အခန်း (၁၈၂၉-၁၈၃၀)
Vol. 97 Ch. 1829-1830
အခန်း (၁၈၂၉) - ခန္ဓာကိုယ်က ပျော့ခွေသွားပြီ၊ ပါးစပ်ပဲ မာနေတော့တယ်
~ဒီအချိန်မှာတော့... ချန်းဖေးအယ် က သူ့အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေတာကို မြင်လိုက်ရသည့်အခါ ယဲ့ဖန် ရင်ထဲမှာ ကြည်နူးသွားမိသည်။
ဒါကြောင့် ဒီ ခေါင်းဆောင်မလေးကို ဆက်မစနောက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
ချန်းဖေးအယ် ခုန်အုပ်လာသည့် အချိန်မှာ... သူ အသာလေး လှုပ်ရှားပြီး ရှောင်တိမ်းလိုက်သည်။ တချိန်တည်းမှာပင် သူမ၏ လက်နှစ်ဖက်ကို ဖမ်းချုပ်ပြီး၊ နောက်ကျောဘက်သို့ ကျွမ်းကျင်စွာ ပြန်ချုပ်လိုက်သည်။
"ကဲပါ... စိတ်မပူပါနဲ့တော့၊ ယဲ့ဖန် ဘာမှ မဖြစ်ပါဘူးဗျာ"
"ဘာမှ မဖြစ်ရင်... ယဲ့ဖန်ရဲ့ ဖုန်းက ဘာလို့ ရှင့်လက်ထဲ ရောက်နေရတာလဲ"
ချန်းဖေးအယ် က အချုပ်ခံထားရသော်ငြား၊ ဆက်လက် ရုန်းကန်နေဆဲ။
ရုန်းကန်ရင်းနဲ့ သူမ မျက်လုံးတွေထဲမှာ အံ့သြမှုတွေ ပြည့်နှက်လာ၏။
"ပြီးတော့... ရှင်က ဘာလို့ ဒီလောက် ခွန်အားကြီးနေရတာလဲ"
"သတင်းအချက်အလက်တွေအရ ဆိုရင်... ရှင်က အထူးတပ်ဖွဲ့ကနေ အနားယူထားသူ ဆိုပေမယ့်၊ ကိုယ်ခံပညာပိုင်းမှာ သိပ်ထူးချွန်တာ မဟုတ်ဘူး ဆို"
"ရှင်... ခွန်အားကို ဖုံးကွယ်ထားတာလား"
"ဘာတွေ လာပြောနေတာလဲ..."
ယဲ့ဖန် အသာချောင်းဆိုးလိုက်ပြီး၊ မူရင်းအသံကို ပြန်ပြောင်းလိုက်သည်။
"ဦးလေး ယွီ က သူ့ခွန်အားကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး... ကိုယ်က ယဲ့ဖန် မို့လို့ပါ"
"ဆက်မတိုက်ပါနဲ့တော့... ပြီးတော့ စိတ်လည်း မပူပါနဲ့တော့"
"မဟုတ်ရင်... ကိုယ် လက်လွန်ပြီး မင်းကို နာအောင် လုပ်မိမှာ စိုးလို့ပါ"
မူရင်းအသံ ပြန်ရသွားတဲ့အချိန်မှာ၊ ယဲ့ဖန်က သူမကို လွှတ်ပေးလိုက်သည်။
ချန်းဖေးအယ် လုံးဝ မယုံကြည်နိုင်။
သူမသည် သူမရှေ့မှ "ဦးလေး ယွီ" ကို လှည့်ကြည့်လိုက်သည်။
"ရှင်က... ယဲ့ဖန် ဟုတ်လား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ရုပ်ဖျက်ပညာ သုံးပြီး ဦးလေး ယွီ ပုံစံ ပြောင်းလိုက်တယ် ဆိုရင်တောင်... သူ့ရဲ့ စိတ်နေသဘောထား ၊လေသံနဲ့ အရေးကြီးဆုံးက သူ့ရဲ့ အရပ်အမောင်း၊ ခန္ဓာကောက်ကြောင်းကို ဘယ်လိုလုပ်ပြီး တူအောင် လုပ်လိုက်တာလဲ"
ချန်းဖေးအယ် က ဦးလေး ယွီ ကို အပြင်မှာ တစ်ခါမှ မမြင်ဖူးပေမယ့်၊ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကိုတော့ မြင်ဖူးထားသည်။
သူ့အရပ်က ၅ ပေ ၈ လက်မ လောက်သာ ရှိသည်။
ကိုယ်လုံးကလည်း တောင့်တင်းသလိုလိုနှင့် နည်းနည်း ဝဖြိုးသည့် ဘက်ကို သွားသည်။
ယဲ့ဖန်၏ ၅ ပေ ၁၁ လက်မခွဲခန့် အရပ်၊ ကြွက်သား အဖုအထစ်တွေနှင့် ကျစ်လျစ်လှပသော ခန္ဓာကိုယ်နှင့် လုံးဝ ကွာခြားလွန်းနေ၏။
ယဲ့ဖန်လို ခန္ဓာကိုယ်မျိုးက... ဘယ်လိုနည်းနဲ့မှ "ယွီကျင်းနမ်"၏ အရပ်အမောင်း၊ ခန္ဓာကောက်ကြောင်း ဖြစ်သွားစရာ အကြောင်းမရှိ။
"ဒါက ကိုယ် အသစ်သင်ယူထားတဲ့ စွမ်းရည် တစ်ခုပါ... အသေးစိတ်တော့ ပြောပြလို့ မရဘူး"
ယဲ့ဖန်..ချန်းဖေးအယ်၏ အံ့သြနေသည့် မျက်နှာလေးကို ကြည့်ပြီး သဘောကျသွားသည်။ မသိစိတ်ဖြင့် သူမ၏ နှာခေါင်းလေးကို လှမ်းဆွဲလိုက်မိ၏။
"ဒါနဲ့... မင်းက ကိုယ့်ကို တော်တော်လေး တန်ဖိုးထားတာပဲ"
"ခုနက ပြောလိုက်သေးတယ်... ကိုယ် တစ်ခုခု ဖြစ်သွားရင်၊ အသက်နဲ့ ရင်းပြီး သွေးကြွေးဆပ်ခိုင်းမယ် ဆို"
"ရိုးရိုးသားသား ဝန်ခံလိုက်စမ်းပါ... ကိုယ့်ရဲ့ ညှို့ဓာတ်အောက်မှာ ကျဆုံးပြီး၊ ကိုယ့်ကို တိတ်တခိုး ကြိုက်နေမိပြီ မဟုတ်လား"
ယဲ့ဖန်က နှာခေါင်းကို ရုတ်တရက် လာဆွဲလိုက်သည့် အခါ၊ ချန်းဖေးအယ်၏ နှလုံးခုန်သံတွေ ထိန်းမရအောင် မြန်ဆန်သွားပြီး၊ ပါးပြင်တွေပါ ပူထူလာ၏။
သူ့စကားကို ကြားလိုက်ရသည့်အခါ၊ သူမ မနေနိုင်တော့ဘဲ ထပြီး ရန်တွေ့လိုက်သည်။
"ဝေါ... တော်စမ်းပါ၊ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့"
"ရှင့်ကို တိတ်တခိုး ကြိုက်နေတယ် ဟုတ်လား...ရှင်က ဘယ်သူမို့လို့လဲ"
"ကျွန်မက သူငယ်ချင်း၊ ရဲဘော်ရဲဘက် ဆိုတဲ့ ရှုထောင့်ကနေ ပြောတာပါ...မိတ်ဆွေတွေထဲက ဘယ်သူပဲ ဒုက္ခရောက်ရောက်၊ ကျွန်မ အဲ့လိုပဲ ပြောမှာ"
ယဲ့ဖန်ရဲ့ အာရုံ ငါးပါးက အလွန် ကောင်းမွန်နေပြီ ဖြစ်၍... သူမ၏ နှလုံးခုန်သံတွေ မြန်ဆန်နေတာ၊ ပါးပြင်တွေ ရဲနေတာကို အတိုင်းသား မြင်နေ၊ ကြားနေရ၏။
မိတ်ဆွေဟောင်းမလေး တစ်ယောက်... တစ်ကိုယ်လုံး ပျော့ခွေနေပြီ ဖြစ်သော်လည်း၊ ပါးစပ်ကတော့ မာနေသေးတာကို ကြည့်ပြီး သူ ဆက်မစတော့။
သူမကို ပြုံးစစဖြင့် တစ်ချက် ကြည့်လိုက်ပြီး၊ သူမဘာသာ ခံစားနားလည်ပါစေတော့ ဆိုသော အကြည့်မျိုး ပေးလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲသို့ ဝင်ပြီး ရုပ်ဖျက်ထားတာတွေကို ပြန်ဖျက်လိုက်သည်။
ချန်းဖေးအယ် ကတော့... ခုနက သူမ မြင်လိုက်ရသော ယွီကျင်းနမ်က ယဲ့ဖန် ဖြစ်နေသည် ဆိုတာကို မယုံနိုင်သေး။
စိတ်ငြိမ်သွားတော့မှ ရေချိုးခန်းတံခါးကို စိုက်ကြည့်နေလိုက်သည်။
ရေချိုးခန်းထဲမှ ယဲ့ဖန် တကယ် ပြန်ထွက်လာတာကို မြင်လိုက်ရသောအခါ... သူမ မျက်လုံးတွေ ပြူးကျယ်သွားသည်။
ချက်ချင်းပင် ရေချိုးခန်းထဲ ပြေးဝင်သွားပြီး... တခြားလူ ပုန်းနေသလား၊ လျှို့ဝှက်လမ်းကြောင်း ရှိနေသလား ဆိုတာ လိုက်ရှာတော့သည်။
ယဲ့ဖန် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"ကဲပါ... လိုက်ရှာမနေပါနဲ့တော့။ ခေါင်းဆောင်ရယ်... ခုနက တကယ် ကိုယ်ပါဆို"
"အဲ့ဒါ ကိုယ် အသစ်တတ်ထားတဲ့ ပညာလေ... ဘယ်သူ့ပုံစံ လုပ်လုပ်၊ အဲ့ဒီလူနဲ့ တစ်ပုံစံတည်း တူသွားတာ"
"မင်း အလိမ်ခံလိုက်ရတာ မဆန်းပါဘူး... ခုနက ယွီဖုန်းရှန်းတောင် ကိုယ့်ကို 'ဦးလေး' ဆိုပြီး အကြိမ်ကြိမ် ခေါ်သွားသေးတာ"
ဒီတစ်ခါတော့ ချန်းဖေးအယ် ယုံသွားပုံ ရ၏။
ယဲ့ဖန်၏ စကားကို ကြားတော့ သူမက အထင်သေးသည့် အကြည့်နှင့် ကြည့်လိုက်သည်။
"ယွီဖုန်းရှန်းကို ဦးလေး လို့ ခေါ်ခိုင်းတယ် ဟုတ်လား... ဒါ လူလုပ်တဲ့ အလုပ်လား"
"ရှင့်မှာ အဲ့လို ထူးဆန်းတဲ့ ဝါသနာမျိုး ရှိနေတာတော့ မဟုတ်ပါဘူးနော်"
"အင်တာနက်ပေါ်မှာ တွေ့ဖူးတယ်... ယောကျာ်းတွေ အများစုက မိန်းကလေးတွေ ‘ဒယ်ဒီ’ လို့ ခေါ်တာကို ကြိုက်ကြတယ် ဆို"
"ဘယ် ဝက်ဘ်ဆိုက်မှာ ဖတ်ဖူးတာလဲ... လင့်ခ်လေး ဘာလေး မျှဝေပါဦးလား"
ယဲ့ဖန်က ချက်ချင်း တန်ပြန် တိုက်စစ်ဆင်လိုက်သည်။
ထင်ထားသည့်အတိုင်းပင်... ချန်းဖေးအယ် မျက်နှာရဲသွားပြီး စကားလမ်းကြောင်း အမြန် လွှဲလိုက်သည်။
"အာ..မေ့သွားပြီ"
"ထားလိုက်ပါတော့... ဒီအကြောင်းတွေ ဆက်မပြောဘဲ၊ အလုပ်ကိစ္စ မြန်မြန် ပြောကြရအောင်…”
