အခန်း (၉၁၅-၉၁၆)
Vol. 55 Ch. 915-916
အပိုင်း (၉၁၅)
နုရှောင့်မြို့မှ မိုင်ပေါင်းငါးထောင်ခန့် အကွာအဝေးရှိ ပင်လယ်ပြင်မျက်နှာပြင်တွင် ကင်းလှည့်နေသည့် သင်္ဘောသုံးစင်းရှိ၏။ သူတို့က မူလက မြောက်ဘက်ပင်လယ်မှ ပင်လယ်ဓားပြများ ဖြစ်ကြ၏။ သို့သော်ငြား လွန်ခဲ့သည့် နှစ်နှစ်က တော်ဝင်ရန်အင်ပါယာ၏ သိမ်းသွင်းခြင်းကို ခံခဲ့ရပြီး ရွှဲ့ပြည်နယ်၏ ရေတပ် ဖြစ်လာခဲ့၏။
အစမှအဆုံးထိ သူတို့၌ ငြင်းဆန်ခွင့် မရှိခဲ့ချေ။ သို့သော်လည်း သူတို့က ငြင်းဆန်ချင်ပုံလည်း မရချေ။ လစာက အလွန်ကို ကောင်း၏။ ထို့အပြင် တိုက်ခိုက်စရာလည်း မလိုပေ။ သို့သော်လည်း ဤနေ့ရက်များက ပျင်းစရာကောင်း၏။ နေ့စဉ်နေ့တိုင်း သူတို့က ကျယ်ပြောသည့် ပင်လယ်ပြင်ကြီးထဲတွင် ကင်းလှည့်ရင်း ပေါ်လာနိုင်ဖွယ်ရှိသော ရှမ့်လန်ကို စောင့်ကြည့်နေရခြင်းပင်။
“အထက်က လူတွေက တကယ့်အရူးတွေပဲ။ အဲဒီလူယုတ်မာ ရှမ့်လန်က သေသွားခဲ့တာ ကြာပြီ။ ဘယ်လိုလုပ် ပြန်လာတိုက်ခိုက်နိုင်မှာလဲ။”
“ဟုတ်တယ်။ နေ့တိုင်း ဒီပင်လယ်ပြင်ကြီးမှာ ဘာမှမရှိဘဲ ကင်းလှည့်နေရတာ။ တစ္ဆေတစ်ကောင်တောင် မတွေ့ဘူး။ ပျင်းစရာကြီး။”
“ဒါပေမဲ့ ငွေကတော့ ရှာရလွယ်တယ်။ အကုန်လုံးက ရှမ့်လန်ကို ကျေးဇူးတင်ရမယ်။ သူက ပင်လယ်ဓားပြတွေ အများကြီးကို ထမင်းကျွေးထားတာပဲ။”
“မင်းတို့ ကြားပြီးပြီလား။ တကယ်တော့ အထက်ကလူတွေကလည်း စိတ်မရှည်တော့ဘူးတဲ့။ သူတို့အားလုံးက ရှမ့်လန် သေပြီလို့ ထင်နေကြတယ်။ ဒါကြောင့် ငါတို့ရဲ့ ရေတပ်ကို ဖျက်သိမ်းတော့မယ်တဲ့။ အနည်းဆုံး ထက်ဝက် လောက်ပေါ့။ ယင်ယွမ်အဖွဲ့အစည်းက ငွေထပ်မပေးချင်တော့ဘူးလေ။”
“ယင်ယွမ်အဖွဲ့အစည်းက ရှမ့်လန်ရဲ့ နုရှောင့်မြို့နဲ့ မှန်လုပ်ငန်းကို သိမ်းပိုက်ထားတာပဲ။ သူတို့က ငွေတွေ အများကြီး ရှာနေတာ။ ငွေမပေးချင်ဘူး ဟုတ်လား။”
“ရှမ့်လန်က သေတာ သေချာနေပြီ။ ဒါပေမယ့် သူတို့က ဒီပင်လယ်ပြင်ကို စောင့်ကြည့်ဖို့ စစ်သည် တစ်သိန်းခွဲကို ဆက်ထားနေရတယ်။ သူတို့က အရူးတွေ မဟုတ်ဘူး။”
“ဒါဆို ရေတပ်က ဘယ်တော့ ဖျက်သိမ်းမှာလဲ။ ငါတို့ တခြားလမ်းတစ်ခုကို ရှာထားရတော့မယ်။ အချက်ပြမှုကို စောင့်ကြည့်ရမှာလား။”
“ဘာအချက်ပြတာလဲ။”
“သတ်ပစ်တာပေါ့။”
ထိုရေတပ်ဗိုလ်က ပြော၏။ “ဘုရင်က နင်ကျန်း၊ ပျံ့ရှောင်း၊ ကျန်းချုံးနဲ့ အခြားလူပေါင်းများစွာတို့ကို ဖမ်းထားတယ်။ သူတို့အားလုံးက ရှမ့်လန်ရဲ့လူယုံတွေပဲ။ အခု သူက လူပေါင်းတစ်သောင်းကျော်ကို သတ်ပြီးပြီ။ ဒါပေမယ့် အရေးကြီးတဲ့လူ တစ်ယောက်ကိုမှ မသတ်ရသေးဘူး။ ရှမ့်လန် ပြန်လာတာကို စောင့်ကြည့်နေတာပဲ။ ဒီလူတွေက အသုံးဝင်နေသေးလို့ပဲ။
အကယ်၍ သူတို့ကို သတ်လိုက်ပြီဆိုရင် ဘုရင်ကလည်း ရှမ့်လန် သေပြီ သတ်မှတ်တယ်လို့ အဓိပ္ပာယ်ရတယ်။ အဲဒီအချိန်ရောက်ရင် ငါတို့ရေတပ်ကလည်း ဖျက်သိမ်းခံရလိမ့်မယ်။ တခြားလမ်းကိုသာ ရှာထားလိုက်။”
“ရှမ့်လန်က သေသွားပြီ။ ပြန်မလာနိုင်တော့ဘူး။ သူက ပျော်ပျော်ကြီး သေသွားတာပဲ။ ဒါပေမယ့် မရေတွက်နိုင်တဲ့ လူတွေကတော့ သူ့ကြောင့် ဒုက္ခရောက်ခဲ့ရတယ်။ နောက်ထပ် လူဘယ်လောက်တောင် ထပ်သေအုံးမလဲ မသိဘူး။”
အောက်ဘက်မှ စကားပြောသံများကိုနားထောင်ရင်း ရွက်တိုင်ပေါ်ရှိ အလံကိုင်ကလည်း ငိုက်မြည်းနေ၏။
“ကိုယ့်လူ… အချိန်စေ့ပြီ။ နုရှောင့်မြို့ကို ပြန်လို့ရပြီ။” ထိုရေတပ်ဗိုလ်က ဖန်နာရီကို လှမ်းကြည့်ကာ ပြောသည်။
“နေအုံး။ ခဏလောက် ထပ်စောင့်အုံး။ ၁၅ မိနစ်တောင် စွန်းလို့မရဘူး။”
ထိုအရာကို ကြည့်ခြင်းအားဖြင့် ရန်နန်းဖေးက စစ်စည်းကမ်းတွင် အလွန်တင်းကျပ်ကြောင်း သိသာ၏။ ရေတပ်သားများ က မကျေမနပ် ပြောဆိုနေကြသော်လည်း စော၍ မထွက်ခွာရဲကြချေ။
“အချိန်စေ့ပြီ။ နုရှောင့်မြို့ကို ပြန်ကြမယ်။”
ရေတပ်ဗိုလ်၏ အမိန့်နှင့်အတူ အားလုံးက ဝမ်းသာအားရ ကြွေးကြော်လိုက်ကြ၏။ နောက်ဆုံးတော့ သူတို့ ပြန်လာနိုင်ကြ၏။ သူတို့အပြင်မှာ ကင်းလှည့်နေရသည်မှာ တစ်လကျော် ကြာခဲ့၏။ သူတို့၏ ခန္ဓာကိုယ်များပင် ပုပ်ဆွေးပေတော့မည်။ နုရှောင့်မြို့ကို ပြန်ရောက်လာလျှင် ပျော်ပျော်ကြီး ကဲရပေတော့မည်။
ထိုအချိန်မှာတော့ ရွက်တိုင်ပေါ်ရှိ အလံကိုင်က မျက်တောင်ကို ခတ်လိုက်မိ၏။ သူ အမြင်မှားနေသည်လား။ အရှေ့ဘက် ပင်လယ်ပြင်တွင် အမဲစက်လေး တစ်ခုကို မြင်လိုက်ရ၏။ ထိုအရာက ပင်လယ်ငှက် တစ်ကောင်များလား။
ထိုအရာက ငှက်တစ်ကောင် မဟုတ်ချေ။ မကြာခင်မှာပင် ရန်နန်းဖေး၏ လက်အောက်မှ အလံကိုင်က ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ ထိုအရာက ရေတပ်အုပ်စုကြီး တစ်ခုပင်။
“ဘာတွေလဲ။ ဒီဘက်အရပ်တမှာ ရေတပ်အုပ်စုကြီး တစ်ခု ထပ်မံပေါ်ပေါက်လာတာလား။ အနောက်ဘက် လောကရဲ့ သင်္ဘောတွေများလား။”
ပြီးနောက် အလံကိုင်က လုံးဝမှင်သက်သွား၏။ သူ၏ကျောရိုးမကြီး တစ်ခုလုံး အေးစက်သွား၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံပေါ်တွင် ပေါ်ထွက်လာသည့် ထိုရေတပ်အုပ်စုကြီးက တကယ့်ကို ကြီးမားလွန်းသောကြောင့်ပင်။ သင်္ဘောများက တစ်စင်းပြီး တစ်စင်း ပိုမိုများပြားလာ၏။ နောက်ဆုံး အဆုံး မရှိအောင် များပြား၏။
ကြောက်မက်ဖွယ်ရာအကောင်းဆုံးအချက်က ဦးခေါင်းခွံအလံပင်။ ဤရေတပ်ကြီး၏ အလံပေါ်တွင် ကြီးမားလွန်းသည့် ‘ကျန်း' ဟူသော စာလုံးကြီး ရှိနေ၏။ ထိုအရာက အိမ်မက်မဟုတ်ချေ။
“ဒါ… ဒါ ရှမ့်လန်လား။ သူ ပြန်လာတိုက်ခိုက်တာလား။ တကယ်ပဲ ပြန်လာတိုက်တာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ဒေါင်… ဒေါင်… ဒေါင်…”
ချက်ချင်းပဲ သင်္ဘောသုံးစင်းပေါ်၌ နားကွဲမတတ် ခေါင်းလောင်းသံများ ထွက်ပေါ်လာ၏။ “ရန်သူလာနေပြီ။ ရှမ့်လန် ပြန်ပြီးတိုက်ခိုက်ပြီ။”
သူတို့က တစ္ဆေ တစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ပင်။
“နုရှောင့်မြို့ကို ပြန်ကြမယ်။ ပြေးကြ။ ပြေးကြ။”
“နုရှောင့်မြို့ကို သွားပြီး အမြန်သတင်းပို့ကြ။”
“ရှမ့်လန် ပြန်လာပြီ။”
ပြီးနောက် ကင်းလှည့်သင်္ဘောသုံးစင်းက အစွမ်းကုန် အရှိန်မြှင့်ကာဖြင့် နုရှောင့်မြို့ဆီသို့ ဦးတည်ခုတ်မောင်း၏။ သူတို့က ဤသတင်းကို ရန်နန်းဖေးနှင့် ဘုရင်မင်းမြတ်ဆီသို့ ချက်ချင်း ပေးပို့ရပေလိမ့်မည်။
“ကောင်းကင်ဘုံ… ရှမ့်လန်က တကယ်မသေသေးဘူး။ သူ တကယ်ပြန်လာပြီး တိုက်ခိုက်ပြီပဲ။”
ရှမ့်လန်က ရွှဲ့ပြည်နယ်ဆီမှ ထွက်ပြေးသွားခဲ့သည့် သင်္ဘောသုံးစင်းကို ကြည့်နေခဲ့သော်လည်း နောက်မှ လိုက်၍ မတိုက်ခိုက်ခဲ့ချေ။ နောက်ဆုံးမှာတော့ ထိုသူများက ပုရွက်ဆိတ်ကလေးများသာ ဖြစ်သောကြောင့် လိုက်တိုက်ခိုက်ရန် မလိုအပ်ချေ။
သူ့ထံတွင် အရှေ့ဘက်လောကနှင့် ပတ်သက်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာ မရှိသော်လည်း နုရှောင့်မြို့၌ အရှေ့ဘက်ပင်လယ်ပြင်တစ်ခုလုံးကို စောင့်ကြည့်ရန် အထူးသဖြင့် မိစ္ဆာတြိဂံနယ်မြေ၏ မြောက်ဘက်ခြမ်း ကို ပိတ်ဆို့ထားရန် ရေတပ်အုပ်စုကြီးတစ်ခု ထားရှိမည်မှာ သေချာ၏။
အကြောင်းရင်းက ရှမ့်လန်က ဤနေရာတွင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပြီး သူ၏အလောင်းကိုလည်း မည်သူမှ ရှာမတွေ့ခဲ့သောကြောင့်ပင်။ ထို့ကြောင့် သူပြန်လာမည်ကို သူတို့က သေချာပေါက် သတိထားကြ ပေလိမ့်မည်။
သို့သော်ငြား ရှမ့်လန် သေသေချာချာ သတိထားမိသည်က သဘာဝလွန် ဂိုဏ်းကြီး ၆ဂိုဏ်း၏ ရေတပ်နှင့် မဟာမိတ်ရေတပ်များက နုရှောင့်မြို့အနီးတွင် ရှိနေမည် မဟုတ်ချေ။ သူတို့၏ အချိန်များက အလွန် တန်ဖိုးရှိသောကြောင့် ဤနေရာ၌ အချိန်ဖြုန်းမည် မဟုတ်ပေ။
ဤကဲ့သို့သော တစ်ခု စောင့်ကြည့်ရသည့် အလုပ်မျိုးကို အလုပ်ကြမ်းသမားများကိုသာ လွှဲအပ်ထားပေလိမ့်မည်။
ရှမ့်လန်၏ ခန့်မှန်းချက်အရ နုရှောင့်မြို့၌ စစ်သည်ပေါင်း တစ်သိန်းခွဲမှ နှစ်သိန်းခန့်ထိရှိသော ရေတပ်အုပ်စုများ ထားရှိပေလိမ့်မည်။ ထိုအရာက တုန်လှုပ်ဖွယ်ရာကောင်းသည့် အရေအတွက် ဖြစ်သော်လည်း ရွှဲ့ပြည်နယ်၏ ဘဏ္ဍာတိုက်ဖြင့်ဆိုလျှင် မည်သူမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်ယွမ်အဖွဲ့အစည်းမှ အကုန်အကျ ခံရပေလိမ့်မည်။
ရှမ့်လန်၏ ရေတပ်၌ လူပေါင်းလေးသောင်းသာ ပါရှိ၏။ ဤမျှကြီးမားသည့် ကွာခြားချက် ရှိနေသော်လည်း သူတို့က ရန်သူကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်း ရှိရမည်။ အဓိကအချက်အားဖြင့် မည်မျှ အထိနာအောင် တိုက်ခိုက်နိုင်မည်နည်း ဆိုသည်က အရေးကြီးသည်။
ရန်သူများက များပြားလွန်းသောကြောင့် သူတို့အားလုံးကို တစ်နေရာတည်း၌ စုစည်းပြီး တစ်ချက်တည်းနှင့် အကုန် ဖမ်းဆီးရပေလိမ့်မည်။ ထိုမှသာလျှင် အကျိုးအမြတ် အများဆုံး ရရှိနိုင်၏။ ထို့ကြောင့်ပင်လျှင် ဤသင်္ဘောသုံးစင်းအား သတင်းပေးရန် လွှတ်လိုက်ခြင်းပင်။ သို့မဟုတ်ပါက ရှမ့်လန်က အားလုံးကို တစ်စုတစ်စည်းထဲ တွေ့ရရန် လိုက်လံရှာဖွေနေရပေအုံးမည်။
…………
ရှမ့်လန်၏ သင်္ဘောများက တစ်နေ့လျှင် ကီလိုမီတာ ၈၀၀ နှုန်းဖြင့် ခုတ်မောင်းနေပြီး နုရှောင့်မြို့နှင့် ပို၍နီးကပ်လာခဲ့၏။ ချောင်ယောင်းအာက စိတ်လှုပ်ရှားခြင်း မရှိချေ။ နုရှောင့်မြို့က သူမ၏ အိမ်ဖြစ်ခဲ့သော်လည်း သူမ၏ ရင်ထဲတွင် လောကကြီးတစ်ခုလုံးက သူမ၏ အိမ်ပင်ဖြစ်၏။
စိတ်အလှုပ်ရှားဆုံးလူက ကျင်းကျိုးပင်။ နှစ်နှစ်အကြာမှတော့ သူက အိမ်ပြန်လာနိုင်ခဲ့၏။ နုရှောင့်မြို့က ကျင်းမိသားစု၏ အုတ်မြစ်ဖြစ်ခဲ့၏။ နုရှောင့်မြို့သာမက ရွှမ်ဝူမြို့နှင့် ရွှမ်ဝူနယ်စားအိမ်တော်တို့လည်း ပါဝင်၏။ နယ်စားကြီးကျင်းကျိုးက နေ့စဉ်နေ့တိုင်း ရင်ထဲတွင် နာကျင်နေခဲ့ရပြီး သူ၏ဘိုးဘေးများ အပေါ် အမှား လုပ်မိခဲ့သည် ဟု ခံစားရ၏။ သူက နေ့စဉ်နေ့တိုင်း အိပ်မက်ဆိုးများ မက်ခဲ့သည်။
သူက သူ၏မိန်းမ စုဖေ့ဖေ့နှင့် မတူချေ။ သူ၏စိတ်ထဲတွင် ကျင်းမိသားစု၏ ရာစုနှစ်နှင့်ချီသည့် အုတ်မြစ်များနှင့်သာ ပြည့်နှက်နေ၏။ စုဖေ့ဖေ့က စိတ်သဘောထား ပေါ့ပါးသူပင်။ မိသားစု ဘေးကင်းနေသရွေ့ အရာအားလုံး အဆင်ပြေသည် ဟု ယူဆထားနိုင်သူပင်။
နောက်ထပ် စိတ်လှုပ်ရှားနေသည့် လူတစ်ဦးက မင်းသမီး နင်ယန်ပင်။ ယခင်က သူမအား မည်သူမှ မချစ်ဘူးဟု အမြဲပြောလေ့ရှိ၏။ သူမ၏အဖေက နင်ဟန်နှင့် နင်ယီကို အချစ်ဆုံးဖြစ်၏။ နင်ချီမှာမူ သူမအပေါ် အပြစ်ရှိသကဲ့သို့ ခံစားရပြီး ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ချစ်ခင်ခြင်းမျိုး မရှိချေ။ ထို့ကြောင့် သူမက လောကကြီးတစ်ခုလုံးကို လှည့်ပတ်သွားလာချင်သည်ဟု ပြောဆိုခဲ့၏။
ရှမ့်လန်၏ အထောက်အထားမှန် ပေါ်ပေါက်လာခဲ့ပြီးနောက် သူမက မလွှဲသာမရှောင်သာဖြင့် ထွက်ခွာခဲ့ရ၏။ ထျန်းရွှဲ့မြို့မှ ထွက်လာသည့်နေ့ ..... ထိုနေ့တည်းက သူမက နန်းမြို့တော်ကို စတင်လွမ်းဆွတ်မိ၏။ သူမ၏ မြို့ကိုသာမက သူမ၏ အဖေနှင့် မိဖုရားကြီးပျံ့တို့ကိုလည်း လွမ်းနေမိသည်။
အမှန်စစ်စစ် ရှမ့်လန်နှင့် အတူရှိနေချိန်မှစ၍ နင်ယွမ်ရှန်းက သူမအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာများကို တစ်နေ့ထက်တစ်နေ့ ပိုမိုကာ ပြသခဲ့၏။ အထူးသဖြင့် သူမ ကိုယ်ဝန်ရှိလာပြီးနောက်ပိုင်း သူမက နင်ယွမ်ရှန်း၏ အချစ်ဆုံးသော သမီးတော် ဖြစ်လာခဲ့၏။ မွေးဖွားချိန်တွင်ပင်လျှင် မိဖုရားကြီးပျံ့ ကိုယ်တိုင် ဂရုတစိုက် ပြုစုပေးခဲ့ပြီး မကြုံစဖူးသော ချစ်ခြင်းမေတ္တာများကို ခံစားခဲ့ရ၏။
ရှမ့်လန်အတွက်ကြောင့် သူမက ရှမ့်လီလေးကို ပွေ့ချီပြီး ထျန်းရွှဲ့မြို့မှ ထွက်ခွာခဲ့ရ၏။ ဤနေရာရှိ လူတိုင်းက သူမအပေါ် အလွန်ကောင်းကြသော်လည်း သူမက အထီးကျန်ဆန်နေဆဲပင်။ ထျန်းရွှဲ့မြို့ကသာ သူမ ရင်းနှီး ကျွမ်းဝင်သည့် နယ်မြေဖြစ်သည်။
ရွှမ်ဝူမြို့မှထွက်ခွာ၍ မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ထွက်ပြေးခဲ့ရပြီးနောက် သူမက ပို၍ပင် ခံစားရ၏။ နေ့စဉ်နေ့တိုင်း သူမက ရှမ့်လန်၊ သူမ၏ အဖေနှင့် နင်ကျန်းတို့အတွက် စိုးရိမ်ပူပန်မိ၏။ သူမက စိတ်ကျရောဂါ ရလုနီးပါးပင်။ ယခင်က သူမသည် သန်မာထက်မြက်သည့် မိန်းကလေးတစ်ဦး ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း အလုံးစုံ ပိန်ချုံးသွားခဲ့၏။
ရှမ့်လန်က ပြောသည်။ “မိစ္ဆာတြိဂံနယ်မြေထဲက ပတ်ဝန်းကျင်က အရမ်းကောင်းတယ်။ ရှမ့်လီရဲ့ ကျန်းမာရေးတင် တိုးတက်လာတာ မဟုတ်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်ကလည်း အားပြည့်လာခဲ့တယ်။ ဒါကြောင့် နောက်ထပ် ကလေး တစ်ယောက်လောက် ထပ်ယူလို့ ရသေးတယ်။ ဝမ်းဆွဲသည်ကလည်း ပြောတယ်။ မင်းလို ကျန်းမာတဲ့လူမျိုးက ကလေးအများကြီး မယူရင် နှမြောစရာကြီးတဲ့။ မင်းဘက်ကသာ အံကြိတ်ပြီး သဘောတူလိုက်စမ်းပါ။”
“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ။ ကျွန်မက ဒါမျိုးဆို အရမ်းတော်တာနော်” မင်းသမီးနင်ယန်က ရှက်သွေးဖြာ၍ မျက်နှာလေး နီမြန်းကာ ပြော၏။
ရှမ့်လန်က မေးသည်။ “ဘယ်နေရာ တော်တာလဲ။”
နင်ယန်က ဘာမှမပြောသော်လည်း သူမ၏ မျက်နှာမှာ လုံးဝနီရဲနေ၏။ သူမက အပြင်ဘက်တွင် ပေါ့ပေါ့ပါးပါး နေထိုင်တတ်သော်လည်း အတွင်းစိတ်က တကယ့်ကို နုနယ်တတ်သူပင်။ သူမသည် ယခင်က တက်ကြွ ဖျတ်လတ်ဖူးသော်လည်း လွန်ခဲ့သည့် နှစ်နှစ်အတွင်း စကားပင် သိပ်မပြောခဲ့ချေ။
သင်္ဘောကြီးက တကယ့်ကို ကြီးမားပြီး ပင်လယ်ပြင်တွင် လှိုင်းတံပိုးများ မရှိသဖြင့် တည်ငြိမ်စွာဖြင့် မောင်းနှင်နေ၏။
ထိုအချိန်မှာတော့ သင်္ဘောကုန်းပတ်ပေါ်၌ ယောင်ယောင်က သူမ၏ မောင်လေး၊ ညီမလေးများနှင့်အတူ စာရေးနေခဲ့သည်။
သင်္ဘောပေါ်တွင် ကလေးခြောက်ဦး ရှိ၏။ ထိုသူတို့က ယောင်ယောင်၊ ရှမ့်မီ၊ ရှမ့်လီ၊ အာယုကျွမ်း၊ ရှမ့်ချမ်း (ရှမ့်ကျန့်သား) နှင့် ကျန်းဒိုဒိုတို့ ဖြစ်၏။ စာသင်ရသည်ကို နှစ်သက်ပုံရသည့် ကလေးက ရှမ့်မီနှင့် ရှမ့်လီတို့ နှစ်ဦးသာ ဖြစ်ပြီး သူတို့က သူတို့၏ အစ်မကြီးနှင့်အတူ လိမ္မာစွာ စာရေးကြ၏။
ရှမ့်ချမ်းကတော့ အသက်ခြောက်နှစ် ရှိပြီဖြစ်ပြီး အဆိုးဆုံးသော အရွယ်သို့ ရောက်နေ၏။ သူက သူ့အဖေ၏ စရိုက်များကို အမွေရထား၏။ သူက မည်သူ့စကားမှ နားမထောင်ပေ။ အရိုက်ခံရမှာလည်း မကြောက်သလို အဆူခံရလည်း နားမထောင်ချေ။
သူ၏အမေ မိန်းကလေးလင်းက နူးညံ့သိမ်မွေ့သူ ဖြစ်သောကြောင့် ဒေါသထွက်လွန်းသဖြင့် အကြိမ်ကြိမ် ငိုခဲ့ရ၏။ ရှမ့်ကျန်နှင့် မိန်းကလေးလင်းတို့က ကုန်းပေါ်သို့ အခြေချပြီးသည်နှင့် ချက်ချင်း နောက်ထပ် ကလေးတစ်ယောက် ထပ်ယူရန် ဆုံးဖြတ်ထား၏။ ထိုကလေးက မိန်းကလေးလင်း၏ စရိုက်မျိုးကို လုံးဝ အမွေရရပေလိမ့်မည်။ ရှမ့်ချမ်းက ခွေးပင်လျှင် မုန်းတီးလောက်အောင် ဆိုးဝါးသည့် ကလေးဖြစ်သည်။
သို့သော်ငြား ထိုအရာက မိဘများ၏ အမြင်သာ ဖြစ်၏။ ကျင်းကျိုးနှင့် သူ၏မိန်းမတို့၏ အမြင်မှာတော့ ရှမ့်ချမ်းက လိမ္မာသည့် ကလေးတစ်ယောက်ပင်။ နှုတ်ချိုသူ ဖြစ်ပြီး ပြောသမျှ စကားများကို နားထောင်၏။ ထို့အပြင် သူက ကလေးတိုင်းနှင့် ဆက်ဆံရေး ကောင်းမွန်၏။ သူက ရှမ့်လီ၏ရှေ့တွင် အစ်ကိုကောင်း တစ်ယောက် ဖြစ်သလို ရှမ့်မီ၏ရှေ့တွင်လည်း တော်လွန်းသည့် မောင်လေးတစ်ယောက် ဖြစ်၏။ အာယုကျွမ်း၏ နောက်တွင် သစ္စာရှိသည့် နောက်လိုက်တစ်ဦး ဖြစ်ခဲ့၏။
သူက ခြောက်နှစ်သာ ရှိသေးသော်လည်း လူမှုဆက်ဆံရေးက တကယ့်ကို ကောင်းမွန်၏။ ထိုအရာကို မြင်သည့်အချိန်မှာတော့ ရှမ့်လန်ပင်လျှင် ဤကလေးက အနာဂတ်တွင် သေချာပြုစုပျိုးထောင်ပါက သေချာပေါက် တောက်ပသည့် အနာဂတ် ရှိလိမ့်မည်ဟု ခံစားရ၏။ သူက ရှမ့်ကျန်ထက် များစွာပို၍ ထက်မြက်သည်။
ကြီးမားသည့် ပြောင်းလဲများကို ကြုံတွေ့ပြီးနောက် ယခင်က သွက်လက်ဖျတ်လတ်သည့် ရှမ့်ကျန်ကလည်း တည်ငြိမ်သူတစ်ဦး ဖြစ်လာခဲ့၏။ နေ့စဉ်နေ့တိုင်း သူက သိုင်းပညာကို အားထုတ်ခွန်စိုက် လေ့ကျင့်သလို စာပေကိုလည်း အပြင်းအထန် လေ့လာ၏။
ယခင်က သူက နာမည်ကျော်ကြားချင်ခဲ့သော်လည်း ယခု သူ၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့၏။ ထိုအရာက ရှမ့်လန်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မလုပ်ရပေ။ သူက ရှမ့်လန်အား ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်ပေ။ နောက်ဆုံး သူ၏အစ်ကို ရှမ့်လန်က အရှေ့ဘက်လောက၏ အနာဂတ် ဧကရာဇ် မဟုတ်ပါလား။ သူက ညီတစ်ယောက်အနေနှင့် အသုံးမကျသည့် လူတစ်ဦး မဖြစ်စေရပေ။
သူ ရှမ့်လန်ကို မြင်မြင်ချင်း ပထမဦးဆုံးပြောသည့် စကားက “အစ်ကို… ကျုပ် အစ်ကို့ရဲ့ တပ်မှူးတစ်ယောက် ဖြစ်နိုင်ပြီနော်။”
ထိုစကားတစ်ခွန်းနှင့်ပင် ရှမ့်လန်က ကျေနပ်ပီတိ ဖြစ်မိ၏။ သူ၏ညီလေးက တကယ်ပင် သိတတ်လာ၏။ မတတ်နိုင်သည့်အရာများကို အတင်းအဓမ္မ မယူချင်ပေ။ ပါရမီက ကန့်သတ်ရှိသော်လည်း သူက အလွန် ကြိုးစားသူပင်။ နေ့စဉ်နေ့တိုင်း သိုင်းပညာကို အစွမ်းကုန် လေ့ကျင့်၏။ ထို့ကြောင့် တပ်မှူးတစ်ယောက် ဖြစ်ရန် ကတော့ လုံလောက်၏။
………….
အပိုင်း (၉၁၆)
“ယောက်ျား… အဖေ ဘယ်လိုနေမလဲ။ မိဖုရားကြီးပျံ့ရော ဘယ်လိုနေမလဲ။ ပြီးတော့ နင်ကျန်းရော ဘယ်လိုနေမလဲ တွေးနေမိတယ်။”
မင်းသမီးနင်ယန်က ရှမ့်လန်၏ရင်ခွင်အတွင်း မှီရင်း ပြောသည်။ “ပြီးတော့ ယွမ်မင်ကျယ်ရော ဘယ်လိုနေမလဲ မသိဘူး။”
ရွှဲ့ပြည်နယ်၏ သံတမန် ယွမ်မင်ကျယ်က သေချာပေါက် ကံဆိုးမည့်သူပင်။ အကြောင်းရင်းက သူက ရှမ့်လန်နှင့် တကယ့်ကို နီးစပ်သည့် သူတစ်ယောက် ဖြစ်သောကြောင့်ပင်။ သူက ရှမ့်လန်၏ တစ်ဦးတည်းသော လူယုံတော် ဖြစ်၏။ ယွမ်မင်ကျယ်က အရေးကြီး သတင်းအချက်အလက် တစ်ခုကို ရှာဖွေတွေ့ရှိကာ ရှမ့်လန်ထံသို့ ပေးပို့ခဲ့သူပင်။
ထိုမျှသာ မကသေးချေ။ ရှမ့်လန် ခံစားမိသည်က ယွမ်မင်ကျယ်က ကျန်းလီ၏ ဘက်တော်သားတစ်ဦး ဖြစ်နေခြင်းပင်။ သူက ဘယ်သောအခါမှ တိုက်ရိုက် ထုတ်မပြောခဲ့သော်လည်း စကားပြောသည့်အခါမျိုးတွင် ရှမ့်လန်က ထိုအချက်ကို အပြည့်အဝ ခံစားနိုင်၏။
“ကျွန်မ သူတို့အတွက် တကယ်ကို စိုးရိမ်မိတယ်။” မင်းသမီးနင်ယန်က ပြောသည်။
ရှမ့်လန်က ပြော၏။ “ခဏပါပဲ။ သူတို့ အားလုံးကို မကြာခင် ကယ်ထုတ်ပေးမှာပါ။”
ပြီးနောက် ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “ခုဏက ဘာပြောလိုက်တာလဲ။ နောက်တစ်ခါ စမ်းကြည့်လို့ ရအုံးမလား။ နောက်ထပ် ကလေးတစ်ယောက် ထပ်ယူကြရအောင်။”
မင်းသမီးနင်ယန်၏ အသက်ရှူနှုန်းများက မြန်လာ၏။ သူမက ခေါင်းကို ခါယမ်းလိုက်၏။ “မရဘူး။ ကျွန်မမှာ ကလေးတစ်ယောက် ရှိသေးတယ်။”
ရှမ့်လန်၏ ကလေးထဲတွင် ရှမ့်လီက တကယ်ပင် သာမန်ကလေးတစ်ဦး ဖြစ်၏။ သို့သော်ငြား သူက တကယ့်ကို လိမ္မာယဉ်ကျေး၏။ ထက်မြက်သူ မဟုတ်သော်လည်း စိတ်တည်ငြိမ်ပြီး စိတ်ရှည်သည်းခံတတ်သူ တစ်ယောက်ပင်။
“ယောက်ျား… ရှမ့်လီရဲ့ စရိုက်က နင်ကျန်းနဲ့ နည်းနည်းတူနေသလားလို့။” မင်းသမီးနင်ယန်က ပြောသည်။
ရှမ့်လန်က မှင်သက်သွားမိ၏။ ပြောရမည်ဆိုလျှင် တကယ်ပင် ဆင်တူမှု တချို့ ရှိနေ၏။ တူက ဦးလေးနှင့် တူသည်ဆိုသည့် စကားက တကယ့်ပင် မှန်ကန်ပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်၏။ “ငါတို့ နောက်ထပ် ကလေးတစ်ယောက်တော့ ယူသင့်တယ်။ နင်ကျန်းရဲ့ စရိုက်ကို ကြည့်စမ်း။ သူက သူ့ရဲ့ ပထမ မိန်းမ ကတော်ကျိုးရဲ့ မိသားစုနဲ့ ကွာရှင်းပြီး တခြားမိန်းကလေးနဲ့ လက်ထပ်မှာလား။”
“မဖြစ်နိုင်တာ။”
နင်ယန်က ပြောသည်။ “သူ့ရဲ့စိတ်က အရမ်းခက်ထန်ပြီး ခေါင်းမာတယ်။ သူက မယားငယ်တောင် ယူမယ့်လူ မဟုတ်ဘူး။”
ရှမ့်လန်က ပြော၏။ “ဒါပေမဲ့ ကတော်ကျိုး ကိုယ်ဝန်မရနိုင်ဘူး။ နောင် နင်ကျန်း ထီးနန်း ပြန်တက်တဲ့အချိန် သူက မယားငယ်ယူပြီး ကလေးယူမယ် ဆိုရင် ကိစ္စမရှိဘူးပေါ့။ ဒါပေမဲ့ လုံးဝမယူဘူးလို့ ဆုံးဖြတ်ထားရင်တော့ ရှမ့်လီကိုပဲ သူ့ရဲ့ အမွေခံသားအဖြစ် မွေးစားရတော့မှာပဲ။”
မင်းသမီးနင်ယန်က ပြောသည်။ “ဒါကို ကျွန်မ တကယ်မစဉ်းစားမိဘူး။”
အမှန်စစ်စစ် ရှမ့်လန်ကလည်း ဤအရာကို မစဉ်းစားခဲ့မိချေ။ ဤသည်က နင်ကျန်း စတင်ခဲ့ခြင်း ဖြစ်၏။ ရှမ့်လန်က နင်မျိုးနွယ်စု၏ ထီးနန်းကိုလုယူရန် မည်သည့်ရည်ရွယ်ချက်မှ မရှိချေ။ သို့သော်ငြား နင်ကျန်းသာ ကိုယ်လုပ်တော် ယူရန် ဆုံးဖြတ်ထားခြင်း မရှိပါက ဤအခြေအနေဆီသို့ ရောက်ရှိသွားနိုင်၏။
ရှမ့်လန်က ပြောသည်။ “မင်းရဲ့အဖေနဲ့ မိဖုရားကြီးပျံ့တို့က အသက်ကြီးလာပြီဆိုတော့ အထီးကျန်နေကြမှာပဲ။ သူတို့ကစားဖို့အတွက် ကလေးလေး တစ်ယောက်လောက် ထပ်ပေးရင် မကောင်းဘူးလား။”
ထိုအရာကိုတွေးချိန်မှာတော့ မင်းသမီးနင်ယန်၏ ယခင်က ခိုင်မာသည့် ဆုံးဖြတ်ချက်များက ချက်ချင်းပဲ အရည်ပျော်သွား၏။ သူမ၏အဖေက အသက်ကြီးနေပြီ ဖြစ်သလို မိဖုရားကြီးပျံ့ကလည်း အသက်ကြီးလာခဲ့၏။ အထူးသဖြင့် မိဖုရားကြီးပျံ့က ကလေးတစ်ယောက်ရယူရန် အိမ်မက်မက်နေသူ တစ်ဦးပင်။
“ဒါဆိုရင်လည်း ကောင်းပြီလေ။”
မင်းသမီးနင်ယန်က သဘောတူလိုက်၏။ “ဒါဆိုရင် အထဲသွားပြီး ကလေးယူရအောင်။”
…………..
