အခန်း (၉၁၃-၉၁၄)
Vol. 55 Ch. 913-914
အပိုင်း (၉၁၃)
ရှမ့်လန်က သူ၏ယောက္ခမများ ရှေ့တွင် ဦးညွတ်၏။ သူက သူ၏ယောက္ခမများပေါ် အကြွေးတင်နေ၏။ သူသာ မရှိပါက ကျင်းမိသားစုသည် နယ်မြေများကို ဆုံးရှုံးရလိမ့်မည် မဟုတ်ချေ။ မှန်ပေ၏။ သူသာ မရှိပါက ကျင်းမိသားစု ကလည်း လွန်ခဲ့သည့်အချိန်တည်းက ပျက်စီးသွားလောက်ပေ၏။ ထို့ကြောင့် မိသားစုအတွင်း၌ ကပ်သပ် တွက်ချက်မှုများ ပြုလုပ်နေရန် မလိုအပ်တော့ချေ။
“အခုတော့ ဒါက အိပ်မက်တစ်ခုလိုပဲ။ လန်အာ... မင်း ငါတို့ရဲ့ရှေ့မှာ တကယ် ပေါ်လာခဲ့ပြီပဲ။”
ယောက္ခမဖြစ်သူ စုဖေ့ဖေ့က ရှိုက်သံတိုးတိုးဖြင့် ပြော၏။ “ငါ့ရဲ့ လန်အာလေးက ပင်ပန်းခဲ့ရှာပြီ။ မင်းက အရမ်းကို နူးညံ့တဲ့ လူတစ်ယောက် ဖြစ်ပေမဲ့ ကြီးမားတဲ့ တာဝန်ကို ထမ်းထားရတာပဲ။ တကယ်ပဲ နတ်ဘုရားတွေက ...”
သူမက တစ်စုံတစ်ခုကို ဆဲဆိုရန် ပြင်ဆင်လိုက်သော်လည်း မရိုမသေ ဖြစ်မိမည်ကို စိုးသောကြောင့် ပြန်လည် ထိန်းသိမ်းလိုက်မိသည်။
“အဖေ၊ အမေ... ကျုပ် မကြာခင် ပြန်တိုက်ထုတ်ပါမယ်။ နုရှောင့်မြို့ကို ပြန်သိမ်းပိုက်မယ်။ ကျင်းမိသားစုရဲ့ နယ်မြေတွေကို ပြန်ယူမယ်။” ယောက္ခမဖြစ်သူက ခေါင်းညိတ်ပြ၏။
သူက ယခုအချိန် ရှမ့်လန်နှင့် မည်သို့ ဆက်ဆံရမည်ကိုပင် မသိတော့ချေ။ တစ်ဖက်တွင် ရှမ့်လန်က သူ၏သားကဲ့သို့ ဖြစ်နေသော်လည်း အခြားသောတစ်ဖက်မှာတော့ အရှေ့တိုင်း လောကကြီး၏ ဧကရာဇ် ဖြစ်သည်။
ထို့အပြင် ကျင်းမိသားစုက သူ့အပေါ်တွင် သစ္စာစောင့်သိရပေမည်။ သူက ကျင်းကျိုး၏ အရှင်သခင်လည်း ဖြစ်နေပြန်သဖြင့် ဆက်ဆံရသည်မှာ တကယ့်ကို ခက်ခဲနေ၏။ ထို့အပြင် ကျင်းကျိုးက ရှေးရိုးစွဲလူ တစ်ယောက် ဖြစ်ပြီး လောက၏ ကျင့်ဝတ်များကို အလေးထားသူ တစ်ယောက်ပင်။
စုဖေ့ဖေ့က ထိုအရာများကို လုံးဝ ဂရုမစိုက်ပေ။ ဧကရာဇ် ဖြစ်တော့ရော ဘာဖြစ်သနည်း။ သူမက ဂရုမစိုက်ချေ။ သူမ၏ မျက်လုံးထဲတွင် ရှမ့်လန်က သူမ၏ အချစ်ဆုံးသော သားတစ်ဝက်ပင် ဖြစ်၏။ သူမကို အမြဲတမ်း မျက်နှာပေါင်းတင်ပေးသည့် ချစ်စရာ သားမက်တော်လေးပင်။ သူ့အတွက် ရှမ့်လန်က များစွာ ပြောင်းလဲသွားခြင်း မရှိဘဲ ယခင်အတိုင်း နူးညံ့ ချစ်စရာကောင်းနေဆဲပင်။
“ဒါပေါ့ လန်အာ... မင်းဆီမှာ ကိုယ်ပိုင် တာဝန်တွေ ရှိနေတာပဲ။ မဟုတ်ရင် ဒီနေရာက အေးချမ်းတဲ့ နိဗ္ဗာန်ဘုံလေးမို့လို့ အရမ်းကောင်းတာပဲလို့ အမေ ခံစားရတယ်။”
ယောက္ခမဖြစ်သူ စုဖေ့ဖေ့က ပြော၏။ “ဒါပေမဲ့ လက်စားချေဖို့ ၊ ငါတို့ တိုက်ပွဲဝင်ဖို့ ပြန်သွားကြရမယ်။ ငါတို့ရဲ့ ရန်သူ အားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ရမယ်။”
ဤစကားများကြောင့် ကျင်းကျိုး၏ နားထင်ကြောများပင် တုန်ခါသွားမိ၏။ သူတို့က အရှေ့ဘက်လောက၏ ဧကရာဇ်အတွက် ကြီးကျယ်သည့် လုပ်ငန်းစဉ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်သော်လည်း သူ၏မိန်းမ ပြောနေသည့်ပုံက လူမိုက်ဂိုဏ်းချင်း တိုက်ခိုက်တော့မည့် အတိုင်းပင်။
အဓိက အချက်အားဖြင့် ရှမ့်လန်က ထိုစကားကို သဘောတူပြီး ခေါင်းကို တရစပ် ညိတ်ပြနေခြင်း ဖြစ်၏။
“မူလန်နဲ့ အဲဒီ မျောက်ကလေးအတွက် စိတ်မပူနဲ့။ သူတို့ မကြာခင် ပြန်လာလိမ့်မယ်လို့ အမေ ယုံကြည်တယ်။ သူတို့ကို လွမ်းရတယ်ဆိုပေမဲ့ ဒါက သူတို့အတွက် ကောင်းတဲ့အရာပဲလေ။” စုဖေ့ဖေ့က ပြောသည်။
ကျင်းကျိုးကလည်း ခေါင်းညိတ်ကာ ထောက်ခံ၏။ “ရှမ့်ယီက အရမ်းဆိုးတယ်။ အရင်ကဆိုရင် သူ့ကို ဘယ်သူမှ မထိန်းနိုင်ကြဘူး။ အခု လောကပေါ်မှာ အင်အားအကြီးဆုံးသောလူက သူ့ကို သင်ကြားပေးမှာဆိုတော့ ကောင်းတာပေါ။ နောက်ကျရင် သူက မင်းရဲ့ ကြီးကျယ်တဲ့ လုပ်ငန်းတွေကို ဆက်ခံနိုင်လိမ့်မယ်။”
“ကောင်းပါပြီ။”
နှစ်ပေါင်းများစွာ ကြာသွားခဲ့သော်လည်း ရှမ့်လန်နှင့် သူ၏ယောက္ခထီးတို့က ပြောစရာ စကားသိပ်မရှိကြသလို ဖြစ်နေသည်။
…………..
