← Chapters

အခန်း (၉၁၁-၉၁၂)

Vol. 55 Ch. 911-912

အခန်း (၉၁၁-၉၁၂)

Vol. 55 Ch. 911-912

အပိုင်း (၉၁၁)

“မြန်မြန်... မြန်မြန်...။”

ဘာမှထပ်မပြောတော့ဘဲ ချောင်ယောင်းအာက ရှမ့်လန်ကို ပွေ့ချီပြီး ပိရမစ်ကြီး၏ တံခါးဆီသို့ အပြေးသွား၏။ ဟီလာက ယောင်ယောင်ကို ပွေ့ချီကာ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ မင်းသမီးဒိုဟာကလည်း အမေဇုန် ကျွမ်းကျင်သူတချို့ကို ဦးဆောင်ကာ အမြန်ဆုံး ဝင်ရောက်လာသည်။

ပိရမစ်ကြီး၏ဝင်ပေါက်က တကယ့်ကို ကြီးမား၏။ ပေပေါင်း ရာနှင့်ချီကာ ကျယ်ဝန်း၏။ တံခါးပေါ်တွင် လူမျက်နှာ နှင့် မြွေခန္ဓာကိုယ်ရှိသည့် ဘုရင်မမီဒူဆာ၏ ရုပ်ပုံတစ်ခုရှိနေပြီး ရှမ့်လန်က ထိုအရာကို ကြည့်ရှုရန် အချိန်ပင် မရချေ။ ဝင်ပေါက်ထဲသို့ တိုက်ရိုက်တိုးဝင်ပြီး ရှည်လျားသည့် လှိုဏ်ခေါင်းကို ဖြတ်ကျော်ပြီးနောက် ရှမ့်လန်က ပိရမစ်ကြီး အတွင်းသို့ ဝင်ရောက်နိုင်ခဲ့၏။

အပြင်ဘက်ရှိ ပင်လယ်မွန်းစတား တစ်သန်းကျော်တို့က သူတို့ကို တားဆီးခြင်း မပြုခဲ့ချေ။ ထိုအကောင်များ၏ မျက်ဝန်းများက မျှော်လင့်ချက်ကင်းမဲ့နေပြီး ပျက်စီးခြင်းဆီသို့ ရောက်ရှိလာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်း နေကြသည်။

ရှည်လျားသည့် လှိုဏ်ခေါင်း၏ အတွင်းသို့ ပြေးဝင်နေစဉ်မှာပဲ ရှမ့်လန်က စိတ်ထဲတွင် ဆုတောင်းနေမိ၏။ “ကျေးဇူးပြုပြီး အားလုံး ဘေးကင်းကြပါစေ။”

ဤလှိုဏ်ခေါင်းက တကယ့်ကို ရှည်လျား၏။ သူ၏ ရှေ့ရှိ လက်ချောင်းများကိုပင် မမြင်နိုင်လောက်အောင် မှောင်မိုက်သည်။

ရုတ်တရက် မှောင်မိုက်နေသည့် လှိုဏ်ခေါင်းကြီးက အဆုံးသတ်ဆီသို့ ရောက်ရှိသွားပြီး အလင်းတန်းတစ်ခုက သူ၏မျက်လုံးများကို စူးရှသွားစေ၏။ ထိုအရာက ပျောက်ဆုံးနေသည့် နတ်စင်ဗဟိုချက်အတွင်းသို့ ရောက်ရှိသွားခဲ့ခြင်းပင်။

ဤပိရမစ်ကြီး၏ ထိပ်ပိုင်းက အလင်းဖောက်နိုင်စွမ်း ရှိသောကြောင့် နေရောင်ခြည်က အတွင်းသို့ စီးဝင်နေပြီး နတ်စင်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ ထိန်လင်းစေ၏။

ပြီးနောက် ရှမ့်လန်က သူ၏ မိသားစုကို တွေ့မြင်လိုက်ရ၏။ အရူးကြီး၊ နတ်မိမယ် ရွှယ်ရင်၊ ဓားဘုရင် လီချင်းချိုး၊ မင်းသမီး နင်ယန်... စသည့် သူအားလုံးကို မြင်ရသည်။

ခဏချင်းမှာပဲ လူတိုင်းက မှင်သက်သွားခဲ့ကြ၏။ သူတို့အားလုံး တပြိုင်နက်တည်း ပြုလုပ်လိုက်သည့်အရာက သူတို့၏မျက်လုံးများကို ပွတ်သပ်လိုက်ခြင်းပင်။ အကြောင်းရင်းက သူတို့အားလုံး အိမ်မက် မက်နေသည်ဟု သံသယဝင်နေသောကြောင့်ပင်။

ရှမ့်လန်က သူတို့၏ရှေ့၌ အဘယ်သို့ ရုတ်တရက် ပေါ်ပေါက်လာရသနည်း။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူတို့က ဤသို့သော အိမ်မက်လှလှကို ရေတွက်၍ မရနိုင်အောင် မက်ခဲ့ကြ၏။ ယခု မြင်ကွင်းက အစစ်လား။ အိမ်မက်လား ဆိုသည်ကိုပင် ဝေခွဲ၍ မရနိုင်အောင် ဖြစ်နေ၏။

မင်းသမီး နင်ယန်က သတိကြီးစွာဖြင့် မေးနေသည်။ “လူယုတ်မာလား။ ရှမ့်လန်လား။”

“မိန်းမလား”

ရှမ့်လန်က ပြန်ထူး၏။ ထိုအချိန်မှာတော့ အခြားတစ်ဖက်ရှိ မရေတွက်နိုင်သည့်လူအုပ်ကြီးက လုံးဝ ရုတ်ရုတ်သည်းသည်း ဖြစ်သွား၏။ အိမ်မက် မဟုတ်ချေ။ ဤအရာက တကယ် အိမ်မက် မဟုတ်ချေ။ ရှမ့်လန် တကယ် ရောက်လာခဲ့၏။ အံ့ဖွယ်ရာပင်။ ကောင်းကင်ဘုံက ရှမ့်လန်ကို သူတို့ဆီ တကယ် ပို့လိုက်၏။

ခဏကြာမှပဲ နင်ယန်နှင့် ရွှယ်ရင်တို့က အပြေးအလွှား ရောက်ရှိလာ၏။ ရွှယ်ရင်၏ ကိုယ်ခံပညာက အနည်းငယ် ပိုမြင့်၏။ ထို့ကြောင့် ရှမ့်လန်၏ရှေ့သို့ ပြေးဝင်လာပြီး ရှမ့်လန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

သို့ပေမည့် မကြာခင်မှာပဲ သူမက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသောကြောင့် နေရာချင်း လဲလိုက်၏။ သို့သော်လည်း သူမက အလွန်ပင် ပျော်ရွှင်နေ၏။ သူမ၏ နှလုံးသားထဲတွင် ပေါက်ကွဲလုမတတ် ခံစားနေရ၏။

ရှမ့်လန်သည် မိသားစုနှင့် တစ်ဖန်ပြန်လည် ဆုံစည်းနိုင်ပြီဖြစ်၏။ သို့သော်ငြား အောင်ပွဲခံရန် အချိန်မရှိချေ။

“တီ... တီ..။”

ရှမ့်လန်၏ ဦးနှောက်အတွင်းရှိ အသံက ပိုမိုကာ ပြင်းထန်လာခဲ့၏။ “မြန်မြန် ထွက်သွားမှ ဖြစ်မယ်။ ဒီပိရမစ်ကြီးက မကြာခင် ကွဲထွက်တော့မှာ။ မထွက်နိုင်ရင် အကုန်လုံး ပြာဖြစ်သွားကြလိမ့်မယ်။ သွားကြရအောင်။”

ပိရမစ်ကြီးထဲမှ ချက်ချင်း ထွက်ခွာ သွားရမည်။ မိစ္ဆာတြိဂံနယ်မြေက ချက်ချင်း ထွက်ခွာသွားရမည်။ သို့ပေမည့် မကြာခင်မှာပဲ ရှမ့်လန်က အဖြေတစ်ခုကို ရရှိ၏။ ထိုအရာက ထွက်ခွာသွားရန် မဖြစ်နိုင်တော့ခြင်းပင်။ ပြန်လည် ရေတွက်နေခြင်း၏ အကြိမ်ရေအရဆိုလျှင် အလွန်ဆုံး ၁၅ မိနစ်အတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်လိမ့်မည်။ ၁၅ မိနစ်အတွင်း သူတို့က ဘယ်ကို ပြေးရမည်နည်း။

