အခန်း (၉၁၇-၉၁၈)
Vol. 55 Ch. 917-918
အပိုင်း (၉၁၇)
ရန်နန်းဖေးက တွေ့သမျှလူတိုင်းကို ရှမ့်လန်အား အထင်မသေးရန် အမြဲပြောလေ့ရှိ၏။ သူက အံ့ဖွယ်ရာများကို ဖန်တီးခဲ့သူ ဖြစ်သည့်အပြင် မည်သည့်အခါမှ မပေါ့ဆကြရန် အမြဲသတိပေး၏။ တစ်နေ့နေ့တွင် ပြန်လာနိုင်သည် ဟုလည်း အမြဲပြောဆိုသည်။
ထိုမျှသာမကသေးချေ။ သူက နှစ်စဉ် ၁၂ နာရီတိတိ တိတ်ဆိတ်စွာ ထိုင်နေလေ့ရှိပြီး ကင်းလှည့်ရေတပ်၏ အစီရင်ခံစာကို စောင့်ဆိုင်းလေ့ရှိ၏။ ယခု လူတိုင်းက ရန်နန်းဖေး၏ ထင်မြင်ချက်ကို သိရှိထားကြ၏။ သူက ရှမ့်လန် ပြန်လာနိုင်သည်ဟု ယူဆထားခြင်းပင်။
အမှန်တကယ်တွင် ရန်နန်းဖေးက ရှမ့်လန် ပြန်လာမည်ဟု ယုံကြည်နေသည်လား။ မယုံကြည်ပေ။ ရှမ့်လန် ဖန်တီးခဲ့သည့် အံ့ဖွယ်ရာများက သူ့အား အကြီးအကျယ် တုန်လှုပ်စေခဲ့သည်မှာ အမှန်ပင်။ အထူးသဖြင့် ဆူနာမီလှိုင်း ကို အသုံးပြု၍ ရွှယ်မိသားစု၏ ရေတပ်ကြီးကို ဖျက်ဆီးခဲ့စဉ်ကပင်။
သို့သော်ငြား မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ဝင်ရောက်သည့်သူတိုင်းက သေဆုံးကြစမြဲပင်။ ရှမ့်လန်ကလည်း ခြွင်းချက် ဟုတ်လိမ့်မည် မထင်ပေ။ ရန်နန်းဖေးအနေနှင့် ဤကဲ့သို့ပြောဆိုရခြင်းက သူ၏အကျိုးစီးပွားနှင့် ဆက်စပ်နေခြင်းကြောင့်ပင်။
အကယ်၍ ရှမ့်လန်သာ သေဆုံးသွားခဲ့ပါက နုရှောင့်မြို့၏ စစ်သည်တစ်သိန်းခွဲကို ဖျက်သိမ်းရပေမည်။ အားလုံးကို တပြိုင်နက် ဖျက်သိမ်းမည် မဟုတ်သော်လည်း အသုတ်လိုက်ခွဲ၍ ဖျက်သိမ်းကြပေလိမ့်မည်။ သို့သော်လည်း ရန်နန်းဖေးအနေနှင့် ရရှိထားသည့် စစ်အင်အားကို မည်သို့ လက်လွှတ် လိုပါမည်နည်း။
ထို့ကြောင့်ပင် သူက ရှမ့်လန် သေချာပေါက် ပြန်လာလိမ့်မည်ဟူသည့် အချက်ကို အမြဲတမ်း ဖြန့်ဝေနေခြင်းပင်။ ရွှဲ့ပြည်နယ်ရေတပ်ကို မဖျက်သိမ်းစေရန် အတွက်ပင်။ အမှန်စင်စစ် သူ၏ရင်ထဲတွင်တော့ ရှမ့်လန် သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး အရိုးများပင် ပုပ်ဆွေးနေလောက်ပြီဟု ယူဆထားသည်။
“ဒေါင် ဒေါင်”
နာရီသံ ထွက်ပေါ်လာ၏။ ၁၂ နာရီထိုးပြီဖြစ်သောကြောင့် နောက်ဆုံးတွင် သူ အိပ်ရာဝင်နိုင်ပြီ။
“ရှမ့်လန် တီထွင်ခဲ့တဲ့နာရီက တကယ်ကို အံ့ဩစရာပဲ။ တိကျရုံတင်မက အသံပါပေးနိုင်သေးတယ်။ တကယ့်ကို ထက်မြက်တဲ့သူပဲ။ ဒီအတိုင်း သေသွားတာ နှမြောစရာကြီး။ သူသာ အရာအားလုံးကို လွှဲအပ် ပေးခဲ့မယ်ဆိုရင် ငါ ရန်နန်းဖေးက သူ့ကို မသေခင် အပိုင်းပိုင်း ခုတ်သတ်သေးတယ်။”
ရန်နန်းဖေးက ထိုင်ရာမှ ထပြီးနောက် မယားငယ်အခန်းဆီသို့ လျှောက်လှမ်းသွားလေသည်။
သို့သော်ငြား ထိုအချိန်မှာပဲ “ဒေါင် ဒေါင် ဒေါင်”
ပင်လယ်ပြင်ထက်ဆီမှ နားကွဲလုမတတ် အသံများ ထွက်ပေါ်လာခဲ့၏။ ထိုအသံက ရန်နန်းဖေး၏ ဘေးတစ်ဖက်တွင် ရှိနေသည့် နာရီသံနှင့်အတူတူ ထွက်ပေါ်လာခြင်းဖြစ်သဖြင့် သူက ရုတ်တရက် ခွဲခြားနိုင်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း နာရီသံ ပြီးဆုံးသွားခဲ့သော်လည်း ပင်လယ်ပြင်ထက်ရှိ ခေါင်းလောင်းသံက ဆက်လက် ထွက်ပေါ်နေဆဲပင်။
“တစ်ခုခု ဖြစ်ပြီလား။ ဘာတွေဖြစ်တာလဲ။”
ရန်နန်းဖေးက ဝရန်တာသို့ထွက်ပြီး အောက်သို့ ငေးကြည့်၏။ သင်္ဘောသုံးစင်းက ဆိုက်ကပ်လာခဲ့ပြီး ထိုအပေါ်မှ လူအများအပြားက ရဲတိုက်ဆီသို့ အပြေးအလွှား ပြေးလာသည်ကို မြင်တွေ့ရ၏။
“တစ်ခုခုဖြစ်ပြီ။ တကယ်ပဲ တစ်ခုခုဖြစ်ပြီပဲ။”
.............
ခဏကြာပြီးနောက် ရေတပ်ဗိုလ်တစ်ဦးက ရန်နန်းဖေး၏ ရှေ့တွင် ဒူးထောက်ပြီး တုန်ယင်နေသည့်အသံဖြင့် ပြောသည်။
“တပ်... တပ်... တပ်မှူး ရှမ့်လန် ပြန်လာပြီ။ ရှမ့်လန် ပြန်လာပါပြီ။ သူ ရေတပ်အုပ်စုနဲ့အတူ ပြန်လာပါပြီ။”
ထိုစကားကို ကြားချိန်မှာတော့ ရန်နန်းဖေးက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် မလှုပ်ရှားနိုင်အောင် ဖြစ်သွားသည်။ နတ်ဘုရားများက ဘာများ နောက်ပြောင်ခဲ့သနည်း။ သူ ရန်နန်းဖေးက ရှမ့်လန် မသေသေးဘူး။ ပြန်လာနိုင်သည်ဟု အမြဲတမ်း ပြောနေခြင်းက အကျိုးအမြတ်အတွက်ပဲ ဖြစ်သည်။ သို့ပေမည့် တကယ်တမ်း ဤကဲ့သို့ ဖြစ်ပွားလာခဲ့သည်လား။ ရှမ့်လန်က သေသွားသည်မှာ ကြာလှပြီ မဟုတ်ပါလား။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ရန်နန်းဖေးက ဒေါသတကြီးဖြင့် အော်လိုက်၏။ “ရှမ့်လန်က သေတာ ကြာနေပြီ။ ဘယ်လိုပြန်လာနိုင်မှာလဲ။ မင်းတို့ မျက်စိမှားတာပဲ ဖြစ်ရမယ်။”
ထိုရေတပ်ဗိုလ်က ပြောသည်။ “မဟုတ်ဘူး။ မဟုတ်ပါဘူး။ တပ်မှူး... ကျုပ်တို့ မျက်စိမှားတာ မဟုတ်ပါဘူး။ ဒါ အစစ်အမှန်ပါ။ ကျုပ်တို့ ဦးခေါင်းခွံဂိုဏ်းအလံအပြင် ကျန်း၊ ရှမ့်နဲ့ ကျင်းမျိုးနွယ်တို့ရဲ့ အလံတွေပါတဲ့ ရေတပ်အုပ်စုကြီး ကို တွေ့ခဲ့ရတာပါ။ ရှမ့်လန် သေချာပေါက် ပြန်လာပါပြီ။”
“မဟုတ်သေးဘူး။ မဟုတ်သေးဘူး။”
ရန်နန်းဖေးက ပြောလိုက်၏။ “ဒါ တခြားရေတပ်တစ်ခုခုပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် အနောက်လောကက ချောင်ယောင်းအာ ပြန်လာတာလည်း ဖြစ်ရမယ်။”
ယခင်က ရှမ့်လန် ပြန်လာတိုက်ခိုက်မည်ဟု အမြဲပြောခဲ့သည့် ရန်နန်းဖေးက ယခုအချိန်မှာတော့ ထိုအရာကို လုံးဝ ငြင်းဆိုနေလေသည်။
သို့သော်ငြား နောက်ရက် အနည်းငယ်အတွင်းမှာပဲ ရန်နန်းဖေးက ယုံကြည်ရန်မှတစ်ပါး အခြားမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ပြင်ထက်မှ ခေါင်းလောင်းသံများက အဆက်မပြတ် ထွက်ပေါ်လာခဲ့ သောကြောင့်ပင်။ ကင်းလှည့်ရေတပ်များက တစ်စင်းပြီးတစ်စင်း ဆိုက်ကပ်လာပြီး ရန်နန်းဖေးထံသို့ အသည်းအသန် သတင်းလာပို့၏။
“ရှမ့်လန် ပြန်လာပြီ။”
သတင်းများက တစ်နေ့ထက်တစ်နေ့ ပိုမို တိကျကာ အသေးစိတ်လာခဲ့၏။ နောက်ပိုင်းတွင်တော့ သူ၏ လက်အောက်ရှိ ရေတပ်သားများက ရှမ့်လန်၏မျက်နှာကိုပင် ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြသည်။ သူတို့က သုံးမိုင် မပြည့်သည့် အကွာအဝေးထိ နီးကပ်စွာ မြင်တွေ့ခဲ့ရခြင်းပင်။ သတင်းက အတည်ပြုပြီးဖြစ်၏။
ရှမ့်လန် တကယ်ပဲ ပြန်လာခဲ့လေပြီ။
ထိုမျှသာမကသေးချေ။ ရှမ့်လန်၏ ရေတပ်အင်အားကိုပါ သူတို့ သိရှိခဲ့ကြ၏။ သင်္ဘောပေါင်း ၁၀၀ ကျော်နှင့် လူပေါင်း ၂၀၀၀၀ ရှိသည်ဟု ဆို၏။ အဘယ်ကြောင့် ဤအရေအတွက် ဖြစ်နေရသနည်း။ ထိုအရာက ရှမ့်လန်၏ ရေတပ်က လူစုခွဲသွားသောကြောင့်သာဖြစ်၏။ သူ့တွင် သင်္ဘောပေါင်း ထောင်ကျော် ပါရှိသော်လည်း အများစုက ရိက္ခာတင် သင်္ဘောများသာဖြစ်ပြီး စစ်သင်္ဘောများ မဟုတ်ကြချေ။
တကယ့် ရေကြောင်းတိုက်ပွဲတွင် ထိုသင်္ဘောများက အသုံးမဝင်ရုံသာမက ဝန်ထုတ်ဝန်ပိုး ဖြစ်စေ၏။ ရန်သူ၏ လွယ်ကူသော သားကောင်များ ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ထိုသင်္ဘောများက သူ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအုတ်မြစ်များဖြစ်၏။ သူတို့၌ မိမိဘာသာ ကာကွယ်နိုင်စွမ်း မရှိသောကြောင့် ဘေးကင်းရန် ရေတပ်အုပ်စုတစ်ခုကို သီးသန့် ခွဲထားရခြင်းပင်။
ထို့ကြောင့် နုရှောင့်မြို့ဆီသို့ ဦးတည်လာသည့် စစ်သင်္ဘော ၁၀၀ နှင့် လူပေါင်း ၂၀၀၀၀ သာ ရှိနေခဲ့ခြင်းပင်။ သို့သော်ငြား ထိုသင်္ဘော ၁၀၀ ထဲမှ အများစုက အမြှောက်များ တပ်ဆင်ထားခဲ့ခြင်းဖြစ်ကာ ထိုအရာက အံ့ဩစရာ ကောင်းလှချေ၏။ အကယ်၍ အမြောက်ပေါင်း ၁၀၀၀ ကျော်ကို တပြိုင်နက်တည်း ပစ်ခဲ့မည်ဆိုပါက လောကကြီး တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ ထိုအရာက မည်မျှ ကြီးမားသည့် ဖျက်ဆီးအားမျိုးကို ပိုင်ဆိုင်မည်နည်း။
....................
ဤလောကကြီးတွင် လျှို့ဝှက်ချက်ဟူ၍ မရှိချေ။ ရန်နန်းဖေး တစ်ဦးတည်းသာ သိသည် မဟုတ်ဘဲ နုရှောင့်မြို့မှ လူအများအပြားတို့ကလည်း သိရှိကြ၏။
“ရှမ့်လန် ပြန်လာပြီ။”
“ကျန်လီရဲ့သား ပြန်လာခဲ့ပြီ။” လူအများအပြားတို့ သိရှိကြသည်က ရှမ့်လန်က သင်္ဘော အစီး ၁၀၀။ လူပေါင်း ၂၀၀၀၀ သာ ခေါ်ဆောင်လာသည်ဟူသည့် အချက်ပင်။ လူတိုင်းက မှင်သက်သွားခဲ့လေသည်။
ရှမ့်လန် ရူးသွပ်နေသည်လား။ လွန်ခဲ့သည့် နှစ်နှစ်က ဆိုပါက သင်္ဘော ၁၀၀ နှင့် လူ ၂၀၀၀၀ ဆိုသည်မှာ ကြီးမားသည့် အင်အားတစ်ခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော်ငြား ထိုအရာက ယခု မဟုတ်ချေ။ ရန်နန်းဖေးတွင် နုရှောင့်မြို့၏ ရေပြင်၌ သင်္ဘောပေါင်း တစ်သိန်းခွဲခန့် ရှိသည် မဟုတ်ပါလား။
“မင်းက လူနှစ်သောင်းနဲ့ တစ်သိန်းခွဲကို လာတိုက်တာလား။ လွန်ခဲ့တဲ့ နှစ်နှစ် ၊ သုံးနှစ် စစ်သည်ပေါင်း သိန်းနဲ့ချီပြီးတောင် ထွက်ပြေးခဲ့ကြရတယ်။ အခုပြန်လာရင် စစ်သည် တစ်သန်းလောက် ခေါ်လာရမှာလေ။ ဘာလို့ လူနှစ်သောင်းပဲ ခေါ်လာတာလဲ။ အသေခံဖို့ လာတာလား။”
.....................
ရန်နန်းဖေးသည် အစပိုင်းတွင် ထိတ်လန့်မှုနှင့် မယုံကြည်မှုများ ဖြစ်ပေါ်နေသော်လည်း ချက်ချင်းပဲ တိုက်ခိုက်လိုစိတ်များ အဖြစ် ပြောင်းလဲသွားခဲ့၏။
“ရှမ့်လန်က ရူးနေပြီ။ သူက တကယ်ပဲ လူနှစ်သောင်းပဲ ခေါ်လာတာလား။ သူက နုရှောင့်မြို့ကို အရင်လို ထင်နေတာလား။ အရင် ရှမ့်လန်က အံ့ဖွယ်ရာတွေကို ဖန်တီးခဲ့တာ မှန်တယ်။ ဒါပေမဲ့ မင်းရေတပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကတော့ စိုးရိမ်စရာပဲ။ မင်းက ဆူနာမီလှိုင်းကို အသုံးချပြီးတော့မှ ရွှယ်မိသားစုရဲ့ အဓိကတပ်ဖွဲ့ကို ဖျက်ဆီးနိုင်ခဲ့တာ။ ဒါပေမဲ့ အခုနောက်ထပ် ဆူနာမီလှိုင်း တစ်ခု ထပ်ရောက်လာလိမ့်မယ်လို့ ထင်နေတာလား။”
ထိုအရာက လုံးဝမဖြစ်နိုင်ချေ။ ဆူနာမီလှိုင်းက စေတီတောင်၏ ရှေးဟောင်းပစ္စည်းများကို ရှာဖွေ ဖော်ထုတ်ခြင်း နှင့်သာ သက်ဆိုင်ကြောင်း ရန်နန်းဖေး သိရှိထား၏။ ထိုအရာက ကျင်းမူလန် သို့မဟုတ် ရှမ့်လန်တို့နှင့် ဘာမှမပတ်သက်ချေ။
ရှမ့်လန်က ရွှယ်မိသားစုရဲ့ ရေတပ်ကို ဖျက်ဆီးခဲ့သည်ဟု ဆိုမည့်အစား စေတီတောင်က ဖျက်ဆီးခဲ့သည်ဟု ပြောလျှင် ပို၍မှန်ကန်ပေလိမ့်မည်။ ဆယ်စုနှစ်ရှိသည့် လေ့ကျင့်မှုများ မပြုလုပ်ဘဲ အစွမ်းထက်သည့် ရေတပ်တစ်ခု ကို တည်ဆောက်ရန်မှာ မဖြစ်နိုင်ချေ။
“မင်းရဲ့ နိဗ္ဗာနတပ်ဖွဲ့က တကယ်ကို အစွမ်းထက်တယ်ဆိုတာ မှန်ပေမယ့် အဲဒါက ကုန်းပေါ်မှာ၊ ပင်လယ်ပြင် ပေါ်မှာတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။”
သတင်းများ ပိုမိုရှင်းလင်းလာခဲ့၏။ ရှမ့်လန်၏ ရေတပ်က နုရှောင့်မြို့နှင့် ပို၍ ပို၍ နီးကပ်လာခဲ့၏။
မိုင်ပေါင်း ၃၀၀၀... မိုင်ပေါင်း ၂၀၀၀...
သင်္ဘောတစ်ရာနှင့် လူပေါင်းနှစ်သောင်းသာရှိသည်။
မြို့တော်မှ အမိန့်စာကို ထုတ်ရန် အချိန်မရှိတော့ပေ။ ရန်နန်းဖေးက အမိန့်ပေးလိုက်၏။ ရွှဲ့ပြည်နယ်၏ စစ်သည်တစ်သိန်းခွဲရှိသော ရေတပ်စုစည်းကြရန်နှင့် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြရန်ပင်။
သူတို့က ရှမ့်လန်ရဲ့ ရေတပ်ကို အမြစ်ဖြတ် သုတ်သင်ကြတော့မည်။
..................
ရန်သူကို မဟာဗျူဟာမြောက်စွာ အထင်သေးရမည် ဖြစ်သော်လည်း နည်းဗျူဟာပိုင်းတွင်တော့ အလေးထားရ ပေလိမ့်မည်။ ဤစကားက လောကတွင် မမွေးဖွားသေးသော်လည်း ရန်နန်းဖေးက ထိုကဲ့သို့ ကျင့်သုံးသည်။ နောက်ဆုံးမှာတော့ သူက လွန်ခဲ့သည့် နှစ်နှစ်ကျော်က ရှမ့်လန်နှင့် တိုက်ခိုက်ခဲ့ဖူးပြီး အဖြေရှာမရနိုင်သည့် နည်းလမ်းမျိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် သူက ယခုတစ်ကြိမ်မှာတော့ အလွန်ပင် သတိကြီးစွာ ထား၏။ ဝိုင်းရံချေမှုန်းခြင်းက အစွမ်းထက်ဆုံးသော မဟာဗျူဟာတစ်ခုဖြစ်၏။
ထို့အပြင် သူ၏ရေတပ်အင်အားမှာ ရှမ့်လန်ထက် ၈ ဆ၊ သင်္ဘောအရေအတွက်မှာ ၁၀ ဆကျော် ရှိသောကြောင့် အပြတ်အသတ် ဝိုင်းရံချေမှုန်းနိုင်ပေလိမ့်မည်။
လူပေါင်းတစ်သိန်းခွဲရှိသော ဧရာမ ရေတပ်အုပ်စုကြီး စုစည်းရန အချိန်အတန်ကြာ လိုအပ်ပေမည်။ နုရှောင့်မြို့၏ ဆိပ်ကမ်းများပင် ဤမျှများပြားသည့် စစ်သင်္ဘောများကို တပြိုင်နက်တည်း မဆန့်နိုင်ပေ။ ထို့ကြောင့် မိုင်တစ်ထောင် ပတ်လည်ရှိ ဆိပ်ကမ်းအားလုံးကို အသုံးပြုခဲ့၏။ ဤတိုက်ပွဲတွင် အာရုံစိုက်နိုင်ရန် နုရှောင့်မြို့၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအားလုံးကို ရပ်တန့်စေခဲ့သည်။ ကုန်သည်သင်္ဘောအားလုံးကို မြောက်ဘက် ဆိပ်ကမ်းဆီသို့ ဆုတ်ခွာစေခဲ့၏။
ဤအတောအတွင်း ရန်နန်းဖေးက သတင်းများကို ပိတ်ဆို့ထားသော်လည်း သတင်းများမှာ အတောင်ပံ ပေါက်နေသည့်အလား ပျံထွက်သွား၏။ နုရှောင့်မြို့နှင့် နုကျန့်စီရင်စုတို့ဆီသို့ သတင်းများ ရောက်ရှိသွားခဲ့သည်။
...............
ကျူးဝမ်ဟွာက အားရကျေနပ်စွာဖြင့် ရွှမ်ဝူမြို့သို့ ပြန်လာ၏။ ယခုတစ်ကြိမ် ရန်နန်းဖေးနှင့် ဆွေးနွေးမှုမှာ အကြီးအကျယ် အောင်မြင်ခဲ့၏။ ယခုမှစတင်၍ သူသည် နုရှောင့်မြို့၏ ရေကြောင်းကုန်သွယ်မှုတွင် အစုရှယ်ယာကို ရရှိပေတော့မည်။
ကျိုးကျောင်းရန်၏ အပြုအမူများက လွန်လွန်းလှသောကြောင့် ရန်နန်းဖေးက စိတ်ပျက်ခဲ့ပြီး ကျူးဝမ်ဟွာကို အားပေးကူညီခြင်းဖြင့် ဖိအားပေးခဲ့သည်။ ဆွေးနွေးမှုများ ပြီးဆုံးသွားပြီဖြစ်သောကြောင့် နောက်တစ်ဆင့်မှာ ရှစ်ချင်းချင်းကို ကိုင်တွယ်ရန်သာ ကျန်တော့သည်။ ဤသည်က ပိုးထည်လုပ်ငန်းကို အချိန်တိုအတွင်း အခြေခံမှ စတင်၍ တည်ဆောက်ရန်နှင့် အကျိုးအမြတ်အရှိဆုံး စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ရန်ပင်။
ရှစ်ချင်းချင်းက လက်တွေ့ဆန်ပြီး ထက်မြက်သည့် အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် ကျူးဝမ်ဟွာအနေဖြင့် သူမ သဘောမတူမည်ကို စိုးရိမ်စရာမလိုပေ။ အစပိုင်းတွင် နာကျင်ရမှာ ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ သူမအနေဖြင့် အလျှော့ပေးရန်သာ ရှိ၏။ သူမ၏မိသားစုကို ကာကွယ်ရန် ကျိုးကျောင်းရန်ထံ ခိုလှုံနိုင်လျှင် အဘယ်ကြောင့် သူထံ၌ မခိုလှုံနိုင်ရမည်နည်း။
မှန်ပေ၏။ ကျိုးကျောင်းရန်ထံတွင် ခိုလှုံစဉ်က သူမအနေနှင့် အတူအိပ်စရာ မလိုသော်လည်း ကျူးဝမ်ဟွာ ထံတွင် နေရပါက အတူအိပ်ရမှာဖြစ်၏။ သို့သော်ငြား အသက်အန္တရာယ်ကိုတော့ စိုးရိမ်စရာ မလိုပေ။
“တစ်ယောက်လောက် ရှစ်ချင်းချင်းကို ဒီကိုခေါ်ခဲ့စမ်း။”
မြို့တော်ဝန်အိမ်ရာသို့ပြန်ရောက်ပြီး မကြာခင်မှာပဲ ကျူးဝမ်ဟွာက အမိန့်ပေးလိုက်၏။ သို့သော်ငြား မကြာခင်မှာပဲ သူက စိတ်ကို ပြောင်းလဲလိုက်၏။ “မဟုတ်ဘူး။ ငါကိုယ်တိုင် ရှစ်မိသားစုဆီကို သွားမယ်။ ရှစ်မိသားစုရဲ့ အကြီးအကဲဆီမှာ ရှစ်ချင်းချင်းနဲ့ လက်ထပ်ခွင့် တောင်းရမယ်။”
ပြီးနောက် ကျူးဝမ်ဟွာက လူပေါင်းရာနှင့်ချီကို ဦးဆောင်၍ ရှစ်မိသားစုဆီသို့ သွားခဲ့၏။ အကယ်၍ လက်ထပ်ခွင့်တောင်းခြင်း မအောင်မြင်ပါက မိသားစုပိုင်ပစ္စည်းအားလုံးကို သိမ်းပိုက်ရပေမည်။ နောက်ဆုံးတော့ ပြစ်မှုဆိုသည်က ကြုံသလို တပ်၍ ရသည် မဟုတ်ပါလား။
'ရှမ့်လန်... မင်းရဲ့ကျေးဇူးက အရမ်းကို ကြီးလွန်းတယ်။ သေသွားတာတောင် အသုံးချလို့ ရနေတုန်းပဲ။'
ရှစ်မိသားစု၏ စံအိမ်ကြီးမှာ မီးလောင်သွားခဲ့ပြီဖြစ်ပြီး ရှစ်ချင်းချင်းက ကျိုးကျောင်းရန်ထံတွင် အလုပ် လုပ်နေသော်လည်း ထိုစံအိမ်ကြီးမျိုး၌ ပြန်လည်နေထိုင်ရန် မတတ်နိုင်တော့ချေ။ မိသားစုသည် နှစ်ဧကခွဲခန့် ရှိသည့် ဝန်းခြံတစ်ခုတွင် နေထိုင်နေ၏။ ထိုအရာက အိမ်ကြီးတစ်လုံးဟု ဆိုနိုင်သော်လည်း ရှစ်မိသားစု၏ နဂိုစံအိမ်ကြီး နှင့် နှိုင်းယှဉ်ပါက တကယ့်ကို နုံချာ စုတ်ပြတ်လွန်းသည်။
ရှစ်မိသားစုဝင်းအတွင်းသို့ ရောက်ရှိချိန်မှာတော့ ကျူးဝမ်ဟွာက ရှစ်မိသားစု၏ အကြီးအကဲကို နှုတ်ဆက်၏။
“ရှစ်မိသားစုအဘွား.. ကျုပ် ရှစ်ချင်းချင်းကို မယားငယ်အဖြစ် လက်ထပ်ချင်တယ်။ ကျုပ်ရဲ့ဆန္ဒကို ဖြည့်ဆည်း ပေးပါ။”
ဤလောကကြီးက တကယ်ကို ပျက်စီးနေ၏။ ယခင်ကသာဆိုရင် ဤကဲ့သို့သော လက်ထပ်ခွင့် တောင်းခြင်းမျိုးက မင်းမျိုးမင်းနွယ်များ၌သာ ဖြစ်ပေါ်လေ့ရှိတတ်သည့် အရာပေ။ ထို့အပြင် မယားငယ်အဖြစ် သိမ်းပိုက်မည် ဆိုလျှင်တောင်မှ ကျင့်ဝတ်စည်းကမ်းများအတိုင်း လုပ်ဆောင်ရမည်။ အနည်းဆုံး အောင်သွယ်တော် ငှားရမည်။ မည်သူက အိမ်တံခါးဝသို့ အတင်းဝင်လာပြီး လက်ထပ်ခွင့် တောင်းမည်နည်း။
သို့သော်ငြား နင်ရှောင်နန်းတက်ပြီးတည်းက ရွှဲ့ပြည်နယ်၏ အခြေအနေမှာ ပြောင်းလဲသွားခဲ့ပုံပင်။
ရှစ်မိသားစု၏ အဘွားမှာ ဝမ်းနည်းခြင်း၊ ဒေါသတရားတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ဤလောကကြီးတွင် တရားမျှတမှု မရှိတော့ချေ။ ရှစ်မိသားစုမှာ ဤအခြေအနေသို့ ရောက်အောင် အတင်းအဓမ္မ ပို့ဆောင်ခံခဲ့ရပြီး ပိုင်ဆိုင်မှုအားလုံးလည်း သိမ်းပိုက်ခံခဲ့ရသည်။ ထိုသို့ဆိုလျှင်တောင် သူတို့ကို လွှတ်မပေးသည့် လူများ ရှိနေဆဲပင်။ ဤသည်က သူတို့ကို သေတွင်းထဲသို့ အတင်းအကျပ် တွန်းပို့နေခြင်းပင် ဖြစ်သည်။
အဘွားရှစ်က ရှစ်ချင်းချင်းကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် နံရံနှင့်ခေါင်းကို တိုက်ကာ သေချင်စိတ် ပေါက်ခဲ့သော်လည်း အသက် (၁၂) နှစ်သာရှိသေးသော သူမ၏ မြေးလေးအကြောင်း တွေးမိချိန်မှာတော့ ထိုအတွေးကို ချက်ချင်း လက်လျှော့ခဲ့ရသည်။
သူမကဲ့သို့ အသက်ကြီးသူတို့ သေဆုံးသွားခြင်းက ကိစ္စမရှိသော်လည်း အကယ်၍ သူမ၏ မြေးလေးသာ သေဆုံးသွားပါက ရှစ်မိသားစု၏ မျိုးဆက်က ပြတ်တောက်သွားပေလိမ့်မည်။
..................
