← Chapters

အခန်း (၄၇၄)

Vol. 48 Ch. 474

အခန်း (၄၇၄)

Vol. 48 Ch. 474

မရေမတွက်နိုင်သော သားရဲဆန်း အုပ်စုကြီးများသည် တားမြစ်နယ်မြေ တွင်းနက်ထဲမှ ရူးသွပ်စွာ ပြေးထွက်သွားကြလေသည်။ တုပိုင်ကမူ မျက်လုံးများကို မှိတ်ထားလျက် အတွင်းအားများနှင့် ရွှမ်းချီစွမ်းအင်များကို ဆက်တိုက် ဆိုသလိုပင် အငမ်းမရ တဟုန်ထိုး စုပ်ယူနေတော့သည်။

မဟာမြို့စားမင်း ဖူထျန်ယာ ၊ မြို့စားမင်း ကျီထျန်အန်းတို့၏ အတွင်းအားများနှင့် ရွှမ်းချီစွမ်းအင်များသည် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်မတတ် စီးဝင်လာကြလေ၏။

တုပိုင်သည် ထိုသူနှစ်ဦး၏ ရွှမ်းချီစွမ်းအင်များ မသန့်စင်မည်ကို စိုးရိမ်ခဲ့သော်လည်း ၊ တကယ်တမ်း၌မူ သူတို့နှစ်ယောက်၏ အတွင်းအားမှာ အလွန် သန့်စင်နေပြီး ၊ အထူးတလည် သန့်စင်ပေးစရာ မလိုဘဲ တိုက်ရိုက် စုပ်ယူ၍ ရနိုင်နေကြောင်း တွေ့ရှိလိုက်ရသည်။

ဤမျှ အရေးကြီးသော အချိန်တွင် တုပိုင်က လောဘကြီးပြီး စွမ်းအင်စုပ်ယူနေခြင်း မဟုတ်ပေ။ အခြေအနေသည် အလွန်အမင်း အန္တရာယ်များလှသည် မဟုတ်ပါလော။

အိပ်မက်စနစ်သည်လည်း သူ့ကိုတားဆီးခြင်းမရှိလေဘဲ မည်သည့် တားဆီးမှုမျှ မပြုလုပ်ဘဲ မျက်လုံးမှိတ်ပြီး ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကိုသာ အာရုံစိုက်ပြီး အဆက်မပြတ် စုပ်ယူခိုင်းထားလေ၏။

“ဘုန်းးးး”

တုပိုင်၏ ကျင့်ကြံမှုအဆင့် တိုးတက်သွားပြီ ဖြစ်သည်။ နောက်ဆုံးတော့ တုပိုင်သည် သိုင်းပညာရှင် တတိယအဆင့်မှ သိုင်းပညာရှင် ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သွားပြီဖြစ်လေ၏။ သို့သော် တုပိုင်သည် ရပ်တန့်ခြင်းမရှိလေဘဲ ဆက်လက်ပြီးတော့ စုပ်ယူနေလေသည်။

တုပိုင်၏ ဒန်တျန်သည် နောက်ထပ် အဆင့်ချိုးဖျက်ရန် အဆင်သင့် ဖြစ်နေချိန်တွင်... ရုတ်တရက် သားရဲဆန်း အနည်းငယ်သည် မဟာမြို့စားမင်း ဖူထျန်ယာ ၊ ကျီထျန်အန်းတို့ အပါအဝင် လူ ၁၃ ယောက်၏ အလောင်းများကို ကိုက်ဝါး စားသောက်လိုက်ကြပြီး ၊ အရိုးပါမကျန်အောင် ဝါးမြိုလိုက်ကြသည်။

“ဂါးးးးးး”

ချက်ချင်းပင် သားရဲဆန်း ဒါဇင်ခန့်သည် တုပိုင်ကို ဝိုင်းရံလိုက်ကြပြီး ၊ အနံ့ခံလိုက်ကြကာ ကြောက်မက်ဖွယ်ကောင်းသော လျှာကြီးများဖြင့် တုပိုင်၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို လျက်လိုက်ကြသည်။

ဤသားရဲဆန်းများသည် အရွယ်အစား သေးငယ်ပြီး နှစ်မီတာ ၊ သုံးမီတာခန့်သာ ရှည်လျားကာ သင်းခွေချပ်များ ၊ ဖွတ်များနှင့် တူကြောင်း တုပိုင် တွေ့ရှိလိုက်ရသည်။ လူသားများထက် သန်မာသော်လည်း ၊ ဧရာမ သားရဲကြီးများနှင့်ယှဉ်လျှင်တော့ များစွာအားနည်းနေဆဲဖြစ်လေ၏။

သို့သော် သူတို့ထဲတွင်လည်း ဦးဆောင်သူ ဧရာမ သားရဲကြီးများပါရှိလေပြီး ၊ အကောင်တစ်ရာလျှင် ဧရာမ သားရဲခေါင်းဆောင်ကြီး တစ်ကောင် ပါဝင်၏။

ထိုသားရဲဆန်းများသည် တုပိုင်၏ ခန္ဓာကိုယ်ကို အနံ့ခံပြီးနောက် အားလုံး ထွက်ခွာသွားကြသည်။ သူတို့နှင့် မျိုးနွယ်တူ အနံ့ကိုရသွားသောကြောင့်လား မသိပေ။ တုပိုင်၏ ခန္ဓာကိုယ်ထဲမှ သွေးများသည် မူလအတိုင်း မသန့်စင်တော့သည်မှာ အမှန်ပင်ဖြစ်လေသည်။

“ရွှီးးး ရွှီးးး”

တစ်ခဏအတွင်းမှာပင် တုပိုင်ဘေးရှိ သားရဲဆန်းများ အားလုံး ထွက်ခွာသွားကြသည်။ တုပိုင် မျက်လုံးဖွင့်လိုက်သောအခါ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သားရဲဆန်းများ အားလုံး ပျောက်ကွယ်သွားကြပြီး တားမြစ်နယ်မြေ တွင်းနက်ကြီးထဲမှ ပြေးထွက်ကာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ဆီသို့ ဦးတည်သွားကြပြီ ဖြစ်သည်။

မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးသည်လည်း ပျောက်ကွယ်သွားလေ၏။ သို့သော် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် သူ့အား မသတ်ရသည်နည်း။ သို့သော် ယခုအချိန်သည် ထိုအရာများအား တွေးတောနေရမည့်အချိန်မဟုတ်သေးချေ။ တုပိုင်သည်လည်း ရူးသွပ်မတတ် ပြေးထွက်လာခဲ့သည်။

တားမြစ်နယ်မြေ ဝင်ပေါက်သို့ ရောက်သောအခါ မြွေမိစ္ဆာကြီးနှင့် ဧရာမ သားရဲကြီးနှစ်ကောင်၏ အလောင်းများကို တွေ့လိုက်ရသည်။ ချက်ချင်းပင် တုပိုင်သည် သူ၏ တုမြို့တော်ဆီသို့ အရှိန်ကုန်တင်ပြီး ပြေးသွားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် လထွက်သည်နှင့် ဖူထျန်ယာ၏ စစ်တပ်က တုမျိုးနွယ်စုဝင်များကို သတ်ဖြတ်တော့မည် မဟုတ်ပါလော။ လပြည့်ဝန်းသည် ညကောင်းကင်ယံထက်သို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး အလင်းရောင် တစ်စွန်းတစ်စ ပေါ်ထွက်လာလေ၏။

ဖူထျန်ယာ၏ သား မြို့စားမင်းလေး ဖူဟုန်ရှီ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး ၊ မြှောက်ထားသော ညာလက်ကို ရုတ်တရက် ချလိုက်ကာ စစ်သည် ရှစ်ထောင်ကို တုမျိုးနွယ်စုဝင်များအား သတ်ဖြတ်ရန် အမိန့်ပေးလိုက်တော့သည်။ ထိုအချိန်၌ပင် တုပိုင် ရုတ်တရက် ပြေးထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ရပ်လိုက်”

တုပိုင်ကို မြင်လိုက်ရသောအခါ မြို့စားမင်းလေး ဖူဟုန်ရှီ ကြောင်အသွားပြီး အံ့သြတကြီး ပြောလိုက်၏။

“အောက်တန်းစား တုပိုင်... မင်း... မင်း မသေဘူးလား။”

တုပိုင်က အေးစက်စွာ ပြောလိုက်၏။ “ဖူဟုန်ရှီ... မင်းအဖေ သေပြီ။ မြို့စားမင်းတွေ အကုန် သေပြီ။ အကြီးအကဲတွေ အကုန် သေကုန်ပြီ။ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက စစ်ပွဲ စတင်လိုက်ပြီ။ မရေမတွက်နိုင်တဲ့ သားရဲဆန်း အုပ်စုကြီးတွေက တွင်းနက်ထဲက ပြေးထွက်လာပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို တိုက်ခိုက်နေပြီ။ မင်းရဲ့ ဖူမျိုးနွယ်စုမြို့တော်က ထိပ်ဆုံးက ခံရမှာ”

ထိုစကား ကြားလိုက်ရသောအခါ ဖူဟုန်ရှီက အေးစက်စွာ ပြောလိုက်၏။ “တုပိုင်ဆိုတဲ့ ခွေးကောင်... မင်းပြောတာကို ငါက ယုံမယ် ထင်နေလား။ မင်းတို့လို အောက်တန်းစား ပြင်ပလူတွေက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ နိုင်ငံသား ဖြစ်ခွင့် မရှိဘူး။ သွေးယဇ်ပူဇော်ပွဲ မရှိရင်တောင် မင်းတို့အားလုံးကို သတ်ပစ်ရမယ်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ သွေးသားကို သန့်စင်ရမယ်”

“အားလုံး အသင့်ပြင်ထား... သတ်...”

မြို့စားမင်းလေး ဖူဟုန်ရှီက ရူးသွပ်စွာ သတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။ သို့သော် ထိုအချိန်၌ပင် ရဲရင့်ပြတ်သားသော ဟန်ပန်နှင့် လှပအေးစက်သော အမျိုးသမီးတစ်ဦးသည် ဝံပုလွေဖြူကြီး တစ်ကောင်ကို စီးနင်းလျက် ရောက်ရှိလာပြီး ရပ်တန့်လိုက်သည်။

“ဖူဟုန်ရှီ... စစ်တပ်ကို ဦးဆောင်ပြီး မြန်မြန် ပြန်လာခဲ့” အေးစက်သော အမျိုးသမီးက ပြောလိုက်၏။ “သားရဲဆန်းတွေ မြို့ကို တိုက်ခိုက်နေပြီ။ ငါတို့ စစ်သည်တွေ သေကုန်တော့မယ်။ ငါတို့ ဖူမြို့တော် ကျဆုံးတော့မယ်”

ထိုအချိန်ကျမှသာ မြို့စားမင်းလေး၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားလေ၏။ “ဖူဟုန်ပင်း... ငါက ဖူမြို့တော်ရဲ့ မြို့စားမင်းလေး ဆိုတာကို မှတ်ထားစမ်း။ မင်း ငါ့ကို အမိန့်ပေးခွင့် မရှိဘူး”

ဖူဟုန်ရှီက အေးစက်စွာ ပြောလိုက်၏။ “ပြန်ချင်ရင်တောင် ဒီခွေးကောင် တုပိုင်ကို သတ်ပြီးမှ ပြန်မယ်”

လှပအေးစက်သော အမျိုးသမီးက တိုက်ရိုက် အမိန့်ပေးလိုက်၏။ “ဖူတပ်ဖွဲ့ဝင် အားလုံး... ဖူမြို့တော်ကို ပြန်ကြမယ်”

ထို့နောက် သူမသည် ဝံပုလွေဖြူကြီးကို လှည့်ပြီး ပြန်ပြေးသွားလေသည်။ ဖူဟုန်ရှီ လက်အောက်ရှိ စစ်တပ်သည် ခေတ္တမျှ ကြောင်အသွားပြီးနောက် အစုလိုက်အပြုံလိုက် စတင် ထွက်ခွာသွားကြကာ ၊ ဖူမြို့တော်သို့ ပြန်လည်၍ သားရဲဆန်းများကို တိုက်ခိုက်ရန် အလျင်အမြန် ဆုတ်ခွာသွားကြသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဖူဟုန်ပင်း၏ ဩဇာအာဏာကို သိမြင်နိုင်ပေသည်။ မြို့စားမင်းလေး ဖူဟုန်ရှီ ဒေါသထွက်သွားပြီး တုပိုင်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

“မင်း စောင့်နေလိုက်... တုပိုင်ဆိုတဲ့ ခွေးကောင်”

ထို့နောက် သူသည် မကျေမနပ်ဖြင့် ထွက်ခွာသွားလေ၏။ ဤသည်ကား အလွန်တရာ အရှက်ရဖွယ် ကောင်းလှတော့သည်။

**--**--**--**--**--**--**--**

အခြေအနေများက ပိုမို ဆိုးရွားလာသည်။ ဦးစွာ ဖူမျိုးနွယ်စု၏ မြို့ ကျဆုံးသွားသည်။ ထို့နောက် ထူမျိုးနွယ်စုမြို့ ၊ ရှုမျိုးနွယ်စုမြို့ ၊ လင်းမျိုးနွယ်စုမြို့ နှင့် နောက်ဆုံးတွင် ကျီမျိုးနွယ်စုမြို့ပါ ကျဆုံးသွားလေသည်။

မျိုးနွယ်စုကြီး ငါးခုမှ စစ်သည်များသည် သတ္တိနည်းသောသူများ မဟုတ်ပေ။ အမှန်တကယ်တော့ သူတို့သည် ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး အလွန် စွမ်းအားကြီးမားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲဆန်းအုပ်စုနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် နောက်မဆုတ်ခဲ့ကြဘဲ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပြီး သားရဲဆန်း ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြသည်။

သို့သော် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သည် ပြင်ပရန်သူများအတွက်သာလျှင် ဘယ်သောအခါမျှ မကျဆုံးနိုင်သော ခံတပ်ကြီး ဖြစ်ပေသည်။ သူတို့သည် အားမနည်းချေ။ ဆန့်ကျင်ဘက်အနေဖြင့် အားကောင်း၏။ သို့သော် ရန်သူများက ပိုမိုပြီးတော့ အားကောင်းလေသည်။

ယခု သားရဲဆန်းများမှာမူ အတွင်းရန်သူများ ဖြစ်ကြသည်။ သူတို့သည် အရပ်မျက်နှာ အသီးသီးသို့ ဖြာထွက်နေသော မြေအောက်လှိုဏ်ခေါင်းလမ်းကြောင်းများမှတဆင့် တွင်းနက်မြို့တော်များ အတွင်းသို့ လွယ်ကူစွာ ထိုးဖောက်ဝင်ရောက်နိုင်သည်။ သူတို့၏ အပြေးနှုန်းမှာ လွန်စွာ မြန်ဆန်ပြီး ၊ အစွယ်နှင့် လက်သည်းများမှာ အလွန် ထက်မြက်ကာ ရက်စက်ကြမ်းကြုတ်လှသည်။ မြေကြီးအောက်မှ အဆက်မပြတ် ထွက်ပေါ်လာကြပြီး အရေအတွက်မှာလည်း များသည်ထက် များလာလေသည်။

မြို့ထဲသို့ ဝင်ရောက်သွားပြီးနောက် သားရဲကြီးများသည် တိုက်ရိုက် သတ်ဖြတ်မှုများ ပြုလုပ်ကြသည်။ သူတို့သည် စိုက်ပျိုးမြေများကို ဖျက်ဆီးသည် ၊ စားကျက်မြေများကို ဖျက်ဆီးသည် ၊ မြင်တွေ့သမျှ လူသားတိုင်းကို သတ်ဖြတ်ပစ်ကြလေ၏။

အရာအားလုံးသည် ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် မျိုးနွယ်စုကြီး ငါးခုသည် စစ်တပ်ကို စုစည်းပြီး ပြန်လည် တိုက်ခိုက်ရန် အချိန်ပင်မရလိုက်ချေ။

ထို့ကြောင့် အခြေအနေမှာ လုံးဝ ပြိုလဲသွားပြီး ၊ မျိုးနွယ်စုကြီး ငါးခုမှ လူများစွာ အသတ်ခံလိုက်ကြရသည်။

တုပိုင် ရှိနေသော တွင်းနက်မြို့တော်သည် စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်၍ လူဦးရေ နည်းပါးသဖြင့် သားရဲဆန်းများ၏ နောက်ဆုံး တိုက်ခိုက်မည့် စာရင်းထဲတွင် ပါဝင်နေခြင်း ဖြစ်သည်။

သို့သော် အခြေအနေသည် အန္တရာယ် ရှိလာနေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လူများနှင့် စစ်သည်များသည် မြေအောက်လမ်းကြောင်းများမှတဆင့် တုပိုင်၏ တွင်းနက်မြို့တော်ဆီသို့ ဆုတ်ခွာလာကြသောကြောင့် ဖြစ်သည်။ သားရဲဆန်းများသည် တုပိုင်၏ မြို့တော်ကို မတိုက်ခိုက်ကြောင်း အားလုံးက တွေ့ရှိသွားကြသည်။

သို့သော် သားရဲဆန်းများ၏ ယုတ်မာသော ရည်ရွယ်ချက်ကို တုပိုင်တစ်ယောက်သာ သိလေ၏။ သူတို့သည် လူအားလုံးကို တုပိုင်၏ တွင်းနက်မြို့တော်ဆီသို့ မောင်းထုတ်ပြီး ၊ တစ်နေရာတည်းတွင် စုစည်းစေကာ အကုန်လုံးကို အပြတ်ရှင်းရန် ကြံစည်နေခြင်း ဖြစ်သည်။

**--**--**--**--**--**--**--**

တစ်ရက်... နှစ်ရက်... သုံးရက်...။ သုံးရက် ကြာပြီးနောက် လူပေါင်း သိန်းနှင့်ချီကာ တုပိုင်၏ မြို့တော်အတွင်းသို့ ဒီရေအလား တိုးဝင်လာကြတော့သည်။ မူလက ဟာလာဟင်းလင်း ဖြစ်နေသော တွင်းနက်မြို့တော်သည် ချက်ချင်းပင် လူများဖြင့် ပြည့်ကျပ်သွားပြီး ၊ အိမ်တိုင်းလိုလိုတွင် လူများဖြင့် ပြည့်နှက်နေကာ ပျက်စီးနေသော အိမ်များတွင်ပင် လူများ ပြည့်နေလေသည်။

ကျန်ရှိသော မျိုးနွယ်စုကြီး ငါးခု၏ မြို့များအားလုံး ကျဆုံးသွားပြီ ဖြစ်ပြီး ၊ သားရဲဆန်းများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ကြရပြီ ဖြစ်သည်။

မျိုးနွယ်စုကြီး ငါးခုတွင် မူလက လူဦးရေ ၂၅၀,၀၀၀ ခန့်နှင့် စစ်သည်အင်အား ၈၀,၀၀၀ နီးပါး ရှိခဲ့သည်။ သူတို့၏ သက်တမ်း ရှည်လျားသဖြင့် အသက် ၂၀ မှ ၉၀ အတွင်းကို တိုက်ခိုက်နိုင်သည့် အရွယ်ကောင်းသူများအဖြစ် သတ်မှတ်ထားရာ စစ်သည်အချိုးအစား အလွန် မြင့်မားနေလေ၏။ သို့သော်ယခုအချိန်တွင်တော့ သားရဲဆန်းများ၏ သတ်ဖြတ်မှုကြောင့် လူဦးရေ ၁၇၀,၀၀၀ ခန့်သာ ကျန်ရှိတော့ပြီး စစ်သည်အင်အား ၅၀,၀၀၀ အောက်သာ ကျန်တော့သည်။

နောက်ဆုံးတွင် ဤစစ်သည်အင်အား ၅၀,၀၀၀ သည် တုပိုင်၏ တွင်းနက်မြို့တော်တွင် ခံစစ်စည်း တည်ဆောက်နိုင်ခဲ့ကြသည်။

သုံးရက်တိုင်တိုင် သတ်ဖြတ်ပြီးနောက် သားရဲဆန်းများသည် ကျေနပ်သွားပုံရပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။ သို့သော် သတင်းဆိုးမှာ သားရဲဆန်းများ အားလုံး စတင် စုရုံးနေကြပြီး အရေအတွက် ပိုမို များပြားလာခြင်းပင်။

ဤသားရဲဆန်းအုပ်စုကြီးသည် ကျန်ရှိနေသေးသော ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ နောက်ဆုံးခံတပ်ကို မကြာမီ အလုံးအရင်းဖြင့် တိုက်ခိုက်တော့မည်မှာ ထင်ရှားလှပေသည်။ တုပိုင်၏ မြို့စားမင်းအိမ်တော်သည် ယခုအခါ မျိုးနွယ်စုကြီး ငါးခုမှ မြို့စားမင်းလေးများ နေထိုင်ရာ နေရာနှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ကွပ်ကဲရေးစခန်း ဖြစ်လာသည်။

ယခုအခါ မြို့စားမင်းကြီး ငါးပါးနှင့် အကြီးအကဲ ရှစ်ပါးတို့ သေဆုံးသွားပြီဖြစ်ရာ ၊ တုပိုင်သည် တစ်ဦးတည်းသော မြို့စားမင်း ၊ တစ်ဦးတည်းသော အကြီးအကဲအဖွဲ့ဝင် ဖြစ်လာပြီး ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ လက်ကျန်လူထုအတွက် အမြင့်ဆုံး ခေါင်းဆောင် ဖြစ်လာသင့်ပေသည်။

သို့သော် မျိုးနွယ်စုကြီး ငါးခုမှ မြို့စားမင်းလေးများသည် အစည်းအဝေး ကျင်းပချိန်တွင် တုပိုင်ကို တိုက်ရိုက် ဖယ်ထုတ်ထားလိုက်ကြလေ၏။ တုပိုင်ကဲ့သို့ အပြင်လူသည် မြို့စားမင်းမကလို့ မဟာမြို့စားမင်းတစ်ဦးဖြစ်လျှင်ပင် သူတို့က သောက်ဂရုစိုက်ကြမည် မဟုတ်ချေ။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၇၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters