အခန်း (၁၇၉၇-၁၇၉၉)
Vol. 96 Ch. 1797-1799
အခန်း (၁၇၉၇) - မင်း ဖြစ်နေတာကိုး
~ဒီဗွန်ရှိုင်းယား...။
ထိုနာမည်ကို ကြားလိုက်ရသောအခါ အန်းကျူပရင့်စ် အနည်းငယ် တွေဝေသွားသည်။
ဒီဗွန်ရှိုင်းယား မိသားစုသည် ထိပ်တန်း ဇီဝသုတေသန အဖွဲ့အစည်းများစွာတွင် ရင်းနှီးမြှုပ်နှံထားပြီး ပါဝင်ပတ်သက်နေသည်မှာ အမှန်ပင်။ ထို့ကြောင့် သက်ရှိသိပ္ပံ နယ်ပယ်တွင် သူတို့၌ ထူးခြားသော နည်းပညာများ ပိုင်ဆိုင်ထားနိုင်ချေ ရှိသည်။
အကယ်၍သာ ဒါက သူတို့၏ လက်ရာစစ်စစ် ဖြစ်ခဲ့လျှင်၊ လက်ရှိ သူမ ရင်ဆိုင်နေရသော အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည့် ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်သည်။
အန်းကျူပရင့်စ် ခဏမျှ စဉ်းစားလိုက်၏။
ဒီ 'ပန့်ခ်' ဆိုတဲ့လူက ဒီဗွန်ရှိုင်းယား မိသားစုရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုရလာသလဲ ဆိုတာ သူမ နားမလည်နိုင်သော်လည်း၊ သူ့ကို တွေ့ဆုံကြည့်လိုက်ရုံဖြင့် သူမဘက်က ဘာမှ နစ်နာစရာ မရှိဘူးဟု တွေးလိုက်မိသည်။
"ကောင်းပြီလေ... ဓာတ်လှေကားစီးပြီး (၈) လွှာကို တက်ခဲ့လိုက်ပါ"
"ကျေးဇူးပါဗျာ... ခဏနေ တွေ့ကြတာပေါ့"
ဖုန်းတစ်ဖက်မှ ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ကျေနပ်စွာ ပြုံးလိုက်၏။
ဖုန်းချသွားသံကို ကြားလိုက်ရသောအခါ သူသည် ဧည့်ကြိုကောင်မလေးဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။
ဧည့်ကြိုမလေးသည် ခါးသေးရင်ချီ ကိုယ်လုံးကိုယ်ပေါက် လှပသူလေး ဖြစ်သည်။ ဆိုဖီလောက် ညှို့ဓာတ်မပြင်းသော်လည်း ကစားလို့ ကောင်းမည့် ပုံစံမျိုးတော့ ရှိသည်။
ဟွတ်ခ်သည် ဖုန်းကို ဧည့်ကြိုမလေးထံသို့ ပြန်ပေးလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်ကာ နတ်ဆိုးအပြုံးကို ပြုံးပြလိုက်၏။
"တောင်းပန်ပါတယ် အလှလေးရယ်... ခုနက ဖုန်းကို ရုတ်တရက်ကြီး ဆွဲယူလိုက်မိလို့"
"ဒါပေမယ့် ကိုယ့်မှာ တကယ်ပဲ အရေးကြီးကိစ္စ ရှိနေလို့ပါကွယ်"
"ပြီးတော့... မင်းတို့ ဥက္ကဋ္ဌကလည်း ကိုယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ပြီ"
ဧည့်ကြိုမလေးမှာ ဟွတ်ခ်၏ ဆွဲဆောင်မှုရှိသော အပြုံးအောက်တွင် ကျဆုံးသွားရှာပြီး ရင်ခုန်သံများ မြန်ဆန်လာရတော့၏။
"ရ... ရပါတယ်ရှင်။ ဥက္ကဋ္ဌက သဘောတူလိုက်ပြီဆိုတော့ ကျွန်မလည်း စိတ်အေးရတာပေါ့"
ဟွတ်ခ်က ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး ဧည့်ကြိုမလေး၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။
"အလှလေး... မင်း ဖုန်းနံပါတ်လေး ပေးထားလို့ ရမလား။ ဒီည ကိုယ် မင်းကို အပြင်ခေါ်သွားပြီး ဧည့်ခံချင်လို့ပါ"
ဧည့်ကြိုမလေးက ရှက်သွေးဖြာစွာဖြင့် သူမ၏ ဖုန်းနံပါတ်ကို ပေးလိုက်ရှာ၏။
ဟွတ်ခ်သည် ဖုန်းထဲမှ နံပါတ်သစ်ကို ကြည့်ပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်တော့သည်။
*(ကစားစရာ အရုပ်အသစ်လေး တစ်ရုပ် ရပြီပေါ့...)*
...
(၈) လွှာရှိ ဧည့်ခန်းမဆောင်...။
အန်းကျူပရင့်စ်သည် ဆိုဖာပေါ်တွင် ထိုင်လျက် စောင့်ဆိုင်းနေ၏။
သူမသည် ညာဘက်ခြေထောက်ကို ဘယ်ဘက်ခြေထောက်ပေါ် ချိတ်ထိုင်ထားပြီး၊ ဘယ်ဘက်လက်ကို ဆိုဖာလက်တန်းပေါ် တင်ကာ နားထင်ကို ထောက်ထား၏။ သူမ၏ ပုံစံမှာ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေသည့်ဟန် ပေါ်လွင်နေ၏။
"တင်း..."
ဓာတ်လှေကားတံခါး ပွင့်သွားသည်။
အန်းကျူပရင့်စ် လှမ်းကြည့်လိုက်သည်နှင့် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိ၏။ သူမ၏ မျက်နှာထားမှာ ချက်ချင်းပင် အရုပ်ဆိုး အကျည်းတန်သွားတော့သည်။
"နင် ဖြစ်နေတာကိုး..."
အန်းကျူပရင့်စ်သည် ရှေ့မှလူကို ချက်ချင်း မှတ်မိလိုက်၏။ ပြီးခဲ့တဲ့အပတ်က ဘားမှာ ပြဿနာရှာသွားတဲ့ကောင် မဟုတ်ပါလား။ ထိုညက ဝုဖ်ဂန်းကို ဒီလူ ထိုးကြိတ်ခဲ့သည့် ပုံရိပ်များကို ပြန်မြင်ယောင်လာသောအခါ သူမ၏ မျက်လုံးများ စူးရှသွားတော့သည်။
"မစ္စစ် အန်းကျူပရင့်စ်... ခင်ဗျား ကျွန်တော့်ကို မှတ်မိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ဟွတ်ခ်သည် အန်းကျူပရင့်စ်ဆီမှ ထွက်ပေါ်လာသော အေးစက်သည့် အရှိန်အဝါကို ခံစားမိလိုက်၏။
"မှတ်မိတာပေါ့...နင့်ကို မှတ်မိရုံတင် မကဘူး၊ 'ဒရင်းလန်း' (Dreamland) (အိပ်မက်ကမ္ဘာ) ဘားမှာ ဖြစ်ခဲ့တဲ့ကိစ္စကိုပါ ငါ မှတ်မိနေတယ်"
အန်းကျူပရင့်စ်၏ လေသံမှာ ရေခဲတမျှ အေးစက်နေ၏။
ဟွတ်ခ်ကတော့ မျှော်လင့်ထားပြီးသား ဖြစ်၏။ အန်းကျူပရင့်စ်နှင့် တွေ့လျှင် ဘားကိစ္စကြောင့် သူမ ဒေါသထွက်လိမ့်မည် ဆိုတာ သူ ကြိုတွက်ထားပြီးသား။
ဒါကြောင့် သူသည် ဘာမှမသိချင်ယောင်ဆောင်ပြီး အန်းကျူပရင့်စ်အရှေ့တွင် အားနည်းချင်ယောင် ဆောင်ပြလိုက်၏။
"တောင်းပန်ပါတယ်...ကျွန်တော် ဒီမြို့ကို ရောက်တာ မကြာသေးတော့ ဖော့ခ်စီးတီးရဲ့ စည်းကမ်းတွေကို သိပ်နားမလည်သေးလို့ပါ။ မနေ့ညက သခင်လေး ဝုဖ်ဂန်းနဲ့ တွေ့မယ်လို့ ထင်မထားမိဘူး"
"ဟွန်း..."
အန်းကျူပရင့်စ်က မထီမဲ့မြင် ပြုလိုက်၏။
"မစ္စစ်တာ ပန့်ခ်...ဒီကို ဘာလာလုပ်တာလဲ ဆိုတာ ပြောစမ်းပါ။ ငါ့မှာ အချိန် သိပ်မရှိဘူး"
လက်ရှိ အခြေအနေက သူ ရေးဆွဲထားသော ဇာတ်ညွှန်းနှင့် နည်းနည်း လွဲချော်နေပေမယ့်၊ အန်းကျူပရင့်စ်နှင့် လက်တွဲဖို့ အခွင့်အရေး ရှိနေသေးသည်ဟု သူ ယူဆသည်။
သူသည် အိတ်ကပ်ထဲမှ ဖန်ပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူလိုက်ပြီး အန်းကျူပရင့်စ်အား ကမ်းပေးလိုက်၏။
"တစ်ရာ ကြားတာထက် တစ်ခါ မြင်တာက ပိုထိရောက်တယ်တဲ့... မစ္စစ် အန်းကျူပရင့်စ် အနေနဲ့ ပစ္စည်းအစစ်ကို မြင်ရမှ စိတ်ချနိုင်မှာပါ"
"ဒါက လျှို့ဝှက် ဆေးနည်းနဲ့ ဖော်စပ်ထားတဲ့ အလှကုန် နမူနာပါ... စမ်းသုံးကြည့်ပြီး အာနိသင်ကို ကိုယ်တိုင် ဆုံးဖြတ်ပါ"
အန်းကျူပရင့်စ်သည် နမူနာပုလင်းလေးကို လှမ်းယူလိုက်ပြီး ဈေးပေါသော ဖန်ပုလင်းကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
သို့သော်...
ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် သင်းပျံ့သော စံပယ်ပန်းရနံ့တစ်မျိုး ပျံ့လွင့်ထွက်ပေါ်လာပြီး၊ သူမ၏ စိတ်ကို လန်းဆန်း ကြည်နူးသွားစေတော့သည်။
သူမ စမ်းသပ် လိမ်းကျံကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများ အလိုအလျောက် ပြောင်းလဲသွားရတော့သည်။
ဒီ အလှကုန်ပစ္စည်းရဲ့ အရည်အသွေးက အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်နေ၏။
သူမ၏ အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီက လက်ရှိ ထုတ်လုပ်နေသော ထိပ်တန်း အလှကုန်များထက်ပင် အာနိသင် ပိုမို ထိရောက်နေသည် မဟုတ်ပါလော။
အန်းကျူပရင့်စ်သည် မသိစိတ်ဖြင့် ဟွတ်ခ်ကို မော့ကြည့်လိုက်မိသည်။
"ဒါသာ ဈေးကွက်ထဲ ရောက်သွားရင်... အလှကုန်လောကရဲ့ မျက်နှာသစ် ဘုရင်မ ဖြစ်လာလိမ့်မယ်"
"မစ္စစ် အန်းကျူပရင့်စ်က ပစ္စည်းကောင်းကို တကယ် ကြည့်တတ်တာပဲ..."
ဟွတ်ခ်က ပြုံးလိုက်၏။
"မြှောက်ပြောမနေနဲ့... ငါ သိချင်တာက ဒီ လျှို့ဝှက်ဆေးနည်းက နင်နဲ့ ဒီဗွန်ရှိုင်းယား မိသားစုကြားမှာ ဘယ်လို ပတ်သက်မှု ရှိနေတာလဲ ဆိုတာပဲ"
ဟွတ်ခ်၏ အပြုံး ရပ်တန့်သွားသည်။ သူသည် ကြိုတင် ပြင်ဆင်ထားသည့်အတိုင်း ချက်ချင်း ပြန်ဖြေလိုက်၏။
"ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက် ရှိတယ်... သူက ဒီဗွန်ရှိုင်းယား မိသားစုရဲ့ မျိုးဆက်သွေးရင်း တစ်ယောက်ပါ။ သူက ဒီဆေးနည်းကို ကျွန်တော့်ကို ပြောပြခဲ့တာ"
"မူလတုန်းကတော့ ဒီဆေးနည်းက တစ်ဝက်တစ်ပျက် အဆင့်မှာပဲ ရှိသေးတာ... ဒီဗွန်ရှိုင်းယား မိသားစုက ဒီသုတေသနကို လက်လျှော့လိုက်ကြတယ်။ ဒါကြောင့် ကျွန်တော်က စိတ်ဝင်စားလို့ ဆက်ပြီး ဖော်စပ်ခဲ့တာပါ"
"ဒါဆို ဘာလို့ ဒီဗွန်ရှိုင်းယား မိသားစုနဲ့ပဲ ပြန်မပူးပေါင်းတာလဲ"
အန်းကျူပရင့်စ်က ဉာဏ်ရှိသူပီပီ ထောင့်စေ့အောင် မေးခွန်းထုတ်လိုက်တော့သည်။
အခန်း (၁၇၉၈) - ဇာတ်ညွှန်း ပြောင်းဖို့ လိုနေပြီ
~ဟွတ်ခ်ကတော့ အန်းကျူပရင့်စ်ရဲ့ မေးခွန်းအတွက် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။
"ဒီဗွန်ရှိုင်းယား မိသားစုက အလှကုန်လုပ်ငန်းနဲ့ ပတ်သက်ရင် ဘာအတွေ့အကြုံမှ မရှိဘူးလေ။ သူတို့နဲ့ ပူးပေါင်းလိုက်ရင် ရေတိုအတွင်း ထိရောက်တဲ့ ရလဒ် ထွက်လာမှာ မဟုတ်ဘူး"
"ဒါကြောင့် ကျွန်တော်က ဖော့ခ်စီးတီးရဲ့ အလှကုန်ဈေးကွက်ကို သုတေသန လုပ်ကြည့်တယ်။ အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီက ဈေးကွက်ဝေစုရဲ့ ထက်ဝက်လောက်ကို သိမ်းပိုက်ထားရုံမကဘူး၊ အလားအလာလည်း အများကြီး ရှိနေသေးတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်က ခင်ဗျားဆီကိုပဲ တကူးတက လာပြီး ပူးပေါင်းဖို့ ကမ်းလှမ်းတာပါ"
အန်းကျူပရင့်စ်သည် ဟွတ်ခ်၏ ရှင်းလင်းချက်ကို စိတ်ရှည်လက်ရှည် နားထောင်ပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်၏။
"တောင်းပန်ပါတယ် မစ္စစ်တာ ပန့်ခ်..."
