← Chapters

အခန်း (၁၈၁၄-၁၈၁၆)

Vol. 97 Ch. 1814-1816

အခန်း (၁၈၁၄-၁၈၁၆)

Vol. 97 Ch. 1814-1816

အခန်း (၁၈၁၄) - ဒီလူက လူရော ဟုတ်သေးရဲ့လား

~နေမဝင်အင်ပါယာက လူတွေ၏ အမြင်မှာ အရှေ့တိုင်း မျက်နှာပေါက် ရှိသူတွေဟာ တတ်နိုင်သမျှ ပြဿနာ မဖြစ်အောင် နေတတ်ကြသူတွေ ဖြစ်၏။

သူတစ်ပါးကို ကူညီဖို့ မပြောနှင့်.. ကိုယ့်ကိုကိုယ်တောင် ဒုက္ခမရောက်အောင် ငြိမ်းချမ်းရေး လိုက်စေ့စပ်တတ်ကြသူတွေ များ၏။

ထို့ကြောင့်... ယဲ့ဖန်နှင့် ယွီဖုန်းရှန်းတို့ ကားပေါ်ကဆင်းပြီး ဝင်ကူညီလိုက်တာကို မြင်လိုက်ရသည့်အခါ၊ မိန်းမချောလေး အံ့သြသွားရ၏။ သူမ ဘဝမှာ သည်လို မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပါ။

"အာရှသားတွေ... မင်းတို့ ဘာလုပ်နေလဲဆိုတာ သိရဲ့လား"

ညစ်ပတ်ပေရေနေသော လူလတ်ပိုင်းကြီးက မျက်လုံးကို မှေးစင်းလိုက်၏။ သူ့မျက်လုံးထဲတွင် အန္တရာယ် အငွေ့အသက်များ ဖြတ်ပြေးသွားသည်။

"ငါတို့ နိုင်ငံမှာ... မင်းတို့က တတိယတန်းစား နိုင်ငံသားတွေပဲ ဆိုတာ သိထားရမယ်"

"အခု ဒီနေရာမှာ မင်းတို့ကို ငါတို့ သတ်ပစ်လိုက်ရင်တောင်... ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ မင်းတို့ နိုင်ငံက ဒီနေရာနဲ့ မိုင်ထောင်ချီ ဝေးကွာနေတာ... စုံစမ်းချင်ရင်တောင် စုံစမ်းလို့ ရမှာ မဟုတ်ဘူးကွ"

မိန်းမချောလေးကို ဝိုင်းထားသော လူသတ်သမားများသည် သူမကို ထွက်မပြေးနိုင်အောင် စောင့်ကြည့်ရင်း၊ ယဲ့ဖန်နှင့် ယွီဖုန်းရှန်းကိုလည်း သတိထားကြည့်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ကြွက်သားများ တင်းမာသွားကြသည်။

သိသာပါသည်... သူတို့ အဆင်သင့် ပြင်လိုက်ကြပြီ ဖြစ်၏။

ယဲ့ဖန် စကားပြန်ပြောမနေတော့။

တရွေ့တည်း ရွေ့လိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်... သူသည် ထိုလူကြီး၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားတော့၏။

အကယ်၍ ယဲ့ဖန်တို့က မသိနားမလည်ဘဲ ရှေ့ဆက်တိုးလာပါက သို့မဟုတ် သူတို့၏ ခေါင်းဆောင်က အမိန့်ပေးလိုက်ပါက ချက်ချင်းပင် တိုက်ခိုက်သတ်ဖြတ်ပစ်တော့မည့် အသွင်ရှိနေလေ၏။

သွေးညှီနံ့များကြား၌ ကျင်လည်ယဉ်ပါးနေသူများထံမှ ထွက်ပေါ်လာသော လူသတ်ချင်စိတ်ကို ယဲ့ဖန် အတိုင်းသား ခံစားမိလိုက်သည်။

ထိုလူကြီး၏ မျက်နှာထားမှာ ရန်လိုနေသကဲ့သို့၊ ထွက်ပေါ်လာသော လေသံမှာလည်း အာရှသားများနှင့် နဂါးနိုင်ငံသားများအပေါ် အထင်သေးစော်ကားနေခြင်းမှာ အလွန်ပင် သိသာလှပေ၏။

"သံမဏိ တောင်တိုက်ဖျက်သိုင်း..."

"ဘုရားရေ..."

ထိုလူကြီးသည် ယဲ့ဖန် ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့။ ယဲ့ဖန်၏ အမြန်နှုန်းက ရယ်စရာကောင်းလောက်အောင် မြန်ဆန်လွန်းနေ၏။

သူ ဘာမှ ပြန်မတုံ့ပြန်နိုင်လိုက်။ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရုံသာ ရှိသေးသည်...

"အွတ်..."

သူ့ရင်ဘတ်ရိုးများ ချိုင့်ဝင်သွားပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး ပုစွန်တုပ်ကွေးသလို ကွေးညွှတ်သွားကာ နောက်သို့ လွင့်စင်သွားတော့၏။

နောက်ဆုံးတွင် သူသည် ကားတစ်စီးအပေါ်သို့ 'ဝုန်း' ခနဲ ပြုတ်ကျသွားပြီး၊ မျက်နှာပေါက် (၇) ပေါက်လုံးမှ သွေးများ ပန်းထွက်လာကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားလေတော့၏။

"ဘာ..."

သူ့အပေါင်းအပါ (၃) ယောက်လုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

အခြေအနေတွေ ဒီလောက် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ ထင်မထား။ ယဲ့ဖန်၏ တိုက်ခိုက်နိုင်စွမ်းက ဒီလောက်ထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟုလည်း မျှော်လင့်မထားခဲ့။

သူတို့ ခေါင်းဆောင်ကြီး... ယဲ့ဖန်ရဲ့ တစ်ချက်တည်းသော တိုက်ကွက်အောက်မှာတင် အသက်ပျောက်သွားခဲ့၏။

သူ့အလောင်း ပြုတ်ကျသွားသော ကားကိုယ်ထည်ကြီးတောင် ချိုင့်ဝင်သွားသည်ကို ကြည့်ပြီး... (၃) ယောက်သား ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

မျက်လုံးပြူးကာ မျက်လုံးအိမ်များပင် ထွက်ကျလုမတတ်။

"ဒီ အာရှသားက... လူရော ဟုတ်သေးရဲ့လား"

"ဒီလောက် ပြင်းထန်တဲ့ ပေါက်ကွဲအားက... သာမန် လူသား တစ်ယောက်ရဲ့ ခန္ဓာကိုယ် ကန့်သတ်ချက်ကို ကျော်လွန်နေပြီ မဟုတ်လား"

"ပြီးတော့ သူ့အမြန်နှုန်းကလည်း တော်တော် ကြောက်စရာကောင်းတာ... 'ခေါက်ဆွဲခေါင်း' (Noodle Head) အနားကို သူ ဘယ်လို ရောက်သွားလဲဆိုတာတောင် ငါ မမြင်လိုက်ရဘူး"

သို့သော်... သူတို့ (၃) ယောက်က ကြေးစား လူသတ်သမားများ ပီပီ၊ အံ့သြနေသော်လည်း တုံ့ပြန်မှု အမြန်နှုန်းကတော့ မြန်ဆန်နေဆဲပင်။

သူတို့သည် ချက်ချင်း လူစုခွဲလိုက်ပြီး ယဲ့ဖန်နှင့် အကွာအဝေး တစ်ခု ယူရန် နောက်ဆုတ်လိုက်ကြသည်။ တချိန်တည်းမှာပင် ခါးကြားမှ သေနတ်များကို ဆွဲထုတ်ရန် ပြင်လိုက်ကြသည်။

သို့ရာတွင်၊... သူတို့ အံ့အားသင့်စရာ ကောင်းလောက်အောင် ယဲ့ဖန်က သူတို့ထက် ပိုမြန်နေပြန်၏။

သူတို့ နောက်ဆုတ်ပြီး သေနတ်ဆွဲထုတ်ရန် ပြင်လိုက်သည့် အချိန်မှာပင်...

ယဲ့ဖန်သည် သေဆုံးသွားသော ခေါင်းဆောင်၏ လက်ထဲမှ လွတ်ကျလာသော သေနတ်ကို လှမ်းဖမ်းလိုက်ပြီး ဖြစ်နေ၏။

ထို့နောက်... လူသတ်သမား (၃) ယောက် သေနတ် မဆွဲထုတ်နိုင်ခင်မှာပင်၊ ယဲ့ဖန်သည် ကျည် (၆) တောင့်ကို ဆက်တိုက် ပစ်ခတ်လိုက်တော့၏။

"ဒိုင်း... ဒိုင်း... ဒိုင်း..."

"ဒိုင်း... ဒိုင်း... ဒိုင်း..."

သေနတ် ဆွဲထုတ်ရန် ပြင်နေသော လူသတ်သမား (၃) ဦး၏ လက်ကောက်ဝတ်များနှင့် နဖူးပြင်များပေါ်တွင် ကျည်ပေါက်ရာများ ကိုယ်စီ ပေါ်ထွက်လာတော့၏။

သူ့သေနတ်ပစ် စွမ်းရည်က... အလွန်အမင်း တိကျလွန်းလှ၏။

"တောက်... မဖြစ်နိုင်တာ"

လူသတ်သမား (၃) ဦးသည် မယုံကြည်နိုင်မှုများ၊ ရှုပ်ထွေးသော ခံစားချက်များနှင့်အတူ ကျိန်ဆဲရင်း မြေပြင်ပေါ်သို့ လဲကျသွားကြတော့၏။

ယဲ့ဖန်သည် သေနတ်ပေါ်ရှိ သူ့လက်ဗွေရာများကို သေသေချာချာ ပြန်သုတ်လိုက်ပြီး၊ သေဆုံးသွားသော ခေါင်းဆောင်၏ လက်ထဲသို့ သေနတ်ကို ပြန်ထည့်ပေးလိုက်၏။

ထို့နောက်... ဘာမှ မဖြစ်ခဲ့သလိုပင်၊ မိန်းမချောလေးဘက်သို့ လှည့်ကြည့်လိုက်၏။

"ဘာလို့လဲ..."

မိန်းမချောလေးမှာ ယဲ့ဖန်၏ အကြည့်ကို သတိထားမိလိုက်သော်လည်း၊ မှင်သက်အံ့ဩနေဆဲ။

"ဘာလို့... ရှင် ကျွန်မကို ကယ်တာလဲ"

"သူတို့က ကြေးစား လူသတ်သမားတွေလေ... ပြီးတော့ အရမ်း အာဏာကြီးတဲ့ လူတစ်ယောက်က စေခိုင်းထားတာ"

"အခု ရှင် သူတို့ကို သတ်လိုက်တော့... ရှင့်ဆီကို ပြဿနာတွေ အများကြီး ရောက်လာတော့မှာရှင့်"

သူမကို ကယ်တင်လိုက်တာတောင်မှ၊ သူမက သူစိမ်းတွေအပေါ် မယုံကြည်မှုနှင့် သတိထားမှုတွေ ရှိနေသေးတာကို ယဲ့ဖန် ခံစားမိလိုက်၏။

သူမက အံ့သြနေပြီး သတိထားကြည့်နေသည်ကို မြင်သောအခါ၊ ယဲ့ဖန် အသာပြုံးလိုက်၏။

"ဘာလို့လဲ ဆိုတော့... ကျွန်တော်က ဆရာဝန်မို့လို့လေ"

"ကျွန်တော်တို့ နဂါးနိုင်ငံမှာ ရှေးစကားပုံ တစ်ခုရှိတယ်... သမားဆိုတာ မေတ္တာရှင် ပါတဲ့ "

"ခင်ဗျား အန္တရာယ် ကြုံနေရတာကို မြင်တော့... ပြီးတော့ ခင်ဗျား ဗိုက်ထဲက ကလေးလေး အခြေအနေ မကောင်းတာကိုပါ မြင်လိုက်ရတော့... ကျွန်တော် မျက်ကွယ်ပြုထားလို့ မရတော့ဘူးလေ”

အခန်း (၁၈၁၅) - 'တိုင်-ရန့်' ရဲ့ မယားငယ်လား

~မိန်းမချောလေးမှာ နောက်ဆုံးတွင် ယဲ့ဖန်၏ စကားများကို ယုံကြည်သွားပုံရ၏။

"ကျွန်မ ဗိုက်ထဲက ကလေး ဘာဖြစ်နေတာလဲ"

"ကျွန်မ ကလေးကို ကာကွယ်ခဲ့ပါတယ်..."

ယဲ့ဖန်သည် သူမ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ၊ ယွီဖုန်းရှန်းကို မျက်လုံးဖြင့် အချက်ပြကာ အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းခိုင်းလိုက်၏။

ထို့နောက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

"ခင်ဗျား ကိုယ်ဝန်က လေး၊ ငါးလ လောက် ရှိနေပြီ မဟုတ်လား"

သူမသည် ပွသော အဝတ်အစားများ ဝတ်ဆင်ထားပြီး၊ အနည်းငယ် ပြည့်ဖြိုးသော ကိုယ်လုံးကြောင့် သာမန်လူများ သတိမထားမိနိုင်သော်လည်း၊ ယဲ့ဖန်၏ အဆင့်မြင့် ဆေးပညာ စွမ်းရည်အောက်တွင်တော့ ဖုံးကွယ်၍ မရနိုင်ပေ။

ထင်ထားသည့်အတိုင်းပင်... သူမ ခေါင်းညိတ်လိုက်၏။

"ဟုတ်ပါတယ်... တိတိကျကျ ပြောရရင် (၁၃၁) ရက် ရှိပါပြီ"

ပြောရင်းနှင့် သူမ၏ မျက်နှာပေါ်တွင် မိခင်မေတ္တာ အရိပ်အယောင်များ ပေါ်လွင်လာသည်။ သူမသည် ဝမ်းဗိုက်လေးကို အသာအယာ ပွတ်သပ်လိုက်၏။

"ပြီးခဲ့တဲ့ အပတ်ကတည်းက... ဗိုက်ထဲက ကလေးလေး လှုပ်ရှားနေတာကို ကျွန်မ ခံစားနေရတယ်"

"အဲ့ဒါကို သန္ဓေသား လှုပ်ရှားခြင်းလို့ ခေါ်တယ်တဲ့"

"ဟုတ်တယ်..."

ယဲ့ဖန် ဆက်ပြောလိုက်၏။

"သာမန် အခြေအနေမှာတော့... သန္ဓေသားက တစ်နာရီကို (၃) ကြိမ်ကနေ (၅) ကြိမ်လောက် လှုပ်ရှားတတ်တယ်။ (၁၂) နာရီ အတွင်းမှာ သိသိသာသာ လှုပ်ရှားမှုပေါင်း (၃၀) ကနေ (၄၀) ကျော်လောက် ရှိတတ်တယ်"

"တချို့ ကလေးတွေကျတော့လည်း (၁၂) နာရီအတွင်း အကြိမ် (၁၀၀) လောက် လှုပ်ရှားတာမျိုး ရှိတတ်တယ်"

"ဒါပေမဲ့ အခု ခင်ဗျား သေချာ အာရုံခံကြည့်လိုက်... ကလေးရဲ့ လှုပ်ရှားမှုက ပုံမှန် မဟုတ်ဘူး မဟုတ်လား။ ပုံမှန်ထက် အနည်းဆုံး နှစ်ဆလောက် ပိုမြန်နေတယ် မဟုတ်လား"

ထိုစကားကို ကြားသောအခါ သူမ လန့်ဖျပ်သွားပြီး ဗိုက်ကို သေချာ အာရုံစိုက် စမ်းသပ်ကြည့်လိုက်၏။

မိနစ်ပိုင်း အကြာတွင် သူမ မျက်နှာ ပျက်သွားသည်။

"ဟုတ်တယ်... တကယ်ပဲ ပုံမှန်ထက် ပိုမြန်နေတယ်"

"ဆရာ... ဒါ ဘာဖြစ်တာလဲဟင်"

"ကျွန်မ ကလေး ဘာဖြစ်သွားတာလဲ"

"ခင်ဗျားက ထွက်ပြေးတိမ်းရှောင် နေရတာဆိုတော့... လမ်းခရီးက ကြမ်းတမ်းမယ်၊ ပင်ပန်းမယ်။ ပြီးတော့ စိတ်လှုပ်ရှားစရာတွေ၊ ထိတ်လန့်စရာတွေနဲ့ ကြုံရတော့ ခန္ဓာကိုယ်ထဲက ဟိုမုန်း ထွက်ရှိမှုတွေ ပုံမှန် မဟုတ်တော့ဘူးလေ"

ယဲ့ဖန် တည်ငြိမ်စွာ ရှင်းပြလိုက်၏။

"သန္ဓေသား နေထိုင်ရတဲ့ သက်တောင့်သက်သာ ပတ်ဝန်းကျင်က ခင်ဗျားရဲ့ လှုပ်ရှားမှုတွေ၊ ဟိုမုန်း အပြောင်းအလဲတွေကြောင့် ပျက်စီးသွားပြီ။ ဒါကြောင့် ကလေးကလည်း မနေတတ် မထိုင်တတ် ဖြစ်ပြီး လှုပ်ရှားပြနေတာပေါ့"

"အဲ့ဒီ ပုံမှန် မဟုတ်တဲ့ ဟိုမုန်းတွေကို အချိန်မီ မဖယ်ရှားပေးရင်... သန္ဓေသားရဲ့ ပတ်ဝန်းကျင်က ပုံမှန် ပြန်မဖြစ်လာဘဲ၊ ခင်ဗျား ခန္ဓာကိုယ်ထဲမှာ ဒုက္ခတွေ ပိုရောက်လာလိမ့်မယ်။ အခြေအနေ ပိုဆိုးသွားနိုင်တယ်"

"ဒါဆို ကျွန်မ ဘာလုပ်ရမလဲ ဆရာ..."

သူမ ယဲ့ဖန်၏ လက်ကောက်ဝတ်ကို အတင်း လှမ်းဆွဲလိုက်၏။ ယဲ့ဖန်ကို ကယ်တင်ရှင်ကြီး တစ်ယောက်လို သဘောထားလိုက်ပြီ ဖြစ်၏။

"အဲ့ဒီ ဟိုမုန်းတွေကို ဘယ်လို ဖယ်ရှားရမလဲဟင်"

"ဆေးရုံ သွားရမလား... ဒါပေမဲ့ အခု အခြေအနေနဲ့ ကျွန်မ ဆေးရုံသွားလို့ မဖြစ်ဘူး။ ဆေးရုံသွားရင် 'တိုင်-ရန့်' ရဲ့ လူတွေ ချက်ချင်း သိပြီး လိုက်ဖမ်းကြလိမ့်မယ်"

"မလန့်ပါနဲ့ဗျာ..."

ယဲ့ဖန် နှစ်သိမ့်လိုက်၏။

"ရောဂါကို ရှာဖွေနိုင်မှတော့... ကုသနည်းလည်း ရှိတာပေါ့"

"ဒါဆို ကျေးဇူးပြုပြီး ကျွန်မ ကလေးကို ကယ်ပေးပါ... ကျေးဇူးဆပ်တဲ့ အနေနဲ့ ကျွန်မ ဘာမဆို ပေးပါ့မယ်၊ ဘာမဆို လုပ်ပေးပါ့မယ်"

ယဲ့ဖန် ဒီစကားကို စောင့်နေတာ ဖြစ်၏။

"ဒါကို မပြောခင်... ကျွန်တော် သိချင်တာလေး တစ်ခု အရင် မေးပါရစေ"

"ခင်ဗျားက ဘယ်သူလဲ... ဘာလို့ 'တိုင်-ရန့်' က ခင်ဗျားကို သတ်ဖို့ လူလွှတ်ရတာလဲ"

သူမက ကလေး အသက်ရှင်ဖို့လောက်သာ စိတ်ဝင်စားနေပုံ ရ၏။ တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ဖြေလိုက်၏။

"ကျွန်မက 'တိုင်-ရန့်' ရဲ့ မယားငယ်ပါ... သူ့နဲ့ အတူနေတာ တစ်နှစ်ကျော်ပြီ"

"အရင်တုန်းကတော့ သူဟာ နေမဝင်အင်ပါယာ လုပ်ကြံသတ်ဖြတ်သူ လောကရဲ့ ဒဏ္ဍာရီလာ 'တိုင်-ရန့်' ဖြစ်တယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး"

"မကြာသေးခင်ကမှ... အိမ်မှာ ပစ္စည်းရှာရင်း နံရံကပ် လျှို့ဝှက်သေတ္တာ တစ်လုံးကို မတော်တဆ တွေ့ရှိခဲ့ရာကနေ သူ့ရဲ့ အထောက်အထားမှန်နဲ့ လျှို့ဝှက်ချက်တွေကို သိသွားခဲ့တာပါ"

"ကျွန်မ သူ့လျှို့ဝှက်ချက်တွေကို ပေါက်ကြားမှာ စိုးရိမ်လို့... လူလွှတ်ပြီး ဖမ်းခိုင်းတာ ဖြစ်မယ်။ ကျွန်မ ယူထားတဲ့ အချက်အလက်တွေကို ပြန်လိုချင်နေတာ"

ယဲ့ဖန် ဝမ်းသာသွားသည်။ စနစ် ၏ အချိန်ကိုက် လမ်းညွှန်မှုကို ကျေးဇူးတင်လိုက်မိ၏။

"ကောင်းပြီ... ဒါဆို ကျွန်တော့် တောင်းဆိုချက်က 'တိုင်-ရန့်' နဲ့ ပတ်သက်တဲ့ အချက်အလက် အားလုံးပဲ"

"ရပါတယ်..."

သူမ ချက်ချင်း သဘောတူလိုက်၏။

"ကျွန်မ အဲ့ဒီ အချက်အလက်တွေကို အင်တာနက်ပေါ်မှာ မိတ္တူတွေ အများကြီး ကူးပြီး သိမ်းထားပါတယ်"

"ရှင် လိုချင်တယ် ဆိုရင်... မူရင်း ဒေတာကို အခုပဲ ပေးလိုက်ပါ့မယ်"

ပြောရင်းနှင့် သူမသည် ကော်လာကြားထဲမှ USB stick တစ်ချောင်းကို ထုတ်ယူပြီး ယဲ့ဖန်အား ကမ်းပေးလိုက်၏။

"မူရင်း စာရွက်စာတမ်းတွေကို Scan ဖတ်ထားတဲ့ မိတ္တူတွေ အကုန်လုံး ဒီထဲမှာ ရှိပါတယ်"

"ရှင် စစ်ဆေးကြည့်နိုင်ပါတယ်"

"ပြဿနာ မရှိဘူးဆိုရင်... ကျေးဇူးပြုပြီး ကျွန်မ ကလေးကို ကယ်ပေးပါနော်"

ယဲ့ဖန် သူမ လှည့်ကွက် သုံးမည်ကို မကြောက်ပါ။ သူမ၏ ယုံကြည်မှု ရှိသော ပုံစံကို ကြည့်ပြီး USB ကို သိမ်းလိုက်၏။

ထို့နောက် ငွေအပ် တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။

"အပေါ်ပိုင်း အဝတ်အစားတွေကို လှန်တင်လိုက်ပါ..."

"အပ်စိုက်ကုမလို့လား..."

သူမက တစ်မျိုး နားလည်သွားပုံ ရ၏။ အပ်စိုက်ကုမည် ဆိုတာ သိလိုက်ရသဖြင့်၊ အင်္ကျီကို လှန်တင်ရုံ မကဘဲ...

အပေါ်ပိုင်း အဝတ်အစားများနှင့် အတွင်းခံများကိုပါ လုံးဝ ချွတ်ပစ်လိုက်လေတော့သည်..။

အခန်း (၁၈၁၆) - ခင်ဗျားရဲ့ ချစ်သူကို ဖြားယောင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး

~ရင်သပ်ရှုမောဖွယ်ကောင်းသော ခန္ဓာကောက်ကြောင်းနှင့် ဖြူဖွေးဝင်းပနေသော အသားအရေတို့သည် လုံးဝ ဖုံးကွယ်ခြင်း မရှိဘဲ ပေါ်လွင်နေတော့၏။

ငွေအပ်ထုတ်ယူနေသော ယဲ့ဖန်သာမက၊ လူသေအလောင်းများကို ကားထဲသို့ ယာယီ ရွှေ့ပြောင်းပြီး ပြန်ရောက်လာသော ယွီဖုန်းရှန်းပင် မှင်သက်သွားရ၏။

"ရှင် အပ်စိုက်ကုတာက ဒီလို ပုံစံလား..."

ခဏအကြာတွင် ယွီဖုန်းရှန်းက ယဲ့ဖန်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်၏။

သူမသည် ကျန်းနန်မြို့တွင် နာမည်ကြီး ဆရာဝန်များ၊ အပ်စိုက်ကုထုံး ပညာရှင်များစွာနှင့် ကြုံဖူး၏။

သို့သော်... အမျိုးသမီး လူနာတစ်ယောက်က အပ်စိုက်ကုဖို့အတွက် အပေါ်ပိုင်း ဗလာကျင်းပြလိုက်သည် ဆိုတာမျိုးတော့ တစ်ခါမှ မကြားဖူးခဲ့။

ယဲ့ဖန်သည် မျက်စိပဒေသာ ဖြစ်ဖွယ် မြင်ကွင်းမှ အကြည့်ကို အမြန်လွှဲလိုက်ပြီး အသာချောင်းဆိုးလိုက်၏။

"ကျွန်တော် ပြောတာက... အင်္ကျီကို လှန်တင်လိုက်ရုံပါလို့ ပြောတာပါဗျာ။ ဒီလောက်ထိ လုပ်စရာ မလိုပါဘူး"

"ဒါပေမဲ့... ထားလိုက်ပါတော့"

"ကာယကံရှင် ကိုယ်တိုင်က သဘောတူနေမှတော့... ဒီလို ကုသရတာက ပိုလွယ်ကူတာတော့ အမှန်ပဲ။ သွေးလည်ပတ်မှုကိုလည်း ပိုကောင်းစေတယ်"

ယွီဖုန်းရှန်း ဘာမှ ထပ်မပြောတော့။ သူမသည် ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေရင်း၊ မိန်းမချောလေး၏ အဝတ်အစားများကို ကောက်ယူကာ ကာရံပေးလိုက်၏။

လမ်းသွားလမ်းလာ တစ်ယောက်ယောက် မတော်တဆ မြင်သွားမှာ စိုး၍လေ။

"ကျေးဇူးပါ..."

မိန်းမချောလေးက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြ၏။

ယွီဖုန်းရှန်းက ခေါင်းအသာညိတ်ပြပြီး ယဲ့ဖန်ကို မြန်မြန်လုပ်ရန် မျက်လုံးဖြင့် အချက်ပြလိုက်၏။

ယဲ့ဖန်လည်း အာရုံထွေပြားနေ၍ မဖြစ်မှန်း သိ၏။ သူသည် စိတ်ကို ငြိမ်အောင် ထားလိုက်ပြီး ငွေအပ်များကို ထုတ်ယူကာ၊ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဓိက သွေးကြောဆုံမှတ် (၂၁) နေရာကို လျင်မြန်စွာ စိုက်လိုက်၏။

ခေတ်မီ ဆေးပညာ အမြင်အရ ကြည့်လျှင်... ဒီပြဿနာက ဖြေရှင်းရ ခက်ခဲနိုင်၏။ သားအိမ်ထဲသို့ ဟိုမုန်းများ စီးဝင်မှုကို ထိန်းချုပ်ရမှာ မဟုတ်ပါလော။

သို့သော်... တိုင်းရင်းဆေးပညာ၊ အထူးသဖြင့် ကျွမ်းကျင်သော တိုင်းရင်းဆေး ပညာရှင်တစ်ဦး အနေဖြင့်မူ ဒါက ကလေးကစားစရာ သက်သက်သာ ဖြစ်၏။

ငွေအပ် (၂၁) ချောင်း စိုက်ဝင်သွားသည်နှင့် တစ်ပြိုင်နက်၊ မိန်းမချောလေးသည် သူမ၏ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ် တစ်ခုလုံး ပူနွေးလာသည်ကို ခံစားလိုက်ရ၏။

ထို့နောက်... သူမ၏ ချွေးပေါက်များ ပွင့်လာပြီး သက်တောင့်သက်သာ ဖြစ်သွားသည်။

ပွင့်နေသော ချွေးပေါက်များမှတဆင့် အညစ်အကြေးများ ရောနှောနေသော အရည်တချို့ စီးကျလာသည်။

သက်တောင့်သက်သာ ဖြစ်လွန်းသဖြင့် သူမသည် မသိစိတ်ဖြင့် မျက်လုံးများ မှိတ်ကျသွားပြီး ညည်းညူလိုက်မိ၏။

"အ..."

ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိ။ သူသည် အခွင့်ကောင်းယူပြီး သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ညင်သာစွာ နှိပ်နယ်ပေးလိုက်၏။

သန္ဓေသား ပုံမှန် အနေအထား ပြန်ရောက်သွားပြီ ဆိုတာ သေချာမှ ငွေအပ်များကို ပြန်နှုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ကဲ... ရပါပြီ။ အခု စမ်းကြည့်လို့ ရပြီ"

မိန်းမချောလေးသည် သက်တောင့်သက်သာ ခံစားမှုမှ ပြန်လည် နိုးထလာပုံရ၏။

သူမသည် အဝတ်အစား ပြန်ဝတ်ဖို့တောင် သတိမရဘဲ၊ ဝမ်းဗိုက်ပေါ်သို့ လက်တင်ကာ အလျင်အမြန် စမ်းသပ်ကြည့်လိုက်၏။

ခဏအကြာတွင် သူမ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီး၊ စိတ်သက်သာရာ ရသွားသော အမူအရာများ အစားထိုး ဝင်ရောက်လာသည်။

"သိပ်တော်တာပဲ ဆရာရယ်..."

"ကျွန်မ ကလေးက စကားမပြောတတ်သေးလို့ ဘာမှ ပြန်မပြောနိုင်ပေမယ့်... သူ အခု တကယ်ကို သက်တောင့်သက်သာ ဖြစ်သွားပြီဆိုတာ ကျွန်မ ခံစားမိတယ်"

"ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်"

စိတ်လှုပ်ရှားလွန်းသဖြင့် သူမသည် ယဲ့ဖန်၏ လက်ကို ဆွဲယူလိုက်ပြီး၊ သူမ၏ ခန္ဓာကိုယ်နှင့် ပူးကပ်လုမတတ် ဖြစ်သွားသည်။

ယဲ့ဖန် ချောင်းထပ်ဆိုးလိုက်ရပြန်၏။

"မဒမ်... အဝတ်အစား အရင် ဝတ်လိုက်ပါလားဗျာ"

ဘေးနားတွင် ရပ်နေသော ယွီဖုန်းရှန်းလည်း မနာလိုစိတ် အနည်းငယ် ဝင်လာသည်။ သူမသည် အဝတ်အစားများကို မိန်းမချောလေးထံသို့ ပစ်ပေးလိုက်၏။

ဒီတစ်ခါတော့... သူမ၏ လှုပ်ရှားမှုက အရင်လောက် မနူးညံ့တော့။

ထိုအခါမှ မိန်းမချောလေး သတိဝင်လာသည်။ သူမသည် ယွီဖုန်းရှန်း၏ မျက်နှာထားကို အကဲခတ်လိုက်ပြီးနောက်၊ အားနာသွားပုံ ရ၏။

"မစ္စစ်... အထင်မလွဲပါနဲ့နော်"

"ကျွန်မက ရှင့်ကောင်လေးကို ဖြားယောင်းဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး"

"သူ့ကို အရမ်း ကျေးဇူးတင်လွန်းလို့... ကိုယ်ပေါ်မှာ အဝတ်အစား မရှိသေးဘူး ဆိုတာ မေ့သွားမိလို့ပါ"

ယွီဖုန်းရှန်း၏ နားရွက်ဖျားလေးများ ရဲတက်လာသည်။ သူမ၏ အသံက ပုံမှန် မဟုတ်တော့။

"ဘာလို့ ကျွန်မကို လာရှင်းပြနေတာလဲ..."

"ကျွန်မက သူ့ကောင်မလေး မဟုတ်ပါဘူး"

ထိုစကားကို ကြားသောအခါ မိန်းမချောလေး အံ့သြသွားသည်။ အဝတ်အစား ဝတ်ရင်းနှင့် ယဲ့ဖန်နှင့် ယွီဖုန်းရှန်းကို တစ်လှည့်စီ ကြည့်လိုက်၏။

"ရှင်တို့က... ချစ်သူတွေ မဟုတ်ကြဘူးလား"

"ဘုရားရေ... ရှင်တို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်လွန်းလို့၊ ကျွန်မက ဟိုးအရင်ကတည်းက တွဲနေကြတဲ့ စုံတွဲတွေလို့ ထင်နေတာ"

"အခု မဟုတ်သေးရင်တောင်... မကြာခင် ဖြစ်လာတော့မှာပါ"

ထိုစကားအား ကြားလိုက်ရသောအခါ၊ ယွီဖုန်းရှန်း၏ နားရွက်များ ပို၍ ရဲလာပြီး၊ နှလုံးခုန်သံများ နှေးကွေးသွားသလို ခံစားလိုက်ရ၏။

*(သူများတွေ အမြင်မှာ... ငါနဲ့ ယဲ့ဖန်က မကြာခင် ချစ်သူတွေ ဖြစ်လာမယ့်ပုံ ပေါက်နေတာလား)*

*(တကယ်ပဲလား...)*

အရင်ကတည်းက သူမ ရင်ထဲမှာ အတွေးတချို့ ရှိခဲ့သော်လည်း၊ ဖွင့်မပြောဘဲ ဖိနှိပ်ထားခဲ့သည်လေ။

ယခုလို ကြားလိုက်ရတော့... သူမ ယဲ့ဖန်ကို မသိမသာ ခိုးကြည့်လိုက်မိ၏။

သို့သော် ယဲ့ဖန်ကတော့ ထိုစကားများကို ဂရုစိုက်ပုံ မပေါ်။ သူသည် USB stick ကို ယူပြီး ကားထဲသို့ ဝင်သွားကာ၊ ကားပေါ်ရှိ ကွန်ပျူတာဖြင့် အချက်အလက်များကို စစ်ဆေးနေလေတော့သတည်း...။

All Chapters