အပြင်စည်းတပည့်နှစ်ဦး၏ အရည်အချင်းစစ် စာမေးပွဲ
Vol. 12 Ch. 116
အခြားတစ်ဖက်တွင်.....
အဆင့်ငါးဆေးပညာရှင် စာမေးပွဲ မှတ်ပုံတင်ရုံးခန်း၌....
စည်ကားသိုက်မြိုက်နေသော အဆင့်တစ် ဆေးပညာရှင် စာမေးပွဲနေရာနှင့် လုံးလုံးလျားလျား ခြားနားနေပြီး ဤနေရာ၌ လူရိပ်တစ်ယောက်မျှပင် မရှိချေ။ ဧည့်ကြိုတာဝန်ခံ ဝန်ထမ်းသည် ပျင်းရိငြီးငွေ့လွန်းသဖြင့် ငိုက်မျဉ်းနေပေ၏။
ဤသို့ ဖြစ်ရသည့် အကြောင်းအရင်းမှာ အဆင့်ငါးဆေးပညာရှင်တစ်ယောက်သည် အရှေ့ပိုင်းဒေသ ဆေးပညာလောက၏အထွတ်အထိပ်ဟု သတ်မှတ်ခံထားရသောကြောင့်ပင်။ အရှေ့ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်လျှင် သူတို့သည် ဇာမဏီငှက်မွေးနှင့်နဂါးအကြေးခွံများကဲ့သို့ ရှားပါးသည်။
နှစ်ပေါင်းတစ်ထောင်အတွင်း အရှေ့ပိုင်းဒေသ၌ အဆင့်ငါး ဆေးပညာရှင်အသစ်တစ်ယောက်မျှ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။ ဤနှစ်ပေါင်းတစ်ထောင်ကာလအတွင်း၌ ဧည့်ကြိုတာဝန်ခံ ဝန်ထမ်းများ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲခဲ့ကြသည်။ သို့ရာတွင် တချို့ဝန်ထမ်းများသည် သူတို့၏တစ်ဘဝလုံးတွင် စာမေးပွဲ လာဖြေမည့်သူ တစ်ယောက်ကိုပင် တွေ့ဆုံခွင့် ရချင်မှ ရကြပေလိမ့်မည်။
သို့သော် ယနေ့တွင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ ရောက်ရှိလာကြသည်။ သူတို့နှစ်ယောက် မှတ်ပုံတင်ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့် ဝန်ထမ်းက သူ၏အိပ်ချင်မူးတူးမျက်လုံးများကို ပွတ်သပ်လိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်က ဘာကိစ္စ ရှိလို့ပါလဲ"
"မှတ်ပုံတင်ချင်လို့... စာမေးပွဲဖြေမလို့ပါ"
ဝူယွဲ့က သူတို့၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်နှင့် ဝန်ထမ်းသည် ဖင်မီးခဲခုထိုင်မိသည့်အလား ခုန်ထလိုက်၏။
"ကျေးဇူးပြုပြီး ထိုင်ကြပါအုံး"
သူက စိတ်အားထက်သန်စွာဖြင့် သူတို့ကို ထိုင်ခုံ ညွှန်ပြလိုက်သည်။ ထို့နောက် သူတို့ကို လက်ဖက်ရည်နှင့်ရေ အလျင်အမြန် ယူလာပေးသည်။ ထို့နောက် သူသည် ကောင်တာမှ စာရွက်စာတမ်းတစ်ရွက်ကို ထုတ်ယူလိုက်သည်။
"ကျေးဇူးပြုပြီးတော့ ခင်ဗျားတို့ရဲ့ အချက်အလက်တွေကို ဖြည့်ပေးပါ... ကျွန်တော်က အထက်လူကြီးတွေကို ခဏနေကျရင် ဆက်သွယ်လိုက်ပါမယ်... သူတို့က စာမေးပွဲကို လာရောက်ကြီးကြပ်ပေးကြပါလိမ့်မယ်"
ဧည့်ကြိုတာဝန်ခံဝန်ထမ်း ဤမျှထိ လုံ့လဝီရိယ ရှိနေသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ သူတို့နှစ်ယောက် စာမေးပွဲ အောင်မြင်မည် မအောင်မြင်မည်ဆိုသည်ကို ဘေးဖယ်ထားလျှင်ပင် သူတို့ဝတ်ဆင်ထားသော အဆင့်သုံး ဆေးပညာရှင်တံဆိပ်ကပင် ဤကဲ့သို့ ဂရုတစိုက် ဆက်ဆံမှုကို ရရှိရန် ထိုက်တန်နေလေပြီ။
သူတို့နှစ်ယောက်သား အချက်အလက်များ ဖြည့်စွက်ပြီး မှတ်ပုံတင်ကြေးကို ဟန်ပြအဖြစ် ပေးသွင်းလိုက်ပြီးနောက် ဝန်ထမ်းက သူတို့၏ အချက်အလက်စာရွက်များကိုကိုင်ကာ ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"လူကြီးမင်းတို့ ခဏလောက် စောင့်ပေးပါအုံး... ကျွန်တော် အခုပဲ ပြန်လာခဲ့ပါ့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် ဧည့်ကြိုကောင်တာမှ ဝန်ထမ်းမလေးကို လှမ်းခေါ်ပြီး သူတို့နှစ်ယောက်ကို ကောင်းမွန်စွာဂရုစိုက်ရန် မှာကြားကာ လျှပ်စီးလက်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ သူသည် တန်တင်းမျှော်စင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။
တန်တင်းမျှော်စင်သည် တန်ထင်းခန်းမဆောင်၏ရုံးချုပ်ပင်။ ဆေးပညာရှင်စာမေးပွဲတိုင်းသည် တန်ထင်းခန်းမဆောင်အတွက် ကြီးကျယ်ခမ်းနားသော ပွဲတစ်ခု ဖြစ်သည်ဟု ပြောရပေမည်။ ဤသည်မှာ သွေးသစ်လောင်းရန်နှင့် အဖွဲ့ဝင်သစ်များ စုဆောင်းရန် အခွင့်အရေးတစ်ခုဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ပွဲများတွင် ပုံမှန်အားဖြင့် မတူညီသော နယ်မြေများနှင့် ခန်းမများကို ကြီးကြပ်ကွပ်ကဲနေကြသော ခန်းမဆောင်သခင်ကြီးငါးယောက်သည် အတူတကွ စုဝေးနေလေ့ရှိကြသည်။ ယခုအချိန်တွင် တန်တင်းမျှော်စင်၏ ပင်မခန်းမဆောင်၌ ခန်းမဆောင်သခင်ကြီးငါးယောက်လုံး စုံညီစွာ ရှိနေကြသည်။
လင်းပေါင်ခန်းမ၏ ခန်းမဆောင်သခင် ယဲ့ချင်းရှန်က သက်ပြင်းချလိုက်သည်။
"ဒီတစ်ခေါက် စာမေးပွဲအတွက် လာရောက် စာရင်းပေးသွင်းတဲ့ အရေအတွက်က အရင်နှစ်တွေကထက်တောင် ပိုများနေသေးတယ်... ဒါက ငါတို့ တန်ထင်းခန်းမဆောင်ရဲ့ ဩဇာလွှမ်းမိုးမှု ပိုပြီးကြီးထွားလာတယ်ဆိုတာကို ပြသနေတာပဲ... ဒီ ဆေးပညာရှင်စာမေးပွဲကနေ ထူးချွန်တဲ့ ပါရမီရှင်တွေ ထွက်ပေါ်လာမလား ဆိုတာတော့ ငါ မသိသေးဘူး"
တခြား ခန်းမဆောင်သခင်တစ်ဦးက ပြောဆိုသည်။
"ငါတို့ တန်ထင်းခန်းမဆောင်က အရှေ့ပိုင်းဒေသရဲ့ မြင့်မြတ်နယ်မြေတစ်ခုပဲ... ပါရမီရှင်တွေနဲ့ ထူးကဲတဲ့ အရည်အချင်းရှိသူတွေ အများကြီး စုဝေးနေကြတာ... နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီတစ်ခေါက် အဆင့်လေးဆေးပညာရှင် နည်းနည်းလောက် ထွက်ပေါ်လာဖို့ ငါ မျှော်လင့်မိတယ်"
အဆင့်ငါး ဆေးပညာရှင်အကြောင်းကိုမူ သူ ထည့်ပင်မပြောချေ။ ခန်းမဆောင်သခင်များ စကားစမြည် ပြောဆိုနေကြစဉ် ဧည့်ကြိုတာဝန်ခံဝန်ထမ်းက ပင်မခန်းမဆောင်ထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။
"ခန်းမဆောင်သခင်တွေကို သတင်းပို့ပါတယ်... အဆင့်ငါး ဆေးပညာရှင် စာမေးပွဲကို ဖြေဆိုဖို့ လူနှစ်ယောက် ရောက်လာပါတယ်"
ထိုစကားကို ကြားလိုက်ရချိန်၌ ခန်းမဆောင်သခင်ငါးယောက်လုံး မှင်သက်သွားကြသည်။ ဝန်ထမ်းက သူတို့နှစ်ဦး၏အချက်အလက်စာရွက်များကို တန်ပေါင်ခန်းမသခင် ကျွင်းရှောင်ယောက်ထံသို့ ရိုသေစွာဖြင့် အလျင်အမြန်လက်ကမ်းပေးလိုက်သည်။
"သူတို့ပဲ...."
ကျွင်းရှောင်ယောက်ကအချက်အလက်စာရွက်ပေါ်ရှိ လူနှစ်ယောက်၏နာမည်များကို ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ ထင်ဟပ်လာသည်။
"အဘိုးကြီးရှောင်ယောက်... ဘယ်သူတွေလဲ"
တခြားခန်းမဆောင်သခင်များက စိတ်အားထက်သန်စွာ မေးမြန်းလိုက်ကြသည်။ အဆင့်ငါး ဆေးပညာရှင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ယုံကြည်မှုရှိသူများသည် အရှေ့ပိုင်းဒေသ တစ်ခုလုံးတွင် အမှန်တကယ်ကို ရှားပါးပေ၏။
"ခင်ဗျားတို့ဘာသာ ကြည့်လိုက်တော့"
သူသည် အချက်အလက်စာရွက်ကို ယဲ့ချင်းရှန်ထံသို့ လက်ကမ်းပေးလိုက်ကာ သူတို့အားလုံး အလှည့်ကျ ကြည့်ရှုပြီးနောက် ခန်းမဆောင်သခင်တစ်ယောက်က ပြောဆိုသည်။
"ဝူယွဲ့... ရှီရှောင်ထျန်း... ငါ ဒီလူနှစ်ယောက်ကို မှတ်မိတယ်... သူတို့က လွန်ခဲ့တဲ့ နှစ်တစ်ရာက အဆင့်တက်လာခဲ့တဲ့ အဆင့်သုံး ဆေးပညာရှင်တွေပဲ... သူတို့က ဆေးပညာမှာ အတော်လေး ကျွမ်းကျင်မှု ရှိကြတယ်... ဒါပေမဲ့ သူတို့က အဆင့်လေးစာမေးပွဲကို မဖြေဘဲ ဆေးဘုရင် အဆင့်ကို တိုက်ရိုက်ကြိုးစားနေကြတယ်...ဒါက မျှော်လင့်ချက် သိပ်ရှိမယ်လို့ ငါ မထင်ဘူး"
ထိပ်ဆုံးတွင် ထိုင်နေသော ကျွင်းရှောင်ယောက်က စားပွဲခုံကို သူ၏လက်ချောင်းများဖြင့် အဆက်မပြတ် ခေါက်လိုက်သည်။
"မျှော်လင့်ချက် ရှိရှိ မရှိရှိ... အဆင့်ငါး ဆေးပညာရှင် စာမေးပွဲက ငါတို့ရဲ့ အလေးအနက် အာရုံစိုက်မှုကို ခံရဖို့ ထိုက်တန်တယ်"
တခြားခန်းမဆောင်သခင်တစ်ဦးက အကြံပြုလိုက်သည်။
"ငါတို့ ငါးယောက်လုံး အတူတူ သွားရောက်ပြီးတော့ ဒီနှစ်ယောက်အတွက် စာမေးပွဲ အကြောင်းအရာတွေကို သတ်မှတ်ပေးကြမလား"
"ကောင်းတယ်"
ဤအကြံပြုချက်ကို လူများအားလုံး သဘောတူလိုက်ကြသည်။ အစည်းအဝေး ပြီးဆုံးသွားသည်နှင့် ခန်းမဆောင်သခင်ငါးယောက်သည် အချိန်ဆွဲမနေတော့ပေ။ သူတို့သည် အဆင့်ငါး ဆေးပညာရှင်စာမေးပွဲ နေရာသို့ တန်းတန်းမတ်မတ် ဦးတည်၍ သွားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဝန်ထမ်းအား ထိုလူနှစ်ယောက်ကို စာမေးပွဲဖြေဆိုရမည့် နေရာသို့ ခေါ်ဆောင်လာရန် ညွှန်ကြားလိုက်သည်။
အဆင့်ငါးဆေးပညာရှင် စာမေးပွဲကို တန်ဝမ်ခန်းမဆောင်တွင် ပြုလုပ်သည်။
တန်ထင်းခန်းမဆောင်သည် ကြီးမားသော ကြွယ်ဝချမ်းသာမှု၏ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်သည်ဟု ပြောရမည်။ မြို့တစ်မြို့လုံးကို သူတို့ ပိုင်ဆိုင်ထားပြီး သူတို့တွင် အခြားအရာများ မလိုအပ်ချေ။ သူတို့အတွက် ငွေကြေးနှင့် အဆောက်အဦးများသာ လိုအပ်သည်။ တန်ဝမ်ခန်းမဆောင်သည် တန်ထင်းခန်းမဆောင်၏ တခြားအထင်ကရ အဆောက်အဦးတစ်ခုပင်။ ဆေးပညာရှင်အားလုံး၏စိတ်နှလုံးသားထဲတွင် ထိုနေရာသည် ထူးကဲသော အဆင့်အတန်းတစ်ခု ရှိသည်။
ဤနေရာသည် ငါးကြင်းက နဂါးဂိတ်တံခါးကို ခုန်ကျော်လိုက်သည့်အလားပင်။ တစ်ကြိမ် ခုန်ကျော်နိုင်သည်နှင့် ကျယ်ပြန့်သော ကောင်းကင်နှင့်ပင်လယ်ပြင်ကြီးသည် ငါးများခုန်ပျံရန်အတွက် အခွင့်အရေးရရှိသွားသည့် အလားပင်။ သူတို့အတွက် ဂုဏ်ပြုစာအုပ်များ ရေးသားခံရနိုင်ကာ ရုပ်တုများ ထုလုပ်ခံရနိုင်ပြီး နောင်လာနောက်သားများ၏ ရိုသေလေးစားမှုကို ခံရနိုင်သည်။ သူတို့သည် ရှေးဟောင်းသမိုင်းတွင် အမည်တွင်ကျန်ရစ်နိုင်ပြီး အဆုံးမရှိသော ဂုဏ်ကျက်သရေများဖြင့် ဂုဏ်ပြုခြင်းခံရနိုင်ပေ၏။
ခမ်းနားထည်ဝါပြီး ရှေးကျသော ပင်မခန်းမဆောင်ကြီးအတွင်းတွင် ခန်းမဆောင်သခင်ငါးယောက်သား နေရာယူလိုက်ကြသည်။ သူတို့၏ရှေ့ရှိ မြေကွက်လပ်၏အလယ်တွင် ဆေးမီးဖိုကြီးနှစ်လုံး ရှိနေသည်။ ထိုဆေးမီးဖိုများ၏နံဘေးတွင် စိတ်ဝိညာဉ်ဆေးပင်များကို အတန်းလိုက် ထားရှိထားသည်။ ရှေ့ဘက်တွင် တန်ဝမ်ခန်းမဆောင်မှ ထွက်ပေါ်လာခဲ့သော ဆေးဘုရင်အသီးသီး၏ ရုပ်ထုများကို ပြသထားပေ၏။
ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ မြေကွက်လပ်ထဲသို့ ဝင်ရောက်လာချိန်တွင် ကျွင်းရှောင်ယောက်က ဖြည်းညှင်းစွာ ပြောဆိုသည်။
"ဒီစာမေးပွဲကို ငါတို့ငါးယောက်က ကြီးကြပ်ပေးမယ်"
"ဆေးမီးဖိုတစ်လုံးစီရဲ့ ဘေးမှာ အဆင့်ငါးဆေးညွှန်းတစ်ခုစီ ရှိတယ်"
"မင်းတို့နှစ်ယောက်က ကန့်သတ်ထားတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကို အသုံးပြုပြီးတော့ သုံးရက်အတွင်းမှာ ဒီအဆင့်ငါး ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်ရမယ်... ပြီးရင် ငါတို့ငါးယောက်က အတူပူးပေါင်းပြီးတော့ ဆေးလုံးရဲ့အဆင့်အတန်းကို အကဲဖြတ်ပေးမယ်... အောင်မြင်တယ်လို့ အတည်ပြုပြီးမှသာ မင်းတို့ အဆင့်တက်နိုင်မယ်"
"မင်းတို့မှာ ကန့်ကွက်စရာ ရှိလား"
ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့က ခေါင်းခါယမ်းလိုက်ကြသည်။
"ဒီလိုဆိုရင် အဆင့်ငါး ဆေးပညာရှင်စာမေးပွဲ အခု စတင်ပါပြီ"
သူ၏အသံ ဆုံးသည်နှင့် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် သူတို့၏ဆေးဖော်စပ်ခြင်းကို စတင်လိုက်ကြသည်။
သူတို့နှစ်ယောက်သည် ပထမဆုံး ဆေးညွှန်းကို တစ်ချက်ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့သည် လက်ဝှေ့ယမ်းလိုက်ပြီး စိတ်ဝိညာဉ်ချီဖြင့် ဆေးမီးဖိုကို မီးညှိလိုက်ကြသည်။ မီးအရှိန်သည် အတိုင်းအတာတစ်ခုသို့ ရောက်သည်နှင့် သူတို့နှစ်ဦးသည် စိတ်ဝိညာဉ်ဆေးပင်များနှင့် အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းများကို ဆေးမီးဖိုထဲသို့ စနစ်တကျ ထည့်သွင်းလိုက်ကြသည်။
အထက်တွင် ခန်းမဆောင်သခင်ငါးယောက်သည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြပြီး ရံဖန်ရံခါ သူတို့နှစ်ဦး၏လုပ်ဆောင်ချက်များကို တိတ်တဆိတ် မှတ်ချက်ပေးနေကြသည်။ ယေဘုယျအားဖြင့် သူတို့၏စွမ်းဆောင်ရည်သည် ကျေနပ်စရာကောင်းပေ၏။ သူတို့သည် အထူးတလည် ထူးချွန်ခြင်း မရှိသော်လည်း သိသာထင်ရှားသော အပြစ်အနာအဆာများလည်း မရှိပေ။
"ဒါပေမဲ့ ဒီအတိုင်းသာ ဆိုရင်တော့ သူတို့က ဒီ အဆင့်ငါးဆေးလုံးကို ဖော်စပ်နိုင်မှာ မဟုတ်ဘူး"
ခန်းမဆောင်သခင်တစ်ဦးက ခေါင်းခါယမ်းလိုက်၏။
အဆင့်ငါးဆေးလုံးတစ်လုံးကို ဖော်စပ်ရသည်မှာ မည်သည်ကြောင့် ဤမျှထိ လွယ်ကူနိုင်မည်နည်း။ ထိုဆေးလုံးကို ဖော်စပ်သူသည် စိတ်ဝိညာဉ်ဆေးပင်များ၏ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများအပေါ် နားလည်မှုသည် အလွန် မြင့်မားသောအဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ ထိုမျှသာမက အပူချိန် ထိန်းချုပ်မှု အနှစ်သာရထုတ်ယူမှုနှင့် ဤအနှစ်သာရများကို မည်သို့ ပေါင်းစပ်ရမည် ဆိုသည်တို့တွင် ကျွမ်းကျင်မှုအများအပြား လိုအပ်သည်။
ထို့ပြင် အဆင့်ငါးဆေးလုံးတစ်လုံးတွင် စိတ်ဝိညာဉ်ဆေးဖက်ဝင်ပစ္စည်း အမျိုးအစားတစ်ရာကျော် ပါဝင်သည်။ ဤစိတ်ဝိညာဉ်ဆေးဖက်ဝင်ပစ္စည်းများအားလုံးသည် အဆင့်နိမ့်များ မဟုတ်ကြပေ။ ထိုအရာမျိုးတစ်ရာကျော်၏ အနှစ်သာရများကို တစ်ခုချင်းစီ ထုတ်ယူရခြင်းသည် ဆေးပညာရှင်တစ်ဦးအတွက် အချိန်ကုန်ပြီး စိတ်ပင်ပန်းစေသော အလုပ်တစ်ခု ဖြစ်သည်မှာ သေချာပေါက်ပင်။
ဤဆေးလုံးကို သုံးရက်အတွင်းဖော်စပ်ရန်အတွက် အစောပိုင်းအဆင့်များတွင် ထူးကဲသော စွမ်းဆောင်ရည် တစ်ခုခုမရှိလျှင် အချိန်လောက်ငှမည် မဟုတ်ပေ။ သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ ထိုခန်းမသခင်ငါးယောက်၏ မျက်နှာအမူအယာများ တဖြည်းဖြည်း ပြောင်းလဲလာသည်။
ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့၏ နည်းစနစ်များသည် ပို၍မြန်ဆန်လာပေ၏။ သူတို့နှစ်ယောက်သည် စိတ်ဝိညာဉ်ချီကို ထိန်းချုပ်ပြီး ဒြပ်စင်ငါးပါးကို ထိန်းချုပ်လိုက်ကြသည်။ ဆေးမီးဖို၏အထက်တွင် ဒြပ်စင်ငါးပါး၏အလင်းရောင်များ လှည့်ပတ်ပျံဝဲနေပေ၏။
သူတို့သည် စိတ်ဝိညာဉ်ဆေးဖက်ဝင်ပစ္စည်းများ၏ အနှစ်သာရကို ထုတ်ယူရန် ဒြပ်စင်ငါးပါး စွမ်းအားကို အသုံးပြုခဲ့သည်။ ထိုသန့်စင်ထားသော အနှစ်သာရများ ပေါင်းစပ်မှုကို ဒြပ်စင်ငါးပါး၏ အပြန်အလှန် ဖြစ်ပေါ်စေမှုနှင့် အပြန်အလှန်ထိန်းချုပ်မှု သဘောတရားကို အသုံးပြုကာ ထိန်းညှိလိုက်ကြသည်။
"ဒါက... ဒါက အချိန်အကြာကြီး ပျောက်ဆုံးနေတဲ့ ဒဏ္ဍာရီလာ ဒြပ်စင်ငါးပါး ဆေးဖော်စပ်ခြင်း နည်းစနစ် မဟုတ်လား"
ခန်းမဆောင်သခင်တစ်ဦးက တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်ပြီး သူ၏အသံတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။