အခန်း (၄၇၈-၄၇၉)
Vol. 48 Ch. 478-479
“အောက်တန်းစား လူသား... မင်းက တကယ်ကို စိတ်မရှည်နိုင်ပါလား” မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက ဒေါတသကြီးဖြင့် ဟိန်းဟောက်လိုက်လေ၏။
ထို့နောက် သူသည် အရိုးစုလက်မောင်းကြီးကို မြှောက်လိုက်ရာ လက်ဝါးထက်တွင် အစိမ်းရောင် မီးတောက်တစ်ခု ဖြစ်ပေါ်လာပြီး ၊ တုပိုင်ရှိရာသို့ အလွန်မြန်ဆန်လှသည့် အရှိန်ဖြင့် ပြစ်လွှတ်လိုက်လေ၏။
“ဝုန်းးးး”
ချက်ချင်းပင် အစိမ်းရောင် မီးတောက်ကြီးသည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး တုပိုင်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တစ်စစီ ဆုတ်ဖြဲခံလိုက်ရပြန်လေ၏။
သို့သော် မျက်လုံးကို မှိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ တုပိုင်သည် မူလအတိုင်း ပကတိ ရှိနေဆဲပင်။
ထိုအရာများအားလုံးသည် ပုံရိပ်ယောင်တစ်ခုထက် မပိုချေ။ ဤကမ္ဘာလောကရှိ စွမ်းအင်တိုက်ခိုက်မှု အားလုံးသည် တုပိုင်၏ စိတ်စွမ်းအင်တိုက်ခိုက်မှုသာ ဖြစ်သည်။ မီးတောက်များ ပစ်လွှတ်ခြင်း အပါအဝင် အရာအားလုံးသည် အတုအယောင်များသာ ဖြစ်ပြီး ၊ မရှိသောအရာများ ဖြစ်ကြသည်။ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးသည်လည်း ခြွင်းချက် မဟုတ်ပေ။
အရာအားလုံးသည် သူဖန်တီးထားသည့် မာယာများသာ ဖြစ်လေ၏။
တုပိုင်သည် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ရှေ့သို့ ပြေးဝင်သွားလိုက်၏။ သူ၏ အကြည့်တို့သည် အလွန်အမင်းကို စူးရှနေလေ၏။
“ရွှီးးးး”
တစ်ချိန်တည်းတွင် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ နဖူးပေါ်ရှိ တတိယမြောက် မျက်လုံးသည် ရုတ်တရက် ပွင့်လာပြီး ၊ အလွန် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်လေ၏။
ချက်ချင်းဆိုသလိုပင် အရိုးဖြူခန်းမဆောင်ကြီး တစ်ခုလုံးတွင် မရေမတွက်နိုင်သော သရဲတစ္ဆေများနှင့် ဝံပုလွေဟောင်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
ထိုစိတ်စွမ်းအင်တိုက်ခိုက်မှု ၊ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ခွင်းအရိပ် တိုက်ခိုက်မှုသည် တုပိုင်၏ ဝိညာဉ်ခွင်းအရိပ် စွမ်းအင်တိုက်ခိုက်မှုထက် အဆပေါင်းများစွာ ပိုမို မြင့်မားလေသည်။
သို့သော် အသုံးမဝင်ပေ။
အကယ်၍ ယခင်ကသာ ဆိုလျှင် တုပိုင်သည် ချက်ချင်းပင် လမ်းလျှောက်နေသော အလောင်းကောင် တစ်ကောင် ဖြစ်သွားပေလိမ့်မည်။
သို့သော် ယခုအခါ ဝိညာဉ်ခွင်းအရိပ် စွမ်းအင်များသည် တုပိုင်၏ သွေးကြောများထဲအထိ စီးဝင်ပျံ့နှံ့နေပြီဖြစ်ရာ ၊ အတိုင်းအတာ တစ်ခုထိ မျိုးနွယ်တူ ဖြစ်နေပြီဟု ဆိုနိုင်သည်။
ထို့ကြောင့် ဝိညာဉ်ခွင်းအရိပ် စွမ်းအင် တိုက်ခိုက်မှုသည် သူ့အပေါ် သက်ရောက်မှု မရှိတော့ချေ။
ချက်ချင်းဆိုသလိုပင် တုပိုင်သည် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ ရှေ့သို့ ရောက်ရှိသွားပြီး လက်ထဲမှ ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
“ရွှီးးး ရွှီးးး”
ချက်ချင်းပဲ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ ခြေထောက်နှစ်ဖက် ပြတ်ထွက်သွားလေ၏။
သူ၏ သုံးလေးမီတာ မြင့်မားသော အရပ်အမောင်းသည် ထက်ဝက်တိတိ လျော့ကျသွားလေသည်။
“ရွှီးးး ရွှီးးး ရွှီးးး”
တုပိုင်၏ တိုက်ပွဲဝင်ဓားဖြင့် ဆက်တိုက် ခုတ်ပိုင်းနေသည်။
တစ်ခဏအတွင်းမှာပင် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ ဝတ်ရုံကြီး စုတ်ပြတ်သတ်သွားပြီး ၊ ခန္ဓာကိုယ်မှ အရိုးစုများ အားလုံး ကြေမွသွားကာ လက်မောင်းများလည်း ပြတ်တောက်သွားလေသည်။
နောက်ဆုံးတွင် ခေါင်းတစ်လုံးတည်းသာ ကျန်ရစ်တော့၏။
တုပိုင် ရှေ့သို့ တိုးဝင်သွားပြီး မျက်နှာဖုံးကို ဆွဲခွာလိုက်သည်။
ထူးဆန်းသော မျက်နှာကြီး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ မျက်နှာသည် အရိုးကဲ့သို့ ဖြူဖွေးနေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ မျက်လုံးနှစ်လုံးက မျက်နှာအများစုကို နေရာယူထားသော်လည်း ပါးစပ်မပါရှိဘဲ ၊ နဖူးပေါ်တွင် တတိယမြောက် မျက်လုံး ပါရှိလေသည်။
ရလဒ်အနေဖြင့် ထိုအရာသည် မျက်နှာဖုံးတစ်ခုသာ ဖြစ်နေသည်။
မျက်နှာဖုံး၏ အနောက်တွင် ဝိညာဉ်ခွင်းသားရဲ တစ်ကောင် ရှိနေသည်။
မှန်ပေသည်။ ယင်းသည် တုပိုင် ယခင်က တွေ့ဆုံခဲ့ဖူးသော ၊ အရပ် တစ်မီတာပင် မပြည့်သော အကောင်မျိုး ဖြစ်သည်။
ယင်းသည် အလွန် ထူးဆန်းသော သားရဲတစ်မျိုး ဖြစ်သည်။ ယင်းသည် မျက်လုံးထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်များ ရှိနေသဖြင့် လူတစ်ယောက်ကို ကြည့်လိုက်ရုံမျှဖြင့် ထိုလူ၏ ဝိညာဉ် ပျောက်ကွယ်သွားနိုင်သော်လည်း ၊ သူ၏ ရုပ်ခန္ဓာကိုယ်မှာမူ အလွန် အားနည်းပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိပေ။
ယင်းသည် ပြိုင်ဘက်ကင်းသလို ၊ အလွန် အားနည်းသော သတ္တဝါတစ်ကောင်လည်း ဖြစ်လေ၏။ တုပိုင်သည် ယခင်က တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး မျက်လုံးထဲမှ ဝိညာဉ်ခွင်းစွမ်းအင်များကို စုပ်ယူခဲ့ဖူးသည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လူများအတွက်မူ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ ပြိုင်ဘက်ကင်းသည့် တည်ရှိမှုတစ်ခုဖြစ်လေ၏။ ကျင့်ကြံခြင်းအဆင့်သည် မည်မျှပင် သန်မာနေစေ သူ၏ အကြည့်တစ်ချက်ဖြင့် ချက်ချင်းဆိုသလိုပင် သတ်ဖြတ်နိုင်စွမ်းရှိလေ၏။
သို့သော် တုပိုင်အတွက်မူ ၊ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ ပုံရိပ်ယောင် တိုက်ခိုက်မှု အမျိုးမျိုးကို ကြိုတင် မြင်တွေ့နိုင်ပြီး ၊ ဝိညာဉ်ခွင်း စိတ်စွမ်းအင် တိုက်ခိုက်မှုများကို လုံးဝ မကြောက်ရွံ့သရွေ့ ၊ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး တုပိုင်၏ ရှေ့မှောက်တွင် အားနည်းသော သတ္တဝါလေးသာ ဖြစ်နေတော့သည်။
တုပိုင်သည် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ လည်ပင်းကို ညှစ်ကိုင်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်၏။ “ငါ ဝိညာဉ်ခွင်းသားရဲတွေကို မြင်ဖူးပါတယ်... အကောင်တိုင်းက ဦးနှောက်မရှိဘဲ အော်ဟစ်မြည်တမ်းနေကြသည်ချည်းသာ... မင်းကတော့ လုံးဝ မတူဘူးပဲ”
စွမ်းအားကြီးမားသော မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးဟု ဟန်ဆောင်ထားသော အရာသည် ပေါ်သွားပြီးနောက် ချက်ချင်းပင် စိတ်ပျက်အားငယ်သွားပြီး ၊ အလွန်အမင်း စိတ်ဓာတ်ကျသွားပုံ ရလေ၏။
“ဒီရေတွင်းမြတ်ကြောင့် ငါ တဖြည်းဖြည်း ဉာဏ်ပညာ ရလာတာ” မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး အတုအယောင်က ပြောလိုက်သည်။
တုပိုင်က မေးလိုက်၏။ “ဒါဆို မင်းက ဒီသားရဲဆန်းတွေကို ဘယ်လို ထိန်းချုပ်ထားတာလဲ”
မိစ္ဆာအတုက ပြောလိုက်၏။ “လွယ်လွယ်လေးပါ... ငါ့ရဲ့ စိတ်စွမ်းအင်ကို သုံးပြီး သူတို့ရဲ့ မိဘတွေကို လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေ ဖြစ်အောင် လုပ်လိုက်တယ်။ ပြီးတော့ သူတို့ရဲ့ ဥတွေကို တစ်လုံးချင်း ဖောက်ပေးခဲ့တယ်။ ဒီသားရဲဆန်းလေးတွေ မွေးလာပြီး ပထမဆုံး မြင်ရတဲ့သူက ငါဖြစ်နေတော့ ၊ ငါ့ကို မိခင်သဖွယ် မှတ်ယူပြီး ငါ့အမိန့်ကို လုံးဝ နာခံကြတာပေါ့။ ပြီးတော့ ဉာဏ်ရည်မြင့်တဲ့ သားရဲဆန်း အားလုံးကို ငါ ရှင်းပစ်လိုက်တယ်။ ဉာဏ်ရည်နိမ့်ပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေကိုပဲ ငါ လိုချင်တာ”
တုပိုင်က မေးလိုက်၏။ “မင်းက သိသာထင်ရှားတဲ့ ဝိညာဉ်ခွင်းသားရဲပဲဟာ... ဘာလို့ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး ပုံစံ ဟန်ဆောင်ထားရတာလဲ”
မိစ္ဆာအတုက ပြောလိုက်၏။ “ငါက အရမ်း သေးငယ်လွန်းတယ်လေ... ဒီနေရာကို အုပ်စိုးချင်ရင် ငါ့ပုံစံက အရမ်း ကြီးမားပြီး ကြောက်စရာကောင်းနေမှ ဖြစ်မှာပေါ့။ နှစ်ပေါင်းရာချီကြာအောင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ မြို့စားမင်းတွေက ငါ့ကို ဘုရားသခင်လို ကိုးကွယ်ပြီး အရမ်း ကြောက်ရွံ့ခဲ့ကြတာ။ ဒါပေမဲ့ မင်း... အောက်တန်းကျတဲ့ လူသားက ငါ့ကို မြင်သွာပြီး... အားးးး”
စကားမဆုံးမီမှာပင် တုပိုင်သည် သူ၏ သေးငယ်သော လည်ပင်းကို ရုတ်တရက် ဂျွတ်ကနဲ ချိုးပစ်လိုက်သဖြင့် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးသည် စူးရှစွာဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရ၏။
တုပိုင်က ပြောလိုက်၏။ “မင်း သရုပ်ဆောင် အရမ်းကောင်းပါတယ်... ငါက ရိပ်မိသွားလို့သာပါ။ လာစမ်းပါ... ငါတို့ မင်းကို မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးအဖြစ် နောက်တစ်ခါ ပြန်သရုပ်ဆောင်ခိုင်းရအောင်”
ထို့နောက် တုပိုင်သည် အရိုးစုများ အားလုံးကို ပြန်လည် ဆက်လိုက်သည်။ ထိုအခါချက်ချင်းပင် သေးငယ်ပိန်လှီသော ဝိညာဉ်ခွင်းသားရဲလေးသည် ကြောက်မက်ဖွယ်ကောင်းသော မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးအဖြစ် နောက်တစ်ကြိမ် ပြန်လည် ပြောင်းလဲသွားလေ၏။ သို့သော် တုပိုင်သည် သူ၏ နဖူးပေါ်ရှိ တတိယမြောက် မျက်လုံးကို အဝတ်စဖြင့် စည်းနှောင်လိုက်သည်။ သို့မဟုတ်ပါက မျက်လုံးပွင့်လာသည်နှင့် သေစေနိုင်သော စွမ်းအင်များ ထွက်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထို့နောက် တုပိုင်သည် သူ၏ လည်ပင်းကို ညှစ်ကိုင်လျက် အပေါ်သို့ တွယ်တက်သွားပြီး တွင်းနက်ကြီး၏ နှုတ်ခမ်းသားတစ်လျှောက် တက်သွားလိုက်သည်။
ထို့နောက် ရေတွင်းမြတ် တည်ရှိရာ ပလပ်ဖောင်းပေါ်သို့ ပြန်လည် ရောက်ရှိသွားလေသည်။
ထို့နောက် တုပိုင် အလျင်အမြန် ပြန်သွားလိုက်၏။
တုပိုင် ထွက်ခွာသွားသည်မှာ သုံးနာရီ ကုန်ဆုံးသွားပြီဖြစ်လေ၏။ မစ်ရှင် ပြီးဆုံးရန် အချိန် တစ်ဝက်သာ ကျန်ရှိတော့သည်။
တုပိုင်၏ တွင်းနက်မြို့တော်တွင်မူ သွေးချောင်းစီးနေသည့် တိုက်ပွဲကြီး ဆက်လက် ဖြစ်ပွားနေဆဲပင်။
ကြီးမားသော ဝင်ပေါက်ထွက်ပေါက် ဒါဇင်ကျော်ရှိ ခံစစ်စည်းများသည် မနည်း တောင့်ခံထားနေရဆဲ ဖြစ်သည်။
မူလက လက်ရွေးစင်စစ်သည်အင်အား ၅၀,၀၀၀ ရှိသော်လည်း ၊ ယခုအခါ ၄၀,၀၀၀ အောက်သာ ကျန်ရှိတော့သည်။
သုံးနာရီအတွင်းမှာပင် အတော်ဆုံး ၊ အတော်ဆုံးသော လက်ရွေးစင်စစ်သည် ၁၀,၀၀၀ ကျော်သည် သားရဲဆန်းများ၏ အစွယ်နှင့် လက်သည်းများအောက်တွင် ဆိုးရွားစွာ သေဆုံးသွားခဲ့ရလေသည်။
အလောင်းဟူ၍ပင် မကျန်ရစ်ခဲ့ဘဲ ၊ တစ်စစီ ဆုတ်ဖြဲ ဝါးမြိုခံလိုက်ကြရပြီး ၊ ကြမ်းပြင်ပေါ်တွင် သွေးများသာ ပြည့်နှက် ကျန်ရစ်ခဲ့လေသည်။
သားရဲဆန်းများသည်လည်း အထိအခိုက် အကျအဆုံး များပြားပြီး ၊ နေရာအနှံ့တွင် အလောင်းများ ပြည့်နေသည်။
သို့သော် တွင်းနက်ကြီးထဲမှ သားရဲဆန်းများမှာမူ ဘယ်တော့မှ ကုန်ဆုံးသွားမည့်ပုံ မပေါ်ဘဲ ဆက်တိုက် တိုးဝင်လာနေကြသည်။
တွင်းနက်မြို့တော်ထဲရှိ သိန်းနှင့်ချီသော အရပ်သားပြည်သူများသည် မြေကြီးပေါ်တွင် ဒူးထောက်ပြီး ဘုရားသခင်များ လာရောက်ကယ်တင်ရန် ဆုတောင်းနေကြသည်။
ဖူဟုန်ပင်း၏ စိတ်ထဲတွင် တစ်နာရီသည် တစ်နှစ်လောက် ကြာရှည်နေသကဲ့သို့ ခံစားနေရပြီး ၊ စိတ်ထဲမှ ဆုတောင်းလိုက်၏။ “မြို့စားမင်းတုပိုင်... ရှင် တကယ်ပဲ အံ့ဖွယ်အမှုတွေ ဖန်တီးနိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး မြန်မြန်လုပ်ပါ... နည်းနည်းလေး ပိုမြန်ရင်တောင် ရပါတယ်။ မဟုတ်ရင် ကျွန်မတို့ရဲ့ အတော်ဆုံး စစ်သည်တွေ အကုန် သေကုန်ကြတော့မယ်”
လက်ရွေးစင် စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေသည်ကို ကြည့်ရင်း ၊ ဖူဟုန်ပင်းနှင့် မြို့စားမင်းလေး ကျီရှီတို့၏ ရင်ထဲ ကွဲအက်မတတ် ခံစားနေကြရသည်။
ထိုအချိန်၌ပင် ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး ၊ မိုးမြေသိမ့်သိမ့်တုန် သွားလေသည်။
“ဘုန်းးးးးး”
ထိုသည်က သားရဲဆန်းကြီးများ တိုက်ခိုက်ခြင်း မဟုတ်ဘဲ ၊ မြေငလျင် အပြင်းအထန် လှုပ်ခတ်သွားခြင်း ဖြစ်သည်။ သားရဲဆန်းများ အားလုံး လန့်ဖျပ်သွားကြပြီး ၊ စစ်သည်များ အားလုံးလည်း အံ့အားသင့်သွားကြသည်။
ဤကဲ့သို့အရေးပေါ်အချိန်မျိုးတွင် မြေငလျင်လှုပ်သည်လား။ ဘုရားသခင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို ကောင်းချီးမပေးတော့ဘူးလား။ ရုတ်တရက် တုပိုင်၏ တွင်းနက်မြို့တော် တစ်ဖက်ခြမ်းရှိ နေရာတစ်နေရာသည် ရုတ်တရက် ပြိုကျသွားပြီး ၊ မည်းမှောင်သော အပေါက်ကြီးတစ်ခု ပေါ်လာလေ၏။
အစတုန်းက ကြီးမားသော ဝင်ပေါက်ထွက်ပေါက် ဒါဇင်ကျော်ကို စစ်တပ်က စောင့်ကြပ်ထားခဲ့သည်။
ယခုအခါ မြေငလျင်ကြောင့် စောင့်ကြပ်သူမရှိသော ဝင်ပေါက်အသစ်ကြီး တစ်ခုထွက်ပေါ်လာရာ အရာအားလုံးသောက်ကျိုးနည်းကုန်တော့မည်ဖြစ်လေ၏။
ဖူဟုန်ပင်းသည် ရူးသွပ်မတတ် ဖြစ်သွားပြီး အော်ဟစ်လိုက်လေ၏။ “မြန်မြန်လုပ်ကြ... မြန်မြန်... အဲဒီ တွင်းပေါက်ကို ပိတ်ဆို့ဖို့ စစ်သည် သုံးထောင် လွှတ်လိုက်... သားရဲဆန်းတွေကို ဝင်ခွင့်မပေးနဲ့”
ချက်ချင်းပင် စစ်သည် ထောင်ပေါင်းများစွာသည် ထိုတွင်းပေါက်ဝဆီသို့ အသည်းအသန် ပြေးသွားကြသည်။
ထိုအချိန်၌ပင် တုပိုင်၏ ဦးနှောက်ထဲရှိ အိပ်မက်စနစ်က ထိတ်လန့်တကြား သတိပေးလိုက်လေ၏။ “အခြေအနေတွေ ရုတ်တရက် ပြောင်းလဲသွားပြီ... အခြေအနေတွေ ရုတ်တရက် ပြောင်းလဲသွားပြီ”
“အချိန်တစ်မိနစ်သာ ကျန်ပါတော့သည်”
“၅၉ စက္ကန့်”
“၅၈ စက္ကန့်”
တုပိုင် ထိတ်လန့်သွားသည်။ သူသည် အစွမ်းကုန် ကြိုးစားခဲ့ပြီး သုံးနာရီအတွင်း မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကို အနိုင်ယူနိုင်ခဲ့သည်။
ယခုအခါ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏။ အစက အချိန် နှစ်နာရီ ကျန်သေးသော်လည်း ၊ ယခုအခါ တစ်မိနစ်သာ ကျန်တော့သည်လား။ သောက်ကျိုးနည်းလှ၏။
အစောတုန်းက မြေငလျင် လှုပ်ခါသွားသည်ကို တုပိုင် ခံစားလိုက်ရပြီး အကြောင်းရင်းကို ချက်ချင်း ရိပ်မိလိုက်သည်။ မြေငလျင်ကြောင့် လမ်းကြောင်းအသစ်တစ်ခု ပွင့်သွားပြီး ၊ ထိုအပေါက်ဝတွင် စစ်တပ်က စောင့်ကြပ်ထားခြင်း မရှိသဖြင့် သားရဲအုပ်စုကြီးသည် ရူးသွပ်မတတ်ဝင်ရောက်သွားကြခြင်း ဖြစ်ပေလိမ့်မည်။
သားရဲဆန်းများသာ မြို့ထဲသို့ ဝင်ရောက်သွားပါက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရှိ အရပ်သား သိန်းပေါင်းများစွာ အသတ်ခံလိုက်ရပေလိမ့်မည်။ တုပိုင်၏ မျိုးနွယ်စုဝင်များ ၊ နို့ထိန်းအမေ ၊ အမ တုဖိန်အာနှင့် အခြားသူများအားလုံး သားရဲဆန်းများ၏ ရက်စက်စွာ ဝါးမြိုခြင်းကို ခံရမည်ဖြစ်လေ၏။
ချက်ချင်းပင် တုပိုင်သည် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကို ဖိနှိပ်ချုပ်ကိုင်ထားလျက် လင်းပိုဝေပု ကိုယ်ဖော့ပညာကို အသုံးပြုပြီး အလျင်အမြန် ပြေးထွက်သွားလိုက်လေသည်။
တစ်ချိန်တည်းတွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ဖူဟုန်ပင်းသည် စစ်သည် သုံးထောင်ကျော်ကို ဦးဆောင်ပြီး မြေငလျင်ကြောင့် ကွဲအက်သွားသော အပေါက်ဝဆီသို့ အပြေးအလွှား သွားရောက်နေလေ၏။
သို့သော် နောက်ကျသွားပြီဖြစ်လေသည်။
“ဝေါင်းးးးးး”
ဟိန်းဟောက်သံများနှင့်အတူ မရေမတွက်နိုင်သော သားရဲဆန်း အုပ်စုကြီးများသည် အသစ်ကွဲအက်သွားသော အပေါက်ထဲမှ ပြေးထွက်လာကြသည်။ သူတို့သည် မည်းမည်းသည်းသည်း ဒီရေအလား မြို့ထဲသို့ တိုးဝင်လာကြပြီး အရပ်သား သိန်းပေါင်းများစွာရှိရာသို့ ဦးတည်သွားကြသည်။
ဤသားရဲဆန်းများ၏ အမြန်နှုန်းမှာ လွန်စွာ မြန်ဆန်လှပြီး လီတစ်ထောင်မြင်းများထက်ပင် အဆများစွာ ပို၍ လျင်မြန်ပေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖူဟုန်ပင်း၏ မျက်လုံးများ ပြာဝေသွားပြီး မူးမေ့လဲကျလုနီးပါး ဖြစ်သွားသည်။
အကယ်၍သာ ထိုသားရဲအုပ်စုကြီးသာ အရပ်သားများကြားထဲ ရောက်သွားပါက ၊ လူသိန်းပေါင်းများစွာသည် အကူအညီမဲ့စွာဖြင့် ရက်စက်စွာ အသတ်ခံလိုက်ရပေလိမ့်မည်ဖြစ်လေ၏။
ထို့အပြင် ရှေ့နောက်ညှပ်ပြီး တိုက်ခိုက်ခံရပါက လက်ကျန်စစ်သည်လေးသောင်းသည်လည်း ပျက်စီးသွားပေလိမ့်မည်။ ဖူဟုန်ပင်း၏ မျက်ဝန်းမှ ဝမ်းနည်းပူဆွေးနေသည့် မျက်ရည်များ စီးကျလာလေ၏။ ဤလောကကြီးတွင် အံ့ဖွယ်အမှုဆိုသည်မှာ တကယ် မရှိတော့ဘူးလား။
နှစ်ပေါင်းရာချီ တည်တံ့ခဲ့ရသည့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ မျိုးနွယ်စုကြီး ငါးခုသည်လည်း ယနေ့တွင် ဤနေရာ၌ အဆုံးသတ်သွားရတော့မည်လား။
မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော သားရဲအုပ်စုကြီးသည် အရပ်သားများကြားထဲသို့ ရောက်ရှိသွားကြသည်။
သွေးများ ပန်းထွက်ကုန်လာပြီး တစ်ဖက်သတ်ဆန်လှသည်။ သတ်ဖြတ်ပွဲကြီး စတင်လာလေ၏။
နို့ထိန်းအမေ တုလီနီယန်သည် တုဖိန်အာနှင့် ချန်ရွှမ်ရွှမ်တို့ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး တိုးတိုးလေး ပြောလိုက်၏။ “မကြောက်နဲ့... မကြောက်နဲ့နော်... ခဏလေးပါပဲ... ပြီးရင် ဘာမှ သိတော့မှာ မဟုတ်ဘူး”
တုဖိန်အာက ကျီယင်ယင်ကို ဖက်ထားလိုက်သည်။ ကျီယင်ယင်သည် မျက်လုံးများကို မှိတ်ထားပြီး မည်သူမျှ နားမလည်နိုင်သော ယဇ်ပူဇော်ခြင်း ဂါထာကို တိတ်တဆိတ် ရွတ်ဆိုနေလေ၏။
သားရဲဆန်း ဒါဇင်ခန့်သည် တုပိုင်၏ လူများကို ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြပြီး ၊ နူးညံ့ပြီး စားချင်စဖွယ်ကောင်းသော တုဖိန်အာ ၊ ကျီယင်ယင်နှင့် အခြားသူများကို တွေ့ရှိသွားကြသည်။
သွေးစွန်းနေသော အစွယ်များကို ထုတ်ဖော်လိုက်ပြီးနောက် ၊ တစ်စစီ ဆုတ်ဖြဲ စားသောက်ရန်အတွက် ပြင်းထန်စွာ ခုန်အုပ်လိုက်ကြတော့သည်။
ထို့အပြင် မြေငလျင်ကြောင့် ဖြစ်ပေါ်လာသော အပေါက်ထဲမှ သားရဲဆန်းများသည်လည်း မရေမတွက်နိုင်အောင် ဆက်လက် ထွက်ပေါ်လာပြီး မြို့ထဲသို့ တိုးဝင်နေကြသည်။
“ပျက်စီးမယ်ဆိုရင်လည်း ပျက်စီးလိုက်ပါတော့... အရာအားလုံးက ကံတရားပါပဲ” ဖူဟုန်ပင်းသည် ရက်စက်သော အမှန်တရားကို လက်ခံလိုက်ပြီး သူမ၏ မျက်လုံးများကို မှိတ်ကာ ကြီးမားသော ပျက်စီးခြင်းကို စောင့်ဆိုင်းနေလိုက်မိတော့သည်။
ထိုအချိန်၌ပင် လမင်းကြီး သာရာ အရပ်မျက်နှာရှိ တုပိုင်၏ တွင်းနက်မြို့တော် အမြင့်ဆုံး နေရာတွင် လူရိပ်တစ်ခု ပေါ်လာလေ၏။ မသေးငယ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ဖြစ်သည်။ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး... အလွန် ကြောက်မက်ဖွယ်ကောင်းသော မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး... သားရဲဆန်း အားလုံး၏ သခင်... စွမ်းအားကြီးမားသော မြေအောက်အရှင်သခင်ကြီးပင် ဖြစ်လေ၏။
နောက်တစ်စက္ကန့်တွင် တုပိုင်သည် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ ကျောဘက်မှ ထွက်ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “သားရဲဆန်း အားလုံး... သတ်ဖြတ်တာကို ရပ်လိုက်”
ချက်ချင်းပင် သားရဲဆန်း အားလုံးသည် ခန္ဓာကိုယ်ကို ထိန်းချုပ်ခံလိုက်ရသကဲ့သို့ ရပ်တန့်သွားကြသည်။
တုပိုင်က စွမ်းအားကြီးမားလွန်း၍ မဟုတ်ပေ။ သူ့လက်က မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ လည်ပင်းကို ညှစ်ထားပြီး ၊ စကားနားမထောင်ပါက လည်ပင်းချိုးသတ်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် ဖြစ်သည်။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက ရပ်တန့်ရန် အမိန့်ပေးလိုက်ရာ သူ့ကို အမေအဖြစ် မှတ်ယူထားသော သားရဲဆန်း အားလုံးသည် သတ်ဖြတ်ခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။
တုပိုင်က ထပ်မံ အမိန့်ပေးလိုက်၏။ “သားရဲအုပ်စု အားလုံး... ဆုတ်ခွာကြ”
သူတို့သည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေမိသော်လည်း လျင်မြန်စွာ ထွက်ခွာသွားကြပြီး သားရဲဆန်း အားလုံးသည် စက္ကန့်ပိုင်းအတွင်းမှာပင် မြို့ထဲမှ အစအနမကျန် ပျောက်ကွယ်သွားကြလေ၏။
သူတို့သည် ဝင်ပေါက်ထွက်ပေါက် ဒါဇင်ကျော်မှတဆင့် ပြန်လည် ထွက်ခွာသွားကြပြီး အစအနမကျန် ပျောက်ကွယ်သွားကြလေ၏။ ဖူဟုန်ပင်းသည် ဝမ်းသာလွန်း၍ ငိုကြွေးလိုက်မိသည်။ မြို့စားမင်းလေး ကျီရှီသည်လည်း ဝမ်းသာလွန်း၍ မျက်ရည်ကျလာမိသည်။ မရေမတွက်နိုင်သော လူများလည်း အော်ဟစ် ငိုကြွေးလိုက်ကြမိသည်။
အံ့ဖွယ်အမှုတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်၏။ ပြင်ပမှ ရောက်လာသော မြို့စားမင်းတုပိုင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးကို ထပ်မံ ကယ်တင်ပေးခဲ့ပြန်၏။
ယခုတစ်ကြိမ်တွင်တော့ ပျက်ဆီးခြင်းကပ်ဘေးမှ ကယ်တင်ပေးလိုက်ခြင်း ဖြစ်သည်။ တုပိုင် မည်သို့လုပ်လိုက်သည်နည်းဆိုသည်ကို သူတို့ မသိကြပေ။ အလွန် စွမ်းအားကြီးမားသော မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကို တုပိုင် မည်ကဲ့သို့ အနိုင်ယူလိုက်သည်နည်းကိုလည်း သူတို့ မသိကြပေ။
သို့သော် သူတို့ ဂရုမစိုက်ကြချေ။။ တုပိုင်သည် မြို့တော်တစ်ခုလုံးကို ထပ်မံ ကယ်တင်ပေးလိုက်ပြီး ၊ လူပေါင်း သိန်းချီ၏ အသက်ကို ကယ်တင်ပေးလိုက်သည်ကိုသာ သူတို့ သိကြသည်။
ထို့ပြင် ယခုအချိန်တွင် တုပိုင်သည် အမြင့်ဆုံးနေရာ၌ ရပ်နေပြီး လရောင်အောက်တွင် တောက်ပနေသည်မှာ သက်ရှိသတ္တဝါများကို ကယ်တင်ရန် ဆင်းသက်လာသော ဘုရားသခင် တစ်ပါးကဲ့သို့ပင်။
ဖူဟုန်ပင်းသည် ဓားကို မြေကြီးပေါ်တွင် စိုက်လိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။ “ကျွန်မ ဖူဟုန်ပင်း... မဟာမြို့စားမင်းတုပိုင်ကို ဂါရဝပြုပါသည်”
မြို့စားမင်းလေး ကျီရှီသည်လည်း ဓားကို မြေကြီးပေါ် စိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။ “ကျွန်တော် ကျီရှီ... မဟာမြို့စားမင်းတုပိုင်ကို ဂါရဝပြုပါသည်”
ကျန်ရှိသော မြို့စားမင်းလေး သုံးပါးသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဓားများကို မြေကြီးပေါ် ချလိုက်ကာ ပြောလိုက်ကြ၏။ “ကျွန်တော်တို့... မဟာမြို့စားမင်းတုပိုင်ကို ဂါရဝပြုပါသည်”
တစ်ခဏအတွင်းမှာပင် သောင်းနှင့်ချီသော စစ်သည်များသည် ဓားများကို မြေကြီးပေါ် စိုက်လိုက်ကြပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်ကြ၏။ “မဟာမြို့စားမင်းတုပိုင်ကို ဂါရဝပြုပါသည်”
နောက်ဆုံးတွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရပ်သား သိန်းပေါင်းများစွာသည်လည်း ဒူးထောက်လိုက်ကြပြီး ဦးညွှတ်ကန်တော့လိုက်ကြသည်။ “မဟာမြို့စားမင်းတုပိုင်... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ”
ထိုအချိန်၌ တုပိုင်သည် တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်များ ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး အလွန် ဇိမ်ရှိသွားလေ၏။ ဤအခိုက်အတန့်တွင် သူသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးကို အောင်နိုင်လိုက်ပြီ ဖြစ်သည်။ လူပေါင်း သိန်းချီကို အောင်နိုင်လိုက်ပြီ ဖြစ်သည်။
ဤသည်က အာဏာ၏ အရသာလား။ စပျစ်ဝိုင်အကောင်းစားကို သောက်သုံးလိုက်ရသကဲ့သို့ မူးယစ်မိန်းမောသွားစေသည်။
သို့သော် ထိုအချိန်၌ပင် တုပိုင်၏ လည်ပင်းတွင် အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
အနောက်ဘက်မှ လူပုပရောဖက် စစ်ခုန်းယဲ့၏ အေးစက်သော အသံ ထွက်ပေါ်လာပြီး အက်ရှရှဖြင့် ပြောလိုက်၏။ “တုပိုင်... မင်း အရမ်း ဂုဏ်ယူနေတယ်ပေါ့လေ။ ငါ့လက်ထဲက လက်နက်ကို ငရဲလွှလို့ ခေါ်တယ်။ မင်းလည်ပင်းကို
အသာလေး ဆွဲလိုက်ရုံနဲ့ မင်းခေါင်းတစ်ခုလုံး ပြတ်ထွက်သွားလိမ့်မယ်။ မင်းက နောက်ဆုံးတော့ ငါ့လက်ထဲမှာပဲ သေရမှာပါ။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က လူတွေ အကုန်လုံးလည်း ငါ့လက်ထဲမှာပဲ သေကြရမှာ။ ငါ နောက်ဆုံးတော့ ကလဲ့စားချေနိုင်ပြီ”
တုပိုင်က တည်ငြိမ်စွာ ပြောလိုက်၏။ “စစ်ခုန်းယဲ့... ခင်ဗျားက မဟာမှော်ပညာရှင် တစ်ယောက်ပါ။ အနာဂတ်မှာ ကျွန်တော့်ရဲ့ စစ်မြေပြင်မှာ ခင်ဗျားက အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တယ်။ ကျေးဇူးပြုပြီး ကျုပ်ဆီကို သစ္စာခံလိုက်ပါ”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၇၈ + ၄၇၉ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team