← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အပိုင်း ၃၈၅ : ကျောင်းသားများ ဒုံးပျံတစ်စင်း တီထွင်လိုက်ခြင်း

တက္ကသိုလ်က ကျယ်ဝန်းလှသော်လည်း လူသူကင်းမဲ့နေပြီး စာသင်ခန်းထဲတွင် ကျောင်းသားတစ်ဝက်ပင် မရှိပေ။

ရှန့်ချန်းတစ်ယောက် ဒေါသမီးတောက်လောင်နေတော့သည်။

စည်းကမ်းထိန်းသိမ်းရေးဌာန၏ ဒါရိုက်တာကလည်း မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့ ကျောင်းသားတွေအကုန်လုံး အိမ်နီးချင်းတက္ကသိုလ်ကို ပြေးကုန်ကြတာပါ"

"ဘာ? အိမ်နီးချင်းကျောင်းကို ပြေးကုန်ကြတယ် ဟုတ်လား"

ဖုတန်တက္ကသိုလ်က နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်သောကြောင့် ပုံမှန်ဆိုလျှင် ကျောင်းသားများက ဖုတန်တက္ကသိုလ်ကိုသာ တိုးဝှေ့လာကြစမြဲပင်။

သို့သော် ယခုမူ သူတို့ကျောင်းသားများကို အိမ်နီးချင်းကျောင်းက ဆွဲဆောင်သွားချေသည်။

"ဘယ်ကျောင်းလဲ"

ရှန့်ချန်းက မေးလိုက်သည်။

"စတားတက္ကသိုလ်ပါ"

ရှန့်ချန်း ခဏမျှကြောင်အသွားသည်။ ထိုကျောင်းနာမည်ကို သူ တစ်ခါမှမကြားဖူးပေ။

"စတားတက္ကသိုလ်က ကျောင်းသားတွေ ကမ္ဘာ့Esportsပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားလို့ ကျွန်တော်တို့ကျောင်းသားတွေက အဲဒီကို သွားပြီး အောင်ပွဲခံပေးနေကြတာပါ"

Esportsဆိုတာ ဘာကြီးလဲ...

စည်းကမ်းထိန်းသိမ်းရေးဒါရိုက်တာကလည်း ရှန့်ချန်းကို အခြေအနေနှင့်ပတ်သက်ပြီး ရှင်းပြလိုက်သည်။ အကျိုးအကြောင်းသိရသောအခါ ရှန့်ချန်း၏မျက်နှာကား ပို၍ပင်ပျက်ယွင်းသွားသည်။

"ပေါက်ကရတွေ... တက္ကသိုလ်တစ်ခုက ကျောင်းသားတွေကို ဂိမ်းဆော့ဖို့ အားပေးနေတယ်တဲ့။ အဓိပ္ပာယ်မရှိတာ"

ဖုတန်တက္ကသိုလ်က အဆင့်မြင့်တက္ကသိုလ်တစ်ခု ဖြစ်သောကြောင့် သူတို့ကိုယ်သူတို့ သူများထက်သာလွန်သည်ဟု ခံယူထားကြသည်။

သူတို့၏ကျောင်းသားများမှာ အတော်ဆုံးဖြစ်ပြီး ဖုတန်ဟူသော နာမည်ကပင် စာမေးပွဲဖြေစရာမလိုဘဲ အလုပ်ရရန် အာမခံချက်ရှိပြီးသားဖြစ်၏။

ယခုမူ သူတို့၏ကျောင်းသားများပင် စတားတက္ကသိုလ်၏ ဆွဲဆောင်မှုကို ခံနေရလေပြီ။

အကယ်၍ ဤအတိုင်းသာ ဆက်သွားလျှင် စတားတက္ကသိုလ်၏သြဇာအာဏာက ဖုတန်တက္ကသိုလ်ကို ကျော်သွားပေလိမ့်မည်။ ဤအဖြစ်မှာ ရှန့်ချန်းအနေနှင့် လုံးဝလက်ခံနိုင်စရာမရှိပေ။

မိုတုမြို့တွင် အကောင်းဆုံးကျောင်းဟူ၍ ဖုတန်တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။

ဤချန်ပီယံဆု၏ အဆင့်အတန်းကြောင့် စတားတက္ကသိုလ်၏သြဇာမှာ ဖုတန်ထက် သာလွန်သွားနိုင်ကြောင်း ရှန့်ချန်း ရိပ်မိလိုက်သည်။

ဤကဲ့သို့သော ကျောင်းမျိုးကို ဖိနှိပ်ထားရမည်။

ရှန့်ချန်းလည်း စတားတက္ကသိုလ်အကြောင်း သေချာထပ်စုံစမ်းကြည့်လိုက်သောအခါ အလွန်အံ့အားသင့်သွားရသည်။

စတားတက္ကသိုလ်၏ ပညာရေးစနစ်မှာ အလွန်ထူးဆန်းလှသည်။

ဆရာတစ်ယောက်မှမရှိဘဲ ကျောင်းသားများကသာ ဆရာလုပ်နေကြသည်။ ကျောင်းသားများကိုလည်း သူတို့နှစ်သက်ရာကို လွတ်လွတ်လပ်လပ်လုပ်ခိုင်းထားသည်။

ဤအရာကို တက္ကသိုလ်ဟု ခေါ်နိုင်ပါဦးမည်လော။ လုံးဝပရမ်းပတာဖြစ်နေချေသည်။

ရှန့်ချန်းလည်း ဆက်စုံစမ်းလေလေ ထိတ်လန့်ရလေလေပင်။ ဤကဲ့သို့သော ကျောင်းမျိုး တကယ်ရှိနေသည်မှာ မယုံနိုင်စရာပင်။

သေချာစဉ်းစားပြီးနောက် အတန်းဖော်ဟောင်းတစ်ယောက်ကို ဖုန်းဆက်လိုက်သည်။

ထိုအတန်းဖော်မှာ ဟူဟိုင်ပညာရေးဌာန၏ အကြီးအကဲတစ်ဦးပင်။

"လောင်ချန်း... ငါပြောမယ်။ မိုတုမြို့မှာ စတားတက္ကသိုလ်ဆိုတဲ့ ကျောင်းတစ်ကျောင်းရှိတယ်။ ဆရာလည်းမရှိဘူး။ ကျောင်းသားတွေက သူတို့လုပ်ချင်ရာကို စိတ်ကြိုက်လုပ်နေကြတာ။ အဲဒီကျောင်းက ကျောင်းသားတွေကို ဂိမ်းကစားဖို့တောင် အားပေးနေသေးတယ်"

ချန်းမူလည်း တဒင်္ဂမျှဆွံ့အသွားသည်။

"စတားတက္ကသိုလ်လား"

သူလည်း ဤကျောင်းနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

မိုတုမြို့တွင် အစိုးရတက္ကသိုလ်နှင့် ပုဂ္ဂလိက တက္ကသိုလ်များစွာ ရှိသော်လည်း သူကတော့ ထိပ်တန်းကျောင်းများကိုသာ အာရုံစိုက်လေ့ရှိသည်။

စတားတက္ကသိုလ်ကဲ့သို့သော သာမန်ကျောင်းမျိုးကို သူ သတိမထားမိခဲ့ပေ။

"တကယ်အဲဒီလိုဖြစ်နေတာလား"

ချန်းမူ၏အမူအရာမှာ ပြောင်းလဲသွားသည်။ သူသည် တာဝန်ရှိသူဖြစ်သောကြောင့် တစ်ခုခုမှားယွင်းသွားပါက သူက တာဝန်ခံရမည်ဖြစ်၏။

"ဟုတ်တယ် လောင်ချန်း...ဒီလိုကျောင်းမျိုးကို သေချာထိန်းကျောင်းရမယ်။ ပြဿနာတစ်ခုခုတက်ရင် မင်း နားလည်မှာပါ"

"နားလည်ပြီ။ စိတ်ချ... ငါ သေချာစုံစမ်းစစ်ဆေးလိုက်မယ်။ တကယ်လို့ မင်းပြောသလိုဖြစ်နေတာမှန်ရင်တော့ ငါ သေချာအရေးယူလိုက်မယ်"

ဖုန်းချလိုက်ပြီးနောက် ရှန့်ချန်းလည်း သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ တင်ပြလိုက်သည်မှာ အမှန်တရားများသာ။ မုသားမပါပေ။ ထို့ကြောင့် စုံစမ်းစစ်ဆေးပြီးလျှင် ဤကျောင်းတော့ အပိတ်ခံရတော့မည်မှာ သေချာသည်ဟု ယုံကြည်နေချေသည်။

Esportsမေဂျာတဲ့လား...

စိတ်ဝင်စားစရာပဲ...ဖုတန်မှာလည်း အဲဒီလိုမေဂျာမျိုး ဖွင့်သင့်လား...

သို့သော် ထိုအတွေးကို သူ ချက်ချင်း ပယ်ချလိုက်သည်။ ဖုတန်တက္ကသိုလ်မှာ ဂုဏ်သိက္ခာအစဉ်အလာကြီးမားသော ကျောင်းတစ်​ကျောင်းဖြစ်လေရာ ကျောင်းသားများကို ဂိမ်းကစားရန် မည်သို့အားပေးနိုင်မည်နည်း။

တစ်ဖက်တွင်မူ စတားတက္ကသိုလ်၌ ပွဲတော်ကျင်းပနေပေသည်။

ယဲ့ချန်းကမူ ကျောင်းအုပ်ရုံးခန်းထဲတွင် ထိုင်ရင်း ကျောင်းသားများ သီဆိုကခုန်နေကြသည်ကိုကြည့်ကာ အလွန်စိတ်ကျေနပ်နေသည်။

ဤတစ်ခေါက်တွင် စတားတက္ကသိုလ်ကျောင်းသားများသာမက ဖုတန်နှင့် အခြားအိမ်နီးချင်းကျောင်းများမှ ကျောင်းသားများလည်း လာရောက်ဆင်နွှဲကြသည်။

ထိုစဉ် မျက်မှန်တပ်ထားသည့် ကျောင်းသားတစ်ယောက် ယဲ့ချန်းထံသို့ ချဉ်းကပ်လာသည်။

"ကျောင်းအုပ်ယဲ့... ကျွန်တော် တောင်းဆိုစရာလေးတစ်ခုရှိလို့ပါ"

"ဘာများလဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလျက် မေးလိုက်လေသည်။

"ကျွန်တော်တို့ ဒုံးပျံတစ်စင်း လွှတ်တင်ချင်လို့ပါ"

"ဖွီး"

ယဲ့ချန်းခမျာ သောက်လက်စလုံကျင်းလက်ဖက်ရည်များပင် ပန်းထွက်ကုန်သည်။

"ဒုံးပျံလွှတ်တင်မယ်တဲ့လား။ ငါတို့ကျောင်းသားတွေက ဒီလောက်တောင်တော်ကြတာလား"

"ကျွန်တော်တို့ ကိုယ်တိုင်ထုတ်ဒုံးပျံတစ်စင်း တည်ဆောက်ပြီးသွားပါပြီ။ အဲဒါကို စမ်းသပ်ပြီး လွှတ်တင်ချင်လို့ပါ"

ဤနေရာမှာ မြို့လယ်ခေါင်ဖြစ်သောကြောင့် ဒုံးပျံလွှတ်ရာက ပြုတ်ကျပြီး တစ်ယောက်ယောက်ထိခိုက်သွားလျှင် မည်သို့လုပ်မည်နည်း။

ဟခုအချိန်တွင် ယဲ့ချန်းက ကျောင်းအုပ်တစ်ယောက် ဖြစ်နေသဖြင့် ဤသို့သောကိစ္စရပ်များတွင် ပိုသတိထားရမည်သာ။

ဝူယုံးက ခေါင်းခါပြလိုက်၏။

"ကျောင်းအုပ်ကြီး စိတ်မပူပါနဲ့။ ဘာမှမဖြစ်စေရပါဘူး။ ကျွန်တော်တို့ လွှတ်တင်ပြီးရင် အဲဒီဒုံးပျံကို ပြန်သိမ်းလို့ရအောင် စီစဉ်ထားပြီးသားပါ"

"အဲဒီလောက်တောင်မိုက်တာလား"

"ည၈နာရီ၈မိနစ်မှာ ပထမဆုံးအကြိမ် စမ်းသပ်လွှတ်တင်မှာပါ။ ကျောင်းအုပ်ကြီးလည်း အဲဒီဒုံးပျံလွှတ်တင်ပွဲကို ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်ပေးနိုင်မလားဗျ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။ ကျောင်းသားများက ဒုံးပျံတစ်စင်းကို ကိုယ်တိုင်တီထွင်နိုင်ခဲ့ခြင်းမှာ သူ့အတွက်တော့ ဂုဏ်ယူစရာအခိုက်အတန့်လေးပင်။

"ကောင်းပြီလေ။ ဒါဆိုရင် ညကျရင်လာခဲ့မယ်"

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ယဲ့"

ဝူယုံးက ယဲ့ချန်းကို အရိုအသေပေးပြီး ထွက်သွားသည်။

ယခုအချိန်တွင် စတားတက္ကသိုလ်ရှိ ကျောင်းသားအားလုံးက ယဲ့ချန်းကို ကျေးဇူးတင်နေကြသည်။

အကြောင်းမှာ ယဲ့ချန်းက သူတို့၏အိပ်မက်များကို အကောင်အထည်ဖော်ရန် အခွင့်အရေး ပေးခဲ့သောကြောင့်ပင်။

ယဲ့ချန်းသာ မရှိပါက သူတို့လည်း ယခုအချိန်တွင် လူ့အဖွဲ့အစည်းထဲ၌ ပစ္စည်းပို့သမား သို့မဟုတ် အောက်ခြေသိမ်းအလုပ်များကိုသာ လုပ်ကိုင်နေကြရပေလိမ့်မည်။

အပြင်လောကသို့ တကယ်ရောက်သွားပါက သူတို့၏အိပ်မက်များကိုလည်း လက်လှမ်းမီနိုင်တော့မည် မဟုတ်ပေ။

ယဲ့ချန်း၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ပေါ်လာပြီးနောက် အကြံတစ်ခုရလိုက်သည်။

ထို့နောက် မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးကို ဖုန်းဆက်လိုက်သည်။

မကြာခင်မှာပင် မောင့်ယာပလက်ဖောင်းပေါ်တွင် သတင်းတစ်ပုဒ် ထွက်ပေါ်လာသည်။

"စတားတက္ကသိုလ်ကျောင်းသားများက ည၈နာရီ ၈မိနစ်တွင် ဒုံးပျံတစ်စင်း စမ်းသပ်လွှတ်တင်မည်"

Esportsပြိုင်ပွဲပြီးကတည်းက မောင့်ယာတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းက လူငယ်များအကြား အလွန်ရေပန်းစားနေခဲ့သည်။

ဤသတင်းကို ကြားလိုက်ရသောအခါ ဟွားနိုင်ငံတစ်ခုလုံး လှုပ်ခတ်သွားလေတော့သည်။

သာမန်တက္ကသိုလ်တစ်ခုရှိ ကျောင်းသားများက ဒုံးပျံတစ်စင်းတီထွင်လိုက်သတဲ့လား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... လာနောက်နေတာလား...

အင်တာနက်ပေါ်တွင် ဝေဖန်သံများဖြင့် ပြည့်နှက်သွားသည်။

ည၈နာရီရောက်သောအခါ ကြည့်ရှုသူပရိသတ်ဆယ်သန်းကျော်က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်ရောက်လာသည်။

စတားတက္ကသိုလ်၏ အားကစားကွင်းအလယ်တွင် ဒုံးပျံအသေးစားလေးတစ်စင်း ရှိနေပေသည်။

ပုံစံမှာမူ ဒုံးပျံအစစ်နှင့် လုံးဝမကွာခြားဘဲ အရွယ်အစားသာ သေးငယ်နေသည်။

ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ပါ့မလားဟူသည့် သံသယများမှာ မောင့်ယာကွန်ရက်ပေါ်တွင် အကြိတ်အနယ်ဆွေးနွေးနေကြသည်။

"ရယ်စရာကြီး... တက္ကသိုလ်တစ်ခုက ဒုံးပျံ တီထွင်နိုင်တယ်တဲ့လား"

"ဒါက လူသိများအောင် သက်သက်စတန့်ထွင်နေတာ။ လွှတ်တင်လိုက်တာနဲ့ ပျက်ကျမှာ သေချာတယ်"

"ရယ်သေပြီ။ အခုခေတ်လူငယ်တွေကတော့ တော်တော်လက်ဆော့တာပဲ"

...

တရုတ်သိပ္ပံအကယ်ဒမီတွင် ပါမောက္ခတစ်ယောက် စာတမ်းဖတ်နေစဉ် ဖုန်းမြည်လာသည်။

"ပါမောက္ခလု... သတင်းကြားပြီးပြီလား။ တက္ကသိုလ်တစ်ခုက ကျောင်းသားတွေ ဒီနေ့ ဒုံးပျံတစ်ခုကို စမ်းသပ်လွှတ်တင်မယ်တဲ့"

"ဘာ... ဒုံးပျံလွှတ်တင်မှာလား။ ဘယ်တက္ကသိုလ်လဲ။ ဟွားချင်းလား၊ ကျိုတိုတက္ကသိုလ်လား။ ဒါမှမဟုတ် ဖုတန်လား"

"အဲဒါတွေ တစ်ခုမှမဟုတ်ဘူး။ စတားတက္ကသိုလ်တဲ့။ အဲဒီကျောင်းက အခုတလော နာမည်ကြီးနေတာ။ တလောကပဲ ကမ္ဘာ့Esportsချန်ပီယံ ဖြစ်ထားတာလေ"

ပါမောက္ခလုခမျာ ခဏမျှမှင်တက်သွားသည်။

"အင်း... စိတ်ဝင်စားစရာပဲ။ ဘယ်မှာကြည့်လို့ရမလဲ။ ကျုပ်လည်း ကြည့်ချင်တယ်"

ဟွားနိုင်ငံ၏ ဒုံးပျံပညာရှင်တစ်ယောက်အနေနှင့် တက္ကသိုလ်ကျောင်းသားများက ဒုံးပျံတီထွင်ထားသည်ဆိုခြင်းမှာ မယုံနိုင်စရာပင်။

ဒုံးပျံလွှတ်တင်ခြင်းမှာ အဆင့်မြင့်သိပ္ပံသုတေသနလုပ်ငန်းတစ်ခုဖြစ်ပြီး အသေးစိတ် တွက်ချက်မှုများစွာ လိုအပ်ပေသည်။ ဒီဇိုင်းတွင် အမှားအယွင်းအနည်းငယ်မျှပင် မရှိရပေ။

ဤအရာသည် တက္ကသိုလ်ကျောင်းသားများအတွက် လုံးဝမဖြစ်နိုင်သည့် ကိစ္စပင်။

သတင်းများမှာ ဆက်လက်ပျံ့နှံ့နေပြီး မောင့်ယာတိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူသန်းသုံးဆယ်အထိ ရှိလာခဲ့လေပြီ။

••••••••••••••

အပိုင်း ၃၈၆ : ချီးကျူးဂုဏ်ပြုခံရမည်

စတားတက္ကသိုလ် ကျောင်းဝင်းထဲတွင် ဝူယုံးနှင့် အခြားကျောင်းသားများမှာ ဒုံးပျံလွှတ်တင်ရန် နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်နေကြသည်။

ရာသီဥတုက သာယာပြီး လေပြည်အေးအေးလေး တိုက်ခတ်နေသဖြင့် ဒုံးပျံလွှတ်တင်ရန် အကောင်းဆုံးအခြေအနေပင်။

စက်ပစ္စည်းများအားလုံးကို စစ်ဆေးရာတွင်လည်း အားလုံးအဆင်ပြေချောမွေ့သည်။

ဝူယုံးက ဒစ်ဂျစ်တယ်နာရီပေါ်ရှိ အချိန်ကို တစ်ချက်စိုက်ကြည့်ရင်း အော်ပရေတာများ၏ အစီရင်ခံချက်များကို နားထောင်ကာ ဆုံးဖြတ်ချက်များ ချမှတ်ပေးသည်။ ထို့နောက် သူက အမိန့်ပေးလိုက်သည်။

"လွှတ်တင်ဖို့ ဆယ်မိနစ်အလို..."

"ငါးမိနစ်အလို..."

"တစ်မိနစ်အလို..."

"ခြေရာခံတိုင်းတာရေးစနစ်အားလုံး အဆင်သင့်ဖြစ်ပါပြီ။ မြန်နှုန်းမြင့်ကင်မရာတွေနဲ့ အသံဖမ်းစက်တွေ အလုပ်လုပ်နေပါပြီ"

နားကြပ်မှတစ်ဆင့် ထွက်ပေါ်လာသော အသံများကို နားထောင်ရင်း ယဲ့ချန်း အတိုင်းမသိစိတ်လှုပ်ရှားနေမိသည်။

ဤသည်မှာ ဒုံးပျံလွှတ်တင်ပွဲအစစ်တစ်ခုအတိုင်းပင်။

ဝူယုံးက တီးတိုးပြောလိုက်သည်။

"ကျောင်းအုပ်ကြီးယဲ့... ကျွန်တော် သုညလို့အော်လိုက်တာနဲ့ အနီရောင်ခလုတ်ကို နှိပ်လိုက်နော်"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ"

"တစ်ဆယ် ကိုး ရှစ် ... သုည"

ဝူယုံးက သုညဟု အော်လိုက်သည်နှင့်တစ်ပြိုင်နက် ယဲ့ချန်းလည်း အနီရောင်ခလုတ်ကို နှိပ်လိုက်လေရာ ဒုံးပျံက ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

"ခြေရာခံစနစ် ကောင်းတယ်။ ဒုံးပျံကလည်း ကောင်းကောင်းအလုပ်လုပ်တယ်။ ပျံသန်းမှုကလည်း ပုံမှန်ပဲ"

ပျံသန်းမှုထိန်းချုပ်ရေးစင်တာရှိ ဖန်သားပြင်များနှင့် အလိုအလျောက်မှတ်တမ်းတင်စက်များပေါ်တွင် ဒုံးပျံ၏ပျံသန်းမှုလမ်းကြောင်းပြဇယားများ ပေါ်လာသည်။

ထိုဇယားများမှာ ကြိုတင်တွက်ချက်ထားသော လမ်းကြောင်းနှင့် ထပ်တူကျနေပေသည်။

၎င်းမှာ ဒုံးပျံအတွင်းရှိ တိုင်းတာရေးကိရိယာများအားလုံး ပုံမှန်အလုပ်လုပ်နေပြီး ပျံသန်းမှုလည်း အောင်မြင်ကြောင်း ပြသနေသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင်မူ ပရိသတ်များမှာ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။

"ဝိုး ဒီလွှတ်တင်မှုက အရမ်းမိုက်တာပဲ"

"ဒါကို တက္ကသိုလ်ကျောင်းသားတွေ တီထွင်ထားတာတဲ့လား"

"ငါ ဘာလို့မျက်ရည်ဝဲနေမိပါလိမ့်"

"ကြည့်ရတာတော့ အောင်မြင်ပုံရတယ်။ ဘုရားရေ... ငါတို့တက္ကသိုလ်ကျောင်းသားတွေက အခု ဒီလောက်တောင်အထင်ကြီးဖို့ကောင်းနေပြီလား"

"ဒီစတားတက္ကသိုလ်က ဘာလဲ။ ငါ ဘာလို့ အရင်က မကြားဖူးတာလဲ"

"မင်းတို့က စတားတက္ကသိုလ်ကို မသိဘူးလား။ တလောတုန်းက သူတို့ အရမ်းနာမည်ကြီးသွားတာလေ။ သူတို့အသင်းက Esportsနယ်ပယ်မှာ ကမ္ဘာ့ချန်ပီယံဆုတောင် ရခဲ့တာ"

ထိုအချိန်တွင် ပါမောက္ခလုကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေသည်။ ထိပ်တန်းစာရင်းဝင်ကျောင်းမဟုတ်သည့် တက္ကသိုလ်တစ်ခုမှ ကျောင်းသားများက ဒုံးပျံတစ်စင်းကို ကိုယ်ပိုင်အင်အားဖြင့် လွှတ်တင်နိုင်ခဲ့ခြင်းမှာ အမှီအခိုကင်းသော အောင်မြင်မှုတစ်ခု ဖြစ်နေချေပြီ။

သို့သော် ပါမောက္ခလုက နောက်ဆက်တွဲအဆင့်များကိုမူ သိပ်ပြီးအကောင်းမမြင်မိပေ။

ဒုံးပျံလွှတ်တင်ခြင်းမှာ တစ်ကဏ္ဍဖြစ်သော်လည်း နောက်ဆက်တွဲလုပ်ငန်းစဉ်များမှာ အလွန်မြင့်မားသော သိပ္ပံနည်းကျတွက်ချက်မှုများ လိုအပ်လေရာ ကျောင်းသားများအတွက် ခက်ခဲလိမ့်မည်။

သို့သော် ဆက်တိုက်ထွက်ပေါ်လာသော အစီရင်ခံချက်များက ပါမောက္ခလုကို ဆွံ့အသွားစေပြန်သည်။

"အဟုန်မြင့်ဒုံးစက်ခွဲထုတ်မှု အောင်မြင်တယ်"

...

"ပထမအဆင့်ဒုံးကျည် ခွဲထုတ်ခြင်း"

...

"ခွဲထုတ်မှုလုပ်ဆောင်ခြင်း"

...

ဒုတိယအဆင့်ဒုံးကျည်စက်ပိတ်ချခြင်း

...

ဒုံးကျည်ထိပ်ဖူးခွဲထုတ်ခြင်း

...

လေထီးတပ်ဆင်ခြင်း

ဒုံးပျံက သတ်မှတ်ထားသော နေရာသို့ အတိအကျ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။ ဗီဒီယိုထဲရှိ မြင်ကွင်းကိုကြည့်ရင်း ပါမောက္ခလု ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ဘုရားရေ... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....

ဒုံးပျံလွှတ်တင်မှု လုပ်ငန်းစဉ်တစ်ခုလုံးမှာ အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံလွန်းလှသည်။

၎င်းမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။

ဒုံးပျံလွှတ်တင်မှု အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် ကွင်းတစ်ခုလုံးတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင်လည်း မှတ်ချက်များ တရစပ်တက်လာတော့သည်။

"အမလေး... သူတို့ တကယ်အောင်မြင်သွားတာပဲ"

"စတားတက္ကသိုလ်ကတော့ အရမ်းမိုက်တာပဲ"

"နောက်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျရင် ငါလည်း စတားတက္ကသိုလ်ကိုပဲ လျှောက်တော့မယ်"

"စတားတက္ကသိုလ်က ကျောင်းသားတွေကို အရင်က စာညံ့တဲ့လူတွေလို့ ကြားထားတာ။ သူတို့က ဒီလောက်မိုက်တဲ့ဒုံးပျံကို ဘယ်လိုများ တီထွင်နိုင်တာလဲ"

ထိုအချိန်တွင် ဖုတန်တက္ကသိုလ်ကျောင်းအုပ်ကြီးရှန့်ချန်းမှာမူ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရင်း မျက်နှာပျက်နေတော့သည်။ စတားတက္ကသိုလ်၏ တိုးတက်မှုကို မည်သူမှတားဆီး၍မရတော့ကြောင်း သူ ခံစားမိလိုက်သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။ စတားတက္ကသိုလ်က ကျောင်းသားတွေက စာညံ့တဲ့လူတွေ မဟုတ်ဘူးလား... သူတို့က ဒုံးပျံကို ဘယ်လိုလုပ်ပြီး လွှတ်တင်နိုင်တာလဲ...

ချန်းမူမှာ ရုံးခန်းထဲတွင် စတားတက္ကသိုလ်၏ အချက်အလက်များကို စစ်ဆေးနေသည်။

ဤကျောင်းက ပုဂ္ဂလိကကျောင်းဖြစ်သော်လည်း စာရွက်စာတမ်းအထောက်အထားများမှာ ပြည့်စုံလှပြီး အဆင့်မြင့်ပညာရေးဌာန၏ ခွင့်ပြုချက်ကိုလည်း ရရှိထားသည်။

စတားတက္ကသိုလ်၏ နောက်ခံမှာ မသေးလှကြောင်း သူ ရိပ်မိလိုက်သည်။

သို့သော် ဆရာမရှိပါဘဲ ကျောင်းသားများကို ဂိမ်းကစားခိုင်းထားသည့် တက္ကသိုလ်မျိုးကိုမူ ပြုပြင်ပြောင်းလဲရန် လိုအပ်ပေသည်။

စာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် ချန်းမူ ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုစဉ် သူ့ရုံးခန်းဖုန်းက မြည်လာချေသည်။

ဖုန်းကိုင်လိုက်ချိန်ဝယ် တစ်ဖက်က လူအိုကြီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

"ချန်းမူ... စတားတက္ကသိုလ်က မင်းတို့မိုတုမြို့မှာရှိတာမဟုတ်လား"

"ဟုတ်ကဲ့ ဒါရိုက်တာဝမ်။ ကျွန်တော်တို့ စတားတက္ကသိုလ်ရဲ့ ဖိုင်တွေကို စစ်ဆေးပြီးပါပြီ။ ကျောင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်နေပါတယ်"

ချန်းမူ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

အထက်လူကြီးများကိုယ်တိုင် ဖုန်းဆက်လာပြီဖြစ်ရာ တစ်ခုခုတော့ဖြစ်ပြီဟု သူ တွေးလိုက်သည်။

"ဟုတ်တယ်... သေချာစကားပြောရမယ်။ စတားတက္ကသိုလ်က တကယ်ထူးခြားတာပဲ။ ပထမဆုံးအနေနဲ့ ဟွားနိုင်ငံကိုယ်စားပြုEsportsပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တယ်။ အခုလည်း ဒုံးပျံကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြန်ပြီ။ တရုတ်သိပ္ပံအကယ်ဒမီက ပါမောက္ခကြီးတွေတောင် ဂုဏ်ပြုစကားလာပြောနေကြတာ။ သူတို့ကို ချီးကျူးဂုဏ်ပြုရမယ်"

"ဘာရယ်.... ချီးကျူးရမယ် ဟုတ်လား"

ချန်းမူခမျာ ကြောင်အသွားသည်။

"မင်းရဲ့အလုပ်လုပ်ပုံကလည်း တော်တော်ကောင်းတယ်။ အသစ်အသစ်တွေကိုတီထွင်ဖို့ ရဲရဲဝံ့ဝံ့လုပ်ပေးတာ။ အရမ်းတော်တယ်။ မှတ်ထားနော်... စတားတက္ကသိုလ်ကို ဂုဏ်ပြုလွှာပေးရမယ်"

ဖုန်းကျသွားသော်လည်း ချန်းမူမှာမူ မှင်တက်နေဆဲပင်။

Esportsချန်ပီယံ၊ ဒုံးပျံလွှတ်တင်မှု...

သူ အွန်လိုင်းပေါ်ကိုတက်ပြီး အမြန်ရှာကြည့်လိုက်သောအခါ အံ့သြဖွယ်သတင်းခေါင်းစဉ်များကို တွေ့လိုက်ရသည်။

"စတားတက္ကသိုလ်က ကမ္ဘာ့Esportsချန်ပီယံပြိုင်ပွဲမှာ ဟွားနိုင်ငံကို ကိုယ်စားပြုပြီး အနိုင်ရခဲ့တယ်"

"ခေတ်သစ်တစ်ခု ရောက်ရှိလာပြီ။ စတားတက္ကသိုလ်ရဲ့ ကျောင်းသားသစ်တွေက ကိုယ်တိုင်လုပ်ဒုံးပျံကို အောင်မြင်စွာလွှတ်တင်နိုင်ခြင်း"

ဝက်ဘ်ဆိုက်ပေါ်ရှိ မျက်စိပသာဒဖြစ်ဖွယ် သတင်းများက ချန်းမူ၏အာရုံကို ဆွဲဆောင်ထားသည်။

ထိုသတင်းများကို ဖတ်ပြီးနောက် ချန်းမူ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

အထက်လူကြီးများကပင် အသိအမှတ်ပြုနေပြီဆိုလျှင် သူ ဝေဖန်စရာ အကြောင်းမရှိတော့ပေ။ ဝေဖန်ရမည့်အစား ချီးကျူးရတော့မည် ဖြစ်၏။

သူ့သူငယ်ချင်းဟောင်းရှန့်ချန်းက သူ့ကို အကျပ်ရိုက်အောင် လုပ်နေခြင်းပင်။

ဤသို့တွေးမိလိုက်သောအခါ ချန်းမူ၏မျက်နှာထားမှာ တင်းမာသွားသည်။

တစ်ဖက်တွင်မူ ယဲ့ချန်းကတော့ ဘာမှမသိပါဘဲ စင်မြင့်ထက်တွင် မတ်တတ်ရပ်ကာ ကျောင်းသားများကို မိန့်ခွန်းပြောနေလေသည်။

"ကျောင်းသားတို့... မင်းတို့ရဲ့စွမ်းဆောင်ရည်က ငါ့ကို တကယ်အံ့သြသွားစေခဲ့တယ်။ အမှန်အတိုင်းပြောရရင် ဒီလိုပညာရေးစနစ်နဲ့ ပတ်သက်ပြီး ငါ နည်းနည်းစိုးရိမ်ခဲ့မိသေးတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ကြိုးစားမှုနဲ့ အောင်မြင်မှုတွေက ငါ့ရဲ့ရွေးချယ်မှု မှန်ကန်တယ်ဆိုတာ သက်သေပြလိုက်တာပဲ။ မင်းတို့ရဲ့အိပ်မက်တွေအတွက် ဆက်ကြိုးစားကြပါ"

...

ခန်းမတစ်ခုလုံး လက်ခုပ်သံများ ညံသွားချေသည်။

"ကျောင်းအုပ်ကြီး... ကျွန်တော်က ဖုတန်တက္ကသိုလ်ကပါ။ စတားတက္ကသိုလ်ကို ပြောင်းလို့ရမလား"

"ကျွန်မလည်း ကျောင်းပြောင်းချင်ပါတယ်"

ဖုတန်တက္ကသိုလ်နှင့် အခြားနာမည်ကြီးကျောင်းများမှ ကျောင်းသားများမှာ စတားတက္ကသိုလ်သို့ ပြောင်းချင်ကြောင်း ထုတ်ဖော်ပြသလာကြသည်။

သူတို့က စတားတက္ကသိုလ်ကို သဘောကျနေကြသည်။ ကျောင်း၏ ပတ်ဝန်းကျင်နှင့် လွတ်လပ်သောလေထုက သူတို့ကို ဆွဲဆောင်ဖမ်းစားထားသည်။

ထိုကျောင်းသားများက နာမည်ကြီးကျောင်းများတွင် တက်နေရသော်လည်း သူတို့ဝါသနာပါရာကို မသင်ရသဖြင့် မပျော်ရွှင်ကြပေ။

တချို့ဆိုလျှင် သူတို့၏အိပ်မက်များ ပျက်စီးသွားပြီဟုပင် ထင်နေကြသည်။

ယဲ့ချန်းက ထိုကျောင်းသားများ၏ စကားကို နားထောင်ပြီး မေးလိုက်သည်။

"မင်းတို့တွေက နာမည်ကြီးကျောင်းတွေမှာ တက်နေတာပဲ။ ငါတို့လို သာမန်ကျောင်းလေးကို ဘာလို့ပြောင်းချင်ကြတာလဲ"

ဖုတန်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောလာလေသည်။

"ကျွန်တော်တို့ရဲ့ အိပ်မက်တွေအတွက်ပါ"

"ဟုတ်ပါတယ်။ ကျွန်တော်တို့တွေက အိပ်မက်အတွက် ရောက်လာကြတာပါ"

သူတို့၏စကားကိုကြားသော် ယဲ့ချန်းလည်း သဘောတကျပြုံးလိုက်မိသည်။

"စတားတက္ကသိုလ်က အိပ်မက်ရှိသူတိုင်းကို အမြဲကြိုဆိုနေပါတယ်။ မင်းတို့ လျှောက်ထားမယ်ဆိုရင် ငါတို့ဘက်က အကုန်လက်ခံပေးမှာပါ"

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"

"ကျောင်းအုပ်ကြီး ကျွန်တော်တို့ ခင်ဗျားကိုချစ်တယ်"

နောက်တစ်နေ့တွင် ရှန့်ချန်း၏မျက်နှာမှာ ဒေါသကြောင့် နီရဲနေပေသည်။

အကြောင်းမှာ စတားတက္ကသိုလ်သို့ ကျောင်းပြောင်းရန် လျှောက်ထားသူ အယောက်တစ်ရာကျော် ရှိနေသောကြောင့်ပင်။

သူအကြောက်ဆုံးအရာက တကယ်ဖြစ်လာခဲ့လေပြီ။ ရှန့်ချန်းလည်း ချန်းမူထံသို့ ဖုန်းဆက်လိုက်သည်။

"လောင်ချန်း စတားတက္ကသိုလ်ကို ဘာလို့အရေးမယူသေးတာလဲ။ အခု သူတို့ကြောင့် ငါတို့ကျောင်းသားတွေ အကုန်ကျောင်းပြောင်းကုန်ပြီ။ ဒါက လူတော်တွေကို ဖြုန်းတီးနေတာမဟုတ်ဘူးလား"

ရှန့်ချန်းက ဒေါသတကြီး ပြောလိုက်သည်။

"လောင်ချန်း... မင်းရဲ့ ပညာရေးအမြင်ကို ပြောင်းဖို့လိုနေပြီ။ စတားတက္ကသိုလ်ကို အထက်လူကြီးတွေက အသိအမှတ်ပြုလိုက်ပြီကွ။ မင်းတို့ကျောင်းက ဒီနှစ် ကမ္ဘာ့ချန်ပီယံ ဘယ်နှဆုများ ရခဲ့လို့လဲ။ မင်းတို့ကျောင်းသားတွေက ကောင်းကင်ပေါ်ကို ဒုံးပျံလွှတ်နိုင်လို့လား။ နာမည်ကြီးကျောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် စုံလုံးကန်းမနေနဲ့။ အထက်က စတားတက္ကသိုလ်ကို ဂုဏ်ပြုခိုင်းနေပြီ။ မင်းလည်း အခြေအနေကို လိုက်လျောညီထွေဖြစ်အောင်နေတာ ကောင်းလိမ့်မယ်"

ချန်းမူက ထိုသို့ပြောပြီး ဖုန်းချလိုက်သည်။

ရှန့်ချန်းခမျာ ဖုန်းကိုင်ရင်း ကြောင်အမ်းအမ်းနှင့် ကျန်ရစ်နေခဲ့တော့သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

ဆရာလည်းမရှိ၊ အဖွဲ့အစည်းလည်းမရှိ၊ စည်းကမ်းလည်းမရှိတဲ့ ကျောင်းမျိုးကို ချီးကျူးဂုဏ်ပြုရမယ်တဲ့လား....

••••••••••••••••

အပိုင်း ၃၈၇ - မောက်မာတဲ့တက္ကစီဒရိုင်ဘာ

ယဲ့ချန်းက လင်းရှစ်ယင်ကို တက္ကစီဖြင့် အိမ်ပြန်ပို့ပေးလိုက်သည်။

ရုတ်တရက်ဆိုသလို နှာချေလိုက်သည်။

"ဟေး ငါ့ကို ဘယ်သူချီးကျူးနေပြန်တာလဲ။ လူချောလေးတွေက အမြဲလူချစ်လူခင်ပေါတာပဲ"

လင်းရှစ်ယင်လည်း ရယ်မောလိုက်ချေသည်။

"ယဲ့ချန်း ရှင်က အရမ်းတော်တာ။ စတားတက္ကသိုလ်ကျောင်းသားတွေ ဒီလောက်ထူးချွန်လိမ့်မယ်လို့ ကျွန်မထင်မထားဘူး"

"ငါတို့က လွတ်လပ်တဲ့ပတ်ဝန်းကျင်တစ်ခုကို ထောက်ပံ့ပေးထားရုံပါပဲ။ တကယ်တမ်းကျတော့ သူတို့အပေါ်ပဲ မူတည်တာ"

လင်းရှစ်ယင်က ကားပေါ်က ဆင်းသွားပြီးနောက် ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးသွားသည်။

"တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်... ပထမဆုံးကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ စတားမီဒီယာလုပ်ငန်းစုကို ရရှိလိုက်ပါပြီ"

စတားမီဒီယာဆိုသည်မှာ ဟွားနိုင်ငံရှိ နာမည်ကြီးဖျော်ဖြေရေးကုမ္ပဏီပင်။

ယခုတလော သူတို့က ဝက်ဘ်ဒရမ်မာများစွာကို ရိုက်ကူးပြီး သင့်တော်ကောင်းမွန်သော အနုပညာရှင်တချို့ကိုလည်း လက်သပ်မွေးထားသည်။

ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။

"ဟယ်လို.. ဥက္ကဋ္ဌယဲ့နဲ့ စကားပြောချင်လို့ပါ။ ကျွန်တော်က စတားမီဒီယာရဲ့စီအီးအို ဟန်ချီပါ။ ကျွန်တော်တို့ ခင်ဗျားရဲ့ရှယ်ယာသဘောတူစာချုပ်ကို ပြင်ထားပြီးပါပြီ။ ခင်ဗျား လက်မှတ်ထိုးပြီးတာနဲ့ ချက်ချင်းအကျုံးဝင်သွားပါပြီ"

"ကောင်းပါပြီ။ ကျွန်တော် ချက်ချင်းလာခဲ့ပါ့မယ်"

လင်းရှစ်ယင် ဗီလာထဲသို့ ဝင်လာချိန်မှာပင် မက်စ်တပ်ပြီး ဘေ့ဘောစ်ဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ယောက်က ကားပေါ်သို့ တက်လာလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့တည်နေရာကလည်း စတားမီဒီယာဖြစ်နေပေသည်။

"မြန်မြန်မောင်းစမ်းပါ။ အလျင်လိုနေလို့"

ကားပေါ်သို့တက်ပြီးနောက် ထိုလူက မောက်မောက်မာမာဆိုလာချေသည်။

"မြန်မြန်မောင်းစမ်းပါ။ ကျုပ်က အရေးကြီးဒါရိုက်တာတစ်ယောက်နဲ့ အင်တာဗျူးလုပ်ရမှာ။ နာရီဝက်အတွင်း အဲဒီကိုရောက်မှဖြစ်မယ်။ ကျုပ်နောက်ကျရင် ခင်ဗျား တာဝန်ယူနိုင်မှာမဟုတ်ဘူးနော်"

"ဪ စတားမီဒီယာက ဒီနေရာနဲ့ နည်းနည်းဝေးတယ်။ အခုအချိန်ကလည်း ရုံးဆင်းချိန်ကြီးဆိုတော့ နောက်ကျလိမ့်မယ်ထင်တယ်"

"ဝေးဝေးမဝေးဝေး အဲဒီကိုသွားမှဖြစ်မယ်။ မဟုတ်လို့ကတော့ ငါ ကွန်ပလိန်းတက်ပြီး မင်းကို မကောင်းတဲ့ရီဗျူးတွေ ပေးပစ်မယ်"

ယဲ့ချန်း၏နှုတ်ခမ်းကား အထက်သို့ ကွေးညွတ်သွားသည်။

ယခုအချိန်တွင် သူမကြောက်ဆုံးမှာ မကောင်းသည့်ရီဗျူးများပင်။

ယခုအချိန်တွင် သူသည် တက္ကစီလုပ်ငန်းစု၏ ပင်မရှယ်ယာရှင်တစ်ယောက်ဖြစ်နေပြီဖြစ်ရာ မကောင်းသည့်ရီဗျူးများက သူ့အပေါ် သက်ရောက်မှုရှိဦးမည်လော။

"ကောင်းပြီ။ မပူနဲ့။ ကျုပ်က အရည်အချင်းရှိတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

ထိုလူက အေးစက်မာကျောစွာ ပြန်ပြောလာလေသည်။

"ဟမ့် ငါပြောမယ်။ ငါက ဖော်လိုဝါဆယ်သန်းရှိတဲ့ အင်တာနက်ဆယ်လီတစ်ယောက်နော်။ မင်း ငါ့အလုပ်ကို လာမရှုပ်တာကောင်းမယ်"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံး၍ ကားစက်နှိုးလိုက်လေသည်။

သို့သော် ယဲ့ချန်းက ကားမောင်းရင်း အရှိန်ကို ထိန်းထားပေသည်။

"ဟေး.. မင်း ဘာလို့ တအားနှေးနှေးလေး မောင်းနေတာလဲ။ ငါအလျင်လိုနေတယ်လို့ ပြောပြီးပြီလေ။ မင်း နားကန်းနေတာလား"

"ကျုပ်က အရည်အချင်းပြည့်ဝတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ ကျုပ်တို့စည်းမျဉ်းအရ ကျုပ်တို့တွေ အရှိန်တင်လို့မရပါဘူး။ ဒီတော့ တောင်းပန်ပါတယ်"

"မင်း..."

ယဲ့ချန်းက ပြောလိုက်သည်။

"ကြည့်လိုက်လေ။ ကားတွေအများကြီးပဲဟာကို.. ကျုပ်သာ အတင်းကျော်တက်ပြီး မောင်းနေရင် မတော်တဆမှုဖြစ်သွားနိုင်တယ်။ အဲဒီလိုဆိုရင် ခင်ဗျားရဲ့လုံခြုံရေးလည်း ထိခိုက်လိမ့်မယ်။ ကျုပ်က ကျုပ်ရဲ့ဖောက်သည်တွေကို တာဝန်ယူမှုရှိတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ စိတ်မပူနဲ့။ ကျုပ် ခင်ဗျားသွားချင်တဲ့နေရာကို ဘေးကင်းကင်းပို့ဆောင်ပေးမယ်"

ယဲ့ချန်း၏စကားများကို ကြားသောအခါ ထိုလူ ပေါက်ကွဲတော့မတတ်ပင်။

"ငါပြောမယ်။ ဒီအင်တာဗျူးက ဒါရိုက်တာဝမ်မင်နဲ့တွေ့ရမှာ။ အောင်မြင်ရင် နာမည်ကြီးဝက်ဘ်ဒရမ်မာတစ်ခုမှာ ခေါင်းဆောင်သရုပ်ဆောင်နေရာကို ရမှာ။ အဲဒီကို အရောက်မသွားရင်တော့ မင်း အကျိုးဆက်ကို တာဝန်ယူနိုင်မှာမဟုတ်ဘူး"

ယဲ့ချန်းမှာ ခနဲ့တဲ့တဲ့မရယ်ဘဲ မနေနိုင်တော့ပေ။

အင်တာနက်ဆယ်လီတစ်ယောက်က သူ့ကိုယ်သူ ရုပ်ရှင်စတားတစ်ယောက်နှယ် ထင်မှတ်နေပေသည်။

မင်းက ရုပ်ရှင်စတားတစ်ယောက်ဆိုရင်တောင် ဒီလိုယာဉ်ကြောမျိုးနဲ့ဆိုရင် နာရီဝက်အတွင်း ရောက်အောင်သွားဖို့ မဖြစ်နိုင်ဘူး...

မင်းသာ အလှပဂေးလေးတစ်ယောက်ဆိုရင် ပြဿနာမရှိဘူး.. သူ့မှာ ရဟတ်ယာဉ်တစ်စီးရှိသည်မဟုတ်လော။

သို့သော် ကံဆိုးချင်တော့ ဤလူက အမျိုးသားဖြစ်နေလေရာ ယဲ့ချန်း တာဝန်ယူမည်မဟုတ်ပေ။

ထို့ပြင် သူ့မောက်မာမှုကြောင့် သူ့ကိုသာ ကလိမ်မကျဘူးဆိုလျှင် မည်သူ့ကို လုပ်ရမည်နည်း။

…

ထိုအချိန်တွင် စတားမီဒီယာအဆောက်အအုံထဲ၌ အမျိုးသားတစ်ယောက်၏မျက်နှာကား သုန်မှုန်နေချေသည်။

"ဟေး... သူ ဘာလို့ရောက်မလာသေးတာလဲ။ သရုပ်ဆောင်တစ်ယောက်ကို စောင့်နေရတာ ဒါ ပထမဆုံးအကြိမ်ပဲ"

"ဒါရိုက်တာဝမ်.. ကျွန်တော့်ရဲ့အင်တာနက်ဆယ်လီက ယာဉ်ကြောပိတ်နေလို့ပါ။ ခဏလောက်စောင့်ပေးပါဦး"

မန်နေဂျာခမျာ ဖုန်းကောက်ကိုင်ရင်း ချွေးတရွှဲရွှဲဖြစ်နေလေသည်။

"ကျိုးပေါ်... မင်း ဘာလို့ရောက်မလာသေးတာလဲ။ ဒါရိုက်တာဝမ် ဒေါသထွက်နေပြီကွ။ ငါ့မှာ မင်းအတွက် ဒီအခွင့်အရေးကို အရယူပေးဖို့ ကြိုးစားထားရတာ"

ကျိုးပေါ်၏အမူအရာမှာ ရုပ်ဆိုးသွားလေသည်။

"ဟုတ်ကဲ့။ ဟုတ်ကဲ့ မန်နေဂျာလီ.. ကျွန်တော်လာနေပါပြီ။ ရောက်တော့မှာပါ"

"ငါ မင်းကို နောက်ထပ်ဆယ့်ငါးမိနစ်အချိန်ထပ်ပေးမယ်။ ရောက်အောင်မလာနိုင်ရင်တော့ နောက်နောင် ဘာအခွင့်အရေးမှမရှိတော့ဘူး"

ထိုသို့ပြောပြီးနောက် တစ်ဖက်က ဖုန်းချသွားသည်။

ကျိုးပေါ်လည်း ဖုန်းကို ပြန်ချပြီး ယဲ့ချန်းကိုပြောလိုက်၏။

"မင်းကြောင့်ဖြစ်တာ။ မင်းက ကားကို လိပ်လိုမောင်းနေတာလား။ ဒါရိုက်တာက ဒေါသထွက်နေပြီတဲ့။ မင်းသိလား။ တစ်နေ့ကျရင် ငါက ရုပ်ရှင်ဧကရာဇ်ဖြစ်လာနိုင်တယ်။ အခု မင်းက ငါ့ကို ဆွဲချနေတာပဲ"

ယဲ့ချန်းလည်း နှာမှုတ်လျက် တွေးလိုက်မိသည်။

"ရုပ်ရှင်ဧကရာဇ်လား။ ဘယ်ရုပ်ရှင်ဧကရာဇ်ဖြစ်ဖြစ် အကုန်လုံးက စိတ်ထားနူးညံ့တယ်။ နှိမ့်ချတတ်တဲ့ လူကောင်းတွေ။ မင်းလိုသဘောထားမျိုးနဲ့ဆိုရင် ရုပ်ရှင်ဧကရာဇ်ဖြစ်လာမှာမဟုတ်ဘူး"

"ငါပြောမယ်။ ဒီနေ့ ငါ မင်းကို မကောင်းတဲ့ရီဗျူးတွေပေးပြီး မင်းတို့ကုမ္ပဏီကို ကွန်ပလိန်းတက်ပြမယ်"

အမှန်အတိုင်းပြောရလျှင် ဤအင်တာဗျူးက ဤမျှအထိ အရေးကြီးနေလျှင် စောစောထွက်လာခဲ့သည်မဟုတ်လော။ ထိုအစား နောက်ကျမှထွက်လာပြီး ယာဉ်ကြောပိတ်နေချေသည်။

အဆိုးဆုံးမှာ ကိုယ့်အမှားကို သူများပေါ် ပုံချနေခြင်းပင်။ ဤကဲ့သို့သော လူများမှာ အလွန်ရွံရှာဖွယ်ကောင်းလှသည်။

သူ ညည်းလေလေ ယဲ့ချန်းကတော့ ကားကို ထိန်းမောင်းလေလေပင်။ တစ်ဖက်လူက ကျိုးကြောင်းမဆီလျော်နေသဖြင့် နည်းနည်းလောက်ဆုံးမမှဖြစ်ချေမည်။

ယဲ့ချန်းက ပြောလိုက်၏။

"မင်း နောက်ကျတယ်ဆိုရင်လည်း အဲဒါ မင်းပြဿနာပဲလေ။ တကယ်လို့ အဲဒီလောက်အရေးကြီးရင် စောစောထွက်လာခဲ့သင့်တာပေါ့"

ထိုလူက ဒေါသတကြီးပြောလိုက်၏။

"မင်းကများ ပြန်ပြောရဲတယ်ပေါ့။ မင်းရဲ့အဆင့်က ဘာမို့လို့လဲ။ တက္ကစီဒရိုင်ဘာကများ"

ယဲ့ချန်းကလည်း ပြောလိုက်လေသည်။

"ဟုတ်တယ်။ ငါက တက္ကစီဒရိုင်ဘာပဲ။ ဒါပေမဲ့ အရာရာမှာ အကျိုးအကြောင်းဆိုတာ ရှိသေးတယ်မလား။ မင်း ဒီကားတွေကိုမြင်လား။ နာရီဝက်အတွင်း ရောက်အောင်သွားဖို့ မဖြစ်နိုင်ဘူး။ မင်းက ငါ့ကို ဘာလို့အပြစ်ပုံချနေတာလဲ"

"မင်း..."

ကျိုးပေါ်၏မျက်နှာကား ဒေါသကြောင့် ပြာနှမ်းလာသည်။

ယဲ့ချန်းလည်း ဆက်ပြောလိုက်၏။

"ကွန်ပလိန်းတက်ချင်ရင် သွားတက်လေ။ အမှန်အတိုင်းပြောရရင် ငါကလည်း ကွန်ပလိန်းတက်မှာကို မကြောက်ပါဘူး။ မင်း အခုလိုပွစိပွစိလုပ်နေမယ်ဆိုရင် ငါ ဒီကားကို မိုးပျံလမ်းပေါ်မှာ ရပ်လိုက်မယ်။ မင်းဘာသာ လမ်းဆင်းလျှောက်ပေတော့"

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျိုးပေါ်လည်း ငြိမ်ကျသွားသည်။

ဤမိုးပျံလမ်းက ကီလိုမီတာပေါင်းများစွာ ရှည်လျားသည်။ အကယ်၍ ယဲ့ချန်းသာ သူ့ကို လမ်းတစ်ဝက်တွင် ထားခဲ့မည်ဆိုပါက ကူကယ်ရာမဲ့သွားပေလိမ့်မည်။

ထို့ကြောင့် ယခုလောလောဆယ်တော့ အံတင်းတင်းကြိတ်၍ သည်းခံရုံသာ တတ်နိုင်သည်။

အဆုံးတွင်မူ ကျိုးပေါ်လည်း စကားဆက်မပြောတော့ပေ။

ယဲ့ချန်းက ပြောလိုက်သည်။

"တိတ်တိတ်လေးနေတာနဲ့ပဲ အဆင်ပြေသွားမယ်လို့ ထင်နေတာလား။ ခုနတုန်းက မင်း ငါ့ကိုစော်ကားပြီး အပြစ်တင်နေခဲ့တာလေ။ တောင်းပန်သင့်တယ်လို့ မထင်ဘူးလား"

ယဲ့ချန်း၏စကားကြောင့် တင်းပေါ်ခမျာ ဒေါသူပုန်ထတော့မတတ်ပင်။

ဤမျှအတင့်ရဲသော တက္ကစီဒရိုင်ဘာတစ်ယောက်နှင့် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။

ယဲ့ချန်းက ပြောလိုက်ပြန်သည်။

"မင်း ငါ့ကို အားပေးတာကောင်းမယ်နော်။ ငါသာ လုပ်ပေးချင်ရင် မင်းကို ဆယ့်ငါးမိနစ်အတွင်း အရောက်ပို့ပေးနိုင်တယ်။ မဟုတ်လို့ကတော့ နာရီဝက်ဆိုရင်တောင် မဖြစ်နိုင်ဘူး"

ကျိုးပေါ်ကတော့ လုံးဝဒေါသထွက်သွားလေပြီ။

ဤသည်မှာ ဒေါသထွက်ချင်စရာပင်။

ပရိတ်သတ်ထောင်ပေါင်းများစွာရှိသော အင်တာနက်ဆယ်လီတစ်ယောက်ကို တက္ကစီဒရိုင်ဘာတစ်ယောက်က ခြိမ်းခြောက်နေသတဲ့လား။

ဤတက္ကစီဒရိုင်ဘာက ဘယ်လိုယုံကြည်မှုမျိုးနှင့်များ သူ့ရှေ့တွင် ဤမျှမောက်မာနေရသလဲ။

သို့သော် ရုပ်ရှင်ဧကရာဇ်ဖြစ်ရန်အတွက် ကျိုးပေါ်ခမျာ အရှက်ခွဲမှုများကို သည်းခံရပေလိမ့်မည်။

"ကောင်းပါပြီ တက္ကစီဒရိုင်ဘာကြီး... ကျွန်တော် မှားသွားပါတယ်။ ကျွန်တော့်အပြစ်ပါ။ ခုနတုန်းက ကျွန်တော် စိတ်ပူသွားလို့ပါ။ ဒီအင်တာဗျူးက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်ဗျ။ ကျွန်တော့်ကို အချိန်မီရောက်အောင် ပို့ပေးပါနော်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"အင်း... အခုမှ အကျိုးသင့်အကြောင်းသင့်ဖြစ်တော့တယ်"

ကျိုးပေါ်မှာမူ ဒေါသပေါက်ကွဲလုမတတ်ပင်။

သေစမ်း... နေနှင့်ဦးပေါ့.. ကားပေါ်ကဆင်းတာနဲ့ မင်းကို မကောင်းတဲ့ရီဗျူးမပေးရင် ငါ့မျိုးရိုးနာမည်ကို ပြောင်းပစ်လိုက်မယ်...

ကျိုးပေါ်က တောင်းပန်ပါသော်ငြား ယဲ့ချန်းကတော့ ကားကို ထိန်းမောင်းနေဆဲသာ။

အဆုံးတွင်မူ လိုရာခရီးသို့ ရောက်လာခဲ့ကြသည်။

ကားပေါ်ကဆင်းပြီးနောက် ကျိုးပေါ်က ယဲ့ချန်းကို ဆဲဆိုလေတော့သည်။

"ဟေ့ကောင်.. နေနှင့်ဦးပေါ့။ ငါတို့ကိစ္စမပြီးသေးဘူး။ မင်းတော့သေပြီသာမှတ်"

ယဲ့ချန်းကလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"ငါ့ကိုလာဆဲနေတာလား။ ဘယ်သူက မရှုမလှအဆုံးသတ်ရမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

All Chapters