အခန်း (၁၈၀၀-၁၈၀၂)
Vol. 96 Ch. 1800-1802
အခန်း (၁၈၀၀) - နောက်ဆက်တွဲ ဆိုးကျိုးတွေကို မင်း ထည့်စဉ်းစားခဲ့ရဲ့လား
~ဝုဖ်ဂန်းသည် ဒီဗွန်ရှိုင်းယား ဟွတ်ခ်ကို ကြည့်ပြီး အလွန်အမင်း စိတ်ပျက်စရာကောင်းသော အမူအရာဖြင့် လှောင်ပြောင်လိုက်၏။
"ကျွတ်... ကျွတ်... ကျွတ်...၊ တချို့လူတွေက မနေ့ညက 'ဒရင်းလန်း' ဘားမှာ ယဲ့ဖန် လက်ချက်နဲ့ ဝက်သေကောင် လဲသလို လဲသွားခဲ့တာကို မေ့နေကြပြီ ထင်တယ်"
ဟွတ်ခ်၏ မျက်နှာထားသည် ပိုမို၍ အရုပ်ဆိုး အကျည်းတန်သွားတော့၏။
"ဝုဖ်ဂန်း... ငါ မင်းနဲ့ ဖက်ပြီး မငြင်းချင်ဘူး"
ပြောရင်းနှင့် သူသည် ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်၏။
"ငါ တစ်ခွန်းပဲ ပြောချင်တယ်... အန်းကျူပရင့်စ် နဲ့ ငါ စကားပြောလို့ ကောင်းကောင်း အဆင်ပြေခဲ့တယ်။ နောက်နောင်ကျရင်လည်း ငါ ဒီနေရာကို မကြာခဏ လာဦးမှာပဲ"
"ဘာတွေ လာပြီး ပေါက်ကရ ပြောနေတာလဲ... မစ္စစ်တာ ပန့်ခ်"
ရုတ်တရက် အေးစက်သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
အန်းကျူပရင့်စ်သည် ပထမထပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူမသည် ဓာတ်လှေကား တံခါးဝတွင် ရပ်လျက် ဟွတ်ခ်ကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
သိသာထင်ရှားစွာပင်... သူမ ဟွတ်ခ်၏ စကားများကို ကြားလိုက်ရခြင်း ဖြစ်ပေ၏။ သူမ၏ နောက်ကျောဘက်ရှိ ဓာတ်လှေကား တံခါးသည် ဖြည်းညှင်းစွာ ပိတ်သွားတော့၏။
"..."
ဟွတ်ခ်၏ မျက်နှာထားမှာ ချက်ချင်းပင် အိုးတို့အန်းတန်း ဖြစ်သွားရရှာသည်။
အန်းကျူပရင့်စ် ဒီလောက် မြန်မြန်ဆန်ဆန် ဆင်းလာလိမ့်မယ်လို့ သူ ထင်မထားမိခဲ့။ ပြီးတော့ လူပုံအလယ်မှာ သူ့ကို လိမ်ညာသူ တစ်ယောက် ဖြစ်ကြောင်း ဒီလောက် ရက်ရက်စက်စက် ဖွင့်ချလိမ့်မယ်လို့လည်း မျှော်လင့်မထားခဲ့ပေ။
ဝုဖ်ဂန်းသည် ထိုအခြေအနေကို မြင်သောအခါ အန်းကျူပရင့်စ်အား လှမ်းပြောလိုက်၏။
"အစ်မ... ဒီလူက မရိုးသားဘူးနော်"
"နင် သူနဲ့ တကယ်ပဲ ပူးပေါင်းဆောင်ရွက်လိုက်တာလား"
"စိတ်မပူပါနဲ့... ငါ သူနဲ့ ဘာမှ မပူးပေါင်းပါဘူး"
အန်းကျူပရင့်စ်သည် မျက်လွှာကို အနည်းငယ် ချလိုက်ပြီး သူမ၏ မျက်လုံးထဲမှ စူးရှသော အလင်းရောင်ကို ဖုံးကွယ်လိုက်၏။
ထို့နောက် သူမသည် ဟွတ်ခ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။
"မစ္စစ်တာ ပန့်ခ်... ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး။ ရှင်နဲ့ ကျွန်မ ဘယ်နေရာမှာ အဆင်ပြေသွားတာလဲ။ ပြီးတော့ ကျွန်မရဲ့ ချစ်သူကို ပြောလိုက်တဲ့ စကားတွေက ဘာသဘောလဲ"
သူမ ထိုသို့ ပြောလိုက်သည်နှင့် တပြိုင်နက်... ဓာတ်လှေကား တံခါးဝတွင် ဝိုင်းအုံ ကြည့်ရှုနေကြသော လူများ၏ အကြည့်များသည် ဟွတ်ခ်ဆီသို့ ရောက်ရှိသွားကြတော့သည်။
ဒီလူက တော်တော် သရုပ်ဆောင်ကောင်းပါလား...။ ယဲ့ဖန်တို့အရှေ့မှာ ကြွားချင်တာနဲ့၊ အန်းကျူ ဆေးဘက်ဆိုင်ရာ အုပ်စုရဲ့ ဝင်ပေါက်ဝမှာတင် ဥက္ကဋ္ဌ အန်းကျူပရင့်စ် အကြောင်း ကောလဟာလတွေ လွှင့်နေရဲတယ်ပေါ့လေ။
ဘေးနားမှ အဖြစ်အပျက်ကို စောင့်ကြည့်နေသော ဧည့်ကြိုမလေးကလည်း ဟွတ်ခ်ကို ရွံရှာစက်ဆုပ်သော အကြည့်ဖြင့် ကြည့်လိုက်လေ၏။
ဟွတ်ခ် တစ်ယောက် ရေခဲတိုက်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။
သူ ပါးစပ်ဟပြီး တစ်စုံတစ်ခု ရှင်းပြရန် ကြိုးစားလိုက်သော်လည်း၊ အန်းကျူပရင့်စ်၏ အေးစက်ပြီး မထီမဲ့မြင် ပြုနေသော အကြည့်နှင့် ဆုံလိုက်ရသောအခါ လက်လျှော့လိုက်ရတော့သည်။
ဒီနေ့လည်း... မနေ့ညက 'ဒရင်းလန်း' ဘားမှာတုန်းကလိုပဲ၊ အစအဆုံး သူ တစ်ဖက်သတ် အကစားခံလိုက်ရတော့၏။
သူ၏ မာနတရားတွေ နောက်တစ်ကြိမ် မြေမှာခ လွင့်ပါးသွားရပြန်၏။
ဒီနေရာမှာ ဆက်နေနေလျှင် ပိုပြီး အရှက်ကွဲဖို့ပဲ ရှိတော့မည်။
*(သွားမှ ဖြစ်မယ်...)*
ထိုသို့ တွေးလိုက်ပြီး သူ ထွက်ခွာရန် ပြင်လိုက်၏။
သို့သော်... ယဲ့ဖန်က သူ့အတွေးကို ကြိုသိနေသကဲ့သို့ပင်။ သူ့ရှေ့တည့်တည့်သို့ ရောက်လာပြီး လမ်းပိတ်လိုက်ပြန်သည်။
နောက်ထပ် ယဲ့ဖန်ပဲလား...။
ဟွတ်ခ် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဟိန်းဟောက်လိုက်၏။
"ဖယ်စမ်း... လမ်းဖယ်"
ယဲ့ဖန်က ခေါင်းမော့လိုက်ပြီး သူ့ကို အထင်သေးစွာ ငုံ့ကြည့်လိုက်၏။
"မင်း ဘာပြောလိုက်တာလဲ"
"ရွှီ..."
ဟွတ်ခ်၏ မျက်လုံးများ သွေးရောင် လွှမ်းသွားပြီး၊ သွေးပေါင်ချိန်များ အမြင့်ဆုံးသို့ ထိုးတက်သွားတော့သည်။
"ငါ ပြောတာ... လမ်းဖယ်လို့ ပြောနေတယ်"
စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ သူသည် မည်သည့် သတိပေးချက်မှ မရှိဘဲ ယဲ့ဖန်ကို ရုတ်တရက် ကန်ကျောက်လိုက်တော့သည်။
ယဲ့ဖန်က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ထိုကန်ချက်ကို ရှောင်တိမ်းလိုက်၏။
ထို့နောက်... သူ ခေါင်းမော့လိုက်ပြီး အရိုးထဲထိ အေးစက်သွားစေနိုင်သော လေသံဖြင့် ပြောလိုက်လေ၏။
"မင်း အရင် စတိုက်တာနော်..."
"နောက်ဆက်တွဲ ဆိုးကျိုးတွေကိုရော... မင်း ထည့်စဉ်းစားခဲ့ရဲ့လား"
စကားဆုံးသည်နှင့် တပြိုင်နက် ယဲ့ဖန် လှုပ်ရှားလိုက်၏။ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် ရှေ့သို့ တိုးဝင်လိုက်ပြီး၊ ညာဘက်ခြေထောက်ကို အပေါ်သို့ မြှောက်ကာ ကန်တင်လိုက်တော့သည်။
"ဘုန်း..."
နာကျင်စွာ အော်ဟစ်သံနှင့်အတူ... ယဲ့ဖန်၏ ခြေဖဝါးသည် ဟွတ်ခ်၏ ဝမ်းဗိုက်တည့်တည့်သို့ ကျရောက်သွားပြီး၊ ဝမ်းဗိုက်သားများပင် ချိုင့်ဝင်သွားမတတ် ဖြစ်သွားရ၏။
ဟွတ်ခ်၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား လွင့်စင်သွားပြီး၊ ဓာတ်လှေကား တံခါးဆီသို့ တန်းတန်းမတ်မတ် ဝင်ဆောင့်သွားတော့၏။
"ဂွမ်း..."
သူ့တစ်ကိုယ်လုံး သတ္တုတံခါးနှင့် ရိုက်မိသွားသဖြင့်၊ ဓာတ်လှေကား တံခါးတစ်ခုလုံး တုန်ခါသွားပြီး ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ခဏအကြာတွင်... ဟွတ်ခ်သည် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သား ပြုတ်ကျသွားပြီး၊ မျက်နှာတစ်ခုလုံး ခရမ်းရောင် သန်းသွားရရှာလေ၏။
"တောက်... ဒီလူက ဘာမပြော ညာမပြောနဲ့ ဝင်ဆော်တာပဲဟ။ လုပ်ရက်လိုက်တာကွာ"
ဝုဖ်ဂန်း တစ်ယောက် လန့်ဖျပ်သွားပြီး ဘေးသို့ ခုန်ရှောင်လိုက်ရ၏။ သူသည် ကြမ်းပြင်ပေါ် လဲကျနေသော ဟွတ်ခ်ကို ကြည့်ပြီး အာမေဋိတ် ရေရွတ်လိုက်မိ၏။
ယဲ့ဖန်ကတော့ အေးဆေးတည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
"ခင်ဗျားကလည်း... သူ ဒီလိုလုပ်တာ ဘာများ အံ့သြစရာ ရှိလို့လဲ"
"ခွေးဆိုတာ အကျပ်အတည်း ရောက်လာရင် တံတိုင်းကို ကျော်တတ်တယ်လေ... မဟုတ်ဘူးလား"
[ဘာသာပြန်သူ မှတ်ချက် - "ခွေးသည် အကျပ်အတည်းဆိုက်လျှင် တံတိုင်းကို ကျော်တတ်သည်" ဆိုသော တရုတ်စကားပုံမှာ "အကောင်သေးသည့် သတ္တဝါပင်လျှင် အသက်ဘေး (သို့) အကျပ်အတည်း ကြုံလာပါက မထင်မှတ်ထားသော အစွမ်းအစများ ထုတ်သုံးတတ်သည် (သို့) စွန့်စားရသော အလုပ်များကို လုပ်တတ်သည်" ဟု ဆိုလိုသည်။]
"ယဲ့ဖန်... ဒီလူ ခင်ဗျားကို တိုက်ခိုက်လိမ့်မယ် ဆိုတာကို ခင်ဗျား ကြိုသိနေတာတော့ မဟုတ်ပါဘူးနော်"
ဝုဖ်ဂန်းသည် ယဲ့ဖန်ကို သရဲတစ္ဆေ မြင်လိုက်ရသလိုမျိုး ကြည့်လိုက်မိလေတော့သတည်း...။
အခန်း (၁၈၀၁) - တခြားသူတွေ မင်းကို ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ
~"ခင်ဗျား မှန်းတာ မှန်တယ်... ဝမ်းနည်းစရာ ကောင်းတာက ဆုမရှိတာပဲ"
ယဲ့ဖန်က ပြုံးလိုက်၏။ သူ၏ တည်ငြိမ်ပြီး ကျက်သရေရှိသော အပြုံးက လူကို စိတ်လက်ပေါ့ပါး သွားစေသယောင် ထင်ရသော်လည်း၊ လက်တွေ့တွင်မူ အဆိပ်ပြင်းသော မြွေဟောက်တစ်ကောင်၏ အပြုံးနှင့် တူနေလေသည်။
ဝုဖ်ဂန်း တစ်ယောက် ဆွံ့အသွားရရှာသည်။
"ခင်ဗျားက ဘီလူးကောင်ပဲ... မင်းက ဒီလောက် အစွမ်းထက်နေတာတောင်မှ၊ ဒီလောက်ထိ သတိကြီးလွန်းနေသေးတယ်"
"တခြားသူတွေ ခင်ဗျားကို ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ"
ယဲ့ဖန်သည် ဝုဖ်ဂန်းကို စကားမပြောချင်တော့သလို ကြည့်လိုက်၏။ ဒီလူက ပါးစပ်ကသာ ဟွတ်ခ်ဘက်က နာပေးနေသလို ပြောသော်လည်း မျက်နှာပေါ်က အပြုံးကတော့ သူ့စိတ်ရင်းမှန်ကို ဖော်ပြနေသည် မဟုတ်ပါလော။
*(ဟွတ်ခ် ခံနေရတာ မြင်ပြီး မင်း ပျော်နေတယ် မဟုတ်လား... ဟန်ဆောင်မနေပါနဲ့ကွာ)*
ယဲ့ဖန်သည် ဝုဖ်ဂန်းကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက်၊ သူ့ဝတ်စုံကို သပ်ရပ်အောင် ပြန်ပြင်လိုက်၏။
ထို့နောက်... သူသည် မြေပြင်ပေါ်တွင် လဲကျနေသော ဟွတ်ခ် ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။
ထိုအချိန်တွင် ယဲ့ဖန်၏ အရပ်မရှည်လွန်းသော ခန္ဓာကိုယ်မှ ကျရောက်နေသော အရိပ်မည်းကြီးသည် ဟွတ်ခ်၏ တစ်ကိုယ်လုံးကို လွှမ်းမိုးသွားတော့၏။
ဟွတ်ခ်က စတင် တိုက်ခိုက်ခဲ့ပြီ ဖြစ်သောကြောင့် ယဲ့ဖန်အနေဖြင့် လက်တွန့်နေစရာ အကြောင်းမရှိတော့။ ဖော့ခ်စီးတီးတွင် ကိုယ့်ကိုယ်ကို ကာကွယ်ခြင်း သည် လူတိုင်း၏ အခွင့်အရေး ဖြစ်သည်။
လူသတ်မှု မဖြစ်သရွေ့... သူ ကြိုက်သလို လုပ်ခွင့်ရှိသည်။
*(ကဲ... အခုတော့ ငါ့အလှည့် ရောက်ပြီ)*
ယဲ့ဖန်သည် ညာဘက်ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ဟွတ်ခ်၏ မေးစေ့ကို ပင့်ကန်လိုက်တော့သည်။
"ခွပ်..."
ကြောက်မက်ဖွယ်ကောင်းသော ကန်အားကြောင့် ဟွတ်ခ်၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရနိုင်အောင် လေပေါ်သို့ မြောက်တက်သွားပြီး၊ မြေပြင်ပေါ်သို့ 'ဘုန်း' ခနဲ ပြန်ပြုတ်ကျသွားရရှာသည်။
"အွတ်..."
မြေပြင်ပေါ်တွင် လဲကျနေသော ဟွတ်ခ်သည် သွေးတစ်လုပ် အန်ချလိုက်၏။
အသက်ရှူဖို့ပင် ခက်ခဲနေသော်လည်း၊ သူ၏ မျက်လုံးများထဲတွင်တော့ အမုန်းတရားများ ပြည့်နှက်နေဆဲ။ သူသည် တုန်ရီနေသော လက်များဖြင့် မြေကြီးကို ထောက်ကာ ပြန်ထရပ်ရန် ကြိုးစားလိုက်၏။
"မင်း မကျေနပ်သေးဘူးလား"
ယဲ့ဖန်သည် ဟွတ်ခ်၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်၏။
"ဒီနေ့ မင်းကို သင်ခန်းစာတစ်ခု သင်ပေးရဦးမယ်"
သူ့အသံတွင် မည်သည့် ခံစားချက်မျှ ပါဝင်ခြင်းမရှိ။ အေးစက်သော စက်ရုပ်တစ်ရုပ်က စကားပြောနေသကဲ့သို့ပင်။
ဟွတ်ခ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ယဲ့ဖန်... မင်း သတ္တိရှိရင် ဒီနေ့ ငါ့ကို သတ်လိုက်စမ်းပါ"
"မဟုတ်ရင်... ငါ မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး"
"မင်း သဘောပဲလေ..."
ယဲ့ဖန်သည် ဟွတ်ခ်၏ ဘယ်ဘက်လက်မောင်းကို ဆွဲမလိုက်၏။
"ဒါပေမယ့် အခုတော့... မင်း အဖိုးအခ ပေးရမယ့် အချိန်ရောက်ပြီ"
"ဂျွတ်..."
အရိုးကျိုးသံနှင့်အတူ၊ ဟွတ်ခ်၏ ဘယ်ဘက်လက်မောင်းသည် ဆန့်ကျင်ဘက်အရပ်သို့ (၉၀) ဒီဂရီတိတိ တွန့်ခေါက်သွားတော့သည်။
"အား..."
ဟွတ်ခ်၏ ရင်ကွဲပက်လက် အော်ဟစ်သံကြီးသည် ပထမထပ် ခန်းမဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး၊ လေထုတစ်ခုလုံး ခေတ္တမျှ အေးခဲသွားသယောင် ဖြစ်သွားရ၏။
ဟွတ်ခ်၏ မျက်နှာသည် စက္ကူတစ်ရွက်လို ဖြူဖျော့သွားပြီး၊ မျက်နှာသွင်ပြင် တစ်ခုလုံး ရှုံ့မဲ့နေတော့သည်။ မျက်လုံးများ ပြူးကျယ်ကာ မျက်ဖြူလန်သွားပြီး၊ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။
သူ့ပုံစံက ခါးကျိုးနေသော တီကောင်တစ်ကောင်နှင့် တူနေ၏။ တစ်ကိုယ်လုံး တောင့်တင်းပြီး တဆတ်ဆတ် တုန်ခါနေသည်။
သို့သော်...
အော်ဟစ်ပြီးနောက် ဟွတ်ခ်သည် အရူးတစ်ယောက်လို ရယ်မောလိုက်ပြန်သည်။
"ဟား... ဟား... ဟား..."
ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျနေရင်း၊ သူသည် အက်ကွဲသော အသံကြီးဖြင့် ဟိန်းဟောက်လိုက်၏။
"ယဲ့ဖန်... မင်း စောင့်ကြည့်နေလိုက်။ ငါ အသက်ရှင်နေသရွေ့... မင်း ငါ့အပေါ် လုပ်ခဲ့သမျှကို အဆတစ်ထောင် ပြန်ပေးဆပ်စေရမယ်"
"ပြီးတော့ ဒီမှာရှိတဲ့လူတွေ အကုန်လုံး နားထောင်ထားကြ... ငါ မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
"ငါ လက်စားချေမယ်... ငါ့မှာရှိတဲ့ အရာအားလုံးကို ပုံအောပြီး မင်းတို့ကို လက်စားချေပစ်မယ်"
ထိုစကားကို ကြားလိုက်ရသောအခါ အန်းကျူပရင့်စ်နှင့် အခြားသူများ ကျောချမ်းသွားကြသည်။
ဒီလူက တကယ့်ကို အရူးပဲ...။ ခွေးရူး တစ်ကောင်လို တွေ့ကရာလူကို လိုက်ကိုက်မယ့် လူမျိုး။
သို့သော် ယဲ့ဖန်ကတော့ ဟွတ်ခ်၏ ခြိမ်းခြောက်မှုကို မထီမဲ့မြင် ပြုလိုက်၏။ သူသည် လက်သီးတစ်ချက်ဖြင့် ထိုလူ၏ ပါးစပ်ကို ပိတ်ပစ်လိုက်၏။
"မင်းက ငါ့ကို ခြိမ်းခြောက်နိုင်တယ်လို့ ထင်နေတာလား"
"ငါ့မျက်လုံးထဲမှာတော့... မင်းက အသံကျယ်ကျယ် အော်နေတဲ့ ပုရွက်ဆိတ် တစ်ကောင်ပဲ"
ပြောပြီးသည်နှင့် ယဲ့ဖန်၏ သံမဏိ လက်သီးသည် ဟွတ်ခ်၏ နှာခေါင်းတည့်တည့်သို့ မိတ်ဆက်သွားသည်။
"ဘုန်း..."
ယဲ့ဖန် ရပ်တန့်မသွားပါ။
လက်သီးတစ်ချက်အပြီး နောက်တစ်ချက်...။
သူသည် ဒါဇင်နှင့်ချီသော လက်သီးချက်များကို ဆက်တိုက် ပစ်သွင်းလိုက်တော့သည်။
ဟွတ်ခ်သည် သွေးများအန်ကာ ရယ်မောနေရင်းမှ တဖြည်းဖြည်း အသံတိတ်သွားပြီး၊ နောက်ဆုံးတွင် ထူးဆန်းသော ညည်းညူသံများသာ ထွက်ပေါ်လာတော့သည်။
ဓာတ်လှေကားဝတွင် ရပ်ကြည့်နေသော အန်းကျူပရင့်စ်နှင့် အခြားသူများသည် မျက်နှာသေဖြင့် ရိုက်နှက်နေသော ယဲ့ဖန်ကို ကြည့်ပြီး ကြက်သီးထသွားကြသည်။
ကြည့်ရတာ ယဲ့ဖန်က ဟွတ်ခ်ကို လွှတ်ပေးမယ့်ပုံ မပေါ်။
ဝုဖ်ဂန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် အလျင်အမြန် ပြေးသွားပြီး ယဲ့ဖန်၏ လက်မောင်းကို ဆွဲကာ တားလိုက်တော့၏။
"ယဲ့ဖန်... တော်ပါတော့ဗျာ"
"ခင်ဗျား ဒေါသထွက်နေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဆက်ရိုက်နေရင် ပြဿနာ တက်လိမ့်မယ်။ ကျွန်တော်…ခင်ဗျားကို ဒုက္ခမရောက်စေချင်ဘူး"
"ဒီလို လူမြင်ကွင်းမှာ...ကျွန်တော်တို့ ဘယ်လောက်ပဲ နောက်ခံတောင့်တင်းပါစေ၊ လူတစ်ယောက်ကို သတ်လိုက်ရင် လူ့အဖွဲ့အစည်းအပေါ် ရိုက်ခတ်မှုက ကြီးမားလွန်းတယ်"
သို့သော်... ဘယ်သူ ထင်မှတ်ထားပါ့မလဲ။
ဝုဖ်ဂန်းက သူ့လက်မောင်းကို လာဆွဲလိုက်သည့် အချိန်တွင်၊ ယဲ့ဖန်သည် ရိုက်နှက်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်၏။
သူသည် လက်မောင်းကို ဖြည်းညှင်းစွာ ပြန်ချလိုက်ပြီး၊ အိတ်ကပ်ထဲမှ တစ်ရှူးတစ်ရွက်ကို ထုတ်ကာ လက်ပေါ်မှ သွေးများကို အေးဆေးစွာပင် သုတ်လိုက်လေ၏။
ခုနက တွေ့မြင်ခဲ့ရသော ကြမ်းကြုတ်ရက်စက်သည့် အမူအရာများ သူ့မျက်နှာပေါ်တွင် လုံးဝ မရှိတော့။
*(ငါက မင်း လာတားမယ့် အချိန်ကို စောင့်နေတာပါကွ...)*
သူသည် သွေးစွန်းနေသော တစ်ရှူးကို ဟွတ်ခ်၏ ကိုယ်ပေါ်သို့ ပစ်ချလိုက်ပြီး၊ ဝုဖ်ဂန်းကို ကြည့်ကာ အပြစ် ကင်းစင်သော အပြုံးတစ်ခုကို ပြုံးပြလိုက်လေတော့သတည်း...။
အခန်း (၁၈၀၂) - ယုတ်မာလိုက်တာ... ငါ သဘောကျတယ်
~ယဲ့ဖန်သည် သွေးစွန်းနေသော တစ်ရှူးကို ဒီဗွန်ရှိုင်းယား ဟွတ်ခ်၏ မျက်နှာပေါ်သို့ ပစ်ပေါက်လိုက်၏။ ပြီးခဲ့သည့်အကြိမ် ဘားမှာတုန်းက လုပ်ခဲ့သလိုမျိုးပင်။
"ကျွန်တော် သိပါတယ်"
သူ ဟွတ်ခ်ကို သတ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့။
ဟွတ်ခ်က သာမန်လူမဟုတ်။
အခုချိန်မှာ ရွှံ့ပုံတစ်ပုံလို ဖြစ်နေသော်လည်း ဒီကောင့်ရဲ့ အသက်စွမ်းအင်က အံ့သြစရာ ကောင်းလောက်အောင် ပြင်းထန်နေဆဲပင်။
ထိုအချိန်တွင် ယဲ့ဖန်၏ ပေါ့ပါးသော အမူအရာကြောင့် ဝုဖ်ဂန်း ဆွံ့အသွားရရှာသည်။
"ဟေ... ဘာဖြစ်သွားတာလဲ"
သူ အော်ဟစ်လိုက်မိ၏။
"ယဲ့ဖန်... ခင်ဗျား ဒေါသပြေသွားပြီလား။ ကျွန်တော်က ခင်ဗျား ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူးလို့ ထင်နေတာ"
"ကျွန်တော်က ခင်ဗျားမဟုတ်ဘူးလေ"
ယဲ့ဖန်က ဝုဖ်ဂန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်၏။
ဝုဖ်ဂန်း နှုတ်ခမ်းမဲ့လိုက်၏။
သူသည် မြေပြင်ပေါ်တွင် လဲကျနေသော ဟွတ်ခ်ကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်၏။
"ဒါနဲ့... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ။ ဒီကောင့်ကို ဒီအတိုင်း ထားခဲ့လို့မှ မဖြစ်တာ"
"လူရှင်းတဲ့အချိန် စောင့်ပြီး တနေရာရာမှာ သွားလွှင့်ပစ်လိုက်ရမလား"
ယဲ့ဖန် အသာပြုံးလိုက်၏။
"ဘာလို့ အဲ့လောက် ဒုက္ခခံနေမှာလဲ...ကျွန်တော့်မှာ ပိုကောင်းတဲ့ အကြံ ရှိတယ်"
"ပြီးတော့... အဲ့ဒီကိစ္စကို ခင်ဗျား ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလိုက်ရင် ပိုတောင် ကောင်းသေးတယ်"
"လုပ်ပါကွာ... မူမနေပါနဲ့။ မြန်မြန် ပြောစမ်းပါ"
ဝုဖ်ဂန်း တစ်ယောက် သိချင်စိတ်ဖြင့် တလှပ်လှပ် ဖြစ်နေရရှာသည်။
ယဲ့ဖန်သည် သူ့ဖုန်းကို ကောက်ကိုင်လိုက်၏။
"ရဲ ခေါ်လိုက်လေ... သူတို့ ရှင်းပါစေပေါ့"
"ဟာ... မလုပ်ပါနဲ့ အစ်ကိုရယ်"
ဝုဖ်ဂန်း မယုံနိုင်အောင် ဖြစ်သွားသည်။
"ဒါ..ခင်ဗျားရဲ့ အကြံ ဟုတ်လို့လား"
"ရဲ ခေါ်လိုက်ရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်မနေဘူးလား"
ယဲ့ဖန်က လက်ညှိုးကွေးပြီး ဝုဖ်ဂန်းကို လှမ်းခေါ်လိုက်၏။ ဝုဖ်ဂန်းလည်း လိမ္မာသော ခွေးကလေးတစ်ကောင်လို အနားသို့ တိုးကပ်သွားလေ၏။
"ဒီတစ်ခါ သူ အရင်စတာလေ... ဒါက ကိုယ့်ကိုယ်ကို ကာကွယ်မှု သက်သက်ပဲ"
ယဲ့ဖန် လေသံနှိမ့်ပြီး ပြောလိုက်၏။
"ဒါ့အပြင်... ပထမထပ်က စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေက သက်သေအဖြစ် ရှိနေသေးတယ်လေ။ အနည်းဆုံးတော့ သူက ရမ်းကားမှုနဲ့ အမှုငြိနေပြီ"
"ထောင်ထဲမှာ သူ့ကို အကြာကြီး နေရအောင် ကျွန်တော်တို့ လုပ်လို့ရတာပဲ... ပြီးတော့ အထဲမှာ သူ့ကို 'ဧည့်ခံ' ပေးမယ့် လူမိုက်တချို့ ရှာထည့်ပေးလိုက်ပေါ့"
ဝုဖ်ဂန်း၏ မျက်နှာထားသည် ကြောင်အမ်းအမ်း ဖြစ်နေရာမှ ကျေနပ်အားရသော အပြုံးသို့ ပြောင်းလဲသွားပြီး၊ နောက်ဆုံးတွင် ဖောက်ပြန်သော စိတ်လှုပ်ရှားမှုများအဖြစ်သို့ ကူးပြောင်းသွားတော့သည်။
"ခင်ဗျားရဲ့ အကြံက တော်တော် ယုတ်မာတာပဲ... ကျွန်တော် သဘောကျတယ်"
ဒီလူ ဟွတ်ခ်ကို ပညာပေးချင်နေတာ ယဲ့ဖန် နားလည်လိုက်၏။
"ဒီကိစ္စ ခင်ဗျားကိုပဲ လွှဲလိုက်တော့မယ်... ရဲစခန်းနဲ့ ပတ်သက်တာတွေ၊ အထဲမှာ လူမိုက်စီစဉ်တာတွေက ခင်ဗျား အလုပ်နော်"
"စိတ်ချ... ဒီလို ပျော်စရာကောင်းတဲ့ ကိစ္စမျိုး ကျွန်တော့်ကို မလုပ်ခိုင်းရင်တောင် ကျွန်တော် စိတ်ဆိုးဦးမှာ"
ဝုဖ်ဂန်းသည် စိတ်အားထက်သန်စွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်၏။
ပြောရင်းဆိုရင်းနှင့် သူသည် အန်းကျူ ကုမ္ပဏီ၏ တံခါးပေါက်မှ ထွက်ခွာသွားတော့သည်။
...
ဝုဖ်ဂန်းကို ညွှန်ကြားပြီးနောက်၊ တစ်စုံတစ်ယောက် လျှောက်လာနေသည်ကို ယဲ့ဖန် သတိထားမိလိုက်၏။
လှည့်ကြည့်လိုက်တော့ အန်းကျူပရင့်စ် ဖြစ်နေ၏။
သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အမူအရာလေး တစ်ခု ပေါ်လွင်နေ၏။ သူမသည် အိတ်ထဲမှ လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်ယူလိုက်ပြီး ယဲ့ဖန်ကို ကမ်းပေးလိုက်၏။
"ဒီမှာ လက်ကိုင်ပဝါ..."
"လက်မှာ ပေနေတဲ့ သွေးတွေကို သုတ်လိုက်ပါဦး"
ယဲ့ဖန်၏ အကြည့်များ နူးညံ့သွားသည်။
"ကောင်းပြီလေ"
သူသည် အန်းကျူ့လက်ထဲမှ လက်ကိုင်ပဝါကို လှမ်းယူလိုက်၏။ ပဝါ၏ အသားမှာ အလွန် နူးညံ့ပြီး အရည်အသွေးမြင့် ပိုးသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ပဝါပေါ်တွင် အန်းကျူ၏ ကိုယ်သင်းနံ့လေး စွဲကျန်ရစ်နေ၏။
"ဒါနဲ့... ရှင် ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ"
အန်းကျူပရင့်စ်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"တစ်ယောက်ယောက်က ကိုယ့်ကောင်မလေးကို မရိုးသားတဲ့ ရည်ရွယ်ချက်တွေနဲ့ ချဉ်းကပ်နေတယ်လို့ ကြားမိလို့လေ"
ယဲ့ဖန် ပြုံးလိုက်၏။
"အဲ့ဒီလူက မင်းကို ဘာကိစ္စနဲ့ လာရှာတာတဲ့လဲ"
"သူက ဒီဗွန်ရှိုင်းယား မိသားစုရဲ့ လျှို့ဝှက် ဖော်မြူလာ တစ်ခု ရထားတယ်တဲ့... ကျွန်မနဲ့ ပူးပေါင်းချင်လို့ပါတဲ့"
အန်းကျူပရင့်စ်က ရိုးသားစွာပင် ဖြေလိုက်၏။
"ဒါပေမယ့် စကားပြောကြည့်လိုက်တော့... ဒီလူက မရိုးသားဘူးဆိုတာ သတိထားမိလို့ ကျွန်မ ငြင်းလိုက်ပါတယ်"
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။
"ကိုယ် သဘောကျတဲ့ မိန်းကလေးပဲ... တကယ့်ကို ဉာဏ်ကောင်းတာ"
"ဒါက ချီးကျူးတာလား"
အန်းကျူပရင့်စ် ပြုံးလိုက်၏။
"ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပြန်ကြွားနေတာလား"
"မင်း ကြိုက်သလို ဘာသာပြန်လို့ ရပါတယ်"
ယဲ့ဖန် စကားပြောနေရင်း မျက်လုံးထောင့်စွန်းမှတဆင့် အာဂျိုင်း ဟန်ဆန် လျှောက်လာနေသည်ကို မြင်လိုက်ရ၏။
သူ ချက်ချင်းပင် စကားစကို ရပ်လိုက်၏။
အာဂျိုင်း ဟန်ဆန်က ပြုံးပြလိုက်၏။
"မစ္စစ်တာ ယဲ့... ဒီကိစ္စပြီးသွားတော့ ငါ သေသေချာချာ စဉ်းစားကြည့်လိုက်တယ်။ မင်းနဲ့ မိတ်ဆွေဖွဲ့တာ ပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်"
"မိတ်ဆွေ..."
ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိ။
"ဘာလို့ အဲ့လို ပြောရတာလဲ"
"ဘာလို့လဲဆိုတော့... မင်းနဲ့ ရန်သူဖြစ်ရတာထက် မိတ်ဆွေဖြစ်ရတာက ပိုကောင်းလိမ့်မယ်လို့ ငါ ထင်လို့လေ"
အာဂျိုင်း ဟန်ဆန်က ပခုံးတွန့်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"ဒါ့အပြင်... အန်းကျူပရင့်စ်ရဲ့ မင်းအပေါ် ထားတဲ့ သဘောထားကို ကြည့်ရင်၊ ငါ့မှာ အခွင့်အရေး သိပ်မရှိတော့ဘူး ဆိုတာ ရှင်းနေတာပဲ"
"ဒါကြောင့်... မင်း သိပါတယ်"
ယဲ့ဖန် သူ ဆိုလိုသည်ကို သဘောပေါက်လိုက်ပြီ ဖြစ်သည်။
အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ ပြန်ပြောလိုက်၏။
"ငါတို့ နဂါးနိုင်ငံမှာ ရှေးစကားပုံ တစ်ခု ရှိတယ်... ပညာရှိဆိုတာ ခေတ်ကာလကို နားလည်တတ်တယ်တဲ့…"
"မစ္စစ်တာ အာဂျိုင်း ဟန်ဆန်... မင်းက တော်တော် ပါးနပ်တာပဲ"
"အဓိကကတော့ မစ္စစ်တာ ယဲ့ က အရမ်း အစွမ်းထက်လွန်းနေလို့ပါ"
အာဂျိုင်း ဟန်ဆန်က ညာဘက်လက်ကို ကမ်းပေးလိုက်၏။
"မင်း မငြင်းဘူးဆိုရင်... အခုကစပြီး ငါတို့ မိတ်ဆွေတွေ ဖြစ်သွားကြပြီ"
ယဲ့ဖန်သည် ဟန်ဆန်၏ ညာဘက်လက်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည်လည်း ညာဘက်လက်ကို ဆန့်ထုတ်ပေးလိုက်ပြီး၊ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားကာ ပြုံးလိုက်လေတော့သတည်း။
"ဝမ်းသာအားရပါပဲ…”