← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉) - သခင်လေးမို

"ရိုင်းစိုင်းလိုက်တဲ့ကောင်"

ဖုန်းဝူချန်၏ တုံ့ပြန်မှုကြောင့် ဆုယင်ကျူမှာ ဒေါသထိပ်ဆုံးသို့ ရောက်ရှိသွားသည်။

"ကလေးတွေကို နှိပ်စက်တဲ့ အမှိုက် တွေထက်စာရင် ရိုင်းစိုင်းတာကမှ တော်သေးတယ်"

ဖုန်းဝူချန်က မောက်မာခြင်း မရှိသလို၊ နှိမ့်ချခြင်းလည်း မရှိဘဲ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"ကောင်စုတ်လေး... သေခါနီးတာတောင် မာရေကျောရေ ပြောနေသေးတယ်ပေါ့"

ဟန်ကျုံးဆန်းက ဒေါသတကြီး အံကြိတ်ကာ ပြောလိုက်သည်။ သူ့စိတ်ထဲတွင် ဖုန်းဝူချန်ကို အစိမ်းလိုက် ဝါးစားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။

ယခုအခါ အစွမ်းထက် ပုဂ္ဂိုလ်များ ရောက်ရှိလာပြီဖြစ်၍ ဟန်ကျုံးဆန်းသည် ကြောက်ရွံ့ခြင်း မရှိတော့ဘဲ ဖုန်းဝူချန်တို့ကို ရက်ရက်စက်စက် နှိပ်စက်ရန်သာ စိတ်အားထက်သန်နေတော့သည်။

အထူးသဖြင့် လျိုချင်းယန်ကို ပစ်မှတ်ထား နှိပ်စက်ရန် ဆုံးဖြတ်ထားလေ၏။

"မသိနားမလည်တဲ့ ကောင်လေး... လင်းယွင်နန်းတော် သခင်ကြီးရှေ့မှာတောင် မောက်မာရဲသေးတယ်"

"သေလမ်းရှာနေတာပဲ... ဒီကောင်လေးက တကယ့် အရူးစစ်စစ်ပဲ"

"ထျန်းကျီဘုံ ပညာရှင်ရှေ့မှာ ဒီလောက် ရဲရဲတင်းတင်း ပြောရဲတာ... လေးစားစရာတော့ ကောင်းသားပဲ"

ဘေးမှ ကြည့်ရှုနေသူများမှာ ဖုန်းဝူချန်တို့ကို သနားရမည့်အစား လှောင်ပြောင်သရော်ကာ ဝေဖန်နေကြသည်။ ဖုန်းဝူချန်တို့ အုပ်စု သေလမ်းရှာနေသည်ဟုသာ အားလုံးက ယူဆထားကြသည်။

"ဝီ... ဝီ"

ထျန်းကျီဘုံ ဒုတိယအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာရာ လမ်းမကြီးတစ်ခုလုံး သိမ့်သိမ့်ခါသွားပြီး မြေကြီးများ အက်ကွဲကုန်တော့သည်။ ဆုယင်ကျူ၏ လက်ဝါးထဲတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းနေတော့၏။ သူသည် တုံ့ဆိုင်းမနေဘဲ ဖုန်းဝူချန်ထံသို့ အရှိန်ပြင်းစွာ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။

ဆုယင်ကျူ၏ တိုက်ကွက်ကို ကြည့်ရသည်မှာ... အကယ်၍ ထိမှန်သွားပါက ဖုန်းဝူချန်မှာ သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားမည်မှာ သေချာသလောက်ပင်။

နန်းတော်သခင်ကြီး ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ရာ ဆုရွှေဟန်၊ ဟန်ကျုံးဆန်းနှင့် ဘေးမှ ကြည့်ရှုနေသူများအားလုံး စိတ်လှုပ်ရှားနေကြသည်။ ဖုန်းဝူချန် တစ်စစီ ဖြစ်သွားမည့် မြင်ကွင်းကို ကြိုတင်မြင်ယောင်ကာ ကျေနပ်နေကြလေ၏။

သို့သော်... ဆုယင်ကျူက သူ့အတွင်းအားများကို ထုတ်ဖော်လိုက်သည့် အချိန်မှာပင် လင်ရှောင်ရှောင်သည် ဖုန်းဝူချန်၏ ဘေးသို့ ရောက်ရှိနေပြီ ဖြစ်၏။

"ဝုန်း"

"အွတ်"

ဆုယင်ကျူသည် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး ရက်စက်ကြမ်းကြုတ်သော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။ ထိုခဏ၌ အပြာရောင် အကာအကွယ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။ ဆုယင်ကျူ တစ်စုံတစ်ခုကို သတိထားမိလိုက်သော်လည်း ဂရုမစိုက်ဘဲ ဆက်လက်တိုက်ခိုက်လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လက်ဝါးချက်သည် အကာအကွယ်နှင့် ထိတိုက်မိသွားသည်။ ထိုသို့ ထိမိလိုက်သည့် အချိန်မှာပင် ဆုယင်ကျူ၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာတော့သည်။

"ဒါ... ဒါ ဘယ်လို အကာအကွယ်လဲ။ ငါ့ကိုတောင် ဒဏ်ရာရစေတယ်တဲ့လား"

ဆုယင်ကျူမှာ ထိတ်လန့်တုန်လှုပ်သွားပြီး မယုံနိုင်သည့် မျက်နှာထားဖြင့် ရေရွတ်လိုက်မိသည်။

ထိုအချိန်တွင် ဘေးမှ ကြည့်ရှုနေသူများ၏ မျက်နှာပေါ်မှ အပြုံးများမှာ ရုတ်ချည်း အေးခဲသွားကြသည်။

လင်းယွင်နန်းတော် သခင်ကြီး နောက်သို့ လွင့်စင်ထွက်သွားသည်ကို အားလုံးက ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိကြသည်။

ဟုတ်သည်။ သင် မြင်လိုက်ရတာ အမှန်ပါပဲ။ နောက်သို့ လွင့်စင်သွားသူမှာ ဆုယင်ကျူ ဖြစ်နေ၏။

ထျန်းကျီဘုံ ဒုတိယအလွှာ ပညာရှင်တစ်ယောက်က အပြာရောင် အကာအကွယ်ကို မဖျက်ဆီးနိုင်ရုံသာမက ကိုယ်တိုင်ပါ ပြန်လည် ဒဏ်ရာရသွားသည်တဲ့လား။

အံ့ဩစရာကောင်းလိုက်တာ။ တကယ့်ကို အံ့ဩစရာကောင်းလိုက်တာ။

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်လာပြီး ဘာဖြစ်သွားမှန်း မသိဘဲ ငေးကြောင်နေမိကြသည်။ အချို့ဆိုလျှင် ပါးစပ်ထဲသို့ ဘဲဥတစ်လုံး ဝင်ဆံ့နိုင်လောက်အောင် ဟထားမိကြသည်။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဆုရွှေဟန်မှာ ကြောင်အမ်းသွားပြီး သူ့ဖခင် လွင့်စင်ထွက်သွားသည်ကို ကြည့်ကာ ဘာပြောရမှန်း မသိတော့ပေ။

"နန်းတော်သခင်ကြီး"

အကြီးအကဲ (၃) ယောက်မှာလည်း ထိတ်လန့်တုန်လှုပ်ကာ အော်ဟစ်လိုက်မိကြသည်။

"နန်းတော်သခင်ကြီး... ဒဏ်ရာရသွားပြီ"

