အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အပိုင်း ၃၇၆ : မင်း ကန်းနေတာလား
လီရှန်း၏လက်က စုဝမ်ယိကို မထိနိုင်ခင်မှာပင် ယဲ့ချန်းက လေထဲ၌ ဖမ်းချုပ်လိုက်သည်။
"ကောင်လေး... ငါပြောမယ်။ ငါ့အဖေက တက္ကစီလုပ်ငန်းစုရဲ့ ပင်မရှယ်ယာရှင်ကွ။ မင်း ငါ့ကိုတားရဲရင် သေဖို့သာပြင်ထားတော့"
လီရှန်းက မောက်မာစွာ ပြောလိုက်သည်။
ယဲ့ချန်း၏မျက်နှာကား ရေခဲအလား အေးစက်သွား၏။
ဤလူ သူ့ကောင်မလေးကို ထိကိုင်ရန် ကြိုးစားလိုက်ခြင်းမှာ ယဲ့ချန်း၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။
ယဲ့ချန်းက ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေရာ လီရှန်းခမျာ လက်ကောက်ဝတ်ထက်၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် နာကျင်လွန်းလှ၍ မျက်နှာရှုံ့မဲ့သွားလေတော့သည်။
"နာတယ်... နာတယ်။ ငါ့ကိုလွှတ်စမ်း"
ယဲ့ချန်း၏အကြည့်ကား အေးစက်သွားပြီး လီရှန်း၏ဗိုက်ကို ကန်ပစ်လိုက်သည်။ လီရှန်း၏ခန္ဓာကိုယ်မှာ ဘောလုံးတစ်လုံးနှယ် လွင့်ထွက်သွားချေသည်။
ဝုန်း!
လီရှန်းခမျာ မြေပေါ်သို့ လဲကျသွားပြီး အတော်လိမ့်သွားသဖြင့် နာကျင်စွာ ညည်းတွားလေတော့သည်။
"မင်း ငါ့ကိုထိုးရဲတယ်ပေါ့။ မင်းသေပြီသာမှတ်"
လီရှန်းလည်း အံတင်းတင်းကြိတ်၍ ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။ မကြာခင်မှာပင် တစ်ဖက်က ဖုန်းပြန်ဖြေ၏။
"သားလေး... ပြန်ရောက်ပြီလား"
ဖုန်းတစ်ဖက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
လီရှန်းလည်း ဖုန်းထဲတွင် ငိုယိုလေတော့သည်။
"အဖေ... ကျွန်တော် အထိုးခံလိုက်ရတယ်"
"ဘာ... ဘယ်သူက လီမင်ရဲ့သားကို ထိုးရဲတာလဲ။ မင်း အခုဘယ်မှာလဲ"
စကားပြောနေရင်း လီမင်မှာ အမူအရာပြောင်းသွားလေသည်။
"ကျွန်တော်က လေဆိပ်မှာ။ အဖေ လူတွေ မြန်မြန်ခေါ်လာခဲ့"
လီရှန်းက ငိုယိုလျက် ပြောလိုက်၏။
"ကောင်းပြီ။ အခုချက်ချင်းလာခဲ့မယ်။ သား အဲဒီမှာစောင့်နေ။ ဘယ်သူဖြစ်ဖြစ် အလွတ်မပေးဘူး"
လီမင်သည် အသက်ကြီးခါမှ သားတစ်ယောက်ရခဲ့သဖြင့် သူ့သားကို အလွန်ချစ်သည်။ သူ့သား ပြဿနာရှာတိုင်းလည်း သူကသာ အမြဲဖြေရှင်းပေးခဲ့သည်။ သူ့သားကို သူကိုယ်တိုင်ပင် တစ်ခါမှ မထိရက်ခဲ့သော်လည်း ယနေ့တွင်မူ အခြားလူတစ်ယောက်က ရိုက်နှက်လိုက်သဖြင့် လီမင် အလွန်ဒေါသထွက်သွားရသည်။
ဖုန်းချလိုက်ပြီးနောက် လီမင်၏မျက်လုံးထဲတွင် အေးစက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ငါ့သားကိုတောင် ရိုက်ရဲတယ်ဆိုတော့ ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ"
လီမင်ကလည်း ကိုယ်ရံတော်များနှင့်အတူ လေဆိပ်သို့ အပြေးအလွှားရောက်ချလာသည်။
လေဆိပ်၌ လီရှန်းက ယဲ့ချန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"မင်း သတ္တိရှိရင်မပြေးနဲ့"
ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်သည်။
"စိတ်မပူနဲ့။ မသွားဘူး။ မင်းအဖေလာမဲ့အချိန်ကို စောင့်နေမှာ"
လီရှန်းက နှာခေါင်းရှုံ့လိုက်လေသည်။
"ငါ့အဖေက တက္ကစီလုပ်ငန်းစုရဲ့ ပင်မရှယ်ယာရှင်ကွ။ မင်းတော့သေပြီ။ မင်းရဲ့တက္ကစီဒရိုင်ဘာအလုပ်လည်း ပြုတ်ပြီ။ မင်းလည်း အသက်မရှင်ရတော့ဘူးလို့ ငါ အာမခံတယ်"
ယဲ့ချန်းက ရုတ်တရက်ရယ်မောလိုက်၏။
"ငါ တက္ကစီမောင်းချင်ရင် ဘယ်သူမှ တားလို့မရဘူး။ ငါ့ကိုသတ်ဖို့ကတော့ မင်းအဖေမှာ အဲဒီလောက်အထိ အရည်အချင်းမရှိဘူးထင်တယ်နော်"
"ဟမ့်... ချာတိတ် ဒီနေ့ မင်းတစ်ယောက်တည်း ပြဿနာတက်မှာမဟုတ်ဘူး။ ဒီကောင်မလည်း သေပြီသာမှတ်။ ငါ မင်းတို့ကို ဒီအတွက် ပြန်ပေးဆပ်ခိုင်းမယ်"
လီရှန်း၏ပါးစပ်က ညစ်ညမ်းနေဆဲဖြစ်သဖြင့် ယဲ့ချန်း၏မျက်လုံးများမှာ အေးစက်ခက်ထန်သွားပြီး လီရှန်းဆီသို့ လျှောက်သွားလိုက်သည်။ ယဲ့ချန်း နောက်တစ်ကြိမ် ထပ်လှုပ်ရှားတော့မည်ကိုမြင်သော် လီရှန်းလည်း လန့်ဖျပ်ကာ ခြေလှမ်းလေးငါးလှမ်းခန့် နောက်ဆုတ်သွားသည်။
ထိုအချိန်တွင် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။
"ငါ့သားကို ဘယ်သူထိရဲလဲဆိုတာ ကြည့်ချင်သေးတယ်"
ကိုယ်ရံတော်ငါးယောက်နှင့်အတူ သူတို့နားသို့ အမြန်လျှောက်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်သောအခါ လီရှန်း၏ မျက်နှာမှာ ဝမ်းသာအားရစိတ်ကြောင့် လင်းလက်သွားချေသည်။
"အဖေရောက်လာပြီပဲ။ တွေ့လား... ဒီကောင် ကျွန်တော့်ကို ထပ်ရိုက်ဖို့လုပ်နေတာ"
ဖူးရောင်နေသော သားဖြစ်သူ၏မျက်နှာကို မြင်သောအခါ လီမင်၏အမူအရာကား ပိုပျက်ယွင်းသွားသည်။
"ရှောင်ရှန်း... အဆင်ပြေရဲ့လား"
"အဖေ... သူ ကျွန်တော့်ကိုထိုးပြီး ကန်လိုက်တာ နံရိုးတွေ ကျိုးသွားပြီထင်တယ်။ အဖေ ကျွန်တော့်ဘက်က ရပ်တည်ပေးရမယ်နော်။ ဒါနဲ့ သူက အဖေတို့ကုမ္ပဏီက တက္ကစီဒရိုင်ဘာတဲ့"
လီရှန်းက သနားစဖွယ်ကောင်းအောင် ပြောလိုက်သည်။
လီမင်က သူ့သား၏ ဖူးရောင်နေသောပါးပြင်နှင့် အဖြူရောင်ဝတ်စုံပေါ်ရှိ ဖိနပ်ရာကြီးကို မြင်သောအခါ ပို၍ပင် မကျေမနပ်ဖြစ်သွားချေသည်။
"စိတ်မပူနဲ့ သား... ဒီကောင် ငါ့သားကို ဒူးထောက်ပြီး တောင်းပန်လာစေရမယ်"
ထို့နောက် လီမင်က ယဲ့ချန်းဆီသို့ အေးစက်စက်မျက်နှာထားဖြင့် လျှောက်သွားလိုက်၏။
"ကောင်လေး... မင်း ငါ့သားကို လက်ဖျားနဲ့ ထိရဲတယ်ပေါ့။ မင်း တက္ကစီလုပ်ငန်းစုမှာ ဆက်အလုပ်လုပ်ချင်သေးတယ်ဆိုရင် ငါ့သားကို အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်စမ်း။ ပြီးရင် ငါ့လူတွေက မင်းခြေထောက်ကိုပဲ ရိုက်ချိုးလိမ့်မယ်။ အဲဒါဆိုရင်တော့ မင်းကို ငါ လွှတ်ပေးချင်လွှတ်ပေးမှာပေါ့"
ယဲ့ချန်းက ထိုစကားကို ကြားသောအခါ ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။
"ဒါနဲ့ ခင်ဗျားက တက္ကစီလုပ်ငန်းစုရဲ့ အဓိကရှယ်ယာရှင်ဆို"
လီမင်ကမူ ယဲ့ချန်းတစ်ယောက် ကြောက်သွားပြီဟုထင်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
"ဟုတ်တယ်လေ။ ဘာလဲ။ နောင်တရသွားတာလား"
ယဲ့ချန်းကတော့ လှောင်ပြုံးပြုံးလိုက်သည်။
"နောင်တလား။ ခင်ဗျားမှားနေပြီ။ ကျုပ်ပြောချင်တာက ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီလို့"
ယဲ့ချန်း၏စကားကို ကြားသောအခါ လီမင်က မောက်မာစွာ ရယ်မောလိုက်သည်။
"ဟားဟား... ဘာပြောတယ်။ မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်က ငါ့ကို အလုပ်ဖြုတ်ချင်တယ် ဟုတ်လား။ ဒီလိုအချိန်မျိုးမှာတောင် ဟန်ဆောင်နေတုန်းပဲ။ မင်းကို ငါ ပျောက်ကွယ်သွားအောင် လုပ်ပစ်နိုင်တယ်ဆိုတာ ယုံလား"
ယဲ့ချန်းက မောက်မာလှသော လီမင်၏ပုံစံကို ကြည့်ရင်း စကားများမနေတော့ဘဲ ဖုန်းတစ်ချက် ဆက်လိုက်သည်။
"ဥက္ကဋ္ဌလု... ကျွန်တော် ယဲ့ချန်းပါ"
ယဲ့ချန်း၏နာမည်ကို ကြားသည်နှင့် လုကောပင်း၏အမူအရာမှာ ပြောင်းလဲသွားသည်။
လုကောပင်းက တက္ကစီကုမ္ပဏီ၏ ပင်မရှယ်ယာရှင်နှင့် ဥက္ကဋ္ဌဖြစ်သည်။
ယနေ့ လျှို့ဝှက်ဆန်းကြယ်သော သူဌေးတစ်ဦးက ကုမ္ပဏီရှယ်ယာ၆၀ရာခိုင်နှုန်းကို ရုတ်တရက်ဝယ်ယူလိုက်ကြောင်း သတင်းရရှိထားသည်။
အစောပိုင်းက သူသည် အများဆုံးရှယ်ယာရှင် ဖြစ်ခဲ့သော်လည်း ယခုမူ ဒုတိယအများဆုံးဖြစ်သွားခဲ့သည်။
ကုမ္ပဏီရှယ်ယာများကို တိတ်တဆိတ်ဝယ်ယူနိုင်ခြင်းမှာ ထိုလူ၏နောက်ခံက မည်မျှကြောက်စရာကောင်းကြောင်း ပြသနေသည်။
ထို့နောက် လုကောပင်းက လူလွှတ်၍ စုံစမ်းခိုင်းလိုက်လေရာ ယဲ့ချန်း၏သရုပ်မှန်ကြောင့် အလွန်ထိတ်လန့်သွားခဲ့ရသည်။
အစတုန်းက သူသည် ယဲ့ချန်းထံသို့ ဖုန်းဆက်၍ မိတ်ဖွဲ့ရန် ကြံရွယ်ထားသော်လည်း မမျှော်လင့်ထားဘဲ ယဲ့ချန်းက အရင်ဖုန်းဆက်လာသည်။
လုကောပင်းက ယဉ်ကျေးစွာ စကားဆိုလိုက်၏။
"မစ္စတာယဲ့ပါလား။ ကျွန်တော်လည်း အလုပ်ကိစ္စတွေတင်ပြဖို့ ခင်ဗျားကို ဖုန်းဆက်မလို့လုပ်နေတာ။ ဒါပေမဲ့ ခင်ဗျားက အရင်ဆက်လာတာပဲ"
ယဲ့ချန်းက ပြောလိုက်၏။
"ကျွန်တော်က အခု ဒီကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင်မလား"
လုကောပင်းက ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်ဗျ။ အခု ခင်ဗျားက တက္ကစီကုမ္ပဏီရဲ့ ရှယ်ယာ၆၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့အတွက် အကြီးဆုံးရှယ်ယာရှင်ဖြစ်သွားပါပြီ"
"ဒါဆိုရင် ကျွန်တော် ဘုတ်အဖွဲ့ဝင်တစ်ယောက်ယောက်ကို အလုပ်ဖြုတ်ချင်ရင် ပြဿနာမရှိဘူး မဟုတ်လား"
ယဲ့ချန်းက ဆက်ပြောလိုက်သည်။
"ရတာပေါ့... မစ္စတာယဲ့မှာ ဗီတိုအာဏာရှိတဲ့အတွက် ဘယ်သူ့ကိုမဆို ဖြုတ်ပစ်လို့ရပါတယ်"
လုကောပင်းက စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။
တစ်ဖက်လူက သူ့ကို ထုတ်ပယ်ချင်နေခြင်းလေလား။
ယဲ့ချန်း၏ရှယ်ယာများက အလွန်များပြားလွန်းသဖြင့် တစ်ဖက်လူသာ သူ့ကို အလုပ်ထုတ်ချင်ပါက သူလည်း ဘာမှမတတ်နိုင်ပေ။
"ကောင်းပြီ... ကုမ္ပဏီရဲ့ ရှယ်ယာရှင်တစ်ယောက်က ကျွန်တော့်ကိုသတ်ချင်နေတယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ။ သူ့ကို ကျွန်တော် အလုပ်ဖြုတ်သင့်လား"
"ဘာ? ဘယ်သူက မစ္စတာယဲ့ကို ခြိမ်းခြောက်ရဲတာလဲ"
လုကောပင်းက သူ့ကိုခယရန် ကြိုးစားလိုက်သည်။
"ဥက္ကဋ္ဌယဲ့... အခု ဘယ်မှာလဲဗျ။ ကျွန်တော် ချက်ချင်းလာခဲ့ပါ့မယ်"
ယဲ့ချန်းက ပြောလိုက်၏။
"လာစရာမလိုပါဘူး။ ကုမ္ပဏီမှာ လီမင်ဆိုတဲ့ လူတစ်ယောက်ရှိတယ်မလား။ သူ့ကိုသာ အလုပ်ထုတ်လိုက်တော့"
"ဟုတ်ကဲ့ မစ္စတာယဲ့... ကျွန်တော် အခုချက်ချင်း သူ့ဆီဖုန်းဆက်ပြီး တက္ကစီကုမ္ပဏီက ထုတ်ပယ်လိုက်ပါ့မယ်"
လုကောပင်းခမျာ သက်မချလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက သူ့ကို ပစ်မှတ်ထားနေခြင်းမဟုတ်ပေ။ လီမင်က ကုမ္ပဏီရှယ်ယာငါးရာခိုင်နှုန်းခန့်သာ ကိုင်ထားသဖြင့် အသေးစားရှယ်ယာရှင်အဆင့်သာ ရှိ၏။
သူ့ကို အလုပ်ထုတ်လိုက်လည်း ကုမ္ပဏီအပေါ် ဘာသက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။
ဖုန်းချပြီးနောက် ဘေးတွင်ရပ်နေသော လီမင်က နှာခေါင်းရှုံ့လိုက်လေသည်။
"ချာတိတ်... မင်း တကယ်သရုပ်ဆောင် ကောင်းတာပဲ။ ငါတို့ဥက္ကဋ္ဌဆီကို ဖုန်းဆက်ပြီး ကိုယ့်ကိုယ်ကိုယ် ပင်မရှယ်ယာရှင်လိုလို ဟန်ဆောင်နေတာ။ တက္ကစီလုပ်ငန်းစုရဲ့ ရှယ်ယာရှင်တွေအကုန်လုံးက ငါ့မိတ်ဆွေတွေချည်းပဲ။ မင်းကို ငါ တစ်ခါမှမမြင်ဖူးပါဘူး။ သုံးစက္ကန့်အချိန်ပေးမယ်။ ဒူးထောက်ပြီး မတောင်းပန်ဘူးဆိုရင် ငါ့အကြောင်းသိစေရမယ်"
သို့သော် သူ့စကားမဆုံးခင်မှာပင် သူ့ဖုန်းက ထမြည်လာသည်။
လီမင်လည်း ဖုန်းကိုယူကြည့်လိုက်လေရာ ဖုန်းခေါ်ဆိုသူမှာ လုကောပင်းဖြစ်နေချေသည်။
သူ့အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် သူ့ရင်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
ဒီကောင်ပြောတာ တကယ်များဖြစ်နေမလား...
လီမင်ခမျာ အကြောက်တရားကို မျိုသိပ်ရင်း တုန်ယင်နေသော လက်အစုံဖြင့် ဖုန်းပြန်ဖြေလိုက်သည်။
"ဟယ်လို... ဥက္ကဋ္ဌလု ဘာကိစ္စရှိလို့လဲ"
"လီမင်... ငတုံးကောင် မင်း ဘယ်သူ့ကို သွားထိပါးမိတာလဲဆိုတာ သိလား။ မစ္စတာယဲ့က အခု ကုမ္ပဏီရှယ်ယာ၆၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ အကြီးဆုံးရှယ်ယာရှင်ကွ။ မင်း ကန်းနေတာလား။ သူ့ကိုမှ သွားစော်ကားရသလား... မင်း ရူးနေပြီလား"
•••••••••••••••••••
အပိုင်း ၃၇၇ : ဒီအစ်ကိုကြီးက မင်းကို ခေါ်သွားပေးမယ်
လုမင်ခမျာ လုကောပင်း၏ဟိန်းဟောက်သံကြောင့် ယဲ့ချန်းကို ထိတ်လန့်တကြားကြည့်လိုက်မိသည််။ သူ့မျက်နှာကား ဖြူဖျော့သွားလေသည်။
"ဥက္ကဋ္ဌလု ကျွန်တော်…"
"မင်း ဘာဖြစ်လဲ။ ငါ မင်းကို အခု တရားဝင်အသိပေးချင်တာက မင်းကို အလုပ်ထုတ်လိုက်ပြီ။ ငါပြောမယ်။ တက္ကစီကုမ္ပဏီက သူ့အတွက်တော့ ပါ့မွှားလေးပဲ။ မစ္စတာယဲ့ရဲ့နောက်ခံက မင်းထင်ထားတာထက် အများကြီးပိုသာတယ်။ မင်း မိုတုမြို့မှာ ဆက်နေချင်တယ်ဆိုရင် မစ္စတာယဲ့ကို ချက်ချင်းတောင်းပန်လိုက်။ လောင်လီ.. မင်းတော့ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကိုမှ သွားရန်စမိတာပဲ"
လီမင်၏မျက်နှာကား ခါးသက်သွားချေသည်။
"ဥက္ကဋ္ဌလု.. ကျွန်တော်လုပ်တာမဟုတ်ပါဘူး။ ကျွန်တော့်သားပါ"
ထိုအချိန်တွင် သူက သူ့ဘေးရှိ လီရှန်းကိုကြည့်ရင်း သေအောင်ပါးရိုက်ပစ်ချင်စိတ်ပေါက်နေတော့သည်။
သားဖြစ်သူက အဖေကို ဒုက္ခတွင်းထဲ တွန်းပို့လိုက်ခြင်းပင်။
သူသည် တက္ကစီကုမ္ပဏီတွင် သာမန်ရှယ်ယာရှင်တစ်ယောက်မျှသာ ဖြစ်သော်လည်း လတိုင်း အမြတ်ငွေသန်းဆယ်ဂဏန်းခန့် ရနေဆဲသာ။
ယခုမူ ဘုတ်အဖွဲ့ထဲက ကန်ထုတ်ခံလိုက်ရသဖြင့် သူ့တွင် ဘာမှမကျန်တော့ပေ။
လီရှန်းက ဒိတ်ဒိတ်ကြဲပုဂ္ဂိလ်တစ်ယောက်ကို ရန်စမိလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။
လုကောပင်းက ဆိုသည်။
"လောင်လီ.. မင်းက နှစ်ပေါင်းများစွာကြာအောင် ကုမ္ပဏီအတွက် အများကြီးအကျိုးပြုခဲ့ဖူးတဲ့အတွက် ငါ မင်းကို အကြံပေးလိုက်မယ်။ မင်းက မင့်သားကို တအားအလိုလိုက်ထားတာ။ သူ့ကို သေချာဆုံးမဖို့လိုတယ်။ ဒီတစ်ခေါက် မင်းရဲ့ရှယ်ယာတွေကို ဆုံးရှုံးလိုက်ရတယ်နော်။ နောက်တစ်ခါကျရင် မင်းအသက်ကိုတောင် ဆုံးရှုံးရနိုင်တယ်"
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားလေပြီ။ လီမင်ခမျာ ကြောင်အနေတော့သည်။
နှစ်စဉ်အမြတ်ငွေသန်းဆယ်ဂဏန်းခန့် ပြောင်သွားလေပြီ။
လီရှန်းက ပြောလိုက်၏။
"အဖေ..ဘာလို့ဒီအတိုင်းရပ်နေသေးတာလဲ။ ဒီကောင့်ကို တစ်စစီလုပ်ပစ်လိုက်တော့လေ"
လီမင်လည်း လီရှန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီးနောက် ဘာစကားတစ်ခွန်းမှမဆိုဘဲ ယဲ့ချန်းနားသို့ လျှောက်လာချေသည်။
လီမင်က ယဲ့ချန်းကို ထိုးတော့မည်ဟု လူတိုင်း ထင်ထားပါသော်ငြား တကယ်တမ်းတွင်မူ လီမင်က ယဲ့ချန်းရှေ့တွင် ဒုန်းခနဲဒူးထောက်ချလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လီမင်သည် အသက်ငါးဆယ်ကျော်ပြီဖြစ်ပြီး တက္ကစီကုမ္ပဏီတွင် ပင်မရှယ်ယာရှင်တစ်ယောက်ဖြစ်၏။ သို့သော် အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်ရှေ့တွင် ဒူးထောက်နေပေသည်။
လီရှန်း၏စိတ်အစဉ်ကား ဗလာကျင်းသွားလေသည်။
အဖေက ဘာဖြစ်နေတာလဲ.. ရူးသွားပြီလား… ယဲ့ချန်းရှေ့မှာ ဘာလို့ဒူးထောက်နေတာလဲ…
လီရှန်းက သူများ ဘာတွေးနေမလဲဆိုသည်ကို ဂရုမစိုက်ပါဘဲ ယဲ့ချန်းကို ဦးညွှတ်နေချေသည်။
"မစ္စတာယဲ့… ကျေးဇူးမသိတတ်တဲ့ ကျွန်တော့်သားက ခင်ဗျားကို စော်ကားခဲ့မိပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။ စိတ်မတိုပါနဲ့။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
ထိုအချိန်တွင် ပတ်ပတ်လည်ရှိ လူတိုင်း အံ့ဩမှင်တက်သွားကြသည်။
အစတုန်းက သားဖြစ်သူအတွက် ရပ်တည်ပေးမည့် ဖခင်ဖြစ်သူ၏ပုံရိပ်ကို မြင်ရလိမ့်မည်ဟု ထင်ထားပါသော်ငြား ဇာတ်လမ်းကား လုံးဝပြောင်းလဲသွားလေသည်။
လီရှန်း ဆင့်ခေါ်လိုက်သည့် ကြီးစိုးခြယ်လှယ်တတ်သော ဖခင်ဖြစ်သူက ယခုမူ ကြမ်းပြင်ပေါ်တွင် ယဲ့ချန်းအား ဦးညွှတ်ရင်း တောင်းပန်ခယနေချေသည်။
ဤမြင်ကွင်းကား ကြည့်ကောင်းလှပေသည်။
ယဲ့ချန်းက လီမင်ကိုကြည့်၍ ပြောလိုက်သည်။
"ခင်ဗျားသားက ကျုပ်ရဲ့ခြေထောက်ကိုရိုက်ချိုးပြီး သတ်ပစ်မယ်တဲ့"
ယဲ့ချန်း၏စကားကိုကြားသော် လီမင်၏အမူအရာကား ပြောင်းလဲသွားလေသည်။ သူက အံတင်းတင်းကြိတ်၍ မတ်တတ်ထရပ်လိုက်၏။
"မစ္စတာယဲ့..စိတ်ချပါ။ ကျွန်တော် သေချာဖြေရှင်းပေးပါ့မယ်"
လီမင်က မတ်တတ်ထရပ်၍ လီရှန်းဘက်သို့ လှည့်လိုက်သည်။
"မကောင်းတဲ့အကောင် ဒူးထောက်စမ်း"
လီရှန်းခမျာ လုံးဝကြောင်အသွားလေသည်။ အစတုန်းက သူ့အဖေသည် ယဲ့ချန်းရှေ့တွင် ဒူးထောက်ခဲ့သည်။ ယခုမူ သူ့ကိုပါ ဒူးထောက်ခိုင်းနေလေပြီ။ သူ့အဖေ ရူးများရူးသွားပြီလား....
"အဖေ သူက တက္ကစီဒရိုင်ဘာလေ။ ကျွန်တော်က ဘာလို့ သူ့ကိုဒူးထောက်ရမှာလဲ"
လီမင်က စကားတစ်ခွန်းမှ မပြောဘဲ လီရှန်း၏ခြေထောက်ကို ကန်လိုက်၏။
ဒုန်း!
လီရှန်းလည်း ဒူးထောက်လျက် ညွတ်ကျသွားသည်။
"မစ္စတာယဲ့ကို ချက်ချင်းတောင်းပန်လိုက်"
လီရှန်းခမျာ သေမတတ်ကြောက်သွားလေသည်။ သူ့အဖေက သူ့ရှေ့တွင် ယခင်က ဤမျှအထိ မကြမ်းတမ်းဖူးပေ။
အဟင့် အဟင့်!
ထင်မှတ်မထားပါဘဲ လီရှန်းတစ်ယောက် ဝမ်းပန်းတနည်းငိုကြွေးလေတော့သည်။
ယခုမူ မထိသင့်သော လူတစ်ယောက်ကို ထိပါးမိသွားကြောင်း သဘောပေါက်လိုက်သည်။
လီရှန်းက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး နောင်တတကြီး ပြောလိုက်၏။
"မစ္စတာယဲ့... ကျွန်တော်မှားသွားပါတယ်။ တောင်းပန်ပါတယ်။ ကျွန်တော် မာန်တက်မိသွားပါတယ်။ သဘောထားကြီးပြီး ခွင့်လွှတ်ပေးပါဗျ"
ယဲ့ချန်းက လီရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သော်ငြား ဘာမှပြန်မပြောပေ။
လီမင်လည်း အံတင်းတင်းကြိတ်၍ အနားရှိ လုံခြုံရေးဝန်ထမ်းတစ်ယောက်ဆီက တုတ်တစ်ချောင်း ဆွဲယူလိုက်သည်။
ထို့နောက် ထိုတုတ်ဖြင့် လီရှန်း၏ကျောကို လွှဲရိုက်ပစ်လိုက်သည်။
"ခြင်လို တဝီဝီလုပ်မနေနဲ့။ ကျယ်ကျယ်ပြောစမ်း"
လီရှန်းလည်း ဆက်ငိုကာ ဒူးထောက်ရင်း ယဲ့ချန်းကို တောင်းပန်နေတော့သည်။
လီမင်ကလည်း ယဲ့ချန်းကိုကြည့်၍ စိတ်ကိုတင်းကာ လီရှန်းအား တုတ်ဖြင့် လွှဲရိုက်လိုက်၏။
ယဲ့ချန်းကမူ လီမင်၏လုပ်ရပ်ကို အမှုမထားဟန်ဖြင့် ကြည့်လိုက်သည်။ လီမင်က သူ့သားကို တုတ်ဖြင့်ရိုက်နေသော်ငြား တကယ်အားထုတ်မသုံးကြောင်း မြင်နေရသည်။
ယဲ့ချန်း၏အကြည့်ကိုမြင်သော် လီမင်လည်း တစ်ဖက်လူ စိတ်မကျေနပ်ကြောင်း သိလိုက်သဖြင့် အသက်ပြင်းပြင်းရှူသွင်းကာ တုတ်ကို အားအပြည့်ဖြင့် လွှဲရိုက်လိုက်သည်။
ဖြောင်း!
ဤတစ်ခေါက်တွင် ဖြောင်းခနဲမြည်သံနှင့်အတူ လီရှန်း၏ခြေထောက်က ထိုရိုက်ချက်ကြောင့် ကျိုးသွားချေသည်။
ထိုအခါမှသာ စုဝမ်ယိက တိတ်တိတ်လေးဆို၏။
"ယဲ့ချန်း..တော်လိုက်ပါတော့။ ဆက်ရိုက်ခိုင်းရင် သေသွားလိမ့်မယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကောင်းပြီ။ ဝမ်ယိရဲ့တောင်းဆိုမှုကြောင့် ဒီကိစ္စကို ဒီနေရာမှာတင် ရပ်လိုက်မယ်။ ခင်ဗျားသားကို သေချာဆုံးမထား။ မိုတုမြို့မှာ ကျုပ် သူ့ကို ထပ်မမြင်ချင်ဘူး"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မစ္စတာယဲ့"
လီမင်လည်း ချွေးများကို သုတ်ဖယ်လိုက်၏။
ယဲ့ချန်းက စုဝမ်ယိနှင့်အတူ ထွက်သွားသောအခါ လီမင်လည်း သူ့သားကို ဆေးရုံသို့ ခေါ်သွားလိုက်သည်။
လီရှန်းက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။
"အဖေ ဒီလူက ဘယ်သူမို့လို့လဲ။ သူ့ကို ဘာလို့ ဒီလောက်အထိ ကြောက်နေတာလဲ"
"အရူးကောင်.. ကမ္ဘာမြေမှာ ပြဿနာရှာမဲ့အစား ကောင်းကင်ဘုံကို တက်မွှေတယ်ပေါ့။ သူက မိုတုမြို့မှာ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ကွ။ လက်ချောင်းတစ်ချက်လှုပ်လိုက်ရုံနဲ့ ငါတို့တစ်မိသားစုလုံးကို ဖျက်ဆီးနိုင်တယ်။ မင်းနားလည်လား"
ယဲ့ချန်းကမူ စုဝမ်ယိကို ဟွားအိမ်တော်သို့ ခေါ်လာခဲ့သည်။
လင်းဝမ်ယိုက ပြုံးလိုက်၏။
"ညီမဝမ်ယိ.. ရောက်လာပြီလား"
"ဟုတ် အစ်မဝမ်ယို.. ခဏနေရင် အတူဂိမ်းကစားရအောင်"
"ကောင်းပြီလေ"
ယဲ့ချန်းမှ အတန်ငယ်အံ့အားသင့်သွားလေသည်။
"မင်းတို့တွေက အတူဂိမ်းကစားနေကြတာလား"
"ဟုတ်တယ်။ အတူကစားနေကြတာ။ ရှောင်ယာနဲ့ယောင်ယောင်လည်း ပါတယ်။ ကျွန်မတို့က တစ်ဖွဲ့တည်းတွေ"
စုဝမ်ယိက ပြုံးစစဖြင့် ပြောလိုက်၏။
ယဲ့ချန်းမှာ ဆွံ့အသွားလေသည်။
"မင်းတို့ ကစားတာတောင် ကိုယ့်ကို ဘာလို့မခေါ်တာလဲ"
လင်းဝမ်ယိုက ပြောလိုက်သည်။
"သခင်လေး... မဆော့တာကောင်းမယ်နော်။ ဟိုနေ့တုန်းက ရှင်နဲ့ ကျွန်မ အတူကစားတော့ တစ်ညလုံး ရှုံးပဲရှုံးနေတာ။ ရှင်နဲ့အတူကစားရတာ တစ်ယောက်လေးယောက်ပွဲစဉ်ကို ကစားနေရသလိုပဲ"
"ဝိုး.. မင်းတို့က ကိုယ့်ကို အထင်သေးတာလား"
ယဲ့ချန်း ဒေါသထွက်သွားလေသည်။
"အချစ်.. ကျွန်မ ဂဏန်းအစပ်စားချင်တယ်"
လင်းဝမ်ယိုက ပြောလိုက်၏။
"ကိစ္စမရှိဘူး။ ကိုယ် မင်းအတွက် အခုချက်ချင်းချက်ပေးမယ်"
ယဲ့ချန်းကိုယ်တိုင် မီးဖိုချောင်ဝင်လိုက်သည်။
စုဝမ်ယိကလည်း ဖုန်းထုတ်ကာ လင်းဝမ်ယိုတို့နှင့်အတူ ဂိမ်းကစားနေလိုက်သည်။
ယဲ့ချန်း၏ဟင်းလျာက အဆင်သင့်ဖြစ်သောအခါ စုဝမ်ယိလည်း မွန်းကျပ်နေလေဟန်အမူအရာဖြင့် ဖုန်းကို ဘေးသို့ ပစ်ချလိုက်၏။
"ကျွန်မတို့ရှုံးပြန်ပြီ"
လင်းဝမ်ယိုလည်း ကူကယ်ရာမဲ့ဟန် ဖြစ်သွားလေသည်။
"ဟူး... ကျွန်မတို့အဆင့်က အရမ်းအားနည်းလွန်းနေတာကို။ စိန်အဆင့်မှာ နိုင်နိုင်စရာအကြောင်းမရှိဘူး"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"မင်းတို့ကို ကူပေးရမလား"
စုဝမ်ယိက ယဲ့ချန်းကိုကြည့်၍ ပြောလိုက်သည်။
"ရှင်လား။ ဝမ်ယိုပြောတော့ ရှင့်စကေးက ကျွန်မတို့ထက်တောင် ပိုအားနည်းတယ်တဲ့"
ယဲ့ချန်းလည်း ခပ်ညစ်ညစ်ရယ်မောလိုက်သည်။
"အဲဒီတုန်းက ကိုယ့်ရဲ့အစွမ်းအစအစစ်အမှန်ကို မသိလို့ပါ။ အရင်စားကြရအောင်။ နောက်မှ မင်းတို့ကို ဧကရာဇ်အဆင့်ကို ရအောင်ပို့ပေးမယ်"
လင်းဝမ်ယိုလည်း ရယ်မောလျက် ပြောလိုက်သည်။
"သခင်လေး... တခြားကိစ္စတွေမှာတော့ ကျွန်မတို့ ရှင့်ကို ယုံပါတယ်။ ဒါပေမဲ့ ဂိမ်းကတော့ မကစားတာပဲကောင်းမယ်..."
ယဲ့ချန်းလည်း လင်းဝမ်ယို၏နဖူးကို တောက်လိုက်သည်။
"ငတုံးမလေး... ကိုယ့်ယောကျ်ားကိုယ် အထင်သေးရဲတယ်ပေါ့။ ညစာစားပြီးရင် တကယ့်ဂိမ်းမာစတာက ဘာလဲဆိုတာ မင်းသိအောင်ပြမယ်"
သူတို့သုံးယောက် စားသောက်ပြီးနောက် ယဲ့ချန်းလည်း ပြောလိုက်၏။
"လုပ်စမ်းပါ။ မင်းတို့ကို ဒီယောကျ်ားက ကူကစားပေးပါ့မယ်"
"ဖွီး.. ရှင်ပါနေမှတော့ ကျွန်မတို့ မရှုမလှရှုံးလောက်တယ်"
စုဝမ်ယိက ပြောလိုက်၏။
လင်းဝမ်ယိုကလည်း ရယ်မောလျက် ပြောလိုက်၏။
"ကောင်းပြီလေ။ သခင်လေးနဲ့ တစ်ပွဲကစားကြတာပေါ့။ အခုတလော သူက တိတ်တိတ်လေးလေ့ကျင့်နေတာ"
"ဒါဆို ကောင်းပြီလေ။ ငါတို့ညီအစ်မတွေ သူ့ကို ကူကစားပေးလိုက်ကြရအောင်"
စုဝမ်ယိက ဆို၏။
ယဲ့ချန်း ပြုံးလိုက်မိသည်။
"ဟားဟား.. ကိုယ့်ရဲ့ဂိမ်းစွမ်းရည်နဲ့ဆိုရင် မင်းတို့ကို အဆင့်တက်အောင်လုပ်ပေးဖို့က အသာလေးပဲ"
•••••••••••••••••
အပိုင်း ၃၇၈ : နိုင်ငံ့ကိုယ်စားပြုအသင်း
ယဲ့ချန်း ဂိမ်းထဲသို့ ဝင်လိုက်သောအခါ အသင်းထဲသို့ ဖိတ်ခေါ်ခြင်းခံလိုက်ရသည်။
လင်းဝမ်ယို၊ စုဝမ်ယိ၊ စုရှောင်ယာ၊ လင်းယောင်ယောင်နှင့် ယဲ့ချန်းအပါအဝင် စုစုပေါင်းငါးယောက်အဖွဲ့ ဖွဲ့လိုက်လေသည်။
"အစ်မဝမ်ယို.. ကျွန်မတို့လေးယောက်က ငညံ့လေးတွေဆိုပေမဲ့ ကျွန်မတို့ထက် ပိုညံ့တဲ့လူကို ခေါ်လိုက်တာပဲ"
"ကြည့်ရတာတော့ ငါတို့ မရှုမလှရှုံးဦးမယ်ထင်တယ်"
"အစ်ကိုယဲ့ချန်း… ကျွန်မတို့ကို လာမနှောင့်ယှက်ဘဲ ပြိုင်ဘက်အသင်းထဲကို ဝင်လိုက်ပါ့လား"
ရှောင်ယာနှင့် ယောင်ယောင်တို့က အထင်သေးနေဟန်လုပ်ပြသည်။
ယဲ့ချန်းမှာမူ စိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။
"မင်းတို့အစ်ကိုက မင်းတို့ကို ကယ်ရီပေးမယ် ဟုတ်ပြီလား"
"ထားလိုက်တော့။ ရှင် အကူဇာတ်ကောင်တစ်ခုခုကို ရွေးလိုက်ပါ့လား"
လင်းဝမ်ယို အကြံပေးလိုက်လေသည်။
"ဟုတ်တယ်။ တိုက်ခိုက်ရမဲ့တာဝန်ကို ကျွန်မတို့ဆီ လွှဲပေးထားလိုက်။ ဒီအတိုင်းဝင်သွားတာနဲ့ ရန်သူကို ချကျွေးလိုက်သလိုဖြစ်မှာ"
စုဝမ်ယိက ဝင်ပြောလေသည်။
ယဲ့ချန်း : "…"
ငါဝင်လာတာနဲ့ ရန်သူကို ချကျွေးသလိုဖြစ်မယ်ဆိုတာက ဘာသဘောလဲ…
ယဲ့ချန်းမှာ သည်းမခံနိုင်တော့ပေ။
ငါက ဒေါသမထွက်တာနဲ့ပဲ ငါ့ကို အားနည်းတဲ့ကောင်လို့ ထင်နေတာလား…
ဒီနေ့ ငါ့အစွမ်းကို ထုတ်ပြမှဖြစ်မယ်…
ယဲ့ချန်းလည်း ဤပွဲစဉ်အတွက် အကူဇာတ်ကောင် ကျွမ်းကျိုးကို ရွေးချယ်လိုက်၏။
ပြိုင်ပွဲ စတင်လေပြီ။
ယဲ့ချန်းလည်း အထက်လမ်းသို့ ဦးတည်လာခဲ့သည်။
စုဝမ်ယိ : "ဟေး.. ကျွန်မကိုလာမရှုပ်နဲ့နော် ဟုတ်ပြီလား။ ရှင်က ကျွန်မရဲ့စီးပွားရေးကို လာရှုပ်နေတာပဲ"
ယဲ့ချန်း : "ကောင်းပြီလေ။ ဒါဆို အလယ်လမ်းကို သွားလိုက်မယ်"
ရှောင်ယာ : "အလယ်လမ်းမှာ ကျွန်မတစ်ယောက်တည်းရှိရုံနဲ့ လုံလောက်ပါတယ်"
ယဲ့ချန်းလည်း သည်းခံလိုက်သည်။
"ဒါဆို ငါ အောက်လမ်းကို သွားလိုက်မယ်"
သူ အောက်ဆင်းရန် ပြင်လိုက်ချိန်မှာပင် လင်းယောင်ယောင်က ဆိုလာလေသည်။
"ယဲ့ချန်း.. လာမရှုပ်နဲ့။ တောသွားရှင်းနေ"
ငါက ဂိမ်းကျွမ်းကျင်သူလေ.. မင်းတို့က ငါ့ကို ဒီလိုလာဆက်ဆံနေတာလား…
ယဲ့ချန်းလည်း သည်းခံထားလိုက်သည်။
ပွဲစဉ် စတင်သည့်အခါ အဖွဲ့များ စတင်တိုက်ခိုက်ကြလေတော့သည်။
ပြိုင်ဘက်များက အလွန်သန်မာလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟီးရိုးလေးကောင်လုံးမှာ သွေးလျော့သွားလေတော့သည်။
ယဲ့ချန်းလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
နောက်ဆုံးတော့ ငါ တောက်ပရမဲ့အချိန်တန်ပြီ…
အပြာရောင်ခွန်းလေးကို စီးရင် ယဲ့ချန်း ချီတက်လာခဲ့သည်။
"မိန်းကလေးတို့.. ငါ ရောက်လာပြီ"
ယဲ့ချန်းက ရန်သူ့ဘက်သို့ တည့်တည့်ချီတက်သွားလေတော့သည်။
သို့သော် ယဲ့ချန်း အစွမ်းထုတ်မသုံးရသေးခင်မှာပင် ရန်သူ့ဘက်က စက်သေနတ်လက်ချက်ဖြင့် သေသွားလေသည်။
သေစမ်း…
နမော်နမဲ့နိုင်ချက်…
အသင်းလိုက်အဖြုတ်ခံလိုက်ရပြီ…..
ယဲ့ချန်း : "…"
ဂိမ်းကျွမ်းကျင်သူက ဘယ်လိုဖြစ်သွားတာလဲ…
"စနစ်.. မင်းရဲ့ဂိမ်းကျွမ်းကျင်သူဆုက အတုကြီးထင်တယ်"
စနစ် : "ပိုင်ရှင်က ရန်သူ့စက်သေနတ်ဆီကို တိုးဝင်သွားတာလေ။ အဲဒါက ဘယ်လိုလုပ်ပြီး ကျွန်တော့်အမှားဖြစ်ရတာလဲ"
ကံကောင်းထောက်မစွာဖြင့် ခရစ္စတယ်ကျိုးတော့မည့်အချိန်မှာပင် သူတို့ တစ်ကျော့ပြန်ပြီး ခုခံနိုင်ခဲ့သည်။
"အစ်ကိုယဲ့ချန်း.. ရှင့်ကို နည်းနည်းလေးတောင် စိတ်မချရဘူးလား"
"ရှင်က ကျွန်မတို့ကို ဒီလိုကယ်ရီပေးမှာလား"
"အမလေး အချစ်ရေ.. ရှင်က ရန်သူ့ဘက်က လွှတ်လိုက်တဲ့ သူလျှိုများလား"
….
ယဲ့ချန်း အံတင်းတင်းကြိတ်လိုက်မိသည်။
"ကဲ အခု ဂိမ်းကျွမ်းကျင်သူတစ်ယောက်ရဲ့ အစွမ်းကို ကြည့်ထားကြ"
"တင်! ဂိမ်းကျွမ်းကျင်သူစွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ"
ထိုအတည်ပြုချက်နှင့်အတူ ဂိမ်းဒေတာများစွာက ယဲ့ချန်း၏စိတ်ထဲ ပေါ်ပေါက်လာသည်။
ကျွမ်းကျိုး၏ဝိသေသလက္ခဏာများနှင့် ဤဇာတ်ကောင်ကို ထိန်းချုပ်နည်းများမှာ သူ့စိတ်ထဲသို့ စီးဝင်လာချေသည်။
ယဲ့ချန်း ထိုဇာတ်ကောင်ကို ထိန်းချုပ်လိုက်ချိန်မှာ လက်ကလည်း ကျင့်သားရလာသည်။
ထို့နောက် ယဲ့ချန်းလည်း ရန်သူချန်းယောင်ကျင်းဆီသို့ ချီတက်လာခဲ့လိုက်သည်။
"အဲဒါ တန့်ခ်ကြီး… ရန်သူ့ကို ချကျွေးမနေနဲ့ဦး"
လင်းဝမ်ယိုက သတိပေးလိုက်သည်။
သို့သော် အံ့ဩမှင်တက်ဖွယ်ကောင်းသော ထိန်းချုပ်မှုဖြင့် တစ်ဖက်ရန်သူကို အိမ်ပြန်ပို့ပေးလိုက်သည်။
ထို့နောက် တာ့ကျီ ရောက်ချလာသည်။
နောက်တစ်ကြိမ်သုတ်သင်လိုက်နိုင်သည်။
မိန်းကလေးများအားလုံး ကြက်သေသေသွားလေသည်။
"ရှင် လှည့်စားထားတာတော့မဟုတ်ဘူးမလား။ ကျွန်မတို့ ဘန်းခံရလိမ့်မယ်နော်"
ခရစ္စတယ်ကိုတိုက်ခိုက်နေသော ယဲ့ချန်း : "ငါ အစွမ်းကုန်ထုတ်ပြလိုက်ပြီ။ အစတုန်းကတော့ သာမန်လူတစ်ယောက်လို နေပြချင်ပေမဲ့ အလှောင်ခံလိုက်ရလို့ ဟန်မဆောင်တော့ဘူး။ တကယ်တော့ ငါက မာစတာတစ်ယောက်ပဲ"
ယဲ့ချန်းသည် သူတို့အား တစ်ညလုံး အသာလေးဦးဆောင်ပေးခဲ့သည်။
"ရှင်က အရမ်းမိုက်တာပဲ"
"ရှင်က ဂိမ်းကစားတာ ဒီလောက်တော်မှန်း ကျွန်မ မသိခဲ့ဘူး"
"ယောကျ်ား.. နောက်ပိုင်းကျရင် ကျွန်မတို့တွေကို နိုင်ငံဆာဗာတွေထဲအထိရောက်အောင် ဦးဆောင်ပေးနော်"
ယဲ့ချန်းမှာမူ မာန်တက်နေချေသည်။
"ကိစ္စမရှိဘူး။ မင်းတို့ ဂိမ်းကစားရင် ကိုယ့်ကိုသာခေါ်လိုက်။ ကိုယ် မင်းတို့ကို ကယ်ရီပေးမယ်"
….
နောက်တစ်နေ့တွင် ဟွားနိုင်ငံ၏ Esportsအသင်းက နိုင်ငံခြားသို့ ထွက်ခွာရမည်သာ။
ရက်ပေါင်းများစွာ ပြင်ဆင်ပြီးနောက် စတားအသင်းမှာ ချန်းရှောင်နန်ကို ပင်မနေရာတွင်ထားပြီး စွန်းကျယ်ကိုမူ ထောက်ပံ့ရေးကစားသမားအဖြစ် နေရာချခဲ့သည်။
ပြည်တွင်းရှိ အပျော်တမ်းပွဲစဉ်များတွင် သူတို့ ချောချောမွေ့မွေ့အနိုင်ရခဲ့သည်။
ဟွားနိုင်ငံက နိုင်ငံတကာပြိုင်ပွဲများသို့ ဝင်ရောက်ခွင့်ရခဲ့ခြင်းအတွက် မည်သူကမှ အကောင်းမမြင်ကြပေ။
အထူးသဖြင့် ရမှတ်ကောင်းများကို ရမှသာ နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်မည်ဟု ယူဆထားကြသော ကျောင်းသားမိဘများပင်။
ဂိမ်းကစားခြင်းက နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်မည်တဲ့လား။ ဤသည်မှာ ပေါက်ကရစကားများပင်။
တကယ်တမ်းတွင် ကလေးများလည်း အလွန်ဖိအားများနေကြသည်။
သူတို့သည် ယခင်ပြိုင်ပွဲဗီဒီယိုများကို ကြည့်ထားကြသည်။ ထိုဗီဒီယိုထဲရှိ ကစားသမားများ၏ အစွမ်းမှာ အလွန်မြင့်လှချေသည်။
ထို့ပြင် သူတို့သည် နိုင်ငံတကာကစားသမားများနှင့် ရင်မဆိုင်ဖူးပေ။ သူတို့ အောင်မြင်အောင်လုပ်နိုင်ပါ့မလားဆိုသည်ကို မသိရပေ။
…..
လေဆိပ်တွင် ယဲ့ချန်းက အသင်းသားများကို ပြုံးလျက် ပြောလိုက်၏။
"စိတ်မလှုပ်ရှားနဲ့။ မင်းတို့ရဲ့အစွမ်းအစကိုသာ ထုတ်ပြလိုက်"
လူတိုင်းက အနီရောင်အသင်းယူနီဖောင်းများကို ဝတ်ဆင်ထားပြီး ဟွားနိုင်ငံအလံကိုလည်း ရင်ဘတ်ပေါ်တွင် လိုဂိုအဖြစ် ရိုက်နှိပ်ထားသည်။
လေဆိပ်တွင် သူတို့ကို အားပေးနေသော ပရိသတ်များကို မြင်လိုက်ရ၏။
ပရိသတ်များက ဆိုင်းဘုတ်များကို ကိုင်ထားကြသည်။
"ဟွားနိုင်ငံEsportsအသင်း ကြိုးစားထား"
"မင်းတို့တွေ နိုင်ပွဲနဲ့အတူ ပြန်လာမှာကို စောင့်နေမယ်"
"နိုင်ငံ့အတွက် ဂုဏ်ဆောင်ခဲ့ကြ။ ငါတို့ အမာခံအားပေးနေမယ်"
ထိုပရိသတ်များကို မြင်သောအခါ အသင်းသားများအားလုံး တက်ကြွကုန်ကြသည်။
ထိုအချိန်တွင် သူတို့သည် ဂိမ်းကစားနေရုံသက်သက်မဟုတ်ပါဘဲ နိုင်ငံကို ကိုယ်စားပြု၍ ဟွားနိုင်ငံ၏Esportsမျှော်လင့်ချက်ကို ပုံဖော်ရင်း တိုက်ပွဲတစ်ခု ဆင်နွှဲနေကြကြောင်း သဘောပေါက်လိုက်သည်။
ဤတစ်ခေါက်တွင် သူတို့၏ရလဒ်က အလွန်အရေးကြီးသည်။
အကယ်၍ ရလဒ်ကောင်းပါက ဟွားနိုင်ငံ၏ Esportsဖွံ့ဖြိုးတိုးတက်မှုကလည်း သိသိသာသာ မြင့်တက်သွားပေလိမ့်မည်။
အကယ်၍ ရလဒ်မကောင်းခဲ့ပါက ဝေဖန်မှုများကို ခံရလိမ့်မည်။
ထို့ကြောင့် ဤပြိုင်ပွဲတွင် ဟွားနိုင်ငံEsportsအသင်း ရှုံး၍မဖြစ်ပေ။
ပရိသတ်များ၏ မျှော်လင့်တောင့်တနေသော မျက်ဝန်းများကို မြင်သောအခါ သူတို့ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။
သူတို့က စာညံ့သူများဖြစ်သဖြင့် မည်သူကမှ သူတို့အား အထင်ကြီးမျှော်လင့်ဖူးခြင်း မရှိပေ။
ယခုမူ ပထမဆုံးအကြိမ်အဖြစ် အထင်ကြီးခံနေရသဖြင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။
ချန်းရှောင်နန်မှာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"အားလုံးပဲ… အဆင့်တက်အောင် ကြိုးစားကြပါ။ အဲဒါမှ ဒီပရိသတ်တွေ စိတ်မပျက်မှာ။ ငါတို့ရဲ့အိပ်မက်တွေကို မကျရှုံးစေနဲ့"
"ဟွားနိုင်ငံအသင်း နိုင်ရမယ်"
အသင်းသားများ၏ ဟိန်းထွက်နေသော အသံများက လေဆိပ်တစ်ခွင် ပျံ့နှံ့သွားသည်။
အသင်း၏တက်ကြွမှုကို မြင်လိုက်ရသဖြင့် ယဲ့ချန်းလည်း ကျေနပ်အားရစွာ ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။
ဤအသင်းသားများက သူ့ကို စိတ်ပျက်ရအောင်မလုပ်ဘူးဟု သူ ယုံကြည်ထားသည်။
ဤတစ်ခေါက်တွင် ယဲ့ချန်းကိုယ်တိုင် အသင်းကို ဦးဆောင်ခဲ့သည်။
လေယာဉ်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ပြိုင်ပွဲခန်းမဆီသို့ ဦးတည်သွားသည်။
သုံးနာရီကြာပြီးနောက် လေယာဉ်လည်း တဖြည်းဖြည်းဆင်းသက်လေတော့သည်။
ထို့နောက် သူတို့လည်း ဘတ်စ်ကားစီး၍ ပြိုင်ပွဲကျင်းပရာဟိုတယ်သို့ ရောက်လာခဲ့သည်။
ထိုနေရာကား ပွဲစီစဉ်သူများ စီစဉ်ပေးထားသော ဟိုတယ်ပင်။
ယဲ့ချန်းက ရှေ့တိုး၍ ဝန်ထမ်းများကို ပြိုင်ပွဲဝင်ခွင့်အထောက်အထားများကို ပြလိုက်သည်။
"မင်္ဂလာပါ။ ကျွန်တော်တို့က ကမ္ဘာ့Esportsချန်ပီယံပွဲမှာ ဝင်ပြိုင်မဲ့ ဟွားနိုင်ငံအသင်းပါ"
"ဟွားနိုင်ငံလား။ ဟွားနိုင်ငံမှာ Esportsရှိလို့လား"
ဝန်ထမ်းနှစ်ယောက်မှာ အံ့အားသင့်သွားလေသည်။
ကမ္ဘာ့Esportsချန်ပီယံပွဲမှာ နှစ်စဉ်ကျင်းပသော်ငြား ဟွားနိုင်ငံကတော့ ဘယ်တုန်းကမှ ဝင်မပြိုင်ခဲ့ဖူးချေ။
ဤတစ်ခေါက်တွင် ဟွားနိုင်ငံရှိ အသင်းလေးသင်းက တစ်ပြိုင်တည်းစာရင်းသွင်းခဲ့သဖြင့် သူတို့ အလွန်အံ့ဩသွားရသည်။
သူတို့အမြင်တွင် ဟွားလူမျိုးများ၏ ဂိမ်းကစားသည့် စွမ်းရည်က အလွန်နိမ့်ပါးလွန်းသည်။
ပြိုင်ပွဲဝင်ခွင့်အထောက်အထားများကို မြင်သောအခါ ဝန်ထမ်းများက ပြုံးလိုက်သည်။
"ကမ္ဘာ့Esportsချန်ပီယံပြိုင်ပွဲက ကြိုဆိုပါတယ်။ အောင်မြင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်"
ယဲ့ချန်းလည်း လုပ်ထုံးလုပ်နည်းများကို လက်စသတ်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
ဝန်ထမ်းတစ်ယောက်က ကိုရီးယားစကားဖြင့် လှောင်ပြောင်လိုက်သည်။
"ဟွားလူမျိုးတွေက ဂိမ်းရောကစားတတ်လို့လား။ အုပ်စုလိုက်အဆင့်မှာတင် ပြုတ်မှာသေချာတယ်"
"ဟားဟား… ဒီတစ်ခေါက် စာရင်းသွင်းခက နည်းတာမဟုတ်ဘူး။ ပိုက်ဆံလာလှူတဲ့လူတွေရှိတာ မကောင်းဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသင်းလေးသင်းက ပထမပွဲစဉ်မှာတင် ပြုတ်သွားမှာပဲကို"
ယဲ့ချန်းက ကိုရီးယားစကားနားလည်ကြောင်း သူတို့ မသိပေ။ ယဲ့ချန်းကတော့ သူတို့စကားကို ကောင်းကောင်းကြားလိုက်သည်။
ဟွားနိုင်ငံကစားသမားတွေကို အထင်သေးတာလား…
ယဲ့ချန်း၏နှုတ်ခမ်းကား အထက်သို့ တွန့်ကွေးသွားလေသည်။
ဤကလေးများက ကမ္ဘာကြီးကို တုန်လှုပ်သွားအောင်လုပ်နိုင်ကြောင်း သူ ယုံကြည်သည်။