← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆) - အကြိမ်တစ်ထောင် သေသင့်တဲ့ လူ

~"လျိုချူယွင်... မင်း ငါ့ကို မကျေနပ်ရင် ငါ့ဆီတည့်တည့်လာစမ်းပါကွ"

ဝမ်ပုထိုသည် လျိုချူယွင် ဆိုသူကို ကြောက်ရွံ့နေသော်လည်း သူ့သားမယားများကို ဤသို့ လူမဆန်စွာ နှိပ်စက်နေသည်ကိုတော့ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ကြောက်စိတ်နှင့် ဒေါသစိတ်ကို ရောပြွမ်းကာ အော်ဟစ်လိုက်ခြင်း ဖြစ်လေ၏။

"မင်း မိုက်မဲတဲ့အလုပ်တွေ လျှောက်မလုပ်နဲ့နော်... ကိုယ့်အသက်ကိုယ်ပဲ ဂရုစိုက်စမ်းပါ"

ဝမ်ပုထို၏ ဘေးနားရှိ လူသန်ကြီး တစ်ယောက်က မထီမဲ့မြင် မျက်နှာထားဖြင့် တားဆီးပြောဆိုလိုက်သည်။

"ဖယ်စမ်း... ငါ့လမ်းက ဖယ်... မဖယ်ရင် ငါ့ကို သတ်ချင်သတ်ပစ်လိုက်"

လူသန်ကြီးအချို့က ဝမ်ပုထို၏ သားမယားများကို အတင်းအဓမ္မ ပါးစပ်ဟကာ အစာများ ထိုးထည့်ကျွေးနေသည်ကို မြင်လိုက်ရသောအခါ... ဝမ်ပုထို၏ ဒေါသက ငယ်ထိပ်ဆောင့်တက်သွားကာ ရူးမတတ် အော်ဟစ်လိုက်မိတော့သည်။

"အသံတိုးတိုးလုပ်စမ်း... လျူလေး"

ထိုအချိန်တွင် ဒုတိယထပ်ဆီမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။

"ဟုတ်... ဟုတ်ကဲ့ပါ ခင်ဗျာ... ဟုတ်ကဲ့ပါ"

ဒုတိယထပ်မှ အသံကို ကြားလိုက်ရသည်နှင့် လျိုချူယွင်ဆိုသူမှာ ကြောက်လန့်တကြားဖြင့် ခေါင်းတငြိမ့်ငြိမ့် လုပ်ကာ ပြန်ပြောလိုက်သည်။

'ဆုရွှေဟန်'

ဝမ်ပုထိုမှာ ထိုနာမည်ကို ကြားလိုက်ရသည့်အခါ ရင်ထဲ တုန်လှုပ်သွားပြီး ဒုတိယထပ်သို့ မော့ကြည့်လိုက်မိလေ၏။ ဆုရွှေဟန် ရှိနေခြင်းက ဝမ်ပုထိုအတွက် အကြီးမားဆုံး စိုးရိမ်စရာ ဖြစ်နေသည်မှာ အထင်အရှားပင်။

"အစ်ကိုကြီးဖုန်း... ဒါက လွန်လွန်းနေပြီ။ ဒီအတိုင်းဆို ကလေးနှစ်ယောက် ဘယ်ခံနိုင်ပါ့မလဲ"

လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။

"တိရစ္ဆာန်ထက် ဆိုးတဲ့ လူတွေ...ကျွန်တော်.. အခုပဲ သွားဆုံးမလိုက်မယ်"

လျိုချင်းယန်သည် အံကို ကြိတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

"ဝမ်ပုထို... မင်း သတ္တိတွေ ကောင်းလှချည်လား။ သခင်လေးဆီက ပစ္စည်းခိုးပြီးတော့တောင် ဒီနယ်မြေထဲ မျက်နှာပြောင်တိုက်ပြီး လာရဲသေးတယ်ပေါ့။ မင်းက သခင်လေးကို အထင်သေးတာလား... ဒါမှမဟုတ် စော်ကားချင်တာလား ဟမ်"

လျိုချင်းယန် လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် စားသောက်ဆိုင် အပြင်ဘက်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"ထျန်းယွမ်ဘုံ သတ္တမအလွှာ"

လျိုချင်းယန်က မျက်ခုံးပင့်ကာ ဆိုင်အပေါက်ဝသို့ လှမ်းကြည့်လိုက်သည်။

"သခင်လေး"

ထိုစဉ် တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာ၏။ လျိုချူယွင်နှင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် ထိုလူငယ်ကို မြင်သည်နှင့် အရိုအသေ ပေးလိုက်ကြလေ၏။

"မရပ်နဲ့... ဆက်လုပ်"

သခင်လေးဟု ခေါ်ဝေါ်ခံရသူ လူငယ်က ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

"ငါ မင်းပစ္စည်းကို မခိုးခဲ့ဘူးကွ... ဟန်ကျုံးဆန်း... ငါ့သားမယားတွေကို အခု လွှတ်ပေးစမ်း"

ဝမ်ပုထိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း မခိုးဘူး ဟုတ်လား... ဒီ ဖုန်းမင်မြို့ ဝန်းကျင်မှာ ဝမ်ပုထို ဆိုတာ ဘယ်သူလဲ လူတိုင်းသိတယ်။ မင်းကလွဲပြီး ဘယ်သူက ငါ့ပစ္စည်းကို ခိုးရဲမှာလဲ"

ဟန်ကျုံးဆန်းက အေးစက်စက် ပြောဆိုရင်း ဝမ်ပုထိုရှိရာ စားပွဲဆီသို့ လျှောက်လာခဲ့၏။

"ကျုံးဆန်း... သခင်လေး မရောက်သေးဘူးလား"

ဒုတိယထပ်မှ ဆုရွှေဟန်၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

"မရောက်သေးဘူး... ဒါပေမဲ့ မကြာခင် ရောက်လာတော့မှာပါ။ ခဏလေး စောင့်ပါဦး အစ်ကိုဆု"

ဟန်ကျုံးဆန်းက ဒုတိယထပ်သို့ မော့ကြည့်ရင်း လှမ်းပြောလိုက်သည်။

"ရွှစ်"

"ဝုန်း... ဝုန်း... ဝုန်း"

"အွတ်... အွတ်... အွတ်"

ထိုအချိန်တွင် မည်းနက်သော အရိပ်တစ်ခုက လေပွေတစ်ခုအလား လျှပ်စီးလက်သည့်နှယ် ဝင်ရောက်သွားပြီး... ပေါက်ကွဲသံ သုံးချက် ဆက်တိုက် ထွက်ပေါ်လာတော့သည်။ ကလေးများကို အစာအတင်းခွံ့နေသည့် လူသန်ကြီး သုံးယောက်မှာ ပါးစပ်မှ သွေးများပန်းထွက်လျက် အမြောက်ဆန်များပမာ ဆိုင်အပြင်ဘက်သို့ လွင့်စင်ထွက်သွားကာ သေသည်ရှင်သည်ပင် မသိရတော့ပေ။

တစ်ခဏအတွင်းမှာပင် ကလေးများကို နှိပ်စက်နေသူများ ပျောက်ချင်းမလှ ပျောက်သွားကြတော့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ဟန်ကျုံးဆန်းနှင့် သူ့လူများမှာ ကြောင်အမ်းသွားကြ၏။ ဒီ ဖုန်းမင်မြို့ထဲတွင် သူတို့ကိစ္စကို ဝင်ပါရဲသူ ရှိနေသည်တဲ့လား။

ဝမ်ပုထိုသည်လည်း ဝင်ရောက်ကူညီသူကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့၏။

"မောင်လေးတို့ ညီမလေးတို့... မကြောက်နဲ့တော့နော်။ လာ... ပါးစပ်ထဲက အစာတွေ ထွေးထုတ်လိုက်။ မမက လူဆိုးတွေကို ခဏနေ ရိုက်ပေးမယ်... ဟုတ်ပြီလား"

မြောင်ချင်းချင်းက ကလေးငယ်များကို စိတ်ဒဏ်ရာမရစေရန် ခေါင်းလေးများကို ပွတ်သပ်ပေးရင်း ချိုသာစွာ ပြောလိုက်သည်။ မြောင်ချင်းချင်း၏ အပြုံးကို မြင်လိုက်ရသောအခါ ကလေးနှစ်ယောက်မှာ အငိုတိတ်သွားပြီး ခေါင်းညိတ်ပြကြသည်။

"လိမ္မာလိုက်တာ... မမရှိရင် ဘာမှ မကြောက်နဲ့တော့နော်"

မြောင်ချင်းချင်းက ပြုံးပြလိုက်ပြီးနောက် ကြောက်ရွံ့နေသော ကလေးအမေဘက်သို့ လှည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"သူတို့ကို ဂရုစိုက်ထားလိုက်ပါ"

"ကျေး... ကျေးဇူးတင်ပါတယ်ရှင်... ကျေးဇူးကြီးလှပါတယ်"

ထိုအမျိုးသမီးမှာ ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလေတော့သည်။

"ချင်းချင်းက ငါ့ထက်တောင် လက်မြန်နေသေးတယ်"

လျိုချင်းယန်က အံ့အားသင့်စွာ ပြောလိုက်၏။

"ချင်းချင်းက အရင်တည်းက ကလေးတွေကို အနိုင်ကျင့်ရင် ကြည့်မနေနိုင်ဘူးလေ။ သူ လှုပ်ရှားလိုက်တာက မင်းသွားတာထက် ပိုကောင်းပါလိမ့်မယ်"

ဟု ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်သည်။

မြောင်ချင်းချင်း မတ်တပ်ရပ်လိုက်သည့်အခါ... သူမ၏ ပြုံးနေသော မျက်နှာထားလေးသည် ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားပြီး မျက်လုံးအစုံတွင် ကြောက်မက်ဖွယ် လူသတ် အရှိန်အဝါများ ဖြာထွက်လာတော့သည်။

"ကောင်မစုတ်... မင်း သေချင်နေတာလား။ ဒီသခင်လေးရဲ့ ကိစ္စကို ဝင်ပါရဲတယ်ပေါ့လေ"

ဟန်ကျုံးဆန်းက မြောင်ချင်းချင်းကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

"တိရစ္ဆာန်ထက် နိမ့်ကျတဲ့ လူ... အမှိုက်ကောင်။ ကလေးတွေကိုတောင် အနိုင်ကျင့်ရက်တယ်... နင်တို့လုပ်ရပ်ကြောင့် ကလေးတွေ စိတ်ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။ နင်တို့လို လူစားမျိုးက အကြိမ်တစ်ထောင် သေတောင် မလုံလောက်ဘူး"

မြောင်ချင်းချင်းက စကားလုံးတိုင်းတွင် လူသတ် အရှိန်အဝါများ ထည့်သွင်းကာ ပြန်လည်ပြောဆိုလိုက်သည်။

"မင်းက သေလမ်းရှာနေတာပဲ။ ဒီသခင်လေးက မိန်းမဆိုပြီး ညှာတာမှာ မဟုတ်ဘူး... သတ်စမ်း"

ဟန်ကျုံးဆန်းက မျက်နှာမည်းမှောင်စွာဖြင့် အမိန့်ပေးလိုက်သည်။

ထျန်းယွမ်ဘုံအဆင့် ရှိကြသော လူသန်ကြီး ဒါဇင်ပေါင်းများစွာသည် ချက်ချင်းပင် မြောင်ချင်းချင်းထံ တိုးဝင်တိုက်ခိုက်ကြတော့သည်။

"ဟွန့်"

မြောင်ချင်းချင်းက တုံ့ဆိုင်းမနေဘဲ ဝိညာဉ်လက်နက် ဓားပျံကို ထုတ်ကာ လှုပ်ရှားလိုက်တော့သည်။

"ရွှစ်... ရွှစ်... ရွှစ်"

"စွပ်... စွပ်... စွပ်"

မြောင်ချင်းချင်း၏ တိုက်ခိုက်မှုများက ပြင်းထန်ပြီး ရက်စက်လှသည်။ သူမ၏ ကိုယ်ဖော့ပညာက လျင်မြန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် လူသန်ကြီး ၅ ယောက် ၆ ယောက်ခန့်မှာ လည်ပင်းကို ဓားဖောက်ခံလိုက်ရကာ သွေးများ ပန်းထွက်ကုန်ကြလေ၏။

"ငါကလည်း ခွေးသတ်ရတာ သဘောကျတယ်ကွ"

လျိုချင်းယန်က လှောင်ရယ်တစ်ချက် ရယ်လိုက်ပြီးနောက် ရိပ်ခနဲ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

"ရွှစ်... ရွှစ်... ရွှစ်"

"ဝုန်း... ဝုန်း... ဝုန်း"

လျိုချင်းယန်သည်လည်း မြောင်ချင်းချင်းနည်းတူ ရက်စက်စွာ တိုက်ခိုက်လေရာ လူသန်ကြီးများမှာ စက္ကူရုပ်များအလား လွင့်စင်ထွက်ကုန်ကြ၏။

စက္ကန့် (၃၀) ပင် မကြာလိုက်ပေ။ တောင့်တင်းခိုင်မာသော လူသန်ကြီး ဒါဇင်ပေါင်းများစွာသည် လည်ပင်းကို ဓားဖောက်ခံရသူကခံရ၊ ဆိုင်အပြင်ဘက်သို့ လွင့်စင်သွားသူက သွားနှင့်... ဆိုင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်ကျန်ရစ်ခဲ့လေ၏။

လျိုချူယွင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ အသတ်ခံလိုက်ရသည် မဟုတ်ပါလော။

ဟန်ကျုံးဆန်း၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး မြောင်ချင်းချင်းနှင့် လျိုချင်းယန်ကို သတ်ချင်စိတ်များ ဖြစ်ပေါ်နေတော့သည်။

မြောင်ချင်းချင်းသည် နေရာမှ ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ်တွင် ပုံလျက်သား လဲကျနေသော လျိုချူယွင်၏ ရှေ့သို့ ရောက်ရှိသွားသည်။

"နင်က သေသင့်တဲ့ လူပဲ"

မြောင်ချင်းချင်း၏ အသံက ရေခဲတမျှ အေးစက်နေသဖြင့် လျိုချူယွင်၏ နှလုံးသားကိုပင် ထိုးခွင်းသွားသယောင် ခံစားလိုက်ရသည်။

ကလေးနှစ်ယောက်ကို နှိပ်စက်ခဲ့သည့် ကိစ္စမှာ လျိုချူယွင်၏ လက်ချက် ဖြစ်ရာ မြောင်ချင်းချင်းအနေဖြင့် သူ့ကို လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။

"သ... သခင်လေး... ကယ်ပါဦး"

လျိုချူယွင်က အသံတုန်ကြီးဖြင့် အော်ဟစ် အကူအညီတောင်းလိုက်သည်။

"သူ နင့်ကို မကယ်နိုင်ဘူး"

မြောင်ချင်းချင်းက ပြောပြောဆိုဆိုဖြင့် ဓားပျံကို လျိုချူယွင်၏ နှလုံးသားတည့်တည့်သို့ ထိုးစိုက်ချလိုက်သည်။

"ဟွန့်"

ဟန်ကျုံးဆန်းလည်း ငြိမ်မနေတော့ဘဲ လင်ရှောင်ရှောင်ရှိရာဘက်သို့ ဒေါသတကြီး ပြေးဝင်တိုက်ခိုက်လိုက်သည်။ သို့သော် ဟန်ကျုံးဆန်း လှုပ်ရှားလိုက်သည်နှင့် မည်းနက်သော အရိပ် တစ်ခုက ရှေ့မှ ပိတ်ကာ ဟန်ကျုံးဆန်း၏ လည်ပင်းကို လှမ်းညှစ်ပြီး အမှိုက်တစ်စကို မ သလိုမျိုး ဆွဲမ လိုက်လေ၏။

"မင်းက ဘယ်သွားမလို့လဲ"

လျိုချင်းယန်က အေးစက်စက် ပြုံးရင်း မေးလိုက်သည်။ သူ့လက်က ဟန်ကျုံးဆန်း၏ လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားသဖြင့် ဟန်ကျုံးဆန်းမှာ အသက်ရှူပင် မဝတော့ပေ။

"အွတ်"

ထိုအချိန်မှာပင် မြောင်ချင်းချင်း၏ ဓားပျံက လျိုချူယွင်၏ နှလုံးသားကို ဖောက်ထွက်သွားခဲ့တော့၏။

"မင်းလို တိရစ္ဆာန်ကောင်က အကြိမ်တစ်သန်း သေရင်တောင် နှမြောစရာ မကောင်းဘူး"

မြောင်ချင်းချင်းက သွေးအေးစွာ ပြောလိုက်ပြီး လျိုချူယွင်၏ ရင်ဘတ်ထဲမှ ဓားကို ပြန်ဆွဲထုတ်လိုက်သည်။

"လွန်လွန်းတယ်..... မင်း ငါ့ကို ဘယ်သူမှတ်နေလဲ"

ဟန်ကျုံးဆန်းက လည်ပင်းအညှစ်ခံထားရသဖြင့် မနည်းအားယူကာ ပြောလိုက်သည်။ သူ မည်မျှပင် ရုန်းကန်နေပါစေ လျိုချင်းယန်၏ သံတံတိုင်းလို လက်ကိုတော့ မယှဉ်နိုင်ပေ။

"အမှန်အတိုင်း ပြောရရင်... ငါ မင်ူကို ဘယ်သိမလဲ"

လျိုချင်းယန်က လှောင်ရယ် တစ်ချက် ရယ်မောလိုက်ရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းပွဲတစ်ပွဲက သူ့လက်ထဲသို့ ရောက်ရှိလာခဲ့၏။

"မင်းကို အရင်ဆုံး အစာခွံ့ကျွေးလိုက်ဦးမယ်... ပြီးမှ ပြောပြတော့"

လျိုချင်းယန်က ပြောပြောဆိုဆို ဟန်ကျုံးဆန်း၏ ပါးစပ်ပွင့်သွားအောင် လည်ပင်းကို ဖျစ်ညှစ်လိုက်ပြီးနောက် ဟင်းပွဲကို ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။ ထို့နောက် တူတစ်စုံဖြင့် ဟင်းဖတ်များကို ပါးစပ်ထဲသို့ မနားတမ်း ထိုးသိပ်ထည့်လေ၏။

"ဖြည်းဖြည်းစားပါကွာ... ဆိုင်ထဲမှာ အစာတွေ အများကြီး ရှိသေးတယ်။ မလောက်ရင် ငါ ထပ်ကျွေးမယ်"

လျိုချင်းယန်သည် လှောင်ပြောင်ပြောဆိုရင်း ဟန်ကျုံးဆန်း၏ ပါးစပ်ထဲသို့ ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ရက်ရက်စက်စက် ထိုးထည့်နေလေတော့သည်။

အခန်း (၅၅၇) - သွားတိုက်ဆေး ကျောက်ခဲ

~ဟန်ကျုံးဆန်းသည် ဒေါသအိုးကြီး ပေါက်ကွဲတော့မတတ် ဖြစ်နေသော်လည်း သူ့ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှု တစ်ခုက လွှမ်းမိုးနေ၏။ သူသည် ထျန်းယွမ်ဘုံ သတ္တမအလွှာသို့ ရောက်ရှိနေပြီဖြစ်သော်လည်း လျိုချင်းယန်၏ လက်ထဲမှ ရုန်းထွက်နိုင်စွမ်း မရှိဖြစ်နေသည် မဟုတ်ပါလော။

ဝမ်ပုထိုမှာ လျိုချင်းယန်ကို ကြည့်ရင်း ဆွံ့အလျက်သား ဖြစ်ကျန်ရစ်ခဲ့၏။

ဖုန်းမင်မြို့တစ်ဝိုက်တွင် ဟန်ကျုံးဆန်းကို ဤမျှ ရက်စက်စွာ ဆက်ဆံရဲသူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။ ဟန်ကျုံးဆန်းဆိုသည်မှာ သာမန်လူမဟုတ်၊ 'ချန်ဆန်းတောင်ကြား' ၏ ပါရမီရှင်တစ်ဦးဖြစ်၏။ တောင်ကြားသခင်နှင့် အကြီးအကဲများ၏ အလေးပေးမှုကို ခံရသူ၊ ဂိုဏ်း၏ ထိပ်တန်းတပည့်ကြီးနှင့်ပင် ယှဉ်နိုင်သူ ဖြစ်၏။

အသက် (၂၁) နှစ်သာ ရှိသေးသော်လည်း ထျန်းယွမ်ဘုံ သတ္တမအလွှာသို့ ရောက်ရှိနေပြီး၊ နောက်ထပ် (၃) နှစ်အတွင်း ကောင်းကင်ဘုံလူသား အဆင့်သို့ ခြေလှမ်းလှမ်းနိုင်မည်မှာ သေချာသလောက်ပင်။

ချန်ဆန်းတောင်ကြားသည် 'ထျန်းတောင်ဂိုဏ်း' လောက် မကြီးမားသော်လည်း ကြယ်တာရာနယ်မြေ၏ အဓိက အင်အားစုကြီးတစ်ခု ဖြစ်လေ၏။

ယခုမူ ထိုပါရမီရှင် ဟန်ကျုံးဆန်း၏ ပါးစပ်ထဲတွင် အစာများဖြင့် ပြည့်နှက်နေပြီး စကားပင် မပြောနိုင်တော့ပေ။

"ဟဲဟဲ.. အရသာရှိရဲ့လား... ဒီဆိုင်က ဟင်းတွေက မဆိုးဘူးမလား"