ဘိုးဘေးက မူလန်နှင့် ရှမ့်ယီတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသနည်း။ အဖြေက ရိုးရှင်း၏။ သူမက မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ မည်သည့်နေရာမှ ဝင်လာခဲ့သနည်း။ ပင်လယ်အောက်ခြေ လှိုဏ်ခေါင်းမှပင် ဖြစ်၏။ ဘိုးဘေးက ထိုပင်လယ်အောက်ခြေလှိုဏ်ခေါင်းမှ အဝင် အထွက်ပြုလုပ်ခဲ့ခြင်းပင်။ သို့သော်ငြား သူမက ဟယ်လင်ထက် ပို၍ အစွမ်းထက်သည့်အတွက် တစ်ကိုယ်တည်း အဝင်အထွက် ပြုလုပ်နိုင်ရုံသာမက လူနှစ်ယောက်ကိုပါ သူမနှင့်အတူ ခေါ်ဆောင်သွားနိုင်စွမ်း ရှိနေ၏။
ရှမ့်လန်က မူလန် ယခင်တုန်းက နေထိုင်ခဲ့သည့် အခန်းတွင်း၌ တိတ်တဆိတ်နှင့် ထိုင်လို့နေ၏။ သူမ၏ ကိုယ်သင်းရနံ့လေးကို ယခုတိုင် ခံစားနေရဆဲပင်။
“မူလန်... မင်း ပြန်လာမှာကို စောင့်နေမယ်။ မင်းနဲ့ ရှမ့်ယီလေး ပြန်လာမှာကို စောင့်နေမယ်။ မင်းက နိဗ္ဗာနအဆင့်ကို နောက်တစ်ကြိမ် တက်လှမ်းခဲ့သွားပြီဆိုရင် ပိုပြီး အစွမ်းထက်လာတော့မှာပဲ။ အဲအချိန်ကျရင် ငါ မင်းကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။ နောက်တစ်ကြိမ် ပြန်ဆုံတဲ့ အချိန်မှာ ငါ့အပေါ် ညှာတာပေးအုံး။”
ထိုစဉ်မှာပဲ မင်းသမီး ဒိုဟာက အပြင်ဘက်မှ လှမ်းအော်၏။ “အရှင်... အားလုံး အဆင်သင့် ဖြစ်ပါပြီ။ သွားကြရအောင်။”
ဟုတ်ပေ၏။ သူ ထွက်ခွာရပေလိမ့်မည်။ သူက ဤအချိန်တွင် နောက်ထပ် တစ်ရက်မျှပင် မနေလိုတော့ချေ။ အရှေ့ဘက် လောကကြီးက အမှောင်မိုက်ဆုံးအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဤအမှောင်ထုကို သူ ဖြိုခွင်းရပေလိမ့်မည်။ အထူးသဖြင့် ရွှဲ့ပြည်နယ်က သူ … ရှမ့်လန်၏ ကယ်တင်ခြင်းကို လိုအပ်နေသည်။
“အားလုံး သင်္ဘောပေါ်ကို ရောက်နေပါပြီ။ အရှင်... အရှင် တစ်ယောက်တည်းကိုပဲ စောင့်နေတာပါ။” မင်းသမီး ဒိုဟာက ဆိုသည်။
ရှမ့်လန်က မူလန် အိပ်စက်ခဲ့သည့် နေရာလေးကို မနမ်းဘဲ မနေနိုင်ချေ။ အသာပင် နမ်းရှိုက်လိုက်၏။ “ငါတို့ ပြန်ဆုံကြမယ်။”
ရှမ့်လန်က အခန်းအတွင်းမှ ထွက်ခွာပြီး ပိရမစ်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိ၏။ အပြင်ဘက်တွင်တော့ နိဗ္ဗာန တပ်ဖွဲ့ဝင်များနှင့် လူပေါင်း သုံးထောင်နီးပါး အပါအဝင် ရှမ့်လန်၏ မိသားစုဝင် အားလုံးတို့က သင်္ဘောပေါ်သို့ ရောက်ရှိနေကြ၏။ အားလုံးက အဆင်သင့် ဖြစ်သည်။
ရှမ့်လန်က အမိန့်ပေးလိုက်၏။ “သွားကြရအောင်။ မိစ္ဆာတြိဂံနယ်မြေကနေ ထွက်ခွာပြီး ရွှဲ့ပြည်နယ်ဆီကို သွားမယ်။ တိုက်ပွဲဝင်ကြမယ်။ လမ်းမှာရှိတဲ့ အရာအားလုံးကို သတ်ဖြတ်ပစ်ကြမယ်။”
.........
ရှမ့်လန်က သူ့မိသားစုပိုင် သင်္ဘောကြီးပေါ်သို့ တက်လှမ်းလိုက်၏။ ဤသင်္ဘောကြီးတွင် အမြှောက်များ တပ်ဆင် မထားသော်လည်း ခိုင်ခံ့မှုကတော့ အပြည့်အဝ ရှိ၏။ ရေတန်ချိန် သုံးထောင်ကျော် ရှိသောကြောင့် လူပေါင်း သုံးထောင်လောက်ကို သက်တောင့်သက်သာ သယ်ဆောင်နိုင်သည်။
အမိန့်တော်နှင့်အတူ သင်္ဘောကြီး နှစ်စင်းတို့က ဧရာမ ပိရမစ်ကြီးဆီမှ ခွာကြ၏။ သာမန်အခြေအနေရ ဆိုလျှင် ဤနေရာမှ ထွက်ခွာရန် လုံးဝ မဖြစ်နိုင်ပေ။ ဟယ်လင် ကိုယ်တိုင် ရေကူး၍ ထွက်ရန် ကြိုးစားခဲ့ဖူးသော်လည်း အကြိမ်ကြိမ် ကျရှုံးခဲ့ဖူး၏။ ခြွင်းချက် မရှိဘဲ မူလနေရာသို့သာ ပြန်ရောက်တတ်၏။
သို့သော်ငြား ရှမ့်လန်က ပျောက်ဆုံးနေသည့် နိုင်ငံတော် အပျက်အစီးများရှိသည့် ကျိန်စာသင့်ပင်လယ်မှ ထွက်ခွာခဲ့ဖူးသောကြောင့် ဤနေရာမှလည်း ထွက်ခွာနိုင်စွမ်း ရှိ၏။ အလွန်ဆုံးကြာပါက အချိန်အနည်းငယ် ပိုပေးရုံသာလျှင်။
ဤနေရာက ပျောက်ဆုံးနိုင်ငံ၏ တည်နေရာ အပျက်အစီးများနှင့် သိသိသာသာ ကွာခြား၏။ ထိုနေရာ၌ ပျောက်ဆုံးနေသော မိစ္ဆာမယ်တော် ရှိသော်လည်း ဤနေရာတွင်တော့ ရှိချင်မှ ရှိပေလိမ့်မည်။ ဤနေရာရှိ ပင်လယ် မွန်းစတားများက ထိုနေရာမှ မွန်းစတားများထက် ပိုမိုကြီးမား၏။
လူများ ထွက်မသွားနိုင်သည့် အကြောင်းရင်းက မြေအောက် ပိရမစ်၏ ကာကွယ်ရေး စနစ်ကြောင့် ဖြစ်နိုင်ကြောင်း ရှမ့်လန်က ခံစားရ၏။ တစ်ခုချင်းကို ဖြေရှင်းသွားရန် လိုအပ်၏။ သို့ပေမည့် ယခု ထိုအရာများ မလိုတော့ပေ။
အစောပိုင်းတုန်းက ရှမ့်လန် စိုးရိမ်ခဲ့ရသည်။ လောကပျက်ကိန်းတစ်ခု အန္တရာယ်ကို ဖြေရှင်းပြီးသည့်နောက် ပင်လယ်မွန်းစတား တစ်သန်းကျော်တို့က ရက်ရက်စက်စက် တိုက်ခိုက်လာမည်ကိုပင်။ အထူးသဖြင့် သင်္ဘောနှစ်စင်း ထွက်ခွာချိန်တွင် ဤမွန်းစတားအုပ်ကြီးက ကြားဖြတ် ဟန့်တားမည်လား။
ထိုသို့သာဆိုပါက ရှမ့်လန်အနေနှင့် လူအင်အား၊ ထောင်ဂဏန်းမျှနှင့် ခုခံရန် လုံးဝ မဖြစ်နိုင်ချေ။ သို့သော်လည်း အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်နေ၏။ သူ၏ အမြင်အာရုံထဲတွင် ပင်လယ် မွန်းစတား တစ်ကောင်တစ်လေ ကမှ ရေမျက်နှာပြင်၌ ပေါ်မလာခဲ့ချေ။ အားလုံးက ပင်လယ်ကြမ်းပြင်၌ ငုပ်ရှိုးနေ၏။
ခဏအကြာမှတော့ ရေမျက်နှာပြင်ပေါ်တွင် အလင်းစက်တစ်ခု ပေါ်ပေါက်လာ၏။ ထိုအရာက ပိုးကောင်လေး မဟုတ်ဘဲ ပင်လယ် မွန်းစတားတစ်ကောင်၏ လက်တံပင် ဖြစ်၏။ ထိုအရာဆီမှ အလင်းတန်းများ ထွက်ပေါ်နေရုံသာမက မှိတ်တုတ်မှိတ်တုတ်နှင့်ပင် ဖြစ်နေသေးသည်။
ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသည့် ထိုလက်တံလေးက ချစ်စရာ ကောင်းနေသော်လည်း ရေအောက်ရှိ မွန်းစတားကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းက မည်သူမဆိုတို့အား အိမ်မက်ဆိုး မက်စေပေလိမ့်မည်။ ထိုအရာက ရှမ့်လန်၏သင်္ဘောကို ရှေ့ဆုံးဆီမှ ဦးဆောင်လမ်းပြခဲ့၏။ မွန်းစတားတို့၏ ကျေးဇူးဆပ်ခြင်း နည်းလမ်းတစ်မျိုး ဖြစ်ပေလိမ့်မည်။
………….
“အား... သတ်မယ်။ သတ်ပစ်မယ်။”
နုနယ်လွန်းသည့် ကလေးငယ်တစ်ဦး၏ အသံက အဆက်မပြတ် ထွက်ပေါ်နေ၏။ ထိုအသံကလည်း ရက်စက် ကြမ်းကြုတ်မှုများ ပြည့်နှက်နေ၏။ ဤလူက အရူးကြီးနှင့် အာယုနာနာတို့၏ သားဖြစ်သူ အာယုကျွမ်းပင် ဖြစ်၏။
ဤကလေးငယ်က ယခုနှစ်တွင် အသက် ၆ နှစ်သာ ရှိသေးသော်လည်း အရပ်က ၅ ပေကျော်၊ ၁.၆ မီတာခန့် ရှိနေ၏။ တကယ့်ကို မယုံကြည်နိုင်စရာပင်။ ထို့အပြင် သူ၏ လက်ထဲရှိ ဓားကြီးက ကီလိုဂရမ် ၁၀၀ ကျော်၊ ပိသာ ၆၀ ကျော် လေးလံ၏။ သူက ထိုဓားကြီးဖြင့် လေ့ကျင့်နေခြင်း ဖြစ်၏။ ခွန်အားကလည်း အံ့မခန်းပင်။
ယခုအချိန်မှာတော့ အာယုကျွမ်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို မည်သို့ ဖော်ပြရမည်နည်း။ ရှမ့်လန်ကဲ့သို့သော သူမျိုး အယောက် ၁၀၀ ကို တစ်ယောက်တည်းနှင့် ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။ ဤကလေးငယ်က ၆ နှစ်သားသာ ရှိသေးကြောင်း သတိပြုသင့်၏။ အာယုနာနာ ကိုယ်တိုင် သူ့အား ဓားရေး သင်ကြားပေးပြီး အသည်းအသန် လေ့ကျင့်ပေးနေ၏။
အရူးကြီးကရော၊ အရူးကြီး၏ လက်ထဲတွင်တော့ တစ်နှစ်သားအရွယ်ခန့် ကလေးငယ် တစ်ဦးကို ပွေ့ချီထား၏။ မှန်ပေ၏။ အာယုနာနာနှင့် သူတို့၏ နောက်ထပ် ရင်သွေးလေး တစ်ဦးပင်။ မိစ္ဆာတြိဂံ နယ်မြေအတွင်း၌ပင် ကလေးမွေးဖွားနိုင်သည်က တကယ့်ကို ခံစားချက် ပြင်းပြလွန်းသောကြောင့် ဖြစ်ပေလိမ့်မည်။ ယခုအချိန်တွင်တော့ သမီးလေး ရရှိထားသည်။
သမီးကလေးက တစ်နှစ်သား အရွယ်သာ ရှိသေးသော်လည်း သူမ၏ ရွယ်တူ ကလေးများထက် များစွာ ပိုမိုကာ ထွားကျိုင်း၏။ ကံကောင်းသည်က သူမက အရူးကြီးနှင့် မတူဘဲ သူမ၏ မိခင်နှင့် တူသောကြောင့် မျက်နှာပေါက်လေး က ချောမော၏။ သို့သော်ငြား ကျားသစ်မလေး တစ်ကောင်ကဲ့သို့ သန်မာ၏။
“ဝါး ... ယေး..”
သူမ၏ မိခင်နှင့် အစ်ကိုဖြစ်သူတို့ ဓားရေး လေ့ကျင့်နေသည်ကို မြင်ချိန်မှာတော့ သူမက လက်ခုပ်တီးကာဖြင့် ပျော်ရွှင်စွာ အားပေးနေ၏။ တစ်နှစ်ကြာပြီးနောက် အရူးကြီးက ယခင်ကအတိုင်းပင်။ ရှမ့်လန်ကို မြင်ချိန်မှာတော့ သူက အရူးတစ်ကောင်ကဲ့သို့ ပြုံးပြကာ မေးသည်။ “အရူးလေး... မင်း ရောက်လာပြီလား။”
ကြီးမားသည့် အဆင့်တက်လှမ်းမှု တစ်ခုကို ပြုလုပ်နိုင်ခဲ့သည်မှာ သေချာသော်လည်း ရှမ့်လန်က အရူးကြီး မည်မျှ အစွမ်းထက်နေပြီဖြစ်ကြောင်းကို မခန့်မှန်းနိုင်ချေ။ ရှမ့်လန်၏ အကြည့်က သမီးလေး၏ မျက်နှာပေါ်သို့ ရောက်ရှိနေသည်ကို မြင်ချိန်မှာတော့ အရူးကြီးက သူနှင့် ဇနီးဖြစ်သူတို့၏ ရင်သွေးလေးကို မည်သို့ ရရှိခဲ့ကြောင်း ပြန်လည် အမှတ်ရပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့၏။ သူက တကယ့်ကို ရှက်သွေးဖြာနေ၏။
နှစ်နာရီခန့် လေ့ကျင့်ပြီးနောက် အာယုကျွမ်းက ရပ်တန့်လိုက်သည်။
“သွားကစားတော့။” အာယုနာနာက ပြောလိုက်၏။ အာယုကျွမ်းက ပျော်ရွှင်စွာ အော်ဟစ်ပြီး သူ၏ ဓားကြီးကို ကိုင်ကာဖြင့် သူငယ်ချင်းများဆီသို့ ပြေးသွား၏။
“ဓားကို ချထားခဲ့စမ်း။” အာယုနာနာက အော်ဟစ်လိုက်သည်။
အာယုကျွမ်းက ဓားကို သင်္ဘောကုန်းပတ်ပေါ်သို့ ဘုန်းကနဲ မြည်အောင် ပစ်ချခဲ့၏။
“တောင်းပန်ပါတယ် အာယုနာနာ…”
ရှမ့်လန်က ပြောသည်။ “ကျုပ်ကြောင့်မို့ ချင်နိုင်ငံကို ဆုံးရှုံးခဲ့ရပြီ။”
မည်သည့်သတင်းမှ မရရှိသေးသော်လည်း အာယုနာနာ၏ ချင်နိုင်ငံက လက်ပြောင်းသွားခဲ့ပြီ ဖြစ်ကြောင်းကိုတော့ ရှမ့်လန်က အပြည့်အဝ ခန့်မှန်းနိုင်၏။ ဤအရိုင်းအစိုင်းနိုင်ငံက အင်အားကြီးသူကိုသာ ယုံကြည်ကြပြီး သစ္စာတရား မရှိကြချေ။
အာယုနာနာ ထွက်သွားပြီးနောက် သူမ၏ လက်အောက်ရှိ ခေါင်းဆောင်များက ဦးနှောက်များ ပျက်စီးသည်အထိ တစ်ဦးနှင့် တစ်ဦး အသေအလဲ တိုက်ခိုက်ကြပေလိမ့်မည်။ ထိုအချိန်မျိုးတွင် ရန်သူနိုင်ငံက ထိုအခွင့်အရေးကို အသုံးချ၍ သိမ်းပိုက်ပေလိမ့်မည်။
ရွှဲ့ပြည်နယ်အနေနှင့် ဤအခွင့်အရေးကို ရရှိလိမ့်မည် မဟုတ်ချေ။ အကြောင်းရင်းက သူတို့၏ အင်အား အားလုံးက ရှမ့်လန် ပြန်လာမည်ကို စောင့်ကြည့်ရန်အတွက် အရှေ့ဘက်၌သာ ရှိနေမည် ဖြစ်သောကြောင့်ပင်။ ချောင်ပြည်နယ် ကလည်း ဤအခွင့်အရေးကို မရနိုင်ချေ။ အကြောင်းရင်းမှာ ချောင်ပြည်နယ်က တော်ဝင်ရန်အင်ပါယာ၏ မျက်နှာသာ ပေးမှုကို မခံရသောကြောင့်ပင်။ သူတို့က မည်ကဲ့သို့ သတ္တိရှိရှိ နယ်မြေချဲ့ထွင် နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ချင်နိုင်ငံအသစ်၏ လက်ထဲသို့ ရောက်သွားပေလိမ့်မည်။ ရင်ကွမ်းတို့ သားအဖက ကျန်းလီကို သစ္စာဖောက်ပြီးနောက် တော်ဝင်ရန်အင်ပါယာ၏ သစ္စာရှိသည့် နောက်လိုက်ခွေးများ ဖြစ်လာခဲ့၏။ ချင်နိုင်ငံကို သိမ်းပိုက်ပြီးနောက် သူတို့က ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့ကို အစဉ်မပြတ် စောင့်ကြည့်နေနိုင်၏။