ဤကြီးမားလွန်းသည့် ပိရမစ်ကြီး၏ ပေါက်ကွဲမှုအားက မည်မျှပြင်းထန်မည်နည်း။ ပင်လယ် မွန်းစတား တစ်သန်းကျော်တောင် ပိရမစ်နှင့်အတူ အသေခံဖို့ ဆုံးဖြတ်ထားကြ၏။ ၁၅ မိနစ် မဆိုထားနှင့်။ တစ်နာရီ ၊ ငါးနာရီ ကြာဦးမည် ဆိုလျှင်တောင် ရှမ့်လန်နှင့် သူ၏မိသားစုက ပေါက်ကွဲမှု၏ အတိုင်းအတာ အကွာအဝေးအတွင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ရေတွက်မှုနှုန်းက ပိုမိုကာ မြန်ဆန်လာခဲ့၏။ ယခု ရှမ့်လန်အနေနှင့် ရွေးချယ်စရာ တစ်ခုတည်းသာ ရှိတော့၏။ ပေါက်ကွဲမှုကြီးကို တားဆီးရန်ပင်။ ဤသို့နှင့် သူ၏မိသားစုကို သာမက အပြင်ဘက်ရှိ ပင်လယ်မွန်းစတား တစ်သန်းကျော်ကိုပါ ကယ်တင်နိုင်ပေလိမ့်မည်။

တစ်နေ့နေ့တွင် ပင်လယ်မွန်းစတားများကို ကယ်တင်ရလိမ့်မည်ဟု ရှမ့်လန်က တစ်ခါမှ မမျှော်လင့်ထားချေ။ ရှင်းပြရန် အချိန်လည်း မရှိတော့သောကြောင့် သူက အချိန်နှင့်အမျှ အမြန် ပြေးရပေလိမ့်မည်။ သူက ပိရမစ်ကြီး၏ အောက်ခြေဆီသို့ ဦးတည်ပြေး၏။ အကြောင်းရင်းက စွမ်းအင်ဗဟိုချက်အားလုံးက မြေအောက်၌ ရှိနေသောကြောင့်ပင်။

ဤပေါက်ကွဲမှုကို သူ တားဆီးရပေမည်။ သို့သော်ငြား ယခုအချိန်မှာတော့ ရှမ့်လန်၌ မြေအောက် စွမ်းအင် ဗဟိုချက်သို့ ဝင်ရောက်ရန် လျှို့ဝှက်နံပါတ် မရှိချေ။ ပေါက်ကွဲမှုကို ရပ်တန့်ရန် လျှို့ဝှက်နံပါတ်လည်း မရှိချေ။ သို့ဆိုသော်ငြား သူ့၌ ရွေးချယ်စရာ မရှိချေ။ သူ၏မိသားစုကို ကယ်တင်ရန် သူက အရာအားလုံးကို ရင်းရပေမည်။ အောင်မြင်လျှင် အောင်မြင်၊ မအောင်မြင်လျှင်တော့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရုံသာလျှင် ရှိတော့၏။

ချောင်ယောင်းအာက ရှမ့်လန်ကို ပွေ့ချီပြီး ကြီးမားလွန်းသည့် ပိရမစ်ကြီး၏ အောက်ခြေဆီသို့ ဦးတည်ပြေးသည်။

ရုတ်တရက် ဟီလာက ယောင်ယောင်လေးကို ပွေ့ချီကာ လိုက်ပါလာ၏။ သူမက ပြောလိုက်၏။ “ငါ ယောင်ယောင်လေး ကို ခေါ်လာမယ်။ ဘာလို့လဲ ဆိုတော့ သမီးလေးက ငါတို့ရဲ့ အံ့ဖွယ် ကောင်းကင်တမန်မို့လို့ပဲ။”

“လန်အာ... ဘာဖြစ်လို့လဲ။” နတ်မိမယ် ရွှယ်ရင်က လီချင်းချိုးနှင့်အတူ ပြေးလွှားလိုက်လာရင်း မေးသည်။

ရှမ့်လန်က ပြန်ပြော၏။ “အရေးကြီးနေလို့ ရှင်းပြဖို့ အချိန်မရှိဘူး။ အဒေါ်.. မူလန်ဘယ်မှာလဲ။”

ရွှယ်ရင်က ပြောသည်။ “သူ နေကောင်းပါတယ်။”

ထိုအချိန်မှာတော့ နှစ်ဖက်စလုံး၌ မေးခွန်းများစွာ ရှိနေသော်လည်း မေးရန် အခွင့်အရေး မရှိခဲ့ချေ။ သူတို့က ပိရမစ်ကြီး၏ အောက်ခြေဆီသို့ အသည်းအသန် ပြေးလွှားနေရ၏။ ဤပိရမစ်ကြီးက တကယ့်ကို ကြီးမားလွန်း၏။ အောက်ခြေသို့ရောက်ရှိရန် အတော်ပင် ဝေးကွာလွန်း၏။

ပေ ၆၀၀ ကျော်၊ မီတာ ၂၀၀ ကျော် နက်ရှိုင်းသည့် နေရာသို့ ရောက်သည့်အချိန်မှသာ အောက်ခြေသို့ ရောက်ရှိလာခဲ့သည်။

သူတို့၏ ရှေ့တွင် မြေအောက် စွမ်းအင်ဗဟိုချက်၏ ဝင်ပေါက်နှင့် ဘုရင်မ မီဒူဆာ၏ ရုပ်တုတစ်ခု ရှိ၏။ သို့သော်ငြား ရှမ့်လန်က ထိုအရာကိုမြင်တော့ မည်သို့ ဖွင့်ရမည်ကို မသိသောကြောင့် မင်သက်နေ၏။ ယခင်က အမေဇုန်နိုင်ငံ၏ ပိရမစ်ဝင်ပေါက်တွင် လျှို့ဝှက်နံပါတ် ရိုက်နိုင်ခဲ့သော်လည်း ဤနေရာတွင် မည်သို့ လုပ်ဆောင်ရမည်နည်း။ အလင်း မျက်နှာပြင်လည်းမရှိ၊ မည်သည့် စက်ယန္တရားကိုမှလည်း မတွေ့ချေ။

ဤမီဒူဆာ ရုပ်တုက ကျောက်သားဖြင့် ထုလုပ်ထားခဲ့ပြီး သာမန်ရုပ်တု တစ်ခုကဲ့သို့ပင် ရှိ၏။ ၁၀ ပေခန့် မြင့်မားပြီး ထူးခြားသည့် တစ်စုံတစ်ရာ မရှိချေ။ ထိုအရာကို ဖွင့်ရန် မည်သည့် စက်ယန္တရားများ ရှိနေမည်နည်း။

ရှမ့်လန်က အနီးကပ် စူးစမ်းကြည့်သော်လည်း ဘာကိုမှ မတွေ့ရချေ။ မြွေခန္ဓာကိုယ်၏ ခုနစ်လက်မ နေရာလား။ လည်ပင်းလား။ အမြီးလား။ မည်သည့်တုံ့ပြန်မှုမှ မရှိချေ။ ပို၍ ထူးဆန်းသည်က ဤမီဒူဆာရုပ်တုက မျက်လုံးများကို မှိတ်ထားခြင်းပင်။

ရှမ့်လန် သိထားသည်က မီဒူဆာ၏ အဆန်းကြယ်ဆုံးသော အရာက သူမ၏ မျက်လုံးများပင်။ သူမကို ကြည့်မိသည့် မည်သည့် သက်ရှိမဆို ပျက်စီးခြင်းသို့ ရောက်ရှိရပေလိမ့်မည်။ ဒဏ္ဍာရီများအရ မီဒူဆာက တစ်စုံတစ်ဦးကို ကြည့်လိုက်ပါက ထိုသူက ကျောက်ရုပ် ဖြစ်သွားရသည်ဟု ဆို၏။ ထိုသို့ဆိုလျှင် ဤရုပ်တုက အဘယ်ကြောင့် မျက်လုံး မှိတ်ထားရသနည်း။ ထိုသို့ဆိုလျှင် ဤဝင်ပေါက်ကို ဖွင့်ရန် သော့ချက်က မျက်လုံးများ ဖြစ်နေမည်လား။

ရှမ့်လန်က မီဒူဆာ၏ မျက်လုံးကို ထိတွေ့ကြည့်သော်လည်း ဘာမှ မထူးခြားချေ။ မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ချေ။ အချိန်များက တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားခဲ့၏။ လောကပျက်မတတ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာရန် ၁၃ မိနစ်ခန့်သာ ကြာတော့၏။ ရှမ့်လန်က ဝင်ပေါက်ကို မဖွင့်နိုင်သေးချေ။

ရှမ့်လန်က သမီးငယ်လေးကို ပွေ့ချီကာ ပြောသည်။ “သမီးလေး... အဲဒီမျက်လုံးကို သွားထိကြည့်လိုက်။”

ယောင်ယောင်က ဝေခွဲမရ ဖြစ်နေ၏။ ဖခင်ဖြစ်သူ၏ စကားကိုတော့ နားထောင်ရှာ၏။ သူမက လက်လေးနှစ်ဖက် ဖြင့် မီဒူဆာ၏ ရုပ်တုမျက်ခွံများကို ထိတွေ့၏။ မည်သည့် တုံ့ပြန်မှုမှ မရှိချေ။ သမီးငယ်လေး၏ အံ့ဖွယ်စွမ်းအင်များ က ဤနေရာတွင် အဆုံးသတ်ခဲ့သည်လား။

“တီ... တီ…။” အသံကြီးက ပို၍ အရေးကြီးလာ၏။ ရှမ့်လန်က စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး မျက်လုံးများ ကို မှိတ်၏။ တစ်မိနစ်ခန့် ကြာပြီးနောက် ရှမ့်လန်က မျက်လုံးများကို ပြန်ဖွင့်ပြီး မီဒူဆာ ရုပ်တုကို စိုက်ကြည့်၏။

သူမ၏ လက်တစ်ဖက်က မြေပြင်ပေါ်သို့ ကျနေပြီး အခြားသောလက်တစ်ဖက်က တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားသည့်အလား ဖြန့်ထား၏။ သူမ၏ လက်ဝါးများဖြင့် မည်သည့်အရာကို ထိတွေ့ရမည်နည်း။ သူမ၏ မျိုးနွယ်တူ တစ်စုံတစ်ယောက်လား။ သို့မဟုတ် မီဒူဆာ၏ အနွယ်ဝင်တစ်ဦးလား။ ထိုသို့ဆိုလျှင် သွေးမျိုးဆက်ကို အာရုံခံရမည်လား။ သို့မဟုတ် သူမ၏ ဝိညာဉ်ကိုလား။

“ငါ့ရဲ့ သမီးလေးက မီဒူဆာရဲ့ ဝိညာဉ်နဲ့ စိတ်အာရုံကို အမွေရထားတာပဲ။”

ရှမ့်လန်က ယောင်ယောင်ကို ပွေ့ချီပြီး သူမကို မီဒူဆာရုပ်တု၏ လက်ဝါးပေါ် တင်ကြည့်လိုက်၏။ ချက်ချင်းပင် မီဒူဆာ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာ၏။

ထိုမျက်လုံးနှစ်ခုက အဖိုးတန် ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားပြီး စိတ်ဝိညာဉ်ကို လှုပ်ခတ် သွားစေနိုင်သည့် လှပသော အလင်းတန်းများ ထွက်ပေါ်နေ၏။ သာမန်ရုပ်တုက ရုတ်တရက် အသက်ဝင်လာသည်။

“ဝုန်း... ဝုန်း..။”

အံ့ဖွယ်ရာ တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ကျယ်လောင်လွန်းသည့် အသံများက ဆက်တိုက် ထွက်ပေါ်လာ၏။ တကယ့်ကို မာကျောလွန်းသည့် တံတိုင်းကြီးအပေါ်တွင် အပေါက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ဤသည်က မြေအောက် စွမ်းအင်ဗဟိုချက်၏ ဝင်ပေါက်ပင်။

“ငါ့ရဲ့သမီးလေးက တကယ်ပဲ ကောင်းကင်ဘုံက ပေးအပ်လိုက်တဲ့ နတ်မိမယ်လေးပဲ။ ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ ဖြစ်ရမယ်။”

ရှမ့်လန်က သက်ပြင်းချပြီးနောက် အမေဇုန်နိုင်ငံမှ ပိရမစ်ကြီးနှင့် ကွဲပြားကြောင်း သတိပြုမိ၏။ ဤနေရာက ပင်လယ်ရေအောက် မြေမျက်နှာပြင် ရှိနေသော်လည်း လေထုကမူ လုံလောက်စွာ ရရှိနေသေး၏။

…………….

နှစ်မိနစ်ခန့် ပြေးလွှားပြီး နောက်ဆုံးမှာတော့ ဧရာမပိရမစ်ကြီး၏ စွမ်းအင်ဗဟိုချက်ဆီသို့ ရောက်ရှိလာ၏။ ထိုအချိန်မှာတော့ ရှမ့်လန်က နောက်တစ်ကြိမ် မှင်သက်သွားမိ၏။ ဤနေရာတွင် စွမ်းအင်ဗဟိုချက်ဟူ၍ ဘာမှ မရှိချေ။ အမေဇုန်နိုင်ငံ၏ ပိရမစ်ကြီးနှင့် လုံးဝ ကွာခြားနေ၏။

အမေဇုန်နိုင်ငံတွင် ဧရာမ သတ္တုလုံးကြီး တစ်လုံး ရှိသော်လည်း ဤနေရာတွင်တော့ ကြီးမားလွန်းသည့် မီဒူဆာ ရုပ်တုကြီး တစ်ခုသာ ရှိ၏။ ထိုရုပ်တုက မှန်းဆ၍ မရနိုင်အောင် ကြီးမားပြီး အမြင့် ပေ ၃၀၀ ကျော်ခန့် ရှိရာ အထပ် ၃၀ ရှိသည့် အဆောက်အဦးကြီးတစ်ခုနှင့် အလားသဏ္ဍာန် တူလှ၏။ ရှမ့်လန် ဝင်ရောက်လာသည့်အချိန်တွင် သူက ရုပ်ထု၏ လက်ဖဝါးပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။

“တီ... တီ…။”

အသံကြီးက ပိုမိုကာ ဆိုးဝါးလာခဲ့၏။ ၉ မိနစ်တောင် မကျန်တော့ချေ။ သို့သော်ငြား ရှမ့်လန်က စွမ်းအင်ဗဟိုချက်ကို ရှာမတွေ့သေးပေ။ ဤလောကပျက်နိုင်သည့် ပေါက်ကွဲမှုကြီးကို မည်သို့ တားဆီးနိုင်မည်နည်း။

ချောင်ယောင်းအာက ဘာတစ်ခုမှမပြောဘဲ ရှမ့်လန်ကို ပွေ့ချီကာဖြင့် ဧရာမလှိုဏ်ဂူကြီးအတွင်း လှည့်လည် ပြေးလွှားနေ၏။ ရှမ့်လန်က မီဒူဆာ ရုပ်တုကြီး တစ်ခုလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်၏။ ရုပ်တုကြီးက ကြီးမားလွန်းသောကြောင့် သူမ၏ လက်ဖဝါးပေါ်တွင် ရပ်နေရုံဖြင့် တစ်ခုလုံးကို မမြင်နိုင်ချေ။

ယခု ရှမ့်လန်က ရှင်းလင်းစွာ မြင်တွေ့ရပြီ ဖြစ်၏။ မီဒူဆာရုပ်တုက ပို၍ ထူးဆန်း၏။ သူမတွင် မျက်လုံးများ မရှိချေ။ မှိတ်ထားခြင်းမျိုးလည်း မဟုတ်ဘဲ မျက်ဆံများ လုံးဝမရှိခြင်း ဖြစ်သည်။

သို့ဆိုလျှင် သူမ၏ မျက်ဆံများက မည်သည့်နေရာတွင် ရှိမည်နည်း။ သူမ၏ လက်ဝဲနှင့် လက်ယာ လက်ဖဝါးပေါ်တွင် ရှိနေခြင်းသာ ဖြစ်ပေမည်။

ထိုအရာက တကယ့်ကို ထူးဆန်းလှ၏။ မျက်လုံးများက မီဒူဆာ၏ လက်နက်များ ဖြစ်သော်လည်း သူမက သူမ၏ မျက်ဆံများကို ကိုယ်တိုင် ထုတ်ယူခဲ့ခြင်းလား။ ရုပ်တုကြီးက ကြီးမားလွန်းသောကြောင့် လက်ဖဝါး နှစ်ဖက်လုံးက ပေ ၃၀ ကျော်ခန့် ရှည်လျားပြီး လက်ဖဝါးပေါ်ရှိ မျက်ဆံများကလည်း ၁၀ ပေခန့် ကြီးမား၏။ ထိုအရာက ဘာကို ဆိုလိုသနည်း။

ရှမ့်လန်က သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချပြီး စဉ်းစား၏။ ဤသည်က သူ၏အသိပညာ နယ်ပယ်ထက် လုံးဝကျော်လွန်နေ၏။ သူက ပျောက်ဆုံးနေသော အင်ပါယာနှင့် ပတ်သက်သည့် ရှေးဟောင်း ကျမ်းစာမျိုးကို အလွန်နည်းပါးစွာသာ ဖတ်ရှုခဲ့ဖူးသည် မဟုတ်ပါလား။

“တီ… တီ..။”

ရေတွက်သံက ဆက်လက် ထွက်ပေါ်နေဆဲပင်။ ပြီးနောက် ရှမ့်လန်က ယောင်ယောင်အား ဤဧရာမမှ မီဒူဆာ ရုပ်တုကြီး၏ လက်ဖဝါးပေါ်ရှိ မျက်ဆံနှင့် ထိတွေ့စေရန် နည်းလမ်းမျိုးစုံနှင့် ကြိုးစားခိုင်း၏။ သို့သော်ငြား ထူးခြားမလာခဲ့ချေ။

ယောင်ယောင်၏ နဖူးကို မီဒူဆာ ရုပ်တုကြီး၏ လက်ဖဝါးနှင့် ထိတွေ့စေခဲ့သော်လည်း ဘာမှမထူးခြားခဲ့ချေ။ သူမကို မီဒူဆာ ရုပ်တုကြီး၏ နဖူးဆီသို့ ခေါ်ဆောင်သွားပြီး နဖူးချင်း ထိတွေ့ခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိချေ။

လောကပျက်ကိန်းက ဆိုက်ရောက်ရန် ၆ မိနစ်သာ လိုတော့၏။

၅ မိနစ်... ၄ မိနစ်...။

ရှမ့်လန်က ဘာမှ မတွေ့သေးချေ။ အကယ်၍ ဤနေရာတွင် ပေါက်ကွဲသွားခဲ့မည် ဆိုလျှင် ရှမ့်လန်၏ မိသားစု တစ်ခုလုံးက သေဆုံးရမှာဖြစ်ပြီး အပြင်ဘက်ရှိ ပင်လယ်မွန်းစတား တစ်သန်းကျော်တို့ကလည်း အမြစ်ပြတ် သုတ်သင်ခံရမည်။

ရှမ့်လန်က မျက်လုံးများကို ပြန်မှိတ်၏။ ပထမဦးဆုံးအနေနှင့် ပျောက်ဆုံးနိုင်ငံတည်နေရာထဲမှ ဧရာမ တံလျက် မြင်ကွင်းကြီးက ပေါ်ပေါက်လာခဲ၏။ ထိုအရာက လောကပျက်ကိန်းနှင့် ဆက်စပ်နေသည်လား။ ထို့အပြင် ဤပေါက်ကွဲမှုကြီးက လူသားများကြောင့် ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်သည်မှာ သေချာ၏။ အကြောင်းရင်းက မည်သူမှ ဤနေရာဆီသို့ မဝင်နိုင်သောကြောင့်ပင်။

ဤနေရာ၌ အလွန်ထူးခြားသည့် အကြောင်းရင်း တစ်ခု ရှိရပေမည်။ ဤလောကပျက်ကိန်းကို တားဆီးရန်က မီဒူဆာ၏ လက်ဝဲနှင့် လက်ယာ လက်ဖဝါးပေါ်ရှိ မျက်ဆံများနှင့် သေချာပေါက် ပတ်သက်နေရမည်။ ယခုလေးတင် ရှမ့်လန်က ရုပ်တုကြီးတစ်ခုလုံးကို မြင်တွေ့ရစဉ် သူမ ဖြန့်ထားသည့် လက်ဝဲနှင့် လက်ယာလက်များက ချိန်ခွင်တစ်ခုနှင့် တူနေကြောင်း ပြန်လည် သတိပြုမိ၏။ ဟုတ်ပေ၏။ ထိုအရာက ချိန်ခွင်တစ်ခု ဖြစ်နေလေသည်။ ရှမ့်လန်က မျက်လုံးများကို မှိတ်ပြီး သူ၏ဦးနှောက်ကို အလုပ်ပေးကာဖြင့် ဤမီဒူဆာ ရုပ်တုကြီး၏ လက်ဝဲနှင့် လက်ယာလက်များ၏ မျှခြေကို အသေအချာ တိုင်းတာကြည့်၏။

သာမန်မျက်စိနှင့် ကြည့်ပါက ဘာမှမြင်ရမည် မဟုတ်ပေ။ ထိုအရာက လုံးဝ ညီမျှနေသကဲ့သို့ ရှိသော်လည်း ဦးနှောက်၏ တိကျသည့် တွက်ချက်မှုများအရ ထိုအရာက လုံးဝ မျှခြေမရှိကြောင်း ရှမ့်လန် သိရှိမိ၏။ ချိန်ခွင်က လက်ယာဘက်သို့ ၀.၁ ဒီဂရီခန့် စောင်းနေ၏။ ဤမျှ သေးငယ်သည့် ကွာခြားချက်ကို သူ၏ဦးနှောက်ကသာ တွက်ချက် နိုင်ပေလိမ့်မည်။

ရှေ့မှ အခြေအနေက ရှင်းလင်းသွားခဲ့၏။ ဤလောကပျက်ကိန်းကို တားဆီးရန် မီဒူဆာ၏ လက်ပေါ်ရှိ ချိန်ခွင်ကို ပြန်လည် မျှခြေဖြစ်အောင် လုပ်ဆောင်ရပေလိမ့်မည်။ ထိုအရာက လက်ယာဘက်သို့ ၀.၁ ဒီဂရီ စောင်းနေသောကြောင့် လက်ဝဲဘက်တွင် အလေးချိန် ထပ်ဖြည့်ရန် လိုအပ်နေသည်။

တိုက်တိုက်ဆိုင်ဆိုင် ယောင်ယောင်လေးနှင့် ရှမ့်လန်တို့က မီဒူဆာ အရုပ်ကြီး၏ လက်ဝဲဘက် လက်ဝါး ပေါ်တွင် ရပ်နေကြခြင်း ဖြစ်သော်လည်း ဘာမှ မထူးခြားချေ။ ထို့ကြောင့် ထပ်ဖြည့်ရမည့် အလေးချိန်က လူများ၏ အလေးချိန် မဟုတ်သည်မှာ သေချာ၏။ ထို့သို့ဆိုလျှင် ဘာကို အားကိုးရမည်နည်း။ သွေးများ ဖြစ်နိုင်မည်လား။

ဤအချိန်တွင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ရန် ၃ မိနစ်ပင် မပြည့်တော့ချေ။ ရှမ့်လန်က မျက်လုံးများကို ပြန်မှိတ်၏။ သူက အာရုံခံမိ၏။ တီတီ ရေတွက်သံကို နားထောင်၍ မရပေ။ ထိုအသံ၏ နောက်ကွယ်ရှိ အသံကို နားထောင်ရန် လိုအပ်နေ၏။

သူက အသေအချာ နားစွင့်ကြည့်၏။ မကြာခင်မှာပင် ရှမ့်လန်က တကယ်ပင် ကြားလိုက်ရ၏။ အတိအကျဆိုရင် သူ ခံစားလိုက်ရခြင်းပင်။ မီဒူဆာ၏ ငိုကြွေးသံနှင့် သီချင်းဆိုသံက ထူးခြားသည့် အသံလှိုင်း အဖြစ် ထွက်ပေါ်နေခြင်းပင်။ သူ၏ နားဖြင့် မကြားနိုင်သော်လည်း ဦးနှောက်က ခံစားနိုင်သည်။

xxx

အပိုင်း (၉၁၂)

ထိုအရာက ရှမ့်လန်အား တစ်စုံတစ်ခုကို သတိရသွားစေ၏။ ဘုရင်မမီဒူဆာက ဘုရင်မမြို့တော်မှ ထွက်ခွာသွားသော ညတွင် သမီးငယ်လေး ယောင်ယောင်အတွက် သားချော့တေးသီချင်း တစ်ပုဒ်ကို သီဆိုပြခဲ့ဖူး၏။ ထိုတုန်းက မြို့တော်အတွင်းရှိ ကလေးငယ် အားလုံးတို့ကလည်း ထိုအသံကို ခံစားမိပြီး အလွန်အမင်း ချိုမြိန်စွာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့၏။ အဆိုးဆုံးသော ကလေးငယ်များပင် အိပ်ပျော်သွားခဲ့၏။

ဤအစွဲအလမ်းကြောင့်ပင် ရှမ့်လန်က ဘုရင်မမီဒူဆာ ရုပ်တုကြီး၏ ငိုကြွေးသံကို ခံစားလိုက်မိခြင်း ဖြစ်၏။ မှန်ပေ၏။ အပြင်ဘက်ရှိ ပင်လယ်မွန်းစတား တစ်သန်းကျော်တို့ကလည်း ဤ မီဒူဆာရုပ်တုကြီး၏ ငိုကြွေးသံကြောင့် ဆွဲဆောင်ခြင်းကို ခံထားရခြင်း ဖြစ်ပြီး မိစ္ဆာများ၏ မျက်လုံးထဲတွင်လည်း ဝမ်းနည်းရိပ်များ ပြည့်နှက်နေသည်မှာ ထိုအကြောင်းကြောင့်ပင်။

ငိုကြွေးနေခြင်းလား။ ငိုကြွေးနေခြင်းသာလျှင် ဖြစ်မည်။

ထိုသို့ဆိုလျှင် မီဒူဆာ၏ လက်ဝဲလက်ဖဝါးပေါ်တွင် အလေးချိန် မည်မျှ ထပ်ဖြည့်ရမည် ဆိုသည်က ရှင်းလင်း သွားခဲ့၏။ မျက်ရည်များပင်။ ဤမျက်ရည်များက ရှမ့်လန် မျက်ရည် မဟုတ်သလို မည်သူ၏မျက်ရည်မှလည်း မဟုတ်ချေ။ ယောင်ယောင်၏ မျက်ရည်သာ ဖြစ်ပေလိမ့်မည်။

“သမီးလေး... ဒီဘောလုံးပေါ်ကို မျက်ရည်တစ်စက်လောက် ချပေးနိုင်မလား။” ရှမ့်လန်က မေး၏။

ဘောလုံးဟု သူဆိုလိုသည်က မီဒူဆာရုပ်တုကြီး၏ လက်ဝဲလက်ဖဝါးပေါ်ရှိ မျက်ဆံကြီးပင် ဖြစ်၏။ ယောင်ယောင်က ရုတ်တရက် ဝမ်းနည်းသွားရှာ၏။ ထိုအရာက သူမအတွက် တကယ့်ကို လွယ်ကူ၏။ သူမ၏ တခြားသော အမေကို သတိရလိုက်ရုံမျှပင်။

ရုတ်တရက် ကျောက်မျက်ရတနာကဲ့သို့ လှပသော သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်တစ်စက် ကျဆင်းလာသည်။ “ဒေါင်…။”

ထိုမျက်ရည်စက်က မီဒူဆာ ရုပ်တုကြီး၏ လက်ဝဲဘက် လက်ဖဝါးပေါ်ရှိ ဧရာမ မျက်ဆံကြီးပေါ်သို့ ကျဆင်းသွားခဲ့ပြီးနောက် ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။

ချက်ချင်းပဲ အံ့ဖွယ်ရာတစ်ခု ထပ်မံ ဖြစ်ပေါ်၏။ တီတီ မြည်သံကြီးက ရပ်တန့်သွားခဲ့ခြင်းပင်။ မီဒူဆာ ရုပ်တုကြီး၏ လက်မောင်းနှစ်ဖက်က မျှခြေအသစ်သို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွား၏။ ငိုကြွေးသံများကလည်း ရပ်တန့်သွားခဲ့၏။ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်သွားသည်။

လောကကြီးတစ်ခုလုံး ပျက်စီးသွားနိုင်သည့် ပေါက်ကွဲမှုကြီးက ဖျောက်ဖျက်ခြင်းကို ခံလိုက်ရပြီး ရေတွက်ခြင်း အသံကြီးကလည်း ပြီးဆုံးသွား၏။

နောက်ဆုံးမှာတော့ အပြင်ဘက်ရှိ ပင်လယ်မွန်းစတား တစ်သန်းကျော်တို့နှင့် လူတိုင်းက ဘေးကင်းခဲ့ကြ၏။ သို့သော်ငြား ယခုအချိန်တွင် အားလုံးကို ကယ်တင်လိုက်တဲ့သူက ရှမ့်လန် မဟုတ်ဘဲ ယောင်ယောင်လေးသာ ဖြစ်သည်။

သမီးငယ်လေးက တကယ့်ပင် အံ့အားသင့်စရာ ကောင်း၏။ သူမ ကိုယ်တိုင်ကပင်လျှင် အံ့ဖွယ်ရာ တစ်ခု ဖြစ်လို့နေသည်။ ရှမ့်လန်က သူမအား သူ၏ရင်ခွင်အတွင်းသို့ ခပ်တင်းတင်း ပွေ့ဖက်ထား၏။

“သမီးလေး... ဖေဖေ တောင်းပန်ပါတယ်။ ဖေဖေ သမီးလေးကို ငိုအောင် လုပ်မိပြီ။” ရှမ့်လန်က တီးတိုးပြောသည်။

ယောင်ယောင်က သူမ၏ လက်ကလေးများဖြင့် ရှမ့်လန်၏ လည်ပင်းကို ဖက်ကာဖြင့် ရင်ခွင်ထဲ တိုးဝင်နေရှာ၏။ သူမက တကယ့်ကို အဖေ့အတွက် ကောင်းကင်စေတမန်လေး ဖြစ်လို့နေ၏။

“ပြန်ကြရအောင်။”

ရှမ့်လန်က ဧရာမ ပိရမစ်ကြီး၏ မြေအောက်စွမ်းအင် ဗဟိုချက်ဆီမှ ထွက်ခွာလာခဲ့ပြီး ပုံမှန် လမ်းကြောင်းအတိုင်း ပိရမစ်အတွင်းသို့ ပြန်လည် ရောက်ရှိလာ၏။ ပြီးနောက် သူက အပြင်ဘက်သို့ ငေးကြည့်၏။ ပင်လယ်မိစ္ဆာ တစ်သန်းကျော်တို့က ပိရမစ်ကြီးတစ်လုံးကို ဝိုင်းရံထားဆဲပင်။

ရှမ့်လန်က သမီးလေးကို ပွေ့ချီပြီး တံခါးဝ၌ ပေါ်လာချိန်မှာတော့ ရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများ၏ မျက်ဝန်းများက ရှမ့်လန်နှင့် ယောင်ယောင်လေးတို့ဆီ စုပြုံရောက်လာ၏။ သူတို့က ဘာမှ မပြုလုပ်ကြပေ။ ဟိန်းဟောက်ခြင်းလည်း မပြုသလို၊ တိုက်ခိုက်ခြင်းလည်း မရှိချေ။ အားလုံးက ငြိမ်သက်စွာ စိုက်ကြည့်နေ၏။

ခဏအကြာမှာတော့ ပင်လယ်မွန်းစတား တစ်သန်းကျော်တို့က ရေလှိုင်းများကဲ့သို့ပင် အရိပ်အယောင်မပြဘဲ ပြန်လည် ဆုတ်ခွာသွားခဲ့ကြ၏။ သူတို့အားလုံးက ပင်လယ်အတွင်းသို့ ပြန်ဝင်ကာ ပင်လယ်ကြမ်းပြင် သို့ ပြန်သွားခဲ့ကြ၏။

“အဒေါ်... ကျုပ်ကို အခု ပြောပြလို့ ရပြီလား။ မူလန် ဘာဖြစ်နေတာလဲ။” ရှမ့်လန်က မေးသည်။

နတ်မိမယ် ရွှယ်ရင်က အစောပိုင်းတွင် အားလုံး ဘေးကင်းသည်ဟု ပြောခဲ့သော်လည်း ထိုအရာက အရေးပေါ် အခြေအနေကြောင့်သာ ဖြစ်၏။ ရွှယ်ရင်က ရှမ့်လန်အား စိတ်မပူစေချင်သောကြောင့်ပင်။

ပင်လယ်မွန်းစတား တစ်သန်းကျော်တို့က ဧရာမ ပိရမစ်ကြီးကို ဝိုင်းရံထားခဲ့၏။ မိသားစု၏ အင်အားအကောင်းဆုံး တိုက်ခိုက်ရေးသမား တစ်ဦးအနေနှင့် မူလန်က ဘယ်ကြောင့် ခန်းမဆောင်တွင် ရှိမနေရသနည်း။

ရွှယ်ရင်က ပြော၏။ “လန်အာ... စိတ်မပူနဲ့။ မူလန် တကယ်ပဲ ဘေးကင်းပါတယ်။ သူ ဘာမှ မဖြစ်ပါဘူး။ သူ ခဏ ခေါ်ဆောင်သွားခြင်းကို ခံရတာ။”

ရှမ့်လန်က အံ့အားသင့်၏။ ခေါ်ဆောင်သွားခြင်းကို ခံရသည်လား။ ဒါ ဘာကို ဆိုလိုသနည်း။

ရွှယ်ရင်က ဆက်ပြောသည်။ “ပြီးခဲ့တဲ့ အချိန်တုန်းက မူလန်က သူ့ရဲ့စိတ်စွမ်းအင် အကုန်လုံးကို အသုံးချပြီး သင်္ဘောကို မိစ္ဆာတြိဂံအတွင်းက လောကသစ်ဆီကို ဘေးကင်းအောင် ခေါ်ဆောင်လာခဲ့ရတယ်။ ကျောက်တန်း တွေနဲ့ လေဆင်နှာမောင်းတွေကို အကုန်ရှောင်ရှားနိုင်ခဲ့ပေမယ့် နောက်ပိုင်း သူက အရမ်းကို မောပန်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့တာ လပေါင်းများစွာ ကြာခဲ့တယ်။”

ထိုအကြောင်းကို ရှမ့်လန်က သိရှိထားပြီးသားပင်။ မင်းသမီးဟယ်လင်က သူ့ကို ပြောပြခဲ့ဖူး၏။ မူလန် အိပ်ပျော်နေစဉ်တွင် သူမ၏ အသက်စွမ်းအားက တကယ့်ကို တည်ငြိမ်ပြီး အသက်အန္တရာယ် မရှိကြောင်း ကိုလည်း သူမက အလေးပေး ပြောကြားခဲ့၏။

ထို့အပြင် သူမ၏ စိတ်စွမ်းအင်များက အကန့်အသတ်ကို ကျော်လွန်ပြီးနောက် ပိုမို တိုးတက်လာကာဖြင့် နိဗ္ဗာနအဆင့်ဆီသို့ ရောက်ရှိသွားရပေမည်။ သို့သော်ငြား အနည်းငယ်မျှ လိုအပ်ခဲ့သောကြောင့် သူမက နိဗ္ဗာနအဆင့်သို့ လုံးဝ မရောက်ရှိခဲ့သလို၊ နိုးလည်း နိုးမလာခဲ့ပေ။

“မင်းသမီးဟယ်လင်က မင်းကို ရှာဖို့ ထွက်သွားခဲ့တယ်။ အဲဒီနောက်မှာ မူလန်က နိုးမလာသေးဘူး။ ငါတို့က တကယ်ပဲ စိုးရိမ်နေကြတာ။”

ရွှယ်ရင်က ပြောသည်။ “တစ်နေ့မှာတော့ သူက ရုတ်တရက် ပျောက်ကွယ်သွားတယ်။ ပြီးတော့ အခန်းထဲမှာ စာတစ်စောင် ချန်ခဲ့တယ်။”

ရွှယ်ရင်က စာရွက်ကို ကမ်းပေး၏။ ရှမ့်လန်က တစ်ချက် ကြည့်ရှုလိုက်ရုံနှင့် ထိုစာလုံးများက ခုန်ပျံ ပြန်ထွက်လာမည်လားဟု ခံစားရ၏။

“ကျင်းမူလန်ကို ငါ ခေါ်သွားပြီ။ သူ အဆင့်တက်ဖို့ လိုအပ်နေတယ်။ မကြာခင် ပြန်လာလိမ့်မယ်။”

စကားလုံးများက တကယ့်ကို ရိုးရှင်း၏။ ရိုးရှင်းဆုံးသော စကားလုံးများဖြင့် ရေးသားထားခြင်းပင်။ သို့သော်ငြား အောက်ဆုံးရှိ လက်မှတ်ကတော့ ထိတ်လန့်စရာ ကောင်း၏။

“ခရု။”

(တကယ်တော့ ဘိုးဘေးလော်ဖြစ်သောကြောင့် လော်ဟု လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ လော် ဟု တစ်ခုလုံး ရေးပြရတာ တမျိုးဖြစ်နေလို့။ သူ့အဓိပ္ပာယ် ခရုဟု ရေးပေးခြင်းဖြစ်သည် - ဘာသာပြန်သူ)

ရှမ့်လန်က ထိုစာရွက်ကို ချောင်ယောင်းအာထံသို့ ကမ်းပေးလိုက်သည်။

“ဟုတ်တယ်... အဲဒါ ဆရာမကြီးရဲ့ လက်ရေးပဲ။” ချောင်ယောင်းအာက ပြောလိုက်၏။

ချောင်ယောင်းအာ၏ ဆရာမကြီးက မည်သူနည်း။ အရှေ့ဘက်လောကရှိ အင်ပါယာကျန်းလီ၏ လူယုံတော်လည်း ဖြစ်၏။ ကောင်းကင်ပင်လယ် နန်းဆောင်မှ အရှင်သခင်... ကျိုးရှီ၏ ဘဝတစ်လျှောက်လုံး ရည်မှန်းထားခဲ့သည့် ဘိုးဘေးလော်ပင် ဖြစ်၏။ သူမက အရှေ့ဘက်လောကတွင် အားအကောင်းဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။

“သူက ကျွန်မရဲ့ ဆရာကြီး ဖြစ်ပေမဲ့ ကျွန်မကို သင်ပေးခဲ့တာ ရက်အနည်းငယ်ပဲ ရှိတယ်။”

ချောင်ယောင်းအာက ပြော၏။ “အရေးကြီးဆုံး အချိန်တိုင်းမှာ ရောက်လာခဲ့ပြီး ကျွန်မကို လမ်းညွှန်ပေး တတ်တယ်။ မတွေ့ရတာ ၁၀ နှစ်ကျော်တောင် ကြာခဲ့ပြီ။”

ဘိုးဘေးလော်၏ နောက်ခံက တကယ့်ကို ဆန်းကြယ်၏။ အနည်းဆုံး ရှမ့်လန်၊ ရွှယ်ယင်နှင့် ချောင်ယောင်းအာတို့က သူမ၏ နောက်ခံကို မသိကြချေ။ သူမက ကျန်းလီ လူယုံတော် ဖြစ်ကြောင်းကိုသာ သိရှိကြ၏။

ကောလာဟလများအရ ဘိုးဘေးလော်က ကျန်းလီအပေါ် စွဲလမ်းခဲ့သော်လည်း ကျန်းလီက သူ၏ဇနီးသည်ကြောင့် သူမကို လျစ်လျူရှုခဲ့သည်ဟု ဆို၏။ ထို့ကြောင့် လောကသားများ၏ မျက်လုံးထဲတွင် ကျန်းလီက လောကပေါ်တွင် အချစ်တတ်ဆုံးသော ပုဂ္ဂိုလ်ဟု ထင်မြင်ကြခြင်းပင်။ ရှမ့်လန် ကိုယ်တိုင်ပင်လျှင် ထိုသို့ ထင်မြင်ခဲ့ဖူးသည်။

သို့သော်ငြား အနောက်လောကကို သွားရောက်ပြီးနောက်မှာတော့ သူ၏အမြင်များက ပြောင်းလဲခဲ့ရ၏။ သူ၏ဖခင်က အနောက်လောကသို့ သွားရောက်ခဲ့ဖူးလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူ၏မိခင်နှင့် တွေ့ဆုံပြီးနောက်မှာမှ ကမ္ဘာပေါ်တွင် အချစ်တတ်ဆုံးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။

ဘိုးဘေးလော်က ဘယ်ကြောင့် မိစ္ဆာတြိဂံနယ်မြေအတွင်း ပေါ်ပေါက်လာရသနည်း။ ထိုအရာက ခန့်မှန်းရန် မခက်ခဲချေ။ အနည်းဆုံးတော့ သူမက ကျန်းလီ၏ လူယုံတော် ဖြစ်၏။ ရှမ့်လန်၏ အထောက်အထား အမှန် ပေါ်ပေါက်လာသည့် သတင်းက တစ်လောကလုံးသို့ ပျံ့နှံ့သွားမည်မှာ အသေအချာပင်။

သူမက သတင်းကြားသည်နှင့် ချက်ချင်း ရောက်ရှိလာခဲ့သော်လည်း အချိန်မီလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှမ့်လန်က မိစ္ဆာတြိဂံနယ်မြေအတွင်း ပျောက်ကွယ်သွားကြောင်းသာ သူမ ကြားသိရပေလိမ့်မည်။ ထို့ကြောင့် သူမက အန္တရာယ်ကြားမှ မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေမည်။

“ငါက ငါ့ရဲ့ သွေးသောက်အစ်ကိုနောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့ဖူးပေမဲ့ ဒီဘိုးဘေးလော်ကို တစ်ခါမှ မမြင်ခဲ့ရဘူး။ သူက အရမ်းကို ဆန်းကြယ်ပြီး ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်တတ်ဘူး။ သူ့ကို မြင်ဖူးတဲ့လူတောင် အရမ်းနည်းတယ်။” ရွှယ်ရင်က ပြော၏။

ဓားဘုရင် လီချင်းချိုးကလည်း သူမကို မမြင်ဖူးချေ။ ချောင်ယောင်းအာ တစ်ဦးတည်းသာ မြင်ဖူးခြင်း ဖြစ်၏။ ပြီးနောက် ရှမ့်လန်က ထိုစာရွက်၏ နောက်ဘက်တွင် စာသားတစ်ခုကို တွေ့ရသည်။

“ကလေးလေး ရှမ့်ယီကိုလည်း ခေါ်သွားပြီ။ သူ့ရဲ့ သွေးမျိုးဆက်ကို အလဟဿ အဖြစ်မခံနိုင်ဘူး။ ဉာဏ်ပွင့်လင်းစေဖို့တောင် နည်းနည်း နောက်ကျနေပြီ။”

ထိုအရာက ထိုဘိုးဘေးလော်ပင် ဖြစ်၏။ ကလေးလေး ရှမ့်ယီ၏ ထူးခြားသည့် သွေးမျိုးဆက်အကြောင်းကို ရှမ့်လန်နှင့် မူလန်တို့ကသာ သိရှိထား၏။ သူက မွေးတည်းက အရူးကြီးနှင့် ချောင်ယောင်းအာတို့ထက်ပင် သာလွန်သည့် ရွှေရောင် သွေးမျိုးဆက်ကို ပိုင်ဆိုင်ခဲ့ခြင်းပင်။

သို့သော်ငြား မကြာခင်မှာပဲ ထိုသွေးမျိုးဆက်က ပျောက်ကွယ်သွားခဲ့၏။ ရှမ့်လန်နှင့် မူလန်တို့က ရှမ့်ယီ၏ သွေးမျိုးဆက်က ထူးခြားကြောင်း သိရှိထားသော်လည်း သူ့အား အထူး လေ့ကျင့်ပေးရန် တွေးမနေချေ။ အသက် ၂ နှစ်၊ ၃ နှစ်ထိ နေ့စဉ် ကစားရုံသာ ရှိနေခဲ့သည် မဟုတ်ပါလား။ ရှမ့်လန် ပြဿနာများကို ရင်ဆိုင်ရပြီးနောက် မူလန်က ရှမ့်ယီအား မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ခေါ်ဆောင်လာခဲ့သောကြောင့် ကိုယ်ခံပညာ သင်ကြားပေးမည့်သူ မရှိခဲ့ချေ။

ဓားဘုရင် လီချင်းချိုးနှင့် ရွှယ်ရင်တို့က ကြိုးစားကြည့်သော်လည်း နောက်ဆုံး လက်လျော့ခဲ့ရ၏။ သူတို့က ဤဆိုးသွမ်းသည့် ကလေးငယ်အား ဉာဏ်အလင်း ပွင့်လင်းအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ ဤကလေးက ဆိုးသွမ်းလှချေ၏။

ယခု ဆိုးသွမ်းလွန်းသည့် ကလေးငယ်လေးက အသက် ၄၊ ၅ နှစ်ခန့် ရှိပြီ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ဘိုးဘေးက ဉာဏ်လင်းပွင့်စေရန် အနည်းငယ် နောက်ကျနေပြီဟု ဆိုခြင်းပင်။

…………..

မူလန်နှင့် ရှမ့်ယီလေးတို့ ထွက်ခွာသွားခြင်းအပေါ် ရှမ့်လန်က တကယ့်ကို စိတ်မကောင်း ဖြစ်မိ၏။ အကြောင်းရင်းက သူ၏ဘဝတွင် အရေးကြီးဆုံး ပုဂ္ဂိုလ်များ ဖြစ်သောကြောင့်ပင်။ သူ့ဘဝ၏ နှလုံးသား ထက်ဝက်ခန့်ကို နေရာယူထားသော သားအမိဖြစ်သောကြောင့်ပင်။ သို့သော်ငြား ထိုအရာက မူလန်နှင့် ရှမ့်ယီတို့အတွက် ကောင်းခြင်းတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ထို့နောက် ဧရာမ ပိရမစ်ကြီး တစ်ခုလုံး၌ ပျော်စရာ အတိဖြစ်သွား၏။ အမည်မှားခြင်း ရှိနိုင်သော်လည်း နာမည်ပြောင်ကိုတော့ ဘယ်တော့မှ မှားလိမ့်မည် မဟုတ်ချေ။ ပင်းအာက သူမ၏ အံ့ဖွယ်စွမ်းရည်များကို နောက်တစ်ကြိမ် ထုတ်ဖော်အသုံးပြုပြ၏။ ဤအမျိုးသမီးက ရှမ့်လန်အား အမြဲတမ်း အနိုင်ယူနိုင်သည့် တစ်ဦးတည်းသော လူအဖြစ် ထင်မှတ်မှားရစေ၏။

ရှမ့်မီက ယခုအချိန်တွင် အသက် ခြောက်နှစ်ခန့် ရှိပြီဖြစ်ပြီး ရှမ့်လန်ကို ကြောက်ကြောက်ရွံ့ရွံ့နှင့် စိုက်ကြည့်နေ တတ်၏။

“သမီးလေး... ဖေဖေ့ကို မေ့သွားပြီလား။ ဖေဖေက သမီးလေးရှမ့်မီကို အချစ်ဆုံးပဲ။ သမီးလေးကို ငယ်ငယ်လေးတည်းက ဖေဖေ့အမြဲတမ်း ပွေ့ချီထားခဲ့ရတာ။”

သမီးလေး ရှမ့်မီက သူမ၏ မျက်လုံးများကို ဝိုင်းစက်နေအောင် ဖွင့်ပြီး ပြန်လည်မှတ်မိရန် ကြိုးစား၏။ သို့သော်ငြား ထိုစဉ်က အလွန်ငယ်သောကြောင့် မမှတ်မိနိုင်ပေ။

ရှမ့်လန်က သူမအား ငေးကြည့်နေ၏။ တကယ့်ကို မင်းသမီးလေးတစ်ဦးကဲ့သို့ပင် လှပသည့် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူမ၏ အပြုအမူတိုင်းက ဂုဏ်သိက္ခာရှိကာဖြင့် လှပယဉ်ကျေး၏။

ဟယ်လင် ဤနေရာတွင် ရှိနေစဉ် လအနည်းငယ်အတွင်း ရှမ့်မီလေးက သူမနှင့် အတူတူ နေထိုင်ခဲ့၏။ ဟယ်လင်က သူမအား မင်းသမီးလေးတို့၏ ကျင့်ဝတ်များကို သင်ကြားပေးခဲ့ပြီး ရှမ့်မီလေးကလည်း သေချာပင် သင်ယူခဲ့၏။ တချို့သော မိန်းကလေးများက မွေးကတည်းကပင် မင်းသမီး ဖြစ်ချင်ကြသည် မဟုတ်ပါလား။

“ကျွန်မရဲ့ ရှမ့်မီလေးက တကယ် မင်းသမီးလေး တစ်ပါးပါပဲ။” ပင်းအာက တီးတိုးလေး ဆိုသည်။

ရှမ့်လန်က လက်ဝဲဘက်တွင် ယောင်ယောင်ကို ပွေ့ချီပြီး ညာဘက်လက်တွင် ရှမ့်မီကို ပွေ့ထား၏။ အလယ်တွင် ရှမ့်လီကို ထား၏။ တကယ်တော့ ယောင်ယောင်က လအနည်းငယ်မျှ ပိုကြီးသော်လည်း သူမက ရှမ့်မီထက် တစ်နှစ်ကျော်ခန့် ပိုငယ်ပုံရပြီး ရှမ့်မီက အစ်မကြီးနှင့် ပိုတူနေ၏။

“မီလေး... လီအာ... ဒါက မင်းတို့ရဲ့ အစ်မကြီး ယောင်ယောင်ပဲ။ သူ့ရဲ့ နာမည်က ရှမ့်ရီတဲ့။”

ရှမ့်လန်က ပြော၏။ “အစ်မကြီးလို့ ခေါ်လိုက်အုံး။”

“အစ်မကြီး။”

ရှမ့်မီက ယဉ်ကျေးစွာဖြင့် ခေါ်၏။ ချက်ချင်းပဲ သူမ၏ ပါးစပ်ကလေးကို ပိတ်လိုက်၏။ သူမက အခု သွားသစ်လဲနေချိန် ဖြစ်နေပြီး သွားတစ်ချောင်း ကျိုးနေသောကြောင့်ပင်။ ထိုအရာက ထူးဆန်း၏။ ယောင်ယောင် က အသက် ၇ နှစ်ရှိပြီ ဖြစ်ပြီး ပုံမှန်ဆိုလျှင် သွားလဲရမည့် ဖြစ်သော်လည်း သူမက သွားကျိုးမည့် အရိပ် လက္ခဏာများ မရှိပေ။

ရှမ့်လီက အငယ်ဆုံး ဖြစ်ပြီး အသက် ၂ နှစ်ခွဲသာ ရှိသေး၏။ နင်ယန်က ကိုယ်ဝန်ဆောင်ချိန်တွင် တကယ့်ကို ပင်ပန်းခဲ့ရပြီး တစ်စုံတစ်ခုသော အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် အချိန်အတော်ကြာ အိပ်ရာထဲ၌သာ လှဲနေခဲ့ရ၏။ မွေးဖွားလာချိန်တွင်လည်း ရှမ့်လီက တကယ့်ကို အားနည်းခဲ့သည်။

အဘိုးဖြစ်သူ နင်ယွမ်ရှန်းက စွမ်းအားရှိသူ ရှမ့်လီဟုပင် နာမည်ပေးခဲ့၏။ မိစ္ဆာတြိဂံနယ်မြေအတွင်းရှိ ပတ်ဝန်းကျင် က ထူးခြား၏။ ထို့ကြောင့် ကလေးလေး ရှမ့်လီ၏ ကျန်းမာရေးက တိုးတက်လာခဲ့၏။ သို့သော်ငြား တကယ့်ကို တည်ငြိမ်ပြီး ရှက်တတ်သူလေး ဖြစ်နေဆဲပင်။

“အစ်မကြီး…” သူ၏အသံက သေးငယ်ပြီး မိန်းကလေးတစ်ဦး၏ အသံနှင့်တူ၏။

ယောင်ယောင်က သူမ၏မျက်လုံးဝိုင်းကြီးများဖြင့် မောင်လေး ၊ ညီမလေးတို့ကို စိုက်ကြည့်နေ၏။ သူမ၏ မျက်ဝန်းထဲတွင် အတိုင်းဆမဲ့သည့် ချိုမြိန်မှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

ထိုအချိန်မှာတော့ ရှမ့်လန်က နောင်တရမိ၏။ သူက ယခင်က ကလေးလေး ရှမ့်ယီကို ပွေ့ဖက်ရန် အခွင့်အရေး အလွန်နည်းပါးခဲ့၏။ ယခု ဘိုးဘေးလော် ခေါ်သွားခဲ့ပြီ ဖြစ်သောကြောင့် နောင်တွင် ပွေ့ဖက်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။ အကြောင်းရင်းက ပြန်လာချိန်တွင် လူကြီးတစ်ယောက် ဖြစ်နေလောက်ပြီး ရှမ့်လန်၏ ပွေ့ဖက်မှုကို လိုအပ်တော့မည် မဟုတ်သောကြောင့်ပင်။

………….

ရှမ့်လန်က နောက်ဆုံး၌ “မှန်” ကို တွေ့ရ၏။ သူ၏ကိုယ်ပွား “မှန်” ပင်။ ထိုလူက တကယ့်ကို သူနှင့်တူညီ၏။ မှန်ထဲ၌ ကြည့်နေရသကဲ့သို့အလားပင်။ သူ၏ခန္ဓာကိုယ်က တကယ့်ကို အားနည်းပြီး မူလက ကြာရှည်စွာ အသက်ရှင်နိုင်သည့် လူ မဟုတ်ချေ။ သို့သော်ငြား မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ရောက်ရှိခဲ့ပြီးနောက် သူ၏ ခန္ဓာကိုယ်ရှိ ရောဂါများက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ယခု အနည်းငယ် အားနည်း နေသေးသော်လည်း အသက်အန္တရာယ် မရှိတော့ချေ။

“ကျုပ်နာမည်က မှန်ပါ။” သူက စကားကို စိုးရိမ်တကြီးဖြင့် ပြော၏။

“ငါ့နာမည်က ရှမ့်လန်ပဲ။”

ပြီးနောက် နှစ်ဦးလုံးက တိတ်ဆိတ်သွား၏။ သူက မိစ္ဆာတြိဂံထဲသို့ ရောက်လာချိန်တွင် နေ့စဉ် သူ၏ အခန်းထဲတွင် နေထိုင်ခဲ့ပြီး လူအနည်းငယ်မှလွဲ၍ သူ ရှိနေသည်ကို မည်သူမှ မသိရှိကြချေ။

“ငါ မင်းအပေါ် အသက်တစ်ချောင်း အကြွေးတင်နေတယ်။”

“ခင်ဗျားအတွက်ဆိုရင် ကျုပ် အချိန်မရွေး အသေခံနိုင်ပါတယ်။” မှန်က ရုတ်တရက် ပြောသည။

ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ “မဟုတ်ဘူး။ မင်း ငါ့အပေါ် ဘာအကြွေးမှ တင်မနေပါဘူး။”

ပြီးနောက် သူတို့နှစ်ဦးလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

နောက်ဆုံးမှာတော့ မှန်က သတ္တိကို မွေးကာ ပြောသည်။ “ကျေးဇူးတင်ပါတယ်။”

………..

All Chapters