← Chapters

ဒီတံခါး မပွင့်ရင် ဟိုတံခါး ပွင့်မယ်

Vol. 12 Ch. 112

ဒီတံခါး မပွင့်ရင် ဟိုတံခါး ပွင့်မယ်

Vol. 12 Ch. 112

ခြံဝန်းအထက်တွင် မိုးခြိမ်းသံများ ဆူညံသွားပြီး ရာသီဥတုအခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။

ထူးဆန်းသော သားရဲတစ်ကောင်သည် တွင်းနက်ကြီးထဲမှ ခုန်ထွက်လာခဲ့သည်။

ထိုသားရဲ၏အရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။

မကြာမီတွင် ဤသည်က မူဖူတောင်ပေါ်ရှိ လူများအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ရှေးဟောင်းဆေးဖော်စပ်နည်းကို လေ့လာနေကြသော ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် ခြံဝန်းထဲသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

မိုးကောင်းကင်ယံတွင် ရပ်တန့်နေသော ထူးဆန်းသည့် သားရဲကြီးကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးလုံး မှင်သက်သွားကြသည်။

စုယဲ့နှင့်လင်းဖုန်းတို့သည်လည်း ထိုနေရာသို့ ချက်ချင်းရောက်ရှိလာသည်။

သူတို့သည် ထိတ်လန့်သော အမူအယာများဖြင့် ထူးဆန်းသော သားရဲကြီးကို စိုက်ကြည့်နေကြ၏။

လင်းဖုန်း၏ လက်စွပ်ထဲရှိ အကြီးအကဲကျန်းသည် လုံးလုံးလျားလျား စိတ်မငြိမ်မသက် ဖြစ်နေတော့သည်။

"ဒီလိုအဆင့်ရှိတဲ့ သက်ရှိတစ်ကောင်က ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာတာလဲ"

"ဒါပေမဲ့ အဲ့ဒါက ဘယ်လို သားရဲမျိုးလဲ... ငါ တစ်ခါမှ မမြင်ဖူးပါလား"

ခေါင်မိုးကြားတွင် ပုန်းအောင်းနေသော ရှဲ့ဟောင်သည်လည်း ကြောက်ရွံ့မှုကြောင့် သူ၏ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။

သူ အလွန်ကြောက်ရွံနေသဖြင့် သူ၏သွေးလှည့်ပတ်မှု ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် ထို့နောက်တွင်မူ မိုးကောင်းကင်ယံထက်၌ ခေါင်းပေါ်တွင် ဦးချိုတစ်ခုပါရှိပြီး ကြမ်းတမ်းခက်ထန်သော မျက်နှာထားရှိသည့် သားရဲကြီးတစ်ကောင်သည် မြင်ကွင်းတစ်ခုလုံးကို အေးစက်စွာ စိုက်ကြည့်နေပေ၏။

ထိုသားရဲသည် ပေဆယ်ဂဏန်းမျှ ရှည်လျားပြီး ခန္ဓာကိုယ်မှာ ယုံနိုင်စရာမရှိလောက်အောင် ကြီးမားသည်။

သားရဲ၏ အနက်ရောင်ကြေးခွံများသည် အေးစက်ပြီး သွေးပျက်ဖွယ်ကောင်းသော အလင်းတန်းများ တောက်ပနေပြီး နတ်ဘုရားသံမဏိများ သွန်းလောင်းထားသည့်အလား သို့မဟုတ် ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်နေသည့်အလားပင်။

သားရဲ၏ခြေလက်လေးချောင်းသည် တိုင်လုံးကြီးများကဲ့သို့ တုတ်ခိုင်ပြီး ထက်ရှသော ခြေသည်းများမှာ နတ်ဘုရားလက်နက်များကဲ့သို့ ဖြစ်နေသည်။

မိုးကောင်းကင်ကို ချေမှုန်းတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က သားရဲ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေပေ၏။

ပြိုင်ဘက်ကင်းသော ရက်စက်ကြမ်းကြုတ်မှုသည် ထိုသားရဲ၏ ကြောက်မက်ဖွယ်ကောင်းပြီး ရုပ်ဆိုးသော ခန္ဓာကိုယ်အပေါ် ခမ်းနားထည်ဝါမှု တချို့ကို ပေါင်းထည့်ပေးထားရာ လူများကို တိုက်ရိုက်ကြည့်ရန်ပင် ကြောက်ရွံ့စေသည်။

ဤသားရဲတွင် အလွန် ကျော်ကြားသော နာမည်တစ်ခု ရှိပေသည်... ချီလင်....

