အခန်း (၅၈၆-၅၈၈)
Vol. 40 Ch. 586-588
အခန်း ၅၈၆ - လော့ချန်နှင့် ယင်းလီ... လေးကွက်ပေါင်းစည်းခြင်း
“ရွှီ...”
ပျံသန်းနေသော နှင်းပွင့်များကြားတွင် ရောက်ရှိနေသဖြင့် ချီစွမ်းအင်များဖြင့် ကာကွယ်ထားသော်လည်း လော့ချန်သည် အရိုးထဲအထိ စိမ့်ဝင်သော အအေးဒဏ်ကို ခံစားနေရသည်။ သို့သော်လည်း ခန္ဓာကိုယ်အေးစက်မှုထက် သူ၏ စိတ်နှလုံးမှာ ယခုအချိန်တွင် ပို၍အေးစက်နေကာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ ဤကဲ့သို့သော အေးစက်မှုမျိုးကို သူ အကြိမ်ပေါင်းများစွာ ကြုံတွေ့ဖူးခဲ့သည်။ ၎င်းမှာ နှင်းခဲအနှစ်သာရပင် ဖြစ်၏။
လော့ချန်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ရှေ့ဘက်ကောင်းကင်ယံတွင် အေးစက်သောလေများ တိုက်ခတ်နေပြီး နှင်းများ သည်းထန်စွာ ကျဆင်းနေသဖြင့် သီးသန့်ကမ္ဘာတစ်ခု ဖြစ်ပေါ်နေသကဲ့သို့ ရှိနေသည်။ ဆီးနှင်းများကြားတွင် အပြစ်အနာအဆာကင်းပြီး ပြည့်စုံလွန်းသော အမျိုးသမီးတစ်ဦး ရပ်နေသည်ကို ဝေဝါးစွာ မြင်တွေ့ရပြီး သူမ ဝတ်ဆင်ထားသော အနက်ရောင်ဝတ်ရုံမှာ နှင်းများကြားတွင် သိသိသာသာ ထင်ရှားနေတော့သည်။
ယင်းလီ...
လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ထဲတွင် ချက်ချင်း ထွက်ပြေးလိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ရှေ့သို့ တစ်လှမ်းချင်း တိုးသွားနေမိသည်။
ဆီးနှင်းများကြားတွင် ယင်းလီ၏ ဝတ်ရုံမှာ လွင့်ပျံနေပြီး နက်မှောင်သော ဆံနွယ်များမှာလည်း လေထဲတွင် ဝေ့ဝဲနေကာ သူမ၏ မျက်ဝန်းအစုံမှာ မြူခိုးများအလား တည်ငြိမ်အေးစက်နေသဖြင့် ယခင်ကထက် ပိုမိုအေးစက်သော အရှိန်အဝါများ ရှိနေသည်။ ၎င်းမှာ သူမအား ပိုမို၍ မြင့်မြတ်စေကာ လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလား ရှိနေတော့သည်။
တစ်ဖက်လူမှာ အမှန်တကယ်ပင် ထူးချွန်လှပသောအမျိုးသမီးတစ်ဦး ဖြစ်ကြောင်း လော့ချန် ဝန်ခံလိုက်ရသည်။ သူ မြင်တွေ့ဖူးသမျှ အမျိုးသမီးများထဲတွင် ယွမ်မန်လီ၊ လော့ယောင်နှင့် ပန်းချီကားထဲမှ ချူဧကရီ အစရှိသောလူအနည်းငယ်သာ သူမနှင့် ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။
လော့ချန် နီးကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဆီးနှင်းများမှာ ပိုမို၍ ပြင်းထန်လာခဲ့ပြီး ယင်းလီ၏ အေးစက်လှသော အသံမှာလည်း ထွက်ပေါ်လာသည်။
“နင် ဘာလို့ မပြေးတာလဲ...”
လော့ချန်သည် ခေါင်းကို ခါယမ်းလိုက်သည်။
“ပြေးလို့ မလွတ်နိုင်လို့ပါ...”
ထိုစကားကို ကြားသည့်အခါ ယင်းလီသည် လှမ်းကြည့်လိုက်ပြီး လော့ချန်ကို အကဲခတ်လိုက်သည်။
“ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ နင်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်ကို တက်လှမ်းနိုင်ခဲ့ရုံတင်မကဘဲ အစွမ်းကလည်း ယူလန်ရှင်းနဲ့ ယှဉ်နိုင်နေပြီပဲ။ ဒီလောက် မြန်ဆန်တဲ့ တိုးတက်မှုမျိုးက နင် အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတယ်ဆိုတာ ထားလိုက်ဦး... စိတ်ဝိညာဉ်အဆင့်သိုင်းဝိညာဉ်ကို နိုးကြားထားရင်တောင်မှ မဖြစ်နိုင်ဘူး။ ပြီးတော့...”
“နင်က ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ရဲ့ သတ္တမအလွှာထဲကို ဝင်နိုင်ခဲ့တယ်ဆိုတော့ ဝိညာဉ်စွမ်းအား အဆင့်က အနည်းဆုံးတော့ ထိပ်သီး မိုးကောင်းကင်အဆင့် မဟာသန်မာသူ အဆင့်မှာ ရှိနေရမယ်... ဒါမှမဟုတ်လူသားအမြုတေအဆင့်တောင် ဖြစ်နိုင်တယ်...”
လော့ချန်သည် ချောင်းတစ်ချက် ဟန့်လိုက်သည်။ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ သတ္တမအလွှာသို့ ဝင်ရောက်ခဲ့သည်မှာ အမှန်တရားဖြစ်သဖြင့် သူ မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။
ယင်းလီမှာမူ ထိုကိစ္စကို ဆက်လက် မစုံစမ်းတော့ဘဲ စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
“နင့်ကို မသတ်ရမယ့် အကြောင်းပြချက်တစ်ခု ပေးပါ...”
တစ်ဖက်လူ ဘာကို ဆိုလိုသည်ကို လော့ချန် သိရှိနေသဖြင့် သူ၏ နီရဲသောနှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး စိတ်ထဲမှ မတင်မကျဖြစ်မှုများကို အောင့်အီးလျက် ဆိုလိုက်သည်။
“အဲဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်ပါ...”
စကားအဆုံးမှာပင် ပတ်ဝန်းကျင်ရှိ အပူချိန်မှာ တစ်ဟုန်ထိုး ကျဆင်းသွားခဲ့ပြီး လော့ချန်၏ကိုယ်ပေါ်သို့ ကျရောက်လာသော နှင်းပွင့်များမှာ ချက်ချင်းပင် ရေခဲတုံးများအဖြစ် ပြောင်းလဲသွားကာ ချီစွမ်းအင် များပင်လျှင် လုံးဝ အေးခဲသွားတော့သည်။ လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
“နင် စိတ်ချပါ။ ဒီကိစ္စကို မိုးနဲ့မြေရယ်၊ နင်ရယ်ငါရယ်ပဲ သိတာပါ။ ငါက နင့်ရဲ့ ပထမဆုံးအမျိုးသားဖြစ်သလို နင်ကလည်း ငါ့ရဲ့ ပထမဆုံး အမျိုးသမီးပဲလေ။ ငါတို့ ဘယ်သူမှ မရှုံးပါဘူး...”
ဆီးနှင်းခဲများမှာ လျင်မြန်စွာ ပြန့်နှံ့လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လော့ချန်၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ အေးခဲသွားခဲ့ကာကိုယ်တွင်းရှိ သွေးစွမ်းအင် များမှာလည်း တုံ့ဆိုင်းလာတော့သည်။ ဤအတိုင်း ဆက်သွားမည်ဆိုလျှင် သူ့ တစ်ကိုယ်လုံး အေးခဲသွားမှာ သေချာလှပေသည်။ လော့ချန်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အမြန် ဆိုလိုက်သည်။
“ဟေး... နင်က တကယ်ပဲ ဘယ်လို ဖြစ်ချင်နေတာလဲ...”
“အဲဒီနေ့က ကိစ္စက တိုက်ဆိုင်မှုတစ်ခုပဲလေ။ နင်က ငါ့နောက်ကို ဘာလို့ လိုက်ခဲ့တာလဲ။ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် က ဘယ်လောက် အန္တရာယ်ရှိလဲဆိုတာ နင်လည်း သိတာပဲကိုး...”
“ဖြစ်ပျက်သွားတာတွေက ဖြစ်ပြီးသွားပြီ။ နင် ငါ့ကို သတ်ရင်တောင်မှ ဖြစ်ပြီးသားကိစ္စတွေကို ပြောင်းလဲလို့ မရတော့ဘူး...”
“နင့်အတွက် ငါ တာဝန်ယူပေးရင် ရပြီမလား...”
ယင်းလီသည် ရုတ်တရက် စကားပြောလာသည်။
“နင်က တာဝန်ယူမယ်... နင်က ဘယ်လိုမျိုး တာဝန်ယူမှာလဲ...”
သူမ၏ အသံမှာ အေးစက်နေပြီး မည်သည့် ခံစားချက်မျှ ပါဝင်နေခြင်း မရှိပေ။ လော့ချန်သည် စိတ်ထဲမှ မတင်မကျဖြစ်မှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ဆိုလိုက်သည်။
“နင် ဒီလောက်အထိ လက်မခံနိုင်ဖြစ်နေတာက နင်က လော့ရှာဂိုဏ်းရဲ့ ထိပ်သီးမျိုးဆက်တပည့် တစ်ယောက် ဖြစ်နေလို့လေ။ မဟာသန်မာသူ တစ်ယောက်အနေနဲ့ နင်က အရှုံးကြီး ရှုံးသွားတယ်လို့ ထင်နေတာမလား။ တကယ်တော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ ငါကလည်း ရုပ်ရည်သန့်ပြန့်ပြီးတော့ ပါရမီရှိတဲ့လူငယ်တစ်ယောက်ပဲလေ။ နောင်တစ်ချိန်မှာ ငါက ပြိုင်ဘက်ကင်းတဲ့ အောင်မြင်မှုတွေ ရလာမှာဖြစ်သလို ဘုရင်တစ်ပါးလည်း ဖြစ်လာမှာပါ...”
ထိုစကားကို ကြားသည့်အခါ ယင်းလီ၏ အကြည့်များမှာ အေးစက်သွားသည်။ နှင်းခဲများမှာ ဆက်လက် ပြန့်နှံ့လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း လော့ချန်၏ ရင်ဘတ်အထိ ရောက်ရှိလာတော့သည်။ လော့ချန်သည် စကားကို အမြန် ပြောင်းလိုက်ပြီး လေးနက်စွာ ဆိုလိုက်သည်။
“နင့်အတွက် ငါ ကိစ္စတစ်ခုကို ကတိပေးနိုင်ပါတယ်။ ဘယ်လိုကိစ္စပဲ ဖြစ်ဖြစ် ငါ သေချာပေါက် လုပ်ပေးမယ်။ အဲဒါကို အစားထိုးမှုတစ်ခုအနေနဲ့ သတ်မှတ်ရင် ဘယ်လိုလဲ...”
ယင်းလီ၏ မျက်နှာတွင် မည်သည့် ပြောင်းလဲမှုမျှ ရှိမနေဘဲ သူမ၏ နီရဲသောနှုတ်ခမ်းများ မှာ အသာအယာ လှုပ်ရှားသွားသည်။
“နင်က ငါ့ကို ဘာများ ကူညီပေးနိုင်မယ်လို့ ထင်နေတာလဲ...”
လော့ချန်က ဆိုလိုက်သည်။
“နင်က လော့ရှာဂိုဏ်းရဲ့ ထိပ်သီးမျိုးဆက်တပည့် တစ်ယောက် ဖြစ်သလို မဟာသန်မာသူ တစ်ယောက်လည်း ဖြစ်တာဆိုတော့ အဆင့်အတန်းက မြင့်မားလှသလို နည်းလမ်းတွေကလည်း အစွမ်းထက်မှာပါ။ ဒါပေမဲ့ နင့်ကို စမ်းရေကန်ရဲ့ သတ္တမအလွှာထဲကနေ ဘယ်သူက အပြင်ကို ခေါ်ထုတ်သွားပေးခဲ့တာလဲဆိုတာကိုတော့ မမေ့နဲ့ဦးလေ။ အချို့သော ကိစ္စတွေကို ငါ လုပ်နိုင်ပေမဲ့ နင်ကတော့ လုပ်နိုင်ချင်မှ လုပ်နိုင်မှာပါ...”
“နင် ငါ့ကို တကယ် သတ်ချင်တယ်ဆိုရင်လည်း သတ်လိုက်တော့။ ဒါပေမဲ့ ငါ့ကို သတ်လိုက်ရင်တောင်မှ ငါက နင့်ရဲ့ ပထမဆုံး အမျိုးသားဖြစ်နေတာကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး...”
ယင်းလီ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားပြီး လော့ချန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ အတော်ကြာပြီးမှ သူမသည် သွယ်လျ လှပသော လက်ချောင်းလေး သုံးချောင်းကို ထောင်ပြလိုက်သည်။
“နောင်တစ်ချိန်မှာ နင် ငါ့အတွက် ကိစ္စ သုံးခုကို လုပ်ပေးရမယ်...”
“ကောင်းပြီလေ...”
လော့ချန်တွင် ရွေးချယ်စရာ မရှိသဖြင့် လက်ခံလိုက်ရသည်။ ယခုလောလောဆယ် ဘေးအန္တရာယ်မှ လွတ်မြောက်ရန်ကသာ အဓိက ဖြစ်ပေသည်။
“နင့်ရဲ့ စကားကို မှတ်ထားပါ...”
ယင်းလီသည် စကားတစ်ခွန်း ချန်ထားခဲ့ပြီး ဆီးနှင်းများကို ခွဲထွက်ကာ လေညင်းတစ်ခုအလား လှပစွာ ထွက်ခွာသွားတော့သည်။
“ဟေး... ငါ့ကို အရင်ဆုံး မလွှတ်ပေးတော့ဘူးလား...”
လော့ချန်က အော်ဟစ်လိုက်သည်။
“နင်က နောင်တစ်ချိန်မှာ ဘုရင်တစ်ပါး ဖြစ်လာမှာဆိုတော့ ဒီလိုမျိုး ကိစ္စသေးသေးလေးက နင့်အတွက် မခက်ခဲပါဘူး...”
ယင်းလီ၏ အေးစက်သောအသံသည် တဖြည်းဖြည်း ဝေးကွာသွားတော့သည်။
“နင်ကတော့ လင်ကို သတ်မယ့် မိန်းမပဲ...”
လော့ချန်သည် လှုပ်ရှား၍ မရသဖြင့် စကားဖြင့်သာ အနိုင်ယူနိုင်တော့သည်။ သို့သော်လည်း ယင်းလီမှာမူ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ချေပြီ။
“ဘုန်း...”
အမွှေးတိုင် တစ်ဝက်ခန့် ကြာပြီးနောက်မှ ပြင်းထန်လှသော ချီစွမ်းအင် တစ်ခုသည် လော့ချန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီးကိုယ်ပေါ်ရှိ နှင်းခဲများကို အပိုင်းပိုင်း ဖြစ်စေခဲ့ကာ နောက်ဆုံးတွင် လွတ်လပ်ခွင့် ရရှိသွားတော့သည်။
လော့ချန်သည် အေးစက်သော အသက်တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် ယင်းလီ ထွက်ခွာသွားသော အရပ်မျက်နှာကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
“ငါ မဟာသန်မာသူ ဖြစ်လာတဲ့နေ့ကျရင်တော့ နင့်ကို ဘယ်လို ဆုံးမရမလဲဆိုတာ ကြည့်ထားလိုက်ဦး...”
စကားသာ ဆိုလိုက်ရသော်လည်းကိုယ်တွင်းရှိ ချီစွမ်းအင်များ ပြန်လည် တည်ငြိမ်လာသည့် ခဏမှာပင် လော့ချန်သည် ချက်ချင်း ခရီးဆက်တော့သည်။ ယင်းလီ စိတ်ပြောင်းမပြောင်း သူ လောင်းကြေး မထပ်ရဲပေ။
နာရီအနည်းငယ် ကြာပြီးနောက် လော့ချန်သည် အရှိန်ကို လျှော့ချလိုက်သည်။ သူ၏ ညာဘက် မိုင်ပေါင်းများစွာ ဝေးသော အိုင်ရေပြင်တွင် ကျွန်းငယ်လေးတစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရသည်။ နေသာနေသော နေ့ရက်ဖြစ်သော်လည်း ထိုကျွန်းငယ်လေးမှာမူ ရှုပ်ထွေးနေပြီး အပြာရောင်မီးလျှံများ တောက်လောင်နေကာ လေဆင်နှာမောင်း များမှာလည်း ပြင်းထန်စွာ တိုက်ခတ်နေတော့သည်။ စွမ်းအားအမျိုးမျိုး ရောယှက်နေသဖြင့် ဧရာမ မိုးကြိုးလျှပ်စီးများသည် အဆက်မပြတ် ဖြစ်ပေါ်နေပြီး မြေပြင်ပေါ်သို့ ပစ်ချနေသဖြင့် မြေပြင်မှာလည်း မည်းနက်နေကာ ကျွန်းတစ်ခုလုံးကို ဖျက်ဆီးတော့မည့်အလား ရှိနေသဖြင့် အလွန်ပင် ဖိအားပေးနေတော့သည်။
၎င်းမှာ ယခင်က ယွမ်မန်လီနှင့် ယွမ်ချင်ယင်တို့ တိုက်ခိုက်ခဲ့ကြသော ဖုန်းယန်ကျွန်းပင် ဖြစ်၏။ လော့ချန်သည် ဤနေရာသို့ လည်ပတ်ရန် လာရောက်ခြင်း မဟုတ်ဘဲ ကျင့်ကြံရန်အတွက် လာရောက်ခြင်း ဖြစ်ပေသည်။ အမှန်တကယ်တွင် ဖုန်းယန်ကျွန်းကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်ကတည်းက ဤနေရာသည် သူ၏ နတ်ဆိုးမုန်တိုင်းကို နားလည်ရန်အတွက် အလွန်ပင် သင့်လျော်ကြောင်း လော့ချန် သတိပြုမိခဲ့ခြင်း ဖြစ်၏။
ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်၏ သတ္တမအလွှာတွင် ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်လာခဲ့စဉ်က လော့ချန်သည် နတ်ဆိုးမုန်တိုင်းနှင့် ပတ်သက်၍လည်း အသိဉာဏ်အချို့ ပေါ်ထွက်လာခဲ့ပြီး စတုတ္ထအကွက်ဖြစ်သော မိုးကြိုးသံနှင့် ပေါင်းစည်းရန် ပါးလွှာသော အလွှာတစ်ခုသာ ခြားတော့ကြောင်း ခံစားမိခဲ့သည်။ ယနေ့တွင် သူသည် ထိုအလွှာကို ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းပင်။
ယူလန်ရှင်းနှင့် တိုက်ပွဲသည် လော့ချန်အား သိုင်းပညာ၏ အဆင့်အတန်း လိုအပ်ချက်ကို သိရှိသွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းကြီး ၃ ဂိုဏ်း၏ အဓိကတပည့်များသည် များသောအားဖြင့် ကြယ် ၆ ပွင့်သိုင်းပညာများကို ကျင့်ကြံကြသောကြောင့်ပင်။ ပုံစံ ၃ မျိုးသာ ပေါင်းစည်းထားသော နတ်ဆိုးမုန်တိုင်း မှာမူ ကြယ် ၅ ပွင့် ထိပ်တန်းဓားစွမ်းရည်အဆင့်မှာသာ ရှိနေသေးသည်မဟုတ်ပါလော။
အကယ်၍ စတုတ္ထအကွက်ကိုသာ အောင်မြင်စွာ ပေါင်းစည်းနိုင်မည်ဆိုလျှင် နတ်ဆိုးမုန်တိုင်းသည် ကြယ် ၆ ပွင့်ဓားစွမ်းရည်အဆင့်သို့ ရောက်ရှိသွားမှာဖြစ်ပြီး ၎င်းမှာ ထိပ်သီးအဆင့်လည်း ဖြစ်မှာ သေချာလှပေသည်။ သိရှိထားရမှာက ၎င်းသည် လော့ချန်၏ကိုယ်ပိုင်ဖန်တီးထားသော ဓားအကွက်ဖြစ်သလို အနှစ်သာရ ၄ မျိုးလည်း ပေါင်းစပ်ထားသဖြင့် သာမန် ကြယ် ၆ ပွင့်သိုင်းပညာများနှင့် နှိုင်းယှဉ်၍ ရနိုင်သည် မဟုတ်ပေ။
လော့ချန်သည် ဖုန်းယန်ကျွန်း ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ကျွန်းအနားသို့ ရောက်ရှိလာသည်နှင့် အပြာရောင်မီးလျှံများ ပါဝင်နေသော လေဆင်နှာမောင်း များသည် ချက်ချင်းပင် တိုးဝင်လာခဲ့ပြီး တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိရာမှ တောက်ပလှသော မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာကာ အရာအားလုံးကို ဖျက်ဆီးတော့မည့်အလား စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေတော့သည်။
“လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီး... ဒီလောက်အထိ များပြားတဲ့ အနှစ်သာရတွေ ရောယှက်နေတာလား...”
လော့ချန်၏ မျက်ဝန်းများသည် ဝင်းလက်သွားသည်။ သီးခြားဖြစ်နေသော သဘာဝစွမ်းအားများကို သူ ကြာမြင့်စွာ နားလည်ရန် ကြိုးစားခဲ့သော်လည်း ပိတ်ဆို့အဆင့်ကို ကျော်ဖြတ်ရန် ခက်ခဲနေခဲ့ခြင်းသည်။ ဖုန်းယန်ကျွန်း၏ ရှုပ်ထွေးမှုသည် သူနှင့် အလွန်ပင် သင့်လျော်နေချေပြီ။ ဤနေရာတွင် တစ်ခုနှင့်တစ်ခု သက်ရောက်မှုရှိနေသော သဘာဝစွမ်းအားများသည် နတ်ဆိုးမုန်တိုင်း၏ အနှစ်သာရများနှင့် များစွာ တူညီနေသဖြင့် သေချာစွာ ကျင့်ကြံမည်ဆိုလျှင် သူ၏ စိတ်ထဲမှ အချုပ်အနှောင်များကို သေချာပေါက် ချိုးဖျက်နိုင်မှာ သေချာလှပေသည်။
အခန်း ၅၈၆ ပြီးပါပြီ။
အခန်း ၅၈၇ - အသွင်ကူးပြောင်းခြင်း။ ယှဉ်ပြိုင်မှု။
လေ၊ တိမ်များမှာ ပြင်းထန်စွာ ဝေ့ဝဲနေပြီး မိုးကြိုးလျှပ်စီးများမှာလည်း ရူးသွပ်စွာ ပစ်ချနေတော့သည်။ လော့ချန်၏ ရှေ့မှ လေဟာနယ်တစ်ခုလုံးတွင် မီးလျှံလေဆင်နှာမောင်းများနှင့် အဆုံးမရှိသော မိုးကြိုးများ ပြည့်နှက်နေပြီး တောက်ပလှသော အလင်းတန်းများမှာ ကမ္ဘာကြီးအား ဖျက်ဆီးတော့မည့်အလား အရှိန်အဟုန်များဖြင့် လွှမ်းမိုးထားသည်။
“ရှပ်...”
ရုတ်တရက်ဆိုသလိုပင် မီးလျှံလေဆင်နှာမောင်းတစ်ခုသည် လော့ချန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့သည်။
“ချေမှုန်းစမ်း...”
လော့ချန်သည် ဓားကို အိမ်အတွင်းမှ ဆွဲထုတ်လိုက်ပြီး လျင်မြန်ထက်မြက်လှသော ဓားချက်တစ်ချက်ကို ရိုးရှင်းစွာပင် ခုတ်ပိုင်းလိုက်သည်။
“ဘုန်း...”
ဓားစွမ်းအင်နှင့် မီးလျှံလေဆင်နှာမောင်းတို့ ထိတွေ့မိသည်နှင့် နှစ်ခုစလုံးမှာ ပေါက်ကွဲပျက်စီးသွားခဲ့သည်။ မီတာ ရာနှင့်ချီသော လေဟာနယ်အတွင်းရှိ အရာအားလုံးမှာ လှုပ်ခတ်သွားခဲ့ပြီး လော့ချန်၏ ပုံရိပ်မှာလည်း အနည်းငယ် တုံ့ဆိုင်းသွားရသည်။
“တကယ် သန်မာတာပဲ...”
လော့ချန်၏ မျက်နှာပေါ်တွင် အံ့သြရိပ်များ ပေါ်ထွက်လာသည်။ ယခုအချိန်တွင် သူသည် ရိုးရှင်းသော ဓားချက်တစ်ချက်တည်းဖြင့်ပင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်သည်။ အဓိပ္ပါယ်မှာ ဤမီးလျှံလေဆင်နှာမောင်း၏ အစွမ်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူတစ်ဦးနှင့် ညီမျှနေခြင်းပင် ဖြစ်၏။ အထူးသဖြင့် ၎င်းအတွင်း၌ ပါဝင်သော အနှစ်သာရများနှင့် သဘာဝစွမ်းအား အမျိုးမျိုးမှာ ပြည့်စုံစွာ ပေါင်းစည်းနေသဖြင့် ဖျက်ဆီးရန် ခက်ခဲလှပေသည်။
“တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဧရိယာလေးကတင် ဒီလောက်အထိ အစွမ်းထက်နေတာလား... အဲဒီတုန်းက ယွမ်မန်လီနဲ့ ယွမ်ချင်ယင် တို့ရဲ့ တိုက်ပွဲက ဘယ်လောက်တောင် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့မလဲ မသိဘူးပဲ...”
လော့ချန်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်ရင်း ယွမ်မန်လီအား သတိရမိသွားသည်။ သူသည် ပထမမင်းသား ကျင်းထျန်တူအား ယွမ်မန်လီ၏ သတင်းကို စုံစမ်းခိုင်းထားခဲ့သော်လည်း ယခုအချိန်အထိ မည်သည့်သတင်းမျှ မရရှိသေးပေ။
“အရင်ဆုံး ကျင့်ကြံရမယ်... တကယ်လို့ ဘာသတင်းမှ မရလာရင် ကိစ္စတွေ ပြီးသွားတာနဲ့ ကူးယွမ်မြို့ ဆီကို ငါကိုယ်တိုင် သွားကြည့်ရမယ်...”
လော့ချန်သည် ခေါင်းကို ခါယမ်းလိုက်ပြီး စိတ်ထဲမှ အတွေးများကို ဖယ်ထုတ်ကာ မြူခိုးရိပ်ခြေလှမ်းကို အသုံးပြုလိုက်ရာ သူ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအလား တစ်ခဏချင်းမှာပင် ပြိုလဲပျက်စီးနေသော ကျွန်းငယ်လေးပေါ်သို့ ရောက်ရှိသွားသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
လော့ချန် ဝင်ရောက်လာသည့် ခဏမှာပင် ပတ်ဝန်းကျင်ရှိ အပြာရောင်မီးလျှံများနှင့် လေဆင်နှာမောင်းများ၏ ဟန်ချက်မှာ ပျက်ပြားသွားခဲ့ပြီး လော့ချန်ထံသို့ ရူးသွပ်စွာ တိုးဝင်လာတော့သည်။
“လာခဲ့လေ...”
လော့ချန်၏ မျက်ဝန်းများမှ အလင်းတန်းများ ဝင်းလက်လာပြီး ဓားကို အိမ်အတွင်းသို့ ပြန်သိမ်းလိုက်သည်။ သူသည်ကိုယ်တွင်းရှိ ချီစွမ်းအင်များကိုပင် ရုပ်သိမ်းလိုက်ပြီး ကျောက်တောင်ကြီးတစ်ခုအလား ငြိမ်သက်စွာ ရပ်နေလိုက်သည်။ သူသည် ခန္ဓာကိုယ်၏ အင်အားသက်သက်ဖြင့်သာ ဤသန့်စင်လှသော ကမ္ဘာကြီး၏ စွမ်းအားများကို ခံစားကြည့်ပြီး ကောင်းကင်ယံဓားစွမ်းရည် စတုတ္ထအကွက်ကို ပေါင်းစည်းရန် နည်းလမ်းကို ရှာဖွေလိုနေခြင်းပင်။
၎င်းအပြင် ပြီးခဲ့သော အကြိမ်က ရောင်စဉ်ငါးသွယ် စမ်းရေကန်တွင် ယင်းလီနှင့် ဖြစ်ပျက်ခဲ့သော တိုက်ဆိုင်မှုကြောင့် လော့ချန်၏ ခန္ဓာကိုယ်အတွင်း၌ ယင်းလီ၏ မူလစွမ်းအားဖြစ်သော နှင်းခဲချီစွမ်းအင်များ ကျန်ရှိနေဆဲ ဖြစ်သည်။ သူသည် ဤနေရာရှိ ပြင်းထန်လှသော သဘာဝစွမ်းအားများနှင့် မိုးကြိုးမုန်တိုင်းများကို အသုံးပြုကာ အလားအလာများကို နှိုးဆွပြီး ခန္ဓာကိုယ်အတွင်းရှိ နှင်းခဲချီစွမ်းအင်များကို လုံးဝ သန့်စင်လိုနေခြင်း ဖြစ်၏။ အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့မည်ဆိုပါက သူ၏ ခန္ဓာကိုယ်သန်မာမှုမှာ သေချာပေါက် နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားမည် ဖြစ်သည်။
“ဂျိမ်း...”
မိုးကြိုးတစ်ခုသည် ကမ္ဘာကြီးကို လင်းထိန်သွားစေပြီး ကောင်းကင်ယံမှ ပစ်ဒဏ်ခတ်သည့် ဓားတစ်လက်အလား လော့ချန်ထံသို့ တည့်တည့်မတ်မတ် ပစ်ချလိုက်သည်။ လော့ချန်သည် မိုးကြိုးအတွင်းမှ ပေါက်ကွဲအားများကို ခံစားမိသဖြင့် မပေါ့ဆရဲဘဲ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါလိုက်ကာကိုယ်တွင်းရှိ သွေးစွမ်းအင် အားလုံးကို အထွတ်အထိပ်သို့ နှိုးဆွလိုက်ပြီး ရွှေရောင်အလင်းတန်းများ ဝေဝါးစွာ ထွက်ပေါ်နေသော လက်သီးဖြင့် မိုးကြိုးကို တိုက်ရိုက် ထိုးနှက်လိုက်သည်။
“ဘုန်း...”
ပြင်းထန်လှသော အသံကြီးနှင့်အတူ ရိုက်ခတ်မှုလှိုင်းများမှာ ပြန့်နှံ့သွားခဲ့ပြီး မြေပြင်ပေါ်တွင် မြွေများအလား ကွေ့ကောက်နေသော အနက်ရောင် အက်ကွဲရာကြီးများ ဖြစ်ပေါ်လာခဲ့သည်။ လော့ချန်၏ တည်ငြိမ်လှသော ခန္ဓာကိုယ်မှာ နောက်သို့ ခြေလှမ်း တစ်ဆယ်ကျော်ခန့် ဆုတ်ခွာသွားခဲ့ရပြီး ခြေလှမ်းတိုင်းမှာ မြေပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေကာ သူ၏ ဆံပင်များမှာလည်း ထောင်ထွက်သွားတော့သည်။
“အားရစရာပဲ...”
လော့ချန်သည် ကျဉ်ကျင်နာကျင်ဖြစ်နေသော သူ၏ လက်သီးကို ဆုပ်ကိုင်လိုက်သော်လည်း ကြောက်ရွံ့ခြင်း မရှိဘဲ ပို၍ပင် အားတက်လာကာ မုန်တိုင်း၏ ဗဟိုချက်ဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
တစ်ခဏချင်းမှာပင် တစ်ခုလုံးသော ကမ္ဘာကြီးမှာ ဆူဝေလာတော့သည်။ အဆုံးမရှိသော မီးလျှံလေဆင်နှာမောင်းများနှင့် ပြင်းထန်လှသော မိုးကြိုးများသည် ပြင်းထန်လှသော အရှိန်အဟုန်များဖြင့် လော့ချန်၏ ပုံရိပ်ကို ချက်ချင်းပင် ဝါးမြိုသွားတော့သည်။
“ဘုန်း...”
“ဘုန်း...”
“ဘုန်း...”
ပေါက်ကွဲသံများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး အချိန်ကြာလာသည်နှင့်အမျှ လော့ချန်၏ ဝတ်ရုံများမှာ အပိုင်းပိုင်း ပြတ်ထွက်ကုန်ကာ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ယိုစီးလာခဲ့ပြီး သူ၏ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများမှာလည်း မှေးမှိန်လာသဖြင့် မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားမည့်အလား ရှိနေတော့သည်။ ဤနေရာရှိ သဘာဝစွမ်းအားများမှာ အဆုံးမရှိသလို တိုက်ခိုက်မှုတိုင်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူတစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ ခန္ဓာကိုယ်အင်အား သက်သက်ဖြင့် တောင့်ခံရန်မှာ မည်မျှ ခက်ခဲလိမ့်မည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။
သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူပင်လျှင် ဤဒဏ်ကို မခုခံနိုင်ဘဲ ပြာအဖြစ် ပြောင်းလဲသွားမှာ သေချာလှပေသည်။ လော့ချန်သည်လည်း တစ်ကိုယ်လုံး နာကျင်မှုကို ခံစားနေရသော်လည်း သူ၏ မျက်ဝန်းများအတွင်းရှိ တိုက်ပွဲဝင်လိုစိတ်မှာမူ ပိုမို ပြင်းထန်လာခဲ့သည်။ မိုးကြိုးများ၏ ပစ်ခတ်မှုကြောင့် မည်းနက်နေသော သူ၏ ခန္ဓာကိုယ်အတွင်းမှ အနှစ်သာရများမှာ တိုက်ခိုက်မှုတိုင်းနှင့်အတူ ပိုမို ပြင်းထန်လာတော့သည်။ ၎င်းမှာ အကြမ်းထည် သံတုံးတစ်တုံးကို အကြိမ်ပေါင်းများစွာ မီးဖုတ်၍ ထုနှက်နေသကဲ့သို့ပင် ဖြစ်ပြီး တဖြည်းဖြည်းနှင့် ထက်မြက်သော အလင်းတန်းများ ထွက်ပေါ်လာကာ အသွင်ပြောင်းလဲတော့မည့် လက္ခဏာများ ပေါ်ထွက်လာခဲ့ချေပြီ။
နာရီဝက်... တစ်နာရီ...
နောက်ဆုံးတွင်မူ လော့ချန်၏ ခန္ဓာကိုယ်ပေါ်၌ ကောင်းမွန်သော နေရာဟူ၍ မရှိတော့ဘဲ အရေပြားများမှာ မည်းနက်နေကာ သွေးများလည်း ယိုစီးနေသဖြင့် မည်သည့်အချိန်တွင်မဆို လဲကျသွားမည့်အလား ရှိနေတော့သည်။
ရုတ်တရက်...
“ဂျိမ်း...”
လော့ချန်၏ ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားခဲ့ပြီးကိုယ်တွင်းမှ တစ်စုံတစ်ခု ကျိုးပျက်သွားသော အသံ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော နှင်းခဲချီစွမ်းအင်များမှာ အေးစက်သော အရှိန်အဝါများအဖြစ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးသို့ စီးဝင်သွားတော့သည်။ ယင်းလီသည် ထိပ်သီး မိုးကောင်းကင်အဆင့် မဟာသန်မာသူ တစ်ဦးဖြစ်ရာ သူမ၏ မူလစွမ်းအားမှာ မည်မျှ ပြင်းထန်လိမ့်မည်နည်း။ တစ်ခဏချင်းမှာပင် အကန့်အသတ်သို့ ရောက်ရှိနေသော လော့ချန်၏ သွေးသားများမှာ ခြောက်သွေ့နေသော မြေကြီးက မိုးရေကို ရရှိလိုက်သကဲ့သို့ပင် ထိုနှင်းခဲချီစွမ်းအင်များကို ရူးသွပ်စွာ ဝါးမြိုလိုက်တော့သည်။
သူ၏ သွေးများသည် မြစ်ကြီးများအလား ဟိန်းဟောက်သံများ ပေးလျက် စီးဆင်းနေပြီး အရိုးများမှာလည်း ပြင်းထန်စွာ မြည်ဟည်းနေကာ အတွင်းကလီစာများ သည်လည်း ထူးခြားသော တေးသံတစ်ခုကို သီဆိုနေသည့်အလား လှုပ်ခါနေတော့သည်။ နှင်းခဲချီစွမ်းအင်များမှာ တစ်ကိုယ်လုံးသို့ စီးဝင်သွားပြီး လော့ချန်၏ ခန္ဓာကိုယ်ကို သန့်စင်ပေးကာ အသွင်ကူးပြောင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ တစ်ခဏလေးဟု ထင်ရသော်လည်း အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ချေပြီ။
“ဖောက်...”
လော့ချန်၏ ခန္ဓာကိုယ်အတွင်းမှ အလွန် သေးငယ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မည်းနက်နေသော အရေပြားများမှာ အပိုင်းပိုင်း ကွဲအက်သွားခဲ့ပြီး အကြေးခွံများအလား ကွာကျကုန်ကာ ၎င်းအောက်မှ မွေးကင်းစ ကလေးငယ်တစ်ဦးကဲ့သို့ သန့်စင်လှသော အရေပြားသစ်များ ပေါ်ထွက်လာခဲ့သည်။ ထိုအရေပြားသစ်များပေါ်တွင် အေးစက်သော အလင်းတန်းများ ဝင်းလက်နေပြီး တောက်ပနေသဖြင့် ယခင်ကထက် အဆပေါင်းများစွာ ပိုမို မာကျောသွားကြောင်း သိသာလှကာ သံမဏိ သို့မဟုတ် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည့်အလား ရှိနေတော့သည်။
“ဂျိမ်း...”
မိုးကြိုးအလင်းတန်းများ ပါဝင်နေသော လေဆင်နှာမောင်း တစ်ခုသည် လော့ချန်ထံသို့ ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။ လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ကြယ်တာရာများအလား တောက်ပနေပြီး လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်တော့သည်။
“ဘုန်း...”
မိုးကြိုးများမှာ ပျောက်ကွယ်သွားပြီး လေပြင်းများမှာလည်း ချက်ချင်း ရပ်တန့်သွားကာ အရာအားလုံး ငြိမ်သက်သွားတော့သည်။ လော့ချန်သည် ကျောက်တောင်ကြီးတစ်ခုအလား မလှုပ်မယှက် ရပ်နေပြီး သူ၏ တောက်ပနေသော လက်သီးပေါ်တွင်မူ အလွန်ပင် သေးငယ်သော အဖြူရောင် အမှတ်အသားလေးတစ်ခုသာ ကျန်ရစ်ခဲ့ကာ ၎င်းမှာလည်း ခဏချင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့ချေပြီ။
“တကယ် သန်မာတာပဲ...”
သူ၏ ခန္ဓာကိုယ်သန်မာမှုကို သတိပြုမိလိုက်သဖြင့် လော့ချန် အလွန်ပင် ဝမ်းသာသွားရသည်။ ဤလေဆင်နှာမောင်း၏ အစွမ်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူတစ်ဦး၏ အဆင့်သို့ ရောက်ရှိနေပေသည်။ နောင်တစ်ချိန်တွင် သူသည် ချီစွမ်းအင်များကို အသုံးမပြုဘဲ ခန္ဓာကိုယ်အင်အား သက်သက်ဖြင့်ပင် သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူကို အနိုင်ယူနိုင်ပေလိမ့်မည်။ ဤကဲ့သို့သော ခန္ဓာကိုယ်မှာ ထိပ်သီး ခန္ဓာသန့်စင်မှု ကျင့်ကြံသူတစ်ဦးနှင့် ရင်ပေါင်တန်းနိုင်နေချေပြီ။
“ယင်းလီ... ကျေးဇူးတင်ရမှာပဲ...”
လော့ချန်၏ စိတ်ထဲတွင် ယင်းလီ၏ မြင့်မြတ်လှသော ပုံရိပ် ပေါ်လာသည်။ တိုတောင်းလှသော အချိန်အတွင်းမှာပင် ခန္ဓာကိုယ်မှာ ဤမျှလောက်အထိ တိုးတက်လာခဲ့ရခြင်းသည် ယင်းလီ၏ ကျေးဇူးကြောင့်ပင် မဟုတ်ပါလား။
ဤသည်မှာ သူ၏ကိုယ်ပိုင် အလားအလာများကြောင့် ဖြစ်သလို ဖုန်းယန်ကျွန်း၏ မိုးကြိုးမုန်တိုင်းများနှင့် နှင်းခဲချီစွမ်းအင်များကြောင့်လည်း ဖြစ်ပေသည်။ ထိုအချက်များအားလုံး ပေါင်းစည်းသွားသဖြင့် လော့ချန်၏ ခန္ဓာကိုယ်မှာ အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်လာခဲ့ခြင်းပင်။
“နှမြောစရာပဲ... နှင်းခဲချီစွမ်းအင်တွေ ကုန်သွားပြီ...”
အကယ်၍ နှင်းခဲချီစွမ်းအင်များ ပိုမို ရရှိမည်ဆိုပါက သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် သန်မာလာဦးမှာ ဖြစ်ပေသည်။ ထိုအဆင့်သို့ ရောက်ရှိသွားပါက သူသည် ခန္ဓာကိုယ်အင်အား သက်သက်ဖြင့်ပင် ယူလန်ရှင်းအား ဖိနှိပ်နိုင်လိမ့်မည်ဟု လော့ချန် ခန့်မှန်းလိုက်သည်။
“ဘုန်း...”
ကျဆင်းလာသော မိုးကြိုးတစ်ခုကို လက်သီးဖြင့် ချေမှုန်းလိုက်ပြီးနောက် လော့ချန်သည် သူ၏ စိတ်ထဲမှ အတွေးများကို ဖယ်ထုတ်ကာ တီးတိုးရေရွတ်လိုက်သည်။
“အခုဆိုရင် နတ်ဆိုးမုန်တိုင်း စတုတ္ထအကွက်ကို ပေါင်းစည်းဖို့ အာရုံစိုက်လို့ ရပြီ။ တကယ်လို့ အောင်မြင်သွားရင်တော့ ဂိုဏ်းကြီး ၃ ဂိုဏ်းရဲ့ အတွင်းစည်းမှာ လျှပ်ယွမ်ဂိုဏ်းရဲ့ ယွမ်ထျန်ယန် တစ်ယောက်ပဲ ငါနဲ့ ယှဉ်နိုင်ဖို့ အရည်အချင်း ရှိတော့မှာပဲ...”
အခန်း ၅၈၇ ပြီးပါပြီ။
အခန်း ၅၈၈ - မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း။ ရှင်းလင်းခြင်း။
နတ်ဆိုးမုန်တိုင်း စတုတ္ထအကွက်ကို ပေါင်းစည်းရန် လော့ချန် အလွန်ပင် မျှော်လင့်နေမိသည်။ နတ်ဆိုးမုန်တိုင်းမှာ ပေါင်းစည်းရန် အလွန်ခက်ခဲသော်လည်း ၎င်း၏ အလားအလာမှာမူ သေးငယ်သည်မဟုတ်ပေ။ ကောင်းကင်ယံဓားစွမ်းရည် သုံးကွက်သာ ပေါင်းစည်းထားရသေးသော နတ်ဆိုးမုန်တိုင်း၏ အရည်အသွေးမှာပင် ကြယ် ၅ ပွင့် ထိပ်တန်းဓားစွမ်းရည်နှင့် ညီမျှနေပြီး ကောင်းကင်ယံဓားစွမ်းရည် ပဉ္စမအကွက်ဖြစ်သော ‘ကြယ်ကြွေခြင်း’နှင့် ရင်ပေါင်တန်းနိုင်နေချေပြီ။
သို့သော်လည်း အစွမ်းပိုင်းတွင်မူ နတ်ဆိုးမုန်တိုင်းမှာ ကြယ်ကြွေခြင်းထက် များစွာ သာလွန်ပေသည်။ ၎င်းမှာ လော့ချန်အတွက် ယခုလက်ရှိ အကောင်းဆုံးသော သတ်ဖြတ်ကွက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးမုန်တိုင်းမှာ သူကိုယ်တိုင် ဖန်တီးထားသော ဓားအကွက်ဖြစ်သဖြင့် အခြားသူထံမှ သင်ယူထားသော ကျင့်စဉ်များနှင့် အခြေခံသဘောတရားချင်း ကွာခြားသောကြောင့်ပင်။
လော့ချန်သည် တစ်နေ့နေ့တွင် ကောင်းကင်ယံဓားစွမ်းရည် တစ်ဆယ့်သုံးကွက်စလုံးကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့ကို ပေါင်းစည်းနိုင်မည်ဆိုပါက မည်မျှအထိ အစွမ်းထက်လိမ့်မည်နည်းဟု မျှော်လင့်နေမိသည်။ ၎င်းမှာ သေချာပေါက် ကမ္ဘာကြီးကို တုန်လှုပ်သွားစေမှာ ဖြစ်ပေသည်။
“ဟူး...”
သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထားကာ မျက်လုံးများကို မှိတ်လိုက်ပြီး မိုးကြိုးမုန်တိုင်းများက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေခြင်းကို ခွင့်ပြုထားလိုက်ကာ ၎င်းအတွင်းရှိ ဆန်းကြယ်မှုများကို အာရုံခံကြည့်နေတော့သည်။
ယခင်က ခန္ဓာကိုယ်ဖြင့် သဘာဝစွမ်းအားများကို တောင့်ခံကာ ခန္ဓာကိုယ်သန့်စင်ခြင်းကို မြှင့်တင်ခဲ့စဉ်ကပင် သူ အသိအချို့ ရရှိခဲ့ပြီး ဖြစ်၏။ ယခုအခါတွင် ထိုအသိများကို နတ်ဆိုးမုန်တိုင်းနှင့် ပေါင်းစည်းပြီး စိတ်ထဲမှ အချုပ်အနှောင်များကို ချိုးဖျက်ရန်သာ လိုအပ်တော့သည်။
ကောင်းကင်ယံဓားစွမ်းရည် တတိယအကွက် လျှပ်စီးလက်ခြင်းနှင့် စတုတ္ထအကွက် မိုးကြိုးသံ နှစ်ခုစလုံးမှာ မိုးကြိုးအနှစ်သာရများ ပါဝင်နေသော်လည်း ကွဲပြားခြားနားမှုများ ရှိနေသည်။ လျှပ်စီးလက်ခြင်းသည် မိုးကြိုးကဲ့သို့ အလွန်အမင်း မြန်ဆန်ခြင်းနှင့် ပြင်းထန်သော ပေါက်ကွဲအားကို ဦးစားပေးသဖြင့် အလွန်ပင် သန့်စင်လှသည်။
မိုးကြိုးသံမှာမူ မြန်ဆန်ခြင်းအပြင် အခြားသော အရာများလည်း ပါဝင်နေသဖြင့် ပေါင်းစည်းရန်အတွက် များစွာ ခက်ခဲနေခြင်း ဖြစ်ပေသည်။ မိုးကြိုးမုန်တိုင်းများကြားတွင် လော့ချန်သည် ကျောက်တောင်ကြီးတစ်ခုအလား မလှုပ်မယှက် ရပ်နေပြီး မိုးကြိုးများ၏ ဖြစ်ပေါ်လာမှုနှင့် ပျောက်ကွယ်သွားမှုများကို သေချာစွာ ကြည့်ရှုကာ မိုးကြိုးသံ၏ အနှစ်သာရများနှင့် နှိုင်းယှဉ်၍ အာရုံခံနေတော့သည်။
နေဝင်သွားပြီးနောက် နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့ပြီ။
လော့ချန်သည် ဤနေရာတွင် တစ်ညလုံး ထိုင်နေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ ခန္ဓာကိုယ်မှာ များစွာ သန်မာလာခဲ့သဖြင့် ထို မိုးကြိုးမုန်တိုင်းများမှာ သူ့အား မည်သို့မျှ မထိခိုက်စေနိုင်ပေ။ သို့မဟုတ်ပါက ဤမျှလောက်အထိ ကြာမြင့်စွာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ဘုန်း...”
ရုတ်တရက်ဆိုသလိုပင် လေဆင်နှာမောင်း နှစ်ခုမှာ တစ်ခုနှင့်တစ်ခု တိုက်မိသွားခဲ့ပြီး ပြင်းထန်လှသော မိုးကြိုးချီစွမ်းအင်များ ပေါက်ကွဲထွက်လာကာ ဧရာမ မိုးကြိုးကြီးတစ်ခုအဖြစ် လော့ချန်၏ ရှေ့မှ မြေပြင်ကို ပစ်ချလိုက်သဖြင့် မည်းနက်နေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
“ဂျိမ်း...”
ထိုအချိန်မှသာ မိုးကြိုးသံမှာ လော့ချန်၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။
“မိုးကြိုးသံ... မိုးကြိုးသံ ဆိုတာ ဒါမျိုးကိုး...”
လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားသည်။ စစ်မှန်သော မြန်ဆန်ခြင်းဆိုသည်မှာ ကြည့်ရုံဖြင့် သိနိုင်သော မြန်ဆန်ခြင်းမျိုး မဟုတ်ဘဲ တစ်ဖက်လူက မည်မျှအထိ မြန်သည်ကိုပင် အာရုံမခံနိုင်ခြင်း ဖြစ်ပေသည်။ မည်မျှပင် မြန်နေပါစေ တစ်ဖက်လူက ကြိုတင်ပြင်ဆင်ထားနိုင်လျှင် ကာကွယ်နိုင်မည်သာ ဖြစ်၏။ သို့သော်လည်း တစ်ဖက်လူက အမြင်အာရုံကိုပင် သတိမထားမိသည့်အခါတွင်မူ ကာကွယ်ရန် ခက်ခဲသွားမည် ဖြစ်သည်။
မိုးကြိုးသံမှာလည်း ထိုနည်းအတိုင်းပင် အသံကိုသာ ကြားရပြီး ပုံရိပ်ကို မမြင်ရပေ။ အသံကို အသုံးပြု၍လူ၏ အာရုံခံစားမှုကို လွှမ်းမိုးကာ မမြန်ဆန်လှဟု ထင်ယောင်ထင်မှား ဖြစ်စေသော်လည်း အမှန်တကယ်တွင်မူ သတ်ဖြတ်လိုစိတ်များ ဖုံးကွယ်ထားခြင်းပင်။ သန်မာသူများ၏ တိုက်ပွဲတွင် အမှားအယွင်းတစ်ခုသည် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သဖြင့် ၎င်းသည် မိုးကြိုးသံ၏ ကြောက်မက်ဖွယ်ကောင်းမှုပင် ဖြစ်၏။ ဆိုရလျှင် မိုးကြိုးသံသည် မိုးကြိုး၏ အနှစ်သာရကို ဖော်ပြနေခြင်းဖြစ်ပြီး တတိယအကွက် လျှပ်စီးလက်ခြင်းမှာမူ အပေါ်ယံမျှသာ ဖြစ်ပေသည်။
“ဘုန်း...”
ထိုအချက်ကို နားလည်သွားသည့် ခဏမှာပင် လော့ချန်၏ စိတ်ထဲမှ အချုပ်အနှောင်များမှာ ပေါက်ကွဲပျက်စီးသွားခဲ့ပြီး စိတ်မှာလည်း ကြည်လင်သွားတော့သည်။
“ဂျိမ်း...”
လော့ချန်သည် မတ်တပ်ထရပ်လိုက်ပြီး လျှပ်စီးဓားကို ဆွဲထုတ်လိုက်ရာ သူ၏ မျက်ဝန်းထဲမှ တောက်ပလှသော မိုးကြိုးအလင်းတန်းများ ထွက်ပေါ်လာပြီး ဓားကို အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
“ဂျိမ်း...”
ဤဓားချက်၏ အရှိန်အဟုန်မှာ ခန့်မှန်းရန် ခက်ခဲလှပြီး စစ်မှန်သော မိုးကြိုးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ပတ်ဝန်းကျင်ရှိ လျှပ်စီးများကိုပင် ဆွဲငင်ယူလိုက်တော့သည်။ နောက်တစ်ခဏတွင်မူ လျှပ်စီးများ ပြည့်နှက်နေသော မိုးကြိုးလေဆင်နှာမောင်း တစ်ခုသည် ဟိန်းဟောက်လျက် ထွက်ပေါ်လာခဲ့ပြီး ဖုန်းယန်ကျွန်း၏ ရှုပ်ထွေးလှသော မုန်တိုင်းများကို တည့်တည့်မတ်မတ် ဖြတ်သန်းသွားကာ အက်ကွဲရာကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ထိုအက်ကွဲရာမှာ ပေပေါင်းများစွာ ကျယ်ပြန့်ပြီး မိုင်ပေါင်းများစွာ ရှည်လျားကာ လျှပ်စီးများမှာလည်း အဆက်မပြတ် လင်းလက်နေပြီး တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားသော်လည်း အရှိန်အဟုန်မှာမူ မခန့်မှန်းနိုင်လောက်အောင်ပင်။
“အောင်မြင်ပြီ...”
လော့ချန်၏ မျက်ဝန်းများမှာ အလွန်ပင် တောက်ပနေပြီး သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။ တစ်ရက်နှင့် တစ်ညလုံး နားလည်ရန် ကြိုးစားခဲ့ရမှုမှာ အချည်းနှီး မဖြစ်ခဲ့ဘဲ စတုတ္ထအကွက် မိုးကြိုးသံကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့ချေပြီ။
စတုတ္ထအကွက် မိုးကြိုးသံကို ပေါင်းစည်းပြီးနောက် နတ်ဆိုးမုန်တိုင်း၏ အရှိန်အဟုန်မှာ လော့ချန် ထင်ထားသည်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းနေပြီး ကြယ် ၆ ပွင့် ဓားစွမ်းရည်အဆင့်သို့ ရောက်ရှိသွားကာ တိုက်ခိုက်မှုစွမ်းအားမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့သည်။ ၎င်းအပြင် ခန္ဓာကိုယ်သန်မာမှုလည်း တိုးတက်လာခဲ့သည်မဟုတ်ပါလော။ ထိုနှစ်ခုစလုံး ပေါင်းစပ်သွားသည့်အခါ လော့ချန်၏ အစွမ်းမှာ သေချာပေါက် နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ချေပြီ။
ဖြစ်နိုင်မည်ဆိုပါက လော့ချန်သည် ယူလန်ရှင်းနှင့် နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်ကြည့်ပြီး မည်မျှအထိ အစွမ်းထက်သွားသည်ကို စမ်းသပ်လိုနေမိသည်။ ဓားချက် သုံးချက်လား။ သို့မဟုတ် တစ်ချက်တည်းလား။ လော့ချန်သည် ခေါင်းကို ခါယမ်းလိုက်ပြီး သူ ခုတ်ပိုင်းလိုက်သော အက်ကွဲရာကို ကြည့်ကာ ရေရွတ်လိုက်သည်။
“ဒီဓားက မိုးကြိုးအနှစ်သာရကို အခြေခံပြီး လေ၊ တိမ်အနှစ်သာရကို ပေါင်းစပ်ထားတာဆိုတော့... နတ်ဆိုးမုန်တိုင်း လို့ ဆက်ခေါ်ဖို့က သိပ်အဆင်မပြေတော့ဘူး...”
စတုတ္ထအကွက်ကို ပေါင်းစည်းပြီးနောက် နတ်ဆိုးမုန်တိုင်းတွင် ပုံစံနှစ်မျိုး ရှိလာခဲ့သည်။ လေတိမ်အနှစ်သာရကို အခြေခံသော နတ်ဆိုးမုန်တိုင်းမှာ ယခင်အတိုင်းပင် ပြောင်းလဲမှုများစွာရှိပြီး တိုက်ခိုက်မှုများမှာ အဆက်မပြတ် ဖြစ်နေသော်လည်း အရှိန်အဟုန်မှာမူ ပိုမို ပြင်းထန်လာသည်။
မိုးကြိုးအနှစ်သာရကို အခြေခံမည်ဆိုပါက ဤဓားချက်မှာ တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပြီး မည်သည့်အရာကိုမဆို ချေမှုန်းနိုင်သည်။ ထိုနှစ်ခုစလုံးကို လော့ချန်သည် သူနှစ်သက်သလို ထိန်းချုပ်နိုင်သည်။
“ဒီဓားချက်ကိုတော့ မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်းလို့ပဲ ခေါ်မယ်...”
ဓားအကွက်သစ်ကို အမည်ပေးပြီးနောက် လော့ချန်သည် ဓားဆန္ဒကို နှိုးဆွလိုက်ပြီး ဓားချက် နှစ်ချက်ကို ဆက်တိုက် ခုတ်ပိုင်းလိုက်သည်။
“နတ်ဆိုးမုန်တိုင်း...”
“မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း...”
“ဘုန်း...”
“ဘုန်း...”
မီတာ တစ်ထောင်ခန့် ဝေးသော တောင်ထိပ်တစ်ခုတွင် အပေါက်ကြီး နှစ်ခု ဖြစ်ပေါ်သွားတော့သည်။ တစ်ခုမှာ ကွေ့ကောက်နေပြီး တောင်တစ်ဝက်ခန့်ကို ပျက်စေခဲ့သည်။ နောက်တစ်ခုမှာမူ တည့်တည့်မတ်မတ်နှင့် သန့်စင်နေကာ ပေါက်ကွဲသွားသော နေရာမှာလည်း မည်းနက်နေပြီး သူ၏ ထက်မြက်မှုကို ဖော်ပြနေတော့သည်။
“အရမ်းကောင်းတယ်။ နတ်ဆိုးမုန်တိုင်းနဲ့ မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်းအပြင် ကောင်းကင်ယံဓားစွမ်းရည် ပဉ္စမပုံစံ ကြယ်ကြွေခြင်း ပါ ရှိနေပြီဆိုတော့ ငါ့ရဲ့ ဓားပညာက အားနည်းချက် လုံးဝ မရှိတော့ဘူး...”
နတ်ဆိုးမုန်တိုင်းက တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်ခုစလုံးအတွက် ဖြစ်ပြီး မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်းမှာမူ တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန်အတွက် ဖြစ်၏။ ၎င်းအပြင် ပြင်းထန်လှသော ကြယ်ကြွေခြင်းပါ ရှိနေပြီဖြစ်ရာ မည်သည့် အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန် လုံလောက်လှပေသည်။
“ဝှစ်...”
သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်ရာ လော့ချန်သည် ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့ဘဲ သန့်ရှင်းသော ဝတ်ရုံအသစ်တစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် ဖုန်းယန်ကျွန်းမှ ထွက်ခွာခဲ့ကာ မင်ရှာအိုင်၏ မြောက်ဘက်သို့ တစ်ဟုန်ထိုး ပျံသန်းသွားတော့သည်။
မိုင်ပေါင်း ရာနှင့်ချီ ဝေးကွာသော ကျွန်းပျက်တစ်ခုပေါ်တွင်မူ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် လေးဦးသည်လူလတ်ပိုင်း ဇနီးမောင်နှံ နှစ်ယောက်ကို ဝိုင်းရံထားကြသည်။ ထို ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ ရှိကြပြီး တစ်ကိုယ်လုံးတွင်လည်း သွေးများ စွန်းထင်နေကာ ကျောချင်းကပ်လျက် အသက်ကို ပြင်းပြင်း ရှူနေကြရသည်။
အမျိုးသမီးက ထိုလေးဦးအား လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“သိုလှောင်လက်စွပ်တွေကိုလည်း မင်းတို့ကို ပေးပြီးပြီပဲ။ မင်းတို့က ဘာဖြစ်ချင်နေသေးတာလဲ...”
ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် လေးဦးစလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်တွင် ရှိနေကြပြီး ကျင့်ကြံဆင့် အမြင့်ဆုံးဖြစ်သော ပိန်ပါးလှသည့်လူငယ်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူတစ်ဦးပင် ဖြစ်၏။ သူသည် သူ၏ လက်ချောင်းကို တစ်ချက် တောက်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
“ပစ္စည်းတွေကိုလည်း ငါတို့ လိုချင်သလို မင်းတို့ရဲ့ အသက်ကိုလည်း ငါတို့ လိုချင်တယ်။ မင်းတို့က ငါ့ရဲ့ ဂုဏ်သိက္ခာကို လိုက်ဖျက်ဆီးနေမှာကို ငါ အဖြစ်မခံနိုင်ဘူးလေ”
“မင်းတို့ တစ်ခုခုကို အပြစ်တင်ချင်တယ်ဆိုရင်တော့... မင်းတို့ကိုယ်တိုင်က အားနည်းနေတာကိုပဲ အပြစ်တင်လိုက်ကြပါ”
လူလတ်ပိုင်း အမျိုးသားက ဒေါသတကြီးနှင့် ကြည့်လိုက်သည်။
“မင်းတို့ မလုပ်ရဲပါဘူး။ ငါတို့က မင်ရှာအိုင်က ပိုင်မိသားစုကလူတွေပဲ...”
“မင်ရှာအိုင် ပိုင်မိသားစု တဲ့လား...”
ပိန်ပါးလှသောလူငယ်၏ မျက်ဝန်းများမှာ ဝင်းလက်သွားသည်။ ကျန်ရှိနေသော သုံးဦး၏ မျက်နှာများမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ပိုင် မိသားစုမှာ မင်ရှာအိုင်၏ အင်အားကြီး မိသားစုတစ်ခုဖြစ်ပြီး အစွမ်းပိုင်းတွင် ဂိုဏ်းကြီး ၃ ဂိုဏ်းကို မမီသော်လည်း ပိုင် မိသားစု၏ အစောပိုင်း ကာလများတွင် ဝိညာဉ်ဆေးဆရာ တစ်ဦး ပေါ်ထွက်ခဲ့ဖူးသဖြင့် အင်အားကြီး အဖွဲ့အစည်းများစွာနှင့် ရင်းနှီးမှုရှိကာ မင်ရှာအိုင် ဧရိယာတွင် သြဇာညောင်းလှပေသည်။
ပိန်ပါးလှသောလူငယ်၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာပြီး အေးစက်စွာ ရယ်မောလိုက်သည်။
“ဒါဆိုရင်တော့ မင်းတို့ကို ပိုပြီးတော့ လွှတ်မပေးနိုင်တော့ဘူးပေါ့...”
စကားပင် မဆုံးသေးမီမှာပင် ထိုလူငယ်က လက်တစ်ဖက်ဖြင့် ရိုက်ထုတ်ကာ တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။
“ဘုန်း...”
လူလတ်ပိုင်း အမျိုးသားမှာ ပြန်လည် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ တိုက်ရိုက်ပင် လွင့်ထွက်သွားခဲ့ပြီး တောင်ကုန်းငယ်လေး တစ်ခုကို တိုက်မိကာ သွေးများ အန်ထုတ်လိုက်ရတော့သည်။
“ဝေါ့...”
အမျိုးသမီးသည် အမျိုးသားထံသို့ အပြေးအလွှား သွားရောက်ကာ တွဲထူလိုက်ပြီး မျက်နှာတွင်လည်း မျှော်လင့်ချက်မဲ့မှုများ ပေါ်ထွက်နေတော့သည်။
“ဝှစ်...”
ထိုအချိန်တွင် ဝေးကွာသော နေရာမှ အလင်းတန်းတစ်ခု ပျံသန်းလာသည်။
“ဟင်... တစ်ယောက်ယောက် လာနေတာလား...”
ပိန်ပါးလှသောလူငယ်က ခေါင်းကို မော့ကြည့်လိုက်ရာ ဝေးကွာသော နေရာမှ ပုံရိပ်တစ်ခု တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ပိုင် မိသားစုကို သတ်ဖြတ်နေသည့် သတင်း ပြန့်သွားမှာကို သူ အဖြစ်မခံနိုင်သဖြင့် ဘေးနားရှိလူတစ်ဦးအား ဆိုလိုက်သည်။
“ဝမ်... အဲဒီလူကို သွားရှင်းလိုက်။ မြန်မြန်လုပ်နော်...”
“ဟုတ်ကဲ့...”
ဝမ်က လှောင်ပြုံးတစ်ချက်နှင့်အတူ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထိုသူထံသို့ ဦးတည်သွားတော့သည်။ ပိန်ပါးလှသောလူငယ်ကလည်း ပိုင် မိသားစုဝင် နှစ်ဦးကို ရှင်းလင်းရန် ပြင်ဆင်လိုက်သည်။
ထိုစဉ်မှာပင်...
“ဘုန်း...”
ကောင်းကင်ယံတွင် အရှိန်အဟုန်များ ပေါက်ကွဲထွက်ပေါ်လာပြီး အော်ဟစ်သံတစ်ခုနှင့်အတူ အပြင်သို့ ထွက်ခွာသွားသော ဝမ်၏ ပုံရိပ်မှာ အရှိန်အဟုန်ဖြင့် နောက်သို့ ပြန်လည် လွင့်စင်လာခဲ့ကာ မြေပြင်ကို ပြင်းထန်စွာ တိုက်မိသွားပြီး ရင်ဘတ်တွင်လည်း လက်သီးရာကြီးတစ်ခု ပေါ်ထွက်နေကာ အရိုးများမှာလည်း ကြေမွသွားခဲ့ပြီး သွေးများလည်း အဆက်မပြတ် ယိုစီးနေတော့သည်။
“ဟင်...”
ထိုနေရာရှိလူအားလုံးမှာ အလွန်ပင် အံ့သြသွားကြရသည်။
“အဟွတ်... အဲဒါ... လော့... လော့...”
ဝမ်သည် သွေးများ အန်ထုတ်နေပြီး အသံမှာလည်း အလွန်ပင် တိုးညင်းနေကာ တုန်ရီနေသော လက်ချောင်းဖြင့် ကောင်းကင်ယံသို့ ညွှန်ပြနေပြီး နတ်ဆိုးတစ်ပါးကို မြင်တွေ့လိုက်ရသည့်အလား ရှိနေတော့သည်။
အခန်း ၅၈၈ ပြီးပါပြီ။