← Chapters

တကယ့်အဓိကလူက ငါ့ရဲ့ဘေးမှာ ရှိနေတာပဲ

Vol. 12 Ch. 120

တကယ့်အဓိကလူက ငါ့ရဲ့ဘေးမှာ ရှိနေတာပဲ

Vol. 12 Ch. 120

ဤအခြေအနေသည် ကျိုးဆန်းကို လုံးလုံးလျားလျား ဆွံ့အသွားစေခဲ့သည်။

"ဘာတွေ ဖြစ်နေတာလဲ"

ယန်ထျန်းချောင်သည် အဆင့်သုံး ဆေးပညာရှင် တစ်ဦးပင်။ အရှေ့ပိုင်းဒေသ တစ်ခုလုံးကို ကြည့်လိုက်လျှင် သူသည် နာမည်ကျော်ကြားပြီး အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ ယခု၌မူ သူသည် ခေါင်းငုံ့ပြီး တစ်စုံတစ်ယောက်အတွက် မျက်နှာလိုမျက်နှာရလုပ်ကာ ဝိုင်အရက်ငှဲ့ပေးနေသည်။

ဤသည်မှာ သူ အစောပိုင်းက တွေ့ခဲ့ရသော မောက်မာသည့် အဆင့်သုံး ဆေးပညာရှင် ဟုတ်ပါသလော။ ယခင်က သူ၏မောက်မာထောင်လွှားမှုများ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ အေးစက်မှုများ မည်သည့်နေရာသို့ ရောက်သွားသနည်း။ သူ အမှန်တကယ်ကို

'ဟေး... ခင်ဗျား စောစောက ပုံစံအတိုင်း ပြန်နေပေးလို့ ရမလား....ခင်ဗျား ဒီလို ဖြစ်နေတာ ကျွန်တော် လုံးဝ နေသားမကျဘူးဗျာ' ဟူ၍ အော်ပြောလိုက်ချင်သည်။

ကျိုးဆန်း၏ရင်ထဲတွင် အဆုံးမဲ့လှိုင်းဂယက်များ ထနေချိန်၌ ယန်ထျန်းချောင်လည်း စိတ်ဓာတ်ကျနေမိသည်။ ပြောရလျှင် ဤလူသည် အလွန်အစွမ်းထက်သည့် ဆေးဘုရင်နှစ်ပါးကို သိကျွမ်းထားသည့်တိုင် မည်သည်ကြောင့် သူ့ထံ အပြေးအလွှား လာရောက်ပြီး မျက်နှာလိုမျက်နှာရ လုပ်နေကြသနည်း။ ဤမျှ ကွာခြားလှသော ဆန့်ကျင်ဘက် အခြေအနေဖြင့် သူ၏မျက်နှာကို ဖြတ်ရိုက်ရသည်မှာ အမှန်တကယ်ကို ထိုမျှလောက် စိတ်ကျေနပ်စရာ ကောင်းနေသလော။

သူသည် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့အတွက် ဝိုင်အရက်ခွက်များကို တုန်တုန်ရီရီဖြင့် ဖြည့်ပေးလိုက်သည်။

"စီနီယာတို့... ကျွန်တော်က စီနီယာတို့နှစ်ယောက်ကို ဂုဏ်ပြုပါတယ်"

သို့သော် သူတို့၏မျက်နှာထားများ သုန်မှုန်သွားသည်။ ဒေါသကြီးသော ရှီရှောင်ထျန်းက မျက်မှောင်ကြုတ်ပြီး ဆူပူကြိမ်းမောင်းလိုက်၏။

"ငါတို့ရဲ့တောင်သခင် ဒီနေရာမှာ ထိုင်နေတာ မင်း မမြင်ဘူးလား... ငါတို့နှစ်ယောက်တည်းကိုပဲ ဝိုင်အရက်ငှဲ့ပေးနေတာက ဘာသဘောလဲ... မင်းရဲ့မျက်လုံးထဲမှာ ငါတို့တောင်သခင် မရှိဘူးလို့ ဆိုလိုတာလား"

သူတို့နှစ်ယောက်အတွက် ကျုံးချင်သည် အလေးစားရဆုံး တည်ရှိမှုကြီးပင်။ ကျုံးချင်ကို မလေးမစား ပြုလုပ်ခြင်းသည် သူတို့၏မျက်နှာကို ပါးဖြတ်ရိုက်ခြင်းထက် ပို၍ပြင်းထန်သည်။ ဤစကားများ ထွက်ပေါ်လာချိန်၌ ယန်ထျန်းချောင်၏စိတ်နှလုံးသား တုန်ရီသွားပြီး ထိတ်လန့်မှုကြောင့် သူ၏ဦးရေပြား ထုံကျင်လုနီးပါး ဖြစ်သွားတော့သည်။

ရိုးရိုးသားသား ပြောရလျှင် ကျုံးချင်နှင့် ပတ်သက်၍ သူ အစကတည်းက အမှန်တကယ်ကို မျက်လုံးထဲ မထည့်ခဲ့မိချေ။ သူ၏အမြင်အရ တစ်ဖက်လူသည် ကျိုးဆန်းကဲ့သို့ပင် သူ့ကို မျက်နှာလိုမျက်နှာရ လုပ်ရန် အပြေးအလွှား ရောက်ရှိလာသော နောက်ထပ်လူငယ်တစ်ယောက်မျှသာ ဖြစ်သည်။

ယန်ထျန်းချောင် လုံးဝထင်မှတ်မထားခဲ့မိချေ။ ဂုဏ်သရေရှိ ဆေးဘုရင်နှစ်ယောက်၏ ကျုံးချင်အပေါ် ထားရှိသော သဘောထားသည် အမှန်တကယ်ကို နှိမ့်ချရို့ကျိုးလွန်းပေ၏။ ဤနတ်ဘုရားကြီးသည် မည်သည့်အရပ်မှ ရောက်ရှိလာသနည်း။ သို့သော် ယခုအချိန်သည် ထိုကဲ့သို့သော ကိစ္စရပ်များကို စဉ်းစားရမည့် အချိန်မဟုတ်ပေ။ သူသည် ဝိုင်အရက်အိုးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ပြီး တုန်ရီစွာဖြင့် ကျုံးချင် ၏ရှေ့သို့ ရောက်ရှိလာသည်။

သူ သတိထားပြီး ပါးစပ်ဖွင့်ဟကာ ပြောဆိုလိုက်သည်။

"စီ... စီနီယာ... ခွက်ဖြည့်ပေးပါရစေ"

ရိုးရိုးသားသား ပြောရလျှင် ယန်ထျန်းချောင်၏ လက်များသည် သူ၏ဘဝတွင် ဤမျှလောက် တုန်ရီနေခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ကျုံးချင်အပေါ် ထားရှိခဲ့သော ယခင်က သူ၏သဘောထားကို သူ ပြန်လည်သတိရလိုက်မိသည်။ သူ ပို၍ တွေးမိလေလေ ကြောက်ရွံ့မှုကြောင့် သူ၏နှလုံးခုန်သံ ပို၍မြန်ဆန်လေလေပင်။

သူ ရောက်ရှိလာကတည်းက တစ်ဖက်လူကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့မိချေ။ အကယ်၍ တစ်ဖက်လူကသာ အပြစ်ယူမည် ဆိုပါက ဆေးဘုရင်နှစ်ပါး၏ သဘောထားနှင့် အဆင့်အတန်းအရဆို သူ့ကို နေရာတွင် ရိုက်သတ်လိုက်လျှင်ပင် တန်ထင်းခန်းမဆောင်က သူတို့ကို ဒုက္ခပေးမည် မဟုတ်လောက်ချေ။ ကံကောင်းထောက်မစွာဖြင့် ကျုံးချင်ထံတွင်လည်း သူ့အား အပြစ်ယူရန် ရည်ရွယ်ချက်မရှိချေ။

သူသည် ဝိုင်အရက်ခွက်ကို မြှောက်လိုက်ပြီး ကျိုးဆန်းကို ပြောဆိုလိုက်သည်။

"အစ်ကိုကျိုး... ဘာလို့ ကြောင်နေတာလဲ... လာ သောက်ကြမယ်"

ယခုအချိန်တွင် ကျိုးဆန်း၏ထိတ်လန့်တုန်လှုပ်မှုသည် ယန်ထျန်းချောင်ထက် ပို၍ကြီးမားနေသည်။ အထူးသဖြင့် ဝူယွဲ့နှင့်ရှီရှောင်ထျန်း၏ ကျုံးချင်အပေါ် ထားရှိသော သဘောထားနှင့် ခေါ်ဝေါ်ပုံကို မြင်လိုက်ရချိန်၌ သူ အံ့အားသင့်လွန်းသဖြင့် သတိမဝင်နိုင်အောင် ဖြစ်နေသည်။ အူမကြီးက အူသိမ်လေးကို ရစ်ပတ်ထားသည့်အလား ဘဝကြီးသည် ခန့်မှန်းရခက်ကာ ရှုပ်ထွေးလွန်းသည်ဟုသာ သူ ခံစားလိုက်ရသည်။

သူ၏မူလရည်ရွယ်ချက်မှာ ကျုံးချင်ကို ခေါ်လာပြီး ယန်ထျန်းချောင်ကို မျက်နှာလိုမျက်နှာရ လုပ်ခိုင်းရန်ပင်။ ယန်ထျန်းချောင်က ကျုံးချင်၏နံဘေးမှ လူနှစ်ယောက်၏ရှေ့တွင် အသက်ပြင်းပြင်း မရှူရဲဘဲပင် နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။ ထို့ပြင် ထိုလူနှစ်ယောက်သည် ကျုံးချင်ကို အထွတ်အထိပ် အဖြစ် သတ်မှတ်ထားကြ၏။

အိုး ဘုရားရေ...

ဤအခြေအနေသို့ရောက်လာသဖြင့် ကျုံးချင်သည် သာမန်ကောင်လေးတစ်ယောက် မဟုတ်ကြောင်း သူ မည်သည်ကြောင့် နားမလည်ဘဲ နေမည်နည်း။ မည်သို့ပင်ဆိုစေကာမူ သူနှင့်အဖော်ပါလာသော အဘိုးအိုနှစ်ယောက်က အဆင့်သုံး ဆေးပညာရှင်တစ်ယောက်ကို ဤကဲ့သို့ပုံစံမျိုးဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကျုံးချင်၏နောက်ခံသည် သာမန်ထက် ထူးကဲပြီး အရေးပါမည်မှာ သေချာပေါက်ပင်။

"အာ... ငါ... ကောင်းပြီ... ငါ အကုန် သောက်လိုက်မယ်... မင်းရဲ့သဘောပါပဲ"

ကျုံးချင်၏အသံကို ကြားလိုက်ချိန်၌ တွေဝေမိန်းမောနေသော ကျိုးဆန်းသည် သတိပြန်ဝင်လာပေ၏။ သူသည် နောက်ထပ်စကားတစ်ခွန်းမျှ မပြောဘဲ ဝိုင်အရက်ခွက်ကို ကောက်ယူလိုက်ကာ သူ၏ရင်ထဲမှ တုန်လှုပ်မှုကို လျော့ပါးသက်သာစေရန် ကြိုးစားနေသည့်အလား တစ်ကြိမ်တည်း မော့သောက်လိုက်သည်။

သို့ရာတွင် ပြင်းထန်သော အရက်သည် မီးတောက်တစ်ခုအလား သူ၏ဗိုက်ထဲသို့ ဝင်ရောက်သွားပြီး သူ့ပါးစပ်နှင့်လျှာကို ခြောက်သွေ့အောင် လောင်ကျွမ်းစေကာ သူ၏သွေးများကို ဆူပွက်စေသော်လည်း သူ၏စိတ်နှလုံးသားကို တည်ငြိမ်အောင် ပြုလုပ်ရန် ခက်ခဲနေဆဲပင်။ သူ မှီခိုအားထားစရာ အဓိကလူတစ်ယောက်ကို အမြဲတစေ ရှာဖွေချင်ခဲ့သည်။ တကယ့် အဓိကလူမှာ သူ့ဘေးနားတွင် ရှိနေလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့မိချေ။

သို့သော် ကံကောင်းထောက်မစွာဖြင့် အရက်ခွက်ချင်းတိုက်ပြီး အပြန်အလှန် ဂုဏ်ပြုမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် အခြေအနေသည် တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာပြီး ကျိုးဆန်းသည်လည်း အတော်လေး စိတ်သက်သာသွားသည်။ သို့သော် လူတိုင်း၏ အာရုံစိုက်မှုဗဟိုချက် ဖြစ်သင့်သော ယန်ထျန်းချောင်မှာမူ ဘေးရောက်သွားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားခဲ့သည်။

အစေခံတစ်ယောက်အလား သူသည် လူများအားလုံးအတွက် ဝိုင်အရက် ငှဲ့ပေးနေရသည်။ ထိုလူများအနက် ကျိုးဆန်းလည်း ပါဝင်နေသည်။ ဤအပြုအမူက သူ့ကို အနည်းငယ် မြှောက်ပင့်ခံရသကဲ့သို့ ခံစားရစေသည်။ မည်သို့ပင်ဆိုစေကာမူ ဤလူသည် အဆင့်သုံး ဆေးပညာရှင်တစ်ဦးပင်။ ဤသို့လူမျိုးက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သူ့အတွက် ဝိုင်အရက်ငှဲ့ပေးသည် ဆိုသည်မှာပင် သူ တစ်နှစ်လောက် ကြွားလုံးထုတ်ရန် လုံလောက်နေလေပြီ။

တစ်ချိန်တည်းမှာပင် သူသည် ကျုံးချင်နှင့် တခြားလူနှစ်ဦး၏ အထောက်အထားများကို ပို၍စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။ အဆင့်သုံး ဆေးပညာရှင် တစ်ယောက်က ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရန် မည်ကဲ့သို့ အဆင့်အတန်းနှင့် အင်အားမျိုး လိုအပ်မည်ကို စိတ်ကူးယဥ်တွေးတောကြည့်ရန် သူ ခက်ခဲနေမိသည်။ သူ၏ရှေ့မှ ဤလူနှစ်ယောက်သည် အဆင့်လေး ဆေးပညာရှင်များ ဖြစ်နေသလော။

'ဟူး...'

အဆင့်လေး ဆေးပညာရှင်များနှင့် တစ်ဝိုင်းတည်း အတူသောက်ရသည်ဟု တွေးတောလိုက်ရုံနှင့် သူ၏နှလုံးသားလေး တုန်ရီသွားပြီး သူ တောင့်မခံနိုင်တော့ဘဲ သက်ပြင်းချလိုက်မိသည်။ သူ၏ဘဝတလျှောက်လုံး ဤကဲ့သို့ အရေးပါသော ပုဂ္ဂိုလ်များနှင့် တစ်ကြိမ်တစ်ခါမျှ မဆုံတွေဖူးခဲ့ချေ။ သူ၏စိတ်ထဲမှ အရာကို ရှင်းလင်းရန်အတွက် သူသည် ပြင်းပြသောအကြည့်ဖြင့် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့ဘက်သို့လှည့်ပြီး ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်သည်။

"စီနီယာနှစ်ယောက်... လာပါ... ကျွန်တော်က စီနီယာတို့ နှစ်ယောက်လုံးကို ဂုဏ်ပြုပါတယ်"

သို့သော် သူ ခွက်မြှောက်လိုက်သည်နှင့် ဝူယွဲ့က လက်ဝှေ့ယမ်းပြီး ပြောဆိုသည်။

"မလုပ်နဲ့....မလုပ်နဲ့... မင်းက ငါတို့ကို အစ်ကိုကြီးတွေလို့ ခေါ်တာ ပိုပြီးသင့်တော်ပါတယ်"

"ဟား ဟား ဟား... ဟုတ်တယ်...ဟုတ်တယ်...ဒါက အမှန်ပဲ"

သူ၏နံဘေးရှိ ရှီရှောင်ထျန်းကလည်း အလျင်အမြန် ထောက်ခံလိုက်သည်။ ဤကောင်စုတ်လေးသည် နောက်နေသလော။ သူတို့၏တောင်သခင်သည် ကျိုးဆန်းနှင့် တန်းတူ ဆက်ဆံနေခြင်းပင်။ သူတို့ကသာ 'စီနီယာ' ဆိုသည့်ဘွဲ့ကို လက်ခံလိုက်ပါက သူတို့၏တောင်သခင်ထက် မျိုးဆက်တစ်ဆက် ပိုကြီးသွားသကဲ့သို့ ဖြစ်မနေသလော။ သူတို့သည် ဤသို့ မလုပ်ရဲချေ။

"ခင်ဗျားတို့နှစ်ယောက်က အတင်းပြောနေမှတော့ ကျွန်တော် အားမနာတော့ဘူး... ဒါဆို အစ်ကိုကြီးနှစ်ယောက်လို့ပဲ ခေါ်လိုက်တော့မယ်...ဟား ဟား ဟား"

ဤအချိန်တွင် ကျိုးဆန်းသည် အနည်းငယ်မူးနေပြီ ဖြစ်သောကြောင့် သူ၏သတ္တိများ ပိုရှိလာခဲ့သည်။ ယခင်ကသာဆိုလျှင် တခြားလူများက သူ့ကို ထိုသို့ခေါ်ခိုင်းလျှင်ပင် သူ ခေါ်ရဲမည် မဟုတ်ပေ။ ထို့ကြောင့် သူက ဆက်လက်၍ မေးမြန်းလိုက်သည်။

"စကားမစပ်... အစ်ကိုကြီးနှစ်ယောက်... ဒီနေ့ အစက ကျွန်တော်က ယန်လေး ကို ခင်ဗျားတို့နဲ့ မိတ်ဆက်ပေးချင်တာ... ဒါပေမယ့် ခင်ဗျားတို့က သိပြီးသား ဖြစ်နေမယ်လို့ ဘယ်သူက ထင်မိမှာလဲ... ကံတရားက တကယ်ကို အံ့အားသင့်စရာ ကောင်းတယ်...ကျွန်တော် သိချင်တာလေးရှိလို့ မေးပါရစေ... အစ်ကိုကြီးတို့နှစ်ယောက်က ယန်လေးနဲ့ ဘယ်လို သိတာလဲ"

မူလက 'အကြီးအကဲယန်' သည် ယခုချိန်၌ ကျိုးဆန်း၏ပါးစပ်ထဲတွင် 'ယန်လေး' အဖြစ် တိုက်ရိုက်အဆင့်လျော့ခံလိုက်ရလေပြီ ။ ဝိုင်အရက်ငှဲ့ပေးနေသော ယန်ထျန်းချောင်သည် ထိုစကားကို ကြားချိန်၌ သူ၏ပါးစပ် အနည်းငယ်မဲ့ရွဲ့သွားသည်။ ယခင်ကသာ ကျိုးဆန်းသည် သူ့ကို ဤမျှထိ မလေးမစားလုပ်ရဲပါက ပန်းများ မည်သည်ကြောင့် နီမြန်းသည် ရက်စက်မှုဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို တစ်ဖက်လူ နားလည်အောင် သူ သေချာပေါက် လုပ်ပြမိပေမည်။

သို့သော် ယခု၌မူ...

သူ သည်းခံရုံမှတပါး မတတ်နိုင်တော့ချေ။ သူ မည်သို့မျှလုပ်၍ မရချေ။ အကြောင်းအရင်းမှာ ကျိုးဆန်းကို သူ့အား 'ယန်လေး'ဟု ခေါ်ရန် ပြောခဲ့သူမှာ

သူကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။ စားပွဲဝိုင်းတွင် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတိုသည် ကျိုးဆန်းနှင့် ခွက်ချင်းတိုက်လိုက်ကြ၏။ သူတို၏တောင်သခင် မိတ်ဖွဲထားသော မိတ်ဆွေတစ်ဦးသည် သူတို၏ လေးစားမှုကို ခံယူထိုက်သည်။

ဝူယွဲက သူ၏ဝိုင်အရက်ခွက်ကို ကုန်စင်အောင်မော့သောက်ပြီး တုံပြန်အဖြေပေးလိုက်သည်။

"တကယ် သိတာတော့ မဟုတ်ပါဘူး... အရင်က ငါတို့ အဆင့်ငါး ဆေးပညာရှင်စာမေးပွဲအတွက် စာရင်းသွားသွင်းတုန်းက ဒီလူက ဧည့်ခံဖို တာဝန်ယူထားတာလေ... အဲ့ဒါကြောင့် တစ်ခေါက် တွေ့ဖူးတာပါ"

ဤစကားများကြောင့် ကျိုးဆန်း၏မျက်လုံးများ တောက်ပသွားသည်။ သူ့ထံ၌ 'ထင်တဲ့အတိုင်းပဲ' ဆိုသည့် အမူအယာမျိုး ဖြစ်ပေါ်လာသည်။ ဆေးဘုရင်ဖြစ်လာရန် ရည်မှန်းချက် ရှိသည်ဆိုလျှင် အဆင့်လေးဆေးပညာရှင်၏ အရည်အချင်းမျိုး လိုအပ်သည်မှာ သဘာဝပင်။ ယန်ထျန်းချောင်သည် သူတိုနှစ်ဦး၏ရှေ့တွင် ဤမျှထိ နှိမ့်ချနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

အချိန်တခဏအတွင်းတွင် သူတို့နှစ်ယောက်အပေါ် ထားရှိသော သူ၏အကြည့်သည် ပို၍စူးရှလာပေ၏။

အဆင့်လေးဆေးပညာရှင်များ...

တန်ထင်းခန်းမဆောင်တစ်ခုလုံး အတွင်း၌ ဤကဲ့သို တည်ရှိမှုများသည် အစွမ်းထက်ပြီး သြဇာညောင်းသော ပုဂ္ဂိုလ်များပင်။

"ကျွန်တော် သိချင်လိုပါ... အစ်ကိုကြီးတို့နှစ်ယောက်... ဒီတစ်ကြိမ် ခင်ဗျားတိုရဲ့ စာမေးပွဲ ရလဒ်တွေက ဘယ်လိုလဲ"

သူ၏ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး မေးမြန်းလိုက်သည်။ အကြောင်းအရင်းမှာအရှေ့ပိုင်းဒေသတွင် နှစ်ပေါင်းတစ်ထောင်အတွင်း၌ အဆင့်ငါးဆေးဘုရင် ထွက်ပေါ်လာခြင်း မရှိခဲ့သောကြောင့်ပင်။ ထိုပြင် တန်ထင်းခန်းမဆောင်က သူတိုနှစ်ယောက် ဆေးဘုရင် ဖြစ်လာသည့်သတင်းကို ပိတ်ပင်ထားခဲ့သည်။ ထိုကြောင့် သူတိုနှစ်ယောက် ရာထူးတိုးမြှင့်ခြင်းမခံရဟု သူ၏မသိစိတ်က ထင်မှတ်လိုက်မိသည်။

ဤသိုမေးရသည့် အကြောင်းရင်းမှာ စကားလမ်းကြောင်း စချင်သောကြောင့်ပင်။ တစ်ဖက်လူများသည် အဆင့်ငါးသို တက်လှမ်းရန် ကျရှုံးခဲ့ပြီး သူကမူ လက်ဆောင်ပေးခဲ့သဖြင့် စာမေးပွဲဖြေဆိုခွင့် တိုက်ရိုက်ပယ်ဖျက်ခံလိုက်ရသည်။ ကိစ္စတစ်ခုတည်းတွင် ကျရှုံးသူများက အမြဲတစေ အကြောင်းအရာများစွာကို ပြောဆိုနိုင်ပြီး တစ်ယောက်နှင့်တစ်ယောက် စာနာနားလည်နိုင်ကြသည်။ ဤသည်က လူများကို သိမ်မွေ့စွာ ရင်းနှီးလာစေနိုင်ပြီး သူ အကျဉ်းချုံးလေ့လာထားသော စကားပြောဆိုခြင်း ကျွမ်းကျင်မှု အသေးစားလေးတစ်ခုပင်။

ရှီရှောင်ထျန်းက အပြုံးနှင့် တုံပြန်သည်။

"သာမန် အဆင့်ငါး ဆေးပညာရှင်စာမေးပွဲလေးပဲလေ... ဒါက လွယ်လွယ်လေးပဲ မဟုတ်လား"

"တကယ်တော့ ခင်ဗျား ကျရှုံး..."

ကျိုးဆန်း မသိစိတ်ဖြင့် စတင်၍နှစ်သိမ့်လိုက်မိသည်။ သို့သော် စကားတစ်ဝက်၌ သူ ဆက်မပြောနိုင်တော့ချေ။

"အဟွတ် အဟွတ်..."

သူ ပြင်ဆင်ထားသော နှစ်သိမ့်စကားပေါင်း မြောက်မြားစွာသည် သူ၏ဗိုက်ထဲသို တိုက်ရိုက် ပြန်ရောက်သွားတော့သည်။ သူ့မျက်လုံးများ နွားမျက်လုံးကဲ့သို ပြူးကျယ်သွားတော့သည်။

"ခင်... ခင်ဗျားတိုက စာမေးပွဲ အောင်ခဲ့တာလား"

သူ၏မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ သူ၏စိတ်ထဲမှ လှိင်းဂယက်များသည် အဆင့် ၁၈မုန်တိုင်း တိုက်ခတ်ခံရသည့် ပင်လယ်လှိုင်းလုံးကြီးများအလား ယုံနိုင်စရာမရှိအောင် ပြင်းထန်သည်။ အဆင့်လေးဆေးပညာရှင်သည် သူ၏မျက်လုံးထဲတွင် ကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီဆိုလျှင် အဆင့်ငါး ဆေးပညာရှင်ကမူ သေချာပေါက် ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုပင်။ ဤသည်က သာမန်လူများ ထိတွေ့ခွင့် မရနိုင်သော နယ်ပယ်တစ်ခု ဖြစ်ပေ၏။

သူသည် အဆင့်လေး ဆေးပညာရှင်နှင့် သောက်နေခြင်း မဟုတ်ဘဲ အဆင့်ငါးဆေးဘုရင်များကို 'အစ်ကိုကြီး'ဟု ခေါ်နေခြင်းဖြစ်သလော။ သူ၏ကွယ်လွန်သူဖခင်သာ ဤကိစ္စကို သိလျှင် စိတ်လှုပ်ရှားလွန်း၍ သင်္ချိုင်းဂူထဲမှ ခုန်ထွက်လာပြီး နည်းနည်းလောက် ကခုန်ပြီးမှ ပြန်ဝင်အိပ်သွားလောက်သည်။

All Chapters