အပိုင်း (၉၁၈)
ထိုအချိန်မှာတော့ ရှစ်ချင်းချင်းက မှန်ရှေ့တွင် ထိုင်နေခဲ့ပြီး ကျူးဝမ်ဟွာ ရောက်လာကာ အိမ်ထဲသို့ အတင်းဝင်ပြီး လက်ထပ်ရန် ခြိမ်းခြောက်နေခြင်းများကို သူမ ကြားသိနေ၏။ နောက်ဆုံးတွင် ရှစ်မိသားစုမှာ အရှိန်အဝါ သေးငယ်သွားခဲ့ပြီဖြစ်၏။ ဤမျှ ကြီးမားသည့် ဆူညံသံကို သူတို့ သေချာပေါက် ကြားခဲ့ရသည်။
နုရှောင့်မြို့ရှိ ကျူးဝမ်ဟွာ၏ ဆွေးနွေးမှုက အလွန်အောင်မြင်ခဲ့ပြီး သူက ရန်နန်းဖေး၏ ထောက်ခံမှုကို ရရှိထားပြီး ဖြစ်သောကြောင့် ပို၍ ကျေနပ်အားရနေသည်။ သူမ ... ရှစ်ချင်းချင်း အနေဖြင့် တစ်ဖက်လူကို ငြင်းဆန်နိုင်ပါမည်လား။ မိသားစု၏ အသက်ဘေးကို လုံးဝ လျစ်လျူရှုလိုက်လျှင်တော့ ဖြစ်နိုင်၏။ သို့သော်ငြား သူမ တကယ်ပင် ထိုသို့ မလုပ်ဆောင်နိုင်ပေ။
ရှစ်မိသားစုမှာ ယခုအခါ လူအနည်းငယ်သာ ကျန်တော့ပြီး သူမက အဓိက မှီခိုရာ ဖြစ်နေခဲ့သည်။ ကျူးဝမ်ဟွာ ဆိုသည့် ထိုလူယုတ်မာက သူမသာ သဘောမတူပါက ရှစ်မိသားစု တစ်ခုလုံးကို တကယ်ပဲ သတ်ဖြတ် ပစ်ပေလိမ့်မည်။
ရှစ်ချင်းချင်းက ထက်မြသည့် ဓားမြှောင်တစ်စင်းကို ကောက်ယူပြီး မှန်ထဲမှ သူမ၏ မျက်နှာကို ငေးကြည့်လိုက်၏။ သူမက လန်းဆန်းနေသည့် ပန်းတစ်ပွင့်ကဲ့သို့ လှပ၏။ နှမြောစရာကောင်းသည်မှာ မကြာခင် ဖျက်ဆီးခံရတော့မည်။ အလှကိုသာမက သူမ၏ မျက်နှာကိုပါ ဖျက်ဆီးရပေမည်။ ထိုမှသာ ကျူးဝမ်ဟွာဆိုသည့် လူယုတ်မာက စားသောက်ချင်စိတ် ကုန်သွားပေလိမ့်မည်။
သူမက ဓားမြှောင်ကို မျက်နှာပေါ်သို့ ဂရုစိုက်တင်၏။ အေးစက်စက် ခံစားချက်က တကယ်ကို ကြောက်စရာ ကောင်းနေသည်။ ခဏကြာလျှင်တော့ တကယ်ပင် နာကျင်ပေလိမ့်မည်။ ရှစ်ချင်းချင်း၏ ဓားမြှောင်က မျက်နှာပေါ်သို့ အသာဝှေ့ယမ်းသွားပြီး ချက်ချင်းပင် ဒဏ်ရာသေးသေးလေး တစ်ခု ပေါ်လာကာ သွေးများ ပန်းထွက်လာ၏။
တကယ်တော့ မနာကျင်ဘဲ ပူလောင်သည့် ခံစားချက်တစ်ခုကိုသာ ခံစားရသည်။ သို့သော်ငြား ဤမျှ သေးငယ်သည့် ဒဏ်ရာက မလုံလောက်ပေ။ အကယ်၍ မျက်နှာကို လုံးဝ ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ချင်ပါက အသားနှင့် အရေပြားကို ခွဲထုတ်ရမှာဖြစ်ပြီး အရိုးကို မြင်ရသည်အထိ လုပ်ဆောင်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမအနေဖြင့် ကြီးမားသည့် သတ္တိကို လိုအပ်ပေလိမ့်မည်။
“ဘန်း”
ထိုအချိန်မှာပဲ တံခါးပွင့်သွား၏။ လူငယ်တစ်ဦးက ပြေးဝင်လာပြီး သူမ၏ လက်ထဲမှ ဓားမြှောင်ကို လုယူ၏။ “အစ်မ ဘာလုပ်တာလဲ။ ဘာလုပ်နေတာလဲ။ ဒီလိုမလုပ်ပါနဲ့။ အလွန်ဆုံး ကျုပ်တို့ အတူတူ သေကြတာပေါ့။ အလွန်ဆုံးရှိလှ မိသားစု တစ်ခုလုံး သေရုံပဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး အနှိမ်ခံပြီး အသုံးမကျတဲ့လူတွေလို နေနေရတာ အသက်ရှူကျပ်လွန်းတယ်။ အစ်မ.... ကျုပ်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး အနစ်နာခံတာမျိုးကို ကျုပ် မလိုချင်ဘူး”
သူက ရှစ်ချင်းချင်း၏ မောင်ဖြစ်သူ ရှစ်ယွမ်ပင် ဖြစ်သည်။ သူက ချမ်းသာသည့် မိသားစု၌ မွေးဖွားခဲ့သော်လည်း ငယ်စဉ်တည်းက ကောင်းမွန်သည့်ဘဝမျိုး၌ မနေထိုင်ခဲ့ရချေ။ ဘာမှနားမလည်ခင်မှာပဲ ရှစ်မိသားစုက ပျက်စီးသွားခဲ့ရ၏။ အသိတရား အနည်းငယ် ရလာသည့်အချိန်တွင် အမြဲတမ်း ကြောက်ရွံ့မှုများနှင့်သာ ရှင်သန်ခဲ့ရသည်။ ရှစ်မိသားစု၏ တစ်ဦးတည်းသော အမျိုးသားတစ်ဦးအနေဖြင့် သူက သူ့အစ်မကို ကာကွယ်ပေးချင်သော်လည်း တကယ်ပင် အားနည်းလွန်းခဲ့သည်။
“အစ်မ... အစ်မသာ မျက်နှာကို ထပ်ပြီး လှီးမယ်ဆိုရင် ကျုပ် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ ထိုးသတ်လိုက်မယ်။” ရှစ်ယွမ်က ဓားမြှောင်ကို သူ့လည်ပင်းဆီသို့ ချိန်ရွယ်ကာ အော်ဟစ်၏။
ရှစ်ချင်းချင်းက သူမ၏ မောင်လေးကိုကြည့်ရင်း ရင်ထဲတွင် ဝမ်းနည်းမှုများ ခံစားလိုက်ရသည်။ အကယ်၍ သူမ၏ မောင်လေးက လူယုတ်မာတစ်ဦးသာ ဖြစ်နေပါက ပိုကောင်းပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမအနေဖြင့် ဤသို့ အနစ်နာခံမှုများကို ပြုလုပ်ရန် မလိုအပ်တော့ချေ။
သို့ပေမည့် ဤမောင်လေးက တကယ်ကို သိတတ်နားလည်ပြီး အလားအလာရှိသည့် ပါရမီရှင်တစ်ဦး ဖြစ်နေ၏။ သို့သော်ငြား ဤမှောင်မိုက်သည့် လောကကြီးထဲတွင် အလားအလာရှိသူ တစ်ဦးဖြစ်နေသော်လည်း ဘာတတ်နိုင်မည်နည်း။ ထင်ပေါ်လာနိုင်ရန် မည်မျှညှဉ်းပန်းနှိပ်စက်မှုများနှင့် အရှက်ရမှုများကို သည်းခံ ရဦးမည်နည်း။ ဤအခြေအနေသို့ ရောက်ချိန်မှာတော့ သူ၏လူသားဆန်မှု အားလုံးကလည်း လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ကျူးဝမ်ဟွာကိုကြည့်၊ တစ်ချိန်က မည်မျှဂုဏ်ယူရလောက်သည့် ပါရမီရှင် တစ်ဦးဖြစ်ခဲ့သနည်း။ ယခုအချိန် ထင်ပေါ်လာချိန်မှာတော့ တကယ်ကို တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ဆင်းရဲဒုက္ခအချို့ကို သူ၏အစ်မဖြစ်သူ သူမကသာ ခံစားလိုက်ရတာ ပိုကောင်း၏။
ရှစ်မိသားစု၏ အိမ်လေးက တကယ်ကို သေးငယ်လွန်းသောကြောင့် ကျူးဝမ်ဟွာက ဆူညံသံများကို ကြားရှိ၏။ ချက်ချင်းပဲ ရောက်ရှိလာခဲ့သည်။ ရှစ်ချင်းချင်း၏ မျက်နှာပေါ်ရှိ ဒဏ်ရာနှင့် သွေးများကို မြင်ချိန်မှာတော့ သူက ရုတ်တရက် ဒေါသထွက်သွားသည်။
“ရှစ်ချင်းချင်း... ဒါဘာကို ဆိုလိုတာလဲ ငါ့ရဲ့မယားငယ်လုပ်မယ့်အစား ကိုယ့်မျက်နှာကိုယ် ဖျက်ဆီးပစ်မယ်ပေါ့။ ငါ ကျူးဝမ်ဟွာက ရွှဲ့ပြည်နယ်ရဲ့ သိက္ခာရှိတဲ့ ပညာရှိတစ်ယောက် ဖြစ်သလို လန်ရှန်မြို့စားလေးအိမ်တော်ရဲ့ သားလည်း ဖြစ်တယ်။ ငါက မင်းနဲ့ မတန်ဘူးလား။”
“ရှစ်ချင်းချင်း... မင်းဒီလိုလုပ်လိုက်ရုံနဲ့ ငါ့ကို တားလို့ရမယ် ထင်နေတာလား”
ကျူးဝမ်ဟွာက လှောင်ပြောင်လိုက်၏။ “ငါ လိုချင်တာ မင်းကိုပဲ။ ပြီးတော့ ရှမ့်လန်ရဲ့မိန်းမဆိုတဲ့ မင်းရဲ့ အထောက်အထားကိုပဲ။ မင်းရဲ့မျက်နှာ ပျက်စီးသွားရုံတင်မကဘူး မင်းရဲ့ အဲဒီနေရာကို ဖျက်ဆီးလိုက်မယ် ဆိုရင်တောင် ငါမင်းကို မယားငယ်အဖြစ် လက်ထပ်မှာပဲ။ ပြီးတော့ မင်းနဲ့ အကြိမ်ပေါင်းများစွာ အတူတူ အိပ်အုံးမယ်။ မင်းမှာ အခြေအနေရှိရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်စမ်းပါ။ မင်းရဲ့ တစ်မိသားစုလုံးနဲ့အတူ သေသွားလို့ရတာပေါ့။”
ရှစ်ချင်းချင်းက တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူမက ဤမျှအထိ အားကိုးရာမဲ့သော ခံစားချက်မျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။ ထိုစဉ်က ရှစ်ကွမ်းယွမ် သေဆုံးခဲ့ပြီး ရှစ်မိသားစုက ပျက်စီးလုနီးပါး ဖြစ်ခဲ့၏။ စံအိမ်ကြီးက မီးလောင်ခဲ့သော်လည်း ရှစ်ချင်းချင်းက ပိုမိုသန်မာလာသေးသည်ဟု ခံစားခဲ့ရသည်။
သို့သော်လည်း ထိုသန်မာမှု အားလုံးက ယခုမရှိတော့ချေ။ အဆုံးမရှိသည့် အားနည်းမှုများသာ ကျန်ရှိတော့၏။ အကြောင်းရင်းက သူမ၌ အားနည်းချက်များ ရှိနေသောကြောင့်ပင်။ သူမတွင် စည်းကမ်းချက်များ ရှိနေသောကြောင့်ပင်။ သူမသည် လုံးဝ အရှက်မဲ့သူ မဖြစ်နိုင်သောကြောင့်ပင်။
ကျူးဝမ်ဟွာက လှောင်ပြောင်လိုက်၏။ “ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ငါ မင်းကို မေးမယ်။ ငါ့ဆီမှာ မယားငယ် တစ်ယောက်အဖြစ် လက်ထပ်ဖို့ သဘောတူလား။ မတူဘူးလား”
“မတူဘူး။”
ရှစ်ချင်းချင်း မပြောခင်မှာဘဲ ရှစ်ယွမ်က ဝင်ရောက်ကာ အော်ဟစ်သည်။ “အဆိုးဆုံး ကျုပ်တို့ကို သတ်လိုက်လေ။ ခင်ဗျား ကျုပ်တို့ကို သတ်လို့ရတယ်။ ကျုပ် သေရမှာ မကြောက်ဘူး။”
ကျူးဝမ်ဟွာက လှောင်ပြောင်လိုက်၏။ “ညီလေး... မင်းဘာမှ နားမလည်သေးဘူး။ ဒီလောကကြီးထဲမှာ သေတာထက် ပိုပြီး ကြောက်စရာကောင်းတဲ့ အရာတွေ ရှိနေသေးတယ်။”
ပြီးနောက် သူက ဓားတစ်စင်းကို ဆွဲထုတ်၍ ရှစ်ယွမ်၏ မျက်ခွံပေါ်သို့ တင်၏။ “ရှစ်ချင်းချင်း.... ငါ အားနည်းနည်း လောက်စိုက်လိုက်ရုံနဲ့ မင်းရဲ့မောင်လေးက မျက်စိတစ်ဖက် ကွယ်သွားလိမ့်မယ်။ ပြောစမ်း.. သဘောတူလား။ သဘောမတူဘူးလား”
ရှစ်ယွမ်သည် တကယ့်ကို ကြောက်လန့်နေခဲ့သည်။ တစ်ကိုယ်လုံး တုန်ယင်နေ၏။ သို့သော်ငြား သူက မလှုပ်မယှက် ရှိနေဆဲဖြစ်သလို နောက်သို့ တစ်လှမ်းမျှလည်း မဆုတ်ခဲ့ချေ။ ပြီးနောက် ဓားဦးဖျားက သူ၏ မျက်ခွံကို လှီးဖြတ်သွား၏။ သွေးများ စီးကျလာ၏။ သူ၏ အမြင်အာရုံက ဝေဝါးသွားသည်။
ကျူးဝမ်ဟွာက ခြိမ်းခြောက်လိုက်၏။ “ရှစ်ချင်းချင်း... ငါးကနေ နောက်ပြန်ရေတွက်မယ်။ ငါး၊ လေး၊ သုံး...”
ထိုအချိန်မှာပဲ လူရိပ်တစ်ခု ပြေးဝင်လာကာ ကျူးဝမ်ဟွာ၏ နားနားသို့ တီးတိုးလေး ကပ်ပြော၏။ “နောက်ဆုံးရ သတင်းပါ။ နုရှောင့်မြို့ကနေ ရောက်လာတာ။ ရှမ့်လန် ပြန်လာတိုက်ပြီ။”
ထိုစကားကြောင့် ကျူးဝမ်ဟွာက တုန်ယင်သွား၏။ ဓားဦးဖျားက ရှစ်ယွမ်၏ နဖူးပေါ်တွင် ရှည်လျားသည့် ဒဏ်ရာတစ်ခုအဖြစ် လှီးဖြတ်မိ၏။ သွေးများက ပန်းထွက်လာသည်။
“ဘာ.... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ကျူးဝမ်ဟွာက စူးရှရှ အသံဖြင့် အော်၏။ “ဒါ ကောလာဟလလား။ အရင်တစ်ခေါက်တုန်းကလို ဖြစ်သေးတာလား။”
ယခင်နှစ်နှစ်အတွင်း ရှမ့်လန် ပြန်လာသည်ဟူသော သတင်းမှာ တစ်ကြိမ်၊ နှစ်ကြိမ်မက ရှိခဲ့သော်လည်း အကြိမ်တိုင်းက ကောလာဟလများသာ အဖြစ်နှင့်သာ ပြီးဆုံးသွားသည်။ရွှဲ့ပြည်နယ်က ဤအတွက်ကြောင့် လူပေါင်းရာနှင့်ချီ သတ်ဖြတ်ခဲ့ဖူး၏။ ထိုအခါမှသာလျှင် ရှမ့်လန် ပြန်လာသည်ဆိုသည့် ကောလဟလများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ခြင်းပင်။
“ဒါ ကောလာဟလ မဟုတ်ဘူး။ တပ်မှူး ရန်နန်းဖေးဆီကနေ လာတဲ့ သတင်းပါပဲ” လူယုံတော်က ဆိုသည်။
ကျူးဝမ်ဟွာ၏ ခန္ဓာကိုယ် တစ်ကိုယ်လုံး တောင့်တင်းပြီး တုန်ယင်သွား၏။ သူ၏နားကိုပင် သူ မယုံကြည်နိုင်အောင် ဖြစ်နေ၏။ ရှမ့်လန် အသက်ရှင်နေသေးသည်လား။ ဤကဲ့သို့ နမိတ်မကောင်းသည့်လူက အဘယ်သို့ အသက်မသေဘဲ နေနိုင်ရသနည်း။
ကျူးဝမ်ဟွာက ရှစ်ချင်းချင်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်၏။ ပြီးနောက် အသက်ကို ပြင်းပြင်း ရှူ၏။ ရှစ်ချင်းချင်းကို မယားငယ်အဖြစ် သိမ်းပိုက်ရန် အရေးမကြီးတော့ချေ။ ပိုးထည်လုပ်ငန်းကလည်း အရေး မကြီးတော့ချေ။ ရှမ့်လန် ပြန်လာခြင်းက သေချာပေါက် ကြီးမားသည့် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပေလိမ့်မည်။ နုရှောင့်မြို့၏ ရေကြောင်း ကုန်သွယ်မှုများက အချိန်အတော်ကြာ ပြတ်တောက်သွားပေလိမ့်မည်။
“ရှစ်မိသားစု တစ်ခုလုံးကို ဖမ်းလိုက်။” ကျူးဝမ်ဟွာက အမိန့်ပေးလိုက်၏။ ထို့နောက် စစ်သည်ရာနှင့်ချီ၍ ဝင်ရောက်လာ၏။ လူများကို စတင်ဖမ်းဆီး၏။
တစ်နာရီခန့် အကြာမှာပဲ အစေခံများ အပါအဝင် ရှစ်မိသားစု၏ မိသားစုဝင် (၁၀) ဦးခန့်က ဖမ်းဆီးခံရ၏။ ရွှမ်ဝူမြို့၏ ထောင်ထဲသို့ ပိတ်လှောင်ခြင်း ခံရသည်။
..................
“ဘာ... ရှမ့်လန် ပြန်လာပြီ။ ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ကျိုးကျောင်းရန်၏ တုံ့ပြန်မှုက ကျူးဝမ်ဟွာထက် ပိုမိုကာ ပြင်းထန်၏။ သူမက ကောင်းကင်ပင်လယ ်နန်းဆောင်နှင့် ပိုမိုကာ နီးစပ်သူဖြစ်ပြီး မိစ္ဆာတြိဂံနယ်မြေက မည်မျှ အန္တရာယ်ကြီးမားကြောင်း သူမက သိရှိထားသည်။ ရှမ့်လန် တကယ်ပဲ အသက်ရှင်လျက် ပြန်လာခဲ့သည်လား။ သူ့၌ အသက်ပေါင်း မည်မျှ ရှိနေသနည်း။
“လောကကြီးက နောက်တစ်ကြိမ် ပြောင်းလဲအုံးမှာပဲ။ သွားကြစို့”
ကျိုးကျောင်းရန်က ပြော၏။ အမြန်ပဲ မြင်းစီးပြီး သူမ၏ တပ်ဖွဲ့ကို ဦးဆောင်ကာ ရွှမ်ဝူနယ်စားကြီး၏ စံအိမ်တော်ဟောင်း ဆီမှ ထွက်ခွာသွားခဲ့၏။
သို့သော်ငြား သူမ ဘယ်ကို သွားရမည်နည်း။
ကျိုးကျောင်းရန်က ဝေခွဲမရ ဖြစ်နေ၏။ ကောင်းကင်ပင်လယ်နန်းဆောင်သို့ သွားရောက် သတင်းပို့ ရမည်လား။ သို့မဟုတ် နန်းမြို့တော်သို့ သွားရမည်လား။ အတန်ကြာ ဝေခွဲမရ ဖြစ်နေပြီးနောက် ကျိုးကျောင်းရန်က နောက်ဆုံးတွင် ကောင်းကင်ပင်လယ်နန်းဆောင်သို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုမှတဆင့် ရွှဲ့ပြည်နယ်၏ မြို့တော်ကို သွားရန်သာ ဆုံးဖြတ်လိုက်သည်။
.................
