရဘူး ဆိုတဲ့ မင်းရဲ့ စကားကို အစ်မ အခုမှပဲ နားလည်တော့တယ်။”
ရှမ့်လန်က ပြောသည်။ “အစ်မ… ကျုပ်က အစ်မနဲ့ မတူဘူး။ အစ်မက ဧကရာဇ်တစ်ပါးပဲ။ အစ်မ စဉ်းစားရမှာက ရှီလွန်အင်ပါယာရဲ့ ကြီးမြတ်မြင့်မြတ်တဲ့ ရည်မှန်းချက်တွေပဲ။ ဒါပေမဲ့ ကျုပ်ကတော့ အဲဒါတွေကို ဂရုမစိုက်ဘူး။ ကျုပ်က လက်စားပဲ ချေချင်တာ။ ကျုပ်ရဲ့ ရည်မှန်းချက်က အမြဲတမ်း အတူတူပဲ။ လောကမှာ ရန်ငြိုး မရှိစေရဘူး။”
“ဒါဆိုရင် မောင်လေး အောင်မြင်ပါစေလို့ အစ်မ ဆုတောင်းပေးတယ်။ ထွက်သွားတော့မယ့်အချိန်ရောက်ရင် အစ်မကို ပြောပါ။ အစ်မ မောင်လေးနဲ့အတူ မိစ္ဆာတြိဂံဒေသကို လိုက်ခဲ့ပြီး မင်းတို့ မိသားစုကို သွားခေါ်ပေးမယ်။”
ရှမ့်လန်က ခဏမျှ စဉ်းစားပြီး ခေါင်းခါလိုက်၏။ “မလိုပါဘူး အစ်မ။ ရှီလွန်အင်ပါယာမှာ အစ်မ မရှိလို့ မဖြစ်ဘူး။ ပြီးတော့ အစ်မကိုယ်တိုင်လည်း မိစ္ဆာတြိဂံဒေသမှာတုန်းကလည်း ထွက်ပေါက်ကို ရှာမတွေ့ခဲ့ဘူးလေ။ ပင်လယ်အောက်ခြေကနေ လမ်းဖောက်ပြီး ထွက်ခဲ့ရတာပဲ။”
ဟယ်လင်က မည်သည့်စကားကို မဆိုတော့ချေ။ အသာ ညင်သာစွာဖြင့် ပွေ့ဖက်ထား၏။ “မောင်လေး.. မင်းနဲ့ ဟီလာက အစ်မရဲ့ အဖိုးတန်မိသားစုဝင်တွေ ဖြစ်တယ်ဆိုတာကို မှတ်ထားပါ။ အစ်မ မောင်လေးကို အရမ်း ချစ်ပါတယ်။”
……………….
ဘုရင်မ မီဒူဆာ ပျောက်ကွယ်သွားပြီဖြစ်၏။ သူမ၏နောက်သို့ လိုက်ပါလာသည့် ခေါင်းဆောင်များက အဘယ်သို့ ရှိမည်နည်း။ မည်သည့်နေရာသို့ သွားကြမည်နည်း။
ပထမဦးဆုံး အရှေ့တိုင်း မြင်းစီးသူရဲကောင်းအဖွဲ့မှ စစ်သည်တော် ထောင်ချီတို့က ရှမ့်လန်နှင့်အတူ အရှေ့လောကသို့ သေချာပေါက် လိုက်ပါကြမည်။ သူတို့က ဘုရင်မ မီဒူဆာ၏ ကယ်တင်ခြင်းကို ခံထားရသူများ ဖြစ်သော်လည်း သူတို့၏ စစ်မှန်သည့်သခင်က ရှမ့်လန်သာပင်။ မည်သို့ပင် ဖြစ်စေကာမူ သူတို့က ရှမ့်လန်၏ နောက်သို့ လိုက်ကြမည်။
အရှေ့တိုင်း မြင်းစီးသူရဲကောင်း၏ အမည်နှင့် အရှေ့တိုင်း ဟူသည့်စကား ပါဝင်နေသည် ဆိုသော်လည်း တော်ဝင်ရန်မင်းဆက်နှင့် သက်ဆိုင်ခြင်း မရှိချေ။ ထိုသူတို့အနက် အများစုက အရှေ့တောင်ဘက်တိုက်ကြီးမှ ဖြစ်ပြီး ထိုနေရာက တော်ဝင်ရန်အင်ပါယာ၏ တောင်ဘက်ပင်လယ်မှ နိုင်ငံများ ဖြစ်၏။
ပင်လယ်ကုန်သွယ်မှုကို လက်ဝါးကြီးအုပ်ထားသော ရွှယ်ချီ၏နယ်မြေလည်း ဖြစ်၏။ ထိုနေရာတွင် နိုင်ငံပေါင်း ဒါဇင်နှင့်ချီကာ ရှိနေသည်။ ယခု အရှေ့တိုင်း မြင်းစီးသူရဲကောင်း တပ်ဖွဲ့တွင် စုစုပေါင်း လူဦးရေ ထောင်ချီ ရှိသည်။
ထိုသူတို့က ယခု ရှမ့်လန်၏ အရှေ့၌ ရပ်နေ၏။ “ကျုပ်တို့ အနောက်လောကမှာပဲ နေခဲ့ပြီး ကြေးစားစစ်တပ် တစ်ခုအဖြစ် ရပ်တည်သွားမယ်။ ပြီးတော့ ဘုရင်မကြီးကို လိုက်ရှာပါ့မယ်။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် အရှေ့တိုင်း မြင်းစီးသူရဲကောင်း တပ်ဖွဲ့က ရှမ့်လန်နှင့်အတူ အရှေ့လောကသို့ လိုက်ပါမည် မဟုတ်ချေ။
“နားလည်ပါပြီ။” ရှမ့်လန်က ပြောလိုက်သည်။
ပြီးနောက် ရိုလန်မြင်းစီးသူရဲကောင်း တပ်ဖွဲ့ ရှိနေ၏။ ထိုသူတို့ကလည်း အမေဇုန်ဘုရင်မ အင်ပါယာ၏ စွန့်ပစ်ခြင်းကို ခံထားရသူများ ဖြစ်သောကြောင့် အလွန်အားနည်း၏။ ပြည်နှင်ဒဏ်ပေးခြင်းကို ခံထားရသူများပင်။ ယခင်က ရိုလန်မြင်းစီး သူရဲကောင်း တပ်ဖွဲ့ဝင်အချို့က မိန်းကလေးရိုလန်၏ ဦးဆောင်မှုဖြင့် ရှမ့်လန်ပေါ် သစ္စာစောင့်သိခဲ့ ကြဖူး၏။
ယခု ရိုလန်မြင်းစီးသူရဲကောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုင်အိုလက်က ရှမ့်လန်၏ ရှေ့၌ ရပ်နေ၏။ သူမက တကယ်ကို ဝေခွဲမရ ဖြစ်နေပုံပင်။ သူမက အမေဇုန်အင်ပါယာနှင့် အလွန် ရင်းနှီးသည့် ဆက်ဆံရေး ရှိသည့် ရှမ့်လန်၏နောက်သို့ လိုက်သင့်၊ မလိုက်သင့် မဆုံးဖြတ်နိုင် ဖြစ်နေသည်။
“တပ်မှူး ဗိုင်အိုလက်... ခက်ခဲနေဖို့ မလိုပါဘူး။ အရာအားလုံးက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။” ရှမ့်လန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
ဗိုင်အိုလက်က ခဏမျှ စဉ်းစားလိုက်သည်။ “ဒါဆိုရင် ကျွန်မ အနောက်လောကမှာပဲ နေခဲ့ပြီး ဘုရင်မ မီဒူဆာကို လိုက်ရှာပါမယ်။ သူ တကယ်ပဲ ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားခဲ့ပြီဆိုတာ ကျွန်မ မယုံဘူး။ သူက နတ်ဘုရား တစ်ပါးလို အစွမ်းထက်တယ်။ သေဆုံးသွားခဲ့ပြီဆိုတာကို မယုံကြည်နိုင်ဘူး။ လောကရဲ့အဆုံးထိ သွားရမယ် ဆိုရင်တောင် ကျွန်မ သူ့ကို တွေ့အောင် ရှာမယ်။”
ရှမ့်လန်က ခေါင်းညိတ်ပြ၏။ “နားလည်ပါပြီ။ တပ်မှူး ဗိုင်အိုလက်နဲ့ ရိုလန်သူရဲကောင်းအဖွဲ့တို့ ကံကောင်းပါစေ။ ခင်ဗျားတို့ ဘာလုပ်ရမလဲ ဆိုတာကို ရှာတွေ့သွားတာ ကောင်းတဲ့အရာပါပဲ။”
ဘုရင်မမီဒူဆာက အတုမရှိသည့် ဆွဲဆောင်မှုရှိသူပင်။ ဟန်ပြမျှသာဖြစ်သည့် စုန်းအင်ပါယာ၏ အောက်တွင်တောင်မှ သူမကို အမှန်တကယ် ယုံကြည်သူ အများအပြား ရှိနေဆဲပင်။ ယခု သူမ ပျောက်ကွယ် သွားခဲ့ပြီးနောက် သူမအတွက် အရာရာကို စွန့်လွှတ်ရန် အသင့်ရှိနေသူများက အပြည့်ပင်။
ပုလဲနက် ပင်လယ်ဓားပြအကြောင်း ပြောရန်မလိုအပ်တော့ချေ။ ထိုသူတို့အားလုံးက ဦးခေါင်းခွံဂိုဏ်းမှ ဆင်းသက် လာခဲ့သူများ ဖြစ်သောကြောင့် ရှမ့်လန်၏နောက်သို့ သေချာပေါက် လိုက်ကြလိမ့်မည်။
နောက်ဆုံးတစ်ယောက်မှာတော့ တကယ်ကို ထူးခြားသည့် အဆင့်အတန်း ရှိသူပင်။ ထိုသူက အန်းနင်ပင် ဖြစ်၏။ ဘုရင်မမီဒူဆာ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သူမက စုန်းအင်ပါယာ၏ ပညာရှိ ဖြစ်လာ၏။ ဘုရင်မ မီဒူဆာ ပျောက်ကွယ်ပြီးနောက် သူမ သစ္စာစောင့်သိရမည့်သူ ပျောက်ဆုံးသွားခဲ့၏။
“နှုတ်ဆက်ပါတယ် သခင်လေး ရှမ့်လန်” ပညာရှိ အန်းနင်က ဆို၏။ သူမက ရှမ့်လန်၏နောက်သို့ လိုက်ပါ၍ မရနိုင်သလို ရှမ့်လန်ကလည်း သူမကို ယုံကြည်မည် မဟုတ်ချေ။ ဘာပဲပြောပြော သူမ၌ စောင့်ရှောက်ရမည့် အရာများ ရှိသောကြောင့် ရှမ့်လန်က သူမကို ခေါ်ဆောင်သွားရန် ဆန္ဒမရှိချေ။
“နှုတ်ဆက်ပါတယ် ပညာရှိ”
……….
နောက်တစ်နေ့မှာတော့ ရှမ့်လန်က လူပေါင်းထောင်ချီနှင့်အတူ ဘုရင်မမြို့တော်မှ ထွက်ခွာခဲ့၏။ မိုင်ပေါင်း ဒါဇင်ချီ၍ လမ်းလျှောက်လာခဲ့ပြီးနောက် ဟေးလ်က သူ့ကို တောင်ထိပ်တစ်ခုပေါ်သို့ ခေါ်ဆောင်သွားပြီး ဘုရင်မမြို့တော်၏ ရှုခင်းကို ကြည့်ရှုခဲ့သည့်အချိန်အား သတိရမိ၏။ ထိုနေရာမှ ကြည့်လျှင် ဘုရင်မမြို့တော်က အလှပဆုံးပင်။
ထို့ကြောင့် ရှမ့်လန်က ယောင်ယောင်လေးကို ပွေ့ချီကာ တောင်ထိပ်ပေါ်သို့ တက်လာ၏။ ဘာပဲဖြစ်ဖြစ် ဤနေရာက ယောင်ယောင် ကြီးပြင်းခဲ့သည့်နေရာ မဟုတ်ပါလား။ မထွက်ခွာမီ နောက်ဆုံးအကြိမ် ကြည့်ရှု စေလိုခြင်းပင်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဘုရင်မ မီဒူဆာနှင့် ယောင်ယောင်တို့က ဘုရင်မနန်းတော်တွင် နေထိုင်ခဲ့ကြ၏။ သို့သော်ငြား သူတို့က ဤမြို့၏အရှင်သခင်များ မဟုတ်ကြသလို ဘုရင်မနန်းတော်၏ အရှင်သခင်များ လည်း မဟုတ်ကြချေ။ မင်းသမီး ဟယ်လင်ကသာ အရှင်သခင် ဖြစ်၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် မင်းသမီး ဟယ်လင် မရှိချိန် ဘုရင်မ မီဒူဆာက ဤမြို့ကို ယာယီ ကာကွယ်ပေးထားခြင်းပင်။ ယခု မင်းသမီး ဟယ်လင် ပြန်ရောက်လာပြီ ဖြစ်သောကြောင့် သူတို့က သဘာဝကျကျပင် ထွက်ခွာရပေလိမ့်မည်။ ဤနေရာက ကောင်းမွန်လှသည် ဆိုစေကာမူ သူတို့၏အိမ် မဟုတ်ချေ။
ယောင်ယောင်က လှပသည့် မြို့တော်ကြီးကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်၏။ သူမက မြင်တွေ့သမျှ အသေးစိတ် အချက်အလက်တိုင်းကို သူမ၏ မှတ်ဉာဏ်ထဲတွင် ကမ္ပည်းရေးထိုးနေပုံပင်။
“သမီးလေး.. ဖေဖေ သမီးကို တာဝန်တစ်ခု ပေးမယ်” ရှမ့်လန်က ပြော၏။
ယောင်ယောင်က မျှော်လင့်ချက် အပြည့်ဖြင့် သူမ၏ ဖခင်ကို စိုက်ကြည့်သည်။
ရှမ့်လန်က ဆက်လက်ကာ ပြော၏။ “တို့တွေ အရှေ့လောကကို ပြန်မယ်။ ဖေဖေက သမီးအတွက် မြို့တစ်မြို့ တည်ဆောက် ပေးမယ်။ ဒီဘုရင်မမြို့တော်ထက် ပိုလှတဲ့မြို့ပေါ့။ ဒါပေမဲ့ ဖေဖေရဲ့ စိတ်ကူးစိတ်သန်းကတော့ ပုံမှန်ပဲ ရှိတယ်။ သမီးက ပါရမီရှင်တစ်ယောက် ဆိုတော့ ဖေဖေက ဒီမြို့ကို ပုံစံထုတ်ဖို့ တာဝန် သမီးကိုပဲ ပေးမယ်။ ဟုတ်ပြီလား။”
ယောင်ယောင်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြသည်။
ရှမ့်လန်က ပြော၏။ “တို့တွေ အဲဒီမြို့ကို တည်ဆောက်ပြီးတဲ့အခါကျရင် နောက်ထပ် မေမေတစ်ယောက်ကို သွားရှာကြမယ်။ ဟုတ်ပြီလား။”
“ကောင်းပါပြီ။” ယောင်ယောင်က ဖခင်ဖြစ်သူကို နမ်းလိုက်၏။ သူမက ချောင်ယောင်းအာကိုလည်း လှမ်း၍ နမ်းသေး၏။ မည်မျှလိမ္မာ ပါးနပ်သည့် ကလေး ဖြစ်သနည်း။
သူမက သူမ၏မိခင်အသစ်ကို မျက်ကွယ်မပြုဘဲ အမြဲတမ်း သတိရသော်လည်း ချောင်ယောင်းအာက ပွင့်လင်းရိုးသားသည့် အမျိုးသမီး ဖြစ်သောကြောင့် ဤကဲ့သို့ အသေးစိတ် အချက်အလက်များကို ဂရုပြုမိမည့် လူမျိုး မဟုတ်ချေ။
အပိုင်း (၉၀၆)
ချောင်ယောင်းအာက ဘုရင်မမြို့တော်ကို လှမ်းကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူမက ရုတ်တရက် ပြော၏။
“ဟယ်လင် မလိုပါဘူး။ ကျွန်မ ရှင့်ကို မိစ္ဆာတြိဂံ ဒေသထဲအထိ ဘေးကင်းအောင် ကာကွယ်ပေးနိုင်တယ်။”
ရှမ့်လန်က မှင်သက်သွားခဲ့သည်။ အစ်မကြီး.. မင်းရဲ့ တုံ့ပြန်မှုက အရမ်းနောက်ကျနေပြီ။ အဲဒီကိစ္စက မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စ။ အခုမှ ဘာလို့ လာပြောနေတာလဲ။
“ရှမ့်လန်.. ကျွန်မရဲ့အတွေးက မမှားဘူးလို့ ထင်တယ်”
ချောင်ယောင်းအာက ပြော၏။ “ကျွန်မ လောကအနှံ့ကို လှည့်လည်သွားပြီး လောကသစ်တွေကို မြင်ချင်ခဲ့တာ မှားယွင်းတဲ့အရာ မဟုတ်ဘူး။ ဒါပေမဲ့ အခု ရပ်တန့်လိုက်ပြီ။ အရှေ့လောကကို ပြန်ချင်တာက ကျွန်မ ပြန်ချင်လို့ မဟုတ်ဘူး။”
“ကျွန်မရဲ့ အရည်အချင်းနဲ့ဆိုရင် ကျွန်မက ဒီနေရာမှာ လှည့်လည်သွားလာပြီး ထူးဆန်းတဲ့လောကကြီးကို မြင်တွေ့နိုင်မယ်။ ပိုပြီး ဆန်းကြယ်တဲ့ လောကကြီးကို မြင်တွေ့နိုင်မယ်။ ပြီးတော့ ပိုပြီး သန်မာလာလိမ့်မယ်။”
ရှမ့်လန်က ခေါင်းညိတ်ပြသည်။ “ဟုတ်ပါပြီ အစ်မကြီး... ပြောတာ မှန်ပါတယ်။”
ချောင်ယောင်းအာက ပြော၏။ “ကျွန်မ လွတ်လပ်ချင်တယ်။ ဘယ်လောကရဲ့ ချည်နှောင်မှုကိုမှ မခံချင်ဘူး ဆိုတာလည်း မမှားဘူး။ ဒါပေမဲ့ အဲဒီမတိုင်ခင် ကျွန်မ လက်စားချေရမယ်။ အဖေအတွက် လက်စားချေပြီးတော့ ရှင်နဲ့ဆိုင်တဲ့ တော်ဝင်ရန်အင်ပါယာကို ပြန်ယူရမယ်။ အဲဒီအချိန်ကျမှ ကျွန်မ ဆက်ပြီး လှည့်လည်သွားလာဖို့ အခွင့်အရေး ရှိလိမ့်မယ်။ မဟုတ်ရင် အဲဒါက လွတ်လပ်မှု မဟုတ်ဘဲနဲ့ ထွက်ပြေး တိမ်းရှောင်မှုနဲ့ အတ္တဆန်မှု ဖြစ်လာလိမ့်မယ်။”
“အင်း… အစ်မကြီး ပြောတာ သိပ်မှန်တယ်။ ယောက္ခထီးအတွက်တောင်မှ စဉ်းစားပေးနေပြီ။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ် ပြောထားချင်တာက အစ်မကြီးက ကျုပ်ရဲ့ မွေးစားအစ်မပဲ ဖြစ်ခဲ့တယ်။ ဒီကြားထဲမှာ သွေးသားတော်စပ်မှု မရှိဘူးဆိုတော့ အတူတူ အိပ်တာ တရားဝင်တယ်။”
ချောင်ယောင်းအာက စကားစပြတ်သွား၏။
ဤယောင်္ကျားက တကယ်ကို ညစ်ပတ်လွန်းလှချေ၏။ သူမ အလေးအနက် ပြောဆိုလျက် ရှိသည်ကိုတောင်မှ ဤကဲ့သို့ ပေါက်ပန်းလေးဆယ်များ ပြောဆိုနေ၏။ သို့သော်ငြား ထိုအရာက အရေးမကြီးချေ။ သူမ၏ သစ္စာစောင့်သိမှုအပေါ် မသက်ရောက်သလို သူတို့နှစ်ဦး အတူအိပ်စက်ခြင်း၌လည်း မသက်ရောက်ချေ။
“သွားကြစို့” ယောင်ယောင်လေး၏အာရုံက ဘုရင်မမြို့တော်ဆီသို့ ရောက်ရှိနေသည်ကို အခွင့်ကောင်းယူပြီး ရှမ့်လန်က ချောင်ယောင်းအာ၏ လှပသည့် ခါးလေးကို လှမ်းဖက်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်ကသာ ဆိုပါက ချောင်ယောင်းအာက ရှမ့်လန်ကို မြေပြင်ပေါ်သို့ လဲကျအောင် လဲချပြီး ကျိန်းသေပေါက် ရိုက်နှက်ပေလိမ့်မည်။ ယခုတော့ လွှတ်ထားပေး၏။
ယောင်ယောင်က တခစ်ခစ်နှင့် ရယ်မောနေ၏။ သူမ၏ လက်ကလေးနှစ်ဖက်ဖြင့် သူမ၏ မျက်လုံးများကို ဖုံးအုပ်၏။ ဤမြင်ကွင်းမှာ ကလေးများကြည့်ရန် မသင့်သောကြောင်း ဖော်ပြနေသကဲ့သို့ပင်။ ရှမ့်လန်က သူမ မမြင်လောက်ဘူး ထင်သော်လည်း ယောင်ယောင်လေး၏ အမြင်က စူးရှလှ၏။ အရာအားလုံးကို မြင်တွေ့ခဲ့သည်။
ပြီးနောက် ယောင်ယောင်က ချောင်ယောင်းအာထံသို့ သူမ၏ လက်များကို ဆန့်တန်းပေး၏။ ချောင်ယောင်းအာက မှင်သက်သွား၏။ ပြီးနောက် ယောင်ယောင်၏ ပေါ့ပါးသည့် ခန္ဓာကိုယ်လေးကို ချက်ချင်း ပွေ့ချီလိုက်၏။
ရှမ့်လန်က ပြောသည်။ “သမီးလေး… ဖေဖေကို မုန်းသွားလို့လား။”
ယောင်ယောင်က သူမ မိခင်၏ လည်ပင်းကို ဖက်ကာ ပြုံးနေ၏။
မင်းသမီး ဒိုဟာက ဆိုသည်။ “သခင်လေး.. ရှင့်ရဲ့ခန္ဓာကိုယ် ခွန်အားက အရမ်းကို အားနည်းလွန်းတယ်။ ရှင် ဆက်ပြီး ချီထားရင် ပင်ပန်းသွားမှာ စိုးရိမ်လို့ ဖြစ်လိမ့်မယ်။”
“ဒီမိန်းမ ဘာလို့ အမှန်တရားတွေ ပြောနေတာလဲ။”
…………….
သူတို့က ရှီဝါမြို့ဆိပ်ကမ်းမှ ဦးခေါင်းခွံဂိုဏ်း၏ သင်္ဘောပေါ်သို့ တက်ရောက်ကြ၏။ ပြီးနောက် ခမ်းနား ထည်ဝါစွာဖြင့် ပီကျင်းမြို့သို့ ပြန်လည် ထွက်ခွာခဲ့၏။ စစ်သင်္ဘောပေါ်သို့ တက်ရောက်လိုက်သည်နှင့် ဟီလာက ချက်ချင်းပဲ ပြေးလာကာ ယောင်ယောင်ကို လုယူသွားတော့သည်။
“ကောင်းကင်ဘုံ.. ဒါက နတ်သမီးလေး တစ်ပါးပါလား။ မင်းက ငါ့မောင်လေးရဲ့သမီးဆိုတာ မယုံနိုင်ဘူး။ ဒီလောက်လှတဲ့ကလေးမျိုး ဘယ်လိုများ မွေးနိုင်ရတာလဲ။ ငါတို့ယောင်ယောင်က လူသား မဟုတ်တာ သေချာပါပြီ။ အဒေါ်ကို ပြောပါအုံး။ သမီးရဲ့ အတောင်ပံတွေ ဘယ်ပျောက်သွားလဲ။ ကြည့်ရအောင် ပျံပြလို့ ရမလား။”
ယောင်ယောင်က ချီးမွမ်းခံရသောကြောင့် ရှက်နေ၏။
“ဒေါ်ဒေါ်လို့ ခေါ်စမ်းပါအုံး။” ဟီလာက တောင်းဆိုသည်။
“ဒေါ်ဒေါ်…”
“အင်း… လိမ္မာတယ်။ ဒေါ်ဒေါ်လို့ နောက်တစ်ခါ ထပ်ခေါ်အုံး။”
ပြီးနောက် ဟီလာက ပြော၏။ “မောင်လေး... ဟယ်လင်ကို အပြစ်မတင်ပါနဲ့။ သူ့ရဲ့ အစိတ်အပိုင်း အနည်းငယ် ကတော့ မင်းနဲ့ သက်ဆိုင်တာပါ။ သူ့ရဲ့ အစိတ်အပိုင်း အများစုကတော့ ရှီလွန်အင်ပါယာနဲ့ သက်ဆိုင်နေတယ်။ ဒါပေမဲ့ အစ်မကြီးကတော့ မတူဘူး။ အစ်မကြီးရဲ့ အစိတ်အပိုင်းအကုန်လုံးက မင်းနဲ့ လုံးလုံးလျားလျား သက်ဆိုင်တယ်။ အစ်မကြီး ကျိန်ဆိုတယ်။ တစ်နေ့နေ့မှာ မင်းနဲ့အတူ ပြန်လာပြီး ဒီအသုံးမကျတဲ့ ဧကရာဇ် ဆော်ရွန်ကို သတ်ပစ်မယ်။”
ပြီးနောက် သူမက သူမ၏ နှုတ်ခမ်းကို လက်နှင့်အုပ်လိုက်သည်။ “ငါ့ရဲ့ စကားက ဟယ်လင်ကို ကိုယ်ကျင့်တရား မရှိသလိုမျိုး ဖြစ်သွားစေသေးလား။”
သေချာသည်က ဟယ်လင်က ကိုယ်ကျင့်တရား ရှိသူပင်။ သူမက တခြားသောသူများထက် ကိုယ်ကျင့်တရား ပိုရှိသေး၏။ ရှုထောင့်တစ်ခုမှ ကြည့်မည် ဆိုပါက သူမက အလုံးစုံ ပြည့်စုံသူပင်။ ထို့ကြောင့် သူမက တောင်ပိုင်းဒေသအကျိုးအတွက် သည်းခံလိုက်ခြင်းပင်။ သူမက ပုဂ္ဂိုလ်ရေး အကြောင်းပြချက်များကြောင့် အများအကျိုးကို မျက်ကွယ်ပြုမိမည် မဟုတ်သလို ဆော်ရွန်နှင့့်လည်း ထီးနန်းလုလိမ့်မည် မဟုတ်ပေ။
ရှမ့်လန်ပြောသည်က မှန်၏။ သူမ၏ အမွေအနှစ် ရှစ်ဆယ်ရာခိုင်နှုန်းက ရှီလွန်မိသားစုနဲ့ သက်ဆိုင်နေပြီး ကျန်ရှိသည့် နှစ်ဆယ်ရာခိုင်နှုန်းကသာ ရှမ့်လန်၏အစ်မအဖြစ် ရှိနေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူမ အမွေဆက်ခံခဲ့သည့် အရာအားလုံးတို့က ရှီလွန်မိသားစု၏ ဧကရီဟယ်လင် ပေးအပ်ခဲ့သည့် အရာများဖြစ်ပြီး ကျန်းလီ ပေးအပ်ခဲ့ခြင်း မဟုတ်သောကြောင့်ပင်။ အရှေ့က အရှေ့အတွက်၊ အနောက်က အနောက် အတွက်ပင်။
……………
ထွက်ခွာရမည့်အချိန်သို့ ရောက်ရှိချိန်မှာတော့ အလောတကြီး လုပ်ဆောင်ရန် မလိုအပ်တော့ချေ။ ရက်ပေါင်း နှစ်ဆယ်တိတိ ကြာမြင့်ပြီးနောက် ရှမ့်လန်၏ သင်္ဘောက ပီကျင်းမြို့ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာတော့၏။
“အရှေ့က အရှေ့အတွက်၊ အနောက်က အနောက်အတွက်ဆိုတော့ ကျွန်မ အပေါ် မတက်တော့ဘူး။”
ဟီလာက ပြောလိုက်၏။ “အခု ကျွန်မက အရှေ့တိုင်းသားပဲ။ ကျွန်မရဲ့အမေက ရှီလွန်အင်ပါယာကို သစ္စာဖောက်ခဲ့တယ်။ ကျွန်မရဲ့အဖေက အရှေ့တိုင်းသား၊ ကျွန်မရဲ့မောင်က အရှေ့တိုင်းသား၊ ကျွန်မရဲ့ ချစ်လှစွာသော တူမလေးကလည်း အရှေ့တိုင်းသားပဲ။ ဒီတော့ ကျွန်မကလည်း အရှေ့တိုင်းသားပဲ။”
ဟီလာက ရှမ့်လန်၏ နှလုံးသားထဲတွင် တည်ရှိနေသည့် ဒဏ်ရာကို အစွမ်းရှိသလောက် ကုသပေးရန် ကြိုးစားနေပုံရ၏။ အမှန်စင်စစ် သူမက ဟယ်လင်ကို အနည်းငယ် အပြစ်တင်မိ၏။ အဘယ်ကြောင့် သူမက သူမ၏ မောင်လေးဘက်မှ ခိုင်ခိုင်မာမာ မရပ်တည်ပေးရသနည်း။ အဘယ်ကြောင့် ဆော်ရွန်ကို အဆုံးထိ မတိုက်ခိုက် ရသနည်း။ သူမက ဟယ်လင်ကို အပြစ်တင်၍ မရနိုင်ကြောင်းကိုတော့ သိရှိထားသည်။
ဟယ်လင်၏ ဆုံးဖြတ်ချက်များက သူမကိုယ်တိုင်အတွက်ပင် စတေးမှုတစ်ခု ဖြစ်ခဲ့၏။ သူမက ရှီလွန် အင်ပါယာ တောင်ဘက်ပိုင်းကို သူမ၏ ပခုံးပေါ်တွင် ထမ်းပိုးထားရသူဖြစ်၏။ သူမက ပျော်ရွှင်မှုကိုသာကြည့်ပြီး ဘေးဒုက္ခများကို ဂရုမစိုက်တတ်သည့် ရှမ့်လန်ကဲ့သို့ မဟုတ်ချေ။
“တို့တွေလို ပင်လယ်ဓားပြတွေက အကောင်းဆုံးပဲ။ လုပ်ချင်တာကို လုပ်လို့ရတယ်။ အရှေ့တိုင်းသား ဖြစ်ချင်လည်း ဖြစ်လို့ရတယ်။ အနောက်တိုင်းသား ဖြစ်ချင်လည်း ဖြစ်လို့ရတယ်။”
ဟီလာက ယောင်ယောင်ကို ပွေ့ချီထား၏။ “မောင်လေး... ဒီဘိုရာကို သွားပြီး နှုတ်ဆက်လိုက်အုံး။ ယောင်ယောင်ကိုတော့ မထည့်ပေးတော့ဘူး။ အဲဒီမိန်းမ ချီးကျူးစကားတွေပြောဖို့ ဉာဏ်နီဉာဏ်နက်တွေ ထုတ်နေရမှာစိုးလို့။ ချောင်ယောင်းအာလည်း လိုက်မှာမဟုတ်ဘူး။ ငါက အစ်မကြီးဆိုတော့ ငါပြောတာ အတည်ပဲ။”
ချောင်ယောင်းအာက ကြောင်တောင်တောင် ဖြစ်သွား၏။ ဘယ်တုန်းက အစ်မကြီး ဖြစ်သွားသနည်း။ သို့ပေမည့် ထားလိုက်တော့။ တစ်ဖက်လူက အတည်ဖြစ်စေချင်သည်ဆိုမှတော့ အတည်သာ ထားရပေတော့မည်။ ဤကိစ္စကို သိုင်းပညာဖြင့်လည်း ဆုံးဖြတ်၍ မရနိုင်ချေ။ သိုင်းပညာဖြင့်သာ ဆုံးဖြတ်ရမည် ဆိုပါက သူမ ချောင်ယောင်းအာ ကသာလျှင် အစ်မကြီး ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဟီလာက ယောင်ယောင်ကို မူလန်မြို့သို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ကြပြီး ရှမ့်လန်က ပီကျင်းမြို့သို့ တစ်ယောက်တည်း သွား၏။ သူမကို ရက်အနည်းငယ်ကြာအောင် နှုတ်ဆက်ရန် လိုအပ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူမက အနောက်လောကတွင် ရှမ့်လန်၏ တစ်ဦးတည်းသော တရားဝင် မိန်းမဖြစ်သည် မဟုတ်ပါလား။
…………..
သို့သော်လည်း ရှမ့်လန်က များမကြာမီမှာပဲ နောင်တရမိ၏။ ဤခြင်္သေ့မလေး ဒီဘိုရာက တကယ်ကို စိတ်ဇော် ပြင်းထန်လွန်းသောကြောင့် ရှမ့်လန်၏ အင်အားတစ်ဝက်ခန့် လွင့်စင်လုမတတ်ပင်။
“နေပါအုံး။ မင်းက ကိုယ်ဝန် ရှိနေတာလေ။”
နောက်ဆုံး ဒီဘိုရာက ရှန်လန်၏ ရင်ခွင်ထဲတွင် လဲလျောင်းပြီး ညင်သာစွာ ဆို၏။ “ဒီလောက်တောင် စောစော ထွက်သွားတော့မှာလား။ အစီအစဉ်အရဆိုရင် နောက်ထပ် လအနည်းငယ်လောက် ဆက်နေသင့်တာ မဟုတ်ဘူးလား။ ဒါဆိုရင် ရှင့်မှာ နောက်ထပ် အမြှောက်အလက်ပေါင်း ရာနဲ့ချီ ရှိနေမှာပေါ့။”
ရှမ့်လန်က ပြောသည်။ “စောစော ထွက်သွားလေ ဟယ်လင်နဲ့ ရှီလွန်အင်ပါယာကို အကြွေးတင်တာ နည်းလေပေါ့။ အခုကြည့်ရတာ ငါက ရှီလွန်အင်ပါယာရဲ့ နယ်မြေပေါ်မှာ နားပြီး သွေးကို အငမ်းမရအောင် စုပ်ယူနေတဲ့ ခြင်ကောင်လို ဖြစ်နေတယ်။”
“မဟုတ်ပါဘူး။ ကျွန်မကသာ အဲဒီပိုးကောင်ပါပဲ။ ရှင့်ရဲ့ သွေးတွေကို ကုန်စင်အောင် စုပ်မှာပဲ။”
ဒီဘိုရာက နူးညံ့သည့် လေသံဖြင့် ခွန်းတုံ့ပြန်၏။ ပြီးနောက် မေးလိုက်၏။ “ရှင်နဲ့ မင်းသမီးဟယ်လင်ကြားမှာ အက်ကြောင်းတွေ ရှိလာမှာလား။”
ရှမ့်လန်က ပြောသည်။ “မရှိပါဘူး။ သူက ဘာမှ မမှားခဲ့ဘူး။ ပြီးတော့ အခုအချိန်ထိ ငါကသာ သူ့အပေါ် အကြွေး တင်နေရတာ။ သူက ငါ့အပေါ် တင်နေတာ မဟုတ်ဘူး။”
ဒီဘိုရာက ရှမ့်လန်ကို စိုက်ကြည့်၏။ ပြီးနောက် လက်ကို အသာကိုင်ကာ သူမ၏ ဝမ်းဗိုက်ပေါ်သို့ တင်လိုက်၏။ “ယောက်ျား... မင်းသမီးဟယ်လင်က ကျွန်မကို အများကြီး ပေးနိုင်တယ်ဆိုပေမဲ့ တို့ကလေးက အမြင့်မြတ်ဆုံးသော ဂုဏ်သိက္ခာကို ရရှိနိုင်မလား။ ရော့ဆိုမိသားစုမှာ မင်းသားတစ်ပါး ထွက်ပေါ် လာမလားဆိုတာ ရှင့်အပေါ်မှာပဲ မူတည်နေတာ။ ရှင် အရှေ့လောကကို ပြန်တဲ့အချိန်ကျရင် အနိုင်ရအောင် အစွမ်းကုန်ကြိုးစား။ ရှင်က ကျွန်မ မော့ကြည့်ရမယ့် လူမျိုး ဖြစ်လာရလိမ့်မယ်။”
ဤစကားက တကယ်ကို လက်တွေ့ကျ၏။ အတိုင်းအဆမရှိသည့် အမှန်တရားလည်း ဖြစ်ပေသည်။ ဖြစ်နိုင်သည်က ဤကဲ့သို့သောစကားများကို ပြောဆိုခြင်းက ဒီဘိုရာအနေဖြင့် စိတ်ရင်းမှန်ကြောင်း ပြသနိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပေလိမ့်မည်။
..............
အရှေ့လောကသို့ ပြန်မည့်ရက်က တဖြည်းဖြည်းနှင့် နီးကပ်လာ၏။ ပီကျင်းမြို့နှင့် မူလန်မြို့ တစ်ခုလုံးက ဤနေ့အတွက် ပြင်ဆင်နေကြသည်။ ရှမ့်လန်၏ သင်္ဘောအုပ်စု ပမာဏက တဖြည်းဖြည်း ပိုမိုကြီးမားလာ၏။ ရှမ့်လန်နှင့်အတူ အရှေ့လောကသို့လိုက်ပါမည့် စစ်သည် အရေအတွက်က ငါးသောင်းသာ ရှိသော်လည်း ကျွမ်းကျင်လုပ်သားများနှင့် ပန်းပဲဆရာတစ်သောင်းကျော် ပါဝင်၏။ ထို့အပြင် အမေဇုန် စစ်မြင်း လေးထောင်လည်း ပါဝင်သေး၏။
မရေတွက်နိုင်သည့် သင်္ဘောများနှင့် ရိက္ခာများလည်း လိုအပ်၏။ မူလန်မြို့၏ ဆိပ်ကမ်းတွင်ဖြစ်စေ၊ ပီကျင်းမြို့၏ ဆိပ်ကမ်းတွင်ဖြစ်စေ ရိက္ခာများက တောင်ပုံရာပုံ စုပုံနေ၏။ ဒီဘိုရာက သင်္ဘောငါးစင်းထက်မက ပြင်ဆင် ပေးထားခဲ့၏။ သူမက ရှမ့်လန်၏ မိသားစုဝင်တိုင်းအတွက် လက်ဆောင်များကို ပြင်ဆင်ပေးထားသေး၏။ ကျင်းဟွေ့နှင့် ကျန့်ဟုန်ရှန်တို့အတွက်ပါ ပါဝင်၏။ သူမက ရှမ့်လန်ကို လူပေါင်း ၁၀၀ ကျော်တို့၏ စာရင်းကို ကြိုတင် ပြုလုပ်ခိုင်းထားခဲ့ပြီး အဆင့်အတန်းများကိုလည်း မေးမြန်းထားသည်။
မူလန်မြို့၏ အလုပ်ရုံအားလုံးက အစွမ်းကုန် လည်ပတ်လျက်ရှိပြီး အမြှောက်များကိုလည်း အမြောက်အမြား ထုတ်လုပ်နေ၏။ ယမ်းမှုန့် အလုပ်ရုံကလည်း ထိုနည်းလည်းကောင်းပင်။ ပြင်းအားမြင့် ယမ်းမှုန့်များကို အရူးအမူး ထုတ်လုပ်နေခဲ့၏။
ထို့တင်သာ မကသေးချေ။ ရှမ့်လန်က ယမ်းစိမ်းများကို သယ်ဆောင်သွားရန် စုစုပေါင်း သင်္ဘောအစင်း ၃၀ ကို သတ်မှတ်ထား၏။ အဘယ်ကြောင့်ဆိုသော် သူက အရှေ့တိုင်းဆီသို့ ပြန်လည်ရောက်ရှိချိန်တွင် ယမ်းစိမ်း ရရှိရန် အချိန်အကြာကြီး စောင့်ဆိုင်းရမည်ကို မလိုချင်သောကြောင့်ပင်။ နောက်တစ်ဆင့်အားဖြင့် ဤစစ်သင်္ဘောများ တည်ဆောက်ပြီးစီးရန်နှင့် အားလုံး၌ အမြှောက်များ တပ်ဆင်ရန် စောင့်ဆိုင်းရုံသာ ကျန်တော့သည်။
အချိန်က ဒီရေလား စီးဆင်းသွား၏။ ရက်ပေါင်း နှစ်ဆယ် ကုန်လွန်သွားခဲ့၏။ ယနေ့မှာတော့ ကြီးကျယ်သည့် နေ့တစ်နေ့ပင်။ ရှမ့်လန်၏ စစ်သင်္ဘော ၁၀၀ လုံးက တည်ဆောက်ပြီးစီးသွားခဲ့ပြီဖြစ်ပြီး စုစုပေါင်း အမြှောက်အလက်ပေါင်း ၁၃၀၀ ကျော်ကို တပ်ဆင်ထား၏။ ထိုအရာက လျာထားချက်ထက် အလက် ၂၀၀ နီးပါး နည်းနေသော်လည်း အံ့အားသင့်စရာကောင်းသည့် အရေအတွက် ဖြစ်နေဆဲပင်။
ပီကျင်းမြို့၏ ဆိပ်ကမ်းကို လုံးဝပိတ်ဆို့ထားခဲ့ပြီး မည်သူမျှ ချဉ်းကပ်ခွင့် မပြုတော့ချေ။
“ကျောက်ချရပ်နားရာမှ ထွက်ခွာသွားကြရအောင်။” အမိန့်တော်တစ်ခုနှင့်အတူ ပြုပြင်မွမ်းမံသည့် စစ်သင်္ဘော ၁၀၀ တို့က ဆိပ်ကမ်းမှ ခမ်းနားထည်ဝါစွာဖြင့် ထွက်ခွာ၏။ ကျယ်ပြောလွန်းသည့် ပင်လယ်ပြင်ဆီသို့ ရွက်လွင့်နေ၏။ ဆိပ်ကမ်းတင်မကဘဲ ပြင်ပပင်လယ်ပြင်တွင်လည်း ပိတ်ဆို့ထားခဲ့ကြပြီး မည်သည့်သင်္ဘောမှ ဖြတ်သန်းခွင့် မပြုချေ။ မိုင်ပေါင်းရာနှင့်ချီ ဝေးကွာသည့် ပင်လယ်ပြင်သို့ ရောက်ရှိလာခဲ့၏။
“ဖုံးအုပ်တာတွေအားလုံး ဖယ်ရှားလိုက်တော့။” အမြှောက်များကို ဖုံးအုပ်ထားသည့် အဝတ်စအားလုံးတို့ကို ဖယ်ရှားလိုက်ချိန်မှာတော့ မဲနက်တောက်ပြောင်နေသည့် အမြှောက်များ ထွက်ပေါ်လာ၏။ ထိုအရာက စနစ်တကျ စီတန်းလျက်ရှိပြီး မရေတွက်နိုင်အောင်ပင်။
အမြှောက် စစ်သင်္ဘော ၁၀၀ ကျော်။ သေချာသည်က တကယ့် စစ်သင်္ဘောကြီးက ၂၀ သာ ပါဝင်ပြီး ကျန်ရှိသည့် သင်္ဘောများက အလယ်အလတ်နှင့် အသေးစား အမြှောက်တင်သင်္ဘောများသာပင်။ သို့သော်ငြား ထိုအရာကပင် လုံလောက်အောင် ထိတ်လန့်စရာကောင်းနေပြီ ဖြစ်၏။
နောက်ဆုံးမှာတော့ တည်ဆောက်ပြီးစီးသွားခဲ့၏။ ရှမ့်လန်က ဤအရာများအတွက် အနောက်လောကတွင် တစ်နှစ်ခွဲခန့် နေထိုင်ခဲ့ရခြင်းဖြစ်ပြီး ယခု နောက်ဆုံးမှာတော့ အောင်မြင်သွားခဲ့၏။ သူ၏ အရှုံးမရှိသည့် သင်္ဘောအုပ်စုကြီး က နောက်ဆုံးတွင် မွေးဖွားလာခဲ့ပြီ။
လောကကြီးတွင် ဤသင်္ဘောအုပ်စုကို ယှဉ်နိုင်မည့် မည်သည့် သင်္ဘောအုပ်စုမျိုးမှ ရှိလိမ့်မည် မဟုတ်ကြောင်း သေချာသိရှိ၏။ ဤအရာက သမုဒ္ဒရာတစ်ခုလုံးကို လွှမ်းမိုးနိုင်မည်ဖြစ်ပြီး လောကကြီးတစ်ခုလုံးကို အံ့အားသင့်စေပေလိမ့်မည်။
“ပစ်ခတ်ကြစမ်း။”
အမြှောက်အလက် ရာနှင့်ချီ၍ တပြိုင်နက်တည်း ပစ်ခတ်၏။
“ဘုန်း… ဘုန်း..” လောကပျက်လုမတတ် ကျယ်လောင်သည့် အသံကြီးများ ထွက်ပေါ်၏။ အမြှောက်ဆံ ရာနှင့်ချီတို့က ဥက္ကာခဲများအလား လွင့်စင်သွားခဲ့ကြ၏။ မိုင်ပေါင်း ရာနှင့်ချီသည့် အကွာအဝေးသို့ လွယ်ကူစွာပင် ရောက်ရှိကုန်သည်။
ထို့နောက်တွင်တော့ အဝေးမှ ပစ်မှတ်သင်္ဘောက ချက်ချင်း ဖောက်ခွဲခံလိုက်ရ၏။ အစအနမကျန် အပိုင်းပိုင်း အစစ ကြေမွကာ ပျက်စီးသွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်း ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုး ဖြစ်လာ၏။
ရှမ့်လန်က မှင်သက်သွားမိ၏။ ပစ်မှတ်ကို တစ်ကြိမ်တည်း ပစ်ခတ်၍ တစ်ခါတည်း ပေါက်ကွဲသွားခဲ့ခြင်းက အံ့အားသင့်စရာပင်။ တစ်စုံတစ်ယောက် က ပစ်မှတ်သင်္ဘောပေါ် ယမ်းများတင်ထားခဲ့ပြီး သူတို့ ပစ်ခတ်လိုက်သည်နှင့် ဖောက်ခွဲ လိုက်သည်လားဟုပင် သံသယဝင်မိသည်။
ရှမ့်လန်က မကြာမီမှာပင် လိမ်ညာထားခြင်း မဟုတ်ကြောင်း သိရှိခဲ့ရ၏။ အဘယ်ကြောင့် ဆိုသော် ဦးခေါင်းခွံ ဂိုဏ်းမှ သင်္ဘောသားများနှင့် အရှေ့တိုင်းသူရဲကောင်း အမြှောက်တပ်သားများတို့ကလည်း မှင်သက် နေသောကြောင့်ပင်။ သူတို့က တစ်ဦးကိုတစ်ဦး လှမ်းကြည့်နေကြ၏။ သူတို့ သရဲကို မြင်ခဲ့လေသည်လား။
ပထမဦးဆုံးအကြိမ် ပစ်ခတ်မှုမှာတင် ပစ်မှတ်ကို ထိမှန်ရုံတင်မက ပစ်မှတ်သင်္ဘောပါ တစ်ခါတည်း ပျက်စီးသွားခဲ့၏။
သို့သော်ငြား အစီအစဉ်အရ နောက်ထပ် အကြိမ်ပေါင်း ဒါဇင်နှင့်ချီ စမ်းသပ် ပစ်ခတ်မှုများကို လုပ်ဆောင်ရပေဦးမည်။ ယခု ပစ်မှတ်သင်္ဘောက နစ်မြုပ်တော့မည် ဖြစ်သောကြောင့် ပစ်မှတ်က မရှိတော့ချေ။ စမ်းသပ် ပစ်ခတ်ရန်လည်း မလိုတော့ချေ။
“သောက်ကျိုးနည်း၊ ဒါဘာကြီးလဲ။”
အရှေ့တိုင်းသူရဲကောင်းတို့က တကယ်ကို စိတ်လှုပ်ရှားမိနေ၏။ ဤအချက်က ဘာကို သက်သေပြသနည်း။
နတ်ဘုရားများကိုယ်တိုင်ပင်လျှင် သူတို့၏ အရှင် ဧကရာဇ်ကို ကူညီနေကြောင်း သက်သေပြခြင်းပင်။ ရုတ်တရက် လူသောင်းနှင့်ချီတို့က တပြိုင်နက်တည်း ကြွေးကြော်လိုက်၏။
“ကောင်းကင်ဘုံက အရှင့်ကို စောင့်ရှောက်ပါစေ။”
……………….