မင်းက ငါ စောင့်ရှောက်ပေးတာကို ခံရဖို့ ထိုက်တန်တယ်
Vol. 12 Ch. 115
နောက်တစ်နေ့ နံနက်ခင်းတွင် လူသုံးယောက်ပါဝင်သော အဖွဲ့သည် ခရီးဆက်ခဲ့ကြ၏။ သူတို့သည် မိုးကောင်းကင်ယံထက်တွင် ပျံသန်းကာ တောင်များနှင့်မြစ်ပေါင်း ထောင်ချီကို ဖြတ်ကျော်ပြီးနောက် အဆုံး၌ ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့၏အထက်သို့ ရောက်ရှိလာကြသည်။
ဤနေရာသည် ဆေးမြို့တော်ပင်။ ဤမြို့ကို အရှေ့ပိုင်းဒေသ တစ်ခုလုံးတွင် အစည်ကားဆုံးမြို့အဖြစ် လူသိများပြီး တန်ထင်းခန်းမဆောင်၏ ပင်မအခြေစိုက်စခန်းလည်း ဖြစ်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ဆေးမြို့တော်၏ တံတိုင်းများသည် ပေဆယ်ပေါင်းများစွာ မြင့်မားကာ ခံ့ညားထည်ဝါပြီး မျက်စိတစ်ဆုံး ဆန့်တန်းနေသည်ကို မြင်တွေ့ရပေ၏။
အစက်အပြောက်များ ရှိနေသော တံတိုင်းထိပ်များသည် အချိန်ကာလ၏ တိုက်စားမှု အမှတ်အသားများကို ခံထားရသော်လည်း ခိုင်မာတောင့်တင်းနေဆဲပင်။ မြို့ရိုးအုတ်ခဲများပေါ်တွင် ဝင်္ကပါပုံစံများ ထွင်းထုထားသည့် အရိပ်အယောင်များ ရှိနေသည်။ မြို့တစ်မြို့လုံးတွင် ဝင်္ကပါအမြောက်အများကို ထွင်းထုနိုင်ခြင်းသည် အရှေ့ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်လျှင် တန်ထင်းခန်းမဆောင်တစ်ခုတည်းသာ ထိုကဲ့သို့ ကြွယ်ဝချမ်းသာမှုကို ပြသနိုင်သည်။
မြို့ထဲသို့ ဝင်ရောက်လိုက်သည်နှင့် စားသောက်ဆိုင်များနှင့် ဆိုင်ခန်းများသည် လမ်းဘေးတစ်လျှောက် စီတန်းနေသည်ကို မြင်တွေ့နိုင်ပေ၏။ လမ်းပေါ်ရှိ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများသည် မရပ်မနား ထွက်ပေါ်နေပြီး အလွန်သက်ဝင်လှုပ်ရှားနေသည်။
ဆေးပညာရှင်စာမေးပွဲသည် ဆေးမြို့တော်တွင် သုံးနှစ်တစ်ကြိမ် ကျင်းပသော ပွဲကြီးပွဲကောင်း တစ်ခုပင်။ လမ်းမများပေါ်တွင် လူအုပ်စုများသည် ဤအကြောင်းအရာကို အဆက်မပြတ် ဆွေးနွေးနေကြသည်။ စားသောက်ဆိုင်များတွင် ဆေးပညာရှင်အဆင့်တက်ရန် မည်သူက အရည်အချင်း ပြည့်မီသနည်း နှင့် အဆင့်မြင့် ဆေးပညာရှင်ဖြစ်ရန် မည်သူက စိန်ခေါ်နိုင်သနည်းဆိုသော စကားဝိုင်းများ နေရာတိုင်းတွင် ရှိနေကြသည်။
လူအုပ်ကြီးကြားတွင် အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသူ အမြောက်အများ ရှိနေသည်။ ထိုအနက်ရောင်ဝတ်ရုံ၏ ပစ္စည်းသည် သာမန်မဟုတ်ဘဲ ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားကာ ရှေးကျခြင်း လွှမ်းမိုးနိုင်ခြင်းနှင့် ခံ့ညားထည်ဝါခြင်းဟူသော ခံစားမှုများကို ပေးစွမ်းနေသည်။
"တောင်သခင်... ဒီလူတွေအားလုံးက စာမေးပွဲဖြေဖို့ ဆေးမြို့တော်ကို ရောက်လာကြတဲ့ ဆေးပညာရှင်တွေပါ"
"ပခုံးပေါ်မှာ ကြယ်တစ်ပွင့် ပါတဲ့သူတွေက အဆင့်တစ်ဆေးပညာရှင်တွေပါ"
"ကြယ်နှစ်ပွင့်ပါတဲ့သူတွေက အဆင့်နှစ် ဆေးပညာရှင်တွေပါ"
နံဘေးတွင်ရှိနေသော ဝူယွဲ့က ကျုံးချင်ကို ရှင်းပြနေသည်။ ကျုံးချင်သည် လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ အများစုမှာ ကြယ်တစ်ပွင့်အဆင့်ရှိသူများ ဖြစ်ကြသည်။ ကြယ်နှစ်ပွင့် ရှိသူများမှာမူ အလွန် နည်းပါးသည်။ ကြယ်သုံးပွင့် ရှိသူများအတွက်မူ တစ်ယောက်မျှ မတွေ့ရချေ။
သူက အနည်းငယ်ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"ကြယ်သုံးပွင့်ရှိတဲ့သူတွေ မရှိဘူးလား"
ထိုအချိန်တွင် ရှီရှောင်ထျန်းက အပြုံးနှင့် ပြောဆိုသည်။
"တောင်သခင်... ကြယ်သုံးပွင့်ရှိတဲ့သူတွေက ရှားပါးတယ်"
"ဖီးနစ်ငှက်မွှေးလို ရှားပါးတယ် ဆိုတာကို မပြောနဲ့အုံး... ကျွန်တော်နဲ့ အဘိုးကြီးပိုင်လို လူတွေပဲ ဝတ်ဆင်ဖို့ ထိုက်တန်တာပါ"
"ဒါ့ပြင် ဒီဆေးပညာရှင် ဝတ်စုံကို ဝတ်ထားရင် ကိစ္စတွေက အများကြီး ပိုအဆင်ပြေတယ်"
ထိုစကားကိုပြောဆိုရင်း သူတို့နှစ်ဦးသည် သိုလှောင်အိတ်ထဲမှ အနက်ရောင်ဝတ်ရုံတစ်ထည်စီ ထုတ်ယူပြီး ဝတ်ဆင်လိုက်ကြသည်။ သူတို့၏ပခုံးပေါ်တွင် ကြယ်သုံးပွင့်ကို ရှင်းလင်းစွာ ပြသထားသည်။
"အဆင့်သုံး ဆေးပညာရှင်တွေပဲ"
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်သည်။ သူတို့နှစ်ဦးအပေါ်ထားရှိသော သူ၏အကြည့်များတွင် လေးစားမှု အရိပ်အယောင် အနည်းငယ်ပို၍ ပါဝင်လာခဲ့သည်။
ဤဆေးပညာရှင်ဝတ်စုံသည် အလွန်ခံ့ညားထည်ဝါသည်ဟု ကျုံးချင်က ခံစားလိုက်ရသည်။ ဤသည်မှာ ဆေးပညာရှင်တစ်ဦး၏ တိုက်ပွဲဝင်ဝတ်စုံပင်။ သူ၏ စိတ်ထဲတွင် ဤဆေးပညာရှင်စာမေးပွဲကို ပို၍မျှော်လင့်လာပြီး ဆေးပညာရှင်တစ်ယောက် ဖြစ်ကိုဖြစ်ရမည်ဟု တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
လမ်းလျှောက်နေရင်း သူတို့နှစ်ဦးသည် ကျုံးချင်အတွက် ဆေးပညာရှင်လောက၏ အထွေထွေဗဟုသုတများကို ဆက်လက်၍ ရှင်းပြလိုက်ကြ၏။ ဤအရှေ့ပိုင်းဒေသတွင် အဆင့်တစ်နှင့် အဆင့်နှစ် ဆေးပညာရှင်များသည် ဆေးပညာရှင်လောက၏ ကျောရိုးများ ဖြစ်ကြသည်။ အဆင့်သုံး ဆေးပညာရှင်များကို ဆေးပညာလောကတွင် ဆရာသခင်အဆင့်ပုဂ္ဂိုလ်များဟု ခေါ်ဆိုနိုင်သည်။
အဆင့်လေး ဆေးပညာရှင်များကို မဟာဆရာသခင်များဟု ခေါ်ဆိုနိုင်ပြီး အဆင့်ငါး ဆေးပညာရှင်များသည် ဆေးဘုရင်အဆင့် တည်ရှိမှုများ ဖြစ်ကြကာအရှေ့ပိုင်းဒေသရှိ ဆေးပညာရှင်လောက၏အထွတ်အထိပ် ဖြစ်သည်။ ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် ဤတစ်ကြိမ်တွင် အဆင့်ငါးဆေးပညာရှင်အဖြစ် စိန်ခေါ်ရန် ရောက်လာကြခြင်းဖြစ်သည်။
"တောင်သခင်... မတူညီတဲ့ ဆေးပညာရှင် အဆင့်တွေအတွက် စာမေးပွဲ နေရာတွေက မတူကြပါဘူး... ဒါကြောင့် စာမေးပွဲဖြေတဲ့အချိန်မှာ ကျွန်တော်တို့က တစ်နေရာတည်းမှာ ရှိချင်မှ ရှိမှာပါ"
ရှီရှောင်ထျန်းက ဆက်လက်၍ ပြောဆိုသည်။
"ဒါ့ပြင် ဆေးပညာရှင်စာမေးပွဲမှာ နောက်ထပ် စည်းမျဉ်းတစ်ခု ရှိပါသေးတယ်"
"အဲ့ဒါကတော့ လူတစ်ယောက်က အကြိမ်တိုင်းမှာ အဆင့်တစ်ခုကိုပဲ ရွေးချယ် စစ်ဆေးနိုင်ပါတယ်... စာမေးပွဲ ကျရှုံးရင် နောက်တစ်ကြိမ် စစ်ဆေးခံဖို့ သုံးနှစ်စောင့်ရမယ်"
"ဒါကြောင့် တောင်သခင်က.. ဒီတစ်ကြိမ်မှာ ဘယ်အဆင့်ကို စစ်ဆေးခံဖို့ စီစဉ်ထားလဲ"
"ဒီလိုစည်းမျဉ်းလည်း ရှိသေးတာလား"
ထိုစကားကိုကြားချိန်၌ ကျုံးချင်က သူ၏မေးကို ပွတ်သပ်ပြီး စဉ်းစားလိုက်သည်။ သူသည် မူလက အဆင့်မြင့်ဆေးပညာရှင်အတွက် ကြိုးစားကြည့်ချင်ပြီး မအောင်မြင်လျှင် အဆင့်လျော့ချရန် ရည်ရွယ်ထားသည်။ ယခု၌မူ သူသည် အနိမ့်ဆုံးအဆင့်ဖြစ်သည့် အဆင့်တစ်ဆေးပညာရှင်ကို စစ်ဆေးရန် ရှေးရိုးဆန်စွာ ရွေးချယ်ရတော့မည့်ပုံ ပေါက်နေသည်။
"ကောင်းပြီလေ... ငါ နားလည်ပြီ"
"မင်းတို့နှစ်ယောက် သွားကြတော့... ငါ တစ်ယောက်တည်း သွားလိုက်မယ်"
ကျုံးချင်သည် လမ်းဆုံတစ်ခုတွင် သူတို့နှစ်ယောက်နှင့် လမ်းခွဲလိုက်သည်။ ထို့နောက် သူသည် လမ်းမေးလိုက်ရာ အဆင့်တစ် ဆေးပညာရှင် စာမေးပွဲနေရာသည် မြို့၏အနောက်ဘက်တွင် ရှိကြောင်း သိလိုက်ရသဖြင့် အနောက်ဘက်သို့ အေးအေးဆေးဆေး လမ်းလျှောက်သွားလိုက်သည်။
