ဆေးပညာရှင် စာမေးပွဲ
Vol. 12 Ch. 114
လေလံအိမ်၏ဝင်ပေါက်သို့ ကျုံးချင် ရောက်ရှိလာသည်။ ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ ယဲ့ကျန်းသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ရီသွားပေ၏။ မူလက သူသည် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် ကာလရှည် စောင့်ဆိုင်းမှုတစ်ခုအတွက် ပြင်ဆင်ထားခဲ့သည်။ သို့သော် ကောင်းကင်ဘုံသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူများကို ကူညီသည်ဟု ဆိုရိုးရှိသည်။ ဖြစ်နိုင်သည်မှာ ကောင်းကင်ဘုံက သူ၏အခက်အခဲများကို မြင်တွေ့ခဲ့ပြီး ဤမျှတိုတောင်းသော အချိန်တိုအတွင်း၌ ထိုထူးခြားသော တည်ရှိမှုကြီးနှင့် တွေ့ဆုံခွင့် ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
ယဲ့ကျန်းက အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏အဝတ်အစားများကို သပ်ရပ်အောင် အလျင်အမြန် ပြင်ဆင်လိုက်သည်။ ထို့နောက် သူသည် ရိုသေလေးစားသော မျက်နှာအမူအယာဖြင့် ရှေ့သို့တက်လာပြီး ကျုံးချင်ကို နှုတ်ဆက်လိုက်သည်။
"လူကြီးမင်း... အထဲကို ကြွပါ"
ကျုံးချင်သည် သိပ်ဂရုမစိုက်ဘဲ ယနေ့တွင် လေလံအိမ်မှ လူများ ထူးထူးခြားခြား စိတ်အားထက်သန်နေသည်ဟုသာ ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်သည် ပင်မတံခါးပေါက်ထဲသို့ ဝင်ရောက်လာကြ၏။ ယဲ့ကျန်းသည် သူ၏နံဘေးမှ လိုက်ပါလာပြီး ဤထူးခြားသော ဧည့်သည်တော်ကို ဂရုတစိုက် လေ့လာကြည့်ရှုနေလေသည်။ တစ်ဖက်လူ၏အသက်အရွယ်ကို ကြည့်ရသည်မှာ သူ့နှင့် ရွယ်တူလောက် သို့မဟုတ် အများဆုံးအနေဖြင့် သူ့ထက်နှစ်အနည်းငယ်သာ ပိုကြီးပုံရသည်။
ထိုသို့ဆိုသည့်တိုင် ထိုကဲ့သို့ လူတစ်ယောက်သည် ဘုရင်အဆင့် နတ်ဘုရားလက်နက် နှစ်ခုကို ဆက်တိုက်ထုတ်ပေးနိုင်ပြီး မြင့်မြတ်သောနယ်မြေသုံးခုမှ ဘိုးဘေးများ၏ ရိုသေလေးစားမှုကို သွယ်ဝိုက်၍ရရှိထားသည်။ သူ ထုတ်ပြလိုက်သော အရာများသည် တမင်ကြွားဝါခြင်း မဟုတ်သည့်တိုင် အံ့အားသင့်စရာ ကောင်းနေလေပြီ။ ယခုအချိန်တွင် သူ၏မျက်လုံးထဲ၌ ကျုံးချင်သည် လျှို့ဝှက်ဆန်းကြယ်သော နာမည်တစ်ခု အထူးနာမ်စားတစ်ခု ဖြစ်နေသည်။
"မင်းတို့ဆီမှာ ရနံ့ဆယ်ပါးသစ်သီး အစစ်အမှန် စိတ်ဝိညာဉ်ပန်း မြေကမ္ဘာ မီးတောက်သစ်သား... ဒီပစ္စည်းတွေ ရှိလား"
ကျုံးချင်က စိတ်ဝိညာဉ်ရတနာပစ္စည်းပေါင်း ဆယ်ခုကျော်ကို ရွတ်ပြလိုက်သည်။ ထိုအရာများအနက် ရနံ့ဆယ်ပါးသစ်သီးသည် ပြန်လည်ရှင်သန်ခြင်းဆေးလုံး ဖော်စပ်ရန် အဓိကပါဝင်ပစ္စည်း ဖြစ်ပြီး ကြွင်းကျန်သောအရာများသည် အရန်ပစ္စည်းများသာ ဖြစ်ပေ၏။ သူ ထိုအရာများကို ပမာဏများစွာ လိုအပ်သည်။ သူ လေလံအိမ်သို့ ရောက်လာပြီဖြစ်သောကြောင့် အမြောက်အများ ဝယ်ယူထားရပေမည်။
ယဲ့ကျန်းက အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။
"လူကြီးမင်း... အစစ်အမှန် စိတ်ဝိညာဉ်ပန်း၊ မြေကမ္ဘာ မီးတောက်သစ်သား... ဒီပစ္စည်းတွေက ရှာဖို့ မခက်ဘူး... လေလံအိမ်မှာ သိုလှောင်ထားတာ အများကြီးရှိတယ်... လူကြီးမင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်... ရနံ့ဆယ်ပါးသစ်သီးဆိုတဲ့ စိတ်ဝိညာဉ်ရတနာ ပစ္စည်းကတော့ အထူးရင့်မှည့်မှု အခြေအနေတွေ လိုအပ်တာကြောင့် ရှိရင်းစွဲပမာဏက အရမ်း နည်းပါးတယ်... လေလံအိမ်မှာတောင် သိုလှောင်ထားတာ မရှိပါဘူး"
ကျုံးချင်က မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားမိသည်။ ပြန်လည်ရှင်သန်ခြင်းဆေးလုံး ဖော်စပ်ရန် အဓိကပါဝင်ပစ္စည်းမှာ ရနံ့ဆယ်ပါးသစ်သီးပင်။ ထိုအရာ မရှိလျှင် ဤခရီးစဉ်သည် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
နောက်ထပ်အချိန်တခဏတွင် ယဲ့ကျန်း ပြောဆိုသည်ကို သူ ကြားလိုက်ရသည်။
"ဒါပေမယ့် လေလံအိမ်မှာ မရှိပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော် ကံကောင်းထောက်မစွာနဲ့ တစ်လုံး ရရှိခဲ့ဖူးတယ်... အဲ့ဒါကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်စုဆောင်းမှုလို့ သတ်မှတ်ထားတာပါ"
သူ အချိန်တခဏကြာ စဉ်းစားပြီးနောက် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။
"အရှင် လိုအပ်ရင် ကျွန်တော်က လက်ဆောင်ပေးလို့ ရပါတယ်"
ဤစကားများသည် ကျုံးချင်ကို အံ့အားသင့်စွာဖြင့် ယဲ့ကျန်းကို ကြည့်မိစေသည်။
"လက်ဆောင်ပေးမယ်ဆိုတာ သေချာရဲ့လား... အရောင်းအဝယ် မဟုတ်ဘူးလား"
ယဲ့ကျန်းက ခေါင်းညိတ်လိုက်သည်။
"သေချာတယ်....."
"မင်းနဲ့ငါက လူစိမ်းတွေ ဖြစ်ပုံရတယ်"
ဤလောကကြီးတွင် အလကားရသော နေ့လည်စာ မရှိကြောင်း ကျုံးချင် သိရှိထားသည်။ အလကားရသော မည်သည့်အရာမဆို အမှန်အားဖြင့် လျှို့ဝှက်စွာ ဈေးသတ်မှတ်ပြီးသားပင်။
ကျုံးချင်၏ စူးစမ်းသောအကြည့်နှင့် ရင်ဆိုင်ရချိန်၌ ဤထူးခြားသော တည်ရှိမှုကြီးနှင့် မိတ်ဖွဲ့နိုင်မှု အောင်မြင်ခြင်းသည် ဤအချိန်အခိုက်အတန့်အပေါ် မူတည်နေကြောင်း ယဲ့ကျန်း သိလိုက်သည်။ ထိုကြောင့် သူသည် သူ၏လက်ကို ပူးဆုပ်ပြီး ကျုံးချင်ကို ဦးညွှတ်အရိုအသေပြုလိုက်၏။
"ဒီဂျူနီယာက တန်ထင်းခန်းမဆောင် လင်းပေါင်ခန်းမသခင်ရဲ့ အငယ်ဆုံးမြေး ယဲ့ကျန်းပါ... ပွင့်ပွင့်လင်းလင်း ပြောရရင် အရှင့်ရဲ့လုပ်ရပ်တွေ အများကြီးကို ကျွန်တော် ကြားဖူးပါတယ်... အရှင့်ကို အဝေးကနေ ကြည်ညိုလေးစားနေခဲ့တာ ကြာပါပြီ... အရင်က တွေ့ဆုံဖို့ အခွင့်အရေး မရှိခဲ့ပေမယ့် အခု တွေ့ခွင့်ရပြီဆိုတော့ ကျွန်တော်ရဲ့စိတ်နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတယ်... အရှင်နဲ့ မိတ်ဆွေဖြစ်ခွင့် ရနိုင်မလား ဆိုတာ သိချင်ပါတယ်"
သူက အလွန်ရိုးသားစွာ ပြောဆိုလိုက်သည်။ သူ အလွန်ရိုးသားလွန်းသဖြင့် ကျုံးချင် အနည်းငယ် အံ့အားသင့်သွားရသည်။ ထိုအချိန်တွင် ယဲ့ကျန်းက ထပ်မံ၍ ပြောဆိုလိုက်သည်။
"ကျွန်တော် သိသလောက်ဆိုရင် အရှင်က စိတ်ဝိညာဉ်ရတနာပစ္စည်းတွေ အများကြီး လိုအပ်နေပုံ ရတယ်... ပထမဆုံး တွေ့ဆုံမှုအနေနဲ့ ဒီဂျူနီယာမှာ ပေးစရာ သိပ်မရှိပါဘူး... ဒါက ကျွန်တော် ပိုင်ဆိုင်တဲ့ ဧည့်အကြီးအကဲ တံဆိပ်ပြားပါ... ဒါကိုလည်း အရှင့်ကို လက်ဆောင်ပေးချင်ပါတယ်... အရှင် မငြင်းပယ်ဘူးလို့ မျှော်လင့်ပါတယ်... ဒီတံဆိပ်ပြားနဲ့ဆိုရင် တန်ထင်းခန်းမဆောင်ရဲ့ လက်အောက်မှာရှိတဲ့ ဘယ်လေလံအိမ်မှာမဆို စိတ်ဝိညာဉ်ရတနာ ပစ္စည်းတွေနဲ့ တခြားအရာတွေ ဝယ်ယူရင် ဒီနေ့ကစပြီး ဈေးတစ်ဝက်ပဲ ပေးရတော့မှာပါ"
ကျုံးချင်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန်အတွက် ယဲ့ကျန်းသည် အမှန်တကယ်ကို အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။ သူတို့၏ ပထမဆုံးတွေ့ဆုံမှုတွင် သူ၏ ကိုယ်ပိုင်ရတနာကို ပေးရုံသာမက သူထံရှိသည့် တစ်ခုတည်းသော ဧည့်အကြီးအကဲ တံဆိပ်ပြားကိုလည်း ပေးအပ်လိုက်၏။ ဤဧည့်အကြီးအကဲ တံဆိအ်ပြားမှာ အလွန်တန်ဖိုးရှိသည်။ ခန်းမငါးခု၏ တိုက်ရိုက်တပည့်တစ်ဦးပင်လျှင် သူတို့၏ ဘဝသက်တာတွင် ဧည့်အကြီးအကဲတံဆိပ်ပြား ပေးအပ်ရန် အခွင့်အရေး တစ်ကြိမ်သာ ရှိပေသည်။
သစ်သားတံဆိပ်ပြားသည် အနီရင့်ရောင်ဖြစ်ပြီး ရှေးကျကာ ခံ့ညားထည်ဝါသည်။ အနောက်ဘက်တွင် နဂါးနှင့် ဖီးနစ်ငှက် ပုံစံများကို ထွင်းထုထားသည်။ ကျုံးချင်က တံဆိပ်ပြားကို ယူပြီး စစ်ဆေးကြည့်လိုက်၏။ ထိုအရာ၏အရည်အသွေးသည် ထူးခြားပြီး သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။
သူ အချိန်တခဏကြာ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။
"ဒီတံဆိပ်ပြားကို လက်ခံလိုက်ရင် ဒီနေ့ကစပြီး ငါက တန်ထင်းခန်းမဆောင်ရဲ့ ဧည့်အကြီးအကဲ ဖြစ်လာမှာလား"
ယဲ့ကျန်းက အလျင်အမြန် ရှင်းပြသည်။
"အရှင်... အထင်မလွဲပါနဲ့... ဒီဧည့်အကြီးအကဲဆိုတာက ဟန်ပြသက်သက်ပါပဲ... အခွင့်အရေးတွေကို ခံစားရပေမယ့် တာဝန်တွေ ထမ်းဆောင်စရာ မလိုပါဘူး... ပြီးတော့ နေ့စဉ်ဘဝမှာ အနှောင့်အယှက် ဖြစ်မှာလည်း မဟုတ်ဘူး"
ဤ မိတ်ဖွဲ့ခြင်းအပြုအမူသည် အမှန်တကယ်ကို နှိမ့်ချလွန်းသည်။ တစ်ဖက်လူ၏ရည်ရွယ်ချက်မှာ သူ၏နာမည်ကို ငှားသုံးချင်ရုံသက်သက် ဖြစ်သည်ကို ကျုံးချင်က တွေ့မြင်နိုင်သည်။ သူ ပြန်ရလိုက်သည်မှာ အနာဂတ်တွင် သူတို့၏လက်အောက်ရှိ လေလံအိမ်များ၌ ဈေးတစ်ဝက်ဖြင့် ဝယ်ယူနိုင်ခွင့်ပင်။ ဤဖလှယ်မှုသည် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိသည်ဟု ပြောနိုင်ပေ၏။
အချိန်တခဏကြာမျှ တွေဝေနေပြီးနောက် သူက ပြောဆိုလိုက်သည်။
"မင်းရဲ့မိတ်ဖွဲ့မှုက တော်တော်လေး ရက်ရောတာပဲ... ငါ လက်ခံလိုက်မယ်"
ဤစကားများသည် ယဲ့ကျန်းကို အတိုင်းထက်အလွန် ပျော်ရွှင်သွားစေသည်။ ထိုကဲ့သို့ တည်ရှိမှုကြီးနှင့် မိတ်ဖွဲ့ခြင်းသည် ဤမျှ ထိ ချောမွေ့လိမ့်မည်ဟု သူ တွေးထင်မထားမိပေ။
"အရှင်... ခဏလောက် စောင့်ပါအုံး... အရှင် လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ အားလုံးကို အခုပဲ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"
ယဲ့ကျန်း၏ညွှန်ကြားမှုအောက်တွင် မကြာမီ ရနံ့ဆယ်ပါးသစ်သီး အပါအဝင် ကျုံးချင် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများ အားလုံးကို သိုလှောင်အိတ် တစ်လုံးထဲသို့ ထည့်ပြီးသွားလေပြီ။ ယဲ့ကျန်းက ထိုသိုလှောင်အိတ်ကို ကျုံးချင်ထံသို့ လက်ကမ်းပေးပြီးနောက် ပြောဆိုသည်။
"စီနီယာ... ဒီဆေးဖက်ဝင်ပစ္စည်းတွေက ဒီဂျူနီယာရဲ့ စေတနာပါ... ငွေပေးစရာ မလိုပါဘူး... အခု နောက်ကျနေပြီ... ဒီမှာ တစ်ရက်လောက် အနားယူပြီး အိမ်ရှင်တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ခွင့် ပေးပါလား"
"နောက်မှပေါ့"
လေလံအိမ်သို့ လာခြင်းသည် သူ၏ ရုတ်တရက်ဆန်သော ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်သည်။ ကျုံးချင်သည် သူ ချီလင်အပေါ် စီးနင်းကာ တောင်များနှင့်မြစ်များကို လှည့်လည်သွားလာရန် စီစဉ်ထားဆဲ ဖြစ်သဖြင့် တိုက်ရိုက်ငြင်းပယ်လိုက်သည်။
ယဲ့ကျန်းသည် ဤကိစ္စကို စိတ်ထဲမထားပေ။ ထိုကဲ့သို့ တည်ရှိမှုမျိုးနှင့် ဆက်ဆံရာတွင် အလျင်လို၍ မရကြောင်းနှင့် ဖြည်းဖြည်းချင်းသာ ဆက်သွားရမည်ကို သူ သိရှိထားပေ၏။
ထို့နောက် သူက ပြောဆိုလိုက်သည်။
"စီနီယာရဲ့ နေရပ်လိပ်စာကို သိခွင့်ရမလား... နည်းနည်းလောက် ပြောပြဖို့ အဆင်ပြေမလား... နောက်တစ်ကြိမ်မှာ စီနီယာက စိတ်ဝိညာဉ်ရတနာ ပစ္စည်းတွေ ဒါမှမဟုတ် ဆေးပင်တွေ လိုအပ်ရင် ကြိုပြောလိုက်ရုံပါပဲ... အနီးနားက လေလံအိမ်ဌာနခွဲတွေက အရင်းအမြစ်တွေကို စီနီယာဆီ အမြန်ဆုံး ပို့ဆောင်ပေးဖို့ ကျွန်တော် စီစဉ်ပေးပါ့မယ်"
"ရှန်ကျန်းဂိုဏ်း... မူဖူတောင်"
ကျုံးချင်က တုံ့ပြန်အဖြေပေးသည်။
ဤလိပ်စာက ယဲ့ကျန်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။
"စီနီယာနဲ့ ရှန်ကျန်းဂိုဏ်းရဲ့ ပတ်သက်မှုကို သိခွင့်ရမလား"
"ငါက မူဖူတောင်ရဲ့ တောင်သခင်ပါ"
ဤသည်က ယဲ့ကျန်းကို အတော်လေး ယုံကြည်ရခက်စေသည်။ သူ၏အမြင်အရ ဤမျှ ထူးခြားသော ကျုံးချင်သည် အလွန် အစွမ်းထက်သော နောက်ခံ သို့မဟုတ် အလွန် အစွမ်းထက်သော အင်အားစုကို ပိုင်ဆိုင်ထားပေမည်။ သို့ရာတွင် သူ၏ အစစ်အမှန် အထောက်အထားသည် ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်း၏ တောင်သခင်တစ်ယောက် ဖြစ်နေသည်။
သေချာသည်မှာ သူသည် အထင်သေးသော အရိပ်အယောင် အနည်းငယ်မျှပင် မပြရဲချေ။ အမှန်အားဖြင့် သူ၏စိတ်ထဲက စိတ်လှုပ်ရှားမှုက ပို၍ပင် ပြင်းထန်လာသည်။ ပုန်းအောင်းနေသော အစွမ်းထက်ပုဂ္ဂိုလ် အမြောက်အများသည် ဂိုဏ်းငယ်လေးများအတွင်း၌ နေထိုင်ရသည်ကို နှစ်သက်လေ့ရှိကြသည်။ ထိုကဲ့သို့ ဥပမာများသည် ကုန်းမြေတစ်ခုလုံး၏ သမိုင်းကြောင်း တလျှောက်တွင် မရှားပါးချေ။ ထို့ပြင် သူ ရရှိထားသော သတင်းအချက်အလက်များအရ လက်ရှိ ရှန်ကျန်းဂိုဏ်းသည် ပထမတန်းစား ဂိုဏ်းတစ်ဂိုဏ်းအဖြစ် တိုးတက်မည့် အလားအလာ ရှိနေကြောင်း သိသာထင်ရှားနေပေ၏။
သေချာစဉ်းစားကြည့်လိုက်လျှင် ဤအရာအားလုံးသည် ကျုံးချင်နှင့် သေချာပေါက် ဆက်စပ်နေပေမည်။ ကျုံးချင်နှင့် သူ၏ဆက်ဆံရေး တည်ငြိမ်နေသရွေ့ ရှန်ကျန်းဂိုဏ်း၏ ပစ္စုပ္ပန်သည် သေချာပေါက် သူ၏အနာဂတ် ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်နေမိသည်။
ယဲ့ကျန်း၏ လေးစားစွာ နှုတ်ဆက်ခြင်းနှင့်အတူ ကျုံးချင်က လေလံအိမ်မှ ထွက်ခွာလာခဲ့သည်။ အပြန်လမ်းတွင် သူ ချီလင်ကို ထပ်မံ၍ ဆင့်ခေါ်လိုက်၏။ ချီလင်ကိုစီးပြီး သူသည် တောင်များနှင့်ပင်လယ်များကို ဖြတ်သန်း၍ မိုင်ထောင်နှင့်ချီပြီး သွားလာခဲ့သည်။ သူ မူဖူတောင်သို့ ပြန်ရောက်ချိန်၌ ညဉ့်နက်နေလေပြီ။
ညတာရှည်လျားပြီး သူ အိပ်ချင်စိတ် မရှိပေ။ ကျုံးချင်က ချီလင်နှင့် ခဏလောက် ဆော့ကစားလိုက်သည်။ ထို့နောက် သူသည် ကြီးကျယ်သော ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ထဲသို့ တဖန်ပြန်၍ ဝင်ရောက်သွားသည်။ ဆေးဖော်စပ်ခြင်းသည် ယခုအချိန်၌ သူ၏ဝါသနာကြီးများအနက်မှတစ်ခု ဖြစ်လာခဲ့လေပြီ။ ဤသည်မှာ ဆေးလိပ်သောက်ရသည်ကို ကြိုက်နှစ်သက်သူတစ်ယောက်သည် တစ်နေ့ကို ဆေးလိပ် နှစ်လိပ်သုံးလိပ်လောက် မသောက်ရရင် နေရထိုင်ရခက်သည့်အလားပင်။
ကျုံးချင်၏ဆေးဖော်စပ်ခြင်းသည် လုံးဝ ကံတရား သက်သက်သာ ဖြစ်သည်ဟု ပြောရမည်။ သူ ယခင်က အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သော ပြန်လည်ရှင်သန်ခြင်းဆေးသည် ယခုချိန်၌ ထပ်မံ၍ပေါက်ကွဲသွားသည်။ နောက်ရက်များတွင် သူ အကြိမ်ပေါင်းများစွာ ဆေးဖော်စပ်ခဲ့သော်လည်း တစ်ကြိမ်မျှ မအောင်မြင်ခဲ့ချေ။ သောက်ကျိုးနည်းဖွယ်ကောင်းသော ဤအခြေအနေက ကျုံးချင်ကို အမှန်တကယ် စိတ်ဓာတ်ကျစေသည်။
သူ နောက်ထပ် ဆေးမီးဖိုတစ်ဖိုစာ ပေါက်ကွဲသွားသည့် အချိန်မှာပင် ခြံဝန်းငယ်လေးထဲသို့ မူဖူတောင်မှ အပြင်စည်းတပည့်နှစ်ဦး ရိုသေလေးစားစွာ ဝင်ရောက်လာကြသည်။
"တောင်သခင်... ကျွန်တော်တို့ ခွင့်ရက် နည်းနည်းလောက် တောင်းချင်လို့ပါ"
ဝူယွဲ့က ပြောဆိုသည်။
သူ၏နံဘေးရှိ ရှီရှောင်ထျန်းက ထပ်မံ၍ ပြောဆိုလိုက်၏။
"တန်ထင်းခန်းမဆောင်ရဲ့ သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဆေးပညာရှင် စာမေးပွဲ စတင်တော့မှာပါ... စာမေးပွဲအောင်မြင်သူတွေကို သက်ဆိုင်ရာ ဆေးပညာရှင် အဆင့် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်မှာပါ... အဘိုးကြီးဝူနဲ့ ကျွန်တော်က ဆေးဘုရင်ဘွဲ့အတွက် ယှဉ်ပြိုင်ချင်ပါတယ်... ဒီနည်းလမ်းနဲ့ ဂိုဏ်းရဲ့သြဇာလွှမ်းမိုးမှုကို မြှင့်တင်ဖို့နဲ့ ဂုဏ်သတင်းကို ချဲ့ထွင်ဖို့ အခွင့်အရေးကို ယူနိုင်မှာပါ... တောင်သခင် ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်"
"ဆေးပညာရှင် စာမေးပွဲ ဟုတ်လား"
ကျုံးချင်၏မျက်နှာအမူအာ ပြောင်းလဲသွားပြီး စိတ်ဝင်စားစပြုလာသည်။
"ဒီစာမေးပွဲမှာ ပါဝင်ဖို့ လိုအပ်တဲ့ သီးသန့်အခြေအနေတွေ ရှိလား"
ရှီယွဲ့က ပြန်ဖြေသည်။
"အဲ့ဒီလို အခြေအနေမျိုးတွေ မရှိပါဘူး... စာရင်းသွင်းပြီးတော့ စာရင်းသွင်းကြေး ပေးဆောင်ရုံနဲ့ ပါဝင်လို့ ရပါတယ်"
"အဲဒီလိုဆိုရင် ငါလည်း မင်းတို့နဲ့အတူ လိုက်ခဲ့မယ်"
ကျုံးချင်လည်း လိုက်ချင်သည်ဟု ကြားချိန်၌ အပြင်စည်းတပည့်နှစ်ဦး၏မျက်လုံးများ တောက်ပသွားသည်။
"တောင်သခင် လိုက်လာနိုင်ရင် အကောင်းဆုံးပဲ"
"ကောင်းပြီ... ဒါဆို သဘက်ခါကျရင် အတူတူ ထွက်ခွာကြတာပေါ့"
ထိုသို့ပြောဆိုပြီးနောက် ကျုံးချင်သည် သူ၏ပစ္စည်းများကို စတင်၍ ထုပ်ပိုးလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ဤဆေးပညာရှင်စာမေးပွဲအတွက် မျှော်လင့်ချက်အနည်းငယ်ကို ပို၍ခံစားရတော့သည်။