← Chapters

အခန်း (၁၇၉၄-၁၇၉၆)

Vol. 96 Ch. 1794-1796

အခန်း (၁၇၉၄-၁၇၉၆)

Vol. 96 Ch. 1794-1796

အခန်း (၁၇၉၄) - ဝုဖ်ဂန်းဆီက ဖုန်းခေါ်ဆိုမှု

~သူတို့နှစ်ဦး ထွက်ခွာသွားပြီး မကြာမီမှာပင်...

မောင်းသူမဲ့ ဒရုန်း အများအပြားသည် ကောင်းကင်ယံမှတဆင့် လျင်မြန်စွာ ပျံသန်းရောက်ရှိလာကြသည်။

ထိုဒရုန်းများသည် ဖန်းနှင့် ဟန်းတားတို့၏ ရုပ်အလောင်းများ ရှိနေသည့် နေရာကို တိတိကျကျပင် ခြေရာခံ ရှာဖွေတွေ့ရှိသွားကြ၏။

မိနစ်ပိုင်းအတွင်းမှာပင် သွက်လက်ဖျတ်လတ်သော အရိပ်မည်း အချို့သည် ထိုအလောင်းနှစ်လောင်း၏ ဘေးသို့ ဆိုက်ရောက်လာကြသည်။

သူတို့သည် ဖန်းနှင့် ဟန်းတား သေဆုံးနေပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက်၊ ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးလိုက်ကြသည့်အခါ အကြီးအကျယ် တုန်လှုပ်သွားကြတော့သည်။

ခေါင်းဆောင်ဖြစ်သူက သူ၏ ဆက်သွယ်ရေး ကိရိယာကို ဖွင့်လိုက်ပြီး သတင်းပို့လိုက်၏။

"ဟန်းတားနဲ့ ဖန်း သေသွားပါပြီ"

"ဒါပေမယ့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လက္ခဏာ တစ်စိုးတစ်စိမျှ မတွေ့ရပါဘူး။ သူတို့ရဲ့ လက်ကောက်ဝတ်မှာ ကျောက်ခဲထိမှန်ထားတဲ့ ဒဏ်ရာတွေပဲ ရှိပါတယ်"

"ကျွမ်းကျင်ပညာရှင် တစ်ယောက်ယောက်က လက်စဖျောက်သွားတာ ဖြစ်နိုင်ပါတယ်"

"ရွှေဗုဒ္ဓရုပ်ပွားတော်လည်း ပျောက်ဆုံးနေပါတယ်။ ဒါပေမယ့် ရုပ်ပွားတော်ထဲမှာ ထည့်ထားတဲ့ 'ပစ္စည်း' ကိုတော့ ထုတ်ယူပြီး ဖန်းနဲ့ ဟန်းတားရဲ့ ခန္ဓာကိုယ်ထဲကို ထိုးထည့်ထားခဲ့ပါတယ်"

"..."

အခြားတစ်ဖက်တွင်မူ... ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ဤအကြောင်းအရာများကို သိရှိခြင်း မရှိကြပေ။

သွမ့်ဟွမ် ရွှေဗုဒ္ဓရုပ်ပွားတော်ကို ရယူပြီးနောက် သူတို့သည် ကားပေါ်သို့ အလျင်အမြန် ပြန်တက်လာခဲ့ကြသည်။

"ဒီ 'တိုင်-ရန့်' ဆိုတဲ့ လူရဲ့ နောက်ခံကို ဒီနေ့ပဲ စုံစမ်းရမယ်"

ယဲ့ဖန်သည် သူ၏ ထင်မြင်ယူဆချက်များကို ချန်းဖေးအယ်အား ကွယ်ဝှက်မထားခဲ့ပါ။ သံသယဖြစ်ဖွယ် အချက်အလက်အချို့ကို ရှင်းပြပြီးနောက် သူက ဆက်ပြောလိုက်၏။

"လောလောဆယ် ကိုယ် တခြားကိစ္စတွေနဲ့ နည်းနည်း အလုပ်ရှုပ်နေလိမ့်မယ်"

"ဒါကြောင့် ဒီကိစ္စကို မင်းဘက်ကပဲ ပိုပြီး အားစိုက်ပေးပါ"

"ကိုယ် ပြန်ရောက်တာနဲ့ နေမဝင်အင်ပါယာမှာရှိတဲ့ တခြားမိတ်ဆွေတွေကို အကူအညီတောင်းပြီး စုံစမ်းခိုင်းလိုက်မယ်"

ချန်းဖေးအယ်သည်လည်း အခြေအနေ၏ လေးနက်မှုကို ကောင်းစွာ သဘောပေါက်ထားသူ ဖြစ်သည်။

သူမက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"စိတ်မပူပါနဲ့"

"ပြန်ရောက်တာနဲ့ ကျွန်မ အားလုံးကို ဆက်သွယ်ပြီး သဲလွန်စ ရှာကြည့်ပါ့မယ်"

"ပြီးတော့ နိုင်ငံတော် လုံခြုံရေးအဖွဲ့ရဲ့ ရုံးချုပ်ကို ဆက်သွယ်ပြီး သူတို့ရဲ့ Databaseမှာလည်း ဝင်စစ်လိုက်ပါ့မယ်"

ယဲ့ဖန်သည် သူမ၏ စကားကို ကြားပြီးနောက် ဘာမှ ထပ်မပြောတော့။

နေမဝင်အင်ပါယာ၏ ဖော့ခ်စီးတီးသို့ ပြန်ရောက်သည့်အခါ၊ သူမကို နှုတ်ဆက် လမ်းခွဲလိုက်ပြီး ဟိုတယ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့တော့သည်။

နောက်တစ်နေ့ နံနက်ခင်း။

ညက တစ်ဝကြီး အိပ်စက်အနားယူလိုက်ရသဖြင့် လန်းဆန်းနေသော ယဲ့ဖန်သည် ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ဆာမီယာ၊ ယွီဖုန်းရှန်းနှင့် အန်းကျူပရင့်စ် တို့ထံသို့ တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်လိုက်၏။

သူတို့အား 'တိုင်-ရန့်' အကြောင်း စုံစမ်းပေးရန် အကူအညီတောင်းလိုက်ခြင်း ဖြစ်သည်။

ကိစ္စဝစ္စ အားလုံး စီစဉ်ပြီးသွားသောအခါမှ ယဲ့ဖန်သည် ဒီဗွန်ရှိုင်းယား ဟွတ်ခ် ပစ်ချထားခဲ့သော "ဘဝဇာတ်ညွှန်း စီမံကိန်း" မှတ်စုစာအုပ်အကြောင်းကို ပြန်လည် သတိရသွားတော့သည်။

*(ဒီပစ္စည်းက စနစ် ရဲ့ မစ်ရှင် တစ်ခုနဲ့ ပတ်သက်နေတာပဲ...)*

သူ့အတွေးများ လွင့်မျောနေစဉ်မှာပင် ဝုဖ်ဂန်း ဆီမှ ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည်။

ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ ဝုဖ်ဂန်း၏ အသံ ထွက်ပေါ်လာ၏။

"ဟေ့လူ... ခင်ဗျား ကို ပြီးခဲ့တဲ့တစ်ခေါက်က 'ရက်ဒ်နိုက်' (Red Knight) ဝိုင်တစ်ပုလင်း ဝယ်တိုက်မယ်လို့ ပြောထားတယ် မဟုတ်လား။ အခု လာယူချေ"

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ဝုဖ်ဂန်း၏ လေသံကို ထောက်ဆကြည့်ရသည်မှာ၊ အန်းကျူပရင့်စ်က သူ့ကို ရွေးချယ်လိုက်သည့် အချက်ကို ထိုလူ လက်မခံနိုင်သေးသည့်ပုံပင်။

*(ရှုံးမဲမဲနေတုန်းပဲကိုး...)*

ကံကောင်းသည်မှာ ထိုလူက ကတိတော့ တည်တတ်သေးသည်။

" အခု ဘယ်မှာလဲ"

ယဲ့ဖန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။

"ပလက်တီနမ် ကလပ် (Platinum Club)... လာတတ်တယ် မဟုတ်လား"

ပလက်တီနမ် ကလပ် ဆိုသည်မှာ ဖော့ခ်စီးတီး၏ အထက်တန်းလွှာများအတွက်သာ သီးသန့် ဖွင့်လှစ်ထားသော ကလပ်တစ်ခု ဖြစ်သည်။ အဖွဲ့ဝင်အားလုံးသည် သူဌေးသူကြွယ်များ (သို့မဟုတ်) ဆွေကြီးမျိုးကြီးများသာ ဖြစ်ကြ၏။ ဖော့ခ်စီးတီးတွင် ဂုဏ်ဒြပ် အဆင့်အတန်းမရှိလျှင် ဝင်ချင်ပါသည်ဟု ဆိုလျှင်တောင် တံခါးပေါက် ရှာတွေ့နိုင်မည် မဟုတ်ပေ။

ကလပ်သို့ ဝင်ရောက်ရန် စည်းကမ်းချက်များကလည်း အလွန် တင်းကျပ်လှသည်။ အဖွဲ့ဝင်အသစ် ဝင်လိုပါက လက်ရှိ အဖွဲ့ဝင်တစ်ဦးဦး၏ ထောက်ခံချက် လိုအပ်ပြီး၊ လျှို့ဝှက်မှု အဆင့်အတန်းမှာလည်း ဖော့ခ်စီးတီးတွင် ထိပ်တန်းစာရင်းဝင် ဖြစ်သည်။

အတွင်းရှိ လူများ၏ လုံခြုံရေးကို အာမခံရုံသာမက၊ လူမသိသူမသိ ကိစ္စရပ်များကို လုပ်ဆောင်ရန်အတွက်လည်း အလွန် အဆင်ပြေသော နေရာတစ်ခု ဖြစ်ပေ၏။

ယဲ့ဖန် ဒီနေရာကို တစ်ခါမှ မရောက်ဖူးပါ။

ဒါပေမယ့် ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ "ဘဝဇာတ်ညွှန်း စီမံကိန်း" စာအုပ်ကြောင့် ဒီနေရာအကြောင်း အားလုံးကို သူ သိရှိနားလည်ထားပြီး ဖြစ်သည်။

ဝုဖ်ဂန်း ဆီမှ တည်နေရာကို ရရှိပြီးသည်နှင့် သူသည် ကားမောင်း၍ တန်းတန်းမတ်မတ် ထွက်လာခဲ့တော့သည်။

ပလက်တီနမ် ကလပ်သည် မြေတစ်လက်မကို ရွှေတစ်ကျပ်သား တန်ဖိုးရှိသော ဖော့ခ်စီးတီး၏ မြို့လယ်ခေါင် တည့်တည့်တွင် တည်ရှိသည်။ နေ့စဉ်နှင့်အမျှ လူပေါင်းများစွာ ဝင်ထွက်သွားလာနေပြီး စည်ကားသိုက်မြိုက်နေသော နေရာလည်း ဖြစ်၏။

ထူးဆန်းသည်မှာ... လူစည်ကားရာ မြို့လယ်ခေါင်တွင် ရှိနေသော်လည်း၊ ဒီနေရာကို သာမန်လူ မည်သူမျှ သတိမထားမိကြခြင်းပင်။

ကားသည် ဖော့ခ်စီးတီး မြို့လယ်ရှိ ပန်းခြံတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။ ဤနေရာရှိ သစ်ပင်ပန်းမန်များမှာ ထူထပ်သိပ်သည်းလှပြီး၊ ပတ်ဝန်းကျင်ရှိ ကွန်ကရစ်တောကြီးနှင့် လုံးဝ ကွဲပြားခြားနားနေတော့သည်။

လမ်းသွားလမ်းလာ အနည်းငယ် လမ်းလျှောက်နေကြသော်လည်း၊ ဤနေရာတွင် လျှို့ဝှက် ကလပ်တစ်ခု ရှိနေသည်ကို မည်သူမျှ မသိရှိကြချေ။

ယဲ့ဖန်သည် ဝန်ထမ်းတစ်ဦး၏ လမ်းပြမှုဖြင့် တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးတစ်ချပ်ကို ခေါက်လိုက်၏။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဝုဖ်ဂန်း၏ ဆူညံသော အသံကြီး ထွက်ပေါ်လာတော့၏။

"အားလားလား...၊ ငါတို့ ဖော့ခ်စီးတီးမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ် ရေပန်းအစားဆုံး ဖြစ်နေတဲ့ 'ဇာတ်လိုက်ကျော်' ကြီး နောက်ဆုံးတော့ ရောက်လာပြီပဲ"

ဝုဖ်ဂန်း ပြောတာလည်း မမှားပါ။ ဘား (Bar) တွင် ဖြစ်ပွားခဲ့သော ကိစ္စပြီးနောက်၊ ယဲ့ဖန်၏ တိုက်ခိုက်နေသော ဗီဒီယိုဖိုင်သည် ဖော့ခ်စီးတီးရှိ သူဌေးကတော်များ၏ Group Chat များတွင် စတင် ပျံ့နှံ့ခဲ့ပြီး၊ ထိုမှတဆင့် ဒုတိယမျိုးဆက် သူဌေးသားသမီးများ၏ Group Chat များဆီသို့ ဗိုင်းရပ်စ်ပိုးသဖွယ် ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။

ဒဲ့ပြောရရင်ဖြင့်... ဖော့ခ်စီးတီးရှိ ဒုတိယမျိုးဆက် အသိုင်းအဝိုင်းမှ လူတိုင်းနီးပါး ယဲ့ဖန်အကြောင်း သိနေကြပြီ ဖြစ်သည်။ တချို့ဆိုလျှင် သူ့အတွက် Fan Group တွေတောင် ထောင်ပေးထားကြသေးသည်။

သို့သော်...

ယဲ့ဖန်သည် ခမ်းနားထည်ဝါသော ဤအခန်းထဲတွင် နောက်ထပ် လူတစ်ယောက် ရှိနေသည်ကို သတိထားမိလိုက်၏။

ထိုလူသည် သူနှင့် ရွယ်တူခန့်သာ ရှိမည် ဖြစ်ပြီး၊ စူးရှထက်မြက်သော မျက်လုံးအစုံနှင့် တည်ကြည် ပြတ်သားသော မျက်နှာထားကို ပိုင်ဆိုင်ထားသည်။

သူ၏ ရွှေရောင်ဆံပင်များကို သပ်ရပ်စွာ နောက်သို့ လှန်ဖီးထားလေ၏...။

အခန်း (၁၇၉၅) - မင်းရဲ့ ဆွေကြီးမျိုးကြီး နောက်ခံကလွဲရင် ဘာရှိသေးလဲ

~ဝုဖ်ဂန်းက ယဲ့ဖန်ကို ချက်ချင်းပင် မိတ်ဆက်ပေးလိုက်၏။

"ယဲ့ဖန်... ဒီမှာရှိနေတာက အာဂျိုင်း မိသားစုရဲ့ အနာဂတ် ဆက်ခံသူ... အာဂျိုင်း ဟန်ဆန် ပဲ"

အာဂျိုင်း...။

ထိုနာမည်ကို ကြားလိုက်သည်နှင့် ယဲ့ဖန်၏ မှတ်ဉာဏ်ထဲတွင် အချက်အလက်များ တဖျတ်ဖျတ် ပေါ်လာ၏။ အာဂျိုင်း မျိုးနွယ် ဆိုသည်မှာ ဖော့ခ်စီးတီး၏ ထိပ်တန်း မိသားစုကြီးများထဲမှ တစ်ခုဖြစ်သည်။

စီးပွားရေးနှင့် ကြွယ်ဝချမ်းသာမှု အပိုင်းတွင် သူတို့က အခြားထိပ်တန်း မိသားစုများကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မည်။ သို့သော်... သူတို့တွင် အခြားမိသားစုများ အိပ်မက်သာ မက်နိုင်သည့် အရာတစ်ခု ရှိနေ၏။

အဲ့ဒါကတော့... "အာဏာ"။

သူတို့မိသားစုတွင် မြို့စား တစ်ပါး ရှိနေသည် မဟုတ်ပါလော။

ဒါ့အပြင် ဖော့ခ်စီးတီး၏ အရေးပါသော ရာထူးနေရာ (၁၀) ခုအနက် (၃) နေရာကို အာဂျိုင်း မိသားစုက ချုပ်ကိုင်ထားသည်ဟု ဆိုသည်။

*(မလွယ်ကြောပဲ...)*

ယဲ့ဖန်၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသည်။

အန်းကျူပရင့်စ် ပြောပြဖူးသည်ကို သူ ပြန်သတိရလိုက်မိ၏။ အာဂျိုင်း မြို့စားကြီး၏ မိသားစုသည် အာဂျိုင်း ဟန်ဆန်နှင့် အန်းကျူပရင့်စ်ကို လက်ထပ်ပေးရန် စီစဉ်ဖူးကြောင်း သူမ ပြောပြဖူးသည်။

ပြီးတော့ ကောလဟာလတွေအရ... အာဂျိုင်း ဟန်ဆန်က ပါတီပွဲတစ်ခုမှာ အန်းကျူပရင့်စ်ကို စတွေ့ကတည်းက မြင်မြင်ချင်း ချစ်မိသွားခဲ့သတဲ့။ သူမကို အက ကဖို့တောင် ဖိတ်ခေါ်ခဲ့သေးသတဲ့လေ။

ထိုအချိန်မှာပင် အာဂျိုင်း ဟန်ဆန်သည်လည်း ယဲ့ဖန်ကို ခြေဆုံးခေါင်းဆုံး စစ်ဆေး အကဲခတ်နေလေသည်။

သူသည်လည်း အန်းကျူပရင့်စ်နှင့် ယဲ့ဖန်တို့၏ ကောလဟာလ သတင်းများကို ကြားသိထားပြီးဖြစ်၏။

ယဲ့ဖန်ကတော့ ထိုလူ ဘာတွေ တွေးနေလဲဆိုတာကို စိတ်မဝင်စား။ ယဉ်ကျေးမှုအရ လက်ကို ကမ်းပေးလိုက်၏။

"တွေ့ရတာ ဝမ်းသာပါတယ်"

သို့သော်...

အာဂျိုင်း ဟန်ဆန်က မျက်ခုံးကို ပင့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။

"ငါက ငါ့ရဲ့ ပြိုင်ဘက်နဲ့ လက်မဆွဲနိုင်ဘူး... ယဲ့ဖန်၊ မင်းကို ငါ အတိအလင်း ပြောလိုက်မယ်။ အန်းကျူပရင့်စ်ကို ငါ လက်မလျှော့သေးဘူး"

ယဲ့ဖန် မျက်လုံးကို မှေးစင်းလိုက်ပြီး အာဂျိုင်း ဟန်ဆန်ကို စိုက်ကြည့်လိုက်၏။ လက်ဆွဲနှုတ်ဆက်တာကို ငြင်းတယ်ပေါ့လေ။ ကောင်းပြီ။

"ဒါဆိုရင်လည်း ငါ မင်းကို ပြောလိုက်မယ်... အန်းကျူပရင့်စ်နဲ့ ငါ့ကြားက ဆက်ဆံရေးမှာ တတိယလူ ဝင်ရှုပ်တာကို ငါ လုံးဝ မလိုလားဘူး"

အာဂျိုင်း ဟန်ဆန်သည်လည်း အရှုံးပေးမည့်ပုံ မပေါ်။ သူက ယဲ့ဖန်၏ ခြိမ်းခြောက်နေသော အကြည့်ကို ရင်ဆိုင်ကာ ပြန်လည် တုံ့ပြန်လိုက်၏။

"မင်းက အန်းကျူပရင့်စ်နဲ့ မတန်ပါဘူးကွာ... သူမက ဖော့ခ်စီးတီးရဲ့ နာမည်ကျော် မြို့စားကြီး မိသားစုက ဆင်းသက်လာတာ။ မင်းကရော... ငါ စုံစမ်းပြီးပြီ။ မင်းက နဂါးနိုင်ငံက လာတဲ့ ရှေးဟောင်းပစ္စည်း အရောင်းအဝယ်သမား သက်သက်ပဲ"

"အာဂျိုင်း မြို့စားကြီးရဲ့ မြင့်မြတ်တဲ့ မျိုးရိုးကနေ မွေးဖွားလာတဲ့ ငါတစ်ယောက်တည်းကသာ မစ္စစ် အန်းကျူပရင့်စ်နဲ့ တကယ့်ကို လိုက်ဖက်ညီသူ ဖြစ်တယ်... သိရဲ့လား"

*(မျိုးရိုး... မျိုးရိုး... ဒီလူတွေ ပါးစပ်က မျိုးရိုးဆိုတာကြီးပဲ တွင်နေတော့တာပဲ)*

ယဲ့ဖန်သည် ဤကဲ့သို့သော မာနထောင်လွှားမှုမျိုးကို အမုန်းဆုံးပင်။ သူသည် ဟန်ဆန်ကို စူးစူးရဲရဲ ကြည့်ကာ ဒဲ့ပင် ပြောချလိုက်တော့သည်။

"ငါတို့ နဂါးနိုင်ငံမှာကလေ... လူတိုင်းရဲ့ ဘိုးဘေးတွေမှာ ဂုဏ်ယူစရာ သမိုင်းကြောင်းတွေ ကိုယ်စီ ရှိကြတယ်။ ဆွေကြီးမျိုးကြီး ဆိုတာကို ငါတို့ ဂရုမစိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပဲ မြင့်မြတ်တဲ့ ဘုရင်တွေ၊ စစ်သူကြီးတွေ ဖြစ်ပါစေ... နောက်ဆုံးတော့ သမိုင်းရဲ့ ဖုန်မှုန့်တွေ ဖြစ်သွားကြတာချည်းပဲ"

[ဘာသာပြန်သူ မှတ်ချက် - ဤနေရာတွင် ယဲ့ဖန်သည် တရုတ်သမိုင်းမှ နာမည်ကျော် စကားရပ်ဖြစ်သော "ဘုရင်များနှင့် စစ်သူကြီးတို့သည် မွေးရာပါ မျိုးရိုးမြင့်သူများ ဖြစ်ရမည်လော" (Wang Hou Jiang Xiang Ning You Zhong Hu) ဆိုသည့် အတွေးအခေါ်ကို ကိုးကားထားခြင်း ဖြစ်ပါသည်။ လူသည် မွေးရာပါ မျိုးရိုးထက် ကိုယ်ပိုင် အရည်အချင်းကသာ အဓိကကျကြောင်း ဆိုလိုပါသည်။]

