← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အပိုင်း ၃၇၉ : နိုင်ငံတကာအာရုံစိုက်မှု

ယဲ့ချန်းက အသင်းသားများကို ပြိုင်ပွဲခန်းမဆီသို့ ဦးဆောင်၍ ခေါ်သွားလိုက်၏။

ပြိုင်ပွဲကို လူအယောက်သုံးထောင်ကျော်ဆံ့သော ခန်းမတစ်ခုတွင် ကျင်းပပေသည်။

ခန်းမထဲရှိ ကိရိယာများမှာ အလွန်ရိုးရှင်းလှသည်။

ကမ္ဘာတစ်ဝှမ်းတွင် Esportsမှာ အခြားအားကစားများလောက် အာရုံစိုက်မခံရချေ။

ထို့ကြောင့် ကြည့်ရှုသူများလည်း သိပ်မများလှပေ။

တစ်နှစ်လျှင် လူအယောက်သုံးထောင်ဆံ့သော ခန်းမအတွက် လက်မှတ်တစ်ဝက် ရောင်းရလျှင်ပင် အခြေအနေအလွန်ကောင်းနေပြီဖြစ်၏။

ယဲ့ချန်းလည်း အသင်းသားများကို ဟိုတယ်သို့ ခေါ်သွားလိုက်၏။

ထို့နောက် ပြိုင်ပွဲစည်းမျဉ်းများကို ကစားသမားများအား ရှင်းပြလိုက်သည်။

ဟွားနိုင်ငံအသင်းက အစည်းအဝေးခန်းမထဲသို့ ရောက်သွားသောအခါ အခြားနိုင်ငံရှိ ကစားသမားများက ချက်ချင်းဆိုသလို အကြိတ်အနယ်ဆွေးနွေးကြလေတော့သည်။

"ဒီနှစ် ဟွားနိုင်ငံက အသင်းတစ်သင်း လွှတ်ထားတာလား"

"ဟားဟား.. ဟွားနိုင်ငံမှာ Esportsအသင်းရှိတာလား။ ဒီအသင်းတွေကို တက္ကသိုလ်ကျောင်းသားတွေ ဖွဲ့ထားတာလို့ ကြားတယ်"

"ဒီလိုအစုတ်အပြတ်အသင်းတွေက ကမ္ဘာ့Esportsချန်ပီယံပွဲမှာ ပြိုင်နိုင်တယ်ပေါ့။ ဟာသပဲ"

…..

ဤကစားသမားများမှာ မတူညီသော ဘာသာစကားများကို ပြောကြသော်ငြား သူတို့မျက်လုံးထဲတွင်မူ အထင်သေးစက်ဆုပ်မှုများဖြင့် ပြည့်နှက်နေသည်။

ဟွားနိုင်ငံကစားသမားများမှာ ထိုအကြည့်များကို မြင်လိုက်ရသည်နှင့် ဒေါသထွက်ကုန်ကြသည်။

ယဲ့ချန်းကလည်း အသင်းသားများ၏ အမူအရာကို သတိထားမိသဖြင့် တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။

"သူတို့က မင်းတို့ကို အထင်သေးတာဆိုရင် မင်းတို့ကလည်း သူတို့ကို ခပ်နာနာလေး ရိုက်ချပေးလိုက်။ အဲဒါမှ မင်းတို့ကို လေးစားသွားမှာ"

ယဲ့ချန်း၏စကားကို ကြားသောအခါ အသင်းသားများလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

အမှန်ပင်။ အခုအချိန်တွင် ဘယ်စကားကမှ အရာမရောက်ပေ။ ပြိုင်ပွဲမှာသာ သူတို့၏ဂုဏ်သိက္ခာကို အဖတ်ဆည်နိုင်ပေမည်။

ဤပြိုင်ပွဲတွင် စုစုပေါင်း ခြောက်ဆယ့်လေးသင်း ပါဝင်ပြီး ထိုအထဲတွင် ဟွားနိုင်ငံအသင်းက လေးသင်းရှိသည်။

အသင်းများကို အုပ်စုရှစ်စု ခွဲထားပြီး အုပ်စုတစ်စုစီတွင် ရှစ်သင်းစီပါဝင်ကာ အုပ်စုတွင်းရှိ ထိပ်ဆုံးနှစ်သင်းကသာ နောက်ဆုံးရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်၏။

ပြိုင်ပွဲဝင်အသင်းများမှာ ကမ္ဘာအနှံ့မှ လာကြခြင်းဖြစ်ရာ သူတို့၏ကျွမ်းကျင်မှုအဆင့်အတန်းမှာ သိသိသာသာ ကွာခြားလှသည်။

တော်သောအသင်းက အလွန်တော်သလို ညံ့သောအသင်းကလည်း အလွန်ညံ့သည်။

Esportsလောကက ကမ္ဘာပေါ်တွင် စတင်ရုံသာ ရှိသေးသဖြင့် အသင်းပေါင်းများစွာ မဖွဲ့စည်းနိုင်သေးပေ။

ဤချန်ပီယံပြိုင်ပွဲကို စာရင်းပေးရုံမျှဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်သောကြောင့် ယဲ့ချန်းအနေနှင့် အသင်းလေးသင်းကို လွယ်လွယ်ကူကူ ဝင်ပြိုင်ခိုင်းနိုင်ခဲ့သည်။

သို့သော် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ရန်မှာမူ စစ်မှန်သော အရည်အချင်းရှိမှသာ ဖြစ်နိုင်လိမ့်မည်။

အကြို​ပွဲစဉ်များ စတင်ခဲ့ပြီး အသင်းတစ်သင်းစီက ပြိုင်ဘက်တစ်သင်းနှင့် တစ်ကြိမ်သာ ယှဉ်ပြိုင်ရမည်ဖြစ်၏။ နိုင်လျှင် တစ်မှတ်ရပြီး ရှုံးလျှင် အမှတ်မရပေ။ အမှတ်အများဆုံး ထိပ်ဆုံးနှစ်သင်းကသာ နောက်ဆုံးအဆင့်သို့ တက်ရမည်ဖြစ်၏။

မိမိတို့အုပ်စုထဲတွင် ဟွာနိုင်ငံအသင်းများ ပါဝင်နေကြောင်း တွေ့ရသောအခါ အခြားနိုင်ငံရှိ ကစားသမားများက လှောင်ပြုံးပြုံး၍ ကြည့်နေကြသည်။

သူတို့အမြင်တွင် ဟွာနိုင်ငံအသင်းများက သူတို့ကို အလကားအမှတ်ပေးမည့် အသင်းများသာ ဖြစ်၏။

ထိုအထင်သေးမှုများကို ရင်ဆိုင်ရသည့်အခါ ဟွားနိုင်ငံကစားသမားများမှာ ဒေါသကို ထိန်းထားလိုက်ကြသည်။

သူတို့သည် စစ်မြေပြင်ထဲတွင် သူတို့၏အရည်အချင်းနှင့် ဟွားနိုင်ငံ၏ Esportsအဆင့်အတန်းကို သက်သေပြချင်နေကြသည်။

ပြိုင်ပွဲကား စတင်လေပြီ။

ဟွားနိုင်ငံအသင်းလေးသင်းစလုံးက ပြိုင်ပွဲကို တစ်ပြိုင်တည်း စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

အသင်းလေးသင်းစလုံး၏ နည်းပြချုပ်ဖြစ်သည့် ယဲ့ချန်းက ဖန်သားပြင်ရှေ့တွင် ရပ်ကြည့်နေသည်။

ပထမပွဲစဉ်တွင် ဟွာနိုင်ငံအသင်းများနှင့် တွေ့ဆုံရသည့် ပြိုင်ဘက်များမှ သိပ်မကြမ်းလှပေ။

ထို့ပြင် ထိုပြိုင်ဘက်များမှာ ဟွားနိုင်ငံအသင်းများကို အထင်သေးဟန်ပြုပြီး သူတို့နှင့်ယှဉ်ပြိုင်ရန် အရည်အချင်းမရှိဘူးဟု ယူဆထားကြသည်။

ပြိုင်ပွဲစသည်နှင့် ထိုကစားသမားများအားလုံး ဆွံ့အသွားကြရသည်။

ဟွားနိုင်ငံအသင်းများ၏ ပြင်းထန်လှသော ထိုးစစ်ဆင်မှုများအောက်တွင် သူတို့ခမျာ ဘာမှမလုပ်နိုင်လိုက်ဘဲ အရှုံးပေးခဲ့ရသည်။

ပထမပွဲစဉ်တွင် ဟွားနိုင်ငံအသင်းလေးသင်းစလုံး အနိုင်ရရှိခဲ့သည်။

ဤရလဒ်ကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ကမ္ဘာ့Esportsချန်ပီယံပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်သည့် ဟွားနိုင်ငံအသင်းများက ဤမျှပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်မျိုး ရှိလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ပေ။

ထို့ပြင် ဟွားနိုင်ငံအသင်းများ အနိုင်ပိုင်းသွားပုံမှာ ပြိုင်ဘက်ကို အပြတ်အသတ်ဖိနှိပ်ပြီး အနိုင်ယူခဲ့ခြင်းပင်။

ဤပြိုင်ပွဲကို ဟွားနိုင်ငံ၏ မောင့်ယာပလက်ဖောင်းပေါ်တွင်လည်း တိုက်ရိုက်ထုတ်လွှင့်နေသည်။

ပထမပွဲစဉ်၏ အခြေအနေကို မြင်လိုက်ရသောအခါ ဟွားနိုင်ငံရှိ Esportsပရိသတ်များအားလုံး အလွန်စိတ်လှုပ်ရှားသွားကြသည်။

"ဟွားနိုင်ငံအသင်းတွေက လန်းတယ်ဟေ့"

"ဟားဟား... အဲဒီနိုင်ငံခြားသားတွေ ငါတို့အသင်းကို အထင်သေးချင်ဦးလေ"

"အခု ဟွားနိုင်ငံသားတွေ ဂိမ်းမဆော့တတ်ဘူးလို့ပြောတဲ့ကောင်တွေ မှတ်ပြီလား"

ပထမပွဲစဉ် ပြီးဆုံးသွားသောအခါ ကစားသမားများအားလုံး ပျော်ရွှင်နေကြသည်။

ယဲ့ချန်းကလည်း သူတို့၏ စိတ်အခြေအနေကို နားလည်သည်။ သူတို့က သူတို့၏စွမ်းဆောင်ရည်ကို ထုတ်ပြချင်နေကြခြင်းသာ။

အမှန်စင်စစ်တွင်မူ ပြိုင်ပွဲဟူသည်မှာ တစ်ပွဲချင်းစီကို အာရုံတစိုက်ကစားရမည်ဖြစ်လေရာ သူတို့၏အစွမ်းအစကို စောစောစီးစီးထုတ်ပြလိုက်ခြင်းက မကောင်းလှပေ။

သို့သော် ယဲ့ချန်းက သူတို့ကို မတားမြစ်ခဲ့ချေ။

အသင်းသားများကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေရန် ဤကဲ့သို့ ပေါ်ပေါ်ထင်ထင်နေစေချင်သည်။

Esportsတွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းမှာ အလွန်အရေးကြီးလှသည်။

ပထမပွဲစဉ်တွင် မောင့်ယာပလက်ဖောင်း၏ အွန်လိုင်းကြည့်ရှုသူဦးရေမှာ သုံးသန်းအထိ ရောက်သွားခဲ့သည်။

ဤစံချိန်မှာ အလွန် အထင်ကြီးချင်စရာ ကောင်းလှသည်။

ဟွားနိုင်ငံအသင်းများ ဆက်တိုက်နိုင်နေသရွေ့ ဤပမာဏမှာ ဆက်လက်မြင့်တက်နေမည်ဟု ယဲ့ချန်း ယုံကြည်ထားသည်။

အမှန်တကယ်ပင် ဟွားနိုင်ငံအသင်းများအားလုံး ပထမပွဲစဉ်တွင် အနိုင်ရခဲ့ပြီးနောက် ဒုတိယပွဲစဉ်ကို ကြည့်ရှုရန်အတွက် Esportsပရိသတ်များစွာ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်လာကြသည်။

ဒုတိယပွဲစဉ် စတင်သောအခါ အွန်လိုင်းအသုံးပြုသူများမှာ အချင်းချင်း ဆွေးနွေးငြင်းခုံနေကြသည်။

"ဟွားနိုင်ငံအသင်းတွေက တကယ်ပဲ ပထမပွဲစဉ်မှာ အကုန်နိုင်ခဲ့တာလား"

"ဒါပေါ့... ငါကိုယ်တိုင် တိုက်ရိုက်ထုတ်လွှင့်မှကို ကြည့်နေတာ။ ငါတို့ဟွားနိုင်ငံအသင်းတွေက ပြိုင်ဘက်တွေကို အပြတ်အသတ်အနိုင်ယူပစ်ခဲ့တာကွ"

"မိုက်လိုက်တာ... နိုင်ငံခြားEsportsအသင်းတွေက ဘာမှမဟုတ်ပါလား"

ဒုတိယပွဲစဉ်များ စတင်လေပြီ။

ဤပွဲစဉ်တွင်မူ ဟန်တက္ကသိုလ်နှင့် ကျယ်ကျန်းတက္ကသိုလ်အသင်းများမှာ ခက်ခဲသော ပြိုင်ဘက်များနှင့် တွေ့ဆုံခဲ့ရသည်။

ဟန်တက္ကသိုလ်နှင့် ကျယ်ကျန်းတက္ကသိုလ်တို့လည်း အမေရိကန်နှင့် ဂျပန်အသင်းများကို အသီးသီးရှုံးနိမ့်ခဲ့သည်။

သို့သော်လည်း စတားတက္ကသိုလ်အသင်းမှာမူ အိမ်ရှင်ဖြစ်သည့်အတွက် တစ်ပန်းသာနေသော ကိုရီးယားအသင်းကို အနိုင်ယူလိုက်သဖြင့် ဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့သည်။

ယခင်ချန်ပီယံပြိုင်ပွဲများတွင် ကိုရီးယားအသင်းက တတိယဆုရရှိထားသည့် အသင်းပင်။

ကျိုတိုတက္ကသိုလ်ကိုယ်စားပြုအသင်းမှာမူ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးစက္ကန့်မှသာ ကပ်ပြီးအနိုင်ရရှိခဲ့သည်။

ဒုတိယပွဲစဉ် ပြီးဆုံးသွားသောအခါ ကမ္ဘာ့အဆင့်ပြိုင်ပွဲ၏ ခက်ခဲကြမ်းတမ်းမှုကို လူတိုင်း သတိပြုမိကုန်ကြသည်။