"ဒီစကားလုံးတွေက ကျွန်မကို ယုံကြည်မှု မပေးနိုင်ပါဘူး"
ဟွတ်ခ် တစ်ယောက် အန်းကျူပရင့်စ်က သူ့ကို ငြင်းပယ်လိုက်သည်ကို မယုံနိုင်အောင် ဖြစ်သွားရ၏။
"မစ္စစ် အန်းကျူပရင့်စ်... ခင်ဗျား ဒီဖော်မြူလာရဲ့ တန်ဖိုးကို မမြင်ဘူးလား။ ခုနကပဲ ခင်ဗျား ကိုယ်တိုင် ပြောခဲ့တယ်လေ... ဒါက အလှကုန်လောကရဲ့ မျက်နှာသစ် ဘုရင်မ ဖြစ်လာလိမ့်မယ် ဆို"
"ခင်ဗျားက ပိုက်ဆံရမယ့် အခွင့်အရေးကြီးကို မျက်စိရှေ့ကနေ ဒီအတိုင်း ကျော်သွားခွင့်ပြုလိုက်တော့မလို့လား"
"ကျွန်မက ငွေကြေးထက် ယုံကြည်မှုကို ပိုတန်ဖိုးထားလို့ပါ"
အန်းကျူပရင့်စ်က ပြတ်သားစွာ ပြန်ဖြေလိုက်၏။
"မစ္စစ်တာ ပန့်ခ်... ကျေးဇူးပြုပြီး ပြန်နိုင်ပါပြီ"
...
ဟွတ်ခ်သည် အလှကုန် နမူနာပုလင်းလေးကို ပြန်သိမ်းလိုက်ပြီး ကြောင်တောင်တောင်ဖြင့် အခန်းထဲမှ ထွက်ခွာလာခဲ့ရ၏။
သူ ဘယ်နေရာမှာ မှားသွားလဲ ဆိုတာ သူ နားမလည်နိုင်။ ဒီလောက် စီးပွားရေး အကွက်မြင်သော အမျိုးသမီးတစ်ယောက်က၊ ဒီလောက် ကောင်းမွန်သည့် ငွေရှာမည့် လမ်းကြောင်းကို လက်လွှတ်ခံလိုက်သည် ဆိုတာ သူ့အတွက် ယုံရခက်နေ၏။
အကယ်၍ သူ့နေရာမှာသာ ဆိုလျှင်...ယခုလို အခွင့်အရေးမျိုးကို ဘယ်တော့မှ လက်လွတ်ခံမှာ မဟုတ်ပေ။
*(တုံးလိုက်တဲ့ မိန်းမ...)*
*(ငါက ဒီအခွင့်အရေးကို သုံးပြီး သူနဲ့ အရင် ရင်းနှီးအောင် လုပ်၊ ပြီးမှ ဖြည်းဖြည်းချင်း သိမ်းပိုက်မလို့ စဉ်းစားထားတာ... ဒီလောက် ကျေးဇူးကန်းလိမ့်မယ်လို့ ထင်မထားမိဘူး)*
ဟွတ်ခ်သည် ဒေါသတကြီး ကျိန်ဆဲလိုက်မိသည်။ သူ၏ မျက်လုံးများ နီရဲလာပြီး မျက်နှာထားမှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အရုပ်ဆိုး အကျည်းတန်သွားတော့၏။
*(အစီအစဉ် ပြောင်းမှ ရတော့မယ်...)*
*(ဇာတ်ညွှန်း ပြောင်းဖို့ လိုနေပြီ)*
*(မင်းက ငါနဲ့ မပူးပေါင်းချင်ဘူးဆိုတော့လည်း... ငါ့ဘာသာငါ အလှကုန်ကုမ္ပဏီ ထောင်ပြီး မင်းကို ဖျက်ဆီးပစ်ရတာပေါ့)*
"ဟီး... ဟီး... ဟီး..."
ဓာတ်လှေကား အတွင်းတွင် ကြောက်မက်ဖွယ်ရာ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ စောင့်ကြည့်ကင်မရာ မြင်ကွင်းလွတ် (Blind Spot) တစ်နေရာတွင် ဟွတ်ခ်သည် တစ်ကိုယ်တည်း ရူးသွပ်စွာ ရယ်မောနေတော့သည်။
...
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်...၊
အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီ၏ ဝင်ပေါက်ရှေ့သို့ ပလက်တီနမ်ရောင် ဆီဒင်ကားတစ်စီးသည် ကတ္တရာလမ်းမပေါ်သို့ ငြိမ့်ညောင်းစွာ မောင်းဝင်လာသည်။ ၎င်း၏ နောက်တွင်မူ ငွေရောင် မြွေနှစ်ကောင်အလား သွက်လက်သော ဇိမ်ခံကားနှစ်စီး ကပ်လျက် ပါလာလေ၏။
ယဲ့ဖန်သည် ကားတံခါးကို ပိတ်လိုက်ပြီးနောက် ဝုဖ်ဂန်း၊ အာဂျိုင်း ဟန်ဆန် တို့နှင့်အတူ ကုမ္ပဏီအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
အန်းကျူ ကုမ္ပဏီ၏ ပထမထပ် ဧည့်ခန်းမဆောင်သည် ဘောလုံးကွင်းငယ် တစ်ကွင်းစာမျှ ကျယ်ဝန်းလှသည်။ ဝင်ပေါက်မှ စတင်၍ ဧည့်ကြိုကောင်တာအထိ ဖြူဖွေးသော ကြွေပြားများကို ခင်းကျင်းထားလေ၏။
ယဲ့ဖန် လှမ်းကြည့်လိုက်သောအခါ ဧည့်ကြိုကောင်မလေးသည် မတ်တတ်ရပ်လျက် သူတို့ကို လေးစားသမှုဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
ဧည့်ကြိုမလေးသည် ယဲ့ဖန်၏ ရှေ့သို့ လျှောက်လာပြီး ဝုဖ်ဂန်းကို လေးစားစွာ ဦးညွှတ် နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ မစ္စစ်တာ ဝုဖ်ဂန်း..."
အန်းကျူ ကုမ္ပဏီမှ ဝန်ထမ်းအားလုံးသည် အမျိုးသမီးများ ဖြစ်ကြပြီး၊ ဝုဖ်ဂန်းကို ကောင်းကောင်း သိကြသည်။
ဝုဖ်ဂန်းသည် သူတို့ကုမ္ပဏီ၏ တစ်ဦးတည်းသော အမျိုးသား ဒုတိယ ဥက္ကဋ္ဌ မဟုတ်ပါလော။ သူက ကုမ္ပဏီကို ပုံမှန် မလာတတ်သော်လည်း၊ သူ့နာမည်ကတော့ ကုမ္ပဏီ၏ ထိပ်တန်း စီမံခန့်ခွဲမှု စာရင်းတွင် အမြဲတမ်း ပါဝင်နေ၏။
သူ့ကို နှုတ်ဆက်ပြီးနောက် ဧည့်ကြိုမလေးသည် ယဲ့ဖန်နှင့် အာဂျိုင်း ဟန်ဆန်တို့ကို ကြည့်လိုက်၏။
သူမသည် ထိုလူနှစ်ယောက်ကို မသိသော်လည်း၊ ဝုဖ်ဂန်းနှင့် အတူပါလာသူများ ဖြစ်သောကြောင့် လေးစားမှု ပြသရမည်ကို နားလည်သည်။
ဝုဖ်ဂန်းက ယဲ့ဖန်ကို ဧည့်ကြိုမလေးအား စတင် မိတ်ဆက်ပေးလိုက်၏။
"ဒါက ယဲ့ဖန်... ငါ့ဝမ်းကွဲအစ်မ ဥက္ကဋ္ဌ အန်းကျူ နဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိတဲ့သူပဲ"
"ဒါကတော့ အာဂျိုင်း ဟန်ဆန်... အာဂျိုင်း မိသားစုရဲ့ အနာဂတ် ဆက်ခံသူ၊ ငါ့ရဲ့ မိတ်ဆွေပဲ"
ဧည့်ကြိုမလေးသည် ချက်ချင်းပင် သူမ၏ လုပ်ငန်းသုံး အပြုံးကို ဆင်မြန်းလိုက်ပြီး နွေးထွေးစွာ ပြောလိုက်လေ၏။
"မစ္စစ်တာ ယဲ့ နဲ့ သခင်လေး အာဂျိုင်း ဟန်ဆန် တို့ပါလားရှင်... အန်းကျူ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီကနေ ကြိုဆိုပါတယ်"
ယဲ့ဖန်က ပြန်ပြုံးပြလိုက်၏။
အာဂျိုင်း ဟန်ဆန်ကမူ ခေါင်းအနည်းငယ် ညိတ်ပြရုံသာ တုံ့ပြန်လိုက်၏။
...
ယဲ့ဖန်နှင့် ကျန်နှစ်ယောက်သည် ဓာတ်လှေကား ရှိရာသို့ လျှောက်သွားလိုက်ကြသည်။ ဓာတ်လှေကား တံခါးဘေးရှိ ကိန်းဂဏန်းများသည် တဖြည်းဖြည်း လျော့ကျလာပြီး၊ ဓာတ်လှေကားတစ်စင်း အောက်သို့ ဆင်းလာနေပြီ ဖြစ်ကြောင်း ပြသနေ၏။
"တီးတောင်..."
ဓာတ်လှေကားသည် ပထမထပ်သို့ ရောက်ရှိလာပြီး၊ တင်းကျပ်စွာ ပိတ်ထားသော သတ္တုတံခါးများ ပွင့်ဟသွားသည်။
ခေါင်းငိုက်စိုက်ချထားသော ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ဓာတ်လှေကားထဲမှ ထွက်လာလေ၏။
ဝုဖ်ဂန်းသည် ဟွတ်ခ်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် လှောင်ပြောင်သရော်သော အပြုံးဖြင့် သူ့ရှေ့သို့ လျှောက်သွားလိုက်တော့သည်။
"ဟေး... ဘယ်သူနဲ့များ လာတိုးနေပါလိမ့်။ ဒါ ဟိုတစ်နေ့က 'ဒရင်းလန်း' ဘားမှာ အရှက်ကွဲသွားတဲ့ အရှုံးသမားကြီး မဟုတ်ဘူးလား။ ဒီနေ့ကျတော့လည်း လူလိုသူလို ဝတ်စားထားပါလားကွ"
ဟွတ်ခ်သည် လှောင်ပြောင်သံကို ကြားလိုက်ရသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ... ယဲ့ဖန်နှင့် အခြားနှစ်ယောက်က ဓာတ်လှေကားတံခါးဝတွင် တံခါးစောင့်နတ်ဘုရား သုံးပါးကဲ့သို့ သူ့ကို ပိတ်ဆို့ ဝိုင်းရံထားသည်ကို တွေ့လိုက်ရလေသည်။
ယဲ့ဖန်သည် ဤမြင်ကွင်းကို မြင်သောအခါ စိတ်ထဲမှ ကျေနပ်စွာ ရယ်မောလိုက်မိသည်။
*(တကယ်ကို တိုက်ဆိုင်လွန်းပါလား...)*
သူတို့သာ အနည်းငယ် နောက်ကျပြီးမှ ရောက်လာခဲ့လျှင်၊ ဟွတ်ခ်နှင့် လွဲချော်သွားနိုင်ပေ၏။ ယခုတော့ ဓာတ်လှေကားဝမှာတင် ပိတ်မိသွားတော့၏။
လေးယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်မှာ (၁၀) စက္ကန့်ကျော် ကြာမြင့်သွားပြီးနောက်...
လေထုထဲတွင် ပဋိပက္ခ၏ အငွေ့အသက်များ ပြင်းထန်စွာ လွှမ်းခြုံသွားလေတော့သတည်း...။
အခန်း (၁၇၉၉) - သူ ဒေါသထွက်နေပြီဟေ့
~ဒီဗွန်ရှိုင်းယား ဟွတ်ခ်သည် ခေါင်းကို ငိုက်စိုက် ပြန်ချလိုက်၏။ သူသည် ယဲ့ဖန်နှင့် ကျန်နှစ်ယောက်ကို မမြင်ချင်ယောင်ဆောင်ကာ သူတို့ဘေးမှ ဖြတ်လျှောက်သွားရန် ကြိုးစားလိုက်၏။
သို့သော်... ဝုဖ်ဂန်းက သူ့ကို အလွယ်တကူ လွှတ်ပေးမည့်ပုံ မပေါ်။
သူသည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားပြီး ဟွတ်ခ်၏ ရှေ့တွင် ပိတ်ရပ်လိုက်၏။ လက်နှစ်ဖက်ကို ဆန့်တန်းကာ လမ်းပိတ်ထားလိုက်၏။
"မင်း ကျန်းမာရေး ကောင်းနေပါလား... ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့လက်ချက်နဲ့ ဝက်သေကောင် လဲသလို လဲသွားခဲ့ပြီးတော့၊ အခု ပြန်ပြီးတောင် လျှောက်သွားနေနိုင်ပြီပေါ့လေ။ ဘယ်ဆေးရုံမှာ ကုလာတာလဲကွ"
"ဒါပေမယ့် ငါ နည်းနည်း နားမလည်တာ တစ်ခုရှိတယ်... ဆရာဝန်တွေက မင်းခန္ဓာကိုယ်ကို ကုပေးလိုက်ပေမယ့်၊ ဘာလို့ မင်းရဲ့ ဦးနှောက်ကိုပါ ကုမပေးလိုက်တာလဲ"
ဟွတ်ခ်သည် ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေလေ၏။
"မင်း... သိပ် လွန်မလာနဲ့နော်"
သူသည် ဝုဖ်ဂန်းကို စူးစူးရဲရဲ စိုက်ကြည့်ကာ သတိပေးလိုက်၏။
ဝုဖ်ဂန်းက ဟွတ်ခ်၏ အကြည့်ကို ဂရုမစိုက်သည့်အပြင် ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ဟား... ဟား... ဟား... ငါက မင်းကို အနိုင်ကျင့်တော့ ဘာဖြစ်လဲကွ။ မင်း စွမ်းဆောင်နိုင်ရင် လာထိုးလေ... လုပ်စမ်းပါ"
ဟွတ်ခ်သည် အံကို တင်းတင်း ကြိတ်လိုက်မိသည်။ သူ အလွန်အမင်း ဒေါသထွက်နေပြီ ဆိုတာ သိသာလှသည်။
သို့သော်... ဘေးနားတွင် ရပ်နေသော ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိသောအခါ၊ ဆုပ်ထားသော သူ၏ လက်သီးများ ပြန်လည် ပြေလျော့သွားရရှာသည်။
လက်ရှိ အခြေအနေအရ သူ ယဲ့ဖန်ကို နိုင်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ဒီလူသုံးယောက်ကို ရင်ဆိုင်ဖို့ ဆိုတာကလည်း သူ့အသက်ကို ရင်းမှသာ ဖြစ်နိုင်မည့် ကိစ္စ။
ထိုအချိန်တွင် ယဲ့ဖန် ဝင်ပြောလိုက်၏။
"မင်း ဒီမှာ ဘာလာလုပ်တာလဲ... ဒီနေရာက မင်း ရှိနေသင့်တဲ့ နေရာ မဟုတ်ဘူး"
"ဒါ ငါ့ကောင်မလေးရဲ့ ကုမ္ပဏီ... မင်းလို လူစားမျိုးကို ငါတို့ မကြိုဆိုဘူး"
ဟွတ်ခ် ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက်၊ အေးစက်စက် ပြုံးလိုက်၏။
"ငါက အန်းကျူပရင့်စ်နဲ့ စီးပွားရေးကိစ္စ ဆွေးနွေးမလို့ လာခဲ့တာ... ခုနကပဲ သူနဲ့ တွေ့ခဲ့တယ်။ ငါတို့ တော်တော်လေး အဆင်ပြေခဲ့ကြတယ်"
ယဲ့ဖန် မျက်လုံးကို မှေးစင်းလိုက်၏။
"ဟုတ်လား... ငါက ဘာလို့ မယုံနိုင်ရတာပါလိမ့်"
သူ အန်းကျူပရင့်စ် အကြောင်း ကောင်းကောင်း သိသည်။
သူမက စီးပွားရေးကိစ္စနှင့် ပတ်သက်လျှင် အမြဲတမ်း သတိကြီးကြီးထားပြီး စေ့စပ်သေချာသူ ဖြစ်သည်။ အကယ်၍သာ ဆွေးနွေးမှု အဆင်ပြေခဲ့လျှင် ၊ ဟွတ်ခ် တစ်ယောက် ဒီလောက် မြန်မြန်ဆန်ဆန် ပြန်ဆင်းလာစရာ အကြောင်းမရှိ။
ယဲ့ဖန်တို့ ဟွတ်ခ် ရောက်နေကြောင်း သတင်းရသည့် အချိန်မှ စ၍ ယခု ဓာတ်လှေကားရှေ့တွင် တွေ့သည့် အချိန်အထိ (၁၀) မိနစ်ခန့်သာ ကြာမြင့်သေးသည်။
သည်လောက် တိုတောင်းသော အချိန်အတွင်းမှာ ဘယ်လိုလုပ် စီးပွားရေး သဘောတူညီချက် ရယူနိုင်မှာလဲ။
"မင်း ယုံချင်ယုံ... မယုံချင်နေ"
ဟွတ်ခ်က မာန်တက်နေသည့် ဟန်ဖြင့် ပြောလိုက်၏။
"ဒါနဲ့... မင်း ငါ့ကို ဒီလို မေးခွန်းတွေ မေးနေတာက၊ အန်းကျူပရင့်စ်ရဲ့ စီးပွားရေး ကိစ္စတွေမှာ ဝင်ပါချင်လို့လား"
"ဒါမှမဟုတ်... ငါ အန်းကျူပရင့်စ်နဲ့ နီးစပ်သွားမှာကို မင်း ကြောက်နေတာလား"
ယဲ့ဖန် ဟက်ခနဲ ရယ်မောလိုက်မိသည်။ သူသည် ဟွတ်ခ်ကို လူနုံလူအ တစ်ယောက်ကို ကြည့်သလို ကြည့်လိုက်၏။
"ငါက မင်းကို ကြောက်တယ်... ဟုတ်လား။ ဟား... ဟား... မင်း နောက်နေတာလားကွာ"
"မင်းမှာ ငါ ကြောက်ရလောက်တဲ့ အစွမ်းအစ ဘာရှိလို့လဲ"
"သူများတွေကို ဒုက္ခရောက်အောင် တမင်လုပ်ပြီးမှ၊ မင်းသမီးလေးကို ကယ်တင်တဲ့ သူရဲကောင်းကြီး အဖြစ် ဟန်ဆောင်ပြီး မိန်းကလေးတွေကို လိုက်ကြောင်တဲ့ အကွက်ကို ပြောတာလား... ဒါမှမဟုတ် မင်းရဲ့ 'သာမန်ထက် လွန်ကဲနေတဲ့ ယုံကြည်မှု' (Overconfidence) ကို ပြောတာလား"
ဘေးနားတွင် ရပ်နေသော ဧည့်ကြိုကောင်မလေးသည် ယဲ့ဖန်ကို စိတ်ဝင်တစား ကြည့်နေမိသည်။
ယဲ့ဖန်က ဟွတ်ခ်သည် သူများတွေကို ဒုက္ခရောက်အောင် တမင်လုပ်ပြီး မိန်းကလေးတွေကို လိုက်ကြောင်တတ်သည်ဟု ပြောလိုက်သောအခါ၊ သူမ၏ ရင်ထဲတွင် 'ဒိန်း' ခနဲ ဖြစ်သွားရ၏။
ဟွတ်ခ်၏ လုပ်ရပ်များကို သူမ ပြန်မြင်ယောင်လာသည်။
ဒီလူက ခုနက သူမကို လှည့်စားပြီး ဥက္ကဋ္ဌ အန်းကျူပရင့်စ်ဆီ ဖုန်းဆက်ခိုင်းခဲ့သည်။ ပြီးတော့ ဖုန်းကို အတင်းလုယူပြီး သူမကို ပရောပရည် လုပ်ခဲ့သေးသည်။
*(ရွံစရာကောင်းလိုက်တဲ့ လူကြီး...)*
ဧည့်ကြိုမလေးသည် ချက်ချင်းပင် ဖုန်းကောက်ကိုင်လိုက်ပြီး ဥက္ကဋ္ဌ ရုံးခန်းသို့ လှမ်းဆက်လိုက်တော့သည်။
"ဟယ်လို ဥက္ကဋ္ဌရှင့်... ကျွန်မ သတင်းပို့စရာ ရှိလို့ပါ"
ဧည့်ကြိုမလေးသည် ခုနက သူမ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးနှင့် ပထမထပ်တွင် ဖြစ်ပျက်နေသော အခြေအနေများကို အန်းကျူပရင့်စ်အား အကုန်အစင် တင်ပြလိုက်တော့သည်။
"ကောင်းပြီ... ငါ သိပြီ"
ဖုန်းထဲမှ အန်းကျူပရင့်စ်၏ လေးနက်တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
"ငါ အခုချက်ချင်း ဆင်းလာခဲ့မယ်"
"လုံခြုံရေး ဌာနကို အကြောင်းကြားလိုက်... အဲ့ဒီ 'ပန့်ခ်' ဆိုတဲ့လူ ရမ်းကားမှု မပြုလုပ်နိုင်အောင် ပြင်ဆင်ထားခိုင်းလိုက်"
ထိုအချိန်တွင် အန်းကျူပရင့်စ်သည် ရုံးခန်းထဲမှ အလျင်အမြန် ထွက်ခွာလာနေပြီ ဖြစ်သည်။
...
အန်းကျူ ဆေးဘက်ဆိုင်ရာ အုပ်စု၏ ဝင်ပေါက်တွင်...။
ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ မျက်နှာထားမှာ တဖန် ပြန်လည် မဲမှောင်သွားပြန်သည်။
"ယဲ့ဖန်... မင်း စကားပြော ဆင်ခြင်နော်။ အခြေအမြစ်မရှိဘဲ သူတစ်ပါးကို စွပ်စွဲပုတ်ခတ်တာက ဘုရားသခင်တောင် ခွင့်မလွှတ်နိုင်တဲ့ အပြစ်မျိုးပဲ"
ယဲ့ဖန်က ပြုံးလိုက်၏။
"ငါက ဘယ်နေရာမှာ စွပ်စွဲနေလို့လဲ... အဲ့ဒီညက မင်း လုပ်ခဲ့တဲ့ ကိစ္စတွေက သက်သေပြနေတာပဲ မဟုတ်ဘူးလား"
ဟွတ်ခ် အတွက် အရှက်ရဆုံး အတွေ့အကြုံမှာ 'ဒရင်းလန်း' ဘားတွင် သူ ကျရှုံးခဲ့ရခြင်းပင်။ ထိုကိစ္စကြောင့် သူ၏ "ဘဝဇာတ်ညွှန်း" တစ်ခုလုံး လမ်းချော်သွားခဲ့ရ၏။
အထူးသဖြင့် ထိုညက... အစအဆုံး ယဲ့ဖန်၏ ထိန်းချုပ်ကစားခြင်းကို သူ ခံလိုက်ရသည် မဟုတ်ပါလော။
ထို့ကြောင့် အနှီကိစ္စကို ပြန်တွေးမိတိုင်း သူ ခေါင်းမူးမတတ် ဒေါသထွက်ရ၏။
ယခု ယဲ့ဖန်က ထိုကိစ္စကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ပြန်စလိုက်သောအခါ၊ ဟွတ်ခ်၏ ခေါင်းထဲသို့ သွေးများ ဆူပွက်ကာ တိုးဝင်လာတော့သည်။
သူ လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။
"ယဲ့ဖန်... မင်း ဒီစကားကို ဆက်ပြောနေဦးမယ်ဆိုရင်၊ ငါ သည်းခံနေမှာ မဟုတ်တော့ဘူးနော်"
ယဲ့ဖန်ကတော့ ဘာမှ မဖြစ်သလို ပခုံးတွန့်ပြလိုက်၏။
ဝုဖ်ဂန်းက ဘေးမှနေ၍ လက်ခုပ်တီးကာ ရယ်မောလိုက်တော့သည်။
"ဝါးဟား... ဟား... ကြည့်စမ်းပါဦး။ သူ ဒေါသထွက်နေပြီဟေ့... သူ ဒေါသထွက်နေပြီ”