← Chapters

အခန်း (၁၈၂၃-၁၈၂၅)

Vol. 97 Ch. 1823-1825

အခန်း (၁၈၂၃-၁၈၂၅)

Vol. 97 Ch. 1823-1825

အခန်း (၁၈၂၃) - ခင်ဗျားအပေါ် ကျုပ် သဘောကောင်းလွန်းခဲ့မိတာကိုး

~"ဒီဗွန်ရှိုင်းယား ဟွတ်ခ်ရဲ့ လျှို့ဝှက်ချက် ဟုတ်လား..."

မိုင်ရွန် ဂျင်းနင်းသည် ယဲ့ဖန် တွေးတောနေသည်ကို မြင်လိုက်ရသောအခါ၊ သူ့မျက်လုံးများထဲတွင် ကောက်ကျစ်သော အရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်။

"နေပါဦး... ကျုပ် စဉ်းစားကြည့်ပါရစေ"

"ဒီလူက ကျုပ်တို့ရဲ့ ငွေရှင်ကြေးရှင် ဆိုပေမယ့်... တကယ်တမ်းကျတော့ အစပိုင်း ကျုပ်တို့ကို သိမ်းပိုက်တုန်းကလွဲရင်၊ နောက်ပိုင်းမှာ တိုက်ရိုက် ဆက်သွယ်တာ ရှားပါတယ်"

"အမည်မသိ ဖုန်းနံပါတ်တစ်ခုကို သုံးပြီး... လျှို့ဝှက်ကုဒ်တွေနဲ့ပဲ အမိန့်ပေးလေ့ ရှိတာ"

ဒီအဖြေကို ကြားရတာ ယဲ့ဖန်အတွက်တော့ မထူးဆန်းလှပေ။

ဘာပဲပြောပြော... ဤဗွန်ရှိုင်းယား ဟွတ်ခ်ဆိုသူမှာ မြို့စားကြီးမိသားစု၏ တိုက်ရိုက်သွေးသားဆက်ခံသူဖြစ်သကဲ့သို့၊ နေမဝင်အင်ပါယာ၏ စံပြအထက်တန်းလွှာတစ်ဦးလည်း ဖြစ်လေ၏။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက နိုင်ငံ၏ အကြီးဆုံးလုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းနှင့် နာရေးအဖွဲ့အစည်းနှစ်ခုလုံးကို နောက်ကွယ်မှ ထိန်းချုပ်ထားသည်ဆိုခြင်းမှာ... ပွင့်ပွင့်လင်းလင်း ဆိုရလျှင် နိုင်ငံတော်ပုန်ကန်မှုမြောက်လုနီးပါး ဖြစ်နေလေ၏။

ပြင်ပလူများ ၊ သို့မဟုတ် တော်ဝင်မိသားစုသာ သိရှိသွားပါက ဟွတ်ခ်၏ အင်အားစုများကို ချက်ချင်း လက်ငင်း ချေမှုန်းပစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

ထို့ကြောင့် ဟွတ်ခ်အနေဖြင့် 'တိုင်-ရန့်' နှင့် တိုက်ရိုက် အဆက်အသွယ်မပြုဘဲ အထူးသတိထား လှုပ်ရှားနေခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စရပ် တစ်ခုပင်။

"အာ... ကျုပ် သတိရပြီဗျ"

ရုတ်တရက် မိုင်ရွန် ဂျင်းနင်း တစ်ခုခုကို သတိရသွားပုံ ရ၏။ သူ့မျက်လုံးများ အရောင်တောက်သွားပြီး၊ ယဲ့ဖန်ကို အနားတိုးလာရန် လက်ယပ်ခေါ်လိုက်သည်။

"ဟွတ်ခ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် တစ်ခုတော့ ရှိတယ်..."

"ဒီ လျှို့ဝှက်ချက်က ခင်ဗျားအတွက် တော်တော် တန်ဖိုးရှိလိမ့်မယ် ထင်တယ်"

"ဟုတ်လား..."

ယဲ့ဖန် သိပ်ပြီး လေးလေးနက်နက် မတွေးမိ။ သူ ပြောတာကို ကြားချင်တာနှင့် ရှေ့ကို ချက်ချင်း တိုးသွားလိုက်သည်။

သို့သော်... သူ အနားရောက်သွားသည့် တစ်ခဏမှာပင်၊ အန္တရာယ် အငွေ့အသက် တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။

*(သောက်ကျိုးနည်း...)*

"ဒိုင်း..."

မိုင်ရွန် ဂျင်းနင်း၏ ဖိနပ်အောက်ခြေမှ သေနတ်သံ တစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

ကံကောင်းထောက်မစွာပင်... ယဲ့ဖန်သည် အန္တရာယ်ကို အာရုံခံမိလိုက်သည့် စက္ကန့်ပိုင်းလေး အတွင်းမှာပင် ခန္ဓာကိုယ်ကို ဘေးသို့ ယိမ်းလိုက်နိုင်ခဲ့သည်။

ကျည်ဆန်သည် သူ့ကို မထိမှန်။ သူ့နားရွက်ဘေးမှ 'ရွှီ' ခနဲ ဖြတ်သန်းသွားပြီး၊ လမ်းကြားဘေး နံရံကို သွားမှန်လေ၏။

သူ့ခေါင်းကို ဖောက်ထွက်သွားဖို့... ဆံခြည်မျှင် တစ်မျှင်စာလောက်ပဲ လိုတော့သည်။

"ကောင်းတယ်..."

သူ သေလုနီးပါး ဖြစ်သွားမှန်း သိလိုက်ရသည့် အချိန်တွင်၊ ယဲ့ဖန်၏ မျက်ဝန်းများ အလွန်အမင်း အေးစက်သွားသည်။ အကြည့်တွေက အန္တရာယ် များလာ၏။

"ကြည့်ရတာ... အရင်က ခင်ဗျားအပေါ် ကျုပ် သဘောကောင်းလွန်းခဲ့မိတာကိုး"

"ကျုပ်က သဘောကောင်းလွန်းနေတော့... ခင်ဗျားက ကျုပ်ကို အနိုင်ကျင့်လို့ လွယ်မယ်လို့ ထင်သွားတာလား"

သူ့စကားသံ အဆုံးမှာပင်... ယဲ့ဖန်၏ ခြေထောက် လှုပ်ရှားလိုက်သည်။

အရိပ်မမြင်ရလောက်အောင် မြန်ဆန်သော ကန်ချက်...။ မိုးကြိုးပစ်ချလိုက်သလို ပြင်းထန်သော စွမ်းအား...။

မိုင်ရွန် ဂျင်းနင်းကို တုံ့ပြန်ချိန် မပေးသလို၊ ရှင်းပြချိန်လည်း မပေးတော့။

"ဂျွတ်..."

ကြံချောင်း နှစ်ချောင်းကို ချိုးလိုက်သလို ခြောက်ကပ်ကပ် အသံကြီး ထွက်ပေါ်လာ၏။

မိုင်ရွန် ဂျင်းနင်း၏ ခြေထောက်နှစ်ဖက်စလုံး ထက်ပိုင်းကျိုးသွားခဲ့၏။

ကျိုးသွားသော အရိုးများက အသားနှင့် အရေပြားကို ဖောက်ထွက်ပြီး အပြင်သို့ ပြူးထွက်လာကြသည်။

"အား..."

မိုင်ရွန် ဂျင်းနင်း၏ မချိမဆံ့ အော်ဟစ်သံ လမ်းကြားထဲတွင် ပဲ့တင်ထပ်သွားသည်။

ခါးကနေ အချိုးခံလိုက်ရသည့် သစ်ပင်ငယ်လေး တစ်ပင်လိုမျိုး... သူ့ခန္ဓာကိုယ် အပေါ်ပိုင်းက ဘေးကို ခွေကျသွားပေမယ့်၊ ကျိုးနေသော ခြေထောက်နှစ်ဖက်ကတော့ မတ်တတ်ရပ်လျက်သား ကျန်နေရစ်သည်။

"အရူးကောင်... ခင်ဗျားက တကယ့် အရူးကောင်ပဲ"

"ကျုပ်... ကျုပ်က ဖိနပ်အောက်က ခလုတ်ကို မတော်တဆ တက်နင်းမိတာပါဗျာ... တမင် လုပ်တာ မဟုတ်ပါဘူး"

"မတော်တဆ ဟုတ်လား..."

ယဲ့ဖန် သူ့ကို ငြင်းခုံမနေတော့။

စနစ်၏ အကူအညီဖြင့် ထိုလူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို Scan ဖတ် စစ်ဆေးလိုက်သည်။

နောက်ထပ် လျှို့ဝှက်လက်နက် မကျန်တော့ဘူး ဆိုတာ သေချာမှ၊ လျှို့ဝှက်လက်နက် ပါဝင်သော ထိုဖိနပ်ကို ချွတ်ယူလိုက်သည်။

ခဏမျှ လေ့လာကြည့်ပြီးနောက် အသုံးပြုပုံကို နားလည်သွားသည်။ သူသည် ဖိနပ်သေနတ်ဝကို မိုင်ရွန် ဂျင်းနင်း၏ ကျိုးနေသော ခြေထောက်ဒဏ်ရာတည့်တည့်သို့ ချိန်ရွယ်လိုက်၏။

"အခု... ကျုပ်လက်ကလည်း ဖိနပ်အောက်က ခလုတ်ကို အချိန်မရွေး 'မတော်တဆ' သွားထိမိနိုင်တယ်ဗျ"

"ကျုပ် (၃) စက္ကန့် အချိန်ပေးမယ်... ခင်ဗျား ပြောမယ့် စကားလုံးတွေကို သေသေချာချာ ပြန်စီစဉ်လိုက်ပါ"

မိုင်ရွန် ဂျင်းနင်း သူ ဆိုလိုတာကို ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။

ဒါက ဗြောင်ကျကျ ခြိမ်းခြောက်နေတာ။ (၃) စက္ကန့်အတွင်း ကျေနပ်လောက်သည့် အဖြေ မပေးနိုင်လျှင်... သူ့လက်ထဲက ဖိနပ်သေနတ်က "မတော်တဆ" ကျည်ထွက်လာတော့မည်။

ထိုကျည်ဆန်ကလည်း... သူ၏ ဒဏ်ရာအနာတရ ဖြစ်နေသော ခြေထောက်ကို ထပ်ဖောက်ဝင်သွားပြီး၊ နာကျင်မှုကို အဆပေါင်းများစွာ တိုးမြင့်ပေးလိုက်တော့မည် မဟုတ်ပါလော။

"မပစ်နဲ့... မပစ်ပါနဲ့ဗျာ"

သူ ပြာပြာသလဲ အော်ဟစ်လိုက်သည်။

"တကယ်တော့... ဒီဗွန်ရှိုင်းယား ဟွတ်ခ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ကျုပ် မသိပါဘူး"

"ကျုပ်... ကျုပ် လျှောက်ပြောလိုက်တာပါ"

"လျှောက်ပြောတာ ဟုတ်လား..."

ယဲ့ဖန် ဒီအဖြေကို သဘောမကျ။

"ဒိုင်း..."

ဖိနပ်သေနတ်မှ ကျည်ဆန်တစ်တောင့် ထွက်သွားသည်။

"အား..."

မိုင်ရွန် ဂျင်းနင်း ချက်ချင်းပင် တက်သွားသလို ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး လောက်ကောင်တစ်ကောင်လို မြေကြီးပေါ်တွင် တွန့်လိမ်နေပြီး၊ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေ၏။

"ကဲ... အခု သေချာ ပြန်စဉ်းစားကြည့်"

"ကျုပ်အတွက် အသုံးဝင်မယ့် အချက်အလက် ဘာရှိသေးလဲ"

"တကယ်လို့ ခင်ဗျားဆီမှာ ဘာတန်ဖိုးမှ ရှာမတွေ့တော့ဘူး ဆိုရင်တော့... ကျုပ်ရဲ့ လက်ရှိ စိတ်အခြေအနေနဲ့ ဆိုရင်၊ နောက်တစ်ခါကျရင် 'မတော်တဆ' ပစ်တာမျိုး မဟုတ်တော့ဘဲ၊ ကျည်ကတ်တစ်ခုလုံး ကုန်အောင် ပစ်ထည့်လိုက်မိလိမ့်မယ်"

ယဲ့ဖန် သူ့တုံ့ပြန်မှုကို ဂရုမစိုက်။

ဖိနပ်ကို လက်ထဲတွင် ဟိုဘက်ဒီဘက် လှန်လှောကစားရင်း၊ သူ့ကို အေးစက်စွာ စိုက်ကြည့်နေလေတော့သတည်း...။

အခန်း (၁၈၂၄) - ယဲ့ဖန်... ငါ ငါးစားချင်တယ်

~မိုင်ရွန် ဂျင်းနင်းမှာ ယဲ့ဖန်၏ ရက်စက်မှုကို အလွန်အမင်း ကြောက်လန့်သွားခဲ့ပြီ ဖြစ်၏။

သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော့နေပြီး၊ အိတ်ကပ်ထဲမှ ဂြိုဟ်တုဖုန်း တစ်လုံးကို တုန်တုန်ရီရီ ထုတ်ပေးလိုက်သည်။ [ ဒီ ဂြိုဟ်တုဖုန်း ဆိုတာက သာမန်ဖုန်းတွေလို မြေပြင်က တာဝါတိုင်တွေကို သုံးတာ မဟုတ်ပါဘူး။ ကောင်းကင်ပေါ်က ဂြိုဟ်တုတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး သုံးရတာမျိုး။

ဒါကြောင့် တာဝါတိုင် မရှိတဲ့ တောနက်ထဲ ရောက်ရောက်၊ သမုဒ္ဒရာ အလယ်မှာပဲ ဖြစ်ဖြစ်၊ ကမ္ဘာ့ အစွန်အဖျား နေရာတွေမှာပဲ ဖြစ်ဖြစ်... လိုင်းပြတ်တောက်မှု မရှိဘဲ ဆက်သွယ်လို့ ရတယ်။

ဖုန်းကတော့ သာမန်ဖုန်းထက် ပိုကြီးပြီး အင်တင်နာ အရှည်ကြီး ပါတာပေါ့။ များသောအားဖြင့်တော့ လျှို့ဝှက် စစ်ဆင်ရေးတွေနဲ့ အရေးပေါ် အခြေအနေတွေမှာပဲ အဓိက သုံးကြတာပါ။ ]

"ဒါ... ဒါ ခင်ဗျား ယူလိုက်ပါ"

"ဘယ်လို သုံးရမလဲ ဆိုတာ ကျုပ် ပြောပြမယ်"

"ပြီးရင်... ကျုပ်ကို မြန်မြန် သတ်ပေးပါတော့"

ယဲ့ဖန် ဖုန်းကို လှမ်းယူလိုက်သည်။ ဖွင့်ကြည့်လိုက်သော်လည်း ဘာမှ မရှိ။ မျက်နှာပြင်က ဗလာသက်သက်သာ။

"ဒါက ဘာလုပ်ရမှာလဲ..."

သူ ဖိနပ်သေနတ်ကို မိုင်ရွန် ဂျင်းနင်းဘက်သို့ ဆက်လက် ချိန်ရွယ်ထားဆဲ။

"ဒါက... ကျုပ် 'တိုင် - ရန့်' ဖြစ်ကြောင်း သက်သေပြတဲ့ အကြီးမားဆုံး အရာပဲ"

မိုင်ရွန် ဂျင်းနင်း တံတွေးမျိုချလိုက်သည်။

"တိတိကျကျ ပြောရရင်... ဒီဖုန်းနဲ့ အသုံးပြုတဲ့ စကားဝှက်ကို ပိုင်ဆိုင်တဲ့သူက 'တိုင် - ရန့်' ဆိုတဲ့ အထောက်အထားကို ပိုင်ဆိုင်လိုက်တာနဲ့ အတူတူပါပဲ"

"ဆိုလိုတာက..."

ယဲ့ဖန် နားမလည်သေး။

"ဘယ်သူကမှ ကျုပ်ရဲ့ ရုပ်အစစ်ကို မသိကြဘူး... မီးခိုးရောင် လောကသားတွေရော၊ လုပ်ကြံသတ်ဖြတ်သူ လောကသားတွေရော ဘယ်သူမှ မသိဘူး"

မိုင်ရွန် ဂျင်းနင်း စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"လုပ်ကြံသတ်ဖြတ်သူတွေက... ဒီ ဂြိုဟ်တုဖုန်းကနေ ပို့လိုက်တဲ့ အမိန့်တွေကိုပဲ 'တိုင် - ရန့်' ရဲ့ အမိန့်လို့ သတ်မှတ်ကြတာ"

"ခင်ဗျား ဒီလို တွေးကြည့်လို့ ရတယ်... လုပ်ကြံသတ်ဖြတ်သူတွေရဲ့ အမြင်မှာ 'တိုင် - ရန့်' ဆိုတဲ့ ကုဒ်နာမည်က ဒီဖုန်းနဲ့ ချိတ်ဆက်ထားတာ။ ဒီဖုန်းကနေ ပို့လိုက်တဲ့ 'စံချိန်မီ အမိန့်' မှန်သမျှက 'တိုင် - ရန့်' ရဲ့ အမိန့်ပဲ"

ယဲ့ဖန် သဘောပေါက်သွားသည်။ မျက်လုံးများ အရောင်လက်သွား၏။

ဆိုလိုတာက... သူသာ ဒီဖုန်းရဲ့ စကားဝှက်ကို သိရင်၊ သူကိုယ်တိုင် 'တိုင် - ရန့်' နေရာ ဝင်ယူပြီး နေမဝင်အင်ပါယာ တစ်ခုလုံးက လုပ်ကြံသတ်ဖြတ်သူတွေကို အမိန့်ပေး ခိုင်းစေလို့ ရတယ်ပေါ့။

"ပြီးတော့... သံသယ ကင်းရှင်းအောင်လို့၊ ဒီဗွန်ရှိုင်းယား ဟွတ်ခ် ကိုယ်တိုင်လည်း ကျုပ်နဲ့ တိုက်ရိုက် အဆက်အသွယ် မလုပ်တာ ကြာပြီ။ ဒီဖုန်းကနေတဆင့်ပဲ ဆက်သွယ်တာ များတယ်"

"တနည်းအားဖြင့် ပြောရရင်... ကျုပ်ရဲ့ အထောက်အထားမှန်ကို မတော်တဆ သိသွားတဲ့ မယားငယ်ကလွဲရင်၊ သခင်လေး ဟွတ်ခ်တောင် ကျုပ်အကြောင်း သိပ်မသိဘူး"

ယဲ့ဖန် သူ့အကြံကို သိလိုက်သည်။

"စိတ်ဝင်စားစရာပဲ..."

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်။

"ခင်ဗျားက... ဒီ 'တိုင် - ရန့်' အထောက်အထားကို သုံးပြီး မြန်မြန် အသတ်ခံရဖို့ ကြိုးစားနေတာလား"

"ပြော... စကားဝှက်က ဘာလဲ"

မိုင်ရွန် ဂျင်းနင်းက ယဲ့ဖန်ကို ဖုန်းမျက်နှာပြင် ပိတ်လိုက်ခိုင်းသည်။

ပြီးတော့မှ ဆက်ပြောသည်။

"မျက်နှာပြင်ကို ပြန်ဖွင့်ပြီး... '576777' လို့ ရိုက်ထည့်လိုက်"

ယဲ့ဖန် သူပြောသလို လုပ်လိုက်သောအခါ၊ ဖုန်းမျက်နှာပြင်တွင် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာပြီး လုံးဝ ကွဲပြားခြားနားသော စနစ် (Interface) တစ်ခု ပေါ်လာ၏။

"ဒါက လျှို့ဝှက်စနစ် ပဲ... မျက်နှာပြင် ပိတ်ထားမှ ဝင်လို့ ရတာ"

"ဒီစနစ်ထဲမှာ... ကျုပ်လက်အောက်က လုပ်ကြံသတ်ဖြတ်သူ ထက်ဝက်ကျော်ရဲ့ ကိုယ်ပိုင် ဆက်သွယ်ရေး လိပ်စာတွေ သိမ်းထားတယ်"

"သူတို့ကို တစ်ခုခု ခိုင်းချင်ရင်... ပစ်မှတ် နာမည်၊ လုပ်ကြံမှာလား၊ သတင်းယူမှာလား၊ ပြန်ပေးဆွဲမှာလား ဆိုတဲ့ လိုရင်းတိုရှင်း အချက်အလက်တွေကို Message ပို့လိုက်ရင် ရပြီ။ အလုပ်ပြီးရင် သူတို့ဘက်က သတင်းပြန်ပို့လာလိမ့်မယ်"

မိုင်ရွန် ဂျင်းနင်း ရှင်းပြရင်းနှင့် စာတိုတချို့ကို ဖွင့်ပြလိုက်သည်။

ထို့နောက်... အမည်မသိ နံပါတ်များထံမှ ဝင်လာသော စာတိုများကို ဖွင့်ပြလိုက်သည်။

"ဒါတွေက... ဒီဗွန်ရှိုင်းယား ဟွတ်ခ် ဆီက ပို့လာတဲ့ စာတွေပဲ"

"သူ ကျုပ်ကို ဆက်သွယ်ချင်ရင်... နံပါတ်အမျိုးမျိုးကို သုံးပြီး ကျုပ်ဖုန်းထဲက ဆက်သွယ်ရေး ချစ်ပ် ဆီကို ကုဒ်တွေနဲ့ စာပို့လေ့ ရှိတယ်"

"ဥပမာဗျာ... သူက 'ငါ ငါးစားချင်တယ်' လို့ ပြောရင်၊ တစ်ယောက်ယောက်ကို ရှင်းပစ်စေချင်တာ။ 'ယဲ့ဖန်... ငါ ငါးစားချင်တယ်' ဆိုရင်၊ ခင်ဗျားကို သတ်ခိုင်းတာပေါ့"

"တကယ်လို့ 'ဒီရက်ပိုင်း ငါးဈေးကွက် အခြေအနေ ဘယ်လိုလဲ' လို့ မေးရင်... သူများရဲ့ သတင်းအချက်အလက်ကို စုံစမ်းခိုင်းတာ။ 'ယဲ့ဖန်... ဒီရက်ပိုင်း ငါးဈေးကွက် အခြေအနေ ဘယ်လိုလဲ' ဆိုရင်၊ ခင်ဗျားအကြောင်း စုံစမ်းခိုင်းတာပေါ့"

ယဲ့ဖန် စာတိုမှတ်တမ်းများကို စစ်ဆေးကြည့်လိုက်သည်။ ပြဿနာ မရှိမှန်း သေချာမှ ဖုန်းကို သိမ်းလိုက်၏။

"မဆိုးဘူး... ဒီပစ္စည်းက တော်တော် တန်ဖိုးရှိတာပဲ"

မိုင်ရွန် ဂျင်းနင်း သက်ပြင်းချလိုက်သည်။

"ဒါဆိုရင်... ကျုပ်ကို အခု သတ်ပေးလို့ ရပြီလား"

"ရတာပေါ့..."

ယဲ့ဖန် ပြုံးလိုက်သည်။ သူသည် မိုင်ရွန် ဂျင်းနင်း၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာအချို့ကို လျင်မြန်စွာ တို့ထိလိုက်ရာ သွေးထွက်နေမှုများ ချက်ချင်း ရပ်တန့်သွားသည်။

ထို့နောက်... ငွေအပ်အချို့ကို ထပ်မံ စိုက်ထည့်လိုက်သည်။

သွေးတိတ်သွားရုံ သာမက... သူ့ခြေလက်များ လှုပ်ရှားမရတော့ဘဲ လေဖြတ်သွားသလို ဖြစ်သွားစေသည်။

"ခင်ဗျား... ဘာလုပ်တာလဲ"

မိုင်ရွန် ဂျင်းနင်း မျက်လုံးပြူးသွားသည်။

"သတ်ပေးမယ်လို့ ပြောထားတယ်လေ..."

ယဲ့ဖန်က နောက်ထပ် ငွေအပ်တစ်ချောင်းကို သူ့လည်ပင်းပေါ်သို့ ထပ်စိုက်လိုက်သည်။

နောက်ဆုံးတော့... မိုင်ရွန် ဂျင်းနင်း အသံပါ ထွက်မလာနိုင်တော့ဘဲ၊ လမ်းကြားထဲတွင် လှုပ်ရှားမရ၊ အော်မရသည့် အခြေအနေဖြင့် ကျန်ရစ်ခဲ့လေတော့သတည်း...။

အခန်း (၁၈၂၅) - ဘာပဲပြောပြော ငါက မကောင်းဆိုးဝါးမှ မဟုတ်တာ

~အသံထွက်မရတော့မှန်း သိလိုက်ရသည့် အချိန်မှာ၊ မိုင်ရွန် ဂျင်းနင်း ပိုပြီး ထိတ်လန့်သွားသည်။

ယဲ့ဖန် ဘာလုပ်ချင်နေလဲ ဆိုတာ သူ လုံးဝ နားမလည်တော့။

မြန်မြန် သတ်ပေးမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။

ဘာလို့ သွေးတိတ်အောင် လုပ်ပေးပြီး၊ ခြေလက်တွေ မလှုပ်ရှားနိုင်အောင် ချုပ်၊ အသံပါ မထွက်နိုင်အောင် လုပ်လိုက်ရတာလဲ။

"အွအွ... အအ..."

သူ အသံထွက်ဖို့ ကြိုးစားပေမယ့်၊ လည်ချောင်းထဲမှ ထူးဆန်းသော အသံတချို့သာ ထွက်လာတော့သည်။ သေချာ နားမထောင်လျှင် ကြားတောင် ကြားရမှာ မဟုတ်ပေ။

ယဲ့ဖန်ကတော့ သူ ဘာပြောချင်လဲ ဆိုတာ ခန့်မှန်းမိသည်။ သူ့မျက်နှာထားကို ကြည့်ပြီး ပြုံးလိုက်၏။

"မကြောက်ပါနဲ့ဗျာ... ဘာပဲပြောပြော ကျုပ်က မကောင်းဆိုးဝါးမှ မဟုတ်တာ၊ ခင်ဗျားကို ရူးကြောင်ကြောင်တွေ လျှောက်လုပ်မနေပါဘူး"

"ကျုပ်က အလိမ်ခံရတာကို မကြိုက်လို့ပါ..."

"ဒါကြောင့် ကျုပ် အလိမ်မခံရအောင်... ပြီးတော့ ဒီ ဂြိုဟ်တုဖုန်းကို ပုံမှန်အတိုင်း သုံးလို့ရမရ သေချာအောင် စောင့်ကြည့်ဖို့အတွက်၊ခ င်ဗျားကို ခဏလောက် အသက်ဆက်ရှင်ခိုင်းထားရဦးမယ်"

မိုင်ရွန် ဂျင်းနင်း ခေါင်းကို အတင်း ခါရမ်းလိုက်သည်။ ငြင်းဆန်ချင်နေပုံ ရ၏။

ယဲ့ဖန်လို လူမျိုး၏ ရှေ့မှာ အရှင်လတ်လတ် ငရဲကျနေမည့်စား... မြန်မြန် သေလိုက်ရတာကမှ ပိုကောင်းဦးမည်။

သို့ရာတွင်၊... သူ့ဆန္ဒက အရာမထင်တော့။

ယဲ့ဖန်က သူ့ကို ဆက်မကြည့်တော့ဘဲ ယွီဖုန်းရှန်းဆီ ဖုန်းဆက်လိုက်သည်။

"ကျွန်တော့်ဆီမှာ လူတစ်ယောက် ရှိနေတယ်... သူ့ကို 'စောင့်ကြည့်' ပေးဖို့ လူတစ်ယောက် လိုနေတယ်"

"လုံးဝ ယုံကြည်ရတဲ့သူ ဖြစ်မှ ရမယ်နော်"

"ပြီးတော့... လူသိနည်းလေ ကောင်းလေပဲ"

ယွီဖုန်းရှန်းက ကျန်းနန် မြေအောက်ဘုရင်မ ပီသပါပေ၏။ ယဲ့ဖန် ဘာဆိုလိုလဲ ဆိုတာ ချက်ချင်း သဘောပေါက်သွားသည်။

လိပ်စာမေးပြီးနောက်... (၁၀) မိနစ်အတွင်း ရောက်လာမည်ဟု ကတိပေးလိုက်သည်။

ယဲ့ဖန် ဖုန်းချလိုက်ပြီး၊ 'တိုင် - ရန့်' ၏ "အထောက်အထား တိုကင်" ဖြစ်သည့် ဂြိုဟ်တုဖုန်းကို ဆက်လက် လေ့လာနေလိုက်သည်။

[ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်က 'အခွင့်အလမ်း လမ်းညွှန်မှု' အား အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သောကြောင့်၊ "သရုပ်ဆောင် ပညာရှင်" စွမ်းရည်ကို ဆုလဒ်အဖြစ် ရရှိပါပြီ]

ထိုအချိန်မှာပင်... ရင်းနှီးနေသော စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။

မရေမတွက်နိုင်သော လှည့်ကွက်များ၊ အဓိက သော့ချက်များ၊ လျှို့ဝှက် နည်းလမ်းများနှင့် သရုပ်ဆောင်ခြင်းဆိုင်ရာ ဗဟုသုတများစွာ ယဲ့ဖန်၏ ဦးနှောက်ထဲသို့ စီးဝင်လာတော့သည်။

ယဲ့ဖန် သတိပြန်ဝင်လာချိန်မှာတော့... သူသည် ဆယ်စုနှစ်ပေါင်းများစွာ သရုပ်ဆောင်လောကမှာ ကျင်လည်ခဲ့သော မဟာ သရုပ်ဆောင် ပညာရှင်ကြီး တစ်ယောက်နှင့် ဘာမှ မခြားနားတော့ပေ။

"ဒီ စွမ်းရည်က... စိတ်ဝင်စားစရာပဲ"

ယဲ့ဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။

‘ 'တိုင် - ရန့်' ရဲ့ အထောက်အထားကို ရရှိလိုက်တာနဲ့ တပြိုင်နက်၊ စနစ်က "သရုပ်ဆောင် ပညာရှင်" စွမ်းရည်ကိုပါ ပေးအပ်လိုက်တာ... တကယ့်ကို ကွက်တိပဲ။

ဒီတစ်ခါ အကူအညီကတော့ တကယ့်ကို ထိရောက်တယ်လို့ ပြောရမယ်။ ’

သူ မိုင်ရွန် ဂျင်းနင်း ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

"သရုပ်ဆောင် ပညာရှင်" စွမ်းရည်၏ ဖော်ပြချက်အရ...

ပထမဆုံး... အရိုးများနှင့် ကြွက်သားများကို ထိန်းချုပ်ပြီး ခန္ဓာကိုယ် ပုံစံကို ပြောင်းလဲရမည်။ မိုင်ရွန် ဂျင်းနင်း၏ အရပ်အမောင်း၊ ခန္ဓာကောက်ကြောင်းနှင့် တူညီအောင် ပြုလုပ်ရမည်။

ပြီးတော့... ကိုယ်နေဟန်ထားကိုလည်း သူနှင့် တူအောင် ပြောင်းလဲရမည်။

မျက်နှာ အမူအရာ၊ အကြည့်၊ အပြုံး... အားလုံးကို သူနှင့် တစ်ထပ်တည်း ကျအောင် ကူးယူရမည်။

အကယ်၍ အဝတ်အစား၊ မိတ်ကပ် စသည့် အထောက်အကူပြု ပစ္စည်းတချို့သာ ပြည့်စုံမည် ဆိုလျှင်... ယဲ့ဖန်က မိုင်ရွန် ဂျင်းနင်း၏ ပုံစံကို ပြီးပြည့်စုံစွာ ပုံတူကူးချ နိုင်တော့မည် ဖြစ်၏။

ယဲ့ဖန်၏ ရှေ့တွင် လဲလျောင်းနေသော မိုင်ရွန် ဂျင်းနင်းပင် မျက်လုံးပြူးသွားရ၏။

သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။

လူတစ်ယောက်က သူ့ပုံစံကို ဒီလောက်ထိ တူအောင် တုပနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့် ထားခဲ့ဖူးပေ။

ယဲ့ဖန်ကတော့ အပြုံးဖျော့ဖျော့လေးဖြင့် မိုင်ရွန် ဂျင်းနင်း၏ လေသံအတိုင်း ပြောလိုက်သည်။

"ဘုရားရေ..."

"ဒါဆိုရင်... ကျုပ် အောင့်အီးပြီး ခင်ဗျား မေးတာတွေ ဖြေပေးပါ့မယ်ဗျာ"

မိုင်ရွန် ဂျင်းနင်း မျက်လုံးအိမ်များ ကျွတ်ထွက်မတတ် ဖြစ်သွားသည်။

ကိုယ်တိုင် မမြင်ရ၊ မကြားရလျှင်... ယဲ့ဖန်၏ အသံနှင့် လေသံက သူ့အသံနှင့် ဒီလောက်ထိ တူနေတယ် ဆိုတာ ယုံနိုင်စရာ အကြောင်းမရှိပါ။

မဟုတ်ဘူး... တူတာ မဟုတ်ဘူး၊ တစ်ပုံစံတည်း ဖြစ်နေတာ။

မူရင်း ကာယကံရှင် ဖြစ်သော သူတောင်မှ... ဘာအပြစ်အနာအဆာမှ ရှာမတွေ့နိုင်။

ဒီလူက တိုက်ခိုက်ရေးမှာ ကြောက်စရာ ကောင်းတာတင် မကဘူး... ဆေးပညာမှာလည်း ထူးချွန်တယ်၊ အခုကျတော့ သရုပ်ဆောင်တာပါ ဒီလောက် ပိုင်နိုင်နေတယ် ဆိုတော့...

ဒီလူက လူရော ဟုတ်သေးရဲ့လား။

မိုင်ရွန် ဂျင်းနင်း ရင်ထဲမှာ အော်ဟစ်လိုက်မိသည်။

ယဲ့ဖန်က သူ့တုံ့ပြန်မှုကို ဂရုမစိုက်ပေ။

ရုပ်ရည်ကို ပြောင်းလဲဖို့ အထောက်အကူပြု ပစ္စည်းတချို့ လိုအပ်နေသေးတာမို့၊ မိုင်ရွန် ဂျင်းနင်းကို ခဏ ပစ်ထားခဲ့ပြီး အပြင်ထွက်ကာ ပစ္စည်းတချို့ သွားဝယ်လိုက်သည်။

ပြန်ရောက်တော့... မိုင်ရွန် ဂျင်းနင်းရဲ့ ရှေ့မှာတင် သူ့ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်ပြီး၊ မျက်နှာကိုလည်း ပြုပြင်မွမ်းမံလိုက်သည်။

ခဏအကြာမှာတော့... သူသည် ယဲ့ဖန် မဟုတ်တော့။ နဂါးနိုင်ငံသား တစ်ယောက် မဟုတ်တော့။

အနောက်တိုင်းသား၊ သန့်ပြန့်ခန့်ညားသော ပညာတတ် ရုပ်ရည်ရှိသည့် မိုင်ရွန် ဂျင်းနင်း အဖြစ်သို့ လုံးဝ ပြောင်းလဲသွားလေတော့သည်။

မိုင်ရွန် ဂျင်းနင်း တစ်ယောက် ယဲ့ဖန် ဘာလုပ်နေလဲ ဆိုတာ နားမလည်နိုင်တော့။

ယဲ့ဖန်ကတော့ ဖုန်းကင်မရာဖြင့် သူ့ပုံစံကို ပြန်ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

ယွီဖုန်းရှန်း ရောက်လာပြီး သူ့ကို မြင်လိုက်ရင်... ဘယ်လို တုံ့ပြန်မလဲ ဆိုတာ သိချင်လှပါပြီ...။

All Chapters