ဟန်ကျုံးဆန်းမှာ ဆွံ့အလျက်သား ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေလေ၏။

"နန်းတော်သခင်ကြီး ဒဏ်ရာရသွားပြီဟေ့"

ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် လမ်းမကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

"ကောင်းကင်ဘုံလူသား ပထမအလွှာလောက်နဲ့ ဖန်တီးထားတဲ့ အကာအကွယ်က ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိနိုင်ပါ့မလား။ ဒီကောင်မလေးက ဘယ်သူလဲ"

ဆုယင်ကျူက လင်ရှောင်ရှောင်ကို ထိတ်လန့်စွာ ကြည့်ရင်း တွေးလိုက်မိသည်။

ကံကောင်းသည်မှာ ဆုယင်ကျူသည် စောစောက အစွမ်းကုန် မတိုက်ခိုက်ခဲ့ခြင်းပင်။ သို့မဟုတ်ပါက ဒဏ်ရာက ယခုထက် ပိုပြင်းထန်သွားနိုင်သည်။

ယခုအချိန်တွင် ရှိရှိသမျှ လူအားလုံး၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေ၏။

ထျန်းကျီဘုံ ဒုတိယအလွှာ ပညာရှင်ကြီးတောင်မှ ဒီလို အခြေအနေမျိုး ကြုံတွေ့ရသည်ဆိုလျှင် ကျန်သည့် လူတွေဆို ပြောနေစရာပင် မလိုတော့ပေ။

စားသောက်ဆိုင် ဒုတိယထပ် ဝရန်တာတွင် ကျန်းကျွင့်လန်သည် ဤမြင်ကွင်းကို အေးစက်စွာ ကြည့်ရှုနေ၏။

ကျန်းမိသားစု၏ သခင်လေးဖြစ်သော သူ့ကို ကြယ်တာရာနယ်မြေတွင် ဘယ်သူက မလေးစားဘဲ နေရဲမည်နည်း။

လင်းယွင်နန်းတော် သခင်ကြီးက အင်အားသုံးပြီး ဖုန်းဝူချန်ကို တိုက်ခိုက်သည်ကို မြင်လိုက်ရသောအခါ ကျန်းကျွင့်လန်၏ စိတ်ထဲတွင် လူသတ်ချင်စိတ်များ ပေါ်ပေါက်လာ၏။

ဖုန်းဝူချန်သည် သူ အလွန်လေးစားရသော ဆရာ ဖြစ်၏။ ဖုန်းဝူချန်အပေါ် မလေးမစား ပြုမူခြင်းကို သူ လုံးဝ သည်းမခံနိုင်ပေ။

"လင်းယွင်နန်းတော်... မင်းတို့ ရှိနေစရာ အကြောင်းမရှိတော့ဘူး"

ကျန်းကျွင့်လန်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ညာလက်ဖြင့် လက်ဟန် တစ်ခု ဖော်ဆောင်ကာ ကျန်းမိသားစုထံ သတင်းပို့လိုက်သည်။

"ဦးလေးက အမြဲတမ်း ရက်စက်ကြမ်းကြုတ်တယ်လေ... သူ လှုပ်ရှားတာ အကောင်းဆုံးပဲ"

ကျန်းကျွင့်လန်က အေးစက်စက် ပြုံးရင်း ရေရွတ်လိုက်သည်။

"ဘယ်သူက ရက်စက်ကြမ်းကြုတ်တယ်လို့ ပြောနေတာလဲ"

ကျန်းကျွင့်လန် စကားဆုံးသည်နှင့် သူ့ဘေးနားမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ကျန်းကျွင့်လန်မှာ လန့်သွားပြီး ချွေးစေးများ ပျံလာတော့သည်။ သူက ကပျာကယာ လက်ကာပြရင်း ရယ်ကျဲကျဲဖြင့် ကာကွယ်လိုက်သည်။

"မ... မဟုတ်ပါဘူး ဦးလေးရ။ ဦးလေး နားကြားမှားတာပါ... နားကြားမှားတာပါ"

ရောက်လာသူမှာ ကျန်းမိသားစု ခေါင်းဆောင် ကျန်းထျန်းယွင်၏ ညီဖြစ်သူ 'ကျန်းထျန်းရွှမ်' ပင် ဖြစ်လေ၏။

ကျန်းထျန်းရွှမ်က ကျန်းကျွင့်လန်၏ နားရွက်ကို ဆွဲလိုက်ပြီး ဆူပူလိုက်သည်။

"ကောင်စုတ်လေး... အခုထိ မလိမ္မာသေးဘူး"

"အား... အား... ဦးလေး... ဖြည်းဖြည်းလုပ်ပါဗျ။ ကျွန်တော် မှားပါတယ်... မှားပါတယ်"

ကျန်းကျွင့်လန်က နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ကာ အော်ဟစ် တောင်းပန်လိုက်သည်။

ကျန်းကျွင့်လန် အမှားဝန်ခံသည်ကို ကြားမှ ကျန်းထျန်းရွှမ်က နားရွက်ကို လွှတ်ပေးလိုက်သည်။

"အနည်းဆုံးတော့ မင်း အမှားမင်း သိသေးတာပဲ"

"တကယ့် အာဏာရှင်ကြီးပါလား"

ကျန်းကျွင့်လန်က ပွစိပွစိ ရေရွတ်လိုက်သည်။

"မင်း ဘာပြောလိုက်တယ်"

ကျန်းထျန်းရွှမ်က ထပ်မံ ငေါက်ငမ်းလိုက်သည်။

"ဘာ... ဘာမှ မဟုတ်ပါဘူးဗျာ။ ဟီးဟီး... ဦးလေးက အရမ်းသန်မာလို့ ပြောတာပါ။ ပြီးတော့ ဆရာက အမြဲပြောတယ်လေ... ရန်သူ့အပေါ်မှာ ရက်စက် ကြမ်းကြုတ်ရမယ်တဲ့"

ကျန်းကျွင့်လန်က အလျင်အမြန်ပင် ဆင်ခြေပေးကာ ရယ်မောလိုက်သည်။

"ဆေးဧကရာဇ်က မင်းဆရာဆိုတာ သိရက်နဲ့... သူ အန္တရာယ်ကြုံနေတာကို မင်းက ဒီမှာ ပုန်းနေတယ်ပေါ့လေ"

ကျန်းထျန်းရွှမ်က ကျန်းကျွင့်လန်ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။

"ဒါက..."

ကျန်းကျွင့်လန်မှာ ဘာပြောရမှန်း မသိဖြစ်သွားပြီးမှ ပြန်ပြောလိုက်သည်။

"ဦးလေး... ခဏနေ ဦးလေးဝင်ပါပြီး လင်းယွင်နန်းတော်ကို ဖျက်ဆီးပစ်လိုက်ရင် ပြီးပြီပဲဟာ"

ကျန်းထျန်းရွှမ်အတွက် လင်းယွင်နန်းတော်ကို ဖျက်ဆီးရသည်မှာ လက်ဖဝါးလှန်သလောက်ပင် လွယ်ကူသော ကိစ္စဖြစ်၏။

ကျန်းထျန်းရွှမ်၏ အကြည့်က အောက်ဘက် လမ်းမပေါ်သို့ ရောက်သွားပြီး လင်ရှောင်ရှောင်၏ ခန္ဓာကိုယ်ပတ်လည်ရှိ အပြာရောင် အကာအကွယ်ကို မြင်လိုက်ရသောအခါ မျက်ခုံးများ တွန့်ချိုးသွားသည်။

'နတ်ဘုရား ဝိညာဉ် အကာအကွယ်... ဒီ လင်ရှောင်ရှောင်က ဘယ်သူလဲ။ ငါတို့ သူ့နောက်ခံကို ဘယ်တုန်းကမှ စုံစမ်းလို့ မရခဲ့ဘူး။ သူက နတ်သူငယ်မျိုးနွယ်လည်း မဖြစ်နိုင်ဘူး... ဘီလူးမျိုးနွယ်လည်း မဟုတ်ဘူး။ 'ယင်နှင့်ယန်' မိသားစုက ဖြစ်ဖို့များတယ်’

ကျန်းထျန်းရွှမ်က တိတ်တဆိတ် တွေးတောနေမိသည်။ ကျန်းမိသားစုသည် တိုက်ကြီးပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုများအကြောင်း အနည်းငယ် သိရှိထားလေ၏။

လမ်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ထူးဆန်းသော အငွေ့အသက်တစ်ခု လွှမ်းခြုံထားသည်။

"မင်းခေါ်လာတဲ့ စစ်ကူတွေက ဘာမှလည်း မဟုတ်ပါလား"

လျိုချင်းယန်က ဟန်ကျုံးဆန်းကို လှောင်ပြောင်လိုက်သည်။

"နင် ပြောတဲ့ သခင်လေးမိုက ဘယ်မှာလဲ။ အခုထိ ရောက်မလာသေးဘူးလား"

ဟု လင်ရှောင်ရှောင်ကလည်း အေးစက်စွာ မေးလိုက်သည်။

ထိုစကားကြောင့် ဆုရွှေဟန်၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားသည်။ သူ့အဖေ ကိုယ်တိုင် ဒဏ်ရာရသွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ဟန်ကျုံးဆန်းက အံကိုကြိတ်ရင်း ဒေါသတကြီး ပြန်ပြောလိုက်သည်။

"စိတ်ချပါ... သခင်လေးမိုက သေချာပေါက် ရောက်လာမှာ"

"သခင်လေးမို ရောက်လာပြီ"

ဟန်ကျုံးဆန်း စကားပြောနေစဉ်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ လမ်းမပေါ်ရှိ လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လမ်းဖယ်ပေးလိုက်ကြသည်။

လူငယ်တစ်ယောက်နှင့်အတူ လူလတ်ပိုင်း (၃) ယောက် လူအုပ်ကြားမှ ထွက်ပေါ်လာကြသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူ လူငယ်မှာ ဟန်ကျုံးဆန်း ပြောနေသော သခင်လေးမို ပင် ဖြစ်လေ၏။

"ဪ... ဒီကောင်ကိုး"

လျိုချင်းယန်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာ၏။

"ထျန်းတောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေး 'မိုချင်းယွင်' ပဲ။ ထျန်းတောင်ဂိုဏ်းက တကယ် အင်အားကြီးတာပဲကိုး... ဒါကြောင့် ငါတို့ကို သတ်နိုင်တယ်လို့ ပြောနေတာနေမှာ"

ပေတိုယန်က အေးစက်စက် ပြုံးရင်း ပြောလိုက်သည်။

"သခင်လေးမို... နောက်ဆုံးတော့ ရောက်လာပြီပေါ့"

မိုချင်းယွင် ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဟန်ကျုံးဆန်းမှာ ဝမ်းသာအားရ ဖြစ်သွားသည်။

"ဘာဖြစ်တာလဲ"

ဟန်ကျုံးဆန်းနှင့် ဆုရွှေဟန်တို့ ဒဏ်ရာအပြင်းအထန် ရထားသည်ကို မြင်လိုက်ရပြီး၊ ဆုယင်ကျူပါ ဒဏ်ရာရထားသည်ကို တွေ့လိုက်ရသောအခါ မိုချင်းယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"သခင်လေးမို... ကျွန်တော်တို့ ဒဏ်ရာရကုန်ပါပြီ။ ချန်ဆန်းတောင်ကြားနဲ့ လင်းယွင်နန်းတော်က တပည့်တွေလည်း ဒါဇင်ချီပြီး အသတ်ခံလိုက်ရတယ်။ နန်းတော်သခင်ကြီးဆုလည်း ဒဏ်ရာရသွားတယ်။ ကျွန်တော်တို့အတွက် တရားမျှတမှုကို ရှာပေးပါဦးဗျာ"

ဟန်ကျုံးဆန်းက ငိုသံပါကြီးဖြင့် တိုင်တန်းလိုက်လေ၏။

"ဘယ်ကောင်က ဒီလောက်တောင် ရိုင်းစိုင်းရဲတာလဲ"

ဟု မိုချင်းယွင် မျက်နှာမည်းမှောင်စွာဖြင့် မေးလိုက်သည်။

"သူတို့ပဲ... သခင်လေးမို... သူတို့ကို မြန်မြန် သတ်ပေးပါ"

ဟန်ကျုံးဆန်းက ဖုန်းဝူချန်တို့ကို လက်ညှိုးထိုးပြကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

မိုချင်းယွင်က ဘယ်သူဘယ်ဝါလဲဆိုတာ သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်သည်။

သို့သော် ဖုန်းဝူချန်တို့ကို မြင်လိုက်ရသည့် ခဏ၌... သူသည် ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားပြီး ဆွံ့အသွားလေတော့သည်။

အခန်း (၅၆၀) - မျှော်လင့်ချက်မဲ့ခြင်း (သို့) ငရဲဆီသို့ သက်ဆင်းခြင်း

~"သူဆိုတာ ငါ ထင်သားပဲ"

ကျန်းကျွင့်လန်သည် မိုချင်းယွင်ကို ကြည့်ရင်း ခေါင်းခါလိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်သည်။

သခင်လေးမို ဟူသော နာမည်ကို ကြားလိုက်ရသည့် အချိန်ကတည်းက ကျန်းကျွင့်လန်က မိုချင်းယွင်မှန်း ရိပ်မိပြီးသား ဖြစ်၏။

ကြယ်တာရာနယ်မြေတွင် ဆုရွှေဟန် ကြောက်ရွံ့ရမည့် သခင်လေးမိုဆိုသည်မှာ မိုချင်းယွင် တစ်ယောက်တည်းသာ ရှိသည်။

ပြီးတော့ ဒီကြယ်တာရာနယ်မြေတစ်ခုလုံးတွင် 'သခင်လေး' ဟု ခေါ်ဝေါ်ခံရလောက်အောင် ထင်ရှားကျော်ကြားသူမှာ မိုချင်းယွင် တစ်ဦးတည်းသာ ရှိလေ၏။

မိုချင်းယွင်သည် ထျန်းတောင်ဂိုဏ်း၏ ဂိုဏ်းချုပ်လေး ဖြစ်သလို၊ ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်လည်း ဖြစ်၏။ အဋ္ဌမအဆင့် သိုင်းဝိညာဉ်နှင့် ယှဉ်နိုင်သော ထူးခြားသည့် ပါရမီရှင်တစ်ဦး ဖြစ်လေ၏။

ဖုန်းဝူချန်နှင့် မိုချင်းယွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က မိုချင်းယွင်သည် ထျန်းယွမ်ဘုံ ဆဋ္ဌမအလွှာသာ ရှိသေးသည်။ ယခုအခါ နဝမအလွှာသို့ ရောက်ရှိနေပြီဖြစ်ရာ သူ့တိုးတက်မှုနှုန်းက အံ့မခန်း မြန်ဆန်လှသည်။

"ဦးလေး... ဦးလေး လှုပ်ရှားစရာတောင် လိုမယ် မထင်တော့ဘူး"