“အဲဒီ အပိုစကားတွေ မပြောပါနဲ့တော့။” အာယုနာနာက ပြော၏။ သူမ၏ သမီးလေးကို ပွေ့ချီလိုက်သည်။
“မေမေ..” တစ်နှစ်အရွယ် သမီးလေးက ပျော်ရွှင်စွာ ခေါ်၏။
ရှမ့်လန်က မေးသည်။ “သမီးလေး နာမည်က ဘယ်လိုလဲ။”
အာယုနာနာက ပြော၏။ “ကျန်းဒိုဒိုပါ။”
“နာမည်က လှသားပဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒိုဒိုလေး... ဖေဖေ ရှမ့်လန်ကို ပေးချီပါအုံး။”
ကလေးမလေးက လူစိမ်း မကြောက်ချေ။ သူမက လက်နှစ်ဖက်ကို ဆန့်တန်းပြီး ရှမ့်လန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်၏။ တကယ့်ကို လေးလံသည့် ကလေးမလေးပင်။ သို့သော်ငြား သူမက တကယ်လည်း ဆိုး၏။ ရှမ့်လန် သူမကို ပွေ့ချီလိုက်သည်နှင့် သူမက ဖောင်းအိနေသည့် လက်ကလေးများဖြင့် ရှမ့်လန်၏ နှာခေါင်း၊ မျက်လုံးများကို လျှောက်နှိုက်ကာ ဆော့လေတော့၏။
“အား..”
ရုတ်တရက် ရှမ့်လန်က နာကျင်စွာ အော်လိုက်သည်။ “ဒိုဒို.. မျက်တောင်တွေကို မနှုတ်ရဘူး။နှုတ်လိုက်ရင် မလှဘဲ နေလိမ့်မယ်။”
“ဟားဟားဟားဟား။”
ကလေးလေးက အလွန်ပင် စိတ်လှုပ်ရှားပြီး တစ်ကိုယ်လုံး လှုပ်ခါသည်အထိ ရယ်မောနေ၏။ အရူးကြီးနှင့် အာယုနာနာတို့၏ ပထမရင်သွေးလေးက အာယုမျိုးနွယ် အမည်ကို ယူပြီး ဒုတိယရင်သွေးလေးက ကျန်းမျိုးရိုးကို ယူထား၏။
အရူးကြီးနှင့် ချောင်ယောင်းအာတို့က ကျန်းလီကို သူတို့၏ မွေးစားဖခင်အဖြစ် သတ်မှတ်ထားကြောင်း မည်သူမဆို ခန့်မှန်းနိုင်၏။ ထို့ကြောင့် သူက ရှမ့်လန်၏ အစ်ကိုရင်း ကဲ့သို့ပင် ဖြစ်နေလေသည်။ သို့သော်ငြား အရူးကြီးနှင့် ချောင်ယောင်းအာ တို့ သွေးသားတော်စပ်ခြင်း မရှိသည်ကို သိချိန်မှာတော့ ရှမ့်လန်က အံ့အားသင့်သွားသည်။
ရွှေရောင် သွေးမျိုးဆက် ပိုင်ရှင်နှစ်ဦး ဖြစ်သော်လည်း မောင်နှမ မဟုတ်ကြပေဘူးလား။ ဤအရာများ၏ နောက်ကွယ်တွင် မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေသနည်း။ ရှမ့်လန်၏ဖခင်ဖြစ်သူက သူ ထင်မှတ်ထားသည်ထက် ပိုမိုဆန်းကြယ်ကာ အစွမ်းထက်နေပုံ ရ၏။
“ယောက်ဖ... အနောက်လောကမှာ ဘာတွေ ကြုံခဲ့ရတာလဲ ဆိုတာ ပြောပါအုံး။” ကျင်းမူကုန်းက ပြောသည်။
ရှမ့်လန်က ပြောလိုက်၏။ “ဝတုတ်... မင်း ဘာလုပ်မလို့လဲ။ အဲအကြောင်း စာရေးအုံးမလို့လား။”
ကျင်းမူကုန်းက ပြောသည်။ “အရာအားလုံး အခြေချသွားတဲ့ အချိန်ကျရင် ကျုပ် အဲဒါကို ရေးရမယ်။ အရှေ့ဘက်ရဲ့ ဒဏ္ဍာရီလိုမျိုး လူကြိုက်များသွားနိုင်တယ်။”
တကယ်တော့ ကျင်းမူကုန်းက ယခင်ကဲ့သို့ မဝတော့ချေ။ နှစ်နှစ်အတွင်း သူက ကီလိုဂရမ် ၂၀ ကျော် ကျသွားပြီး ၂၀၀ ကီလိုဂရမ်မှ ၁၈၀ ကီလိုဂရမ်သို့ ရောက်ရှိသွား၏။ သူ၏ အရပ်က ၁၈၀ စင်တီမီတာ ရှိပြီး ကိုယ်အလေးချိန်ကလည်း ၁၈၀ ကီလိုဂရမ် ရှိနေခဲ့၏။
ပြီးပြည့်စုံသည့် ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းထားနိုင်ချင်နေသည်လား။ သို့သော်ငြား မည်သို့ပင် ကြိုးစားစေကာမူ ကိုယ်အလေးချိန်က ထပ်မကျတော့ချေ။ ထို့ကြောင့် ကျင်းမူကုန်းက အလယ်အလတ် ဝသူ တစ်ဦး ဖြစ်လာခဲ့သည်။
ရှမ့်လန်က သက်ပြင်းကို ချလိုက်၏။ “အနောက်လောကက ငါ့ရဲ့ အတွေ့အကြုံလား။ အဲဒါက ပြောရရင် တော်တော် ရှည်လိမ့်မယ်။ စာအုပ် တစ်အုပ်တောင် ရေးလို့ရတယ်။”
ကျင်းမူကုန်းက ပြောသည်။ “ဒါဆိုရင်လည်း ပြောပါအုံး။ အဲဒီမှာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပြီး အံ့အားသင့်စရာတွေ ပြည့်နှက်နေမှာပဲ။အခက်အခဲတွေ ကြားက ရုန်းကန်ခြင်း သမိုင်းကြောင်း လို့ နာမည် ပေးလို့ ရပြီ။”
xxx
အပိုင်း (၉၁၄)
ရှမ့်လန်က ပြောလိုက်၏။ “အနောက်လောကကို ရောက်ရောက်ချင်း ငါက အရမ်းကို လှပပြီး အစွမ်းထက်တဲ့ မိန်းမတစ်ယောက်နဲ့ အရင်ဆုံး အိမ်ထောင်ကျခဲ့တယ်။ ပြီးတော့ ဘုရင်မမီဒူဆာနဲ့ တွေ့ခဲ့တယ်။ သူက ငါ့ကို စစ်တပ်တစ်ခု ပေးခဲ့သလို နယ်မြေတစ်ခုကိုလည်း ပေးခဲ့တယ်။ အဲဒီနောက်မှ အမေဇုန်ဘုရင်မကို ငါ သိမ်းပိုက်နိုင်ခဲ့တယ်။ အစွမ်းထက်ဆုံး အမေဇုန် စစ်တပ်ကို ရခဲ့တယ်။
ပြီးတော့ အစောကပြောတဲ့ နယ်စားကြီးဒီဘိုရာကို ငါ ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်။ သူက ငါ့ကို လူပေါင်း ထောင်နဲ့ချီပေးတဲ့အပြင် မရေတွက်နိုင်တဲ့ ရွှေတွေ၊ သံရိုင်းတွေနဲ့ အကန့်အသတ် မရှိတဲ့ အရင်းအမြစ်တွေကို ပေးခဲ့တယ်။ ပြီးတော့ ငါ့ရဲ့ အစ်မ ဟီလာနဲ့ တွေ့တယ်။ သူ့ကြောင့် ဦးခေါင်းခွံဂိုဏ်းရဲ့ ရေတပ်ကို ရရှိခဲ့တယ်။
နောက်ဆုံး ငါ နောက်ထပ် အစ်မတစ်ဦး ဖြစ်တဲ့ မင်းသမီး ဟယ်လင်နဲ့ တွေ့တယ်။ ရှီလွန်မင်းဆက်ရဲ့ တောင်ဘက်ပိုင်းဒေသတစ်ခုလုံးရဲ့ ထောက်ခံမှုကို ရခဲ့တယ်။ သူက ငါ့ကို ငွေနဲ့ အရင်းအမြစ်တွေ အားလုံး ပေးခဲ့တယ်။ အဲဒီနောက်မှတော့ လူပေါင်း သောင်းနဲ့ချီပြီး ခေါ်လာခဲ့တာပေါ့။”
ကျင်းမူကုန်းက မင်သက်သွားမိ၏။ “ဒါက ရှည်လျားတဲ့ ဇာတ်လမ်း မဟုတ်ပါဘူး။ စကားလုံး အနည်းငယ်နဲ့ ပြီးသွားတာပဲ။ ပြီးတော့ ယောက်ဖက ရုန်းကန်ခဲ့ရတာလည်း မဟုတ်ဘူး။ အကုန်လုံးက မိန်းမတွေကို အားကိုးပြီး မိန်းမတွေ လက်ဝါးပေါ်မှာ ထိုင်စားခဲ့တာပဲ။”
“ဟုတ်တယ်။”
ရှမ့်လန်က ပြောသည်။ “ငါလို ချောမောတဲ့ လူမျိုးက ရုန်းကန်နေဖို့ လိုလို့လား။”
ကျင်းမူကုန်းက ပြော၏။ “အရင်တုန်းက အရှေ့တိုင်းလောကမှာလည်း ယောက်ဖက မိန်းမတွေကို အားကိုးပြီး ထိုင်စားခဲ့တယ်။ အခု အနောက်လောကကို သွားတော့လည်း မိန်းမတွေကို အားကိုးပြီး ထိုင်စားခဲ့တယ်။ ဒါက နည်းနည်းတော့..။”
ရှမ့်လန်က ပြောသည်။ “မကောင်းဘူးလား။ မင်းလည်း မိန်းမတွေကိုပဲ အားကိုးပြီး စားချင်တာ မဟုတ်လား။”
“စားချင်တာပေါ့။”
ကျင်းမူကုန်းက ဝမ်းနည်းစွာ ပြောလိုက်၏။ “နှမြောစရာကောင်းတာက ကျုပ်မှာ မိန်းမတွေကို အားကိုးပြီး စားဖို့ အခွင့်အရေး မရှိတာဘဲ။ ပြီးတော့ ယောက်ဖက အရှေ့ဘက်လောကရဲ့ အနာဂတ် ဧကရာဇ်ပဲ။ မိန်းမတွေကို အားကိုးပြီး စားတယ်ဆိုတာ ယောက်ဖရဲ့ သူရဲကောင်း ပုံရိပ်ကို ထိခိုက်စေလိမ့်မယ်။”
ရှမ့်လန်က ကျင်းမူကုန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ “မတတ်နိုင်ဘူး။ နတ်ဘုရားတွေက ခွံ့ကျွေးနေတာကို မစားရင် နတ်ဘုရားတွေကို စော်ကားရာ ရောက်လိမ့်မယ်။ ဒါက ဧကရာဇ် ဖြစ်တာနဲ့ ဘာမှ မဆိုင်ဘူး။ ဒါနဲ့ ဝတုတ်... မင်း အခု ကြိုက်နေတဲ့ မိန်းကလေးရော ရှိလား။”
ကျင်းမူကုန်းက ရုတ်တရက် လှည့်ထွက်သွား၏။ “ဘာပြောတာလဲ ယောက်ဖ... ကျုပ်အဖေကို သွားရှာလိုက်အုံးမယ်။”
လမ်းလျှောက်သွားရင်းမှ ကျင်းမူကုန်းက စိတ်ထဲတွင် ငြီးတွားမိသည်။ “ယောက်ဖ... ကျုပ် ယောက်ဖကို ဘယ်လောက် လွမ်းနေတယ်ဆိုတာ တွေးကြည့်ပါအုံး။ ဘာလို့ တွေ့တွေ့ချင်း ကျုပ်ရဲ့ ရင်ဘတ်ကို ဓားနဲ့ ထိုးရတာလဲ။”
ရှမ့်လန်က လှမ်းအော်၏။ “ဝတုတ်... နောက်ကျရင် ငါ မင်းကို မိန်းမတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူက ကျူးနင်နဲ့တော့ လုံးဝတူမှာ မဟုတ်ဘူး။ ဒီတစ်ခါတော့ ငါ အတည်ပြောမှာနော်။”
ကျင်းမူကုန်းက စိတ်ထဲတွင် တွေးနေမိသည်။ ‘ကျုပ် နန်းမြို့တော်ကို ပြန်ပြီး တိုက်ခိုက်သိမ်းပိုက်တဲ့ အချိန်ကျရင် ကျူးဟုန်ကျူးက ကျုပ်ရှေ့မှာ ဒူးထောက်ပြီး ကျူးနင်နဲ့ လက်ထပ်ဖို့ တောင်းပန်လာအောင် ကျုပ် လုပ်ပြမယ်။’
…………
ဟီလာက ကလေးများ၏ အနှစ်သက်ဆုံး ဆော့ကစားဖော်ကြီး ဖြစ်လာ၏။ ကလေးများက သူမ၏ နောက်သို့ နေ့စဉ် လိုက်ပါနေ၏။ သူမက မရေတွက်နိုင်သည့် စွန့်စားခန်း ဇာတ်လမ်းများကို ပြော၏။ သူမ၏ တရုတ် စကားက သိပ်မကောင်းသော်လည်း ကလေးများ နားလည်စေရန် အရိုးရှင်းဆုံးသော စကားလုံးများကို အသုံးပြုပြီး ဇာတ်လမ်းများကို ပြောပြတတ်၏။
ညဦးယံသို့ ရောက်ရှိလာခဲ့၏။ ရှမ့်လန်က သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေခဲ့၏။ ဤနေရာအတွင်း ရှိနေသည့် ညအလှက တကယ့်ကို လှပလွန်း၏။ အစစ်အမှန် မဟုတ်သကဲ့သို့ပင် ထင်မှတ်ရ၏။ လမင်းကြီးက ကောင်းကင်ယံ၌ စက်ဝိုင်းချပ်ကြီး တစ်ခုကဲ့သို့ ချိတ်ဆွဲထား၏။ အခြားအရာများထက် ပိုမိုကာ ကြီးမားနေသည်။
ပင်လယ်ပြင်တစ်ခုလုံးက မှန်ချပ်ကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး သင်္ဘောကြီးနှစ်စင်းတို့က အဆုံးအစ မရှိသည့် မြို့ပျက်ကြီးများ ကြားထဲမှ ဖြတ်သန်းခုတ်မောင်းနေသည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “အဒေါ်... အဖေကျန်းလီ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ရတာလဲ။”
ရွှယ်ရင်က ခေါင်းခါယမ်းသည်။ “ငါ မသိဘူး... ဒါက ဒီလောကရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်လည်း ဖြစ်တယ်။”
ရှမ့်လန်က သက်ပြင်းချလိုက်၏။ “အနည်းဆုံးတော့ ရန်သူက ဘယ်သူလဲ ဆိုတာကို သိဖို့ လိုအပ်တယ်။ ဒီတစ်ခါ အနောက်ဘက်လောကမှာ ကျုပ်က လုံးဝကို ကိုယ်ကျင့်တရား ခြားနားတဲ့ ကျန်းလီ တစ်ယောက်နဲ့ တွေ့ခဲ့ရသလိုပဲ။ အနောက်ဘက်လောကမှာ သူက ကျုပ်နဲ့ တော်တော် တူတယ်။ ဘာလို့ အရှေ့ဘက်လောကကို ပြန်ရောက်တဲ့အချိန်မှာ ဖြောင့်မတ်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားရတာလဲ။ သူ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။ ဘာလို့ ဒီလောက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ရတာလဲ။”
ရွှယ်ရင်က ခေါင်းခါယမ်းပြလိုက်သည်။ “ငါ မသိဘူး။ ဘာလို့လဲ ဆိုတော့ ငါ သွေးသောက်အစ်ကိုနားကို ရောက်မလာခင် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေမလို့ပဲ။ ငါ သူ့ကို စတွေ့တဲ့အချိန်မှာတော့ သူက အရာအားလုံးကို အလင်းပေးနိုင်တဲ့ နေမင်းကြီးလို ဖြစ်နေပြီ။”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် ကျုပ်ရဲ့ အမေအကြောင်းကိုရော အဒေါ် ဘယ်လောက် သိလဲ။”
ရွှယ်ရင်က ပြောသည်။ “ငါတို့ထဲက ဘယ်သူကမှ သူ့ရဲ့ နောက်ခံကို မသိကြဘူး။ တစ်နေ့မှာ မင်းရဲ့ အဖေက သူ့ကို အားလုံးရဲ့ ရှေ့ကို ခေါ်လာပြီး ဒီနေ့ကစပြီး သူက သူ့ရဲ့ တစ်ဦးတည်းသော မိန်းမ ဖြစ်တယ်လို့ ပြောခဲ့တယ်။”
ပြီးနောက် ရွှယ်ရင်က သူမ၏ အမှတ်တရများအတွင်း နစ်မြုပ်သွားသည့် အလားပင်။
“သူက တကယ့်ကို လှပလွန်းတယ်။ အသားအရေက နှင်းလို ဖြူဖွေးပြီး အရိုးတွေက ကျောက်စိမ်းတွေလိုပဲ။ ဒီလောက်လှတဲ့ မိန်းမမျိုးကို ငါ တစ်ခါမှ မမြင်ခဲ့ဘူး။ သာမန်မိန်းမတွေရဲ့ အလှက အပေါ်ယံပဲ ရှိတတ်ကြပေမဲ့ သူ့ရဲ့ အလှကတော့ အရိုးထဲကနေ ထွက်ပေါ်လာသလို ခံစားရတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “သူက ကျောက်စိမ်းဖြူမြို့တော်ကလား။”
“ဟုတ်တယ်။”
ရွှယ်ရင်က ပြောသည်။ “သူရဲ့ အသားအရေ အရမ်းဖြူလွန်းလို့ နှင်းနဲ့တောင် တူတယ်။ နွေရာသီမှာ သူ့ရဲ့ ဘေးနားမှာ ရပ်နေရင် အအေးဓာတ်ကို ခံစားရတယ်။ ဒါက သူ့အပေါ် ဝေဖန်မှု တချို့လည်း ဖြစ်စေခဲ့တယ်။ ငါ့ရဲ့ သွေးသောက်အစ်ကိုနဲ့ လက်ထပ်ပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ သူက ကိုယ်ဝန်မရခဲ့ဘူး။ ဒါကြောင့် လူတော်တော်များများ က သူက အရမ်းကို အေးစက်လွန်းလို့ သားအိမ်က အေးစက်ပြီး ကိုယ်ဝန်မရနိုင်ဘူးလို့ ပြောကြတာပဲ။
ငါ ထင်တာတော့ သူက မင်းတို့ကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားဖို့အတွက် တကယ့်ကို ခက်ခဲခဲ့လိမ့်မယ်။ ပြီးတော့ နင်နင်လေးကလည်း အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားလာခဲ့တာပဲ။ မင်းရဲ့မိဘတွေက ဒီလောက် အစွမ်းထက်နေတာတောင်မှ မင်းက ကြက်တစ်ကောင်ကိုတောင် မဖမ်းနိုင်လောက်အောင် အားနည်းသူ အဖြစ် မွေးလာခဲ့တာပဲ။”
ယခင်က ရှမ့်လန်၏ အာရုံစူးစိုက်မှု အားလုံးက သူ၏ ဖခင် ကျန်းလီအပေါ်၌သာ ရှိခဲ့၏။ ယခု သူ၏မိခင်က သူ၏ ဖခင်ထက်ပင် ပိုမို၍ ဆန်းကြယ်နေသည်ကို တွေ့ရှိခဲ့ရ၏။
ရွှယ်ရင်က ရုတ်တရက် ပြောသည်။ “လန်အာ... မင်း အနောက်ဘက် လောကမှာ နေထိုင်ခဲ့ရတာ တကယ့်ကို ခက်ခဲလိမ့်မယ်။ မင်းရဲ့ မျက်ဝန်းတွေထဲမှာလည်း ပင်ပန်းနွမ်းနယ်မှုတွေကို မြင်နေရတယ်။”
မှန်ပေ၏။ သူမက ကျင်းမူကုန်းနှင့် မတူဘဲ ပိုမိုနက်ရှိုင်းစွာ မြင်နိုင်သူပင်။
“အဲနေရာကကောင်းတယ် ဆိုပေမဲ့ ကျုပ်ရဲ့ ဇာတိမြေတော့ မဟုတ်ဘူးပေါ့။” ရှမ့်လန်က ပြောလိုက်၏။
ရွှယ်ရင်က ပြောသည်။ “ငါတို့ရဲ့ ဇာတိမြေက အခုတော့ ကျား၊ ကျားသစ်၊ ဝံပုလွေတွေရဲ့ သိမ်းပိုက်ခြင်းကို ခံထားရပြီ။ လန်အာ... ရန်ငြိုးရန်စတွေ မရှိအောင် နေဖို့ ဆိုတာ မလွယ်ဘူး။ ရင်ကွမ်းတို့ သားအဖက ငါတို့အပေါ်မှာ နက်နဲတဲ့ အာဃာတ တရားတွေ ရှိနေတယ်။ ပြီးတော့ သူတို့က အရမ်း အစွမ်းထက်တယ်။ ရင်ဝူမင်က မင်းအဖေရဲ့ တပည့်ဖြစ်ရုံတင်မကဘဲ သူက စေတီတောင်ရဲ့ အရှင်သခင်ငယ်လေးလည်း ဖြစ်နေပြန်ပြီ။”
ရှမ့်လန်က ဤအချက်ကြောင့် တကယ်ပင် ဇဝေဇဝါ ဖြစ်မိနေ၏။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ရင်ဝူမင်က စေတီတောင်၏ မျက်နှာသာ ပေးမှုကို ခံရသနည်း။
“လန်အာ… မင်း စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မယ်။ အရှေ့ဘက်လောကက အနောက်ဘက် လောကထက် ပိုပြီး အစွမ်းထက်တယ်။” ရွှယ်ရင်က ပြောလိုက်၏။
မှန်ပေ၏။ ရှမ့်လန်က ဤအချက်ကို နားလည်၏။ အဒေါ့ဖ် တစ်ဦးတည်းနှင့် သိသာနိုင်၏။ သို့သော်ငြား သူက ကျန်းလီ၏ နောက်သို့ အချိန်အနည်းငယ်သာ လိုက်ပါခဲ့ခြင်းပင်။ ရင်ဝူမင်က ကျန်းလီ၏ တပည့်ဖြစ်ပြီး ကျန်းလီနှင့်အတူ နှစ်ပေါင်း ၂၀ ကျော်ကြာ လေ့ကျင့်ခဲ့သူပင်။
သို့သော်ငြား အဒေါ့ဖ်က အနောက်ဘက်လောကတွင် လူအနည်းငယ်မှလွဲ၍ လက်တွေ့ မည်သူမှ မယှဉ်နိုင်သော သူ ဖြစ်နေဆဲပင်။ အကယ်၍ သူ၏ ရှေးဟောင်းလက်နက်သာ မပျက်စီးခဲ့ပါက ဘုရင်မအီဒါပင်လျှင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
ရွှယ်ရင်က ပြော၏။ “ငါ ချောင်ယောင်းအာရဲ့ သိုင်းပညာကို စမ်းသပ်ကြည့်ပြီးပြီ။ သူက ငါ့ထက် ပိုပြီး အစွမ်းထက်တယ်။ သူ့ကို ငါ မေးကြည့်တော့ သူက အီဒါနဲ့ ဟယ်လင်တို့နဲ့ အစွမ်းချင်း တူညီတယ်လို့ ပြောတယ်။ အနောက်ဘက်လောကမှာဆိုရင် သူက မင်းသား ဆော်ရွန် ပြီးရင် ဒုတိယမြောက် အစွမ်းထက်ဆုံးပဲ။”
ရှမ့်လန်က ပြောသည်။ “ကျုပ်မှာ နှိုင်းယှဉ်စရာ လူမရှိဘူး ဖြစ်နေတာ။ အဒေါ်… ကျုပ်ကို အကြမ်းဖျင်းလောက် ပြောပြနိုင်မလား။”
ရွှယ်ရင်က ပြော၏။ “ချောင်ယောင်းအာရဲ့ သိုင်းပညာက မင်းသမီးနင်ဟန်နဲ့ တန်းတူလောက် ရှိလိမ့်မယ်။ ရင်ဝူမင်ကတော့ အနည်းငယ် ပိုပြီး အစွမ်းထက်နိုင်တယ်။”
ရှမ့်လန်က မျက်မှောင်ကြုတ်လိုက်မိသည်။ အတိအကျ ပြောရမည်ဆိုလျှင် သူက ရင်ဝူမင်နှင့် တစ်ကြိမ်သာ တွေ့ခဲ့ဖူး၏။ ထိုအရာက ရွှယ်ရင်နှင့် နှုတ်ဆက်ပြီးနောက် နင်ဟန်အား လက်ထပ်ခွင့်တောင်းရန် ရောက်ရှိလာသည့် အချိန်ကပင်။ ထိုစဉ်က ရွှယ်ရင်က ရင်ဝူမင်ကို မြင်မြင်ချင်း သတ်ချင်ခဲ့သော်လည်း သူမက တစ်ဖက်လူကို ထိအောင်ပင် မတိုက်ခိုက်နိုင်ခဲ့ချေ။
ရွှယ်ရင်က ခါးသီးစွာဖြင့် ပြော၏။ “မင်းရဲ့အဖေက ရင်ဝူမင်ကို အရမ်း အစွမ်းထက်အောင် ပျိုးထောင် ပေးခဲ့တာပဲ။”
ရှမ့်လန်က မဲ့ပြုံးပြုံးလိုက်မိ၏။ သူ့အဖေ၏ မျက်စိက မည်သို့သောအမျိုးအစားလဲတော့ မသိဘူး။ အရှေ့လောကမှာ လက်ခံသည့် တပည့်ကလည်း သူ့ကို သစ္စာဖောက်တယ်။ အနောက်လောကမှာ လက်ခံသည့် တပည့်ကလည်း သူ့ကို သစ္စာဖောက်သည်။
ရွှယ်ရင်က ပြော၏။ “သူသာ မသေခဲ့ရင် ဘယ်သူက သူ့ကို သစ္စာဖောက်ဝံ့မှာလဲ။”
ထိုအရာက အမှန်တရားပင်။ ဤလောကကြီးတွင် လူတို့က အရည်အချင်း ရှိသော်လည်း ကိုယ်ကျင့်တရား မရှိကြချေ။ သို့မဟုတ် ကိုယ်ကျင့်တရားရှိသော်လည်း အရည်အချင်း မရှိကြချေ။ အရည်အချင်းရော ကိုယ်ကျင့်သိက္ခာပါ ပြည့်စုံသူက တကယ့်ကို နည်းပါးသည်။
“မဟာပညာရှင်ဆိုတဲ့ဘွဲ့က သဘာဝလွန်အင်အားစုကြီး ခြောက်ခုက ပျော်ရွှင်စရာသက်သက်အဖြစ် ပေးထားတဲ့ဘွဲ့ပဲ။ ဒါကလောကပေါ်က သိုင်းပညာရှင်တွေကို လှည့်စားထားတာပဲ။ တကယ်တော့ အစွမ်းအထက်ဆုံးလူတွေက သဘာဝလွန် အင်အားစုတွေနဲ့ တော်ဝင်ရန်အင်ပါယာမှာပဲ ရှိကြတယ်။” ရွှယ်ရင်က ပြော၏။
ရှမ့်လန်က မေးလိုက်သည်။ “အဒေါ်… တော်ဝင်ရန် အင်ပါယာနဲ့ သဘာဝလွန်ဂိုဏ်း ၆ ဂိုဏ်း တို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။ သဘာဝလွန်ဂိုဏ်းကြီး ၆ဂိုဏ်းက အဲလောက် အစွမ်းထက်နေရင် ဘာလို့ တော်ဝင်ရန် ဧကရာဇ်ရဲ့ စကားကို နားထောင်နေရတာလဲ။”
ရွှယ်ရင်က ပြော၏။ “အကယ်၍ ဒီအချက်ကိုသာ ရှာဖွေသိရှိခဲ့မယ်ဆိုရင် လောကကြီးရဲ့ အမှန်တရားကို သိရဖို့ မဝေးတော့ဘူးလို့ ပြောရမယ်။
…………
ခြောက်ရက်နှင့် ခြောက်ည ကြာပြီးနောက် ရှမ့်လန်၏ သင်္ဘောနှစ်စင်းက မိစ္ဆာတြိဂံဒေသအတွင်းရှိ တခြားသော လောကသစ်ဆီသို့ ထွက်ခွာခဲ့၏။ အဆုံးမရှိသည့် မြူမဲကြီးများအတွင်းသို့ ဝင်ရောက်လာခဲ့၏။ ရှေ့မှ ဧရာမ ပင်လယ် မွန်းစတားကြီးက ဆက်စပ်၍ လမ်းပြနေခဲ့၏။ မြူမဲများ၏ အတွင်း၌ သူ၏ လက်တံလေးက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။ ထိုမှိတ်တုတ်မှိတ်တုတ် အလင်းရောင်က ထူထဲလွန်းလျက် ရှိနေသည့် မြူထူကြီးကို လွယ်ကူစွာ ထွင်းဖောက်သွားသည်။
ပြီးနောက် ရှမ့်လန်က တစ်စုံတစ်ရာကို တွေ့ရှိလိုက်ရ၏။ ဧရာမ ပင်လယ် မွန်းစတားကြီး သွားနေသည့် လမ်းကြောင်းက တကယ့်ကို ရှုပ်ထွေး၏။ ထိုအရာက ဖြောင့်တန်းနေသည့် လမ်းကြောင်းမျိုး မဟုတ်ဘဲ မြူမဲများ အတွင်းမှ အကွေ့အကောက်များစွာ ပြုလုပ်ရခြင်းပင်။ ဝင်္ကပါတစ်ခုအတွင်း လမ်းလျှောက် နေရသကဲ့သို့ပင်။
အစပိုင်းတုန်း ရှမ့်လန်က နောင်တွင် အဝင်အထွက် ပြုလုပ်ဖို့ အဆင်ပြေစေရန် လမ်းကြောင်းကို မှတ်တမ်းရန် ကြိုးစားခဲ့သေး၏။ သို့သော်ငြား မကြာခင်မှာပင် သူက လက်လျှော့လိုက်ရ၏။ အကြောင်းရင်းကတော့ မှတ်သားထားလျှင်လည်း အသုံးမဝင်သောကြောင့်ပင်။ ဤလမ်းကြောင်းက တစ်ကြိမ်သာ အသုံးပြုနိုင်သည့် လမ်းကြောင်း ဖြစ်၏။
မိစ္ဆာတြိဂံ ဒေသအတွင်းရှိ စွမ်းအင်ဖွဲ့စည်းမှုက အမြဲတမ်း ပြောင်းလဲလှုပ်ရှားနေ၏။ ယခင်က အတွင်းသို့ ဝင်ရောက်စဉ် မြူမဲကြီးများကို ဖြတ်ကျော်ရန် တစ်ရက်သာ လိုအပ်ခဲ့၏။ သို့သော်ငြား ယခု တစ်ကြိမ်တွင်တော့ ကိုးရက်နှင့် ကိုးညတိုင်အောင် သွားခဲ့ရ၏။ ထိုအရာက မိုင်ပေါင်း တစ်သောင်းကျော် ခရီးပင် ဖြစ်ပေလိမ့်မည်။
ဤလမ်းကြောင်းက မည်မျှ ရှုပ်ထွေးမှန်း သိသာလွန်း၏။ အကယ်၍ ပင်လယ် မွန်းစတားများကသာ လမ်းမပြခဲ့ပါက ရှမ့်လန်အနေနှင့် မိမိဘာသာ လမ်းရှာရန် မည်မျှကြာအောင် စောင့်ဆိုင်းရမည်မှန်းပင် မသိနိုင်ချေ။ အရာအားလုံးက ယောင်ယောင်လေးကြောင့်သာ ဖြစ်ပေလိမ့်မည်။ ဤသမီးငယ်လေးက တကယ့်ကို အစွမ်းထက်လှသည်။
“ငါတို့အားလုံးက ယောင်ယောင်လေးကို ကျေးဇူးတင်ရလိမ့်မယ်။” ရွှယ်ရင်က ယောင်ယောင်လေးကို ပွေ့ချီကာ နမ်း၏။ ထိုစဉ်မှာတော့ ရှမ့်လန်က ရှမ့်မီကို ပွေ့ချီထား၏။ သူမ၏ နဖူးလေးကို နမ်း၏။ သူက သူတော်စင် မဟုတ်သောကြောင့် မျက်နှာလိုက်ခြင်းကို ရှောင်လွှဲ၍ မရနိုင်ချေ။ သို့သော်ငြား သူ၏ ကလေးများ၏ရှေ့၊ အထူးသဖြင့် သမီးလေးများ၏ရှေ့တွင် သူက မျှတအောင် နေထိုင်ရပေလိမ့်မည်။
“ဟူး…”
နောက်ဆုံးတော့ သူတို့ ထွက်ခွာလာနိုင်ခဲ့၏။ သူတို့က မိစ္ဆာတြိဂံဒေသ၏ မြူမဲများအတွင်း ကိုးရက်နှင့် ကိုးညတိုင်တိုင် ဖြတ်သန်းခဲ့ရ၏။ နေရာအနှံ့တွင် လျှပ်စီးများနှင့် လေဆင်နှာမောင်းများ ရှိခဲ့၏။ ဤကဲ့သို့သော ဖိအားမျိုးက တကယ့်ကို ပြင်းထန်လှ၏။
ကံကောင်းသည့်အချက်မှာတော့ ယခုတစ်ကြိမ်တွင် ယခင်ကနှင့် လုံးဝကွဲပြားခဲ့ခြင်းပင်။ ယခုတစ်ကြိမ် မှာတော့ မြူမဲများအတွင်း ဖြတ်သန်းသွားစဉ် သူတို့က ဘေးကင်းလုံခြုံမှုကို ခံစားရ၏။ ယခင်ကကဲ့သို့ စိုးရိမ်ပူပန်ခြင်းမျိုး မရှိခဲ့ချေ။
အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီးနောက် ပင်လယ်မွန်းစတားက ပျောက်ကွယ်သွားခဲ့၏။ အစမှ အဆုံးထိ သူက ကိုယ်ထင်မပြခဲ့သလို နှောင့်ယှက်ခြင်းလည်း မပြုခဲ့ချေ။ အဓိပ္ပာယ်က ရှင်းလင်းလွန်း၏။ ရှမ့်လန်ကို သူတို့က ကျေးဇူးဆပ်ခဲ့ပြီးဖြစ်၏။ ယခုမှစ၍ သူတို့ကြားတွင် မည်သည့်အကြွေးမှ မရှိတော့ပေ။
နောက်တစ်ဆင့်အနေနှင့် ရှမ့်လန်၏သင်္ဘောနှစ်စင်းလုံးက မြောက်ဘက်ဆီသို့ မိုင်ပေါင်းထောင်နှင့်ချီ၍ ဆက်လက်ကာ ရွက်လွှင့်ရပေလိမ့်မည်။ ယခုတစ်ကြိမ်မှာတော့ သူတို့က မိစ္ဆာတြိဂံနယ်မြေ၏ တောင်ဘက် အစွန်းဆုံးသော နေရာမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
သုံးရက်ကြာပြီးနောက် ရှမ့်လန်က ဦးခေါင်းခွံရေတပ်နှင့် တရားဝင် ပြန်လည် တွေ့ဆုံသည်။
ရှမ့်လန်၏ သင်္ဘော တောင်ဘက်မှ ဆန်တက်လာသည်ကို မြင်ချိန်မှာတော့ ဂျက်ထန်နှင့် အခြားသောသူများက အံ့အားသင့်သွားပြီးနောက် ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။ “အရှင် ကျန်းမာပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”
ဂျက်ထန်က သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ အရာအားလုံးက မျှော်လင့်ထားသည်ထက် ပိုမိုကာ ချောမွေ့နေ၏။ ရှမ့်လန်က အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သော်လည်း ရှမ့်လန် ပြန်မလာနိုင်မည်ကိုသော်လည်းကောင်း သို့မဟုတ် ပြန်လာရန် အချိန်နောက်ကျမည်ကိုသော်လည်းကောင်း သူစိုးရိမ်ခဲ့မိသည်။
ရေတပ်အုပ်စုနှစ်ခု ပြန်လည်တွေ့ဆုံပြီးနောက် ဂျက်ထန်က အော်ဟစ်လိုက်၏။ “အရှေ့လောကကို… အရှေ့လောကကို…”
ချက်ချင်းပဲ ကြီးမားလွန်းသည့် ရေတပ်သင်္ဘောကြီးက နောက်တစ်ကြိမ် ခရီးဆက်ခဲ့၏။ ဤနေရာမှ ရွှဲ့ပြည်နယ်သို့ ရောက်ရှိရန် မိုင်ပေါင်းသောင်းချီ၍ ကျန်ရှိနေသေး၏။ အရှေ့နှင့်အနောက် အကွာအဝေးက တကယ့်ကို ဝေးကွာလွန်းလှသည်။
………..