← Chapters

အခန်း (၉၁၉-၉၂၀)

Vol. 55 Ch. 919-920

အခန်း (၉၁၉-၉၂၀)

Vol. 55 Ch. 919-920

အပိုင်း (၉၁၉)

“ဝိုင်းရံမှုကို ကျဉ်းကြတော့။ အားလုံးကို သတ်ပစ်ကြ။”

ရန်နန်းဖေး အမိန့်ပေးလိုက်သည်နှင့် ဧရာမဝိုင်းရံပိတ်ဆို့မှုကြီးက တဖြည်းဖြည်း ကျဉ်းမြောင်းလာ၏။ ကောင်းကင်ပေါ်မှ ငုံ့ကာ ကြည့်ရှုမည်ဆိုလျှင် တကယ်ကို ခံ့ညားထည်ဝါသည့် မြင်ကွင်းတစ်ခုကို မြင်ရပေမည်။ ဝိုင်းရံပိတ်ဆို့မှု၏ အရှိန်အဝါ အကွာအဝေးက မိုင်ပေါင်းနှစ်ရာကျော်ရှိ၏။

ရန်နန်းဖေး၏ စစ်သည်တစ်သိန်းခွဲရှိသည့် ရေတပ်အုပ်စုကြီးက ပင်လယ်ပြင် စတုရန်းကီလိုမီတာ တစ်သောင်းကျော် တွင် ဖြန့်ကျက်ထား၏။ ထိုဝိုင်းရံမှုက တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့၏။ လောကကြီးထဲတွင် ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ မရှိသောကြောင့် အဝေးမှ အမိန့်ပေးရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။

ရန်နန်းဖေးအတွက်လည်း မလွယ်ကူလှချေ။ သူက ရက်အနည်းငယ်အတွင်း ဝိုင်းရံမှုကို အပြီးသတ်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုတင်လေ့ကျင့်ခဲ့ရသောကြောင့်ပင်။

“ရှမ့်လန်ရဲ့ ရေတပ်က လှုပ်ရှားမှု ရှိသေးလား။” ရန်နန်းဖေးက အသက်ကိုအောင့်ရင်း မေးသည်။

“မရှိပါဘူး။”

ခဏကြာမှတော့ ရန်နန်းဖေးက ထပ်မေး၏။ “ရှမ့်လန်ရဲ့ ရေတပ်က လှုပ်ရှားမှု ရှိသေးလား။”

“မရှိပါဘူး။”

ရန်နန်းဖေးက မယုံကြည်နိုင်အောင် ဖြစ်နေ၏။ ရှမ့်လန်က အဘယ်သို့သော လှည့်ကွက်မျိုးကို သုံးနေသနည်း။ ဤသည်က ကျယ်ပြောသည့် ပင်လယ်နက်ကြီးဖြစ်လေရာ သောင်တင်ရန်လည်း မဖြစ်နိုင်ချေ။

သို့သော်လည်း ရန်နန်းဖေး၏ ဘေးတစ်ဖက်တွင် အနောက်လောကမှ ကျွန်းပိုင်ရှင်တစ်ဦး ရှိနေပြီး သူက ဦးခေါင်းခွံဂိုဏ်း၏ အကြောင်းကို ရှင်းပြနေသည်။

ရန်နန်းဖေးက မေး၏။ “ဆိုလိုတာက ဦးခေါင်းခွံဂိုဏ်းရဲ့ ရေတပ်က သင်္ဘောပေါ်ကနေ ခုန်ချပြီး တိုက်ခိုက်တာမျိုးကို ကျွမ်းကျင်တယ်ပေါ့။ သူတို့ရဲ့ ရဲစွမ်းသတ္တိကိုပဲ အားကိုးတာမျိုးလား။”

“ဟုတ်ပါတယ်။”

ရန်နန်းဖေးက ဆိုသည်။ “မင်းပြောတော့ ဦးခေါင်းခွံဂိုဏ်းရဲ့ ရေတပ်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက် တည်းက ပျောက်ကွယ်သွားတာဆို။ ဒီရေတပ်ရဲ့ ပျှမ်းမျှသက်တမ်း အနည်းဆုံး နှစ် ၄၀ လောက်တော့ ရှိနေမှာပေါ့။”

“အဲလိုပဲ ဖြစ်ရပါမယ် အရှင်။” အနောက်လောကမှ ကျွန်းပိုင်ရှင်က ပြော၏။

ထိုအရာက ပို၍ကောင်း၏။ ရန်နန်းဖေးက ဦးခေါင်းခွံဂိုဏ်း၏ ရေတပ်အား သင်္ဘောပေါ်မှ ခုန်ချခွင့် ပေးလိမ့်မည် မဟုတ်ပေ။ သူတို့က မီတာနှစ်ရာမှ အကွာအဝေးမှနေ၍ ဒူးလေးကြီးများဖြင့် ပစ်ခတ်ကြပေလိမ့်မည်။ သင်္ဘောပေါ်မှ ခုန်ချလာပါစေဦး။ လူပေါင်းနှစ်သောင်းပင်မပြည့်သည့် လူများက တစ်သိန်းခွဲသော လူများကို မည်သို့ ယှဉ်နိုင်မည်နည်း။ လုံးဝမဖြစ်နိုင်ပေ။

ရန်နန်းဖေး၏ စစ်သည်တစ်သိန်းခွဲရှိသည့် ရေတပ်ကြီး၏ ဝိုင်းရံမှုက တဖြည်းဖြည်း ပို၍ကျဉ်းမြောင်းလာ၏။ နောက်ဆုံးမှာတော့ ရေတပ်အုပ်စုနှစ်ခုလုံးက အမြင်အာရုံအတွင်းသို့ ရောက်ရှိလာ၏။

ရှမ့်လန်၏ တပ်ခွဲနံပါတ်နှစ်က မူလက ကြီးမား၏။ သို့သော်ငြား စစ်သင်္ဘော ၁၀၀ နှင့် လူပေါင်းနှစ်သောင်းနီးပါး ပါဝင်နေပြီး ရန်နန်းဖေး၏ ရေတပ်နှင့် နှိုင်းယှဉ်ပါက အလွန်ပင် သေးငယ်နေသေးသည်။

သို့သော်ငြား ရန်နန်းဖေးကို အံ့အားသင့်စေသည်က ရှမ့်လန်၏ရေတပ်က လုံးဝ မလှုပ်ရှားခြင်းပင်။ သူတို့က ရေစီးကြောင်းအတိုင်း မျောလိုက်နေပြီး ရွက်များကိုပင် လိပ်ထား၏။ ရှမ့်လန် ဘာလုပ်ဖို့ ကြိုးစားနေသနည်း။

သို့ပေမည့် ဘာကိုပဲလုပ်ဖို့ ကြိုးစားနေပါစေ ကိစ္စမရှိချေ။ ဤကဲ့သို့ တည်ရှိနေထိုင်နေသည့် ရန်သူ့ရေတပ်ထက် ပိုမိုကောင်းမွန်သည့် အရာဟူ၍ ရှိတော့မည် မဟုတ်ချေ။ ယခင်ရေကြောင်းတိုက်ပွဲများတွင် ရှမ့်လန်က သူ၏ရေတပ်ကို အသုံးပြု၍ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အလစ်ချောင်း တိုက်ခိုက်မှုမျိုးကို ပြုလုပ်၏။ ယခု ထွက်ပြေးချင်လျှင်တောင် ထွက်ပြေး၍ မရတော့ပေ။

ရေတပ်အုပ်စုနှစ်ခုလုံးက ပို၍ ပို၍ နီးကပ်လာ၏။ ရန်နန်းဖေး၏ စစ်သည်တစ်သိန်းခွဲရှိသော ရေတပ် အုပ်စုကြီးက ရှမ့်လန်၏ရေတပ်ကို ဝါးမျိုပစ်တော့မည့် ဧရာမ သားရဲကြီးများနှင့်တူ၏။ သူက စိတ်လှုပ်ရှားမှုကို မထိန်းချုပ် နိုင်ပေ။

.............

ယခုအခြေအနေကတော့ တကယ်ကို ထူးခြား၏။ ထိုအရာက ရှမ့်လန် ခံစားနေရသည့်အရာလည်း ဖြစ်သည်။ ရေကြောင်းတိုက်ပွဲများတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးအရာက ဘာဖြစ်သနည်း။ ထိုအရာက ရန်သူ့ရေတပ် အုပ်စုကွဲနေခြင်းပင်။ သူတို့က တိကျမှုကို ရရှိရန် အကြိမ်ပေါင်းများစွာ ပစ်ခတ်ရပေလိမ့်မည်။ ယခု ဝံပုလွေအုပ်စုက တဖြည်းဖြည်းနှင့် နီးကပ်လာခဲ့သည်။ ထို့အပြင် သိပ်သိပ်သည်းသည်းဖြင့် တစ်စုတဝေး ရောက်ရှိလာခဲ့ခြင်းပင်။

“ကဲ... လက်ဝဲနဲ့ လက်ယာတောင်ပံတွေ တိုက်ခိုက်ကြ။” ရန်နန်းဖေးက အမိန့်ပေးလိုက်၏။ အရှေ့နှင့် အနောက်ဘက်ရှိ သင်္ဘောများက အလယ်ဗဟိုဆီသို့ အပြင်းအထန် တိုက်ခိုက်ကြ၏။

“ရွက်တင်ကြ။” ဂျက်ထန်က အမိန့်ပေးသည်။

ရှမ့်လန်၏ ရွက်သင်္ဘောတစ်ရာလုံးက ရွက်များကို တင်လိုက်ရာ ရန်နန်းဖေး၏ ရေတပ်က မင်သက်သွား၏။ ယခုမှ ရွက်တင်လေသည်လား။ အရမ်း နောက်မကျပေဘူးလား။

'မင်းတို့က ရေတပ်မှာ အတောင်ပံရှိရင်တောင် အခု ထွက်ပြေးလို့မရဘူး။'

ရေတပ်အုပ်စုနှစ်ခုလုံးက တဖြည်းဖြည်း နီးကပ်လာခဲ့၏။ ဂျက်ထန်က အမိန့်ပေးလိုက်၏။ “အမြှောက်တွေကို အဖုံးဖွင့်တော့။”

စစ်သင်္ဘော ၁၀၀ ပေါ်ရှိ အမြှောက်အားလုံးက အဖုံးဖွင့်သည်။

ရန်နန်းဖေးက မင်သက်သွား၏။ “ဒါ... ဒါ ဘာသတ္တုပိုက်လုံးတွေလဲ။ အနက်ရောင်ကြီးတွေနဲ့ တကယ်ကို ထူထူကြီးတွေပါလား။”

“အသင့်ပြင်ကြ။” ဂျက်ထန်က အော်ဟစ်သည်။

“အသင့်ပြင်”

စစ်သင်္ဘောတိုင်းရှိ တပ်မှူးတိုင်းက အော်ဟစ်လိုက်ကြ၏။ ရွက်တိုင်ပေါ်ရှိ အလံကိုင်များကလည်း အလံများကို တပြိုင်နက်တည်း ဝှေ့ယမ်း၏။ ဦးခေါင်းခွံဂိုဏ်းနှင့် အရှေ့ဘက်သူရဲကောင်း အမြှောက်တပ်သား များက ယမ်းနှင့် အမြှောက်ဆံများကို စတင်ကာ ဖြည့်တင်း၏။ ရန်သူ့သင်္ဘောများ နီးကပ်လာသည်နှင့်အမျှ သူတို့က အမြှောက်ပြောင်းများကို စတင်ကာ ချိန်ညှိ၏။

ရှမ့်လန်၏ အမြှောက်များက ယခင်ကကဲ့သို့ ရှေးကျသည့်အဆင့်မျိုးတွင် မရှိတော့ချေ။ ထိုအရာအားလုံးတို့တွင် အနက်ရောင်ယမ်းများ အသုံးမပြုထားပေ။ ထိုအစား အလွန်အစွမ်းထက်သည့် ပြင်းအားမြင့် ယမ်းများ ဖြည့်တင်းထားခဲ့၏။ ထိုယမ်းများက သံလုံးများထဲထည့်သွင်းထားခြင်း ဖြစ်သော်လည်း အမြောက်များက စတီးဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သောကြောင့် ခိုင်ခံ့မှုက အံ့မခန်းပင်။ ထို့ကြောင့်ပင်လျှင် အမြှောက်များ၏ အဝေးဆုံး ပစ်ခတ်နိုင်မှုက မီတာ ၂၀၀၀ ကျော်၊ ပေ ၆၅၀၀ ကျော် ရှိ၏။ ပစ်ခတ်မှု၏ ထိရောက်မှုကလည်း မီတာ ၁၀၀၀ ကျော်အထိ ရှိသည်။

စစ်သင်္ဘောပေါ်ရှိ တပ်သားများက ရန်သူ၏ အကွာအဝေးကို အတွေ့အကြုံများဖြင့် တွက်ချက်နေကြ၏။

မီတာ ၁၈၀၀၊ မီတာ ၁၅၀၀၊ မီတာ ၁၀၀၀၊ မီတာ ၉၀... “ပစ်”

အမိန့်ပေးလိုက်သည်နှင့် အမြှောက်ပေါင်း ၅၀၀ ကျော်တို့က တပြိုင်နက်တည်း ပစ်ခတ်ကြသည်။

“ဘုန်း... ဘုန်း..”

လောကပျက်လုမတတ် ဟိန်းဟောက်သံကြီးက စတင်ထွက်ပေါ်လာ၏။ အမြှောက်ဆံ ၅၀၀ တို့က လျှပ်စီးတန်းများကဲ့သို့ပင် ထွက်ပေါ်လာခဲ့၏။

“ရှူး... ရှူး...” အမြှောက်ဆံများက လေထုအတွင်းတွင် လှပသည့် အကွေးပုံစံများကဲ့သို့ ဖော်ဆောင်ပြီး ရန်နန်းဖေး၏ ရေတပ်ဆီသို့ ဦးတည်သွား၏။ လေတိုးသံများကိုလည်း ကြားနေရသည်။

“ဒါကမှ တကယ့်အစစ်ပဲ။ ဒါကမှ အစစ်။”

ဦးခေါင်းခွံဂိုဏ်းသားများက ဤသို့ ခံစားရ၏။ အမြှောက်ဆံများကို ချွေတာရန် သူတို့က ပင်လယ်ပြင်တွင်ရှိစဉ်က ပစ်ခတ်ခြင်းကို မပြုခဲ့ကြချေ။ သူတို့တွင် လက်နက်များ ရှိသောကြောင့် သတ်ဖြတ်ချင်စိတ်များက ပြည့်နှက်နေ၏။ သို့ပေမည့် အမြောက်များကို ရရှိထားသော်လည်း မတိုက်ခဲ့ရသောကြောင့် ချီတုံချတုံနှင့် နေမထိထိုင်မသာ ဖြစ်လို့နေခဲ့၏။ ယခုအချိန်မှာတော့ သူတို့၏ တိုက်ခိုက်လိုစိတ် အားလုံးတို့က ပွင့်ထွက်သွား၏။ အစွမ်းကုန် တိုက်ခိုက်နိုင်ပြီ ဖြစ်၏။

....................

အခြားသောတစ်ဖက်မှာတော့ ရန်နန်းဖေးက နားကွဲလုမတတ် အသံကြီးကို မကြားရသေးခင် သူ့ဆီ ပျံသန်းလာခဲ့သည့် အမြှောက်ဆံများကို အရင်မြင်တွေ့၏။ ပြီးနောက် သူက လုံးဝ မင်သက်သွားသည်။

“ဒါ... ဒါ ဘယ်လို လက်နက်မျိုးတွေလဲ။ ဘယ်လိုဖြစ်ပြီး ဒီလောက်အဝေးကြီးကို ပစ်နိုင်ရတာလဲ။ ဘယ်လိုဖြစ်ပြီး ဒီလောက် ဆူညံနေရတာလဲ။”

“ရွှီ... ရွှီ...” ရန်နန်းဖေး၏ ရေတပ်ပေါ်ရှိ ရေတပ်သားများက ထိတ်လန့်သွား၏။

ကောင်းကင်ပေါ်၌ လေတိုးသံကြီးများ ထွက်ပေါ်လာပြီး မြေတွက်နိုင်သည့် အမဲစက်များက သူတို့၏ ခေါင်းပေါ်မှ ဖြတ်ကျော်သွား၏။ ထိုအရာက တကယ့်ကို မြန်ဆန်ပြီး ခဏအတွင်း မီတာရာနှင့်ချီ၍ ဖြတ်သန်းသွားခဲ့ခြင်းပင်။

ဤမျှဝေးကွာသည့် အကွာအဝေးတွင် ရှမ့်လန်ဖြစ်စေ၊ ဂျက်ထန်ဖြစ်စေ ပစ်မှတ်ကို ထိမှန်ရန် မစဉ်းစားခဲ့ချေ။ သို့သော်ငြား သူတို့က တကယ့်ကို ကံကောင်းခဲ့၏။ အမြှောက်ဆံ ၁၀ ခုကျော်တို့က ရန်သူသင်္ဘောများကို တိုက်ရိုက် ထိမှန်၏။ ဤမျှဝေးကွာသည့် အကွာအဝေးတွင်ပင် အရှိန်ပြင်းသည့် သံလုံးများက အံ့အားသင့်ဖွယ် ဖျက်ဆီးအားကို ပြသသည်။

ရွက်တိုင်ကို ထိမှန်သည့်အချိန်တွင် ရွက်တိုင်က တစ်ခါတည်း နှစ်ပိုင်းကျိုးပြတ်၏။ သင်္ဘောကုန်းပတ်နှင့် ထိချိန်မှာလည်း ထိုအရာက ထွင်းဖောက်သွား၏။ လူခန္ဓာကိုယ်နှင့် ထိမှန်ချိန်မှာတော့ လူခန္ဓာကိုယ်က အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်၏။

သို့သော်ငြား ရန်နန်းဖေးက သူ၏ထိတ်လန့်မှုကို အပြည့်အစုံ မထုတ်ဖော်ရသေးခင်မှာပဲ “ဘုန်း... ဘုန်း...”

နောက်ထပ် ကျယ်လောင်လှသည့် အသံကြီးများ ထပ်မံထွက်ပေါ်လာသည်။

ပြီးနောက် ရှမ့်လန်၏ ရေတပ်အတွင်းမှ နောက်ထပ် အမဲစက်ရာနှင့်ချီက ထွက်ပေါ်လာပြန်၏။ ပစ်ခတ်မှုက အရှိန်အလွန် မြန်ဆန်လွန်း၏။ လက်ဝဲနှင့် လက်ယာဘက်ရှိ အမြောက်ကြီးများက အလှည့်ကျ ပစ်ခတ်နေရတာကြောင့်လည်း ပါ၏။ ဤသို့နှင့် သူတို့က ထိရောက်မှုကို ပြသနိုင်၏။

“ဘုန်း... ဘုန်း...”

နောက်ထပ် အမြှောက်ဆံ ၁၀ ခုကျော်က ရန်နန်းဖေး၏ ရေတပ်အတွင်းသို့ ကျရောက်၍ လူခန္ဓာကိုယ်များက အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်စေသည်။

...................

“တပ်မှူး... ကျုပ်တို့ ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမလဲ။”

ရန်နန်းဖေးက တစ်ကိုယ်လုံး ထုံကျင်နေ၏။ သူက အနောက်လောကမှ ကျွန်းပိုင်ရှင်များကို လှည့်ကာမေး၏။ “ဒါက ဦးခေါင်းခွံဂိုဏ်းရဲ့ တိုက်ခိုက်ရေးစံပုံစံလား။”

ကျွန်းပိုင်ရှင်များက လုံးဝမှင်သက်နေ၏။ သူတို့က ထိုကဲ့သို့လက်နက်မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။

“မဟုတ်ဘူး။ ဦးခေါင်းခွံဂိုဏ်းမှာ ဒီလိုလက်နက်မျိုးတွေ မရှိဘူး။ အနောက်ဘက်လောက တစ်ခုလုံးမှာလည်း ဒီလိုလက်နက်မျိုးတွေ မရှိဘူး။”

ရန်နန်းဖေးက အံကိုကြိတ်လိုက်၏။ ထိုအရာက ရှမ့်လန် နောက်တစ်ကြိမ် ဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း သေချာပေသည်။ ထိုအရာက တုန်လှုပ်ဖွယ်ရာကောင်းသော်လည်း တိကျမှုကတော့ နည်းပါး၏။ သူတို့သာ နီးကပ်သွားမည် ဆိုပါက သူတို့၏ရေတပ်က လူအင်အားအသာစီးဖြင့် ရှမ့်လန်၏ ရေတပ်ကို သုတ်သင် နိုင်ပေလိမ့်မည်။

ရန်နန်းဖေးက အံကိုကြိတ်ကာ အမိန့်ပေးသည်။ “ဆက်ပြီးတော့ ရှေ့ကိုတိုးကြ။ လက်ဝဲနဲ့ လက်ယာတပ်ဖွဲ့တွေ ရှေ့ကိုတိုး။ မြောက်နဲ့တောင်ဘက်အဖွဲ့တွေ တဖြည်းဖြည်းချင်းကပ်ပြီး စစ်ကူပေးဖို့ အသင့်ပြင်ကြ။”

ပြီးနောက် ရန်နန်းဖေး၏ လက်ဝဲနှင့် လက်ယာရေတပ်က အရှိန်မြှင့်လိုက်၏။

“ပစ်ကြ။ ပစ်...”

အမိန့်ပေးလိုက်သည်နှင့်မျှ ရှမ့်လန်၏ ရေတပ်က အဆက်မပြတ် ပစ်ခတ်နေခဲ့သည်။

“ဘုန်း... ဘုန်း...”

ပင်လယ်ရေမျက်နှာပြင်ထက်မှ ကျယ်လောင်သည့် အသံကြီးများက နားကွဲလုမတတ်ပင်။ ပူပြင်း နီရဲနေသည့် သံလုံးများက ကောင်းကင်ယံထက်၌ မရေတွက်နိုင်သည့် ကြယ်တံခွန်များအလား ဖြတ်သန်းကျဆင်း၏။

တကယ်၍ ထိုအရာက ရှေးကျသည့် အမြှောက်များသာ ဖြစ်ခဲ့မည်ဆိုပါက ပစ်ခတ်မှုအရှိန်က အလွန် နှေးကွေး ပေလိမ့်မည်။ သို့သော်ငြား ရှမ့်လန်က အငွေ့မဲ့ ယမ်းမှု့န်များကို အသုံးပြုထားခြင်းဖြစ်၏။ ထို့အပြင် ထိုယမ်းသံလုံးကို ဆီစိမ်ထားသည့် ပိုးထည်များဖြင့် ထုတ်ပိုးထားခြင်းပင်။ အမြှောက်များ ပစ်ခတ်ပြီးနောက် ထိုအရာတို့ကို ဆေးကြောရန် မလိုအပ်တော့ပေ။

“ပစ်... ပစ်...”