ထို့ပြင် ဤသားရဲသည် ဦးချိုတစ်ချောင်းတည်းပါသော အနက်ရောင်ချီလင်ပင်။

ဤပုံစံသည် ကျုံးချင် ယခင်ဘဝက တီဗီထဲတွင် မြင်ဖူးသည်ထက်ပင် ပို၍ခမ်းနားထည်ဝါနေသည်။

ကျုံးချင်၏ ယခင်ဘဝတွင် ချီလင်သည် ဒဏ္ဍာရီလာ သားရဲတစ်ကောင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထိုသားရဲသည် နတ်ဘုရားများနှင့်အတူ လမ်းလျှောက်ပြီး နတ်ဆိုးများနှင့် ယှဉ်တွဲ၍ ရပ်တည်ခဲ့သည်။

ချီလင်သည် လေနှင့်မိုးကို ဆင့်ခေါ်နိုင်ပြီး မြစ်များနှင့်ပင်လယ်များကို ပြောင်းပြန်လှန်ပစ်နိုင်သည်...

ဤသည်က အစစ်အမှန် နတ်ဘုရား သားရဲတစ်ကောင်ပင်။

အချိန်တခဏအတွင်းတွင် ချီလင်၏အရှိန်အဝါ လွှမ်းမိုးမှုသက်သက်ဖြင့်ပင် လူများအားလုံး၏ ခြေသလုံးများကို တုန်ရီသွားစေခဲ့သည်။

ဤသည်က အဆင့်မြင့် ကျင့်ကြံသူတစ်ဦးက အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးကို ဖိနှိပ်ခြင်း သက်သက်သာ မဟုတ်ဘဲ သက်ရှိအဆင့်အတန်း ကွာခြားမှုကြောင့်လည်း ဖြစ်သည်။

ကျုံးချင်သည် တောက်ပနေသော မျက်လုံးများဖြင့် ချီလင်ကို ကြည့်လိုက်သည်။

မိုးပြာနဂါးကဲ့သို့သော သားရဲမျိုး ဖြစ်မလာနိုင်ဟု သူ တွေးထားသော်လည်း ချီလင်တစ်ကောင် ရရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ချီလင်သည် အစစ်အမှန် နဂါးထက် အနည်းငယ် နိမ့်ကျပုံရသော်လည်း နတ်ဘုရား သားရဲတစ်ကောင် ဖြစ်နေဆဲပင်။ ဤသည်မှာ တံခါးတစ်ချပ် မပွင့်လျှင်ပင် တခြားတစ်ချပ် ပွင့်လာသည်နှင့် တူညီနေသည် မဟုတ်လော။

ထို့အပြင် ချီလင်၏ ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်အထင်ကြီးဖွယ်ကောင်းပြီး ယင်သုံးပါးနယ်ပယ်သို့ ရောက်ရှိနေလေပြီ။

"ချီလင်... ဒီနေ့ကစပြီး ငါက မင်းရဲ့ သခင်ပဲ"

ကျုံးချင်က သူတို့အကြားရှိ ဆက်ဆံရေးကို ကြေညာလိုက်သည်။

သို့သော် သူ၏စကားကို ချီလင်က ဒေါသတကြီး ဟိန်းဟောက်သံဖြင့် တုံ့ပြန်လိုက်၏။

"ဝေါင်း..."

ဟိန်းဟောက်သံနှင့်အတူ ချီလင်သည် တန်းတန်းမတ်မတ် ထိုးဆင်းလာခဲ့သည်။

ထိုသားရဲ၏ ကြီးမားသော ခန္ဓာကိုယ်သည် တောင်များနှင့် မြေပြင်ကို ချိုးဖျက်နိုင်စွမ်း ရှိပုံရသည်။

သူ၏မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ သိသာရှင်းလင်းစွာ ထင်ဟပ်နေပေ၏။

မြင့်မြတ်သော ချီလင်တစ်ကောင်သည် မည်သည်ကြောင့် ကျွန်တစ်ယောက် ဖြစ်နိုင်မည်နည်း။

ချီလင်၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ ထိုကဲ့သို့ ဒဏ္ဍာရီလာသားရဲများအတွက် အဆင့်ကျော် တိုက်ခိုက်ခြင်းသည် ခက်ခဲသော ကိစ္စတစ်ရပ် မဟုတ်ချေ။

သို့သော် ချီလင်သည် ကျုံးချင်နှင့် တွေ့ဆုံခဲ့ပေ၏။

"အဆင့်တူများကို ချေမှုန်းနိုင်သည်" ဟူသော အရှိန်အဝါအောက်တွင်... "နဂါးဆိုလျှင် ခွေနေရမည် ကျားဆိုလျှင် ဝပ်နေရမယ်" ဆိုသည့် စကားကို အမှန်တကယ် သက်သေပြလိုက်သည်။

ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ချီလင်၏ ကြီးမားသောခန္ဓာကိုယ်ကြီး လွင့်ထွက်သွားခဲ့သည်။

ချီလင်ထံတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေပြီး ဒုတိယအကြိမ် ထပ်မံ၍ ဝင်ရောက်တိုက်ခိုက်လေသည်။

သို့သော် ရလဒ်မှာ အချည်းနှီးသာ ဖြစ်ပေ၏။

ကျုံးချင်သည် ချီလင်ကို တိုက်ခိုက်နေသည်မှာ ဖခင်ဖြစ်သူက သားကို ရိုက်နှက်နေသည်နှင့် တူညီပြီး ဖိအား သို့မဟုတ် ခက်ခဲမှု လုံးဝမရှိပေ။

ဤလုပ်ငန်းစဉ်တစ်ခုလုံးကို သူ ဆော့ကစားနေသည်ဟုပင် ပြောနိုင်သည်။

ချီလင်သည် မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ လွင့်ထွက်သွားပြီးနောက် ကျုံးချင်အပေါ် ကြည့်သော သူ၏အကြည့်များတွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။

"မင်း အညံ့ခံဖို့ လိုလားပြီလား"

ကျုံးချင်သည် လက်နောက်ပစ်ကာ ချီလင်၏အနားသို့ ထပ်မံ၍ လျှောက်လှမ်းသွားသည်။

ယခုတစ်ကြိမ်တွင် ချီလင်သည် ပြန်လည်၍ ခုခံခြင်းမပြုတော့ပေ။

သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် ဝေခွဲရခက်နေမှုများ ဖြတ်ပြေးသွားသည်။ သူသည် မည်သို့လုပ်ရမည်ကို ဝေခွဲမရဖြစ်နေကြောင်း သိသာထင်ရှားသည်။

ကျုံးချင်သည် အလျင်မလိုဘဲ တိတ်တဆိတ်သာ စောင့်ဆိုင်းနေလိုက်၏။

အချိန်အတော်ကြာပြီးနောက် ချီလင်သည် နောက်ဆုံးတွင် သူ၏မြင့်မြတ်သော ခေါင်းကို ငုံ့လိုက်ပြီး ကျုံးချင်၏ခြေရင်းတွင် ဝပ်ဆင်းလိုက်တော့သည်။

ကြီးမားသောစွမ်းအားရှေ့တွင် မာန်မာနသည် လုံးဝအသုံးမဝင်ကြောင်း ချီလင် နားလည်သဘောပေါက်သွားသည်မှာ သိသာထင်ရှားသည်။

ထို့ကြောင့် ကျုံးချင်သည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူ၏ပထမဆုံး စီးတော်ယာဉ်ကို ရရှိလိုက်သည်။

နံဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး လုံးလုံးလျားလျား မှင်သက်သွားကြသည်။

ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးကို ကျုံးချင်သည် အလွန်လွယ်ကူစွာ ယဉ်ပါးအောင် လုပ်နိုင်ခဲ့သလော။

မြင်ကွင်းသည် အလွန်စိတ်ကူးယဉ်ဆန်လွန်းနေပြီး သူတို့ကို ယုံကြည်နိုင်စရာမရှိသော အိပ်မက်မက်နေသကဲ့သို့ ခံစားမှုမျိုး ပေးစွမ်းနေသည်။

လင်းဖုန်းနှင့်စုယဲ့တို့ကမူ အဆင်ပြေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ဆရာသည် အလွန် ထူးခြားကြောင်း သူတို့ သိထားပြီးဖြစ်၍ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အနည်းငယ် ရှိထားကြသည်။

မူဖူတောင်၏ အပြင်စည်း တပည့်နှစ်ယောက် ဖြစ်သော ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ကမူ လုံးလုံးလျားလျား ကြောင်အမ်းသွားကြသည်။

ယခင်က ကျုံးချင်သည် စွမ်းအားကြီးပြီး ရှေးဟောင်းဆေးညွှန်းများကို ပိုင်ဆိုင်ထားကြောင်း သူတို့ သိခဲ့ကြသည်။

သူသည် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ပေ၏။

သို့သော် သူ၏စွမ်းအားအပေါ် သူတို့၏နားလည်သဘောပေါက်မှုတွင် တိကျသော အကန့်အသတ် မရှိခဲ့ချေ။

အကြောင်းအရင်းမှာ သူတို့နှစ်ယောက်သည် ကျုံးချင်၏လက်ထဲရှိ ရှေးဟောင်းဆေးညွှန်းများကြောင့်သာ မူဖူတောင်သို့ ရောက်ရှိလာခြင်း ဖြစ်သောကြောင့်ပင်။

သို့သော် ယနေ့မြင်ကွင်းက လောကကြီးအပေါ် သူတို့၏အမြင်ကို အကြီးအကျယ် ရိုက်ခတ်သွားခဲ့သည်။

ဤသည်မှာ ယင်သုံးပါးနယ်ပယ်တွင်ရှိသည့် သားရဲတစ်ကောင်ပင်။

ထိုသားရဲသည် ကျုံးချင်၏လက်ထဲတွင် လွယ်လင့်တကူ ယဉ်ပါးသွားခဲ့သည်။

ဤသည်မှာ အမှန်တကယ်ကို လူသားတစ်ယောက် လုပ်နိုင်သည့်အရာ ဟုတ်ပါသလော...

ဤအချိန်တွင် သူတို့၏စိတ်ထဲ၌ ကျုံးချင်၏ အဆင့်အတန်းသည် မကြုံစဖူး အဆင့်တစ်ခုအထိ မြင့်တက်သွားသည်ဟု ပြောနိုင်သည်။

ယခင်က သူတို့နှစ်ယောက်သည် ကျုံးချင်၏ ဆေးဝါးစမ်းသပ်ခံများ ဖြစ်ရမည်ကို မသိစိတ်မှ ငြင်းဆန်မှုများ ရှိခဲ့မည်ဆိုလျှင်...

ယခုအချိန်၌ ဤကဲ့သို့ပုဂ္ဂိုလ်မျိုး ဖော်စပ်ထားသည့် ဆေးလုံးများကို စားသုံးခွင့်ရသည်မှာ သူတို့ မည်မျှထိ ကံကောင်းလိုက်သနည်းဟု ခံစားနေကြရလေပြီ။

ခေါင်မိုးကြားတွင် ပုန်းအောင်းနေသော ရှဲ့ဟောင်ကမူ အလွန်ကြောက်ရွံနေပြီး ဆီးထွက်ကျလုနီးပါး ဖြစ်နေလေပြီ။

ချီလင် စတင်ထွက်ပေါ်လာစဉ်က ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကို တွေးမိတိုင်း ယခုချိန်ထိ သူ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲပင်။

ရှဲ့ဟောင်သည် မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း။ သူသည် မြင့်မြတ်နယ်မြေ ဘိုးဘေးတစ်ယောက်နှင့် ယှဉ်နိုင်လုနီးပါးဖြစ်သည့် မြေကမ္ဘာ နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်ရှိသော ဘိုးဘေးတစ်ယောက်ပင်။

အရှေ့ပိုင်းဒေသ တစ်ခုလုံးကို ကြည့်လိုက်လျှင် သူ့ကို နာမည်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။

သို့သော် ထိုချီလင် ထွက်ပေါ်လာစဉ်က အေးစက်စက်အကြည့်တစ်ချက်ဖြင့်ပင် သူ အလွန်ကြောက်ရွံသွားပြီး မလှုပ်ရဲခဲ့ချေ။

ဤကဲ့သို့ သားရဲမျိုးနှင့် ရင်ဆိုင်ရလျှင် တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် သူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မလိုပေ။

သို့သော် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးသည် ကျုံးချင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျား ကူကယ်ရာမဲ့နေခဲ့ပေ၏။

ဤသည်မှာ အမှန်တကယ်ကို ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်း၏ တောင်သခင်တစ်ယောက် ဟုတ်ပါသလော....

မူလက မြင့်မြတ်နယ်မြေသုံးခု၏ ဘိုးဘေးများသည် ဤလူကို ရိုသေလေးစားစွာ ဆက်ဆံကြသည်ဟု ဆွန်းဝမ်ရှန်း ပြောစဉ်က သူ မယုံကြည်ခဲ့ချေ။

ဆွန်းဝမ်ရှန်း ချဲ့ကားပြောဆိုနေသည်ဟုသာ သူ တွေးထင်ခဲ့သည်။

ယခုချိန်၌ သူ နားလည်လိုက်သည်မှာ တစ်ဖက်လူသည် ချဲ့ကားပြောဆိုခဲ့ခြင်း မဟုတ်ဘဲ လျှော့ပေါ့၍ပြောဆိုခဲ့ခြင်းပင်။

ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့်ဆိုလျှင် မြင့်မြတ်နယ်မြေသုံးခု၏ ဘိုးဘေးများက သူ့ကို ရိုသေလေးစားရုံတင် မကဘဲ သခင်အဖြစ် ခစားကြသည် ဆိုလျှင်ပင် အံ့အားသင့်စရာ မဟုတ်တော့ပေ။

ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးကို သူ ပြဿနာရှာရန် ရည်ရွယ်ခဲ့ခြင်းကို တွေးမိချိန်၌ ရှဲ့ဟောင်၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ လှိုင်းထလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် နှစ်ပေါင်းများစွာ အလေ့အကျင့်ဖြစ်နေသော သတိထားခဲ့မှုက သူ၏အသက်ကို ကယ်တင်ခဲ့ခြင်းပင်။

အခြေအနေကို နားမလည်သေးသဖြင့် သေလမ်းရှာရန်အတွက် သူ မိုက်မဲစွာဖြင့် ထွက်မလာခဲ့မိပေ။

ထိုသို့မဟုတ်ပါက ယခုလောက်ဆိုလျှင် သူ၏အလောင်းသည် အေးစက်နေလောက်လေပြီ။

သူ၏စိတ်ခံစားချက်များ လှိုင်းထန်နေသည့်ကြားမှ ဖြစ်နိုင်ချေတစ်ခုကို သူ အလျင်အမြန် တွေးတောမိလိုက်သည်။

တစ်ဖက်လူက ဤမျှထိ သာလွန်ထူးကဲပြီး ကြောက်မက်ဖွယ် ကောင်းနေသဖြင့် သူ့ကို တွေ့ရှိပြီးဖြစ်သလော....

ရှဲ့ဟောင်သည် ယခင်က သူ၏ ပုန်းအောင်းခြင်း နည်းစနစ်အပေါ် အလွန်ယုံကြည်မှု ရှိခဲ့သည်။ သို့ရာတွင် ကျုံးချင် ပြသခဲ့သည့် ကြောက်မက်ဖွယ်စွမ်းအားနှင့် ရင်ဆိုင်ရသည့်အချိန်၌ သူ့ထံတွင် ယုံကြည်ချက် လုံးလုံးလျားလျား မရှိတော့ချေ။

တစ်စုံတစ်ယောက်ထံတွင်အကြောက်ဆုံးအရာများ ဖြစ်လာတတ်သည် ဆိုသည့်အတိုင်း...

ကျုံးချင် သူ့ကို မတွေ့ရှိပါစေနှင့်ဟု ဆုတောင်းရင်း မျှော်လင့်ချက်လေးတစ်ခုကို သူ ဆုပ်ကိုင်ထားဆဲ အချိန်မှာပင် အောက်၌ရှိနေသည့် ကျုံးချင်က သူ ပုန်းနေသည့် နေရာဘက်သို့ လှမ်းကြည့်ပြီး ပြောဆိုလိုက်လေပြီ။

"ဟေး... အဲ့ဒီထောင့်မှာပုန်းနေတဲ့ လူ... မင်း ငါ့ရဲ့ မူဖူတောင်ပေါ်ကို ရောက်နေတာ ကြာလှပြီ... ဘယ်အချိန်ထိ ဆက်ပုန်းနေဖို့ စိတ်ကူးထားတာလဲ"

ဤသည်မှာ အလွန် သာမန်ကာလျှံကာဆန်ပြီး တည်ငြိမ်သော စကားတစ်ခွန်း ဖြစ်သော်လည်း သေမင်း၏ခေါ်သံအလား ရှဲ့ဟောင်ကို အလွန်ထိတ်လန့်ကြောက်ရွံစေပြီး ကြက်သီးထသွားစေခဲ့သည်။

သူ၏ခေါင်းထဲတွင် ဗလာဟင်းလင်း ဖြစ်သွားပြီး သူ၏မျက်နှာ ချက်ချင်းဖြူဖတ်ဖြူရော်ဖြစ်သွားတော့သည်။

"သူ ငါ့ကို တွေ့သွားပြီ"

All Chapters