အခန်း (၄၇၃)
Vol. 48 Ch. 473
တုပိုင်တို့အဖွဲ့သည် တားမြစ်နယ်မြေရှိ ကျောက်သားရင်ပြင်ထက်သို့ ရောက်ရှိလာကြ၏။ တုပိုင် အကြီးအကျယ် အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် ဤရေတွင်းမြတ်သည် အလင်းရောင် လုံးဝ ထွက်ပေါ်နေခြင်း မရှိဘဲ မှောင်မိုက်နေသောကြောင့် ဖြစ်သည်။ ရွှေရောင်အလင်းတန်း မထွက်သည်သာမက ၊ ယခင်က ရှိခဲ့ဖူးသော အစိမ်းရောင် ရောင်ခြယ်အလင်းတန်းများပါ ပျောက်ကွယ်နေလေ၏။
ထို့အတွက်ကြောင့် ရေတွင်းမြတ်သည် လောလောဆယ်တွင် သာမန် ရေတွင်းတစ်တွင်းကဲ့သို့သာ တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့သော်လည်း မဟာမြို့စားမင်း ဖူထျန်ယာနှင့် အခြားမြို့စားမင်းများ ၊ အကြီးအကဲများမှာမူ အံ့သြပုံမရပေ။
အဘယ်ကြောင့်ဆိုသော် ဤကျောက်သားရင်ပြင်နှင့် ဤရေတွင်းသည် မြေအောက်ကမ္ဘာ သားရဲဆန်းမျိုးနွယ်စု ပိုင်ဆိုင်ပြီး ၊ သွေးယဇ်ပူဇော်သည့် အချိန်မှလွဲ၍ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လူသားများ ခြေချခွင့်မရှိသည့် တားမြစ်နယ်မြေ ဖြစ်လေသည်။ သူတို့ ယခင်တုန်းက တစ်ခါမှမရောက်ဖူးသည့်အတွက် မသိသည်မှာ ပုံမှန်သာဖြစ်လေ၏။
ဖူထျန်ယာသည် ကျောက်သားရင်ပြင်ပေါ်သို့ တက်လိုက်ပြီး ရေတွင်းမြတ်ရှိရာ ဦးတည်ကာ ရိုသေစွာ ဦးညွှတ်လိုက်၏။ “မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး... ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ သခင် ဖူထျန်ယာ ခစားဝင်ရောက်ပါသည်”
သို့သော် တုံ့ပြန်မှု မရှိပေ။ ဖူထျန်ယာ၏ ပဲ့တင်သံသာ ပြန်ထွက်လာသည်။ မဟာမြို့စားမင်း ဖူထျန်ယာက ထပ်ပြောလိုက်၏။ “လေးစားအပ်ပါသော မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး... လူသားမြို့တော်သခင် ဖူထျန်ယာက ယဇ်ကောင်ကို ခေါ်ဆောင်ပြီး လာရောက်တွေ့ဆုံပါသည်”
လေသံမှာ အလွန် ရိုသေလေးစားမှု ရှိသော်လည်း မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး ပေါ်မလာသေးချေ။ တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် မဟာမြို့စားမင်း ဖူထျန်ယာသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်သည်။ မြို့စားမင်း လေးပါးနှင့် အကြီးအကဲ ရှစ်ပါးတို့သည်လည်း နောက်မှနေ၍ ညီညာစွာ ဒူးထောက်လိုက်ကြသည်။ “နိမ့်ကျတဲ့လူသားများက မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကို ခစားဝင်ရောက်ပါသည်”
စုစုပေါင်း တစ်ဆယ့်လေးယောက် ရှိသည့်အနက် တုပိုင်တစ်ယောက်သာ မတ်တတ်ရပ်နေလေသည်။ နောက်ဆုံးတွင် ရှေ့ရှိ ရေတွင်းမြတ်ထဲမှ ထူးဆန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကြီးမားပြီး ထူးဆန်းသော ပုံရိပ်ကြီးတစ်ခုသည် အောက်ဘက် တွင်းနက်ကြီးထဲမှ ဖြည်းညှင်းစွာ တက်လာလေသည်။
‘ဒါက မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးလား’
ယင်း၌ ရုပ်ခန္ဓာ ရှိမရှိ မသေချာပေ။ အလင်းနှင့် အရိပ်ကဲ့သို့ ဖြစ်နေသည်။ ဖြူဖွေးပြီး ထူးဆန်းသော မျက်နှာတစ်ခု ရှိကာ ၊ မျက်လုံးတစ်စုံက မျက်နှာအများစုကို နေရာယူထားသည်။ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံအောက်တွင်လည်း အရိုးစုများ ရှိနေလေ၏။ မျက်လုံးနှစ်ဖက်ထဲတွင်လည်း ထူးဆန်းသော မီးတောက်များ တောက်လောင်နေလျက်ရှိကာ ကြည့်ရသည်မှာ အလွန်အမင်း ထူးဆန်းအံ့ဖွယ် သတ္တဝါကြီးပင်ဖြစ်လေသည်။
ယင်းသည် လေးငါးမီတာခန့် မြင့်မားပြီး လေထဲတွင် ပျံဝဲနေသည်။ အရှိန်အဝါဖြင့် ဆုံးဖြတ်ရလျှင် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး အလွန် စွမ်းအားကြီးမားပုံ ရသည်။ ဤနေရာကို ကမ္ဘာနှစ်ခု ခွဲထားလေ၏။ တစ်ခုက လူသားမြို့တော် ဖြစ်ပြီး ၊ နောက်တစ်ခုက မြေအောက်တွင်းနက်ထဲရှိ သားရဲဆန်းကမ္ဘာ ဖြစ်သည်။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးသည် ဤဒေသရှိ မြေအောက်တွင်းနက်ကမ္ဘာ၏ ခေါင်းဆောင်ဖြစ်သည်။
သားရဲဆန်းများ အားလုံးသည် ယင်း၏ အုပ်ချုပ်မှုအောက်တွင် ရှိကြသည်။ သူသည် လူသားမြို့တော်၏ မဟာမြို့စားမင်း ဖူထျန်ယာကဲ့သို့ဖြစ်လေပြီး သားရဲဆန်းကမ္ဘာတွင် အရှင်သခင် သတ္တဝါကြီးပင်ဖြစ်လေ၏။ ထို့အတွက်ကြောင့် ဤအကောင်ကြီး မည်မျှပင် စွမ်းအားကြီးမားမည်နည်း ဆိုသည်ကို တွေးကြည့်ရုံနှင့် သိရှိနိုင်လေသည်။
ထို့ကြောင့်ပင် မဟာမြို့စားမင်း ဖူထျန်ယာ အပါအဝင် မြို့စားမင်းများနှင့် အကြီးအကဲများအားလုံး ဒူးထောက်နေကြခြင်း ဖြစ်သည်။
“ဘာကိစ္စလဲ” မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက ဩဇာအာဏာအပြည့်ဖြင့် မောက်မာစွာ မေးမြန်းလိုက်၏။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ အသံသည် တုပိုင်ကို ကြက်သီးဖြန်းဖြန်းထသွားစေပြီး တစ်ကိုယ်လုံးရှိ မွေးညင်းများ ထောင်ထသွားစေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအသံသည် လူတစ်ယောက် နှစ်ယောက်တည်း၏ အသံ မဟုတ်ဘဲ ရာပေါင်းများစွာ ၊ သောင်းပေါင်းများစွာသော သေဆုံးပြီးသား အမျိုးသား ၊ အမျိုးသမီးများ၏ အသံများ တစ်ကြိမ်တည်းထွက်လာသကဲ့သို့ ဖြစ်နေသောကြောင့်ပင်ဖြစ်လေ၏။
တုပိုင်အနေဖြင့် ဤကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် အသံကို ဘယ်သောအခါမှ မေ့သွားနိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နားထောင်လိုက်သည်နှင့် ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ အရှင်လတ်လတ် ဆွဲထုတ်နေသကဲ့သို့ ခံစားရသောကြောင့်ပင် ဖြစ်လေ၏။
မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ “မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး... နှစ်တစ်ရာ ပြည့်မြောက်တဲ့ သွေးယဇ်ပူဇော်ပွဲ ပြန်ရောက်ပါပြီ။ ဒီတစ်ကြိမ်မှာ အရှင့်အတွက် လူလေးထောင်ကျော် ပြင်ဆင်ပေးထားပါတယ်”
ထိုစကား ကြားလိုက်ရသောအခါ တုပိုင် ဒေါသထွက်သွားသည်။ ယခင်က လူသုံးထောင်ဟု ပြောခဲ့သော်လည်း ၊ ယခု လူလေးထောင်ကျော်ဟု ပြောလိုက်ခြင်းမှာ ဖူထျန်ယာတို့သည် တုမျိုးနွယ်စု တစ်ခုလုံးကို သတ်ဖြတ်တော့မည် ဆိုသည်မှာ သေချာသွားပြီ ဖြစ်သည်။
“သွေးယဇ်ပူဇော်ပွဲ...” မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက အေးစက်စွာ ရယ်မောလိုက်သည်။ “မလိုအပ်တော့ဘူး”
ထိုအသံသည် လူတစ်ယောက်၏ ဝိညာဉ်ကို တုန်လှုပ်စေပြန်သဖြင့် တုပိုင်သည် နားနှစ်ဖက်ကို အုပ်ထားချင်စိတ် ပေါက်သွားသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။ သွေးယဇ်ပူဇော်စရာ မလိုတော့ဘူးလား။ မည်သည်ကို ဆိုလိုသည်နည်း။ တုပိုင်သည်လည်း အံ့သြသွားသည်။ အဘယ်ကြောင့် မလိုအပ်တော့သည်နည်း။
ထိုအချိန်၌ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက ဒေါသတကြီးဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေ၏။ “ဘာလို့လဲဆိုတော့ ရေတွင်းမြတ်က မင်းတို့ကြောင့် ညစ်ညမ်းသွားပြီလေ။ သွေးယဇ်ပူဇော်ရင်လည်း ဘာစွမ်းအင်မှ ဖြည့်တင်းပေးနိုင်မှာ မဟုတ်တော့သလို ၊ ဂနာမငြိမ် ဖြစ်နေတဲ့ သားရဲတွေကိုလည်း ငြိမ်သက်စေနိုင်မှာ မဟုတ်တော့ဘူး”
ထိုစကား ကြားရသောအခါ တုပိုင် တုန်လှုပ်သွားသည်။
အိပ်မက်စနစ်က ရေတွင်းမြတ် ညစ်ညမ်းမှုသည် အလွန် ပြင်းထန်လိမ့်မည်ဟု ပြောခဲ့ဖူးသည်မှာ အမှန်တကယ်ပင် ဖြစ်နေသည်။ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက ရက်စက်စွာဖြင့် ဆက်ပြောလိုက်၏။ “လူသားတွေ... စစ်ပွဲ စတင်ပြီ... စစ်ပွဲ စတင်ပြီ။ သားရဲဆန်းတွေရဲ့ သွေးထဲက ဂနာမငြိမ်မှုတွေကို သတ်ဖြတ်ခြင်းနဲ့ပဲ ငြိမ်သက်စေနိုင်တော့မယ်။ စစ်ပွဲ စတင်ပြီ...”
ဖူထျန်ယာက တုပိုင်ကို ရှေ့သို့ တွန်းလွှတ်လိုက်ပြီး အော်ပြောလိုက်၏။ “သူပဲ နေမှာ... သူက ရေတွင်းမြတ်ကို ညစ်ညမ်းစေခဲ့တာပဲ နေမှာ။ သူက ယုတ်ညံ့ပြီး မှောင်မိုက်တဲ့ စွမ်းအင်တွေရဲ့ ဝါးမြိုတာ ခံခဲ့ရဖူးတယ်။ သူက သေချာပေါက် သေဆုံးခဲ့ပြီးမှ သေရွာကနေ ပြန်လာနိုင်ခဲ့တာ။ သူပဲ... သူက ရေတွင်းမြတ်ကို ညစ်ညမ်းစေတဲ့ တရားခံပဲ။ အရှင့်အတွက် သူ့ကို သတ်ပြီး အပြစ်ကို ဆေးကြောပေးပါ့မယ်”
‘သောက်ကျိုးနည်း... ငါက ယူရေနီယမ် ကျောက်တုံးနဲ့ ရောင်ခြည်သင့်ခံလိုက်ရတာက ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးကို ကယ်တင်ဖို့ မဟုတ်ဘူးလား’
ထို့နောက် ဖူထျန်ယာသည် ဓားဖြင့် တုပိုင်၏ ကျောဘက် နှလုံးသားနေရာကို ရုတ်တရက် ထိုးစိုက်လိုက်လေ၏။
ထိုအခိုက်မှာပင် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏နဖူးမှ တတိယမြောက် မျက်လုံး ပွင့်လာလေ၏။
“သေကြစမ်း... နိမ့်ကျတဲ့ လူသားတွေ”
ထို့နောက် အလွန် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးသည် အလွန် ပြင်းထန်သော ၊ အလွန် စွမ်းအားကြီးမားသော ဝိညာဉ်ခွင်းစွမ်းအင်များကို ထုတ်လွှတ်လိုက်လေ၏။
မှန်၏။ ထိုသည်မှာ တုပိုင် စိတ်စွမ်းအင် တိုက်ခိုက်ရာတွင် အသုံးပြုသော ဝိညာဉ်အရိပ် စွမ်းအင်နှင့် အတူတူသာဖြစ်သည်။
“ရွှီးးးးးး”
တစ်ခဏအတွင်းမှာပင် ဖူထျန်ယာ ၊ မြို့စားမင်း လေးပါးနှင့် အကြီးအကဲ ရှစ်ပါးတို့သည် အလွန်အားကောင်းသည့် စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရကြသည်။
ချက်ချင်းပင် သူတို့အားလုံး ဦးနှောက် ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရပြီး အရာအားလုံး ဗလာဟင်းလင်းဖြစ်သွားကာ စဉ်းစားတွေးခေါ်နိုင်စွမ်းတို့အား ယာယီအားဖြင့် ပျောက်ဆုံးသွားလေသည်။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးပင်။ ဝိညာဉ်အရိပ် စိတ်စွမ်းအင် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အမြင့်ဆုံး အုပ်ချုပ်သူ တစ်ဆယ့်သုံးဦးလုံးကို လမ်းလျှောက်နေသော အလောင်းကောင်များအဖြစ် ပြောင်းလဲပစ်လိုက်နိုင်သည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ပျက်စီးသွားပြီ ဖြစ်သည်။ တုပိုင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ အဘယ်ကြောင့်မှန်းမသိ ၊ သူသည်တော့ အလောင်းကောင် မဖြစ်သွားခဲ့ချေ။
တုပိုင်အတွက် အခွင့်အရေးတစ်ခုရောက်ရှိလာပြီဖြစ်လေ၏။ တုပိုင် ရုတ်တရက် လှည့်လိုက်ပြီး ဖူထျန်ယာနှင့် ကျီထျန်အန်းတို့၏ ကျောပြင်ကို လက်ဝါးဖြင့် ရိုက်ကာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို အသုံးပြုပြီးစွမ်းအင်များအား လောဘတကြီးစုပ်ယူလိုက်လေ၏။
“စစ်ပွဲ စတင်ပြီ လူသားတွေ...” မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ “သားရဲဆန်းတွေ... သတ်ဖြတ်ကြ... ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က လူတွေ အကုန်လုံးကို သတ်ပစ်ကြ”
ချက်ချင်းပင်...
“ဝုန်းးးး ဂျိန်းးးးး”
မရေမတွက်နိုင်သော သားရဲဆန်းများသည် တွင်းနက်ထဲမှ ပြေးထွက်လာကြပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ဆီသို့ ကူးပြောင်း ဦးတည်သွားကြလေ၏။
စစ်ပွဲ စတင်တော့မည် ၊ သတ်ဖြတ်ပွဲကြီး စတင်တော့မည်ဖြစ်လေ၏။ ထိုအချိန်၌ပင် တုပိုင်၏ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ဖြင့် ဆက်လက်ပြီး စုပ်ယူဝါးမြိုနေဆဲဖြစ်လေ၏။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးသည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခေါင်းကို ငုံ့လိုက်ပြီး ငရဲမင်းကဲ့သို့ အေးစက်နေသော အကြည့်များဖြင့် တုပိုင်ကို ဖြည်းညှင်းစွာ ကြည့်လိုက်လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၄၇၃) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team