အမြှောက်ပေါင်း တစ်ထောင်ကျော်တို့က ရူးသွပ်စွာ ပစ်ခတ်နေ၏။ အမြှောက်များ ပစ်ခတ်မှု များလာသည်နှင့်အမျှ ရှမ့်လန်၏ ရေတပ်မှ အမြှောက်တပ်သားများကလည်း တိကျမှုတွင် ပိုမိုအားကောင်းလာ၏။ ထို့အပြင် ရန်နန်းဖေး ၏ ရေတပ်က တကယ့်ကို လူအင်အားများစွာဖြင့် သင်္ဘောပေါင်းများစွာ သိပ်သည်းနေသည်။

အစပိုင်းက တိကျမှု ၃၀ ရာခိုင်နှုန်းပင် မပြည့်သော်လည်း နောက်ပိုင်း အံ့အားသင့်ဖွယ်ရာ ၁၀ ရာခိုင်နှုန်းထိ တိုးတက်လာ၏။ အကြိမ်တိုင်းတွင် အမြှောက်ဆံ ၅၀ မှ ၆၀ ကျော်က ရန်သူသင်္ဘောများကို ထိမှန်၏။ တစ်ချက် ထိမှန်လိုက်သည်နှင့် ဧရာမ အပေါက်ကြီးတစ်ခု ပွင့်သွားပြီး ပင်လယ်ရေများက သင်္ဘောအတွင်းသို့ စီးဝင်၏။

“ဘုန်း... ဘုန်း...”

အမြှောက်ဆံတစ်ခုက တကယ့်ကို ကံကောင်းလှသောကြောင့် ဆီသိုလှောင်ခန်းကို တိုက်ရိုက်ထိမှန်၏။ ထိုအရာ၏ ကာကွယ်ရေးအလွှာကို ထွင်းဖောက်ပြီး ပူပြင်းနေသည့် သံလုံးက ဆီများအတွင်းသို့ တိုက်ရိုက်ကျသည်။

“ဘုန်း... ဘုန်း...”

လောကပျက်လုမတတ် ပေါက်ကွဲမှုကြီး ထွက်ပေါ်လာပြီး မီးလျှံများက ကောင်းကင်ယံပေါ်သို့ မြင့်တက်သွား၏။ ရန်နန်းဖေးစစ်တပ်၏ ကုန်းပတ်က တစ်ခဏချင်း အစိတ်စိတ်အမွှာမွှာဖြစ်ကာ မီးလောင်၏။ စစ်သင်္ဘောများက လုံးဝ ပျက်စီးသွားခဲ့၏။

“ဘုန်း... ဘုန်း...”

စစ်သင်္ဘောများ ပျက်စီးရခြင်းက နိဒါန်းတစ်ခု အစပျိုးလိုက်သကဲ့သို့ပင်။ နောက်ဆက်တွဲ အနေဖြင့် အမြှောက်ဆံ ၁၀ ခုကျော်တို့က သင်္ဘောတစ်စင်းတည်းကို တပြိုင်နက်တည်း ထိမှန်ခဲ့ပြန်၏။ တစ်ခဏချင်း သံလုံးများ ဖြတ်သန်းသွားရာ လမ်းကြောင်းရှိ အရာအားလုံးက အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်၏။

စစ်သင်္ဘောများက ထက်ပိုင်းပြတ်သွားသည့်အလားပင်။ အရေးကြီးဆုံးအချက်က သင်္ဘော၏ အဓိက ဦးထိပ်ပိုင်းများ ထက်ပိုင်းပြတ်သွားခဲ့ခြင်းပင်။

“ရွှီ...”

နားကွဲလုမတတ် အသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး စစ်သင်္ဘောကြီး တစ်စင်းလုံးက ထက်ပိုင်းပြတ်၏။ ရန်နန်းဖေး၏ ဒုတိယမြောက် စစ်သင်္ဘော ပျက်စီးသွားခဲ့၏။ ပြီးနောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ။ ထိုအရာက ပင်လယ်ပြင်ထက်တွင် တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးတစ်ခုအဖြစ် ဖြစ်ပျက်နေခဲ့သည်။

ရှမ့်လန်၏ရေတပ်တွင် လက်ပစ်ဗုံးများ တပ်ဆင်ထားသည်လား။ ပေါက်ကွဲစေနိုင်သည့် ဗုံးများ ရှိနေသည်လား။ သေချာပေါက်ရှိ၏။ ထို့အပြင် ထိုအရာများက တကယ့်ကို စွမ်းထက်၏။ သို့သော်ငြား သူ အနောက်လောကတွင် ရှိခဲ့သည့်အချိန်က တိုတောင်းလွန်းသောကြောင့် လက်ပစ်ဗုံးများကို ပြုပြင်မွမ်းမံရန် အချိန်မရှိခဲ့ချေ။

ထို့ကြောင့်ပင်လျှင် သူ၏ အမြှောက်များ ပြောင်းချောအမြှောက်များသာ ဖြစ်ပြီး ပြောင်းရစ်ပါသော အမြှောက်များ မဟုတ်ကြခြင်းပင်။ ဒုတိယအချက်မှာ သူ၏ အမြောက်ဆံက လုံးဝန်းသည့် အမြှောက်ဆံများသာ ဖြစ်ကြပြီး ရှေးကျလွန်းသော အချိန်ကိုက် ယမ်းကြိုးစနစ်ကို အသုံးပြုထား၏။

အခေါင်းပေါက်ပါသည့် သစ်သားပြွန်အတွင်း၌ ဖြည်းညင်းစွာ လောင်ကျွမ်းတတ်သည့် ယမ်းမှုန့်များကို ဖြည့်သွင်းထားခြင်း ဖြစ်ပြီး အမြှောက်ကို ပစ်ခတ်လိုက်သည့် အချိန်ခဏတွင် ပြင်းထန်လွန်းသည့် အပူရှိန်က အချိန်ကိုက်ယမ်းကြိုးကို မီးစက်ကူးစက်စေ၏။ အမြှောက်ဆံ ထွက်ပေါ်သွားသည်နှင့် တပြိုင်နက် သတ်မှတ်ထားသည့် အချိန်တွင် ပေါက်ကွဲသွားပေမည်။

သို့သော်ငြား ရှမ့်လန်က ဤလုံးဝန်းသည့် အမြောက်ဗုံးဆံများကို အမြောက်အများ ထုတ်လုပ်ထားခြင်း မပြုခဲ့ချေ။ အကြောင်းရင်းက ထိုအရာတို့က မကြာခင် အသုံးမဝင်တော့ဘဲ ပယ်ဖျက်ခြင်း ခံရမည့် အရာများ ဖြစ်သောကြောင့်ပင်။

ပေါက်ကွဲစေတတ်သည့် ဗုံးများ၏ သမိုင်းကြောင်းက အဓိက ကမ္ဘာလောကကြီးတွင် ကြာမြင့်လှပြီ ဖြစ်၏။ အေဒီ ၁၁ ရာစုတွင် ထိုဗုံးများက နမူနာပုံစံရှိပြီး ၁၅ ရာစုတွင်တော့ တရားဝင်ဗုံးများအဖြစ် တီထွင်ခဲ့၏။ ၁၉ ရာစုသို့ ရောက်မှ ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။

ပြောင်းရစ်ပါသော အမြှောက်များနှင့် ဆလင်ဒါပုံစံ အမြှောက်ဆံများ မတီထွင်နိုင်သေးမီအထိ လုံးဝန်းသည့် ပေါက်ကွဲဗုံးများက အဓိကနေရာတွင် ရှိနေပေမည်။ ဆလင်ဒါပုံစံ အမြှောက်များက တခြားသော ပြဿနာတစ်ခုနှင့် ဆက်စပ်နေ၏။ ထိုအရာက ခလုတ်ပင်ဖြစ်သည်။ ဤပြဿနာများကို တစ်ခုချင်း ဖြေရှင်းရပေလိမ့်မည်။

ဆိုလိုသည်က ရှမ့်လန် အနေနှင့် အတော်အသင့်ရှိသည့် စက်မှုအခြေခံ အဆောက်အအုံများ ပါဝင်သည့် အခြေစိုက် စခန်းကြီးတစ်ခုကို လိုအပ်ပေမည်။

နုရှောင့်မြို့က ထိုအတွက် တကယ့်ကို သင့်တော်၏။ နုရှောင့်မြို့ကို သိမ်းပိုက်ရရှိပါက အချိန်တိုအတွင်း ကျင်းချန်ကျွန်းကိုပါ ဆက်လက်သိမ်းပိုက်ရမည်။ ထိုသို့ဆိုလျှင် အဆုံးမရှိသည့် သံမဏိအရင်းအမြစ်များကို ရရှိပေမည်။

xxx

အပိုင်း (၉၂၀)

ပြီးနောက် နုရှောင့်မြို့ကို ပင်လယ်ပြင်ထက်မှ ခံစစ်မြို့ကြီးအဖြစ် တည်ဆောက်ပြီး အနောက်ဘက်လောကသို့ ပင်လယ်ရေကြောင်းလမ်း ဖွင့်ရမည်။ ထိုမှသာလျှင် ဝေးလံသည့်အရပ်မှ ယမ်းစိမ်းနှင့် ဆာလဖြူရစ် အက်ဆစ်များ ကို သယ်ယူနိုင်ပေမည်။ ထိုသို့ဆိုလျှင် စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများကို တိုးတက်အောင် လုပ်ဆောင်နိုင်ပြီး အမြှောက်များ၏ ဖျက်ဆီးအားကို မြှင့်တင်နိုင်ပေမည်။

ရှမ့်လန် တွက်ချက်ထားပြီးသား ဖြစ်၏။ ကျွန်းစုမြောက်ပိုင်းတွင် ထောက်ပံ့ရေးစခန်းများကိုသာ စနစ်တကျ တည်ဆောက်ထားမည်ဆိုပါက အရှေ့ဘက်လောကမှ အနောက်ဘက်လောကသို့ ခရီးစဉ်က သုံးလမှ တစ်လသို့ တိုတောင်းသွားပေလိမ့်မည်။

မူလအကြောင်းအရာကို ပြန်သွားရလျှင် ရန်နန်းဖေး၏ ရေတပ်ကို တိုက်ခိုက်ရန် ဤဗုံးများကို မသုံးလျှင်ပင် လုံလောက်၏။ အကြောင်းရင်းက ရန်နန်းဖေး၏ ရေတပ်က မီတာ ၃၀၀ အကွာမှနေ၍ ရှမ့်လန်ကို မည်သို့မှ အထိနာအောင် လုပ်နိုင်မည် မဟုတ်သောကြောင့်ပင်။

“ဘုန်း... ဘုန်း...”

ရှမ့်လန်၏ ရေတပ်က အမြှောက်များကို ရူးသွပ်စွာ ပစ်ခတ်တိုက်ခိုက်နေပြီး ရန်နန်းဖေး၏ သင်္ဘောများကလည်း တစ်စင်းပြီးတစ်စင်း အောက်သို့ နစ်မြုပ်၏။

သို့သော်ငြား ထိုခဏမှာပင် ရန်နန်းဖေးက ပြန်လည် တည်ငြိမ်သွား၏။ လေထဲတွင် လွင့်မျောနေခဲ့သည့် သူ၏ နှလုံးသားက ရင်ဘတ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့်အလားပင်။

“ဒါမှ ငါသိတဲ့ ရှမ့်လန်ပဲ။”

ရှမ့်လန်၏ ရူးသွပ်နေသည့် အပြုအမူ နောက်ကွယ်တွင် အကြောင်းပြချက်ရှိ၏။ သူ့တွင် အရေးပါသော ဝှက်ဖဲတစ်ခု ရှိနေသောကြောင့် ဤမျှထိ ရဲတင်းနေခြင်းပင်။

“ရှမ့်လန်... ရှမ့်လန်... မင်းက အံ့ဖွယ်ရာတွေကို ဖန်တီးတဲ့နေရာမှာ ငါ့ကို တစ်ခါမှ စိတ်မပျက်စေခဲ့ဘူး။”

“ဆရာကြီး... ကျုပ်တို့ ဘာလုပ်ကြမလဲ။ ဘာလုပ်ကြမှာလဲ။ ရှမ့်လန်ရဲ့ လက်နက်သစ်က အရမ်းကို ကြောက်စရာ ကောင်းတယ်။” တပ်မှုးတစ်ယောက်က လှမ်းကာ အော်ဟစ်၏။

“ဘာလုပ်ရမှာလဲ...”

ရန်နန်းဖေးက ရက်စက်စွာ ပြောသည်။ “ရှေ့ကို ဆက်တိုးရမှာပေါ့။ သွားကြ။ ဆက်သွားကြ။ ရှမ့်လန်ရဲ့ လက်နက်သစ်က အစွမ်းထက်တယ် ဆိုပေမဲ့ ငါတို့ရဲ့ စစ်သင်္ဘောတစ်စင်းကို နစ်မြုပ်ဖို့အတွက် အနည်းဆုံး သံလုံးပေါင်း ဆယ်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းလောက် လိုအပ်လိမ့်မယ်။ စစ်ပွဲစတည်းက ငါတို့သင်္ဘော ဘယ်နှစင်းမြုပ်သွားပြီလဲ။”

“၁၅ စင်းပါ တပ်မှူး...” ထိုသူက ဖြေ၏။

ရန်နန်းဖေးက မေးလိုက်သည်။ “ငါတို့မှာ သင်္ဘောအစင်းပေါင်း ဘယ်လောက်ရှိလဲ။”

“တစ်ထောင်ကျော်လောက် ရှိပါတယ်။” ထိုအရာရှိက ပြန်ဖြေ၏။

ရန်နန်းဖေးက ပြော၏။ “ကဲ ... အခြေအနေက ရှင်းမနေဘူးလား။ မီတာ ၃၀၀ အကွာမှာဆိုရင် ငါတို့က ခံစစ် သက်သက်ပဲ ရှိနေလိမ့်မယ်။ ဒါပေမဲ့ မီတာ ၃၀၀ အတွင်း ဝင်သွားပြီဆိုရင်တော့ ငါတို့ရဲ့ ဧရာမဒူးလေးတွေက ပြန်တိုက်လို့ရပြီ။

သူ့ရဲ့အနားကို လုံးဝကပ်သွားနိုင်ပြီ ဆိုရင်တော့ ငါတို့ရဲ့ သင်္ဘောထောင်နဲ့ချီက မြားမိုး ဝိုင်းရွာလိုက်ရုံပဲ။ ရှမ့်လန်ရဲ့ လက်နက်သစ်က အရမ်းကို အစွမ်းထက်တယ်ဆိုပေမဲ့ ငါတို့ကို အချိန်တိုအတွင်း အမြစ်ပြတ် မချေမှုန်းနိုင်ရင်တော့ သူတို့ပဲ အဆုံးသတ်သွားလိမ့်မယ်။

အဲဒီလက်နက်သစ်တစ်ခုတည်းကို အားကိုးပြီး ငါတို့ရဲ့ စစ်သည်တစ်သိန်းခွဲပါတဲ့ ရေတပ်ကြီးကို အနိုင်ယူဖို့ဆိုတာက နေ့ခင်းဘက် အိပ်မက်မက်နေသလိုပဲ။ ရှမ့်လန်ရဲ့ ရေတပ်အနားကို ငါတို့ရောက်တာနဲ့ သူသေပြီ။ အရှိန်မြှင့်ကြ။ အရှိန်မြှင့်ကြစမ်း။”

ရန်နန်းဖေး၏ အမိန့်အရပင် သူ၏လက်အောက်ရှိ ရေတပ်သားများက ကြောက်မက်ဖွယ်ရာကောင်းသည့် အမြှောက်ဆံမိုးများ ကြားထဲမှပင် ရှေ့သို့ ဆက်လက်တိုးဝင်ကြ၏။ သူတို့က အရှေ့နှင့် အနောက်ဆီမှ ဆက်လက်၍ တိုက်စစ်ဆင်သည်။

တစ်ဖက်တွင် ကြည့်ရှုရမည် ဆိုပါက ရန်နန်းဖေး၏ အတွေးက မှန်ကန်၏။ ရှမ့်လန်၏ အမြှောက်များက တကယ့်ကို အစွမ်းထက်လွန်းသော်လည်း သံလုံးအမြှောက်ဆံများက သင်္ဘောတစ်စင်းကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်ပေ။

၁၆ ရာစု ရေကြောင်းတိုက်ပွဲများတွင် နှစ်ဖက်လုံး၏ စစ်သင်္ဘောများက တစ်စင်းနှင့်တစ်စင်း နေ့ညမပြတ် အပြန်အလှန် ပစ်ခတ်လေ့ရှိ၏။ အမြှောက်ဆံပေါင်း ထောင်နှင့်ချီ၍ ထိမှန်သော်လည်း သင်္ဘောများက ပျက်စီးခြင်း မရှိဘဲ ရှိတတ်၏။ မပျက်စီးရုံတင်မက ဆိပ်ကမ်းသို့ပင် ပြန်လာနိုင်ကြသေး၏။

သေချာသည်က ရန်နန်းဖေး၏ ရေတပ်က ထိုမျှထိ အစွမ်းမထက်ချေ။ သူတို့၏သင်္ဘောများက အမြှောက်ဆံ ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းခန့် ထိမှန်ရုံဖြင့် ပျက်စီးသွားကြ၏။ သူ၏ တွက်ချက်မှုအရ ရေတပ်က အလွန်ဆုံး ၁၅ မိနစ်အတွင်း ရှမ့်လန်၏ ရေတပ်အနားသို့ ရောက်ရှိပေလိမ့်မည်။ ထိုအချိန်သို့ ရောက်လျှင် သူက သူ၏ ဝံပုလွေအုပ်စု မဟာဗျူဟာဖြင့် ရှမ့်လန်၏ ရေတပ်ကို ဝိုင်းဝန်းပြီး ချေမှုန်းနိုင်ပေလိမ့်မည်။

“မြန်မြန်.... မြန်မြန်...”

မိုင်ဆယ်ဂဏန်းမျှ ကျယ်ပြောသည့် ပင်လယ်ပြင်ထက်တွင် ရန်နန်းဖေး၏ အရှေ့နှင့်အနောက် ရေတပ် အုပ်စုများ က အစွမ်းကုန် ချဉ်းကပ်လာကြ၏။ သူတို့က တုန်လှုပ်ဖွယ်ရာကောင်းသည့် အမြှောက်ဆံများနှင့် အသေအပျောက် များ ကြားထဲတွင် ဇွဲမလျှော့ဘဲ ရှေ့တိုးလာခဲ့ခြင်းပင်။

မီတာ ၅၀၀၊ မီတာ ၄၀၀၊ မီတာ ၁၀၀...

ရန်နန်းဖေးက ပီတိဖြစ်၏။ သူက ထိုအကွာအဝေးသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့၏။ ယခု သူတို့က အချခံသက်သက် မဟုတ်တော့ဘဲ ပြန်လှန်တိုက်ခိုက်နိုင်ပြီဖြစ်၏။ “ပစ်ကြစမ်း...”

ရန်နန်းဖေး၏ အမိန့်အရ ကြီးမားလွန်းသည့် ဒူးလေးများနှင့် လောက်လွှဲပေါင်းများစွာတို့က ထောင်နှင့်ချီ ပစ်ခတ်ကြ၏။ ဧရာမကျောက်တုံးကြီးများ ရာနှင့်ချီ၍ ထွက်ပေါ်လာ၏။ ထိုအသံက အမြှောက်ဆံထက်ပင် ပိုမို၍ သိမ့်သိမ့်တုန်ကာ ကြောက်မက်ဖွယ်ရာ ကောင်း၏။ ၂ မီတာမှ ၃ မီတာခန့် ရှည်လျားသည့် ဧရာမမြားကြီးများက ထွက်ပေါ်လာ၏။ ထိုမြင်ကွင်းက တကယ့်ကို တုန်လှုပ်ဖွယ်ရာ ကောင်းလှပေ၏။ သို့သော်ငြား ရလဒ်ကတော့ သုညပင်။

ကုန်းမြေပေါ်ရှိ ကြီးမားလွန်းသည့် လောက်လွှဲအုပ်စုများ၏ တိကျမှုကပင် လျှို့ဝှက်ချက်တစ်ခုကဲ့သို့ ဖြစ်ခဲ့၏။ ပင်လယ်ပြင်ထက်တွင်ဆို ပြောနေစရာပင် မလိုအပ်ချေ။ ရာနှင့်ချီသည့် ထိုကျောက်လွှဲများက တစ်ခုမှ ပစ်မှတ်ကို မထိမှန်ခဲ့ချေ။

ထိုအရာက အမှန်တရားပင် ဖြစ်၏။ ကြီးမားလွန်းသည့် ဒူးလေးကြီးများ၏ တိကျမှုက ကျောက်လောက်လွှဲ များထက် များစွာသာလွန်၏။ ထောင်နှင့်ချီသည့် ဒူးလေးများ၏ ပစ်ခတ်မှုနှုန်းက ၅ ရာခိုင်နှုန်းခန့်ရှိ၏။ ဒူးလေးကြီးပေါင်း များစွာတို့က ရှမ့်လန်၏ ရေတပ်ကို ထိမှန်၏။

သို့သော်ငြား အားကုန်နေသည့် မြားတစ်စင်းက အဝတ်တစ်ခုကိုပင် ထွင်းဖောက်နိုင်ခြင်း မရှိပေ။ ရှမ့်လန်၏ ရေတပ်ကိုဆိုလျှင် ပြောနေစရာပင် မလိုအပ်တော့ချေ။ သူတို့၏သင်္ဘောများက သတ္တုချပ်ဝတ်များဖြင့် အားဖြည့်ထားခဲ့ခြင်းပင်။ ထိုအကွာအဝေးတွင် ဒူးလေးများ ထိမှန်သည်ဆိုလျှင်တောင်မှ သူတို့က ယားကျိကျိ ဖြစ်ရုံသာ ဖြစ်ပေလိမ့်မည်။

ရန်နန်းဖေးက ထိုအချက်ကို အပြည့်အဝ နားလည်၏။ ဒူးလေးများနှင့် ကျောက်လောက်လွှဲများကို အားကိုးပြီး ရှမ့်လန်၏ ရေတပ်ကို ဖျက်ဆီးရန် မဖြစ်နိုင်ကြောင်း သူက အစောကြီးတည်းက သိရှိပြီးသားပင်။ သို့သော်ငြား သူ အမှန်တကယ် လိုချင်သည်က စိတ်ဓာတ်ဖြစ်သည်။

အစောပိုင်းတုန်းက သူတို့က ပြန်မတိုက်ဘဲ အချခံနေရုံသက်သက် ဖြစ်ခဲ့၏။ ထိုအရာက စိတ်ဓာတ်ပေါင်းများစွာကို ထိခိုက်စေပေလိမ့်မည်။ ယခုအချိန်မှာတော့ ပြန်လှန် တိုက်ခိုက်နိုင်ကြပြီ ဖြစ်သောကြောင့် ရလဒ်မရှိလျှင်ပင် ရိုက်ခတ်မှုတစ်ခုကို ဖန်တီးနိုင်ရန် လုံလောက်၏။

ရှမ့်လန်၏ ရေတပ်အနီးသို့သာ ဆက်လက်ချဉ်းကပ်ပြီး ဒူးလေးများဖြင့် ပစ်ခတ်နိုင်ပြီ ဆိုပါက ရှမ့်လန်၏ ရေတပ်ကို အဆုံးသတ်နိုင်ပေလိမ့်မည်။

“သွားကြ။ ချဉ်းကပ်ကြစမ်း။ နီးအောင်ကပ်ကြ...”

“ဘုန်း... ဘုန်း...”

ရှမ့်လန် ရေတပ်၏ အမြှောက်များက နောက်တစ်ကြိမ် ပစ်ခတ်၏။ ဤအကွာအဝေးတွင် သံလုံး အမြှောက်ဆံများစွာ၏ အစွမ်းက တုန်လှုပ်ဖွယ်ရာ ကောင်း၏။ သူတို့က သင်္ဘောကုန်းပတ်အလွှာများကို ထိုးဖောက်နိုင်စွမ်း ရှိ၏။ အကယ်၍ အပေါ်ဘက်မှ အခန်းများကို ထိမှန်ခဲ့ပြီ ဆိုလျှင်လည်း တစ်ခါတည်း ထွင်းဖောက် သွားပေလိမ့်မည်။

“ဘုန်း... ဘုန်း...”

နောက်ထပ် အံ့အားသင့်ဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခုက ထပ်မံထွက်ပေါ်လာ၏။ အမြှောက်ဆံပေါင်း ဒါဇင်နှင့်ချီက သင်္ဘောတစ်စင်းကို ထိုးဖောက်ဝင်ရောက် သွားခြင်းပင်။ တကယ်ပင် တစ်ဖက်မှ အခြားတစ်ဖက်သို့ ထွင်းဖောက် ဝင်ရောက်သွားခြင်း ဖြစ်၏။ ပင်လယ်ရေများ အထဲသို့ စီးဝင်သွားခဲ့ပြီး သင်္ဘောတစ်စင်းလုံးက အသည်းအသန်ပင် ရုန်းကန်နေရ၏။ မကြာခင်မှာပင် ထိုအရာက နစ်မြုပ်သွား၏။

သို့သော်ငြား ရန်နန်းဖေးက ထိုအရာကို လုံးဝဂရုမစိုက်ချေ။ ထိုအစား သူက အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေသည်။

“မကြာတော့ဘူး။ မကြာတော့ဘူး။”

သူ၏ ရေတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံနေရသည်ဟု ထင်ရသော်လည်း ယခုအချိန်မှာတော့ သင်္ဘော ၃၀ ပင် မပြည့်သော အရေအတွက်သာ နစ်မြုပ်သေး၏။ သူ၏ သင်္ဘော ၉၅ ရာခိုင်နှုန်းကျော်တို့က တိုက်ပွဲဝင်ရန် အသင့်ရှိနေ၏။

“ရှမ့်လန်ရဲ့ ရေတပ်အနားကို ရောက်တာနဲ့ ဒီတိုက်ပွဲကို ငါနိုင်ပြီ။ ငါ ဒီကြီးမားတဲ့ ကျေးဇူးကို ဆက်ပြီး ရယူရမယ်။”

သို့သော်ငြား ထိုအရာက အိမ်မက်တစ်ခုသာ ဖြစ်ရန် ကံပါခဲ့၏။ အိမ်မက်ဆိုသည်က များသောအားဖြင့် လက်တွေ့ မဖြစ်နိုင်ပေ။

အကြောင်းရင်းက ရှမ့်လန်၏ ရေတပ်က ထူးဆန်းသည့်အလံများကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။

“အမြောက်တွေကို လဲလိုက်ကြစမ်း။ ပစ်... ပစ်ကြ...”

အမိန့်ပေးလိုက်သည်နှင့် ရှမ့်လန်၏ ရေတပ်က နောက်တစ်ကြိမ် ပစ်ခတ်၏။ သို့သော်ငြား ယခုတစ်ကြိမ် ထွက်ပေါ်လာသည့်အသံက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ ထိုအရာက တစ္ဆေငိုညည်းသံနှင့် ဝံပုလွေများ ဟိန်းဟောက်သံကဲ့သို့ပင်။

ရန်နန်းဖေးက ထိုအရာကို မော့ကြည့်ရင်း လုံးဝမှင်သက်သွား၏။ “ဒါ... ဒါဘာကြီးလဲ။”

သံလုံးတစ်လုံးကို သံကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး ထိုအရာက အရှိန်အဟုန်ဖြင့် လည်ပတ်ကာ ပျံသန်းလာသည်။

“ရွှီ... ရွှီ... ရွှီ...”

ထိုအသံက တကယ့်ကို စူးရှလွန်းပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထစေ၏။ သေချာပေါက် သံကြိုးအမြှောက်ဆံများပင် ဖြစ်၏။ ထိုအရာက အနီးကပ်ရေကြောင်းတိုက်ပွဲများတွင် အပြတ်အသတ်ဖြင့် သတ်ဖြတ်နိုင်သော လက်နက်တစ်ခု ဖြစ်၏။ သံလုံးအမြှောက်ဆံများ၏ ထိရောက်မှုက မမြင့်မားသလို ဖျက်ဆီးအားကလည်း မမြင့်မားလှချေ။ သို့ပေမည့် ရွက်နှင့်ရွက်တိုင်များကို ဖျက်ဆီးရာတွင်တော့ သံကြိုးအမြှောက်ဆံများ၏ ဖျက်ဆီးအားက တုန်လှုပ်ဖွယ်ရာ ကောင်း၏။

“ရွှီ... ရွှီ...”

ရန်နန်းဖေးက ရှင်းလင်းစွာ မြင်နေရ၏။ သံကြိုးအမြှောက်ဆံတစ်ခုက သင်္ဘောတစ်စင်း၏ ကုန်းပတ်ပေါ်သို့ ပျံသန်း၏။ ပြီးနောက် ချက်ချင်းပဲ ကုန်းပတ်ပေါ်ရှိ လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးသွားခဲ့ကြ၏။ သူတို့က ကိုယ်ခန္ဓာ အပေါ်ပိုင်းများ ပြတ်ထွက်ကုန်ပြီး ကြောက်မက်ဖွယ်ရာကောင်းစွာ သေဆုံးကြခြင်းပင်။

“ဘုန်း... ဘုန်း...”

သံကြိုးအမြှောက်ဆံများက ဟိန်းဟောက်လျက် ကခုန်နေ၏။ သူတို့၏ လမ်းကြောင်းရှိ အရာအားလုံးတို့ကို ဖြတ်တောက်နေ၏။ ကြီးမားလွန်းလှသည့် ရွက်ကြီးများက တိုက်ရိုက်ပင် စုတ်ပြတ်သတ် သွားခဲ့၏။ ထူထဲလှသည့် ရွက်တိုင်များကလည်း တိုက်ရိုက်ပင် ပြတ်ထွက်ကုန်လေသည်။

“ဘုန်း... ဘုန်း...”

နားကွဲလုမတတ် အသံကြီးများက ထွက်ပေါ်နေပြီး ရန်နန်းဖေးရေတပ်၏ ရွက်တိုင်များက တစ်ခုပြီးတစ်ခု ကျိုးကုန်၏။

“ပစ်ကြစမ်း...”

ပြီးနောက် ဒုတိယအကြိမ် ပစ်ခတ်ကြ၏။ တတိယအကြိမ်မှာလည်း ရူးသွပ်ဖွယ်ပင်။ အားလုံးက သံကြိုးအမြှောက်ဆံများသာ ဖြစ်သည်။

ပင်လယ်ပြင်တစ်ခုလုံး၌ တစ္ဆေများ ငိုကြွေးသံနှင့် ဝံပုလွေများ ဟိန်းဟောက်သံတို့ ပြည့်နှက်နေ၏။ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး မြင်ကွင်းက ပေါ်ပေါက်လာခဲ့၏။

ရန်နန်းဖေး၏ ရေကြောင်းတိုက်ပွဲဆိုင်ရာ အတွေးအခေါ်က ရှေးခေတ်ရေတပ်မှူးများ၏ အတွေးအခေါ်နှင့် အတူတူပင်။ သူတို့က အနားသို့ရောက်သည့်အချိန်တွင် သင်္ဘောပေါ်မှ ခုန်ချပြီး တိုက်ခိုက်ကြမည်။ သို့မဟုတ် မြားများဖြင့် ပစ်ခတ်ကြမည်။ ဤသို့ကြောင့် သင်္ဘောများ၏ အကွာအဝေးက အလွန်ပင် နီးကပ်လာကြခြင်းပင်။

သူ၏ရေတပ်က အင်အားကြီးမားသောကြောင့် သံကြိုးအမြှောက်ဆံများအတွက် အကြီးမားဆုံးသော သတ်ဖြတ်ကွင်းကြီး တစ်ခု ဖန်တီးလိုက်သကဲ့သို့ ဖြစ်ခဲ့ရ၏။ ရလဒ်က တကယ့်ကို ဆိုးရွားလှချေသည်။

အစပိုင်းက သံလုံးအမြှောက်ဆံများ အသုံးပြုစဉ်က နာရီဝက်ကြာအောင် တိုက်ခိုက်ခဲ့ပြီး အမြှောက်ဆံပေါင်း သောင်းနှင့်ချီ ပစ်ခတ်ခဲ့သော်လည်း သင်္ဘော ၃၀ ပင် မပြည့်သည့် အရေအတွက်သာ နစ်မြုပ်နိုင်၏။

ယခု အနီးကပ်အကွာအဝေးရှိ သံကြိုးအမြှောက်ဆံများ၏ ပစ်ခတ်မှုကတော့ ပထမတစ်ကြိမ်မှာပင် ရန်နန်းဖေး၏ စစ်သင်္ဘော ဒါဇင်နှင့်ချီကို ဒုက္ခိတ ဖြစ်စေခဲ့၏။ သို့သော်ငြား ထိုအရာက အစပြုရုံသာ ရှိသေး၏။ ပိုမိုဆိုးရွားသည့် အကျိုးဆက်တစ်ခုက ပေါ်ပေါက်လာခဲ့ပြန်သည်။

ရွက်တိုင်များ ကျိုးပဲ့၊ ရွက်များပျက်စီးခဲ့ပြီးနောက် သင်္ဘောများကို ထိန်းချုပ်နိုင်ရန် စွမ်းအင် ကင်းမဲ့ကုန်၏။ ပင်လယ်ရေ မျက်နှာပြင်ထက်တွင် လှည့်ပတ်နေ၏။ နောက်ဘက်မှ လိုက်ပါလာသည့် စစ်သင်္ဘောများက အရှိန်လျှော့ရန် မဖြစ်နိုင်သောကြောင့် ထိုအရာများကို ဝင်တိုက်မိကြ၏။

“ဘုန်း... ဘုန်း...”

ကျယ်လောင်သည့် အသံကြီးများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး ရန်နန်းဖေး၏ သင်္ဘောများစွာက တစ်စင်းနှင့်တစ်စင်း ဆင့်ကဲတိုက်ကုန်၏။ သူတို့ရေတပ်က ပင်လယ်ရေမျက်နှာပြင်ထက်၌ သိပ်သည်းနေခဲ့သည်။

“ပစ်ကြစမ်း။ ပစ်...”

ရှမ့်လန် ၏ ရေတပ်မှ သံကြိုးအမြှောက်ဆံများက ရူးသွပ်ဖွယ်ရာ ပစ်ခတ်၏။ သူတို့က ငရဲမှ ငရဲမင်း၏ လက်တံများကဲ့သို့ပင် ရွက်တိုင်များကို တစ်ခုပြီးတစ်ခု ဖြတ်တောက်နေခဲ့ပြီး ရွက်များကိုလည်း တစ်စစီ စုတ်ဖြဲခဲ့၏။

ရန်နန်းဖေး၏ ရေတပ်သား အများအပြားက ဒုက္ခိတ ဖြစ်ကုန်ကြသည်။

၁၈ ရာစု မတိုင်ခင်က ရေကြောင်းတိုက်ပွဲများ တကယ့်ကို ရှားပါး၏။ နှစ်ဖက်ရေတပ်အုပ်စုများက ရက်အနည်းငယ်ကြာအောင် တိုက်ခိုက်ကြ၏။ ထို့နောက် ဒဏ်ရာများဖြင့် ပြန်လာကြ၏။ သူတို့၏ စစ်သင်္ဘောများ က အသီးသီးပြုပြင်ရမှာ ဖြစ်သော်လည်း ရက်အနည်းငယ်ကြာလျှင် နောက်တစ်ကြိမ် ပြန်လည် တိုက်ခိုက်နိုင်၏။ အကြောင်းရင်းက နှစ်ဖက်စလုံးတွင် တူညီသည့် လက်နက်နှင့် နည်းဗျူဟာများ ရှိသောကြောင့်ပင်။

သို့သော်ငြား ရှမ့်လန်နှင့် ရန်နန်းဖေးတို့၏ ရေကြောင်းတိုက်ပွဲကတော့ ရေကြောင်းတိုက်ပွဲများ၏ ခေတ်ပြောင်း တော်လှန်ရေးတစ်ခုကဲ့သို့ပင်။ စစ်ပွဲနည်းဗျူဟာ၏ တော်လှန်ရေးတစ်ခုလို့ ညွှန်းဆိုရပေမည်။ ထို့ကြောင့် တိုက်ပွဲ၏ အရှိန်အဟုန်က တကယ့်ကို ကျေနပ်စရာကောင်း၏။ နာရီဝက်ပင် မပြည့်သည့် အချိန်အတွင်း ရန်နန်းဖေး၏ ရေတပ်မှ စစ်သင်္ဘောပေါင်း ၂၀၀ ကျော်မှ ၃၀၀ ကျော်အထိ ပျက်စီးခဲ့၏။

၄၀၀ ကျော်မှ ၅၀၀ ခန့်တို့ကလည်း လုံးဝဒုက္ခိတ ဖြစ်ကုန်၏။ ထိုအရာက ရေကြောင်းတိုက်ပွဲတစ်ခု ဖြစ်ပြီး ယခုအချိန်တွင် တိုက်ပွဲနယ်မြေက ကီလိုမီတာ ၂၀ မှ ၃၀ အထိ ကျယ်ဝန်းသည်။

ရန်နန်းဖေးအနေနှင့် အမြင့်ဆုံးနေရာ၌ ရပ်နေလျှင်ပင် မှန်ပြောင်းဖြင့် တိုက်ပွဲတစ်ခုလုံးကို မြင်တွေ့နိုင်ရန် ခက်ခဲ၏။

ရေကြောင်းတိုက်ပွဲတစ်ခုကို ကွပ်ကဲရန် မူလတည်းက ခက်ခဲသည်။ စစ်သင်္ဘောတစ်စင်းချင်းစီတိုင်း၏ စွမ်းဆောင်ရည်အပေါ် လုံးဝမူတည်နေသောကြောင့်ပင်။ ယခု ထိုစစ်သင်္ဘောများက ပင်လယ်ပြင်ထက်တွင် ဒုက္ခိတ ဖြစ်နေသောကြောင့် ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။

.................

All Chapters