← Chapters

အခန်း (၄၇၅)

Vol. 48 Ch. 475

အခန်း (၄၇၅)

Vol. 48 Ch. 475

သို့သော် ကိစ္စရပ်များက ထိုမျှနှင့် ရပ်တန့်မသွားခဲ့ချေ။ ဤမြို့စားမင်းအိမ်တော်သည် တုပိုင်ပိုင်ဆိုင်သော အရာဖြစ်သော်လည်း ၊ ယခုအခါတွင် တုပိုင်သည် ဝင်ရောက်ခွင့် မရှိတော့ချေ။ သူ၏ နို့ထိန်းအမေနှင့် အခြား မိသားစုဝင်များသည်လည်း မောင်းထုတ်ခံလိုက်ရလေသည်။

မျိုးနွယ်စုကြီး ငါးခုမှ မြို့စားမင်းလေးများသည် အချင်းချင်း တိုင်ပင်ဆွေးနွေးကြသော်လည်း ၊ မည်သူတစ်ဦးတစ်ယောက်ကမျှ တုပိုင်၏ သဘောထားကို လာရောက် မမေးမြန်းခဲ့ကြပေ။

လက်ရှိ ရင်ဆိုင်နေရသော ရန်သူသာ မရှိလျှင် ဖူဟုန်ရှီသည် တုပိုင်၏ မျိုးနွယ်စုဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် အမိန့်ပေးပြီး ဖြစ်ပေလိမ့်မည်။ သူ၏ ဖခင် ဖူထျန်ယာသည် ဆယ်စုနှစ်များစွာတိုင်အောင် မဟာမြို့စားမင်းအဖြစ် အုပ်ချုပ်ခဲ့သူ ဖြစ်ရာ ၊ ယခုအခါ မြို့စားမင်းကြီးများ ၊ အကြီးအကဲများ အားလုံး သေဆုံးသွားပြီဖြစ်သော်လည်း ၊ ကျန်ရှိသော မြို့စားမင်းလေး လေးဦးတို့သည် ဖူဟုန်ရှီ၏ ဦးဆောင်မှုကို မလွန်ဆန်ဝံ့ဘဲ အလိုအလျောက် နာခံနေကြရသည်။ မြို့စားမင်းလေး ကျီရှီသည် မကျေနပ်သော်လည်း သူတို့သည် အင်အားနည်းနေသဖြင့် ငြိမ်နေလိုက်ရသည်။

တုပိုင်သည် သူ၏ မျိုးနွယ်စုဝင်များကို အတတ်နိုင်ဆုံး နှစ်သိမ့်ပေးပြီး ၊ စစ်သည်များကို ဦးဆောင်ကာ မိမိ၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်နေလေသည်။

တွင်းနက်မြို့တော်၏ အစွန်းဘက်သို့ မော့ကြည့်လိုက်ရာ ထိုနေရာတွင် သားရဲဆန်းများ ပိုမို များပြားလာသည်ကို တွေ့လိုက်ရသည်။ အဆုံးသတ် တိုက်ပွဲကြီး မကြာမီ စတင်တော့မည် ဖြစ်လေ၏။

“အရှင်တုပိုင်... မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ ၊ ဘာလို့ သားရဲဆန်းစစ်တပ်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို တိုက်ရိုက် တိုက်ခိုက်လာတာလဲ ဆိုတာ ရှင်းပြပေးနိုင်မလား”

အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ တုပိုင် လှည့်ကြည့်လိုက်၏။ ဤအမျိုးသမီးသည် အရပ်အလွန် ရှည်လျားပြီး ၁.၉ မီတာရှိလေသည်။

သူမသည် ဖူမျိုးနွယ်စု မြို့စားမင်းလေး၏ အစ်မ ဖူဟုန်ပင်း ဖြစ်ပြီး ၊ မုဆိုးမတစ်ဦး ဖြစ်သည်။ သူမ၏ ခင်ပွန်းသည် စစ်ခုန်းမျိုးနွယ်စုမှ မြို့စားမင်းအိုကြီး၏ မြေးအကြီးဆုံး ဖြစ်သော်လည်း အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

တုပိုင်က ပြောလိုက်၏။ “ရေတွင်းမြတ်က သူတို့အတွက် အရမ်း အရေးကြီးတယ်။ ဒါပေမဲ့ ရေတွင်းမြတ်က ညစ်ညမ်းသွားပြီလေ။ ဒါကြောင့် သားရဲအုပ်စုတွေက ထိန်းချုပ်မရ ဖြစ်သွားပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို တိုက်ခိုက်လာကြတာ”

ဖူဟုန်ပင်းက မေးလိုက်၏။ “ရေတွင်းမြတ်က ဘာလို့ ညစ်ညမ်းသွားရတာလဲ”

တုပိုင် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ကျွန်တော် မသေခင်မှာ ရေတွင်းမြတ်ထဲ ပြုတ်ကျသွားခဲ့လို့ပဲ။ အဲဒီ ရေတွင်းထဲက ရေတွေက ကျွန်တော့်ကို ကုသပေးခဲ့ပြီး ကျွန်တော့်ခန္ဓာကိုယ်ထဲက ယုတ်ညံ့ပြီး ကြောက်စရာကောင်းတဲ့ စွမ်းအင်တွေကို သန့်စင်ပေးခဲ့တယ်။ ဒါပေမဲ့ အကျိုးဆက်အနေနဲ့ ရေတွင်းရေကလည်း တစ်ခါတည်း ညစ်ညမ်းသွားရော”

ဖူဟုန်ပင်းသည် တုပိုင်ကို အံ့သြတကြီး ကြည့်လိုက်ပြီး ပြောလိုက်၏။ “ရှင်သာ ဒီကိစ္စကို ထုတ်မပြောရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး... ဘာလို့ ကျွန်မကို ပြောပြရတာလဲ”

တုပိုင်က ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောပေ။

ဖူဟုန်ပင်းက ဆက်ပြောလေ၏။ “အရှင်တုပိုင်... ရှင်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို ကယ်တင်ဖို့အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ယုတ်ညံ့တဲ့ စွမ်းအင်တွေ ကူးစက်ခံခဲ့ရတာ။ ပြီးတော့ ရှင်က ရေတွင်းမြတ်ထဲကို တမင်တကာ ခုန်ချခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် ရေတွင်းမြတ် ညစ်ညမ်းသွားတာက ရှင့်အပြစ် မဟုတ်ပါဘူး။ မူလ အပြစ်တရားက ကျွန်မတို့ဆီမှာ ရှိတာပါ။ မျိုးနွယ်စုကြီး ငါးခုကသာ ပေါင်းစည်းပြီး စစ်ခုန်းမျိုးနွယ်စုကို မဖျက်ဆီးခဲ့ဘူးဆိုရင် ၊ ပရောဖက် စစ်ခုန်းလင်းက ရေလှောင်ကန်ထဲမှာ ယုတ်ညံ့တဲ့ စွမ်းအင်တုံးကို လာထားမှာ မဟုတ်ဘူး။ ရေတွင်းမြတ်လည်း ညစ်ညမ်းသွားမှာ မဟုတ်ဘူး။ အရာအားလုံးမှာ အကြောင်းနဲ့ အကျိုး ရှိတယ်။ အပြစ်က ကျွန်မတို့ဆီမှာ ရှိတာပါ... ရှင်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး”

တုပိုင် အမှန်တကယ် အံ့သြသွားပြီး ဖူဟုန်ပင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

ဖူထျန်ယာတို့လို ယုတ်မာကောက်ကျစ်သူများနှင့် ကြုံတွေ့ပြီးနောက် ၊ ဤမျှ သဘောထားကြီးပြီး ဖြောင့်မတ်သူတစ်ဦးကို တွေ့ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။

ဖူဟုန်ပင်းက ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ကျွန်မတို့ ပူးပေါင်းပြီး စစ်ခုန်းမျိုးနွယ်စုကို ချေမှုန်းခဲ့ကြတယ်။ ကျွန်မရဲ့ စေ့စပ်ထားသူလည်း သူတို့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ အခု ကျွန်မအဖေက ရှင့်ရဲ့ တုမျိုးနွယ်စုကို အသက်ရှင်စရာ လမ်းမရှိအောင် ဖိအားပေးခဲ့ပြီး မျိုးနွယ်စု တစ်ခုလုံးကို သွေးယဇ်ပူဇော်ခိုင်းခဲ့တယ်။ ရှင့်ကို လုံးဝ ပေးဆပ်ခိုင်းခဲ့တာ။ ရှင်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ ကံကြမ္မာကို ကယ်တင်ပေးခဲ့ရုံသာမက ၊ သူ့အသက်ကိုပါ ကယ်တင်ပေးခဲ့တာ ဖြစ်လျက်နဲ့ပေါ့”

ထို့နောက် ဖူဟုန်ပင်းက ဆက်ပြောပြန်၏။ “ရှင့်ဘေးနားက ကောင်မလေးက တစ်ချိန်တုန်းက လောကကြီးကို တုန်လှုပ်သွားအောင် လုပ်ခဲ့တဲ့ ပါရမီရှင် ကျီယင်ယင် မဟုတ်လား”

တုပိုင် ဤတစ်ကြိမ်တွင်တော့ လုံးဝ တုန်လှုပ်သွားရသည်။ ကျီယင်ယင်အား ဖူဟုန်ပင်းက မည်ကဲ့သို့ သိနေသည်နည်း။

ဖူဟုန်ပင်းက ပြောလိုက်၏။ “အဲဒီတုန်းက ကျီမိသားစု မောင်နှမသုံးယောက်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ ဟန်ဆောင်မှုတွေနဲ့ ပိတ်လှောင်ထားမှုတွေကို သည်းမခံနိုင်လို့ ထွက်ခွာသွားခဲ့ကြတာလေ။ ကျွန်မလည်း ခဏတာ ထွက်ခွာသွားခဲ့ဖူးတယ်... ဒါပေမဲ့ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့တာပါပဲ”

တုပိုင်က မေးလိုက်၏။ “ဘာလို့ ပြန်လာတာလဲ”

ဖူဟုန်ပင်းက ပြောလိုက်၏။ “ပြင်ပကမ္ဘာကြီးက ပိတ်လှောင်မထားဘူး ဆိုပေမဲ့ အရမ်း အေးစက်လွန်းတယ်။ ပိုပြီးတော့တောင် အထီးကျန်ဆန်သေးတယ်။ ကျွန်မ လောကအနှံ့ လျှောက်သွားခဲ့ဖူးတယ်။ အထူးသဖြင့် ပေမင်ဓားဂိုဏ်းမှာ သုံးနှစ်လောက် ပညာသင်ခဲ့ဖူးတယ်။ လူတစ်ယောက်ကို ပြစ်မှားမိလို့ အထုတ်ခံလိုက်ရတာပေါ့လေ။ ဒါပေမဲ့ ပြင်ပကမ္ဘာကို မြင်ပြီးတဲ့နောက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်လည်း ပြောင်းလဲသင့်ပြီလို့ ကျွန်မ ထင်တယ်။ ရေတွင်းထဲက ဖားတစ်ကောင်လို ကောင်းကင်ကို မော့ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေလို့ မရတော့ဘူး”

တုပိုင်က ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျား ကျရှုံးခဲ့တယ်”

ဖူဟုန်ပင်းက ပြောလိုက်၏။ “ဟုတ်ပါတယ်... ဘာလို့လဲဆိုတော့ ရှေးရိုးစွဲ အင်အားစုတွေက အရမ်း ကြီးမားလွန်းလို့လေ။ အရှင်တုပိုင်လည်း မြင်တဲ့အတိုင်းပါပဲ။ ကျွန်မတို့ မျိုးနွယ်စုကြီး ငါးခုက လူသားတွေရဲ့ သွေးမျိုးဆက် ပါရမီနဲ့ ယှဥ်ရင် ဘယ်လိုနေလဲ”

တုပိုင်က ပြောလိုက်၏။ “ခင်ဗျားတို့က စွမ်းအင်တွေ ပြည့်ဝနေတဲ့ ရတနာမြေပေါ်မှာ နေထိုင်ကြတာကိုး။ လူတိုင်းရဲ့ သွေးမျိုးဆက်ပါရမီက အရမ်း မြင့်မားတယ်။ လူတိုင်းက စွမ်းအားတွေ ပြည့်ဝနေပြီး ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားတွေချည်းပဲ။ ခင်ဗျားတို့ရဲ့ စစ်တပ်က သားရဲဆန်း ရာပေါင်းများစွာကိုတောင် သတ်ဖြတ်နိုင်ခဲ့တာ တကယ့်ကို တုန်လှုပ်စရာ ကောင်းပါတယ်”

ဖူဟုန်ပင်းက ပြောလိုက်၏။ “ဟုတ်တယ်... ဒါပေမဲ့ ရယ်စရာကောင်းတာက ကျွန်မတို့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ မဟာဆရာသခင်အဆင့် ပေါ်မလာခဲ့တာ နှစ် ၂၀၀ ရှိသွားပြီ။ ကျွန်မအဖေ ၊ မြို့စားမင်းကြီး ငါးပါး ၊ အကြီးအကဲ ရှစ်ပါး ၊ အားလုံးက ဆရာသခင်အဆင့် အထွတ်အထိပ်မှာပဲ ရပ်တန့်နေကြတယ်။ မဟာဆရာသခင်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်သူ တစ်ယောက်မှ မရှိကြဘူး”

ဤအချက်သည် တုပိုင်အတွက်လည်း အလွန် ထူးဆန်းနေပေသည်။ သူ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ စရောက်စဉ်က အလွန် တုန်လှုပ်ခဲ့ရသည်။ နှစ်တစ်ထောင် သက်တမ်းရှိသော ဧရာမ ရေနဂါးကြီးတစ်ကောင်က တံခါးစောင့်နေသည် ဆိုကတည်းက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သနည်း။ ဤမြေအောက်မြို့တော်၏ သိုင်းပညာ အဆင့်အတန်းသည် ပြင်ပကမ္ဘာထက် အများကြီး မြင့်မားနေလိမ့်မည်ဟု တွေးခဲ့မိသည်။

ရလဒ်အနေဖြင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ပျမ်းမျှ သိုင်းပညာ အဆင့်အတန်းသည် ပြင်ပကမ္ဘာထက် အမှန်တကယ်ပင် နိမ့်ကျနေသည်။ သူသည် မဟာဆရာသခင်အဆင့် ပညာရှင် တစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။

ဖူဟုန်ပင်းက ဆက်ရှင်းပြလေ၏။ “မဟာဆရာသခင် တစ်ယောက် ဖြစ်လာဖို့ဆိုရင် မရေမတွက်နိုင်တဲ့ အခက်အခဲတွေ ၊ တိုက်ပွဲတွေကို ဖြတ်သန်းပြီး သံမဏိကို မီးနှပ်သလို ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို ခိုင်မာအောင် လုပ်ရတယ်။ အချိန်အခါနဲ့ နေရာဒေသ အခွင့်အလမ်းတွေလည်း လိုအပ်သေးတယ်။ တွင်းအောင်းနေရုံနဲ့တော့ မဟာဆရာသခင် ဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ မဟာဆရာသခင် မပေါ်ထွက်လာတာ နှစ်ပေါင်း ၅၀၀ လောက် ရှိသွားပြီ”

“ဘုန်းးးး ဘုန်းးးး ဘုန်းးးး”

ထိုအချိန်၌ မရေမတွက်နိုင်သော သားရဲဆန်း အုပ်စုကြီးများသည် ဒီရေအလား တိုးဝင်လာကြပြီး တုပိုင်၏ တွင်းနက်မြို့တော် ခံစစ်စည်းအပြင်ဘက်တွင် ပေါ်လာကြသည်။ အရေအတွက်က ပြည့်ကျပ်သိပ်သည်းနေပြီး ရေတွက်၍ပင် မရနိုင်ချေ။

“ဝူ.... ဝူ....”

တစ်ချိန်တည်းတွင် ဦးချိုခရာသံများ အားလုံး တပြိုင်နက် ထွက်ပေါ်လာသည်။

ခံစစ်စည်းပေါ်ရှိ စစ်သည် ငါးသောင်းသည် ရုတ်တရက် တုန်လှုပ်သွားကြပြီး လက်နက်များကို အသီးသီး ထုတ်ယူလိုက်ကြသည်။

တုပိုင်၏ ယိုယွင်းပျက်စီးနေသော တွင်းနက်မြို့တော် အတွင်း၌ ပြည့်ကျပ်နေသော လူသိန်းပေါင်းများစွာသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြပြီး ကမ္ဘာပျက်ကပ် ရောက်လာသကဲ့သို့ ခံစားနေကြရသည်။ ဤလူအများစုမှာ လယ်သမားများနှင့် လက်မှုပညာရှင်များသာ ဖြစ်ကြပြီး သိုင်းပညာနှင့် စိမ်းသက်သူများ ဖြစ်ကြပေသည်။

ရုတ်တရက် နက်ရှိုင်းသောအသံကြီးတစ်ခု ထွက်ပေါ်လာသည်။

“ဒီနေ့ ငါတို့ လူသား ၅,၀၀၀ စားမယ်... စစ်မတိုက်ချင်ရင် အသာတကြည် ပေးအပ်လိုက်စမ်း”

ပြောလိုက်သူမှာ လူပုံသဏ္ဍာန်ရှိသော သားရဲဆန်းတစ်ကောင် ဖြစ်သည်။ လူရိုင်းတစ်ကောင်နှင့် တူပြီး သားရဲအုပ်စု၏ ခေါင်းဆောင်များထဲမှ တစ်ကောင် ဖြစ်လေ၏။

ထိုအချိန်၌ အမြင့်ဆုံး ဆုံးဖြတ်ချက်ချသူ မြို့စားမင်းလေး ငါးပါးသည် ပြေးထွက်လာကြပြီး ၊ ခံစစ်စည်းအပြင်ဘက်ရှိ ပြည့်ကျပ်နေသော သားရဲအုပ်စုကြီးကို လှမ်းကြည့်လိုက်ကြလေသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၇၅ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters