ဒါဆိုရင် မင်းက လက်စားချေဖို့ လာတာပေါ့
Vol. 12 Ch. 113
ကျုံးချင်၏အကြည့်အောက်တွင် ရှဲ့ဟောင်သည် ခေါင်မိုးစွန်းအက်ကွဲကြောင်းတစ်ခုမှ လျှောဆင်းလာပြီး သူ၏မူလပုံစံကို ထုတ်ဖော်ပြသလိုက်သည်။
သူ၏နဖူးပြင်မှ ပဲစေ့ပမာဏရှိသော ချွေးသီးချွေးပေါက်များ စီးကျလာသည်။ သူသည် တုန်ရီနေပြီး ကျုံးချင်ကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်၏။
"စီနီယာ... စီနီယာ... ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"
ကျုံးချင်သည် မည်သည့်အထူးစွမ်းအားကိုမျှ ထုတ်မပြသော်လည်း သူ၏ ပြိုင်ဘက်ကင်းသော အမူအယာသည် ရှဲ့ဟောင်၏ စိတ်ထဲတွင် အမှတ်အသားတစ်ခုကဲ့သို့ အခိုင်အမာ စွဲထင်နေလေပြီ။ ထိုအရာသည် သူ့အား စကားပီသအောင် မပြောနိုင်တော့သည်အထိ ဖြစ်စေခဲ့သည်။
ရှဲ့ဟောင် ထွက်ပေါ်လာခြင်းသည် ဝူယွဲ့နှင့်တခြားသူများကို ထိတ်လန့်သွားစေသည်။ မူဖူတောင်ပေါ်တွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။ အချိန်တခဏကြာ စဉ်းစားပြီးနောက် အပြင်စည်းတပည့် ရှီရှောင်ထျန်းက သံသယ အနည်းငယ်ဖြင့် မေးမြန်းလိုက်သည်။
"ခင်ဗျားက ဟောက်ဟန်ဂိုဏ်းဘိုးဘေး မဟုတ်လား"
လောကကြီးသည် ကျယ်ဝန်းပေ၏။ သာမန်လူများအတွက် သူတို့၏ဘဝတသက်တာလုံး ဒေသတစ်ခုတည်းမှ မထွက်ခွာနိုင်လောက်အောင် ကျယ်ဝန်းသည်။ သို့သော် တချို့သော ထိပ်သီးအင်အားစုများအတွက်မူ အလွန် ကျဉ်းမြောင်းသည်။ အနည်းဆုံးအနေဖြင့် အရှေ့ပိုင်းဒေသတစ်ခုလုံးရှိ အထွတ်အထိပ်မှ ပုဂ္ဂိုလ်များသည် တစ်ဦးနှင့်တစ်ဦး သိကျွမ်းကြသည်။
သိသာထင်ရှားသည်မှာ ရှီရှောင်ထျန်းသည် ရှဲ့ဟောင်ကို မှတ်မိသော်လည်း လက်ရှိ ပုံပန်းသဏ္ဍာန်က သူ့ကို မသေချာမရေရာ ဖြစ်စေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရှဲ့ဟောင်၏ မျက်နှာသည် မီးခိုးငွေ့ကြောင့် ဖြူတစ်ဝက် မည်းတစ်ဝက် ဖြစ်နေသဖြင့် မှတ်မိရန် အတော်လေး ခက်ခဲနေသည်။ ကြည့်ရသည်မှာ အနည်းငယ်ပင် ရယ်ရွှင်ဖွယ် ကောင်းနေပေ၏။
ရှီရှောင်ထျန်း၏မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ရှဲ့ဟောင်သည် အနေရခက်သွားကာ ယဉ်ကျေးသော အပြုံးတစ်ခုကို အတင်းအကြပ် အားယူပြုံး၍ ပြောဆိုလိုက်သည်။
"ဟောက်ဟန်ဂိုဏ်းကို ဟောက်ဟန်ဂိုဏ်းချုပ်က တခြားဂိုဏ်းဆီ ပေးလိုက်ပါပြီ"
"ကျွန်တော်က ဘိုးဘေးတစ်ယောက် မဟုတ်တော့ပါဘူး... ကျွန်တော်က တစ်ကောင်ကြွက်ပါ... ဘိုးဘေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူး"
ကျုံးချင်က သူ၏မေးကို ပွတ်သပ်ပြီး မေးမြန်းလိုက်သည်။
"ဒါဆိုရင်... မင်းက လက်စားချေဖို့ လာတာပေါ့"
ဤတည်ငြိမ်အေးဆေးပြီး ပေါ့ပါးသော စကားတစ်ခွန်းသည် ရှဲ့ဟောင်၏ခြေထောက်များကို ပျော့ခွေသွားစေပြီး သူ ချက်ချင်းဒူးထောက်လိုက်၏။
"စီနီယာ...ကျွန်တော်ကို သတ္တိအဆတစ်ရာလောက် ချေးငှားပေးရင်တောင် ကျွန်တော် လက်စားချေဖို့ မကြံစည်ရဲပါဘူး"
"ဒါဆို ငါ့ရဲ့ မူဖူတောင် ခေါင်မိုးစွန်းမှာ တွယ်ကပ်နေတာ ဘာသဘောလဲ"
ကျုံးချင်က မေးမြန်းသည်။
ရှဲ့ဟောင်၏ခန္ဓာကိုယ် တုန်ရီသွားသည်။ သူသည် ကြီးမားသော လိမ်ညာမှုတစ်ခုကို ပြောလိုမိသည်။ သို့သော် ကျုံးချင်သည် လူများ၏ စိတ်နှလုံးသားကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိပုံရသည်။
"လမ်းကြုံလို့ ဝင်လာတယ်လို့တော့ မပြောနဲ့....မင်း ပြန်ပြောဖို့ အခွင့်အရေး တစ်ကြိမ် ပေးမယ်"
ကျုံးချင်က ပြောဆိုသည်။
ရှဲ့ဟောင်သည် ကြောက်လန့်လွန်းသဖြင့် သူ၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ ဤအချိန်တွင် သူသည် သူ့ကိုယ်သူ အချက်တစ်ရာခန့် ပါးဖြတ်ရိုက်ချင်စိတ် ပေါက်နေမိတော့သည်။ ကျုံးချင်၏အစွမ်းအစကို စမ်းသပ်ရန် သူ မည်သည်ကြောင့် ဤမျှထိ စိတ်အားထက်သန်ခဲ့သနည်း။
ယခုချိန်၌ သူ၏အဖြစ်မှာ အလွန်ဆိုးရွားနေလေပြီ။ ကျုံးချင်၏အစွမ်းအစတချို့ကို ရှာတွေ့ခဲ့သော်လည်း ကြည့်ရသည်မှာ သူ အသတ်ခံရတော့မည့်ပုံပင်။ သို့သော် ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ သူ ရှောင်လွှဲနေရုံဖြင့် ပြဿနာ ပြေလည်မည် မဟုတ်ချေ။ ထိုအစား ပွင့်ပွင့်လင်းလင်းပြောဆိုပြီး သက်ညှာမှု ရအောင် ကြိုးစားခြင်းက သူ အသက်ရှင်ခွင့် ရနိုင်ကောင်း ရနိုင်ပေလိမ့်မည်။
သူသည် ချက်ချင်းပြောဆိုလိုက်၏။
"စီနီယာ... ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့ ရှင်းပြချက်ကို နားထောင်ပေးပါ"
"ကျွန်တော်... ကျွန်တော် စီနီယာဆီ လာခဲ့ရတာ ရွေးချယ်စရာ မရှိလို့ပါ"
ဤကာလအတွင်း သူ၏အတွေ့အကြုံများကို ပြန်စဉ်းစားလိုက်တိုင်း သူ အမှန်တကယ်ကို နစ်နာသည်ဟု ခံစားရသည်။ သူ၏ပိုင်နက်ထဲတွင် သူ အေးအေးဆေးဆေး ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်ကို အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်းသည် သူ့အတွက် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်သင့်သည်။
တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီးနောက် သူ၏အိမ် ပျောက်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။ မည်သူက ဤကိစ္စမျိုးကို တောင့်ခံနိုင်မည်နည်း။ မူလက သူသည် ဂိုဏ်းမှသစ္စာဖောက်ရခြင်း၏ အမှန်တရားကို ရှာဖွေချင်ရုံသာ ဖြစ်သည်။ ထို့နောက် သူသည် နဂါးလိုဏ်ဂူထဲသို့ တန်းတန်းမတ်မတ် ခုန်ဆင်းလိုက်မိတော့သည်။
သူ မည်သူ့ကို စော်ကားမိခဲ့သနည်း။ သူသည် အမှန်တရားကို ရှာဖွေပြီး တရားမျှတမှုကို လိုချင်ရုံ သက်သက်ပင်။ ရှဲ့ဟောင်သည် ဤကာလအတွင်း သူ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြလိုက်၏။ ထို့နောက် သူသည် ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် ပြောဆိုသည်။
"စီနီယာ... ကျွန်တော်မှာ စီနီယာကို စော်ကားဖို့ ရည်ရွယ်ချက် တကယ် မရှိပါဘူး"
"ကျေးဇူးပြုပြီး စီနီယာ... မေတ္တာထားပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ"
ယခုအချိန်တွင် အမှန်တရားသည် သူ့အတွက် အရေးမကြီးတော့ချေ။ ရှဲ့ဟောင် အလိုချင်ဆုံး အရာမှာ မူဖူတောင်မှ အမြန်ဆုံး ထွက်ခွာသွားရန်ပင်။ ဤနေရာသည် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။ ဖြစ်နိုင်လျှင် သူ၏ဘဝတွင် ဤနေရာကို နောက်တစ်ကြိမ် ခြေမချချင်တော့ပေ။
သူ၏စကားများကို နားထောင်ပြီးနောက် ကျုံးချင်လည်း သက်ပြင်းချလိုက်ပြီး ဤအဘိုးကြီးမှာ တော်တော်ကံဆိုးသည်ဟု ခံစားလိုက်ရသည်။
"ကိုယ့်ပါးကိုယ် အချက်တစ်ရာ ရိုက်... ပြီးရင် ထွက်သွားတော့"
နောက်ဆုံးတွင် သူသည် သတိပေးချက် အနေဖြင့် အပြစ်ပေးမှု အသေးစားလေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။ ဤအဘိုးအိုသည် ပွင့်ပွင့်လင်းလင်း လာခဲ့ပါက သူ ဂရုစိုက်မည် မဟုတ်သော်လည်း ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် အပြုအမူက အမှန်တကယ်ကို မနှစ်မြို့ဖွယ် ကောင်းလှသည်။
ကျုံးချင်၏ အပြစ်ပေးမှုက ပါးရိုက်ချက်တစ်ရာသာ ဖြစ်သည်ဟု ကြားချိန်တွင် ရှဲ့ဟောင် ထိတ်လန့်မသွားဘဲ ဝမ်းသာသွားတော့သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ... ကျွန်တော်ကို မသတ်ဘဲ လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထိုသို့ပြောဆိုရင်း သူသည် လက်နှစ်ဖက်ဖြင့် သူ့ပါးသူ ရူးသွပ်စွာ ရိုက်နှက်လိုက်သည်။ ပါးရိုက်သည့်အားသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြင်းထန်ပေ၏။ သူသည် အမှန်တကယ်ကို လုံးဝအလျှော့မပေးဘဲ ရိုက်နှက်နေခြင်းပင်။ နောက်ဆုံးတွင် သူ၏မျက်နှာ ယခင်ထက် သုံးဆခန့် ရောင်ရမ်းလာသည်။ ထို့နောက် သူ အလျင်အမြန် ထွက်ခွာသွားသည်။ ဤမြင်ကွင်းကို ကြည့်ရသည်မှာ အတော်လေး ရယ်ရွှင်ဖွယ် ကောင်းနေသည်။
ဤမြင်ကွင်းသည် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့အား တိတ်တဆိတ် အံ့အားသင့်သွားစေသည်။ ဤရှဲ့ဟောင်ဆိုသူမှာ အရှေ့ပိုင်းဒေသ တစ်ခုလုံးတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဟု သတ်မှတ်ခံထားရသူပင်။ သို့သော် ယခုချိန်၌ တောင်သခင်၏ စကားတစ်ခွန်းတည်းဖြင့် သူ့ကို ဤအခြေအနေ ရောက်သွားသည်အထိ ခြောက်လှန့်နိုင်ခဲ့သည်။
သူတို့၏ ယခင်ဂိုဏ်းဖြစ်သော ဝူကျီဂိုဏ်း မြင့်မြတ်နယ်မြေတွင်ပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်အာဏာမျိုး မရှိချေ။ ကျုံးချင်အပေါ်တွင် အလင်းတန်းပေါင်း သောင်းနှင့်ချီ၍ ကျရောက်နေသည်ကို သူတို့ မြင်လိုက်ရသည်။ ထိုအရာသည် လျှို့ဝှက်ဆန်းကြယ်မှု ခန့်မှန်းမရနိုင်မှု ကြီးကျယ်ခမ်းနားမှုနှင့် နက်နဲသိမ်မွေ့မှုတို့၏ အလင်းတန်းများပင်။
သူတို့၏ဘဝတွင် သူတို့ ပြုလုပ်ခဲ့သမျှ အကောင်းဆုံး ဆုံးဖြတ်ချက်မှာ သူတို့၏ မူလဂိုဏ်းကို စွန့်ခွာပြီး မူဖူတောင်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်းအရင်း တစ်ခုခုကြောင့် သူတို့နှစ်ဦးစလုံးတွင် ကြိုတင်သိမြင်မှုတစ်ခု ရရှိလိုက်သည်။ မူဖူတောင်၏ အပြင်စည်းတပည့် နှစ်ဦး ဖြစ်နေလျှင်ပင် သူတို့၏ အနာဂတ်အောင်မြင်မှုများသည် စိတ်ကူးမယဉ်နိုင်လောက်အောင် သေချာပေါက် သာလွန်ထူးကဲလာပေလိမ့်မည်။
ခြံဝန်းငယ်လေးထဲတွင် ရှဲ့ဟောင်၏ ကိစ္စကို ဖြေရှင်းပြီးနောက် ကျုံးချင်က လူများအားလုံးကို လက်ဝှေ့ယမ်းပြလိုက်၏။
"ကောင်းပြီ... ဘာမှ မရှိတော့ဘူး... မင်းတို့အားလုံး လူစုခွဲလို့ ရပြီ"
သူက ချီလင်ကို လက်ယပ်ခေါ်လိုက်လေသည်။ ချီလင်သည် ခေါင်းငုံ့ပြီး နာခံရို့ကျိုးစွာဖြင့် သူ၏ရှေ့သို့ ပျံသန်းလာသည်။ သူသည် ကျုံးချင်၏အဝတ်အစားများကို ခေါင်းဖြင့် ပွတ်သပ်ကာ မျက်နှာလိုမျက်နှာရ ပြုမူနေသည်။ ကျုံးချင်သည် ချီလင်၏ကျောပေါ်သို့ တိုက်ရိုက်ခုန်တက်လိုက်၏။
"သွားကြစို့... ငါ့ကို တစ်ပတ်လောက် လိုက်ပို့ပေး... နတ်ဘုရားသားရဲတစ်ကောင်အပေါ်မှာ စီးပြီး ပျံသန်းရတာ ဘယ်လို ခံစားချက်မျိုးလဲဆိုတာ ငါ သိချင်တယ်..."
ထိုစကားကို ကြားချိန်၌ ချီလင်သည် ချက်ချင်းဆိုသလိုပင် မိုးကောင်းကင်ယံသို့ ပျံသန်းသွားသည်။ သူ၏ သန်မာသောခြေလက်လေးချောင်းဖြင့် မြင့်မားသောကောင်းကင်ကို နင်းလျှောက်နေကာ ကောင်းကင်ဘုံကိုးထပ်ကို လှည့်လည်သွားလာနေသည်။ သူ၏ အမြန်နှုန်းသည် လျှပ်စီးလက်သကဲ့သို့ပင်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် တောက်ပသော အလင်းတန်းတစ်တန်း ကျန်ရစ်ခဲ့ပြီး ပျောက်ကွယ်မသွားမီ အချိန်ကြာမြင့်စွာ တဖျပ်ဖျပ်လင်းလက်နေသည်။
ကျုံးချင်သည် ချီလင်ကိုစီးကာ အောက်ရှိ မိုင်ထောင်ချီရှည်လျားသော မြစ်များနှင့် တောင်များကို ငုံ့ကြည့်ရင်း သူ၏ရင်ထဲတွင် စိတ်လှုပ်ရှားမှုအနည်းငယ်ကို မခံစားဘဲ မနေနိုင်တော့ပေ။ သူသည် ချီလင်၏ အနက်ရောင်ကြေးခွံများကို ပွတ်သပ်လိုက်၏။
"မင်းက တစ်ကိုယ်လုံး မည်းနက်နေတော့ ဒီနေ့ကစပြီး မင်းကို အနက်လေး လို့ ခေါ်မယ်"
ချီလင်သည် ဤအမည်ကို သိပ်မကျေနပ်ကြောင်း သိသာထင်ရှားသည်။ သူသည် ကန့်ကွက်ကြောင်း ပြသရန် အော်ဟစ်လိုက်သည်။ သို့သော် ကျုံးချင် ထိုအရာကို လျစ်လျူရှုလိုက်သည်။
မကြာမီ သူတို့နှစ်ဦး လင်းမြို့၏အထက်သို့ ရောက်ရှိလာကြသည်။ ထိုမြို့ကို မြင်တွေ့ချိန်၌ ကျုံးချင်၏မျက်လုံးအကြည့် လှုပ်ရှားသွားသည်။ သူ ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို ဖော်စပ်ရန် အဓိကပါဝင်ပစ္စည်းများ ကုန်လုဆဲဆဲ ဖြစ်နေလေပြီ။ သူ ဤနေရာသို့ ရောက်နေသဖြင့် လိုအပ်သော ဆေးပင်များရှိမရှိ ကြည့်ရှုရန် လေလံအိမ်သို့ သွားလိုက်ခြင်းက ကောင်းပေမည်။
သို့သော် ချီလင်၏ခန္ဓာကိုယ်ကို ကြည့်ရင်း ကျုံးချင် အကြပ်ရိုက်နေမိသည်။ ဤသားရဲသည် ကြီးမားလွန်းလှသဖြင့် စီးနင်းရသည်မှာ ခံ့ညားသော်လည်း အလွန်ထင်ပေါ်လွန်းနေသည်။
"အနက်လေး... မင်းရဲ့ အရွယ်အစားကို ထိန်းချုပ်ပြီး သေးငယ်သွားအောင် လုပ်လို့ရလား"
ထိုစကားကို ကြားချိန်၌ ချီလင်သည် အမည်နှင့် ပတ်သက်ပြီး အလွန်မလိုလားသော်လည်း နာခံပြီး သူ၏ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။ နောက်ဆုံးတွင် သူသည် ပေဝက်ခန့်ရှည်သော ချီလင်ငယ်လေး တစ်ကောင် ဖြစ်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားကာ ကျုံးချင်၏လက်မောင်းတွင် ရစ်ပတ်နေလိုက်သည်။ ကျုံးချင်၏ အင်္ကျီလက်ရှည်မှအကာအကွယ်အောက်တွင် ချီလင်ကို ပြင်ပလူများ လုံးဝမမြင်နိုင်ချေ။
ဤစွမ်းရည်သည် ကျုံးချင်ကို အလွန်အံ့အားသင့်သွားစေသည်။ အားလပ်ချိန်တွင် သူသည် ချီလင်ကို ပွတ်သပ်နိုင်ပြီး ခရီးသွားချိန်၌ စီးနင်းနိုင်သည်။ တစ်စုံတစ်ယောက် ပြဿနာ လာရှာပါက တိုက်ခိုက်ရန်လည်း ထိုသားရဲကို လွှတ်ပေးနိုင်သည်။ ရှေးဟောင်းနယ်ခြားသားရဲဖြစ်ပြီး ဒဏ္ဍာရီလာသတ္တဝါဟု ခေါ်ဆိုကြသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ ထိုကဲ့သို့ ဘက်စုံသုံးနိုင်ခြင်းသည် သာမန် နတ်ဆိုးသားရဲများနှင့် အမှန်တကယ် နှိုင်းယှဉ်၍ မရနိုင်ချေ။
လင်းမြို့ လေလံအိမ်....
ယဲ့ကျန်းသည် ဤနေရာသို့ ရောက်ရှိလာပြီး ကျုံးချင်၏ ထူးခြားဆန်းပြားသော လုပ်ရပ်အမျိုးမျိုးကို ကြားသိရကတည်းက ဤနေရာ၌ပင် အခြေချနေထိုင်ခဲ့သည်။ ကျုံးချင်ကို မတွေ့မချင်း သူ လက်မလျှော့ရန် ဆုံးဖြတ်ထားပုံရသည်။
ယနေ့တွင် သူ ပုံမှန်အတိုင်း လေလံအိမ် ဝင်ပေါက်၌ ထိုင်နေသည်။ သူ၏အကြည့်များသည် ဖြတ်သွားဖြတ်လာ လူအုပ်ကြီးကို အဆက်မပြတ် စူးစိုက်ကြည့်နေပြီး ထိုပုံရိပ်ကိုသာ ရှာဖွေနေလေ၏။ သူ ကျုံးချင်ကို တစ်ခါမျှ မမြင်ဖူးသော်လည်း ပုံတူကို ကြည့်ထားရကာ တုယန်လင်နှင့်တခြားသူများ၏ ဖော်ပြချက်များမှတဆင့် နေ့ရောညပါ စောင့်ဆိုင်းနေမှုကြောင့် ကျုံးချင်၏ပုံပန်းသဏ္ဍာန်သည် သူ၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေလေပြီ။
ရုတ်တရက် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။