ယနေ့ကတော့ ပင်းအာ၏ လှည့်ဖြစ်၏။ မကြာခင် သူတို့ ရွှဲ့ပြည်နယ်ဆီသို့ ပြန်ရပေတော့မည်။ အားလုံးသောသူတို့တွင် စိတ်အလှုပ်ရှားဆုံး မဟုတ်သူက ပင်းအာပင် ဖြစ်၏။ ရှမ့်လန်နှင့် သူ၏ သမီးလေးသာ ရှိနေပါက ပင်းအားအတွက် နေရာတိုင်းက နိဗ္ဗာန်ဘုံပင်။
ပင်လယ်ပြင်မှာဆိုလျှင် ပိုကောင်းသေး၏။ အဘယ်ကြောင့်ဆိုသော် ရွှဲ့ပြည်နယ်ဆီသို့ ပြန်ရောက်သည်နှင့် စစ်ပွဲများ ဖြစ်လာပေလိမ့်မည်။ ရှမ့်လန်က နေ့ညမပြတ် အလုပ်များပေလိမ့်မည်။ သူက သူမနှင့် သမီးလေး အား အချိန်ပေးနိုင်တော့မည် မဟုတ်သလို သူမ၏ အံ့ဖွယ်စွမ်းရည်များကိုလည်း ထုတ်ဖော်ပြသရတော့မည် မဟုတ်ချေ။
သူမက သူမ၏ အခြေအနေကို ရှင်းလင်းစွာ သိရှိထား၏။ ဂုဏ်ဒြပ်အရ သူမက တခြားသူများနဲ့ မယှဉ်နိုင်ချေ။ အလှအပနှင့် ကိုယ်လုံးကိုယ်ပေါက်၌လည်း သူမက တခြားမိန်းမများနှင့် မယှဉ်နိုင်ချေ။ သူမ၏ တစ်ဦးတည်းသော စွမ်းဆောင်ရည်က သူမ၏ ယောက်ျားကို ပြုစုယုယ ယဉ်ကျေးပေးရန်သာ ဖြစ်၏။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူမက အစွမ်းကုန် အသုံးချရပေလိမ့်မည်။
“ယောက်ျား… နောက်ထပ် ကလေးတစ်ယောက် ယူသင့်လား။ မယူသင့်ဘူးလား။” ပင်းအာက ဝေခွဲမရ ဖြစ်နေ၏။
ရှမ့်လန်နှင့် နင်ယန်တို့ နောက်ထပ် ကလေးတစ်ယောက် ယူရန် ပြောနေသည်ကို ကြားချိန်က သူမကလည်း တကယ်ပဲ စိတ်လှုပ်ရှားမိ၏။ တစ်ဖက်တွင် သူမက ကလေးယူချင်၏။ သူမတွင် သမီးတစ်ဦး ရှိနေပြီ ဖြစ်သောကြောင့် သဘာဝအတိုင်း သားတစ်ယောက် လိုချင်သည်။
သို့သော်ငြား ကလေးမွေးပြီးနောက် ထိုကလေးက သူမနှင့် တူသွားမည်ကိုလည်း စိုးရိမ်နေမိ၏။ သူမက အစေခံမလေး တစ်ဦးသာ ဖြစ်သောကြောင့် ကလေးက သူမနှင့် တူသွားပါက ကြီးလာလျှင် အသုံးမကျ ဖြစ်သွားမည် မဟုတ်ပါလား။ သူမ၏ ဦးနှောက်သေးသေးလေးထဲတွင် မည်ကဲ့သို့သော အတွေးများ ရှိနေသည်ကို သူမ တကယ်ပင် မသိနိုင်တော့ပေ။
...............
နန်းတွင်းဘုရားကျောင်း၏ ထောင်အတွင်းမှာတော့ နင်ကျန်းက အမှောင်ထုထဲတွင် မလှုပ်မယှက် ထိုင်လျက် ရှိသည်။ သူ၏ ဆံပင်များက မြက်ခြောက်ကဲ့သို့ ဖြစ်နေပြီး မုတ်ဆိတ်မွေးများကလည်း သုံးလက်မခန့် ရှည်လျားနေ၏။ သူ၏ အဝတ်အစားများက စုတ်ပြတ်သတ်နေခဲ့ပြီး သူက ဘုရင်တစ်ပါးနှင့်မတူတော့ဘဲ သူတောင်းစား တစ်ဦးနှင့်တူ၏။
သူက ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားခဲ့ရသည်မှာ နှစ်နှစ်တိတိ ရှိခဲ့လေပြီ။ ဤနှစ်နှစ်အတွင်း သူက နေရောင်ခြည်ကို တစ်ရက်မှပင် မမြင်ခဲ့ရဘဲ ညှဉ်းပန်းနှိပ်စက်မှုပေါင်းများစွာကို ခံခဲ့ရ၏။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်မှုများပင်။ သူက နေ့ရက်များစွာ အိပ်စက်ခွင့် မရခဲ့သလို ဝမ်းနုတ်ဆေး အမြောက်အမြားကို တိုက်ကျွေးခြင်းခံရ၏။ တစ်လလုံးလုံး ဝမ်းလျှောခဲ့ချိန်မျိုးလည်း ရှိသည်။
သူတို့တွင် ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းပေါင်းများစွာ ရှိခဲ့၏။ ရည်ရွယ်ချက်က တစ်ခုတည်းသာပင်။ ထိုအရာက သူ့အား အညံ့ခံစေရန်နှင့် ရှမ့်လန်နှင့် ပတ်သက်မှု မရှိကြောင်း လူသိရှင်ကြား ကြေညာစေရန်ပင်။ ရှမ့်လန်က အရှေ့ဘက်လောက တစ်ခုလုံး၏ ရန်သူဖြစ်ကြောင်းနှင့် ကျန်းလီအား တော်ဝင်ရန်အင်ပါယာ၏ အကြီးမားဆုံးသော သစ္စာဖောက်ဖြစ်ကြောင်း သူက ဝန်ခံစေခြင်းဖြစ်၏။
သို့သော်ငြား ထောင်ထဲသို့ ရောက်ရှိစဉ်ကတည်းက နင်ကျန်းက စကားတစ်လုံးမှ မပြောဘဲ အ သွားသည့် အလားပင် ရှိခဲ့၏။ အစမှအဆုံးထိ သူက တစ်လုံးမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။ မည်သို့ပင် ဆိုစေကာမူ သူ၏မိန်းမ သခင်မကျိုးကို သူက လုံခြုံသည့်နေရာသို့ ပို့ထားနိုင်ခဲ့၏။ သူ့တွင် မည်သည့် အားနည်းချက်မှ မရှိတော့ချေ။ သူက သေခြင်းတရားနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို မကြောက်ပေ။
ကျွီ....
တံခါးပွင့်လာ၏။ လက်တစ်ဖက်တည်းသာရှိသော အမျိုးသားတစ်ဦးက အစားအသောက် ခြင်းတစ်ခုကို ကိုင်ကာ ဝင်လာ၏။
“နင်ကျန်း... မင်းအတွက် သတင်းကောင်းတစ်ခု ငါယူလာခဲ့တယ်။ ငါတို့ မင်းရဲ့မိန်းမကို ဖမ်းမိသွားပြီ။ မကြာခင် မင်းဆီ ရောက်လာတော့မယ်” နင်ယီက ပြောလိုက်သည်။
နင်ကျန်းက ဘာမှ မကြားသကဲ့သို့ပင် ငြိမ်သက်နေ၏။
နင်ယီက လှောင်ပြောင်လိုက်ပြန်သည်။ “မင်းမကြားဘူးလား။ မင်းရဲ့မိန်းမကျိုးကို ငါတို့ဖမ်းမိခဲ့ပြီ။ သူ ဘယ်လောက် ကြောက်စရာကောင်းတဲ့ ကံကြမ္မာနဲ့ ကြုံရမလဲဆိုတာ မင်း ခန့်မှန်းနိုင်လား။ လူတစ်ထောင်လောက် က သူ့အပေါ်ကို တက်ခွပြီး နှိပ်စက်ကြမှာပဲ။”
နင်ကျန်း၏မျက်နှာက အနည်းငယ် လှုပ်ရှားသွားသော်လည်း စကားမဆိုချေ။ သူက ထိုစကားကြောင့် ဒေါသ ထွက်နေခြင်းဖြစ်ပြီး သူ၏မိန်းမ ဘေးကင်းမည်ဆိုသည်ကို သိရှိ၏။ သူက သူမကို အလွန်လုံခြုံသည့်နေရာ၌ ပုန်းအောင်းစေခဲ့သည် မဟုတ်ပါလား။
နင်ယီက ဆက်ပြော၏။ “နင်ကျန်း... အညံ့ခံလိုက်စမ်းပါ။ မင်းရဲ့ဇွဲသတ္တိက ဘာမှ အဓိပ္ပာယ်မရှိဘူး။ ရှမ့်လန်က သေသွားပြီ။ အင်အားကြီးမားတဲ့ ကျန်းလီတောင် သေသွားပြီ။ ရှမ့်လန်လို အားနည်းတဲ့လူက ဘာပြောစရာရှိမှာလဲ”
နင်ကျန်းက ဘာမှ မကြားသကဲ့သို့ပင် ရှိ၏။ နင်ယီက အကြီးအကျယ် စော်ကားခံလိုက်ရသလို ခံစားနေရ၏။ အဘယ်ကြောင့် ဤအရာကို လုပ်နေရသည်ဆိုသည်ကိုပင် သူ မသိတော့ချေ။ အမှန်စင်စစ် နင်ကျန်း အညံ့ခံခြင်း၊ အညံ့မခံခြင်းက အရေးမကြီးချေ။ ရှမ့်လန်က သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် အရာအားလုံးက အဓိပ္ပာယ် ကင်းမဲ့သွားခဲ့ပြီဖြစ်သည်။
သို့သော်ငြား ရွှဲ့ပြည်နယ်၏ဘုရင် နင်ရှောင်က အလွန် ရှေးရိုးစွဲကြီးသူပင်။ သူက ရှမ့်လန် မသေသေးဟု ယူဆသောကြောင့် ရှမ့်လန်၏လူယုံများကို အသက်ရှင်လျက် ထားရှိပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို မပြုလုပ်သေးပေ။
သို့သော်ငြား မကြာခင်ဖြစ်လာပေတော့မည်။ ယင်ယွမ်အဖွဲ့အစည်းက အမိန့်ပေးထားခဲ့ပြီး ဖြစ်၏။ ဤကိစ္စက မကြာခင် ပြီးဆုံးတော့မှာပင်။ နှစ်နှစ်ကြာသွားခဲ့ပြီ ဖြစ်သော်လည်း ရှမ့်လန်က မိစ္ဆာတြိဂံ ဒေသထဲမှ ထွက်မလာသေးသောကြောင့် ဘယ်တော့မှလည်း ထွက်လာနိုင်တော့မည် မဟုတ်ပေ။ မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ဝင်ရောက်သည့် မည်သူမဆိုက အစအနမကျန် ပျောက်သွားရစမြဲဖြစ်ရာ ရှမ့်လန်ကလည်း ခြွင်းချက် ဖြစ်လိမ့်မည် မထင်ပေ။
အမှန်စင်စစ် ယင်ယွမ်အဖွဲ့အစည်းအနေနှင့် ဆက်လက် တောင့်မခံနိုင်ခြင်းကြောင့်လည်း ဖြစ်၏။ စစ်သည်တစ်သိန်းခွဲရှိသည့် ရေတပ်ကြီးအတွက် နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်သည့် အရင်းအမြစ်များနှင့် ငွေကြေးများ သုံးစွဲကာ ပေးအပ်နေရ၏။ သို့သော်ငြား ဘာတစ်ခုမှ ပြန်မရခဲ့ချေ။ ယင်ယွမ်အဖွဲ့အစည်းက မည်မျှချမ်းသာစေကာမူ ဤကိစ္စကို ဆက်လက်ကာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
အရှေ့ဘက်ပင်လယ်ရှိ ရေတပ်အုပ်စုကို ဖျက်သိမ်းလိုပါက ယခုအပြတ်ရှင်းရမည့်ကိစ္စကို အရင်ဆုံး အဆုံးသတ်ရပေလိမ့်မည်။ ဤသို့ အဆုံးသတ်ရန် နင်ကျန်း။ ပျံ့ရှောင်း။ ကျန်းချုံးနှင့် အခြားသော ရှမ့်လန်၏ လူယုံ ခေါင်းဆောင်များအားလုံးကို ခေါင်းဖြတ်သတ်ရမည်။ ပြီးနောက် ဖမ်းဆီးထားသည့် လူအားလုံးကိုလည်း သတ်ပစ်ရပေမည်။ နောက်ဆုံး ရှမ့်လန်၏အမည်ကို သမိုင်းစာအုပ်ထဲမှ ပယ်ဖျက်ရမည်။ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ကြာပါက ဤလူသားက လောကပေါ်တွင် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ် သွားပေလိမ့်မည်။
နင်ယီ နင်ကျန်းအား အညံ့ခံစေလိုခြင်း အကြောင်းရင်းက တစ်ခုတည်းသာလျှင် ရှိ၏။ နင်ယီက မင်းသားကျင်း၏ ဖမ်းဆီးခြင်းကို ခံရစဉ်က ချက်ချင်း စိတ်ဓာတ်ပျက်ပြားပြီး အညံ့ခံခဲ့ဖူး၏။ သူ၏စိတ်ဓာတ်က တကယ်ကို အားနည်းလွန်းခဲ့၏။ နင်ကျန်း၏ ရဲစွမ်းသတ္တိက သူ၏ ထိုကဲ့သို့ အရှက်ရဖွယ် ကောင်းသည့် နေ့ရက်များကို အမြဲတမ်း ပြန်လည်ကာ သတိပေး ခြောက်လှန့်နေသကဲ့သို့ပင်။
“အခုထိ အညံ့မခံသေးဘူးလား။ ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။”
နင်ယီက လှောင်ပြောင်လိုက်သည်။ “မင်းရဲ့ဇွဲက အပိုပဲ။ မင်းရဲ့သတ္တိကလည်း ဘာမှအဓိပ္ပာယ် မရှိဘူး။ မကြာခင် အားလုံး ပြီးဆုံးတော့မယ်။ မင်းတို့အားလုံး သေကြရတော့မှာပဲ။”
ပြီးနောက် နင်ယီက ဆက်ပြော၏။ “မင်းကို ညီလေးတစ်ယောက်လို ဂရုမစိုက်ဘူးလို့တော့ မထင်နဲ့။ မင်းစားဖို့ ထမင်း ယူလာပေးတယ်။ အရသာ အရမ်းရှိတယ်နော်။”
ပြီးနောက် သူက အစားအသောက်များ၏ ခြင်းအဖုံးကို ဖွင့်၏။ အထဲတွင် ဝါးနှင့်ယက်ထားသည့် နောက်ထပ် အဖုံးတစ်ခု ရှိနေသေး၏။ ထိုအပေါက်မှတစ်ဆင့် အထဲတွင် မြွေများစွာ ရှိနေသည်ကို မြင်တွေ့ရ၏။ ဆယ်ကောင်ကျော်ခန့်ရှိပြီး တစ်ကောင်ချင်းစီက တစ်လက်မခန့် ထူထဲသည်။
“မြွေသားက အရသာရှိတယ် မဟုတ်လား”
နင်ယီက ရက်စက်စွာ ပြောလိုက်၏။ “မင်း ကိုယ်ဘာသာကိုယ် စားမလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို မင်းရဲ့လည်ချောင်းထဲ အတင်း ထိုးထည့်ခိုင်းရမလား။”
ပြီးနောက် ဖြစ်ပျက်သွားသည့်အရာက နင်ယီအား မင်သက်သွားစေသည်။
နင်ကျန်းက ဘာမှမပြောဘဲ အဖုံးကိုဖွင့်ပြီး အစားအသောက်ခြင်းထဲသို့ တိုက်ရိုက်ပင် လက်နှိုက်လိုက်၏။
“ရှူး... ရှူး...”