ကျန်းကျွင့်လန်က လက်ကာပြရင်း ပြုံးစစဖြင့် ပြောလိုက်သည်။

ထိုစဉ် ကျန်းထျန်းရွှမ်က လေးလေးနက်နက် မေးလိုက်သည်။

"လင်ရှောင်ရှောင်က ဘယ်သူလဲဆိုတာ မင်းသိလား"

သူ့အကြည့်က ကျန်းကျွင့်လန်ထံတွင် စူးစိုက်နေ၏။

"ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ သူ့နောက်ခံ အင်အားစုက နတ်ဘုရားဘုရင် နန်းတော်ထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်။ ကျွန်တော်တို့ ဒီခရီးစဉ်မှာ လိန်ဟွန်းနဲ့ တွေ့ခဲ့သေးတယ်။ အဲဒီတုန်းက လင်ရှောင်ရှောင်က နတ်ဘုရားအသွင်ပြောင်းဘုံ စတုတ္ထအလွှာ ပညာရှင် တစ်ယောက်ကို ဆင့်ခေါ်ပြီး နတ်ဘုရားဘုရင် နန်းတော်က ဒုတိယအကြီးအကဲကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ခဲ့လို့ ကျွန်တော်တို့ အသက်ဘေးက လွတ်ခဲ့ရတာပါ"

ကျန်းကျွင့်လန်က ထိုအဖြစ်အပျက်ကို ပြန်တွေးရင်း ကြောက်လန့်တကြား ပြန်ပြောပြလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းထျန်းရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်သွားသည်။

နတ်ဘုရားဘုရင် နန်းတော်ဆိုသည်မှာ တိုက်ကြီးပေါ်တွင် အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်၏။

သို့သော် လင်ရှောင်ရှောင်၏ နောက်ခံ အင်အားစုက နတ်ဘုရားဘုရင် နန်းတော်ထက်ပင် ပိုမို ကြောက်စရာကောင်းသည် ဆိုလျှင်... ဘယ်လို အဓိပ္ပာယ်လဲ။

"ဦးလေး... အဋ္ဌမအဆင့် အင်းကွက် ပညာရှင် 'အိုးယွမ်' ကို ကြားဖူးလားဗျ"

ကျန်းကျွင့်လန်က မေးလိုက်သည်။

"အိုးယွမ်..."

ကျန်းထျန်းရွှမ်က မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်သော်လည်း ခေါင်းခါလိုက်သည်။ ထိုနာမည်ကို သူ တစ်ခါမှ မကြားဖူးပေ။

"အဲဒီလူက အရမ်း ကြောက်စရာ ကောင်းတယ်။ နတ်ဘုရားအသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာနဲ့ ညီမျှတဲ့ နတ်ဘုရားဘုရင် နန်းတော်က ဒုတိယအကြီးအကဲတောင် သူ့လက်ချက်နဲ့ အရေးနိမ့်ခဲ့ရတာ။ အဲဒီလူက လင်ရှောင်ရှောင်ကို 'သူတော်စင်မလေး' လို့ ခေါ်ပြီး၊ သူ့ကိုယ်သူ အစေခံ တစ်ယောက်လို သဘောထားတာ"

"သူတော်စင်မလေး... အစေခံ .."

ကျန်းထျန်းရွှမ်၏ ရင်ထဲတွင် ပိုမို ထိတ်လန့်သွားပြီး ပြောလိုက်သည်။

"ဒါဆိုရင်တော့ သူက ယင်နှင့်ယန် မိသားစုက မဟုတ်လောက်ဘူး။ ယင်နှင့်ယန် မိသားစုမှာ သူတော်စင်မလေး ဆိုတာ မရှိဘူး"

ကျန်းထျန်းရွှမ်က ယင်နှင့်ယန် မိသားစုအကြောင်း ကောင်းကောင်း နားလည်ထားပုံ ရသည်။

"သူက တခြား လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု တစ်ခုခုက ဖြစ်လိမ့်မယ်။ ဦးလေး... လင်ရှောင်ရှောင်ရဲ့ နောက်ခံက ကျွန်တော်တို့ ထင်ထားတာထက် ပိုကြောက်စရာကောင်းနိုင်တယ်။ ပြီးတော့ လန်ယွဲ့... သူကလည်း နတ်သူငယ်မျိုးနွယ်ပဲ။ သူတို့က ဆရာ့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်တယ်။ ဦးလေး ပြန်ရောက်ရင် အဲဒီကိစ္စကို စုံစမ်းပေးလို့ ရမလားဟက်"

ကျန်းကျွင့်လန်က စိုးရိမ်တကြီး ပြောလိုက်သည်။

ထိုအခါ၊ ကျန်းထျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး သတိပေးလိုက်သည်။

"မင်းတို့အားလုံး အရမ်း သတိထားကြ။ လိန်ဟွန်းကို ရန်စမိပြီဆိုတော့ အဲဒီကောင်က လက်လျော့မှာ မဟုတ်ဘူး။ အန္တရာယ်ရှိရင် ငါ့ဆီ ချက်ချင်း သတင်းပို့လိုက်"

ပြောပြီးသည်နှင့် ကျန်းထျန်းရွှမ်၏ ပုံရိပ်သည် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

"ဒါမှ ငါ့ဦးလေးကွ"

ကျန်းကျွင့်လန် ပြုံးလိုက်သည်။

လမ်းမပေါ်တွင် မိုချင်းယွင်သည် ဖုန်းဝူချန်ကို ကြည့်ရင်း ကျောက်ရုပ် တစ်ရုပ်အလား တောင့်တင်းနေပြီး၊ သူ့မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် တုန်လှုပ်မှုတို့ အထင်းသား ပေါ်လွင်နေ၏။

"သခင်လေးမို... သူတို့က တကယ့်ကို ရိုင်းစိုင်းလွန်းပါတယ်။ သခင်လေးမိုကိုတောင် အရေးမလုပ်ကြဘူး"

ဟန်ကျုံးဆန်းက မီးလောင်ရာ လေပင့် လုပ်လိုက်လေသည်။

သူ့ဘေးနားရှိ ဆုရွှေဟန်ကလည်း မျက်နှာမည်းမှောင်စွာဖြင့် ဝင်ပြောလိုက်သည်။

"သခင်လေးမို... ကျွန်တော်တို့အတွက် တရားမျှတမှုကို ရှာပေးပါဦးဗျာ။ လူစိမ်းတွေက ဒီနယ်မြေမှာ ဒီလောက် မောက်မာနေတာကို ခွင့်မပြုသင့်ပါဘူး။ သခင်လေးမိုသာ သူတို့ကို မသတ်ရင်... လူတွေက သခင်လေးမိုက သူတို့ကို ကြောက်နေတယ်လို့ ပြောကြပါလိမ့်မယ်"

နှစ်ယောက်သား အပြိုင်အဆိုင် ပြောဆိုနေကြသော်လည်း မိုချင်းယွင်မှာ အသိပြန်မဝင်လာသေးပေ။ ထို့အပြင် မိုချင်းယွင်၏ မျက်လုံးထဲရှိ ထိတ်လန့်မှုနှင့် စိုးရိမ်မှုတို့ကိုလည်း သူတို့ သတိမထားမိကြပေ။

မိုချင်းယွင် တစ်ယောက်တည်း မဟုတ်။ သူနှင့်အတူ ပါလာသော အစွမ်းထက် ပုဂ္ဂိုလ် (၃) ယောက်သည်လည်း ဖုန်းဝူချန်ကို ကြည့်ရင်း လေးစားမှုနှင့် ကြောက်ရွံ့မှုတို့ ရောပြွမ်းနေသော မျက်နှာထားဖြင့် ငြိမ်သက်နေကြသည်။

မိုချင်းယွင် ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ ဆုရွှေဟန်က ဟန်ကျုံးဆန်းကို မျက်ရိပ်ပြလိုက်သည်။ ပိုပြီး ဖိအားပေး ပြောဆိုရန် အချက်ပြလိုက်ခြင်း ဖြစ်၏။

သဘောပေါက်သွားသော ဟန်ကျုံးဆန်းက ဆက်ပြောလိုက်သည်။

"သခင်လေးမို... ကြည့်ပါဦး။ ကျုပ်မျက်နှာ ရောင်ရမ်းနေတာ... ဒီပုံစံနဲ့ ကျုပ် ဘယ်လို မျက်နှာပြရမလဲ။ သခင်လေးမို... ကျေးဇူးပြုပြီး သူတို့ကို သတ်ပေးပါ။ ကျုပ်အတွက် လက်စားချေပေးပါ..."

"ဖြောင်း"

သို့သော် ဟန်ကျုံးဆန်း စကားမဆုံးခင်မှာပင် မိုချင်းယွင်၏ လက်ဝါးချက်က သူ့ပါးပေါ်သို့ ပြင်းထန်စွာ ကျရောက်လာတော့သည်။ ထို အသံနှင့်အတူ ဟန်ကျုံးဆန်းမှာ မီတာအတော်ဝေးဝေးသို့ လွင့်စင်သွားလေ၏။

မိုချင်းယွင်၏ ရုတ်တရက် ပါးရိုက်မှုကြောင့် ဟန်ကျုံးဆန်းမှာ ကြောင်အမ်းသွားပြီး ဘာဖြစ်သွားမှန်း မသိတော့ပေ။

လင်းယွင်နန်းတော် သခင်ကြီးနှင့် အကြီးအကဲများ၊ ချန်ဆန်းတောင်ကြားမှ အကြီးအကဲများ၊ အပြင် ဘေးမှ ကြည့်နေသော ကျင့်ကြံသူများအားလုံးလည်း ဤမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်ကုန်ကြသည်။

"ဘာ... ဘာဖြစ်တာလဲ။ သခင်လေးမို လူမှား ရိုက်လိုက်တာလား"

"သခင်လေးမိုက ဟန်ကျုံးဆန်းကို ရိုက်လိုက်တာဟ"

"သခင်လေးမို ဘာဖြစ်သွားတာလဲ။ ဘာလို့ ဟန်ကျုံးဆန်းကို ရိုက်ရတာလဲ"

လူတိုင်း အံ့သြတကြီး ဖြစ်ကုန်ကြပြီး နားမလည်နိုင်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။

ထိုအချိန်တွင် ဆုယင်ကျူသည် တစ်စုံတစ်ခုကို ရိပ်မိလိုက်ပြီး ရင်ထဲတွင် မကောင်းသော ခံစားချက်ကြီး ဝင်ရောက်လာကာ မျက်နှာပျက်ယွင်းသွားတော့သည်။

"သခင်လေးမို..."

ဆုရွှေဟန်က မိုချင်းယွင်ကို ကြည့်ရင်း ဘုန်းကြီး ခေါင်းခေါက်ခံရသလို ဘာလုပ်ရမှန်း မသိ ဖြစ်နေရှာသည်။

"သခင်လေးမို... ခင်... ခင်ဗျား လူမှား ရိုက်မိပြီ ထင်တယ်။ ကျွန်တော် မဟုတ်ဘူးဗျ... ဟိုကောင်တွေပါ"

ဟန်ကျုံးဆန်းက ကြောင်တောင်တောင် ဖြစ်နေသလို၊ ဒေါသလည်း ထွက်နေ၏။

'သေချင်နေတာလား... ဆေးဧကရာဇ်ကို မစော်ကားနဲ့လို့ ငါ အရင်က သတိပေးဖူးတယ် မဟုတ်လား။ မင်းတို့က နားမထောင်ဘဲ သေလမ်းရှာနေတာ... ငါ့ကိုပါ ဆွဲထည့်မနေနဲ့ကွ'

မိုချင်းယွင်က ဒေါသတကြီး တွေးလိုက်မိသည်။

ဟန်ကျုံးဆန်းနှင့် ဆုရွှေဟန်တို့ကို တစ်စစီ ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေမိသည်။

မိုချင်းယွင်က သူတို့ကို လုံးဝ ဂရုမစိုက်တော့ဘဲ ဖုန်းဝူချန်ရှိရာသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ ထို့နောက် အားလုံး အံ့အားသင့်စွာ ကြည့်နေသည့် အကြည့်များအောက်မှာပင် ဖုန်းဝူချန်ကို လက်များဆုပ်လျက် အရိုအသေ ပေးလိုက်လေ၏။

"ထျန်းတောင်ဂိုဏ်းက မိုချင်းယွင်... ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ် ခင်ဗျာ"

မိုချင်းယွင်က အလွန် ရိုသေလေးစားသော လေသံဖြင့် နှုတ်ဆက်လိုက်သည်။

"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်"

ထျန်းတောင်ဂိုဏ်းမှ အစွမ်းထက် ပုဂ္ဂိုလ် (၃) ယောက်ကလည်း တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။

ဖုန်းဝူချန်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ယဉ်ကျေးနေစရာ မလိုပါဘူး"

"ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်"

မိုချင်းယွင်မှာ ရင်ထဲမှ အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်မိသည်။

တခြားသူတွေ ဖုန်းဝူချန် ဘယ်သူလဲဆိုတာ မသိလျှင် နေမည်... မိုချင်းယွင်ကတော့ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ ဝင်္ကပါပင်လယ်နယ်မြေ ဆေးပညာပြိုင်ပွဲတုန်းက ဖုန်းဝူချန်၏ ပြိုင်ဘက်ကင်း ဆေးပညာစွမ်းရည်ကြောင့် ပရိသတ် တစ်ရပ်လုံး မှင်သက်သွားခဲ့ရတာ သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ပဲ။ ဆေးပညာလောက၏ ထိပ်သီးပညာရှင်ကြီး 'ထျန်းရှန်းဇီ' တောင်မှ ဖုန်းဝူချန်ကို ဆရာတင်ခဲ့ရသည်လေ။

ထိုမြင်ကွင်းကို ပြန်တွေးမိတိုင်း ကြက်သီးထမိတုန်းပင်။

ဖုန်းဝူချန်ရှေ့မှာဆိုရင် တိုက်ကြီးတစ်ခုလုံး ကျော်ကြားသော ထျန်းရှန်းဇီတောင်မှ သူ့ကိုယ်သူ တပည့်ဟု ခံယူရလေသည်။

ထျန်းလော့မြို့တုန်းက မိုချင်းယွင်ဟာ ရှန်ကွမ်း သခင်လေးကို ကူညီရင်း ဖုန်းဝူချန်ကို စော်ကားမိလုမလို ဖြစ်ခဲ့ဖူးသည်။ ထိုစဉ်တုန်းက အသက်မသေဘဲ ကျန်ရစ်ခဲ့တာ ကံကောင်းလို့ပဲ။ ယခု ဟန်ကျုံးဆန်းနှင့် ဆုရွှေဟန်တို့ကြောင့် သူပါ သေရတော့မလို ဖြစ်နေရသည်။... သူက ဘယ်လိုလုပ် ထိုအကောင်တွေကို ကူညီပေးနိုင်မည်နည်း။

"ဆေး..ဆေးဧကရာဇ်လား..."

ဆုယင်ကျူ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ မြေကြီးပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။ ကောင်းကင်ကြီး ပြိုကျလာသလို ခံစားလိုက်ရသည်။

လင်းယွင်နန်းတော်နှင့် ချန်ဆန်းတောင်ကြားမှ အကြီးအကဲများမှာလည်း ကြောက်လန့်လွန်းသဖြင့် ဒူးထောက်ချလိုက်မိကြပြီး အသံပင် မထွက်ရဲတော့ပေ။

ဆေးဧကရာဇ် ရှိကြောင်းကို ထျန်းတောင်ဂိုဏ်းက ချန်ဆန်းတောင်ကြားနှင့် လင်းယွင်နန်းတော်ကို သတိပေးခဲ့ဖူးသည်။ သို့သော် ယခုတော့ အရာအားလုံး နောက်ကျသွားခဲ့လေပြီ။

"သူ... သူက... ဆေးဧကရာဇ်..."

ဟန်ကျုံးဆန်းနှင့် ဆုရွှေဟန်တို့မှာ သရဲမြင်လိုက်ရသလို မျက်နှာများ သွေးဆုတ်ဖြူလျော်သွားပြီး ကျောက်ရုပ်များအလား တောင့်တင်းသွားကြသည်။ သူတို့ ရင်ထဲတွင် ကြောက်ရွံ့ခြင်းများက ရေခဲတမျှ အေးစက်စွာ စီးဆင်းသွားတော့သည်။

ဟန်ကျုံးဆန်းသည် မိုချင်းယွင် သူ့ကို ဘာကြောင့် ရိုက်လိုက်သလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားရ၏။

သူ ဘယ်လို လူစားမျိုးကို စော်ကားမိလိုက်သလဲ ဆိုတာလည်း သဘောပေါက်သွားရသည်။

ဆေးဧကရာဇ်ဆိုသည့် အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။ ကျန်းမိသားစုတောင်မှ မစော်ကားရဲသည့် ပုဂ္ဂိုလ်။ ထျန်းတောင်ဂိုဏ်းတောင်မှ အရိုအသေ ပေးရသည့် ပုဂ္ဂိုလ်။

ချန်ဆန်းတောင်ကြားနှင့် လင်းယွင်နန်းတော်ဆိုတာ မည်သို့ ထိုက်တန်ပါသနည်း။

ယခုအချိန်တွင် ဟန်ကျုံးဆန်းနှင့် ဆုရွှေဟန်တို့သည် (၁၈) ထပ်မြောက် ငရဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး မျှော်လင့်ချက်ဟူသမျှ ပျောက်ဆုံးသွားတော့သည်။

ဖုန်းမင်မြို့ရှိ မိသားစုကြီးများနှင့် ကျင့်ကြံသူများလည်း ဖုန်းဝူချန်၏ ကြီးမားလှသော ဂုဏ်ပုဒ်ကို သိလိုက်ရသောအခါ မျက်နှာများ ဖြူလျော်သွားကြသည်။ ဆေးဧကရာဇ် ဆိုသည်မှာ ဘာလဲဆိုတာ သူတို့ သေချာ မသိကြသော်လည်း ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ရိပ်မိလိုက်ကြသည်။

"ဆေးဧကရာဇ်... အသက်ချမ်းသာပေးပါ ခင်ဗျာ။ ကျွန်တော် မျက်စိကန်းပြီး ဆေးဧကရာဇ် ရောက်နေမှန်း မသိခဲ့လို့ပါ... ခွင့်လွှတ်ပေးပါ "

ဟန်ကျုံးဆန်းက ကပျာကယာ ဒူးထောက်ကာ ခေါင်းကို မြေကြီးနှင့် ဆောင့်ရင်း တောင်းပန်လိုက်သည်။

"ဆေးဧကရာဇ်... အသက်ချမ်းသာပေးပါ"

ဆုရွှေဟန်လည်း မျှော်လင့်ချက်မဲ့စွာဖြင့် ဒူးထောက်ချလိုက်တော့သည်။

အခန်း (၅၆၁) - လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးမည်း

~"ဆေးဧကရာဇ်... သူတို့ကို ဘယ်လို စီစဉ်ရမလဲ"

ဖုန်းဝူချန်၏ မျက်နှာထားကို အကဲခတ်ပြီးနောက် မိုချင်းယွင်က အရိုအသေပေးကာ မေးလိုက်သည်။

ဖုန်းဝူချန်က ဟန်ကျုံးဆန်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"မင်းတို့ ဘာကြောင့် သေသင့်သလဲဆိုတာ သိလား"

"ကျွန်..ကျွန်တော်.."

ဟန်ကျုံးဆန်းမှာ နှုတ်ဆွံ့အလျက်သား ဖြစ်နေပြီး စကားပင် မပြောနိုင်တော့ပေ။

"မင်း ပြောကြည့်စမ်း"

ဖုန်းဝူချန်က ဆုရွှေဟန်ဘက်သို့ လှည့်ကာ မေးလိုက်ပြန်သည်။

"..."

ဆုရွှေဟန်သည်လည်း ဘာမှ ပြန်မပြောနိုင်ပေ။

"မင်းတို့ ဘာမှ မပြောနိုင်ဘူးဆိုရင်... ငါ ပြောပြမယ်"

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။

" ချန်ဆန်းတောင်ကြားက ပါရမီရှင်တွေ၊ လင်းယွင်နန်းတော်က နန်းတော်သခင်လေးတွေ ဖြစ်နေပြီးတော့... ပြည်သူတွေကို ကူညီဖို့ မစဉ်းစားဘဲ အာဏာကို အလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်တယ်၊ ကလေးတွေကိုတောင် နှိပ်စက်တယ်။ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်"

"အမျိုးသမီးနဲ့ ကလေးတွေကို ဒုက္ခမပေးရဘူးဆိုတဲ့ စည်းကမ်း ရှိတယ်။ ဒါပေမဲ့ မင်းတို့က ကလေးတွေကို သီးသန့်ရွေးပြီး နှိပ်စက်တယ်။ ဒါကြောင့် သေသင့်တာ"

ဖုန်းဝူချန်က ပြတ်သားစွာ စီရင်ချက် ချလိုက်သည်။

"ဆေးဧကရာဇ်... ကျွန်တော် မှားမှန်း သိပါပြီ။ ကလေးတွေကို မနှိပ်စက်ခဲ့သင့်ပါဘူး။ ကျွန်တော့်ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ။ ကောင်းမှုကုသိုလ်တွေ လုပ်ပြီး ပြန်ပေးဆပ်ပါ့မယ်။ ဝမ်ပုထိုတို့ကိုလည်း လျော်ကြေးပေးပါ့မယ်ဗျာ"

ဟန်ကျုံးဆန်းက ကြောက်လန့်တကြား တောင်းပန်လိုက်သည်။

"နောက်ကျသွားပြီ... သတ်လိုက်"

ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ ဒီလို လူမဆန်သော သူတွေကို အလွတ်မပေးသင့်ပေ။

"မလုပ်ပါနဲ့... ဆေးဧကရာဇ်... အသက်ချမ်းသာပေးပါဗျာ။ ကောင်းမှုလုပ်ပြီး အပြစ်ကို ဆေးကြောခွင့် ပေးပါ။ ကျုပ်ကို မသတ်ပါနဲ့... မသတ်ပါနဲ့ဗျာ"

ဟန်ကျုံးဆန်းက မြေကြီးပေါ်တွင် ခေါင်းတငြိမ့်ငြိမ့် ဆောင့်ရင်း အော်ဟစ်တောင်းပန်နေလေ၏။

"လင်းယွင်နန်းတော်က ဆေးဧကရာဇ်ကို သစ္စာခံပါ့မယ်။ ကျုပ်တို့ အသက်ကို ချမ်းသာပေးပါ"

ဆုယင်ကျူလည်း ကြောက်လန့်တကြား တောင်းပန်လိုက်သည်။

"သခင်လေးမို... ကယ်ပါဦးဗျာ"

ဟန်ကျုံးဆန်းက မိုချင်းယွင်ကို အားကိုးတကြီး လှမ်းကြည့်လိုက်သည်။

"ငါ မင်းတို့ကို စောစောကတည်းက သတိပေးခဲ့သားပဲ... မင်းတို့က အရမ်းမိုက်မဲလွန်းတယ်။ နန်းတော်သခင်ကြီးဆု... ဒါ ခင်ဗျားတို့ ကိုယ်တိုင် ရှာတဲ့ လမ်းပဲ"

မိုချင်းယွင်က အေးစက်စွာ ပြောလိုက်သည်။ အခုအချိန်မှာ သူတို့ကို ဝင်ကူညီလိုက်ရင် ကိုယ်ပါ ရောပါသွားနိုင်ကြောင်း သူ ကောင်းကောင်းသိသည်။

ဖုန်းဝူချန်က ဟန်ကျုံးဆန်းတို့ကို သေလူတွေအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ရာ မိုချင်းယွင်အနေဖြင့် သူတို့အတွက် ရှေ့နေလိုက်ပေးမည် မဟုတ်ပေ။

"လုပ်လိုက်"

ဟု မိုချင်းယွင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

ထျန်းတောင်ဂိုဏ်းမှ အစွမ်းထက် ပုဂ္ဂိုလ် (၃) ယောက်သည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။ ဖုန်းဝူချန်၏ အမိန့်ကို မဆိုထားနှင့်၊ မိုချင်းယွင်၏ အမိန့်ကိုပင် သူတို့ မလွန်ဆန်ရဲပေ။

မိုချင်းယွင် ခေါ်ဆောင်လာသော ပုဂ္ဂိုလ် (၃) ယောက်စလုံးသည် ထျန်းကျီဘုံ အဆင့် ပညာရှင်များ ဖြစ်ကြသည်။ ဆုယင်ကျူကဲ့သို့သော သူပင်လျှင် သူတို့လက်ချက်ဖြင့် အသက်ပျောက်လိမ့်မည်။

ထျန်းကျီဘုံ ပညာရှင် (၃) ယောက်၏ လက်ချက်ဖြင့် ဟန်ကျုံးဆန်းနှင့် အပေါင်းအပါများကို သတ်ရသည်မှာ ပုရွက်ဆိတ်များကို ချေမွရသလို လွယ်ကူလွန်းလှသည်။

စက္ကန့် (၃၀) ပင် မကြာလိုက်ပေ။ ဟန်ကျုံးဆန်း၊ ဆုရွှေဟန်၊ ချန်ဆန်းတောင်ကြားနှင့် လင်းယွင်နန်းတော်မှ အကြီးအကဲများအားလုံး လမ်းမပေါ်တွင် အလောင်းဘဝသို့ ရောက်ရှိသွားကြသည်။

ဆုယင်ကျူမှာ အစွမ်းကုန် ခုခံသော်လည်း (၂) မိနစ်ပင် မခံလိုက်ရဘဲ ဖုန်းမင်မြို့သားများ၏ ရှေ့မှောက်တွင် သွေးအိုင်ထဲ လဲကျသွားလေသည်။

ဒါက ဆေးဧကရာဇ်ကို ရန်ပြုမိသူများ၏ နိဂုံးပင် ဖြစ်လေ၏။

ဖုန်းမင်မြို့ တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်း အသက်ကို ဖြည်းဖြည်းချင်း ရှူရှိုက်နေကြရသည်။

"ဆေးဧကရာဇ်... ချန်ဆန်းတောင်ကြားနဲ့ လင်းယွင်နန်းတော်ကိုပါ အမြစ်ပြတ် သုတ်သင်လိုက်ရမလား"

မိုချင်းယွင်က ရိုသေစွာ မေးလိုက်သည်။

"မလိုပါဘူး... ငါ့မှာ တခြား အရေးကြီးကိစ္စ ရှိသေးတယ်။ ကျန်တာတွေကို မင်းပဲ ရှင်းလိုက်တော့"

ဖုန်းဝူချန်က ခေါင်းခါရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆေးဧကရာဇ်"

မိုချင်းယွင်က အရိုအသေ ပြုလိုက်သည်။

"ကျန်းကျွင့်လန်... သွားစို့"

လျိုချင်းယန်က စားသောက်ဆိုင် ဒုတိယထပ်သို့ လှမ်းအော်လိုက်သည်။

"သခင်လေးကျန်း..."

မိုချင်းယွင်နှင့် အဖွဲ့သားများ၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ဒုတိယထပ်သို့ လှမ်းကြည့်လိုက်ကြသည်။

"သခင်လေးကျန်း ဟုတ်လား"

ဖုန်းမင်မြို့သားများလည်း အံ့အားသင့်သွားကြပြီး စားသောက်ဆိုင်ဘက်သို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

ကြည့်လိုက်သောအခါ... တကယ်ပင် ကျန်းမိသားစု၏ သခင်လေး ကျန်းကျွင့်လန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဖုန်းဝူချန်တို့ မသိလျှင်တောင်မှ... ကြယ်တာရာနယ်မြေထဲတွင် ကျန်းကျွင့်လန်ကို မသိသူ ဘယ်သူ ရှိပါ့မလဲ။

ကျန်းကျွင့်လန်ကို မြင်လိုက်ရသည်နှင့် လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"ဟားဟား၊ ဆရာက အားလုံး ရှင်းပြီးပြီနဲ့ တူတယ်"

ကျန်းကျွင့်လန်က ရယ်မောရင်း ဆင်းလာ၏။

"ပြန်ကြစို့... နဂါးနတ်ဘုရား နန်းတော်ကို ပြန်မယ်"

ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်သည်။

"ဆရာတဲ့လား"

ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို 'ဆရာ' ဟု ခေါ်လိုက်သည်ကို ကြားသောအခါ လူအုပ်ကြီးမှာ ထပ်မံ အံ့အားသင့်သွားကြပြန်သည်။

ကျန်းမိသားစု သခင်လေးတောင်မှ ဖုန်းဝူချန်ကို ဆရာတင်ရသည် ဆိုလျှင်... ဒီ ဆေးဧကရာဇ်ရဲ့ ဂုဏ်ပုဒ်က ဘယ်လောက်တောင် ကြီးမားလိုက်သလဲ။

"ဆေးဧကရာဇ်... ခဏလောက် နေပါဦး"

ထိုအချိန်တွင် ဝမ်ပုထိုက သားမယားများနှင့်အတူ ပြေးလာပြီး လှမ်းခေါ်လာ၏။

"ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်... ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

ဝမ်ပုထိုက လက်များ ဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရှင်"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ဝမ်ပုထို၏ ဇနီးနှင့် ကလေးနှစ်ယောက်ကလည်း အသီးသီး ကျေးဇူးတင်လိုက်ကြသည်။

"ရပါတယ်ဗျာ... ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်တော် သွားတော့မယ်"

ဖုန်းဝူချန်က ပြုံးပြရင်း ပြောလိုက်သည်။

"ဆေးဧကရာဇ်... ခဏလောက်ပါ"

ဝမ်ပုထိုက ထပ်မံ တားလိုက်သည်။

"ဘာကိစ္စ ရှိလို့လဲ"

ဖုန်းဝူချန်က မေးလိုက်သည်။

ဝမ်ပုထိုက သူ့သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး ဖုန်းဝူချန်ထံ ကမ်းပေးလိုက်သည်။

"ဆေးဧကရာဇ်ရဲ့ ကျေးဇူးကို ပြန်ဆပ်စရာ ဘာမှ မရှိပါဘူး။ ဒီရတနာကို ကျွန်တော် ထူးဆန်းတဲ့ နေရာတစ်ခုကနေ ရခဲ့တာပါ။ နှစ်ပေါင်းများစွာ လေ့လာခဲ့ပေမဲ့ ဘာမှန်း မသိခဲ့ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့ စွမ်းအင်တစ်ခု ထုတ်လွှတ်နေတယ်။ လက်နက်သွန်းလုပ်ရာမှာ အသုံးဝင်မလားဆိုပြီး ဆေးဧကရာဇ်ကို ပေးချင်လို့ပါဗျ"

ဝမ်ပုထို ပေးသော ပစ္စည်းမှာ မည်းနက်နေသော ကျောက်တုံး တစ်တုံး ဖြစ်၏။ သို့သော် သာမန် ကျောက်တုံးနှင့် မတူဘဲ ဘာမှန်း ခွဲခြားမရအောင် ဖြစ်နေ၏။

"ထူးခြားတဲ့ စွမ်းအင် လား"

ဖုန်းဝူချန်က အနည်းငယ် အံ့သြသွားပြီး လက်ထဲရှိ ကျောက်တုံးမည်းကို သေချာ ကြည့်လိုက်သည်။

"အစ်ကိုဖုန်း... ဒါ ဘာကြီးလဲဟင်"

လျိုချင်းယန်က စပ်စုလိုက်သည်။

"ငါလည်း ချက်ချင်းတော့ မပြောတတ်သေးဘူး"

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။

"ဆေးဧကရာဇ်... အဲဒီကျောက်တုံးထဲကို အစစ်အမှန်ယွမ် နည်းနည်းလောက် ထည့်ကြည့်လိုက်ပါ။ ထူးခြားတဲ့ စွမ်းအင်တွေ ထွက်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သာမန် စွမ်းအင်တော့ မဟုတ်ဘူး"

ဝမ်ပုထိုက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ဖုန်းဝူချန်က သူပြောသည့်အတိုင်း အစစ်အမှန်ယွမ် စွမ်းအင်အနည်းငယ်ကို ကျောက်တုံးထဲသို့ ထည့်သွင်းလိုက်သည်။

ထိုခဏ၌ ကျောက်တုံးမည်းသည် မည်းနက်သော အလင်းရောင်များ ဖြာထွက်လာပြီး ထူးဆန်းသော စွမ်းအင်တစ်ခု လေထုထဲသို့ ပျံ့နှံ့သွားသည်။

"ကျောက်တုံးက လင်းလာပြီဟေ့... ဆန်းလိုက်တာ"

မြောင်ချင်းချင်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ထူးခြားတဲ့ စွမ်းအင်ပဲ... ပူလောင်တဲ့ ခံစားချက်လည်း ရတယ်။ ဒါ မီးစွမ်းအင်ပဲ"

ဖုန်းဝူချန်က လေးလေးနက်နက် ပြောလိုက်သည်။ သို့သော် ဤကျောက်တုံးက ဘာကျောက်တုံးလဲ ဆိုတာကိုတော့ သူ မသိပေ။ နတ်ဆိုး နဂါးနတ်ဘုရား၏ မှတ်ဉာဏ်ထဲမှာလည်း ဒီကျောက်တုံးအကြောင်း မပါရှိပေ။

"ရှေးဟောင်း စွမ်းအင် တစ်မျိုးပဲ... ရှေးဦး ကမ္ဘာဦး စွမ်းအင်နဲ့ တော်တော် တူတယ်"

လင်ရှောင်ရှောင်က ဝင်ပြောလိုက်သည်။

"ဆေးဧကရာဇ်... ဘယ်လိုလဲဗျ။ ဘာရတနာလဲဆိုတာ သိပြီလား"

ဟု ဝမ်ပုထိုက သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူကိုယ်တိုင် နှစ်ပေါင်းများစွာ လေ့လာခဲ့သော်လည်း အဖြေမရှာနိုင်ခဲ့ပေ။

"ကျွန်တော်လည်း မသိဘူး... ခဏလေးနဲ့တော့ အဖြေရှာလို့ရမှာ မဟုတ်ဘူး"

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။

"ဒါဆိုရင်..,ဆေးဧကရာဇ်ကို အနှောင့်အယှက် မပေးတော့ပါဘူး"

ဝမ်ပုထိုက လက်များ ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

ဖုန်းဝူချန်က ကျောက်တုံးမည်းကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သောအခါ သူ့လက်ဖဝါးတွင် မီးသွေးမှုန့်ကဲ့သို့ အမည်းရောင် အမှုန့်များ ပေကျန်နေသည်ကို တွေ့လိုက်ရသည်။

"နတ်မီးသွေးမှုန့်တွေ..."

ဖုန်းဝူချန် အံ့သြသွားသည်။ ကျောက်တုံးမည်းက မီးလောင်ထားသည့် ပုံစံရှိသည်။

'ဘယ်လို မီးမျိုးက ဒီကျောက်တုံးကို လောင်ကျွမ်းစေနိုင်တာလဲ။ မျက်နှာပြင်ပေါ်က နတ်မီးသွေးမှုန့်တွေက ကျောက်တုံးကနေ ထွက်လာတာပဲ ဖြစ်ရမယ်။ သာမန်မီး ဆိုရင် မည်းသွားရုံပဲ ရှိမယ်... နတ်မီးသွေးမှုန့် ဖြစ်လာမှာ မဟုတ်ဘူး။ ပြီးတော့ ဒီကျောက်တုံးက သာမန်ကျောက်တုံး မဟုတ်ဘူး'

ဖုန်းဝူချန် တွေးလိုက်မိပြီး ချက်ချင်းပင် ဝမ်ပုထိုဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဒီကျောက်တုံးကို ခင်ဗျား ဘယ်က ရခဲ့တာလဲ"

"လွန်ခဲ့တဲ့ (၆) နှစ်လောက်ကပါ... ပါတိုင် မှာ ရှိတုန်းက... အဲဒီနေရာက..."

ဝမ်ပုထိုက ပြန်စဉ်းစားပြီး ပြောရန် ပြင်လိုက်သော်လည်း ဖုန်းဝူချန်က ဖြတ်ပြောလိုက်သည်။

"ဒီလိုလုပ်ဗျာ... ကျွန်တော့်ဆီမှာ မြေပုံရှိတယ်။ ကျွန်တော်နဲ့အတူ နဂါးနတ်ဘုရား နန်းတော်ကို လိုက်ခဲ့ပါ။ ဒီကျောက်တုံးက ကျွန်တော့်အတွက် အရမ်း အရေးကြီးသလိုပဲဗျ"

ဖုန်းဝူချန်က အရေးကြီးသော အရာတစ်ခုကို ရှာတွေ့လိုက်သလို လေးလေးနက်နက် ပြောလိုက်လေ၏။

All Chapters