အခန်း (၃၈၈-၃၉၀)
Vol. 26 Ch. 388-390
အပိုင်း ၃၈၈ - ငါလိုချင်တဲ့ခံစားချက်က ဒါပဲ
ကျိုးပေါ်လည်း စတားမီဒီယာ၏ အင်တာဗျူးခန်းမထဲသို့ လျှောက်လာခဲ့သည်။
ထိုအချိန်တွင် ဒါရိုက်တာဝမ်၏မျက်နှာကား လုံးဝပျက်ယွင်းနေပေသည်။
သူ့ဘေးရှိ မန်နေဂျာကတော့ ကျိုးပေါ်ကိုမြင်သည်နှင့် ဆူပူမာန်မဲလေတော့သည်။
"ငါ မင်းကို ပြောမထားဘူးလား။ မြန်မြန်လာပါလို့.. မင်း ကန်းနေတာလား။ ဒါရိုက်တာဝမ့်ကို ဘယ်လိုလုပ်ပြီး စောင့်ခိုင်းထားရတာလဲ။ အခုချက်ချင်း ဒါရိုက်တာဝမ့်ကို တောင်းပန်လိုက်"
ကျိုးပေါ်က ဝမ်မင့်အနားသို့ မြေးလေးတစ်ယောက်အလား အပြေးရောက်ချလာသည်။
"ဒါရိုက်တာဝမ်.. တောင်းပန်ပါတယ်။ ကျွန်တော် အိမ်က အစောကြီးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဝေးတဲ့လမ်းကို တမင်ရွေးလိုက်တဲ့ တော်တော်ဆိုးဝါးတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်နဲ့တိုးနေလို့ နောက်ကျသွားတာပါ"
သူသည် အိမ်က နောက်ကျမှ ထွက်လာသည်မှာ ရှင်းနေပါသော်ငြား ယဲ့ချန်းကို အပြစ်ပုံချလိုက်သည်။
ဒါရိုက်တာဝမ်က အေးစက်မာကျောစွာ ပြောလိုက်လေသည်။
"ကောင်းပြီ။ လူတွေ့စစ်ဆေးမှု စလိုက်ကြတာပေါ့။ ငါ အရမ်းအလုပ်များနေတာ"
ဤအင်တာနက်ဆယ်လီကို မြင်လိုက်သည်နှင့် အင်တာဗျူးမလုပ်ဘဲ ကျော်သွားရန် ဒါရိုက်တာဝမ် ဆုံးဖြတ်ထားပြီးသားပင်။
သို့သော် မန်နေဂျာနှင့် သူ့ကြားရှိ ရင်းနှီးမှုကြောင့် ကျိုးပေါ်ကို အခွင့်အရေးတစ်ခုပေးလိုက်သည်။
ဒါရိုက်တာဝမ်က ကျိုးပေါ်ကို ဇာတ်ညွှန်းထဲရှိ ဇာတ်ကွက်တစ်ခုကို သရုပ်ဆောင်ခိုင်းလိုက်သည်။
ကျိုးပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် လွတ်လွတ်လပ်လပ်သရုပ်ဆောင်တတ်ပါသော်ငြား တကယ့်သရုပ်ဆောင်ပညာနှင့်ပတ်သက်လာလျှင် အတုအယောင်ဆန်ပြီး ကိုးရိုးကားရားနိုင်လှသည်။
ဒါရိုက်တာဝမ်ခမျာ လုံးဝထိတ်လန့်သွားလေသည်။
မင်းက ဒါကို သရုပ်ဆောင်တယ်လို့ ခေါ်တာလား... ပရိသတ်တွေကို ငတုံးတွေများ မှတ်နေတာလား...
"ရပြီ။ လုံလောက်ပြီ"
ကျိုးပေါ်က တစ်ယောက်တည်းသရုပ်ဆောင်ရင်း အာရုံဝင်စားနေသဖြင့် ဒါရိုက်တာဝမ်လည်း သည်းမခံနိုင်တော့သည့်အဆုံး သရုပ်ဆောင်နေခြင်းကို ရပ်ခိုင်းလိုက်ရသည်။
"ဒါရိုက်တာ... ကျွန်တော်က အခုမှ မုဒ်ဝင်လာတာ။ ကျွန်တော် ပိုကောင်းအောင်လုပ်နိုင်ပါသေးတယ်"
ကျိုးပေါ်က ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေဟန်ဖြင့် ပြောလိုက်လေသည်။
"ထားလိုက်တော့။ မင်းရဲ့အဆင့်က အရမ်းမြင့်လွန်းတယ်။ ငါတို့လိုထုတ်လုပ်ရေးအဖွဲ့သေးသေးလေးက မင်းလို နတ်ဘုရားတစ်ပါးကို မငှားနိုင်ဘူး"
ဒါရိုက်တာဝမ်က လှောင်ပြောင်ထေ့ငေါ့လိုက်သည်။
"ရပါတယ်။ ကျွန်တော်က ထုတ်လုပ်ရေးအဖွဲ့သေးသေးလေးဆိုရင်လည်း စိတ်ထဲမထားပါဘူး။ ရုပ်ရှင်ဧကရာဇ်တော်တော်များများက သာမန်ရုပ်ရှင်တွေက နာမည်ကြီးလာခဲ့တာလို့ ကြားဖူးတယ်"
ကျိုးပေါ်က တစ်ကိုယ်တည်းရေရွတ်နေပေသည်။
ဒါရိုက်တာဝမ်မှာမူ ဆွံ့အသွားချေသည်။
ငါက လှောင်နေတာလေ... ဒါတောင်မသိဘူးလား...
"ကောင်းပြီလေ။ မင်း လူတွေ့စစ်ဆေးမှုကို မအောင်ဘူးလို့ ငါ တရားဝင်အသိပေးလိုက်မယ်"
ဒါရိုက်တာဝမ်ကလည်း အားနာမနေတော့ဘဲ ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာလိုက်သည်။
ဤစကားကိုကြားသော် ကျိုးပေါ်၏မျက်နှာမှာ ဖြူဖျော့သွားသည်။ သူက ဒါရိုက်တာဝမ်ကို ဆွဲထားလိုက်သည်။
"ဒါရိုက်တာဝမ်... ကျွန်တော့်ကို နောက်ထပ်အခွင့်အရေးလေးတစ်ခုလောက် ထပ်ပေးပါနော်။ ကျွန်တော် အရမ်းကြိုးစားထားတာ။ သရုပ်ဆောင်လက်စွဲစာအုပ်ထဲကလည်း အမြဲလေ့လာတယ်"
ဒါရိုက်တာဝမ်ခမျာ သနားစရာကောင်းလှသော ကျိုးပေါ်၏အဖြစ်ကြောင့် ပျို့အန်မိမတတ်ပင်။
ဤတစ်ခေါက်တွင် အမျိုးသားဇာတ်ဆောင်က ကြီးမြတ်သောသူရဲကောင်းတစ်ယောက်ဖြစ်သဖြင့် အရေးအကြီးဆုံးစရိုက်လက္ခဏာကား ယောက်ျားပီသမှုပင်။
ဤကဲ့သို့သော လူတစ်ယောက်က မည်သို့သရုပ်ဆောင်နိုင်မည်နည်း။
"ကောင်းပြီလေ။ မရဘူးဆိုရင် မရဘူးပဲ။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
သူ့ဘေးရှိ လက်ထောက်ဒါရိုက်တာမှာမူ စိုးရိမ်ပူပန်သွားသည်။
"ဒါရိုက်တာဝမ်.. ခင်ဗျား ဒီဇာတ်ရုပ်အတွက် သရုပ်ဆောင်တော်တော်များများကို လူတွေ့စစ်ဆေးပြီးပြီမလား။ ဘယ်သူကမှ ခင်ဗျားရဲ့စံနှုန်းကို မမီဘူးမလား"
ဒါရိုက်တာဝမ်လည်း သက်ပြင်းချလိုက်မိသည်။
"ဟုတ်တယ်။ ဒီဇာတ်ဆောင်က ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ရမှာ။ ဒါပေမဲ့ အဲဒီလိုအရှိန်အဝါရှိတဲ့လူကို ရှာတွေ့ဖို့ အရမ်းခက်တယ်"
"ဒါပေမဲ့ ကျွန်တော်တို့ရိုက်ကူးရေးအချိန်ဇယားက အရမ်းကျပ်နေပြီ"
လက်ထောက်ဒါရိုက်တာက စိုးရိမ်တကြီး ပြောလိုက်လေသည်။
"အချိန်ဇယား ဘယ်လောက်ကျပ်ကျပ် ငါ့ဇာတ်လိုက်မင်းသားကတော့ ငါ့စိတ်ကြိုက်ဖြစ်မှ ရမယ်"
ထိုအချိန်မှာ ကျိုးပေါ်လည်း မျှော်လင့်ချက်ရောင်ခြည်သန်းလာသလို ခံစားလိုက်ရပြီး လူတိုင်းရှေ့မှာတင် ဒါရိုက်တာဝမ်၏အရှေ့၌ ဒူးထောက်ချလိုက်ပါတော့သည်။
"ဒါရိုက်တာဝမ် ကျွန်တော် ငယ်ငယ်လေးကတည်းက မင်းသားဖြစ်ချင်ခဲ့တာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးပေးပါဦး။ ကျွန်တော် ဆရာ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး"
ထိုအချိန်မှာပင် ယဲ့ချန်းက အထဲသို့ဝင်လာပြီး ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်ရင်း ပြောလိုက်သည်။
"ဟေး... ရုပ်ရှင်ဧကရာဇ်ကြီး... မင်းက ဒီကိုရောက်နေတာကိုး"
ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေခိုက် ရုပ်ရှင်ဧကရာဇ်ဟု အခေါ်ခံလိုက်ရသည့် ကျိုးပေါ်တစ်ယောက် ခဏမျှကြောင်အသွားသည်။
ယဲ့ချန်းကို မြင်လိုက်ရသောအခါ ကျိုးပေါ် ပိုဒေါသထွက်သွားသည်။
ငါနောက်ကျသွားလို့ ဒါရိုက်တာဝမ်က ငါ့ကို သဘောမကျတာဖြစ်မယ်။ ငါ ဒီအခွင့်အရေး ဆုံးရှုံးရတာ ဒီလူကြောင့်ပဲ...
တကယ်တော့ သူ့ရုပ်ရည်နှင့် အရည်အချင်းက မပြည့်မီသောကြောင့်ဆိုသည်မှာ သိသာနေသော်ငြား ကျိုးပေါ်ကတော့ ထုံးစံအတိုင်း ယဲ့ချန်းကို အပြစ်ပုံချလိုက်ပြန်သည်။
ကျိုးပေါ်က ဒေါသတကြီးပြောလိုက်၏။
"ဒါတွေအားလုံးက မင်းကြောင့်ပဲ။ မင်းကို ငါ စာရင်းရှင်းဖို့ စဉ်းစားနေတာ။ အခုတော့ မင်းကိုယ်တိုင်ရောက်လာတာပေါ့ ဟုတ်လား"
ယဲ့ချန်းက ဒူးထောက်နေသော ကျိုးပေါ်ကို ကြည့်ပြီး ပြောလိုက်၏။
"မင်းဖုန်းကို လာပေးတာ။ ကားပေါ်က ကပျာကယာဆင်းသွားတော့ ဖုန်းကျန်နေခဲ့လို့လေ"
ကျိုးပေါ်က ဖုန်းကို လှမ်းယူပြီး ပြောလိုက်၏။
"အင်း.. ရပြီ။ သွားတော့။ ဒီနေရာက စတားမီဒီယာကွ။ အနုပညာရှင်တွေချည်းပဲ ရှိတာ။ ဒီနေရာကို ညစ်ပတ်အောင်မလုပ်နဲ့"
"ကောင်းပါပြီ။ မင်း ဆက်ဒူးထောက်နေလိုက်ပါဦး။ ငါကတော့ သွားတော့မယ်"
ယဲ့ချန်းက ထိုသို့ပြန်ပြောပြီး လှည့်ထွက်ရန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာ ဒါရိုက်တာဝမ်၏အကြည့်များက ယဲ့ချန်းထံတွင် ကျရောက်နေသည်။
ဒီကောင်လေးက တော်တော်ချောတာပဲ။ သူ့ရဲ့ ဟန်ပန်ကလည်း ဖြောင့်မတ်တည်ကြည်ပြီး ယောကျ်ားပီသတဲ့ အရှိန်အဝါအပြည့်ရှိတယ်။ ဒါက ငါ မျှော်လင့်နေခဲ့ရတဲ့ ဇာတ်လိုက်မင်းသားမျိုးပဲ...
ဒါရိုက်တာဝမ်ခမျာ စိတ်လှုပ်ရှားသွားပြီး ယဲ့ချန်းကို လှမ်းခေါ်လိုက်သည်။
"လူချောလေး...ခဏနေပါဦး"
ယဲ့ချန်းက ရပ်တန့်ပြီး ဒါရိုက်တာဝမ်ကို ကြည့်လိုက်၏။
"ဟုတ်ကဲ့။ ဘာကူညီပေးရမလဲဗျ"
ဒါရိုက်တာဝမ်က ယဲ့ချန်းကို အပေါ်အောက်စုန်ချည်ဆန်ချည် သေချာလိုက်ကြည့်နေပေသည်။
"ပြီးပြည့်စုံလိုက်တာ။ ဒါကမှ ငါရှာနေတဲ့လူအစစ်။ ဒီလိုအရှိန်အဝါမျိုးကို ငါ လိုချင်နေတာ"
ယဲ့ချန်းခမျာ ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။
"ဒီမှာ... ကျွန်တော်က ယောကျ်ားအချင်းချင်း စိတ်မဝင်စားဘူးနော်"
ဘေးနားရှိ လူများမှာ တဟားဟားရယ်ကြလေတော့သည်။
ဒါရိုက်တာဝမ်ကလည်း ရယ်မောလိုက်သည်။
"မဟုတ်ပါဘူး။ အထင်မလွဲပါနဲ့။ ငါ့ရုပ်ရှင်အတွက် ဇာတ်လိုက်မင်းသားတစ်ယောက် လိုနေတာ။ မင်းရဲ့အရှိန်အဝါက ငါလိုချင်တဲ့ စံနှုန်းနဲ့ ကွက်တိပဲ။ မင်း စိတ်ဝင်စားလား"
ဒါရိုက်တာဝမ်၏စကားကြောင့် ထိုနေရာရှိ လူအားလုံး မှင်တက်သွားကြသည်။
ဘုရားရေ... ဒါရိုက်တာဝမ်က တက္ကစီဒရိုင်ဘာတစ်ယောက်ကို ကမ်းလှမ်းနေတာလား။ ဒီလူတော့ ကံထူးပြီပဲ....
"ဒါပေမဲ့ ဒီတက္ကစီဒရိုင်ဘာက တကယ်ချောတယ်နော်"
"ဟုတ်ပ။ ဟိုမင်းသားအသစ်တွေထက်တောင် အများကြီးသာသေးတယ်"
"ခုနက အင်တာနက်ဆယ်လီနဲ့ဆိုရင် ယှဉ်တောင်မယှဉ်နိုင်ဘူး"
ဟားဟား...
ပတ်ဝန်းကျင်ရှိ အတင်းအဖျင်းစကားများကို ကြားသောအခါ ယဲ့ချန်းခမျာ သွေးအန်လုမတတ်ပင်။
ယဲ့ချန်းအနေနှင့် ယခင်က ရုပ်ရှင်အနည်းငယ် ရိုက်ဖူးသော်ငြား ယခုမူ အပြင်ထွက်လျှင် သူ့ဆွဲဆောင်မှုတန်ဖိုးကို လျှော့ချထားရသည်။ နည်းနည်းလောက် များသွားလျှင်ပင် လူတွေက သူ့ကို နာမည်ကြီးမင်းသားမှန်း သိသွားကြမည်ဖြစ်ရာ ပြဿနာမများချင်သောကြောင့် နောက်နောင် ရုပ်ရှင်မရိုက်တော့ဘူးဟု ဆုံးဖြတ်ထားသည်။
လူတိုင်းက ယဲ့ချန်း သဘောတူလိမ့်မည်ဟု ထင်ထားကြသော်ငြား သူက ပြောလိုက်၏။
"တောင်းပန်ပါတယ်။ ကျွန်တော် အလုပ်များနေလို့ပါ။ တက္ကစီဆက်မောင်းရဦးမယ်"
လူအုပ်ကြီး : "..."
သေစမ်း.... ဒါက စတားဖြစ်နိုင်မဲ့ အခွင့်အရေးကြီးလေ။ တက္ကစီမောင်းရမှာမို့ အလုပ်ရှုပ်တယ်လို့ ပြောရသလား။
ဤလူ ရူးများရူးနေသလား။
ထိုနေရာရှိ လူအားလုံး သွေးအန်မိမတတ်ပင်။
သာမန်လူများအတွက် ယခုလိုအခွင့်အရေးမျိုးမှာ အလွန်ဝမ်းသာစရာကောင်းလှသည်။
သို့သော် ယဲ့ချန်းကတော့ တက္ကစီမောင်းရမည်ဟုသာ ဆိုနေချေသည်။
တက္ကစီမောင်းလို့ ဘယ်လောက်ရမှာမို့လို့လဲ။ ရုပ်ရှင်တစ်ကားရိုက်လိုက်ရင် တစ်သက်စာ တက္ကစီမောင်းစရာမလိုအောင် ရမှာကို။
ထိုလူများ၏ လောကအမြင်များလည်း ဗြောင်းဆန်ကုန်သည်။
ကမ္ဘာပေါ်တွင် ကြယ်ပွင့်တစ်ယောက်ဖြစ်ရခြင်းထက် တက္ကစီမောင်းဖို့သာ ရွေးချယ်သူတစ်ယောက် အမှန်တကယ်ရှိနေပေသည်။
ထိုအချိန်မှာပင် ဟန်ချီက အထဲသို့ ဝင်လာလေသည်။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော် ခင်ဗျားကိုလိုက်ရှာတာ နှံ့နေပြီ။ ဒီမှာ ဘာလုပ်နေတာလဲ"
ယဲ့ချန်းက ပြောလိုက်၏။
"သြော်... ကျွန်တော်က ဒီလူကြီးမင်းကို တက္ကစီနဲ့ လိုက်ပို့ပေးနေတာလေ။ သူက နောက်ကျသွားလို့ ကျွန်တော့်ကို အပြစ်တင်ရင်း သူ့ဖုန်းက ကားပေါ်မှာကျန်ခဲ့လို့ လာပေးတာ"
ဥက္ကဋ္ဌတဲ့လား။
ဟန်ချီ ယဲ့ချန်းကိုခေါ်လိုက်သည့် အခေါ်အဝေါ်ကြောင့် လူတိုင်း ဆွံ့အသွားကြသည်။ အထူးသဖြင့် ကျိုးပေါ်ခမျာ အံ့သြတုန်လှုပ်သွားတော့သည်။
ဘာ... ဒီတက္ကစီဒရိုင်ဘာက စတားမီဒီယာရဲ့ ဥက္ကဋ္ဌတဲ့လား။
စီအီးအိုဟန်ချီက ထိုအင်တာနက်ဆယ်လီကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
"ဒီနေ့ကစပြီး မင်းကို စတားမီဒီယာမှာ နာမည်ပျက်စာရင်းသွင်းလိုက်ပြီ။ ဘယ်တော့မှ အလုပ်ခန့်မှာမဟုတ်ဘူး"
"ဘုန်း"
ကျိုးပေါ်တစ်ယောက် ကြမ်းပြင်ပေါ်ကို ပုံလျက်သား လဲကျသွားသည်။
စတားမီဒီယာက ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခု ဖြစ်သောကြောင့် နာမည်ပျက်စာရင်းသွင်းခံရသည်ဟူသော သတင်းပြန့်သွားလျှင် သူ့သရုပ်ဆောင်လမ်းကြောင်း ပိတ်သွားမည်သာ။
ကျိုးပေါ်က တောင်းပန်ရန် ကြိုးစားသော်လည်း ဟန်ချီ၏လူတွေက သူ့ကို အပြင်သို့ ဆွဲထုတ်သွားကြသည်။
ဒါရိုက်တာဝမ်လည်း အံ့သြသွားပြီး မျက်ဝန်းထဲတွင်မူ စိတ်ပျက်သွားလေဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ကုမ္ပဏီဥက္ကဋ္ဌတစ်ယောက်အနေနှင့် သူ့အတွက် အဘယ်မှာ သရုပ်ဆောင်ပေးနိုင်မည်နည်း။
သို့သော် ယဲ့ချန်း၏အရှိန်အဝါက ဤဇာတ်ရုပ်နှင့် ကွက်တိဖြစ်နေပေသည်။
ယဲ့ချန်းကလည်း ဒါရိုက်တာဝမ်၏ အတွေးများကို ရိပ်မိပုံရသည်။ သူက ပြုံးစစဖြင့် ပြောလိုက်သည်။
"ဒါရိုက်တာဝမ်... ကျွန်တော် တစ်နေ့ကို နေ့တစ်ဝက်လောက်တော့ ရိုက်ကူးရေးအတွက် အချိန်ပေးနိုင်မယ်ထင်တယ်။ အဆင်ပြေလား"
"အဆင်ပြေတာပေါ့။ မိတ်ကပ်ဆရာ... မြန်မြန်လာပါဦး။ ဥက္ကဋ္ဌယဲ့ကို ပြင်ဆင်ပေးလိုက်"
ဒါရိုက်တာဝမ်က စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်၏။
••••••••••••••••
အပိုင်း ၃၈၉ : ဂိုဏ်းများကြားက တိုက်ပွဲ
ယဲ့ချန်း ခေါင်းခါယမ်းလိုက်၏။
"မိတ်ကပ်လိမ်းဖို့ မလိုပါဘူး။ ကျွန်တော့်ရဲ့ဆွဲဆောင်မှုက မိတ်ကပ်နဲ့ပြင်စရာမလိုဘူး"
ထိုသို့ပြောရင်း ယဲ့ချန်းက သူ့ဆွဲဆောင်မှုတန်ဖိုးကို တစ်ဆင့်မြှင့်လိုက်သည်။
အစကမူ ယဲ့ချန်းက မိတ်ကပ်မလိုဘူးဟု ပြောလိုက်သောအခါ လူတိုင်း ဇဝေဇဝါဖြစ်သွားကြသော်လည်း ယခု သူ့ကို ကြည့်လိုက်ချိန်တွင် အားလုံး အံ့သြမှင်တက်သွားကြတော့သည်။
ဘုရားရေ... မိတ်ကပ်မပါဘဲနဲ့ ဒီအတိုင်းရပ်နေတာတောင် နတ်ဘုရားတစ်ပါးလို အငွေ့အသက်တွေ ထွက်နေတာပဲ....
သူ့ဆွဲဆောင်မှုမှာ စိတ်ဝိညာဉ်ထဲက လာသလိုပင်။ ခပ်ဖွဖွပြုံးလိုက်ရုံဖြင့် လူတိုင်းကို ဆွဲဆောင်ဖမ်းစားရန် လုံလောက်သည်။
တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး ယဲ့ချန်း၏ဆွဲဆောင်မှုအောက်တွင် လူတိုင်း အံ့အားသင့်ကုန်ကြသည်။
အစောပိုင်းက ကျိုးပေါ်နှင့်ယှဉ်လျှင် ယဲ့ချန်း၏ ဆွဲဆောင်မှုမှာ နတ်ဘုရားတစ်ပါးနှင့် လူသားတစ်ယောက်အလား ကွာခြားလှသည်။
ကြေးအဆင့် ကစားသမားတစ်ယောက်ကို ဘုရင်တစ်ပါးနှင့် ယှဉ်နေသလိုဖြစ်လေရာ လုံးဝနှိုင်းယှဉ်၍ပင်မရနိုင်ပေ။
"ဥက္ကဋ္ဌယဲ့... ခင်ဗျားရဲ့ ဆွဲဆောင်မှုက အံ့မခန်းပါပဲ"
ဒါရိုက်တာဝမ်က မနေနိုင်ဘဲ ပြောလိုက်မိသည်။
ဤသည်မှာ မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ပါဘဲ သူ့ရင်ထဲကလာသော ခံစားချက်အစစ်အမှန်များပင်။
ကုမ္ပဏီရှိ အမျိုးသမီးအနုပညာရှင်အများအပြားလည်း ယဲ့ချန်း၏ဆွဲဆောင်မှုအောက်တွင် လုံးဝနစ်မျောသွားကြသည်။
ယဲ့ချန်းက အမျိုးသမီးများအတွက် ခုခံနိုင်စွမ်းမရှိသော ဆွဲဆောင်မှုမျိုးကို ထုတ်လွှတ်နေချေသည်။
သူ့အပြုံးနှင့် လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက အလွန်တရာကြော့မော့ပြီး စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသည်။
ယဲ့ချန်းရှေ့တွင် ရပ်နေရသော မိန်းကလေးများမှာမူ ရှက်ကိုးရှက်ကန်းဖြစ်နေကြသည်။
လူတိုင်းက ယဲ့ချန်းကို ငေးကြည့်ရင်း အံ့အားသင့်နေကြသည်။
"မယုံနိုင်စရာပဲ... တကယ်လို့ ဥက္ကဋ္ဌယဲ့သာ အနုပညာလောကထဲကို ဝင်လိုက်ရင် ပရိသတ် ဘယ်လောက်တောင်များမလဲမသိဘူး"
"ဥက္ကဋ္ဌယဲ့က ဒီလောက်ချောမောလိမ့်မယ်လို့မထင်ထားဘူး"
"ငါ့ကိုယ်ငါချောတယ်လို့ အမြဲထင်ခဲ့တာ။ ဒါပေမဲ့ ဥက္ကဋ္ဌယဲ့ရှေ့မှာတော့ ငါလည်း ယှဉ်လို့မရဘူး"
လူငယ်အိုင်ဒေါတစ်ယောက်က သက်ပြင်းချရင်း ပြောသည်။
"ဥက္ကဋ္ဌယဲ့ကိုမြင်ရတာ ရင်ထဲမှာတလှပ်လှပ်နဲ့ ရင်ခုန်လိုက်တာ"
ရုပ်ရှင်လောကထဲရှိ လူများပီပီ ရုပ်ရည်ချောမောသူများကို မြင်ဖူးကြသော်လည်း ယဲ့ချန်း၏ဆွဲဆောင်မှုကတော့ တကယ်ထူးခြားလှသည်။
ဤသို့သော ဆွဲဆောင်မှုမျိုးမှာ နတ်ဘုရားတစ်ပါးအလားပင်။ ကုမ္ပဏီရှိ လူငယ်အိုင်ဒေါတစ်သိုက်ပင် စကားမပြောနိုင်အောင် မှင်တက်သွားသည်။
ယဲ့ချန်းက ပြောလိုက်၏။
"ဒါရိုက်တာဝမ်... လူရွေးပွဲအခြေအနေက ဘယ်လိုလဲ။ ကျွန်တော် တက္ကစီဆက်မောင်းရဦးမယ်"
တက္ကစီမောင်းမှာလား။
လူတိုင်း ဆွံ့အသွားကြပြန်သည်။
စတားမီဒီယာ၏ ဥက္ကဋ္ဌဖြစ်ပြီး အံ့သြလောက်အောင် ချောမောခန့်ညားသော အမျိုးသားတစ်ယောက်က တကယ်တမ်းတွင် တက္ကစီ မောင်းနေသည်တဲ့လား။
ဒါရိုက်တာဝမ်က ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ... ပြဿနာမရှိပါဘူး ဥက္ကဋ္ဌယဲ့... ရုပ်ရှင်ရိုက်ကူးရေးက ဥက္ကဋ္ဌအဆင်ပြေတဲ့အချိန်မှပဲ စပါ့မယ်။ ခင်ဗျားအချိန်ရတဲ့အခါမှ ရိုက်ကြတာပေါ့"
ထိုအချိန်တွင် ဒါရိုက်တာဝမ် စိတ်လှုပ်ရှားစွာ တွေးနေမိသည်မှာ ယဲ့ချန်းသာ ပါဝင်မည်ဆိုလျှင် ဤရုပ်ရှင်ပေါက်ရန် သေချာသွားလေပြီ။
ယဲ့ချန်းကတော့ တက္ကစီဆက်မောင်းနေခဲ့သည်။
ဤတစ်ကြိမ်တွင် မိန်းမလှလေးတစ်ယောက်ကို သွားကြိုရသည်။
ထိုမိန်းကလေးက ပွင့်လင်းရွှင်ပျသော စရိုက်ရှိသဖြင့် ယဲ့ချန်းနှင့် စကားဖောင်ဖွဲ့နေခဲ့သည်။
စောစောက လေလုံးထွားသော လူကုံထံတစ်ဦးကို လိုက်ပို့ပေးခဲ့ရသဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသော်လည်း ယခုလိုချစ်စရာကောင်းသော မိန်းကလေးနှင့် စကားပြောလိုက်ရသောကြောင့် စိတ်အခြေအနေပြန်ကောင်းသွားသည်။
ထိုအချိန်တွင် မိန်းမလှလေး၏ဖုန်းက ထမြည်လာသည်။
"ဟယ်လို... ဟုတ်ကဲ့"
"ကျွန်တော်က Perfect Unionက ဆက်သွယ်တာပါ။ နောက်နှစ်နာရီနေရင် ပြိုင်ပွဲတစ်ခုရှိတယ်။ မင်း အဆင့်၁၀၀ထဲကိုဝင်အောင် လုပ်ရမယ်။ မဟုတ်ရင် ငါတို့ Perfectလုပ်ငန်းစုက မင်းနဲ့အကျိုးတူပူးပေါင်းထားတာကို ဖျက်သိမ်းရလိမ့်မယ်"
"ဪ... နားလည်ပါပြီ"
ဖုန်းချလိုက်ပြီးနောက် မိန်းမလှလေး၏ မျက်နှာထက်တွင် စိုးရိမ်လေဟန် အရိပ်အယောင်များ ယှက်သန်းလာသည်။
"ဘာဖြစ်လို့လဲ အလှလေး"
"ကျွန်မက သို့ယွီပလက်ဖောင်းက တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်လေ။ နောက်နှစ်နာရီနေရင် တိုက်ပွဲတစ်ခုရှိတယ်တဲ့။ တကယ်လို့ ရှုံးသွားရင် အဖွဲ့ထဲက အထုတ်ခံရဖို့များတယ်"
"ဪ... အခြေအနေက တော်တော်ဆိုးတာပဲ။ ကောင်းကောင်းပြင်ဆင်ထားတာပိုကောင်းမယ်"
မိန်းမလှလေးက သက်ပြင်းချလိုက်သည်။
"ဟင်း... ပြင်ဆင်လို့ရော ဘာထူးမှာလဲ။ တခြားလူတွေရဲ့ ထိပ်တန်းအားပေးသူတွေက သောင်းဂဏန်းလောက်ရှိတာ။ ကျွန်မရဲ့ အားပေးသူတွေက အများဆုံးမှ တစ်ရာကျော်ပဲရှိတယ်။ သူတို့ကို ဘယ်လိုလုပ်ပြီး သွားယှဉ်လို့ရမှာလဲ။ တိုက်ရိုက်ထုတ်လွှင့်သူအလုပ်က ကျွန်မနဲ့မကိုက်ဘူးထင်တယ်"
ယဲ့ချန်းက ရယ်မောလိုက်၏။
"အဲဒီလိုလည်း မဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း တိုက်ရိုက်ထုတ်လွှင့်သူပဲ။ အစတုန်းက လူမသိပေမဲ့ နောက်ပိုင်းကျတော့ လူကုံထံတစ်ယောက်နဲ့ တွေ့ပြီး တစ်ဦးချင်းတိုက်ပွဲမှာ တစ်ခါတည်းနဲ့ ချန်ပီယံဖြစ်သွားတာ"
မိန်းမလှလေးက ခပ်ဖွဖွပြုံးပြလိုက်သည်။
"အားပေးတာတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာတော့ အဲဒီလိုကံမျိုးရှိမယ်မထင်ပါဘူး"
ထိုစဉ် သူတို့ လိုရာခရီးကို ရောက်လာသဖြင့် ထိုမိန်းကလေးက ပြုံးပြလေသည်။
"လူချောလေး... ဝီချက်အပ်လို့ ရမလား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။ ဤမိန်းကလေး၏ ရုပ်ရည်ရမှတ်က ၉၈မှတ်ရှိသဖြင့် သူ့ဝီချက်တွင်ထည့်ရန် စံနှုန်းပြည့်မီလေသည်။
သူတို့နှစ်ယောက်သား ဝီချက်အပ်ပြီးနောက် ယဲ့ချန်းလည်း တစ်ချက်ကြည့်လိုက်လေရာ ထိုမိန်းကလေး၏နာမည်မှာ စုရှောင်မေ့ဖြစ်နေပေသည်။
"ဒါက မင်း တိုက်ရိုက်ထုတ်လွှင့်တဲ့ နာမည်လား"
ယဲ့ချန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်။ အချိန်ရရင် ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ကြည့်လို့ရတယ်နော်။ ဒါပေမဲ့ ကျွန်မက သီချင်းလည်း မဆိုတတ်ဘူး။ ကလည်း မကတတ်ဘူး။ လက်ရေးလှလည်း မရေးတတ်ဘူး"
ယဲ့ချန်း ဆွံ့အသွားရသည်။ တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက် တတ်အပ်သော အဓိကအရည်အချင်း တစ်ခုမှမရှိပေ။ နာမည်မကြီးတာလည်း မဆန်းတော့ပေ။
"ဒါဆို ကာယလေ့ကျင့်ခန်းရော လုပ်တတ်လား"
ယဲ့ချန်းက စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။
"ဒါပေါ့။ ကျွန်မက အရင်က အတန်းထဲမှာ အားကစားခေါင်းဆောင်လေ"
စုရှောင်မေ့က ပြန်ဖြေသည်။
"အင်း... လေ့ကျင့်ခန်းလုပ်တတ်ရင်ရပြီ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
စုရှောင်မေ့ကလည်း ပြုံးလိုက်၏။
"တာ့တာ လူချောလေး"
"ဪ... ကျွန်တော့်ကို ကြယ်ငါးပွင့်ပေးဖို့ မမေ့နဲ့ဦး"
"စိတ်ချ... ပြဿနာမရှိဘူး"
"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို အသက်သွင်းလိုက်တဲ့အတွက် စနစ်ရဲ့ဆုလာဘ်အဖြစ် ဆုကြေးငွေပြန်အမ်းကတ်ကို ရရှိလိုက်ပါပြီ"
ဆုကြေးငွေပြန်အမ်းကတ်ဆိုသည်မှာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဆုချလိုက်သော ပမာဏကို ဆယ်ဆပြန်အမ်းပေးမည့်ကတ်ပင်။
ဝိုး မိုက်လိုက်တာ...
စုရှောင်မေ့လည်း တိုက်ရိုက်ထုတ်လွှင့်ရန်အတွက် သူ(မ)၏အငှားခန်းလေးသို့ ပြန်လာခဲ့လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် လူအယောက်နှစ်ဆယ်ခန့်သာရှိသည်။ အမြင့်ဆုံးဆုကြေးကလည်း ၉.၉ယွမ်ဖြစ်၏။
ထိုလူကလည်း သူ(မ)၏ထိပ်တန်းထောက်ပံ့သူပင်။
"ရှောင်မေ့... နင်လည်း တိုက်ရိုက်ထုတ်လွှင့်တဲ့အလုပ်ကို လုပ်နေရတာပဲ။ ငါတို့လို ရှူးဂါးဒယ်ဒီတစ်ယောက်ရှာတာ ပိုအဆင်မပြေဘူးလား"
အငှားတိုက်ခန်းထဲရှိ အခန်းဖော်တစ်ယောက်က ပြောလိုက်လေသည်။
"ဟင့်အင်း.. ငါက ကိုယ့်အရည်အချင်းအစစ်အမှန်နဲ့ပဲ အောင်မြင်ချင်တာ"
စုရှောင်မေ့၏စကားကို ကြားသောအခါ ထိုအခန်းဖော်မှာ မျက်ဆန်လည်လိုက်မိသည်။
"ဪ ဆယ်ယွမ်တောင်မပေးနိုင်တဲ့ ဒီဆင်းရဲသားတွေနဲ့လား"
ထိုအချိန်တွင် အိုင်ဒီတစ်ခုက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ရုတ်တရက်ပေါ်လာလေသည်။
"တက္ကစီဒရိုင်ဘာ"
စုရှောင်မေ့လည်း အံ့အားသင့်သွားလေသည်။ အစောက သူ(မ) ကားပေါ်ကမဆင်းခင် တက္ကစီဒရိုင်ဘာက သူ(မ)၏အိုင်ဒီကို မေးသွားသေးကြောင်း အမှတ်ရလိုက်သည်။
"ကြိုဆိုပါတယ် တက္ကစီဒရိုင်ဘာ... ရှင်က ကျွန်မကို အိမ်ပြန်ပို့ပေးခဲ့တဲ့ တက္ကစီဒရိုင်ဘာလား"
စုရှောင်မေ့က မေးလိုက်လေသည်။
"ဟုတ်တယ်။ မင်းကို ကူညီပေးချင်လို့လာခဲ့တာ"
"ကျေးဇူးတင်ပါတယ် တက္ကစီဒရိုင်ဘာ... လိုက်ခ်နဲ့ဖောလိုးလုပ်ခဲ့ပေးပါနော်"
သူ(မ)၏ဘေးနားရှိ အခန်းဖော်ကမူ ယဲ့ချန်း၏အိုင်ဒီကို ကြည့်လိုက်သည်။
"တက္ကစီဒရိုင်ဘာလား။ စုရှောင်မေ့.. ငါ ဘာမှမပြောတော့ဘူး။ နင် ဘယ်လိုလူမျိုးတွေနဲ့ ပေါင်းနေတာလဲ။ တက္ကစီဒရိုင်ဘာတဲ့။ သူက နင့်ကို တစ်ယွမ်ထက်ပိုပြီး ပေးနိုင်မယ်များ ထင်နေတာလား"
ထိုအချိန်တွင် ပန်းတစ်ပွင့်က ဖန်သားပြင်ထက်တွင် ပေါ်လာခဲ့သည်။
ယဲ့ချန်းက သို့ယွီတွင် ငွေမဖြည့်ထားသောကြောင့် လူသစ်များမှာ ပန်းတစ်ပွင့်သာ ရှိသည်ဖြစ်ရာ ယဲ့ချန်းလည်း ထိုပန်းလေးကို ပို့လိုက်လေသည်။
"ပန်းလေးအတွက် ကျေးဇူးတင်ပါတယ် တက္ကစီဒရိုင်ဘာ.. ချစ်တယ်နော်"
အခြားတိုက်ရိုက်ထုတ်လွှင့်သူများသာဆိုလျှင် ပန်းပွင့်လေးလောက်နှင့် တင်းတိမ်နိုင်မည်မဟုတ်ပေ။
သို့သော် စုရှောင်မေ့ကတော့ သနားစရာကောင်းလှသည်။ ပန်းတစ်ပွင့်ကပင် သူ(မ)ကို အလွန်စိတ်လှုပ်ရှားအောင် လုပ်နိုင်ပေသည်။
"ဒီည ရှောင်မေ့က စုပေါင်းတိုက်ပွဲမှာ ဝင်ပြိုင်မှာ။ ကျေးဇူးပြုပြီး ကူညီပေးပါဦး"
သို့သော် စုရှောင်မေ့၏စကားအဆုံးတွင် ဘာတုံ့ပြန်မှုမှမရှိတော့ပေ။ သူ(မ)၏စကားများက နက်ရှိုင်းလှသော ပင်လယ်ကြီးထဲသို့ ကျသွားသည့်အလားပင်။
စုပေါင်းတိုက်ပွဲများတွင် ဆုရသည့်ငွေပမာဏက ပုံမှန်ဆိုလျှင် သောင်းဂဏန်းခန့်ရှိတတ်သည်။ ဤလူများက အလကားကုန်းဆင်းသူများဖြစ်လေရာ ဆယ်ဒေါ်လာကိုပင်ပေးရန် တွေဝေတတ်ကြသည်။ သူတို့ကို စုရှောင်မေ့အတွက် တစ်သန်းထောက်ပံ့ပေးရန် တောင်းဆိုခြင်းမှာ အိပ်မက်မက်နေသည်နှင့် မခြားပေ။
တက္ကစီဒရိုင်ဘာ :
"ရှောင်မေ့.. စိတ်မပူပါနဲ့။ ဒီည အစ်ကိုကြီးက မင်းကိုကာကွယ်ပေးမယ်"
"ကျေးဇူးတင်ပါတယ် တက္ကစီဒရိုင်ဘာ"
စုရှောင်မေ့ခမျာ ယဲ့ချန်းအပေါ် အများကြီးမမျှော်လင့်ထားသော်လည်း တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လောက်များ ပေးနိုင်မည်နည်း။
အလွန်ဆုံးရှိလှ နှစ်သိမ့်ရုံသက်သက်သာ။
"စုပေါင်းတိုက်ပွဲဆိုတာက ဘာသဘောလဲ"
ယဲ့ချန်းလည်း မေးလိုက်လေသည်။
"စုပေါင်းတိုက်ပွဲဆိုတာက အဖွဲ့အစည်းကိုကိုယ်စားပြုပြီး တစ်ဖက်လူနဲ့ တစ်ဦးချင်းတိုက်ခိုက်တာကိုပြောတာ။ ထိပ်ဆုံးအဆင့်ဆယ်ယောက်က အရှေ့စာမျက်နှာမှာ တစ်ရက်လောက်ကြော်ငြာပေးနေမှာ။ ထိပ်ဆုံးသုံးယောက်ကျတော့ တစ်ပတ်လောက်ကြော်ငြာပေးထားမှာတဲ့။ ပထမနေရာရတဲ့လူကတော့ တစ်လကြော်ငြာပေးမှာ"
တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက် နာမည်ကြီးမကြီးဆိုသည်မှာ ကြော်ငြာအပေါ် မူတည်ပေသည်။ တစ်လကြော်ငြာပေးထားလျှင် စုရှောင်မေ့ကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်သူအငယ်စားလေးကို စတားတစ်ယောက်ဖြစ်သွားစေရန် လုံလောက်သည်။
••••••••••••••••••
အပိုင်း ၃၉၀ - အဖြစ်ဆိုးလှသောတိုက်ရိုက်ထုတ်လွှင့်သူ
ယဲ့ချန်းက ပြောလိုက်၏။
"ဒီတော့ စုပေါင်းတိုက်ပွဲဆိုတာက အရမ်းအရေးကြီးတယ်ပေါ့"
စုရှောင်မေ့လည်း ခါးသက်သက်ရယ်မောလိုက်သည်။
"ဒီပြိုင်ပွဲတွေက အမတတိုက်ပွဲတွေလိုပဲ။ ကျွန်မကတော့ ယင်ကောင်လေးတစ်ကောင်လိုပဲ။ သူတို့နဲ့အတူပြိုင်ရင်း အမှတ်တွေ အလကားပေးလိုက်ရတာ"
"ဪ ဒီလိုကိုး။ အမတတိုက်ပွဲတဲ့။ မင်းတော့ ဒုက္ခရောက်ပြီ။ ဒါဆိုလည်း အမြှောက်စာလေးဖြစ်ရုံပေါ့"
ယဲ့ချန်းက စနောက်လိုက်သည်။
"ဟုတ်တယ်။ ဒီတစ်ခေါက်လည်း အရင်ကလို အမှတ်တွေပေးပစ်လိုက်မိရင် ကျွန်မတော့ အဖွဲ့ထဲက ကန်ထုတ်ခံရမှာ"
စုရှောင်မေ့ သက်ပြင်းချလိုက်လေသည်။
ယဲ့ချန်းကလည်း စာရိုက်လိုက်၏။
"မပူပါနဲ့။ မင်း အဖွဲ့ထဲက ကန်ထုတ်ခံရမှာမဟုတ်ပါဘူး။ ကံကောင်းရင် မင်းကို တစ်ယောက်ယောက်လာကူညီမှာပါ။ မင်းလည်း ရုတ်တရက်ကြီး ထိပ်ဆုံးအဆင့်အထိ ရောက်လာနိုင်တယ်"
၉.၉ယွမ်ပေးထားသောလူက ပြောလာလေသည်။
"ကိုယ့်လူ.. ကြီးကျယ်ပြနေတာလား။ ငါတို့ကိုကြည့်လိုက်။ ငါတို့က ဆင်းရဲသားတွေကွ။ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်နဲ့ တွေ့နိုင်မှာတဲ့လား"
"အမှန်ပဲ တက္ကစီဒရိုင်ဘာကြီး.... အပြောမကြီးစမ်းပါနဲ့"
ယဲ့ချန်းကတော့ အခြားလူများကို လျစ်လျူရှုပြီး ပြောလိုက်၏။
"မင်းတော့ ဒီတစ်ခေါက် တော်တော်ဖိအားများနေမှာပဲ။ ရှုံးရင် အဖွဲ့ထဲက ကန်ထုတ်ခံရမှာဆိုတော့လေ"
စုရှောင်မေ့ ခေါင်းညိတ်ပြလိုက်သည်။
"အရမ်းဖိအားများနေတာ။ ကျွန်မထက် အားနည်းတဲ့လူနဲ့တွေ့ဖို့ပဲ ဆုတောင်းရတော့မယ်"
"မင်းထက် ပိုအားနည်းတဲ့လူကို ရှာတွေ့ဖို့ကတော့ ခက်လိမ့်မယ်ထင်တယ်"
ယဲ့ချန်း ပြောလိုက်လေသည်။
"ကဲပါ ကျွန်မကို အနိုင်မကျင့်ပါနဲ့။ ဟုတ်ပြီလား။ ကျွန်မ တကယ်စိတ်လှုပ်ရှားနေတာ။ တကယ်လို့ ကျွန်မရှုံးသွားလို့ အဖွဲ့ထဲက ကန်ထုတ်ခံရရင် အခြေခံဝင်ငွေလေးတောင် ရှိတော့မှာမဟုတ်ဘူး"
စုရှောင်မေ့ အလွန်စိတ်လှုပ်ရှားနေကြောင်း သိသာလှသည်။
ဤပြိုင်ပွဲများမှာ ထိပ်တန်းတိုက်ရိုက်ထုတ်လွှင့်သူများအတွက်တော့ သူတို့ ဘယ်လောက်ငွေရှာနိုင်သလဲဆိုသည်ကို ကြွားဝါရန်ဖြစ်သော်ငြား စုရှောင်မေ့ကဲ့သို့ အသေးစားတိုက်ရိုက်ထုတ်လွှင့်သူများအတွက်မူ ရှင်သန်ရပ်တည်ရေးသာဖြစ်၏။
စုရှောင်မေ့၏လစဉ်ဝင်ငွေက အလွန်နည်းပါးလှသဖြင့် အကယ်၍ သူ(မ)သာ ရှုံးသွားပါက အဖွဲ့ထဲက ကန်ထုတ်ခံရမည်ဖြစ်၏။
အဖွဲ့ထဲတွင်ရှိနေလျှင် တစ်လလျှင် ယွမ်တစ်ထောင်ဝင်သည်။ အဖွဲ့ထဲက ကန်ထုတ်ခံလိုက်ရလျှင် အခြေခံလစာလေးပင် မရှိတော့ပေ။
ယဲ့ချန်းလည်း အချိန်ကို တစ်ချက်စစ်ဆေးလိုက်သည်။ ပြိုင်ပွဲ စတင်တော့မည်ဖြစ်၏။
"အာ.. တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ သူဌေးတစ်ယောက်တောင် ရှိမှာမဟုတ်ဘူး"
စုရှောင်မေ့ သက်ပြင်းချလိုက်မိသည်။
"ဘယ်သူပြောလဲ။ သူဌေးကြီးကဖြင့် ရောက်နေပြီ"
ယဲ့ချန်း ပြုံးလိုက်လေသည်။
စုရှောင်မေ့မှာမူ ယဲ့ချန်းက သူ(မ)ကို လှောင်ပြောင်နေသည်ဟု ထင်သဖြင့် ပြောလိုက်၏။
"တက္ကစီဒရိုင်ဘာအစ်ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ အပိုတွေသာ မလုပ်ပါနဲ့။ တက္ကစီမောင်းရတာက လွယ်တာမဟုတ်ဘူး"
ယဲ့ချန်းကလည်း စာပြန်လိုက်သည်။
"ဝိုး.. ဒီတိုက်ရိုက်ထုတ်လွှင့်သူလေးက တော်တော်စဉ်းစားပေးတတ်တာပဲ။ သဘောကျတယ်"
"ကျစ် ရှောင်မေ့... အဲဒီကောင်ရဲ့ စကားကြီးစကားကျယ်တွေကို နားထောင်မနေနဲ့။ သူက အပြောပဲရှိတာ။ တက္ကစီဒရိုင်ဘာတစ်ယောက်က မင်းကို ဘယ်လောက်ပေးနိုင်မှာမို့လို့လဲ"
"ရှောင်မေ့.. ဒီလိုလုပ်ရင်ရော.. ကိုယ်နဲ့ ညစာစားပေးလေ။ ဒါဆို ကိုယ် မင်းကို ထိပ်ဆုံးအယောက်တစ်ရာထဲကိုဝင်အောင် လုပ်ပေးနိုင်တယ်"
စုရှောင်မေ့မှာ သူတို့၏စနောက်မှုများကြောင့် ခါးသက်သက်ပြုံးနေရုံသာ တတ်နိုင်ပေသည်။
သူ(မ)အတွက် ထောက်ပံ့သူဟူ၍ လုံးဝမရှိပေ။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် သူဌေးသူကြွယ်တစ်ယောက်မှ မရှိလျှင် သူ(မ) အနိုင်ကျင့်ခံရပေလိမ့်မည်။
စုရှောင်မေ့က သူ(မ)၏ပရိသတ်အားလုံးနီးပါးကို မှတ်မိသည်။ အမြင့်ဆုံးအဆင့်က အဆင့်ငါးဖြစ်ပြီး ကျန်လူများမှာ သုည သို့မဟုတ် အဆင့်တစ်အကောင့်များသာ။
အများစုက အလကားကုန်းဆင်းသူများဖြစ်သဖြင့် သူတို့ကို အားကိုးရန်မှာ မဖြစ်နိုင်ပေ။
ယဲ့ချန်းမှာ မောင့်ယာကွန်ယက်သို့ ကိုယ်တိုင် သွားလိုက်ချင်ပါသော်ငြား ပြန်အမ်းငွေကတ်ကို သုံးနိုင်ရန်အတွက် မိမိ၏စည်းစိမ်းပမာဏအတွင်းရှိ တိုက်ရိုက်ထုတ်လွှင့်မှုများတွင်သာ ဆုငွေပေးနိုင်လေသည်။
အဖွဲ့လိုက်ပြိုင်ပွဲများမှာ ထိုအဖွဲ့၏ခွန်အားကို ပြသရန်ဖြစ်၏။ အဖွဲ့များနှင့် တိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းများက သဘောတူညီမှု ပြုလုပ်ထားသည်။ တော်တော်များများတွင် တိုက်ရိုက်ထုတ်လွှင့်သူအတွက် သာမန်ကစားသမားများအား ငွေထုတ်သုံးလာရန် ဆွဲဆောင်ပေးမည့် အဖွဲ့ပလက်ဖောင်းအကောင့်များစွာရှိကြသည်။
တကယ်တမ်းပြောရလျှင် တိုက်ရိုက်ထုတ်လွှင့်သူအမြောက်အများက သူတို့အဖွဲ့၏ကြော်ငြာများကြောင့် နာမည်ရလာခြင်းပင်။
သို့သော် အဖွဲ့များက အလားအလာကောင်းသော တိုက်ရိုက်ထုတ်လွှင့်သူများကို ရွေးချယ်ကြသည်။ စုရှောင်မေ့ကဲ့သို့ ဝင်ငွေတစ်ရာကျော်မျှသာရှိသော တိုက်ရိုက်ထုတ်လွှင့်သူမှာမူ လုံးဝပယ်ချခံရသည်သာ။
စုရှောင်မေ့က ပြောလိုက်သည်။
"ဒီအဖွဲ့လိုက်ပြိုင်ပွဲမှာ ကိုယ်တတ်နိုင်တဲ့အင်အားနဲ့ ကျွန်မကိုကူညီပေးကြဖို့ မျှော်လင့်ပါတယ်။ ကျွန်မ အဖွဲ့ထဲက ကန်ထုတ်ခံရရင် လူတိုင်းအတွက် တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်တော့မှာမဟုတ်ဘူး"
သို့သော် ထိုသို့ပြောပြီးသည့်တိုင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဘာအသံမှထွက်မလာပေ။
မည်သူကမှ သူ(မ)ကို မထောက်ပံ့ပေးချင်သည်မှာ သိသာလှသည်။
ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်၏။
"ငါ့ကို အကူအညီလာတောင်းပါ့လား။ ငါက မင်းကို ဒီပြိုင်ပွဲမှာ အနိုင်ရအောင် ကူညီပေးချင် ကူညီနိုင်မှာပေါ့"
စုရှောင်မေ့က ဘာမှမပြောရသေးပေ။ အဆုံးတွင်မူ အလကားကုန်းဆင်းသူများက သည်းမခံနိုင်တော့ချေ။
၉.၉ယွမ်ပေးထားသည့် လက်ရှိထိပ်တန်းထောက်ပံ့သူက ပြောလိုက်၏။
"ကိုယ့်လူ.. လာနောက်နေတာမလား။ မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်ကများ တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ကို ဆုရအောင်ကူညီပေးမတဲ့။ ဟာသပဲ"
"ဟားဟား တက္ကစီဒရိုင်ဘာအစ်ကိုကြီးက အပြောကြီးလိုက်တာ။ အနိုင်ရဖို့ဆိုရင် အနည်းဆုံးတစ်သန်းလောက်သုံးရမှာ။ မင်းမှာ အဲဒီလောက်ရှိလို့လား"
"ရှောင်မေ့.. အဲဒီတက္ကစီဒရိုင်ဘာဆီမှာ လှည့်စားမခံနဲ့။ အဲဒီကောင်က သက်သက်အပြောကြီးနေတာ"
စုရှောင်မေ့လည်း ခပ်ဖွဖွရယ်မောလိုက်သည်။
တက္ကစီဒရိုင်ဘာတစ်ယောက်ကို အားကိုးရန် သူ(မ) လုံးဝစိတ်မကူးထားပေ။
မည်သို့ပင်ဖြစ်စေ တက္ကစီဒရိုင်ဘာတစ်ယောက်၏ တစ်လဝင်ငွေကို သူ(မ) ကောင်းကောင်းသိသည်။ ဤပြိုင်ပွဲတွင် အနိုင်ရဖို့အတွက် တက္ကစီဒရိုင်ဘာတစ်ယောက်ကို မှီခိုရန် မဖြစ်နိုင်ပေ။
ထို့ပြင် သူ(မ)က ယဲ့ချန်း၏တက္ကစီကို တစ်ခါသာ ငှားစီးဖူးခြင်းပင်။ သူ့အနေနှင့် သူ(မ)ကို ကူညီစရာ အကြောင်းမရှိပေ။
ယဲ့ချန်းက ဘာမှမပြောချေ။ အစပိုင်းတွင် သူ ဝင်ပါရန် စိတ်ကူးမရှိသော်ငြား ယခုမူ ပြန်အမ်းငွေကတ်ရှိနေသဖြင့် ငွေမရှာဘဲ မနေနိုင်ပေ။
အခြားလူများက ဆုချလိုက်လျှင် ဘာမှပြန်မရသော်ငြား သူ ဆုချလိုက်လျှင်မူ အများကြီးပြန်ရနိုင်သည်။
ယဲ့ချန်းမှာ စုရှောင်မေ့ကို အနည်းငယ်သဘောကျမိသဖြင် သူ(မ)ကို ပြိုင်ပွဲနိုင်အောင် ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်းလည်း နှစ်သန်းတိတိ ငွေဖြည့်လိုက်ပြီးနောက် ပြိုင်ပွဲစတင်မည့်အချိန်ကို စောင့်နေပေသည်။
စုရှောင်မေ့ကို ကူညီမည်ဟု မပြောရခြင်းမှာ သူသာပြောလိုက်လျှင် သူ(မ) ယုံကြည်မည်မဟုတ်သောကြောင့်ပင်။
ယဲ့ချန်းမှာ စုရှောင်မေ့ စိတ်ပျက်အားငယ်နေမည့်အချိန်တွင် လူလုံးထွက်ပြရန် အကြံရလိုက်သည်။
မိန်းကလေးများက သူရဲကောင်းများကို သဘောကျသည်။ အထူးသဖြင့် သူတို့ စိတ်ပျက်အားငယ်နေချိန်မျိုးတွင် အကျိုးသက်ရောက်မှုအရှိဆုံးပင်။
ထို့ပြင် ယဲ့ချန်းက ဆုချလိုက်လျှင် ပြန်အမ်းငွေရနိုင်သည်။ ဤသည်မှာ အရှုံးမရှိပေ။
ယခုမူ ပြိုင်ပွဲစတင်ရန် ငါးမိနစ်သာလိုတော့သည်။ စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်ခန်းမှာမူ ငြိမ်သက်နေချေသည်။
စုရှောင်မေ့၏အမူအရာမှာ စိုးရိမ်ပူပန်နေသည်။
ဤပြိုင်ပွဲမှာ သူ(မ) တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နိုင်ဦးမလားဆိုသည်ကို အဆုံးအဖြတ်ပေးမည်သာ။
ညရှစ်နာရီတွင် သို့ယွီကွန်ယက်၏ အဖွဲ့လိုက်ပြိုင်ပွဲကား တရားဝင်စတင်လေပြီ။
စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လူအယောက်ဆယ်ဂဏန်းခန့်သာရှိသည်။ ထိုအချိန်မှာပင် ပြိုင်ဘက်များက မိုက်ဖွင့်လိုက်ကြသည်။
စုရှောင်မေ့ခမျာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ(မ)အနေနှင့် ဤအဖြစ်ကို လက်ခံရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
ထိုအချိန်မှာပင် ဗီအိုင်ပီအကောင့်များက စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ရောက်လာလေသည်။
ပြိုင်ဘက်က အလွန်သန်မာလှကြောင်း သိသာလေသည်။ ဤဗီအိုင်ပီများမှာ စုရှောင်မေ့၏အင်အားကို လာစူးစမ်းခြင်းပင်။
"ဟယ်လို မိန်းကလေး.. ကျွန်မက ပေ့ဖူအဖွဲ့ထဲက လုယောင်ယောင်ပါ။ ရှင်နဲ့အတူ ပြိုင်ရတာ ဝမ်းသာပါတယ်။ ရှင့်ရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ လူလည်းမရှိဘူးနော်။ ကျွန်မတို့ ဆက်ပြိုင်ဖို့လိုလို့လား"
ပြိုင်ဘက်ကလည်း စုရှောင်မေ့၏အခြေအနေကို ကောင်းကောင်းသဘောပေါက်လိုက်သည်။
လက်ရှိထိပ်တန်းထောက်ပံ့သူမှာ ၉.၉ယွမ်ပေးထားသည်။ လုယောင်ယောင်၏ထိပ်တန်းထောက်ပံ့သူမှာမူ ဆယ်သောင်းကျော်သည်ဖြစ်ရာ အဆင့်ချင်းကွာခြားလွန်းလှသည်။
ရှင်းရှင်းပြောရလျှင် ဤပြိုင်ပွဲက အလကားအနိုင်ပေးလိုက်ခြင်းပင်။
ယဲ့ချန်းလည်း ပြိုင်ဘက်၏ခွန်အားကို စစ်ဆေးကြည့်လိုက်သည်။
အမှန်ပင်။ သူတို့က သန်မာပေသည်။ အများစုက အဆင့်ငါးဆယ်ရှိသော ဗီအိုင်ပီအကောင့်များပင်။
သူတို့ ယုံကြည်မှုရှိနေသည်မှာလည်း မဆန်းပါချေ။
"ဟားဟား ငါ သူတို့တိုက်ရိုက်ထုတ်လွှင့်ခန်းကို စစ်ဆေးပြီးပြီ။ သူတို့ရဲ့ထိပ်တန်းထောက်ပံ့သူက ပန်း၉၉ပွင့်ပဲ ပေးထားတာ။ ရယ်သေပြီ"
"ယောင်ယောင်တော့ ကံကောင်းပြီပဲ။ ပထမဆုံးပွဲစဉ်က အလကားနိုင်လိုက်တာပဲ"
"ငါလည်း မြင်ပြီးပြီ။ ဗီအိုင်ပီအကောင့်တွေတောင် မရှိဘူး။ ဒီတစ်ခေါက်တော့ သေချာပေါက်နိုင်ပြီ"
"အဲဒီတိုက်ရိုက်ထုတ်လွှင့်သူက တစ်ပတ်မှာ ယွမ်တစ်ရာပဲရှာနိုင်တာ။ ငါမြင်ဖူးသမျှထဲမှာ အဖြစ်အဆိုးဆုံးတိုက်ရိုက်ထုတ်လွှင့်သူပဲ"
သူတို့ပြိုင်ဘက်၏တိုက်ရိုက်ထုတ်လွှင့်ခန်းကား အလွန်တက်ကြွလေသည်။ ထို့ကြောင့် သူတို့နိုင်ပြီဟုသာ မှတ်ယူထားကြသည်။