အခန်း (၁၈၀၆-၁၈၀၈)
Vol. 96 Ch. 1806-1808
အခန်း (၁၈၀၆) - ခုနက ပြောတဲ့ စကားကို ပြန်ပြောစမ်းပါဦး
~"ဖျန်း..."
ပါးရိုက်သံက အလွန် ကျယ်လောင်လွန်းလှသဖြင့် လမ်းသွားလမ်းလာများ၊ အယ်လီနာ၏ သက်တော်စောင့်များ၊ ယွီဖုန်းရှန်းနှင့် သူမ၏ လူများအားလုံး... တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
အယ်လီနာ၏ ခေါင်းမှာ ပါးရိုက်ခံလိုက်ရသော အရှိန်ကြောင့် ဘေးတစ်ဖက်သို့ လည်ထွက်သွားရရှာ၏။
"ယဲ့ဖန်..."
ယွီဖုန်းရှန်းသည် ကြောင်အမ်းအမ်း ဖြစ်နေရာမှ သတိပြန်ဝင်လာပြီးနောက်၊ သူမ၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
ကျန်းနန်မြို့၏ ရက်စက်ကြမ်းကြုတ်လှပါသည် ဆိုသော မြေအောက်ဘုရင်မကြီး၏ နှလုံးသားသည် ယခုအခိုက်အတန့်၌ လှုပ်ခတ်သွားခဲ့ရပြီ။
သို့သော် ယဲ့ဖန်က သူမ ခေါ်သံကို ကြားဟန်မတူ။ သူသည် အယ်လီနာကို နောက်ထပ် ပါးတစ်ချက် ထပ်ချလိုက်ပြန်၏။
"ဖျန်း..."
အယ်လီနာ တစ်ယောက် မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။
"တောင်းပန်ပါတယ်ဗျာ... ကျွန်တော်က ပညာတတ် တစ်ယောက် မဟုတ်တော့ သိပ်နားမလည်လို့ပါ။ ခင်ဗျား ခုနက ပြောလိုက်တဲ့ စကားကို ကျေးဇူးပြုပြီး ပြန်ပြောပြပေးပါဦး"
ယဲ့ဖန်က တရုတ်စကားဖြင့် တမင်သက်သက် ပြောလိုက်၏။
"ဘာ..."
အယ်လီနာက ဒေါသတကြီးဖြင့် သူမဘေးနားရှိ သက်တော်စောင့်များကို လှမ်းကြည့်လိုက်၏။ သူမ ဘာမှ နားမလည်။
ဘာသာစကားမျိုးစုံ တတ်ကျွမ်းသော သက်တော်စောင့် တစ်ဦးက ယဲ့ဖန်၏ စကားကို ဘာသာပြန်ပေးလိုက်သောအခါ၊ အယ်လီနာ၏ ဒေါသများ မိုးထိအောင် ပေါက်ကွဲသွားတော့၏။
"တောက်... နင်ကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ"
" နင့်ရှေ့မှာ ရပ်နေတာ ဘယ်သူလဲ ဆိုတာရော သိရဲ့လား"
"အောက်တန်းစား အရှေ့အာရှသား..."
ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာလည်း ပွက်လောရိုက်ကုန်ကြသည်။
"ဒီလူက သတ္တိခဲပဲဟေ့..."
"သေမှာ ရှင်မှာကို ဂရုမစိုက်ဘူး... အယ်လီနာကိုတောင် ပါးရိုက်ရဲတယ်"
"အယ်လီနာ ဆိုတဲ့ နာမည်က ဘာကို ဆိုလိုသလဲ၊ သူ့နောက်ကွယ်မှာ ဘယ်လို အင်အားစုတွေ ရှိနေသလဲ ဆိုတာ ဒီလူ မသိလို့ နေမှာပါ"
"နွားပေါက်စက ကျားကို မကြောက်ဘူး ဆိုတာ ဒါမျိုးကို ပြောတာနေမှာ... ဒီတစ်ခါတော့ ဒီလူ သေပြီဆရာပဲ"
"..."
"ချစမ်း... အကုန်လုံး ဝိုင်းချကြစမ်း"
အယ်လီနာက ယဲ့ဖန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။
"မသေရုံတမယ် ဖြစ်သွားအောင် ဝိုင်းရိုက်ကြစမ်း... ဘာပြဿနာ တက်တက် ငါ တာဝန်ယူတယ်"
ပြောရင်းနှင့် သူမသည် ဖုန်းကို ကောက်ကိုင်ကာ မက်ဆေ့ချ် တစ်စောင် ပို့လိုက်၏။
"ယဲ့ဖန်... ရှင် မြန်မြန် ထွက်သွားလိုက်ပါလား"
ယွီဖုန်းရှန်းသည် ယဲ့ဖန်က သူမအစား ဝင်ရောက်တိုက်ခိုက်ပေးသည်ကို မြင်သောအခါ ရင်ထဲတွင် ကြည်နူးသွားသော်လည်း၊ အယ်လီနာက လူမိုက်ခေါ်နေသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်တကြီး ဆွဲတားလိုက်၏။
"ဒီ မင်းသမီးက သာမန် မဟုတ်ဘူး... သူ့နောက်မှာ မြို့စားကြီး မိသားစုဝင် သခင်လေး တစ်ယောက် ရှိနေတယ်"
"ကျွန်မတို့ နဂါးနိုင်ငံသားတွေ အနေနဲ့... သူများနိုင်ငံမှာ ဒီလို အဆင့်အတန်းရှိတဲ့ လူတွေနဲ့ ပြဿနာ ဖြစ်တာ မကောင်းဘူး"
ယွီဖုန်းရှန်း ဘာလို့ သည်းခံနေရသလဲ ဆိုတာ ယဲ့ဖန် အခုမှ သဘောပေါက်သွားသည်။
သူ ခေါင်းကို အနည်းငယ် စောင်းကာ သူမကို တစ်ချက် ကြည့်လိုက်၏။ ပြီးတော့... စကားနဲ့ ပြန်မပြောဘဲ လုပ်ရပ်နဲ့ သက်သေပြလိုက်၏။
အယ်လီနာ၏ သက်တော်စောင့်များ ပြေးဝင်လာသည်နှင့် တပြိုင်နက်...
ယဲ့ဖန် လှုပ်ရှားလိုက်၏။ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော ကန်ချက်များ...။
"ဘုန်း..."
အရပ် (၂) မီတာနီးပါး မြင့်သော သက်တော်စောင့်ကြီး တစ်ယောက်သည် ဘောလုံးတစ်လုံးလို လွင့်စင်ထွက်သွားပြီး၊ နောက်ပါးရှိ လူအုပ်ကြီးအပေါ်သို့ 'ဝုန်း' ခနဲ ပြုတ်ကျသွားသည်။
ထို့နောက်... ဆောင်းဦးလေညှင်းက သစ်ရွက်ကြွေများကို တိုက်ခတ်သကဲ့သို့ပင်၊ ယဲ့ဖန်၏ လက်သီးချက်၊ ခြေကန်ချက်များအောက်တွင် သက်တော်စောင့်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
နှစ်စက္ကန့်၊ သုံးစက္ကန့်...။
ထိုအချိန်တိုလေး အတွင်းမှာပင် မတ်တတ်ရပ်နိုင်သော သက်တော်စောင့် တစ်ယောက်မျှ မကျန်တော့ပေ။
"ယဲ့ဖန်..."
ယွီဖုန်းရှန်း တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာ၏။ သူမ၏ စိုးရိမ်စိတ်များ ပျောက်ဆုံးသွားပြီး၊ အံ့သြမှုများ အစားထိုး ဝင်ရောက်လာသည်။
လူအုပ်ကြီးမှာလည်း ဆူညံပွက်လောရိုက်သွားကြသည်။
"ဘုရားရေ... ငါ အိပ်မက် မက်နေတာလား။ တစ်ယောက်ယောက် ငါ့ကို ပြောပြကြပါဦး"
"ဒီ အာရှသားက လူကောင် သေးသေးလေးနဲ့... ပေါက်ကွဲအားက တော်တော် ပြင်းတာပဲ။ တစ်ချက်ကန်လိုက်တာနဲ့ (၁၀) မီတာလောက် လွင့်ထွက်သွားတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား"
"သူ့အမြန်နှုန်းကလည်း ကြောက်စရာကြီး... ဘယ်လို တိုက်ခိုက်လိုက်မှန်းတောင် မမြင်လိုက်ရဘူး။ (၂) မီတာလောက်ရှိတဲ့ လူလူကြီးတွေ အကုန် လွင့်ထွက်ကုန်ပြီ"
"လျှို့ဝှက် ကင်မရာတွေ တပ်ထားပြီး ရုပ်ရှင်ရိုက်နေတာများလား... ဝါယာကြိုးတွေရော ပါလား"
စူပါစတား အယ်လီနာသည်လည်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
သူမ ငွေအမြောက်အမြား ပေးပြီး ငှားထားသော သက်တော်စောင့်များ၊ မျက်တောင်တစ်ခတ် အတွင်းမှာတင် အမှိုက်ပုံလို ဖြစ်သွားသည်ကို ကြည့်ပြီး မျက်လုံးပြူးကာ ကြည့်နေမိ၏။
သို့သော်... ခဏအကြာတွင် သူမ သတိပြန်ဝင်လာသည်။
"နင်... နင်တော့ ပြဿနာ အကြီးကြီး တက်ပြီ"
သူမက နေမဝင်အင်ပါယာ ဘာသာစကားဖြင့် အော်ဟစ်လိုက်၏။
"ငါ့ကို ရိုက်တာတင် မကဘူး... လူမြင်ကွင်းမှာ လူတွေကိုပါ ဒဏ်ရာရအောင် လုပ်တယ်ပေါ့လေ"
"နေမဝင်အင်ပါယာရဲ့ ဥပဒေအရ... နင့်လို အောက်တန်းစား အရှေ့အာရှသားကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်"
"ငါ့ချစ်သူဆီကို မက်ဆေ့ချ် ပို့ပြီးပြီ... သူ အခု လာနေပြီ"
ယဲ့ဖန်က ထိုစကားကို ကြားသောအခါ၊ သူမကို နောက်ထပ် ပါးနှစ်ချက်လောက် ထပ်ရိုက်ချင်စိတ် ပေါက်သွားသည်။
"ယဲ့ဖန်..."
ဒီတစ်ခါတော့ ယွီဖုန်းရှန်းက သူ့ကို အတင်း ဆွဲထားလိုက်၏။
"ယဲ့ဖန်...ကျွန်မ ပြောတာ နားထောင်ပါ၊ ဆက်ပြီး မတိုက်ပါနဲ့တော့"
"ရှင်က စေတနာနဲ့ ကျွန်မအတွက် လက်စားချေပေးချင်တယ် ဆိုတာ သိပါတယ်...ရှင့်စေတနာကို ကျွန်မ တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ထပ်မရိုက်ပါနဲ့တော့... မဟုတ်ရင် ကျွန်မတို့ ဒုက္ခရောက်လိမ့်မယ်"
"သူ့မှာ နောက်ခံရှိတယ် ဆိုတာလေး တစ်ခုတည်း မဟုတ်လား..."
ယဲ့ဖန်က သူမ ဘာကို စိုးရိမ်နေလဲ ဆိုတာ သိ၏။
"မင်းမှာကျတော့ နောက်ခံ မရှိဘူးလို့ ထင်နေတာလား"
"သူ့နောက်မှာ မြို့စားကြီး မိသားစုဝင် သခင်လေး တစ်ယောက် ရှိတယ် ဆိုရင်... ငါ့မှာလည်း မြို့စားကြီး မိသားစုဝင် မိတ်ဆွေတချို့ ရှိနေတာပဲဟာ”
အခန်း (၁၈၀၇) - ပါးစပ်ပုပ် အတွက် အကောင်းစား လက်ဆောင်
~"ယဲ့ဖန်... ရှင်က အန်းကျူ မိသားစုနဲ့ ရင်းနှီးတယ် ဆိုတာ ကျွန်မ သိပါတယ်"
ယွီဖုန်းရှန်းက တစ်မျိုး ထင်သွားပုံရ၏။
"ဒါပေမယ့် ဒီလောက် သေးငယ်တဲ့ ကိစ္စလေးတစ်ခုအတွက်နဲ့... အန်းကျူ မိသားစုက ရှင့်အပေါ် အထင်လွဲသွားမှာမျိုး ကျွန်မ မလိုချင်ဘူး"
ယွီဖုန်းရှန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ယဲ့ဖန်က မြို့စား အန်းကျူ မိသားစုကို ရည်ညွှန်းနေသည်ဟု ထင်မှတ်သွားခြင်း ဖြစ်၏။
ယဲ့ဖန် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"ခင်ဗျား ကျွန်တော့်ကို နည်းနည်းလောက်တော့ ယုံကြည်မှု ရှိပေးပါလားကွာ"
"ကျွန်တော့်အတွေးကို နည်းနည်းလောက် တွေးကြည့်ပါဦး"
"ကျွန်မ ရှင့်ကို ယုံကြည်မှု ရှိပါတယ်... ဒါပေမယ့် ဒီနေရာက သူများနိုင်ငံလေ"
ယွီဖုန်းရှန်း၏ မျက်နှာထားမှာ အနည်းငယ် အိုးတို့အန်းတန်း ဖြစ်နေရှာ၏။
ဒီတစ်ခါတော့ ယဲ့ဖန် ပြန်မပြောနိုင်ခင်မှာပင် အယ်လီနာက ကြားဖြတ် အော်ဟစ်လိုက်ပြန်၏။
"ဒီနေ့ မင်းတို့ ပြောခဲ့တဲ့ စကားတွေ၊ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက်... မင်းတို့ အဖိုးအခ ပေးဆပ်ရလိမ့်မယ်”
သူမ ပြောလိုက်သော စကားတွေက လူတွေရဲ့ သွေးပေါင်ချိန်ကို ထိုးတက်သွားစေလောက်၏။
"ငါ့ချစ်သူ ပြောတယ်... သူ နောက် (၃) မိနစ်အတွင်း ဒီနေရာကို ရောက်လာလိမ့်မယ်တဲ့"
"ဒီ (၃) မိနစ် အတွင်းမှာ... မင်းတို့ မိသားစုတွေနဲ့ ဘယ်လို နှုတ်ဆက်ရမလဲ ဆိုတာကို သေချာ စဉ်းစားထားကြပေါ့"
"နေမဝင်အင်ပါယာက မင်းတို့လို တတိယကမ္ဘာ့နိုင်ငံက နိုင်ငံသားတွေအပေါ် ဘယ်လောက် တင်းကျပ်သလဲ ဆိုတာ မင်းတို့ အသိဆုံး ဖြစ်မှာပါ... ငါ ထင်တယ်၊ ဒီတစ်သက် မင်းတို့ ထောင်ထဲကနေ ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး"
ယဲ့ဖန် စိတ်မရှည်တော့။ သူသည် ဘေးပတ်ဝန်းကျင်မှ ပွဲကြည့်ပရိသတ်များကို လှည့်ကြည့်လိုက်၏။
"တောင်းပန်ပါတယ်ဗျာ... ဒီနားမှာ ခြေထောက် နံတဲ့သူများ ပါလား"
"ရှိရင် ခြေအိတ်တစ်ဖက်လောက် ငှားပေးကြပါလား"
"ဒီ မိန်းမရဲ့ ပုပ်စော်နံနေတဲ့ ပါးစပ်ကို... အနံဆုံး ခြေအိတ်နဲ့ ပိတ်ဆို့ပေးချင်လို့ပါ"
ပွဲကြည့်ပရိသတ်များအကြား ရယ်မောသံများ ပေါက်ကွဲထွက်ပေါ်လာတော့၏။
"ဒီ အစ်ကိုကြီးကတော့ တကယ် မိုက်တယ်ကွာ..."
"ပါးစပ်ပုပ်ပုပ် အတွက် အကောင်းစား လက်ဆောင်ပဲ..."
"ဒီအစ်ကိုကြီးရဲ့ ဇာတ်သိမ်းက မကောင်းနိုင်ဘူး ဆိုပေမယ့်... သူက ငါတို့ မလုပ်ရဲတာတွေကို လုပ်ပြပြီး၊ ငါတို့ မပြောရဲတဲ့ စကားတွေကို ပြောပြသွားတာပဲ"
"အယ်လီနာက တော်တော် ရိုင်းတာ... သူ့အချိုးကို ကြည့်ရတာ တော်တော် စိတ်ပျက်စရာ ကောင်းတယ်။ ငါသာဆိုရင်လည်း သူ့ပါးစပ်ကို ခြေအိတ်နံနံနဲ့ ထိုးထည့်လိုက်ချင်တာ"
"..."
"တောက်..."
အယ်လီနာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး မဲပုပ်သွားသည်။ သူမသည် ရယ်မောနေသူများကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး၊ နောက်ဆုံးတွင် ယဲ့ဖန်ဘက်သို့ လှည့်လာသည်။
"မင်း... သေချင်နေတာပဲ"
"ငါ့ချစ်သူ ရောက်လာတာနဲ့... မင်း ပြောတဲ့အတိုင်း ငါ လုပ်ပြမယ်။ မင်းတို့ကို ထောင်ထဲ ပို့ရုံတင် မကဘူး၊ မင်းတို့ ပါးစပ်ထဲကို အနံဆုံး ခြေအိတ်တွေနဲ့ပါ ထိုးထည့်ခိုင်းဦးမယ်"
"စောင့်ကြည့်နေလိုက်..."
ယဲ့ဖန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ခြေအိတ်လှူမည့်သူ မတွေ့ရ။ ထို့ကြောင့် ဒီမိန်းမ ပါးစပ်ပိတ်သွားအောင် နောက်ထပ် အပြင်းစား ဒဏ်ရာရစေမည့် ပါးရိုက်ချက် တစ်ချက်လောက် ထပ်ကျွေးလိုက်ရမလားဟု စဉ်းစားနေစဉ်...
"ကျွီ..."
ဘရိတ်အုပ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ထို့နောက် လူအုပ်ကြီး၏ အပြင်ဘက်မှ အာမေဋိတ် အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။
"ဘုရားရေ... ဒီ စူပါကားတွေက ဘယ်သူတွေလဲ"
"ဒါ... ဒါ ဖော့ခ်စီးတီးရဲ့ သခင်လေး သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အာဂျိုင်း မိသားစုက အာဂျိုင်း ဟန်ဆန် မဟုတ်ဘူးလား"
"သူက သက်တော်စောင့်တွေ အများကြီး ခေါ်လာပါလား"
"ဘာတွေ ဖြစ်ကုန်ကြတာလဲ"
"သူကများ... အယ်လီနာရဲ့ နောက်ကွယ်က ဒဏ္ဍာရီလာ ငွေရှင်ကြေးရှင် ဖြစ်နေမလား"
"သူ ဒီဘက်ကို လာနေတယ်ဟေ့..."
"အယ်လီနာရဲ့ နောက်ခံက တော်တော် တောင့်တာပဲ..."
"ဒါဆို... ဒီ မောင်နှံနှစ်ယောက်တော့ သေပြီဆရာ"
အယ်လီနာသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဝမ်းသာအားရ ဖြစ်သွားသည်။ သူမသည် လူအုပ်ကြီး အလိုအလျောက် ဖယ်ပေးလိုက်သော လမ်းကြောင်းအတိုင်း အပြေးကလေး သွားလိုက်တော့၏။
"ဒါလင်... ရှင် ရောက်လာတာ တော်တော် ကောင်းတာပဲ"
"ရှင် သိလား... ဟို အောက်တန်းစား အရှေ့အာရှသား နှစ်ယောက်က ဘယ်လောက်တောင် ယုတ်မာပြီး မောက်မာသလဲ ဆိုတာ"
"သူတို့က ကျွန်မကို ရိုက်ရုံတင် မကဘူး... ကျွန်မရဲ့ သက်တော်စောင့်တွေကိုပါ ဒဏ်ရာရအောင် လုပ်လိုက်ကြတယ်"
အာဂျိုင်း ဟန်ဆန်သည် သူမ လာချိတ်သော လက်မောင်းကို အသာရုန်းလိုက်ပြီး မကျေမနပ် ပြောလိုက်၏။
"ငါ မင်းကို မပြောထားဘူးလား... ကိုယ့်ကိုယ်ကို နှိမ့်ချပြီး နေပါ၊ ငါတို့ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်မပြပါနဲ့လို့"
အယ်လီနာ ချက်ချင်း ပြာသွားသည်။
"ဒီတစ်ခါတော့ ကျွန်မ အရမ်း လန့်သွားပြီး ဘာလုပ်ရမှန်း မသိတော့လို့... ရှင့်ကိုပဲ သတိရမိလိုက်တာပါ"
"နောက်တစ်ခါ မလုပ်တော့ပါဘူးနော်... ကတိပေးပါတယ်"
ပြောရင်းနှင့် သူမက သနားစဖွယ် မျက်ရည်ဝိုင်းသော မျက်နှာလေးကို လုပ်ပြလိုက်၏။
အာဂျိုင်း ဟန်ဆန်က မျက်နှာထားကို ပြန်လျော့လိုက်ပြီး မေးလိုက်၏။
"တကယ်ပဲ ဘာဖြစ်တာလဲ"
"အာရှသားတွေက ဒီနိုင်ငံကို ရောက်ရင် ဥပဒေကို လိုက်နာပြီး ပြဿနာ ရှာခဲတယ် မဟုတ်လား... ဘာလို့ မင်းလို နာမည်ကြီး မင်းသမီးတစ်ယောက်ကို လူပုံအလယ်မှာ လာရိုက်ရတာလဲ"
"ဒီလိုပါ... ဒီနေ့ ကျွန်မက အဝတ်အစားသစ်တွေ ဝယ်ဖို့ သက်တော်စောင့်တွေနဲ့ ထွက်လာတာ။ ဒါပေမယ့် ဟို အာရှသူက မျက်စိမပါသလိုပဲ ကျွန်မကို ဝင်တိုက်တယ်လေ..."
အယ်လီနာသည် တွန့်ဆုတ်ခြင်းမရှိဘဲ ယွီဖုန်းရှန်းနှင့် ယဲ့ဖန်ကို စတင် အပြစ်ပုံချတော့၏။
သို့သော်... သူမ စကားမဆုံးခင်မှာပင်၊ အာဂျိုင်း ဟန်ဆန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။
သူမ အပြစ်ပေးချင်နေသော လူနှစ်ယောက်ကို လှမ်းမြင်လိုက်ရသောအခါ၊ သူသည် အယ်လီနာကို ဘေးသို့ တွန်းထုတ်လိုက်ပြီး...
ယဲ့ဖန် ရှိရာသို့ အပြုံးဖြင့် လျှောက်သွားလိုက်တော့၏။
"မစ္စစ်တာ ယဲ့... ဒီလောက် မြန်မြန်ဆန်ဆန် ပြန်ဆုံရမယ်လို့ ထင်မထားမိဘူး”
အခန်း (၁၈၀၈)- တော်ဝင် VIP နှင့် မြို့စားကြီးမိသားစု၏ ရင်းနှီးသော မိတ်ဆွေ
~“အိုး... ငါတို့ကြားမှာ ဒီလောက်တောင် ရေစက်ပါလိမ့်မယ်လို့ မထင်ထားမိဘူးပဲ”
ယဲ့ဖန်က ဘာမထင်သလို အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်ရင်း ဆိုလေ၏။
“ဟန်ဆန်... မင်းရဲ့ အကြိုက်က ဒီလောက်တောင် ထူးခြားလိမ့်မယ်လို့ အရင်က သတိမထားမိခဲ့ဘူး။ ဒီလောက် စကားအပြောအဆို ရိုင်းစိုင်းတဲ့ မိန်းမမျိုးရဲ့ နှုတ်ခမ်းကို မင်း ဘယ်လိုများ နမ်းနိုင်တာလဲကွာ...”
အာဂျိုင်း ဟန်ဆန်မှာ ထိုစကားကို ကြားလိုက်ရသည်နှင့် မှင်တက်သွားတော့၏။
ခဏအကြာမှ သတိဝင်လာပြီး ယဲ့ဖန်နှင့် ဘေးနားရှိ ယွီဖုန်းစိန့်တို့ကို တစ်ချက်ကြည့်ကာ မယုံနိုင်သလို မေးလိုက်၏။
“အယ်လီနာ ပြောနေတဲ့ အာရှသား နှစ်ယောက်ဆိုတာ... မင်းတို့လား”
ယဲ့ဖန်က ခေါင်းကို ခပ်ဖွဖွ ငြိမ့်ပြလိုက်ပြီး။
“မင်းသာ အခုထက် နည်းနည်းလောက် နောက်ကျပြီး ရောက်လာရင် ငါ သူ့ပါးစပ်ထဲကို နံစော်နေတဲ့ ခြေအိတ်တွေ ထိုးထည့်ထားမိတော့မှာ။ မင်းက ငါ့သူငယ်ချင်းမို့လို့၊ ဒီမိန်းမကလည်း မင်းလူ ဖြစ်နေတာကြောင့် ငါ မင်းကို မျက်နှာထောက်ပြီး အခွင့်အရေး ပေးမယ်။ အခုလေးတင် ဘာတွေဖြစ်ခဲ့သလဲဆိုတာ မင်းဘာသာမင်း စုံစမ်းကြည့်လိုက်ပါဦး။ ပြီးရင် ဘယ်လို ကိုင်တွယ်မလဲဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်”
အာဂျိုင်း ဟန်ဆန်သည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရ၏။ သူသည် ဒေါသတကြီးဖြင့် အယ်လီနာကို လှည့်ကြည့်ကာ မေးမြန်းလေတော့၏။
“အခုနက ဘာတွေဖြစ်ခဲ့တာလဲ... ငါ့ကို အမှန်အတိုင်း အကုန်ပြောစမ်း”
အယ်လီနာသည် ဟန်ဆန်၏ ယဲ့ဖန်အပေါ် ထားရှိသော သဘောထားမှာ ရိုးရိုးသားသား မဟုတ်ဘဲ ရိုသေလေးစားမှုများပင် ပါဝင်နေသည်ကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား ဖြစ်သွားရ၏။
“ဇာတ်လမ်းက... ရှင်နဲ့ ခုနက ပြောလိုက်တဲ့ ပုံစံနဲ့ သိပ်တော့ မကွာပါဘူး။ အသေးစိတ်လေးတွေပဲ နည်းနည်း ပြောင်းလိုက်မိတာပါ။ အဓိကက အဲဒီ အာရှအလှလေးက ကျွန်မကို ဝင်တိုက်တာ မဟုတ်ပါဘူး၊ ကျွန်မက အလျင်လိုနေလို့ သူမကို သွားတိုက်မိတာပါ။ ပြီးတော့... သူမက ကျွန်မကို သတ်ချင်ဖြတ်ချင်နေတာလည်း မဟုတ်ပါဘူး။ ကျွန်မက စိတ်တိုသွားပြီး ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘဲ ပါးစပ်က လက်လွတ်စပယ် ပြောလိုက်မိတာပါ...”
သူမသည် အသည်းအသန် ကြောက်လန့်နေသော်လည်း ဖြစ်ခဲ့သမျှကို ပြောပြသည့်နေရာတွင် တတ်နိုင်သမျှ သူမဘက်က အပြစ်မရှိသယောင် ဖုံးဖိပြင်ဆင်ပြောရန် ကြိုးစားနေဆဲပင် ဖြစ်လေ၏။
သို့သော် ဟန်ဆန်က ထိုမျှအထိ အူမနပ်သူ မဟုတ်ပေ။
သူသည် ပတ်ဝန်းကျင်ရှိ ဖြတ်သွားဖြတ်လာ အချို့ကို ချိုသာစွာ မေးမြန်းကြည့်သည့်အပြင် ကိုယ်ရံတော်များကိုပါ ထိုလမ်းပိုင်းရှိ စောင့်ကြည့်ကင်မရာများကို စစ်ဆေးခိုင်းလိုက်၏။ အဖြစ်မှန်ကို သိရှိသွားသည့် ခဏချင်းမှာပင် သူသည် အယ်လီနာ၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်တော့၏။
“ဧည့်သည်ဆိုတာ ဝေးလံတဲ့ အရပ်ကနေ လာကြတာကွ။ ငါတို့ နေမဝင်အင်ပါယာရဲ့ အိမ်ရှင်တစ်ယောက်အနေနဲ့ ဈေးဝယ်ထွက်လာတဲ့ အရှေ့တိုင်းက ဧည့်သည်တွေကို ဒီလိုမျိုး ဆက်ဆံရမှာလား”
“မောင်လေးရယ်...”
အယ်လီနာသည် ဟန်ဆန်က သူမကို လူပုံအလယ်တွင် လက်ပါလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ထိုအချိန်တွင် ဝန်းရံကြည့်ရှုနေကြသော နေမဝင်အင်ပါယာမှ အထက်တန်းလွှာများမှာလည်း အံ့အားသင့်ကုန်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဟန်ဆန်၏ စကားထဲတွင် သာမန်ထက် ထူးခြားသော ဆိုလိုရင်းများ ပါဝင်နေသောကြောင့်ပင်။
ဟန်ဆန်သည် အယ်လီနာကို ဆုံးမရုံသက်သက် လုပ်နေခြင်း မဟုတ်ပေ။ သူသည် ဤကိစ္စကို နိုင်ငံအဆင့် ပြဿနာအထိ ဆွဲတင်လိုက်ခြင်း ဖြစ်၏။
အကယ်၍ သူက အယ်လီနာကို သာမန် ဆုံးမရုံ သို့မဟုတ် ရဲစခန်းသို့ ပို့ရုံမျှဆိုလျှင် ဤမျှ အရေးမကြီးသော်လည်း၊ နိုင်ငံတော်အဆင့်အထိ မြှင့်တင်လိုက်သည့်အခါတွင်မူ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်၏။
မကြာသေးမီနှစ်များအတွင်း အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းတွင် နဂါးနိုင်ငံ၏ အဆင့်အတန်းမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ နိုင်ငံအများအပြားကလည်း နဂါးနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားများကို ဆွဲဆောင်ရန် ကြိုးပမ်းနေကြချိန် ဖြစ်၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အယ်လီနာ၏ လုပ်ရပ်မှာ သာမန် ရန်ပွဲတစ်ခု မဟုတ်တော့ပေ။
အနည်းဆုံးတော့ သူမသည် ဖျော်ဖြေရေးလောကမှ ထာဝရ ပိတ်ပင်ခံရနိုင်ပြီး၊ ပို၍ ပြင်းထန်ပါက နိုင်ငံတကာ တရားရုံးတွင် တရားရင်ဆိုင်ရသည်အထိ ဖြစ်သွားနိုင်လေ၏။
“အဲဒီ နဂါးနိုင်ငံက လူငယ်နှစ်ယောက်က ဘယ်သူတွေမို့လို့လဲ။ မြို့စားကြီးမိသားစုရဲ့ သခင်လေး ဟန်ဆန်ကတောင် ဒီကိစ္စကို ဒီလောက်ထိ အကြီးအကျယ် လုပ်နေရတာလဲ”
“အယ်လီနာတော့ ဒီတစ်ခါ တကယ် သွားပြီ ထင်တယ်”
လူအများမှာ တီးတိုး ဝေဖန်နေကြတော့၏။
အယ်လီနာသည်လည်း အခြေအနေ မဟန်တော့သည်ကို ရိပ်မိသွားပြီး ဟန်ဆန်၏ လက်မောင်းကို အတင်းဖက်ကာ ကပ်တွယ်လိုက်၏။
“မောင်လေးရယ်... ကျွန်မက ရှင့်ရဲ့ အနီးကပ်ဆုံး လူတစ်ယောက်ပဲလေ။ ဒါက ကိစ္စအသေးအမွှားလေးပါ၊ ကျွန်မ တောင်းပန်လိုက်ရင် ပြီးသွားမှာပဲကို။ ဒီလောက်ထိတော့ မလုပ်ပါနဲ့...”
ဟန်ဆန်က သူမ၏ လက်ကို ခါထုတ်လိုက်ပြီး။
“ဘယ်သူက ဒါကို ကိစ္စအသေးအမွှားလို့ ပြောလဲ။ မင်းရှေ့မှာ ရပ်နေတာ ဘယ်သူလဲဆိုတာရော မင်း သိရဲ့လား”
“မစ္စစ်တာယဲ့ဟာ နေမဝင်အင်ပါယာ တော်ဝင်မိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်၊ အန်းကျူ မြို့စားကြီး မိသားစုရဲ့ ရင်းနှီးလှတဲ့ မိတ်ဆွေပဲ။ သူက နေမဝင်အင်ပါယာရဲ့ ပရဟိတ လေလံပွဲကို ကူညီဖို့အတွက် မိုင်ပေါင်းထောင်ချီ ခရီးနှင်လာပြီး ငွေပုံအော သုံးစွဲမယ့်သူ။ မင်းက ဘယ်လိုသတ္တိနဲ့ သူတို့ကို လူပုံအလယ်မှာ စော်ကားရဲတာလဲ။ နိုင်ငံတကာ တရားရုံးမှာပဲ အဖြေရှာဖို့ ပြင်ထားလိုက်တော့”
“ဘာ... ဘာပြောလိုက်တာလဲ”
အယ်လီနာမှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရကာ ခြေမခိုင်တော့ပေ။
“တော်ဝင်မိသားစုရဲ့ ဧည့်သည်တော်နဲ့... မြို့စားကြီးမိသားစုရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဟုတ်လား”
လူအုပ်ကြီးအတွင်း၌လည်း ဟือဟားသံများ ဆူညံသွားတော့၏။
“ဒါဆိုရင် ဟန်ဆန် ပြောတာက ကိစ္စကို တမင် ချဲ့ကားနေတာ မဟုတ်ဘဲ တကယ်ကို အရေးကြီးတဲ့သူ ဖြစ်နေတာပေါ့”
“တော်ဝင်မိသားစုကလည်း ဒီနှစ် ပရဟိတ လေလံပွဲကို လာတဲ့ ဧည့်သည်တော်တွေကို တော်ဝင်အဖွဲ့ဝင်တွေလိုပဲ သဘောထားဖို့ အမိန့်ထုတ်ထားတာလေ။ အယ်လီနာတော့ ဒီတစ်ခါ တကယ် အဆူခံလိုက်ရပြီ”