"မင်းရဲ့ မိသားစု နောက်ခံက ငါ့ထက် ကောင်းရင် ကောင်းလိမ့်မယ်... ဒါပေမယ့် ငါမေးမယ် ဟန်ဆန်။ မင်းရဲ့ အဲ့ဒီ မိသားစု နောက်ခံကလွဲရင် မင်းမှာ ဘာအရည်အချင်း ရှိသေးလို့လဲ"

ထိုအခါ၊ အာဂျိုင်း ဟန်ဆန်က ဟက်ခနဲ ရယ်မောလိုက်၏။

သူသည် ယဲ့ဖန်ကို လှောင်ပြောင်သရော်သော အကြည့်ဖြင့် ကြည့်လိုက်၏။

"မင်းလို အသိုင်းအဝိုင်း မရှိတဲ့ လူတွေကသာ ကြိုးစားအားထုတ်မှုနဲ့ ပါရမီက အရာရာပဲလို့ ထင်နေကြတာ..."

"ငါက ရောမမြို့မှာ မွေးဖွားလာတဲ့ သူလေ... ငါ့မှာ ရှိတဲ့ အားသာချက်ကို စွန့်လွှတ်ပြီး မင်းနဲ့ ဘာကိစ္စ ယှဉ်ပြိုင်ရမှာလဲ"

[ဘာသာပြန်သူ မှတ်ချက် - "ရောမမြို့မှာ မွေးဖွားလာသူ" ဆိုသည်မှာ ပန်းတိုင်၌ အသင့်ရောက်ရှိ မွေးဖွားလာသူ၊ ဆိုလိုသည်မှာ မွေးကတည်းက ပြည့်စုံ ကြွယ်ဝပြီး အခွင့်ထူးခံ လူတန်းစားဖြစ်ကြောင်း တင်စားသည့် အနောက်တိုင်း စကားပုံ ဖြစ်ပါသည်။]

သူတို့နှစ်ဦး စကားများနေသည်ကို မြင်သောအခါ ဝုဖ်ဂန်း ကြားထဲမှ ဝင်အော်လေတော့သည်။

"ကဲပါ... တော်ကြပါတော့ကွာ။ ဒီနေ့ ကျွန်တော်တို့ ဒီကို လာတာ ရန်ဖြစ်ဖို့ မဟုတ်ဘူး။ ခင်ဗျားတို့နှစ်ယောက်လုံးက ကျွန်တော့် ဝမ်းကွဲအစ်မ အန်းကျူပရင့်စ်ကို စိတ်ဝင်စားနေကြတာချင်း တူတူပဲ... အခု ငါတို့က မိတ်ဆွေတွေ ဖြစ်နေကြပြီ"

"မတ်တတ်ကြီး ရပ်မနေကြနဲ့... လာ၊ ထိုင်ပြီး စကားပြောကြတာပေါ့"

ဝုဖ်ဂန်း ဝင်တားလိုက်သဖြင့် ယဲ့ဖန်လည်း ဆက်ပြီး ပြဿနာ မရှာတော့ဘဲ ချက်ချင်း ဝင်ထိုင်လိုက်၏။

အာဂျိုင်း ဟန်ဆန်ကမူ ယဲ့ဖန်နှင့် မျက်နှာချင်းဆိုင်တွင် ရန်စလိုသော ပုံစံဖြင့် ဝင်ထိုင်လိုက်လေ၏။

ယဲ့ဖန် တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင်...

"တီ... တီ..."

ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

ဝုဖ်ဂန်းဆီသို့ ဝင်လာသော ဖုန်းဖြစ်သည်။

ဖုန်းကိုင်ပြီးသည်နှင့် ဝုဖ်ဂန်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွား၏။

"ဘာဖြစ်လို့လဲ"

ယဲ့ဖန် စကားစကို ရပ်ပြီး မေးလိုက်၏။

ဝုဖ်ဂန်းက မကျေမနပ် မျက်နှာထားဖြင့် ဖြေလေသည်။

"ဘားမှာ ပြဿနာရှာသွားတဲ့ လူလေ... အဲ့ဒီလူ အခု ကျွန်တော့်အစ်မရဲ့ ကုမ္ပဏီကို ရောက်နေတယ်တဲ့"

အာဂျိုင်း ဟန်ဆန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

ယဲ့ဖန်က မတ်တတ်ထရပ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားကာ ပြုံးလိုက်လေ၏။

"ဒါ ကွက်တိပဲ မဟုတ်ဘူးလား"

"ငါတို့ ပရင့်စ် ရှိတဲ့နေရာကို သွားပြီး အဲ့ဒီလူနဲ့ ထပ်တွေ့လို့ ရတာပေါ့"

"ငါတို့ သုံးယောက်လုံး အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီကို သွားကြမယ်လို့ ဆိုလိုတာလား"

အာဂျိုင်း ဟန်ဆန် အံ့သြသွားသည်။

သူသည် ယဲ့ဖန်ကို လှမ်းကြည့်လိုက်၏။ သူ၏ ပြာလဲ့သော မျက်လုံးများထဲတွင် မရေရာမှုများ ပြည့်နှက်နေ၏။

ယဲ့ဖန်ကတော့ ဟန်ဆောင် ဖုံးကွယ်မနေဘဲ ပေါ့ပါးစွာပင် ပြောလိုက်၏။

"သူ့ကို သိ ကိုယ့်ကို သိရင်၊ စစ်ပွဲတစ်ရာ တိုက်လည်း အောင်နိုင်တယ်... မဟုတ်လား"

[ဆွန်ဇူး၏ စစ်နည်းဗျူဟာကျမ်းမှ စကားပုံ ဖြစ်ပါသည်။ ]

"ငါ…သဘောတူတယ်"

ဝုဖ်ဂန်းက ချက်ချင်း ထောက်ခံလိုက်၏။

အာဂျိုင်း ဟန်ဆန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။

"သွားကြည့်ကြတာပေါ့"

ယဲ့ဖန်သည် ဟန်ဆန်ကို တစ်ချက် ပြန်ကြည့်လိုက်၏။

*(ငါက ဒီလူ အခွင့်ကောင်း ယူပြီး ပြဿနာ ရှာမယ်လို့ ထင်နေတာ...)*

ဒီလူက ထင်ထားတာထက်တော့ ပိုပြီး ဦးနှောက်ရှိသားပဲ။

အာဂျိုင်း ဟန်ဆန်သည် ယဲ့ဖန်၏ အကြည့်ကို သတိထားမိလိုက်ပြီး ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ငါက အန်းကျူပရင့်စ်ရဲ့ လုံခြုံရေးကို ပထမ ဦးစားပေးမို့လို့ လိုက်တာနော်"

"အဲ့ဒီလူက အရမ်း အန္တရာယ်များမယ့်ပုံ ပေါက်တယ်... သာမန်လူတော့ မဟုတ်လောက်ဘူး"

ယဲ့ဖန် ဘာမှ ဆက်မပြောတော့။

သူသည် ချက်ချင်းပင် ရှေ့မှ ဦးဆောင်ကာ ပလက်တီနမ် ကလပ်မှ ထွက်ခွာလိုက်တော့သည်။

ထို့နောက် သူတို့ သုံးဦးသားသည် ဇိမ်ခံကား ကိုယ်စီဖြင့် ဖော့ခ်စီးတီး မြို့လယ်ရှိရာ အခြားတစ်ဖက်သို့ ဦးတည် မောင်းနှင်သွားကြလေတော့သတည်း...။

အခန်း (၁၇၉၆) - ရည်းစားရှိလား... ဒါဆို ပိုတောင် စိတ်လှုပ်ရှားစရာ ကောင်းသေးတယ်

~အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီ ...

ကုမ္ပဏီ၏ တံခါးပေါက်ဝဆီသို့ လူတစ်ယောက် လျှောက်လှမ်းလာသည်။

သူ၏ ညာဘက်လက်မောင်း တစ်ခုလုံးကို ပတ်တီးများဖြင့် ထူပွနေအောင် စည်းထားပြီး လည်ပင်းတွင် သိုင်းကြိုးဖြင့် ချိတ်ဆွဲထားရ၏။

သူကား အခြားသူမဟုတ်... ဒီဗွန်ရှိုင်းယား ဟွတ်ခ် ပင် ဖြစ်ချေသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘားတစ်ခုမှာ ယဲ့ဖန်က သူ့လက်မောင်းကို (၉၀) ဒီဂရီတိတိ ကွေးညွှတ်သွားအောင် ချိုးပစ်ခဲ့သည် မဟုတ်ပါလော။

*(ကိုယ့်လက်မောင်း ကိုယ်ပြန်ကြည့်ပြီး တွေးမိတိုင်း ယဲ့ဖန်ကို အစိမ်းလိုက် ဝါးစားချင်စိတ်တွေ တဖွားဖွား ပေါ်လာရတယ်)*

သာမန်လူတစ်ယောက်သာ ဆိုပါက ထိုလက်မောင်းကို ဖြတ်ပစ်ရသည်အထိ ဆိုးရွားသွားနိုင်ပေ၏။ သို့သော် ဟွတ်ခ်က သာမန်လူမဟုတ်။ ထူးခြားသော မျိုးဗီဇပြုပြင်ထားသူ ဖြစ်ရုံသာမက၊ သဘာဝလွန် ခွန်အားနှင့် ခံနိုင်ရည်ရှိသူ ဖြစ်သောကြောင့်သာ လက်မောင်း မပြတ်ဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

သို့တိုင်အောင်... ထိုလက်မောင်းကို မူလအတိုင်း ပြန်လည် ကုသရသည့် နာကျင်မှုက ငရဲကျသလို ခံစားခဲ့ရရှာ၏။

နာကျင်လွန်းသဖြင့် ကုသပေးနေသော ဆရာဝန် သုံးလေးယောက်ကို ဒေါသတကြီး သတ်ပစ်လိုက်သည်အထိ သူ ရူးသွပ်ခဲ့ရ၏။

ယဲ့ဖန်...။

ဒီကောင့်ကို သူ အရိုးထဲထိ မုန်းသည်။

ဒါကြောင့် ဒဏ်ရာ သက်သာလာသည်နှင့် တစ်ပြိုင်နက်၊ သူ ကိုယ်တိုင် ရေးဆွဲထားသော "ဘဝဇာတ်ညွှန်း စီမံကိန်း" ၏ နောက်တစ်ဆင့်ကို စတင် အကောင်အထည်ဖော်ရန်နှင့် ယဲ့ဖန်ကို လက်စားချေရန် ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်ပေ၏။

ဒီတစ်ခါ သူ့ပစ်မှတ်က... အန်းကျူပရင့်စ်။

အန်းကျူပရင့်စ်နှင့် ယဲ့ဖန်တို့၏ ပတ်သက်မှုကို သူ ကြားသိထားပြီး ဖြစ်သည်။

ထို့အပြင် အန်းကျူပရင့်စ်၏ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီသည် လက်ရှိအချိန်၌ အကျပ်အတည်းများ ကြုံတွေ့နေရပြီး၊ ကယ်တင်ရှင် တစ်ဦးကို လိုအပ်နေသည် ဆိုသော အချက်ကိုလည်း သူ စုံစမ်းသိရှိထားပြီး ဖြစ်၏။

*(ဒါ ငါ့အတွက် အခွင့်အရေးပဲ...)*

ဟွတ်ခ်သည် အန်းကျူ ကုမ္ပဏီထဲသို့ ယုံကြည်ချက်ရှိရှိ ဝင်ရောက်လာခဲ့သည်။

ဧည့်ကြို ကောင်တာရှေ့သို့ ရောက်သည်နှင့် သူသည် ဘယ်ဘက်လက်ကို စကျင်ကျောက်ပြား ခင်းထားသော ကောင်တာပေါ်သို့ တင်လိုက်ပြီး၊ ဧည့်ကြိုစာရေးမလေးကို ညှို့ဓာတ်ပြင်းသော အပြုံးဖြင့် ပြုံးပြလိုက်လေ၏။

"ဟဲလို... အလှလေး။ မစ္စစ် အန်းကျူပရင့်စ်နဲ့ တွေ့ချင်လို့ပါ"

ဧည့်ကြိုစာရေးမလေးမှာ သပ်ရပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးငယ် တစ်ဦး ဖြစ်သည်။ သူမက ယဉ်ကျေးစွာပင် ပြန်မေးလိုက်၏။

"ဟုတ်ကဲ့... လူကြီးမင်း ကြိုတင် ရက်ချိန်း ယူထားပါသလားရှင်"

"ကျွန်တော့်နာမည်က ပန့်ခ် ပါ... ခင်ဗျားတို့ ကုမ္ပဏီ ဥက္ကဋ္ဌနဲ့ စီးပွားရေးကိစ္စ ဆွေးနွေးစရာရှိလို့ပါ"

ဧည့်ကြိုစာရေးမလေးသည် ချက်ချင်းပင် ကွန်ပျူတာကို ဖွင့်ကာ ယနေ့အတွက် ချိန်းဆိုထားသော ဧည့်သည်စာရင်းကို ရှာဖွေလိုက်၏။

ဟွတ်ခ်က အခွင့်ကောင်းကို လက်လွတ်မခံ။ မိန်းမလှလေးကို မြင်လျှင် "ကြောင်" နေကျ အကျင့်အတိုင်း စကားစမြည် စပြောလေတော့သည်။

"ကြည့်စမ်း... မိန်းကလေးရဲ့ လက်တွေက သိပ်လှတာပဲနော်။ နူးညံ့နေတာပဲ... သေသေချာချာ ဂရုတစိုက် ထိန်းသိမ်းထားပုံ ရတယ်"

"ပြီးတော့ ခင်ဗျားတို့ ကုမ္ပဏီမှာ အချောအလှတွေချည်းပဲ ရှိနေတာ သတိထားမိတယ်... ကုမ္ပဏီက ဝန်ထမ်းခေါ်ရင် ရုပ်ရည်ကို အဓိကထားပြီး ရွေးတာလားဗျ"

ဧည့်ကြိုကောင်မလေးမှာ မျက်နှာလေး ရဲသွားရှာသည်။ သူမက ရှက်သွေးဖြာဟန်ဖြင့် ပြန်ပြောလိုက်၏။

"အာ... လူကြီးမင်းကလည်း။ မပြောပါနဲ့... အခုက အလုပ်ချိန်လေ"

ဟွတ်ခ်က ပြုံးလိုက်ပြီး လေသံကို တိုးလျလျ ပြုလုပ်လိုက်၏။

"အလုပ်ချိန် မဟုတ်ရင်ရော... အပြင်မှာ စကားပြောလို့ ရမလား"

ဧည့်ကြိုကောင်မလေးသည် ဤမျှ သိသာထင်ရှားသော ပိုးပန်းစကားကို ကြားလိုက်ရသည့်အခါ စိတ်ဆိုးချင်ယောင် ဆောင်လိုက်လေ၏။

"ဘာတွေ လာပြောနေတာလဲ... ကျွန်မမှာ ရည်းစားရှိတယ်နော်"

"ဟာ... ဒါက ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်တို့က မိတ်ဆွေတွေလို စကားပြောကြရုံပဲလေ။ ခင်ဗျား ရည်းစားက ဒါလေးတောင် သဘောမထားနိုင်ဘူး ဆိုရင်တော့... သူက သိပ်ဘဘောထား သေးသိမ်လွန်းရာ ကျတာပေါ့"

ဟွတ်ခ် ပြုံးလိုက်၏။

ရည်းစားရှိလား...။

*(ရည်းစားရှိတယ် ဆိုရင် ပိုတောင် ကောင်းသေး...)*

သူ့လို psychopath အတွက်၊ ပိုင်ရှင် ရှိသော ပန်းကို ခူးရသည်က ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသည် မဟုတ်ပါလော။

"အင်း... ဟုတ်တော့လည်း ဟုတ်တာပဲ။ အပြင်မှာ စကားပြောရုံလေးပဲဟာ... ဘာဖြစ်မှာမို့လို့လဲ"

ဧည့်ကြိုကောင်မလေး သနားစရာ။ သူမသည် ဟွတ်ခ်၏ ထောင်ချောက်ထဲသို့ ခြေတစ်လှမ်း ကျွံဝင်မိပြီဆိုတာကို သူမကိုယ်တိုင် သတိမထားမိရှာ။

"ဒီည ကျွန်မ အားပါတယ်"

ဟွတ်ခ် ကျေနပ်စွာ ရယ်မောလိုက်လေသည်။

ထိုစဉ် ဧည့်ကြိုကောင်မလေးက ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

"စိတ်မရှိပါနဲ့ရှင်... ဒီနေ့ ရက်ချိန်းယူထားတဲ့ စာရင်းထဲမှာ လူကြီးမင်း နာမည် မပါပါဘူး"

ဟွတ်ခ်က အံ့သြချင်ယောင် ဆောင်လိုက်၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်တော် ရက်ချိန်း ယူထားပါတယ်ဗျာ။ ဒီလိုလုပ်ပါလား... ခင်ဗျားတို့ ဥက္ကဋ္ဌဆီကို ဖုန်းဆက်ပြီး မေးပေးပါလား။ ကျွန်တော်က သူနဲ့ အရေးကြီးတဲ့ စီးပွားရေးကိစ္စ ဆွေးနွေးစရာ ရှိလို့ပါ"

ဧည့်ကြိုကောင်မလေးသည် ဟွတ်ခ်၏ ယုံကြည်မှုရှိသော မျက်နှာထားကို ကြည့်ပြီး တွေဝေသွားသည်။ နောက်ဆုံးတွင် သူမသည် ဥက္ကဋ္ဌ ရုံးခန်းသို့ ဖုန်းလှမ်းဆက်လိုက်ရတော့၏။

"ဥက္ကဋ္ဌရှင့်... ကောင်တာမှာ မစ္စစ်တာ ပန့်ခ် ဆိုတဲ့ ဧည့်သည်တစ်ယောက် ရောက်နေပါတယ်။ သူက ဥက္ကဋ္ဌနဲ့ တွေ့ပြီး စီးပွားရေးကိစ္စ ဆွေးနွေးချင်လို့ပါတဲ့။ ဒါပေမယ့် ဧည့်သည်စာရင်းထဲမှာ သူ့နာမည် မပါ..."

သူမ စကားမဆုံးခင်မှာပင်...

ဟွတ်ခ်သည် သူမ၏ နားထဲမှ ဖုန်းကို ဆွဲယူလိုက်လေသည်။

ဧည့်ကြိုကောင်မလေး ကြောင်အမ်းအမ်း ဖြစ်သွားချိန်တွင်၊ ဟွတ်ခ်က မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး ဘယ်ဘက် လက်ညှိုးကို နှုတ်ခမ်းပေါ် တင်ကာ "တိတ်တိတ်နေ" ဟူသော သင်္ကေတ ပြလိုက်၏။

ထို့နောက် ဖုန်းထဲသို့ တည်ငြိမ်စွာ ပြောလိုက်လေ၏။

"တောင်းပန်ပါတယ်ဗျာ... ကျွန်တော့်နာမည်က ပန့်ခ် ပါ။ မစ္စစ် အန်းကျူပရင့်စ်... တွေ့ရတာ ဝမ်းသာပါတယ်"

...

အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီ၊ ဥက္ကဋ္ဌ ရုံးခန်းအတွင်း...။

အန်းကျူပရင့်စ်၏ မျက်နှာထားသည် ထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်း အေးစက်သွားတော့သည်။

တစ်ဖက်လူ၏ ပေါ့ပျက်ပျက် လေသံက သူမကို စိတ်အနှောင့်အယှက် ဖြစ်စေ၏။

သို့သော် ဟွတ်ခ်က သူမ ဘာတွေးနေသည်ကို သိနေသကဲ့သို့ပင်။

"ကျွန်တော် ဒီလို ဝင်နှောင့်ယှက်လိုက်တာကို မင်း သဘောမကျဘူး ဆိုတာ သိပါတယ်... ဒါပေမယ့် အခြေအနေ အရ လုပ်လိုက်ရတာပါ"

"ဒီလိုဗျာ... ကျွန်တော့်လက်ထဲမှာ အလှအပရေးရာနဲ့ ပတ်သက်တဲ့ လျှို့ဝှက် ဆေးနည်း တစ်ခု ရှိတယ်။ ဒီဆေးနည်းနဲ့ ဖော်စပ်ထားတဲ့ အလှကုန်တွေက အမျိုးသမီးတစ်ယောက်ရဲ့ အသားအရေကို ချက်ချင်း ကောင်းမွန်သွားစေနိုင်တယ်။ ရေရှည် သုံးစွဲရင် အိုမင်းရင့်ရော်မှုကိုတောင် တားဆီးပေးနိုင်တယ်"

အန်းကျူပရင့်စ်ကတော့ လောကကြီးထဲမှာ ဒီလို မှော်ဆန်သည့် ဆေးနည်းမျိုး ရှိတယ်ဆိုတာ မယုံကြည်ပေ။

သူမက ချက်ချင်းပင် ငြင်းလိုက်၏။

"စေတနာထားတဲ့အတွက် ကျေးဇူးပါပဲရှင်... လောလောဆယ်တော့ ကျွန်မတို့ ကုမ္ပဏီက ဒီလို လျှို့ဝှက်ဆေးနည်းမျိုး မလိုအပ်ပါဘူး"

ဖုန်းတစ်ဖက်မှ ဟွတ်ခ်က စိတ်မလော။ အေးဆေးစွာပင် ပြန်ပြောလိုက်လေ၏။

"မင်း... ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုကို သိတယ် မဟုတ်လား။ ဒီ လျှို့ဝှက်ဆေးနည်းက သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ သုတေသန အဖွဲ့အစည်းတစ်ခုကနေ ထုတ်လုပ်ထားတဲ့ ထုတ်ကုန် တစ်ခုပဲ"

ဒီဗွန်ရှိုင်းယား...။

ထိုနာမည်ကို ကြားလိုက်ရသည့်အခါ အန်းကျူပရင့်စ်၏ မျက်လုံးများ ပြူးကျယ်သွားရလေတော့သတည်း...။

All Chapters