လဝက်ခန့် အကြာမှာတော့ ရန်နန်းဖေး၏ စစ်သည် တစ်သိန်းခွဲခန့်ရှိသည့် ရေတပ် သင်္ဘောအုပ်စုကြီးက စုစည်းပြီးသွား၏။ ရှမ့်လန်၏ ရေတပ်ရှိရာ တောင်ဘက်သို့ ဦးတည် ခုတ်မောင်းနေ၏။ ယခုအခါမှာတော့ သူက ထိတ်လန့်ခြင်း မရှိတော့ချေ။ ရှမ့်လန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များမှာ တစ်နေ့ထက် တစ်နေ့ ပိုမိုကာ ရှင်းလင်းလာသောကြောင့်ပင်။
ရန်နန်းဖေးက ရှမ့်လန်၏ ရေတပ်ကို အစဉ်အမြဲ စောင့်ကြည့်ရန် ကင်းထောက်များကို စေလွှတ်ထား၏။ ရှမ့်လန်၏ ရေတပ်ကို ရှာဖွေတွေ့ရှိခဲ့သည်က ရက်ပေါင်းနှစ်ဆယ်ကျော်ခန့်ရှိ၏။ ရှမ့်လန်၏ ရေတပ်က နုရှောင့်မြို့သို့ ရောက်ရှိလာသင့်သည်မှာ ကြာပြီဖြစ်၏။ သို့သော်ငြား ရှာဖွေတွေ့ရှိချိန်မှစ၍ သူတို့၏ ခုတ်မောင်းမှုက နှေးကွေးသွားခဲ့ပြီး ပင်လယ်ပြင်၌ပင် လှည့်ပတ်နေ၏။
ရန်နန်းဖေး၏ ကင်းထောက်များက ပိုမို သတ္တိရှိလာကြ၏။ သူတို့က ပိုမိုနီးကပ်စွာ စောင့်ကြည့်လာကြပြီး သတင်းများကို အဆက်မပြတ် ပေးပို့၏။ ရှမ့်လန်၏ ရေတပ်က အဓိကအားဖြင့် ပင်လယ်ဓားပြများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လူမျိုးပေါင်းစုံ ပါဝင်နေ၏။ အရှေ့တိုင်းသားများ၊ လူဖြူများနှင့် အသားညိုသူများပင် ပါဝင်သည်။
အစပိုင်းတွင် ရန်နန်းဖေးက ထိုသူတို့ကို ကြေးစားစစ်သည်များဟု ထင်မှတ်ခဲ့သော်လည်း ဦးခေါင်းခွံဂိုဏ်း၏ အလံက အလွန်ပင် ထင်ရှားလွန်းနေသည်။ လူအများစုက အနောက်ဘက်လောကနှင့်ပတ်သက်၍ ဘာမှ မသိသော်လည်း ခြွင်းချက်တချို့တော့ရှိ၏။
ဥပမာအားဖြင့် ယင်ယွမ်အဖွဲ့အစည်း၊ အနောက်ဘက်လောကမှ အရှေ့ဘက်သို့ ထွက်ပြေးလာသည့် ပင်လယ်ကုန်သည်များနှင့် မှူးမတ်တချို့၊ ထို့အပြင် ချောင်ယောင်းအာ၏ သတ်ဖြတ်ခြင်းကို ခံရသည့် ကျွန်းပိုင်ရှင်များပင်။ ၎င်းတို့က ရန်နန်းဖေးအား အရေးကြီးသည့် အချက်အလက်များကို ပေးအပ်ခဲ့သည်။
အနောက်ဘက်လောက၌ အစွမ်းထက်ဆုံး ပင်လယ်ဓားပြများမှာ ဦးခေါင်းခွံဂိုဏ်း ဖြစ်သော်လည်း သူတို့က ပျောက်ကွယ်သွားသည်မှာ ဆယ်နှစ်ကျော်ကြာပြီ ဖြစ်၏။ အနောက်ဘက်လောကမှ ကျွန်းပိုင်ရှင်များက ဦးခေါင်းခွံဂိုဏ်း၏ ရေတပ်အကြောင်းကို အမွှမ်းတင် ပြောဆိုခဲ့ကြသော်လည်း ရန်နန်းဖေးက လုံးဝ စိတ်အေးနေ၏။ ပင်လယ်ဓားပြများက ဝါကြွားရသည်ကို နှစ်သက်၏။ မည်မျှအထိ အစွမ်းထက်နိုင်မည်နည်း။
အနောက်ဘက်လောက၏ ယဉ်ကျေးမှုက ရှီလွန်မင်းဆက်မှ စတင်ခြင်းဖြစ်ပြီး ထိုအရာက နှစ်ပေါင်း ရာဂဏန်းမျှသာ ရှိသေးသောကြောင့် အရှေ့ဘက်လောက၏ လက်အောက်ငယ်သားများသာ ဖြစ်ပေမည်။ သူတို့က အနောက်ဘက်လောကကို လွှမ်းမိုးနိုင်သော်လည်း အရှေ့ဘက်လောကသို့ ရောက်လျှင်တော့ လူကြောက်များသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ပင်လယ်ဓားပြက လူနှစ်သောင်းပင် မပြည့်ချေ။ သူတို့ ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
.................
ပင်လယ်ပြင်ထက်ရှိ သာယာလှပသည့် နေ့တစ်နေ့ .....။
ရန်နန်းဖေး၏ ရေတပ်သင်္ဘောများ စစ်ဗျူဟာက တဖြည်းဖြည်း ပုံပေါ်လာ၏။ သူတို့က ရွှဲ့ပြည်နယ်မှ အမိန့်စာကို မရရှိသေးသော်လည်း ထိုအရာကို မလိုအပ်တော့ပေ။ တော်ဝင်ရန်အင်ပါယာ၏ အမိန့်က ရှင်းလင်း၏။ အကယ်၍ ရှမ့်လန်ပြန်လာသည်ကို တွေ့ရှိရပါက မည်သည့် ခွင့်ပြုချက်မှ တောင်းနေစရာမလိုဘဲ အစွမ်းကုန် ချေမှုန်းပစ်ရန်ပင်။
ရန်နန်းဖေးက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုများကြောင့် အိပ်မပျော်နိုင်ခဲ့ချေ။ ရှမ့်လန် ပြန်လာခြင်းက တုန်လှုပ်ဖွယ်ရာ ကောင်းသော်လည်း ထိုအရာက အခွင့်အရေးနှင့် အကျိုး သက်ရောက်မှု တစ်ခုဖြစ်၏။
အင်ပါယာက တန်ခိုးအာဏာကို တည်ဆောက်ရန် လောက၏ စစ်တပ်တစ်ဝက်ကို စေလွှတ်ပြီး ရှမ့်လန်ကို ဝိုင်းပိတ်ခဲ့သည်။ အမှန်စင်စစ် ထိုအရာက မလိုအပ်ချေ။ သူက လောကပေါ်ရှိ နိုင်ငံအားလုံးကို ခြိမ်းခြောက်ရန် ကျန်းလီ၏ သားအမည်ကို အသုံးချခဲ့ခြင်းဖြစ်သည်။
ယခုအခြေအနေမှာတော့ အကယ်၍ သူ ရန်နန်ဖေးသည်သာ ရှမ့်လန်ကို သုတ်သင်နိုင်ခဲ့သည်ဆိုပါက ကြီးမားသည့် ဂုဏ်ပြုမှုကို ရရှိပေလိမ့်မည်။ ထိုအချိန်သို့ ရောက်ရှိလျှင် သူက ဝူအန်းမြို့စားအဆင့်တွင် ရှိတော့မည် မဟုတ်ချေ။ သူက နယ်စား သို့မဟုတ် မင်းကြီးဘွဲ့အထိ တိုးမြှင့်ခြင်းကို ခံရပေလိမ့်မည်။
လောကကြီးတွင် ရှမ့်လန်ထက် ပိုမို၍ အကျိုးအမြတ်ကြီးသည့် ရန်သူဟူ၍ မရှိချေ။ လုံလောက်စွာ အစွမ်းထက် နေသော်လည်း လုံလောက်စွာ အားနည်းနေသည် မဟုတ်ပါလား။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရန်နန်းဖေး စိုးရိမ်နေသည်က ပိတ်ဆို့ဝိုင်းရံခံရမှုမှ ရှမ့်လန် ရုတ်တရက် ထွက်ပြေးသွားမည်ကိုပင်။
ကျယ်ပြောသည့် ပင်လယ်ပြင်အတွင်း၌ ဝိုင်းရံပိတ်ဆို့မှုများ ပြုလုပ်ရန်ဆိုသည်မှာ တကယ်ကို ခက်ခဲပြီး နှေးကွေးလွန်းလှသောကြောင့် ရှမ့်လန် လန့်၍ ထွက်မပြေးသွားစေရန် ရန်နန်းဖေး၏ ဝိုင်းရံမှုက တကယ်ကို သေချာ စေရမည်။ သူက ဝိုင်းရံထားမှုကို ဆောင်ရွက်နေဆဲ ဖြစ်သော်လည်း သေချာစေရန် ရှမ့်လန်ရေတပ်၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက်ခြင်း မပြုခဲ့ချေ။
ထိုအရာက ငါးရက်နှင့် ငါးညကြာ၏။ ဝိုင်းရံမှုက အောင်မြင်သွားခဲ့ပြီ။ ရန်နန်းဖေး၏ စစ်သည်တစ်သိန်းခွဲ ရှိသည့် ရေတပ်အုပ်စုကြီးက ရှမ့်လန်ကို တရားဝင် ဝိုင်းရံထားခဲ့၏။ သူက သက်ပြင်းချလိုက်၏။ ရန်နန်းဖေးက ကြီးမားသည့် ဂုဏ်ပြုမှုကို ရရှိပေတော့မည်။