← Chapters

ဆုလာဘ်အသစ်များ

Vol. 12 Ch. 111

ဆုလာဘ်အသစ်များ

Vol. 12 Ch. 111

အခန်းထဲရှိ ကုတင်ပေါ်တွင် ကျုံးချင်သည် အမျိုးသမီး၏ ဒဏ်ရာရနေသောပခုံးမှ ဝတ်ရုံရှည်ကို ဖယ်လိုက်ပြီး သူမ၏ဒဏ်ရာကို ကုသပေးလိုက်သည်။

သူမ၏ခန္ဓာကိုယ်မှ သွေးများကို သူ မျက်နှာသုတ်ပုဝါဖြင့် သုတ်ပေးနေစဉ်တွင် တိုးညင်းသော ညည်းညူသံတစ်ခုကို ကြားလိုက်ရပြီး အမျိုးသမီး၏မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။ ထို့နောက် သူမကို ပြုစုစောင့်ရှောက်ပေးနေသော ကျုံးချင်ကို တွေ့မိလေ၏။

သူမ၏အဝတ်အစား လှစ်ဟထားခြင်း ခံရပြီး နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေ ပေါ်လွင်နေသည်ကို မြင်တွေ့ချိန်၌ သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် စကားတစ်ခွန်းမျှ မပြောဘဲ သူ့ကို ပါးရိုက်လိုက်သည်။

အမျိုးသမီး နိုးလာသည်ကို မြင်ပြီး သူ့ဆေးလုံး၏အစွမ်းအစကို တိတ်တဆိတ် အံ့အားသင့်နေသော ကျုံးချင်သည် ရုတ်တရက် တိုက်ခိုက်ခံလိုက်ရခြင်းပင်။ သူသည် အမျိုးသမီး၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။

"မင်း ရူးနေလား... ငါက မင်းရဲ့အသက်ကို ကယ်ခဲ့တာလေ... မင်းရဲ့ ကယ်တင်ရှင်ကို ဒီလိုမျိုး ဆက်ဆံတာလား"

အမျိုးသမီးက ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်သည်။

"နင်က ရမ္မက်ကြီးတဲ့ လူယုတ်မာပဲ... နင် ငါ့ကို ကယ်ခဲ့ရင်တောင် ငါ့ရဲ့အဝတ်အစားတွေကို ချွတ်စရာ အကြောင်းမရှိဘူး"

ကျုံးချင် ဒေါသထွက်သွားသည်။

"သောက်ချေးပဲ..."

သူသည် အမျိုးသမီးကို ကုတင်ပေါ်သို့ ပြန်ပစ်ချလိုက်ပြီး နံဘေးခန်းတွင် ကျင့်ကြံနေသော လင်းဖုန်းကို ခေါ်လိုက်သည်။

"တပည့်... ဒီမိန်းမကို ငါ့အတွက် အပြင်သွားပြီးလွှင့်ပစ်လိုက်စမ်း... မှတ်ထား... မင်း သူ့ကို တွေ့ခဲ့တဲ့ နေရာကို ပြန်လွှင့်ပစ်လိုက်...."

"နားလည်ပါပြီ ဆရာ..."

လင်းဖုန်းသည် ဖြစ်ပျက်ခဲ့သည့်အရာများကို မမြင်လိုက်ရသော်လည်း မည်သို့ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်း ခန့်မှန်းမိသည်။ ဤအမျိုးသမီးသည် အနည်းငယ် ကျေးဇူးကန်းသည်ဟုလည်း သူ တိတ်တဆိတ် ခံစားမိပေ၏။

သို့သော် သူ မလှုပ်ရှားမီ ဟန်တွမ်တောင်တန်းထဲသို့ ပြန်လည် လွှင့်ပစ်ခံရမည်ဟု ကြားလိုက်ရချိန်၌ အမျိုးသမီး ချက်ချင်းထိတ်လန့်သွားသည်။ ထိုနေရာသည် အလွန်အန္တရာယ် များပေ၏။ သူမသည် အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင် ဤအန္တရာယ်များကို ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် သူမ၏လက်ရှိ အခြေအနေတွင် ပြန်သွားခြင်းသည် သေချာပေါက် သေမင်းနှင့် ရင်ဆိုင်ရမည့် အတွေ့အကြုံ ဖြစ်ပေလိမ့်မည်။

လင်းဖုန်းသည် ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလာပြီး သူမကို ခေါ်ထုတ်သွားတော့မည်အား မြင်တွေ့ချိန်၌ သူမ ဒေါသထွက်ခြင်း မကျေမနပ်ဖြစ်ခြင်း စိုးရိမ်ပူပန်မိခြင်းတို့ကို ရောယှက်၍ ခံစားနေရသည်။

