← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း ၇၆ - ဆွဲဆောင်စည်းရုံးခြင်း

စစ်သင်္ဘော သင်္ချိုင်းမှ ကိစ္စရပ်များ ပြီးဆုံးသွားသည်နှင့် ရှဖေးသည် အလိုချင်ဆုံးသော ထိပ်တန်း ဖရီးဂိတ်ယာဉ်ကို ရရှိခဲ့ရုံသာမက ကုဗမီတာ ၂၀ ဆံ့သော သိုလှောင်လက်စွပ် တစ်ကွင်းကိုပါ ရရှိခဲ့သည်။

လကြတ် ယာဉ်ကို အာကာသယာဉ် အာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ပြီးနောက် ရှဖေးသည် အဆုံးမရှိသော ကြယ်တာရာ နယ်မြေဆီသို့ မောင်းနှင်ထွက်ခွာလာခဲ့သည်။ သူ၏ ယခုခရီးစဉ် ပန်းတိုင်မှာ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်း၏ ဌာနချုပ် တည်ရှိရာ ဟက် ဂြိုဟ် ဖြစ်သည်။

ရှဖေးသည် ဘိုတန်ကို လကြတ်ယာဉ်၏ အထိုင်စက်ပြင်ဆရာ အဖြစ် ငှားရမ်းလိုသော်လည်း ထိုရိုးသားသူသည် ပေါ်တာ အနားမှ မခွာလိုသဖြင့် လက်လျှော့လိုက်ရချေသည်။

ရှောင်ထျန်း၊ မာရေးနှင့် ကောလင်း တို့သည် ပေါ်တာ အကျပ်အတည်း ကျော်လွှားနိုင်အောင် ကူညီပေးပြီးနောက် ထွက်ခွာသွားကြပြန်သည်။ သူတို့အားလုံးသည် အာကာသယာဉ် ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ရှဖေးသည် ဟက် ဂြိုဟ်သို့ လိုက်ပါရန် သူတို့ကို ဖိတ်ခေါ်ခြင်း မပြုခဲ့ပေ။

ရှဖေးသည် ဘိုတန်ကို လေးစားသည်မှာ စက်ပြင် ကျွမ်းကျင်မှုကြောင့် သက်သက် မဟုတ်ဘဲ သူ၏ စိတ်ထားကြောင့်လည်း ဖြစ်သည်။ ထိုသူသည် ပေါ်တာကို စွန့်ခွာရမည့်အစား ကွာရှင်းပြတ်စဲရန် ရွေးချယ်ခဲ့သည်မှာ ရှဖေးကို အလွန် ထိမိစေခဲ့သည်။ အာကာသယာဉ် ပြုပြင်ခြင်းနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုထက် ရှဖေးက သူ၏ သစ္စာရှိမှုကို ပိုမို တန်ဖိုးထားခြင်း ဖြစ်သည်။

ရှဖေးသည် ကွပ်ကဲမှု ကုန်းပတ်ရှိ ယာဉ်မှူး ထိုင်ခုံတွင် ထိုင်လိုက်ရာ သူ၏ နှလုံးခုန်သံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။

“ အန်ဒါရို ကြယ်တာရာ နယ်မြေက ဟက် ဂြိုဟ်ဆီ လမ်းကြောင်းဆွဲလိုက် ” ရှဖေးက AI ကွန်ပျူတာကို အမိန့်ပေးလိုက်သည်။

“ အနီးဆုံး ပျံသန်းမှု လမ်းကြောင်း ဖြစ်အောင် ရွေးချယ်ပြီး လမ်းကြောင်းကို ချိန်ညှိပါ၊ မတော်တဆမှု ဖြစ်လေ့ရှိတဲ့ နေရာတွေနဲ့ လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း ဖြစ်ရပ်ဆိုးတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို ရှောင်ရှားပါ ”

“ လမ်းကြောင်း သတ်မှတ်ပြီးပါပြီ၊ အလိုအလျောက် မောင်းနှင်မှု စနစ်ကို အသုံးပြုမလား ” အာကာသယာဉ်၏ အမျိုးသမီး အသံတုက မေးမြန်းလိုက်သည်။

“ အသုံးပြုမယ် ”

“ ဝပ်အင်ဂျင် စက်နိုးပါပြီ။ ဓာတ်ပေါင်းဖို ၉၀ ရာခိုင်နှုန်း လည်ပတ်နေပြီး စွမ်းအင် သိုလှောင်မှု ၉၉ ရာခိုင်နှုန်း ရှိပါတယ်၊ ၁၅ စက္ကန့်အတွင်း ခုန်ကူးပါမယ် ”

၁၅ စက္ကန့် ကြာပြီးနောက် တောက်ပသော တွင်းနက် လမ်းကြောင်းကြီး တစ်ခု ဖရီးဂိတ်ယာဉ် ရှေ့တွင် ပွင့်လာပြီး လကြတ် ယာဉ်သည် ဖြည်းညှင်းစွာ တိုးဝင်သွားလေသည်။ သူ ဝင်ရောက်ပြီး မကြာမီမှာပင် တွင်းနက်လမ်းကြောင်း ပိတ်သွားပြီး ကွပ်ကဲမှု ကုန်းပတ်၏ အလွန် ခိုင်ခံ့သော မှန်သားပြင် အပြင်ဘက်တွင် မရေမတွက်နိုင်သော ကြယ်တာရာများ တရိပ်ရိပ် ဖြတ်သန်းသွားသည့် မြင်ကွင်း ပေါ်လာသည်။

ခဏအကြာတွင် ဖရီးဂိတ်ယာဉ်သည် တွင်းနက်လမ်းကြောင်းမှ ထွက်လာပြီး သမုဒ္ဒရာနက်ကဲ့သို့ ပြာလဲ့နေသော လှပသည့် ကြယ်ခင်း တစ်ခုပေါ်သို့ ရောက်ရှိလာသည်။

“ ဝပ်အင်ဂျင် ခုန်ကူးမှု ပြီးဆုံးပါပြီ။ အင်ဂျင် စွမ်းအင် ဖြည့်တင်းမှု လုပ်ဆောင်နေပါတယ်။ ဒုတိယအကြိမ် ခုန်ကူးမှုကို ၄၅ မိနစ် ၃၇ စက္ကန့်အတွင်း စတင်ပါမယ် ” အေအိုင်အသံဖြင့် ကြေညာသည်ကို ကြားလိုက်ရသည်။

ရှဖေးသည် ဆေးလိပ်တစ်လိပ် မီးညှိလိုက်ပြီး ကျယ်ဝန်းသော ယာဉ်မှူးထိုင်ခုံတွင် နောက်သို့ မှီချလိုက်ကာ အာကာသ ခရီးစဉ်၏ အရသာကို ခံစားလိုက်သည်။အစောပိုင်း ခုန်ကူးမှုသည် အလင်းနှစ် ၆၃,၇၅၀ အကွာအဝေးကို ရောက်ရှိစေခဲ့သည်။

“ တကယ်ပဲ ဒီအာကာသယာဉ်ရဲ့ စွမ်းဆောင်ရည်က မဆိုးပါဘူး ” ဖန်တန်က ထိန်းချုပ်ရေး ခလုတ်ခုံပေါ်ရှိ ကိန်းဂဏန်းများကို ကြည့်ပြီး မှတ်ချက်ပြုလိုက်သည်။

ရှဖေး အနည်းငယ် ကျေနပ်သွားပြီး ပြန်ပြောလိုက်သည်။

“ ကျွန်တော် ဒီယာဉ်အတွက် ကြယ်တာရာ ဒင်္ဂါး သန်း ၇၀၀ ကျော် သုံးခဲ့ရတာ၊ အဲဒါက မြွေနက် ၁၃၀ အင်ဂျင်နဲ့ စွမ်းဆောင်ရည်မြှင့် ချစ်ပ် မပါသေးဘူး၊ ကျွန်တော် ဒီအတွက် သွေးထွက်အောင် ပိုက်ဆံ အကုန်ခံထားရတာ၊ ဘယ်လိုလုပ်ပြီး ညံ့နိုင်မှာလဲ ”

ဖန်တန် ခေတ္တမျှ စဉ်းစားလိုက်သည်။

“ မင်းမှာ ကုဗမီတာ ၂၀ ကျော် ဆံ့တဲ့ သိုလှောင်လက်စွပ် ရလာပြီဆိုတော့ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းကို ရောက်တဲ့အခါ မင်းရဲ့ လက်စွပ်အဟောင်းကို ရောင်းဖို့ အခွင့်အရေး ရှာရမယ်၊ မင်းအတွက် အဲဒါက အသုံးမဝင်တော့ဘူးလေ ”

“ ရောင်းမယ် ဟုတ်လား ” ရှဖေး သံသယ ဖြစ်သွားသည်။

“ ကျွန်တော့် အကောင့်ထဲမှာ ကြယ်တာရာ ဒင်္ဂါး သန်းတစ်ထောင် နီးပါး ကျန်သေးတယ်၊ ကျွန်တော် ပိုက်ဆံ လိုနေတာမှ မဟုတ်တာ၊ ဘာလို့ ရောင်းရမှာလဲ ”

ဖန်တန်က သူ့ကို မကောင်းသော ရည်ရွယ်ချက် ပါသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။ “ မင်းရဲ့ ခန္ဓာကိုယ်က ဆေးအကြွင်းအကျန်တွေ အားလုံးကို မကြာခင် စုပ်ယူပြီးတော့မယ်၊ အဲဒီအချိန်ကျရင် မင်းရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ အသစ်အဆန်း တစ်ခုခု လိုအပ်လာလိမ့်မယ်၊ အဲဒါက သေချာပေါက် မင်းကို ကုန်ကျစရိတ် များစေမှာပဲ ”

“ မဖြစ်နိုင်တာ ” ရှဖေး စိတ်လှုပ်ရှားသွားပြီး ထိုင်ခုံမှ ခုန်ထလုနီးပါး ဖြစ်သွားသည်။

“ အရည်အသွေးမြင့်တဲ့ လွမ်ဝိညာဉ် ဆေးက အရမ်း အစွမ်းထက်တယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ နောက်ထပ် ဝယ်ဖို့ လိုဦးမှာလဲ ”

“ လွမ်ဝိညာဉ် ဆေးမှာ နေမင်းရဲ့ ကယ်လိုရီတွေ အများကြီး ပါဝင်တယ်၊ အဲဒီ စွမ်းအင်တွေကို တိုက်ရိုက် စားသုံးမယ်ဆိုရင် လူ့ခန္ဓာကိုယ်က ခုခံနိုင်စွမ်း မရှိဘူး၊ ဒါကြောင့် ငါတို့က ပယင်းရောင် ရေခဲ သလင်းကျောက် လို့ ခေါ်တဲ့ နောက်ထပ် ဆေးဖက်ဝင် ပစ္စည်း တစ်မျိုးနဲ့ တွဲဖက် အသုံးပြုဖို့ လိုအပ်တယ်၊ အဲဒီ ပစ္စည်းနှစ်ခုက သန့်စင်တဲ့ ယန် နဲ့ သန့်စင်တဲ့ ယင် အရင်းအမြစ်တွေ ဖြစ်ကြလို့ နှစ်ခု ပေါင်းစပ်လိုက်ရင် တစ်ခုနဲ့တစ်ခု အားနည်းချက်တွေကို ဖြည့်ဆည်းပေးပြီး မင်းရဲ့ ကျင့်ကြံမှုကို များစွာ တိုးတက်စေလိမ့်မယ် ”

ဖန်တန် ရှင်းပြလို့ မပြီးခင်မှာပင် ရှဖေးသည် စိတ်ပျက်လက်ပျက်ဖြင့် သူ့အခန်းဆီသို့ ပြန်သွားလိုက်သည်။

“ ကောင်းပြီ ငါ သဘောပေါက်ပါပြီ၊ ငါ့မှာ ပိုက်ဆံ ဘယ်လောက်ပဲ ရှိရှိ မင်း သုံးဖို့အတွက်တော့ လုံလောက်မှာ မဟုတ်ဘူး၊ ဒီအချက်ကို ငါ စောစောကတည်းက သတိထားမိခဲ့သင့်တာ... ”

ဖန်တန်က အလွန် အပြစ်ကင်းစင်သော ပုံစံဖြင့် ကန့်ကွက်လိုက်သည်။

“ မင်း ဘယ်လိုလုပ် အဲဒီလို ပြောနိုင်ရတာလဲ၊ ငါတို့ အများကြီး သုံးရမှာမှ မဟုတ်တာ၊ အများဆုံး ဘီလီယံ အနည်းငယ်လောက်ပဲ ကုန်မှာပါ ”

ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းသည် ဟက် ဂြိုဟ်၏ အကြီးဆုံး မြို့တော် ဖြစ်သော ဖျံတမန် မြို့တော်၏ အစွန်အဖျားတွင် တည်ရှိသည်။ ရှဖေးသည် သူ၏ လကြတ် ယာဉ်ကို လေ့ကျင့်ရေး ကွင်းနှင့် နီးကပ်သော်လည်း လူသူကင်းမဲ့သော ယာဉ်ပျံရုံ တစ်ခုတွင် အပ်နှံလိုက်သည်။

ဖရီးဂိတ်ယာဉ် တစ်စင်းသည် နေရာအများကြီး မယူသဖြင့် ထိန်းသိမ်းခမှာ အတော်လေး သက်သာပြီး တစ်ရက်လျှင် ကြယ်တာရာ ဒင်္ဂါး ၂၀၀ သာ ပေးရသည်။ ရှဖေးသည် ရက်ပေါင်း ၁၀၀ စာ လုံလောက်သော ပမာဏကို ပေးချေပြီးနောက် ထိုနေရာမှ ထွက်လာခဲ့သည်။

ယာဉ်ပျံရုံ ပတ်လည်တွင် ရှဖေး နာမည် မသိသော အပင်များနှင့် သစ်ပင်မျိုးစုံ ပေါက်ရောက်နေသည်။ သန့်ရှင်းပြီး သစ်တောများ ဖုံးလွှမ်းနေသော တောင်တန်းများကို အဝေးတွင် မြင်တွေ့ရပြီး တောင်ခြေရင်း၌ ကြည်လင်သော မြစ်တစ်စင်း စီးဆင်းနေသည်။ လတ်ဆတ်သော လေထုနှင့် ရှုခင်းသည် ပတ်ဝန်းကျင်၏ အံ့ဖွယ် ပုံရိပ်တစ်ခုကို ဖော်ဆောင်နေသည်။

ACG-21 တွင် ကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် ရာသီဥတုနှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် ပရဒိသုဘုံ ကဲ့သို့ပင်။ ရှဖေးကို ပို၍ ကျေနပ်စေသည်မှာ ဟက် ဂြိုဟ်၏ တစ်ရက်တာ ကြာချိန်သည် ၂၃ နာရီ ၄၂ မိနစ် ဖြစ်ပြီး ကမ္ဘာမြေနှင့် နီးပါး တူညီနေသဖြင့် သူ လုံးဝ အသားကျရန် မလိုအပ်ပေ။

ယာဉ်ပျံရုံမှ ထွက်လာသောအခါ ကျယ်ဝန်းပြီး ရွှံ့ထူသော လမ်းတစ်လမ်းက ရှဖေးကို ကြိုဆိုနေသည်။ ဝင်ပေါက်အနီးတွင် အပြာရောင် ဟောဗာကား တစ်စီး ရပ်ထားပြီး အတွင်း၌ ပိန်လှီသော အမျိုးသား တစ်ဦး ထိုင်နေကာ ထိုသူသည် သူ၏ လက်ကိုင် ကွန်ပျူတာ မျက်နှာပြင်ကို လက်ညှိုးထိုးနေသည်။

ရှဖေးသည် သူ၏ မိုက်ခရိုကွန်ပျူတာကို ဖွင့်၍ လေ့ကျင့်ရေး စခန်း တည်နေရာကို စစ်ဆေးလိုက်ပြီး ခြေကျင် လျှောက်သွားရန် ပြင်လိုက်သည်။ ရှဖေးကဲ့သို့ အမြန်နှုန်း စွမ်းရည်ရှင် တစ်ဦးအတွက် ဤအကွာအဝေးသည် ပြဿနာ မဟုတ်ပေ။

ထိုအချိန်တွင် ဟောဗာကားထဲမှ လူသည် သူ့ကို တွေ့သွားသည်။ ထိုသူသည် တံခါးဖွင့်ပြီး ရှဖေးထံသို့ လျှောက်လာသည်။

“ ရှဖေးလား ” ထိုသူက သူ့ကို ပြုံး၍ မေးလိုက်သည်။

‘သူ ငါ့ကို ဘယ်လို လုပ်သိတာလဲ’ ရှဖေး ခေါင်းညိတ်လိုက်ပြီး နားမလည်စွာ တွေးလိုက်သည်။

“ ကျွန်တော်က ထောက်လှမ်းရေး ဌာနခွဲရဲ့ ကြီးကြပ်ရေးမှူး ဟော့ပါးရှန်း ပါ ” ထိုလူက သူ၏ တံဆိပ်ကို ပြသရင်း ဖော်ရွေစွာ လက်ကမ်းပေးလိုက်သည်။

“ ကျွန်တော် ခင်ဗျားကို လာကြိုတာပါ ”

ရှဖေးသည် တွန့်ဆုတ်စွာဖြင့် ညာဘက်လက်ကို ကမ်းပေးလိုက်သည်။

“ ဒီနေ့ ကျွန်တော် ရောက်မယ် ဆိုတာ လေ့ကျင့်ရေး စခန်းကို အကြောင်းမကြားခဲ့ရပါဘူး၊ ခင်ဗျား ဘယ်လိုလုပ် သိတာလဲ ”

ဟော့ပါးရှန်း ရယ် မောလိုက်သည်။

“ ကျွန်တော်က ထောက်လှမ်းရေး ဌာနခွဲရဲ့ ကြီးကြပ်ရေးမှူးလေ၊ ကျွန်တော် သိချင်တာ ရှိရင် သေချာပေါက် သိရမှာပေါ့၊ အရင်ဆုံး ကားပေါ်တက်ပါ၊ ပြီးမှ စကားပြောကြတာပေါ့ ”

ဟော့ပါးရှန်းသည် ရှဖေးကို တင်ဆောင်ပြီး လမ်းအတိုင်း ဖြည်းညှင်းစွာ မောင်းနှင်လာရာ သူ၏ အရှိန်သည် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက် မကျော်လွန်ပေ။ ရှဖေး၏ ပြေးနှုန်းနှင့် ယှဉ်လျှင် များစွာ နှေးကွေးနေသည်။

သူသည် ဟောဗာကားကို အလိုအလျောက် မောင်းနှင်မှု စနစ်သို့ ပြောင်းလိုက်ပြီး ရှဖေးနှင့် စတင် ဆွေးနွေးလေသည်။

“ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းမှာ ဌာနခွဲတွေ အများကြီး ရှိတယ်၊ တစ်ခုချင်းစီက မတူညီတဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်ကြတယ်၊ ဥပမာ ကျွန်တော်တို့ ထောက်လှမ်းရေး ဌာနခွဲ ဆိုပါတော့... အဓိကအားဖြင့် အဆင့်မြင့် ကင်းထောက်တွေကို မွေးထုတ်ပေးဖို့ တည်ထောင်ထားတာ ဖြစ်တယ်၊ မင်းရဲ့ စစ်ဆေးမှု ဗီဒီယိုကို ငါကြည့်ခဲ့တယ်၊ အဲဒီတုန်းက အောင်ပွဲရဖို့ မင်းပြသခဲ့တဲ့ လိုက်လျောညီထွေ နေတတ်မှုနဲ့ ဇွဲလုံ့လတွေကို ငါအရမ်း သဘောကျခဲ့တယ် ”

“ လေ့ကျင့်ရေး စခန်းကို ရောက်တဲ့အခါ မင်း ပထမဆုံး လုပ်ရမှာက မင်းရဲ့ အားသာချက် အလိုက် ဖွံ့ဖြိုးတိုးတက်မယ့် လမ်းကြောင်းကို ရွေးချယ်ဖို့ပဲ၊ သင့်လျော်တဲ့ ဖွံ့ဖြိုးရေး ပန်းတိုင်တွေ ရှိဖို့က အရမ်း အရေးကြီးတယ်၊ မင်းမှာ ထူးချွန်တဲ့ ကင်းထောက် တစ်ယောက် ဖြစ်လာဖို့ အလားအလာ ရှိတာကြောင့် ထောက်လှမ်းရေးနဲ့ စောင့်ကြည့်ခံရမှုကို ရှောင်ရှားတဲ့ စွမ်းရည်တွေ သင်ယူဖို့ ငါတို့ရဲ့ ထောက်လှမ်းရေး ဌာနခွဲကို ဝင်ရောက်ဖို့ စဉ်းစားမယ်လို့ ငါမျှော်လင့်ပါတယ် ”

ဟော့ပါးရှန်းသည် ဖုံးကွယ်ထားသော စကားလုံးများကို အသုံးပြုကာ သူ၏ ထောက်လှမ်းရေး ဌာနခွဲကို ချီးမွမ်းရင်း ရည်ရွယ်ချက်ကို ချက်ချင်း ဖော်ပြကာ ပွင့်လင်းစွာ ပြောဆိုလိုက်သည်။ သူသည် ထိုစကားများကို ကြိုတင် လေ့ကျင့်ထားသည်မှာ ထင်ရှားသည်။

ရှဖေးသည် ဤအတွေ့အကြုံကြောင့် အတော်လေး ဇဝေဇဝါ ဖြစ်သွားသည်။ ရှဖေးသည် မည်သည့် ဌာနခွဲသို့ ဝင်ရောက်မည်၊ သို့မဟုတ် မည်သည့် စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ကို မစဉ်းစားရသေးပေ။ ထို့ကြောင့် ဟော့ပါးရှန်း၏ အကြံပြုချက်ကို လေးလေးနက်နက် စဉ်းစားပေးမည်ဟုသာ ပြောလိုက်သည်။

သူ ပြောချင်ရာ ပြောပြီးနောက် ဟော့ပါးရှန်းသည် ဘာမှ ထပ်မပြောတော့ပေ။ ဟောဗာကား၏ အရှိန်သည်လည်း တဖြည်းဖြည်း မြင့်တက်လာပြီး မကြာမီ သူတို့သည် ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်း၏ ပင်မ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။

အကျယ် မီတာ ၁၀၀ ရှိသော ပင်မဝင်ပေါက်ကို ဧရာမ ကျောက်တုံးကြီး တစ်တုံးမှ ထွင်းထုထားခြင်း ဖြစ်သည်။ မြေပြင်ကို ကျောက်ဖြူများ ခင်းထားပြီး နံရံများကို ဘော်ဆော်ကျောက်များဖြင့် ပြုလုပ်ထားသည်။ ယေဘုယျအားဖြင့် ကြည့်လျှင် သိပ်ပြီး အထင်ကြီးစရာ မြင်ကွင်း မဟုတ်ပေ။

ဝင်ပေါက် အထက်တွင် ရွှေရောင် စာလုံးနှစ်လုံး ချိတ်ဆွဲထားသည်။ “ ကောင်းကင် ကွပ်မျက်ရေး ” ထိုစာလုံးများသည် မည်သူ့ကိုမဆို ကြောက်ရွံ့လေးစားစိတ် ဖြစ်ပေါ်စေရန် လုံလောက်သည်။

ကားသည် ဝင်ပေါက်ရှေ့တွင် ရပ်တန့်သွားပြီး ဟော့ပါးရှန်းက ပြောလိုက်သည်။

“ မင်းကို ဒီနေရာမှာပဲ ချပေးခဲ့မယ်၊ မင်းကို ကြိုဆိုဖို့ ဒီမှာ လူတစ်ယောက် ရှိတယ် ”

သူ ထိုသို့ ပြောလိုက်သည်နှင့် တပြိုင်နက် ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးဖြဲဖြဲဖြင့် လမ်းလျှောက်လာသော အသက် ၆၀ အရွယ် ဝဖိုင့်ဖိုင့် လူကြီး တစ်ဦးကို ရှဖေး တွေ့လိုက်ရသည်။

“ ဟော့ပါးရှန်း... အို ဟော့ပါးရှန်း... ရှဖေး ငါ့ရဲ့ ကွပ်ကဲမှု ဌာနခွဲကို ဝင်မှာကို မင်း ကန့်ကွက်ပြီး သူ့ကို ကြိုတင် ဆက်သွယ်လိမ့်မယ်လို့ ငါ ထင်ထားပြီးသားပါ ” ဝဖိုင့်ဖိုင့် လူကြီးက လမ်းလျှောက်လာရင်း ပြောလိုက်သည်။

“ မင်း ဒီလောက် မြန်မြန် လှုပ်ရှားလိုက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့တာပဲ ရှိတာ ”

ဟော့ပါးရှန်း ပြုံးလိုက်သည်။ “ ကျွန်တော်က ထောက်လှမ်းရေး ဌာနခွဲကလေ ”

ဝဖိုင့်ဖိုင့် လူကြီးသည် ဟော့ပါးရှန်းကို လစ်လျူရှုပြီး ရှဖေး အနားသို့ ရောက်သောအခါ သူ၏ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။

ရှဖေး လုံးဝ ကြောင်အသွားသည်။ သူသည် လေ့ကျင့်ရေး ကွင်း၏ ဝင်ပေါက်ကိုပင် မကျော်ရသေးဘဲ ဌာနခွဲ ကြီးကြပ်ရေးမှူး နှစ်ဦးနှင့် တွေ့ဆုံခဲ့ရပြီ ဖြစ်ကာ တစ်ယောက်ထက် တစ်ယောက် ပိုပြီး ယဉ်ကျေးပျူငှာ နေကြသည်။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။

ဝင်ပေါက် အနီးတွင် တစ်ကိုယ်တော် စီး ဟောဗာကား အချို့ ရပ်ထားသည်။ ချိုးရှန်းကျိက ရှဖေးကို ခေါ်ဆောင်သွားသည်။

“ ကြည့်စမ်း ဒါတွေက လေ့ကျင့်ရေး စခန်းက အခမဲ့ ထောက်ပံ့ပေးထားတဲ့ သယ်ယူပို့ဆောင်ရေး ပစ္စည်းတွေပဲ၊ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းက သင်တန်းသားတွေနဲ့ နည်းပြတွေ အားလုံး အသုံးပြုခွင့် ရှိတယ်၊ တစ်ခုလောက် စမ်းမောင်းကြည့်ပါဦး ”

ဤဟောဗာကားများ၏ အောက်တွင် ၀.၅ မီတာခန့် ရှိသော အဖြူရောင် ပြားများ ရှိပြီး အလယ်မှ T ပုံသဏ္ဍာန် လက်ကိုင် ထွက်ပေါ်နေသဖြင့် ဘီးမပါသော စကူတာများနှင့် တူနေသည်။ချိုးရှန်းကျိသည် အနည်းငယ် တုန်တုန်ယင်ယင်ဖြင့် တစ်ခုပေါ်သို့ တက်လိုက်ပြီး သူ၏ လက်ချောင်းတုတ်တုတ်ဖြင့် ခလုတ်ကို နှိပ်လိုက်သည်။

ဟောဗာကားသည် မြေကြီးပေါ်မှ ချက်ချင်း ကြွတက်လာပြီး ၁၀ စင်တီမီတာခန့် အကွာအဝေးကို ထိန်းထားသည်။

“ ကြည့်ပါ... လက်ကိုင်ကို လှည့်ရင် ဦးတည်ချက်ကို ထိန်းချုပ်လို့ ရတယ်၊ ညာဘက် လက်ကိုင်ကို လှည့်ရင် ဟောဗာကားက ရှေ့ကို သွားပြီး ဘယ်ဘက် လက်ကိုင်ကို လှည့်ရင် နောက်ဆုတ်လိမ့်မယ်၊ ဒီနှစ်ခုက ဘရိတ်တွေ ”

“ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းက စတုရန်း ကီလိုမီတာ ငါးထောင်လောက် ကျယ်ဝန်းတယ်၊ ကျောင်းသား အများစုက မင်းလို ထူးချွန်တဲ့ အမြန်နှုန်း စွမ်းရည် မရှိကြဘူး၊ ဒါကြောင့် သူတို့ သွားလာဖို့ ဒီဟောဗာကားတွေကို အားကိုးရတယ် ” ချိုးရှန်းကျိက ပြုံးဖြဲဖြဲဖြင့် ရှင်းပြလိုက်သည်။

ရှဖေး စိတ်ရှုပ်သွားသည်။ သူသည် ကြယ်တာရာ အခြေခံ အလယ်အလတ် အဆင့်သာ ရှိသေးရာ နောက်ဆုံးမှ ပြန်ရေတွက်လျှင် ပထမဆုံး ဖြစ်နေမည့်သူ ဖြစ်သည်။ ထူးချွန်သည်ဟု ခေါ်ဝေါ်ရန် လုံးဝ မဖြစ်နိုင်သော်လည်း ဤလူကြီးက သူ့ကို ထိုသို့ ဆက်တိုက် ချီးမွမ်းနေသည်။

မည်သို့ပင် ဆိုစေကာမူ ထိုကဲ့သို့ ဆန်းသစ်သော ပစ္စည်းသည် ရှဖေး၏ စိတ်ဝင်စားမှုကို သဘာဝကျကျ ဆွဲဆောင်နိုင်ခဲ့သည်။ သူသည် ဟောဗာကားပေါ် တက်ပြီး အသုံးပြုကြည့်လိုက်သည်။

၎င်းသည် မော်တော်ဆိုင်ကယ် တစ်စီးကဲ့သို့ အလုပ်လုပ်သော်လည်း အဆပေါင်းများစွာ ပိုမို ခေတ်မီသည်။ ရွေ့လျားသောအခါ အသံမထွက်ဘဲ တုံ့ပြန်မှု ကောင်းကာ လျင်မြန်သည်။ ချစ်ရသူ မိန်းကလေး တစ်ဦးနှင့်အတူ ဟောဗာကား စီးပြီး လျှောက်လည်ရလျှင် အတော်လေး ရိုမန်းတစ် ဆန်ပေလိမ့်မည်။

ချိုးရှန်းကျိသည် ရှဖေးကို လေ့ကျင့်ရေး စခန်း တစ်ပတ် လိုက်ပို့ပေးသည်။ သူသည် အလွန် ဖော်ရွေလွန်းသဖြင့် ရှဖေး လက်ခံရန် ခက်ခဲနေသည်။

လမ်းတစ်လျှောက်တွင် ချိုးရှန်းကျိသည် ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းရှိ အဆောက်အအုံများနှင့် ကောင်းကွက်များကို မိတ်ဆက်ပေးသော်လည်း ကွပ်ကဲမှု ဌာနခွဲ အကြောင်း တစ်လုံးမျှ မဟပေ။

ဟော့ပါးရှန်းနှင့် မတူဘဲ ဤမြေခွေးအိုကြီး ချိုးရှန်းကျိသည် ရှဖေး၏ မျက်နှာသာပေးမှုကို ရရှိရန်နှင့် သူ့ကို ဆွဲဆောင်ရန် သံယောဇဉ် ကစားကွက်ကို အသုံးပြုရန် ကြိုးစားနေသည်။

လမ်းတစ်လျှောက်တွင် အခြား သင်တန်းသားများက ရှဖေး ရှိရာသို့ လက်ညှိုးထိုးပြပြီး အချင်းချင်း စကားပြောနေကြသည်။ ရှဖေးသည် အခြေအနေ တစ်ခုလုံးကို ထူးဆန်းသည်ဟု ထင်မြင်ပြီး နေမထိထိုင်မသာ ခံစားချက်ကို ရရှိနေသည်။

“ ဟဲ... လေ့ကျင့်ရေး စခန်းက လူတိုင်း ချန်သုန်းနဲ့ မင်းရဲ့ ပြောင်မြောက်တဲ့ တိုက်ပွဲအကြောင်း သိကြတယ်၊ မင်းက အခုဆိုရင် ဂုဏ်သတင်း အတော်လေး ရနေပြီ ” ချိုးရှန်းကျိက ရယ်မောလိုက်သည်။

ဟောဗာကားများသည် သုံးထပ်ရှိသော စက်လုံးပုံ အဆောက်အအုံ တစ်ခုတွင် ရပ်တန့်သွားသည်။ ချိုးရှန်းကျိက ပြုံးရွှင်စွာ ပြောလိုက်သည်။

“ ဒီနေရာက သင်တန်းသားသစ်တွေ အဆင့်သတ်မှတ်တဲ့ နေရာပဲ၊ အထဲဝင်ပြီး မင်းရဲ့ အဆင့်ကို အရင် မှတ်ပုံတင်လိုက်ပါ ”

ရှဖေး ခေါင်းညိတ်လိုက်ပြီး ဟောဗာကားပေါ်တွင် အချိန်ပိုကုန်ဆုံးချင်သေးသော်လည်း ခုန်ဆင်းလိုက်သည်။

“ မင်း တစ်ခုတည်းပဲ မှတ်ထားဖို့ လိုတယ်... ထူးဆန်းတဲ့ သားရဲ ဌာနခွဲနဲ့ ထောက်လှမ်းရေး ဌာနခွဲက မင်းကို ဘာအခြေအနေတွေပဲ ကမ်းလှမ်းပါစေ၊ ငါတို့ ကွပ်ကဲမှု ဌာနခွဲက နှစ်ဆပေးဖို့ ဆန္ဒရှိပါတယ်၊ မင်းက လူလည် တစ်ယောက်ပါ၊ မင်းရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ငါယုံကြည်တယ် ” ချိုးရှန်းကျိက အပြုံးကြီး တစ်ခုဖြင့် ပြောလိုက်သည်။

ရှဖေးသည် ချိုးရှန်းကျိ ထွက်ခွာသွားသည်ကို အားကိုးရာမဲ့စွာ ကြည့်နေလိုက်သည်။

ထိုအချိန်တွင် သူ့အနောက်မှ မိုးခြိမ်းသံကဲ့သို့ အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

“ ရှဖေး... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ၊ မင်းကို ထူးဆန်းတဲ့ သားရဲ ဌာနခွဲမှာ ဝင်ဖို့ ငါစီစဉ်ပြီးပြီ၊ မြန်မြန်လာပြီး လက်မှတ်ထိုးလိုက် ”

ရှဖေး လုံးဝ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ ‘ဒီလူက ငါဘယ်ဌာနကို ရောက်မလဲ ဆိုတာ စီစဉ်ပြီးသွားပြီ ဟုတ်လား၊ ဒါက ဘယ်လို ကြိုဆိုမှုမျိုးလဲ’

အခန်း ၇၇ - မင်းက လိင်တူချစ်သူလား

မာကျန့်သည် စိတ်မရှည်တတ်သူ ဖြစ်သည်။ သူသည် ရှဖေးဘေးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး အလျင်အမြန်ပင် မေးလိုက်သည်။ “ မင်း တိရစ္ဆာန်တွေကို ကြိုက်လား ”

သူ၏ လေသံသည် လေးလံနေပြီး မေးခွန်းမေးနေသည်နှင့် မတူဘဲ စစ်ဆေးမေးမြန်းနေသည်နှင့် ပိုတူသည်။ ရှဖေး ခေတ္တမျှ ကြောင်အသွားပြီးနောက် မရေမရာ အဖြေတစ်ခု ပေးလိုက်သည်။

“ ဟုတ်ကဲ့၊ ကျွန်တော် တောရိုင်းတိရစ္ဆာန် မှတ်တမ်းရုပ်ရှင် တချို့ ကြည့်ဖူးပါတယ် ”

မာကျန့်သည် ဝမ်းသာအားရ ဖြစ်သွားသည်။ သူ၏ ကြီးမားသော လက်နှစ်ဖက်ဖြင့် ရှဖေး၏ ပခုံးများကို ဆုပ်ကိုင်လိုက်ပြီး ငုံ့ကြည့်ကာ ပြောလိုက်သည်။

“ အရမ်းကောင်းတယ်၊ မင်း တိရစ္ဆာန်တွေကို ကြိုက်တယ်ဆိုမှတော့ ငါတို့ရဲ့ ထူးဆန်းတဲ့ သားရဲ ဌာနခွဲကို လာသင့်တယ်၊ သားရဲတွေကို ဘယ်လို ယဉ်ပါးအောင် လုပ်ရမလဲ ဆိုတာ ငါ သင်ပေးလို့ ရတယ်၊ တကယ် စိတ်ဝင်စားစရာ ကောင်းတယ်ကွ ”

မာကျန့် ပြောသမျှသည် အပြုသဘောဆောင်သော်လည်း သူ၏ လေသံသည် အလွန်အမင်း အတင်းအကျပ် ဖြစ်နေသဖြင့် ရှဖေးမှာ မလိုလားအပ်သော ခုခံလိုစိတ်ကို ခံစားလာရသည်။ ထို့အပြင် ထိုလူကြီးတွင် မီးရှူးမီးပန်းကဲ့သို့ ကျယ်လောင်သော အသံလည်း ရှိနေသေးရာ ရှဖေးသည် ကျောင်းအုပ်ကြီး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံနေရသော အလယ်တန်း ကျောင်းသားဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

နဖူးကြော အနည်းငယ် ရှုံ့တွလျက် သူ မေးလိုက်သည်။ “ တိရစ္ဆာန်တွေကို ကြိုက်တာနဲ့ ထူးဆန်းတဲ့ သားရဲ ဌာနခွဲကို ဝင်ရမယ် ဆိုတာက သိပ်ပြီး ယုတ္တိမရှိဘူး မဟုတ်လား ”

မာကျန့်သည် ရုပ်ဆိုးသော်လည်း စိတ်ရင်း အလွန်ဖြူစင်သူ ဖြစ်သည်။ သူသည် မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

“ ဟုတ်သားပဲ၊ အဲဒါက သိပ်ပြီး ယုတ္တိမရှိဘူးနော်... ”

ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ သူ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။

“ ဟုတ်တာပေါ့၊ သားရဲတွေကို ယဉ်ပါးအောင် လုပ်တဲ့အခါ ဆုချလေ့ ရှိတာ သဘာဝပဲလေ၊ မင်း လိုချင်တာ ဘာမဆို ပြော ရှဖေး၊ ငါ့တတ်နိုင်သလောက် အကုန်ပေးမယ် ”

ရှဖေး စကားမပြောနိုင် ဖြစ်သွားပြီး စိတ်ထဲတွင် တွေးလိုက်သည်။

‘ဘာလို့ ဒီလူက ငါ့ကို မျောက်တစ်ကောင်လို လေ့ကျင့်ပေးနေသလို ခံစားရတာလဲ၊ ထူးဆန်းတဲ့ သားရဲ ဌာနခွဲက လူတိုင်း သူ့လိုတော့ မဟုတ်လောက်ပါဘူးနော်’

အန္တရာယ်ကင်းသော အပြုံးဖြင့် ရှဖေး ပြောလိုက်သည်။

“ ကျွန်တော် လေ့ကျင့်ရေး စခန်းကို အခုမှ ရောက်တာပါ၊ ဘယ်ဌာနခွဲ ဝင်ရမလဲ ဆိုတာ စဉ်းစားဖို့ အချိန်နည်းနည်း လိုတယ်၊ ကျွန်တော် ဆုံးဖြတ်ချက် ချတဲ့အခါ ထူးဆန်းတဲ့ သားရဲ ဌာနခွဲကို ထည့်သွင်းစဉ်းစားပါ့မယ် ”

“ တကယ်လား ” မာကျန့်သည် သူ၏ စကားကို ယုံကြည်သွားပြီး ဝမ်းသာအားရ ဖြစ်သွားပြန်သည်။

“ ကောင်းတာပေါ့၊ အရင်ဆုံး သွားပြီး စာရင်းသွင်းလိုက်၊ မနက်ဖြန်ကျရင် ထူးဆန်းတဲ့ သားရဲ ဌာနခွဲကို ငါ လိုက်ပြမယ်၊ ငါတို့ဆီမှာ ရှိတဲ့ လှပတဲ့ သားရဲတွေကို ကြည့်လိုက်၊ အဲဒီသားရဲတွေကို မြင်လိုက်တာနဲ့ မင်း သူတို့ကို ချစ်မိသွားမယ်လို့ ငါသေချာပေါက် ပြောရဲတယ် ”

မာကျန့်ထံမှ နောက်ဆုံးတွင် ရုန်းထွက်နိုင်ခဲ့ပြီးနောက် ရှဖေးသည် သင်တန်းသားသစ် အဖြစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် ပြီးမြောက်ရန် ရုံးခန်း အဆောက်အအုံဆီသို့ လျှောက်သွားလိုက်သည်။

ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းရှိ ရုံးခန်းများသည် အလိုအလျောက် စနစ်ဖြင့် လုပ်ဆောင်ပြီး စွမ်းဆောင်ရည် မြင့်မားသည်။ ရှဖေးသည် သူ၏ ယူနီဖောင်းနှင့် သင်တန်းသား ID ကို မကြာမီ ရရှိလိုက်သည်။

ရုံးခန်းမှ ထွက်လာသောအခါ ရဲ့ရှောင်ဟန်သည် စင်္ကြံလမ်းတွင် ယခင်ကကဲ့သို့ အေးစက်သော မျက်နှာထားဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

“ ဟဲ... ငါတို့ ပြန်တွေ့ကြပြန်ပြီ ” ရှဖေး လျှောက်သွားပြီး ပြုံးပြလိုက်သည်။

ရဲ့ရှောင်ဟန် ခေါင်းညိတ်ပြပြီး ရှဖေးနှင့်အတူ လမ်းလျှောက်ထွက်လာသည်။ “ ထူးဆန်းတဲ့ သားရဲ၊ ထောက်လှမ်းရေးနဲ့ ကွပ်ကဲမှု ဌာနခွဲတွေထဲက ဘယ်တစ်ခုကိုမှ မင်း ဝင်လို့ မရဘူး ဆိုတာ လာပြောတာ၊ အဲဒီအထဲက လွဲရင် ကြိုက်တဲ့ ဌာနခွဲကို လွတ်လပ်စွာ ရွေးချယ်နိုင်တယ်၊ ဒါပေမယ့် အတွင်းပိုင်း ဌာနခွဲတော့ မပါဘူးပေါ့၊ လောလောဆယ် မင်းမှာ အတွင်းပိုင်း ဌာနခွဲ ဝင်ဖို့ အရည်အချင်း မရှိသေးဘူး ”

ဤသတင်းကို ကြားသောအခါ ရှဖေး အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ ဌာနခွဲ သုံးခုက သူ့ကို အရင် လိုက်ရှာပြီး ဝင်ရောက်စေလိုသော်လည်း ယခု ရဲ့ရှောင်ဟန်က ထိုသုံးခုမှလွဲ၍ ကျန်သည့် မည်သည့် ဌာနခွဲကိုမဆို ဝင်ရောက်နိုင်ကြောင်း လာပြောနေသည်။ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။

ရှဖေး သက်ပြင်းချလိုက်သည်။ “ ဒါ အမိန့်လား ”

ရဲ့ရှောင်ဟန် ခေတ္တမျှ စဉ်းစားလိုက်သည်။

“ မဟုတ်ပါဘူး၊ ဒါက မိတ်ဆွေချင်း သတိပေးတာပါ ”

ရှဖေး တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ စိတ်မကောင်းပါဘူး၊ အမိန့်ဆိုရင်တောင် ကျွန်တော် လိုက်နာမှာ မဟုတ်ပါဘူး၊ ရွေးချယ်ခွင့်က ကျွန်တော့်ဆီမှာပဲ ရှိတာပါ၊ ဒါ ကျွန်တော့်ရဲ့ လွတ်လပ်သော ဆန္ဒပဲ၊ ကျွန်တော့် ဆုံးဖြတ်ချက်ကို ဘယ်သူမှ ဝင်စွက်ဖက်စရာ မလိုပါဘူး ”

ရဲ့ရှောင်ဟန်သည် ရှဖေးက သူမ၏ အကြံပြုချက်ကို ဤမျှ ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းသည် ကျောင်းတစ်ကျောင်းနှင့် မတူသော်လည်း ၎င်း၏ စနစ်သည် အခြေခံအားဖြင့် ကျောင်းတစ်ကျောင်းနှင့် ကွာခြားမှု မရှိပေ။

ကျောင်းသားတစ်ယောက်က ဆရာမတစ်ယောက်ရဲ့ တောင်းဆိုမှုကို ငြင်းပယ်လိမ့်မယ်လို့ စိတ်ကူးဖို့ ခက်ခဲတဲ့အပြင် ဒီဆရာမကလည်း အတော်လေး ချောမောလှပသူ ဖြစ်နေသေးသည်။

“ မင်း မာကျန့်၊ ဟော့ပါးရှန်းနဲ့ ချိုးရှန်းကျိ တို့ကို တွေ့ပြီးပြီလား ” ရဲ့ရှောင်ဟန်က မေးလိုက်သည်။

ရှဖေး ခေါင်းညိတ်လိုက်သည်။

“ အကျပ်အတည်း အဆင့် စစ်ဆေးမှုမှာ သူတို့သုံးယောက်က မင်းကို ရွေးချယ်ခဲ့ကြတယ်၊ သူတို့ တစ်ယောက်ချင်းစီက မင်းကို သူတို့ရဲ့ ဌာနခွဲတွေမှာ အထူး စာရင်းသွင်းချင်နေကြတာ၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ အတော်လေး ငြင်းခုန်ခဲ့ကြတယ်၊ အကယ်၍ မင်းသာ သုံးယောက်ထဲက တစ်ယောက်ယောက်ကို လက်ခံလိုက်ရင် ကျန်တဲ့ ကြီးကြပ်ရေးမှူး နှစ်ယောက်က လက်ခံဖို့ ခက်ခဲလိမ့်မယ်၊ အဲဒီကနေ ဖြစ်လာမယ့် ပဋိပက္ခက လေ့ကျင့်ရေး စခန်း တစ်ခုလုံးရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေလိမ့်မယ်၊ မင်း နားလည်လား ”

ရဲ့ရှောင်ဟန်က ရှင်းပြလိုက်သည်။

ရှဖေး ရယ်မောလိုက်သည်။ “ ဒါပေါ့ ကျွန်တော် နားလည်ပါတယ်၊ ဒါ့အပြင် ဒီကိစ္စရဲ့ ပိုအရေးကြီးတဲ့ အကြောင်းရင်းကိုလည်း ကျွန်တော် သိတယ်၊ ဘာလို့လဲဆိုတော့ သူတို့ သုံးယောက်ထဲက ဘယ်သူမှ အရှုံးမပေးချင်ကြလို့ပဲ၊ ဒီကိစ္စက သင်တန်းသား တစ်ယောက်ကို လုတာထက် ကျော်လွန်သွားပြီး ကြီးကြပ်ရေးမှူးတွေကြားက မျက်နှာပန်းလှရေး ကိစ္စ ဖြစ်သွားပြီ၊ အခု ဒါက သူတို့အတွက် မပြောဘဲ နားလည်ထားတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်သွားပြီ ”

သူ၏ အသက်အရွယ်နှင့် လုံးဝ မလိုက်ဖက်သော ရှဖေး၏ သုံးသပ်နိုင်စွမ်းကို ရဲ့ရှောင်ဟန် အနည်းငယ် အံ့သြသွားသည်။ အလွန် ဖွံ့ဖြိုးတိုးတက်သော ဂြိုဟ်သား ကမ္ဘာတွင်ပင် ၁၇ နှစ်အရွယ် ဆိုသည်မှာ ကလေးဟု ယူဆနိုင်သော်လည်း ရှဖေးသည် လူကြီးတစ်ယောက် သို့မဟုတ် ထို့ထက်သာလွန်သော ရင့်ကျက်မှုနှင့် ဉာဏ်ပညာကို ပြသခဲ့သည်။

ကြီးကြပ်ရေးမှူး သုံးဦးစလုံး ရှဖေးကို တစ်ပြိုင်နက်တည်း မျက်စိကျနေခြင်းသည် လုံးဝ ကျိုးကြောင်းဆီလျော်ကြောင်း သူမ ခံစားလိုက်ရသည်။ ဖြစ်နိုင်လျှင် ဒီကောင်လေးရဲ့ ခေါင်းကို ခွဲပြီး အထဲမှာ ဘာတွေ ရှိနေလဲ ဆိုတာ သူမ တကယ် ကြည့်ချင်မိသည်။

“ မင်း ပြောတာ မမှားပါဘူး၊ သူတို့ အချင်းချင်း ပြိုင်ဆိုင်နေကြတာ အမှန်ပဲ၊ သူတို့ မူလက တိုက်ခိုက်နေတဲ့ အရာက အခု သူတို့အတွက် ဒုတိယ ဖြစ်သွားပြီ ”

“ မင်းက ငယ်သေးတယ်၊ ဒါပေမယ့် ဒီကိစ္စရဲ့ အရင်းအမြစ်ကို ဘယ်လို လုပ်ပြီး သိနိုင်တာလဲ၊ ငယ်ငယ်ကတည်းက အထူး လေ့ကျင့်မှု တစ်ခုခု ယူခဲ့လို့လား ” ရဲ့ရှောင်ဟန်က စပ်စုကာ မေးလိုက်သည်။

ရှဖေး ခါးသီးစွာ ရယ်မောလိုက်သည်။

“ အသက်အရွယ် ဆိုတာ တစ်ယောက်ယောက် ဘယ်လောက်ကြာကြာ ရှင်သန်ခဲ့တယ် ဆိုတာကိုပဲ သက်သေပြတာပါ၊ ရင့်ကျက်မှုရဲ့ အတိုင်းအတာ မဟုတ်ပါဘူး၊ အရေးကြီးတာက အတွေ့အကြုံပဲ၊ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ခင်ဗျား ကြုံတွေ့ခဲ့ရင် ခင်ဗျား နားလည်လာပါလိမ့်မယ် ”

“ ဘယ်လို အတွေ့အကြုံမျိုးလဲ ” ရဲ့ရှောင်ဟန်က မေးလိုက်သည်။

ရှဖေး၏ ငယ်ဘဝသည် ပျော်ရွှင်ဖွယ်ရာ မဟုတ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သာမန်လူထက် သာလွန်သော တွေးခေါ်နိုင်စွမ်းနှင့် ရှင်သန်ရပ်တည်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်ကြောင်း သူမ သံသယ ဝင်မိသည်။

“ စိတ်မကောင်းပါဘူး၊ ကျွန်တော့် အတိတ်အကြောင်း ခင်ဗျားကို ပြောပြစရာ အကြောင်းမရှိပါဘူး ”

ထိုသို့ ပြောပြီးနောက် ရှဖေးသည် ခြေလှမ်းများကို မြန်ဆန်စေပြီး နောက်သို့ လှည့်မကြည့်ဘဲ ရဲ့ရှောင်ဟန်ကို ထားရစ်ခဲ့သည်။

“ ကြီးကြပ်ရေးမှူး သုံးယောက်ရဲ့ ခံစားချက်ပဲ ဖြစ်ဖြစ်၊ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းရဲ့ စည်းလုံးညီညွတ်မှုပဲ ဖြစ်ဖြစ်၊ ခင်ဗျား အရာအားလုံးကို ထည့်စဉ်းစားတယ်၊ ဒါပေမယ့် ဘာလို့ ကျွန်တော့် ခံစားချက်ကိုတော့ ထည့်မစဉ်းစားပေးတာလဲ ”

“ ကျွန်တော်က အာဏာမရှိတဲ့ သင်တန်းသား တစ်ယောက်ပါ၊ တစ်ယောက်ယောက်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ရင် အနည်းဆုံးတော့ ဒီစိမ်းကားတဲ့ လေ့ကျင့်ရေး ကွင်းမှာ ကြီးကြပ်ရေးမှူး တစ်ယောက်ရဲ့ အကူအညီကို ရနိုင်မယ်၊ ဒါပေမယ့် အဲဒီသုံးယောက်လုံးကို ငြင်းပယ်လိုက်ရင် သူတို့အားလုံး ကျွန်တော့်ကို မုန်းသွားကြလိမ့်မယ် ”

“ ဒါပေမယ့် ကြင်နာစွာ သတိပေးတဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်၊ အမှန်အတိုင်း ပြောရရင် ကျွန်တော် ထူးဆန်းတဲ့ သားရဲ ဌာနခွဲ၊ ထောက်လှမ်းရေး ဌာနခွဲနဲ့ ကွပ်ကဲမှု ဌာနခွဲတွေကို စိတ်မဝင်စားပါဘူး၊ ဒါပေမယ့် အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းက ခင်ဗျားကြောင့် မဟုတ်ဘဲ ကျွန်တော့် ဆန္ဒကြောင့်ပါ ”

“ ကြီးကြပ်ရေးမှူး သုံးယောက်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ခြင်းက လေ့ကျင့်ရေး စခန်းမှာ ပိုမို စည်းလုံးညီညွတ်မှုကို ဖြစ်စေမှာလား၊ အဲဒါက လက်မခံနိုင်တဲ့ အဓိပ္ပါယ်မရှိတဲ့ စကားသက်သက်ပါပဲ၊ ခင်ဗျားတို့ ကိစ္စတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး၊ ဒါကြောင့် ခင်ဗျားတို့ ကြိုက်တာ လုပ်နိုင်ပါတယ်၊ ကျွန်တော် ဒီကိစ္စမှာ ပါဝင်မှာ မဟုတ်ပါဘူး ”

ရှဖေးသည် ထိုစကားများ အားလုံး ပြောပြီးနောက် ထွက်ခွာသွားရာ ရဲ့ရှောင်ဟန်သည် သူမ ရပ်နေသော နေရာ၌ အူကြောင်ကြောင် ကျန်ရစ်ခဲ့သည်။

သူသည် အလွန် ပြင်းထန်သော စကားလုံးများကို မသုံးခဲ့သော်လည်း သူ၏ စကားများသည် သံမှိုများကဲ့သို့ သူမ၏ နှလုံးသားထဲသို့ တည့်တည့် စိုက်ဝင်သွားသည်။

ရဲ့ရှောင်ဟန် ရုတ်တရက် ရင်ထဲ နာကျင်သွားပြီး ပြင်းထန်သော အပြစ်ရှိစိတ် တစ်ခု သူမထံ ရောက်ရှိလာသည်။ ရှဖေး တစ်ခါက သူမကို ပြောဖူးသော စကားကို ပြန်သတိရလိုက်သည်။ ‘ခင်ဗျားက အရမ်းလှတဲ့ မိန်းကလေး တစ်ယောက် ဆိုတာ ကျွန်တော် ဝန်ခံပါတယ်၊ ဒါပေမယ့် ခင်ဗျား ဘာလိုနေလဲ သိလား’

‘ခင်ဗျားမှာ ကိုယ်ချင်းစာတရား မရှိဘူး’

ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းတွင် သင်တန်းသား ငါးသောင်းကျော် ရှိသည်။ လေ့ကျင့်ရေး စခန်းတစ်ခု၏ စံနှုန်းများနှင့် အညီ ကောင်းကင် ကွပ်မျက်ရေးစခန်းသည် ဤကိန်းဂဏန်းများအရ အသေးစား မဟုတ်ပေ။

သို့သော် အန်ဒါရို ကြယ်တာရာ နယ်မြေ တစ်ခုလုံး၏ လူဦးရေသည် ဘီလီယံ ထောင်ချီ ရှိရာ ဤမျှ ကြီးမားသော လူဦးရေထဲမှ လူငါးသောင်းသာ ရွေးချယ်ခံရခြင်းသည် ရွေးချယ်ခံရရန် အခွင့်အလမ်း မည်မျှ နည်းပါးကြောင်း ပြသနေသည်။

လေ့ကျင့်ရေး စခန်းရှိ ထိပ်တန်း သင်တန်းသားများထဲမှ အကောင်းဆုံးများ ဖြစ်လာစေရန် တရားစီရင်သူ သမဂ္ဂသည် သူတို့၏ အနာဂတ် တိုင်မဏ္ဍိုင်များကို ပြုစုပျိုးထောင်ရာတွင် ငွေကြေးနှင့် အားထုတ်မှု အများအပြား ရင်းနှီးမြှုပ်နှံထားသည်။ သင်တန်းသား တိုင်း၏ လေ့ကျင့်ရေး၊ လေ့လာမှုနှင့် နေထိုင်မှု အဆင့်အတန်းများကို ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။

သင်တန်းသား အိပ်ဆောင်များသည် ငန်းဥပုံသဏ္ဍာန် အဆောက်အအုံကြီး ခြောက်ခု ပါဝင်သည်။ နံရံများကို ငွေရောင် အားဖြည့် မှန်များဖြင့် ပြုလုပ်ထားပြီး နေရောင်ခြည် ထိတွေ့သောအခါ ပြန်လည် တောက်ပနေသဖြင့် အလွန် မျက်စိပသာဒ ဖြစ်ဖွယ် ကောင်းသော မြင်ကွင်း ဖြစ်သည်။

ထိုကဲ့သို့သော အဆောက်အအုံ တစ်ခုစီသည် သင်တန်းသား တစ်သောင်းအထိ နေထိုင်နိုင်ပြီး နေရာသည် မြို့ငယ်လေး တစ်ခုကဲ့သို့ပင် ကုန်တိုက်များ၊ ဖျော်ဖြေရေး စင်တာများ၊ စားသောက်ဆိုင်များနှင့် ဘားများ အများအပြား ရှိသည်။

ဟောဗာကားများဖြင့် သွားလာနေသော သင်တန်းသား အတော်များများ ရှိနေသည်။ အချို့က ရှဖေးကို မှတ်မိပြီး ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ အချင်းချင်း ဆွေးနွေးနေကြသည်။ ရှဖေးသည် သူ့ပတ်ဝန်းကျင်မှ စူးစိုက်ကြည့်ရှုမှုများကို ခံစားရသဖြင့် အိပ်ဆောင်ခန်းဆီသို့ ခြေလှမ်း မြန်မြန် လှမ်းလိုက်သည်။

၇၁ ထပ်တွင် ဓာတ်လှေကားမှ ထွက်ပြီးနောက် ရှဖေးသည် သူ့အခန်းကို ရှာဖွေရန် ရှည်လျားသော စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။ မီတာ အနည်းငယ် အကွာရှိ တံခါးတစ်ချပ် ရုတ်တရက် ပွင့်သွားပြီး တောင့်တင်းသော လူတစ်ယောက် ထွက်လာသည်။

သူ၏ ခေါင်းကို ပတ်တီးများ ပတ်ထားပြီး လက်မောင်းကို သိုင်းကြိုးဖြင့် ချည်ထားသည်။ အတော်လေး ပြင်းထန်သော ရိုက်နှက်မှုကို ခံထားရသကဲ့သို့ သူ၏ မျက်လုံးများ မှုန်ဝါးနေသည်။

ယခုအချိန်သည် ဟက် ဂြိုဟ်၏ ဆောင်းဦးရာသီ ဖြစ်သဖြင့် အပူချိန် ရေခဲမှတ် မရောက်သော်လည်း နွေးထွေးသည်ဟု ပြောရန် ခက်ခဲသည်။ သို့သော် ထိုလူသည် ဤရာသီဥတုတွင် အနက်ရောင် ဘောင်းဘီတို တစ်ထည်သာ ဝတ်ဆင်ထားပြီး ခြေထောက် ဗလာကျင်းလျက် ကာယဗလသမားများ အားကျလောက်သော ကြွက်သားများကို ဖော်ပြနေသည်။

“ ရှဖေး ” သူ့ကို မြင်လိုက်ရသောအခါ ချန်သုန်း အာမေဋိတ် ပြုလိုက်သည်။

ရှဖေး ရယ်မောလိုက်သည်။

“ မင်း ဘာဖြစ်တာလဲ၊ ဘယ်သူက မင်းကို ဒီလောက်တောင် ရိုက်နှက်လိုက်တာလဲ ”

ချန်သုန်းသည် စိတ်လှုပ်ရှားစွာ လျှောက်လာပြီး ရှဖေး၏ ရင်ဘတ်ကို အပျော်သဘောဖြင့် ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် မင်းတော့ မဟုတ်ဘူး၊ မင်းသိတာက ရှောင်တိမ်းဖို့ပဲ၊ မင်းနဲ့ တိုက်ရတာ လုံးဝ မပျော်ဖို့ ကောင်းဘူး ”

ရှဖေး၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ “ မပျော်ဘူးသာ ပြောတယ်၊ မင်း ငါနဲ့ ၂၁ ရက်လုံးလုံး မနားတမ်း တိုက်ခဲ့တာပဲ၊ မပျော်ဘူး ဆိုရင် ငါတို့ တစ်ဘဝလုံး တိုက်ရမယ့် သဘောလား ”

ရှဖေးနှင့် ချန်သုန်း တို့သည် အကျပ်အတည်း အဆင့် စစ်ဆေးမှု ကာလအတွင်း တစ်ဦးနှင့်တစ်ဦး ရန်လိုမုန်းတီးမှု မရှိခဲ့သည့်အပြင် လေးစားမှုဖြင့် အပြန်အလှန် အသိအမှတ်ပြုခဲ့ကြကာ အတော်လေး ကောင်းမွန်သော မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် တွေ့တွေ့ချင်း တစ်ယောက်နှင့်တစ်ယောက် နောက်ပြောင် ကျီစယ်နိုင်ကြခြင်း ဖြစ်သည်။

“ မင်း ဘာလို့ ဒီလောက် နောက်ကျနေတာလဲ၊ ငါ ရောက်နေတာ နှစ်လကျော်ပြီ ” ချန်သုန်းက ပြောလိုက်သည်။

“ အေး... ဒီနှစ်လအတွင်း မင်း အချိန်မဖြုန်းခဲ့ဘူး ဆိုတာ ငါပြောနိုင်ပါတယ် ” ရှဖေးက ချန်သုန်း ခေါင်းပတ်လည်ရှိ ပတ်တီးကို ကြည့်ပြီး နောက်ပြောင်လိုက်သည်။

ရှဖေး၏ အခန်းသည် ချန်သုန်း၏ အခန်းနှင့် တစ်ခန်းကျော်သာ ဝေးသဖြင့် ယခုမှစ၍ သူတို့ အနီးကပ် နေထိုင်ရတော့မည် ဖြစ်သည်။ ရှဖေးသည် သူ၏ သင်တန်းသား ID ကို အသုံးပြု၍ အခန်းတံခါး ဖွင့်လိုက်ရာ သူ့ရှေ့ရှိ ဇိမ်ခံ အခန်းကို မြင်ပြီး ချက်ချင်း အံ့သြသွားသည်။

ဧည့်ခန်း၊ အိပ်ခန်း၊ လေ့ကျင့်ခန်း၊ စာကြည့်ခန်းနှင့် မီးဖိုချောင်တို့ ပါဝင်သည်။ ရေချိုးခန်း လေးခန်း ရှိပြီး စတုရန်းမီတာ ၄၀၀ ကျော် ကျယ်ဝန်းသည်။ သူ့တစ်ယောက်တည်း ထားပါဦး၊ မိသားစု တစ်စုလုံးပင် သက်သောင့်သက်သာ နေထိုင်နိုင်သည်။

ဟိုလိုဂရမ် TV၊ စကျင်ကျောက် ရေချိုးကန်၊ စမတ် မိလ္လာစနစ် - အားလုံး ပါရှိသည်။ မလှမ်းမကမ်းရှိ ကြည်လင်သော ရေကန်နှင့် ဘေးရှိ စိမ်းလန်းသော သစ်တောကို မြင်ရသည့် ပြတင်းပေါက် မြင်ကွင်းပင် ရှိသေးသည်။

ရှဖေး ပြတင်းပေါက် ဖွင့်လိုက်ရာ လတ်ဆတ်သော လေကောင်းလေသန့်များ အခန်းထဲသို့ ဝင်ရောက်လာပြီး လန်းဆန်းမှုကို ခံစားလိုက်ရသည်။

ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းသည် သင်တန်းသားများ၏ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးရာတွင် ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ သူတို့သည် အသေးစိတ် အချက်အလက် အားလုံးကို ထည့်သွင်းစဉ်းစားထားပြီး ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် နေထိုင်ခြင်းသည် အခြေခံ လိုအပ်ချက်များအတွက် စိုးရိမ်ပူပန်စရာ မလိုသဖြင့် လေ့ကျင့်ရေးနှင့် လေ့လာမှုများအတွက် အလွန် အထောက်အကူ ပြုပေလိမ့်မည်။

ရှဖေး ဆေးလိပ်တစ်လိပ် မီးညှိလိုက်ပြီး ပြတင်းပေါက်နားတွင် ရပ်ကာ ရှုခင်းကို ခံစားနေသည်။ သူ ဆေးလိပ်တစ်ရှိုက် ဖွာလိုက်ရုံ ရှိသေးရာ ကြည်လင်ပြတ်သားသော တံခါးဘဲလ်သံကို ကြားလိုက်ရသည်။

တံခါးဖွင့်လိုက်သောအခါ ရှဖေးသည် သူ့တံခါးရှေ့တွင် ပျင်းရိစွာ ရပ်နေသော ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။ သူမသည် သိပ်အရပ်မရှည်သော်လည်း သွယ်လျသော ခါးနှင့် လိုက်ဖက်ညီသည့် ခန္ဓာကိုယ် အချိုးအစား ရှိသည်။

အကယ်၍ ရှဖေး သူမကို ဖော်ပြရလျှင် 'ဆွဲဆောင်မှုရှိသော' ဟူသည့် စကားလုံးသည် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။ သူမသည် သခွားသီး တစ်လုံးကို ကိုင်ထားပြီး သူ့ကို ကြည့်ရင်း အားပါးတရ ကိုက်ဝါးနေသည်။

ချန်သုန်းသည်လည်း ရှဖေး၏ အခန်းထဲတွင် ရှိနေပြီး ဤမိန်းကလေးကို မြင်သောအခါ ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး ကံဆိုးမိုးမှောင်ကျတော့မည့် အမူအရာ သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

“ ငါ့ကို မွန်းဆောင်း လို့ ခေါ်ပါ၊ ငါက မင်းနဲ့ ချန်သုန်း ကြားက အခန်းမှာ နေတာ ” မိန်းကလေးသည် သခွားသီးကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး လက်ကို စကတ်ဖြင့် သုတ်လိုက်သည်။ သူမ ပြုံးလျက် လက်ကမ်းပေးပြီး ရှဖေးကို ချိုသာသော အသံဖြင့် ပြောလိုက်သည်။

ရှဖေးသည် ဤမိန်းကလေးကို အတော်လေး လှပပြီး ယဉ်ကျေးသည်ဟု ထင်မြင်သဖြင့် ပထမအကြိမ် တွေ့ဆုံမှုတွင် ကောင်းမွန်သော အမြင် ရှိသွားသည်။

သူ ပြုံးလိုက်ပြီး မွန်းဆောင်းကို နှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။ သူမ၏ နူးညံ့ပျော့ပျောင်းသော လက်သည် သိမ်မွေ့ပြီး ဖြူဖွေးနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ ဘဝတစ်လျှောက်လုံး ပင်ပန်းဆင်းရဲသော အလုပ် မလုပ်ဖူးကြောင်း သူ ပြောနိုင်သည်။

လူတစ်ယောက်သည် အလိုလိုက်ခံထားရသော ဘဝမျိုး ရှိမရှိ သိလိုလျှင် သူတို့၏ လက်များကို ကြည့်လိုက်ရုံဖြင့် လုံလောက်သည်။ မွန်းဆောင်း၏ လက်များသည် အမျိုးသမီးကောင်း တစ်ဦး ပိုင်ဆိုင်သော လက်များ ဖြစ်ကြောင်း ထင်ရှားသည်။ သူမ၏ ရုပ်ရည်ကလည်း ဤအချက်ကို ထောက်ခံနေပြီး ပထမဆုံး တွေ့ဆုံချိန်တွင် သခွားသီးကို အမျိုးသမီး မဆန်စွာ ကိုက်ဝါးနေခြင်းကသာ သူမ၏ ပုံရိပ်ကို ထိခိုက်စေသဖြင့် သူမကို အမျိုးသမီးကောင်း တစ်ပိုင်းဟုသာ ယူဆနိုင်သည်။

ရှဖေး မမျှော်လင့်ထားသည်မှာ အမျိုးသမီးကောင်း တစ်ပိုင်းဟု သူ၏ စိတ်ထဲတွင် သတ်မှတ်ထားသော မွန်းဆောင်းသည် ကျန်တစ်ပိုင်းကို မီးတောင်ဝထဲသို့ အလွန်လျင်မြန်စွာ ပစ်ချလိုက်ခြင်း ဖြစ်သည်။

သူမသည် ရှဖေးကို ယုတ်မာသော ရည်ရွယ်ချက်ဖြင့် ကြည့်လိုက်ပြီးနောက် ချန်သုန်းကို လှမ်းကြည့်ကာ မေးလိုက်သည်။

“ မင်းနဲ့ ချန်သုန်းက လိင်တူချစ်သူတွေလား၊ ငါ ကြည့်လို့ ရမလား ”

အခန်း ၇၈ - အရူးနှစ်ယောက်

မွန်းဆောင်းသည် ရှဖေး၏ အခန်းထဲသို့ မတရား ရင်းနှီးကျွမ်းဝင်စွာ ဝင်ရောက်လာပြီး TV ဖွင့်ကာ ဖိနပ်များ ချွတ်လျက် ဆိုဖာပေါ်တွင် လဲလျောင်းလိုက်သည်။ သူမ၏ ခြေထောက်နှစ်ဖက်သည် မငြိမ်မသက် လှုပ်ရှားနေသည်။

“ မင်းတို့ နှစ်ယောက် ဆက်လုပ်လို့ ရတယ်၊ ငါက ယောကျ်ားချင်း ထိတွေ့တာကို ဂရုမစိုက်ဘူး ” မွန်းဆောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး အိတ်ကပ်ထဲမှ တစ်ဝက်စားထားသော သခွားသီးကို ထုတ်ယူကာ စားရင်း TV ကြည့်နေသည်။

ချန်သုန်း စိတ်အနှောင့်အယှက် ဖြစ်သွားပြီး မွန်းဆောင်းနှင့် တစ်မီတာခန့် အကွာသို့ ရွှေ့ထိုင်လိုက်သည်။

ရှဖေး တံခါးပိတ်လိုက်သည်။ သူသည် သိုလှောင်လက်စွပ်ထဲမှ ဆေးလိပ်ပြာခွက် အကြီးကြီး တစ်ခုကို ထုတ်ယူလိုက်ပြီး ဧည့်ခန်းရှိ စားပွဲပေါ် တင်ကာ သူ၏ ဆေးပြင်းလိပ်ပြာများကို ခါချလိုက်သည်။ ဤဆေးလိပ်ပြာခွက်ကို စွန့်ပစ်ထားသော အလင်းလိုက် ဒုံးကျည် အခွံဖြင့် ပြုလုပ်ထားသဖြင့် အတော်လေး ကြမ်းတမ်းသော ပုံစံရှိပြီး ဟဲဗီးမက်တယ် အရသာ ရှိသည်။

ရှဖေးသည် အသက်မကြီးသေးသော်လည်း အမှန်တကယ် ဆေးလိပ် အလွန်သောက်သူ တစ်ဦး ဖြစ်သည်။ ၁၄ နှစ်သား အရွယ်ကတည်းက ဆေးလိပ်သည် သူ၏ လက်ချောင်းများနှင့် မကင်းခဲ့ပေ။

သူ ဆေးလိပ်သောက်သောအခါ လက်ချောင်းများကြားတွင် ဆေးလိပ်ညှပ်ထားပြီး ဖြည်းညှင်းစွာ လောင်ကျွမ်းနေသော ဆေးလိပ်နှင့် လက်ဝါး တစ်သားတည်း ဖြစ်နေစေရန် ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် အခြားသူများ အမြင်တွင် သူသည် မေးစေ့ကို ကိုင်ကာ တွေးတောနေသကဲ့သို့ ထင်ရသည်။ မျက်လုံးများကို မှေးစင်းထားပြီး သက်သောင့်သက်သာနှင့် အေးဆေး တည်ငြိမ်နေပုံ ပေါက်သည်။ နဖူးပေါ်ရှိ အရေးအကြောင်းများသည် လှုပ်ရှားနေပြီး အတော်လေး လေးနက်သော ဟန်ပန်ကို ပိုင်ဆိုင်ထားသည်။

ဆေးလိပ်ပြာ ခါချလိုသောအခါ သူသည် လက်မကို အသုံးပြု၍ ဆေးလိပ်စီစစ်သည့် နေရာကို ဖွဖွလေး ပွတ်သပ်လိုက်ရာ မီးခိုးရောင် ပြာများသည် နှင်းပွင့်များကဲ့သို့ ဆေးလိပ်ပြာခွက်ထဲသို့ ကျဆင်းသွားလေသည်။

မွန်းဆောင်း၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ရှဖေးကို စိုက်ကြည့်နေသည်။ ထူးခြားသော ဆေးလိပ်ပြာခွက်နှင့် သူ၏ ဆေးလိပ်သောက်ပုံ ဟန်ပန်သည် မိန်းကလေးကို နက်ရှိုင်းစွာ ဆွဲဆောင်နိုင်ခဲ့ပုံ ရသည်။

“ ဟေ့လူ... ရှင်က တကယ့် ရင့်ကျက်တဲ့ ယောကျ်ား တစ်ယောက်ရဲ့ အငွေ့အသက်ကို ပေးနေတာပဲ၊ ဘာသောက်နေတာလဲ၊ ကျွန်မ တစ်လိပ်လောက် စမ်းသောက်ကြည့်လို့ ရမလား ” သိုးမွှေးလုံး တစ်လုံးကို ရှာတွေ့သော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ မွန်းဆောင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ရှဖေး သက်ပြင်းချလိုက်သည်။ သူသည် ၁၇ နှစ်သာ ရှိသေးရာ ရင့်ကျက်သည်ဟု ပြောဆိုခံရခြင်းကို ချီးမွမ်းခြင်းဟု မယူဆနိုင်ပေ။မတ်တတ်ထရပ်ပြီး မိန်းကလေးထံ လျှောက်သွားကာ ဆေးလိပ်ဘူးကို ဖွဖွလေး လှုပ်လိုက်သည်။

ဆေးလိပ် လေးလိပ် ဘူးထဲမှ ထွက်လာပြီး တစ်လိပ်စီသည် မတူညီသော အရှည်ဖြင့် ထွက်ပေါ်နေသည်။ အရှည်ဆုံး တစ်လိပ်မှာမူ ဆေးလိပ်စီစစ်သည့် နေရာ တစ်ခုလုံး ပေါ်ထွက်နေသည်။

ဒါသည် လမ်းဘေး ဗေဒင်ဆရာအိုကြီး တစ်ဦးထံမှ သူ သင်ယူခဲ့သော လှည့်ကွက် တစ်ခု ဖြစ်ပြီး 'ပင်လယ်လေးစင်း အတွင်း ညီအစ်ကိုများ' ဟု ခေါ်သည်။ ဂရင်းဂိုဏ်းမှ ရဲဘော်များ ဆေးလိပ် ကမ်းလှမ်းသောအခါ ဤနည်းလမ်းကို အသုံးပြုသည်ဟု ကောလဟာလများ ရှိသည်။

မွန်းဆောင်းသည် တန်ဖိုးကြီးသော ပစ္စည်းတစ်ခု ရရှိလိုက်သကဲ့သို့ ဟုန်ထိုင်ရှန်း ဆေးလိပ်တစ်လိပ်ကို ဂရုတစိုက် ယူလိုက်ပြီး လက်ဖဝါးပေါ် တင်ကာ စစ်ဆေးကြည့်ရှုနေသည်။

ချန်သုန်းသည် ရယ်ချင်စိတ်ကို အစွမ်းကုန် ထိန်းထားပြီး နောက်ဆက်တွဲ ဘာဖြစ်လာမည်ကို စောင့်မျှော်နေသည်။ သူသည် ရှဖေး၏ ဆေးလိပ် အရသာ မည်သို့ ရှိသည်ကို သိပြီးဖြစ်ရာ ဝမ်းသာအားရ စိတ်ဖြင့် အဖြစ်ဆိုးကို စောင့်ကြည့်နေလေသည်။

ရှဖေး၏ ဇစ်ပို မီးခြစ်သည် လိပ်ပြာတစ်ကောင်ကဲ့သို့ သူ၏ လက်ပေါ်တွင် အကြိမ်ကြိမ် လှည့်ပတ်သွားပြီးနောက် လက်မဖြင့် ဖွဖွလေး ခတ်လိုက်ရာ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် လိမ္မော်ရောင် မီးတောက်ငယ် တစ်ခု လင်းလက်လာသည်။

မွန်းဆောင်း စိတ်လှုပ်ရှားလွန်းသဖြင့် ဆိုဖာပေါ်မှ ခုန်ဆင်းလုနီးပါး ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

“ မိုက်တယ်ဟ၊ ဟေ့လူ... အဲဒီ လက်လှည့်ကွက်ကို ဘယ်လို လေ့ကျင့်တာလဲ၊ နောက်တစ်ခါကျရင် ကျွန်မကို သင်ပေးဦးနော် ”

ရှဖေး ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ စကားတစ်ခွန်းမျှ ထပ်မပြောပေ။ မွန်းဆောင်းသည် ဆေးလိပ်ကို ပါးစပ်တွင် တပ်လျက် မီးတောက်နှင့် နီးကပ်စွာ တိုးကပ်လိုက်ပြီး ဖွဖွလေး ရှိုက်လိုက်သည်။ ရှဖေးသည် အမျိုးသမီးများ ဆေးလိပ်သောက်ခြင်းကို အလွန် ရွံရှာသော်လည်း မွန်းဆောင်းသည် သူနှင့် မသက်ဆိုင်သဖြင့် တားဆီးရန် ဆန္ဒမရှိဘဲ သူမ၏ နောက်ပြောင်မှုကို လိုက်လျောရန် ဝမ်းသာနေသည်။

နောက်ဆုံးတွင် ချန်သုန်းနှင့် ရှဖေး မျှော်လင့်ထားသော မြင်ကွင်းသည် သူတို့ ထင်ထားသည့် အတိုင်း ဖြစ်ပေါ်လာသည်။ မွန်းဆောင်းသည် ပါးစပ်ကို အုပ်ပြီး အကြိမ်ကြိမ် ချောင်းဆိုးနေသည်။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုကျယ်လာပြီး ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသည်။

“ ဒါ ဘယ်လို စက်ဆုပ်စရာ ကောင်းတဲ့ အရာကြီးလဲ၊ ငါ့ကို သီးပြီး သေအောင် လုပ်နေတာပဲ ” မွန်းဆောင်းသည် ချောင်းဆိုးရင်း သူမ မီးညှိလိုက်သော ဆေးလိပ်ကို ဆေးလိပ်ပြာခွက်ထဲသို့ ဒေါသတကြီး ပစ်ထည့်လိုက်သည်။

ရှဖေး အနည်းငယ် ပြုံးလိုက်သည်။ “ ဒါက ကောင်းတဲ့အရာ မဟုတ်ပါဘူး၊ ကြယ်တာရာ ဒင်္ဂါး တစ်ပြားတည်းနဲ့တင် တစ်တောင်ပုံလောက် ဝယ်လို့ရတာ၊ ခင်ဗျားက ဘာထင်လို့လဲ ”

ချန်သုန်းသည် ရယ်ချင်စိတ်ကို အတင်း ထိန်းချုပ်ထားသဖြင့် သူ၏ ကြေးနီရောင် မျက်နှာသည် နီရဲနေသည်။

မွန်းဆောင်းသည် စားပွဲပေါ် တင်ထားသော တစ်ဝက်စားထားသည့် သခွားသီးကို ကောက်ယူလိုက်ပြီး လက်ထဲရှိ အသီးအစား ရှဖေးကို ကိုက်ဝါးနေသကဲ့သို့ စိုက်ကြည့်ရင်း အားပါးတရ ကိုက်လိုက်သည်။ ဝမ်းနည်းစရာမှာ ထိုဟင်းသီးဟင်းရွက်၏ ထူးခြားသော ပုံသဏ္ဍာန်ကြောင့် ရှဖေး မကောင်းသော အတွေးများကို မတွေးဘဲ မနေနိုင်ပေ။

“ ရှင်တို့က လိင်တူ ကိစ္စတွေ လုပ်နေကြတာ မဟုတ်ဘူးလား၊ မြန်မြန် ဆက်လုပ်လေ၊ ငါ အခု အရမ်း ပျင်းနေလို့ စိတ်ဝင်စားစရာ ကောင်းတာ တစ်ခုခု ကြည့်ချင်နေတာ ” မွန်းဆောင်းသည် ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ရင်း ပြောလိုက်သည်။

ရှဖေး ခေါင်းခါလိုက်သည်။

“ ကျွန်တော်တို့က လိင်တူချစ်သူတွေ မဟုတ်ဘူး ”

မွန်းဆောင်း မျက်တောင်ခတ်လိုက်သည်။ “ ဒါဆို ရှင်တို့ လိုအပ်လာရင် ဘာလုပ်ကြလဲ ”

ရှဖေးသည် မွန်းဆောင်းနှင့် သူမ၏ နောက်ပြောင်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် စကားမပြောနိုင် ဖြစ်သွားသဖြင့် မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။ “ ကျွန်တော်တို့ အကြောင်း ထားလိုက်ပါ၊ ခင်ဗျား လိုအပ်လာရင်ရော ဘာလုပ်လဲ ”

မွန်းဆောင်းသည် လက်ထဲရှိ တစ်ဝက်စားထားသော သခွားသီးကို ဝှေ့ယမ်းပြလိုက်ပြီး ပျော်ရွှင်စွာ ဖြေလိုက်သည်။ “ ငါ့မှာ ဒါရှိတယ်လေ၊ ဘာလဲ ရှင် မြည်းစမ်းကြည့်ချင်လို့လား၊ တကယ် ကောင်းတယ်နော် ”

ရှဖေး ပြုံးလိုက်ပြီးနောက် လက်နှစ်ဖက်ကို လေထဲမြှောက်ကာ ယောကျ်ားတိုင်း ရင်းနှီးသော ပုံစံဖြင့် လှုပ်ရှားပြလိုက်သည်။

“ ခင်ဗျားမှာ သခွားသီး ရှိသလို ကျွန်တော်တို့မှာလည်း အလုပ်ကြိုးစားတဲ့ ဘယ်လက်နဲ့ ညာလက် ရှိတယ်လေ ”

ဒီတစ်ခါတွင် မွန်းဆောင်း စကားမပြောနိုင် ဖြစ်သွားသည်။ တစ်ဝက်စားထားသော သခွားသီးကို ဆေးလိပ်ပြာခွက်ထဲ ပစ်ထည့်လိုက်ပြီး “ ရှင်တို့ ကောင်လေးတွေ အားလုံးက လူရမ်းကားတွေ၊ ဘယ်သူမှ လူကောင်း မဟုတ်ကြဘူး ” ဟု ရေရွတ်လိုက်သည်။

မွန်းဆောင်း ထိုသို့ ပြောလိုက်သောအခါ သူမ၏ ပါးပြင်များ အနည်းငယ် ရဲသွားသည်ကို ရှဖေး သတိပြုမိလိုက်သော်လည်း မကြာမီ ပုံမှန် ပြန်ဖြစ်သွားသည်။ အကယ်၍ သူမကို သေချာ မကြည့်ခဲ့လျှင် မည်သူမျှ ထိုအပြောင်းအလဲကို သတိထားမိမည် မဟုတ်ပေ။

“ ဖူး ”

နောက်ဆုံးတွင် ချန်သုန်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်ပြီး ဆိုဖာပေါ်သို့ လဲကျသွားကာ တုန်ခါနေသည်။

“ ငတုံးကြီး နင် ဘာရယ်နေတာလဲ၊ သတိထားနော် နင့်ဥကို ဖြတ်ပြီး ခွေးကျွေးပစ်လိုက်မယ် ” မွန်းဆောင်းက ချန်သုန်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချန်သုန်းသည် ယောကျ်ားပီသသော ပုံစံ ပေါက်သော်လည်း တကယ်တမ်းတွင် အမျိုးသမီးများနှင့် ဆက်ဆံရာတွင် လုံးဝ မကျွမ်းကျင်ပေ။ ရယ်ချင်စိတ်ကို တစ်ဖန် ပြန်လည် ထိန်းချုပ်လိုက်ပြီး သူ၏ မျက်နှာထားကို လေးနက်အောင် ပြုလုပ်လိုက်သည်။

မွန်းဆောင်းသည် ရှဖေးကို အခွင့်ကောင်းယူရန် မဖြစ်နိုင်ကြောင်း သိလိုက်သဖြင့် ပစ်မှတ်ကို ချက်ချင်း ပြောင်းလိုက်သည်။

“ ငတုံးကြီး နင့်ခေါင်း တံခါးပေါက်ကနေ ဝင်တုန်းက အခက်အခဲ မရှိဘူးလား ” မွန်းဆောင်းက ချန်သုန်း၏ ခေါင်းကို လက်ညှိုးထိုးပြီး ယုတ်မာသော အပြုံးဖြင့် မေးလိုက်သည်။

ချန်သုန်း ရင်ကော့လိုက်ပြီး အားအင်အပြည့်ဖြင့် ပြောလိုက်သည်။

“ ငါ မနေ့ညက အတွင်းပိုင်း ဌာနခွဲကို သွားစိန်ခေါ်တာ ရှုံးလာခဲ့တယ်၊ ဒဏ်ရာတွေက စစ်သည်တော် တစ်ယောက်ရဲ့ ဂုဏ်ယူစရာပဲ၊ ငါ ပြန်ကောင်းတဲ့အထိ စောင့်ပါဦး၊ ငါ သေချာပေါက် ပြန်သွားပြီး နောက်ထပ် စိန်ခေါ်ဦးမှာ ”

ချန်သုန်းသည် ထိုစိတ်ကူးကို လက်လျှော့ရန် ရည်ရွယ်ချက် မရှိသည့်ပုံဖြင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ၏ အကြီးမားဆုံး ကောင်းကွက်မှာ အငြိုးအတေး မထားတတ်ခြင်း ဖြစ်ပြီး စိန်ခေါ်မှုများကို စိန်ခေါ်မှု သက်သက်၊ မျှတပြီး ဖြောင့်မတ်သော ထိပ်တိုက်တွေ့မှု အဖြစ်သာ သဘောထားခြင်း ဖြစ်သည်။ သေလုနီးပါး အရိုက်ခံရလျှင်ပင် ညည်းညူသံ တစ်ခွန်းမျှ ထွက်လိမ့်မည် မဟုတ်ပေ။

ချန်သုန်း၏ တိုက်ပွဲ ရာဇဝင်ကို အနီးကပ် လေ့လာကြည့်ပါက သူသည် ကျွမ်းကျင်သူများကို အမြဲ စိန်ခေါ်နေသည် သို့မဟုတ် စိန်ခေါ်နိုင်ရန် လမ်းစဖော်နေသည်ကို သိရှိနိုင်သည်။ တကယ်တမ်းတွင် သူသည် အားကြီးသူများကို စိန်ခေါ်နေခြင်း မဟုတ်ဘဲ သူ့ကိုယ်သူ စိန်ခေါ်နေခြင်း ဖြစ်နိုင်သည်။

ရှဖေး စဉ်းစားလိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ အတွင်းပိုင်း ဌာနခွဲက ဘယ်သူ့ကို မင်း စိန်ခေါ်ခဲ့တာလဲ ”

“ အားလုံးကို ” ချန်သုန်းက အလေးအနက် ပြန်ဖြေသည်။

ရှဖေးနှင့် မွန်းဆောင်း တို့သည် သူတို့ နားကို မယုံနိုင် ဖြစ်သွားသည်။ အတွင်းပိုင်း ဌာနခွဲက လူတိုင်းကို စိန်ခေါ်ခဲ့တယ် ဟုတ်လား။ ဒီလို ရူးသွပ်တဲ့ လုပ်ရပ်မျိုးက စိတ်ဖောက်ပြန်နေသူ တစ်ယောက်ဆီကပဲ ထွက်ပေါ်လာနိုင်သည်။ ချန်သုန်း အတွင်းပိုင်း ဌာနခွဲ တစ်ခုလုံး၏ ဝိုင်းရံမှုကို ခံရပြီး အကြီးအကျယ် အရိုက်ခံရသည့် မြင်ကွင်းကို ရှဖေး မြင်ယောင်နေမိသည်။

သူတို့နှစ်ဦးသည် အသက်ရှုရန် မေ့သွားပြီး သတိလစ်လုနီးပါး ဖြစ်သည်အထိ မလေးမစား ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

“ ချန်သုန်း နင်က အတွင်းပိုင်း ဌာနခွဲက လူတိုင်းကို တစ်ယောက်တည်း သွားစိန်ခေါ်ခဲ့တာလား၊ နင် ရူးသွားပြီလား ” မွန်းဆောင်းသည် လက်တစ်ဖက်ဖြင့် ဗိုက်ကို ဖိထားသည်။

“ ဒါ ငါ့တစ်ဘဝလုံး ကြားဖူးသမျှ အရယ်ရဆုံး ဟာသပဲ ”

ရှဖေးသည် ချန်သုန်းကို လက်မထောင်ပြလိုက်သည်။ “ ငါ သဘောကျတယ်၊ မင်းက တကယ် မကြောက်မရွံ့ပဲ၊ ငါဆိုရင် အဲဒီလို လုံးဝ လုပ်မှာ မဟုတ်ဘူး ”

“ ရှင် ဟုတ်လား ” မွန်းဆောင်းက ရှဖေးကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။ “ ရှင်ကရော ချန်သုန်းထက် သာတယ်လို့ ထင်နေလား၊ ၂၁ ရက်ကြာ အရူးအမူး တိုက်ခိုက်ခဲ့တဲ့ သတင်း ပြန့်သွားပြီးနောက် လေ့ကျင့်ရေး စခန်းက လူတိုင်း ရှင်တို့နှစ်ယောက်ကို ဘယ်လို ခေါ်ကြလဲ သိလား ”

ရှဖေးနှင့် ချန်သုန်း ခေါင်းခါလိုက်ကြသည်။

“ ရှင်တို့ကို အရူးချန် နဲ့ အရူးရှဖေး လို့ နာမည်ပြောင် ပေးထားကြတယ်၊ ရှင်တို့ နှစ်ယောက်စလုံး ရူးနေကြတာ ” မွန်းဆောင်းသည် ရယ်မောလွန်းသဖြင့် ကြွက်သားများ တက်နေသည့်ကြားမှ ဆိုဖာကို ရိုက်ပုတ်နေသည်။ မိန်းကလေး တစ်ယောက် ဒီလောက်ထိ ရယ်မောနေခြင်းက တကယ်တမ်း ဘယ်သူက အရူးလဲ ဆိုတာ တွေးစရာ ဖြစ်လာသည်။

ရှဖေး စဉ်းစားလိုက်ပြီး မေးလိုက်သည်။

“ အတွင်းပိုင်း ဌာနခွဲက အဲဒီလောက် အားကြီးလား၊ ငါတောင် မင်းရဲ့ ရေခဲသံချပ်ကာကို အလင်းလိုက် ဓားနဲ့ ဖောက်လို့ မရခဲ့ဘူး၊ အဲဒီကောင်တွေက မင်းရဲ့ ခံစစ်ကို ဘယ်လို ကျော်ဖြတ်ပြီး တိုက်ခိုက်နိုင်ခဲ့တာလဲ ”

မွန်းဆောင်းသည် ခြေထောက်ကို ခေါက်ပြီး ‘၄’ ဂဏန်း ပုံစံ လုပ်ကာ ဆက်လက် ရယ်မောနေသည်။ “ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းမှာ လူငါးသောင်းကျော် ရှိတယ်၊ အတွင်းပိုင်း ဌာနခွဲမှာ လူဘယ်လောက် ရှိလဲ သိလား ”

ရှဖေးနှင့် ချန်သုန်း ခေါင်းခါပြန်သည်။

“ အဲဒီ ဌာနခွဲမှာ လူ ၅၀၀ ပဲ ရှိတယ်၊ အဲဒါက တခြား ဌာနခွဲက ဝင်ချင်တဲ့ ဘယ်သင်တန်းသားမဆို ၁ ရာခိုင်နှုန်းပဲ အောင်မြင်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ဆိုလိုတာ၊ ဝင်ခွင့်ရတဲ့ လူတွေ အားလုံးက ပုံမှန်မဟုတ်တဲ့ ဘီလူးတွေချည်းပဲ ”

“ ထိပ်တန်းတွေထဲက ထိပ်တန်းတွေမှ ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းကို ဝင်ခွင့်ရတာ၊ အတွင်းပိုင်း ဌာနခွဲကို ရောက်ဖို့ဆိုရင် ပါရမီရှင်တွေထဲက ပါရမီရှင် ဖြစ်မှ ရမယ် ”

ရှဖေး တွေးတောလိုက်ပြီး မေးလိုက်သည်။

“ ဒါဆို အတွင်းပိုင်း ဌာနခွဲနဲ့ ကျန်တဲ့ ဌာနခွဲတွေ ဘာကွာခြားလဲ ”

“ ကွာခြားချက် ဟုတ်လား ” မွန်းဆောင်းသည် အိတ်ကပ်ထဲမှ နောက်ထပ် သခွားသီး အကြီးကြီး တစ်လုံးကို မျက်လှည့်ပြသကဲ့သို့ ထုတ်ယူလိုက်ပြီး ကိုက်ဝါးရင်း ပြောလိုက်သည်။ “ ကွာခြားချက် မဟုတ်ဘူး၊ မိုးနဲ့မြေလို ကွာတာ ”

“ လေ့ကျင့်ရေး စခန်းရဲ့ ယေဘုယျ အခြေအနေတွေက အရမ်း ကောင်းတယ်လို့ ရှင်တို့ ထင်ကြလား ”

ရှဖေး ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်သည်။ ငြင်းခုံစရာ မလိုပေ။ သူ၏ နေထိုင်မှု အခြေအနေ တစ်ခုတည်းကပင် သမ္မတ အခန်းတစ်ခန်း၏ စံနှုန်းများနှင့် ညီနေပြီ ဖြစ်ရာ စခန်းအတွင်းရှိ အဆောက်အအုံများသည်လည်း ထိုထက် နိမ့်ကျမည် မဟုတ်ကြောင်း သေချာသည်။

မိသားစု ကြီးကြီးမားမားမှ ဆင်းသက်လာသော ချန်သုန်းပင်လျှင် လေ့ကျင့်ရေး စခန်း၏ နေထိုင်မှုနှင့် ပတ်သက်ပြီး ညည်းညူစရာ ရှာမတွေ့နိုင်ပေ။ ဤနေရာရှိ အရာအားလုံးသည် ထိပ်တန်း စစ်သည်တော်များအတွက် အထူး ပြင်ဆင်ထားပြီး လိုလေသေးမရှိ ထောက်ပံ့ပေးထားသည်။

“ အကယ်၍ ရှင်တို့ နှစ်ယောက် အတွင်းပိုင်း ဌာနခွဲကို ဝင်ခွင့်ရရင် နားလည်လာပါလိမ့်မယ်၊ အတွင်းပိုင်း ဌာနခွဲနဲ့ ယှဉ်လိုက်ရင် ဒီနေရာက ဆင်းရဲသား ရပ်ကွက်နဲ့ မခြားပါဘူး၊ သူတို့ အသုံးပြုခွင့် ရတဲ့ လေ့ကျင့်ရေး ကိရိယာတွေတင် မကဘူး၊ သူတို့ရဲ့ နေထိုင်မှု အခြေအနေတွေကလည်း ကောင်းကင် ကွပ်မျက်ရေး လေ့ကျင့်ရေး စခန်းက သာမန် လူတွေထက် အဆပေါင်းများစွာ သာလွန်တယ်၊ ပိုအရေးကြီးတာက အတွင်းပိုင်း ဌာနခွဲမှာ စစ်သည်တော် တစ်ယောက်ရဲ့ ကျင့်ကြံမှုကို အချိန်တိုအတွင်း အဆမတန် တိုးတက်စေနိုင်တဲ့ လျှို့ဝှက် နည်းစနစ် တစ်ခု ရှိတယ် ”

“ အတွင်းပိုင်း ဌာနခွဲကို ရောက်သွားတဲ့ သင်တန်းသား အားလုံး နီးပါး သူတို့ရဲ့ အဆင့်တွေ အချိန်တိုအတွင်း တိုးတက်လာတာ မြင်တွေ့ရတယ်၊ အဲဒါက အံ့ဖွယ်ပါပဲ ”

မွန်းဆောင်းသည် အတွင်းပိုင်း ဌာနခွဲနှင့် ပတ်သက်သော ကောလဟာလ အများအပြားကို ဝေမျှရင်း အတော်လေး သိရှိပုံ ရသည်။ ရှဖေးနှင့် ချန်သုန်း တို့သည် သူမ၏ စကားများကို ကြားပြီးနောက် အတွင်းပိုင်း ဌာနခွဲ၏ အံ့ဖွယ်ရာများကို စိတ်ဝင်စားသွားကြသည်။

“ ဒါဆို ရှင်တို့ တစ်ယောက်ယောက် အတွင်းပိုင်း ဌာနခွဲကို ဝင်ချင်ကြလား ” မွန်းဆောင်းက ဆန်းကြယ်စွာ မေးလိုက်သည်။

ချန်သုန်း လေးနက်သော အမူအရာဖြင့် ပြန်ဖြေသည်။

“ မင်းမှာ နည်းလမ်း ရှိလို့လား၊ ငါ ပိုသန်မာလာမယ် ဆိုရင် သေရရင်တောင် ငါ ဘာမဆို လုပ်ဖို့ ဆန္ဒရှိတယ် ”

ရှဖေးသည် သူ၏ စိတ်ဝင်စားမှုကို အပြင်ပန်းတွင် ထုတ်မပြသော်လည်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာရေးသည် သူ၏ အကြီးမားဆုံး ရည်မှန်းချက် ဖြစ်သဖြင့် နားစွင့်ပြီး စိတ်အားထက်သန်စွာ နားထောင်နေလေသည်။

All Chapters