အခန်း (၅၆၅-၅၆၇)
Vol. 38 Ch. 565-567
အခန်း (၅၆၅) - သူ ပိုက်ဆံရှင်းစရာ မလိုဘူး
~ကြယ်တာရာနယ်မြေ လေလံရုံ...
"ဆေးဧကရာဇ်ကို ဖိတ်ခေါ်ပါတယ် ခင်ဗျာ"
ဖုန်းဝူချန် ရောက်ရှိလာသည်နှင့် လေလံရုံ တာဝန်ခံက ချက်ချင်းပင် ခရီးဦးကြိုပြုကာ အလွန် လေးစားသမှုဖြင့် ကြိုဆိုလေ၏။
"ဆေးဧကရာဇ်... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ ခင်ဗျာ။ ဥက္ကဋ္ဌကြီးနဲ့ အကြီးအကဲတွေကို သွားပြီး သတင်းပို့လိုက်ပါဦးမယ်"
တာဝန်ခံက ရိုသေစွာ ပြုံးရင်း ပြောလိုက်သည်။
"သူတို့ကို အနှောင့်အယှက် ပေးစရာ မလိုပါဘူး။ ကျွန်တော်က ပစ္စည်းလေး နည်းနည်းလာဝယ်တာပါ။ ပြီးရင် ပြန်မှာဆိုတော့... ခင်ဗျား အလုပ် ခင်ဗျား သွားလုပ်ပါ။ ကျွန်တော့်ကို ဂရုစိုက်စရာ မလိုပါဘူး"
ဖုန်းဝူချန်က ယဉ်ကျေးစွာ ပြောလိုက်သည်။ သူသည် အလွန် ဖော်ရွေပြီး မာန်မာန လုံးဝ မရှိပေ။
"ဟုတ်ကဲ့ပါ ခင်ဗျာ"
တာဝန်ခံက အရိုအသေပြုရင်း ပြန်လည် ထွက်ခွာသွားသည်။
အမျိုးသမီး ဝန်ထမ်းတစ်ဦး ရောက်ရှိလာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဆေးဧကရာဇ်... ဘာများ အလိုရှိပါသလဲ ရှင်"
"နောက်ထပ် သွန်းလုပ်ရေး ကျောက်တုံးတွေ ပြင်ဆင်ပေးပါ။ သက်တမ်းရင့်လေ ပိုကောင်းလေပဲ။ ဆဋ္ဌမအဆင့်ထက် မနိမ့်စေနဲ့။ ပြီးတော့ လက်နက်သွန်းလုပ်ရာမှာ လိုအပ်တဲ့ တခြား အထောက်အကူပြု ပစ္စည်းတွေပါ စုစည်းပေးထားပါ။ လက်နက်သွန်းလုပ်ရေး ပညာရှင်တစ်ယောက်ကို ရှာပြီး ပြင်ဆင်ခိုင်းလိုက်ပါ"
ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်သည်။
"ပြီးတော့ ဒီဆေးဖက်ဝင် အပင်တချို့ကိုပါ ယူပေးပါ"
ဖုန်းဝူချန်က ဆေးပင်အမည်များ ရေးသားထားသော စာရင်းတစ်ခုကို အမျိုးသမီး ဝန်ထမ်းထံ ကမ်းပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ဆေးဧကရာဇ်... ခဏလေး စောင့်ပေးပါနော်"
အမျိုးသမီး ဝန်ထမ်းက ရိုသေစွာ ပြောဆိုပြီးနောက် ထွက်ခွာသွားလေ၏။
ကြယ်တာရာနယ်မြေ လေလံရုံတစ်ခုလုံးသည် ဖုန်းဝူချန်၏ အဆင့်အတန်းကို သိရှိထားကြသလို၊ ဒုတိယအကြီးအကဲ နျဲ့ဖုန်းယွင် သည် ဖုန်းဝူချန်၏ တပည့်ဖြစ်ကြောင်းကိုလည်း သိထားကြသဖြင့် မည်သူမျှ မလေးမစား မလုပ်ရဲကြပေ။
ဖုန်းဝူချန် စောင့်ဆိုင်းနေစဉ်မှာပင် လေလံရုံ ခန်းမကြီးထဲတွင် ရုတ်တရက် ဆူညံပွက်လောရိုက်သွားသည်။
ပေါင် (၃၀၀) ကျော်လောက် ရှိမည့် လူ့ဘီလူးကြီး တစ်ယောက် လေလံရုံထဲသို့ ဝင်ရောက်လာ၏။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း ခန္ဓာကိုယ်မှ အဆီများက လှိုင်းထသကဲ့သို့ တုန်ခါသွားပြီး၊ သူ ရယ်မောလိုက်သည့်အခါ မျက်လုံးများက အစ်ပိတ်သွားပြီး မျဉ်းကြောင်းလေး သဖွယ် ဖြစ်သွားလေ၏။
ထိုမျှလောက် ဝဖြိုးသော လူတစ်ယောက်ကို မြင်လိုက်ရသဖြင့် ဖုန်းဝူချန်ပင် မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။
ဖုန်းဝူချန် တစ်သက်နှင့်တစ်ကိုယ် ဒီလောက် ဝသော လူမျိုး တစ်ခါမှ မတွေ့ဖူးပေ။
ထိုလူဝကြီး ခန်းမထဲသို့ ဝင်လာသည်နှင့် လူတစ်စုက သူ့နောက်မှ တကောက်ကောက် လိုက်ပါလာကြပြီး ခေါင်းတငြိမ့်ငြိမ့်၊ ခါးတညွှတ်ညွှတ်ဖြင့် "သခင်လေးကျင်း" ဟု ရိုသေစွာ ခေါ်ဝေါ်နေကြသည်။
"သခင်လေးကျင်း... ဒီကို မလာတာတောင် ကြာပြီနော်။ ကျွန်တော်တို့ သခင်လေးကို လွမ်းနေတာ"
"သခင်လေးကျင်း... ဒီတစ်ခေါက် လေလံပွဲမှာ ဘယ်လို ရတနာမျိုးတွေ ဝယ်ဖို့ စိတ်ကူးထားလဲ ခင်ဗျာ"
"ဒီသခင်လေး သဘောကျတဲ့ ပစ္စည်းမှန်သမျှ အကုန်ဝယ်မှာကွ... အကုန်ဝယ်မှာ"
"သခင်လေးကျင်း... ကြည့်ရတာ နည်းနည်း ပိန်သွားသလိုပဲနော်"
"ဟေ... ဟုတ်လား။ ဟားဟား... ပိန်သွားတာ ကောင်းတာပေါ့ကွ"
လူဝကြီးသည် မင်းသား တစ်ပါးသဖွယ် မာန်ပါပါဖြင့် ပြောဆိုရင်း သာယာနေလေ၏။
ထိုလူဝကြီး၏ အမည်မှာ ‘ကျင်းပုဟွမ်’ ဖြစ်ပြီး တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ့ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်မားဘဲ ထျန်းယွမ်ဘုံ စတုတ္ထအလွှာသာ ရှိသော်လည်း သူ့နောက်ခံက မသေးပေ။ သူသည် ကြယ်တာရာနယ်မြေ ကုန်သည်လုပ်ငန်းစုကြီး တစ်ခုဖြစ်သော ကျင်းမိသားစု၏ သခင်လေး ဖြစ်လေ၏။
ကျင်းမိသားစုသည် တိုက်ခိုက်ရေးအင်အား မကြီးမားသော်လည်း အလွန်အမင်း ကြွယ်ဝချမ်းသာကြသည်။ ကြယ်တာရာနယ်မြေ၏ နံပါတ်တစ် သူဌေးကြီးများဟု ဆိုလျှင်လည်း မမှားပေ။
သူတို့ အင်အားမကြီးသော်လည်း နှစ်ပေါင်းများစွာ အေးချမ်းစွာ ရပ်တည်နိုင်ခဲ့ခြင်းမှာ အဓိက အင်အားစုကြီးများနှင့် စီးပွားရေး လက်တွဲလုပ်ကိုင်ထားသောကြောင့် ဖြစ်၏။ စီးပွားရေး လုပ်ကိုင်သော အင်အားစုတိုင်း ကျင်းမိသားစုနှင့် ပတ်သက်ဆက်နွှယ်နေကြရာ လေလံရုံလည်း အပါအဝင် ဖြစ်၏။
ဒီလောက် ချမ်းသာတဲ့ မိသားစုနဲ့ ဘယ်သူက အဆက်အသွယ် မလုပ်ချင်ဘဲ နေမလဲ။
ကျင်းပုဟွမ်ကို မြှောက်ပင့်ပေါင်းသင်းနိုင်လျှင် တစ်သက်လုံး စားမကုန် သောက်မကုန် ချမ်းသာသွားနိုင်သည်။ သူသာ သဘောကျသွားလျှင် ဘဲရုပ်ဆိုးဘဝမှ ဟင်္သာကိုးသောင်း ဖြစ်သွားနိုင်ပြီး လူတိုင်း အားကျရသည့် သူဌေးဘဝသို့ ရောက်ရှိသွားနိုင်သည်။
ထို့ကြောင့် လူအများအပြားသည် အလုပ်မလုပ်ဘဲ လေလံရုံရှေ့တွင် နေ့တိုင်း စောင့်ဆိုင်းကာ ကျင်းပုဟွမ်ကို မျက်နှာလိုမျက်နှာရ လုပ်ရန် ကြိုးစားနေကြခြင်း ဖြစ်၏။
"သခင်လေးကျင်း... တံခါးခုံကို သတိထားပါဦး ခင်ဗျာ... တံခါးခုံပါ"
တစ်ယောက်က အစေခံ တစ်ယောက်အလား အလွန် ရိုသေစွာ သတိပေးလိုက်သည်။
"သခင်လေးကျင်း... ဒီမှာ ထိုင်ပါ ခင်ဗျာ။ ဘာသောက်ချင်လဲ အမိန့်ရှိပါ"
နောက်တစ်ယောက်က ထိုင်ခုံကို ဖုန်ခါပေးရင်း ဖိတ်ခေါ်လိုက်သည်။
ကျင်းပုဟွမ် ရောက်လာသည်နှင့် ခန်းမထဲရှိ ကျင့်ကြံသူတိုင်း သူ့နားသို့ ဝိုင်းအုံလာကြသည်။ နတ်သမီးလေးများလည်း ပါဝင်လေ၏။
ကျင်းမိသားစုတွင် ငွေရော အာဏာပါ ရှိရာ ကျင်းမိသားစု၏ ချွေးမ ဖြစ်ချင်သူများ ဒုနှင့် ဒေးပင်။
ဒီမြင်ကွင်းကို ကြည့်ရင်း ဖုန်းဝူချန်က ခေါင်းခါလိုက်မိသည်။ စပ်စုချင်စိတ်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ရုံသာ။
ကျင်းပုဟွမ် သက်သောင့်သက်သာ ထိုင်လိုက်ချိန်မှာပင် ခန်းမထောင့်တစ်နေရာ၌ ထိုင်နေသော ဖုန်းဝူချန်ကို သတိထားမိလိုက်သည်။
ခန်းမထဲရှိ လူတိုင်း သူ့နားသို့ ဝိုင်းအုံနေကြသော်လည်း ဖုန်းဝူချန် တစ်ယောက်တည်းသာ ဘာမှ မမြင်သလို အေးဆေး တည်ငြိမ်စွာ နေနေသည်ကို တွေ့လိုက်ရသဖြင့် ကျင်းပုဟွမ် အံ့သြသွားသည်။
လေလံပွဲလာတိုင်း သူ့ကို မျက်နှာလိုမျက်နှာရ မလုပ်သူဟူ၍ မရှိခဲ့ဖူးပေ။ မိသားစုကြီးများမှ သခင်လေးများပင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံကြရသည်။
အကြောင်းမှာ ကျင်းမိသားစု၏ စီးပွားရေး အင်ပါယာကြောင့်ပင်။
ပိုက်ဆံရှိရင် ဘာမဆို ဖြစ်နိုင်သည် မဟုတ်ပါလော။
"ဒီကောင်က ငတုံးလား။ ဒီသခင်လေးကျင်းရဲ့ စကား တစ်ခွန်းနဲ့တင် တစ်သက်လုံး စည်းစိမ်ယစ်ပြီး နေလို့ရတယ်ဆိုတာ မသိဘူးလား"
ကျင်းပုဟွမ်က မျက်ခုံးထူကြီးများကို တွန့်ချိုးကာ ရေရွတ်လိုက်သည်။
"အဲဒီကောင်က အရူးပါ ၊ သခင်လေးကျင်းရယ်... ဂရုမစိုက်ပါနဲ့"
တစ်ယောက်က ကျင်းပုဟွမ်၏ မျက်နှာကို ကြည့်ကာ ချက်ချင်း ဝင်ပြောလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... သခင်လေးကျင်း ဂရုမစိုက်နဲ့"
ဘေးမှ လူအုပ်ကြီးကလည်း သံယောင်လိုက်ကာ ပြောဆိုကြသည်။
ကျင်းပုဟွမ်ကမူ ငွေမျက်နှာ မကြည့်သော ထိုလူငယ်မှာ မည်သူမည်ဝါ ဖြစ်ကြောင်း သိချင်လာ၏။ နောက်ခံ ကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်နေမလား။
ထိုအချိန်တွင် အမျိုးသမီး ဝန်ထမ်းတစ်ဦး ဖုန်းဝူချန်အနားသို့ ရောက်လာပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို ရိုသေစွာ ကမ်းပေးလိုက်သည်။
"ဆေးဧကရာဇ်... ဆေးဧကရာဇ် မှာထားတဲ့ ပစ္စည်းတွေနဲ့ ဆေးပင်တွေအားလုံး ဒီလက်စွပ်ထဲမှာ ပါပါတယ် ရှင်"
"ကျေးဇူးပါပဲ"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး သွန်းလုပ်ရေး ကျောက်တုံးများနှင့် ပစ္စည်းအချို့ကို ထုတ်ယူကာ သက်တမ်းစစ်ဆေးရန် ကြည့်ရှုလိုက်သည်။
ကျင်းပုဟွမ်က ဝန်ထမ်းမလေး တစ်ယောက်ကို လှမ်းခေါ်ပြီး မေးလိုက်သည်။
"ဟိုကောင်က ဘယ်သူလဲ"
"သခင်လေးကျင်း... သခင်လေးအနေနဲ့ ဝင်မပါတာ ပိုကောင်းပါလိမ့်မယ်"
ဝန်ထမ်းမလေးက ရိုသေစွာ သတိပေးလိုက်သည်။
ဝန်ထမ်းမလေး၏ စကားကြောင့် ကျင်းပုဟွမ် ရိပ်မိလိုက်သည်။
"သူ့မှာ ပိုက်ဆံ အများကြီး ရှိလို့လား။ ဒါမှမဟုတ် အင်အားကြီး ဂိုဏ်းတစ်ခုခုကလား။ ငါလည်း တစ်ခါမှ မမြင်ဖူးပါလား"
"အဲဒါက..."
ဝန်ထမ်းမလေးမှာ ဘယ်ကစပြောရမှန်း မသိဖြစ်နေသလို၊ ဖုန်းဝူချန်၏ အဆင့်အတန်းကိုလည်း ထုတ်မပြောရဲပေ။
ဝန်ထမ်းမလေး ဖြေရခက်နေသည်ကို မြင်သောအခါ ကျင်းပုဟွမ် မကျေမနပ် ဖြစ်သွားပြီး ကိုယ်တိုင် သွားမေးရန် ဆုံးဖြတ်လိုက်သည်။
ဝန်ထမ်းမလေး၏ သတိပေးစကားက ကျင်းပုဟွမ်၏ မာနကို ထိပါးသွားစေပြီး ထိုလူက ဘယ်သူလဲဆိုတာ ပိုသိချင်သွားစေသည်။
ကျင်းပုဟွမ် အနားရောက်သွားသောအခါ ဖုန်းဝူချန်၏ စားပွဲပေါ်တွင် သွန်းလုပ်ရေး ပစ္စည်းအချို့ တင်ထားသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာဖောင်းဖောင်းကြီးပေါ်တွင် အထင်သေးသော အပြုံးတစ်ခု ပေါ်လာ၏။
"ကောင်လေး... ဒီလောက် သွန်းလုပ်ရေး ကျောက်တုံးလေးတွေနဲ့ဆိုရင် မင်း ကျရှုံးဖို့တောင် လောက်မှာ မဟုတ်ဘူး... ဟားဟား။ မင်း မအောင်မြင်ရင် ရွှေပြားတွေ အလကားဖြစ်ကုန်မှာပေါ့"
ကျင်းပုဟွမ်က ဖုန်းဝူချန်၏ ပခုံးကို ပုတ်ရင်း လှောင်ပြောင်
သရော်လိုက်သည်။
ဖုန်းဝူချန် လှည့်ကြည့်လိုက်သောအခါ ကျင်းပုဟွမ်၏ မျက်နှာဖောင်းဖောင်းကြီးကို အနီးကပ် မြင်လိုက်ရသဖြင့် လန့်သွားရသည်။
ကျင်းပုဟွမ်က ဖုန်းဝူချန်၏ ပခုံးကို ထပ်ပုတ်ရင်း ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"ငါ့ကို သခင်လေးကျင်းလို့ ခေါ်စမ်းပါ... ငါ မင်းကို သွန်းလုပ်ရေး ကျောက်တုံး အလုံး (၁၀၀) ဝယ်ပေးမယ်။ ဘယ်လိုလဲ... ဒီသခင်လေးကျင်းဆီမှာ ရွှေပြားတွေ အများကြီး ရှိတယ်ကွ"
"မလိုပါဘူး... ကျွန်တော့်ဆီမှာ အများကြီး ရှိပါသေးတယ်"
ဖုန်းဝူချန်က ပြောပြောဆိုဆို သိုလှောင်လက်စွပ်ထဲမှ သွန်းလုပ်ရေး ကျောက်တုံးများအားလုံးကို စားပွဲပေါ်သို့ ထုတ်ပုံလိုက်သည်။
"ကောင်လေး... ဒါက အလုံးရာချီ ရှိတယ်နော်။ မင်း တတ်နိုင်လို့လား။ ဒီသခင်လေးကျင်း အတွက်ကတော့ စကားတစ်ခွန်းပဲ လိုတာ"
ကျင်းပုဟွမ်က မထီမဲ့မြင် ပြောလိုက်သည်။
"ဆဋ္ဌမအဆင့် သွန်းလုပ်ရေး ကျောက်တုံးတွေပဲ"
ဘေးနားမှ လူတစ်ယောက်က အံ့သြတကြီး အော်ဟစ်လိုက်သည်။
"ဆဋ္ဌမအဆင့် သွန်းလုပ်ရေး ကျောက်တုံးတွေ ဟုတ်လား"
ထိုစကားကို ကြားလိုက်ရသောအခါ ကျင်းပုဟွမ်၏ မျက်နှာဖောင်းဖောင်းကြီးမှာ ချက်ချင်း တောင့်တင်းသွားတော့သည်။
"တစ်လုံးတည်းနဲ့တင် ရွှေပြား သန်း တစ်ရာလောက် တန်တာလေ"
နောက်တစ်ယောက်ကလည်း မထိန်းနိုင်ဘဲ အော်ပြောလိုက်မိသည်။ အားလုံး၏ မျက်လုံးများက စားပွဲပေါ်ရှိ ရာပေါင်းများစွာသော သွန်းလုပ်ရေး ကျောက်တုံးများဆီသို့ ရောက်ရှိသွားကြသည်။
"ရွှေပြား သန်း တစ်ရာ..."