'ဒီလူတွေက ဘယ်လို လူစားမျိုးတွေလဲ... အမျိုးသမီးတွေကို တန်ဖိုးထားရမယ် ကာကွယ်ရမယ် ဆိုတာ သူတို့ လုံးဝ မသိကြဘူးလား'

သူမက တွေးတောလိုက်သည်။

နောက်ဆုံးတွင် သူမသည် စိတ်ပျက်အားငယ်စွာဖြင့် သူမ၏အထောက်အထားကို ထုတ်ဖော်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ချေ။

"အစကတော့ ငါက သာမန်လူတစ်ယောက်လိုမျိုး နင်တို့နဲ့ ဆက်ဆံချင်ခဲ့ပေမယ့်....ငါ ပြန်ရလိုက်တာက ဆိုးရွားတဲ့ ဆက်ဆံမှုပဲ"

"ကောင်းပြီလေ... ဟန်ဆောင်မနေတော့ဘူး... ငါ့ရဲ့လျှို့ဝှက်ချက်တစ်ခုကို ငါ ပြောပြမယ်"

"ငါက အနောက်ပိုင်းဒေသ တုန်းယန် အင်ပါယာရဲ့ ဧကရီပဲ"

"အခု ငါ ဒီနယ်မြေကို သိမ်းယူလိုက်ပြီ... ငါ့ကို ဘေးကင်းတဲ့ နေရာထိုင်ခင်းပေးဖို့ နင်တို့ကို အမိန့်ပေးပိုင်ခွင့် ငါ့မှာ ရှိတယ်"

"ဒီဧကရီက ဒီကပ်ဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်သရွေ့ အနာဂတ်မှာ နင်တို့ကို သေချာပေါက် ဆုချီးမြှင့်မယ်"

"နင်တို့နေတဲ့နေရာလို နေရာငယ်လေးမှာ ဘုရင်အဆင့် နတ်ဘုရားလက်နက်တွေနဲ့ ကျင့်ကြံနည်းစနစ်တွေက ထူးခြားတဲ့အရာတွေပဲ မဟုတ်လား"

"ဒီဧကရီက တုန်းယန်အင်ပါယာကို ပြန်ရောက်တာနဲ့ ဘုရင်အဆင့်ကျင့်ကြံနည်းစနစ်တွေနဲ့ နတ်ဘုရားလက်နက်တွေအပြင်... ဒီထက် အဆင့်ပိုမြင့်တဲ့ ပစ္စည်းတွေကိုတောင် ရှင်တို့ စိတ်ကြိုက် ရွေးချယ်နိုင်စေရမယ်"

သူမသည် ကျုံးချင်နှင့်လင်းဖုန်းကို မောက်မာထောင်လွှားသော အမူအယာဖြင့် ကြည့်လိုက်သည်။ သူမ၏အမြင်အရ သူမ၏ အထောက်အထားကို ထုတ်ဖော်လိုက်သည်နှင့် သူတို့နှစ်ယောက် သံသယ ဖြစ်ကြပေလိမ့်မည်။ ထို့နောက် သူမ၏အထောက်အထားကို သက်သေပြနိုင်သည့် အရာတစ်ခုကို ထုတ်ပြလိုက်လျှင် သူတို့နှစ်ယောက်သား ခွေးများကဲ့သို့ ဒူးထောက်လာကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် အခြေအနေသည် သူမ မျှော်လင့်ထားသည်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။ ကျုံးချင်၏မျက်နှာထား ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်နေပေ၏။

'ဒီအရူးမက ဘယ်က ရောက်လာတာလဲ'

သူ တွေးတောလိုက်မိသည်။

"တပည့်... သူ့ကို မြန်မြန်လွှင့်ပစ်လိုက်စမ်း"

ယခုချိန်၌ ဤအမျိုးသမီးကို ကြည့်ရသည်နှင့်ပင် သူ စိတ်အနှောင့်အယှက် ဖြစ်နေလေပြီ။ လင်းဖုန်းသည် စကားတစ်ခွန်းမျှ မပြောဘဲ အမျိုးသမီးကို ကောက်မကာ ထွက်ခွာသွားတော့သည်။

"ဒီဧကရီကို လွှတ်..."

"ဒီဧကရီက တုန်းယန်အင်ပါယာရဲ့ အုပ်စိုးသူပဲ... နင် ငါ့ကို ဒီလိုမျိုး ဆက်ဆံရဲတယ်ပေါ့... ဒီဧကရီက နင့်ရဲ့မျိုးနွယ်တစ်ခုလုံးကို သုတ်သင်ပစ်မှာ မကြောက်ဘူးလား"

အမျိုးသမီးက ပြင်းပြင်းထန်ထန် ရုန်းကန်နေသည်။ သို့ရာတွင် လင်းဖုန်းက သူမကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်သည်။ သူ သူမကို 'တကယ့် အရူးမပဲ' ဆိုသည့် အကြည့်ဖြင့်သာ ကြည့်လိုက်၏။

ထိုအမျိုးသမီး၏စကားများ မှန်သည် မှားသည်ကို ဘေးဖယ်ထားလျှင်ပင် သူမ အမှန်တကယ်ကို ဧကရီ ဖြစ်နေလျှင်ပင် မည်သို့ ရှိမည်နည်း။ သူ၏ဆရာသည် အင်မော်တယ်ဧကရာဇ်ပင်။ သူ့ဆရာ၏ရှေ့တွင် နဂါးဆိုလျှင် ခွေနေရပြီး ကျားဆိုလျှင် ဝပ်နေရပေမည်။ အစစ်အမှန်နတ်ဘုရားတစ်ပါး ဆင်းသက်လာလျှင်ပင် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရပေလိမ့်မည်။

ထို့နောက် သူသည် အမျိုးသမီးကို ဟန်တွမ် တောင်တန်းအထိ ပြန်သယ်သွားသည်။ နောက်ဆုံးတွင် သူသည် သူမကို ကမ်းပါးပေါ်ရှိ ကောက်ကွေးကွေး သစ်ပင်ပေါ်သို့ ပစ်တင်လိုက်ပြီးနောက် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။

"နင် ပြန်လာခဲ့... ပြန်လာခဲ့ဖို့ ဒီဧကရီက အမိန့်ပေးတယ်"

အမျိုးသမီးက သစ်ပင်ပေါ်မှနေ၍ အသံကုန် အော်ဟစ်လိုက်သည်။ သို့သော် လင်းဖုန်းသည် သူမကို ဂရုမစိုက်ချေ။ မျက်စိတစ်မှိတ်အတွင်း သူ ပျောက်ကွယ်သွားလေပြီ။

တောင်လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သစ်ပင်ငယ်လေး ယိမ်းထိုးသွားသဖြင့် အမျိုးသမီးသည် လေအေးထဲတွင် တုန်ရီသွားပေ၏။ တောင်ပေါ်သစ်တောထဲမှ ရံဖန်ရံခါ ထွက်ပေါ်လာသော နတ်ဆိုးသားရဲများ၏ ဟိန်းဟောက်သံများကို ကြားလိုက်ရချိန်တွင် သူမ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်။ ထွက်ပေါက်မရှိ ချောင်ပိတ်မိခြင်းသည် မည်သည့်အရာ ဖြစ်သည်ကို သူမ ထပ်မံ၍ ခံစားလိုက်ရသည်။

အချိန်တခဏအတွင်းတွင် သူမ၏စိတ်ထဲ၌ အဆုံးမဲ့ နောင်တတရားများ ပေါက်ဖွားလာသည်။ သူမ အချိန်တခဏခန့် သည်းခံခဲ့လျှင် ယခုကဲ့သို့ ရလဒ်မျိုး ဖြစ်ပေါ်လာမည် မဟုတ်ချေ။ သူမထံ၌ နောင်တတရားနှင့်အတူ အကန့်အသတ်မဲ့သော မုန်းတီးမှုများလည်း ကြီးထွားလာသည်။

သူမသည် မည်သူ ဖြစ်သနည်း...

တုန်းယန် အင်ပါယာ၏ အုပ်စိုးသူဖြစ်ကာ လူသောင်းချီအထက်က တည်ရှိမှုကြီးပင်။ မည်သူကမျှ သူမကို ဤကဲ့သို့ မဆက်ဆံရဲခဲ့ဖူးပေ။

...

ထိုအမျိုးသမီးကိစ္စကို ကျုံးချင် လျှင်မြန်စွာ မေ့လျော့သွားသည်။ ထို့ထက်ပို၍ မှန်ကန်အောင် ပြောရလျှင် သူသည် ထိုအမျိုးသမီးကို အာရုံစိုက်လိုစိတ် မရှိတော့ခြင်းပင်။ အကြောင်းအရင်းကမူ သူ၏ကျင့်ကြံဆင့်သည် နောက်ဆုံးတွင် ထပ်မံ၍ အဆင့်တက်သွားသောကြောင့် ဖြစ်သည်။ လက်ဖက်ရည်တစ်ခွက်သောက်ချိန် အတွင်းမှာပင် သူ အဆင့်တက်သွားခဲ့သည်။

သူသည် သူ၏ကိုယ်ပိုင်အချက်အလက် ဇယားကွက်ကို ဖွင့်လိုက်၏။

[ ပိုင်ရှင်...ကျုံးချင်

ကျင့်ကြံခြင်း...ယင်သုံးပါးနယ်ပယ်

တပည့် လင်းဖုန်း... ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့် (အဆတစ်ရာ တိုးမြှင့်မှု အသက်ဝင်နေသည်)

တပည့် စုယဲ့...ချန်ရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် (အဆတစ်ရာ တိုးမြှင့်မှု အသက်ဝင်နေသည်)

အသက်ဝင်နေသော နှောင်ကြိုးများ: အမှိုက်နှောင်ကြိုး ၂/၂ (နောက်ထပ် နှောင်ကြိုးများ ထပ်မံ၍ဖော်ထုတ်ရန် ရှိသည်)

ရရှိထားသော ရုပ်ခန္ဓာကိုယ်... မရှိ

ရရှိထားသော အထူးစွမ်းရည်များ: လောက်လျူအရှိန်အဝါ ကောင်းကင်ဘုံမျက်လုံး အဆင့်တူ ပြိုင်ဘက်များကို အင်အားသုံးချေမှုန်းခြင်းကိုယ်ပိုင်ကမ္ဘာငယ်]

လင်းဖုန်းသည် လွန်ခဲ့သော တစ်လကတည်းက ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ စုယဲ့သည်လည်း ချန်ရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အဆတစ်သောင်း ပြန်လည်ရရှိမှုကြောင့်သူတို့နှစ်ယောက် လအနည်းငယ်ကြာ ကျင့်ကြံပြီးချိန်တွင် နောက်ဆုံး၌ သူ၏ကျင့်ကြံခြင်းကို ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်မှ ယင်သုံးပါးနယ်ပယ်သို့ တွန်းပို့နိုင်ခဲ့သည်။

ခြံဝန်းငယ်လေးထဲတွင် ကျုံးချင်သည် ကျောက်ခုံပေါ်၌ ထိုင်ကာ လက်သီးကို ဖွဖွဆုပ်လိုက်ပြီး မကြုံစဖူးစွမ်းအားကို ခံစားလိုက်ရသည်။ ဤစွမ်းအားသည် သူ၏လက်တစ်ဖက်တည်းဖြင့် တောင်တစ်လုံးကို ချေမှုန်းနိုင်သကဲ့သို့ ခံစားရစေသည်။

သူ၏ကျင့်ကြံဆင့်တက်လာမှုနှင့်အတူ စနစ် ဆုလာဘ်များလည်း ကပ်ပါလာသည်။

"ဂုဏ်ယူပါတယ် လက်ခံသူ... ယင်သုံးပါးနယ်ပယ်သို့ ရောက်ရှိသွားပါပြီ... ဆုလာဘ်... ရှေးဟောင်း နယ်ခြားသားရဲကတ် တစ်ကတ်"

"ရှေးဟောင်း နယ်ခြားသားရဲကတ်...ရှေးဟောင်း နယ်ခြားသားရဲတစ်ကောင်ကို ဆင့်ခေါ်နိုင်သည်... ပိုင်ရှင်က ယဉ်ပါးအောင် လုပ်ရမည်"

ကျုံးချင် မမျှော်လင့်ထားသည်မှာ ဤတစ်ကြိမ်တွင် စနစ်သည် သူ၏ကျင့်ကြံဆင့် မြင့်တက်မှုအတွက် အပိုဆုလာဘ် ပေးခဲ့ခြင်းပင်။ သူသည် စနစ်၏ သိုလှောင်နေရာထဲမှ ရှေးဟောင်း နယ်ခြားသားရဲကတ်ကို ထုတ်ယူလိုက်သည်။

ဤသည်မှာ လက်တစ်ဝါးစာ အရွယ်အစားရှိသော မီးခိုးရောင် ကတ်ပြားတစ်ခုပင်။ ထိုကတ်၏မျက်နှာပြင်တွင် နေ လ ကြယ် တောင်တန်းများနှင့် မြေပြင် ပုံစံများကို ရေးထွင်းထားသည်။ ထိုအရာမှနေ၍ ရှေးဟောင်းဆန်ပြီး ရိုင်းစိုင်းသော အရှိန်အဝါကို ထုတ်လွှတ်ထားပေ၏။

တောင်တန်းများနှင့် မြေပြင်၏ အထက်တွင် နယ်ခြားသားရဲများ၏ လှုပ်ရှားနေသော ပုံရိပ်များစွာလည်း ရှိနေသည်။ နေ လ နှင့် ကြယ်များကို ဝါးမြိုချင်နေသည့်အလား အထက်သို့မော့ကြည့်ပြီး အူနေသော ကောင်းကင်ဝံပုလွေ တစ်ကောင် ရှိသည်။ ကောင်းကင်ကိုးထပ်ကို ရိုက်ခတ်တော့မည့်အလား အတောင်ပံများကို ဖြန့်ကျက်ပြီး မြင့်မားစွာ ပျံသန်းနေသော ရွှေတောင်ပံ ဂဠုန်ကြီးတစ်ကောင်လည်း ရှိပေ၏။ နဂါးပြာများ ချီလင်များနှင့် ဖီးနစ်ငှက်များကဲ့သို့ ကြောက်မက်ဖွယ် သားရဲများလည်း ထွက်ပေါ်လာသည်။ ဤကတ်ပြားလေးပေါ်တွင် ကမ္ဘာလောကကြီးတစ်ခုလုံးကို ရိုက်နှိပ်ထားသကဲ့သို့ ဖြစ်နေပြီး သေချာကြည့်လိုက်လျှင် အသက်ဝင်လာသကဲ့သို့ပင် ခံစားရစေသည်။

"စနစ်... ဒီ ရှေးဟောင်း နယ်ခြားသားရဲကတ်က စိတ်ကြိုက် ဆင့်ခေါ်တာလား... ကျပန်း ဆင့်ခေါ်တာလား"

"ကျပန်း ဆင့်ခေါ်ခြင်း..."

"ဆင့်ခေါ်လိုက်သော နယ်ခြားသားရဲ၏စွမ်းအားသည် ပိုင်ရှင်၏အဆင့်ထက် ကျော်လွန်မည် မဟုတ်ချေ"

ဤသည်က ကျုံးချင်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။ သူ စိတ်ကြိုက်ဆင့်ခေါ်နိုင်လျှင် သူ၏ ပထမဆုံးရွေးချယ်မှုမှာ နဂါးပြာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ယခင်ဘဝက ဟန်လူမျိုးတစ်ဦးအနေဖြင့် နဂါးပြာ၏ဆွဲဆောင်မှုကို သူ မည်သို့ တွန်းလှန်နိုင်မည်နည်း။

သို့သော် နဂါးပြာတစ်ကောင်ကို အမှန်တကယ် ဆင့်ခေါ်နိုင်လျှင်ပင် မည်သူက မည်သူ့ကို ယဉ်ပါးအောင် လုပ်နိုင်မည်ကိုပြောရန် ခက်ခဲပေလိမ့်မည်။ ဒုတိယကန့်သတ်ချက်သည် စနစ်က သူ့အတွက် အကာအကွယ် ပေးထားခြင်း တစ်မျိုးဟုလည်း ယူဆနိုင်သည်။

ကျုံးချင်းသည် များစွာတွန့်ဆုတ်မနေဘဲ ဆင့်ခေါ်ခြင်းကတ်ကို လေထဲသို့ တိုက်ရိုက် ပစ်တင်လိုက်သည်။ အလင်းတန်းတစ်တန်း ဖြတ်သန်းသွားပြီးနောက် ဆင့်ခေါ်ခြင်းကတ်သည် တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

တွင်းနက်ကြီး၏ ပတ်လည်တွင် ကြယ်စင်စုများနှင့် လျှပ်စီးများ ထူထပ်သိပ်သည်းစွာ ရှိနေပြီး ထိုအရာ၏ နက်ရှိုင်းမှု ရှေးကျမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့ကို ပြသနေသည်။ မကြာမီ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က တွင်းနက်ကြီးအတွင်းမှ ထွက်ပေါ်လာသည်။ ဆင့်ခေါ်ခြင်းကတ်မှ ဆင့်ခေါ်လိုက်သော နယ်ခြားသားရဲသည်လည်း သူ၏ ပုံပန်းသဏ္ဍာန်အမှန် တစ်စိတ်တစ်ဒေသကို ထုတ်ဖော်ပြသလိုက်သည်။

ကျုံးချင်က မျက်ခုံးပင့်လိုက်သည်။

"တကယ်ကြီး ဒီကောင် ဖြစ်နေတာပဲ"

All Chapters