အခန်း (၁၈၃၀) - ကိစ္စမရှိပါဘူး... ငါ လှုပ်ရှားလိုက်ရင် ပြီးတာပဲ
~"ဒီဗွန်ရှိုင်းယား မြို့စားအိမ်တော်ရဲ့ ဖွဲ့စည်းပုံကို ကြည့်လိုက်ပါဦး..."
ချန်းဖေးအယ် သည် ပြောရင်းဆိုရင်းနှင့် မြေပုံကြမ်း တစ်ခုကို ကော်ဖီစားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။
"ဒါက ကျွန်မတို့နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်ကြီးရဲ့ မှတ်ဉာဏ်ရယ်၊ လုံခြုံရေးအဖွဲ့ဝင်တွေ စုဆောင်းထားတဲ့ အချက်အလက်တွေရယ်ကို ပေါင်းပြီး ရေးဆွဲထားတဲ့ မြေပုံကြမ်းပဲ"
ယဲ့ဖန်သည် သူမ ညွှန်ပြရာကို လိုက်ကြည့်လိုက်သည်။ မြေပုံပေါ်တွင် ဒီဗွန်ရှိုင်းယား အိမ်တော်ဝန်းကျင်ရှိ လုံခြုံရေး အခြေအနေများကို အသေးစိတ် မှတ်သားထားသည်ကို တွေ့ရ၏။
"ဒီဗွန်ရှိုင်းယား မိသားစုက တခြား မြို့စားကြီးတွေနဲ့ မတူဘူး... သူတို့ရဲ့ လုံခြုံရေးက အရမ်း တင်းကျပ်တယ်"
ချန်းဖေးအယ် က လေးနက်စွာ သတိပေးလိုက်သည်။
"ပထမဆုံး အချက်... အိမ်တော် ဝင်ပေါက်နဲ့ ခြံစည်းရိုး တလျှောက်မှာ 'အာလ်ထရာ-ဟိုက်-ဒက်ဖနီးရှင်း' စောင့်ကြည့်ကင်မရာ အလုံး (၂၀) ထက်မနည်း တပ်ဆင်ထားတယ်။ ပြီးတော့ ဗို့အားမြင့် လျှပ်စစ်စည်းရိုးတွေပါ တပ်ဆင်ထားတာမို့၊ တခြားသူတွေ ခြံစည်းရိုးကျော်ဝင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
"ဒုတိယ အချက်... ကျယ်ဝန်းလှတဲ့ အိမ်တော်ဝင်းထဲမှာ အထူးလေ့ကျင့်ထားတဲ့ သက်တော်စောင့်တွေက (၂၄) နာရီပတ်လုံး ကင်းလှည့်နေကြတယ်။ အပြင်လူတွေ ခြံစည်းရိုးကျော်ဝင်လာရင်တောင်၊ သူတို့မျက်လုံးအောက်ကနေ လွတ်မြောက်ဖို့ မလွယ်ဘူး"
"နောက်ဆုံး အချက်ကတော့... ဒီဗွန်ရှိုင်းယား မိသားစု နေထိုင်တဲ့ ပင်မ အဆောက်အဦးပဲ။ အဲ့ဒီအနားမှာ လက်နက်ကိုင် သက်တော်စောင့်တွေ (၂၄) နာရီ စောင့်ကြပ်နေကြတယ်။ တကယ်လို့ ကျွန်မတို့သာ ဝင်ရင်းနဲ့ အမိခံလိုက်ရရင်၊ သေနတ်တွေ ကိုင်ထားတဲ့ သက်တော်စောင့်တွေ ဝိုင်းထားတာ ခံရမယ့်အပြင်၊ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ 'ပညာရှင်' တွေပါ ချက်ချင်း ရောက်လာကြလိမ့်မယ်..."
ချန်းဖေးအယ် က အခြေအနေ ဘယ်လောက် အန္တရာယ်များကြောင်း ရှင်းပြနေသော်လည်း၊ ယဲ့ဖန်၏ မျက်နှာထားကတော့ အေးဆေးတည်ငြိမ်နေဆဲ။
"အင်း... ကောင်းတယ်"
ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီး တိုတိုတုတ်တုတ် ပြန်ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ကိုယ် လှုပ်ရှားလိုက်ရင် ပြီးတာပဲ"
"..."
ချန်းဖေးအယ် တစ်ယောက် ဆွံ့အသွားသည်။ သူမ၏ စကားလုံးများ လည်ချောင်းဝတွင် တစ်ဆို့သွားရရှာသည်။
ခဏအကြာမှ သတိပြန်ဝင်လာပြီး တံတွေးတစ်ချက် မျိုချလိုက်မိသည်။
"ရှင်...ဆိုလိုတာက၊ ဒီလောက် လုံခြုံရေး တင်းကျပ်တဲ့ နေရာကို အတင်း ဝင်စီးမလို့လား"
"ဘာလို့ မဝင်ရမှာလဲ..."
ယဲ့ဖန်က ပြန်မေးလိုက်သည်။
"ချန်လုံခေတ်က 'အသက်ရှည် ဆေးဘူးပုံစံ ပန်းအိုး' ရဲ့ တန်ဖိုးက (၆၃၀) သန်းလောက် ရှိတာနော်။ တကယ်လို့ ကြိုက်တဲ့သူနဲ့ တွေ့ရင် သန်း (၇၀၀) လောက်အထိ ရနိုင်တယ်"
"ဒီလောက် များပြားတဲ့ ငွေပမာဏကြီးကို မရယူဘဲ ထားခဲ့ရမယ် ဆိုရင်... အဟမ်း၊ ဆိုလိုတာက... နဂါးနိုင်ငံရဲ့ အဖိုးတန် ရတနာကြီးကို ဒီအတိုင်း ထားခဲ့ရမှာ နှမြောစရာ ကောင်းလွန်းတယ် လို့ ပြောတာပါ"
*(ပိုက်ဆံကို မက်တာ မဟုတ်ပါဘူးနော်... မျိုးချစ်စိတ်ကြောင့်ပါ)*
ချန်းဖေးအယ် ကတော့ ယဲ့ဖန် စကားထဲက အသေးစိတ် အချက်အလက်တွေကို အာရုံမစိုက်နိုင်တော့။ သူမ မျက်လုံးပြူးကာ စိုးရိမ်တကြီး ပြောလိုက်သည်။
"ဒါပေမဲ့... အခြေအနေကို ရှင်းပြပြီးပြီလေ။ အထဲမှာ အရမ်း အန္တရာယ် များတယ်လို့"
"ပြီးတော့ အခု ပြောပြနေတာတွေက အပေါ်ယံ အချက်အလက်တွေပဲ ရှိသေးတာ..ကျွန်မတို့ မသိသေးတဲ့ လျှို့ဝှက် အန္တရာယ်တွေ အများကြီး ရှိနေနိုင်သေးတယ်"
ယဲ့ဖန် ပခုံးတွန့်လိုက်သည်။ သူ ဂရုမစိုက်။
ချန်းဖေးအယ် ကတော့ လေးလေးနက်နက် ထပ်ပြောသည်။
"ဒီနေရာက ကျွန်မတို့နိုင်ငံ မဟုတ်ဘူးနော်... အထူးသဖြင့် နေမဝင်အင်ပါယာရဲ့ မြို့စားကြီး တစ်ယောက်ရဲ့ အိမ်တော်ကို ကျူးကျော်ဝင်ရောက်တာလေ။ သူတို့မှာ ကျူးကျော်သူကို နေရာမှာတင် ပစ်သတ်ခွင့် ရှိတယ်"
"ကျွန်မတို့ လုပ်ရပ်သာ ပေါ်သွားရင်... သေဖို့လမ်းပဲ ရှိတယ်"
"မပူပါနဲ့..."
ယဲ့ဖန်က အေးဆေးပင်။
"ကိုယ့်မှာ အမိဖမ်းခံရနိုင်ခြေ အနည်းဆုံး ဖြစ်အောင် လုပ်မယ့် နည်းလမ်း ရှိပါတယ်"
"အဲ့ဒီ ပန်းအိုးကို မရမချင်း ကိုယ့်အထောက်အထားကို မပေါ်အောင် နေနိုင်သရွေ့... ဒီဗွန်ရှိုင်းယား အိမ်တော်ထဲကနေ အလွတ်ရုန်းထွက်နိုင်မယ့် နည်းလမ်းပေါင်း (၁၀၀) မက ကိုယ့်မှာ ရှိတယ်"
ပြောရင်းနှင့်... သူသည် ချန်းဖေးအယ် ၏ အံ့သြနေသော အကြည့်များကို လစ်လျူရှုကာ ရေချိုးခန်းထဲသို့ နောက်တစ်ကြိမ် ဝင်သွားပြန်သည်။
သူ့၏ "သရုပ်ဆောင် ပညာရှင်"စွမ်းရည်နှင့် ရုပ်ဖျက်ပညာကို ပေါင်းစပ်ပြီး နောက်ထပ် အသွင်ပြောင်းခြင်း တစ်ခု ပြုလုပ်လိုက်ပြန်လေသည်။
ပြန်ထွက်လာသောအခါ...
အရောင်တောက်နေသယောင် ထင်ရသည့် ခန့်ညားချောမောသော ပုံရိပ် တစ်ခု ပေါ်ထွက်လာ၏။
နက်ပြာရောင် မျက်လုံးများ၊ ရွှေရောင် ဆံပင်များနှင့် အနောက်တိုင်း အထက်တန်းလွှာ တစ်ယောက်၏ စံပြ ရုပ်ရည်သွင်ပြင်...။
၆ ပေ ၃ လက်မ နီးပါး မြင့်မားသော အရပ်အမောင်းနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစား...။
မျက်နှာပေါ်တွင် ချိတ်ဆွဲထားသော အပြုံးဖျော့ဖျော့လေးက မာနကြီးမှုနှင့် အထင်သေးမှုတို့ကို သိမ်မွေ့စွာ ဖော်ပြနေပြီး၊ ရိုမန့်တစ် ဝတ္ထုတွေထဲက ဇာတ်လိုက်မင်းသား တစ်ယောက်အလား ထင်မှတ်ရစေသည်။
"ဘယ်လိုလဲ..."
ယဲ့ဖန်သည် ဖော့ခ်စီးတီး ဒေသခံ လေသံအစစ်ဖြင့် မေးလိုက်သည်။
"မင်းရော... ကိုယ်နဲ့အတူ လိုက်မလား"
ချန်းဖေးအယ် တစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ငေးမောကျန်ရစ်ခဲ့လေတော့သတည်း...။