ကျင်းပုဟွမ် ကိုယ်တိုင်လည်း လန့်သွားသည်။
"ခင်ဗျားက ကျွန်တော့်အတွက် အကုန်ဝယ်ပေးမလို့လား"
ဖုန်းဝူချန်က ကျင်းပုဟွမ်ကို ပြုံးရင်း မေးလိုက်သည်။
"စု... စုစုပေါင်း ရွှေပြား ဘယ်လောက်ကျလဲ"
ကျင်းပုဟွမ်က ဝန်ထမ်းမလေးကို အသံတုန်တုန်ဖြင့် မေးလိုက်သည်။
"ရွှေပြား သန်း သုံးသောင်းပါ ရှင်"
ဝန်ထမ်းမလေး၏ အဖြေကြောင့် ကျင်းပုဟွမ်မှာ နှလုံးခုန်ရပ်မတတ် ဖြစ်သွားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားကာ စကားပင် မပြောနိုင်တော့ပေ။
ဖုန်းဝူချန်က ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ဘဲ ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာသွားလေ၏။
"သူ... သူ ပိုက်ဆံမပေးဘူးလား"
ဘေးမှ လူအုပ်ကြီးမှာ နားမလည်နိုင်စွာဖြင့် မေးလိုက်ကြသည်။
ဝန်ထမ်းမလေးက ပြုံးရင်း ပြန်ဖြေလိုက်သည်။
"သူက ပေးစရာ မလိုပါဘူး ရှင်"
ဝန်ထမ်းမလေး၏ အဖြေကြောင့် ကျင်းပုဟွမ်မှာ နေရာမှာတင် သတိလစ် မေ့မြောသွားတော့သည်။
အခန်း (၅၆၆) - ယဲ့ထျန်းဝေကို ရင်ဆိုင်ခြင်း
~"စိန်ခေါ်ပွဲ ဟုတ်လား"
နဂါးနတ်ဘုရား နန်းတော်သို့ ပြန်ရောက်ရောက်ချင်း ယဲ့ထျန်းဝေ၏ စိန်ခေါ်မှုကို သိလိုက်ရသောအခါ ဖုန်းဝူချန်မှာ အံ့အားသင့်သွားသည်။
ခန်းမဆောင်ကြီးထဲမှ လင်ရှောင်ရှောင်နှင့် အခြားသူများ ထွက်လာကြရာ သူတို့အထဲတွင် ယဲ့ထျန်းဝေပါ ပါဝင်သည်။
"ဆေးဧကရာဇ်"
ယဲ့ထျန်းဝေက ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"ယဲ့ထျန်းဝေ... မင်း လာတာ နည်းနည်း နောက်ကျသွားတယ်"
ဖုန်းဝူချန်က ပြုံးရင်း ယဲ့ထျန်းဝေကို တစ်ချက်ကြည့်လိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် ဖုန်းဝူချန်သည် ယဲ့ထျန်းဝေ၏ ကျင့်ကြံခြင်းအဆင့်ကို ရိပ်မိလိုက်သည်။ ယဲ့ထျန်းဝေသည် မကြာသေးမီကမှ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခြင်း ဖြစ်မည်။ သို့မဟုတ်ပါက ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာသို့ ရောက်ရှိနေမည် မဟုတ်ပေ။
"ကျွန်တော်က ဆေးဧကရာဇ်ကို စိန်ခေါ်မယ်လို့ ပြောခဲ့ပြီးပြီ။ ဆေးဧကရာဇ်ကလည်း လက်ခံခဲ့ပြီးပြီ။ ဒါကြောင့် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကျွန်တော် နောက်ဆုတ်မှာ မဟုတ်ပါဘူး"
ယဲ့ထျန်းဝေက ပြတ်သားစွာ ပြောလိုက်သည်။ သူ့အသံတွင် ယုံကြည်မှုများ ပြည့်နှက်နေ၏။
"ကောင်းပြီလေ... ဒါဆိုရင် စလိုက်ကြရအောင်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အလောင်းအစားကို မမေ့နဲ့ဦး။ ခင်ဗျား ရှုံးရင် ကျွန်တော့်ဆီမှာ သစ္စာခံရမယ်"
ဖုန်းဝူချန်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။ ယဲ့ထျန်းဝေ၏ သတ္တိကို သူ လေးစားမိသည်။
"တကယ်လို့ ဆေးဧကရာဇ်သာ အဲဒီလောက် အရည်အချင်းရှိရင်... ဆေးဧကရာဇ်ကို သစ္စာခံရတာ ဘာဆန်းလို့လဲ"
ယဲ့ထျန်းဝေက ပြန်ပြောလိုက်သည်။
"ဝီ... ဝီ"
ယဲ့ထျန်းဝေသည် ချက်ချင်းပင် သူ့အတွင်းအားများကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံသွားပြီး နဂါးနတ်ဘုရား နန်းတော်၏ ရင်ပြင်တစ်ခုလုံး တုန်ခါသွားတော့သည်။
ယဲ့ထျန်းဝေ၏ အစွမ်းအစက နဂါးနတ်ဘုရား နန်းတော်သားများကို အံ့အားသင့်သွားစေသည်။
ဒီလို တိုက်ခိုက်ရေးစွမ်းရည်မျိုး ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ယဲ့ထျန်းဝေသည် သာမန်မဟုတ်ကြောင်း သိသာလှသည်။
အနောက်ဘက်ဒေသ၏ ထိပ်တန်း ပါရမီရှင်တစ်ယောက်က သာမန်တော့ ဘယ်ဖြစ်မလဲ။
"ယဲ့ထျန်းဝေရဲ့ အရှိန်အဝါက ကောင်းကင်ဘုံလူသား သတ္တမအလွှာကိုတောင် ကျော်လွန်နေပြီ။ ဒီကောင့်အင်အားက တကယ် ကြောက်စရာကောင်းတယ်"
ယီထျန်းချင်းက လေးလေးနက်နက် ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် စိုးရိမ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"သူက ငါတို့ထက် နည်းနည်းလေးပဲ အသက်ပိုကြီးတာ... ဒါပေမဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိနေတယ်"
နန်းကုန်းကျန့်က အံ့သြတကြီး ပြောလိုက်သည်။
"ခန်းမသခင်ကလွဲရင် ဘယ်သူမှ သူ့ကို မယှဉ်နိုင်လောက်ဘူး"
ဟု ချီဟွမ်က ဝင်ပြောလိုက်သည်။
ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ လေထဲသို့ မြင့်တက်သွားသည်။ သူ့အရှိန်အဝါများ ရုတ်ချည်း ပြောင်းလဲသွားပြီး အတွင်းအားများကို ထုတ်ဖော်လိုက်သည်။ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ အဆင့်ရှိသော အရှိန်အဝါများ လွှမ်းခြုံသွားသည်။
"သူ တကယ်ပဲ ကောင်းကင်ဘုံလူသား ပဉ္စမအလွှာကို ရောက်သွားပြီပဲ။ တကယ့်ကို မယုံနိုင်စရာပဲ။ ဒီလောက် တိုးတက်မှုမြန်တဲ့ ပါရမီရှင်မျိုး ငါ တခါမှ မတွေ့ဖူးဘူး။ ဆေးဧကရာဇ်က လူမှ ဟုတ်ရဲ့လား"
ယဲ့ထျန်းဝေက စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ဖုန်းဝူချန်၏ အရှိန်အဝါကို ကိုယ်တိုင် ခံစားလိုက်ရမှသာ ယုံကြည်သွားခြင်း ဖြစ်၏။
သို့တိုင်၊ ယုံကြည်ရ ခက်နေဆဲပင်။ (၁) လကျော် ကာလအတွင်း အဆင့် (၃) ဆင့် တက်လှမ်းခြင်းဆိုသည်မှာ ဖြစ်နိုင်ပါ့မလား။
ထျန်းယွမ်ဘုံ အဆင့်မှာတောင် မဖြစ်နိုင်တာ... ကောင်းကင်ဘုံလူသား အဆင့်မှာဆို ပြောနေစရာပင် မလိုတော့ပေ။
အဆင့်မြင့် ဝိညာဉ်လက်နက် လက်အိတ်ကို ထုတ်လိုက်သောအခါ ဖုန်းဝူချန်၏ အရှိန်အဝါများ ထပ်မံ မြင့်တက်လာပြီး ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာသို့ နီးကပ်လာ၏။
"ချီလင် ချပ်ဝတ်"
ဖုန်းဝူချန်က တိုးတိုးလေး ရေရွတ်ရင်း ချပ်ဝတ်ကို ဆင့်ခေါ်လိုက်သည်။ ထိုအခါ သူ့အရှိန်အဝါသည် ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာကို ချက်ချင်း ကျော်လွန်သွားပြီး ဆေးဧကရာဇ် တောင်တန်း တစ်ခုလုံး တုန်ခါသွားတော့သည်။
နောက်ဆုံးတွင် 'အထွတ်အထိပ် ခန္ဓာကိုယ်' ဒုတိယအဆင့်ကို ထုတ်ဖော်လိုက်သည်။ ရွှေရောင်အလင်းတန်းများ နေရာတွင် သွေးရောင် အလင်းတန်းများ အစားထိုး ဝင်ရောက်လာပြီး ဖုန်းဝူချန်၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား သတ္တမအလွှာသို့ ရောက်ရှိသွားသည်။
သို့သော် ယဲ့ထျန်းဝေ၏ အရှိန်အဝါနှင့် ယှဉ်လျှင် အနည်းငယ် လျော့နည်းနေသေးသည်။
‘ခန်းမသခင်က ပိုပိုပြီး ကြောက်စရာကောင်းလာပါလား’
ဟန်ခွန်းက စိတ်ထဲတွင် ချီးကျူးလိုက်သည်။
"အဆင့်မြင့် ဝိညာဉ်လက်နက်က သူ့တိုက်ခိုက်စွမ်းရည်ကို တော်တော်လေး မြှင့်တင်ပေးထားတာပဲ။ သူ့ကျောဘက်က အတောင်ပံတွေကလည်း အဆင့်မြင့် ဝိညာဉ်လက်နက်တွေ ဖြစ်မယ်။ ပြီးတော့ ဒီလို ကြမ်းတမ်းတဲ့ စွမ်းအားကို ထုတ်ဖော်လိုက်တော့... သူ့တိုက်ခိုက်စွမ်းရည်က ဒီလောက် မြင့်မားနေတာ မဆန်းပါဘူး"
ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ကောက်ချက်ချလိုက်သည်။
ဖုန်းဝူချန်၏ အရှိန်အဝါက အနည်းငယ် နိမ့်ကျနေသော်လည်း ယဲ့ထျန်းဝေက လုံးဝ လျှော့မတွက်ရဲပေ။ ဖုန်းဝူချန်ကို တကယ့် ပြိုင်ဘက်ကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။
"ခန်းမသခင်က 'ကမ္ဘာပျက် စွမ်းအား' ကို မသုံးသေးဘူးလား"
ဟု လိန်မူချန်က မေးလိုက်သည်။
ယဲ့ထျန်းဝေသည် နေရာရွှေ့ပြောင်းကာ ကောင်းကင်ပေါ်သို့ တက်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အမည်းရောင် သစ်ရွက်တစ်ရွက် သူ့လက်ဖဝါးပေါ်တွင် ပေါ်လာ၏။
ထိုသစ်ရွက်မည်းသည် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုဖြစ်ပြီး ယဲ့ထျန်းဝေ၏ အရှိန်အဝါကို ကောင်းကင်ဘုံလူသား သတ္တမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့၏။ ဖုန်းဝူချန်ထက် များစွာ သာလွန်သွားတော့၏။
"ဝုန်း"
"ဝီ... ဝီ"
ယဲ့ထျန်းဝေ၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာပြီး လေဟာနယ်ထဲသို့ ခြေလှမ်းလှမ်းကာ ဖုန်းဝူချန်ထံသို့ မိုးကြိုးပစ်ချသကဲ့သို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။ သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် လေထုများ တုန်ခါသွားတော့သည်။
ယဲ့ထျန်းဝေ၏ အမြန်နှုန်းက အံ့မခန်း လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။
အမည်းရောင် အလင်းတန်းများ တောက်လောင်နေသော လက်သီးသည် သစ်ရွက်မည်းကို ဆုပ်ကိုင်လျက် ဖုန်းဝူချန်ထံသို့ ပြင်းထန်စွာ ဝင်ရောက်လာ၏။
ယဲ့ထျန်းဝေ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ဖုန်းဝူချန်သည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ တူညီသော အားဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။
"ဝုန်း"
"ဝီ"
လက်သီးနှစ်ဖက် ထိတိုက်မိသောအခါ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မိုးမြေသိမ့်သိမ့် တုန်သွားတော့သည်။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားပြီး လေထုကြီးတစ်ခုလုံး ဒီရေအလား လှုပ်ခါသွားသည်။
တစ်ချက်တည်း ထိတွေ့လိုက်ရုံဖြင့် ယဲ့ထျန်းဝေ မျက်မှောင်ကြုတ်သွားသည်။ သူ့စွမ်းအားဖြင့် ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှ နောက်ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ပေ။
‘ဆေးဧကရာဇ်ရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာတာပဲ။ ငါ့စွမ်းအားက သူ့ထက်သာပေမဲ့ သူ့ရဲ့ ကြံ့ခိုင်မှုကြောင့် ငါ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေတာ’
ယဲ့ထျန်းဝေက စိတ်ထဲတွင် တွေးလိုက်မိသည်။ ဖုန်းဝူချန်သည် အနောက်ဘက်ဒေသ၏ ထိပ်တန်း ပါရမီရှင်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သူ ဖြစ်၏။
"ဝုန်း... ဝုန်း... ဝုန်း"
"ဝီ"
တစ်ချက်တည်းနှင့် အဖြေမပေါ်သဖြင့် ယဲ့ထျန်းဝေသည် ဆက်တိုက် တိုက်ခိုက်လိုက်သည်။ သူ့လက်နှင့် ခြေထောက်များတွင် စွမ်းအားများ စုစည်းကာ အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်လေ၏။ ပေါက်ကွဲသံများ ကောင်းကင်ယံတွင် ဆက်တိုက် ထွက်ပေါ်နေပြီး စွမ်းအင်လှိုင်းများ လှိုင်းလုံးများအလား ပြန့်နှံ့သွားသည်။
ပြင်းထန်သော တိုက်ပွဲတွင် နှစ်ယောက်သား အပြန်အလှန် ရှိနေကြသည်။
ယဲ့ထျန်းဝေကို အံ့အားသင့်စေသည်မှာ သူ့တိုက်ခိုက်မှုများ အရာမထင်ခြင်းပင်။ ဖုန်းဝူချန်သည် တစ်ဝက်ခံစစ်၊ တစ်ဝက်တိုက်စစ် ပုံစံဖြင့် တည်ငြိမ်စွာ ရင်ဆိုင်နေ၏။
အသာစီးရနေပါလျက် ယဲ့ထျန်းဝေသည် ဖုန်းဝူချန်ကို မဖိနှိပ်နိုင်ဖြစ်နေ၏။
ဖုန်းဝူချန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ယဲ့ထျန်းဝေ ထင်ထားသည်ထက် များစွာ သာလွန်နေ၏။
"နက်နဲခြင်း အဆင့် အဆင့်မြင့် သိုင်းကွက်... ကောင်းကင်တိုက်ပွဲဝင် လက်သီး"
ယဲ့ထျန်းဝေက စွမ်းအားများကို စုစည်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။
ဒီလက်သီးချက်သည် ကြီးမားသော တောင်ကြီးတစ်လုံးကိုပင် ဖြိုဖျက်နိုင်စွမ်း ရှိသည်။
"တတိယအဆင့် ကောင်းကင်ဒေါသ လက်ဝါး"
ဖုန်းဝူချန်ကလည်း အားမခံဘဲ လက်ဝါးချက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။
"ဝုန်း"
"ဝီ"
စွမ်းအင်များ ပြည့်ဝနေသော လက်သီးနှင့် လက်ဝါး ထိတိုက်မိသောအခါ ကြီးမားသော ပေါက်ကွဲသံကြီး ဆေးဧကရာဇ် တောင်တန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ပတ်ဝန်းကျင်ရှိ တောင်တန်းများ တုန်ခါသွားပြီး နှစ်ယောက်စလုံး နောက်သို့ လွင့်စင်သွားကြသည်။
"ဆေးဧကရာဇ်ရဲ့ ခန္ဓာကိုယ်က သန်မာလွန်းတယ်။ ငါ သူ့ကို ဒဏ်ရာရအောင် လုံးဝ မလုပ်နိုင်ဘူး။ ပြီးတော့ သူက ငါ့သိုင်းကွက်တွေကို ကြိုမြင်နေသလိုပဲ"
ယဲ့ထျန်းဝေက စိတ်ပျက်စွာ တွေးလိုက်ပြီး အနီးကပ်တိုက်ပွဲကို စွန့်လွှတ်လိုက်သည်။
"သစ်ရွက်တစ်သောင်း သိုင်းကွက်"
ယဲ့ထျန်းဝေက လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်ရွက်မည်းလေးသည် ချက်ချင်းပင် ဒါဇင်ပေါင်းများစွာ ကွဲပွားသွားပြီး တစ်ခုစီတိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေ၏။
"ရွှစ်... ရွှစ်... ရွှစ်"
"ဝီ"
ယဲ့ထျန်းဝေက နောက်ထပ် လက်ဝှေ့ယမ်းလိုက်ရာ သစ်ရွက်မည်းများသည် အမည်းရောင် လျှပ်စီးများအလား ဖုန်းဝူချန်ထံသို့ ပြေးဝင်သွားကြသည်။
"ယဲ့ထျန်းဝေက ဒီသစ်ရွက်တွေကို ထိန်းချုပ်နိုင်တာပဲ"
ပေတိုယန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"စွမ်းအားက တော်တော်ပြင်းတယ်"
ပေတိုထျန်းရဲက အံ့သြတကြီး ဝင်ပြောလိုက်သည်။
"ချွင်... ချွင်... ချွင်"
ဖုန်းဝူချန်၏ လက်သီးများသည် လျင်မြန်စွာ လှုပ်ရှားနေပြီး သစ်ရွက်များကို ကာကွယ်နေရသည်။ ကာကွယ်နိုင်သော်လည်း သူ့လက်သီးများ နာကျင်နေ၏။
"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား"
ဖုန်းဝူချန်က က်ြိတ်၍ ချီးကျူးလိုက်သည်။
သို့သော် သစ်ရွက်ဒါဇင်လောက်သည် အစမ်းသဘောသာ ရှိသေးသည်။
ယခုအခါ ယဲ့ထျန်းဝေ၏ ခန္ဓာကိုယ်ပတ်လည်တွင် သစ်ရွက်ပေါင်း သောင်းချီ ဝန်းရံနေပြီး ၎င်းတို့၏ အရှိန်အဝါသည် အလွန် အားပြင်းလှသည်။ သစ်ရွက်တစ်သောင်းမှ ထွက်ပေါ်လာသော စွမ်းအားသည် မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်နှင့်ပင် ယှဉ်နိုင်လေ၏။
နဂါးနတ်ဘုရား နန်းတော်သားများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
အခန်း (၅၆၇) - ယဲ့ထျန်းဝေ၏ အရှက်တကွဲ ရှုံးနိမ့်မှု
~နဂါးနတ်ဘုရား နန်းတော်၏ ကောင်းကင်ယံထက်တွင် အဆုံးမဲ့ စွမ်းအင်များ လွှမ်းခြုံနေပြီး၊ ကြည်လင်နေသော ပင်လယ်ကြီး တစ်ခု ကောင်းကင်ပေါ်တွင် ဖွဲ့တည်နေသကဲ့သို့ စွမ်းအင်များ လှုပ်ရှားနေကြသည်။
ဒါက ယဲ့ထျန်းဝေ၏ အကြောက်မက်ဖွယ် အကောင်းဆုံး သိုင်းကွက် ဖြစ်သလို၊ သူ့ရဲ့ ဝှက်ဖဲလည်း ဖြစ်၏။
ဒီသိုင်းကွက်ဖြင့်ပင် ယဲ့ထျန်းဝေသည် အနောက်ဘက်ဒေသမှ ပါရမီရှင်များစွာကို အနိုင်ယူပြီး ဂုဏ်သတင်းကျော်ကြားလာခဲ့ခြင်း ဖြစ်၏။ 'ရှန်ဝူဂိုဏ်း' ၏ ဂိုဏ်းချုပ်လေးနှင့်ပင် ရင်ဘောင်တန်းနိုင်သည့် အဆင့်သို့ ရောက်ရှိစေခဲ့သော သိုင်းကွက်ဖြစ်၏။
စောစောက ထိပ်တိုက်ရင်ဆိုင်မှုများတွင် ဖုန်းဝူချန်ကို အနိုင်မယူနိုင်ခဲ့သလို၊ သာမန် သိုင်းကွက်များဖြင့်လည်း ဖုန်းဝူချန်ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။
ထို့ကြောင့် အစစ်အမှန်ယွမ်များကို အလဟဿ ဖြုန်းတီးနေမည့်အစား တိုက်ရိုက် တိုက်ခိုက်ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
ဖုန်းဝူချန်ကို ဖိနှိပ်နိုင်သည့် စွမ်းအား မရှိသည့်အခါ ယဲ့ထျန်းဝေအနေဖြင့် အကောင်းဆုံး အခြေအနေတွင် အစွမ်းထက်ဆုံး သိုင်းကွက်ကို ထုတ်သုံးခြင်းသည် မှန်ကန်သော ရွေးချယ်မှုပင် ဖြစ်၏။
အကယ်၍ ဒဏ်ရာရပြီးမှ ထုတ်သုံးမည်ဆိုပါက စွမ်းအားများ လျော့ကျသွားမည်မှာ အသေအချာပင်။
"ဒါ ဘယ်လို သိုင်းကွက်မျိုးလဲ။ စွမ်းအားက ကြောက်စရာ ကောင်းလိုက်တာ"
"ဒီလူက တော်ရုံ မဟုတ်ဘူး။ သူ့တိုက်ခိုက်စွမ်းရည်က ကောင်းကင်ဘုံလူသား အဋ္ဌမအလွှာနဲ့တောင် ယှဉ်နိုင်တယ်"
"ဒီလို ထူးခြားတဲ့ သိုင်းကွက်မျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ သစ်ရွက်လေး တစ်ရွက်တည်းနဲ့ ဒီလောက် လုပ်နိုင်တာ တကယ့်ကို အံ့သြစရာပဲ"
နဂါးနတ်ဘုရား နန်းတော်သားများ အံ့အားသင့်ကာ အော်ဟစ်လိုက်မိကြသည်။ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေ၏။
လောကအနှံ့ လှည့်လည်သွားလာဖူးသော လင်ရှောင်ရှောင်ပင်လျှင် ဤကဲ့သို့ ထူးဆန်းသော သိုင်းကွက်မျိုးကို တစ်ခါမျှ မကြုံဖူးပေ။
"သူ့ရဲ့ ဝိညာဉ်လက်နက်က နည်းနည်း ထူးခြားတယ်။ စောစောက သူဖန်တီးလိုက်တဲ့ သစ်ရွက်တွေက ဝိညာဉ်လက်နက်ရဲ့ ကိုယ်ပွားတွေနဲ့ တူနေတယ်။ စွမ်းအင်သက်သက်နဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး"
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ ယဲ့ထျန်းဝေ၏ ဝှက်ဖဲကို သူ လျှော့မတွက်ရဲပေ။
"ဆေးဧကရာဇ်... ဒါ ကျွန်တော့်ရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်ပဲ။ ကျွန်တော့်ရဲ့ 'သစ်ရွက်တစ်သောင်း သိုင်းကွက်'ကို ခံနိုင်တဲ့လူ တစ်ယောက်မှ မရှိသေးဘူး"
ယဲ့ထျန်းဝေက ဖုန်းဝူချန်ကို ကြည့်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ခင်ဗျားမှာ ဒီလို ထူးခြားတဲ့ သိုင်းကွက် ရှိနေတာ အံ့သြစရာပဲ။ စွမ်းအားကလည်း မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်နဲ့ ညီမျှနေတာကိုး"
ဖုန်းဝူချန်က တည်ငြိမ်စွာ ပြောရင်း လက်ကို ဆန့်ထုတ်လိုက်ရာ နဂါးနတ်ဘုရား ဓားသည် လေထဲမှ ရုတ်တရက် ပေါ်ထွက်လာ၏။
နဂါးနတ်ဘုရား ဓား ပေါ်လာသည်နှင့် ဖုန်းဝူချန်၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်သွားသည်။
"ဆေးဧကရာဇ်... ကျွန်တော့်တိုက်ကွက်ကို ခံပေတော့"
ယဲ့ထျန်းဝေက အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရွှစ်... ရွှစ်... ရွှစ်"
"ဝီ... ဝီ"
ထောင်ပေါင်းများစွာသော သစ်ရွက်မည်းများသည် အမှောင်ထု ဥက္ကာပျံများအလား ဖုန်းဝူချန်ထံသို့ ပြေးဝင်လာကြသည်။ လေထုကို ခွဲဖြတ်သံများက နားကွဲမတတ် ကျယ်လောင်လှသဖြင့် နဂါးနတ်ဘုရား နန်းတော်သားများအားလုံး နားကို ပိတ်ထားလိုက်ရသည်။ စွမ်းအင် ပြင်းထန်လွန်းသဖြင့် နေရာလပ်များတွင် အက်ကြောင်းလေးများပင် ပေါ်လာတော့သည်။
သစ်ရွက်တိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေ၏။
အကယ်၍ ထိုသစ်ရွက်များ နဂါးနတ်ဘုရား နန်းတော်ပေါ် ကျရောက်လာပါက... ရာချီသော နန်းတော်သားများ တစ်ခဏချင်း အသက်ပျောက်သွားနိုင်သည်။
မရေမတွက်နိုင်သော သစ်ရွက်မည်းများကို မြင်လိုက်ရသောအခါ နဂါးနတ်ဘုရား နန်းတော်သားများ ကြောက်လန့်တုန်လှုပ်သွားကြသည်။ ယဲ့ထျန်းဝေ၏ တိုက်ခိုက်စွမ်းရည်က အလွန် ကြောက်စရာ ကောင်းနေ၏။
ဖုန်းဝူချန်သည် နဂါးနတ်ဘုရား ဓားထဲသို့ စွမ်းအားများ အကုန်သွင်းလိုက်ရာ သွေးရောင်အလင်းတန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအရှိန်အဝါများ အရိုင်းဆန်စွာ ပြန့်နှံ့သွားသည်။ ကမ္ဘာပျက် စွမ်းအားကို မသုံးလျှင်တောင်မှ ဖုန်းဝူချန်၏ စွမ်းအားက ကြောက်စရာ ကောင်းနေဆဲပင်။
"ဝိညာဉ်ချေမှုန်း ဓားသိုင်း... နတ်ငိုသရဲ အော်သံ…"
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့အရှိန်အဝါများ အဆုံးမဲ့ မြင့်တက်သွားပြီးနောက် နဂါးနတ်ဘုရား ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အားကုန် ခုတ်ပိုင်းလိုက်သည်။
"ရွှစ်"
"ဝီ"
ဓားသွားမှ သွေးရောင်အလင်းတန်းများ ဖြာထွက်လာပြီး ကိုက် (၁၀၀) ခန့် ရှည်လျားသော ဓားအလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားသည်။ နေရာလပ် တစ်ခုလုံး သွေးရောင်လွှမ်းသွားသကဲ့သို့ ထင်ရသည်။
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက် ပါလား ၊ ဝိညာဉ်ကို တုန်လှုပ်စေတဲ့ အရှိန်အဝါပဲ"
ယဲ့ထျန်းဝေ၏ နှလုံးသား တုန်လှုပ်သွားပြီး နှလုံးခုန်သံများ မြန်ဆန်လာ၏။ သွေးရောင် ဓားအလင်းတန်းကြီးကို ကြည့်ရင်း ထိတ်လန့်သွားမိသည်။
"ချွင်... ချွင်... ချွင်"
"ဝီ"
သောင်းချီသော သစ်ရွက်မည်းများသည် ဓားအလင်းတန်းကြီးနှင့် ပြင်းထန်စွာ ဝင်ရောက် တိုက်မိသော်လည်း ဓားအလင်းတန်းကြီးကို မလှုပ်ခါစေနိုင်ပေ။ ဓားအလင်းတန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ သစ်ရွက်မည်းများအားလုံး လွင့်စင်ပျက်စီးကုန်ကြသည်။
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယဲ့ထျန်းဝေမှာ အလွန် ထိတ်လန့်သွားသည်။ သူ ဂုဏ်ယူဝင့်ကြွားစွာ အသုံးပြုခဲ့သော သိုင်းကွက်သည် ဖုန်းဝူချန်၏ ဓားချက်အောက်တွင် အလွယ်တကူ ပျက်စီးသွားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
သစ်ရွက်တစ်သောင်း သိုင်းကွက်သည် မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်များနှင့် ယှဉ်နိုင်ပြီး စွမ်းအား အလွန် ကြီးမားသည်။
"ဆေးဧကရာဇ်ရဲ့ ဓားသိုင်းက... ဒါ ဖြစ်နိုင်တာက..."
ယဲ့ထျန်းဝေ တစ်စုံတစ်ခုကို ရိပ်မိလိုက်သကဲ့သို့ မျက်နှာ ပိုမို ဖြူလျော်သွားသည်။
ရက်စက်ကြမ်းကြုတ်သော သွေးရောင် ဓားအလင်းတန်းကြီးသည် ယဲ့ထျန်းဝေ၏ သစ်ရွက်မည်းများကို ဖျက်ဆီးပြီးနောက် သူ့ထံသို့ တရှိန်ထိုး ဝင်ရောက်လာ၏။
"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"
ယဲ့ထျန်းဝေက အံ့သြတကြီး ခေါင်းခါရင်း ရေရွတ်လိုက်သည်။
"ယဲ့ထျန်းဝေ... ရှောင်လိုက်လေ"
ယဲ့ထျန်းဝေ ကြောင်အနေသည်ကို မြင်သောအခါ ယီထျန်းချင်းက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"သူက ခန်းမသခင်ရဲ့ 'အင်မော်တယ် ကျင့်စဉ်' ကြောင့် မှင်သက်သွားတာပဲ"
ဟု ပေတိုယန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ယဲ့ထျန်းဝေသည် အနောက်ဘက်ဒေသ၏ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်သည့်အားလျော်စွာ စိတ်ဓာတ်ကြံ့ခိုင်မှု မနည်းလှပေ။
ခဏမျှ ကြောင်သွားပြီးနောက် ယဲ့ထျန်းဝေ အသိပြန်ဝင်လာ၏။
"အစစ်အမှန်ယွမ် ဒိုင်းကာ"
"နက်နဲခြင်း အဆင့် အဆင့်မြင့် သိုင်းကွက်... ဓာတ်ကြီးငါးပါး ဆန်းကြယ်ဒိုင်း"
ယဲ့ထျန်းဝေက ကပျာကယာပင် သူ့အတွင်းအားများကို ထုတ်ဖော်ကာ စွမ်းအင်ဒိုင်းတစ်ခု ဖန်တီးလိုက်ပြီး ကာကွယ်ရေး ဝတ်စုံကိုပါ ဆင့်ခေါ်လိုက်သည်။
"ဝုန်း"
"အွတ်"
ကြောက်မက်ဖွယ် သွေးရောင် ဓားအလင်းတန်းကြီးသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။ ယဲ့ထျန်းဝေသည် ပုရွက်ဆိတ်တစ်ကောင်အလား သေးငယ်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ စွမ်းအင်ဒိုင်းနှင့် ကာကွယ်ရေး ဝတ်စုံတို့ ကွဲကြေသွားပြီး ယဲ့ထျန်းဝေ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာကာ ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်စင်သွားတော့သည်။
"ဆေးဧကရာဇ်ရဲ့ စွမ်းအားက တကယ် ကြောက်စရာ ကောင်းတာပဲ"
ယဲ့ထျန်းဝေက စိတ်ထဲတွင် ထိတ်လန့်စွာ တွေးလိုက်မိသည်။ မကျေနပ်သော်လည်း သူ ရှုံးနိမ့်သွားခဲ့တော့၏။
အနောက်ဘက်ဒေသ၏ ထိပ်တန်း ပါရမီရှင်တစ်ယောက်အနေဖြင့် ပါရမီရှင်ပေါင်းများစွာကို အနိုင်ယူခဲ့ဖူးပြီး ရှုံးပွဲမရှိ စံချိန်တင်ထားခဲ့သော်လည်း... ယခုအခါ ဖုန်းဝူချန်၏ လက်ချက်ဖြင့် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရသည်။
"ဝီ... ဝီ"
ပေါက်ကွဲမှု ဗဟိုချက်မှ အက်ကြောင်းများ ပင့်ကူအိမ်သဖွယ် ဖြာထွက်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ အရပ်မျက်နှာအနှံ့ ရိုက်ခတ်သွားရာ နေရာလပ်တစ်ခုလုံး တုန်ခါသွားသည်။
ခန့်ညားထည်ဝါသော နဂါးနတ်ဘုရား နန်းတော်ကြီးပင် သိသိသာသာ လှုပ်ခါသွားပြီး လူတိုင်း ယိမ်းထိုးကုန်ကြသည်။
ကံကောင်းသည်မှာ သူတို့သည် မြေပြင်ပေါ်တွင် ရှိနေခြင်းကြောင့်သာ။ သို့မဟုတ်ပါက နဂါးနတ်ဘုရား နန်းတော်သည် ဤမျှ ကြောက်မက်ဖွယ် စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
မကြာမီ ယဲ့ထျန်းဝေသည် ပေါက်ကွဲမှုကြားမှ လွင့်စင်ထွက်လာပြီး ဒဏ်ရာအပြင်းအထန် ရရှိကာ အောက်သို့ ပြုတ်ကျလာတော့သည်။
ဓားချက်တစ်ချက်တည်းနှင့် ယဲ့ထျန်းဝေ အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားသည်။
"ချီဟွမ်... သူ့ကို 'ရုံရွှယ့်တာ့ဟွမ်' ဆေးလုံး တိုက်လိုက်"
ဖုန်းဝူချန်က အလျင်အမြန် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ချီဟွမ်က ချက်ချင်းပင် ပြေးထွက်သွားပြီး ယဲ့ထျန်းဝေကို ဆေးတိုက်လိုက်သည်။
"ခန်းမသခင်က တကယ်ကို ကြောက်စရာကောင်းတယ်။ ဓားချက် တစ်ချက်တည်းနဲ့ ယဲ့ထျန်းဝေရဲ့ သိုင်းကွက်ကို ဖျက်ဆီးလိုက်တာပဲ"
"တခြားလူသာ ဆိုရင် ယဲ့ထျန်းဝေရဲ့ သိုင်းကွက်ကို ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး"
နဂါးနတ်ဘုရား နန်းတော်သားများ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။ ဖုန်းဝူချန် အနိုင်ရသည့်အတွက် ဝမ်းသာနေကြသလို၊ ယဲ့ထျန်းဝေ၏ သိုင်းကွက် ကြောက်စရာ ကောင်းပုံကိုလည်း အံ့သြနေကြသည်။
"လူသတ် အရှိန်အဝါ..."
ဖုန်းဝူချန် အောက်သို့ ဆင်းသက်ရန် ပြင်လိုက်စဉ်မှာပင် ပြင်းထန်သော လူသတ် အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
"အားလုံး သတိထားကြ... ရန်သူလာနေတယ်"
လင်ရှောင်ရှောင်က ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်သည်။
"ကောင်းကင်ဘုံလူသား အဋ္ဌမအလွှာပဲ"
ယီထျန်းချင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သွမ့်မိုမင်..."
ကောင်းကင်ယံ အဝေးမှ လူရိပ်တစ်ခု လျှပ်စီးလက်သကဲ့သို့ ပျံသန်းလာသည်ကို မြင်လိုက်ရသောအခါ ဖုန်းဝူချန် ရင်းနှီးနေသော ပုံရိပ်ကို မှတ်မိလိုက်သည်။
ရောက်လာသူမှာ အခြားသူ မဟုတ်... ဝင်္ကပါပင်လယ်နယ်မြေ၊ သန့်ရှင်းသော နေမင်းဂိုဏ်း မှ 'သွမ့်မိုမင်' ပင် ဖြစ်လေ၏။ ဝင်္ကပါ ပင်လယ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင်။
"ဖုန်းဝူချန်... မင်းအသက်က ငါ့ပိုင်ဆိုင်မှုပဲ"
ကောင်းကင်ထက်မှ သွမ့်မိုမင်၏ အသံသည် လူသတ် အရှိန်အဝါများ ပြည့်နှက်လျက် ဟိန်းထွက်လာတော့သည်။