← Chapters

အခန်း (၄၇၂)

Vol. 48 Ch. 472

အခန်း (၄၇၂)

Vol. 48 Ch. 472

ဝူမိသားစုအတွင်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ နို့ထိန်းအမေက မေးမြန်းခြင်း မရှိသကဲ့သို့ ၊ တုဖိန်အာကလည်း ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ပေ။

သူ၏ ဘေးတွင်မူ ချန်ဖိန်၏ ညီမလေးနှင့် မိခင်ဖြစ်သူတို့ ရှိနေကြသည်။ ချန်ရွှမ်ရွှမ်သည် အလုပ်လုပ်ရာတွင် သွက်လက်ပြီး စေ့စပ်သေချာလှသဖြင့် ၊ နို့ထိန်းအမေကြီး တုလီနီယန်က သူမကို အလွန်ပင် သဘောကျကာ သမီးအရင်းတစ်ယောက်ကဲ့သို့ ချစ်ခင်နေမိတော့သည်။

“နို့ထိန်းအမေကြီး… သခင်လေးတုပိုင်က အခုဆိုရင် စီရင်စုမှူး ဖြစ်နေပြီတဲ့နော်… အဆင့်လေး အရာရှိကြီးပေါ့” ချန်ဖိန်၏ မိခင်က ပြောလိုက်၏။

နို့ထိန်းအမေက ပြုံးလျက် ပြန်ဖြေလိုက်၏။ “ဟုတ်တယ်”

ဘေးနားရှိ ကျီယင်ယင်က ဝင်ပြောလိုက်၏။ “ပိုင်ဆယ်စီရင်စုမှူးတင် မဟုတ်ဘူး ၊ ပိုင်ဆယ်ဒေသရဲ့ စစ်ရေးဆိုင်ရာ ဗိုလ်ချုပ်လည်း ဖြစ်တယ်။ အဆင့်သုံး စစ်ဘက်အရာရှိကြီးပေါ့။ ပြီးတော့ သူက ပိုင်ဆယ်မြို့စား ၊ အင်ပါယာရဲ့ မြင့်မြတ်တဲ့ နယ်စားမင်းတစ်ပါး ဖြစ်သွားပြီ”

“ဘုရားရေ… အသက်နှစ်ဆယ် ပဲ ရှိသေးတာကို ဒီလောက် ရာထူးကြီးတဲ့ အရာရှိ ဖြစ်နေပြီပေါ့။ ဒါဆို ကျွန်မရဲ့သား ချန်ဖိန်ကော အရာရှိ ဖြစ်လာနိုင်မလား” ချန်ဖိန်၏ မိခင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။

အမှန်တကယ်တော့ ချန်ဖိန်၏ မိခင်သည် အခြေအနေများကို ကောင်းစွာ နားမလည်ဘဲ ဝေဝါးနေဆဲ ဖြစ်လေသည်။ ကွမ်ရှီးပြည်နယ် ကျဆုံးသွားကြောင်းနှင့် လီမိသားစုတို့ ပုန်ကန်တော့မည်ဆိုသည် အကြောင်းများကို သူမကဲ့သို့ သာမန်အရပ်သားတစ်ယောက်က သိနားလည်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် တုပိုင်နောက်သို့ လိုက်ပါလာပြီး ဤမြို့သစ်ကြီးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကျီပြောင်ပြောင်က မေးလိုက်၏။ “ကျီယင်ယင်… နင်တို့ မောင်နှမသုံးယောက်က ဘာလို့ နတ်ဘုံနတ်နန်းလို သာယာလှပတဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို စွန့်ခွာခဲ့ရတာလဲ… ဘာပြဿနာ ရှိလို့လဲ”

ကျီယင်ယင်က ငေးငိုင်စွာ ဖြေလိုက်၏။ “ပိတ်လှောင်ခံထားရလို့ ၊ သက်ရှိဝိညာဉ် ကင်းမဲ့နေလို့ ၊ ရေတွင်းထဲက ဖားတစ်ကောင်လို ကောင်းကင်ကို မော့ကြည့်ပြီး ရပ်တန့်နေလို့”

ထိုသို့သော လေးနက်သည့် စကားများကို ပြောရသည်ကို ကျီယင်ယင် သဘောကျပုံ မရပေ။ သူမသည် ခေါင်းမော့လိုက်ပြီး ချစ်စဖွယ် ဟန်ပန်လေး လုပ်ကာ မေးလိုက်၏။ “အမကျီပြောင်ပြောင်… အမနဲ့ အစ်ကိုကြီးတုပိုင်က ဘယ်လို တွေ့ခဲ့ကြတာလဲဟင်… ထူးဆန်းလိုက်တာ”

ထိုစကား ကြားလိုက်ရသောအခါ ကျီပြောင်ပြောင်နှင့် တုဖိန်အာတို့၏ ပါးပြင်များသည် ချက်ချင်းပင် ရှက်သွေးဖြာ၍ ရဲတက်သွားကြသည်။ ကျီပြောင်ပြောင်သည် ဘာမျှ ပြန်မပြောတော့ဘဲ လူကြီးတွေရှေ့၌ လျှောက်ပြောနေမည် စိုးသဖြင့် ကျီယင်ယင်၏ ကိုယ်လုံးသေးသေးလေးကို ပွေ့ချီကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

လက်ရှိအချိန်တွင် ကျီယင်ယင်သည် အသက်လေးငါးနှစ် အရွယ်သာ ရှိတော့ပြီး ပွေ့ချီလိုက်ရာတွင် ဂွမ်းစလေးပမာ ပေါ့ပါးလွန်းလှသည်။ သူမ မည်မျှကြာကြာ အသက်ရှင်နိုင်ဦးမည်နည်း။ ခြောက်လလား ၊ ငါးလလား။

ရုတ်တရက် ကျီပြောင်ပြောင်၏ ရင်ထဲ၌ ဆို့နင့်သွားသကဲ့သို့ မသက်မသာ ခံစားလိုက်ရသည်။

“ဝူးးး ဝူးးး ဝူးးး”

“ရန်သူ လာနေပြီ… ရန်သူ လာနေပြီ….”

ကျီယိနှင့် ကျီအော့တို့၏ ကင်းလှည့်တပ်ဖွဲ့သည် ချက်ချင်းပင် ဦးချိုခရာ မှုတ်လိုက်ကြသည်။ ကျီပြောင်ပြောင်က ပထမဆုံး ဒုန်းစိုင်း ပြေးထွက်သွားပြီး ၊ ကျန်ရှိနေသည့် သိုင်းပညာရှင်များသည်လည်း ဓားများကို ဆွဲထုတ်ကာ ချက်ချင်း ခုန်ထွက်လိုက်ကြသည်။ အိပ်မောကျနေသော လူများသည်လည်း လန့်နိုးလာကြပြီး ထရပ်လိုက်ကြ၏။

တုပိုင်၏ လူလေးထောင်ကျော်သည် နေ့ဘက်တွင် နေရာအနှံ့၌ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ကြသော်လည်း ၊ ညဘက်တွင်မူ မြို့စားမင်းအိမ်တော်ဝင်းကြီး အတွင်း၌သာ စုဝေး နေထိုင်ကြလေသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

တုပိုင်၏ တွင်းနက်မြို့တော် ပတ်ဝန်းကျင်၌ ကြီးမားသော အက်ကြောင်းကြီးများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။ ထို့နောက် အက်ကြောင်းများထဲမှ စစ်သည်နှင့် မြင်းများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာကြသည်။ ထောင်ပေါင်းများစွာသော စစ်သည်နှင့် မြင်းများသည် မြေပြင်တုန်ဟည်းမတတ် ဒုန်းစိုင်း စီးနင်းချီတက်လာကြပြီး ခဏအတွင်းမှာပင် တွင်းနက်မြို့တော် အနီးသို့ ရောက်ရှိလာကြသည်။ သူတို့သည် တုပိုင်၏ မြို့စားမင်းအိမ်တော်ဝင်းကြီး ရှေ့ရှိ ရင်ပြင်တွင် တပ်စွဲလိုက်ကြပြီး အိမ်တော်ဝင်းကြီး တစ်ခုလုံးကို ပိတ်ဆို့ ဝိုင်းရံလိုက်ကြလေ၏။

ကျီပြောင်ပြောင်က အေးစက်စွာ မေးလိုက်၏။ “ရှင်က ဘယ်သူလဲ… ဘာကိစ္စနဲ့ ငါတို့ရဲ့ တုမြို့တော်ကို ရုတ်တရက် လာရောက် ဝိုင်းရံရတာလဲ”

အရပ်ရှည်ရှည်နှင့် ငယ်ရွယ်သည့် ဗိုလ်ချုပ်တစ်ဦး ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်၏။ “ငါက ဖူမျိုးနွယ်စုရဲ့ မြို့စားမင်းလေး ဖူဟုန်ရှီပဲ”

ကျီပြောင်ပြောင်က အေးစက်စွာ မေးလိုက်ပြန်၏။ “မြို့စားမင်းဖူ… ဘာကိစ္စ ရှိလို့ပါလဲ”

အရပ်ရှည်ရှည်နှင့် ဗိုလ်ချုပ်ပျို ဖူဟုန်ရှီက မောက်မာစွာ ပြောလိုက်၏။ “အမြင့်ဆုံးအာဏာနဲ့ ဆုံးဖြတ်ချက်ချတဲ့ အစည်းအဝေးမှာ မြို့စားမင်းတုပိုင်က မဲလိပ်တိုကို နှိုက်မိသွားခဲ့တယ်။ ဒါကြောင့် ဒီတစ်ကြိမ် သွေးယဇ်ပူဇော်ပွဲအတွက် မင်းတို့ တုမျိုးနွယ်စုမှာ တာဝန်ရှိတယ်”

ထိုစကား ကြားလိုက်ရသောအခါ ကျီယင်ယင်၏ မျက်နှာထား အေးစက်သွားလေ၏။

ကျီပြောင်ပြောင်က မေးလိုက်၏။ “သွေးယဇ်ပူဇော်ပွဲ ဆိုတာ ဘာလဲ”

မြို့စားမင်းလေး ဖူဟုန်ရှီက ပြောလိုက်၏။ “မင်းတို့အားလုံးကို ခေါင်းဖြတ်သတ်ပြီး ၊ မင်းတို့ရဲ့ သွေးတွေကို ရေတွင်းမြတ်ထဲ လောင်းထည့်ကာ ၊ နိုးထလာတော့မယ့် သားရဲဆန်းတွေကို နှစ်သိမ်းရမှာ ဖြစ်တယ်။ ဒါမှပဲ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကြီးက နောက်ထပ် နှစ်တစ်ရာလောက် ဆက်လက် အေးချမ်းသာယာ နိုင်မှာလေ။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကြီးအတွက် မင်းတို့ ပေးဆပ်ရတာပါ။ မင်းတို့ရဲ့ ပေးဆပ်မှုက ရဲရင့်ပြီး ကြီးမြတ်ပါတယ်”

ထိုစကား ကြားလိုက်ရသောအခါ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

ကျီပြောင်ပြောင်က အေးစက်စွာ မေးလိုက်၏။ “အားလုံးကို သတ်မှာလား”

မြို့စားမင်းလေး ဖူဟုန်ရှီက ပြောလိုက်၏။ “ဟုတ်တယ်။ မျိုးနွယ်စု တစ်ခုလုံးကို ခေါင်းဖြတ်သတ်ပြီး မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးနဲ့ သားရဲဆန်းတွေကို သွေးယဇ်ပူဇော်ရမှာ”

ကျီပြောင်ပြောင်၏ မျက်နှာထား အေးစက်သွားပြီး အမိန့်ပေးလိုက်၏။ “တပ်ဖြန့်လိုက်… တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”

ချက်ချင်းပင် စစ်သည် တစ်ထောင်ကျော်နှင့် အပြာရောင်နဂါးဂိုဏ်းမှ သိုင်းပညာရှင် တစ်ထောင်ကျော်တို့သည် လက်နက်များကို ထုတ်ယူလိုက်ကြပြီး မြို့စားမင်းအိမ်တော်၏ တံတိုင်းပေါ်သို့ တက်ရောက်ကာ ဝင်ပေါက်အသီးသီးကို စောင့်ကြပ်လိုက်ကြသည်။

သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် နှစ်ထောင်ခန့်မှာမူ ထပ်မံ၍ ထိတ်လန့်ကြောက်ရွံ့ နေကြပြန်သည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ရောက်လာလျှင် အရာအားလုံး အေးချမ်းပြီး စိတ်ချလက်ချ နေထိုင်လုပ်ကိုင်နိုင်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ရက်အနည်းငယ်အကြာမှာပင် နောက်ထပ် အန္တရာယ်တစ်ခုနှင့် ထပ်မံ ကြုံတွေ့ရပြန်ပြီ ဖြစ်သည်။

ဤလောကကြီး၌ သူတို့ သက်တောင့်သက်သာဖြင့် နေထိုင်စရာ နေရာမရှိတော့ဘူးလား ၊ နိဗ္ဗာန်ဘုံဆိုသည်မှာ တကယ်ကို မရှိတော့ဘူးလား။

မြို့စားမင်းလေး ဖူဟုန်ရှီ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အမူအရာ ပေါ်လာပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။ “အသင့်ပြင်”

ချက်ချင်းပင် လေးသည်တော် ထောင်ပေါင်းများစွာသည် လေးကြိုးများကို ဆွဲတင်ကာ ချိန်ရွယ်လိုက်ကြသည်။ သေသပ်ကောင်းမွန်ပြီး အားကောင်းသော ကျောက်ခဲပစ်စက်ကြီးများကိုလည်း ချက်ချင်း ပြင်ဆင်လိုက်ကြ၏။

သူ အမိန့်တစ်ချက်ပေးလိုက်သည်နှင့် တုပိုင်၏ မြို့စားမင်းအိမ်တော်ကြီးကို စိစိညက်ညက် ကြေမွသွားအောင် တိုက်ခိုက်ချေမှုန်းပြစ်တော့မည် ဖြစ်လေသည်။

သို့သော် ဤတစ်ကြိမ်သည် သွေးယဇ်ပူဇော်ပွဲအတွက် ဖြစ်ပြီး ၊ သာမန် တိုက်ပွဲတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လထွက်လာမှသာ သတ်ဖြတ်ခြင်းကို စတင်နိုင်မည် ဖြစ်သည်။

‘ဒီအောက်တန်းစားတွေက တကယ်ကို ရယ်စရာ ကောင်းတာပဲ… မြင့်မြတ်တဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ မင်းတို့က အေးအေးဆေးဆေး နေနိုင်မယ်လို့ တကယ် ထင်နေကြတာလား။ မင်းတို့က ဒီနေရာနဲ့ ထိုက်တန်လို့လား’

မြို့စားမင်းလေး ဖူဟုန်ရှီသည် တုပိုင်ကို တစ်ခါမျှ သွားရောက် မတွေ့ဆုံခဲ့ပေ။ တုပိုင်က ဆဋ္ဌမမြောက် မြို့စားမင်း ဖြစ်လာချိန်တွင်လည်း သူ လုံးဝ ပေါ်မလာခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူက ရယ်စရာကောင်းသည်ဟု ထင်မြင်သောကြောင့် ဖြစ်သည်။ တုပိုင်က မျောက်ပြ ဆန်တောင်းသလို အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်ဟု သူ ယူဆထားသည်။ တုပိုင်နှင့် သူ့မျိုးနွယ်စု တစ်ခုလုံးကို သွေးယဇ်ပူဇော်ရန်အတွက် ရာထူးခန့်အပ်ခဲ့ခြင်း ဖြစ်မှန်း သူ သိထားသော်လည်း ၊ တုပိုင်က သားကောင်အဖြစ် လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဖူဟုန်ရှီသည် ထိုမြင်ကွင်းကို မကြည့်ချင်ပေ။ တုပိုင်ကဲ့သို့သော လူတန်းစားနိမ့်တစ်ယောက်က မြို့စားမင်း ဟူသော ဂုဏ်ပုဒ်ကို ညစ်ညမ်းစေခဲ့သည်ဟု သူ ခံစားရသည်။

‘မင်းတို့လို အဆင့်နိမ့်တဲ့ကောင်တွေကို အကုန်သတ်ပြီး သွေးယဇ်ပူဇော်ပေးလိုက်တာက မင်းတို့အတွက် အကြီးမားဆုံး လက်ဆောင်ပဲ’ ဖူဟုန်ရှီက ဒေါသတကြီးဖြင့် စိတ်ထဲမှ တွေးတောလိုက်သည်။

ဖူထျန်ယာ အပါအဝင် မြို့စားမင်း ငါးပါးနှင့် အကြီးအကဲ ရှစ်ပါးတို့သည် တုပိုင်ကို တွင်းနက်တားမြစ်နယ်မြေ ဝင်ပေါက်ရှိ ရဲတိုက်ထဲသို့ ခေါ်ဆောင်သွားကြလေ၏။

ထို့နောက် လှေကားထစ်များအတိုင်း မြေကြီးအောက်သို့ နက်ရှိုင်းစွာ ဆင်းသက်သွားကြလေသည်။ ဤထူးဆန်းသော နေရာသို့ တုပိုင် တတိယအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ပထမတစ်ကြိမ်တွင် သေပြီထင်သောကြောင့် လာမြုပ်ထားခြင်းဖြစ်လေ၏။ ယခုတတိယအကြိမ်တွင်လည်း ခေါင်းလာဖြတ်ခြင်းပင် ဖြစ်လေ၏။ သောက်ကျိုးနည်း ကံဆိုးလှသည်။

တားမြစ်နယ်မြေ တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်ပြီး ၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် တိတ်ဆိတ်နေလေ၏။ ဤသည်မှာ မိုးမလင်းခင် အမှောင်ထု မဟုတ်ဘဲ ၊ မဟာပေါက်ကွဲမှုကြီး မဖြစ်ပေါ်မီ ထူးဆန်းသော တိတ်ဆိတ်မှုမျိုး ဖြစ်သည်။ လူတစ်စုသည် တုပိုင်ကို ချုပ်နှောင်ပြီး အောက်သို့ ဆက်တိုက် ခေါ်ဆောင်သွားကြသည်။

အနက် မီတာလေးထောင်ခန့်သို့ ရောက်သောအခါတွင် လေထု ပိုမို ပါးလွှာလာကြောင်း တုပိုင် သတိထားမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အသက်ရှူပြီး လေထုတ်ပေးသော ရေညှိပင်များသည် လက်ရှိအချိန်တွင် လုံးဝ ကျုံ့ဝင်နေကြပြီး ကြောက်ရွံ့နေကြသကဲ့သို့ ဖြစ်နေသည်။ အောက်ဆီဂျင် ရှားပါးမှုကြောင့် ဤနေရာတွင် အထူးတလည် မွန်းကြပ်နေသကဲ့သို့ ခံစားနေရသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၄၇၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters