အခန်း (၄၇၇)
Vol. 48 Ch. 477
တုပိုင်၏ တွင်းနက်မြို့တော်တွင်မူ သွေးချောင်းစီးသည့် တိုက်ပွဲကြီး ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်လေ၏။
တွင်းနက်မြို့တော်တွင် ကြီးမားသော ဝင်ပေါက်ထွက်ပေါက် ဒါဇင်ကျော် ရှိပြီး ၊ ထိုနေရာများတွင် စစ်သည် ငါးသောင်းခန့်သည် အလွန် ခိုင်မာသော ခံစစ်စည်းများ တည်ဆောက်ထားကြသည်။
မရေမတွက်နိုင်သော သားရဲအုပ်စုကြီးသည်လည်း မောပန်းခြင်း မရှိဘဲ ရူးသွပ်မတတ် တိုးဝင်လာပြီး တိုက်ခိုက်နေကြသည်။ သူတို့သည် အလွန်အမင်းသန်မာကြလေပြီး သေခြင်းတရားကို ကြောက်ရွံ့ကြခြင်းမရှိကြချေ။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များသည်လည်း ဆယ်ယောက်တစ်ဖွဲ့ ဖွဲ့စည်းကာ တိုက်စစ်ခံစစ် မျှတစွာဖြင့် အစွမ်းကုန် ပြန်လည် တိုက်ခိုက်နေကြသည်။
ဤစစ်တပ်သည် အမှန်တကယ်ပင် အလွန် ထူးချွန်သော ၊ အလွန် ရဲရင့်သော စစ်တပ်ဖြစ်သည်ဟု ဆိုရမည်။ သူတို့ကို ထောက်ပံ့ပေးထားသည်မှာ စစ်သည်တော်ဟူသည့် စိတ်ဓာတ်ပင် ဖြစ်သည်။
အကယ်၍ အခြားစစ်တပ်များသာ ဆိုပါက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သားရဲအုပ်စုကြီးနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ဓာတ်ကျပြီး ပြိုကွဲသွားနိုင်သော်လည်း ၊ သူတို့သည် အသက်နှင့်လဲ၍ ဆက်လက် တိုက်ခိုက်နေကြသည်။
ကျီယင်ယင်၏ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သည်လည်း ထိုနည်းတူ ရဲရင့်ပြီး သေခြင်းတရားကို မကြောက်ရွံ့ကြပေ။ သို့သော် ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သည် ဦးနှောက်ဆေးကြော ခံထားရသဖြင့် ကြောက်ရွံ့ခြင်း ၊ သေခြင်းနှင့် နာကျင်ခြင်းတို့ကို လုံးဝ မသိရှိကြခြင်း ဖြစ်သည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ စစ်သည်များကို ထောက်ပံ့ပေးထားသည်မှာ အကြွင်းမဲ့မာန၊ ဂုဏ်သိက္ခာနှင့် စည်းကမ်းတို့ ဖြစ်သည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သည် တံခါးပိတ် လူ့အဖွဲ့အစည်း ဖြစ်ပြီး ၊ ကာလရှည်ကြာ ပဋိပက္ခများ ပြင်းထန်လေ့ရှိသဖြင့် အမိန့်နာခံမှုကို အဓိကထားသော စစ်တပ်ဖြင့်သာ ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းထားရသည်။ ကာလရှည်ကြာ ကျင့်သုံးခဲ့သော စစ်ဘက်ဦးစားပေး မူဝါဒ ၊ သာလွန်ကောင်းမွန်သော နေထိုင်မှု ဝန်းကျင် ၊ တင်းကျပ်သော စည်းကမ်းများနှင့် ရှင်းလင်းပြတ်သားသော လူတန်းစား ခွဲခြားမှုတို့ ပေါင်းစပ်လိုက်သောအခါ ဤမျှ ထူးချွန်သော စစ်တပ်တစ်တပ် ပေါ်ထွက်လာခြင်း ဖြစ်လေ၏။
“ရွှီးးးး ရွှီးးးး”
သူတို့သည် ရူးသွပ်မတတ် သတ်ဖြတ်နေကြသည်။
သို့သော် ဤသားရဲဆန်းများ၏ သဘာဝ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ လူသားများထက် များစွာ သန်မာသည့်အပြင် ၊ အရေအတွက်မှာလည်း များလွန်းလှသည်။
ထို့ကြောင့် ဤထူးချွန်ပြီး ရဲရင့်သော စစ်တပ်သည် လျင်မြန်စွာ အင်အားလျော့နည်းလာသည်။ ဒဏ်ရာရသူဟူ၍ မရှိသလောက်ပင်။ တိုက်ပွဲတွင် ကျဆုံးခြင်း သို့မဟုတ် တစ်ခါတည်း သေဆုံးခြင်းသာ ရှိလေ၏။
တုပိုင်အနေဖြင့် အလျင်အမြန် လှုပ်ရှားမှသာ ဖြစ်ပေတော့မည်။ ကြီးမားသော ဂိတ်ဝင်ပေါက်ထွက်ပေါက် ဒါဇင်ကျော်အနက် တစ်ခုခု ကျိုးပေါက်သွားသည်နှင့် သားရဲဆန်းများသည် ရူးသွပ်မတတ် ဝင်ရောက်လာကြလိမ့်မည်။ ထို့နောက် မြို့ထဲရှိ အရပ်သား သိန်းပေါင်းများစွာကို သတ်ဖြတ်ပစ်ကြလိမ့်ပေမည်။ ထိုအထဲတွင် တုပိုင်၏ မျိုးနွယ်စုဝင်များ ၊ တုပိုင်၏ မိသားစုဝင်များလည်း ပါဝင်နေပေလိမ့်မည်။
တုပိုင်သည် အလျင်အမြန် ပြေးထွက်သွားပြီး ကြီးမားသော ဝင်ပေါက်တစ်ခုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကာ ၊ စစ်သည်များ အံ့အားသင့်စွာ အော်ဟစ်နေကြသည့်ကြားမှ သားရဲအုပ်စုကြီးထဲသို့ ခုန်ဆင်းလိုက်လေ၏။
ချက်ချင်းပင် တိုက်ခိုက်နေသော စစ်သည်များ ကြောင်အသွားကြသည်။
‘မြို့စားမင်းတုပိုင်က သိုင်းပညာ သိပ်မကောင်းလှဘူးလေ... သားရဲအုပ်စုကြီးထဲ ခုန်ဆင်းလိုက်တာက ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာပဲ မဟုတ်လား’
သို့သော် သူတို့ကို ပို၍ အံ့သြသွားစေသည်မှာ သားရဲအုပ်စုကြီးထဲ ရောက်သွားသော တုပိုင်သည် လုံးဝ ဘေးကင်းနေခြင်းပင် ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော သားရဲဆန်းများသည် သူ့ကို လုံးဝ လျစ်လျူရှုထားကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် တုပိုင်ကို မျိုးနွယ်တူ သားရဲတစ်ကောင်အဖြစ် မှတ်ယူထားသောကြောင့် ဖြစ်သည်။ သို့သော် တုပိုင်ကသာ စတင် တိုက်ခိုက်လိုက်လျှင်မူ ၊ သူတို့သည် သူ့ကို ဝိုင်းအုံ ကိုက်ဖြတ်ကြမည်မှာ သေချာပေ၏။
တုပိုင်သည် မြေအောက်လှိုဏ်ခေါင်း လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားပြီး ၊ မရေမတွက်နိုင်သော သားရဲအုပ်စုကြီးကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သည်။
သူ၏ စိတ်ထဲတွင်မူ စနစ်က အချိန်ကို ဆက်တိုက် ရေတွက်နေဆဲပင်။
၅ နာရီ ၅၃ မိနစ်။
…
၅ နာရီ ၅၁ မိနစ်။
အိပ်မက်စနစ်က သူ့စိတ်ထဲမှ လမ်းကြောင်းကို ညွှန်ပြပေးနေသည်။
“စနစ်ရှင်... မင်း ခဏနေရင်...” အိပ်မက်စနစ် စကားမဆုံးမီ တုပိုင် ဖြတ်ပြောလိုက်သည်။
“မင်း ပြောစရာ မလိုဘူး... ငါ သိတယ်” တုပိုင် ပြောလိုက်၏။
အိပ်မက်စနစ်က ကြောက်မက်ဖွယ်ကောင်းသော မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကို မည်ကဲ့သို့ အနိုင်ယူရမည်နည်ကို ပြောပြချင်နေခြင်း ဖြစ်သည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ဝင်ရောက်လာကတည်းက လမ်းကြောင်းအစီအစဉ် တစ်ခုလုံးကို အိပ်မက်စနစ်က ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။ တုပိုင် နားလည်သဘောပေါက်သော်လည်း ၊ သူ သဘောကျလိမ့်မည်ဟုတော့ မထင်လိုက်သင့်ချေ။
ရေးဆွဲထားသော လမ်းကြောင်း အစီအစဉ် တစ်ခုလုံးသည် ရက်စက်လွန်းလှပြီး ၊ အထိအခိုက် အကျအဆုံး များပြားလွန်းသည်။ သူ၏ တာဝန်ကျေပွန်ရန်နှင့် အင်ပါယာကို ကယ်တင်ရန်အတွက် တုပိုင်သည် ထိုအစီအစဉ်ကို အကောင်အထည် ဖော်မည် ဖြစ်သော်လည်း ၊ လုံးဝ သဘောတူလိမ့်မည်တော့ မဟုတ်ချေ။
၁၅ မိနစ်ခန့် ကြာပြီးနောက် တုပိုင်သည် တားမြစ်နယ်မြေ ဝင်ပေါက်ရှိ ရဲတိုက်သို့ ရောက်ရှိလာလေ၏။ လက်ရှိအချိန်တွင် မြွေမိစ္ဆာကြီးနှင့် သားရဲကြီးနှစ်ကောင် မရှိတော့ဘဲ ၊ ရဲတိုက်တစ်ခုလုံးလည်း ပျက်စီးနေပြီ ဖြစ်သည်။
တုပိုင်သည် မိစ္ဆာနှိမ်နင်းပုတီးစေ့နှင့် မီးမိစ္ဆာပုတီးစေ့ကို ထုတ်ယူပြီး ပါးစပ်ထဲတွင် ငုံထားလိုက်သည်။ ကံကောင်းစွာဖြင့် ပုတီးစေ့နှစ်လုံးသည် သိပ်မကြီးသဖြင့် အဆင်ပြေသွားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ပါးဖောင်းဖောင်းဖြင့် ရှဉ့်တစ်ကောင်လို ကြည့်ရဆိုးနေပေလိမ့်မည်။ ရှဉ့်များက ချစ်စရာကောင်းသော်လည်း တုပိုင်ကတော့ ဆန့်ကျင်ဘက်ပင်ဖြစ်လေ၏။
ထို့နောက် တုပိုင်သည် တားမြစ်နယ်မြေ၏ မြေအောက်လမ်းကြောင်းထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားပြန်သည်။ ဤအချိန်တွင် အာရုံခံစားလွယ်ပြီး ကြောက်ရွံ့တတ်သော ရေညှိပင်လေးများသည် မြေကြီးပေါ်တွင် ပြားပ်လျက် ရှိနေကြသဖြင့် ၊ မြေအောက်တွင် အောက်ဆီဂျင် မရှိသလောက် ဖြစ်နေသည်။
သို့သော် သက်ရှိသတ္တဝါ တစ်ကောင် နီးကပ်လာသည်ကို ခံစားမိပြီး ၊ အန္တရာယ် မရှိဟု ယူဆပုံရသဖြင့် ရေညှိပင်လေးများသည် အနည်းငယ် ထောင်လာပြီး အသက်ရှူကာ အောက်ဆီဂျင် ထုတ်လွှတ်ပေးလိုက်ကြသည်။
သူတို့သည် အပင်တစ်မျိုး ဖြစ်သော်လည်း ၊ အမှန်တကယ်ပင် လှပပြီး သဘာဝအတိုင်း ချစ်စဖွယ် ကောင်းလှသည်။.တုပိုင်သည် မီတာ ၄,၀၀၀ ခန့် နက်ရှိုင်းသော နေရာသို့ ဆင်းသက်လာပြီး ၊ ကျောက်ပြားစင်ပေါ်သို့ နောက်တစ်ကြိမ် ရောက်ရှိလာကာ ရေတွင်းမြတ်၏ နှုတ်ခမ်းဘောင်နားသို့ ရောက်လာပြန်၏။
“မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး... ငါ ရောက်ပြီ။ မင်း ထွက်လာခဲ့တော့” တုပိုင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့သော် တုံ့ပြန်မှု မရှိပေ။
အချိန်ကြပ်နေသောကြောင့် တုပိုင်သည် တုန့်ဆိုင်းနေခြင်းမရှိလေဘဲ ညစ်ညမ်းနေသော ရေတွင်းမြတ် ဘေးသို့ ရောက်ရှိလာပြီး ၊ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ရေထဲသို့ ဒိုင်ဗင်ထိုး ချလိုက်လေ၏။
ရေတွင်းသည် အလွန် နက်ရှိုင်းလှသည်။ တုပိုင်ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ ပို၍ နက်လေသည်။ တုပိုင် ဆက်လက် ငုပ်လျှိုးသွား၏။ အချိန်မည်မျှကြာသွားသည်နည်း။ မည်မျှလောက်နက်အောင် ငုပ်လျှိုးခဲ့မိမှန်းကို တုပိုင် မသိတော့ပေ။
“ဘုန်းးးး”
ရုတ်တရက် အောက်သို့ ပြုတ်ကျသွားသည်။ သူမြေအောက်ကမ္ဘာသို့ ရောက်ရှိသွားပြီဖြစ်လေ၏။ ဤနေရာတွင် အလွန် အေးစက်ပြီး အပူချိန် အလွန် နိမ့်ကျသည်။
ဤနေရာတွင် လက်ချောင်းများကိုပင် မမြင်ရလောက်အောင် မှောင်မိုက်နေသော်လည်း ၊ အဝေးတစ်နေရာတွင် ထူးဆန်းသော အလင်းရောင်များ ထုတ်လွှတ်နေသည့် ကြီးမားသော နန်းတော်ကြီး တစ်ခုကို တုပိုင် လှမ်းမြင်လိုက်ရလေ၏။
သေချာ ကြည့်လိုက်သောအခါ မည်သည့် ပစ္စည်းဖြင့် တည်ဆောက်ထားမှန်း မသိရသော နန်းတော်ကြီးသည် ဆွတ်ဆွတ်ဖြူနေသော်လည်း ၊ အပြာရောင် အလင်းတန်းများ ထုတ်လွှတ်နေကြောင်း တွေ့လိုက်ရသည်။
နန်းတော်ကြီးတစ်ခုလုံးအား ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားကြီးမားသော အရှိန်အဝါများ လွှမ်းခြုံထားလေ၏။
ထိုသည်မှာ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ နန်းတော်ဖြစ်ရပေမည်။ မြေအောက်ကမ္ဘာ သားရဲဆန်းများ၏ အရှင်သခင် ၊ အကြွင်းမဲ့ အာဏာပိုင်စိုးသူ၏ နန်းတော်ဖြစ်ရပေမည်။ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး မည်မျှ အစွမ်းထက်သည်နည်း။ အကြည့်တစ်ချက်ဖြင့် မဟာမြို့စားမင်းဖူအပါအဝင် မြို့စားမင်းကြီးငါးပါးနှင့် အကြီးအကဲ ရှစ်ယောက်တို့ကို လမ်းလျှောက်နိုင်နေသည့် အလောင်းကောင်များအဖြစ် ပြောင်းလဲပြစ်လိုက်နိုင်သည်အထိ အစွမ်းထက်လေ၏။
“တုပိုင်... ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက မင်းမှာ ထူးခြားတဲ့ သွေးရှိနေလို့ ငါ မင်းကို မသတ်ဘဲ လွှတ်ပေးလိုက်တာ ပြန်လာရဲတယ်ပေါ့” မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ ကြောက်မက်ဖွယ် အသံကြီး ထွက်ပေါ်လာပြန်သည်။
တုပိုင်သည် ထိုအသံကို ဖော်ပြရန် စကားလုံးပင် မရွေးချယ်တတ်တော့ချေ။ ကြားလိုက်ရသည်နှင့် တုပိုင်အား နားကန်းသွားချင်လောက်အောင် ၊ ရူးသွပ်သွားချင်လောက်အောင် ဖြစ်စေမိသည်။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ အသံသည် ယောက်ျားအများကြီး၏ အသံ ၊ မိန်းမအများကြီး၏ အသံများဖြင့် ရောနှောနေပြီး ၊ သေဆုံးသွားသူများ၏ အသံများလည်း ပါဝင်နေလေ၏။ ထိုအသံသည် ရှေးဟောင်းပုံပြင်များထဲမှ စုန်းမအိုကြီး၏ အသံနှင့် တူသော်လည်း ၊ ပို၍ ထူးဆန်းပြီး အဆပေါင်းများစွာ ကြောက်စရာ ကောင်းလှလေ၏။
“တကယ်လို့ မင်း ငါ့ရှေ့မှာ နောက်တစ်ခါ ထပ်ပေါ်လာရင် ၊ သေလမ်းပဲ ရှိတော့မယ်” မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက အေးစက်စွာ ပြောလိုက်၏။ “ဒီနေရာမှာ မင်း ပြောချင်တာ ပြောလို့ ရတယ်။ ပြီးရင် မင်းသဘောပဲ”
ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ တုပိုင် ယခု ပြန်လှည့်သွားပါက ၊ သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားသော သွေးကို ထောက်ထားပြီး မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက အသက်ချမ်းသာပေးမည် ဖြစ်သည်။ သို့သော် သူ၏ နန်းတော်ထဲသို့ ဝင်ရောက်လာပါက သေလမ်းသာ ရှိပေလိမ့်မည်။
သူ မည်မျှလောက် အစွမ်းထက်သည်နည်း ဆိုသည်ကို စကားလုံးများနှင့် ဖော်ပြနေစရာ မလိုတော့ပေ။
သားရဲဆန်းများသည် မည်မျှ သန်မာလှသည်နည်း။ ထိုသားရဲဆန်းများထဲမှ ဧရာမ သားရဲကြီးများသည် မည်မျှ စွမ်းအားကြီးသနည်း။ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကမူ ထိုသားရဲဆန်းကြီးများ၏အထက် ဧရာမသားရဲဆန်းကြီးများ၏ အထက်၌ ရပ်တည်နေသည့် မြေအောက်ကမ္ဘာကြီး၏ အရှင်သခင်ပင် ဖြစ်လေသည်။
သို့သော် တုပိုင်သည် စက္ကန့်အနည်းငယ်မျှ ရပ်တန့်နေပြီးနောက် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။
အပြာရောင် နန်းတော်ကြီးနှင့် နီးကပ်လာလေ ၊ သေခြင်းတရား၏ အငွေ့အသက်များက ပိုမို ပြင်းထန်လာလေ ဖြစ်သည်။
အတွင်းသို့ ဝင်ရောက်သွားသောအခါ နန်းတော်ကြီး တစ်ခုလုံးကို အရိုးများဖြင့် တည်ဆောက်ထားကြောင်း တွေ့လိုက်ရသဖြင့် တုပိုင် တုန်လှုပ်သွားသည်။ နန်းတော်ကြီးတစ်ခုလုံးကို လူအရိုးများဖြင့် တည်ဆောက်ထားခြင်းဖြစ်လေ၏။ ကြမ်းပြင်ကို လူခြေထောက်အရိုးများဖြင့် ခင်းထားသည်။ တိုင်များကို လူခြေသလုံးအရိုးများဖြင့် လုပ်ထားသည်။ နံရံများကို လူနံရိုးများဖြင့် တည်ဆောက်ထားသည်။ အမိုးကို လူခေါင်းခွံများဖြင့် မိုးထားသည်။ တံစက်မြိတ်များကို လူလက်မောင်းအရိုးများဖြင့် စီထားသည်။
ဤအရာက တုပိုင် မြင်ဖူးသမျှထဲတွင် အကြောက်မက်ဖွယ် အကောင်းဆုံး နန်းတော်ကြီး ဖြစ်သည်။ အနားသို့မရောက်သေးသော်လည်း အဝေးမှ စိုက်ကြည့်မိရုံမျှဖြင့် တုပိုင်အား ကြက်သီးထသွားစေလေ၏။
ရှေ့တွင် နန်းတော်၏ လှေကားထစ်များ ရှိနေသည်။
ပထမဆုံး ခြေလှမ်း လှမ်းလိုက်သည်နှင့် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကို စော်ကားရာ ရောက်ပြီး ၊ တိုက်ခိုက်ခံရတော့မည် ဖြစ်သည်။
လေတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် တုပိုင်သည် ခြေထောက်ကို မြှောက်ကာ အရိုးဖြူနန်းတော်၏ ပထမဆုံး လှေကားထစ်ကို နင်းလိုက်သည်။
“အားးးးးး”
တစ်ခဏအတွင်းမှာပင် ကြမ်းပြင်ပေါ်မှ မရေမတွက်နိုင်သော သရဲလက်ကြီးများ ထွက်ပေါ်လာပြီး တုပိုင်၏ ခြေထောက်များကို ဆွဲကိုင်လိုက်ကြသည်။
ထို့နောက် အမိုးပေါ်မှ သရဲတစ္ဆေများ ပျံဝဲဆင်းသက်လာပြီး တုပိုင်၏ တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်ကြလေ၏။
နံရံများနှင့် အမိုးပေါ်မှ အရိုးများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်သွားပြီး ပြီးပြည့်စုံသော အရိုးစုများအဖြစ် ပြောင်းလဲသွားကာ ၊ တုပိုင်ဆီသို့ ရူးသွပ်မတတ် ပြေးဝင်လာကြသည်။ ထို့နောက် သူတို့၏ ပါးစပ်များကို ဖွင့်ပြီး အငမ်းမရ ကိုက်ခဲလိုက်ကြလေ၏။
ချက်ချင်းပင် လေထုထဲသို့ သွေးများပန်းထွက်သွားလေ၏။
တုပိုင်၏ တစ်ကိုယ်လုံးရှိ အသားနှင့် သွေးများ အားလုံး ကိုက်ဝါး စားသောက်ခံလိုက်ရပြီး ၊ ခေါင်းတစ်လုံးတည်းသာ ကျန်ရစ်တော့သည်။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ အသံ ထွက်ပေါ်လာသည်။ “တုပိုင်... ငါ မင်းကို သတိပေးခဲ့သားပဲ။ မင်းက သေလမ်းကို ရွေးခဲ့တာကိုး”
ချက်ချင်းပင် ကြီးမားသော အရိုးစုစစ်သည်ကြီး တစ်ကောင် ရှေ့ထွက်လာပြီး ၊ လက်ထဲမှ ဧရာမ ဓားကြီးကို မြှောက်ကာ တုပိုင်၏ ခေါင်းကို ခုတ်ပိုင်းချလိုက်လေသည်။
“သေလိုက်တော့... တုပိုင်”
“ရွှီးးးး”
ဓားချက် ကျရောက်သွားသည်နှင့် တုပိုင်၏ အမြင်အာရုံတစ်ခုလုံး အမှောင်အတိ ကျသွားလေသည်။
တုပိုင်၏ ခန္ဓာကိုယ် ပျက်စီးသွားပြီဖြစ်လေ၏။
“မျှော်လင့်ချက်မဲ့ပြီး နိမ့်ကျတဲ့ ပိုးမွှားကောင်လေး” မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက အေးစက်စွာ ပြောလိုက်ပြီး ၊ ထူးဆန်း၍ ကြောက်မက်ဖွယ်ကောင်းသော ရယ်သံကြီးဖြင့် ရယ်မောလိုက်လေသည်။ “ဟီး ဟီး ဟီး ဟီး”
သို့သော် နောက်တစ်စက္ကန့်တွင် တုပိုင်သည် မြေကြီးပေါ်မှ ပြန်ထလာပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ ခြေထောက်ကို ဆွဲထားသော သရဲလက်များ ပျောက်ကွယ်သွားပြီဖြစ်လေ၏။ အရိုးစုစစ်သည်ကြီးများသည်လာ်း ပျောက်ကွယ်သွားကြလေသည်၊။ သူ့ခန္ဓာကိုယ်သည် အကောင်းပကတိ ရှိနေဆဲ ၊ အကိုက်ခံရခြင်း မရှိသလို ၊ ခေါင်းလည်း ပြတ်မသွားပေ။
အစောက သူမြင်ခဲ့ရသမျှ အရာအားလုံးသည် ပုံရိပ်ယောင်များသာ ဖြစ်သည်။
တုပိုင် ရှေ့သို့ ဆက်လျှောက်သွားလိုက်ပြီး နန်းတော် ခန်းမဆောင်ထဲသို့ ဝင်သွားလိုက်လေသည်။
အစွမ်းထက်လှပါသည်ဆိုသည့် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးသည် ခန်းမဆောင် အလယ်တွင် ပျံဝဲနေသည်။ သူသည် သုံးလေးမီတာခန့် မြင့်မား၏။ သို့သော် ဘီလူးတစ်ကောင်ကဲ့သို့ အကြီးအကြီးမဟုတ်ချေ။ ထိုအစား ပိန်ပါးပြီး သားရေပြားတစ်ခုအား အတင်းဆွဲဆန့်ထားသကဲ့သို့ ရှည်လျားနေကာ ပုံပျက်ပန်းပျက်နှင့် အလွန်မင်းကို စွမ်းအားကြီးမားပုံ ရသည်။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးသည်သူ၏ ငရဲမီးလျှံများကဲ့သို့ မျက်လုံးကြီးတို့ဖြင့် တုပိုင်အား စိုက်ကြည့်နေလေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၇၇ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team