အခန်း (၁၇၉၁-၁၇၉၃)
Vol. 96 Ch. 1791-1793
အခန်း (၁၇၉၁) - ပိုက်ကွန် ရုပ်သိမ်း၍ ငါးစာပြန်ယူခြင်း
~တခြား တစ်ဖက်တွင်မူ...
လူအုပ်ကြီးက ကာနာရီဝေါ့ဖ် သင်္ဘောဆိပ်မှ အော်ဟစ်ဆူညံစွာ ပြေးထွက်လိုက်ပါသွားချိန်၊ ကာနာရီဝေါ့ဖ် ရုံးခန်းဧရိယာ၏ အမြင့်ဆုံး အထပ်ရှိ ရုံးခန်းတစ်ခုအတွင်း၌ ဖြစ်ပေ၏။
စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို မျက်တောင်မခတ်တမ်း ကြည့်ရှုနေသော အမည်းဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် ဖုန်းလက်ခံရရှိလိုက်ပြီးနောက် ညွှန်ကြားချက်ကို နားစွင့်နေလေ၏။
"ဆရာ... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ"
"ပစ်မှတ်က လုံးဝ ပျောက်ချင်းမလှ ပျောက်သွားပြီ"
"ပြီးတော့ ကျွန်တော်တို့ရဲ့ အစီအစဉ်ကလည်း လုံးဝ ပေါက်ကြားသွားပုံပဲ"
ထိုစကားကို ကြားလိုက်ရသည့်အခါ အမည်းဝတ်စုံဝတ် အမျိုးသား၏ မျက်နှာထားမှာ ကြည့်ရဆိုးကာ အရုပ်ဆိုး အကျည်းတန်သွားတော့သည်။
သူသည် စားပွဲခုံကို လက်ချောင်းများဖြင့် ခပ်ဖွဖွလေး ခေါက်လိုက်မိ၏။
အမှန်စင်စစ်... ဒီည သူတို့၏ ရည်ရွယ်ချက်မှာ သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်ကို အသုံးချပြီး ဖော့ခ်စီးတီးမှ ရွှေရှာသူများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သတ်ဖြတ်စေရန် မြှူဆွယ်ဖျားယောင်းဖို့ပင် ဖြစ်ချေသည်။ နောက်ဆုံးတွင် ရွှေရှာသူ အုပ်စုကြီး တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပြီးမှ ထိုရွှေဗုဒ္ဓရုပ်ပွားတော်ကို ယဲ့ဖန်၏ လက်ထဲသို့ ကျရောက်သွားစေရန် စီစဉ်ထားခြင်း ဖြစ်ပေ၏။
သို့သော် ယခုအခါ၌မူ... ယဲ့ဖန် ပျောက်ဆုံးသွားသည်သာမက ငါးစာအဖြစ် အသုံးပြုထားသော ရွှေဗုဒ္ဓရုပ်ပွားတော်မှာလည်း အခြားလူတစ်စု၏ ခိုးယူခြင်းကို ခံလိုက်ရတော့၏။
ထို့အပြင် တစ်စုံတစ်ယောက်က သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်ကို ပြုပြင်ပြောင်းလဲထားသည် ဆိုသော အချက်ကိုပါ ဖွင့်ချလိုက်သဖြင့် အရာအားလုံး ပေါ်ကာ ဖုံးမရ ဖြစ်ကုန်လေသည်။
သူတို့၏ စစ်ဆင်ရေးမှာ လုံးဝ (လုံးဝ) ကျရှုံးသွားခဲ့ပြီ ဖြစ်သတည်း။
ထိုစဉ် နောက်ကွယ်မှ ကြိုးကိုင်သူ၏ ပုံမှန်မဟုတ်သော စိတ်နေသဘောထားကို သူ တွေးမိလိုက်သောအခါ ကျောချမ်းသွားမိလေ၏။
စားပွဲခုံကို နောက်ထပ် သုံးလေးချက်ခန့် ထပ်မံခေါက်လိုက်ပြီးနောက် အမည်းရောင်ဝတ်စုံဝတ် အမျိုးသားသည် လျင်မြန်ပြတ်သားစွာပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
"မစ်ရှင်ကို ဖျက်သိမ်းလိုက်တော့"
"အခုချက်ချင်းပဲ... အရန်သင့် ပြင်ထားတဲ့လူတွေကို လှုပ်ရှားခိုင်းလိုက်။ ငါးစာကို ပြန်ယူဖို့ အစွမ်းကုန် ကြိုးစားခိုင်းလိုက်တော့"
"ငါက ဘာမှ အရာမထင်တဲ့ ရလဒ်မျိုးကို မလိုချင်ဘူး။ ဒါပေမယ့် အမှားအယွင်း ဖြစ်မှာကိုလည်း လက်မခံနိုင်ဘူး၊ ကြားလား"
"သဘောပေါက်ပါပြီ ဆရာ"
ဖုန်းတစ်ဖက်မှ လက်အောက်ငယ်သားဖြစ်သူက သူ ဆိုလိုသည်ကို နားလည်သွားသဖြင့် သက်ပြင်းတစ်ချက်ကို ခိုးချလိုက်မိလေ၏။
"ဒါဆို ကျွန်တော်တို့ရဲ့ စနိုက်ပါသမားတွေကို အခုပဲ ဆက်သွယ်လိုက်ပါ့မယ်"
"ပိုက်ကွန်ကို ရုပ်သိမ်းပြီး ငါးစာကို ပြန်ယူဖို့ ပြင်ဆင်လိုက်တော့"
အမည်းရောင်ဝတ်စုံဝတ် အမျိုးသားက အမိန့်ပေးလိုက်လေသည်။
ဖုန်းပြောပြီးသည်နှင့် တစ်ပြိုင်နက် သူသည် နှာခေါင်းချွန်လူဝကြီးကို နှုတ်ဆက်စကား ဆိုလိုက်ပြီးနောက် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
...
သူ ထိုင်ရာမှထပြီး ထွက်ခွာသွားသည့် အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ဖြစ်ချေ၏။
အမှောင်ထုထဲတွင် ဆိုင်ကယ်တစ်စီးဖြင့် ဒရောသောပါး မောင်းနှင်နေသော၊ ပင်မလူအုပ်ကြီးနှင့် အတော်လေး ဝေးကွာသွားပြီဖြစ်သော စုံတွဲ၏ ရှေ့တူရူတွင်...၊
တောအုပ်တစ်ခုနှင့် ချောက်ကမ်းပါးတစ်ခု၏ အထက်...၊
အသံတိတ်ပြောင်း တပ်ဆင်ထားသော နက်မှောင်သည့် စနိုက်ပါ သေနတ်ပြောင်းဝ နှစ်ခုသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာလေ၏။
ဆိုင်ကယ်က ပစ်ခွင်းနိုင်သည့် အကွာအဝေး ထဲသို့ ဝင်ရောက်လာသည့် တိတိကျကျ အခိုက်အတန့်၌...
"ရွှီ..."
လေထုကို ထိုးခွင်းသွားသည့် တိုးဖွဖွ အသံ တစ်သံ ထွက်ပေါ်လာသည်။
ဆိုင်ကယ်စီးလာသော စုံတွဲမှာ သေဘေးအန္တရာယ်ကို အာရုံခံမိလိုက်သကဲ့သို့ပင်။ မျောက်နှစ်ကောင်အလား လျင်မြန်ဖြတ်လတ်စွာဖြင့် သေတ္တာကို ပိုက်လျက် ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းလိုက်ကြလေ၏။
ထိုခဏ၌ပင် ရှေ့သို့ အရှိန်ဖြင့် ဆက်လက်ပြေးဝင်နေသော ဆိုင်ကယ်ကြီးမှာ မီးပွင့်များ ထွက်ပေါ်လာကာ ပေါက်ကွဲသွားတော့သည်။
ဆိုင်ကယ်တစ်စီးလုံး ဖောက်ထွင်းခံလိုက်ရခြင်း ဖြစ်ပေသည်...။
ထို့နောက် ဆိုင်ကယ်သည် ရှေ့သို့ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားပြီး၊ နောက်ဆုံးတွင် မီးပွင့်များနှင့် လျှပ်စီးများ ဖြာထွက်ကာ အပိုင်းပိုင်းအစစ ကွဲကြေသွားတော့၏။
"စနိုက်ပါဟေ့... အကာအကွယ်ယူ"
ထိုစုံတွဲမှာ ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူဖျော့သွားကြပြီး လေထဲတွင် ရှိနေစဉ်မှာပင် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်မိကြသည်။
မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် တစ်ပြိုင်နက်၊ ဆိုင်ကယ်ပေါ်မှ အလျင်စလို ခုန်ဆင်းလိုက်ရသည့် အဟုန်ပြင်းသော 'အင်နားရှား' သဘောတရားကို လျော့ပါးသက်သာစေရန် မြေကြီးပေါ်တွင် တစ်လိမ့်ခေါက်ကွေး လှိမ့်လိုက်ကြပြီး လမ်းဘေး ဝဲယာရှိ စိမ်းလန်းသော တောအုပ်အတွင်းသို့ ပြေးဝင်ပုန်းအောင်းရန် ကြိုးစားလိုက်ကြသည်။
"ဝှစ်..."
လေကို ထိုးခွင်းလိုက်သည့် နောက်ထပ် တိုးဖွဖွ အသံ တစ်သံသည် သူတို့ မြေကြီးပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အခြားတစ်ဖက်မှ ထပ်မံ ထွက်ပေါ်လာပြန်ချေ၏။
စနိုက်ပါသမားများက သူတို့ကို မြေပြင်ပေါ်၌ ခြေကုပ်ယူခွင့် တစ်စက္ကန့်မျှပင် မပေးခဲ့ပေ။
ကျည်ဆံများသည် သူတို့၏ ခန္ဓာကိုယ်များကို မျက်တောင်တစ်ခတ်အတွင်း ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ထိုစုံတွဲမှာ မြေပြင်ပေါ်သို့ ရောက်ရုံသာ ရှိသေးသည်၊ မူလက အားအင်အပြည့်နှင့် သန်စွမ်းသော ခန္ဓာကိုယ်များသည် ပုပ်သိုးနေသော အသားတုံးနှစ်တုံးကဲ့သို့ ပျော့ခွေကာ လဲကျသွားလေ၏။
သို့တိုင်အောင် စနိုက်ပါသမားနှစ်ဦးမှာ စိတ်မချနိုင်သေးသည့်အလား လဲကျနေသော ခန္ဓာကိုယ်များပေါ်သို့ နောက်ထပ် နှစ်ချက်စီ ထပ်မံ ပစ်ခတ်လိုက်ကြသေးသည်။
ထိုစုံတွဲမှာ အသက်ရှင်ရန် လမ်းစ လုံးဝ မရှိတော့ကြောင်း သေချာသွားသောအခါမှသာ စနိုက်ပါသမားများသည် သေနတ်များကို ပြန်လည်သိမ်းဆည်းလိုက်ကြပြီး သစ်ပင်များနှင့် ချောက်ကမ်းပါးများထက်မှ လျင်မြန်စွာ ဆင်းသက်လာကြတော့သည်။ သူတို့သည် သေဆုံးသူများ၏ ရင်ခွင်ထဲမှ သေတ္တာကို ယူဆောင်လိုက်ပြီး အတွင်းမှ ပစ္စည်းကို စစ်ဆေးလိုက်ကြ၏။
သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် သူတို့သည် ချက်ချင်းပင် လှည့်ထွက်သွားကြလေသည်။
...
ထိုလူသတ်သမားနှစ်ယောက် ထွက်ခွာသွားပြီး မကြာမီမှာပင်... ထွက်ပြေးသွားသော စုံတွဲနောက်သို့ အသည်းအသန် လိုက်လံနေကြသော လူအုပ်ကြီးသည် ရုတ်တရက်ဆိုသလိုပင် အတွင်းပိုင်း ပဋိပက္ခများ ဖြစ်ပွားကုန်ကြတော့၏။
လူအုပ်ကြီးသည် နောက်တစ်ကြိမ် ဖရိုဖရဲဖြင့် ရန်ပွဲများ ဆင်နွှဲကုန်ကြပြန်သည်။
တိတ်တဆိတ် နောက်ယောင်ခံလိုက်လာသော ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ပင်လျှင် ရှေ့ဆက်မတိုးနိုင်ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်ရချေသည်။
"ဘာတွေလဲ.. အသုံးမကျလိုက်တာ"
ချန်းဖေးအယ်က စိတ်မရှည်စွာဖြင့် ရေရွတ်လိုက်လေ၏။
"ဒီလူတွေ ဘာလို့ ထပ်ပြီး ကိုက်နေကြပြန်တာလဲ"
"ပစ္စည်းက ထွက်ပြေးသွားတဲ့ စုံတွဲလက်ထဲမှာ မဟုတ်ဘူးလား"
"ဟိုနှစ်ယောက်က ရှေ့မှာ ပြေးနေတုန်းလေ... ဘာလို့ သူတို့နောက်ကို မလိုက်ကြဘဲ ဒီနေရာမှာတင် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတာလဲ"
ယဲ့ဖန်လည်း ဘာတွေ ဖြစ်ကုန်မှန်း နားမလည်နိုင်အောင် ဖြစ်သွားရ၏။
သို့သော် ထိုအချိန်တွင်... ရှေ့လှမ်းဝေးဝေးဆီမှ ဆိုင်ကယ်တိမ်းမှောက် ပေါက်ကွဲသွားသည့် မီးတောက်များကို သူ လှမ်းမြင်လိုက်ရလေ၏။
ထို့အပြင် စနစ်၏ ရတနာရှာဖွေခြင်း လုပ်ဆောင်ချက်မှ တစ်ဆင့် သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်ကြီးသည် စိမ်းလန်းသော တောအုပ်အတွင်းသို့ လျင်မြန်စွာ ရွေ့လျားသွားကြောင်းကိုလည်း သူ အာရုံခံလိုက်ရ၏။
ရှေ့မှ ရွှေရှာသူ အားလုံးလိုလို ဖရိုဖရဲ တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသောအခါ၊ ယဲ့ဖန်သည် ပြတ်သားစွာပင် ဆုံးဖြတ်ချက် ချလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်တော့သည်။
သူသည် ချန်းဖေးအယ်ဘက်သို့ လှည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေ၏။
"ဒီအရူးတွေကို ထားလိုက်တော့... ကိုယ်တို့ တခြားလမ်းကနေ ပတ်သွားကြမယ်"
ချန်းဖေးအယ် ဘာမှ မေးမြန်းသည်ကိုပင် မစောင့်တော့ဘဲ သူသည် သူမကို ဦးဆောင်ကာ တောအုပ်လမ်းဘက်သို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။
စနစ်၏ လမ်းပြမြေပုံ ပေါ်တွင် ပေါ်နေသော သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော် ရှိရာ လမ်းကြောင်းအတိုင်း သူတို့ ဆက်လက် ချီတက်လိုက်ကြလေတော့သတည်း...။
အခန်း (၁၇၉၂) - စည်းစိမ်ဥစ္စာက လူ့စိတ်ကို လှုပ်ခါစေ၏
~စိမ်းလန်းသော တောအုပ်၏ နက်ရှိုင်းရာ တစ်နေရာ၌ ဖြစ်ပေ၏။
စနိုက်ပါသမား နှစ်ဦးသည် ရွှေရှာသူ လူအုပ်ကြီးနှင့် ဝေးကွာရာသို့ ရောက်ရှိလာပြီးနောက်၊ လေကောင်းလေသန့် ရရှိသော နေရာတစ်ခုကို ရှာဖွေကာ ခေတ္တ အနားယူလိုက်ကြ၏။ သူတို့သည် စီးကရက်များကို မီးညှိလိုက်ကြပြီး သစ်ပင်ကြီးတစ်ပင်ကို မှီလျက် ဆေးလိပ်သောက်နေကြလေသည်။
"ဟန်းတား.. ဟိုလူတွေက တကယ့်ကို ငတုံးတွေကွ"
"လူတွေ ဒီလောက်တောင် များတာ၊ ဒီည ကာနာရီဝေါ့ဖ်ကနေ 'သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့' ဝင်တွေ ထွက်ပြေးမယ်ဆိုတဲ့ သတင်းက တစ်ခုခု လွဲနေတယ်ဆိုတာကို ဘယ်သူမှ သတိမထားမိကြဘူး"
"ဒီသတင်းတစ်ပုဒ်ကြောင့်နဲ့ပဲ သူတို့အချင်းချင်း ပြန်သတ်နေကြပြီး အကြီးအကျယ် အထိနာကုန်ကြပြီလေ"
ဟန်းတားဟု ခေါ်သော ထိပ်ပြောင်နှင့် လူက ကဲ့ရဲ့ဟန်ဖြင့် မျက်လုံးများ အရောင်လက်သွားလေ၏။
"လူတော်တော်များများကတော့ သတင်းက ပေါက်ကြားလွန်းအားကြီးနေတယ် ဆိုတာကို သတိထားမိကြမှာပါ"
"ဒါပေမယ့် သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်ရဲ့ တန်ကြေးက ဒေါ်လာ သန်း (၇၀) ကျော်တယ်လေ"
"ဒီသတင်းမှာ တစ်ခုခု မှားယွင်းနေတယ် ဆိုတာကို သိရင်တောင်မှ၊ အများစုကတော့ သူတို့ကံကို စမ်းချင်ကြတာချည်းပဲ"
ဟန်းတားက မျက်လုံးကို မှေးစင်းလျက် ဆေးလိပ်ကို ရှိုက်သွင်းလိုက်၏။
"ထားလိုက်ပါတော့ကွာ... အဲ့ဒါတွေ တွေးမနေပါနဲ့တော့"
"ဘယ်လိုပဲဖြစ်ဖြစ် အလုပ်ရှင် ပြောပုံအရဆိုရင်၊ ဒီအလုပ်ပြီးတာနဲ့ ငါတို့ ဆုကြေး ဒေါ်လာ တစ်သိန်းခွဲ ရမှာပဲ"
"ပိုက်ဆံရတဲ့အချိန်ကျရင် ငါ့ကောင်မလေးအသစ်ကို ခေါ်ပြီး နဂါးနိုင်ငံက အုန်းသီးကျွန်းကို အားလပ်ရက် အပန်းဖြေခရီး ထွက်ပစ်လိုက်ဦးမယ်၊ အဲ့ဒီကျမှ ကောင်းကောင်း အနားယူလိုက်တော့မယ်ကွာ"
"ဖန်း... မင်းရော ဘယ်လိုလဲ"
"ဆုကြေးရရင် ဘာလုပ်မလဲ... ကာစီနိုရုံမှာ သွားပြီး ကံစမ်းဦးမလို့လား"
ဖန်း ဆိုသူမှာ အစွယ်ငေါငေါနှင့် အမျိုးသားတစ်ဦး ဖြစ်ချေသည်။
သူငယ်ချင်းဖြစ်သူ၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ သူက ခေါင်းကို အလျင်အမြန် ခါရမ်းလိုက်လေ၏။
"မလုပ်တော့ဘူး... ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ကာစီနိုဝိုင်းကို ခြေဦးမလှည့်တော့ဘူးကွ"
"အဲ့ဒီလူတွေက ရက်စက်လွန်းတယ်... ငါ့အနေနဲ့ ပိုက်ဆံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ပြီးခဲ့တဲ့တစ်ခါ ငါ့မိန်းမ ပိုက်ဆံတွေကို ရှုံးပြီး ဒေါသထွက်ထွက်နဲ့ ငါအမြဲကစားနေကျ ကာစီနိုက မန်နေဂျာကို သတ်ပစ်လိုက်ကတည်းက၊ ဒီအရာကို ဘယ်တော့မှ ထပ်မထိတော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပြီးပြီ"
ဟန်းတားက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်လေသည်။
"အေးပါ... အဲ့ဒီအရာနဲ့ ဝေးဝေးနေတာ ကောင်းပါတယ်"
"ဒါပေမယ့် မင်းက လောင်းကစားကို ဖြတ်လိုက်ရင် တခြားဝါသနာ ဘာကျန်သေးလို့လဲ"
"ငါမှတ်မိသလောက် မင်းက မိန်းမတို့၊ အိမ်ကြီးအိမ်ကောင်းတို့၊ ဇိမ်ခံကားတို့ ဆိုတာတွေကို စိတ်မဝင်စားဘူး မဟုတ်လား"
"အဟီး၊ အဲ့ဒါက အရင်တုန်းကလေ"
ဖန်းက သွားဖြဲပြီး ရယ်မောလိုက်လေ၏။
"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က နဂါးနိုင်ငံကထုတ်တဲ့ ဗီဒီယိုတို (Short Video) အပ်ပလီကေးရှင်း တစ်ခုကို စမ်းကြည့်လိုက်မိကတည်းက၊ မိန်းမတွေက ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းမှန်း ငါ သတိထားမိသွားတယ်"
"အရင်တုန်းက ငါ မိန်းမတွေကို စိတ်မဝင်စားတာက၊ အရက်နံ့နံပြီး ဆဲဆိုရိုင်းပျနေတဲ့ မိန်းမကြမ်းကြီးတွေကို စိတ်မဝင်စားခဲ့တာပါကွာ"
"ဒါပေမယ့် အခုတော့ အရှေ့တိုင်းက မိန်းကလေးတွေကို မြင်ဖူးသွားပြီး၊ သူတို့ရဲ့ ဆန်းပြားတဲ့ အလှအပတွေကို မြင်လိုက်ရတော့မှ ငါ့နှလုံးသားတွေ ပြန်နိုးထလာသလို ခံစားလိုက်ရတယ်"
"တောက်... တော်ပါသေးရဲ့ကွာ၊ သတင်းကောင်းပဲ"
ဟန်းတားက ချက်ချင်းပင် သက်ပြင်းချလိုက်မိလေသည်။
"မင်းက မိန်းမတွေကို စိတ်မဝင်စားဘူးဆိုတော့ ငါတောင် ရင်တထိတ်ထိတ် ဖြစ်နေတာ၊ မင်း ယောကျာ်းတွေကို ကြိုက်နေမှာ စိုးလို့လေ"
"တစ်နေ့ကျရင် ငါသတိမထားမိတဲ့အချိန် မင်း ငါ့ကိုများ 'ကြံ' လိုက်မှာ ကြောက်နေတာ"
"လဒ... "
ဖန်းကလည်း ရယ်မောရင်း ပြန်လည် ဆဲဆိုလိုက်လေ၏။
"ငါက အဲ့ဒီလိုကောင်မျိုး မဟုတ်ပါဘူးကွ... ကြားလား"
"ငါက မိန်းမကြိုက်တဲ့ကောင်ပါ... ဟုတ်ပြီလား"
ရယ်မော ဆဲဆိုပြီးနောက် သူသည် သစ်သားသေတ္တာဘက်သို့ လှည့်ကြည့်လိုက်ပြီး ရုတ်တရက် အသံကို နှိမ့်လိုက်လေသည်။
"ဟန်းတား... မင်း ဘယ်လိုထင်လဲ၊ တခြားလူတွေ ငါတို့ကို စောင့်ကြည့်နေတယ်လို့ ထင်လား"
ဟန်းတားသည် သူနှင့် တွဲဖက်လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ ဖန်း ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်လိုက်တော့သည်။
ဆေးလိပ်သောက်နေရာမှ ရပ်တန့်လိုက်ပြီး ဘေးဘီဝဲယာကို မသိမသာ ဝေ့ဝဲကြည့်ရှုလိုက်ကာ ဟန်မပျက် ပြောလိုက်လေ၏။
"ငါ ခုနကတည်းက သတိထားနေတာပါ... တတိယလူ ရှိနေတာမျိုး မတွေ့မိပါဘူး"
"ဒီနေရာက တောကြီးခေါင်ခေါင်... စောင့်ကြည့်ကင်မရာလည်း မရှိသလို ဖုန်းလိုင်းလည်း မမိဘူး လေဟာ"
သူ ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ ဖန်း တစ်ယောက် တံတွေးကို အတင်း မျိုချလိုက်မိလေသည်။ သူသည် ဟန်းတားကို တပ်မက်မှု ပြင်းပြသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်တော့၏။
"ဒါဆို မင်း ပြောစမ်း... ငါတို့သာ ဒီပစ္စည်းကို ယူပြီး အဝေးကြီးကို ထွက်ပြေးလိုက်ရင်..."
ဟန်းတားတွင်လည်း ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုး ရှိနေပြီးသား ဖြစ်ချေသည်။ သူသည် တံတွေးကို ဂလုခနဲ မြည်အောင် မျိုချလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေ၏။
"ဘယ်သူမှ သိမှာ မဟုတ်ဘူး"
"ဒါက ဒေါ်လာ သန်း (၇၀) တန်တယ်ကွ"
ဖန်း၏ မျက်လုံးများ အရောင်လက်သွားလေသည်။
"ဒီထဲမှာ လှည့်ကွက်တချို့ ပါနေတယ် ဆိုပေမယ့်၊ နောက်ကျမှ ငါတို့ ဖြေရှင်းလို့ရမယ့်နေရာ တစ်နေရာ ရှာတွေ့လိုက်တာနဲ့ အားလုံး အဆင်ပြေသွားမှာပါ"
"ဒေါ်လာ သန်း (၇၀) နော်... နောင်အနာဂတ်မှာ ငါတို့ ရူးရူးမူးမူး ဖြုန်းတီးပစ်ရင်တောင်မှ၊ ဘဝဆက်တိုင်း စည်းစိမ်ယစ်ပြီး နေသွားလို့ရတယ်"
ဟန်းတားက စီးကရက်မီးကို ချေမှုန်းကာ ငြှိမ်းသတ်လိုက်လေသည်။
"ဒါ့အပြင်... ငါတို့အနေနဲ့ အသက်နဲ့ရင်းရတဲ့ အလုပ်မျိုး လုပ်စရာ မလိုတော့ဘူးလေ"
ဖန်းက သူ ဆိုလိုသည်ကို ကောင်းကောင်း နားလည်သွားပြီ ဖြစ်ပေ၏။
တစ်ယောက်နှင့်တစ်ယောက် ကြည်နူးစွာ ပြုံးပြလိုက်ကြပြီးနောက်၊ သူတို့နှစ်ဦးသည် အလုပ်ရှင်နှင့် ဆက်သွယ်ထားသော ဆက်သွယ်ရေးလိုင်းကို ပြိုင်တူနီးပါး ဖြတ်တောက်လိုက်ကြတော့သည်။
အီလက်ထရွန်နစ် ပစ္စည်းမှန်သမျှကို ပိတ်ချလိုက်ကြလေ၏။
ထို့နောက် သူတို့သည် သစ်သားသေတ္တာကို ပွေ့ဖက်လိုက်ကြပြီး၊ အလုပ်ရှင် စီစဉ်ပေးထားသော လမ်းကြောင်းမှ ရှောင်ကွင်းကာ ထွက်ပြေးရန် ပြင်ဆင်လိုက်ကြတော့သည်။
သို့သော်... ထိုအခိုက်အတန့်၌ပင်။
“ဖြောင်း…ဖြောင်း..ဖြောင်း”
သူတို့၏ ကျောဘက်ဆီမှ လက်ခုပ်တီးသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။
"ကောင်းလိုက်တာ... တကယ့်ကို ကောင်းမွန်တဲ့ ကျောကို ဓားနဲ့ထိုးခြင်းပဲ"
"ထင်ထားတဲ့အတိုင်းပါပဲလား... စည်းစိမ်ဥစ္စာဆိုတာ လူတွေရဲ့ စိတ်နှလုံးကို အမြဲတမ်း လှုပ်ခါစေနိုင်တာပဲကိုး"
လက်ခုပ်သံနှင့်အတူ အာရှသား အမျိုးသားတစ်ဦးနှင့် အာရှသူ အလှမယ်တစ်ဦးတို့သည် အမှောင်ထုထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာကြလေတော့သတည်း...။
အခန်း (၁၇၉၃) - ကုဒ်နိမိတ် "တိုင်-ရန့်"
~"မင်း... မင်းတို့က ဘယ်သူတွေလဲ"
ဖန်းနှင့် ဟန်းတားတို့မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိကြ၏။ အလိုအလျောက်ပင် သူတို့လက်များက ခါးကြားရှိ ပစ္စတိုသေနတ်များဆီသို့ ရောက်သွားကြသည်။
ဒီနေရာမှာ မေးစရာရှိတာက... သူတို့လို စနိုက်ပါသမားတွေက ဘာလို့ ကိုယ်ကျွမ်းကျင်သော စနိုက်ပါရိုင်ဖယ်ကို မသုံးဘဲ ပစ္စတိုကို ဆွဲထုတ်ရတာလဲ။ အဖြေက ရှင်းပါသည်။ နှစ်ပေါင်းများစွာ စစ်မြေပြင်အတွေ့အကြုံအရ ဒီလို အကွာအဝေးမှာ ပစ္စတိုက ပိုပြီး စိတ်ချရ၍ပင်။
ရန်သူက ကိုယ့်နှာခေါင်းဝ ရောက်နေမှတော့ စနိုက်ပါရိုင်ဖယ်ကို မောင်းတင် ချိန်ရွယ်နေရင် သေဖို့ပဲ ရှိတော့သည် မဟုတ်ပါလော။
သို့သော်...
သူတို့လက်တွေက ခါးကြားက သေနတ်ဆီ ရောက်ဖို့တောင် အချိန်မရလိုက်ပါ။
"ရွှီ..."
"ရွှီ..."
လေကို ခွင်းသွားသည့် တိုးဖွဖွ အသံနှစ်သံ ဆက်တိုက် ထွက်ပေါ်လာ၏။
ခါးကြားသို့ လှမ်းနေသော သူတို့၏ လက်ကောက်ဝတ်များဆီမှ စူးရှပြင်းထန်သော နာကျင်မှုကို တပြိုင်နက်တည်း ခံစားလိုက်ကြရ၏။
ကျောက်ခဲနှစ်လုံး...။ ဟုတ်သည်။ လမ်းဘေးက ကောက်ရသည့် သာမန် ကျောက်ခဲနှစ်လုံးက သူတို့၏ လက်ကောက်ဝတ်များကို တိတိကျကျ ပစ်ခွင်းလိုက်ခြင်း ဖြစ်သည်။
သွေးများ ပန်းထွက်လာကာ လက်ကောက်ဝတ် အရိုးများပင် ကျိုးပဲ့သွားရ၏။
ဖန်းနှင့် ဟန်းတားတို့၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူဖျော့သွားကြပြီး၊ မယုံကြည်နိုင်သော မျက်လုံးများဖြင့် အာမေဋိတ် သံများ ထွက်ပေါ်လာတော့သည်။
"မျိုးဗီဇ ပြုပြင်ထားတဲ့ လူသားတွေလား... ပြီးတော့ လက်ရွေးစင် အဆင့် ထက်တောင် မြင့်တဲ့လူတွေလား"
"မင်းတို့က အလုပ်ရှင် လွှတ်လိုက်တဲ့ စောင့်ကြည့်ရေးသမားတွေလား"
*(ဒီလူတွေ တကယ် တုံးတာပဲ... ငါတို့က အလုပ်ရှင်လွှတ်လိုက်တဲ့လူနဲ့ တူနေလို့လား)*
အမှောင်ထုထဲမှ ပြေးထွက်လာသူများမှာ အခြားသူ မဟုတ်၊ 'နက်ရှိုင်းသော ရတနာရှာဖွေခြင်း' လုပ်ဆောင်ချက်ကို အသုံးပြုကာ တစ်ောက်လျှောက် လိုက်လာခဲ့သော ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ပင်တည်း။
ဖန်း၏ အလန့်တကြား ရေရွတ်သံကို ကြားလိုက်ရသည့်အခါ ယဲ့ဖန်၏ စူးရှသော အာရုံခံစားမှုက သတင်းအချက်အလက် အချို့ကို ဖမ်းယူရရှိလိုက်၏။
သူသည် စကားတစ်ခွန်းမျှ မဆို။ ထိုလူနှစ်ယောက်၏ လက်ထဲမှ သစ်သားသေတ္တာကို ပေါ့ပါးစွာပင် ဆွဲယူလိုက်၏။
သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်ကို တွေ့လိုက်ရ၏။
ပစ္စည်းမှန်ကန်ကြောင်း အတည်ပြုပြီးသည်နှင့် သူသည် ရုပ်ပွားတော်၏ နားရွက်ထဲတွင် ထည့်ထားသော 'အီရီဒီယမ်-(၁၉၂)' ကို တစ်ချက် လှုပ်ခါကြည့်လိုက်ပြီး သေတ္တာထဲသို့ ပြန်ထည့်လိုက်၏။ ထို့နောက် ယဲ့ဖန်သည် ဖန်းနှင့် ဟန်းတားကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားအောင် နတ်ဆိုးအပြုံးကို ပြုံးပြလိုက်တော့သည်။
"ငါမေးမယ်... မင်းတို့ဖြေ"
"ဘယ်သူ့အဖြေကိုမဆို ငါ သဘောမကျဘူးဆိုရင်၊ ဒီထဲက 'အီရီဒီယမ်-(၁၉၂)' ကို အဲ့ဒီလူရဲ့ နားထဲ ထည့်ပေးလိုက်မယ်... ရှင်းလား"
ဖန်းနှင့် ဟန်းတားတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ချက်ချင်း ပြည့်နှက်သွားတော့၏။
'အီရီဒီယမ်-(၁၉၂)'...။
ဒီ ရေဒီယိုသတ္တိကြွ ပစ္စည်းရဲ့ အစွမ်းကို သူတို့ အသိဆုံး မဟုတ်ပါလော။ ဒါက လူကို ချက်ချင်းမသေစေဘဲ ငရဲကျသလို ခံစားရစေမည့် အရာဖြစ်သည်။
ယဲ့ဖန်ကတော့ သူတို့၏ ကြောက်ရွံ့မှုကို ဂရုစိုက်မနေ။ နဂါးနိုင်ငံသားတို့၏ ထုံးစံအတိုင်း အေးဆေးတည်ငြိမ်စွာပင် မေးခွန်းထုတ်လိုက်၏။
"ပထမဆုံး မေးခွန်း..."
သူက ထိုလူနှစ်ယောက်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။
"ဒီည ကာနာရီဝေါ့ဖ်ကနေ 'သူဌေးဆန့်ကျင်ရေး မဟာမိတ်အဖွဲ့' ဝင်တွေ ထွက်ပြေးမယ်ဆိုတဲ့ သတင်း... အဲ့ဒါ မင်းတို့ တမင်သက်သက် လွှင့်လိုက်တာလား"
ဖန်းနှင့် ဟန်းတားတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသော်လည်း ချက်ချင်း ပြန်မဖြေရဲကြ။
ယဲ့ဖန်က အလိုက်သင့်ပင် လက်ထဲမှ သစ်သားသေတ္တာကို တစ်ချက် လှုပ်ခါပြလိုက်၏။
*(မဖြေချင်ဘူးပေါ့... ရတယ်လေ)*
သေတ္တာလှုပ်လိုက်တာ မြင်တာနဲ့ ဖန်းတစ်ယောက် ပြာပြာသလဲ ဖြေလေတော့၏။
"ကျွန်... ကျွန်တော်တို့ လွှင့်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲ့ဒါက ကျွန်တော်တို့ရဲ့ အလုပ်ရှင် စီစဉ်လိုက်တဲ့ အကွက် ဖြစ်လောက်ပါတယ်"
"ဒီည ဒီနေရာကို လာပြီး သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်ကို ပြန်သိမ်းဖို့အပါအဝင်၊ အားလုံးက ကျွန်တော်တို့ နောက်ကွယ်က ငွေရှင်ကြေးရှင်ရဲ့ အမိန့်ပါ"
ယဲ့ဖန်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်၏။
"ဒါဆိုရင်... ဒီ သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်နဲ့ ပတ်သက်သမျှ အစအဆုံး အားလုံးက မင်းတို့ အလုပ်ရှင်ရဲ့ အစီအစဉ်ပဲပေါ့... ဟုတ်လား"
"ဟုတ်ကဲ့ပါ ဆရာ"
ဖန်းက ခေါင်းကို ကြက်ကလေး စပါးကောက်သလို ဆက်တိုက် ညိတ်လိုက်ရှာသည်။
"သူပြောတာကတော့... ဖော့ခ်စီးတီးကို ရတနာလာရှာတဲ့ ရွှေရှာသူတချို့ကို ဒီအခွင့်အရေးသုံးပြီး ရှင်းပစ်ချင်တာတဲ့"
"သန်း (၅၀၀) တန် ရွှေဗုဒ္ဓရုပ်ပွားတော်ကို သုံးပြီး ရွှေရှာသူတချို့ကို ရှင်းပစ်ချင်တာ ဟုတ်လား"
ယဲ့ဖန်တစ်ယောက် ဒီအကြောင်းပြချက်ကို လက်မခံနိုင်။ ရယ်စရာကောင်းလွန်းသည်။
*(ရွှေရှာသူလေး နည်းနည်းကို သတ်ချင်တာနဲ့ သန်း ၅၀၀ တန် ငါးစာကို သုံးတယ်တဲ့လား... ဒီလူတွေ ဦးနှောက်မရှိဘူးပဲ)*
"မင်းတို့ နောက်ကွယ်က ငွေရှင်က ဘယ်သူလဲ"
"ပိုက်ဆံတွေ များလွန်းလို့ ဖြုန်းစရာနေရာ ရှာမတွေ့ ဖြစ်နေတာလား"
"သူ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ အတိအကျ မသိပါဘူး"
ဖန်းက ရိုးသားစွာပင် ပြန်ဖြေသည်။
"ကျွန်တော်တို့ သိတာ တစ်ခုက... လူသတ်သမားလောက မှာ သူ့ရဲ့ လျှို့ဝှက်အမည်က 'တိုင်-ရန့်' ဆိုတာပါပဲ"
"နေမဝင်အင်ပါယာရဲ့ လူသတ်သမားလောကမှာ သူ ဘယ်သူလဲဆိုတာ သိတဲ့လူ မရှိသလောက်ပါပဲ။ ဒါပေမယ့် လူတိုင်း သိထားတာ တစ်ခုကတော့၊ နေမဝင်အင်ပါယာရဲ့ ထိပ်တန်း လူသတ်သမား (၁၀) ယောက်စာရင်းဝင်ထဲက တစ်ဝက်လောက်က သူ့အမိန့်ကို နာခံကြတယ် ဆိုတာပါပဲ"
"နာရေး အဖွဲ့အစည်း ကတောင် သူ့ကို မျက်နှာသာ ပေးရတယ်"
"တိုင်-ရန့်..."
ယဲ့ဖန်သည် ဤမျှ စိမ်းသက်သော နာမည်တစ်ခု ပါဝင် ပတ်သက်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိ။
ဒီည ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူ့ကို ပစ်မှတ်ထားပြီး ဆင်ထားသည့် ထောင်ချောက် တစ်ခုဆိုတာ သူ သေချာပေါက် ပြောရဲသည်။
ဒါပေမယ့် 'တိုင်-ရန့်' ဆိုတဲ့ နာမည်ကို သူ တစ်ခါမှ မကြားဖူးခဲ့။
ဒီလူက ဘာလို့ သူ့ကို ပစ်မှတ်ထားရတာလဲ။
*(ငါ့လို လူရိုးလူကောင်းတစ်ယောက်ကို ဘယ်လူကများ လုပ်ကြံချင်နေရတာလဲ)*
သူသည် ချန်းဖေးအယ်ကို လှမ်းကြည့်လိုက်၏။
ချန်းဖေးအယ်သည်လည်း ဘာမှ နားမလည်နိုင်သည့်ပုံဖြင့် ခေါင်းခါပြရှာ၏။ သူမလည်း ဒီနာမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။
ယဲ့ဖန်သည် ဤ 'တိုင်-ရန့်' ဆိုသူအကြောင်း ပိုမို သိရှိလိုစိတ် ပြင်းပြလာပြီး ချက်ချင်းပင် ဆက်မေးလိုက်၏။
"ဒီ 'တိုင်-ရန့်' ဆိုတဲ့ လူအကြောင်း တခြား ဘာသိသေးလဲ"
"ဒါမှမဟုတ်... တခြားနည်းနဲ့ မေးမယ်။ ငါတို့ သူ့ကို ဆက်သွယ်လို့ ရအောင်၊ ဒါမှမဟုတ် သူနဲ့ တွေ့လို့ရအောင် မင်းတို့ ကူညီပေးနိုင်တဲ့ နည်းလမ်း ရှိလား"
"အဲ့ဒါတော့ ကျွန်တော်တို့ မသိဘူးဗျ"
ဖန်းက ခေါင်းခါလိုက်၏။
"သူက ကျွန်တော်တို့ကို အမြဲတမ်း အဝေးကနေပဲ ဆက်သွယ်တာ"
"ကျွန်တော်တို့ 'တိုင်-ရန့်' ကို တစ်ခါမှ မမြင်ဖူးဘူး"
"သူက ပုလား၊ ရှည်လား၊ ဝလား၊ ပိန်လား ဆိုတာတောင် ကျွန်တော်တို့ မသိဘူး"
"ဟုတ်လို့လား"
ယဲ့ဖန်က ဒီလူနှစ်ယောက်ကို မယုံကြည်။ မျက်လုံးကို မှေးစင်းလိုက်ပြီး သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်၏ နားရွက်ထဲမှ 'အီရီဒီယမ်-(၁၉၂)' ကို ဆွဲထုတ်လိုက်လေသည်။
သို့သော် သူ ထင်မှတ်မထားသည်မှာ... ထိုလူနှစ်ယောက်သည် ကြောက်လန့်လွန်းသဖြင့် ဆီးပါ ထွက်ကျကုန်ကြပြီး ငိုယိုကာ တောင်းပန်လာကြခြင်းပင်။
"တကယ်ပါဗျာ... တကယ် ပြောတာပါ"
"'တိုင်-ရန့်' ဆိုတာ နေမဝင်အင်ပါယာရဲ့ လူသတ်သမားလောကမှာ ဒဏ္ဍာရီ တစ်ခုပါ"
"သူ့ကို မြင်ဖူးတဲ့လူကလွဲရင်၊ ကျန်တဲ့ ဘယ်သူမှ သူ့ကို ဘယ်လိုဆက်သွယ်ရမလဲ ဆိုတာရော၊ သူ့ရုပ်အစစ်က ဘယ်လိုလဲဆိုတာရော မသိကြပါဘူး"
"မယုံရင် မှောင်ခိုဈေးကွက် မှာ သွားမေးကြည့်လိုက်ပါဗျာ"
ယဲ့ဖန်၏ စိတ်ဝင်စားမှု ချက်ချင်း လျော့နည်းသွားလေတော့၏။
ဒီလူနှစ်ယောက်က ငိုယိုတောင်းပန်နေရသည့် ကြားကမှ အသုံးမကျသည့် အဖြေများသာ ပေးနေသည်ကို မြင်လိုက်ရသောအခါ၊ သူသည် ခါးကြားသို့ လက်နှိုက်လိုက်၏။
သူတို့လို အသုံးမကျသော လူသတ်သမားတွေက အရှင်ထားလည်း အလကားပဲ မဟုတ်လား။
"ဒိုင်း..."
ထိုနေရာမှာပင် နှစ်ယောက်လုံးကို အဆုံးစီရင် ပစ်လိုက်တော့သည်။
ကိစ္စပြီးသည်နှင့် သူသည် 'အီရီဒီယမ်-(၁၉၂)' ကို သေဆုံးသွားသော ထိုသူနှစ်ဦး၏ နားရွက်များထဲသို့ ထိုးထည့်လိုက်၏။
*(မင်းတို့ လိုချင်နေတဲ့ ရတနာနဲ့ပဲ အတူတူ သေဆုံးသွားကြပေတော့)*
ထို့နောက်တွင်မူ... သူသည် ချန်းဖေးအယ်ကို ခေါ်ဆောင်ကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။