← Chapters

အခန်း (၄၇၆)

Vol. 48 Ch. 476

အခန်း (၄၇၆)

Vol. 48 Ch. 476

မဟာမြို့စားမင်း ဖူထျန်ယာ၏ သား မြို့စားမင်းလေး ဖူဟုန်ရှီသည် တုပိုင်ကို ချက်ချင်း လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။ “လွယ်လွယ်လေးပါ... တုပိုင်ရဲ့ လူ လေးငါးထောင်လောက်ကို ဖမ်းချည်ပြီး သားရဲဆန်းတွေကို အစာကျွေးလိုက်ကြ။ ဒါဆို အားလုံး ပြီးသွားပြီ”

မြို့စားမင်းလေး ကျီရှီက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တုပိုင်အပေါ် သံယောဇဉ်ရှိ၍ သဘောမတူခြင်း မဟုတ်ဘဲ ၊ ဤသို့လုပ်ခြင်းက ဂုဏ်သိက္ခာမဲ့လွန်းသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။

အမှန်စင်စစ် သူသည် မကြာသေးမီက စိတ်ပျက်အားလျော့နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဖူထျန်ယာနှင့် သူ့ဖခင် ကျီထျန်အန်းတို့ ပူးပေါင်းပြီး တုမျိုးနွယ်စု တစ်ခုလုံးကို သွေးယဇ်ပူဇော်ရန် ကြံစည်ခဲ့ကြောင်း သိလိုက်ရသောအခါ သူလေးစားအားထားရသူများအပေါ် ယုံကြည်မှု ပြိုလဲသွားခဲ့ရသည်။

“ဖူဟုန်ရှီ... ဒီလိုလုပ်ရပ်က ငါတို့ရဲ့ ဂုဏ်သိက္ခာကို စော်ကားရာရောက်တယ်” မြို့စားမင်းလေး ကျီရှီက နောက်ဆုံးတွင် ဝင်ပြောလိုက်လေ၏။

ဖူဟုန်ရှီက အေးစက်စွာ ပြောလိုက်၏။ “ကျီရှီ... ငါက လူပေါင်း သိန်းချီအတွက် လုပ်နေတာ။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ မျိုးနွယ်စုကြီး ငါးခုအတွက် လုပ်နေတာ။ ပြင်ပက လူ လေးငါးထောင်လောက်ကို စတေးလိုက်တာ ဘာများ မှားလို့လဲ။ သူတို့က နဂိုကတည်းက အောက်တန်းစားတွေပဲ။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို ဝင်ခွင့်ရလောက်အောင် အရည်အချင်း မရှိဘူး။ သူတို့ကို သားရဲဆန်းတွေဆီ အစာကျွေးလိုက်တာက သူတို့ကြောင့်ညစ်ညမ်းသွားတဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို သန့်စင်လိုက်တာပဲ”

မြို့စားမင်းလေး ကျီရှီက မေးလိုက်၏။ “ဒါဆို မနက်ဖြန်ကျရင်ကော... သဘက်ခါကျရင်ကော... ဘာဆက်လုပ်မလဲ”

ဖူဟုန်ရှီက ပြောလိုက်၏။ “မနက်ဖြန် ကိစ္စ မနက်ဖြန်မှ ဆက်ပြောမယ်”

ထို့နောက် သူသည် ရက်စက်စွာ အမိန့်ပေးလိုက်၏။ “လာကြစမ်း... တုပိုင်ရဲ့ လူ လေးငါးထောင်ကို ဝိုင်းထားလိုက်... ပြီးရင် သားရဲဆန်းတွေဆီ ပို့လိုက်ကြ”

ပြောပြီးသည်နှင့် သူသည် ဓားကို ရုတ်တရက် ဆွဲထုတ်ပြီး တုပိုင်၏ ခြေလက်များကို ဖြတ်တောက်ရန် ဓားဖြင့် ခုတ်ပိုင်းလိုက်လေ၏။

“ဝုန်းးးး”

ချက်ချင်းပင် တုပိုင်၏ စိတ်စွမ်းအင် ဝိညာဉ်တိုက်ခိုက်မှုက ရုတ်တရက် အားအပြည့်ဖြင့် ထွက်ပေါ်လာလေ၏။

“အားးးးး”

တစ်ခဏအတွင်းမှာပင် ဖူဟုန်ရှီသည် စူးရှစွာ အော်ဟစ်လျက် လွင့်ထွက်သွားလေသည်။ သူ၏ သိုင်းပညာ အဆင့်သည် တုပိုင်ထက် များစွာ မြင့်မားသော်လည်း ၊ စိတ်စွမ်းအင်မှာမူ တုပိုင်ကို ယှဉ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် တုပိုင်၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို မကာကွယ်နိုင်ဘဲ ဦးနှောက်တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်သွားလေကာ စဉ်းစားတွေးခေါ်နိုင်စွမ်းအားလုံးကို ယာယီဆုံးရှုံးသွားရလေ၏။

“ရွှီးးး ရွှီးးး ရွှီးးး”

ချက်ချင်းပင် တုပိုင်သည် ဓားကို ဆွဲထုတ်လိုက်ပြီး ဖူဟုန်ရှီ၏ လက်နှင့် ခြေထောက်များကို ဖြတ်တောက်လိုက်ကာ မသန်စွမ်းသူ တစ်ယောက် ဖြစ်သွားအောင် လုပ်လိုက်သည်။

ချက်ချင်းပင် ဖူဟုန်ရှီ၏ လက်အောက်ငယ်သား စစ်သည်များနှင့် ကျန်ရှိသော မြို့စားမင်းလေး သုံးပါးတို့သည် ဓားများကို ဆွဲထုတ်ကာ တုပိုင်ကို ဝိုင်းရံလိုက်ကြ၏။

သို့သော် နောက်တစ်စက္ကန့်တွင် ဖူထျန်ယာ၏ သမီး ဖူဟုန်ပင်းသည် ဓားကို ရုတ်တရက် ဆွဲထုတ်ပြီး တုပိုင်၏ ရှေ့တွင် ကာလိုက်သည်။

“ခေါင်းဆောင် လုပ်သူက မစွမ်းရင် တပ်တစ်တပ်လုံး ပြာကျလိမ့်မယ်” ဖူဟုန်ပင်းက အေးစက်စွာ ပြောလိုက်၏။ “ဦးနှောက်မရှိတဲ့ ကောင်တွေ... အရှုံးပေးလိုက်တာက စိတ်ဓာတ်ကျဆုံးစေရုံပဲ ရှိမယ်။ အလုံးစုံ ပျက်စီးသွားရုံပဲ ရှိမယ်။ နင်တို့ရဲ့ ဦးနှောက်က လူရိုင်းတွေလောက်တောင် အသုံးမကျဘူး”

မြို့စားမင်းလေးများနှင့် ဖူမျိုးနွယ်စုမှ စစ်သည်များသည် ဖူဟုန်ပင်းကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။

“နင်တို့ နားမပါဘူးလား” ဖူဟုန်ပင်းက အေးစက်စွာ မေးလိုက်၏။

ချက်ချင်းပင် မြို့စားမင်းလေးများသည် နောက်ဆုတ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဖူဟုန်ပင်းသည် သူတို့၏ သိုင်းပညာ သင်ကြားပေးသူ ဆရာမ ဖြစ်ခဲ့ဖူးသလို ၊ သူတို့၏ ငယ်ဘဝ အိပ်မက်နတ်သမီးလည်း ဖြစ်ခဲ့ဖူးလေသည်။ လူတိုင်းလိုလို သူမကို စိတ်ကူးယဉ်ဖူးကြသည်။

ဖူဟုန်ပင်းသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ နံပါတ်တစ် အလှပဂေး ဖြစ်ပြီး ၊ ရင့်ကျက်တည်ငြိမ်သော မုဆိုးမတစ်ဦးလည်း ဖြစ်သည်။ မုဆိုးမဆိုသော်လည်း စေ့စပ်ခဲ့ဖူးရုံသာဖြစ်၏။ တစ်နည်းဆိုရလျှင် အပျိုစင် စစ်စစ်သာ ဖြစ်သေး၏။ ဤအချက်ကပင် လူငယ်လေးများအတွက် ရူးသွပ်မတတ် ဆွဲဆောင်မှု ရှိနေစေသည်။

တုပိုင်သည် ဖူဟုန်ရှီ၏ ခေါင်းကို ခြေထောက်ဖြင့် နင်းထားပြီး အော်ပြောလိုက်၏။ “သခင်မလေးဖူဟုန်ပင်း ၊ မြို့စားမင်းလေးတို့... ကျွန်တော် မေးခွန်းတစ်ခုလောက် မေးပါရစေ။ ကျွန်တော်က မဟာမြို့စားမင်း ဖူထျန်ယာ ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဆဌမမြောက် မြို့စားမင်း မဟုတ်ဘူးလား။ အကြီးအကဲများ ကောင်စီရဲ့ အဖွဲ့ဝင် မဟုတ်ဘူးလား။ ကျွန်တော့်ရဲ့ မြို့စားမင်း ရာထူးကို အကြီးအကဲများ ကောင်စီ တစ်ခုလုံးက အတည်ပြုပေးခဲ့တာ မဟုတ်ဘူးလား”

လူတိုင်း တိတ်ဆိတ်နေကြသည်။

တုပိုင် ဆက်ပြောလေ၏။ “ကျွန်တော်က ခင်ဗျားတို့အားလုံးကို တစ်ကြိမ် ကယ်တင်ပေးခဲ့ဖူးတယ်။ မဟာမြို့စားမင်း ဖူထျန်ယာရဲ့ အသက်ကို ကယ်တင်ပေးခဲ့တယ်။ ပြိုင်ဘက်ကင်း ရဲတိုက်ကြီး ပျက်စီးမယ့်ဘေးကနေ ကယ်တင်ပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော့်ကို ဘယ်လို ကျေးဇူးဆပ်ကြသလဲ။ တုမျိုးနွယ်စု တစ်ခုလုံးကို မျိုးပြုန်းသတ်ဖြတ်မယ့် ပူးပေါင်းကြံစည်မှုနဲ့ တုံ့ပြန်ကြတယ်။ အခုလည်း ကျွန်တော်တို့ကို သားရဲဆန်းတွေရဲ့ ပါးစပ်ပေါက်ထဲ ထိုးကျွေးဖို့ ကြံစည်နေကြပြန်ပြီ”

“ဒါက ခင်ဗျားတို့ ပါးစပ်ဖျားက အမြဲပြောနေတဲ့ ဂုဏ်သိက္ခာ ဆိုတာလား” တုပိုင် ဒေါသတကြီး အော်ဟစ်မေးလိုက်သည်။

တုပိုင်က ဆက်ပြောပြန်၏။ “အခု မြို့စားမင်းကြီး ငါးပါးနဲ့ အကြီးအကဲ ရှစ်ပါးလုံး သေကုန်ကြပြီ။ ကျွန်တော်က တစ်ဦးတည်းသော မြို့စားမင်း ၊ တစ်ဦးတည်းသော အကြီးအကဲအဖွဲ့ဝင် ဖြစ်နေပြီ။ ကျွန်တော်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်နေပြီ။ ခင်ဗျားတို့ အသိအမှတ်ပြုကြလား”

မည်သူမျှ စကားမပြောကြပေ။ သူတို့၏ ရင်ထဲမှ အသိအမှတ်မပြုကြောင်း ထင်ရှားလှသည်။

တုပိုင်သည် အပြင်ဘက်ရှိ ပြည့်ကျပ်နေသော သားရဲအုပ်စုကြီးကို လက်ညှိုးထိုးပြပြီး မေးလိုက်၏။ “ခင်ဗျားတို့ ဒီသားရဲတွေကို တားဆီးနိုင်မလား။ ဒီတိုက်ပွဲရဲ့ ရလဒ်က ဘာဖြစ်လာမလဲ”

မည်သူမျှ စကားမပြောကြသေးပေ။

မည်သူမျှ ဝန်မခံချင်ကြသော်လည်း ၊ ဤတိုက်ပွဲ၏ ရလဒ်သည် အလွန် ဆိုးရွားမည်ကို အားလုံး သိနေကြသည်။

မျိုးနွယ်စုကြီး ငါးခုမှ လူသိန်းပေါင်းများစွာ အသတ်ခံရပေလိမ့်မည်။

တုပိုင်က ပြောလိုက်၏။ “ကျွန်တော် ခင်ဗျားတို့ကို နောက်တစ်ကြိမ် ထပ်ကယ်တင်ပေးမယ်။ ဒါဟာ နောက်ဆုံးအကြိမ်ပါပဲ။ ကယ်တင်ပြီးသွားရင် ခင်ဗျားတို့ဆီက ဘာမှ မတောင်းဆိုပါဘူး။ ခင်ဗျားတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ထိုက်တန်အောင် နေထိုင်ကြဖို့ပဲ တောင်းဆိုချင်တယ်”

ဖူဟုန်ပင်းက မေးလိုက်၏။ “အရှင်တုပိုင်... လက်ရှိ အခြေအနေကို ကယ်တင်နိုင်ပါ့မလား”

တုပိုင်က ပြောလိုက်၏။ “ကျွန်တော် မသိဘူး... ဒါပေမဲ့ အစွမ်းကုန် ကြိုးစားကြည့်မယ်”

ဖူဟုန်ပင်းသည် သူမ၏ အနောက်ဘက်ကို လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် မျိုးနွယ်စုဝင်ပေါင်း သိန်းချီ ရှိနေကြသည်။ အားလုံးမှာ လယ်သမားများနှင့် လက်မှုပညာရှင်များ ဖြစ်ကြပြီး အလွန် အားနည်းကြသည်။ သို့သော် သူတို့သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အဖိုးတန်ဆုံး အင်အားစုများ ဖြစ်ကြသည်။

သူတို့ သေဆုံးသွားလျှင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ မျိုးနွယ်စုကြီး ငါးခုလည်း ပျက်သုဉ်းသွားပေလိမ့်မည်။

ဖူဟုန်ပင်းသည် ဓားဖြင့် သူမ၏ လက်ဖဝါးကို လှီးလိုက်ပြီး သွေးသစ္စာဆိုလိုက်၏။ “ကျွန်မ ဖူဟုန်ပင်း... ကတိသစ္စာပြုပါတယ်။ တကယ်လို့ မြို့စားမင်းတုပိုင်က ဒီကပ်ဘေးကြီးကနေ ကယ်တင်နိုင်ခဲ့ရင် ၊ ကျွန်မ ဖူဟုန်ပင်းက မြို့စားမင်းတုပိုင်အပေါ် လုံးဝ သစ္စာစောင့်သိပါ့မယ်။ မြို့စားမင်းတုပိုင်ကို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ မဟာမြို့စားမင်းအဖြစ် တင်မြှောက်ပါ့မယ်”

မြို့စားမင်းလေး ကျီရှီသည် သူ၏ သမီး ၊ မိခင်နှင့် ဇနီးသည်တို့ကို လှမ်းကြည့်လိုက်သည်။

ထို့နောက် သူသည်လည်း ဓားဖြင့် လက်ဖဝါးကို လှီးလိုက်ပြီး ထွက်လာသော သွေးများကို မျက်နှာပေါ် သုတ်လိမ်းလိုက်ကာ သစ္စာဆိုလိုက်၏။ “ကျွန်တော် ကမ္ဘာမြေကြီးကို တိုင်တည်ပြီး သစ္စာဆိုပါတယ်။ တကယ်လို့ မြို့စားမင်းတုပိုင်က ဒီကပ်ဘေးကြီးကနေ ကယ်တင်နိုင်ခဲ့ရင် ၊ မြို့စားမင်းတုပိုင်ကို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ မဟာမြို့စားမင်းအဖြစ် တင်မြှောက်ဖို့ ဆန္ဒရှိပါတယ်”

ရှုမျိုးနွယ်စုမှ မြို့စားမင်းလေးမှာ အလွန် ငယ်ရွယ်သေးသည်။ မရေမတွက်နိုင်သော သားရဲအုပ်စုကြီးကို ရင်ဆိုင်ရချိန်တွင် သူ အမှန်တကယ် ကြောက်ရွံ့နေမိသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူသည်လည်း ဓားကို ဆွဲထုတ်ကာ လက်ဖဝါးကို လှီးလိုက်ပြီး မျက်နှာပေါ် သွေးသုတ်လိမ်းကာ ပြောလိုက်၏။ “ကျွန်တော် သစ္စာဆိုပါတယ်... တကယ်လို့ မြို့စားမင်းတုပိုင်က ဒီကပ်ဘေးကြီးကနေ ကယ်တင်နိုင်ခဲ့ရင် ၊ မြို့စားမင်းတုပိုင်ကို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ မဟာမြို့စားမင်းအဖြစ် တင်မြှောက်ပါ့မယ်”

ထိုအချိန်၌ပင် လူရိုင်းခေါင်းဆောင်၏ အမိန့်ပေးသံနှင့်အတူ မရေမတွက်နိုင်သော သားရဲဆန်းများသည် ရူးသွပ်စွာ ပြေးဝင်လာပြီး အကြမ်းပတမ်းတိုက်ခိုက်လာကြသည်။

“တိုက်ခိုက်ကြ... လူသားတွေ အကုန်လုံးကို သတ်ပစ်ကြ”

သွေးချောင်းစီးတော့လေမည်။ နောက်ဆုံးတိုက်ပွဲကြီး စတင်တော့မည်ဖြစ်လေ၏။

ဖူဟုန်ပင်းက တုပိုင်ကို ပြောလိုက်၏။ “အရှင်တုပိုင်... ကျွန်မတို့ ရှင့်အတွက် သုံးနာရီပဲ တောင့်ခံထားပေးနိုင်မယ်။ သုံးနာရီ ကျော်သွားရင် နေရာအနှံ့ အလောင်းတွေပဲ မြင်ရလိမ့်မယ်”

မျိုးနွယ်စုကြီး ငါးခုမှ လူများ၏ အလောင်းများသာမက ၊ တုပိုင်၏ မျိုးနွယ်စုဝင်များ၏ အလောင်းများကိုပါ ဆိုလိုခြင်း ဖြစ်သည်။

ထို့နောက် သူမသည် ဓားကို ဝှေ့ယမ်းပြီး စစ်မြေပြင်သို့ ပြေးဝင်သွားလေသည်။

မြို့စားမင်းလေး ကျီရှီက ပြောလိုက်၏။ “အရှင်တုပိုင်... ခင်ဗျား ကျွန်တော်တို့ကို နှစ်ကြိမ် ကယ်တင်ခဲ့ပြီးပြီ။ ဒီတစ်ကြိမ်မှာလည်း အစွမ်းကုန် ကြိုးစားပေးပါ။ ကျွန်တော်တို့ ခင်ဗျားကို စိတ်ပျက်စေရမှာ မဟုတ်ပါဘူး”

ထို့နောက် သူသည်လည်း ဓားကို ဆွဲထုတ်ပြီး စစ်မြေပြင်သို့ ပြေးဝင်သွားလေသည်။

စစ်မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ သားရဲအုပ်စုကြီးသည် ရူးသွပ်မတတ် တိုက်ခိုက်နေကြပြီး ၊ သွေးများက လေထဲတွင် ပျံ့လွှင့်သွားကြလေ၏။ မျိုးနွယ်စုကြီး ငါးခု၏ စစ်သည် ငါးသောင်းမှာ မျက်စိတစ်မှိတ်အတွင်း အထိအခိုက် အကျအဆုံး များပြားလာသည်။

တုပိုင်သည်လည်း ချက်ချင်းပင် လင်းပိုဝေပု ကိုယ်ဖော့ပညာကို အသုံးပြုပြီး အလျင်အမြန် ပြေးထွက်သွားလိုက်လေ၏။

အိပ်မက်စနစ်က ပြောလိုက်၏။ “သွေးယဇ်ပူဇော်ပွဲရဲ့ မဟာကယ်တင်ရှင် မစ်ရှင် တရားဝင် စတင်ပါပြီ”

“မစ်ရှင် ရည်မှန်းချက် - မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကို အနိုင်ယူပြီး ၊ မရေမတွက်နိုင်သော သားရဲဆန်း အုပ်စုကြီးကို မောင်းထုတ်ကာ ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ ကပ်ဘေးကို ဖြေရှင်းပြီး လူပေါင်း သိန်းချီ၏ အသက်ကို ကယ်ဆယ်ရန်”

“မစ်ရှင် ဆုလာဘ် - မဟာမြို့စားမင်း ရာထူးသို့ တိုးမြှင့်ခံရခြင်း ၊ သောင်းနှင့်ချီသော စစ်သည်များ၏ သစ္စာခံမှုကို ရရှိခြင်း”

“မစ်ရှင် အချိန် - ခြောက်နာရီ”

“အချိန်မှတ်ခြင်း တရားဝင် စတင်ပါပြီ... ၅ နာရီ ၅၉ မိနစ်သာလိုပါတော့သည်”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၇၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters