အခန်း (၉၀၉-၉၁၀)
Vol. 55 Ch. 909-910
အပိုင်း (၉၀၉)
ရှမ့်လန်က တုန်လှုပ်ဖွယ်ရာကောင်းသည့် မြင်ကွင်းကို နောက်တစ်ကြိမ် မြင်တွေ့လာရ၏။ လောက၏ အဆုံးသို့ ရောက်ရှိနေသည့်အလားပင်။ အဆုံးသတ် မှောင်မိုက်ခြင်းများက အရှေ့ဘက် ပင်လယ်ပြင်ကို ဖုံးလွှမ်းထားခဲ့ပြီး မှောင်မိုက်သည့် တံတိုင်းကြီးက ကောင်းကင်နှင့် ပင်လယ်အကြား သီးခြား တည်ရှိနေခဲ့သကဲ့သို့ပင်။
ထိုအရာက မိုင်ပေါင်းထောင်ချီ၍ ကျယ်ပြော၏။ ရေတွက်၍မရနိုင်သည့် လျှပ်စီးတန်းများက နဂါးများကဲ့သို့ပင် လက်ခနဲ လက်ခနဲ ပေါ်လာ၏။ ဤနေရာဆီသို့ နေရောင်ခြည်ပင် မထိုးဖောက်နိုင်ဘဲ ထာဝရ မှောင်မိုက်နေသည့် အလားပင်။ လောကကြီးတစ်ခုလုံး ပျက်စီးလုမတတ် အနေအထားမျိုး ဖြစ်နေ၏။
မိစ္ဆာတြိဂံနယ်မြေ က တြိဂံပုံသဏ္ဍာန်ရှိ၏။ ပြီးခဲ့သည့်အချိန်က ရှမ့်လန်၏ ရေတပ်က မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ မြောက်ဘက်မှ ဝင်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာတော့ ရှမ့်လန် မြင်တွေ့နေရသည်က မိစ္ဆာတြိဂံ၏ အရှေ့ဘက်ခြမ်း ဖြစ်သည်။
သူ၏ ချစ်လှစွာသော မူလန်က ထိုမိစ္ဆာတြိဂံနယ်မြေအတွင်း၌ ရှိနေ၏။ ကျင်းမိသားစု၊ ရှမ့်မီ၊ ရှမ့်ယီ၊ ရှမ့်လီနှင့် တခြားသူ အားလုံးက ထိုမိစ္ဆာတြိဂံနယ်မြေ အတွင်းတွင် ရှိ၏။
“ဦးလေး ဂျက်ထန်... ဦးလေးက အပြင်မှာပဲနေခဲ့ပြီး ရေတပ်အုပ်စုတစ်ခုလုံးကို ကွပ်ကဲပေးပါ။” ရှမ့်လန်က ပြောလိုက်သည်။
“ကောင်းပါပြီ။” ဂျက်ထန်က ပြန်ဖြေ၏။
ပြီးနောက် ရှမ့်လန်က လျှပ်စီးဒဏ်ကို ခံနိုင်စွမ်းရှိသည့် အထူးသင်္ဘောငယ်လေး တစ်စင်းပေါ်သို့ ပြောင်းရွှေ့၏။ ဟီလာနှင့် ချောင်ယောင်းအာတို့က သူ၏ နောက်မှ လိုက်ပါလာကြမှာဖြစ်ပြီး ဦးခေါင်းခွံဂိုဏ်းမှ အတုမဲ့ရဲရင့်သည့် ရေတပ်သား ရာဂဏန်းခန့်က ဤအထူးသင်္ဘောကြီးကို ထိန်းချုပ်ကာ မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ဝင်ရောက်ကြပေမည်။
ရုတ်တရက် ယောင်ယောင်က ရှမ့်လန်ကို ချီခိုင်းသည့်လား လက်နက်ဖက်ကို ဆန့်တန်း၏။ ရှမ့်လန်က အမြန်ပင် ခေါင်းခါကာ ဆိုသည်။
“မရဘူး သမီးလေး... လိုက်လို့မဖြစ်ဘူး။ ဖေဖေက သမီးရဲ့ မောင်လေးနဲ့ ညီမလေးတို့ကို မြန်မြန် သွားခေါ်လာခဲ့မယ်။ ဟုတ်ပြီလား။”
သို့သော်ငြား ယောင်ယောင်က ရှမ့်လန်၏ ခြေထောက်ကို ဖက်ထား၏။ စကားပြောနိုင်စွမ်းမရှိသော်လည်း သူမ၏ မျက်လုံးထဲရှိ မည်သူမှမယှဉ်နိုင်သည့် ပြတ်သားမှု အရိပ်အရောင်များက တောက်ပနေ၏။ သူမက အသက် ၇ နှစ် အရွယ်သာ ရှိသေးသည်ကိုပင် မေ့လျော့သွားရသည်။
ဟီလာက ရုတ်တရက်ပြော၏။ “မောင်လေး... ယောင်ယောင်က သမုဒ္ဒရာနဲ့ တစ်သားတည်း ဖြစ်နေပုံရတယ်။ ပြီးတော့ မိစ္ဆာတြိဂံနယ်မြေဆိုတာ ပျောက်ဆုံးနိုင်ငံတော်ရဲ့ အပျက်အစီးတွေလိုပဲ။ တစ်ချိန်က ဘုရင်မမီဒူဆာ အုပ်ချုပ်ခဲ့တာလေ။ ဒါကြောင့် ယောင်ယောင်က ဒီကိုလာတာ ကောင်းကင်ဘုံရဲ့ အလိုတော်တစ်ခုလည်း ဖြစ်နိုင်တယ်။”
သို့သော်ငြား ရှမ့်လန်က ယောင်ယောင့်အား အန္တရာယ်ကြားထဲသို့ မခေါ်သွားချင်ပေ။
ဟီလာက ထပ်မံကာ ပြော၏။ “ငါက ယောင်ယောင့်ကို အချစ်ဆုံးပဲ။ ဒါပေမဲ့ ရှမ့်လီ၊ ရှမ့်ယီနဲ့ ရှမ့်မီတို့တောင် မိစ္ဆာတြိဂံနယ်မြေထဲ ဝင်ဖူးကြတာပဲ မဟုတ်လား။ သူတို့ကရော အန္တရာယ် ရှိခဲ့လို့လား။”
ရှမ့်လန်က အချိန်တော်ကြာ ဝေခွဲမရဖြစ်နေ၏။ ဟီလာပြောသည်က မှန်ကန်ကြောင်း သူ သိသော်လည်း ဖခင်တစ်ဦး ၏ စိတ်ခံစားချက်များအရ သူက တကယ်ပင် မခေါ်သွားရက်ပေ။
“သမီးလေး... သမီးတကယ်ပဲ ဖေဖေ့နောက်ကို လိုက်ချင်တာလား။” ရှမ့်လန်က မေးမြန်းလိုက်၏။
ယောင်ယောင်က ခေါင်းကို အပြင်းအထန် ညိတ်ပြ၏။ ပြီးနောက် လက်နှစ်ဖက်ကို ထပ်မံကာ ဆန့်တန်းလိုက် ပြန်သည်။
ရှမ့်လန်က အံကိုကြိတ်ကာဖြင့် ယောင်ယောင့်ကို ပွေ့ချီလိုက်၏။ ပြီးနောက် အထူးသင်္ဘောဆီသို့ လျှောက်လှမ်း သွား၏။
“သမီးလေး ယောင်ယောင်... သမီးက ဖေဖေအတွက် ကောင်းကင်ဘုံကနေ စေလွှတ်လိုက်တဲ့ နတ်သမီးလေး တစ်ပါး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကဲ... သွားကြရအောင်။”
ရှမ့်လန်၏ အမိန့်ပေးမှုအောက်မှာပဲ ဤအထူးသင်္ဘောငယ်လေးက မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ဖြည်းညင်းစွာ ဦးတည်သွားသည်။ “ချစ်လှစွာသော မူလန်... ငါ လာပြီ။”
...........
ရှမ့်လန် ဤလောကကြီးထဲသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့ပြီးနောက် မည်သည့်အမျိုးသမီးက ကံအဆိုးဆုံး ဖြစ်သနည်းဟု မေးမြန်းလာခဲ့ပါက မဆိုင်းမတွပင် ရှစ်ချင်းချင်းဟု ဖြေဆိုရပေလိမ့်မည်။ သူမက ဆင်းရဲဒုက္ခတို့၏ ကိုယ်ပွားဟုပင် သတ်မှတ်နိုင်၏။
သူမ၏မိသားစုက ကျန်းချုံးတို့ သားအဖကြောင့် ပျက်စီးခဲ့ရပြီး သူမကိုယ်တိုင်ကလည်း ရှမ့်လန်ကြောင့် စီးပွားပျက် ခဲ့ရ၏။ ပြီးနောက် ရှမ့်လန်နှင့် ရွှမ်ဝူနယ်စားကြီးစံအိမ်တော်၏အကူအညီဖြင့် မိသားစု လုပ်ငန်းများကို ပြန်လည် ဦးမော့အောင် ကြိုးစားနိုင်ခဲ့သော်လည်း နောက်ဆုံး ရှမ့်လန်ကြောင့်ပဲ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြန်သည်။
ရှမ့်လန်၏ အထောက်အထားမှန် ပေါ်ပေါက်လာသည့် အချိန်တွင် ရှစ်ချင်းချင်း၏ တုံ့ပြန်မှုက အခြားသူများ နည်းတူပင် ဖြစ်၏။ သူမက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
“ဘာ... ဒီလူယုတ်မာက အင်ပါယာကျန်းလီရဲ့သား ဟုတ်လား။ နတ်ဘုရားတွေ မျက်စိများ ကန်းနေကြတာလား။ သူက လူယုတ်မာတစ်ယောက်ပဲ။ ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီးတော့ အင်ပါယာကျန်းလီနဲ့ အဆက်အနွယ် ဖြစ်နိုင်မှာလဲ။ သူက ကျင်းမူလန်နဲ့တောင် မတန်ဘူး။ အလွန်ဆုံးတန်ရင် ငါ ရှစ်ချင်းချင်းနဲ့ပဲ တန်တာ။ ခွေးနဲ့ ဝက်ဆိုတာမျိုးမှ ထာဝရ မြဲမှာမဟုတ်လား။”
ပြီးနောက် ချင်းချင်းက ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရ၏။ ကျင်းမိသားစုနှင့် အတူ ထွက်ပြေးသင့်နေပြီလား။ သို့ပေမည့် နောက်ဆုံးမှာတော့ သူမက ထိုသို့မပြုလုပ်ခဲ့ချေ။ အကြောင်းရင်းက သူမက ရှမ့်လန်အတွက် မည်သူမှ မဟုတ်သောကြောင့်ပင်။ အကယ်၍ သူမတစ်ကိုယ်တည်းသာ ဖြစ်ပါက ရှမ့်လန်နှင့်အတူ ထွက်ပြေးရန် ရွေးချယ်ကောင်း ရွေးချယ်နိုင်သော်လည်း သူမတွင် မိသားစု ရှိနေသေးသောကြောင့် တစ်ကိုယ်ကောင်း မဆန်နိုင်ခဲ့ချေ။
သူမက ပင်ပန်းကြီးစွာ စီမံခန့်ခွဲရသည့် မိသားစုလုပ်ငန်းအားလုံးကို စွန့်လွှတ်ကာ တခြားသောနည်းလမ်းဖြင့် ထွက်ပြေးခဲ့ရ၏။ ထိုအချိန်မှာတော့ သူမ၏နှလုံးသားကလည်း ကြေကွဲနေ၏။ သူမက စိတ်နာနာဖြင့် ရေရွတ်မိ သည်။ “ရှမ့်လန်... တကယ့်ဂြိုဟ်ဆိုးပဲ။”
သူမက မိသားစုဝင်တချို့နှင့် ကျေးလက်တောရွာသို့ ထွက်ပြေးခဲ့ပြီး တောင်ပေါ်တွင် အိမ်ငယ်လေးတစ်လုံးဖြင့် တိတ်တဆိတ် နေထိုင်နေ၏။ ဤမျှ ဝေးလံခေါင်ဖျားသည့် နေရာသို့ ရန်သူများ မရောက်နိုင်ဟု သူမ ထင်မှတ်ခဲ့၏။ ထို့အပြင် သူမက ရှမ့်လန်နှင့်လည်း ဘာမှပတ်သက်မှု မရှိတော့ဟု ခံစားမိသည်။
သို့သော်ငြား ရှစ်ချင်းချင်းက အင်အားကြီးပုဂ္ဂိုလ်တချို့တို့၏ အလိုရမ္မက်ကို အထင်သေးခဲ့မိ၏။ လူအားလုံးကို ဆက်စပ် ဖမ်းဆီးခြင်းက ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ရှစ်ချင်းချင်း၏ ပတ်သက်မှုများကို မဆိုနှင့် နန်းတွင်းကျောင်းရှိ ကျင်းမူကုန်းနှင့် စကားပြောဖူးသူများကိုပင် မိသားစုလိုက် ဖမ်းဆီးကာ ထောင်ထဲ တစ်နှစ်ကျော်ကြာ ပိတ်လှောင်ထားခဲ့၏။ ယခုအချိန်ထိ လူပေါင်း တစ်သောင်းကျော် သတ်ဖြတ်ခံရပြီး ဖြစ်ပြီး သတ်ရန် ကျန်ရှိနေသည့် လူများ ရှိနေဆဲပင်။
ရှမ့်လန်နှင့် ကျင်းမူကုန်းတို့ကို မဆိုထားနှင့် နာကျည်းမှုတို့နှင့်ပင် ပတ်သက်ခွင့် မရှိတော့ပေ။ သုံးလ မပြည့်ခင်မှာပဲ ရှစ်ချင်းချင်း၏ မိသားစုက ဖမ်းဆီးခံရ၏။ ကျိုးကျောင်းရန်ကိုယ်တိုင် လူလွှတ်၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရှစ်ချင်းချင်းက ထက်မြက်သူဖြစ်သောကြောင့် မိသားစုကို ကာကွယ်ရန် မည်သို့လုပ်ဆောင်ရမည်ကို သိရှိ၏။ သူမက သူမနှင့် ရှမ့်လန်တို့ အတိတ်က မည်သို့မှ ပတ်သက်မှုမရှိဘဲ သေကာမှ ပြတ်မည့် ရန်သူများသာ ဖြစ်ခဲ့သည်ဟု ဆို၏။ သို့သော်ငြား ထိုစကားများက သူမကို မကယ်တင်နိုင်ခဲ့ချေ။
ထိုအချိန်မှာတော့ ရွှမ်ဝူမြို့ဝန်ကျူးဝမ်ဟွာက သူမအား ခေါင်းဖြတ်သတ်ရန် အမိန့်ချခဲ့၏။ မှန်ပေ၏။ ထိုသူက လန်ရှန်နယ်စားလေးအိမ်တော်၏ သားဖြစ်သူ ကျူးဝမ်ဟွာပင်။ သူက တစ်ချိန်က ပညာရှိတစ်ဦး ဖြစ်ပြီး ရှမ့်လန်နှင့် နှိုင်းယှဉ်နိုင်သည့် စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပြီး ရှမ့်လန်၏စာအုပ်ကြောင့် သူက အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရ၏။
ပြီးနောက် လန်ရှန်နယ်စားလေး အိမ်တော်က ရှမ့်လန်ကြောင့် ရေနစ်မြုပ်ခဲ့ရပြီး နယ်စားလေး ကျူးလန်ထင် ကလည်း ရှမ့်လန်၏လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။ မိသားစုပျက်စီးပြီးနောက် ကျူးဝမ်ဟွာက နန်းတွင်း စာမေးပွဲကို ဖြေဆိုကာဖြင့် သတ္တမအဆင့်ရှိ နန်းတွင်းစစ်ဆေးရေးမှူး ဖြစ်လာသည်။
ရာထူးရလာသည်နှင့် သူက ရှမ့်လန်ကို ရှုတ်ချကာဖြင့် ကျင်းမိသားစုက ဝူနိုင်ငံနှင့် ပူးပေါင်း၍ ပုန်ကန်နေသည်ဟု စွပ်စွဲခဲ့၏။ ထိုအကျိုးဆက်ကြောင့် သူက ရှမ့်လန်၏ လက်ချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့၏။ သူက နင်ယွမ်ရှန်း၏ ကြိမ်ဒဏ်ပေးမှုကို ခံရခဲ့ပြီး အထူးတရားရုံးချုပ်၏ ထောင်သို့ ပို့ဆောင်ခံရ၏။
သာမန်အခြေအနေအရဆိုလျှင် ကျူးဝမ်ဟွာက ထောင်ထဲတွင်ပင် ဘဝဆုံးပေလိမ့်မည်။ ပြန်ထွက်လာနိုင်စရာ အကြောင်း မရှိချေ။ သို့သော်ငြား ရှမ့်လန်၏ အထောက်အထား အမှန်တကယ် ပေါ်ပေါက်လာခဲ့ပြီးနောက် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။
အသက်ရှင်ကျန်ရစ်နေသည့် ရှမ့်လန်၏ ရန်သူအားလုံးက သူရဲကောင်းများ ဖြစ်လာ၏။ ထောင်ထဲသို့ ရောက်နေသူများက ပြန်လည် လွတ်မြောက်လာခဲ့ပြီး ရာထူးမှ ထုတ်ပယ်ခံရသူများက မူလရာထူးကို ပြန်လည်ရရှိ၏။
ကျူးဝမ်ဟွာက ပြန်လည်လွတ်မြောက်လာခဲ့ပြီး ရှမ့်လန်၏ ဇာတိမြေဖြစ်သော ရွှမ်ဝူမြို့တွင် မြို့တော်ဝန်အဖြစ် ခန့်အပ်ခံရသည်။
ထိုအပြင် တခြားသောသူတစ်ဦးက ကျန်းချန်ကျွန်းအတွက် ကျင်းမိသားစုနှင့် ယှဉ်ပြိုင်ခဲ့ဖူးသည့် ကျင်းဟိုင်မြို့စား စံအိမ် ထန်မိသားစုမှ ဖြစ်သည်။ ရှမ့်လန်၏ ပင်လယ်ရပ်ခြားမှ အုပ်ချုပ်ရေး မဟာဗျူဟာ အောင်မြင်ခဲ့ပြီးနောက် နင်ယွမ်ရှန်းက ကျင်းဟိုင်မြို့စားစံအိမ်ကို ဖျက်ဆီးကာ မိသားစုဝင်အားလုံးကို ခေါင်းဖြတ်သတ်ခဲ့၏။
ကျင်းဟိုင်မြို့စားစံအိမ် ကပ်ဘေးဆိုက်တော့မည်ကို သိရှိသဖြင့် ဆက်ခံသူ ထန်ယွင်အား ကြိုတင် ဖော်ထုတ်ရန် ခိုင်းစေခဲ့၏။ ထန်ယွင်၏အသက်ဘေးက ဘေးကင်းခဲ့ရ၏။ အတိအကျပြောရမည်ဆိုလျှင် ထျန်းနန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ကယ်တင်ခဲ့ခြင်းပင်။
သို့သော်ငြား နင်ယွမ်ရှန်း ထီးနန်းစိုးစံစဉ်ကာလအတွင်း ထန်ယွင်က မည်သို့မှ ထင်ပေါ်ခွင့် မရခဲ့ချေ။ သူက လူမသိသူမသိ ဘဝဖြင့် ကုန်ဆုံးရတော့မည်ဟု ထင်မှတ်ခဲ့၏။ သို့သော်ငြား ဤမျှကြီးမားသည့် ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
ရှမ့်လန်က တော်ဝင်ရန်အင်ပါယာ၏ အကြီးမားဆုံးသော သစ္စာဖောက် ဖြစ်လာခဲ့ပြီးနောက် ရှမ့်လန်၏ ရန်သူ ဖြစ်ခဲ့ဖူးသော ထန်ယွင်က သူရဲကောင်း ဖြစ်လာခဲ့၏။ သူ၏အခြေခံက တကယ့်ကို မြင့်မားသောကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အထွေထွေစာမေးပွဲ၌ တတိယရရှိခဲ့သူပင်။ အရေးအကြီးဆုံးအချက်က သူ၏ နောက်ကွယ်တွင် ကျူးကျွင်း ရှိနေခြင်းပင်။
နင်ရှောင်နန်းတက်ခဲ့ပြီးနောက် ထန်ယွင်က မြို့တော်တွင် လအနည်းငယ်ကြာ နေထိုင်ခဲ့ပြီး နုကျန့်စီရင်စု၏ မြို့တော်ဝန် ဖြစ်လာ၏။ သူက ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် အသက်အငယ်ဆုံးသော မြို့တော်ဝန် ဖြစ်လာခဲ့သည်။
ကျူးမိသားစုက ထန်ယွင်အား အထူးလေ့ကျင့်ပေးလိုကြောင်း လူတိုင်း မြင်နိုင်ကြ၏။ နောက်နှစ်ပေါင်း ၂၀ အတွင်း သူက ဝန်ကြီးအဖွဲ့သို့ ဝင်ရောက်ကာ ဝန်ကြီးချုပ်တစ်ဦး ဖြစ်လာနိုင်၏။ လောကကြီးက တကယ့်ကို အတက်အကျ များလှပေ၏။
.......
ရှစ်ချင်းချင်းရှိရာကို ပြန်သွားရမည်ဆိုလျှင် သူမက မိသားစုလိုက် ခေါင်းဖြတ်သတ်ခံရမည် ဖြစ်သော်လည်း အသက်ရှင်ခွင့် ရခဲ့၏။ အကြောင်းရင်းက သူမ၏ မိသားစုပိုင် ပစ္စည်းအားလုံးကို ကျိုးကျောင်းရန်ထံ ဆက်သ ခဲ့ရသောကြောင့်ပင်။
မှန်ပေ၏။ သူမ၏ ပစ္စည်းဥစ္စာများ မရှိတော့သောကြောင့် ဆက်သသည်ဆိုသောအရာက အဓိပ္ပာယ်မရှိချေ။ သို့သော်ငြား အဓိကအချက်အားဖြင့် သူမတွင် စီမံခန့်ခွဲမှုဆိုင်ရာ အစွမ်းအစရှိနေပြီး ကျိုးမိသားစုအတွက် အကျိုးအမြတ်များစွာကို ဆောင်ကြဉ်းပေးနိုင်သောကြောင့်ပင်။
ကျိုးကျောင်းရန်က ရှမ့်လန်၏အထောက်အထားများကို ဖော်ထုတ်ရာတွင် ပါဝင်ခဲ့သောကြောင့် ကျိုးမိသားစုက အာဏာ ရလာခြင်း ဖြစ်၏။ သို့သော်ငြား ထိုအရာက စတင်ဦးမော့လာရုံသာ ရှိသေးသောကြောင့် အရင်းအနှီး များစွာ လိုအပ်၏။ ထို့ကြောင့် ကျိုးကျောင်းရန်က ရှစ်ချင်းချင်း၏သစ္စာခံမှုကို လက်ခံပြီး ရှစ်မိသားစု၏ အသက်များစွာကို ကယ်တင်ခဲ့၏။
သို့သော်ငြား ထိုအချိန်မှစ၍ ရှစ်ချင်းချင်းက ကျိုးမိသားစုအတွက် ငွေရှာရန် ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရ၏။ သူမက ပိုးစာခင်းများကို စီမံကာ ပိုးထည်များ ထုတ်လုပ်ရန် ကြိုးစားခဲ့သော်လည်း ရရှိလာသည့် ငွေကြေးများက သူမနှင့် မည်သို့မှ မသက်ဆိုင်ခဲ့ချေ။
သူမက နေ့စဉ် ကျိုးကျောင်းရန်ကို ကျိန်ဆဲမိနေသော်လည်း ဘာမှမထူးခြားချေ။ သူမက အားနွဲ့သည့် အမျိုးသမီး တစ်ဦး ဖြစ်ပြီး ကာကွယ်ရမည့် မိသားစုကလည်း ရှိနေသောကြောင့် အမြတ်ထုတ်ခံနေရသည်ကိုသာ ငြိမ်ခံရ၏။
သို့သော်ငြား ယခုအချိန်မှာတော့ သူမ၏အန္တရာယ်ကို တစ်ဖန်ပြန်လည် ခံစားလာရပြန်၏။ ကျိုးကျောင်းရန် စေလွတ်လိုက်သည့် လူတချို့က သူမ၏နေရာကို တဖြည်းဖြည်း အစားထိုးလာခဲ့ကြပြီး လုပ်ငန်းများကို လွှဲပြောင်း ရယူသည်။
ရှစ်ချင်းချင်းက ကျိုးကျောင်းရန်အတွက် အသုံးမဝင်တော့သည်နှင့် သေရမည့် အချိန်ကို ရောက်လာပေတော့မည်။ ကျိုးကျောင်းရန်က ရက်စက်သည့် နှလုံးသားရှိသူဖြစ်သောကြောင့် ရှစ်ချင်းချင်း မည်မျှပင် ရိုသေပြီး သစ္စာ ရှိနေပါစေ ယုံကြည်လိမ့်မည် မဟုတ်ချေ။
ရှစ်ချင်းချင်းသည် မကြာခင် ပြဿနာတက်တော့မည်ကို သိသာစွာ ခံစားနေရသော်လည်း ဘာမှမတတ်နိုင်ချေ။ ကျားနှင့် ဝံပုလွေတို့ အုပ်စိုးသည့် ဤလောကကြီးတွင် သူမက သိုးငယ်လေး တစ်ကောင် ကဲ့သို့ပင်။
ထိုအချိန်မှာတော့ တစ်စုံတစ်ယောက်က သူမထံသို့ ရောက်ရှိလာခဲ့၏။ ရွှမ်ဝူမြို့တော်ဝန် ကျူးဝမ်ဟွာက တိုက်ရိုက်ပင် မေး၏။ “ရှမ့်လန်က မင်းကို ထိပါးခဲ့ဖူးလား။”
ရှစ်ချင်းချင်းက တိုက်ရိုက်ပင် ဖြေသည်။ “ထိပါးခဲ့တာပေါ့။ သူ့လို လူယုတ်မာမျိုးက ကျွန်မကို ဘယ်လွှတ်ထား ပါ့မလဲ။”
သူမ လိမ်ညာလိုက်ခြင်းပင်။ ရှမ့်လန်က သူမအား မည်သည့်အခါမှ မထိပါးခဲ့ဖူးချေ။ ယခုအချိန်ထိ သူမက စင်ကြယ်နေဆဲ ဖြစ်၏။ သို့သော်ငြား သူမသာ အပျိုစင်ဖြစ်သည်ဟု ပြောလိုက်ပါက ကျူးဝမ်ဟွာ၏ ရမ္မက်ဇောအား နှိုးဆွမိမည်ကို စိုးရိမ်မိ၏။
“ကောင်းပြီလေ။”
ကျူးဝမ်ဟွာက ပြောသည်။ “ရှမ့်လန်ရဲ့ မိန်းမတွေကို ငါ မြည်းစမ်းကြည့်ချင်နေတာ။ အဲဒီ ဇာတ်လမ်းထဲက ရှီမန်ချင်းချင်း ဆိုတာ မင်းမဟုတ်လား။ ဒီပုံကို ငါကြည့်လို့ မဝနိုင်ဘူး ဖြစ်ခဲ့ရတယ်။”
ရှစ်ချင်းချင်း၏ မျက်နှာက ဖြူလျော်သွား၏။
ကျူးဝမ်ဟွာက ဆက်ပြောသည်။ “မင်းလည်း သိတဲ့အတိုင်းပဲ။ ငါ့ရဲ့ ကျူးမိသားစုမှာ ဧကပေါင်း ထောင်ချီတဲ့ မြေရာတွေ ရှိတယ်။ ဒါကြောင့် ငါကလည်း ပိုးထည်လုပ်ငန်းကို လုပ်လို့ရတယ်။ ငါ့မှာ ဆိုင်တာဝန်ခံ မရှိသေးဘူး။ ဘာမှမရှိတဲ့ အခြေအနေကနေ စီးပွားရေး အင်ပါယာတစ်ခုကို တည်ဆောက်နိုင်မယ့် လူမျိုးကို လိုအပ်နေတယ်။ မင်းက အသင့်တော်ဆုံးပဲ။”
ရှစ်ချင်းချင်း နားလည်လိုက်၏။ ရွှမ်ဝူမြို့တော်ဝန်အနေနှင့် ကျူးဝမ်ဟွာက နုကျန့်မှ ပိုးထည်များကို ကျိုးမိသားစု တစ်ဦးတည်း လက်ဝါးကြီးအုပ်နေသည်ကို မကြည့်လိုဘဲ အကျိုးအမြတ် ခွဲယူလိုခြင်းပင်။
နောက်ဆုံးတော့ မည်သူက ငွေမလိုဘဲ နေမည်နည်း။ အထူးသဖြင့် ကျူးဝမ်ဟွာသည် ရာထူး အဆင့်တက်လှမ်းလိုပါက ငွေကြေးအမြောက်အများ လိုအပ်ပေလိမ့်မည်။
ကျူးဝမ်ဟွာက ပြော၏။ “ကျိုးမိသားစုနဲ့ မင်းရဲ့အခြေအနေက သိပ်မကောင်းဘူး မဟုတ်လား။ မင်းရဲ့ အသုံးဝင်မှုကလည်း ကုန်တော့မယ်။ ကျိုးမိသားစုရဲ့ ဆိုင်တာဝန်ခံက လုပ်ငန်းကို လွှဲပြောင်းရယူပြီးတာနဲ့ မင်းကို သတ်ပစ်ကြ တော့မှာပဲ။ ကျိုးကျောင်းရန်က ရက်စက်တဲ့ မိန်းမပဲ။ အထူးသဖြင့် ရှမ့်လန်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ လှပတဲ့ မိန်းမတွေကိုပေါ့။ ဒီတော့ မင်းကလည်း အသေပဲ။ မင်းရဲ့ မိသားစုကလည်း အသေပဲ။”
ရှစ်ချင်းချင်းက စကားတစ်လုံးမှ မဆိုနိုင်ခဲ့ချေ။
ကျူးဝမ်ဟွာက ဆက်ပြောသည်။ “ငါ့ဆီမှာ လာခိုလှုံ။ ငါ့အတွက် ငွေရှာပေး။ ဒါဆိုရင် မင်းနဲ့ မင်းရဲ့ မိသားစုကို ငါ ကာကွယ်ပေးမယ်။ အရေးကြီးဆုံးက ငါက ယောက်ျားတစ်ယောက်ပဲ။ မင်း အသုံးမဝင်ဘူးဆိုရင်တောင်မှ သတ်မှာ မဟုတ်ဘူး။ ဒါကြောင့် မင်းက ငါ့ရဲ့ ဆိုင်တာဝန်ခံတင် မကဘူး၊ ငါ့ရဲ့ မယားငယ်လည်း ဖြစ်ရမယ်။ ဒါဆိုရင် မင်းရှာနေတဲ့ ငွေက မင်းရဲ့ မိသားစုအတွက်လည်း ဖြစ်တာမို့ မင်းလည်း ပိုကြိုးစားလာမှာပေါ့။”
ရှစ်ချင်းချင်း၏ နှလုံးသားက ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ လောကကြီးက တကယ်ပဲ ဤမျှလောက် မှောင်မိုက်နေသည်လား။ သူမအတွက် အသက်ရှင်ဖို့ လမ်းစ တကယ်ပင် မရှိတော့ဘူးလား။
ကျူးဝမ်ဟွာက ပြော၏။ “ဘာလဲ။ ငါ့ရဲ့ မယားငယ်ဖြစ်ရမှာ ဝမ်းနည်းနေလား။ ငါက ရွှဲ့ပြည်နယ်ရဲ့ ပညာရှိ တစ်ယောက် ဖြစ်သလို ရွှမ်ဝူမြို့တော်ဝန်၊ လန်ရှန်နယ်စားလေးရဲ့ သားလည်း ဖြစ်တယ်။”
ရှစ်ချင်းချင်းက ပုံမှန် အရှေ့တိုင်းအလှမျိုးရှိခဲ့သူပင်။ ယခင်က ပြည့်ပြည့်ဖြိုးဖြိုး ရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပင်ပန်းလွန်းသောကြောင့် ပိန်သွားခဲ့၏။ သူမ၏ သွယ်လျသည့် ကိုယ်လုံး ကိုယ်ပေါက်က တကယ့်ကို ဆွဲဆောင်မှုရှိပြီး အသက် ၂၇ နှစ်အရွယ် ဆိုသည်က အမျိုးသမီးတစ်ဦး၏ အလှဆုံးနှင့် အရင့်ကျက်ဆုံးသော အရွယ်လည်း ဖြစ်၏။ ထိုအရာက တကယ့်ကို ရမ္မက်ပွားစရာပင်။
ရှမ့်လန် ကျူးလွန်ခဲ့သည့် အပြစ်များရှိသော်လည်း ရှစ်ချင်းချင်းသည် လောကသားတို့၏ မျက်စိထဲတွင် နတ်မိမယ် တစ်ဦးကဲ့သို့ မြင်နေကြဆဲပင်။ ကျူးဝမ်ဟွာက သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ရမ္မက်အပြည့်ဖြင့် ကြည့်၏။ ဤအမျိုးသမီးကို ပိုင်ဆိုင်ရပါက မည်မျှကောင်းလိမ့်မည်နည်းဟု စိတ်ကူးယဉ်နေခဲ့သည်။
xxxx
အပိုင်း (၉၁၀)
ရှစ်ချင်းချင်းက အသက်ကို ပြင်းပြင်းရှူလိုက်၏။ “မြို့တော်ဝန်... ကျွန်မက အန့်တင်းမြို့စား စံအိမ်က လူတစ်ယောက်ပါ။”
ကျူးဝမ်ဟွာက ပြောလိုက်သည်။ “မင်းကိုယ့်ကိုယ်ကို ရောင်းစားထားတဲ့ စာချုပ်မျိုး ချုပ်ထားသေးလား။”
ရှစ်ချင်းချင်းက ဖြေ၏။ “မချုပ်ထားပါဘူး။ ကျွန်မက ကျိုးမိသားစု ပိုးထည်လုပ်ငန်းက အကြီးတန်း ဆိုင်တာဝန်ခံပါ။ ကျွန်မက လွတ်လပ်တဲ့သူပါ။”
ကျူးဝမ်ဟွာက ပြောသည်။ “ဒါဆိုရင် ပြီးတာပဲလေ။ မင်းက လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်သလို အိမ်ထောင်လည်း မရှိသေးဘူး။ ငါ မင်းကို မယားငယ်အဖြစ် သိမ်းပိုက်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာပဲ။ ကျိုးကျောင်းရန် ကလည်း ဘာမှပြောစရာ မရှိဘူး။ နောက်ကျရင် ငါတို့ရဲ့ ပိုးထည်လုပ်ငန်းက ငါတို့ရဲ့ ကိုယ်ပိုင် ဖြစ်လာမှာပဲ။”
ရှစ်ချင်းချင်းက တစ်စုံတစ်ခု ထပ်ပြောရန် ပြင်သော်လည်း ကျူးဝမ်ဟွာက လက်ကာပြကာ တား၏။
“တော်တော့... ဘာဖြေရှင်းချက်မှ မကြားချင်ဘူး။ မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ချက်ကတော့ ငြိမ်ငြိမ်လေးနဲ့ ငါ့ရဲ့ မယားငယ်ဖြစ်လာဖို့။ ဒုတိယတစ်ချက်ကတော့ မင်းရဲ့မိသားစုတစ်ခုလုံး သေဆုံးသွားဖို့ပဲ။ ငါအခု နုရှောင်မြို့ကို သွားလိုက်အုံးမယ်။ ခဏကြာရင် ပြန်လာခဲ့မယ်။ ပြန်လာတဲ့အချိန်မှာ မင်းဆီက အဖြေတစ်ခု ရချင်တယ်။
ရှစ်ချင်းချင်း... မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး။ နင်ကျန့်၊ ပျံ့ရှောင်းနဲ့ ကျန်းချုံးတို့လို လူတွေတောင် သေရမယ်ဆိုရင် မင်းလို ပုရွက်ဆိတ်လေးက ဘာပြောစရာ ရှိမှာလဲ။ အေး... ပုရွက်ဆိတ်လေး ခုန်လို့ ဘာဖုန်မှ ထမှာမဟုတ်ဘူး။ တကယ်လို့ မင်းသာ ငါ့မိန်းမဖြစ်မယ်ဆိုရင်တော့ သေစရာမလိုတော့ဘူး။ ပြန်ပြီး သေချာ စဉ်းစားထား။ မင်းရဲ့ မိသားစုတစ်ခုလုံး အသေခံမလား ဆိုတာ။”
ရှစ်ချင်းချင်းက ရွှမ်ဝူမြို့တော်ဝန်အိမ်တော်ဆီမှ ထွက်ခွာလာသည်။ သူမ က လမ်းလျှောက်နေသော အလောင်းကောင် ကဲ့သို့ပင် မျှော်လင့်ချက် ကင်းမဲ့နေ၏။ လောကကြီးတစ်ခုလုံးက လုံးဝ မှောင်အတိကျနေ၏။ သူမက အရှေ့ဘက်ကောင်းကင်ယံသို့ မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ အရှေ့ဘက်က မည်သည့်အခါမှ လင်းလက် လာမည်နည်း။ အရုဏ်ဦးက မည်သည့်အချိန်၌ ရောက်ရှိလာမည်နည်း။
………
မိစ္ဆာတြိဂံနယ်မြေထဲသို့ ဤမှောင်မိုက်သည့် လောက၏ တားမြစ်နယ်မြေအတွင်းသို့ အထူးပြုလုပ်ထားသည့် သင်္ဘောတစ်စင်းက တဖြည်းဖြည်းနှင့် ဝင်ရောက်လာခဲ့သည်။ ချက်ချင်းပဲ ငရဲခန်းထဲသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားလိုက်ရ၏။ မှောင်မိုက်သည့် တိမ်တိုက်များက အရာအားလုံးကို ဖုံးလွှမ်းသွားသည်။
“ဂျိန်း... ဂျိန်း..”
ရေတွက်၍ မရနိုင်အောင် များပြားသည့် လျှပ်စီးတန်းများက မှောင်မိုက်ခြင်းကို ဖြိုခွင်း၏။ နေရာအနှံ့တွင် လောကဖျက် စွမ်းအင်များနှင့် ပြည့်နှက်နေပြီး လျှပ်စစ်မုန်တိုင်းများက တိုက်ခတ်နေသေး၏။
လျှပ်စီးများကို ရှောင်ကွင်းရန် နည်းလမ်းမရှိချေ။ အကြောင်းရင်းက လျှပ်စီးများက တကယ့်ကို များပြားလွန်း သောကြောင့်ပင်။ သာမန်သင်္ဘောသား ဆိုပါက လျှပ်စီးနှင့် ပစ်ခတ်မိသည်နှင့် ပျက်စီးသွားပေလိမ့်မည်။ သို့သော်ငြား ရှမ့်လန်၏အထူးသင်္ဘောကတော့ လျှပ်စီးဒဏ်ကို ခံနိုင်ရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သောကြောင့် လေဆင်နှာမောင်းများကို ရှောင်ကွင်းသွားရန်သာ လိုသည်။
ဤနေရာရှိ လေဆင်နှာမောင်းများက တကယ့်ကို ပြင်းထန်လွန်း၏။ ရှမ့်လန်၏ သင်္ဘောက ကြီးမားသော်လည်း ထိုအရာများနှင့် တွေ့ပါက အလွယ်တကူပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်၏။ ယခင်က မူလန်သည် သဘာဝတရား ကို အာခံနိုင်စွမ်း ရှိခြင်းကြောင့် လေဆင်နှာမောင်းများကို ရှောင်ကွင်းသွားနိုင်ခဲ့ခြင်းပင်။
ယခုအချိန်မှာတော့ ရှမ့်လန်က လျှို့ဝှက်လက်နက်တစ်ခုကို အားကိုးရပေတော့မည်။ ဦးခေါင်းခွံ ပင်လယ်ဓားပြ များက ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးအတွင်းမှ ရတနာများစွာကို ရရှိခဲ့ပြီး ထိုအထဲတွင် လေဆင်နှာမောင်းများကို အာရုံခံနိုင်သည့် အထူးသံလိုက်အိမ်မြှောင်တစ်ခု ပါဝင်၏။
လမ်းတစ်လျှောက်မှာတော့ ရှမ့်လန်က ထိုအရာကို အသုံးပြုပြီး ကြီးမားသည့် မုန်တိုင်းတချို့ကို ရှောင်ကွင်း သွားနိုင်ခဲ့သည်။ မှန်ပေ၏။ ထိုအရာက ကြိုတင်ခန့်မှန်းနိုင်ခြင်း မဟုတ်ချေ။ မိုင်ပေါင်းများစွာ ဝေးကွာနေသည့် အချိန်မှာတည်းက လေဆင်နှာမောင်းများ၏ အထူးတုန်ခါမှုများကို အာရုံခံမိခြင်းပင်။ ထို့ကြောင့် ထိုတုန်ခါမှုများကို အာရုံခံပြီး လမ်းကြောင်းကို ညွှန်ပြပေးခြင်းသာ။ သင်္ဘောက ထိုလမ်းကြောင်းများကို ရှောင်ကွင်းသွားရုံသာ ရှိသည်။
သို့သော်ငြား လေဆင်နှာမောင်းများက အနီးအနားမှာ ရုတ်တရက် ဖြစ်ပေါ်လာပြီး သူတို့ထံသို့ ဦးတည်လာမည် ဆိုလျှင်တော့ ထိုအရာက သူတို့၏ ကံကြမ္မာကိုသာ အပြစ်တင်ရပေလိမ့်မည်။ အခြေခံအားဖြင့် သင်္ဘောက အစိတ်စိတ်အမွှာမွှာ ဖြစ်မိပြီး ရှောင်ကွင်းသွားရန် ခက်ခဲပေလိမ့်မည်။
နေရာအနှံ့ရှိ ကျောက်တန်းများအတွက် မင်းသမီး ဒိုဟာနှင့် တခြားသော အမေဇုန် ကျွမ်းကျင်သူများကိုသာ အားကိုးရ၏။ သူတို့က ပင်လယ်ထဲသို့ ခုန်ဆင်းပြီး လမ်းကြောင်းပြပေး၏။ သို့သော်လည်း ထိုအရာက တကယ့်ကို အန္တရာယ်များနေဆဲပင်။
သင်္ဘောပျက်စီးကာ လူများ သေဆုံးနိုင်သည့် အခြေအနေမျိုးက ခဏခဏ ကြုံရ၏။ သို့သော်ငြား မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ရှမ့်လန်က ဤစွန့်စားမှုကို လုပ်ဆောင်ရုံသာ ရှိတော့၏။ သို့ပေမည့် ယခုအချိန်တွင် ရှမ့်လန် ပြင်ဆင်ထားသမျှ အရာအားလုံးက မလိုအပ်ဘဲ ဖြစ်သွားခဲ့၏။
သူ၏ သင်္ဘောက မိစ္ဆာတြိဂံနယ်မြေ၏ မှောင်မိုက်သည့် တံတိုင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ရှေ့၌ တောက်ပသည့် အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။ ထိုအရာက ပင်လယ်ထဲမှ တိုက်ရိုက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ထူးဆန်းသည့်ငှက်တစ်ကောင်နှင့် ဆင်တူ၏။ ထိုအရာ၏ ခန္ဓာကိုယ်က ပိုးစုန်းကြူး ကဲ့သို့ပင် လင်းလက်နေသည်။
ထိုအကောင်က ယောင်ယောင်၏ ခါးဘေးတွင် အဝိုင်းလိုက် လှည့်လည် ပျံသန်းပြီး လမ်းပြရန် ရှေ့မှ ပျံသန်းသွား၏။ ဤသို့နှင့် ရှမ့်လန်၏ သင်္ဘောက လေဆင်နှာမောင်းများနှင့် ကျောက်တန်းအားလုံးကို အလွယ်တကူ ရှောင်ကွင်းပြီး မိစ္ဆာတြိဂံနယ်မြေအတွင်းရှိ လောကသစ်ဆီသို့ အေးအေးဆေးဆေး ဦးတည် သွားနိုင်ခဲ့၏။
ယောင်ယောင်လေးက တကယ့်ကို အံ့အားသင့်စရာ ကောင်း၏။ ပတ်ဝန်းကျင် လောကကြီးက ငရဲခန်းကဲ့သို့ ရှိနေဆဲပင်။ လေဆင်နှာမောင်းများက အသည်းအသန် တိုက်ခတ်နေပြီး အနီးဆုံး လေဆင်နှာမောင်းက မိုင်အနည်းငယ်မျှသာ ဝေးတော့၏။ ရှမ့်လန်၏ သင်္ဘောက အချိန်မရွေး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်သော်လည်း ဘေးကင်းလုံခြုံစွာ ရှိနေသည်။
တစ်နေ့နှင့် တစ်ည အပြည့်ကြာပြီးနောက် ရှမ့်လန်၏ အထူးသင်္ဘောကြီးက မှောင်မိုက်ကျနေသော တားမြစ်နယ်မြေ တံတိုင်းကို ဖြတ်ကျော်ကာ မိစ္ဆာတြိဂံနယ်မြေ အတွင်းသို့ ဝင်ရောက်၏။
လောကသစ်တစ်ခုကို မြင်တွေ့လိုက်ရ၏။ မင်းသမီး ဟယ်လင် ပြောပြထားမှုများကို ကြားဖူးခဲ့သော်လည်း ရှမ့်လန်က မင်သက်သွားမိ၏။ ဟုတ်ပေ၏။ ဤနေရာရှိ ဗိသုကာလက်ရာများက ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီး များနှင့် ဆင်တူ၏။ သို့သော်ငြား ဤနေရာက ပို၍ စိတ်ကူးယဉ်ဆန်သည်။
ကျယ်ပြောလှသည့် မြို့ပြကြီး၏ ထက်ဝက်က ပင်လယ်ရေပြင်ပေါ်တွင် ရှိနေပြီး ကျန်ထက်ဝက်က ရေအောက်သို့ မြုပ်နေ၏။ ရှမ့်လန်က ဤမျှ ကြီးမားသည့် မြို့ကြီးမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။
လောကပေါ်ရှိ မြို့ကြီးများက ဤမျှလောက် ကြီးမားနေမည် မဟုတ်ချေ။ ထိုငှက်က မှောင်မိုက်ခြင်းထဲတွင် နေထိုင်နိုင်ပုံရ၏။ ရှမ့်လန်၏ သင်္ဘောကို ကြောက်မက်ဖွယ်ရာကောင်းသည့် မှောင်မိုက်သော မြို့များထဲမှ ခေါ်ထုတ်လာခဲ့ပြီးနောက် သူက အရိပ်အယောင်ပင် မပြဘဲ ပျောက်ကွယ်သွားခဲ့၏။
ရှမ့်လန်၏ သင်္ဘောက မြို့ပျက်ကြီးအတွင်းမှ ဂရုတစိုက် ဖြတ်သန်းသွား၏။ တကယ့်ကို လှပလွန်း၏။ စိတ်ကူးယဉ်ဆန်သည့် မြိုတော်ကြီးတစ်ခုကဲ့သို့ပင်။ ထို့အပြင် ဤနေရာ၌ ပျောက်ဆုံးနိုင်ငံမှ အပျက်အစီးများနှင့် ကွာခြားလွန်းလှ၏။ ဤနေရာတွင် နောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် ယဉ်ကျေးမှုများ၏ အကြွင်းအကျန်များ မရှိပေ။ ထိုအရာက ရှေးဟောင်းလောကမှ တိုက်ရိုက် ကျန်ရစ်ခဲ့ခြင်းပင်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းခန့်က ပျက်စီးခဲ့စဉ်အတိုင်း ရှိနေဆဲပင်။ သို့ပေမည့် ဤနေရာက အနည်းငယ်တော့ တိတ်ဆိတ်လွန်းနေ၏။ ဟယ်လင်၏ ပြောပြချက်အရဆိုလျှင် နေရာအနှံ့တွင် ပင်လယ်မိစ္ဆာများ ရှိနေရမှာပင်။ ပျောက်ဆုံးနိုင်ငံထက်ပင် များပြားပြီး အင်အားကြီးများသည့် ပင်လယ်မွန်းစတားအမျိုးမျိုး ရှိနေရပေမည်။ သို့ပေမည့် အဘယ့်ကြောင့် တစ်ကောင်မှ မတွေ့ရသနည်း။
သို့သော်ငြား ရှမ့်လန် သိရှိသည်က သူ၏မိသားစု နေထိုင်သည့် စခန်းနှင့် မိုင်ပေါင်း ၅၀၀၀ ကျော် ဝေးကွာနေ သေးခြင်းပင်။ သူက ယခုအချိန် မိစ္ဆာတြိဂံနယ်မြေတွင် ရှိနေပြီး မူလန်၏ အခြေစိုက်စခန်းကတော့ အနောက်ဘက်ခြမ်း တွင် ရှိ၏။
ရှမ့်လန်၏ သင်္ဘောက အရှိန်မြင့်ပြီး မူလန်၏ အခြေစိုက်စခန်းဆီသို့ ဦးတည် ခုတ်မောင်း၏။ ရှမ့်လန်၏ ရင်ထဲတွင် ရှိနေသည့် ခံစားချက်များက တစ်နေ့ထက်တစ်နေ့ ပိုမိုကာ ဆိုးရွားလာခဲ့၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏သင်္ဘောက မိစ္ဆာတြိဂံနယ်မြေ၏ အပျက်အစီးများအတွင် ဖြတ်သန်းသွားလာနေခဲ့ခြင်းပင်။ ပင်လယ်မွန်းစတား တစ်ကောင်တစ်လေမှ မတွေ့ခဲ့ရသည်က တကယ့်ကို ပုံမှန်မဟုတ်ဘဲ ထူးဆန်းလွန်းနေ၏။
ရှမ့်လန်က အမိန့်ပေးလိုက်၏။ “မြန်မြန်… အရှိန်မြင့်လိုက်တော့။”
ရှမ့်လန်၏ အမိန့်အတိုင်း သင်္ဘောက ဂရုတစိုက် သွားလာနေခြင်းမျိုး မလုပ်တော့ဘဲ ဉီးတည်ရာကို အမြန်ဆုံး ခုတ်မောင်းတော့၏။ ၆ ရက်နှင့် ၆ ည တိုင်အောင် ခုတ်မောင်းပြီးနောက် သူတို့က သူတို့၏ နောက်ဆုံး ဉီးတည်ရာကို တွေ့ခဲ့သည်။
ဤနေရာ အရောက်တွင်တော့ ရှမ့်လန်က သူ၏သွေးများ အေးစက်သွားသည့် မြင်ကွင်းကို မြင်ရ၏။ လမ်းတစ်လျှောက်တွင် အဘယ်ကြောင့် ပင်လယ်မွန်းစတားများ မရှိသည်ကို သူ နောက်ဆုံး သိရှိသွား၏။ ထိုအကောင်အားလုံးက ဤနေရာတွင် စုဝေးနေကြခြင်းပင်။
သူ၏ ရှေ့မှ မြင်ကွင်းက ပျောက်ဆုံးနိုင်ငံ၏ မြင်ကွင်းထက်ပင် ပိုမို ထိတ်လန့်စရာကောင်း၏။ မိုင်ပေါင်း ၁၀၀ ပတ်လည်တွင် ပင်လယ်မွန်းစတား အမျိုးမျိုး ရှိနေ၏။ လူတစ်ကိုယ်စာ အရွယ်အစား ရှိသည့် ပင်လယ် မွန်းစတားလေးမှစ၍ သင်္ဘောတစ်စင်းစာ ပမာဏကြီးမားသည့် ပင်လယ်မွန်းစတားကြီးများ အထိပါ အမျိုးစုံ၏။ တကယ့်ကို ထိတ်လန့်ဖွယ်ရာ အိပ်မက်ဆိုးကဲ့သို့ဖြစ်၏။
သိပ်သည်းလှသည့် ထိတ်လန့်ဖွယ်ရာ ငရဲခန်းကြီး သဖွယ်ရှိ၏။ မွန်းစတား သမုဒ္ဒရာကြီး တစ်ခုကဲ့သို့ပင်။ တကယ့်ကို များပြားလွန်းသည့် အရေအတွက်က အဆုံးမရှိချေ။ သေချာပေါက် တစ်သန်းထက်မနည်း ရှိပေလိမ့်မည်။ ထိုအရာက အသက်ရှူပင် ကျပ်သွားစေ၏။ ထို့အပြင် ဤနေရာရှိ ပင်လယ်မွန်းစတားများက ပျောက်ဆုံးနိုင်ငံမှ မိစ္ဆာများထက် ပိုမိုကာ အင်အားကြီးမား၏။ ရှမ့်လန်က တစ်ချက် ကြည့်ရှုလိုက်ရုံနှင့် အမျိုးအစား မတူသည့် ပင်လယ်မွန်းစတား အမျိုးမျိုးတို့ကို မြင်တွေ့ခဲ့ရပြီး ထိုအရာက အမျိုးအစား တစ်မျိုးတည်းသာ ရှိသည့် ပျောက်ဆုံးနိုင်ငံနှင့် မတူချေ။
ဟီလာက တုန်ယင်စွာ ပြောလိုက်သည်။ “မောင်လေး... ဒါက အမြင်မှားတာလို့ ပြောစမ်းပါ။ ဒါ တကယ် မဟုတ်ဘူး မှတ်လား။”
ရှမ့်လန်ကလည်း အမြင်မှားနေခြင်းသာ ဖြစ်ပါစေဟု ဆုတောင်းမိသော်လည်း ဆိုးဝါးသည်က အစစ်အမှန် ဖြစ်နေခြင်းပင်။ ဤမျှများပြားသည့် ပင်လယ်မွန်းစတားကြီးများက ပိရမစ်တစ်ခုကို ဝန်းရံထား၏။ ဤနေရာကို မင်းသမီး ဟယ်လင်က ပျောက်ဆုံးနေသောနတ်စင်ဟု အမည်ပေးထားခဲ့ပြီး ရှမ့်လန်၏မိသားစုကို ထားရှိသည့် နေရာလည်း ဖြစ်၏။
အကြောင်းရင်းက ဤပိရမစ်က ပင်လယ်မွန်းစတားတို့အတွက် တားမြစ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်သောကြောင့် သူတို့က အတွင်းသို့ မဝင်ရဲကြခြင်းပင်။ ဤပိရမစ်ကြီးက တကယ့်ကို မြင့်မားပြီး ကြီးမား၏။ ထိုအရာ၏ အပေါ်တွင် မြေသားနှင့် ကောင်းကင်ဉယျာဉ်တစ်ခုရှိနေပြီး စိုက်ခင်း များများပြားပြားကို စိုက်ပျိုး ထုတ်လုပ်နိုင်သည်။ မိုင်ပေါင်းရာနှင့်ချီ ဝေးကွာသည့်အချိန်မှာပင် ရှမ့်လန်က ဤဧရာမ ပိရမစ်ကြီး၏ ခံ့ညား ထည်ဝါသည့် ပုံသဏ္ဍာန်ကို မြင်တွေ့နေရသည်။
မင်းသမီးဒိုဟာက အံ့အားကြီးစွာဖြင့် ရေရွတ်၏။ “ကောင်းကင်ဘုံ... ဒီပိရမစ်ကြီးက အမေဇုန်မျိုးနွယ်ထက်တောင် ပိုပြီးတော့ ကြီးနေတာပဲ။ တောင်ကြီးတစ်ခုလိုပဲ။”
ရှမ့်လန်၏ ခန့်မှန်းချက်အရ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသည့် ဤပိရမစ်၏ အစိတ်အပိုင်းက ပေပေါင်း ၂၀၀၀ ကျော်၊ မီတာ ၇၀၀ ကျော် ရှည်လျား၏။ လူပေါင်း ထောင်နှင့်ချီ၍ ဘေးကင်းစွာ နေထိုင်နိုင်သည်က မဆန်းတော့ချေ။
သို့သော်ငြား ယခုအချိန်မှာတော့ ပင်လယ်မွန်းစတား တစ်သန်းကျော်တို့က ဤပိရမစ်ကြီးကို ဝန်းရံထား၏။ ထိုအရာက သီးခြားကျွန်းလေးတစ်ကျွန်းကဲ့သို့ ဖြစ်နေ၏။ အတွင်းသို့ တိုးဝင်လေလေ ပင်လယ်မွန်းစတားများက ပိုမိုကာ ကြီးမားပြီး ပိုမို ထိတ်လန့်စရာ ကောင်းလေလေပင်။
သူ၏မိသားစုက ဤဧရာမ ပိရမစ်ကြီးအတွင်း၌ ရှိနေသော်လည်း ပင်လယ်မွန်းစတား တစ်သန်းကျော် တို့ကကြားတွင် ခံနေ၏။ သူ မည်သို့ ဝင်ရမည်နည်း။ ဤနေရာဆီသို့ အတင်းတိုးဝင်ခြင်းက ငရဲခန်းထဲသို့ ခြေစုံပစ်ဝင်ခြင်း နှင့် ဘာကွာခြားတော့မည်နည်း။
ဟီလာက ပြော၏။ “မောင်လေး... ငါ မင်းအတွက် တိုက်ပွဲဝင်ပေးဖို့နဲ့ မင်းအတွက် အသေခံပေးဖို့ အဆင်သင့်ပဲ။ ဒါပေမဲ့ ဒီအခြေအနေမှာတော့ ဒီပင်လယ်မွန်းစတားတွေနဲ့ တိုက်ခိုက်မယ့်အစား အသေပဲ ခံလိုက်ချင်တော့တယ်။”
ဟီလာက မတိုက်လိုသကဲ့သို့ ရှမ့်လန်ကလည်း မတိုက်လိုပေ။ ဤသင်္ဘောတွင် လူတစ်ရာပင် မပြည့်သော်လည်း ပင်လယ်မွန်းစတားများက တစ်သန်းကျော် ရှိ၏။ ထိုအရာက သူတို့ကို အလွယ်တကူနှင့် အပိုင်းပိုင်း ဝါးစားနိုင်သည်။
သို့ပေမည့် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ပင်လယ်မွန်းစတား တစ်သန်းကျော်တို့က ဤပိရမစ်ကြီးကို ဝန်းရံထားရသနည်း။ တိုက်ခိုက်ခြင်းလည်းမပြုဘဲ ငြိမ်ငြိမ်လေး ဝန်းရံထားနေကြခြင်းပင်။ ထိုအရာက ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းပင်။
ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် အမိန့်ပေးလိုက်၏။ “အတင်းတိုးဝင်ကြမယ်။ အဲဒီပိရမစ်ကြီးဆီကို သွားမယ်။”
ဦးခေါင်းခွံ ပင်လယ်ဓားပြများက သင်္ဘောကို ထိန်းချုပ်ပြီး တစ်သန်းကျော်သည့် ပင်လယ်မွန်းစတား ပင်လယ်ကြီး ထဲသို့ အတင်းတိုးဝင်၏။ ပြီးနောက် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာ၏။ ရေတွက်၍ မရနိုင်လောက်အောင် များပြားသည့် ပင်လယ်မွန်းစတားများက သူတို့အတွက် လမ်းတစ်ခုကို အံ့အားသင့်ဖွယ် ဖွင့်ပေးခြင်းပင်။
ပျောက်ဆုံးနိုင်ငံ၌ ဖြစ်ပျက်ခဲ့သကဲ့သို့ ပင်လယ်မွန်းစတားက တံလျှပ်မြင်ကွင်းကြောင့် မိန်းမောတွေဝေနေခြင်း မဟုတ်ပေ။ ယခုအချိန်မှာတော့ ပင်လယ်မွန်းစတားများက နိုးကြားနေကြ၏။ သို့သော်ငြား တိုက်ခိုက်ခြင်းကို မပြုလုပ်ကြချေ။ ထိုအစား လမ်းဖွင့်ပေးကြ၏။ တကယ့်ကို ဆန်းကြယ်လွန်းလှသည်။
သူ၏ ကလေးလေးက ပင်လယ်ဘုရင်များ ဖြစ်နေသည်လား။ သို့မဟုတ် မိစ္ဆာတြိဂံနယ်မြေမှာ တစ်ခုခု ဖြစ်ပျက်သွားခဲ့သောကြောင့် ပင်လယ်မွန်းစတားများက သက်ဖြတ်လိုစိတ် ကုန်ခန်းသွားလေသည်လား။
ဤသို့နှင့် ရှမ့်လန်၏သင်္ဘော ဖြတ်သန်းသွားသည့် နေရာတိုင်းမှာတော့ ပင်လယ်မွန်းစတားများက လမ်းဖယ်ပေးကြ၏။ သူတို့က ဧရာမ ပိရမစ်ကြီးနှင့် ပို၍ပို၍ နီးကပ်လာ၏။
ဤအချိန်မှာတော့ ရှမ့်လန်က အသက်ရှူရပ်မတတ် ဖြစ်နေ၏။ အကြောင်းရင်းက ပင်လယ်မွန်းစတားများက သူ၏သင်္ဘောထက်ပင် ပိုမိုကြီးမားသောကြောင့်ပင်။ တစ်ချက်မျှ လှုပ်ရှားလိုက်သည်နှင့် သူ၏သင်္ဘောကို မှောက်ပစ်နိုင်၏။ သို့သော်ငြား ပင်လယ်မွန်းစတားများက လှုပ်ရှားခြင်း မပြုကြပေ။
ရှမ့်လန်၏ သင်္ဘော ရောက်ရှိလာသည်နှင့် သူတို့က လမ်းဖယ်ပေးကြစမြဲပင်။ ဤပင်လယ်မွန်းစတားများက အသိဉာဏ် ရှိနေပုံရ၏။ ရှမ့်လန်က သူတို့၏မျက်ဝန်းများထဲ၌ မျှော်လင့်ချက် ကင်းမဲ့နေသည့် အရိပ်အယောင်များ ကို မြင်ရ၏။ ထိုအရာက ကမ္ဘာပျက်ကိန်း ဆိုက်ရောက်နေသကဲ့သို့ မျက်ဝန်းမျိုးပင်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။
သို့သော်ငြား ရှမ့်လန်သိသည်က ဤပင်လယ်မွန်းစတား တစ်သန်းကျော်တို့ တိုက်ခိုက်ခြင်း မပြုသည်မှာ ယောင်ယောင်လေးကြောင့် တစ်ခုတည်း မဟုတ်ဘဲ ဤပိရမစ်ကြီးအတွင်း၌ ကြီးကျယ်သည့် တစ်စုံတစ်ရာ ဖြစ်ပွားနေခြင်းကြောင့်ပင်။
ဟီလာက ရုတ်တရက် ပြော၏။ “ဘာကြောင့်လဲတော့ မသိဘူး။ ငါ့ရဲ့နှလုံးခုန်သံတွေက အကြောင်းပြချက်မရှိ မြန်နေတယ်။”
ရှမ့်လန်က မျက်လုံးကို မှိတ်၏။ မကြာခင်မှာပဲ အထူးတုန်ခါမှုတစ်ခုကို ခံစားရ၏။ ထိုအရာက အသံ ထွက်ပေါ်ခြင်း မရှိသော်လည်း သူက ခံစားနိုင်၏။ ထိုအရာကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် တုန်ခါမှုနှုန်းမှာ တစ်စက္ကန့်လျှင် တစ်ကြိမ်နှုန်း ထွက်ပေါ်နေကြောင်း ရှမ့်လန်က တွေ့ရ၏။ သို့သော်ငြား ထိုအရာက ပို၍ ပို၍ မြင့်တက်လာ၏။ တုန်ခါမှုနှုန်းက မြင့်တက်လာသည်။
မကြာခင်မှာပဲ ရှမ့်လန်က ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ ထိုအရာက အချိန်ကိုက် နောက်ပြန် ရေတွက်ခြင်းပင်။ ပျက်စီးခြင်းဆီသို့ ဦးတည်နေသည့် နောက်ပြန်ရေတွက်ခြင်းပင်။
“မကောင်းတော့ဘူး။ ဒါ လုံးဝ မကောင်းတော့ဘူး။”
ဤပိရမစ်ကြီးက ပေါက်ကွဲတော့မှာ ဖြစ်၏။ အတိအကျ ပြောရမည် ဆိုလျှင် ထိုအရာ၏ မြေအောက်စွမ်းအင်ဗဟိုချက်က ပေါက်ကွဲပေတော့မည်။
အမေဇုန်နိုင်ငံရှိ ပိရမစ်ကြီး ပေါက်ကွဲစဉ်က အမေဇုန်နိုင်ငံတစ်ခုလုံးနီးပါး အရည်ပျော်ကာ ပျောက်ကွယ်သွားရ၏။ သို့သော်လည်း သူ့ရှေ့မှ ဤပိရမစ်ကြီးက အဆပေါင်းများစွာ ပိုမိုကြီးမားသောကြောင့် ပေါက်ကွဲမှုအားက အဆမတန် ပိုမို ပြင်းထန်ပေလိမ့်မည်။ ထိုအရာသာ ပေါက်ကွဲမည်ဆိုပါက အကျိုးဆက်က ခန့်မှန်း၍ပင် မရနိုင်ချေ။
ပင်လယ်မွန်းစတားများ ဤနေရာတွင် စုဝေးနေကြသည် ဆိုသည်မှာ မဆန်းတော့ချေ။ ဤပိရမစ်ကြီးက သူတို့၏ သန့်ရှင်းသော နတ်စင်တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။ ယခု ထိုအရာ ပျက်စီးတော့မည် ဖြစ်သော်လည်း ပင်လယ်မွန်းစတားများက တားဆီးနိုင်စွမ်း မရှိကြချေ။ ထို့ကြောင့် သူတို့က နတ်စင်ကြီး၏ ဝန်းကျင်၌ စုဝေးပြီး အတူတူ သေဆုံးရန် ဆုံးဖြတ်ခဲ့ကြခြင်းပင်။
သူတို့က အတူတူ သေခံရန် ပြင်ဆင်နေကြခြင်း ဖြစ်၏။ ထို့ကြောင့်ပင်လျှင် တိုက်ခိုက်လိုစိတ်များ ကုန်ခမ်း နေကြခြင်းပင်။
လောကပျက်ကိန်းကြီး ဆိုက်ရောက်လာသည့် အချိန်တွင် လောကပေါ်ရှိ ရန်သူနိုင်ငံများ ပင်လျှင် တိုက်ခိုက်မှုကို ရပ်တန့်ရပေလိမ့်မည်။
သို့သော်ငြား ရှမ့်လန်၏ မိသားစုက အတွင်း၌ ရှိနေဆဲ ဖြစ်၏။ အကယ်၍ ဤပိရမစ်ကြီးသာ ပေါက်ကွဲခဲ့ပါက သူ၏မိသားစုနှင့် လူပေါင်း ထောင်နှင့်ချီက အားလုံး ပြာဖြစ်ပေလိမ့်မည်။