အခန်း (၄၈၀)
Vol. 48 Ch. 480
“မင်းကို သစ္စာခံရမယ် ဟုတ်လား... ဟားဟားဟား” လူပုပရောဖက်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ “မင်း မီးနတ်ဘုရားဘာသာကို သိလား။ အဲဒီ ယုတ်ညံ့တဲ့ စွမ်းအင်တုံးကို သူတို့က ငါ့ကို ပေးခဲ့တာ။ ငါ့ကို မင်း မီးရှို့သတ်တုန်းက သူတို့ကပဲ ငါ့ကို ကယ်တင်ပေးခဲ့တာ။ သူတို့က ငါ့ကို ပါရမီရှင်တစ်ယောက် ၊ အဂ္ဂိရတ်ပညာမှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်လို့ ချီးကျူးပြီး သူတို့ကို သစ္စာခံခိုင်းခဲ့ပေမဲ့ ငါ စိတ်မဝင်စားခဲ့ဘူး။”
“မီးနတ်ဘုရားဘာသာနဲ့ ယှဉ်ရင် မင်းလို တုပိုင်က ဘာကောင်မို့လို့လဲ” လူပုပရောဖက် စစ်ခုန်းယဲ့က ပြုံးလိုက်၏။ “မင်းကို သတ်လိုက်တာနဲ့ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးက ထိန်းချုပ်မှုကနေ လွတ်မြောက်သွားလိမ့်မယ်။ အဲအခါကျရင် မရေမတွက်နိုင်တဲ့ သားရဲအုပ်စုကြီးက ထိန်းချုပ်မရ ဖြစ်သွားပြီး မျိုးနွယ်စုကြီး ငါးခုက လူတွေကို အကုန် သတ်ပစ်ကြလိမ့်မယ်”
တုပိုင်၏ ဦးနှောက်ထဲမှ အိပ်မက်စနစ်က ပြောလိုက်၏။ “စစ်ခုန်းယဲ့ကို ဖမ်းမိအောင် ဖမ်းရမယ်။ သူက အဂ္ဂိရတ်ပညာမှာ တကယ့် ပါရမီရှင်တစ်ယောက်ပဲ။ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖျက်ဆီးရေးလက်နက်တွေကို ဖန်တီးနိုင်စွမ်း ရှိတယ်။ အနာဂတ်မှာ မင်းအတွက် အကြီးအကျယ် အောင်ပွဲတွေ ယူဆောင်ပေးနိုင်မယ့်သူပဲ။ သူ့ကို ဖမ်းပြီး မင်းအပေါ် သစ္စာရှိအောင် လုပ်ရမယ်”
လူပုပရောဖက် စစ်ခုန်းယဲ့က မျက်နှာကို တွန့်လိမ်ပြီး ပြုံးလိုက်၏။ “စစ်ခုန်းမြဲ့နဲ့ စစ်ခုန်းလင်း အကြောင်း ပြောဦးမလို့လား။ သူတို့က ငါ့အစ်ကိုတွေ ဖြစ်ချင်ဖြစ်မယ် ၊ ဒါပေမဲ့ ငါ သူတို့ကို တစ်ခါမှ မမြင်ဖူးဘူး။ သူတို့နဲ့ မင်း ဘာပတ်သက်လဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါ့ရည်ရွယ်ချက်က မင်းကို သတ်ဖို့ ၊ အားလုံးကို သတ်ဖို့ပဲ” သူ၏ စကားလုံးများတွင် နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေလေသည်။
တုပိုင် နားလည်သွားလေ၏။ သူသည် လူပုဖြစ်နေသဖြင့် ကျီမျိုးနွယ်စုက မွေးစားထားလျှင်ပင် နှိမ်ချဆက်ဆံခံခဲ့ရသည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လူများသည် အရပ်ရှည်ပြီး သန်မာကြသဖြင့် စစ်ခုန်းယဲ့သည် လူပုတစ်ယောက်အနေဖြင့် ပို၍ပင် သိမ်ငယ်စိတ် ဝင်ခဲ့ရသည်။ နောက်ပိုင်းတွင် သူ၏ မျိုးရိုးဇာစ်မြစ်ကို သိရှိသွားပြီး စစ်ခုန်းမျိုးနွယ်စု တစ်ခုလုံး ပျက်စီးသွားခဲ့ရသည်ကို သိလိုက်ရသောအခါ သူ၏ ရင်ထဲ၌ အမုန်းတရားများ ပိုမို ပြင်းထန်လာခဲ့သည်။
ထို့အပြင် သူ့ဘဝတွင် မျှော်လင့်ချက်ဟူ၍ လုံးဝ မရှိတော့ဘဲ အမှောင်ထုသာ ဖုံးလွှမ်းနေသဖြင့် ဖျက်ဆီးလိုစိတ် ပြင်းပြနေခြင်း ဖြစ်သည်။
လူတစ်ယောက်သည် မျှော်လင့်ချက် ကင်းမဲ့သွားသောအခါ လောကကြီးတစ်ခုလုံးကို သူနှင့်အတူ ပျက်စီးသွားစေချင်တတ်သည်။
“အကြောင်းပြချက် ရှာမရဘူး မဟုတ်လား... ဟားဟားဟား” လူပုပရောဖက် စစ်ခုန်းယဲ့က ရယ်မောလိုက်ပြီး ပြောလိုက်၏။ “တုပိုင်... သေလိုက်တော့။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က လူတွေ အကုန်လုံးလည်း သေကြရမယ်။ ငါလည်း မင်းနဲ့အတူ လိုက်သေပေးရမလား... အားလုံး အတူတူ သေကြတာပေါ့”
ပြောပြီးသည်နှင့် သူ၏ လက်ထဲမှ ငရဲလွှကို ရုတ်တရက် ဆွဲလိုက်သည်။
ချက်ချင်းပင် တုပိုင်၏ လည်ပင်း၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သွေးများ ပန်းထွက်လာသည်။
ထိုအချိန်၌ပင် တုပိုင်၏ လည်ပင်းပေါ်၌ ရွှေရောင် အကြေးခွံများ ရုတ်တရက် ပေါ်လာပြီး ၊ လည်ပင်းပြတ်ထွက်မသွားအောင် တားဆီးပေးလိုက်သည်။
လူပုပရောဖက် စစ်ခုန်းယဲ့ အံ့သြသွားသည်။ ဤ ငရဲလွှသည် သံမဏိကိုပင် ဖြတ်တောက်နိုင်လောက်အောင် ထက်မြက်လှသော်လည်း ၊ အဘယ်ကြောင့် တုပိုင်၏ လည်ပင်းကို မဖြတ်နိုင်ရသနည်း။
တုပိုင်က ပြောလိုက်၏။ “စစ်ခုန်းယဲ့... ခင်ဗျားက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က လူတွေ အကုန်လုံးကို သတ်ချင်တာလား”
“ဟုတ်တယ်... အကုန်လုံး အတူတူ သေကြတာပေါ့” စစ်ခုန်းယဲ့က ပိုမို အားစိုက်ပြီး ဆွဲလိုက်သည်။
တုပိုင်က ပြောလိုက်၏။ “ခင်ဗျားသမီးလေး အပါအဝင်လား။ သူက ဒီနှစ်မှ ၁၆ နှစ်ပဲ ရှိသေးတာလေ”
လူပုပရောဖက် စစ်ခုန်းယဲ့ ထိတ်လန့်သွားပြီး တုန်ရီစွာ ပြောလိုက်၏။ “မင်း ပါးစပ်ပိတ်ထားစမ်း... မင်း မဟုတ်ကဟုတ်ကတွေ လျှောက်ပြောမနေနဲ့... ငါ့မှာ သမီးမရှိဘူး။ ငါ့မှာ သမီးရှိဖို့ လုံးဝ မဖြစ်နိုင်ဘူး”
တုပိုင်က ပြောလိုက်၏။ “ခင်ဗျား မေ့နေတာ ဖြစ်မယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ညတစ်ညမှာ လယ်သူမလေး တစ်ယောက်ကို လူရမ်းကားတစ်စုက မုဒိမ်းကျင့်ဖို့ ကြံစည်နေတာ ခင်ဗျား တွေ့ခဲ့တယ်။ သူတို့က ကောင်မလေးကို ကာမစိတ်ကြွဆေး တိုက်ကျွေးထားပြီးပြီ။ ခင်ဗျားက ရှားရှားပါးပါး စိတ်ကောင်းဝင်ပြီး အဲဒီ လူရမ်းကားတွေကို သတ်ပစ်လိုက်တယ်။ ပြီးတော့ သူတို့ရဲ့ အလောင်းတွေကို အစအနမကျန် ပျောက်ကွယ်သွားအောင် လုပ်ခဲ့တယ်။ အဲဒီ လယ်သူမလေးက ဆေးအရှိန် တက်နေချိန်မှာ ခင်ဗျားနဲ့ အတူ နေခဲ့ကြတယ်။ ကျွန်တော် ခန့်မှန်းရရင် အဲဒါက ခင်ဗျား မိန်းမတစ်ယောက်နဲ့ ပထမဆုံးအကြိမ် အတူနေဖူးတာ ဖြစ်မယ်။ အဲဒီအချိန်မှာ ခင်ဗျား အသက်ကြီးနေပြီ ဆိုပေမဲ့ပေါ့”
လူပုပရောဖက် စစ်ခုန်းယဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ဤတုပိုင်ဆိုသည့်အကောင်က ထိုအကြောင်းများကို မည်သို့လုပ်ပြီး သိနေရသည်နည်း။ ထိုသည်က သူ့ဘဝ၌ တစ်ခုတည်းသော ကောင်းမွန်သည့် အမှတ်တရ ဖြစ်ပြီး ၊ တစ်ခုတည်းသော ကောင်းမှုကုသိုလ် ဖြစ်နိုင်သည်။ သူ့ဘဝတစ်လျှောက်လုံး သိမ်ငယ်စိတ်နှင့် အမုန်းတရားများဖြင့် နေထိုင်ခဲ့ပြီး လောကကြီး ပျက်စီးသွားစေချင်ခဲ့သော်လည်း ၊ ထိုညက အပြစ်မဲ့သော အမျိုးသမီးတစ်ဦးကို ကယ်တင်ခဲ့ဖူးသည်။
တုပိုင်က ဆက်ပြောလေ၏။ “အဲဒီညက ခင်ဗျားအတွက် အပျော်ရွှင်ဆုံး ညတစ်ည ဖြစ်မှာပါ။ နတ်ပြည်ရောက်သွားသလို ခံစားခဲ့ရမှာပါ။ ဒါပေမဲ့ မိုးမလင်းခင်မှာပဲ ခင်ဗျား ထွက်ပြေးသွားခဲ့တယ်။ လယ်သူမလေးက ခင်ဗျားကို ရုပ်ဆိုးပြီး ကြောက်စရာကောင်းတဲ့ လူပုတစ်ယောက်မှန်း သိသွားမှာ ကြောက်လို့ နေမှာပေါ့။ သူ့စိတ်ထဲမှာ ခင်ဗျားကို ထာဝရ လှပတဲ့ ပုံရိပ်တစ်ခုအနေနဲ့ပဲ ကျန်ရစ်စေချင်ခဲ့တာလေ”
လူပုပရောဖက်၏ မျက်နှာသည် ပိုမို ဖြူဖပ်ဖြူရော် ဖြစ်လာပြီး လက်များ တုန်ယင်နေလေ၏။
“မင်းက လူလား ၊ သရဲလား... ဘယ်သူမှ မသိတဲ့ ကိစ္စကို မင်းက ဘယ်လို လုပ်ပြီး သိနေရတာလဲ... ဘယ်လို သိတာလဲ” လူပုပရောဖက် စစ်ခုန်းယဲ့ ငိုကြွေးလိုက်တော့သည်။
တုပိုင်က ပြောလိုက်၏။ “ခင်ဗျားက သူရဲဘောကြောင်ပြီး ထွက်ပြေးသွားခဲ့တယ်။ ဒါပေမဲ့ ခင်ဗျား မသိတာက အဲဒီ သနားစရာ လယ်သူမလေးက လက်မထပ်ဘဲ ကလေးမွေးခဲ့လို့ သူ့မိဘတွေရဲ့ ရိုက်နှက်တာကို ခံခဲ့ရတယ်။ ဗိုက်ထဲက ကလေးကို ဖျက်ချဖို့ ငြင်းဆန်ခဲ့လို့ ရွာသားတွေက သူ့ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ခဲ့ကြတယ်။ သူက ကလေးမွေးပြီးတဲ့နောက် ကလေးအဖေကို လိုက်ရှာဖို့ မြို့တက်လာခဲ့တယ်။ ကလေးအဖေ ဆိုတာ သူရဲဘောကြောင်တဲ့ ခင်ဗျားကို ပြောတာပါ။ ဆယ်နှစ်ကျော်ကြာတဲ့အထိ ရှာမတွေ့ခဲ့ဘူး။ သူက မြို့မှာ ကျွန်အဖြစ် အလုပ်လုပ်ပြီး ပန်းထိုးတဲ့ ပညာကို သင်ယူခဲ့တယ်။ သမီးလေးကို ၁၇ နှစ်သမီး အရွယ်ရောက်တဲ့အထိ ပင်ပင်ပန်းပန်းနဲ့ ပြုစုပျိုးထောင်ခဲ့တယ်။ အခုဆို သူ့မျက်လုံး တစ်ဖက်က မမြင်ရတော့ဘူး ၊ လက်တစ်ဖက်ကလည်း မသန်တော့ဘူး။ ဒါပေမဲ့ ခက်ခဲတဲ့ကြားက ပန်းထိုးပြီး အသက်မွေးနေတုန်းပဲ။ သားအမိနှစ်ယောက် အပြန်အလှန် မှီခိုပြီး ခက်ခက်ခဲခဲ နေထိုင်နေကြရတယ်။ ဒါပေမဲ့ သူ့မှာ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိနေတုန်းပဲ။ တစ်နေ့ကျရင် ကလေးအဖေကို ရှာတွေ့ပြီး မိသားစုအဖြစ် အတူတူ နေထိုင်ရမယ်လို့ မျှော်လင့်နေတုန်းပဲ။ သူ့စိတ်ထဲမှာ ကလေးအဖေ ဆိုတာ သူ့ကို လူယုတ်မာတွေလက်ထဲက ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းကြီးပဲ။ တကယ်လို့ ခင်ဗျားသာ မကယ်တင်ခဲ့ရင် သူက အစော်ကားခံရပြီး အသတ်ခံလိုက်ရမှာ မဟုတ်လား”
“တော်လိုက်တော့... တော်လိုက်တော့... ဆက်မပြောနဲ့တော့... မင်း ငါ့ကို လိမ်နေတာ... မင်း ငါ့ကို လိမ်နေတာ” လူပုပရောဖက် စစ်ခုန်းယဲ့ အော်ဟစ်ငိုကြွေးလိုက်သည်။
တုပိုင်က ပြောလိုက်၏။ “အခု အဲဒီ အမျိုးသမီးနဲ့ ခင်ဗျားရဲ့ ချစ်စရာ သမီးလေးက အောက်က လူအုပ်ကြီးထဲမှာ ရှိနေတယ်။ ခင်ဗျား သူတို့အားလုံးကို သတ်ချင်သေးလား။ အဲဒီ သားအမိနှစ်ယောက်က ဘယ်သူတွေလဲ ဆိုတာ ခင်ဗျား မသိချင်ဘူးလား”
“မသိချင်ဘူး... မင်း လိမ်နေတာ... မင်း လိမ်နေတာ” လူပုပရောဖက် စစ်ခုန်းယဲ့သည် ငိုကြွေးအော်ဟစ်လျက် လက်ထဲမှ ငရဲလွှကို လွှတ်ချပြီး ထွက်ပြေးသွားလေသည်။
ယခင်အကြိမ်တုန်းကလိုပင် ထွက်ပြေးသွားပြန်၏။
သူ၏ ရင်ထဲ၌ ပုံပျက်ပန်းပျက် အမုန်းတရားများ ရှိနေသော်လည်း ၊ တစ်ချိန်တည်းမှာပင် သူရဲဘောကြောင်သော စိတ်ဓာတ်လည်း ကိန်းအောင်းနေဆဲ ဖြစ်လေသည်။
တုပိုင်သည် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး အတုအယောင်ကို ထိန်းချုပ်လိုက်ပြီး အမိန့်ပေးလိုက်၏။ “သားရဲဆန်း အားလုံးကို တစ်နေရာတည်း စုစည်းခိုင်းလိုက်”
ထို့နောက် တုပိုင်သည် သူ၏ လည်ပင်းကို ညှစ်ပြီး တစ်ဝက်ခန့် လှည့်လိုက်သည်။
ချက်ချင်းပင် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး အတုအယောင်သည် အလျင်အမြန် အမိန့်ပေးလိုက်ရာ သားရဲအုပ်စုကြီး တစ်ခုလုံး စတင် စုရုံးလာကြသည်။ အရေအတွက်မှာ များသည်ထက် များလာပြီး ၊ ကြက်သီးထဖွယ် ကောင်းလောက်အောင် ပြည့်ကျပ်သိပ်သည်းလာသည်။
ထို့နောက် တုပိုင်သည် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ လည်ပင်းကို ကိုင်လျက် ရှေ့မှ ဦးဆောင်သွားသည်။ သားရဲအုပ်စုကြီးသည်လည်း အနောက်မှ တရစပ် လိုက်ပါလာကြသည်။ ဖူဟုန်ပင်း ၊ မြို့စားမင်းလေး ကျီရှီနှင့် ကျီပြောင်ပြောင်တို့ ဦးဆောင်သော စစ်တပ်သည်လည်း နောက်ဆုံးမှ လိုက်ပါလာကြသည်။
တုပိုင် လုပ်ဆောင်ချင်သည့်အရာမှာ သားရဲဆန်းများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပြီး ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လူများကို ဘေးအန္တရာယ် ကင်းရှင်းသွားစေရန် ဖြစ်သည်။ တချို့က မေးကောင်းမေးနိုင်သည်။ ဤသားရဲအုပ်စုကြီးကို ဦးဆောင်ပြီး စစ်တိုက်လျှင် ပို၍ အစွမ်းထက်မည် မဟုတ်ပါလော။ ဤသည်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြားကမ္ဘာမှ စွမ်းအင်များ လွှမ်းမိုးထားသော နေရာဖြစ်သည့် ဤဒေသမှ ထွက်ခွာရန် လုံးဝ ဆန္ဒမရှိကြသောကြောင့် ဖြစ်သည်။
ဤသို့ဖြင့် တုပိုင်သည် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကို ထိန်းချုပ်ပြီး သားရဲအုပ်စုကြီးကို ဦးဆောင်ကာ ရှည်လျားသော လှိုဏ်ခေါင်းလမ်းကြောင်းကို ဖြတ်သန်း၍ ကျီမျိုးနွယ်စု မြို့တော်သို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် ရှုပ်ပွနေသော်လည်း အခြား မျိုးနွယ်စု မြို့တော်များထက် များစွာ သက်သာလေသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် စွမ်းအားကြီးမားသော ရေနဂါးတစ်ကောင် ရှိနေသောကြောင့် ဖြစ်သည်။ မြို့ပြင်တွင် ရှိနေပြီး မြို့ထဲသို့ မဝင်ရောက်နိုင်သော်လည်း ၊ သူ၏ စွမ်းအင်အရှိန်အဝါသည် သားရဲဆန်းများကို ကြောက်ရွံ့သွားစေရန် လုံလောက်ပေသည်။
တုပိုင် ဦးတည်သွားနေသော နေရာမှာ နှစ်တစ်ထောင် ရေနဂါး ရှိနေသည့် သားရဲသရဲရေတွင်းပင် ဖြစ်သည်။ ထိုရေတွင်းထဲမှ အစိမ်းရောင် အဆိပ်ရည်များသည် သားရဲဆန်းများ အားလုံးကို အရည်ပျော်သွားစေနိုင်လေသည်။
သားရဲဆန်းများတွင်လည်း အဆင့်အတန်း ခွဲခြားမှု ရှိသည်။ မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး ထိန်းချုပ်ထားသော သားရဲဆန်းများသည် လူသားစစ်သည်များထက် သန်မာသော်လည်း ၊ အဆင့်နိမ့် သားရဲများသာ ဖြစ်ကြသည်။
ပြိုင်ဘက်ကင်း ရဲတိုက်အောက်ခြေရှိ ချောရည်ဘီလူးကြီးသည် မျိုးဗီဇပြောင်းလဲထားသော ပုတ်သင်ညိုတစ်ကောင် ဖြစ်ပြီး ၊ အလယ်အလတ် သို့မဟုတ် အဆင့်မြင့် သားရဲ ဖြစ်သည်။
ရေနဂါးအသွင် ပြောင်းလဲထားသော ဤသားရဲကြီးသည် သေချာပေါက် အဆင့်မြင့် သားရဲကြီး ဖြစ်သည်။
တုပိုင် စိတ်ကမ္ဘာထဲတွင် တွေ့ကြုံခဲ့ရသော မီးဘီလူးကြီးနှင့် ရေခဲဘီလူးကြီးတို့သည်လည်း ထိပ်တန်းအဆင့် သားရဲကြီးများ ဖြစ်ကြပြီး ၊ ဖျက်ဆီးနိုင်စွမ်းအားတို့က အလွန် ကြီးမားကြသည်။
တုပိုင်သည် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးကို ထိန်းချုပ်ပြီး သားရဲအုပ်စုကြီးကို ခေါ်ဆောင်ကာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ မြို့တံခါးကြီး အပြင်ဘက်သို့ ထွက်လာခဲ့ပြီး သားရဲသရဲရေတွင်း ဘေးသို့ ရောက်ရှိလာခဲ့လေ၏။
ဤအချိန်တွင် နှစ်တစ်ထောင် ရေနဂါးကြီးသည်လည်း အလွန် ပါးနပ်လှသည်။ ပေါ်မလာသည့်အပြင် ၊ သားရဲဆန်းများ လန့်ပြေးသွားမည် စိုးသဖြင့် သူ၏ စွမ်းအင်အရှိန်အဝါများကို ဖုံးကွယ်ထားလိုက်လေ၏။
တုပိုင်သည် မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး၏ လည်ပင်းကို ညှစ်ပြီး အေးစက်စွာ အမိန့်ပေးလိုက်၏။ “သားရဲဆန်း အားလုံးကို ရှေ့က ရေတွင်းစိမ်းကြီးထဲ ခုန်ချခိုင်းလိုက်”
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး တုန်လှုပ်စွာ မေးလိုက်၏။ “ဒါဆိုရင် မင်း ငါ့ကို လွှတ်ပေးမှာလား”
တုပိုင်က ပြောလိုက်၏။ “မင်းကို မသတ်ဘူးလို့ ငါ ကတိပေးတယ်။ မင်းရဲ့ စိတ်စွမ်းအင်က ဒီလောက် မြင့်မားတာ... ငါ လိမ်တာ ဟုတ်မဟုတ် မင်း သိနိုင်မှာပါ”
ဤမဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး အတုအယောင်သည် အတ္တကြီးသော သတ္တဝါမျိုး ဖြစ်သည်။ သဘောမတူပါက တုပိုင်က ချက်ချင်း သတ်ပစ်မည်ကို သိနေသည်။
ထို့ကြောင့် သူ အမိန့်ပေးမှုအောက်တွင် သားရဲဆန်းများသည် မီးထဲသို့ တိုးဝင်သော ပိုးဖလံများကဲ့သို့ ရေတွင်းစိမ်းကြီးထဲသို့ တစ်ကောင်ပြီးတစ်ကောင် ခုန်ချလိုက်ကြလေသည်။
ထင်ထားသည့်အတိုင်းပင် ခုန်ချလိုက်သည်နှင့် သူတို့အားလုံးသည် အသံတိတ် အရည်ပျော်သွားကြလေ၏။ ဤအစိမ်းရောင် အဆိပ်ရည်သည် အလွန် ပြင်းထန်ပြီး ၊ သူတို့၏ အသားနှင့် အရိုးများကို အရည်အဖြစ် ချက်ချင်း ပြောင်းလဲသွားစေနိုင်သည်။
အနောက်မှ လိုက်ပါလာသော ဖူဟုန်ပင်း ၊ မြို့စားမင်းလေး ကျီရှီနှင့် ကျီပြောင်ပြောင်တို့ ပါးစပ်အဟောင်းသားဖြင့် ငေးမောကျန်ရစ်ခဲ့ကြသည်။ အောက်တွင် လှပသော အရာတစ်ခုခု ရှိနေသကဲ့သို့ ၊ မရေမတွက်နိုင်သော သားရဲဆန်း အုပ်စုကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ရေတွင်းကြီးထဲသို့ တန်းစီပြီး ခုန်ချနေကြသည် မဟုတ်ပါလော။
နှစ်နာရီ ကြာပြီးနောက် သားရဲအုပ်စုကြီး လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သားရဲသရဲရေတွင်းကြီး၏ ထုထည်ပမာဏသည်တော့ သုံးဆခန့် ကြီးမားလာလေသည်။
သဘာဝဘေးအန္တရာယ်များကို ဖယ်ထားလိုက်လျှင် ၊ ယခုအချိန်တွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သည် လုံးဝ ဘေးကင်းသွားပြီ ဖြစ်လေ၏။
တုပိုင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို ကယ်တင်လိုက်နိုင်ပြီ ဖြစ်ပြီး ၊ သားရဲဆန်းများ၏ ခြိမ်းခြောက်မှုကို အမြစ်ပြတ် ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်သည်။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီး အတုအယောင်က တုန်ရီစွာ ပြောလိုက်၏။ “ငါ ကတိတည်ပြီးပြီ... ငါ့ကို လွှတ်ပေးတော့”
တုပိုင်သည် အရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။ မနက်ခင်း အာရုဏ်ဦး ရောင်ခြည်များ ပေါ်လာပြီ ဖြစ်ကာ ၊ နေမင်းကြီး မကြာမီ ထွက်ပေါ်လာတော့မည် ဖြစ်သည်။
တုပိုင် ပြုံးလိုက်ပြီး ပြောလိုက်၏။ “ကောင်းပြီ... ငါ မင်းကို လွှတ်ပေးမယ်”
ပြောပြီးသည်နှင့် တုပိုင် လက်လွှတ်လိုက်သည်။
မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးသည် ရူးသွပ်မတတ် ထွက်ပြေးသွားလေသည်။ အလွန် လျင်မြန်သော နှုန်းဖြင့် ပြေးထွက်သွားလေ၏။
သို့သော် နောက်တစ်စက္ကန့်တွင် နေထွက်လာပြီး နေရောင်ခြည်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
သူသည် အမှန်တကယ်တော့ ဝိညာဉ်ခွင်းသားရဲ တစ်ကောင် ဖြစ်ပြီး ၊ မြေအောက်ထဲတွင်သာ ထာဝရ နေထိုင်ရသော သတ္တဝါ ဖြစ်သည်။ နေရောင်ခြည်နှင့် လုံးဝ မထိတွေ့နိုင်ပေ။
ယခုအခါ နေရောင်ခြည်နှင့် ထိတွေ့သွားခဲ့လေ၏။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်သည် ပြာမှုန့်အဖြစ် ပြောင်းလဲသွားလေသည်။
“အားးးးး”
စူးရှသော အော်ဟစ်သံနှင့်အတူ ဤယုတ်မာသော မဟာမြေအောက်ကမ္ဘာမိစ္ဆာကြီးသည် လုံးဝ သေဆုံးသွားလေတော့၏။
“ဘုန်းးးး ဂျိန်းးးးး”
ထိုအခိုက်မှာပင် နောက်ထပ် မြေငလျင် တစ်ကြိမ် ထပ်လှုပ်ပြန်သည်။
ထို့အပြင် ဤတစ်ကြိမ်သည် ယခင် အကြိမ်များထက် ပိုမို ပြင်းထန်လေ၏။
ဖူဟုန်ပင်းနှင့် မြို့စားမင်းလေး ကျီရှီတို့ တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီး ကြည့်လိုက်မိကြသည်။ ဤမြေငလျင်က မည်သည်နည်းဆိုသည်ကို သူတို့ကောင်းကောင်းကြီး သိနေကြလေ၏။
နှစ်ရာပေါင်းများစွာ ကြာတိုင်း တစ်ခါ ဖြစ်ပေါ်တတ်သော ကမ္ဘာမြေ အက်ကွဲခြင်း ဖြစ်စဉ်ကြီး စတင်တော့မည်ဖြစ်လေ၏။
လွန်ခဲ့သော အကြိမ်က ရှားလုံစော်ဘွား၏ လူမျိုးစု နယ်မြေတွင် ဖြစ်ပွားခဲ့ပြီး ၊ အက်ကွဲမှုတိုင်းသည် အရှေ့ဘက်သို့ ရွေ့လျားလာခဲ့သည်။
ရင်ပြင်တွင် စစ်သည်အင်အား ၄၀,၀၀၀ ခန့် တန်းစီ ရပ်နေကြသည်။
ဤစစ်သည်များသည် အတော်ဆုံးသော ၊ လက်ရွေးစင်စစ်သည်များ ဖြစ်ကြသည်။ ယခင်က ခြောက်သောင်းကျော်ခဲ့သော်လည်းဘဲ ယခုအခါတွင် ၄၀,၀၀၀ အောက်သာ ကျန်ရှိတော့သည်။
“ဘုန်းးးး ဂျိန်းးးးး”
ရုတ်တရက် နောက်ထပ် မြေငလျင် တစ်ကြိမ် ထပ်လှုပ်ပြန်သည်။
တုပိုင် အော်ဟစ်မေးလိုက်၏။ “ဒါ ဘာလဲဆိုတာ ဘယ်သူ ပြောပြနိုင်လဲ”
“မြေငလျင်”
“ကမ္ဘာမြေ အက်ကွဲခြင်း”
တုပိုင် ကျယ်လောင်စွာ ပြောလိုက်၏။ “ဟုတ်တယ်... ဒါက ကမ္ဘာမြေ အက်ကွဲခြင်းပဲ။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာမြေ အက်ကွဲခြင်းကို ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေ မှတ်တမ်းတင်ထားခဲ့မှာပါ။ အဲဒီတုန်းက ကမ္ဘာမြေ အက်ကွဲခြင်းရဲ့ ဗဟိုချက်မက ခင်ဗျားတို့ရဲ့ အနောက်ဘက် မိုင် ၇၀၀ အကွာမှာ ရှိခဲ့တာ။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က ဂယက်ရိုက်ခတ်မှုကို ခံခဲ့ရရုံပဲ ရှိတာ”
ရှိနေသော စစ်သည်များအားလုံး ဤအချက်ကို ရှင်းလင်းစွာ သိထားကြသည်။
တုပိုင်က ဆက်ပြောလေ၏။ “ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အဲဒီလောက် ကံကောင်းမှာ မဟုတ်ဘူး။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က ကမ္ဘာမြေ အက်ကွဲခြင်းရဲ့ ဗဟိုချက်မ ဖြစ်လာလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက လှုပ်ခဲ့တဲ့ မြေငလျင်တွေက နိဒါန်းပျိုးတာပဲ ရှိသေးတယ်။ နောက်ထပ် ရှစ်နှစ်ကြာရင် တကယ့် အက်ကွဲခြင်းကြီး ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်”
နောက်ထပ် ရှစ်နှစ်ကြာလျှင် ဖြစ်ပေါ်မည့် ကမ္ဘာမြေ အက်ကွဲခြင်းကို ယခင်နှစ်က ရှားလုံစော်ဘွား၏ နယ်မြေရှိ ခေါင်းကိုးလုံးမြွေကြီးထဲတွင် ရှိနေစဉ် တုပိုင် တွက်ချက်ခဲ့ဖူးခြင်း ဖြစ်သည်။
တုပိုင်၏ စကားကို ကြားသောအခါ မည်သူမျှ စကားမပြောကြပေ။
တုပိုင် ဆက်လက်ပြီး အော်ပြောလိုက်၏။ “နောက်ထပ် ရှစ်နှစ်ကြာရင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က လူဦးရေ နှစ်သိန်းလောက် ဘယ်သွားကြမလဲ။ ခင်ဗျားတို့ရဲ့ မိဘတွေ ၊ မိသားစုဝင်တွေ ဘယ်သွားကြမလဲ”
လူတိုင်း တိတ်ဆိတ်နေကြဆဲပင်။
တုပိုင်က ဆက်ပြောလေ၏။ “ခင်ဗျားတို့ရဲ့ ဗေဒင်ဆရာတွေ ၊ ပညာရှိကြီးတွေလည်း ဒီကမ္ဘာမြေ အက်ကွဲခြင်း ဖြစ်လာမယ် ဆိုတာ တွက်ချက်ထားပြီးသားပါ။ ဗဟိုချက်မက ပြိုင်ဘက်ကင်း မြေအောက်မြို့တော် ဖြစ်နိုင်တယ် ဆိုတာကိုပေါ့။ ဒါပေမဲ့ ဒီစကားတွေကို ဖိနှိပ်ထားခဲ့ကြတယ်။ အက်ကွဲခြင်း ဆိုတဲ့ စကားလုံးကို တားမြစ်ထားခဲ့ကြတယ်။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ မြေငလျင် သုံးကြိမ်က ဒီအချက်ကို သက်သေပြလိုက်တာပဲ။ ခင်ဗျားတို့ ရှောင်လွှဲလို့ မရတော့ဘူး”
ကမ္ဘာမြေ အက်ကွဲခြင်းနှင့် ပတ်သက်သော ဟောကိန်းများကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကတည်းက တင်ပြခဲ့ကြသည်။ သို့သော် မြို့စားမင်းများ ကောင်စီနှင့် အကြီးအကဲများ ကောင်စီက လုံးဝ ဖိနှိပ်ထားခဲ့ကြသည်။ ထိုအရာများသည် အရူးတစ်ယောက်၏ ဟောကိန်းသာ ဖြစ်ပြီး ၊ ဘယ်သောအခါမှ ဖြစ်လာမည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ရှေးရိုးစွဲဆန်မှုနှင့် ခေါင်းမာမှုတို့ကို တုပိုင် ကောင်းကောင်းကြီး ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
သို့သော် မနေ့ကနှင့် ယနေ့ ဖြစ်ပွားခဲ့သော မြေငလျင်များက ထိုအချက်ကို သက်သေပြနေသည်။ မနေ့ညက မြေငလျင်သာ မလှုပ်လျှင် တွင်းပေါက်အသစ် ပေါ်လာမည် မဟုတ်သလို ၊ သားရဲဆန်းများ ဝင်ရောက်လာပြီး အရပ်သားများ အသတ်ခံရမည့် အန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ပေ။
တုပိုင်သာ မကယ်တင်ခဲ့လျှင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သည် မျိုးပြုန်းသွားလုနီးပါး ဖြစ်ခဲ့ပေလိမ့်မည်။
တုပိုင် မေးလိုက်၏။ “ဖူဟုန်ပင်း... နောက်ထပ် ရှစ်နှစ်ကြာရင် ဖြစ်လာမယ့် ကမ္ဘာမြေ အက်ကွဲခြင်းကို ရင်ဆိုင်ဖို့ မင်း ဘာလုပ်မလဲ”
ဖူဟုန်ပင်းက တုပိုင်ကို မော့ကြည့်ပြီး ပြောလိုက်၏။ “အပြင်ထွက်ပြီး နယ်မြေတစ်ခု သိမ်းပိုက်မယ်။ ကမ္ဘာမြေ အက်ကွဲခြင်း ဖြစ်လာတဲ့အချိန်ကျရင် ကျွန်မတို့ လူနှစ်သိန်းကျော် နေထိုင်ဖို့ အိမ်သစ်တစ်ခု ဖန်တီးထားမယ်”
တုပိုင် မေးလိုက်၏။ “မြို့စားမင်းလေးကျီရှီ... ခင်ဗျားကော ဘာလုပ်မလဲ”
မြို့စားမင်းလေး ကျီရှီက ပြောလိုက်၏။ “အပြင်ထွက်ပြီး နယ်မြေတစ်ခု သိမ်းပိုက်မယ်။ အိမ်သစ်တစ်ခု တည်ဆောက်မယ်”
တုပိုင် အော်ပြောလိုက်၏။ “ဟုတ်တယ်... အပြင်ထွက်ပြီး တိုက်ခိုက်ရမယ်။ သုံးရက်နေရင် မြေငလျင်က ယာယီ ရပ်တန့်သွားလိမ့်မယ်။ အရပ်သားတွေက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ ဆက်နေခဲ့ပြီး ၊ စစ်သည် ငါးထောင်က သူတို့ကို စောင့်ရှောက်ပေးထားမယ်။ ကျန်တဲ့ စစ်သည် သုံးသောင်းခွဲက ကျွန်တော်နဲ့အတူ လိုက်ခဲ့ကြ။ ကွမ်ရှီးပြည်နယ်ကို သွားပြီး မြို့တစ်မြို့ ၊ မြို့နှစ်မြို့ ၊ မြို့ပေါင်းများစွာကို သိမ်းပိုက်ကြမယ်။ အနာဂတ်မှာ ကပ်ဘေးရှောင်ဖို့ ခင်ဗျားတို့ရဲ့ အိမ်သစ်တွေ ဖြစ်လာစေရမယ်”
“ကျွန်တော် တုပိုင်က ခင်ဗျားတို့ကို သုံးကြိမ် ကယ်တင်ခဲ့ပြီးပြီ... သုံးကြိမ်တောင်နော်”
“အခု ကျွန်တော်က ခင်ဗျားတို့ရဲ့ မြို့စားမင်း ဖြစ်နေပြီ။ ကွမ်ရှီးပြည်နယ်ကို သွားရောက် တိုက်ခိုက်ဖို့ ကျွန်တော်နဲ့အတူ လိုက်ကြမလား။ ခင်ဗျားတို့ ကိုယ်တိုင်အတွက် ၊ ခင်ဗျားတို့ မိဘတွေအတွက် အိမ်သစ်တစ်ခု တည်ဆောက်ဖို့ ၊ နောက်ထပ် ရှစ်နှစ်ကြာရင် ကျရောက်လာမယ့် မျိုးပြုန်းကပ်ဘေးကြီးကနေ လွတ်မြောက်ဖို့ ကျွန်တော်နဲ့အတူ လိုက်ကြမလား”
ဖူဟုန်ပင်းသည် ဒူးတစ်ဖက်ထောက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။ “မဟာမြို့စားမင်းရဲ့ နောက်ကို လိုက်ပါ့မယ်”
သူမသည် အမြဲတမ်း အထီးကျန်နေတတ်သော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမ၏ အထီးကျန်မှုသည် အချစ်ရေးကြောင့် မဟုတ်ဘဲ ၊ ရည်မှန်းချက်များ မပြည့်ဝသောကြောင့် ဖြစ်သည်။ သူမတွင် မြင့်မားသော သိုင်းပညာနှင့် ကြီးမားသော ရည်မှန်းချက်များ ရှိသော်လည်း ၊ ဘယ်သောအခါမှ ထုတ်ဖော်ခွင့် မရခဲ့ရှိပေ။
ယခုအခါတွင်တော့ သူမသည် လမ်းကြောင်းသစ်တစ်ခု ၊ တာဝန်သစ်တစ်ခုကို တွေ့ရှိလိုက်ရပြီ ဖြစ်သည်။
မြို့စားမင်းလေး ကျီရှီ၏ စိတ်ထဲတွင် သူ၏ ဇနီးနှင့် ကလေးများ ပေါ်လာသည်။
သူသည် အေးစက်ပုံရသော်လည်း အမှန်တကယ်တော့ ခံစားလွယ်သူ တစ်ယောက် ဖြစ်ပြီး ၊ မိသားစုကို ကာကွယ်လိုစိတ် ပြင်းပြသူ ဖြစ်သည်။ မိသားစုကို ကာကွယ်နိုင်မည် ဆိုပါက သူ ဘာမဆို လုပ်ရဲသည်။
ထို့နောက် သူသည်လည်း ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်၏။ “မဟာမြို့စားမင်းရဲ့ နောက်ကို လိုက်ပါ့မယ်”
ထို့နောက် အခြားသော မြို့စားမင်းလေး တစ်ပါးလည်း ဒူးထောက်ပြီး အော်ဟစ်လိုက်၏။ “မဟာမြို့စားမင်းရဲ့ နောက်ကို လိုက်ပါ့မယ်”
နောက်ဆုံးတွင် ကျန်ရှိသော မြို့စားမင်းလေး နှစ်ပါးလည်း ဒူးထောက်ပြီး အော်ဟစ်လိုက်ကြ၏။ “မဟာမြို့စားမင်းရဲ့ နောက်ကို လိုက်ပါ့မယ်”
မကြာသေးမီကပင် တုပိုင်သည် သားရဲဆန်း အားလုံးကို လွယ်ကူစွာ ရှင်းလင်းပစ်ခဲ့သည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
လူတိုင်းသည် သူရဲကောင်း ပေါ်ထွက်လာမည်ကို မျှော်လင့်နေကြပြီး ၊ သူတို့ကို ဦးဆောင်လမ်းပြပေးမည့် ကယ်တင်ရှင်ကို တောင့်တနေကြမိလေ၏။
တုပိုင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို သုံးကြိမ်တိုင်တိုင် ကယ်တင်ခဲ့ပြီး ၊ အထူးသဖြင့် နောက်ဆုံးအကြိမ်တွင် လူတိုင်း၏ ရှေ့မှောက်၌ အံ့ဖွယ်အမှု ပြုလုပ်ပြခဲ့သည်။
ယခုအခါတွင် ဖူဟုန်ရှီ သေဆုံးသွားပြီဖြစ်ရာ ဖူဟုန်ပင်းသည် အလိုအလျောက် ဖူမျိုးနွယ်စု၏ မြို့စားမင်း ဖြစ်လာသည်။
လက်ရှိအချိန်တွင် မျိုးနွယ်စုကြီး ငါးခုမှ မြို့စားမင်းများ အားလုံး ဒူးထောက်လိုက်ကြပြီဖြစ်လေ၏။
နောက်ဆုံးတွင် သောင်းနှင့်ချီသော စစ်သည်များ အားလုံးသည် ညီညာစွာ ဒူးထောက်လိုက်ကြပြီး အော်ဟစ်လိုက်ကြ၏။ “မဟာမြို့စားမင်းရဲ့ နောက်ကို လိုက်ပါ့မယ်”
တုပိုင်သည် သူ၏သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရပြီး ၊ ရင်ပြင်တွင် ပြည့်နှက်နေသော စစ်တပ်ကြီးကို လှမ်းကြည့်လိုက်သည်။
ဤစစ်တပ်သည် လက်ရွေးစင်စစ်သည်များဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကြီး ဖြစ်သည်။ စစ်သည်တိုင်းသည် အရပ် ၁.၈ မီတာ ကျော် မြင့်မားကြပြီး ၊ သားရဲဆန်းများနှင့် ရင်ဆိုင်ရချိန်တွင်ပင် ဂုဏ်သိက္ခာကို တန်ဖိုးထားကြသူများ ဖြစ်သည်။ ထွက်ပြေးမည့်အစား အသေခံတိုက်ခိုက်မည့် သူများဖြစ်လေ၏။
ဤစစ်တပ်သည် မြေပြင်ပေါ်ရှိ စစ်တပ်အများစုထက် သာလွန်သော ၊ အလွန် စွမ်းအားကြီးမားသော စစ်တပ်ကြီး ဖြစ်သည်။ ယခုအခါ ဤစစ်သည် သောင်းပေါင်းများစွာသည် တုပိုင် ပိုင်ဆိုင်သော စစ်သည်များ ဖြစ်လာပြီဖြစ်လေ၏။
တုပိုင်သည် ဓားကို ဆွဲထုတ်လိုက်ပြီး အော်ဟစ်လိုက်၏။ “မြေပေါ်ကို တက်ကြမယ်... ကွမ်ရှီးပြည်နယ်ကို သိမ်းပိုက်ကြမယ်”
သောင်းနှင့်ချီသော သူရဲကောင်းစိတ်ဓာတ်ဖြင့် လက်ရွေးစင်စစ်သည်များ အားလုံးသည် သူတို့၏ဓားအိမ်ထဲမှ ဓားများကို တစ်ပြိုင်တည်း ဆွဲထုတ်လိုက်ကြပြီး ၊ မြောက်ဘက်သို့ ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြလေ၏။ “မြေပေါ်ကို တက်ကြမယ်... ကွမ်ရှီးပြည်နယ်ကို သိမ်းပိုက်ကြမယ်”
“မြေပေါ်ကို တက်ကြမယ်... ကွမ်ရှီးပြည်နယ်ကို သိမ်းပိုက်ကြမယ်”
“မြေပေါ်ကို တက်ကြမယ်... ကွမ်ရှီးပြည်နယ်ကို သိမ်းပိုက်ကြမယ်”
“မြေပေါ်ကို တက်ကြမယ်... ကွမ်ရှီးပြည်နယ်ကို သိမ်းပိုက်ကြမယ်”
“မြေပေါ်ကို တက်ကြမယ်... ကွမ်ရှီးပြည်နယ်ကို သိမ်းပိုက်ကြမယ်”
“မြေပေါ်ကို တက်ကြမယ်... ကွမ်ရှီးပြည်နယ်ကို သိမ်းပိုက်ကြမယ်”
“သတ်”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၈၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team