စည်ကားသော ဈေးကို ဖြတ်ကျော်ပြီးနောက် သူ ဆယ်မိုင်ခန့် လမ်းလျှောက်ခဲ့သည်။ ထို့နောက် ခုနစ်ထပ်မြင့်သော ခန်းမဆောင်တစ်ခုကို သူ တွေ့လိုက်ရသည်။ ဤနေရာသည် အမှန်တကယ်ကို အဆင့်တစ် ဆေးပညာရှင်များအတွက် စာရင်းသွင်းခြင်းနှင့်စစ်ဆေးခြင်း ပြုလုပ်သောနေရာပင်။
ကျုံးချင် ခန်းမထဲသို့ ရောက်လာပြီးနောက် စာရင်းသွင်းခြင်း အချက်အလက်များကို ဖြည့်စွက်ကာ စာရင်းသွင်းကြေး ပေးဆောင်လိုက်သည်။ ထို့နောက် သူ့ကို ကျယ်ဝန်းသော ရင်ပြင်တစ်ခုသို့ ခေါ်ဆောင်သွားကြ၏။ လူအများအပြား ဤနေရာတွင် စုဝေးနေကြသည်။ လူအများစုသည် ပလ္လင်ခွေထိုင်နေကြပြီး စာမေးပွဲစတင်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးသည် သူ့ကဲ့သို့ပင် အဆင့်တစ် ဆေးပညာရှင်စာမေးပွဲတွင် ပါဝင်မည့် ဖြေဆိုသူများ ဖြစ်ကြကြောင်း သိသာထင်ရှားသည်။
ကျုံးချင်သည် နေရာတဝိုက်လုံးကို ဝေ့ဝိုက်၍ကြည့်လိုက်ပြီး ထိုင်စရာနေရာ ရှာနေသည်။ ထိုအချိန်မှာပင် လူငယ်တစ်ဦးက သူ့ကို လက်ဝှေ့ယမ်းပြလေသည်။
"ညီအစ်ကို... ဒီမှာ နေရာလွတ်တစ်ခု ရှိတယ်"
ထိုလူငယ်သည် အသက်၂၀ကျော်အရွယ် ဖြစ်ပြီး ကျုံးချင် ဝတ်ဆင်ထားသည့် ပုံစံအတိုင်း အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် သူ၏ဘေးနားရှိ နေရာလွတ်ကို ညွှန်ပြပြီး ကျုံးချင်ကို လာထိုင်ရန် အချက်ပြလိုက်၏။ ကျုံးချင်သည် တွန့်ဆုတ်မနေဘဲ ထိုလူငယ်ထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားပြီး ထိုင်လိုက်သည်။
"အစ်ကို... ကျွန်တော့်ရဲ့နာမည်က ကျိုးဆန်းပါ"
လူငယ်က ပြုံးလိုက်သည်။ သူသည် ဖော်ရွေသော လူတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားသည်။
"မင်းရဲ့နာမည်ကို သိခွင့်ရမလား"
"ကျုံးချင်...."
သူတို့နှစ်ယောက်သား မိတ်ဆက်လိုက်ကြသည်။
ကျိုးဆန်းက အပြုံးနှင့် မေးမြန်းသည်။
"မင်းကို ကြည့်ရတာ ဆေးပညာရှင် စာမေးပွဲမှာ ပထမဆုံးအကြိမ် ပါဝင်တာ မဟုတ်လား... ဘယ်လိုလဲ... ဒီစာမေးပွဲအတွက် ယုံကြည်မှု ရှိရဲ့လား"
ကျုံးချင် ပြန်မဖြေနိုင်မီ သူက ဆက်လက်၍ ပြောဆိုလိုက်၏။
"တကယ်တော့ ဒီဆေးပညာရှင် စာမေးပွဲက လွယ်လည်း လွယ်တယ်....ခက်လည်း ခက်တယ်"
"အမ်... ဘာကို ဆိုလိုတာလဲ... အစ်ကိုကျိုးကို ကြည့်ရတာ ဆေးပညာရှင်စာမေးပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အတော်လေး ရင်းနှီးပုံရတယ်"
ကျုံးချင်က မေးမြန်းသည်။
"သေချာတာပေါ့...."
ကျိုးဆန်းက သူ့ရင်ဘတ်သူ ပုတ်လိုက်ပြီး လောကကြီးတွင် သူ မသိသည့်အရာဟူ၍ မည်သည့်အရာမျှ မရှိသကဲ့သို့ ပြုမူလိုက်သည်။ ထို့နောက် သူသည် တီးတိုးပြောဆိုလိုက်၏။
"အကြောင်းအရာတွေ အများကြီး ရှိတယ်"
"ငါတို့က ရေစက်ပါလို့သာ မင်းကို အသေးစိတ် ပြောပြတာနော်... ဘယ်သူ့ကိုမှ ငါက လျှောက်ပြောပြမနေဘူး"
ထို့နောက် သူသည် အတွင်းသတင်းဟုဆိုသော အချက်အလက်တချို့ကို ထုတ်ဖော်ပြောဆိုသည်။
"တန်ထင်းခန်းမဆောင်ရဲ့ တိကျတဲ့ စစ်ဆေးမှု အကြောင်းအရာတွေက နှစ်တိုင်း ကွဲပြားကြတယ်"
"ဒီတစ်ကြိမ်မှာ တန်ထင်းခန်းမဆောင်က အဆင့်တစ်ဆေးညွှန်း အသစ်တစ်ခုကို ပေးလိမ့်မယ်... သူတို့ရဲ့ ဆေးညွှန်းအတိုင်း ဆေးလုံးတစ်လုံးကို အောင်မြင်အောင် ဖော်စပ်နိုင်ရင် အောင်မြင်တယ်လို့ သတ်မှတ်လိမ့်မယ်"
"ဒါပေမယ့် အောင်မြင်ရင်တောင် အဆင့်တစ် ဆေးပညာရှင် ဖြစ်လာအုံးမှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ နေရာတွေက အကန့်အသတ် ရှိလို့လေ... အဲ့ဒီအစား အောင်မြင်တဲ့သူတွေထဲက ဆေးလုံးအရည်အသွေးအပေါ် မူတည်ပြီးတော့ ထိပ်တန်းအယောက်သုံးဆယ်ကို ရွေးချယ်ပြီး အဆင့်တစ် ဆေးပညာရှင်တွေအဖြစ် သတ်မှတ်မှာပါ"
ထိုအချက်က ကျုံးချင်ကို မျက်မှောင်ကြုတ်သွားစေသည်။ ဤနေရာတွင် အနည်းဆုံး လူထောင်ပေါင်းများစွာရှိနေပေ၏။ လူထောင်ပေါင်းများစွာအနက်မှ လူ ၃၀ကိုသာ ရွေးချယ်မည်ဆိုပါက ဖယ်ရှားခံရမည့် နှုန်းထားမှာ အလွန်များပြားသည်။
"ပြောပြတဲ့အတွက် ညီအစ်ကိုကျိုးကို ကျေးဇူးတင်ပါတယ်"
ဤသည်မှာ သေချာပေါက် အတွင်းသတင်းများအနက်မှ အတွင်းသတင်းပင်။ ကျုံးချင်ကျေးဇူးတင်စကားပြောဆိုရန် ထိုက်တန်ပေ၏။
"နောက်တစ်ခေါက်ကျ အခွင့်အရေးရရင် အစ်ကိုကျိုးနဲ့ အတူသောက်ပါ့မယ်"
ကျိုးဆန်းက လက်ဝှေ့ယမ်းပြပြီး ပြုံးလိုက်သည်။
"ဘာလို့ နောက်တစ်ခေါက်အထိ စောင့်နေမှာလဲ... အခုပဲ သောက်လို့ရတာပဲ"
"ဒီစာမေးပွဲက အချိန်တော်တော် ကြာအုံးမှာ... ဒီမှာက ပြဿနာမရှာသရွေ့ နည်းနည်းပါးပါး သောက်တာကို ဘယ်သူမှ ဂရုမစိုက်ဘူး"
"အဲ့ဒီလိုလား..."
ကျုံးချင်၏မျက်လုံးများ တောက်ပသွားသည်။
"အဲဒီလိုဆိုရင် ဒီနေ့ ညီအစ်ကိုကျိုးနဲ့ စိတ်တိုင်းကျ သောက်ကြတာပေါ့"
ထိုသို့ပြောဆိုရင်း ကျုံးချင်သည် ခါးတွင် ချိတ်ထားသော ဝိုင်အရက်ဘူးကို ဖြုတ်ယူပြီး လက်ကမ်းပေးလိုက်၏။ တစ်ဖက်လူကလည်း အားမနာချေ။ ဝိုင်အရက်ဘူးကိုယူပြီးနောက် သူ အားရပါးရ မော့သောက်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ၏မျက်လုံးများ တောက်ပလာသည်။
"ညီအကို.. ဒီဝိုင်အရက်က ကောင်းသားပဲ"
ထို့နောက် သူတို့နှစ်ယောက်သား တစ်လှည့်စီ သောက်ကြတော့သည်။ စကားများသော ကျိုးဆန်းသည် ဝိုင်အရက်သောက်လိုက်သည်နှင့် တံခါးလက်ကိုင်ဘု ကျိုးသွားသည့်အလား စကားမပြောဘဲ မနေနိုင်တော့ချေ။ သူသည် မြောက်ဘက်မှ တောင်ဘက်အထိ အကြောင်းအရာမျိုးစုံကို မရပ်မနားပြောနေတော့သည်။
သူ၏ ဆေးဖော်စပ်ခြင်းပါရမီက ပြိုင်ဘက်ကင်းကြောင်းနှင့် တစ်နေ့တွင် ဆေးဘုရင် ဖြစ်လာမည်ဖြစ်ကြောင်း ကြွားလုံးထုတ်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားက အဆင့်တူများကြားတွင် ပြိုင်ဘက်မရှိသလောက်ဖြစ်ပြီး တစ်ချိန်တုန်းက ရန်သူတစ်ယောက်ကို သုံးရက် သုံးညတိုင်တိုင် တစ်ယောက်တည်း လိုက်လံတိုက်ခိုက်ခဲ့ဖူးသည်ဟုလည်း ပြောခဲ့ပေ၏။ နောက်ဆုံးတွင် ခေါင်းစဉ်က မိန်းကလေးများဘက်သို့ ရောက်သွားသည်။ သူသည် စစ်နတ်ဘုရား ဝင်ပူးနေပြီး မဟာဧကရာဇ်၏ စွမ်းအားများ ရရှိထားသည်ဟုပင် ကြွားလုံးထုတ်လေသည်။
အိုး ဘုရားရေ....
ကျုံးချင်၏ပါးစပ် အနည်းငယ် မဲ့ရွဲ့သွားသည်။ ကြွားလုံးထုတ်ခြင်းက ပြစ်ဒဏ်ချမှတ်ခံရနိုင်လျှင် ဤကောင်သည် အနည်းဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမည်ဟု သူ ခံစားလိုက်ရသည်။
မသိလိုက်ဘာသာဖြင့် နှစ်နာရီ ကုန်ဆုံးသွားသည်။ ထို့နောက် ကျိုးဆန်းက အမျိုးသမီးများနှင့် သူ၏ဇာတ်လမ်းများအကြောင်း ကြွားလုံးထုတ်သည်နှင့်ပင် တစ်နာရီခွဲခန့် ထပ်မံ၍ ကုန်ဆုံးသွားခဲ့သည်။
ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ကြွားလုံးထုတ်ခြင်းကို ဘေးဖယ်လိုက်ပါက ဤကောင်၏ အချစ်ရေး စွန့်စားခန်းများအပေါ် စူးစမ်းလေ့လာထားမှုများသည် အမှန်တကယ်ကို ဆန်းသစ်ပေ၏။ ကျုံးချင်၏ စိတ်ကိုပင် အနည်းငယ် ဂဏာမငြိမ် ဖြစ်စေသည်။ မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာကို ရောက်လာကတည်းက သူ ထိုကဲ့သို့နေရာမျိုးကို တစ်ကြိမ်တစ်ခါမှ မသွားဖူးသေးပေ။ ကျိုးဆန်းသည် ကြွားလုံးထုတ်တတ်သော်လည်း ကျုံးချင်က သူ့ကို အမြင်ကပ်မိခြင်းမျိုးမရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤသို့သော လူစားများသည် အလွန်ရိုးသားကြ၏။
"ညီအစ်ကို... နောက်တစ်ခါ အခွင့်အရေး ရရင် အထွတ်အထိပ်ပျော်ရွှင်မှုရဲ့သားတော် ဖြစ်ရတာက ဘယ်လိုလဲဆိုတာ ခံစားရအောင် ကျွန်တော် သေချာပေါက် ခေါ်သွားပေးမယ်"
ကျိုးဆန်းသည် အနည်းငယ်မူးဝေနေပြီး သူ၏လက်ကို ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ၏လေသံ ပြောင်းလဲသွားသည်။
"ညီအစ်ကို... တကယ်တော့ မင်း ဒီဆေးပညာရှင် စာမေးပွဲအတွက် ဘာမှ စိတ်ပူစရာ မလိုပါဘူး... မင်းက ပြီးစီးသွားတဲ့ ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်သရွေ့ ကျန်တာကို ငါ တာဝန်ယူပေးမယ်"
သူက ခေါင်းတစ်ချက်ဆတ်ပြီး ခန်းမအတွင်းသို့ ညွှန်ပြလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် ငါ့မှာ အဆက်အသွယ်တွေ ရှိတယ်"
"တန်ထင်းခန်းမဆောင်ထဲမှာ အဆင့်သုံး ဆေးပညာရှင် တစ်ယောက် ရှိတယ်... အဲ့ဒါက ငါရဲ့ဆွေမျိုးပဲ"
"အဆင့်သုံး ဆေးပညာရှင် ဆိုတာ ဘာလဲ မင်း သိလား... အဲ့ဒါက ဆေးပညာရှင်တွေကြားမှာ ဆရာသခင်အဆင့် တည်ရှိမှုကြီးပဲ... ထိပ်တန်း အင်အားစုတွေက ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ဆက်ဆံတာကို ခံရတဲ့ တည်ရှိမှုမျိုးလေ"
"သာမန်လူအများစုက သူတို့ကို ဘဝတသက်တာလုံး တစ်ခါမှတောင် မြင်ဖူးကြမှာ မဟုတ်ဘူး"
"ညီအစ်ကိုကျုံးလို လူမျိုးဆိုရင် အဆင့်သုံး ဆေးပညာရှင်နဲ့ သေချာပေါက် အဆက်အသွယ် ရှိမှာ မဟုတ်ဘူး... ဒါပေမယ့် စိတ်မပူပါနဲ့... ငါ စကားတစ်ခွန်း ပြောလိုက်တာနဲ့ မင်းက ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်နိုင်ရုံပဲ လိုတယ်... အဆင့်သတ်မှတ်ချက် အတွက် ငါ တာဝန်ယူပေးမယ်... ငါတို့က မိတ်ဆွေဟောင်းတွေလို ခံစားရလို့ ဒီကိစ္စလေးကို မင်းအတွက် လုပ်ပေးတာပါ"
"အမ်... မင်းက နောက်ဖေးပေါက်ကနေ ဝင်လို့ ရတာလား... ဒါက တကယ့်ကို ကျေးဇူးတင်စရာပဲ"
ကျုံးချင်က သူ၏လက်နှစ်ဖက်ကို အလျင်အမြန် ပူးဆုပ်ပြီး ဂါရဝပြုလိုက်သည်။ ကျိုးဆန်းသည် ကျုံးချင်၏ကျေးဇူးတင်သော အမူအယာကို အလွန်နှစ်သက်သွားပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကိစ္စငယ်လေးပါ... ညီအစ်ကို... ဒီလောက် ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး"
"ဒါပေမယ့် အဲ့ဒီလူက ငါ့ရဲ့ဆွေမျိုး ဖြစ်ပေမယ့် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်သွားလို့ မရဘူး... လက်ဆောင်တွေပေးဖို့ လိုနေသေးတယ်"
"သေချာတာပေါ့... မင်းအတွက် ဝေစုကို ငါ ပေးလိုက်ပါ့မယ်"
သူက ကျုံးချင်၏ပခုံးကို ပုတ်လိုက်သည်။
"မင်းနဲ့ငါက အကြိုက်ချင်းတူတယ်လို့ ဘယ်သူ ပြောလဲ... အဝတ်အစားတောင် တူတူဝတ်ထားသေးတယ်... ညီအစ်ကို...ငါက မင်းကို သဘောကျတယ်... ဒါကြောင့် မင်းက ငါ စောင့်ရှောက်ပေးတာကို ခံရဖို့ ကံပါလာတာပဲ"