လျိုချင်းယန်က တစ်ချက် လှောင်ရယ်လိုက်ရင်း မေးလိုက်သည်။

"ညီအစ်ကိုပေတို... ကျောက်ခဲလေး ဘာလေး ရှာပေးပါဦးဗျာ။ ဒီကောင့်သွားတွေက တော်တော်မာပုံ ရတယ်"

လျိုချင်းယန်က ပေတိုယန်ဘက် လှည့်ကာ ရယ်မောရင်း ပြောလိုက်သည်။

လျိုချင်းယန်၏ စကားကို ကြားလိုက်ရသောအခါ ဟန်ကျုံးဆန်း၏ နှလုံးသားထဲတွင် ကြောက်လန့်မှုများ အလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။

"ကူညီရတာ ဝမ်းသာပါတယ်ကွာ"

ပေတိုယန်က ရယ်ချင်စိတ်ကို အောင့်အီးရင်း နေရာမှ ရိပ်ခနဲ ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ကျောက်ခဲ ၃၊ ၄၊ ၅ လုံးကို ယူဆောင်လာကာ လျိုချင်းယန်ထံ ကမ်းပေးလိုက်သည်။ ထို့နောက် သူ့နေရာတွင် အေးဆေးစွာ ပြန်ထိုင်လိုက်လေ၏။

"ရော့... မင်းအတွက် အစာထပ်ဖြည့်ပေးလိုက်မယ်"

လျိုချင်းယန်က ရက်စက်စွာ ပြုံးရင်း ကျောက်ခဲများကို ဟန်ကျုံးဆန်း၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။

ဟန်ကျုံးဆန်း၏ မျက်လုံးများမှာ ပြူးကျယ်လာပြီး ရုန်းကန်နေသော်လည်း "အွတ်... အွတ်" ဟူသော အသံမှလွဲ၍ ဘာမှ ထွက်မလာတော့ပေ။

"အစ်ကိုကြီး... သူ့ကို ကောင်းကောင်း ဆုံးမပေးပါဦး"

အမျိုးသမီးတစ်ဦး၏ နောက်ကွယ်တွင် ပုန်းနေသော ကလေးငယ်တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

"စိတ်ချပါညီလေး... အစ်ကိုကြီးက မင်းကျေနပ်အောင် လုပ်ပေးပါ့မယ်"

လျိုချင်းယန်က ပြုံးပြလိုက်ပြီးနောက် ဟင်းပန်းကန်ကို ခွဲလိုက်ပြီး အစအနများကို ဟန်ကျုံးဆန်း၏ ပါးစပ်ထဲသို့ အစာနှင့်ရောကာ ထိုးထည့်လိုက်ပြန်သည်။

လျိုချင်းယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူ့လက်များကတော့ တူကိုကိုင်ကာ ဟန်ကျုံးဆန်း၏ ပါးစပ်ထဲတွင် ရက်ရက်စက်စက် မွှေနှောက်နေလေ၏။ ဟန်ကျုံးဆန်း၏ ပါးစပ်မှ သွေးများ ဒလဟော စီးကျလာတော့သည်။

"အစ်ကိုလျို... သူ့ကို လွှတ်မပေးနဲ့နော်"

မြောင်ချင်းချင်းကလည်း ကျေနပ်အားရနေသည့် မျက်နှာဖြင့် ဝင်ပြောလိုက်သည်။

ထိုအချိန်တွင် ဒုတိယထပ်၏ လက်ရန်းဘေးမှ လူတစ်ယောက်သည် ဤမြင်ကွင်းကို အေးစက်စွာ ကြည့်ရှုနေလေ၏။ ထိုသူမှာ 'ဆုရွှေဟန်' ပင် ဖြစ်၏။

ဆုရွှေဟန်သည် ကြယ်တာရာနယ်မြေ၏ အဓိက အင်အားစုကြီး တစ်ခု ဖြစ်သော 'လင်းယွင်နန်းတော်' ၏ နန်းတော်သခင်လေး ဖြစ်ပြီး၊ ကောင်းကင်ဘုံလူသား ဒုတိယအလွှာသို့ ရောက်ရှိနေသူ၊ ထိပ်တန်းပါရမီရှင် စာရင်းဝင်တစ်ဦး ဖြစ်လေ၏။

ဟန်ကျုံးဆန်းသည် ကြောက်လန့်တကြားဖြင့် ဆုရွှေဟန်ဘက်သို့ လှည့်ကာ အကူအညီတောင်းခံလိုက်သည်။

ဝမ်ပုထိုမှာလည်း ဆုရွှေဟန်ကို ကြောက်ရွံ့စွာ ကြည့်နေမိသည်။ ဆုရွှေဟန်၏ ပြင်းထန်သော စွမ်းအားကို သူ ကောင်းကောင်းသိသည်။ အကယ်၍ ဆုရွှေဟန်သာ ဝင်ပါလိုက်လျှင် သူတို့အားလုံး အသက်ရှင်လျက် ပြန်ထွက်နိုင်တော့မည် မဟုတ်ပေ။

ဖုန်းဝူချန်နှင့် အဖွဲ့သားများကမူ ဆုရွှေဟန်ကို မြင်သော်လည်း မမြင်ချင်ယောင်ဆောင်နေကြသည်။ ကောင်းကင်ဘုံလူသား ဒုတိယအလွှာလောက်ကို ဖုန်းဝူချန်တို့ အဖွဲ့က အလေးထားစရာ မလိုပေ။

ဆုရွှေဟန်၏ ခန္ဓာကိုယ်မှ အေးစက်သော လူသတ် အရှိန်အဝါများ ဖြာထွက်လာပြီး လျိုချင်းယန်အပေါ် ကျရောက်လာ၏။

"ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး... ဝင်မပါခင် သေချာ စဉ်းစားရင် ကောင်းမယ်"

ဟု လျိုချင်းယန်က ဆုရွှေဟန်၏ လူသတ် အရှိန်အဝါကို အရေးမစိုက်ဘဲ အေးစက်စွာ သတိပေးလိုက်လေသည်။

"ရွှစ်"

ဆုရွှေဟန်က လျိုချင်းယန်၏ စကားကို ဂရုမစိုက်ဘဲ ရုတ်ချည်းပင်.. တိုက်ခိုက်လိုက်တော့သည်။ သူ့အမြန်နှုန်းက လျင်မြန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်း လျိုချင်းယန်၏ ရှေ့သို့ ရောက်ရှိလာ၏။

"ဟွန့်"

လျိုချင်းယန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ယွမ် စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

"ဝုန်း"

"အွတ်"

ဆုရွှေဟန် ဝင်ရောက်တိုက်ခိုက်လိုက်သည့် တစ်ချိန်တည်းမှာပင် လျိုချင်းယန်က ဟန်ကျုံးဆန်း၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ထိုထိုးချက်ကြောင့် ဟန်ကျုံးဆန်း၏ ပါးစပ်မှ သွေးများနှင့် အစာများ ဝေါ့ခနဲ အန်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကြီးမှာ အမြောက်ဆန်ပမာ လွင့်စင်သွားကာ စားသောက်ဆိုင်၏ တိုင်လုံးကြီးနှင့် ဝုန်းခနဲ ဝင်ဆောင့်မိတော့သည်။

ဟန်ကျုံးဆန်းကို ထိုးလိုက်သည့် တစ်ခဏအတွင်းမှာပင် လျိုချင်းယန်က 'နေရာရွှေ့ပြောင်းခြင်း' သိုင်းကွက်ကို သုံးကာ ဆုရွှေဟန်၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းလိုက်သည်။

အကယ်၍ တစ်စက္ကန့်ဝက်ခန့်သာ နောက်ကျသွားပါက လျိုချင်းယန်မှာ ဆုရွှေဟန်၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားမည်မှာ သေချာသည်။

ဆုရွှေဟန်မှာ သူ့တိုက်ခိုက်မှု လွဲချော်သွားသဖြင့် အံ့အားသင့်သွားသည်။ ထျန်းယွမ်ဘုံ သတ္တမအလွှာသာရှိသော ကောင်လေး တစ်ယောက်က သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရုံသာမက ဟန်ကျုံးဆန်းကိုပါ ဒဏ်ရာရအောင် လုပ်နိုင်သည်တဲ့လား။

"အစ်ကိုကြီးဆု... သတ်... သူတို့ကို သတ်ပစ်"

ဟန်ကျုံးဆန်းက သွေးများနှင့် အစာများကို ထွေးထုတ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှာ သွေးရောင်လွှမ်းနေတော့၏။

"သတ်စမ်း... တစ်ယောက်မှ အလွတ်မပေးနဲ့"

ဆုရွှေဟန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ရွှစ်... ရွှစ်... ရွှစ်"

ထိုအချိန်တွင် ဒုတိယထပ်မှ လူအင်အား (၂၀) ကျော်ခန့် ခုန်ဆင်းလာကြသည်။ ထိုအထဲတွင် ကောင်းကင်ဘုံလူသား အဆင့် (၃) ယောက် ပါဝင်ပြီး ကျန်လူများမှာ ထျန်းယွမ်ဘုံ အဆင့်များ ဖြစ်ကြသည်။ ဟန်ကျုံးဆန်း ခေါ်လာသည့် လူများထက် များစွာ သာလွန်ပေသည်။

"အိုး... လူအုပ်နဲ့ ဝိုင်းချမလို့ပေါ့လေ"

လျိုချင်းယန်က လှောင်ရယ်တစ်ချက် ရယ်လိုက်သည်။

"ငါတို့လည်း လှုပ်ရှားရတော့မယ် ထင်တယ်။ ဒီကောင့်ကို ငါ ကြည့်ရှင်းလိုက်မယ်"

ပေတိုယန်က ပခုံးတွန့်ရင်း ဆုရွှေဟန်ရှိရာသို့ လျှောက်သွားလိုက်သည်။ လန်ယွဲ့သည်လည်း မတ်တပ်ရပ်လိုက်လေ၏။

"ဒီမှာ ချမလား... အပြင်ထွက်ချမလား... မင်းသဘောပဲ"

ပေတိုယန်က ဆုရွှေဟန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"မင်း သေချင်နေတာပဲ"

ဆုရွှေဟန်က မျက်လုံးကျဉ်းကာ ပေတိုယန်ကို လူသေ တစ်ယောက်လို ကြည့်လိုက်သည်။

"ကောင်းကင်ဘုံလူသား တတိယအလွှာ တစ်ယောက်ကို ကျွန်တော့်ကို ပေးလိုက်... ခန်းမသခင်တို့က ပွဲထိုင်ကြည့်နေလိုက်ပါ"

ဟု ယီထျန်းချင်း ( ယဲ့ထျန်းချင်း ) က လှောင်ရယ်ရင်း ဝင်ပြောလိုက်သည်။

"ကျန်တဲ့ ကောင်းကင်ဘုံလူသား (၂) ယောက်ကို ကျွန်မ ယူမယ်"

လန်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။

ပြတင်းပေါက်ဘက်သို့ မျက်နှာလှည့်နေသော ကျန်းကျွင့်လန်ကို ကြည့်ရင်း ဖုန်းဝူချန်က ပြုံးကာ မေးလိုက်သည်။

"ကျွင့်လန်လေး... မင်း ဝင်မပါတော့ဘူးလား"

"ဆရာ... ဒီအမှိုက်တွေက ကျွန်တော်နဲ့မှ မတန်တာ။ ပြီးတော့ ကျွန်တော်က ကိုလျိုရဲ့ ဂုဏ်သတင်း တက်လာအောင် ပံ့ပိုးပေးမလို့ပါ။ သူတို့က ကျွန်တော့်ကို သိကြတယ်လေ... ကျွန်တော့်မျက်နှာ မြင်တာနဲ့ ဒူးထောက်ပြီး အသက်ကယ်ဖို့ တောင်းပန်ကြမှာ သေချာတယ်။ ဒီလို တိရစ္ဆာန်တွေက ကောင်းကောင်း အရိုက်ခံသင့်တယ်"

ကျန်းကျွင့်လန်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"ကောင်းကင်ပေါ် တက်ကြပေါ့... အပြစ်မရှိတဲ့ လူတွေကို မထိခိုက်စေနဲ့"

ဖုန်းဝူချန်က လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း အမိန့်ပေးလိုက်သည်။

"ရွှစ်... ရွှစ်... ရွှစ်"

ယီထျန်းချင်းနှင့် ပေတိုယန်တို့ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြရာ ဆုရွှေဟန်နှင့် အခြား ကောင်းကင်ဘုံလူသား အဆင့်များလည်း ကြောက်ရွံ့ခြင်းမရှိဘဲ လိုက်ပါသွားကြသည်။

"မင်းတို့တွေ လိုက်သွားစရာ မလိုဘူး"

လျိုချင်းယန်က ကျန်ရစ်ခဲ့သော လူ (၂၀) ကျော်ကို လှောင်ပြောင်လိုက်ရင်း ဝိညာဉ်လက်နက် ဓားပျံကို ထုတ်လိုက်သည်။

"ချင်းချင်း... သူတို့ကို ကောင်းကောင်း ဆုံးမပေးလိုက်ပါဦး"

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ နှစ်ယောက်သား 'နေရာရွှေ့ပြောင်းခြင်း' သိုင်းကွက်ကို အသုံးပြုကာ လူအုပ်ကြီးထဲသို့ ဝင်ရောက်တိုက်ခိုက်လိုက်ကြတော့သည်။ သူတို့၏ တိုက်ခိုက်မှုများက ရက်စက်ပြင်းထန်လှသဖြင့် ထျန်းယွမ်ဘုံ အဆင့် ကျင့်ကြံသူများမှာ သစ်ရွက်ကြွေများအလား လဲကျကုန်ကြလေ၏။

"ဆရာ... နတ်သူငယ် မျိုးနွယ်အကြောင်း ကြားဖူးလားဗျ"

တိုက်ပွဲဖြစ်နေစဉ် ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို စကားစလိုက်သည်။

"ကြားဖူးတာပေါ့"

ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်သည်။

"လန်ယွဲ့က ရေနတ်သူငယ် ဆိုတော့ နတ်သူငယ်မျိုးနွယ် ဖြစ်မှာ သေချာတယ်"

ဟု ကျန်းကျွင့်လန်က အတည်ပေါက် ပြောလိုက်သည်။

"မင်း ဘာပြောချင်တာလဲ"

"ဆရာက တိုက်ကြီးပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေအကြောင်း သိထားပုံရတယ်။ ကျွန်တော်က ဆရာ မသိလောက်ဘူး ထင်နေတာ"

ကျန်းကျွင့်လန်က အံ့အားသင့်စွာ ပြောလိုက်သည်။ ဖုန်းဝူချန်က သူ့ထက် ငယ်သော်လည်း အရာရာကို သိနေသယောင် ရှိသည်ဟု သူ ခံစားရသည်။ တခါတလေ ဖုန်းဝူချန်၏ အသက်ကိုပင် သံသယ ဝင်မိသည်။

"ငါလည်း အဲ့လိုပဲ ထင်တာပဲ"

ဖုန်းဝူချန်က ကျန်းကျွင့်လန်ကို ကြည့်ရင်း မေးလိုက်သည်။

"မင်း လန်ယွဲ့ကို စိတ်ပူနေတာလား"

"ဟုတ်တယ် ဆရာ။ တကယ်လို့ လန်ယွဲ့သာ နတ်သူငယ်မျိုးနွယ် ဖြစ်ခဲ့ရင်... အဲ့ဒီလို ကြောက်စရာကောင်းတဲ့ မျိုးနွယ်က ဆရာ့ကို ဘာလို့ အညံ့ခံရမှာလဲ။ သူ့မှာ တခြား ရည်ရွယ်ချက် ရှိနေမှာ စိုးလို့ပါ"

ကျန်းကျွင့်လန်က လေးလေးနက်နက် ပြောလိုက်သည်။

"စိတ်မပူပါနဲ့... လန်ယွဲ့က နတ်သူငယ်မျိုးနွယ် ဖြစ်ရင်တောင်မှ ငါတို့ကို သစ္စာဖောက်မှာ မဟုတ်ပါဘူး"

ဖုန်းဝူချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေ၏။

အခန်း (၅၅၈) - အဲ့ဒီတော့ ဘာဖြစ်လဲ

~"ဝုန်း... ဝုန်း... ဝုန်း"

"ဝီ... ဝီ"

ဖုန်းမင်မြို့၏ ကောင်းကင်ယံထက်တွင် နားအူဖွယ် ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက ဒီရေအလား ရိုက်ခတ်သွားရာ လေထုကြီးတစ်ခုလုံး မွှေနှောက်ခံလိုက်ရသလို တုန်ခါသွားတော့သည်။

ပြင်းထန်လှသော တိုက်ပွဲကြောင့် ဖုန်းမင်မြို့အတွင်းရှိ ကျင့်ကြံသူအားလုံး၏ အာရုံသည် ကောင်းကင်ပေါ်သို့ ရောက်ရှိသွားကြသည်။

မြို့ထဲရှိ မိသားစုကြီးများမှ အစွမ်းထက် ပုဂ္ဂိုလ်များလည်း တိုက်ပွဲဖြစ်ပွားရာ နေရာသို့ အသီးသီး ရောက်ရှိလာကြသည်။

"ဟေး... လင်းယွင်နန်းတော် သခင်လေးက တစ်ယောက်ယောက်နဲ့ တိုက်နေတာဟ"

"ကောင်းကင်ဘုံလူသား ပထမအလွှာလောက်နဲ့ သခင်လေးဆုကို ယှဉ်နိုင်တယ်ဆိုတော့... တော်တော်လေး စွမ်းတဲ့ ကောင်ပဲ"

"ဘယ်ကောင်က သေချင်နေလို့ သခင်လေးဆုကို သွားရန်စရတာလဲဟ"

ဖုန်းမင်မြို့သူမြို့သားများက ဆုရွှေဟန်ကို ရန်စရဲသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း သိချင်စိတ်ဖြင့် တီးတိုး ဝေဖန်နေကြသည်။

မိသားစုကြီးများမှ အကြီးအကဲများပင် ခေါင်းယမ်းလိုက်မိကြ၏။ ကြယ်တာရာနယ်မြေတွင် လင်းယွင်နန်းတော်၏ အင်အားကို မသိသူ ဘယ်သူရှိဦးမည်နည်း။

သို့သော် ဖုန်းမင်မြို့သားများကို အံ့အားသင့်သွားစေသည်က... လင်းယွင်နန်းတော်မှ ကျင့်ကြံသူများ ဆက်တိုက် အသတ်ခံနေရခြင်း သာမက၊ နန်းတော်သခင်လေး ဆုရွှေဟန် ကိုယ်တိုင်ပင် ပေတိုယန်၏ လက်ချက်ဖြင့် အရေးနိမ့်နေခြင်း ဖြစ်လေ၏။

ယီထျန်းချင်း နှင့် ပေတိုယန်တို့၏ ကြောက်မက်ဖွယ် စွမ်းအားများက ပြိုင်ဘက်များကို အပြတ်အသတ် ဖိနှိပ်ထားပြီး၊ ရက်စက်စွာ ချေမှုန်းနေသည်ကို မြင်တွေ့လိုက်ရသည်။

"သူတို့က မြေကမ္ဘာအဆင့် သိုင်းကွက်တွေတောင် တတ်ထားကြတာပဲ။ သခင်လေးဆုရဲ့ တိုက်ခိုက်စွမ်းရည်က ကောင်းကင်ဘုံလူသား တတိယအလွှာနဲ့ ယှဉ်နိုင်တာတောင်မှ... ပထမအလွှာပဲ ရှိတဲ့ကောင်ကို မနိုင်ဘူးတဲ့လား"

မြို့သူမြို့သားများမှာ ပါးစပ်အဟောင်းသားဖြင့် အံ့သြတကြီး အော်ဟစ်လိုက်မိကြသည်။

စားသောက်ဆိုင်ထဲတွင် ရှိနေသော ဟန်ကျုံးဆန်း၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။ ပြင်ပမှ ရောက်လာသူ လူတစ်စုက ဤမျှ ကြောက်စရာကောင်းသော တိုက်ခိုက်စွမ်းရည်မျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

စားသောက်ဆိုင်အပြင် လမ်းမပေါ်တွင် ဆုရွှေဟန်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေသော်လည်း ပေတိုယန်ကို အေးစက်စွာ စိုက်ကြည့်နေဆဲ ဖြစ်၏။

"မင်းက ဘယ်သူလဲ"

ဆုရွှေဟန်က ရေခဲတမျှ အေးစက်သော အသံဖြင့် မေးလိုက်သည်။

ပေတိုယန်က ရှေ့သို့ တစ်လှမ်းတိုးကာ အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းသိစရာ မလိုဘူး... မင်းသိထားရမှာက မင်း သေရတော့မယ် ဆိုတာပဲ"

"ဟွန့်... စောစောစီးစီး မပျော်နဲ့ဦး"

ဆုရွှေဟန်က ဒဏ်ရာပြင်းထန်စွာ ရထားသော်လည်း ကြောက်ရွံ့ဟန် မပြဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။

"ဟုတ်လား... မင်းမှာ ဘာအရည်အချင်းတွေ ကျန်သေးလဲ ထုတ်သုံးလိုက်ပါဦး... ငါ အခွင့်အရေး ပေးလိုက်မယ်"

ပေတိုယန်က မောက်မာစွာ ပြောလိုက်ရင်း လှောင်ရယ်တစ်ချက် ရယ်လိုက်သည်။

"ဘုန်း"

ထိုအချိန်တွင် ယီထျန်းချင်းက ကောင်းကင်ဘုံလူသား တတိယအလွှာ အဆင့်ရှိသူကို လက်ဝါးတစ်ချက်တည်းဖြင့် ရက်ရက်စက်စက် ရိုက်သတ်လိုက်လေ၏။

လန်ယွဲ့ကမူ ပို၍ပင် ရက်စက်သေးသည်။ သူမသည် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ကောင်းကင်ဘုံလူသား အဆင့်နှစ်ယောက်၏ အသက်ကို နုတ်ယူလိုက်လေ၏။

"အစ်ကိုဆုက လင်းယွင်နန်းတော်ရဲ့ သခင်လေးပဲ... မင်းတို့ သူ့ကို သတ်ရဲရင် လင်းယွင်နန်းတော်က အလွတ်ပေးမှာ မဟုတ်ဘူး။ ငါတို့ ချန်ဆန်းတောင်ကြားနဲ့ လင်းယွင်နန်းတော်က တပည့်တွေ အများကြီး မင်းတို့လက်ချက်နဲ့ သေကုန်ပြီ... ဒီကနေ အသက်ရှင်လျက် ထွက်သွားဖို့ စိတ်မကူးနဲ့တော့"

ဟန်ကျုံးဆန်းက စားသောက်ဆိုင်ထဲမှ ထွက်လာပြီး ပေတိုယန်ကို လက်ညှိုးထိုးကာ ခြိမ်းခြောက်လိုက်ခြင်းပင်။

"လင်းယွင်နန်းတော်က အဲ့ဒီလောက်တောင် စွမ်းလို့လား"

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ စားသောက်ဆိုင်ထဲမှ ထွက်လာကြရာ ဖုန်းဝူချန်က မသိနားမလည်သည့် ဟန်ဖြင့် မေးလိုက်သည်။

"လင်းယွင်နန်းတော်က စွမ်းရုံတင် မဟုတ်ဘူး... ကြယ်တာရာနယ်မြေရဲ့ အဓိက အင်အားစုကြီး တစ်ခုကွ"

"နန်းတော်သခင်ကြီးဆိုရင် ထျန်းကျီဘုံ အဆင့် ပညာရှင်ကြီးပဲ... ပြီးတော့ နန်းတော်ထဲမှာ ပဉ္စမအဆင့် လက်နက်ပညာရှင်တောင် ရှိသေးတယ်"

"သောက်ကလေးတွေ..လင်းယွင်နန်းတော် ဘယ်လောက် အင်အားကြီးလဲဆိုတာ မသိဘဲနဲ့ သခင်လေးဆုကို ရန်စရဲတယ်ပေါ့လေ။ အရည်အချင်း နည်းနည်းရှိတာနဲ့ ကိုယ့်ကိုယ်ကို အဟုတ်ထင်ပြီး သေလမ်းရှာနေတာပဲ"

ဘေးနားရှိ ကျင့်ကြံသူများက ဖုန်းဝူချန်ကို အရူး တစ်ယောက်လို ကြည့်ရင်း ဝေဖန်ပြောဆိုနေကြသည်။

ဖုန်းဝူချန်ကမူ သူတို့၏ စကားများကို ဂရုပင် မစိုက်ပေ။

ဆုရွှေဟန်က ဖုန်းဝူချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"မင်းလို လူကို သတ်ရတာ ငါ့အတွက် သိပ်လွယ်လွန်းတယ်"

"အို... ဟုတ်လား... စမ်းကြည့်လိုက်လေ"

ဖုန်းဝူချန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်စိန်ခေါ်လိုက်သည်။

"ကောင်စုတ်လေး... သိပ် မောက်မာမနေနဲ့။ သခင်လေးမို ရောက်လာတာနဲ့ မင်း အလောင်းကို မြှုပ်စရာ မြေတောင် ရှိမှာ မဟုတ်ဘူး"

ဟန်ကျုံးဆန်းက ဖုန်းဝူချန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။

"သခင်လေးမို... ခဏနေ ရောက်လာမယ် ဟုတ်လား။ ဒါဆိုလည်း မင်းတို့အသက်ကို ခဏ ချမ်းသာပေးထားလိုက်မယ်"

ဟု ဖုန်းဝူချန်က စိတ်မဝင်စားဟန်ဖြင့် ပြန်ပြောလိုက်သည်။

ဖုန်းဝူချန်၏ စကားကြောင့် ဆုရွှေဟန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ သူသည် ကြယ်တာရာနယ်မြေမှ ပါရမီရှင်များကို စိတ်ထဲတွင် လိုက်လံ စဉ်းစားကြည့်သော်လည်း ဖုန်းဝူချန်နှင့် ပတ်သက်နိုင်သူ တစ်ယောက်မှ မတွေ့ပေ။

သို့သော် ဖုန်းဝူချန်၏ ကြောက်ရွံ့ခြင်းကင်းမဲ့သော အမူအရာကို ကြည့်ရသည်မှာ သာမန်မဟုတ်ကြောင်း သူ ခံစားမိသည်။ ပေတိုယန်တို့ မြေကမ္ဘာအဆင့် သိုင်းကွက်များကို သုံးနိုင်သည်ကို ကြည့်လျှင် သူတို့နောက်ကွယ်တွင် ကြီးမားသော ကျောထောက်နောက်ခံ ရှိနေမည်မှာ သေချာသည်။

ဖုန်းဝူချန်၏ ရဲတင်းသော စကားများကြောင့် ဘေးမှ လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ အချို့က ဖုန်းဝူချန်တို့တွင် အင်အားကြီးသော နောက်ခံရှိမည်ဟု ထင်ကြသော်လည်း၊ အချို့ကမူ ဟန်ကိုယ်ဖို့ ဟန်လုပ်နေသည်ဟု ထင်ကြသည်။

သို့သော် ဟန်လုပ်ခြင်းသာဆိုလျှင် ဖုန်းဝူချန်တို့ ဘာကြောင့် မထွက်ပြေးဘဲ ရဲရဲဝံ့ဝံ့ ဆက်နေရဲသနည်း။ သူတို့ တကယ်ပဲ သေရမှာ မကြောက်ကြဘူးလား။

ဆူညံနေသော လမ်းမကြီးသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။

အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက်... ဆုရွှေဟန် မျှော်လင့်နေသော သခင်လေးမို ရောက်မလာဘဲ၊ အခြား အစွမ်းထက် ပုဂ္ဂိုလ်တစ်စု ရောက်ရှိလာကြသည်။

"ချန်ဆန်းတောင်ကြားက အကြီးအကဲတွေပဲ"

"လင်းယွင်နန်းတော်က အကြီးအကဲတွေလည်း ပါတယ်ဟ"

အစွမ်းထက် ပုဂ္ဂိုလ်များ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ လမ်းမကြီးတစ်ခုလုံး ဆူညံသွားပြန်သည်။

ဟန်ကျုံးဆန်း အသက်ရှင်နေသေးသည်ကို မြင်လိုက်ရသောအခါ အကြီးအကဲ တစ်ယောက်က စိတ်သက်သာရာရသွားပြီး မေးမြန်းလိုက်သည်။

"ကျုံးဆန်း... ဒဏ်ရာတွေ သက်သာရဲ့လား။ ဘယ်သူလုပ်တာလဲ”

"ဒီလူတွေပါ... သူတို့က ကျွန်တော်တို့ချန်ဆန်းတောင်ကြားက တပည့် ဒါဇင်လောက်ကို သတ်ပစ်လိုက်တာ။ အကြီးအကဲ... သူတို့ကို သတ်ပေးပါ"

ဟန်ကျုံးဆန်းက ဖုန်းဝူချန်တို့ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်တိုင်တန်းလိုက်သည်။

"ဘာ"

အကြီးအကဲ (၃) ယောက်၏ မျက်နှာမှာ အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားကြသည်။

"နန်းတော်သခင်လေး... ဘာတွေ ဖြစ်ကုန်တာလဲ"

ဟု အကြီးအကဲ တစ်ယောက်က ဆုရွှေဟန်ကို လှမ်းမေးလိုက်သည်။

"သူတို့က ကျွန်တော်တို့ လင်းယွင်နန်းတော်က တပည့် (၂၀) ကျော်ကို သတ်လိုက်တယ်။ သူတို့ ဘယ်သူတွေလဲဆိုတာ ကျွန်တော်လည်း မသိဘူး"

ဆုရွှေဟန်က အေးစက်စွာ ဖြေလိုက်သည်။

"မင်းတို့ သတ္တိတွေ ကောင်းလှချည်လား"

လင်းယွင်နန်းတော်၏ ပထမအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်ရာ ကောင်းကင်ဘုံလူသား အဋ္ဌမအလွှာ အရှိန်အဝါများ တရကြမ်း ထွက်ပေါ်လာတော့သည်။

လင်းယွင်နန်းတော်၏ ပထမအကြီးအကဲသည် ပဉ္စမအဆင့် လက်နက်ပညာရှင်တယ တစ်ဦး ဖြစ်ပြီး ကြယ်တာရာနယ်မြေတွင် ဩဇာအာဏာ ကြီးမားသူတစ်ဦး ဖြစ်လေ၏။

ဖုန်းဝူချန်ကမူ အင်အားကြီး အဖွဲ့အစည်းနှစ်ခုမှ အကြီးအကဲများ ရောက်ရှိလာသည်ကို မြင်သော်လည်း မျက်နှာပျက်ယွင်းခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

"ဝှစ်"

ထိုအချိန်တွင် ဖုန်းမင်မြို့ ကောင်းကင်ယံထက်၌ လူရိပ်တစ်ခု ထိုးဆင်း ကျရောက်လာပြီး ထျန်းကျီဘုံ အဆင့်၏ အရှိန်အဝါများ လှိုင်းလုံးကြီးများအလား ဖြာထွက်လာတော့သည်။ တစ်မြို့လုံးရှိ လူများ၏ နှလုံးသားကို တုန်လှုပ်ချောက်ခြားသွားစေလေ၏။

"ထျန်းကျီဘုံ အဆင့် ပညာရှင်တစ်ယောက်ပဲ"

ယီထျန်းချင်းက မျက်မှောင်ကြုတ်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

"လင်းယွင်နန်းတော် သခင်ကြီးပဲ"

တစ်စုံတစ်ယောက်က အထိတ်တလန့် အော်ဟစ်လိုက်သည်။

ရောက်ရှိလာသူမှာ အခြားသူ မဟုတ်... ထျန်းကျီဘုံ ဒုတိယအလွှာသို့ ရောက်ရှိနေသော လင်းယွင်နန်းတော် သခင်ကြီး 'ဆုယင်ကျူ' ပင် ဖြစ်လေ၏။

"ကောက်ကျစ်လိုက်တဲ့ လူတွေ... သခင်လေးမိုကို စောင့်သလိုလို လုပ်ပြီး တမင် အချိန်ဆွဲထားတာပဲ"

ပေတိုယန်က အေးစက်စွာ ကဲ့ရဲ့လိုက်သည်။ ဆုရွှေဟန်ကို စောစောကတည်းက သတ်မပစ်ခဲ့မိသည့်အတွက် နောင်တရနေမိ၏။

"ကလေးကို မနိုင်တော့ လူကြီးထွက်လာတာ... ဒါ သူတို့ရဲ့ စရိုက်ပဲလေ"

ဟု ယီထျန်းချင်းက ဂရုမစိုက်သလို ထောက်ခံလိုက်သည်။

ကောင်းကင်ထက်မှ ဆုယင်ကျူသည် မျက်တောင်တစ်ခတ်အတွင်း အောက်သို့ ဆင်းသက်လာခဲ့၏။ သူ့အမြန်နှုန်းက လျင်မြန်လွန်းလှသဖြင့် မည်သူမျှ ဘာမှမလုပ်နိုင်ခင်မှာပင် လမ်းမပေါ်သို့ ရောက်ရှိလာခဲ့တော့၏။

"ရွှေဟန်... မင်းကို ဘယ်သူ သတ်ချင်တာလဲ"

ဆုယင်ကျူက ဖုန်းဝူချန်တို့ အုပ်စုကို အေးစက်စွာ ဝေ့ဝဲကြည့်ရှုရင်း မေးလိုက်သည်။

"သူတို့ပဲ... လင်းယွင်နန်းတော်က တပည့်တွေ အကုန်လုံး သူတို့လက်ချက်နဲ့ သေကုန်ပြီ"

ဆုရွှေဟန်က ဖုန်းဝူချန်တို့ကို စိမ်းစိမ်းဝါးဝါး ကြည့်ရင်း အငြိုးတကြီး ဖြေလိုက်သည်။

သူ့သား စကားကို ကြားလိုက်ရသောအခါ၊ ဆုယင်ကျူ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားပြီး မျက်လုံးအစုံတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"မင်းတို့ကောင်တွေ တော်တော် သတ္တိရှိတာပဲ။ ငါ့နန်းတော်က တပည့်တွေကို သတ်ရုံတင်မကဘူး... ငါ့သားကိုပါ သတ်မယ်လို့ ကြွေးကြော်ရဲတယ်ပေါ့လေ"

ဆုယင်ကျူ၏ ခန္ဓာကိုယ်မှ သွေးပျက်ဖွယ် ကောင်းလှသော လူသတ် အရှိန်အဝါများ ဖြာထွက်လာတော့သည်။

လမ်းမပေါ်ရှိ လူအုပ်ကြီးမှာ ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားကြသည်။

"နန်းတော်သခင်ကြီးဆု... သူတို့က ကျုပ်တို့ ချန်ဆန်းတောင်ကြားက တပည့် ဒါဇင်လောက်ကိုလည်း သတ်ပစ်ခဲ့ပါသေးတယ်။ သူတို့ကို တစ်စစီဖြစ်အောင် သတ်ပေးပါလို့ တောင်းဆိုပါတယ်ဗျာ"

ဟန်ကျုံးဆန်းက ဖုန်းဝူချန်တို့ကို အငြိုးတကြီး ကြည့်ရင်း အလျင်စလို ဝင်ပြောလိုက်သည်။

"အဲ့ဒီတော့ ဘာဖြစ်လဲ”

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး မထီမဲ့မြင် လေသံဖြင့် ပြန်မေးလိုက်တော့၏။

All Chapters