ချက်ချင်းပဲ မြွေဆယ်ကောင်ကျော်တို့က သူ၏လက်ကို ကိုက်ကြသော်လည်း သူက ဘာမှ မဖြစ်သကဲ့သို့ပင်။ သူက မြွေတစ်ကောင်ကို ဆွဲယူပြီး ပါးစပ်ထဲသို့ ထိုးထည့်၏။ သူက သွားဖြင့် ကိုက်ဖြတ်ကာ ဝါးစားလေတော့သည်။
တစ်ခဏအတွင်း ပါးစပ်တစ်ခုလုံးက သွေးများဖြင့် ပြည့်နှက်သွား၏။
နင်ယီက တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများပင်ထကာ အန်ပင် အန်ချင်သွားသည်။ “မင်း... သောက်ရူး... သောက်ရူးကောင်ပဲ။ မင်းလိုအရူးမျိုး သေလိုက်တာ ပိုကောင်းတယ်။”
မှန်ပေ၏။ နင်ကျန်းက အရူးမဟုတ်ပေ။ သူက ရဲစွမ်းသတ္တိ ပြည့်ဝသည့် နှလုံးသားရှိသူတစ်ယောက်ပင်။
.....
ရွှဲ့ပြည်နယ်၏ စစ်ရေးရာဌာန ဒုတိယအကြီးအကဲနှင့် ရေတပ်တပ်မှူးကြီး ဝူအန်းမြို့စား ရန်နန်းဖေး - သူက လက်ဖက်ရည်ကို သက်တောင့်သက်သာဖြင့် သောက်လို့နေ၏။ မကြာသေးခင်က သတင်းကောင်းများစွာ ရရှိခဲ့၏။ သူ့တွင် သားငါးဦး ရရှိခဲ့၏။ ငါးနှစ်မပြည့်မီ အချိန်အတွင်း ဤမျှ ရရှိနေခြင်းက အောင်မြင်ခြင်းပင်။
သူက ရွှမ်ဝူမြို့တော်ဝန် ကျူးဝမ်ဟွာနှင့် ပူးပေါင်းပြီးကာစဖြစ်ပြီး သူတို့က ပျော်ရွှင်စွာ စကားပြောနေကြ၏။ ကျူးဝမ်ဟွာက တကယ်ကို နှိမ့်ချတတ်သူပင်။ နုရှောင့်မြို့၏ ကုန်သွယ်ရေးမှ အစုရှယ်ယာအနည်းငယ် ရရှိရန် အဖိုးအခ မြောက်မြားစွာ လာရောက်ပေးခြင်းပင်။
နုရှောင့်မြို့ကို ထိန်းချုပ်ထားနိုင်သူက ရွှဲ့ပြည်နယ်၏ အရှေ့ဘက်ခြမ်းတစ်ခုလုံး၏ ကုန်သွယ်မှုကို ထိန်းချုပ် ထားနိုင်သူ ဖြစ်ပေမည်။ အထူးသဖြင့် တောင်ပိုင်းကျွန်းစုကို စေတီတောင်က လက်ဝါးကြီး အုပ်ထားပြီး အရှေ့တောင်ဘက် ပင်လယ်ရှိ နိုင်ငံပေါင်း ဒါဇင်နှင့်ချီက နုရှောင့်မြို့ရှိ ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
ရန်နန်းဖေးအနေနှင့် ကျူးဝမ်ဟွာကို သဘောတူခဲ့ရသည့် အကြောင်းရင်းက နှစ်ခုရှိ၏။ ပထမအချက်က ကျူးဝမ်ဟွာ၏နောက်ကွယ်တွင် ထန်ယွင်ရှိနေပြီး ထန်ယွင်၏ အနောက်ဘက်တွင် ကျူးကျွင်းရှိနေ၏။ ယခု ကျူးမိသားစုက ရွှဲ့ပြည်နယ်၏ ကောင်းကင်မှာ နေမင်းကြီးကဲ့သို့ တောက်ပနေပြီး အရာအားလုံးကို လွှမ်းမိုးထား၏။
ဒုတိယအချက်အနေဖြင့် ကျိုးကျောင်းရန်က တကယ်ကို လောဘကြီး၏။ သူမက မင်းသမီးနင်ဟန်နှင့် သူမ၏ဆက်ဆံရေးကို အသုံးပြုကာဖြင့် သူမ၏အလိုရမ္မက်က တစ်နေ့ထက်တစ်နေ့ ပိုမိုကာ ကြီးမားလာသည်။
သူမက နုရှောင့်မြို့၏ ကုန်သွယ်ရေးကို ပိုမိုသိမ်းပိုက်လိုလာသောကြောင့် ရန်နန်းဖေးက လောဘကြီးလာသည့် ကျိုးကျောင်းရန်ကို တားဆီးရန် ကျူးဝမ်ဟွာကို အသုံးချခဲ့ခြင်းပင်။ ဤနေရာတွင် ရန်နန်းဖေးက အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း လူတိုင်းကို သိစေချင်၏။ နုရှောင့်မြို့က သူ၏လက်ထဲတွင် ရှိနေသလို သူ့တွင် ရေတပ် စစ်သည်ပေါင်း တစ်သိန်းခွဲလည်း ရှိနေ၏။
“တပ်မှူး... အိပ်ကြရအောင်လေ” မယားငယ်တစ်ဦးက သူမ၏မျက်လုံးများနှင့် မြှူဆွယ်၏။ ပြီးနောက် ချွဲနွဲ့စွာ ဆိုသည်။
“မင်း အရင်သွားအိပ်နှင့်တော့။” ရန်နန်းဖေးက ပြော၏။
သူက တိတ်ဆိတ်စွာ လက်ဖက်ရည်သောက်ရင်း ထိုင်စောင့်နေ၏။ သူဘာကို စောင့်နေသနည်း။ တိတိကျကျ ပြောရမည်ဆိုပါက သူ ဘာကိုမှ စောင့်နေခြင်း မဟုတ်ပေ။ သို့သော်ငြား ဤနှစ်နှစ်အတွင်း နှစ်စဉ်နေ့တိုင်း သူက ည ၁၂ နာရီထိ ဤနေရာတွင် ထိုင်နေလေ့ရှိသည်။
ရှမ့်လန်က နာရီကို တီထွင်ထားခဲ့ပြီး ကောင်းကင်တာအိုအဖွဲ့အစည်းက ထိုအရာကို ရောင်းချခဲ့၏။ သို့သော်ငြား ထိုအရာက မှန်ထက်ပင် ပိုမိုအဖိုးတန်သည့် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်နေဆဲပင်။
“တပ်မှူး... စိတ်မပူပါနဲ့။ ရှမ့်လန်က သေသွားပါပြီ။ သူပြန်မလာနိုင်တော့ပါဘူး။ အိပ်ရာဝင်ပါတော့။ နေ့တိုင်း ၁၂ နာရီထိ စောင့်နေဖို့ မလိုပါဘူး။”
မယားငယ်က ချွဲနွဲ့စွာ ပြော၏။ “ကျွန်မ တပ်မှူးကို အရမ်းလွမ်းနေပြီ။ သွားအိပ်ကြရအောင်။”
“ထွက်သွားစမ်း။” ရန်နန်းဖေးက တည်ငြိမ်စွာ ပြောလိုက်၏။ သူ၏အသံက မကျယ်သော်လည်း ကျောရိုးမကြီးပင် စိမ့်တက်လာအောင် အေးစက်၏။ မယားငယ်က ကြောက်လွန်းသောကြောင့် သေးပင် ထွက်ကျလုနီးပါး ဖြစ်ခဲ့၏။ အမြန် ထွက်ပြေးသွားခဲ့သည်။