ငါက နာမည်ခံ အကြီးအကဲပါ
Vol. 12 Ch. 117
ဒြပ်စင်ငါးပါး ဆေးဖော်စပ်ခြင်းနည်းစနစ်သည် ဆေးပညာရှင်လောကတွင် ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်လုနီးပါးပင်။ ထိုနည်းစနစ်သည် သမိုင်းမြစ်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ပြီဟု ဆိုစမှတ်ပြုကြသည်။ ခန်းမဆောင်သခင်ငါးယောက်ပင်လျှင် ထိုနည်းစနစ်၏ နတ်ဘုရားဆန်သော လျှို့ဝှက်ဆန်းကြယ်မှုကို ရှေးဟောင်းစာပေများမှတဆင့် အနည်းငယ်မျှသာ လေ့လာခွင့် ရရှိခဲ့ကြသည်။ ယခု၌မူ ဤလူနှစ်ယောက်ထံမှ ပြီးပြည့်စုံသော ဒြပ်စင်ငါးပါး ဆေးဖော်စပ်ခြင်းနည်းစနစ်ကို အမှန်တကယ် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရလေပြီ။
"ဆေးအနှစ်သာရတွေ... လုံးဝသန့်စင်သွားပြီ"
ထိုအချိန်တွင် ခန်းမဆောင်သခင်တစ်ဦးသည် ဆေးဖော်စပ်သည့်မီးဖိုကို လက်ညှိုးထိုးပြလိုက်ပြီး မယုံကြည်နိုင် ဖြစ်နေသည်။ ပုံမှန်အားဖြင့် အဆင့်နိမ့် ဆေးပညာရှင်တစ်ဦးသည် စိတ်ဝိညာဉ်ဆေးပင်တစ်ခု၏ အနှစ်သာရ ၂၀ ရာခိုင်နှုန်းကို ထုတ်ယူနိုင်လျှင်ပင် အလွန် ကောင်းမွန်နေလေပြီ။ သူတို့ကဲ့သို့ ထိပ်တန်း ဆေးပညာရှင်များအတွက်ပင် ၆၀ ရာခိုင်နှုန်း ထုတ်ယူနိုင်ပါက လူအများကြားတွင် ထင်ရှားကျော်ကြားရန် လုံလောက်ပေ၏။
သို့သော် ဒြပ်စင်ငါးပါး ဆေးဖော်စပ်ခြင်းနည်းစနစ်ဖြင့် သန့်စင်မှုအောက်တွင် ထုတ်ယူလိုက်သော ဆေးအနှစ်သာရသည် ၁၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့သည်။ ဤအချက်ကို ကြည့်ရုံမျှဖြင့် ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့၏ ဆေးဖော်စပ်မှုအဆင့်အတန်းသည် သူတို့ထက် ကျော်လွန်သွားပြီဟု ဆိုနိုင်သည်။
ထို့နောက် သူတို့သည် အထစ်အငေါ့မရှိသော အမြင်အာရုံ စားပွဲဝိုင်းတစ်ခုကို ခံစားကြည့်ရှုလိုက်ကြသည်။ ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် လက်သင်္ကေတများကို လျင်မြန်စွာ ဖော်ဆောင်နေကြသဖြင့် သူတို့၏လက်များသည် မှုန်ဝါးဝါး ဖြစ်နေကြ၏။ ဆေးဖော်စပ်သည့် မီးဖို၏အထက်တွင် နံနက်ခင်း အလင်းရောင်များကဲ့သို့ လင်းလက်တောက်ပနေပြီး ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။
ဤသည်မှာ ဆေးဖော်စပ်ခြင်း ဖြစ်ကြောင်း ထင်ရှားနေသော်လည်း ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့က စွမ်းရည်ပြပွဲတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြသည်။ သူတို့၏ ထူးခြားသော ဆေးအနှစ်သာရ ထုတ်ယူနည်းနှင့် ဆေးလုံးဖွဲ့စည်းခြင်း နည်းလမ်းတို့သည် ခန်းမဆောင်သခင်ငါးယောက်ကို လုံးလုံးလျားလျား အံ့အားသင့်သွားစေခဲ့သည်။
အချိန်များ မသိလိုက်ဘာသာ ကုန်ဆုံးသွားပြီးနောက်ထပ်နှစ်ရက် ကြာမြင့်သွားခဲ့သည်။ ဆေးရနံ့တစ်ခု ပျံ့လွင့်လာသည်နှင့်အမျှ ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့၏ဆေးသန့်စင်မှုသည်လည်း ပြီးဆုံးလုဆဲဆဲ ဖြစ်နေလေပြီ။ ပြီးစီးသွားသော ဆေးလုံးများ ဆေးမီးဖိုထဲမှ ထွက်လာသည့် အချိန်တွင် ခန်းမဆောင်သခင်ငါးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဆေးလုံးနှစ်လုံးမှ ညင်သာသိမ်မွေ့သော အလင်းတန်းများ ထုတ်လွှတ်နေပြီး ချောမွေ့ကာ လုံးဝန်း၍ အပြစ်ဆိုဖွယ်ရာ မရှိသော အရည်အသွေးကို ပိုင်ဆိုင်ထားသည်။ ထိုအရာများသည် အဆင့်ငါးဆေးလုံးများဖြစ်သည်မှာ သေချာပေါက်ပင်။ အဆင့်ငါးဖြစ်ရုံသာမက အဆင့်ငါးဆေးလုံးများအနက် ထိပ်တန်းအဆင့် ဖြစ်ပေ၏။
ထို့ပြင် သူတို့နှစ်ယောက်၏ တည်ငြိမ်အေးဆေးနေပုံကို ကြည့်ခြင်းအားဖြင့် အဆင့်ငါး ဆေးလုံး ဖော်စပ်ခြင်းသည် သူတို့အတွက် အခက်အခဲမရှိကြောင်း သိသာထင်ရှားနေသည်။ သူတို့နှစ်ယောက်၏ အဆင့်အမှန်သည် အဆင့်ငါး၏ အထက်သို့ပင် ရောက်ရှိနေသလောဟုပင် ခန်းမဆောင်သခင်များက တွေးတောမိလိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက အဆင့်ငါးဆေးဘုရင်အဖြစ် အဆင့်တက်ခဲ့သော သူတို့အတွက်ပင် အစောပိုင်းက ဆေးလုံးကို ဖော်စပ်ခြင်းသည် ဤမျှထိ လွယ်ကူမည် မဟုတ်ချေ။
ကျွင်းရှောင်ယောက်သည် သူ၏ရင်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ထားပြီး ပြောဆိုလိုက်သည်။
"အဆင့်ငါးဆေးလုံးတွေကို အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့တဲ့ ခင်ဗျားတို့နှစ်ယောက်ကို ဂုဏ်ယူပါတယ်... ဒီနေ့ကစပြီး ခင်ဗျားတို့နှစ်ယောက်က အသစ်တိုးမြှင့်ခံရတဲ့ ဆေးဘုရင်တွေပါ"
"ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်ရဲ့တန်ထင်းခန်းမဆောင်မှာ စာရင်းသွင်းဖို့ ဆန္ဒရှိမလား ဆိုတာ သိချင်မိတယ်... စာရင်းဝင်အကြီးအကဲ ဖြစ်လာပြီးတာနဲ့ ကျွန်တော့်ရဲ့ တန်ထင်းခန်းမဆောင်က ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်မှာ မဟုတ်ပါဘူး... ပြီးတော့ နှစ်စဉ် စိတ်ဝိညာဉ်ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီးထောက်ပံ့ပေးပါ့မယ်... ဒါတင် မကသေးဘူး... ခင်ဗျားတို့နှစ်ယောက်ကို ကျွန်တော့်ရဲ့ တန်ထင်းခန်းမဆောင်က ကာကွယ်ပေးထားမှာ ဖြစ်ပြီး တန်ထင်းခန်းမဆောင်ရဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေကို တစ်စိတ်တစ်ပိုင်း အသုံးပြုပိုင်ခွင့် ရှိပါလိမ့်မယ်"
"ပြီးတော့ ခင်ဗျားတို့နှစ်ယောက် လုပ်ပေးရမယ့် တစ်ခုတည်းသော အရာက အရေးကြီးတဲ့ အချိန်တွေမှာ... ဥပမာ ကျွန်တော့်ရဲ့ တန်ထင်းခန်းမဆောင်မှာ ဆေးညွှန်းအသစ်တွေ ပေါ်လာရင် အတူတူ စူးစမ်းလေ့လာပြီးတော့ ဆေးဖော်စပ်တဲ့နေရာမှာ ကူညီပေးရုံပါပဲ"
ကျွင်းရှောင်ယောက်သည် လူသစ်စုဆောင်းရန်အတွက် အကျိုးခံစားခွင့်များကို ချက်ချင်းကမ်းလှမ်းလိုက်သည်။ ဤအကျိုးခံစားခွင့်များသည် အမှန်တကယ်ကို ရက်ရောပြီး သူ၏ ကြီးမားသော ရိုးသားမှုကို ပြသနေပေ၏။ တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် တန်ထင်းခန်းမဆောင်၏ လူအင်အားနှင့် အရင်းအမြစ် တချို့ကို အသုံးပြုနိုင်ခြင်းသည် သာမန်လူများ ငြင်းပယ်နိုင်မည့် ဆွဲဆောင်မှုမျိုး မဟုတ်ပေ။
ဝူယွဲ့နှင့်ရှီရှောင်ထျန်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အနည်းငယ် စိတ်ဝင်စားသွားကြသည်။ သို့သော် သူတို့ ချက်ချင်း သဘောမတူခဲ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် လက်ရှိတွင် မူဖူတောင်၏ တပည့်များ ဖြစ်ကြ၏။ အခြားဂိုဏ်းတစ်ဂိုဏ်းတွင် ရာထူးတစ်ခု ယူခြင်းသည် သူတို့၏ တောင်သခင်ကို အသိပေးပြီး ခွင့်ပြုချက်ရယူရန် သေချာပေါက် လိုအပ်ပေလိမ့်မည်။
ဝူယွဲ့က ချက်ချင်းပြောဆိုလိုက်သည်။
"ဒီကိစ္စကို စဉ်းစားခွင့် ပေးပါ"
"ဒါက အလျင်လိုစရာ မလိုပါဘူး"
ကျွင်းရှောင်ယောက်က အပြုံးနှင့် ပြောဆိုကာ အသံပေးပို့ခြင်း ကျောက်စိမ်းပြားတစ်ခုကို သူတို့ထံသို့ လက်ကမ်းပေးလိုက်သည်။
"ဒီကျောက်စိမ်းပြားကို ကျွန်တော့်ကို ဆက်သွယ်ဖို့ သုံးလို့ ရပါတယ်... ခင်ဗျားတို့နှစ်ယောက် စဉ်းစားပြီးပြီ ဆိုရင် ကျွန်တော့်ကို အကြောင်းပြန်ပေးလို့ ရပါတယ်... ကျွန်တော့်ရဲ့ တန်ထင်းခန်းမဆောင် တံခါးတွေက ခင်ဗျားတို့နှစ်ယောက်အတွက် အမြဲတမ်း ဖွင့်ထားပါတယ်"
ဝူယွဲ့က လက်ခံလိုက်သည်။ ထိုအပြုအမူသည် ခန်းမဆောင်သခင်ငါးယောက်လုံးကို ဝမ်းမြောက်သွားစေခဲ့သည်။ ယေဘုယျအားဖြင့် ပြောရလျှင် သူတို့သည် နေရာတွင်ပင် မငြင်းပယ်ဘဲ အသံပေးပို့ခြင်း ကျောက်စိမ်းပြားကို လက်ခံလိုက်ခြင်းက များသောအားဖြင့် သဘောတူသည်ဟု ဆိုလိုခြင်းပင်။ အကယ်၍ ဆေးဘုရင်နှစ်ဦးသာ တန်ထင်းခန်းမဆောင်တွင် စာရင်းသွင်းလိုက်ပါက ခန်းမဆောင်၏ဂုဏ်သတင်းသည် သံသယဖြစ်ဖွယ်မလိုဘဲ ပို၍မြင့်တက်လာပေလိမ့်မည်။
အချိန်တခဏတာအတွင်းတွင် ဝူယွဲ့နှင့်ရှီရှောင်ထျန်းအပေါ် ထားရှိသော သူတို့ငါးယောက်သား၏သဘောထားများ အလွန်စိတ်အားထက်သန်လာခဲ့သည်။ ဤသည်က ဆေးဘုရင်နှစ်ပါး၏သြဇာလွှမ်းမိုးမှု မည်မျှထိ ကြီးမားကြောင်း ပြသနေခြင်းပင်။ တန်ထင်းခန်းမဆောင်၏ အမြင့်ဆုံးခေါင်းဆောင်ငါးဦးက သူတို့၏အဆင့်အတန်းကို ဘေးဖယ်ထားပြီး မိတ်ဖွဲ့ရန် ထိုက်တန်ပေ၏။ ယဉ်ကျေးသော ဖလှယ်မှု တချို့ ပြုလုပ်ပြီးနောက် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် တန်ဝမ်ခန်းမဆောင်မှ ပျော်ရွှင်စွာ ထွက်ခွာလာကြပြီး ခန်းမဆောင်သခင်ငါးယောက်က သူတို့ကို လိုက်လံပို့ဆောင်ပေးလိုက်ကြသည်။
သို့သော် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ တန်ဝမ်ခန်းမဆောင်မှ စိတ်အားတက်ကြွစွာ ထွက်ခွာလာသော အချိန်တွင်...
တခြားတစ်ဖက်၌ ကျုံးချင်နှင့်ကျိုးဆန်းတို့သည် လှေကားထစ်များပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး သက်ပြင်းချနေကြသည်။ လေပြေတစ်ချက် တိုက်ခတ်လာပြီး သူတို့ကို အေးစက်ကာ အထီးကျန်ဆန်သွားစေသည်။ သူတို့နှင့်မလှမ်းမကမ်းတွင် ကြော်ငြာစာ တစ်စောင် ကပ်ထားသည်။ ကြော်ငြာစာတွင် ဤတစ်သုတ်အတွက် အဆင့်တစ် ဆေးပညာရှင် ရာထူးတိုးစာရင်းကို ပြသထားပေ၏။ ရာထူးတိုးစာရင်း၏ဘေးတွင် အလွန် ထင်ရှားသော တခြားကြော်ငြာစာ တစ်စောင် ရှိနေသည်။
ထိုကြော်ငြာစာတွင် ရေးသားထားသည်မှာ...
"စာမေးပွဲဖြေဆိုသူများ ဖြစ်သော ကျိုးဆန်းနှင့် ကျုံးချင်တို့သည် ဆေးပညာရှင် အရည်အချင်း ရရှိရန်အတွက် လာဘ်ပေးလာဘ်ယူ ပြုလုပ်ခဲ့ကြသည်....ကျွန်တော်တို့၏ခန်းမဆောင်သည် ထိုကဲ့သို့ အပြုအမူကို လုံးဝသည်းခံမည် မဟုတ်သောကြောင့် သူတို့နှစ်ဦးလုံးကို စာမေးပွဲဖြေဆိုခွင့် ပယ်ဖျက်ပြီး တခြားသူများကို သတိပေးရန် ဤကြော်ငြာစာကို ကပ်ထားလိုက်သည်"
ကျုံးချင်က သက်ပြင်းချလိုက်သည်။ သူ၏အခြေအနေသည် မည်သို့ ဖြစ်သွားခဲ့သနည်း။ စစ်ပွဲမစခင် သေဆုံးသွားသကဲ့သို့ လော။ သူ စာမေးပွဲပင် မဖြေရသေးဘဲ ဤသို့ ဖြစ်သွားခဲ့သည်။ ဆေးပညာရှင်ဖြစ်ရန် သူ၏လမ်းကြောင်းက အမှန်တကယ်ကို ဤမျှထိ ခက်ခဲနေသလောဟု တွေးတောမိသည်။ သူသည် ကျိုးဆန်းကို သုန်မှုန်သော မျက်နှာထားဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။
"အဲ့ဒီ အဆင့်သုံး ဆေးပညာရှင်က မင်းရဲ့ဆွေမျိုး ဆို..."
တစ်ဖက်လူက ခေါင်းငုံ့ထားပြီး ကျုံးချင်၏ မျက်လုံးများကို မကြည့်ရဲဘဲ တီးတိုးပြောဆိုလိုက်သည်။
"ဆွေမျိုးကတော့ ဆွေမျိုးပါပဲ... နည်းနည်း ဝေးတာပဲ ရှိတာပါ... သူ့အဒေါ်ရဲ့ တတိယမြောက် ဦးလေးရဲ့ စတုတ္ထမြောက် ဝမ်းကွဲအစ်ကိုရဲ့ မိန်းမရဲ့ မြေးအကြီးဆုံးရဲ့သမီးက ငါ့ရဲ့ဝမ်းကွဲအစ်ကိုနဲ့ လက်ထပ်ထားတာ"
ကျုံးချင် မဲ့ရွဲ့သွားပြီး သူ၏တည်ငြိမ်မှု အနည်းငယ် ပျက်ပြားသွားသည်။ ဤဆွေမျိုးတော်စပ်မှုငြင်းခုံချက်က သူ့အား အမှန်တကယ့်ကို မျက်စိဖွင့်ပေးလိုက်ခြင်းပင်။ ဆွေမျိုးတော်စပ်မှု မည်မျှထိ ဝေးကွာသနည်းဟူသည့် မေးခွန်းထုတ်ရန်ပင် မလိုတော့ချေ။ ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းရသလောက် ဝေးကွာနေခြင်းပင်။
"ညီအစ်ကို... ငါ တကယ် တောင်းပန်ပါတယ်"
"ဘာလို့ ဒီလိုဖြစ်သွားလဲဆိုတာ ငါလည်း မသိဘူး...အစက ဒီလက်ဆောင်ကို ငါတစ်ယောက်တည်း ပေးမလို့ပါ... ပုံမှန် အခြေအနေတွေအောက်မှာ ရှာတွေ့ပြီး အပြစ်ပေးခံရရင်တောင် ငါတစ်ယောက်တည်းပဲ အပြစ်ပေးခံရမှာ"
"ဒီနှစ်က ဒီလောက်ထိ တင်းကြပ်မယ်လို့ ငါ ထင်မထားခဲ့မိဘူး... မင်းကိုပါ ဆွဲထည့်လိုက်မိပြီ... ဒီလို ဖြစ်လာဖို့ ငါ တကယ်ကို မလိုလားခဲ့ပါဘူး"
ကျိုးဆန်းက အပြစ်ရှိသော မျက်နှာထားဖြင့် ကျုံးချင်ကို ရှင်းပြလိုက်သည်။ သူ၏မျက်လုံးထဲရှိ နက်ရှိုင်းသော တောင်းပန်မှုများနှင့် အပြစ်ရှိစိတ်တွေက အတုမဟုတ်သည်မှာ သိသာထင်ရှားသည်။ နောက်ဆုံးတွင် ကျုံးချင်အတွက် စိတ်မကောင်းဖြစ်နေဆဲ ဖြစ်သောကြောင့် သူက အံ့တင်းတင်းကြိတ်ပြီး ထပ်မံ၍ ပြောဆိုလိုက်၏။
"ဒီလိုလုပ်ပါလား... ငါ့မှာ ရည်းစားဟောင်း တစ်ယောက် ရှိတယ်... သူ့မှာ အရမ်းလှတဲ့ ညီမလေး တစ်ယောက် ရှိတယ်... တကယ့် အလှပဂေးလေးတစ်ယောက်ပဲ... အစကက သူ့ကို ငါ စိတ်ဝင်စားခဲ့တာ"
"ဒါပေမယ့် လက်ရှိအခြေအနေအရ ငါ မင်းနဲ့ မိတ်ဆက်ပေးလိုက်မယ်... ဒါက မင်းအတွက် ပြန်ပေးဆပ်နိုင်မယ် ထင်ပါတယ် ညီအစ်ကို"
ထိုစကားကို ကြားလိုက်ရချိန်၌ ကျုံးချင်၏မျက်နှာ မည်းမှောင်သွားသည်။ သို့သော် သေချာစဉ်းစားပြီးနောက် ဤကောင်စုတ်သည် အနည်းငယ် အဆင်အခြင်မဲ့သော်လည်း စိတ်ရင်းစေတနာကောင်းသည်ဟု တွေးတောလိုက်မိသည်။ သူသည် ခေါင်းခါယမ်းပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ထားလိုက်ပါတော့... ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြရအောင်... အဆိုးဆုံး အခြေအနေမှာ နောက်တစ်ခါ ထပ်ကြိုးစားကြတာပေါ့... မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုပါဘူး"
"ဟူး..."
ကျုံးချင်က သူ့ကို အပြစ်မတင်သည်ကို မြင်တွေ့ချိန်၌ ကျိုးဆန်းသည် ကျေးဇူးတင်သွားပြီး ကျုံးချင်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"မိတ်ဆွေကောင်းလေး... ငါ မင်းအတွက် အရာအားလုံး ရှုပ်ထွေးသွားအောင် လုပ်ခဲ့တာတောင် မင်း ငါ့ကို အပြစ်မတင်ဘူးနော်... ညီအစ်ကို... ငါ တကယ် ခံစားနေရတယ်..."
"ညီအစ်ကိုကျုံးချင်... စိတ်မပူပါနဲ့... ဒီကျေးဇူးကို ငါ မှတ်ထားပါ့မယ်... ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်... အနာဂတ်မှာ မင်း ငါ ကျိုးဆန်းကို လိုအပ်တဲ့ အချိန်တိုင်း စကားတစ်ခွန်း ပြောလိုက်ရုံပါပဲ... မင်းအတွက် ရေမီးမရှောင်ဘဲ လုပ်ပေးပါ့မယ်"
ထိုသို့ပြောဆိုရင်း ကျိုးဆန်းက ကျိန်ဆိုရန် သူ၏လက်ကို မြှောက်လိုက်၏။
"ကောင်းပြီလေ... မလုပ်ပါနဲ့"
ကျုံးချင် သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"တခြား ဘာမှမလိုပါဘူး... ဆေးမြို့တော်မှာ ဝိုင်အရက်နံ့ ခဏခဏ ရနေတော့ ဒီကဝိုင်အရက်က တော်တော်ကောင်းမယ်လို့ ထင်တယ်... ရက်နည်းနည်းကြာလို့ မင်း အားတဲ့အချိန်ကျရင် ငါ့ကို တစ်ခွက်လောက် တိုက်ပါ"
"ညီအစ်ကို... သောက်တာလောက်ကတော့ ငါ့တာဝန်ထား... မင်း ဘာဝိုင်အရက်ကိုသောက်ချင်လဲ... ငါ မင်းအတွက် ရအောင် ယူပေးမယ်"
ကျိုးဆန်းက ကျုံးချင်၏ပခုံးကို ပုတ်ပြီး လေးလေးနက်နက် ပြောဆိုလိုက်သည်။
"ကောင်းပြီ ကောင်းပြီလေ... မင်းရဲ့ကိစ္စတွေကို အရင်သွားလုပ်လိုက်အုံး... ငါ့မှာလည်း လုပ်စရာတွေ ရှိသေးတယ်"
ကျုံးချင်က လက်ဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။ ယခုလောလောဆယ်တွင် သူသည် တစ်ယောက်တည်းသာ နေချင်ပေ၏။
"ကောင်းပြီ... ဒါဆိုရင် ညီအစ်ကိုကျုံး... မင်းရဲ့ကိစ္စတွေကို အရင်သွားလုပ်လိုက်အုံး... ပြီးရင် ငါ မင်းကို ကောင်းကောင်းတိုက်ပါ့မယ်"
အချိန်အတော်ကြာပြီးနောက် ကျိုးဆန်း၏ ကျေးဇူးတင်သော အကြည့်အောက်တွင် သူတို့နှစ်ယောက် နောက်ဆုံး၌ လမ်းခွဲလိုက်ကြသည်။ ကျိုးဆန်းကို နှုတ်ဆက်ပြီးနောက် ကျုံးချင် လှေကားထစ်များပေါ်တွင် ထိုင်နေဆဲပင်။ ခန်းမဆောင်ရှေ့တွင် လူအမြောက်အများ ဝင်ထွက်သွားလာနေကြသည်။ ထိုလူများအနက် အများစုသည် စာရင်းထဲတွင်ပါဝင်ပြီး အဆင့်တစ် ဆေးပညာရှင်များ အဖြစ် ရာထူးတိုးမြှင့်ခံရသောကြောင့် စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြ၏။ သို့ရာတွင် လူအများ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု ခံစားချက်များက မတူညီကြပေ။ ကျုံးချင် သူတို့ကို ဆူညံသည်ဟုသာ မြင်မိသည်။
ထိုအချိန်မှာပင် အဝေးရှိ မိုးကောင်းကင်ယံမှ ပုံရိပ်နှစ်ခု ပျံသန်းလာပြီး ကျုံးချင်၏ရှေ့သို့ ဆင်းသက်လိုက်ကြသည်။ ဤသည်မှာ သူ့ကို ရှာဖွေတွေ့ရှိသွားသော ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ပင်။
"တောင်သခင်ကို နှုတ်ဆက်ပါတယ်"
ကျုံးချင်ကို မြင်လိုက်ရချိန်၌ သူတို့နှစ်ယောက်သား ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ သို့သော် သူတို့သည် ဦးညွှတ်ပြီးသည်နှင့် အံ့အားသင့်သွားကြသည်။ အကြောင်းအရင်းမှာ သူတို့တောင်သခင်၏ စိတ်အခြေအနေ သိပ်မကောင်းကြောင်း ခံစားလိုက်ရသောကြောင့်ပင်။ သူတို့၏တောင်သခင်သည် စာမေးပွဲ၌ ကျရှုံးသွားခဲ့သလော။ သူတို့နှစ်ယောက်၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ကျုံးချင်ထံသို့ အလျင်အမြန် လျှောက်လှမ်းသွားကြသည်။
"တောင်သခင်... ဘာဖြစ်လို့လဲ"
ဝူယွဲ့က သတိထားပြီး မေးမြန်းလိုက်သည်။
ကျုံးချင် သူတို့နှစ်ဦးကို မော့ကြည့်လိုက်ပြီး ခံစားချက်မဲ့နေသော မျက်နှာထားဖြင့် မလှမ်းမကမ်းရှိ ကြော်ငြာသင်ပုန်းကို ညွှန်ပြလိုက်သည်။ ထိုအရာကို မြင်တွေ့ချိန်၌ သူတို့နှစ်ယောက်သည် ကြော်ငြာသင်ပုန်းကိုကြည့်ရန် အလျင်အမြန် လျှောက်လှမ်းသွားလိုက်ကြ၏။ သူတို့ ယခင်က ထိုအရာကို မကြည့်ခဲ့ကြချေ။ သို့ရာတွင် သူတို့ ထိုအရာကို ကြည့်လိုက်မိသည်နှင့် ချက်ချင်းဆိုသလိုပင် ဒေါသူပုန်ထသွားကြတော့သည်။
သူတို့၏တောင်သခင်သည် ဆေးပညာရှင် စာမေးပွဲ ကျရှုံးသွားသောကြောင့် စိတ်ပျက်နေသည်ဟု သူတို့ မူလက ထင်မှတ်ခဲ့ကြသည်။ သူ၏စာမေးပွဲ ဖြေဆိုခွင့် အရည်အချင်းကို တိုက်ရိုက်ရုတ်သိမ်းခံလိုက်ရမည်ဟု သူတို့ လုံးဝထင်မှတ်မထားခဲ့ကြချေ။
ဒါက ဘာသဘောလဲ...
သူတို့တောင်သခင်၏ ဆေးဖော်စပ်ခြင်းစွမ်းရည်သည် ဖော်ပြရန် အနည်းငယ် ခက်ခဲကြောင်း သူတို့ သိထားသော်လည်း သူတို့၏တောင်သခင်သည် မည်သူဖြစ်သနည်း။ သူသည် အရှေ့ပိုင်းဒေသ၏ အထွတ်အထိပ်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပို၍မြင့်မားသော ကျင့်ကြံဆင့်ရှိသူဖြစ်ကာ ယင်သုံးပါးနယ်ပယ်သားရဲကို လွယ်လင့်တကူ ကိုင်တွယ်နိုင်သောလူပင်။ ကျုံးချင်ကဲ့သို့ တည်ရှိမှုမျိုးအတွက် ဆေးဖော်စပ်နိုင်ခြင်း မဖော်စပ်နိုင်ခြင်းသည် မည်သည့်သက်ရောက်မှုမျှမရှိဟု ပြောနိုင်သည်။
သူ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် သူ မည်သည့်ဆေးလုံးကိုမဆို ဖော်စပ်ချင်ပါက တန်ထင်းခန်းမဆောင်မှ ဆေးဘုရင်တစ်ယောက်ကို အလုပ်သမားအဖြစ် ပေါ့ပေါ့ပါးပါး ဖမ်းခေါ်လာ၍ရသည်။ မည်သူမျှ စောဒကတက်သံတစ်ခွန်းပင် ထွက်ရဲမည် မဟုတ်ပေ။ ထို့ပြင် ကျုံးချင်၏လက်ထဲတွင် ကောင်းကင်ဘုံကို ဆန့်ကျင်သော ရှေးဟောင်းဆေးညွှန်းများ မရေမတွက်နိုင်အောင် ရှိနေသည်။
သူတို့၏တောင်သခင် ဆေးဖော်စပ်ချင်သည်မှာ စိတ်ဝင်စားမှုသက်သက်ကြောင့်ဟု ပြောနိုင်သည်။ ထို့ပြင် သူသည် ဆေးပညာရှင် အဆင့်အတန်းအတွက် စစ်ဆေးခံရန် တန်ထင်းခန်းမဆောင်သို့ လာသည်မှာ သူတို့၏အမြင်အရ အရှေ့ပိုင်းဒေသ တန်ထင်းခန်းမဆောင်အတွက် ဂုဏ်ယူစရာ ကိစ္စတစ်ရပ်ပင်။ တန်ထင်းခန်းမဆောင်က လူများကို တန်းစီပြီး မကြိုဆိုခိုင်းသည်ကို ဘေးဖယ်ထားလျှင်ပင် ယခုချိန်၌ သူတို့တောင်သခင်၏ စာမေးပွဲဖြေဆိုခွင့် အရည်အချင်းကို အမှန်တကယ် ရုပ်သိမ်းလိုက်သလော...
လက်ဆောင်ပေးသည်၌ မည်သည့်အမှားအယွင်း ရှိနေသနည်း.... သူတို့၏တောင်သခင်မှ လက်ဆောင်ပေးခြင်းသည် တန်ကျွင်းခန်းမဆောင်ကို လေးစားကြောင်း ပြသနေခြင်း မဟုတ်လော....
"သောက်ချေးပဲ... အကြီးအကဲအဖြစ် စာရင်းသွင်းရမှာလား... မင်းအမေကိုသာ စာရင်းသွင်းခိုင်းလိုက်...."
ဝူယွဲ့သည် ကျွင်းရှောင်ယောက် အစောပိုင်းက ပေးခဲ့သော အသံပေးပို့ခြင်းကျောက်စိမ်းပြားကို သူ၏ရင်ဘတ်ကြားမှ တိုက်ရိုက်ဆွဲထုတ်လိုက်သည်။