တစ်နေ့တာ ပြိုင်ပွဲများအပြီးတွင် အုပ်စုအဆင့်ပွဲစဉ်များ ပြီးဆုံးသွားခဲ့သည်။

ဟွားနိုင်ငံအသင်းလေးသင်းစလုံးလည်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ထိုအထဲတွင် စတားတက္ကသိုလ်အသင်းနှင့် ကျိုတိုတက္ကသိုလ်အသင်းတို့က အုပ်စုပထမနေရာသို့ တက်ရောက်နိုင်ခဲ့ပြီး ဟန်တက္ကသိုလ်နှင့် ကျယ်ကျန်းတက္ကသိုလ်တို့မှာမူ အုပ်စုဒုတိယနေရာဖြင့် တက်ရောက်နိုင်ခဲ့သည်။

အသင်းလေးသင်းစလုံး နောက်တစ်ဆင့်တက်သွားခြင်းမှာ Esportsလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။

"ဟွားနိုင်ငံမှာ ဒီလောက်တော်တဲ့ ကစားသမားတွေ ရှိလိမ့်မယ်လို့ မထင်ထားဘူး"

အုပ်စုအဆင့်ပွဲစဉ်များ ပြီးဆုံးသွားသည့်နောက် အသင်းအားလုံး၏ အချက်အလက်များကို စုဆောင်းခဲ့သည်။

ထိုအချက်အလက်များကို ယဲ့ချန်း၏ ညွှန်ကြားချက်အရ လင်းရှစ်ယင်နှင့် လီယန်တို့က ပြုစုခဲ့ခြင်းပင်။

ထိုအချက်အလက်များကို အသင်းလေးသင်းထံ ပေးအပ်လိုက်သောအခါ ကစားသမားများမှာ အံ့အားသင့်သွားကြသည်။

"ကျောင်းအုပ်ယဲ့... ခင်ဗျားက အရမ်းပရော်ဖက်ရှင်နယ်ဆန်လွန်းတယ်"

ယဲ့ချန်းက ရယ်မောရင်း ပြောလိုက်သည်။

"ငါတို့က ပြိုင်ပွဲဝင်နေတာဆိုတော့ ပရော်ဖက်ရှင်နယ်နည်းလမ်းတွေကို သုံးရမယ်လေ။ ပွဲမတိုင်ခင် ပြိုင်ဘက်ကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ပွဲအပြီး ပြန်လည်သုံးသပ်တာက မရှိမဖြစ် လိုအပ်တယ်"

ယဲ့ချန်းပေးထားသည့် အချက်အလက်များကြောင့် ဤအသင်းများလည်း နောက်လာမည့် ပွဲစဉ်များအတွက် ယုံကြည်မှုပိုရှိလာကြသည်။

သို့သော် နောက်တစ်ဆင့်ကစပြီး သုံးပွဲကစား နှစ်ပွဲနိုင်စနစ်ဖြင့် ယှဉ်ပြိုင်ရမည့် ရက်စက်ကြမ်းတမ်းလှသော ရှုံးထွက်အဆင့်ပင်။

ရှုံးထွက်ပွဲစဉ်၏ ဒုတိယမြောက်နေ့တွင် ဟွားနိုင်ငံကစားသမားများမှာ ကွင်းထဲ၌ သူတို့နိုင်ငံအလံများကို တွေ့လိုက်ရသဖြင့် အံ့သြသွားကြသည်။

အလံများကို မြင်လိုက်ရသောအခါ ကစားသမားများ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။

"ဟွားနိုင်ငံအသင်း... ကြိုးစားထား"

"မင်းတို့က အတော်ဆုံးပဲ"

ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ဟွားနိုင်ငံကျောင်းသားများမှာ ဟွားနိုင်ငံအသင်းများ ပြိုင်ပွဲဝင်နေသည်ကို သိသွားကြသဖြင့် လာရောက်အားပေးကြခြင်းပင်။

မောင့်ယာတိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူအရေအတွက်ကား ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆယ်သန်းအထိ ရောက်သွားခဲ့သည်။

ဤသည်မှာ မောင့်ယာကွန်ရက်၏ တိုက်ရိုက်ထုတ်လွှင့်မှုသမိုင်းတွင် စံချိန်သစ်တစ်ခု ဖြစ်လာခဲ့သည်။

ပြိုင်ပွဲစတင်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ဧရိယာတွင် အသင်းသားများအတွက် အားပေးစကားများဖြင့် ပြည့်နှက်နေတော့သည်။

ယဲ့ချန်းမှာ ထိုမှတ်ချက်များကို ပိတ်ထားလိုက်ရသည်။ သို့မဟုတ်ပါက စာတန်းများကြောင့် ပြိုင်ပွဲကို မြင်ရတော့မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ကစားသမားကျောင်းသားများ၏ မိဘများကလည်း ကွန်ပျူတာရှေ့တွင်ထိုင်ကာ မောင့်ယာတိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် သူတို့သားသမီးများ၏ ပွဲစဉ်များကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြလေတော့သည်။

•••••••••••••••

အပိုင်း ၃၈၀ : ပြိုင်ဘက်ကိုငိုအောင်လုပ်ခြင်း

ကျိုတိုမြို့ရှိ ကွန်ပျူတာတစ်လုံးရှေ့တွင် သက်လတ်ပိုင်းအရွယ်စုံတွဲတစ်တွဲ အတူထိုင်နေကြသည်။

သူတို့မှာ စွန်းကျယ်၏ မိဘများပင်။

"ယောကျ်ား မြင်လိုက်လား။ အဲဒါ ကျွန်မတို့သားလေ"

"ဟုတ်တယ်။ ကြည့်ဦး... ငါတို့သားက တော်တော်လူကြိုက်များပုံရတယ်။ ပွဲကြည့်စင်ပေါ်က လူတွေအများကြီးက သူ့နာမည်ကို အော်နေကြတာ"

မေမေစွန်းခမျာ ဝမ်းသာမျက်ရည်များပင် ကျနေချေသည်။

သားဖြစ်သူက အလယ်တန်းကျောင်းသားဘဝကတည်းက ဂိမ်းဆော့ခြင်းကို အလွန်ဝါသနာထုံခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ သူတို့ဇနီးမောင်နှံနှစ်ယောက် အကြီးအကျယ် စိုးရိမ်ခဲ့ဖူးသည်။

စွန်းကျယ်ကို ရိုက်လည်းရိုက်ဖူးသည်။ ဆူလည်းဆူဖူးသော်လည်း ဘာမှထူးမလာခဲ့ပေ။

သူတို့သားလေး၏ဘဝတော့ ပျက်စီးသွားပြီဟုပင် သူတို့ ထင်ခဲ့ကြသည်။

သို့သော် စတားတက္ကသိုလ်သို့ ရောက်သွားပြီးနောက် သားဖြစ်သူက လုံးဝပြောင်းလဲသွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

ယခင်က စွန်းကျယ်မှာ ငတုံးတစ်ယောက်အလား ငူငူငေါင်ငေါင်ဖြစ်နေခဲ့သည်။

သို့သော် ယခုမူ စွန်းကျယ်မှာ ဖျတ်လတ်တက်ကြွလာရုံသာမက မျက်လုံးထဲတွင်လည်း ယုံကြည်မှုများ ပြည့်နှက်နေပြီး ယခင်ကနှင့် လုံးဝမတူတော့ပေ။

စွန်းကျယ်ကို စတားတက္ကသိုလ်သို့ ပို့လိုက်ရခြင်းအတွက် သူတို့ အမှန်တကယ် ကျေးဇူးတင်နေမိသည်။

အကယ်၍ စွန်းကျယ်သာ တက္ကသိုလ်မတက်ရဘဲ အိမ်ထဲမှာသာ ပိတ်မိနေခဲ့ပါက သူ့ဘဝလည်း ပျက်စီးသွားနိုင်ပေသည်။

စတားတက္ကသိုလ်နှင့် ယဲ့ချန်းက သူတို့၏သားလေးကို ကယ်တင်ခဲ့ခြင်းပင်။

ယခုအချိန်တွင် သူတို့ ယဲ့ချန်းနှင့် စတားတက္ကသိုလ်ကို အလွန်ကျေးဇူးတင်နေကြသည်။

သူတို့သားလေးက ဤမျှအထိ အောင်မြင်ပြီး ကမ္ဘာ့စင်မြင့်ထက်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု သူတို့မတွေးခဲ့ဖူးပေ။

အထူးသဖြင့် ပြိုင်ပွဲတွင် အာရုံစိုက်နေသော သားဖြစ်သူ၏ပုံစံမှာ အလွန်ခန့်ညားလှသည်။

မေမေစွန်းခမျာ မျက်ရည်မထိန်းနိုင်တော့ပေ။

"လောင်စွန်း... ကျွန်မတို့သားက အသုံးမကျတဲ့လူ မဟုတ်ဘူး။ ရှင်မြင်လား။ သူက ဟွားနိုင်ငံကို ကိုယ်စားပြုပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ဝင်ပြိုင်နေတာ"

"ဟုတ်တယ်... ငါတို့သားက အရမ်းတော်တာပဲ။ ငါတို့ စတားတက္ကသိုလ်ကို ဂုဏ်ပြုဆိုင်းဘုတ်လေးတစ်ခုလောက် ပို့ပေးရမယ်"

ဖေဖေစွန်းလည်း အလွန်စိတ်လှုပ်ရှားသွားသည်။

ဘယ်ဖခင်မဆို မိမိသားသမီးကို အောင်မြင်စေချင်ကြသည်မဟုတ်လော။

ယခုမူ သူတို့၏သားက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်၏။

ဤအရာအားလုံးမှာ စတားတက္ကသိုလ်နှင့် သူတို့၏ကျေးဇူးရှင် ယဲ့ချန်းကြောင့်ပင်။

အဆင့်ဆယ့်ခြောက်ရှုံးထွက်ပွဲစဉ်များ စတင်ခဲ့လေပြီ။

ဤအသင်းများအားလုံးက အုပ်စုအဆင့်မှ တက်လာသူများဖြစ်ကြသဖြင့် သူတို့၏စွမ်းဆောင်ရည်ကို လျှော့တွက်၍မရပေ။

အထူးသဖြင့် ဟွားနိုင်ငံအသင်းလေးသင်းစလုံး နောက်ဆုံးအဆင့်သို့ တက်ရောက်သွားနိုင်ခြင်းမှာ လူတိုင်း မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

ပွဲစဉ်ကား စတင်တော့မည်ဖြစ်၏။ စတားအသင်းက YDအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်၏။

ဤအသင်းသည် ယခင်နှစ်က ကွာတားဖိုင်နယ်အထိ တက်ခဲ့ဖူးသူများဖြစ်ပြီး ယခုနှစ်တွင်လည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းရန် ရည်မှန်းထားသည်ဟု သိရသည်။

ပွဲမစခင် နှစ်ဖက်အသင်းရှိ အသင်းသားများမှာ ဂိမ်းကစားရာတွင် အသုံးပြုမည့် ပစ္စည်းများကို စမ်းသပ်နေကြသည်။

ကီးဘုတ်ကလွဲ၍ ကျန်ပစ္စည်းများကို ပြိုင်ပွဲကျင်းပသူများက စီစဉ်ပေးထားသည်။

စတားအသင်းသားများ ယူလာသည့် ကီးဘုတ်များကို မြင်သောအခါ YDအသင်းသားများမှာ မနာလိုဖြစ်သွားကြသည်။

"ဟွားနိုင်ငံအသင်းရဲ့ကီးဘုတ်တွေက အလန်းစားတွေဟ"

"ဝိုး.. ဒါက ကမ္ဘာကျော်Esportsအမှတ်တံဆိပ် မဟုတ်ဘူးလား"

"သေစမ်း.. မိုက်လိုက်တာကွာ"

"ဒီလိုအဆင့်မရှိတဲ့အသင်းက ဒီလောက်ကောင်းတဲ့ ကီးဘုတ်တွေကို သုံးနေတာ နှမြောစရာပဲ"

အသင်းနှစ်သင်းစလုံး ဂိမ်းထဲသို့ ဝင်လာခဲ့ကြပြီး ချန်းရှောင်နန်၊ စွန်းကျယ်နှင့် အခြားလူများမှာ ဂိမ်းအပြင်အဆင်များကို စတင်ချိန်ညှိကြတော့သည်။

ထိုအချိန်တွင် YDအသင်းက စာတစ်စောင်ပို့လာလေသည်။

ထိုစာမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားခြင်းပင်။

စွန်းကျယ်တို့တစ်သိုက်က စာညံ့သူများဖြစ်သဖြင့် အင်္ဂလိပ်စာကို နားမလည်ကြသော်လည်း မိုတုတက္ကသိုလ်မှ ဘွဲ့ရထားသည့် ချန်းရှောင်နန်မှာမူ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့်၆ ရရှိထားပေသည်။

"ကြောက်လို့တုန်နေလိုက်ကြတော့... ဟွားနိုင်ငံက ဝက်တွေ"

"ငါတို့ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ပြပေးမယ်"

"ဟားဟား... ဟွားနိုင်ငံသားတွေ ဂိမ်းဆော့တယ်ဆိုတာကြီးက ဟာသကြီးပါ"

ထိုကဲ့သို့သော အရှက်ခွဲစော်ကားသည့် စကားများကို မြင်ရသောအခါ ချန်းရှောင်နန် မျက်နှာပျက်သွားချေသည်။

သူက ထိုအင်္ဂလိပ်စာများကို အားလုံးနားလည်အောင် ဘာသာပြန်ပေးလိုက်သည်။

ချက်ချင်းပင် အားလုံး၏အမူအရာကား အေးစက်ခက်ထန်သွားသည်။

ဤလူများက အလွန်မောက်မာနေကြသည်ဖြစ်ရာ သင်ခန်းစာတစ်ခုလောက်တော့ ပေးမှဖြစ်မည်။

ပြိုင်ပွဲစတင်လေပြီ။

အစပိုင်းတွင် ဟွားနိုင်ငံအသင်းဘက်က ချန်းရှောင်နန်တစ်ယောက်တည်းကသာ အရှေ့သို့ တက်သွားသည်။

ဤအဖြစ်ကိုမြင်သောအခါ လူတိုင်း ဆွံ့အသွားကြသည်။

ချန်းရှောင်နန်က စနိုက်ပါသမားမဟုတ်လား။

စနိုက်ပါသမားကို အရှေ့ကတက်ခိုင်းသတဲ့။ စတားအသင်းသားတွေ ရူးနေတာလား...

YDအသင်းသားများမှာ လှောင်ပြုံးပြုံးနေကြသည်။

"ဟားဟား... အဆင့်မရှိတဲ့အသင်းကတော့ တကယ်အဖြစ်မရှိတာပဲ။ စနိုက်ပါသမားကို ရှေ့ထွက်ခိုင်းတယ်တဲ့။ တုံးလိုက်တာ"

"သူတို့က အသေခံနေမှတော့ အားနာမနေနဲ့။ အပြတ်ရှင်းပစ်လိုက်"

YDအသင်းက ချန်းရှောင်နန်ကို သတ်ဖြတ်ရန်အတွက် ချက်ချင်းပင် အစွမ်းကုန်တိုက်စစ်ဆင်ကြတော့သည်။

မည်သို့ပင်ဖြစ်စေ ချန်းရှောင်နန်က အသင်းခေါင်းဆောင်ဖြစ်သဖြင့် သူသာ ကျသွားလျှင် ကျန်လူများကို ဖြေရှင်းရလွယ်သွားလေပြီ။

သို့သော် ချန်းရှောင်နန်က ဘယ်ရှောင်လိုက် ညာရှောင်လိုက်လုပ်ရင်း YDအသင်း၏တိုက်ခိုက်မှုကို ရှောင်ရှားနေသဖြင့် သူတို့ အံ့ဩသွားရသည်။

"သေစမ်း.. ဒီကောင်က အရှောင်အတိမ်းကျွမ်းလိုက်တာ။ သူ့ကိုဖမ်းထား"

ချန်းရှောင်နန်က အရှေ့က ပြေးနေသဖြင့် YDအသင်းသားများက လိုက်ဖမ်းလေသည်။

သူတို့ အလယ်ဂိတ်နားသို့ အပြေးရောက်လာချိန်မှာမူ ချန်းရှောင်နန် မရှိတော့ကြောင်း ရုတ်တရက်သိလိုက်ရသည်။

ထိုအချိန်မှသာ YDအသင်းခေါင်းဆောင်လည်း သူတို့ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ပြန်ဆုတ်ရန် ပြင်လိုက်ချိန်မှာမူ အလွန်နောက်ကျသွားလေပြီ။

စတားအသင်းက သူတို့အား ထောင်ချောက်ဆင်ထားပြီးဖြစ်၏။

ဂိမ်းထဲတွင် သေနတ်ပစ်သံများ ထွက်ပေါ်လာသည်။

ပြိုင်ပွဲက ခပ်မြန်မြန်အဆုံးသတ်သွားခဲ့သည်။

ပွဲစဉ်တစ်ခုလုံးမှာ ၅၈စက္ကန့်သာ ကြာလိုက်သည်။

ဟွားနိုင်ငံအသင်းကလည်း အမြန်ဆုံးစံချိန်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။

"ဟုတ်ပြီကွ။ ငါတို့နိုင်ပြီ"

ဟွားနိုင်ငံအသင်းသားများမှာ စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်ကြလေတော့သည်။

သို့သော် YDအသင်းမှာမူ မျက်နှာပျက်ကုန်ကြသည်။

သူတို့က ကမ္ဘာ့အီလက်ထရောနစ်အားကစားပြိုင်ပွဲတွင် ပုံမှန်ဝင်ပြိုင်နေသူများဖြစ်၏။

အခေါက်တိုင်းတွင်လည်း ကွာတားဖိုင်နယ်သို့ ချောချောမွေ့မွေ့ တက်နိုင်ခဲ့သည်။

အစတုန်းက ဟွားနိုင်ငံအသင်းနှင့် ရင်ဆိုင်ရခြင်းမှာ အလွန်လွယ်ကူလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သည်။ သို့သော် ထင်မှတ်မထားပါဘဲ ရှက်စရာကောင်းသော စံချိန်ကို တင်နိုင်ခဲ့သည်။

ဖန်သားပြင်ထက်တွင် ချန်းရှောင်နန်က စာရိုက်လိုက်၏။

"အခု ဘယ်သူက အမှိုက်လဲဆိုတာ မင်းတို့သိပြီလား"

ချန်းရှောင်နန်၏ ရန်စကားများကို မြင်သောအခါ YDအသင်းသားများမှာ ဒေါသထွက်သွားကြသည်။

"နောက်ပွဲစဉ်ကျရင် ငါတို့ သူ့ကို သင်ခန်းစာပေးရမယ်"

YDအသင်း ရှုံးသွားေသာ်လည်း ပထမပွဲစဉ်၏အရှုံးက အရည်အချင်းမရှိသောကြောင့် မဟုတ်ပါဘဲ အထင်သေးမိခြင်းကြောင့်ဟုသာ သူတို့ ယုံကြည်ထားသည်။

ပထမပွဲစဉ်တွင် ဟွားနိုင်ငံအသင်းက အမြန်ဆုံးစံချိန်ကို ချိုးနိုင်ခဲ့လေရာ ဟွားနိုင်ငံ၏မှတ်ချက်ဧရိယာတွင်မူ အရူးအမူးသောင်းကျန်းကြလေတော့သည်။

"ဟားဟား.. ဟွားနိုင်ငံအသင်းက အရမ်းမိုက်တာပဲ"

"မိုက်လိုက်တာ.. ပြိုင်ပွဲရဲ့အမြန်ဆုံးစံချိန်ကို ချိုးသွားတာ။ စတားအသင်းပီသပါပေတယ်"

"ဒီပွဲစဉ်က အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ"

ဒုတိယပွဲစဉ်ကား စတင်လေပြီ။

အမြန်ဆုံးရှုံးသွားသည့် စံချိန်ကို ချိုးနိုင်ခဲ့သော YDအသင်းမှာ ဤပွဲစဉ်တွင် သူတို့၏ဂုဏ်သိက္ခာကို အဖတ်ဆည်ရန် စိတ်စောနေကြသည်။

အစတုန်းက ဟွားနိုင်ငံအသင်းက ခံစစ်ကစားလိမ့်မည်ဟု သူတို့ ထင်ထားသော်ငြား ထင်မှတ်မထားပါဘဲ ထိပ်တိုက်ရင်ဆိုင်လာသည်။

ပိုအံ့ဩဖို့ကောင်းသည်မှာ ဤတစ်ခေါက်တွင် စနိုက်ပါနေရာတွင် တစ်ချိန်လုံးကစားခဲ့သော ချန်းရှောင်နန်က AKကိုင်ထားလေသည်။

နှစ်ဖက်စလုံးရှိ တိုက်ပွဲကား ချက်ချင်းစတင်လေတော့သည်။

ချန်းရှောင်နန်၏AKက ထူးခြားလှသော တိုက်ခိုက်ရေးခွန်အားကို ပြသရင်း ဂိမ်းကို ၃၈စက္ကန့်အတွင်း အပြီးသတ်ပစ်လိုက်သည်။

ဤစံချိန်ကို မြင်သောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ဤသည်မှာ အလွန်ကိုးရိုးကားရားနိုင်လှသည်။

ဤသို့သောလုပ်ဆောင်ချက်မျိုးမှာ လူတိုင်း မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ YDအသင်းကလည်း အားနည်းသောအသင်းတစ်သင်း မဟုတ်ပေ။ သူတို့သည် ဆီမီးဖိုင်နယ်တက်ရောက်ခွင့် ရခဲ့ပါသော်ငြား ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့ရသည်။

YDအသင်းသားများ၏ မျက်နှာကား အလွန်မသာမယာဖြစ်သွားလေသည်။ စိတ်အစဉ်လည်း လုံးဝပြိုလဲသွားသည်။

အရှုံးကို လက်ခံနိုင်သော်ငြား အမြန်ဆုံးစံချိန်နှင့် ရှုံးရခြင်းမှာမူ အလွန်ရှက်ဖွယ်လိလိပင်။

YDအသင်းသားတချို့ဆိုလျှင် မျက်ရည်ကျကုန်ကြသည်။

ဟွားနိုင်ငံအသင်းက YDအသင်းကို ငိုအောင်လုပ်ခဲ့လေသည်။

ထိုမြင်ကွင်းကား အလွန်နာမည်ကြီးသွားခဲ့သည်။

အားလုံးကို ထိတ်လန့်စေသောအရာမှာ ဟွားနိုင်ငံအသင်း၏ တိုက်ခိုက်ရေးခွန်အားပင်။ အလွန်အံ့ဩဖွယ်ကောင်းလှသည်။

ဟွားနိုင်ငံesportsပရိသတ်များ၏ အားပေးသံများ ထွက်ပေါ်လာလေသည်။

"စတားအသင်းက မိုက်လိုက်တာ"

"စတားအသင်းက အတော်ဆုံးပဲ"

"စတားအသင်း ကြိုးစားထား"

ဤနိုင်ပွဲကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော esportsပရိသတ်များမှာ တက်ကြွသွားလေသည်။

မောင့်ယာပလက်ဖောင်းပေါ်ရှိ အွန်လိုင်းကြည့်ရှုသူမှတ်တမ်းကလည်း တစ်ဖန်မြင့်တက်သွားပြီး သန်းနှစ်ဆယ်အထိ ရောက်သွားခဲ့သည်။

••••••••••••••••••••

အပိုင်း ၃၈၁ - NHအသင်းနှင့် နောက်ဆုံးပွဲစဉ်

မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းပေါ်တွင် ရင်သပ်ရှုမောဖွယ်ကောင်းသော ဟွားနိုင်ငံ၏အောင်ပွဲကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များအားလုံး စိတ်လှုပ်ရှားတက်ကြွကုန်သည်။

"အရမ်းမိုက်တာပဲ။ အခု ဟွားနိုင်ငံက ဂိမ်းမကစားတတ်ဘူးလို့ ဘယ်သူပြောရဲဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"ပြိုင်ဘက်တွေက အရမ်းသနားဖို့ကောင်းတာပဲ။ ဆိုးဆိုးဝါးဝါးရှုံးသွားရှာတာ"

"ဟားဟား... သူတို့ခမျာ မျက်ရည်ကျတဲ့အထိ အနိုင်ကျင့်ခံလိုက်ရတာကွာ။ အရမ်းသနားဖို့ကောင်းတာပဲ"

"ဒီလိုဗျူဟာမျိုးကို ပထမဆုံးမြင်ဖူးတာပဲ။ အထင်ကြီးဖို့ကောင်းလိုက်တာ"

စတားအသင်း၏ တိုက်ခိုက်ရေးခွန်အားက ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ဤတစ်ခေါက်တွင်မူ သူတို့က အသင်းလိုက် အင်တိုက်အားတိုက်ချီတက်ကြသည်။ သူတို့၏စနိုက်ပါကပင် AKတစ်လက်နှင့် ရှေ့တက်လာသည်။

ချန်းရှောင်နန်၏ခွန်အားကြောင့် လူတိုင်း တစ်ဖန်မှင်တက်ကြရပြန်သည်။

PUBGထဲတွင် ကစားသမားတစ်ယောက်က လက်နက်တစ်မျိုးကိုသာ ကျွမ်းကျင်ကြသည်။

သို့သော် ချန်းရှောင်နန်က စနိုက်ပါရိုင်ဖယ်သုံးရာတွင် အံ့ဩဖို့ကောင်းသလို AKကိုလည်း ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်သည်။

ထို့ကြောင့် YDအသင်းကို သတိလက်လွတ်ဖြစ်သွားစေခဲ့သည်။

စတားအသင်းလည်း ရမှတ်၂မှတ်၀မှတ်ဖြင့် ထိပ်ဆုံးရှစ်သင်းထဲသို့ ချောချောမွေ့မွေ့ဝင်ရောက်နိုင်ခဲ့သည်။

အခြားပွဲစဉ်များကလည်း ဆက်တိုက်ကျင်းပခဲ့သည်။

ဤပွဲစဉ်တွင် ဟန်တက္ကသိုလ်က ကိုရီးယားအသင်းတစ်သင်းနှင့် ရင်ဆိုင်ရသည်။

တိုက်ပွဲကား ပြင်းထန်လှသော်ငြား နှစ်မှတ်တစ်မှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသဖြင့် ပထမဆုံးထုတ်ပယ်ခံရသည့် ဟွားနိုင်ငံအသင်းတစ်သင်း ဖြစ်လာခဲ့သည်။

သို့သော် ထိပ်ဆုံးရှစ်သင်းထဲတွင် ဟွားနိုင်ငံအသင်းက သုံးသင်းရှိနေဆဲဖြစ်ရာ အလွန်အံ့ဖွယ်ကောင်းလှသော အောင်မြင်မှုပင်။

ဟွားနိုင်ငံရှိ ပင်မဝက်ဘ်ဆိုက်များကလည်း ဤကစားပွဲ၏အခြေအနေကို တင်ပြခဲ့ကြသည်။

ယခင်က ကမ္ဘာ့ပြိုင်ပွဲများကို ဟွားနိုင်ငံe-sportsပရိသတ်များစွာ အာရုံစိုက်ခဲ့ကြပါသော်ငြား အများစုက ရလဒ်ကိုသာ စစ်ဆေးတတ်ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ မကြည့်ကြပေ။

ဤတစ်ခေါက်တွင်မူ မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းက ပွဲအစအဆုံးကို တိုက်ရိုက်ထုတ်လွှင့်ရုံသာမက ဟွားနိုင်ငံအသင်းကလည်း ပါဝင်ယှဉ်ပြိုင်သဖြင့် ပွဲကြည့်ပရိသတ်များ၏ စိတ်အားထက်သန်မှုကို လောင်စာထပ်ဖြည့်လိုက်သလိုပင်။

ထိပ်ဆုံးရှစ်နိုင်ငံထဲတွင် ဟွားနိုင်ငံအသင်းက အံ့ဩဖို့ကောင်းလောက်အောင် ထိပ်ဆုံးငါးသင်းအထိ တက်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အဆင့်အမြင့်ဆုံး နိုင်ငံတော်အသင်းဖြစ်လာခဲ့သည်။

"ဟားဟား... ဟွားနိုင်ငံအသင်းတွေက ထိပ်ဆုံးလေးသင်းနေရာအထိ ရောက်လာနိုင်ရင် စိတ်ဝင်စားဖို့တော့ကောင်းပြီ"

"ပြိုင်ပွဲတွေက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။ e-sportsက ဒီလောက်အထိ စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်လို့ ထင်မထားဘူး"

"ဒီတော့ ဂိမ်းတွေကလည်း ပြိုင်ပွဲတစ်ခုဖြစ်လာနိုင်တာကိုး။ အရမ်းအထင်ကြီးဖို့ကောင်းလိုက်တာ"

နေ့လယ်ပိုင်းတွင် ဆီမီးဖိုင်နယ်ပွဲစဉ်ရှိ၏။

အွန်လိုင်းပေါ်ရှိ ကောမန့်များကို မြင်သောအခါ ယဲ့ချန်းလည်း မျှော်လင့်စောင့်စားနေမိသည်။

သို့သော် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခြင်းနှင့်အတူ ပြိုင်ဘက်များအားလုံးကလည်း အလွန်အားကောင်းလှသည်။

အထူးသဖြင့် ကျယ်ကျန်းတက္ကသိုလ်၏ ပြိုင်ဘက်က မနှစ်က ကိုရီးယားချန်ပီယံအသင်းဖြစ်၏။

ဤအသင်းမှာ ဟွားနိုင်ငံအသင်းတစ်သင်းကို ပြုတ်သွားစေခဲ့သော အသင်းလည်းဖြစ်၏။

စတားအသင်း၏ ပြိုင်ဘက်မှာ အမေရိကန်နိုင်ငံမှ အသင်းဖြစ်ပြီး သူတို့သည် မနှစ်တုန်းက တတိယဆုရှင်များပင်။

ကျိုတိုတက္ကသိုလ်၏ပြိုင်ဘက်မှာ အလွန်အားနည်းလှသော Yနိုင်ငံအသင်းတစ်သင်းဖြစ်သော်လည်း ထိပ်ဆုံးလေးသင်းအထိ တက်နိုင်ခဲ့သည်။

ဟွားနိုင်ငံအသင်းများက နေ့လယ်ပိုင်းပွဲစဉ်များတွင် စွမ်းဆောင်နိုင်ပါ့မလားဆိုသည်ကိုမူ မသိနိုင်ပေ။

ယဲ့ချန်း ထင်ထားသည့်အတိုင်းပင်။

စတားအသင်းက ဘရာဇီးအသင်းကို ၂မှတ်၁မှတ်ဖြင့် အနိုင်ယူပြီး ထိပ်ဆုံးလေးနာရီအထိ ဝင်ရောက်နိုင်ခဲ့သည်။

သို့သော် ကျယ်ကျန်းတက္ကသိုလ်ကတော့ ကိုရီးယားအသင်းထံတွင် ရှုံးနိမ့်ခဲ့ရသည်။

ကျိုတိုအသင်းကတော့ အောင်အောင်မြင်မြင်ရှေ့ဆက်နိုင်ခဲ့သည်။

ထိပ်ဆုံးလေးသင်းထဲတွင် ဟွားနိုင်ငံအသင်းနှစ်သင်း ကျန်သေးသည်။

တစ်ဖက်အသင်းများမှာ အမေရိကန်နိုင်ငံမှ NHအသင်းနှင့် ကိုရီးယားနိုင်ငံမှ TGအသင်းတို့ပင်။

မဲနှိုက်နေချိန်တွင် ယဲ့ချန်းတစ်ယောက် ဟွားနိုင်ငံအသင်းနှစ်သင်း တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်မတွေ့ရစေရန် ဆုတောင်းနေမိသည်။

ကံကောင်းချင်တော့ နောက်ဆုံးရလဒ်အရ ကိုရီးယားTGအသင်းနှင့် ဟွားနိုင်ငံ၏ ကျိုတိုတက္ကသိုလ်အသင်းက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စတားအသင်း၏ ပြိုင်ဘက်မှာမူ အမေရိကန်နိုင်ငံ၏ NHအသင်းပင်။

ဤအသင်းနှစ်သင်းက မနှစ်တုန်းက ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် ချန်ပီနှင့် ပထမဆုရှင်တို့ပင်။

အသင်းနှစ်သင်းက နောက်ဆုံးလေးသင်းအထိ အရောက်လှမ်းနိုင်ခဲ့သဖြင့် ထိုသတင်းက အမိမြေတွင် ဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့သည်။

ပင်မတီဗီအစီအစဉ်များနှင့် ဝက်ဘ်ဆိုက်များကလည်း ကမ္ဘာ့e-sportsချန်ပီယံပြိုင်ပွဲကို အာရုံစိုက်လာကြသည်။

မည်သို့ပင်ဖြစ်စေ ဟွားနိုင်ငံအသင်းက ယခုမှသာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းဖြစ်သော်ငြား ရလဒ်ကောင်းများကို ဆောင်ကြဉ်းနိုင်ခဲ့သည်။

ဤပြိုင်ပွဲမှာ ယဲ့ချန်းခန့်မှန်းထားသည့်အတိုင်း e-sportsကို တစ်ဖန်ရေပန်းစားလာအောင် လုပ်နိုင်ခဲ့သည်။

ဂိမ်းကစားခြင်းဖြင့် နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်မည်ဟူသော စကားကို တစ်ချိန်တုန်းက လှောင်ပြောင်ရယ်မောခဲ့ကြသော်ငြား ယခုမူ တစ်ဖန်ဆွေးနွေးနေကြပြန်သည်။

ယခင်ကလို တစ်ဖက်သတ်ဆန်ခြင်းမရှိတော့ဘဲ ဤတစ်ခေါက်တွင်မူ ဟွားနိုင်ငံအသင်းက နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီဖြစ်၏။

လူတော်တော်များများလည်း e-sportsအပေါ်ထားသော အမြင်များကို လုံးဝပြောင်းလဲပစ်လိုက်ကြသည်။

သူတို့အမြင်တွင် e-sportsဆိုသည်မှာ ပျင်းရိခြင်းသက်သက်ဟုသာ ထင်ထားခဲ့သော်ငြား တကယ်တမ်းတွင်မူ နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်သော အားကစားတစ်ခု ဖြစ်နေခဲ့သည်။

e-sportsအပေါ်ထားသော လူတိုင်း၏အမြင်ကား တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ အတိတ်တုန်းက ဟွားနိုင်ငံသည် ကမ္ဘာ့အဆင့် e-sportsလောကတွင် ဘာအဆင့်အတန်းမှ မရရှိခဲ့သော်ငြား ယခုမူ ဟွားနိုင်ငံ၏အစွမ်းအစကို ကမ္ဘာကြီးအား ပြသလိုက်ပြီဖြစ်၏။

ယခုတွင်မူ ဟွားနိုင်ငံ၏ တရားဝင်e-sportsဝေးပေါ်၏ ဖော်လိုဝါများမှာ သန်းသုံးဆယ်အထိ ရောက်သွားလေပြီ။ မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းရှိ ကြည့်ရှုသူအရေအတွက်မှာ တစ်ဘီလျံကျော်သွားခဲ့သည်။

လူတော်တော်များများက e-sportsကို အာရုံစိုက်လာကြသည်။

e-sportsက လူအမြောက်အများကို ဘယ်လိုဆွဲဆောင်နိုင်ကြောင်း စူးစမ်းလာကြသည်။

ပြိုင်ပွဲကို ဆက်လက်ကျင်းပချိန်တွင် နောက်ဆုံးရက်မှာ ထိပ်ဆုံးလေးသင်း၏ နောက်ဆုံးပွဲစဉ်ပင်။

မနက်ပိုင်းတွင် ကျင်းပသော ဆီမီးဖိုင်နယ်ပွဲစဉ်များက ထိပ်ဆုံးအသင်းနှစ်သင်းကို အဆုံးအဖြတ်ပေးမည်ဖြစ်၏။

ဗိုလ်လုပွဲကိုမူ နေ့လယ်ပိုင်းတွင် ကျင်းပမည်သာ။

သူတို့ထဲတွင် ဟွားနိုင်ငံက ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရန် ကြိုးစားဖို့ အသင်းနှစ်သင်းရှိနေပေသည်။

ဗိုလ်လုပွဲစဉ်တွင် ဟွားနိုင်ငံအသင်းနှစ်သင်း ထိပ်တိုက်တွေ့ကြရမည့်မြင်ကွင်းကို မျှော်လင့်စောင့်စားနေကြသည်။

သို့သော် ထိုမျှော်လင့်ချက်ကား ထင်သလောက်မရိုးရှင်းကြောင်း လူတိုင်း သိကြသည်။

အမေရိကန်နိုင်ငံ၏ NHအသင်းနှင့် ကိုရီးယားနိုင်ငံ၏ TGအသင်းက ဝါရင့်အသင်းများဖြစ်၏။ သူတို့နှစ်သင်းမှာ သုံးနှစ်တိတိ ဗိုလ်လုပွဲစဉ်တွင် ထိပ်တိုက်တွေ့ကြရသည်။

အနိုင်အရှုံးက ပြောင်းလဲနေပါသော်ငြား လက်ရှိအချိန်တွင်မူ အခြားဘယ်နိုင်ငံရှိအသင်းကမှ သူတို့ကို မယှဉ်နိုင်ချေ။

ဤပွဲစဉ်ကား အဆုံးအဖြတ်ပေးမည့် ပွဲစဉ်ဖြစ်လေရာ စတားတက္ကသိုလ်အတွက်ရော ကျိုတိုတက္ကသိုလ်အတွက်ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေချေသည်။

ပထမဆုံးကစားရမည့် အသင်းမှာ ကျိုတိုတက္ကသိုလ်အသင်းဖြစ်၏။

ကိုရီးယားနိုင်ငံ၏ TGအသင်းက ဟွားနိုင်ငံအသင်းနှစ်သင်းကို အပြတ်ရှင်းပစ်ခဲ့သည်ဖြစ်ရာ ဟွားနိုင်ငံအသင်းများကို အမြစ်ဖြုတ်သူဟူ၍ ခေါ်တွင်နေကြသည်။

ဤပွဲစဉ်တွင် ကိုရီးယားနိုင်ငံ၏ TGအသင်းက သူတို့၏ပြိုင်ဘက်မှာ အမေရိကန်နိုင်ငံ၏ NHအသင်းဖြစ်ကြောင်းနှင့် ဟွားနိုင်ငံနှင့်ပြိုင်မည့်ပွဲစဉ်ကား သွေးပူရုံမျှသာဖြစ်ကြောင်း လှောင်ပြောင်ပြောဆိုခဲ့သည်။

ဤစကားကြောင့် ဟွားနိုင်ငံအသင်းသားများအကြား ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။

ဤသည်မှာ သက်သက်မာန်တက်နေခြင်းပင်။

ကျိုတိုတက္ကသိုလ်အသင်းကလည်း အစွမ်းကုန်ကြိုးစားပါသော်ငြား ကိုရီးယားTGအသင်းက အလွန်သန်မာနေပေသည်။

ထို့ကြောင့် ၂မှတ်၁မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယခုမူ ချန်ပီယံပြိုင်ပွဲအတွက် စတားတက္ကသိုလ်ကိုသာ မျှော်လင့်ရပေတော့မည်။

ကစားသမားများမှာ အမေရိကန်နိုင်ငံ၏ NHအသင်းသားများက အလွန်တော်သဖြင့် ဖိအားများနေကြသည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ ပြောလိုက်လေသည်။

"မင်းတို့က အတော်ဆုံးပဲဆိုတာကို ယုံထားရမယ်။ ငါ အိမ်ပြန်ရင် မင်းတို့နဲ့အတူ ဆုဖလားပိုက်ပြီး ပြန်ချင်တယ်"

"စတားအသင်းနိုင်ရမယ်။ ဟွားနိုင်ငံနိုင်ရမယ်"

အသင်းသားများမှာ လက်ချင်းထပ်လိုက်ကြသည်။

ပြိုင်ပွဲ စတင်လေပြီ။ အမေရိကန်နိုင်ငံ၏ NHအသင်းမှာ အလွန်အင်အားကြီးလှပေသည်။

ပထမပွဲစဉ်တွင် ဟွားနိုင်ငံအသင်းမှာ ပြိုင်ဘက်၏တိုက်ခိုက်မှုကြောင့် သတိလက်လွတ်ဖြစ်သွားသဖြင့် ပထမပွဲစဉ်ကို ရှုံးနိမ့်ခဲ့ရသည်။

ဤရလဒ်ကို မြင်သောအခါ ဟွားနိုင်ငံရှိ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် စိတ်ဓာတ်ကျကုန်ကြသည်။

စတားအသင်းက ဟွားနိုင်ငံ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လေရာ ပထမပွဲစဉ်ကို ရှုံးနိမ့်သွားခြင်းမှာ ပြိုင်ဘက်ကို အားသာချက်ရသွားစေသည်။

နားနေခန်းထဲတွင် ယဲ့ချန်းက စိတ်ဓာတ်ကျနေကြသော ကစားသမားများကိုကြည့်၍ ပြောလိုက်သည်။

"စိတ်ဓာတ်မကျကြနဲ့။ တစ်ပွဲပဲရှုံးသေးတာပါ။ ငါတို့ ပြန်အနိုင်ယူနိုင်ပါတယ်။ ငါ မင်းတို့ကို ယုံတယ်"

ချန်းရှောင်နန်က ခေါင်းညိတ်ပြလိုက်သည်။

"ပြိုင်ဘက်က ငါတို့ကို ဂရုတစိုက်လေ့လာထားတာ။ ဒီတော့ သူတို့ရဲ့ဗျူဟာက ငါတို့ကို အထိနာစေတယ်။ အဲဒီတော့ နောက်ပွဲစဉ်ကျရင် ပုံမှန်အတိုင်း မကစားနဲ့။ စွန်းကျယ် မင်းက စနိုက်ပါနေရာမှာ တာဝန်ယူရမယ်။ ငါက ချေမှုန်းရေးသမားနေရာမှာ ယူမယ်"

"ကောင်းပြီ"

ဒုတိယပွဲစဉ်တွင် စတားအသင်းက ဗျူဟာပြောင်းလိုက်သဖြင့် NHအသင်းမှာ အလွန်မသက်မသာဖြစ်သွားချေသည်။

ပြင်းထန်လှသော တိုက်ပွဲအပြီးတွင် ချန်းရှောင်နန်ကို ပြိုင်ဘက်အသင်းခေါင်းဆောင်က ပစ်သတ်လိုက်ပြီး စွန်းကျယ်၏စနိုက်ပါကမူ တစ်ချက်တည်းနှင့် အနိုင်ရရှိသူကို ဆုံးဖြတ်ပေးခဲ့သည်။

ပွဲစဉ်များတစ်လျှောက် ချန်းရှောင်နန်က အသင်း၏ပင်မထောက်တိုင်ဟု လူတိုင်း ထင်ထားကြသော်ငြား စတားအသင်းတွင် အံ့ဖွယ်ကောင်းသော စနိုက်ပါဖြစ်သူ စွန်းကျယ် ရှိနေဦးမည်ဟု မည်သူမှ ထင်မထားပေ။

ရလဒ်ကား သရေကျသွားလေပြီ။ အသင်းနှစ်သင်းစလုံး ၁မှတ်စီရထားကြသည်။

လူတိုင်း အသက်ရှူအောင့်ထားမိကြသည်။ နောက်ဆုံးပွဲစဉ်က အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည့် ပွဲစဉ်ပင်။

All Chapters