← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂) - ဝူမီး

~ဆေးဧကရာဇ်ကိုယ်တိုင်က ဖိတ်ခေါ်တာတဲ့လား။

ဝမ်ပုထိုမှာ ဝမ်းသာသွားသည်။ နှစ်ခါပင် စဉ်းစားမနေဘဲ ချက်ချင်းပင် လက်ခံလိုက်လေ၏။

ဝမ်ပုထိုသည် ဇနီးနှင့် သားသမီးများကို ခေါ်ဆောင်ကာ ဖုန်းဝူချန်တို့နှင့်အတူ နဂါးနတ်ဘုရား နန်းတော်သို့ လိုက်ပါသွားလေ၏။ ဖုန်းမင်မြို့သားများမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း အားကျနေကြတော့သည်။

တစ်သက်လုံး သူခိုးဘုရင် ဖြစ်ခဲ့သူတစ်ယောက်က ဆေးဧကရာဇ်ရဲ့ ဖိတ်ခေါ်ခြင်းကို ခံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

ဖုန်းဝူချန်သည် ကျောက်တုံးရရှိခဲ့သည့် နေရာအတိအကျကို ဝမ်ပုထိုအား မှတ်သားခိုင်းလိုခြင်း ဖြစ်ပြီး၊ ဒီကိစ္စကို လူစိမ်းတွေ မသိစေချင်သောကြောင့် ဝမ်ပုထိုကို နဂါးနတ်ဘုရား နန်းတော်သို့ ခေါ်သွားရခြင်း ဖြစ်၏။

"ဆေးဧကရာဇ်နဲ့ သခင်လေးကျန်းကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ပါတယ် ခင်ဗျာ"

မိုချင်းယွင်နှင့် အဖွဲ့သားများက ဖုန်းဝူချန်တို့ကို လေးစားသမှုဖြင့် လိုက်ပို့နှုတ်ဆက်ကြသည်။

"ခန်းမသခင်... အဲဒီကျောက်တုံးက တကယ်ပဲ ရတနာလား။ ကျွန်တော်ကြည့်ရတာတော့ ဘာမှ မထူးခြားသလိုပဲ"

ဖုန်းဝူချန်က ကျောက်တုံးကို အလေးထားနေသည်ကို မြင်သောအခါ ယီထျန်းချင်းက စပ်စုလိုက်သည်။

"အခုချိန်မှာ အတိအကျ ပြောဖို့တော့ စောလွန်းသေးတယ်။ ဒါပေမဲ့ ရတနာ ဖြစ်ပါစေလို့ မျှော်လင့်ရတာပေါ့။ ဒီကျောက်တုံးက သာမန် မဟုတ်တာတော့ သေချာတယ်"

ဖုန်းဝူချန်က ခေါင်းခါရင်း ဖြေလိုက်သည်။

"တကယ်ကြီး ရတနာ ဖြစ်နိုင်မလား"

လျိုချင်းယန်နှင့် အခြားသူများလည်း သိချင်စိတ် ပြင်းပြလာကြသည်။

နဂါးနတ်ဘုရား နန်းတော်၏ ခန်းမဆောင်ကြီးထဲတွင် ဖုန်းဝူချန်သည် စားပွဲပေါ်၌ မြေပုံကြီး တစ်ချပ်ကို ဖြန့်ခင်းလိုက်သည်။ ထိုမြေပုံတွင် တိုက်ကြီး တစ်ခုလုံးကို အသေးစိတ် ဖော်ပြထားပြီး ရွာလေးများကိုပင် ချန်မထားပေ။

အသေးစိတ်ကျလှသော မြေပုံကို ကြည့်ရင်း ဝမ်ပုထိုမှာ အံ့အားသင့်သွားသည်။ သူသည် သူခိုးဘုရင် ဖြစ်သော်လည်း ဒီလောက် ပြည့်စုံသော မြေပုံမျိုး မရှိခဲ့ဖူးဘူး မဟုတ်ပါလော။

ပါတိုင် ဒေသသည် တိုက်ကြီးပေါ်ရှိ ကြီးမားသော နယ်မြေ တစ်ခု ဖြစ်ရာ မြေပုံပေါ်တွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည်။

"ပါတိုင်ဒေသရဲ့ မြောက်ဘက်ပိုင်းပါ"

ဝမ်ပုထိုက မြေပုံကို ကြည့်ရင်း ပါတိုင်ဒေသ၏ မြောက်ဘက်ပိုင်းကို လိုက်ရှာလိုက်သည်။

ဖုန်းဝူချန်နှင့် အဖွဲ့သားများက ဝမ်ပုထို၏ လက်ညှိုးရွေ့လျားမှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

"ဆေးဧကရာဇ်... ဒီနေရာပါ... မြောက်ဘက် နယ်စပ် ချောက်နက်.."

မိနစ်အနည်းငယ် ကြာပြီးနောက် ဝမ်ပုထိုက မြေပုံပေါ်ရှိ 'မြောက်ဘက် နယ်စပ် ချောက်နက်' နေရာကို လက်ညှိုးထိုးပြလိုက်သည်။

"ကျောက်တုံးကို အဲဒီနေရာက ရခဲ့တာပါ။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ချင်းရွှေမြို့ကို ဖြတ်ပြီး တောင်တန်းတွေထဲမှာ ဆေးဖက်ဝင် အပင်တွေ ရှာရင်းနဲ့ တောင်တန်းနက်နက်ထဲမှာ အဲဒီ ထူးဆန်းတဲ့ ကျောက်တုံးကို တွေ့ခဲ့တာပါ"

"မြောက်ဘက် နယ်စပ် ချောက်နက်မှာ လူနေမှ မရှိတာ။ ခင်ဗျားက ဘာအတွက် အဲဒီမှာ ဆေးပင် သွားရှာတာလဲ"

ကျန်းကျွင့်လန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဝမ်ပုထို လိမ်ညာနေသည်ဟု သံသယ ဝင်မိသောကြောင့် ဖြစ်၏။

"အာ..သခင်လေးကျန်း... ခင်ဗျား မသိတာ တစ်ခု ရှိတယ်။ မြောက်ဘက် နယ်စပ် ချောက်နက်မှာ လူနေမရှိတာ မှန်ပေမဲ့ အဲဒီမှာ အံ့ဖွယ်ဆေးပင်တစ်မျိုး ရှိတယ်ဗျ"

ဝမ်ပုထိုက ရိုသေစွာ ဖြေလိုက်သည်။

"ချီလျန်လီဟွာပန်း... အစွမ်းထက်တဲ့ မီးစွမ်းအင် ပါဝင်ပြီး ဆဋ္ဌမအဆင့် 'လီဟွာတီရှင်း' ဆေးလုံး ဖော်စပ်ရာမှာ အဓိက ပါဝင်ပစ္စည်း ပဲ၊ အဲဒီဆေးလုံးက 'ဖျက်ဆီးပြီးမှ ပြန်လည်တည်ဆောက်ခြင်း' အာနိသင် ရှိပြီး ကောင်းကင်ဘုံလူသား အဆင့်တွေအတွက် အရမ်း အဖိုးတန်တာမလား"

ဖုန်းဝူချန်က အေးဆေးစွာ ဝင်ပြောလိုက်သည်။

"ဆေးဧကရာဇ် ပြောတာ မှန်ပါတယ်။ လီဟွာတီရှင်း ဆေးလုံးက အစွမ်းထက်ပေမဲ့ အဲဒီဆေးလုံးကို ဖော်စပ်နိုင်တဲ့ ဆေးပညာရှင်က သိပ်မရှိပါဘူး"

ဝမ်ပုထိုက ထောက်ခံလိုက်သည်။

"ဖျက်ဆီးပြီးမှ ပြန်လည် တည်ဆောက်ခြင်း အာနိသင် ဆိုတာ ဘာလဲဗျ"

ဟု လျိုချင်းယန်က နားမလည်သလို မေးလိုက်သည်။

ပေတိုယန်က ရှင်းပြလိုက်သည်။

"ဆိုလိုတာက... ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူ တစ်ယောက် သေလုမြောပါး ဖြစ်နေချိန်မှာ ဒီဆေးလုံးကို သောက်လိုက်ရင် အသက်ရှင်ရုံတင် မကဘူး၊ အဆင့်ပါ ချိုးဖြတ်နိုင်တယ်လို့ ပြောတာပါ"

"ဪ... အဲဒီလိုလား။ တော်တော် စွမ်းတဲ့ ဆေးလုံးပဲ"

လျိုချင်းယန်က အံ့သြတကြီး ရေရွတ်လိုက်သည်။

"ချီလျန်လီဟွာ ပန်းက အခုဆို ရှာမရသလောက် ရှားပါးသွားပြီ။ ဆေးပညာရှင်တွေ အများကြီး လာရှာကြလို့ နောက်ပိုင်း ဘယ်သူမှ မြောက်ဘက် နယ်စပ် ချောက်နက်ကို မသွားကြတော့ဘူး။ မဟုတ်ရင် ကျွန်တော်လည်း ဝူကျိနယ်မြေ မှာ လာပြီး ရုန်းကန်နေမှာ မဟုတ်ပါဘူး"

ဝမ်ပုထိုက သက်ပြင်းချရင်း ပြောလိုက်သည်။

"မျှဝေပေးတဲ့အတွက် ကျေးဇူးပါဗျ"

ဖုန်းဝူချန်က ကျေးဇူးတင်စကား ဆိုလိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော သိုလှောင်လက်စွပ် တစ်ကွင်းကို ဝမ်ပုထိုအား ကမ်းပေးလိုက်သည်။

"ဒါက ကျွန်တော်တို့ရဲ့ ကျေးဇူးတုံ့ပြန်မှုပါ။ လက်ခံပေးပါ"

"ဟာ... မဟုတ်တာ၊ ဆေးဧကရာဇ်။ ဆေးဧကရာဇ်က ကျွန်တော်တို့ကို ကယ်တင်ပေးထားတာလေ... ဒါကို လက်မခံရဲပါဘူး"

ဝမ်ပုထိုက လက်ကာပြရင်း ငြင်းဆန်လိုက်သည်။

"ယူဆို ယူလိုက်ပါဗျာ။ ခင်ဗျားရဲ့ သားမယားတွေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ဖို့ လိုတယ်လေ။ နောက်ပြီး အခက်အခဲ တစ်စုံတစ်ရာ ရှိရင် နဂါးနတ်ဘုရား နန်းတော်ကို လာရှာလှည့်ပါ"

လျိုချင်းယန်က ဝမ်ပုထို၏ လက်ထဲသို့ သိုလှောင်လက်စွပ်ကို အတင်းထိုးထည့်ပေးလိုက်သည်။

"ကျေး... ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်။ ကျေးဇူးကြီးလှပါတယ်"

ဝမ်ပုထိုမှာ ထပ်မငြင်းရဲတော့ဘဲ ကျေးဇူးတင်စကားသာ ထပ်ကာထပ်ကာ ဆိုနေမိတော့သည်။ သူ့ရင်ထဲတွင် ဝမ်းသာပီတိများ လှိုင်လှိုင်ပေါက်နေလေ၏။

ဝမ်ပုထိုနှင့် မိသားစု ပြန်သွားကြပြီးနောက် ကျန်းကျွင့်လန်က မေးလိုက်သည်။

"ဆရာ... တစ်ခုခု သိလိုက်ရပြီလား။ အဲဒီကျောက်တုံးမည်းက ဘာရတနာလဲဗျ"

"ဟုတ်တယ် အစ်ကိုဖုန်း... အစ်ကိုကြီး အဲဒီလောက် အလေးထားနေပုံထောက်ရင် အဲဒီကျောက်တုံးက သာမန် မဟုတ်တာ သေချာတယ်"

လျိုချင်းယန်က ခေါင်းညိတ်လိုက်သည်။

အားလုံး၏ စပ်စုချင်သော မျက်လုံးများက ဖုန်းဝူချန်ထံသို့ ရောက်ရှိလာကြသည်။

ဖုန်းဝူချန်က လက်ဖဝါးကို ဖြန့်လိုက်ရာ ကျောက်တုံးမည်းသည် လေထဲမှ ရုတ်တရက် ပေါ်ထွက်လာ၏။

"ဒါ သာမန်ကျောက်တုံး မဟုတ်ဘူး။ သိပ်ကို မာကျောတယ်... 'ဥက္ကာပျံသံ' တောင် သူ့လောက် မမာဘူး။ ဒါပေမဲ့ ဒီကျောက်တုံးက မီးလောင်ပြီး မီးသွေးမှုန့် ဖြစ်သွားတယ်ဆိုတော့... မီးလောင်လို့ မီးသွေးမှုန့် ဖြစ်သွားတဲ့ ကျောက်တုံးမျိုး မင်းတို့ မြင်ဖူးလား"

"မီးကျွမ်းတာတော့ မြင်ဖူးပေမဲ့ မီးသွေးမှုန့် ဖြစ်သွားတာတော့ တခါမှ မကြားဖူးဘူး"

အားလုံးက တညီတညွတ်တည်း ခေါင်းခါလိုက်ကြသည်။

"ဒီကျောက်တုံးက နှစ်ပေါင်းများစွာ မီးလောင်ခံထားရပြီး မီးသွေးမှုန့် ဖြစ်သွားတာ။ ပြီးတော့ မီးစွမ်းအင် အရှိန်အဝါလည်း ရရှိသွားတယ်။ ကျောက်တုံးကနေ ထွက်နေတဲ့ ထူးဆန်းတဲ့ အရှိန်အဝါ ဆိုတာက တကယ်တော့ သူ့ကို လောင်ကျွမ်းခဲ့တဲ့ မီးရဲ့ အရှိန်အဝါပဲ။ အဲဒီမီးက သိပ်ကို ကြောက်စရာကောင်းမှာ သေချာတယ်"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ သုံးသပ်ပြလိုက်သည်။

"ဒါဆို ဘယ်လို မီးမျိုး ဖြစ်မလဲ"

လင်ရှောင်ရှောင်က မေးလိုက်သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖုန်းဝူချန်က ဖြေလိုက်သည်။

"ရှေးဦး ကမ္ဘာဦး ဝူမီး ဖြစ်ဖို့များတယ်။ ဒီလောက် ထူးဆန်းပြီး ရှေးကျတဲ့ အရှိန်အဝါမျိုးက ဝူမီးကလွဲရင် တခြားမီး မဖြစ်နိုင်ဘူး"

"ဝူမီး ဟုတ်လား"

အားလုံး ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ဝူမီးဆိုတာကို သူတို့ တစ်ခါမှ မကြားဖူးကြပေ။

ဝူမီးဆိုသည်မှာ နဂါးမျိုးနွယ်၏ ဘိုးဘေးများ ပြောဆိုခဲ့သော ရှေးဦး ကမ္ဘာဦး မီးတစ်မျိုး ဖြစ်၏။ အလွန် အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည်။

ဝူမီး ဖြစ်နိုင်သည်ဟု သံသယရှိသောကြောင့် ဖုန်းဝူချန်က ဤမျှ အလေးထားနေခြင်း ဖြစ်၏။

"ဝူမီးဆိုတာ လောကမှာ ကြောက်စရာ အကောင်းဆုံး မီးတွေထဲက တစ်ခုပဲ။ တခြားမီးတွေကို ဝါးမြိုနိုင်တဲ့အထိ စွမ်းအားကြီးတယ်"

ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်သည်။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်လောင်နေလေ၏။

"ဒါဆို ဘာစောင့်နေဦးမှာလဲ။ ဝူမီးကို သွားရှာကြစို့လေ"

လျိုချင်းယန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"မင်း သေချင်ရင်တော့ သွားလေ... ငါတော့ မလိုက်ဘူး"

ဟု ပေတိုယန်က လှောင်ပြောင်လိုက်သည်။

ယီထျန်းချင်းက လျိုချင်းယန်ကို မကြည်မလင်ကြည့်ရင်း

"အခုက အချိန် မဟုတ်သေးဘူး။ ဝူကျိနယ်မြေဆိုတာ လိန်ဟွန်းရဲ့ နယ်မြေ... အခု သွားတာက သေလမ်းရှာတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"

ဖုန်းဝူချန်က အေးဆေးသော အမူအရာပင် ရှိသည်။

"လောလောဆယ် လောစရာ မလိုသေးဘူး။ အခုလောလောဆယ် ငါတို့ပဲ သိတာဆိုတော့ ဝူမီးကို သူများ ဦးသွားမှာ ပူစရာမလိုဘူး။ အင်ပါယာ အစွန်းရောက် ဂိုဏ်းက ရတနာနေရာကို ရှာတွေ့ခါနီးပြီ ဆိုပေမဲ့ သူတို့ အချိန်မှီမှာ မဟုတ်ဘူး"

"ဒီအချိန်အတောအတွင်း ငါတို့ တံခါးပိတ် ကျင့်ကြံကြမယ်။ အင်ပါယာ အစွန်းရောက် ဂိုဏ်းက ရတနာနေရာ အတိအကျကို ရှာတွေ့တဲ့အထိ စောင့်ကြတာပေါ့။ ဒီတခေါက် ငါတို့ ရတနာတွေ အများကြီး ရထားတယ်ဆိုတော့ နဂါးနတ်ဘုရား နန်းတော်ရဲ့ အင်အားကို မြှင့်တင်လို့ ရပြီ။ မင်းတို့လည်း ကျင့်ကြံခြင်းအဆင့်တွေ တိုးတက်လာပြီဆိုတော့... အထူးသဖြင့် ချင်းယန်... မင်း ကောင်းကင်ဘုံလူသား အဆင့်ကို မြန်မြန် ရောက်အောင် လုပ်ရမယ်"

"စိတ်ချပါ အစ်ကိုဖုန်း... ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်ဖို့က ကျွန်တော့်အတွက် မုန့်စားရသလောက်ပဲ ရှိတာပါ”

ဟု လျိုချင်းယန်က ရင်ဘတ်ကို ပုတ်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်တော့ သည်။

"ကဲ... ရလာတဲ့ ရတနာတွေကို ညီအစ်ကိုတွေကို ဝေပေးလိုက်တော့"

ဖုန်းဝူချန်က ညွှန်ကြားလိုက်သည်။

ကျန်းကျွင့်လန်နှင့် အခြားသူများက အုတ်ဂူထဲမှ ရရှိလာသော ရတနာများအားလုံးကို ထုတ်ယူလိုက်ကြသည်။

ဖုန်းဝူချန်က ရှားပါးပြီး တန်ဖိုးကြီးသော သဘာဝရတနာများ၊ အင်မော်တယ် လက်နက်များ၊ အင်မော်တယ် ကျင့်စဉ် များနှင့် အဆင့်မြင့် မြေကမ္ဘာအဆင့် သိုင်းကျမ်းအချို့ကို သူ့အတွက် သီးသန့် ဖယ်ထားလိုက်သည်။

ကျန်ရှိသော သဘာဝရတနာများ၊ ဝိညာဉ်လက်နက်များနှင့် မြေကမ္ဘာအဆင့် သိုင်းကျမ်းများကို ညီအစ်ကိုများအား ဖြန့်ဝေပေးလိုက်သည်။

မြေကမ္ဘာအဆင့် သိုင်းကျမ်းများကို ရရှိကြောင်း သိလိုက်ရသောအခါ နဂါးနတ်ဘုရား နန်းတော်သားများမှာ ဝမ်းသာအားရ အော်ဟစ်ကြပြီး၊ သူတို့၏ အသံများက ဆေးဧကရာဇ် တောင်တန်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။

နဂါးနတ်ဘုရား နန်းတော်မှ ညီအစ်ကိုများအားလုံးသည် သွေးသောက် ညီအစ်ကိုများ ဖြစ်ကြသည်။ ဖုန်းဝူချန်က သူတို့ကို အပြည့်အဝ ယုံကြည်ပြီး၊ သူတို့၏ စွမ်းအားကို မြှင့်တင်ပေးရန် အလွန် အလေးထားသည်။

ကိုးထပ် ချန်ခွင်း နတ်ဘုရား အခင်းအကျင်း စတင် လည်ပတ်တော့၏။

နဂါးနတ်ဘုရား နန်းတော်သားများ တစ်ယောက်ပြီးတစ်ယောက် ချန်ခွင်းမျှော်စင် အတွင်းသို့ ဝင်ရောက် ကျင့်ကြံကြတော့သည်။

ထိုအချိန်တွင် ဖုန်းဝူချန်သည် မျှော်စင်၏ သတ္တမမြောက် အလွှာတွင် ရှိနေ၏။

သူသည် ဝါးမြိုထားသော 'နတ်ဘုရား ပြစ်ဒဏ် စွမ်းအား'ကို အမြန်ဆုံး စုပ်ယူပြီး သူ့စွမ်းအားကို မြှင့်တင်ရန် လိုအပ်နေ၏။

'ကမ္ဘာပျက် စွမ်းအား' များ သူ့လက်ထဲတွင် စုစည်းလာချိန်၌ ဖုန်းဝူချန်က ခပ်တိုးတိုး တွက်ချက်လိုက်မိသည်။

"နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို စုပ်ယူပြီးရင်... ကောင်းကင်ဘုံလူသား စတုတ္ထအလွှာကို ရောက်ဖို့ မခက်ခဲလောက်ပါဘူး”

အခန်း (၅၆၃) - တိုးတက်လာသော စွမ်းအား

~ကိုးထပ် ချန်ခွင်းမျှော်စင်၏ သတ္တမ အလွှာတွင် ရွှေရောင် အလင်းတန်းများ တောက်ပနေ၏။

ဒါက 'နတ်ဘုရား ပြစ်ဒဏ် စွမ်းအား' ပင်။

ရွှေနဂါး တံဆိပ်တော်မှ နတ်ဘုရား ပြစ်ဒဏ် စွမ်းအားများကို အဆက်မပြတ် ထုတ်ပေးနေပြီး ဖုန်းဝူချန်က စုပ်ယူနေ၏။

'စုပ်ယူခြင်း' သည် 'ဝါးမြိုခြင်း' နှင့် မတူပေ။ ဝါးမြိုခြင်းက ပြန်လည် သန့်စင်ရန် မလိုအပ်ဘဲ တခြားနေရာတွင် သိမ်းဆည်းထားနိုင်သည်။ သို့သော် စုပ်ယူခြင်းကတော့ ကိုယ်ပိုင် စွမ်းအားဖြစ်စေရန် သန့်စင်ပေးရသည်။

ဖုန်းဝူချန်သည် 'ကမ္ဘာပျက် စွမ်းအား' အား အသုံးပြုပြီး နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို သန့်စင်နေရသည်။

နတ်ဘုရား ပြစ်ဒဏ် စွမ်းအားသည် အလွန် ကြမ်းတမ်းသော်လည်း... ရှေးဦး ကမ္ဘာဦး စွမ်းအားများထဲတွင် တတိယအဆင့် ရှိသော ကမ္ဘာပျက် စွမ်းအား၏ ရှေ့တွင်မူ အနည်းငယ် ငြိမ်သက်သွားရသည်။ သို့သော် ဖုန်းဝူချန်အတွက် စုပ်ယူရန် ခက်ခဲနေဆဲပင်။

ပထမအချက်မှာ နတ်ဘုရား ပြစ်ဒဏ် စွမ်းအား၏ ကြမ်းတမ်းမှုကြောင့် သူ့သွေးကြောများ ဖောင်းပွပြီး နာကျင်နေရသည်။ ဒုတိယအချက်မှာ စွမ်းအားပမာဏ အလွန်

များပြားသောကြောင့် အကုန် စုပ်ယူရန် အချိန်မည်မျှ ကြာမည်ကို မသိနိုင်ခြင်း ဖြစ်၏။

သို့သော် သတ္တမအလွှာသည် အချိန်ကာလကို နှစ်ဆတိုးပေးထားသောကြောင့် အချိန်ပြဿနာကို ဖြေရှင်းနိုင်ခဲ့၏။

ထို့အပြင် ဖုန်းဝူချန်သည် 'ဝိညာဉ်ခွဲ ကျင့်စဉ်'အား အသုံးပြုကာ ဝိညာဉ် (၁၂) ခုဖြင့် တစ်ပြိုင်နက်တည်း သန့်စင်စုပ်ယူနေသဖြင့် လုပ်ငန်းစဉ်ကို အဆပေါင်းများစွာ မြန်ဆန်စေခဲ့၏။

မိနစ်အနည်းငယ်ကြာ ပြင်းပြင်းထန်ထန် သန့်စင်ပြီးနောက် ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် မိုးပျံပူဖောင်း တစ်လုံးအလား ဖောင်းပွလာသည်။

"စွမ်းအားက တကယ် ကြီးမားလွန်းတယ်"

ဖုန်းဝူချန်က အံကိုကြိတ်ရင်း နာကျင်စွာ ရေရွတ်လိုက်သည်။

'နဂါးနတ်ဘုရား သိုင်းကျမ်း' အား အရှိန်အဟုန်ဖြင့် လည်ပတ်စေလိုက်ပြီး ဖုန်းဝူချန်သည် ရူးသွပ်မတတ် စုပ်ယူနေတော့သည်။

တစ်နာရီ မပြည့်မီမှာပင် ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့်သည် သိသိသာသာ တိုးတက်လာပြီး ဒုံးပျံစီးထားသကဲ့သို့ လျင်မြန်လာ၏။

"နတ်ဘုရား ပြစ်ဒဏ် စွမ်းအားက တကယ့်ကို အံ့သြစရာပဲ။ ဒီလောက် ကြီးမားတဲ့ စွမ်းအားနဲ့ဆိုရင် ကောင်းကင်ဘုံလူသား စတုတ္ထအလွှာကို ရောက်ဖို့က သေချာသလောက်ပဲ"

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ပြုံးရင်း ဆက်လက် စုပ်ယူနေလေ၏။

အကယ်၍ တစ်စုံတစ်ယောက်သာ သတ္တမအလွှာသို့ ရောက်ရှိလာပါက ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အရှိန်အဟုန်ကို မြင်ပြီး ထိတ်လန့်သွားမည်မှာ အသေအချာပင်။

"ကမ္ဘာပျက် စွမ်းအားကလည်း ပိုပြီး သန်မာလာတယ်။ နဂါးမျိုးနွယ် ဘိုးဘေးတွေ ပြောသလို ရှေးဦး ကမ္ဘာဦး စွမ်းအား ထိပ်တန်း (၁၀) မျိုးကို စုပ်ယူရင် ပိုပြီး အစွမ်းထက်တဲ့ စွမ်းအားအသစ်တွေ မွေးဖွားလာမယ်ဆိုတာ တကယ် ဖြစ်နိုင်တာပဲ"

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။

ကမ္ဘာပျက် စွမ်းအားနှင့် နတ်ဘုရား ပြစ်ဒဏ် စွမ်းအားတို့ကပင် ဤမျှ ကြောက်စရာကောင်းနေလျှင်... ထိပ်ဆုံးအဆင့်တွင် ရှိသော 'ဖန်ဆင်းခြင်း နတ်ဘုရား စွမ်းအား' ဆိုသည်မှာ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။

ထို့အပြင် ဖန်ဆင်းခြင်း နတ်ဘုရား စွမ်းအားထက် ပိုမို ကြောက်စရာကောင်းသော စွမ်းအားများလည်း ရှိနေနိုင်သေးသည် မဟုတ်ပါလော။

အချိန်များ ကုန်ဆုံးသွားပြီး လဝက်ခန့် ကြာသောအခါ ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးတက်လာပြီး သူ့ 'ချီပင်လယ်'၏ တစ်ဝက်ခန့်ကို အစစ်အမှန်ယွမ်များဖြင့် ဖြည့်ဆည်းပြီး ဖြစ်နေ၏။

ဤနှုန်းအတိုင်းသာ ဆက်သွားလျှင် နောက်ထပ် လဝက်အတွင်း ကောင်းကင်ဘုံလူသား တတိယ အလွှာသို့ ရောက်ရှိရန်မှာ အချိန်မရွေး ဖြစ်လာနိုင်သည်။

လဝက် ကုန်ဆုံးသွားသော်လည်း သတ္တမအလွှာရှိ နတ်ဘုရား ပြစ်ဒဏ် စွမ်းအားများမှာ လျော့ပါးသွားခြင်း မရှိဘဲ ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။ စွမ်းအားပမာဏ များပြားလွန်းပြီး အခန်းကျဉ်းသောကြောင့် လျော့မသွားသလို ထင်ရခြင်း ဖြစ်၏။

သတ္တမအလွှာတွင် လဝက် ကုန်ဆုံးသွားသော်လည်း ပြင်ပကမ္ဘာတွင်မူ (၇) ရက်ခန့်သာ ရှိသေးသည်။

ဒါကို ကြည့်ခြင်းအားဖြင့် ဖုန်းဝူချန်၏ သန့်စင်မှုနှုန်း ဘယ်လောက် မြန်ဆန်လဲဆိုတာ သိသာလှသည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် လဝက် ကုန်ဆုံးသွားပြန်သည်။ စုစုပေါင်း တစ်လအကြာတွင် ဖုန်းဝူချန်သည် ကောင်းကင်ဘုံလူသား တတိယအလွှာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေ၏။

ပြင်ပကမ္ဘာတွင် လဝက်သာ ကြာမြင့်သေးသည်။ ဆိုလိုသည်မှာ ဖုန်းဝူချန်သည် လဝက်အတွင်း အဆင့်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။

ဤမျှ မြန်ဆန်သော ကျင့်ကြံခြင်းနှုန်းမျိုး မည်သူမျှ မယှဉ်နိုင်ပေ။

ဖုန်းဝူချန်အပြင် လင်ရှောင်ရှောင်နှင့် အခြားသူများလည်း 'ကောင်းကင်ဘုံ ရတနာများ' ၏ အကူအညီဖြင့် ကျင့်ကြံခြင်း အဆင့်များ သိသိသာသာ တိုးတက်လာကြသည်။

ကောင်းကင်ဘုံ ရတနာများတွင် သန့်စင်သော စွမ်းအင်များ ပါဝင်ပြီး ပြန်လည်သန့်စင်ရန် မလိုဘဲ တိုက်ရိုက် စုပ်ယူနိုင်သောကြောင့် သူတို့၏ တိုးတက်မှုနှုန်းသည်လည်း ဖုန်းဝူချန်လောက် မနှေးကွေးပေ။

လဝက်သာ ရှိသေးသော်လည်း မြောင်ချင်းချင်းသည် ကောင်းကင်ဘုံလူသား ပထမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်၏။

ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိသွားသော မြောင်ချင်းချင်း၏ တိုက်ခိုက်စွမ်းရည်သည် အလွန် အားကောင်းလာမည်မှာ သေချာသည်။

အတားအဆီးများဖြင့် ပိတ်မိနေသော ညီအစ်ကိုများလည်း ဆေးဝါးများနှင့် ရတနာများ၏ အကူအညီဖြင့် အတားအဆီးများကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။

နဂါးနတ်ဘုရား နန်းတော်၏ အင်အားသည် လျင်မြန်စွာ တိုးတက်လာနေ၏။

တိတ်ဆိတ်နေသော နဂါးနတ်ဘုရား နန်းတော်သည် အပြင်လူများအတွက်မူ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းနေ၏။

လူတွေ အကုန်လုံး ဘယ်ရောက်သွားကြသည်လဲ။

အကယ်၍ သူတို့အားလုံး တံခါးပိတ် ကျင့်ကြံနေကြသည် ဆိုပါက... ဒါသည် တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်၏။ သို့သော် 'ကိုးထပ် ချန်ခွင်း နတ်ဘုရား သုတ်သင်ခြင်း အခင်းအကျင်း' ကြီးက အလကား လုပ်ထားသည် မဟုတ်ပေ။

ပြီးခဲ့သည့် တိုက်ပွဲအပြီးတွင် အလတ်စားနှင့် အငယ်စား အင်အားစုများသည် နဂါးနတ်ဘုရား နန်းတော်ကို ရန်စရဲခြင်း မရှိကြတော့ပေ။

နဂါးနတ်ဘုရား နန်းတော်၏ အင်အား ကြီးမားလာသည်နှင့်အမျှ ရန်သူများလည်း ပိုမို ဝေးကွာသွားကြသည်။

ထို့အပြင် နဂါးနတ်ဘုရား နန်းတော်တွင် 'ဟန်ခွန်း' ကဲ့သို့သော ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးလည်း ရှိနေသေးသည် မဟုတ်ပါလော။

မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်ဆုံးသွားခဲ့၏။

ဤတစ်လအတွင်း နဂါးနတ်ဘုရား နန်းတော်တွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့၏။

ရာချီသော ညီအစ်ကိုများ၏ ကျင့်ကြံခြင်းအဆင့်များ လျင်မြန်စွာ တိုးတက်လာကြသည်။ 'ချီဟွမ်' သည် ကောင်းကင်ဘုံလူသား အဆင့်သို့ ပထမဆုံး ရောက်ရှိသွားသူ ဖြစ်၏။ 'ဟွမ်ယန်' ၊ 'လွမ်ရှန်း' ၊ 'လိန်မူချန်' ၊ 'ခွမ်းကျန့်' ၊ 'ရွှယ်ဖုန်း' နှင့် 'တောက်ဟွမ်' တို့အားလုံး ထျန်းယွမ်ဘုံ သတ္တမနှင့် အဋ္ဌမအလွှာသို့ ရောက်ရှိသွားကြသည်။ အားနည်းဆုံးသော သူများပင် ထျန်းယွမ်ဘုံ ဆဋ္ဌမအလွှာသို့ ရောက်ရှိနေကြပြီ ဖြစ်ပါသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ် တိုးတက်မှုကြောင့် နဂါးနတ်ဘုရား နန်းတော်၏ အင်အားသည် အဆင့်ပေါင်းများစွာ မြင့်တက်သွားခဲ့၏။

လင်ရှောင်ရှောင်သည် ကောင်းကင်ဘုံလူသား တတိယအလွှာသို့ ရောက်ရှိသွားသည်။ တစ်လကျော် ကာလအတွင်း အဆင့်နှစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းမှာ အလွန် ကြောက်စရာကောင်းသည်။

မြောင်ချင်းချင်းသည် ကောင်းကင်ဘုံလူသား ဒုတိယအလွှာသို့ ရောက်ရှိသွားပြီး လင်ရှောင်ရှောင်ပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံး ဖြစ်လာ၏။

ယီထျန်းချင်းက တတိယအလွှာ၊ ပေတိုယန်နှင့် နန်းကုန်းကျန့်တို့က ဒုတိယအလွှာ၊ လန်ယွဲ့က တတိယအလွှာသို့ အသီးသီး ရောက်ရှိသွားကြသည်။

လျိုချင်းယန်ကမူ တံခါးပိတ် ကျင့်ကြံနေဆဲဖြစ်ပြီး ကောင်းကင်ဘုံလူသား အဆင့်သို့ မရောက်မချင်း ထွက်လာမည့်ပုံ မပေါ်ပေ။

"အစ်ကိုချီဟွမ်... ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်သွားပြီပေါ့။ အားကျလိုက်တာဗျာ"

"သိရင် ငါလည်း နောက်ထပ် တစ်လလောက် ဆက်ပြီး ကျင့်ကြံလိုက်ပါတယ်... ဒါဆို ကောင်းကင်ဘုံလူသား အဆင့် ရောက်လောက်ပြီ"

"ခန်းမသခင် ယူလာတဲ့ ရတနာတွေက တကယ် စွမ်းတာပဲ။ တစ်လလောက်နဲ့ အဆင့်နှစ်ဆင့် တက်လာတယ်ဆိုတော့... အင်အားကြီး ဂိုဏ်းတွေက ပါရမီရှင်တွေတောင် ငါတို့ကို မမီလောက်ဘူး"

သူတို့၏ ကျင့်ကြံခြင်းအဆင့်များ တစ်ရှိန်ထိုး တိုးတက်လာသဖြင့် နဂါးနတ်ဘုရား နန်းတော်သားများအားလုံး ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။ အင်အားကြီးမားလာခြင်း၏ အရသာက သူတို့ကို စိတ်လှုပ်ရှားစေသည်။

ပြင်ပကမ္ဘာတွင် တစ်လ ကုန်ဆုံးသွားသော်လည်း... ကိုးထပ် ချန်ခွင်းမျှော်စင်ထဲတွင်ရှိသော ဖုန်းဝူချန်အတွက်မူ (၂) လ ကုန်ဆုံးသွားခဲ့၏။ စုစုပေါင်း ဖုန်းဝူချန် တံခါးပိတ် ကျင့်ကြံခဲ့သည့် အချိန်မှာ (၃) လခန့် ရှိပြီ ဖြစ်၏။

ပထမတစ်လအတွင်း ဖုန်းဝူချန်သည် ကောင်းကင်ဘုံလူသား တတိယအလွှာသို့ ရောက်ရှိခဲ့၏။

သူ့ကျင့်ကြံခြင်းနှုန်းသည် ပါရမီရှင်ဆိုသူများထက်ပင် သာလွန်နေ၏။ နောက်ထပ် (၂) လအတွင်း နတ်ဘုရား ပြစ်ဒဏ် စွမ်းအားများကို အကုန်စုပ်ယူပြီးပါက သူ့အဆင့်သည် ကုန်ပျံသလို မြင့်တက်သွားမည်မှာ သေချာသည်။

အားလုံး ပျော်ရွှင်နေကြစဉ်... ကိုးထပ် ချန်ခွင်းမျှော်စင် ထိပ်မှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာပြီး ကြီးမားသော အရှိန်အဝါများ နဂါးနတ်ဘုရား နန်းတော်အပေါ်တွင် လွှမ်းခြုံသွားသည်။

"ခန်းမသခင် ထွက်လာပြီဟေ့"

နန်းတော်သားများအားလုံး၏ အကြည့်သည် မျှော်စင်ထိပ်သို့ ရောက်ရှိသွားကြသည်။

"မျှော်စင်ရဲ့ အရှိန်အဝါက ရုတ်တရက် အဆပေါင်းများစွာ ကြီးမားလာပါလား"

ကျန်းကျွင့်လန်က အံ့သြတကြီး ပြောလိုက်သည်။

"ခန်းမသခင်က နတ်ဘုရား ပြစ်ဒဏ် စွမ်းအားတွေကို အကုန်စုပ်ယူပြီးသွားပြီနဲ့ တူတယ်။ ခန်းမသခင်ရဲ့ တိုးတက်မှုက ငါတို့ထက် ပိုကြောက်စရာကောင်းမှာ သေချာတယ်"

ယီထျန်းချင်း၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။

"ခန်းမသခင်ကို ကြိုဆိုပါတယ်"

နဂါးနတ်ဘုရား နန်းတော်မှ ညီအစ်ကို ရာပေါင်းများစွာသည် ဒူးတစ်ဖက်ထောက်ကာ တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။

အခန်း (၅၆၄) - ယဲ့ထျန်းဝေ၏ ထိတ်လန့်တုန်လှုပ်မှု

~ကိုးထပ် ချန်ခွင်းမျှော်စင်၏ ထိပ်တွင် ကြီးမားသော စွမ်းအားတစ်ခုက မုန်တိုင်း တစ်ခုအလား စုစည်းလာ၏။

ကောင်းကင်အောက်ရှိ အရာအားလုံးကို လွှမ်းမိုးထားနိုင်သည့် အရှိန်အဝါတစ်ခုက လူတိုင်း၏ စိတ်ကို လှုပ်ရှားစေသည်။

နဂါးနတ်ဘုရား နန်းတော်သားများ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။ ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်းသည် နဂါးနတ်ဘုရား နန်းတော်၏ အင်အား ပိုမို ကြီးမားလာခြင်းပင် မဟုတ်ပါလော။

ခဏအကြာတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ချန်ခွင်းမျှော်စင်တစ်ခုလုံး ရွှေရောင်လွှမ်းသွားတော့သည်။

"ဒီလောက် လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ အရှိန်အဝါ... ဒါ ကောင်းကင်ဘုံလူသား ပဉ္စမအလွှာလား"

ပေတိုယန်က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"သေချာတယ်... လုံးဝ မမှားနိုင်ဘူး။ ဒါ ကောင်းကင်ဘုံလူသား ပဉ္စမအလွှာပဲ"

ယီထျန်းချင်းက မယုံနိုင်သည့် မျက်နှာထားဖြင့် အော်ပြောလိုက်သည်။

"ခန်းမသခင်က ကောင်းကင်ဘုံလူသား ပဉ္စမအလွှာကို ရောက်သွားတာလား။ မြန်လွန်းမနေဘူးလား။ (၃) လလောက်ပဲ ရှိသေးတာကို အဆင့် (၃) ဆင့်တောင် ခုန်တက်သွားတယ်ပေါ့"

ချီဟွမ်၏ မျက်နှာမှာ အံ့ဩလွန်းသဖြင့် တောင့်တင်းသွားသည်။

နဂါးနတ်ဘုရား နန်းတော်သားများ၏ ပျော်ရွှင်မှုသည် ထိတ်လန့်မှုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

"နတ်ဘုရား ပြစ်ဒဏ် စွမ်းအားက တကယ်ပဲ ကြောက်စရာကောင်းတယ်။ အစ်ကိုကြီးဖုန်း (၃) လအတွင်း အဆင့် (၃) ဆင့် တက်သွားတာ မဆန်းပါဘူး"

လင်ရှောင်ရှောင်က ဝမ်းသာအားရ ပြုံးရင်း ပြောလိုက်သည်။

ဖုန်းဝူချန်၏ ပုံရိပ်သည် ကိုးထပ် ချန်ခွင်းမျှော်စင်ထိပ်တွင် ရုတ်တရက် ပေါ်ထွက်လာ၏။ ကိုးထပ် ကောင်းကင်မှ စစ်နတ်ဘုရား တစ်ပါးအလား ခန့်ညားထည်ဝါပြီး ကြည်ညိုဖွယ် ကောင်းလှသည်။

"ခန်းမသခင်... ကောင်းကင်ဘုံလူသား ပဉ္စမအလွှာကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်"

ထိတ်လန့်မှုများ ပြေပျောက်သွားပြီးနောက် နဂါးနတ်ဘုရား နန်းတော်သားများ၏ အောင်နိုင်သူ ကြွေးကြော်သံများသည် ဆေးဧကရာဇ် တောင်တန်းတစ်ခုလုံး ပဲ့တင်ထပ်သွားပြန်သည်။

ဖုန်းဝူချန်သည် ကောင်းကင်ဘုံလူသား ပဉ္စမအလွှာသို့ တကယ် ရောက်ရှိသွားပြီ ဖြစ်၏။ သူ့မျှော်လင့်ချက်ထက်ပင် ပိုမို လျင်မြန်နေ၏။

ဒါတွေအားလုံးသည် နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကြောင့်ပင်။ သို့မဟုတ်ပါက ဖုန်းဝူချန်အနေဖြင့် (၃) လအတွင်း အဆင့် (၃) ဆင့် တက်လှမ်းနိုင်ရန် မဖြစ်နိုင်ပေ။

ကောင်းကင်ဘုံလူသား ပဉ္စမအလွှာသို့ ရောက်ရှိသွားသဖြင့် ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေ၏။

သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားပြီး အရှိန်အဝါများလည်း ပျောက်ကွယ်သွားသည်။ ဖုန်းဝူချန်သည် မျှော်စင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့၏။

"ခန်းမသခင်... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားတွေကို အကုန် စုပ်ယူပြီးသွားပြီလား"

နန်းကုန်းကျန့်က ဦးဆုံး မေးလိုက်သည်။ ဖုန်းဝူချန် ပဉ္စမအလွှာသို့ ရောက်သွားသည်ကို သူ ယုံချင်ယုံမချင် ဖြစ်နေဆဲ။

ဖုန်းဝူချန်က ခေါင်းညိတ်ပြပြီး ပြုံးကာ ဖြေလိုက်သည်။

"အင်း... ငါ ထင်ထားတာထက်တောင် ပိုစွမ်းသေးတယ်။ ငါ့ကျင့်ကြံခြင်းအဆင့် (၃) ဆင့်တောင် တက်လာတယ်"

"နတ်ဘုရား ပြစ်ဒဏ် စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းတာပဲ"

ယီထျန်းချင်းက အံ့သြတကြီး ပြောလိုက်သည်။

"နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကြောင့်ချည်းပဲ မဟုတ်ပါဘူး။ တခြားလူသာဆိုရင် သန့်စင်နိုင်မှာ မဟုတ်ဘူး။ အဓိကက ခန်းမသခင်ရဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့်ပါ"

ဆေးပညာရှင် ဟန်ခွန်းက လေးစားသမှုဖြင့် ဝင်ပြောလိုက်သည်။

"သခင်... နတ်ဘုရား ပြစ်ဒဏ် စွမ်းအားမှာ ဘယ်လို ထူးခြားတဲ့ စွမ်းရည်တွေ ရှိလဲဟင်"

ဟု လန်ယွဲ့က စပ်စုလိုက်သည်။ ရှေးဦး ကမ္ဘာဦး စွမ်းအားဆိုတော့ ထူးခြားမှု ရှိမှာ သေချာသည်ဟု သူမ ယုံကြည်နေ၏။

လန်ယွဲ့၏ မေးခွန်းကြောင့် အားလုံး၏ အကြည့်များ ဖုန်းဝူချန်ထံသို့ ရောက်ရှိလာကြသည်။

"အဲဒါက..."

ဖုန်းဝူချန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လက်ကာပြရင်း ဖြေလိုက်သည်။

"ငါ မသိဘူး"

"..."

ဖုန်းဝူချန်၏ အဖြေကြောင့် အားလုံး လဲကျလုမတတ် ဖြစ်ကုန်ကြသည်။

ဖုန်းဝူချန်သည် နတ်ဘုရား ပြစ်ဒဏ် စွမ်းအားကို ဝါးမြိုပြီး စုပ်ယူနေရသဖြင့် ၎င်း၏ စွမ်းရည်များကို လေ့လာချိန် မရခဲ့ခြင်း ဖြစ်၏။

"ချီဟွမ်... နဂါးနတ်ဘုရား နန်းတော်မှာ ထူးခြားတာ ဘာရှိသေးလဲ"

ဖုန်းဝူချန်က ချီဟွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ကျွန်တော်လည်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာ မကြာသေးပါဘူး။ ဒါပေမဲ့ ဆရာဟန်ခွန်း ပြောတာတော့ ဘာမှ ထူးထူးခြားခြား မရှိဘူးတဲ့"

ချီဟွမ်က ပြန်ဖြေလိုက်သည်။

ဟန်ခွန်းက ဆက်ပြောသည်။

"တကယ်တော့ ဘာမှ သိပ်မရှိပါဘူး။ ခန်းမသခင်က ဆေးပညာပြိုင်ပွဲတုန်းက အခက်အခဲရှိရင် နဂါးနတ်ဘုရား နန်းတော်ကို လာခဲ့လို့ ပြောထားတယ်လေ။ အဲဒါကြောင့် ဆေးပညာရှင် တော်တော်များများ ရောက်လာကြတယ်။ ကျွန်တော်ပဲ သူတို့ ပြဿနာတွေကို ဖြေရှင်းပေးလိုက်ပါတယ်"

"ဒါဆိုရင် ပြင်ဆင်ထားကြ... ငါတို့ အနောက်ဘက်ဒေသကို သွားကြမယ်"

ဟု ဖုန်းဝူချန်က ပြုံးရင်း တိုက်တွန်းလိုက်သည်။

"အင်ပါယာ အစွန်းရောက် ဂိုဏ်းက ရတနာနေရာကို ရှာတွေ့သွားပြီလားဗျ"

ပေတိုယန်က မေးလိုက်သည်။

"အင်း..လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက နေရာအတိအကျကို သိထားပြီးသား။ သူတို့ အဲဒီနေရာကို ရောက်နေကြပြီ။ ငါ့ရဲ့ 'ကမ္ဘာပျက် စွမ်းအား' နဲ့ ရှေးဦး ကမ္ဘာဦး အရှိန်အဝါကို အာရုံခံမိတယ်"

"အစ်ကိုဖုန်း... အစ်ကိုချင်းယန်က တံခါးပိတ် ကျင့်ကြံလို့ မပြီးသေးပါဘူး"

ဟု မြောင်ချင်းချင်းက သတိပေးလိုက်သည်။

"သူ့ကို စောင့်မနေနဲ့တော့။ သူ ကောင်းကောင်း ကျင့်ကြံပါစေ။ တကယ်လို့ သူသာ ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်သွားရင် သူ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကို အာရုံခံမိလာနိုင်တယ်။ သူ့ကို အချိန်ပေးလိုက်ပါ"

ဖုန်းဝူချန်က ခေါင်းခါရင်း ဆက်ပြောသည်။

"ရတနာ ရှိတဲ့ နေရာက သဲကန္တာရထဲမှာ... မီးစွမ်းအင်တွေ အရမ်းများတယ်။ ဒါကြောင့် ဒီခရီးစဉ်က မီးစွမ်းအင် ကျင့်ကြံသူတွေအတွက် အကျိုးများလိမ့်မယ်"

ထိုအခါ၊ ဟွမ်ယန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ခန်းမသခင်... ကျွန်တော်က မီးစွမ်းအင် ကျင့်ကြံသူလေ... ကျွန်တော် လိုက်မယ်။ ဒီခရီးစဉ်မှာ ကောင်းကင်ဘုံလူသား အဆင့်ကို မဖြစ်မနေ တက်လှမ်းမယ်ဗျာ"

"ကျွန်တော်လည်း လိုက်မယ်"

တောက်ဟွမ်ကလည်း အော်ဟစ်လိုက်သည်။

"ကျွန်တော်ကတော့ ပြောနေစရာတောင် မလိုပါဘူး"

ကျန်းကျွင့်လန်ကလည်း ဝင်ပြောလိုက်ခြင်းပါ။

"ခန်းမသခင်... ကျွန်တော်တို့က မီးစွမ်းအင် ကျင့်ကြံသူ မဟုတ်ပေမဲ့ သဲကန္တာရက ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ကောင်းတယ်လေ။ ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်"

ဟော့မင်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ဖုန်းဝူချန်၏ ပထမဆုံး ရတနာရှာဖွေရေး ခရီးစဉ်တွင် ရတနာများစွာ ရရှိခဲ့သဖြင့် လူတိုင်း စိတ်ဝင်စားနေကြသည်။ မီးစွမ်းအင် ကျင့်ကြံသူ မဟုတ်လျှင်ပင် လိုက်ပါချင်နေကြသည်။

သို့သော် လူအများကြီး ခေါ်သွား၍ မဖြစ်သဖြင့် ဖုန်းဝူချန်က (၁၀) ယောက်ကျော်လောက်သာ ရွေးချယ်လိုက်၏။

လင်ရှောင်ရှောင်၊ ကျန်းကျွင့်လန်၊ ဟွမ်ယန်၊ တောက်ဟွမ်၊ လွမ်ရှန်း၊ လိန်မူချန်၊ နန်းကုန်းကျန့်၊ ဟော့မင်၊ ရွှယ်ဖုန်း၊ ခွမ်းကျန့်၊ သွမ့်ထျန်းဖုန်း၊ နျဲ့ကျုံး... စုစုပေါင်း (၁၂) ယောက် ဖြစ်၏။

ယီထျန်းချင်း၊ ပေတိုယန်နှင့် လန်ယွဲ့တို့က နဂါးနတ်ဘုရား နန်းတော်တွင် ကျန်ရစ်ခဲ့ရသည်။

"ပြင်ဆင်ဖို့ နာရီဝက် အချိန်ပေးမယ်။ ငါ လေလံပွဲသွားပြီး သွန်းလုပ်ရေး ကျောက်တုံးတွေ သွားဝယ်လိုက်ဦးမယ်"

ဖုန်းဝူချန်က ပြောပြောဆိုဆို ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။

နဂါးနတ်ဘုရား ဓားသည် ဒုတိယအဆင့် သွန်းလုပ်ခြင်းသာ ရှိသေးသဖြင့် ဖုန်းဝူချန်၏ တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်ရန်အတွက် နဂါးနတ်ဘုရား ဓားကို အဆင့်မြှင့်တင်ရန် လိုအပ်နေ၏။

ဖုန်းဝူချန် ထွက်သွားပြီး မကြာမီမှာပင် ဧည့်သည်တစ်ယောက် ရောက်လာ၏။

"ယဲ့ထျန်းဝေ..."

ပေတိုယန်က ကောင်းကင်ကို မော့ကြည့်ရင်း အံ့သြစွာ ရေရွတ်လိုက်သည်။

ရောက်လာသူမှာ 'ရှန်ဝူဂိုဏ်း' ၏ ထိပ်တန်းတပည့်ကြီး ယဲ့ထျန်းဝေ ဖြစ်လေ၏။

"ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာ... ဒီလူ.. အဆင့်တက်လာပါလား"

ယီထျန်းချင်းက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။

"အနောက်ဘက်ဒေသရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတာ တကယ်ပဲကိုး"

လင်ရှောင်ရှောင်က ချီးကျူးလိုက်သည်။

"ဆေးဧကရာဇ် ရှိလား"

ယဲ့ထျန်းဝေက မေးလိုက်သည်။

"ခန်းမသခင်က လေလံပွဲကို အခုလေးတင် ထွက်သွားတယ်။ ဘာကိစ္စ ရှိလို့လဲ"

ချီဟွမ်က ပြန်ဖြေလာသည်။

ချီဟွမ်နှင့် အခြားသူများကတော့ ယဲ့ထျန်းဝေကို တစ်ခါမှ မတွေ့ဖူးကြပေ။

"စိန်ခေါ်မလို့"

ယဲ့ထျန်းဝေ တည်ငြိမ်စွာ ပြောရင်း နဂါးနတ်ဘုရား နန်းတော်၏ ရင်ပြင်ပေါ်သို့ ဆင်းသက်လာခဲ့၏။

"ဒါဆို ခဏလောက် စောင့်ရလိမ့်မယ်။ ခန်းမသခင်က ချက်ချင်း ပြန်ရောက်မှာ မဟုတ်ဘူး။ အထဲ ဝင်ပါဦး"

ဟွမ်ယန်က ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။

"ယဲ့ထျန်းဝေ... ရှင် လာတာ နောက်ကျသွားပြီ"

မြောင်ချင်းချင်းက ခေါင်းခါရင်း ပြောလိုက်သည်။

"ငါ စောင့်နိုင်ပါတယ်"

ယဲ့ထျန်းဝေက ပြန်ဖြေလိုက်သည်။

"အဲဒါကို ပြောတာ မဟုတ်ဘူး။ အစ်ကိုဖုန်းရဲ့ ကျင့်ကြံခြင်းအဆင့်က တက်သွားပြီ။ ရှင် အခုလာတာ နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ပြောတာ"

မြောင်ချင်းချင်းက ရှင်းပြလိုက်သည်။

ထိုစကားကို ကြားသောအခါ ယဲ့ထျန်းဝေ ထိုင်နေရာမှ ထလိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မျက်နှာပေါ်တွင် မယုံနိုင်မှုများ အထင်းသား ပေါ်လွင်နေ၏။

"ဘာ... ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ ဟုတ်လား။ မဖြစ်နိုင်တာ... ဆေးဧကရာဇ်က လွန်ခဲ့တဲ့ (၂) လလောက်ကမှ ဒုတိယအလွှာပဲ ရှိသေးတာလေ။ (၂) လ မပြည့်ခင်မှာ ပဉ္စမအလွှာကို ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ယဲ့ထျန်းဝေက အံ့သြတကြီး အော်ဟစ်လိုက်သည်။ (၁) လကျော် ကာလအတွင်း အဆင့် (၃) ဆင့် တက်လှမ်းခြင်းဆိုသည်မှာ မည်မျှ ကြောက်စရာကောင်းကြောင်း သူ တွေးပင် မတွေးရဲပေ။

All Chapters