အခန်း (၅၈၉-၅၉၁)
Vol. 40 Ch. 589-591
အခန်း ၅၈၉ - ၅ ပိုင်း ပိုင်းပစ်မယ်
“ဘာ...”
ပိန်ပါးလှသောလူငယ်သည် ဒဏ်ရာအပြင်းအထန် ရရှိထားသော ဝမ်ကို ကြည့်ကာ မျက်နှာမှာ ရုတ်တရက် အုံ့မှိုင်းသွားတော့သည်။
“စီနီယာအစ်ကို ချင်ယု... ဟိုမှာ ကြည့်လိုက်ပါဦး...”
ကျန်ရှိနေသော မင်းသားတန်း အဓိကတပည့် နှစ်ဦးမှာလည်း အပြေးအလွှား ရောက်ရှိလာကြပြီး ပိန်ပါးလှသောလူငယ်နှင့်အတူ တစ်နေရာတည်းသို့ စုပေါင်းကြည့်လိုက်ကြရာ မျက်နှာများတွင်လည်း တုန်လှုပ်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။ ချင်ယု ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ထက်မြက်သော အလင်းတန်းများ ဝင်းလက်လာတော့သည်။
“ဝှစ်...”
လေတိမ်များ ဝေ့ဝဲနေစဉ်မှာပင် ပုံရိပ်တစ်ခုသည် ကျွန်းပျက်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လာခဲ့သည်။
၎င်းမှာ လော့ချန်ပင် ဖြစ်၏။
သူသည် ရွှမ်ယွမ်ဂိုဏ်းသို့ အမြန်ဆုံး ပြန်လိုနေခြင်းဖြစ်ရာ ဤနေရာမှ ဖြတ်သန်းသွားရုံသာဖြစ်ပြီး အခြားသူများ၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် အစီအစဉ် မရှိခဲ့ပေ။ သို့သော်လည်း တစ်စုံတစ်ဦးက သူ့အား တိုက်ရိုက် လာရောက် ရန်စလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ တစ်ဖက်လူ၏ တိုက်ခိုက်မှုမှာလည်း အလွန်ပင် ရက်စက်လှပြီး တစ်ချက်တည်းဖြင့် သူ၏ အသက်ကို ရယူလိုနေခြင်း ဖြစ်သည်မဟုတ်ပါလော။
“လူက ငါ့ကို ရန်မစရင် ငါကလူကို ရန်မပြုဘူး...”
သာမန် အခြေအနေမျိုးတွင် သူသည်လူသတ်မည် မဟုတ်သော်လည်း မိမိကိုယ်တိုင် သေတွင်းထဲသို့ ဆင်းလာသည့်လူမျိုးကိုမူ တစ်မျိုးတစ်ဖုံ စဉ်းစားရမှာ ဖြစ်ပေသည်။
“ဟက်... တကယ်ပဲ ရှာပုံတော် ဖွင့်နေတုန်းမှာ အလွယ်တကူ တွေ့လိုက်ရတာပဲ။ လော့ချန်... မင်းက ငါတို့ဆီကိုကိုယ်တိုင် လာပို့လိမ့်မယ်လို့ မထင်ထားဘူး။ ဒီနေ့ ငါ ချင်ယုရဲ့ ကံတရားက တကယ်ပဲ မဆိုးဘူးလို့ ပြောရမှာပဲ...”
ချင်ယုသည် လော့ချန်ကို ကြည့်ကာ လှောင်ပြောင်လျက် ဆိုလိုက်သည်။
“မင်း ငါ့ကို သိလို့လား...”
လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ဘေးနားရှိလူနှစ်ဦးကို လှမ်းကြည့်လိုက်ရာ သူတို့၏ ခါးတွင် ချိတ်ဆွဲထားသော ရွှမ်ယွမ်ဂိုဏ်း အဓိကတပည့် တံဆိပ်ပြားများကို သတိပြုမိသွားခဲ့ပြီးနောက် နဝမမင်းသမီး မထွက်ခွာမီက ပြောကြားခဲ့သော စကားများကို သတိရသွားကာ အသာအယာ ပြုံးလိုက်သည်။
“ဒီလိုကိုး... မင်းတို့က ကျင်းမင်ရဲ့ အမိန့်ကို ခံယူပြီး ငါ့ကို လိုက်ရှာနေကြတာလား...”
ချင်ယုက အေးစက်စွာ ရယ်မောလိုက်သည်။
“ဟားဟားဟား...ဟုတ်တယ်။ မင်းက တကယ်ပဲ အသက်ပြင်းတာပဲ။ အဲဒီ မူချင်းလျန်က သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ ထိပ်တန်းသန်မာသူ တစ်ယောက်လေ။ မင်းက သူ့လက်ထဲကနေတောင် လွတ်မြောက်လာနိုင်တယ်ပေါ့...”
မူချင်းလျန်သည် လော့ချန်ကို လိုက်လံ သတ်ဖြတ်စဉ်က ဧရာမ ငါးများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရုံတင်မကဘဲ နောက်ပိုင်းတွင် ပထမမင်းသား ကျင်းထျန်တူ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရသဖြင့် ပျောက်ကွယ်သွားခဲ့ချေပြီ။ အဋ္ဌမမင်းသား ကျင်းမင်ပင်လျှင် မည်သည့် သတင်းမျှ မရရှိတော့ပေ။
ကျင်းမင်သည် မူချင်းလျန်၏ ရှေ့တွင် လော့ချန်မှာ အသက်ရှင်ရန် မျှော်လင့်ချက် မရှိဟု ယူဆထားသော်လည်း ဘေးအန္တရာယ်မှ ကာကွယ်ရန်အတွက် လော့ရှာဂိုဏ်းသို့ သွားရာ လမ်းကြောင်းတစ်လျှောက်တွင် လော့ချန်၏ သတင်းကို လိုက်လံ စုံစမ်းရန်လူလွှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။
တစ်လနီးပါး ကြာသည်အထိ လော့ချန်၏ သတင်းကို မရရှိသဖြင့် ချင်ယုတို့က လော့ချန်မှာ အစအနမကျန် သေဆုံးသွားပြီဟု ယူဆနေကြစဉ်မှာပင် ယခုကဲ့သို့ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားကြပေ။
“စီနီယာအစ်ကို ချင်ယု... လော့ချန်ကို သတ်နိုင်ရင် ဒါက ကြီးမားတဲ့ ဆုလာဘ်တစ်ခုပဲ”
“ဟုတ်တယ်။ လော့ချန်ရဲ့ ဦးခေါင်းကို ယူသွားနိုင်ရင် စီနီယာအစ်ကို ကျင်းမင်က ဆုတွေ အများကြီး ပေးမှာ သေချာတယ်”
ကျန်ရှိနေသော ရွှမ်ယွမ်ဂိုဏ်း အဓိကတပည့် နှစ်ဦးမှာလည်း လမ်းကြောင်းများကို ပိတ်ဆို့လျက် လော့ချန်အား ဝိုင်းရံထားကြပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေတော့သည်။
ချင်ယုသည် လော့ချန်ကို ပိုက်ကွန်ထဲက ငါးတကောင်ကဲ့သို့ ကြည့်ကာ စိတ်မလောတော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးအေးဆေးဆေး ပြုံးလိုက်သည်။
“မင်း ဘယ်လို နည်းလမ်းကို သုံးပြီးတော့ မင်းရဲ့ ခွေးအသက်ကို ကယ်ခဲ့လဲဆိုတာတော့ ငါ မသိပါဘူး။ ဒါပေမဲ့ မင်းက ကျင်းမင်ကို ရန်စမိသလို ငါတို့ မင်းသားတန်းကိုလည်း ရန်စမိပြီးသားဆိုတော့ မင်းအတွက်က သေလမ်းပဲ ရှိတော့တယ်။ ဒီနေ့က မင်းရဲ့ သေနေ့ပဲ...”
“မှန်သားပဲ... မင်း ဝမ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာဆိုတော့ မင်းရဲ့ ခြေလက်တွေနဲ့ ဦးခေါင်းကို ငါကိုယ်တိုင် ဖြုတ်ယူပြီး ခန္ဓာကိုယ်ကို ငါးပိုင်း ပိုင်းဖြတ်လိုက်မယ်။ ပြီးရင် ဒီကျွန်းပျက်ပေါ်မှာ ပစ်ထားခဲ့မယ်... ဟားဟားဟား...”
ဘေးနားရှိ ပိုင် မိသားစု ဇနီးမောင်နှံမှာမူ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး မျက်နှာများမှာ ပိုမို လေးလံလာခဲ့သည်။ သူတို့သည် တစ်စုံတစ်ဦး ရောက်ရှိလာသည်ကို မြင်ရသည့်အခါ ကယ်တင်ရှင်နှင့် တွေ့ဆုံရပြီဟု ယူဆထားသော်လည်း ရောက်ရှိလာသူမှာ အလွန်ပင် ငယ်ရွယ်နေသည်မဟုတ်ပါလော။
လော့ချန်သည် ထိုသုံးဦးအား ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်ဟု သူတို့ မယူဆကြပေ။ လဲကျနေသော ဝမ်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ သန်မာသူတစ်ဦးသာ ဖြစ်သော်လည်း ဤရွှမ်ယွမ်ဂိုဏ်း အဓိကတပည့် သုံးဦးမှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ သန်မာသူများ ဖြစ်ကြသည်မဟုတ်ပါလော။
အထူးသဖြင့် ခေါင်းဆောင်ဖြစ်သော ချင်ယုမှာမူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူတစ်ဦး ဖြစ်ရာ တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ ကောင်းစွာ သိရှိကြသည်။
“အဟွတ်...”
လူလတ်ပိုင်း အမျိုးသားသည် သွေးတစ်ချက် အန်ထုတ်လိုက်ပြီး အမျိုးသမီး၏ လက်ကို ဆွဲကိုင်လျက် ပြတ်သားစွာ ဆိုလိုက်သည်။ “ငါတို့ အသက်နဲ့လဲပြီး နောက်ဆုံးအထိ တိုက်ကြရအောင်...”
ထိုစဉ်မှာပင် လော့ချန်က ရုတ်တရက် ပြုံးလိုက်သည်။ သုံးဦးစလုံးအား တစ်ချက် ကြည့်လိုက်ပြီးနောက် လော့ချန်က ဆိုလိုက်သည်။
“ငါက သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်တန်းသန်မာသူ တစ်ယောက်ရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကနေတောင် လွတ်လာတာကို မင်းတို့က ငါ့ကို သတ်နိုင်မယ်လို့ ဒီလောက်တောင် ယုံကြည်ချက် ရှိနေတာလား...”
ထိုစကားကို ကြားသည့်အခါ ချင်ယုသည် ထက်မြက်လှသော ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
“ဘာလဲ... ငါ့ရဲ့ ရှေ့မှာ မင်းအတွက် အသက်ရှင်ဖို့ အခွင့်အရေး ရှိနေသေးတယ်လို့ ထင်နေတာလား...”
လုရှောင်ကျင့်မှာ ရွှမ်ဟယ်စာရင်းဝင် သန်မာသူတစ်ဦး ဖြစ်သော်လည်း လော့ချန်အား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည့် ကိစ္စမှာ အလွန်ပင် အရှက်ရစရာ ကောင်းလှသလို မင်းသားတန်း၏ သိက္ခာကိုလည်း ကျဆင်းစေသဖြင့် ထိုသတင်းကို လုံးဝ ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်ပေသည်။ လုရှောင်ကျင့်နှင့် ကျင်းမင်မှလွဲ၍ မြို့တော်တွင် ဖြစ်ပျက်ခဲ့သမျှကို မည်သူမျှ မသိရှိကြပေ။
ချင်ယုသည် ဝါရင့်အဓိကတပည့်တစ်ဦးဖြစ်သလို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူတစ်ဦး ဖြစ်ရာ အဓိကတပည့် ဖြစ်လာသည်မှာ တစ်လ၊ နှစ်လခန့်သာ ရှိသေးသော လော့ချန်အား မည်သို့ မျက်စိထဲ ထည့်ပါမည်နည်း။
“တကယ်ပဲ အသုံးမကျသူတွေပဲ...”
လော့ချန်သည် ခေါင်းကို ခါယမ်းလိုက်ပြီး အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
“မင်းတို့ ငါ့ရဲ့ လက်သီးတစ်ချက်ကို တောင့်ခံနိုင်မယ်ဆိုရင် ဒီနေ့ မင်းတို့ကို ငါ အသက်ချမ်းသာပေးမယ်...”
“မင်းရူးနေတာလား...”
“သေခါနီးနေတာတောင်မှ စကားကြီး စကားကျယ် ပြောနေသေးတယ်ပေါ့။ သေစမ်း...”
ချင်ယု မလှုပ်ရှားရသေးမီမှာပင် ဘေးနားရှိ အဓိကတပည့် နှစ်ဦးမှာ မစောင့်နိုင်တော့ဘဲကိုယ်တွင်းရှိ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ အရှိန်အဟုန်များဖြင့် လော့ချန်ထံသို့ တိုးဝင်သွားကြတော့သည်။ ပြင်းထန်လှသော အရှိန်အဟုန်မှာ ကျောက်ဆောင်များကိုပင် အက်ကွဲသွားစေတော့သည်။
လော့ချန်သည် လှည့်ပင်မကြည့်ဘဲ ညာလက်ကို လက်သီးဆုပ်လျက် ရိုးရှင်းစွာပင် ထိုးနှက်လိုက်သည်။
ထိုနှစ်ဦး၏ တိုက်ခိုက်မှုများမှာ တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီးနောက် ကျောက်တောင်ကြီးတစ်ခုအလား ပြင်းထန်လှသော လက်သီးအရှိန်အဟုန်မှာ မည်သည့်အရာကမျှ မတားဆီးနိုင်သော အနေအထားဖြင့် ဝါးမြိုသွားတော့သည်။
နောက်တစ်ခဏတွင်...
“ဘုန်း... ဘုန်း...”
အဓိကတပည့် နှစ်ဦး၏ လက်မောင်းများနှင့် ခန္ဓာကိုယ်တစ်ခြမ်းမှာ အပိုင်းပိုင်း ပြတ်ထွက်ကုန်ကာ သွေးများမှာလည်း ပန်းထွက်လာခဲ့ပြီး နောက်ဘက်တွင် ရပ်နေသော ချင်ယု၏ မျက်နှာပေါ်သို့ပင် စင်သွားတော့သည်။
“ဟင်... လက်သီးတစ်ချက်တည်းနဲ့ သတ်လိုက်တာလား...”
“ဒီလောက်တောင် သန်မာတာလား...”
ပိုင် မိသားစုဝင် ဇနီးမောင်နှံမှာ အလွန်ပင် အံ့သြသွားကြရသည်။လူလတ်ပိုင်း အမျိုးသားမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အဆက်မပြတ် ချောင်းဆိုးနေပြီး လော့ချန်ကို မယုံကြည်နိုင်စွာ ကြည့်နေတော့သည်။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ သန်မာသူ နှစ်ဦးကို လက်သီးတစ်ချက်တည်းဖြင့် မည်သည့် သိုင်းကွက်မျှ မပါဘဲ သတ်ဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
ဤကဲ့သို့သော အစွမ်းမျိုးမှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူများပင်လျှင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
၎င်းအပြင် ထိုနှစ်ဦးမှာ လော့ချန်၏ ခန္ဓာကိုယ်မှ မည်သည့် ချီစွမ်းအင် လှုပ်ရှားမှုကိုမျှ ခံစားလိုက်ရခြင်း မရှိပေ။ ဆိုလိုသည်မှာ ဤလက်သီးမှာ သန့်စင်လှသော ခန္ဓာကိုယ်အင်အား သက်သက်သာ ဖြစ်ပေသည်။ ခန္ဓာကိုယ်အင်အား သက်သက်ဖြင့်ပင် ဤမျှလောက်အထိ ပြင်းထန်နေခြင်း ဖြစ်၏။
ချင်ယုလည်း ထိတ်လန့်သွားခဲ့ပြီး တစ်ကိုယ်လုံးမှာ ကျောက်ရုပ်တစ်ခုအလား တောင့်တင်းသွားကာ အိပ်မက်မက်နေသည်ဟုပင် ခံစားနေရတော့သည်။ လော့ချန် တစ်လှမ်းချင်း တိုးကပ်လာသည်ကို မြင်ရသည့်အခါမှသာ သတိပြန်ဝင်လာခဲ့ပြီး နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေကာ ဓားရှည်ကိုကိုင်ထားသော လက်များမှာလည်း တုန်ယင်နေပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“မင်း... မင်း ရှေ့ကို မလာနဲ့ဦး...”
လော့ချန်သည် ချင်ယုကို တည်ငြိမ်စွာ ကြည့်လျက် မေးမြန်းလိုက်သည်။
“ကျင်းမင်က ငါ့သတင်းကို စုံစမ်းဖို့အတွက် လွှတ်ထားတဲ့လူက မင်းတို့လောက်တင်တော့ မဖြစ်နိုင်ဘူး... တခြားလူတွေက ဘယ်မှာလဲ...”
ဤစကားကို ကြားသည့်အခါ ချင်ယုသည် ကယ်တင်ရှင်နှင့် တွေ့ရသည့်အလား မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးများ ပေါ်ထွက်လာသည်။
“ဟုတ်တယ်။ စီနီယာအစ်ကို ကျင်းမင်က ဒီတစ်ခါမှာ စုစုပေါင်း ၁၃ ယောက် လွှတ်ထားတာ။ အဲဒီအထဲမှာ ရွှမ်ဟယ်စာရင်းဝင် သန်မာသူ ၃ ယောက်တောင် ပါတယ်...”
“ကျင့်ကြံဆင့် အမြင့်ဆုံးလူကတော့ စီနီယာအစ်ကို ချီဟိန်း ပဲ။ သူက ရွှမ်ဟယ်စာရင်း အဆင့် ၁၉၃ မှာ ရှိနေတာလေ”
“ငါတို့က ဒီနားက လင်းရှာမြို့မှာ ဆုံဖို့အတွက် ချိန်းထားကြတာ။ ငါတို့သာ အချိန်မီ ပေါ်မလာဘူးဆိုရင် စီနီယာအစ်ကို ချီဟိန်း တို့က သေချာပေါက် သံသယဝင်လာကြမှာပဲ။ မင်း အခု ချက်ချင်း မထွက်သွားရင်တော့ သေလမ်းပဲ ရှိတော့မယ်။ စီနီယာအစ်ကို ချီဟိန်း နဲ့ ငါနဲ့က အလွန်ပင် ရင်းနှီးတဲ့လူတွေဆိုတော့ မင်း ငါ့ကို သတ်ရင်လည်း မင်းအတွက် သေလမ်းပဲ ရှိတော့မှာပဲ...”
ချင်ယုသည် လော့ချန်ကို စိုက်ကြည့်ရင်း ရွှမ်ဟယ်စာရင်းဝင် သန်မာသူ၏ အမည်ကို အသုံးပြုကာ လော့ချန်အား ခြောက်လှန့်ရန် ကြိုးစားနေတော့သည်။
သနားစရာကောင်းသည်မှာ လော့ချန်မှာမူ သူ ထင်သကဲ့သို့ ကြောက်ရွံ့ခြင်း မရှိပေ။
“လင်းရှာမြို့ တဲ့လား...”
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင်တော့ ငါ သွားကြည့်ရမှာပေါ့”
ဤစကားကြောင့် ချင်ယု၏ မျက်နှာမှာ ပြောင်းလဲသွားသည်။
“ဘာ... မင်းက လင်းရှာမြို့ကို သွားမယ်ဟုတ်လား”
လော့ချန်က ပြုံးလျက် ဆိုလိုက်သည်။
“မင်းနဲ့ အဲဒီ ချီဟိန်းက သိပ်ကိုရင်းနှီးကြတယ်ဆိုမှတော့ ငါကလည်း သူတစ်ပါးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ မင်းတို့ နှစ်ယောက်ကို ငရဲလမ်းမှာ အဖော်ရအောင် လုပ်ပေးရသေးတာပေါ့...”
ချင်ယု မျက်လုံးပြူးသွားသည်။
“မင်းက စီနီယာအစ်ကို ချီဟိန်းကို သတ်မယ်ဟုတ်လား။ မင်း အိပ်မက်မက်နေတာပဲ။ စီနီယာအစ်ကို ချီဟိန်း က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နောက်ဆုံးအဆင့် သန်မာသူတစ်ဦး ဖြစ်ရုံတင်မကဘဲ ကြယ် ၇ ပွင့် အဆင့်မြင့်ဝိညာဉ်စွမ်းအားကိုလည်း နိုးကြားထားတဲ့သူလေ။ မင်းကို တစ်ချက်တည်းနဲ့ ရိုက်သတ်နိုင်တယ်...”
“အဲဒါကိုတော့ မင်း စိုးရိမ်နေစရာ မလိုပါဘူး...”
လော့ချန်သည် ဘယ်ခြေကို ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်တော့သည်။
“တောက်... မင်းကို ငါ အစွမ်းကုန် တိုက်ခိုက်ပြမယ်”
ချင်ယုက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ နီရဲသော မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာကာ လော့ချန်ထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် မီးလှိုင်းကြီးတစ်ခုကို ခုတ်ပိုင်းလိုက်တော့သည်။
ချက်ချင်းဆိုသလိုပင်...
“ဘုန်း...”
ဓားအလင်းတန်းများမှာ ကြေမွသွားခဲ့ပြီး မီးလျှံများမှာလည်း ပျောက်ကွယ်သွားကာ ချင်ယု၏ ခန္ဓာကိုယ်မှာ လက်ဝါးတစ်ချက်တည်းဖြင့်ပင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့ပြီး ပတ်ဝန်းကျင်တွင် သွေးမိုးများ ရွာသွန်းသွားတော့သည်။
အခန်း ၅၈၉ ပြီးပါပြီ။
အခန်း ၅၉၀ - သွေးစွမ်းအင်အမြုတေ ဆေးလုံး။ တောင်းဆိုမှုနှင့် ရလဒ်။
“နောက်ထပ် တစ်ချက်တည်းနဲ့ သတ်လိုက်ပြန်ပြီ...”
ပိုင်မိသားစုဝင် ဇနီးမောင်နှံမှာ စိတ်နှလုံးထဲတွင် လှိုင်းတံပိုးများ ထန်သွားခဲ့ပြီး အကြိမ်ကြိမ် တုန်လှုပ်နေရတော့သည်။
‘သန်မာလိုက်တာ... တကယ်ကို သန်မာလွန်းတာပဲ...’
ချင်ယုသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်မှုစွမ်းအားမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သန်မာသူတစ်ဦးနှင့် ရင်ပေါင်တန်းနိုင်သူဖြစ်သော်လည်း လက်ဝါးတစ်ချက်တည်းဖြင့် အရိုက်ခံလိုက်ရကာ မည်သည့် ပြန်လည်ခုခံမှုမျှ မလုပ်နိုင်ဘဲ သေဆုံးသွားခဲ့ရသည်မဟုတ်ပါလော။
တစ်ဖက်လူ၏ အသက်ကို ကြည့်လျှင်လည်း ၁၅ နှစ်ခန့်သာ ရှိသေးသည်။ တာယွဲ့မင်းဆက်တွင် ဤကဲ့သို့သောလူငယ်ပါရမီရှင်တစ်ဦး မည်သည့်အချိန်က ပေါ်ထွက်လာခဲ့သနည်း။ သူတို့ အဘယ်ကြောင့် မကြားဖူးခဲ့ကြသနည်း။
“ဟင်...”
လော့ချန်၏ အကြည့်များ သူတို့ထံသို့ ရောက်ရှိလာသည်ကို မြင်ရသည့်အခါ ထိုနှစ်ဦးမှာ စိတ်ထဲတွင် ဖိအားများ တိုးလာခဲ့ပြီး အလွန်ပင် တုန်လှုပ်နေကြတော့သည်။
မင်ရှာအိုင် ဧရိယာမှာ အလွန်ကျယ်ပြန့်လှပြီး မင်းဆက်အတော်များများနှင့် ထိစပ်နေသလို ပတ်ဝန်းကျင်မှာလည်း ရှုပ်ထွေးလှပေသည်။ ဤနေရာ၌လူဆိုးများစွာ သောင်းကျန်းနေကြသလိုလူမျိုးစုံ စုဝေးနေကြရာ မင်ရှာအိုင်အတွင်းသို့ တစ်ကိုယ်တည်း လာရောက်ဝံ့သူမှာ သာမန်လူ မဟုတ်သည်မှာ သေချာလှပေသည်။
စောစောကပင် ထိုလူငယ်၏ လက်ချက်များကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။ ဝါရင့်လူမိုက်ကြီးအချို့ပင်လျှင် ဤမျှလောက်အထိ ပြတ်သားလိမ့်မည် မဟုတ်ပေ။ အကယ်၍ တစ်ဖက်လူကသာ စိတ်ယုတ်မာရှိမည်ဆိုပါက သူတို့နှစ်ဦးမှာ သေချာပေါက် သေတွင်းထဲသို့ ရောက်ရှိသွားမှာဖြစ်ပြီး အသက်ရှင်ရန် မည်သည့်မျှော်လင့်ချက်မျှ ရှိမှာ မဟုတ်ပေ။
လော့ချန်သည် ထိုနှစ်ဦး၏ စိတ်ထဲမှ အတွေးများကို ရိပ်မိသွားသဖြင့် သူတို့ရှေ့သို့ လျှောက်သွားကာ ဆိုလိုက်သည်။
“ခင်ဗျားတို့ စိုးရိမ်မနေပါနဲ့... ဒီကိစ္စက ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး...”
ဤစကားကို ကြားရသည့်အခါမှလူလတ်ပိုင်းအမျိုးသားမှာ သက်ပြင်းတစ်ချက် ချနိုင်တော့ပြီး အမြန်ထရပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျွန်တော်က မင်ရှာအိုင် ပိုင်မိသားစုက ပိုင်ဟွားကျိ ပါ။ သူက ကျွန်တော့်ဇနီး လင်ရှုး ပါ။ သခင်လေးလော့ချန်ရဲ့ ကယ်တင်တဲ့ ကျေးဇူးအတွက် အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ...”
လှပသော အမျိုးသမီးကလည်း အမြန် ကျေးဇူးတင်လိုက်သည်။
လော့ချန်က ခေါင်းခါယမ်းလိုက်ပြီး အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး... ခင်ဗျားတို့လည်း မြင်တဲ့အတိုင်းပဲ ကျွန်တော်နဲ့ သူတို့က ရန်ငြိုးရှိကြလို့ လက်စသတ်လိုက်တာပါ...”
“တကယ်လို့ သခင်လေးလော့ချန်သာ မရှိရင် ကျွန်တော်တို့ ဇနီးမောင်နှံ ဒီနေ့ ဒီမှာတင် အသက်ပျောက်ကြမှာပါ။ ဒါက အသက်ကယ်ကျေးဇူးပဲလေ... ဘယ်လိုလုပ် ဒီအတိုင်း ထားလို့ ရမှာလဲ။ဟုတ်ပြီ... ရှုးလေး၊ အဲဒီအရာကို ထုတ်လိုက်ပါဦး...”
တစ်စုံတစ်ခုကို သတိရသွားသည့်အလား ပိုင်ဟွားကျိသည် ဘေးနားရှိ အမျိုးသမီးကို ကြည့်ကာ ဆိုလိုက်သည်။
လင်ရှုးသည် မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး ကျောခိုင်းလျက် သူမ၏ ရင်ဘတ်အတွင်းမှ လက်သန်းခန့်ရှိသော သွေးရောင်တောက်နေသည့် ရတနာလုံးလေး တစ်လုံးကို ထုတ်ယူလိုက်သည်။
ပိုင်ဟွားကျိက ထိုရတနာလုံးကို လော့ချန်ထံ ကမ်းပေးလိုက်သည်။
“အသက်ကယ်ကျေးဇူးကို ပိုင်ဟွားကျိအနေနဲ့ ပြန်ဆပ်စရာ မရှိလို့ပါ... ဒါလေးကို လက်ခံပေးပါ...”
“ဒါက...”
လော့ချန်သည် စတင် ငြင်းပယ်ရန် ပြင်လိုက်သော်လည်း သွေးရောင်တောက်နေသော ရတနာလုံးကို မြင်လိုက်ရသည့်အခါ သူ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့သည်။
ရတနာလုံး၏ မျက်နှာပြင်ပေါ်တွင် အလင်းတန်းများ ဝင်းလက်နေပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်မှာ အသက်ရှူနေသည့်အလား ရှိနေကာ ဝိညာဉ်စွမ်းအားများလည်း ပြည့်နှက်နေပြီး ဝေးကွာသော နေရာမှပင် ပြင်းထန်လှသော သွေးစွမ်းအင် လှုပ်ခတ်မှုများကို ခံစားနေရတော့သည်။
ပိုင်ဟွားကျိက ရှင်းပြလိုက်သည်။
“ဒီအရာကို သွေးစွမ်းအင်အမြုတေလုံးလို့ ခေါ်ပါတယ်။ မင်ရှာအိုင်က နှစ်ပေါင်းထောင်ချီ ကျင့်ကြံထားတဲ့ ယောက်ဖားကြီးတွေက သွေးစွမ်းအင် အနှစ်သာရတွေကို စုပ်ယူပြီးမှ ဖြစ်ပေါ်လာတဲ့ အံ့ဖွယ်ရတနာပါ။ ကျွန်တော်တို့ ဇနီးမောင်နှံ တိုက်ဆိုင်စွာ ရရှိခဲ့တာပါ...”
“သွေးစွမ်းအင်အမြုတေလုံးမှာ အစွမ်းတွေ အများကြီး ရှိပါတယ်။ အဆင့်မြင့် ဝိညာဉ်ဆေးလုံးတွေ ဖော်စပ်တဲ့နေရာမှာ သုံးလို့ရသလိုကိုယ်မှာ ဆောင်ထားရင်လည်း အညစ်အကြေးတွေကို သန့်စင်ပေးပြီး သွေးစွမ်းအင်နဲ့ ခန္ဓာကိုယ်ကို သန်မာစေပါတယ်။ တကယ်လို့ ဒဏ်ရာရခဲ့ရင် ပါးစပ်ထဲမှာ ငုံထားရုံနဲ့တင် သွေးကို အားဖြည့်ပေးပြီး သွေးသားတွေကို ပြန်လည် တည်ဆောက်ပေးသလို သွေးစွမ်းအင် ချို့တဲ့တာတွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ သာမန် အလယ်အလတ်အဆင့် ကုသရေးဆေးလုံးတွေထက်တောင် အစွမ်းထက်ပါသေးတယ်...”
“သွေးသားတွေကို ပြန်လည် တည်ဆောက်ပေးပြီး သွေးစွမ်းအင်ကို ဖြည့်ဆည်းပေးတယ် တဲ့လား...”
လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားသည်။
သူသည် ဆွန်ယင်ယန်၏ စံအိမ်မှ ရရှိခဲ့သော သွေးဝိညာဉ်မှိုကို အတော်များများ အသုံးပြုပြီးပြီဖြစ်ရာ မတော်တဆ အခြေအနေများအတွက် သွေးသားများကို အားဖြည့်ပေးနိုင်သော ဆေးဖက်ဝင်အပင်များကို ရှာဖွေရန် ပြင်ဆင်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
လက်လှမ်းမီသမျှ ကယ်တင်ခဲ့သောလူနှစ်ဦးထံတွင် ဤကဲ့သို့သော ရတနာမျိုး ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ဤသွေးစွမ်းအင်အမြုတေလုံးသာ ရှိမည်ဆိုလျှင် နောင်တစ်ချိန်တွင် သွေးလောင်ဆေးလုံးကို အသုံးပြုသည့်အခါ ၎င်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအတွက် စိုးရိမ်ရန် မလိုတော့ပေ။
“ဒါဆိုရင်လည်း ကျွန်တော် အားမနာတော့ဘူးနော်...”
လော့ချန်သည် ထိုသူနှစ်ဦးကို ကယ်တင်ခဲ့သဖြင့် ရလဒ်တစ်ခု ရရှိခြင်းမှာ သဘာဝကျလှပေသည်။ သွေးစွမ်းအင်အမြုတေလုံးကို သိမ်းဆည်းလိုက်ပြီးနောက် လော့ချန်သည် တစ်စုံတစ်ခုကို သတိရသွားကာ မေးမြန်းလိုက်သည်။
“ခင်ဗျားတို့က မင်ရှာအိုင် ပိုင်မိသားစုက ဆိုတော့... ဟို ဆေးဖော်စပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ပိုင်မိသားစုလား...”
ပိုင်ဟွားကျိက ခေါင်းညိတ်လိုက်သည်။
“ဆေးဖော်စပ်တဲ့ မိသားစုလို့ ခေါ်ဖို့တော့ အားနာစရာပါပဲ... ဒါပေမဲ့ ကျွန်တော်တို့က ပိုင်မိသားစုဝင်တွေ ဆိုတာတော့ အမှန်ပါပဲခင်ဗျာ...”
လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားသည်။ မင်ရှာအိုင် ပိုင်မိသားစုမှာ ယခုအချိန်တွင် နာမည်သိပ်မကြီးသော်လည်း လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကမူ ပိုင်မိသားစုတွင် ဝိညာဉ်ဆေးဆရာ အတော်များများ ပေါ်ထွက်ခဲ့ဖူးသဖြင့် မင်ရှာအိုင်၏ နံပါတ်တစ် အင်အားစု ဖြစ်ခဲ့ဖူးသလို ဂိုဏ်းကြီး ၃ ဂိုဏ်းပင်လျှင် သူတို့ကို မယှဉ်နိုင်ခဲ့ပေ။
“သခင်လေးမှာ ကျွန်တော်တို့ကို ခိုင်းစရာ ရှိလို့လားခင်ဗျာ...”
ပိုင်ဟွားကျိသည် အတွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်ရာ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
လော့ချန် ခေါင်းညိတ်လိုက်သည်။
“တကယ်တော့ ခင်ဗျားတို့ကို အကူအညီ တောင်းချင်တာ တစ်ခု ရှိပါတယ်။ ပျက်စီးသွားတဲ့ သွေးကြောတွေနဲ့ ဒျန်တန်ကို ပြန်လည် ပြုပြင်ပေးနိုင်တဲ့ ဆေးဖက်ဝင်အပင် ဒါမှမဟုတ် ဝိညာဉ်ဆေးလုံးတွေ ရှိလားဆိုတာ သိချင်လို့ပါ...”
လော့ချန် ဆိုလိုသည်မှာ သူ၏ဖခင် လော့ဟုန်၏ နှစ်ရှည်လများ ခံစားနေရသော ဒဏ်ရာဟောင်းများပင် ဖြစ်၏။
ယခင်က သူသည် စွမ်းအားနည်းနေသေးသဖြင့် ထိုကိစ္စကို မစဉ်းစားခဲ့သော်လည်း ယခုအခါတွင် အစွမ်းများ တိုးတက်လာပြီဖြစ်ရာ ဖခင်ဖြစ်သူ၏ ဒဏ်ရာများကို ကုသပေးရန် စတင် စဉ်းစားရမည့် အချိန် ရောက်ပြီ ဖြစ်ပေသည်။ ပိုင်မိသားစုမှာ နက်ရှိုင်းသော ဆေးဖော်စပ်မှု အစဉ်အလာရှိသည့် မိသားစုဖြစ်ရာ ဤကိစ္စကို သေချာပေါက် သိရှိလိမ့်မည်ဟု သူ ယူဆထားခြင်း ဖြစ်ပေသည်။
ပိုင်ဟွားကျိသည် ထိုစကားကို ကြားရသည့်အခါ ခေတ္တမျှ စဉ်းစားလိုက်ပြီး ဆိုလိုက်သည်။
“ပျက်စီးသွားတဲ့ သွေးကြောတွေနဲ့ ဒျန်တန်ကို ပြန်လည် ပြုပြင်ပေးနိုင်တဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ဆေးလုံးတွေကတော့ ရှိပါတယ်။ ဥပမာ - ‘သွေးဝိညာဉ်အဆင့် ၉ မြက်’ လိုမျိုး အံ့ဖွယ် ဆေးဖက်ဝင်အပင်တွေက လုပ်ဆောင်ပေးနိုင်သလို အစွမ်းထက်တဲ့ ဝိညာဉ်ဆေးဆရာတွေ ဖော်စပ်ထားတဲ့ အဆင့်မြင့်ဆေးလုံးတွေကလည်း လုပ်ဆောင်ပေးနိုင်ပါတယ်...”
လော့ချန်က အမြန် မေးလိုက်သည်။
“ခင်ဗျားတို့ ပိုင်မိသားစုမှာ ရှိလား။ စိတ်ချပါ ကျုပ် အလကား မယူပါဘူး။ ဘယ်လို တန်ဖိုးမျိုးကိုမဆို ထိုက်ထိုက်တန်တန် ပေးချေဖို့ အဆင်သင့်ပါပဲ...”
ပိုင်ဟွားကျိ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
“သခင်လေးကို အမှန်အတိုင်း ပြောရရင်... ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ကွယ်လွန်သွားကတည်းက ပိုင်မိသားစုမှာ ဝိညာဉ်ဆေးဆရာ မပေါ်ထွက်ခဲ့တာ နှစ်ပေါင်းထောင်ချီ ရှိပါပြီ။ အရင်လိုမျိုး မဟုတ်တော့ဘူးလေ... ဒီလိုမျိုး အံ့ဖွယ်ဆေးလုံးတွေ ဘယ်မှာ ရှိတော့မှာလဲ။ တကယ်လို့ ခင်ဗျား စိတ်မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ ခင်ဗျားအတွက် ဒီသတင်းတွေကို စုံစမ်းပေးပါ့မယ်...”
“ဒါဆိုရင်တော့ ခင်ဗျားတို့ကို ဒုက္ခပေးရတော့မှာပဲ...”
လော့ချန် ခေါင်းညိတ်လိုက်သည်။
ပိုင်မိသားစုမှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ဆေးဆရာ မိသားစုဖြစ်ရာ အားနည်းသွားသော်လည်း အခြေခံအင်အားများ ကျန်ရှိနေသေးသလိုလူမှုဆက်ဆံရေးမှာလည်း ကျယ်ပြန့်လှပေသည်။ မိမိကိုယ်တိုင် လိုက်လံ ရှာဖွေနေခြင်းထက် သူတို့က စုံစမ်းပေးခြင်းမှာ ပို၍ အဆင်ပြေမှာ သေချာလှပေသည်။
မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ လော့ချန်က ဆိုလိုက်သည်။
“ခင်ဗျားတို့... ဒီနေရာမှာ ကြာကြာ မနေသင့်တော့ဘူး။ အမြန် ထွက်သွားကြတော့...”
ပိုင်ဟွားကျိ တို့ နှစ်ဦးမှာလည်း ထိုဆန္ဒပင် ရှိကြသဖြင့် မေးမြန်းလိုက်သည်။
“သခင်လေး... တကယ်လို့ သတင်းရလာခဲ့ရင် ကျွန်တော်တို့ ဘယ်နေရာမှာ လာရှာရမလဲခင်ဗျာ...”
လော့ချန်က ဆိုလိုက်သည်။
“တာယွဲ့မင်းဆက်၊ ချီရှန်မြို့၊ လော့အိမ်တော်ကို လာခဲ့ပါ...”
“ကောင်းပါပြီ။ သခင်လေးလည်း ဂရုစိုက်ပါဦး...”
ပိုင်ဟွားကျိတို့ နှစ်ဦးမှာ နှုတ်ဆက်လိုက်ပြီး လျင်မြန်စွာပင် လှည့်ထွက်သွားကြတော့သည်။
ထိုအခါ လော့ချန်သည် သူ၏ ဝိညာဉ်စွမ်းအားကို နှိုးဆွလိုက်ပြီး ထိုနှစ်ဦး ဝေးဝေးသို့ ရောက်ရှိသွားသည်အထိ စောင့်ဆိုင်းနေလိုက်သည်။ သူသည် ထိုနှစ်ဦးကို အမြန် ထွက်ခွာခိုင်းရခြင်းမှာ ချင်ယုတို့၏ သိုင်းဝိညာဉ် အနှစ်သာရများကို ဝါးမြိုလိုသောကြောင့်ပင် ဖြစ်၏။
ဤလေးဦးမှာ အဓိကတပည့်များ ဖြစ်ကြသလို အစွမ်းလည်း ထက်ကြရာ အလဟဿ အဖြစ်မခံနိုင်ပေ။
“အူး...”
လော့ချန် ထိုင်ချလိုက်ရာ သူ၏ကိုယ်ပေါ်မှ နဂါးချီစွမ်းအင်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အလောင်းများဆီမှ စွမ်းအားများကို ဝါးမြိုလိုက်တော့သည်။
မိုင်ပေါင်း ဆယ်ဂဏန်းခန့် ဝေးသော နေရာ၌။
ပိုင်ဟွားကျိ ဇနီးမောင်နှံမှာ လေထဲတွင် ပျံသန်းနေကြသည်။
လင်ရှုးက သက်ပြင်းချလျက် ဆိုလိုက်သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူကို လက်သီးတစ်ချက်တည်းနဲ့ သတ်လိုက်တာပဲ... အဲဒီလူရဲ့ အစွမ်းက အနည်းဆုံးတော့ သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ ထိပ်တန်းသန်မာသူ အဆင့်မှာ ရှိနေမှာပဲ။ ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလောက် သန်မာနေတာဆိုတော့ လော့ချန် ဆိုတဲ့လူက တာယွဲ့မင်းဆက်ရဲ့ ထိပ်သီးပါရမီရှင် ဖြစ်မှာ သေချာတယ်။ ရှင်ရော... ဒီလူ့အကြောင်း ကြားဖူးလား...”
ပိုင်ဟွားကျိလည်း စဉ်းစားနေပြီးနောက် ရုတ်တရက် တုန်လှုပ်သွားကာ အံ့သြတကြား ဆိုလိုက်သည်။
“ချီရှန်မြို့က လော့ချန်... ဒါဆိုရင် သူများလား...”
“ဘယ်သူလဲ...”
ပိုင်ဟွားကျိသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်ထဲမှ လှုပ်ရှားမှုများကို ထိန်းချုပ်လျက် ဆိုလိုက်သည်။
“မနှစ်က တာယွဲ့မင်းဆက် ဂိုဏ်းကြီး ၃ ဂိုဏ်းရဲ့ သိုင်းပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့တဲ့ လော့ချန် ပေါ့...”
“သူလား။ မဖြစ်နိုင်တာ... ထုံရွှမ်နယ်ပယ် ကျင့်ကြံသူတွေပဲ အဲဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရှိတာလေ။ တစ်နှစ်တည်းနဲ့ ထုံရွှမ်နယ်ပယ်ကနေ သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်တန်းသန်မာသူအဆင့်အထိ တက်လှမ်းနိုင်တယ်ဆိုတာ... ဒါတော့ လုံးဝ မဖြစ်နိုင်ဘူး...”
လင်ရှုးသည် တုန်လှုပ်လွန်းသဖြင့် သူမ၏ နှုတ်ခမ်းလေးကို လက်ဖြင့် အုပ်လိုက်မိတော့သည်။
ပိုင်ဟွားကျိက ဆိုသည်။
“အမည်၊ အသက်၊ ရုပ်ရည်၊ ချီရှန်မြို့သား... ပြီးတော့ အဋ္ဌမမင်းသား ကျင်းမင်နဲ့ လော့ချန်က ရန်ငြိုးရှိကြသလို အဲဒီ ရွှမ်ယွမ်ဂိုဏ်းသားတွေကလည်း မင်းသားတန်းကလူတွေ ဖြစ်နေကြတယ်။ အချက်အလက်အားလုံးကကိုက်ညီနေတာပဲ။ မမှားနိုင်ဘူး... သူပဲ...”
“နောက်ထပ် အချိန်အနည်းငယ် ကြာရင်တော့ သူ့ရဲ့ သတင်းတွေ ပြန့်သွားပြီး တာယွဲ့မင်းဆက် တစ်ခုလုံးကို တုန်လှုပ်သွားစေမှာ သေချာတယ်... ကမ္ဘာကြီးကို တုန်ခါသွားစေမှာပဲ...”
“ဟူး...”
လင်ရှုးသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူမ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားတော့သည်။
“တကယ်လို့သာ အဲဒီလိုဆိုရင်တော့ ရွှမ်ယွမ်ဂိုဏ်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာတော့မှာပဲ...”
ကျွန်းပျက်လေးပေါ်တွင်...။
လော့ချန်သည် မတ်တပ်ရပ်လိုက်သည်။ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ ဝါးမြိုနိုင်စွမ်းမှာလည်း များစွာ အားကောင်းလာခဲ့ချေပြီ။ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူ လေးဦး၏ သိုင်းဝိညာဉ် အနှစ်သာရများကို ခဏလေးအတွင်းမှာပင် သူ အကုန်လုံး ဝါးမြိုလိုက်နိုင်ခဲ့သည်။
“ဘာမှ ပြောင်းလဲမှု မရှိသေးဘူးပဲ...”
လော့ချန် အာရုံခံကြည့်လိုက်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလေးဦး၏ သိုင်းဝိညာဉ် အနှစ်သာရများကို ဝါးမြိုလိုက်ခြင်းက သူ၏ ကျင့်ကြံဆင့် အဟန့်အတားကို လှုပ်ခတ်စေလိမ့်မည်ဟု သူ ယူဆထားခဲ့ပေသည်။ သို့သော်လည်း ရလဒ်မှာမူ မည်သည့် ပြောင်းလဲမှုမျှ မရှိခဲ့ပေ။
၎င်းမှာ ကြီးမားလှသော မြစ်ကြီးတစ်ခုအတွင်းသို့ ရေတစ်စက် ကျဆင်းသွားသကဲ့သို့ပင် မည်သည့် လှိုင်းတံပိုးမျှ မထွက်ပေါ်ခဲ့ပေ။
“သေချာတာကတော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ကို ချိုးဖျက်ဖို့က ထင်သလောက် မလွယ်ကူဘူးပဲ...”
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ဆိုသည်မှာ အသွင်ကူးပြောင်းမှုတစ်ခုဖြစ်ပြီး စတုတ္ထနယ်ပယ်သို့ စတင် လှမ်းတက်ရမည့် အဆင့် ဖြစ်ရာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ကို ချိုးဖျက်ရန်မှာ များစွာ ခက်ခဲလှပေသည်။
သာမန် သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူ အနည်းငယ်ကို ဝါးမြိုလိုက်ရုံဖြင့် ထိုအဟန့်အတားကို ချိုးဖျက်ရန် မဖြစ်နိုင်ပေ။ ထိုကိစ္စအတွက် လော့ချန်လည်း များစွာ ဂရုမစိုက်တော့ပေ။ အရာအားလုံးကို တစ်ဆင့်ချင်း လုပ်ဆောင်ရမည်ဖြစ်ရာ ဤအတောအတွင်း သူ၏ တိုးတက်မှုမှာ လုံလောက်လှပြီဖြစ်ပြီး အခြေခံကို ခိုင်မာအောင် ပြုလုပ်ရန်သာ အဓိက ဖြစ်ပေသည်။
“ဝှစ်...”
လော့ချန်သည် လက်တစ်ဖက်ဖြင့် ဝေ့ယမ်းလိုက်ရာ ထိုလေးဦး၏ သိုလှောင်လက်စွပ်များမှာ သူ၏ လက်ထဲသို့ ရောက်ရှိလာတော့သည်။
ထိုသူများ၏ ချီစွမ်းအင် အမှတ်အသားများကို အလွယ်တကူပင် ဖယ်ရှားလိုက်ပြီးနောက် လော့ချန် စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် အံ့သြဝမ်းသာသွားရသည်။
“ဒီလောက်တောင် ချမ်းသာတာလား...”
အခန်း ၅၉၀ ပြီးပါပြီ။
အခန်း ၅၉၁ - လုရှောင်ကျင့်နှင့် ပြန်လည်ဆုံတွေ့ခြင်း။
ချင်ယုတို့ လေးဦးမှာ သာမန်အဓိကတပည့်များသာ ဖြစ်ကြသဖြင့် လော့ချန်သည် သူတို့၏ စည်းစိမ်ဥစ္စာအပေါ် များစွာ မျှော်လင့်ချက် မထားခဲ့ပေ။
အမှန်တကယ်တွင် ကျင့်ကြံဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည့်အခါ နေ့စဉ်အသုံးပြုရသော ကုန်ကျစရိတ်မှာ အလွန်ပင် များပြားလှသည်။ အနည်းဆုံးတော့ ဝိညာဉ်စွမ်းအားဖြည့်ဆေးလုံး ဆယ်လုံးထက်မနည်း အသုံးပြုရသလို ဝိညာဉ်ဆေးလုံးများနှင့် လက်နက်ကိရိယာများ ဝယ်ယူရန်အတွက်လည်း ကုန်ကျစရိတ်များ ရှိနေသဖြင့် ချမ်းသာကြွယ်ဝရန်မှာ ခဲယဉ်းလှပေသည်။
သို့သော်လည်း စစ်ဆေးကြည့်လိုက်သည့်အခါတွင်မူ လော့ချန် ထင်မှတ်မထားသော ရလဒ်များ ထွက်ပေါ်လာခဲ့သည်။
ထိုလေးဦး၏ကိုယ်ပေါ်တွင် ရွှေပြားများတင် ငါးကုဋေ၊ ခြောက်ကုဋေခန့် ရှိနေသလို ဝိညာဉ်စွမ်းအားဖြည့်ဆေးလုံး ပေါင်း နှစ်သောင်းကျော် ရှိနေပြီး ၎င်း၏တန်ဖိုးမှာတင် နှစ်ကုဋေခန့် ရှိပေသည်။
ဤသည်မှာ အခြားသော ဆေးပင်များ၊ ဝိညာဉ်ဆေးလုံးများ၊ ကျင့်စဉ်စာအုပ်များနှင့် အံ့ဖွယ်ရတနာများကို ထည့်မတွက်ရသေးချေ။ စုစုပေါင်း တန်ဖိုးမှာ ဆယ်ကုဋေထက် ကျော်လွန်နေတော့သည်။ ဤသည်မှာ ဂိုဏ်းကြီး ၃ ဂိုဏ်း၏ အဓိကတပည့် အတော်များများအတွက်မူ ကြီးမားလှသော စည်းစိမ်ဥစ္စာ တစ်ခုပင် ဖြစ်၏။
လော့ချန် မသိရှိသည်မှာ ထိုစည်းစိမ်များမှာ ချင်ယုတို့ လေးဦး လိုက်လံ လုယက်ထားခြင်း ဖြစ်နေသည်ဆိုခြင်းပင်။
သူတို့သည် ကျင်းမင်၏ အမိန့်ဖြင့် လော့ချန်၏ သတင်းကို စုံစမ်းရန် စေလွှတ်ခြင်း ခံထားရသဖြင့် အခြားသော အဓိကတပည့်များကဲ့သို့ နတ်ဆိုးတောအုပ်သို့ သွားရောက်ကာ သွေးဝိညာဉ်ဂိုဏ်းသားများကို သတ်ဖြတ်ပြီး ဆုကြေးများ မရယူနိုင်သဖြင့် စိတ်ထဲတွင် ဘဝင်မကျ ဖြစ်နေကြသည်။ ၎င်းအပြင် နေ့စဉ်နှင့်အမျှ ပင်ပန်းနွမ်းနယ်လာသည့်အခါ သူတို့၏ ဒေါသများမှာ ပိုမို ပြင်းထန်လာခဲ့တော့သည်။
နောက်ဆုံးတွင် ချင်ယု၏ အကြံပြုချက်ဖြင့် ထိုလေးဦးမှာ မင်ရှာအိုင်တွင် ဓားပြတိုက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။ မင်ရှာအိုင်မှာ အင်အားစုများစွာ ရောယှက်နေသလိုလူမျိုးစုံ ရှိနေသဖြင့် ဓားပြတိုက်ခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်မဟုတ်ပါလော။
သို့သော်လည်း ထိုလေးဦးမှာ ဤနေရာတွင် လော့ချန်နှင့် ဆုံတွေ့လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ကြပေ။
“တကယ်ပဲ အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးသလိုပါပဲလား...”
လော့ချန် အသာအယာ ပြုံးလိုက်ပြီး သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်သည်။
သူ၏ ယခင်စည်းစိမ်များမှာ မိသားစုအတွက် ချန်ထားခဲ့သည်မှလွဲ၍ ကျန်ရှိသမျှကို ဝိညာဉ်ကျောက်တုံးများ ဝယ်ယူရန် အသုံးပြုခဲ့သဖြင့် ယခုအခါတွင် သူ၏ကိုယ်ပေါ်၌ ဝိညာဉ်စွမ်းအားဖြည့်ဆေးလုံး ရာဂဏန်းခန့်သာ ကျန်ရှိတော့ရာ အလွန်ပင် ဆင်းရဲနေပေသည်။
ဤဆယ်ကုဋေသော စည်းစိမ်မှာမူ မီးလောင်နေစဉ် မိုးရွာချလိုက်သကဲ့သို့ပင် အလွန်ပင် အချိန်ကိုက် ရှိလှပေသည်။ သေချာသည်မှာ စည်းစိမ်ဥစ္စာများထက်စာလျှင် ဤတစ်ကြိမ် အကြီးမားဆုံးသော ရလဒ်မှာ သွေးစွမ်းအင်အမြုတေလုံးပင် ဖြစ်၏။
ဤရတနာလုံးမှာ သန့်စင်လှသော သွေးစွမ်းအင်များ ပြည့်နှက်နေသဖြင့် သွေးသားများကို အားဖြည့်ပေးနိုင်သော အံ့ဖွယ်ရတနာ ဖြစ်ပေသည်။ အကယ်၍ သေခြင်းရှင်ခြင်း တိုက်ပွဲများနှင့် ဆုံတွေ့ရမည်ဆိုလျှင် ဤ သွေးစွမ်းအင်အမြုတေလုံးက သွေးလောင်ဆေးလုံး၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အနည်းဆုံးအဆင့်အထိ လျှော့ချပေးနိုင်မည်ဖြစ်ရာ အသက်ကယ်ရတနာဟုပင် ခေါ်ဆိုနိုင်ပေသည်။
စည်းစိမ်ဥစ္စာ မည်မျှပင် များပြားပါစေ အသက်နှင့် ယှဉ်လျှင် အဘယ်မှာ အရေးပါပါမည်နည်း။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လော့ချန်သည် ဝေးကွာသော မြောက်ဘက်အရပ်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားခဲ့သည်။
“ငါ့သတင်းကို စုံစမ်းဖို့အတွက် ရွှမ်ဟယ်စာရင်းဝင် သန်မာသူ သုံးယောက်တောင် လွှတ်ထားတယ်ပေါ့။ ကျင်းမင်... မင်း ငါ့ကို တကယ်ပဲ အထင်ကြီးလွန်းတာပဲ။ ကောင်းပြီလေ... ဒီနေ့တော့ ဒီလူတွေကို အသုံးချပြီး ငါ့ရဲ့ အရှိန်အဝါကို ပြသရမှာပေါ့...”
ဤတစ်ကြိမ် ဂိုဏ်းသို့ ပြန်ရာတွင် လော့ချန် ပထမဆုံး လုပ်ဆောင်မည့် ကိစ္စမှာ ကျင်းမင်နှင့် ရန်ငြိုးများကို အပြတ်ရှင်းရန်ပင် ဖြစ်၏။ ကျင်းမင်၏ အမိန့်ဖြင့် သူ့အား လိုက်လံ သတ်ဖြတ်ရန် လာရောက်သူများကိုလည်း တစ်ဦးတစ်ယောက်ကိုမျှ အလွတ်ပေးရန် အစီအစဉ် မရှိပေ။
“ဝှစ်...”
လော့ချန်၏ ပုံရိပ်မှာ တိမ်တိုက်များကြားသို့ ထိုးတက်သွားခဲ့ပြီး မြောက်ဘက်အရပ်သို့ တစ်ဟုန်ထိုး ပျံသန်းသွားရာ ကောင်းကင်ယံတွင် ဝေဝါးသော အရိပ်တစ်ခုသာ ကျန်ရစ်တော့သည်။
လင်းရှာမြို့...။
၎င်းမှာ မင်ရှာအိုင်၏ မြောက်ဘက်ရှိ မြို့ငယ်လေးတစ်ခုဖြစ်ပြီးလူဦးရေ ကုဋေဂဏန်းခန့် ရှိပေသည်။ မင်ရှာအိုင်နှင့် နီးကပ်သဖြင့် မင်ရှာအိုင်တွင် ကျင်လည်နေကြသော သန်မာသူများနှင့် သူရဲကောင်းများစွာ ရှိနေသဖြင့် အလွန်ပင် စည်ကားလှပေသည်။
မြို့၏ မြောက်ဘက်အစွန်ဆုံးတွင်မူ ငါးထပ်ရှိသော စားသောက်ဆိုင်ကြီး တစ်ခု ရှိပေသည်။ ဆိုင်၏ အမိုးပေါ်တွင် ရွှေရောင်များဖြင့် မွမ်းမံထားသဖြင့် နေရောင်အောက်တွင် တောက်ပနေတော့သည်။
၎င်းမှာ လင်းရှာမြို့၏ အခမ်းနားဆုံးသော စားသောက်ဆိုင်ဖြစ်သည့် ‘ရွှေအမိုးဂေဟာ’ပင် ဖြစ်၏။
ရွှေအမိုးဂေဟာ၏ ပဉ္စမအထပ်မှကြည့်လျှင် မင်ရှာအိုင်တစ်ခုလုံးကို မြင်တွေ့နိုင်သဖြင့် အလွန်ပင် ခန့်ညားလှပေသည်။ ထိုအထပ်သို့ တက်ရောက်နိုင်သူများမှာလည်း ရာထူးဂုဏ်ရှိန် ရှိသူများ ဖြစ်ကြသလို သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများလည်း ဖြစ်ကြသည်။
ယခုအချိန်တွင် ပဉ္စမအထပ်၏ ပြတင်းပေါက်နားတွင်လူငယ်ကိုးဦးမှာ အရက်သောက်ရင်း စကားပြောနေကြသည်။ ထိုကိုးဦးစလုံးမှာ ထူးခြားသော အရှိန်အဝါများ ရှိကြပြီး ဆူညံစွာ ပျော်ပါးနေကြသဖြင့်လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရတော့သည်။
“ဟင်... အဲဒါ ရွှမ်ဟယ်စာရင်း အဆင့် ၁၉၃ မှာ ရှိတဲ့ ရွှမ်ယွမ်ဂိုဏ်းက ပါရမီရှင် ချီဟိန်း မဟုတ်လား။ ပြီးတော့ မုန့်ယွမ်ချုံ လည်း ပါသေးတယ်။ သူက ရွှမ်ဟယ်စာရင်း အဆင့် ၂၁၇ မှာ ရှိတာလေ။ ဒီမှာတင် ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင် နှစ်ယောက်တောင် ရှိနေတာလား...”
ရွှမ်ဟယ်စာရင်းဝင် တပည့်များမှာ တာယွဲ့မင်းဆက် တစ်ခုလုံးတွင် ထိပ်တန်းသန်မာသူများဟု ခေါ်ဆိုနိုင်ပေသည်။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူလူလတ်ပိုင်းတစ်ဦးက ထိုကိုးဦးထဲမှ နှစ်ဦးကို ချက်ချင်း မှတ်မိသွားခြင်းပင်။
“နှစ်ယောက်တင် မဟုတ်ဘူး...”
ဘေးနားရှိလူတစ်ဦးက ဖြည့်စွက်ပြောလိုက်သည်။
“အဲဒီ ဝတ်ရုံလှလှဝတ်ထားတဲ့လူငယ်က လုရှောင်ကျင့်တဲ့။ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ရွှမ်ဟယ်စာရင်းထဲ ဝင်လာတာဆိုပေမဲ့ အရှိန်အဟုန်က တကယ် ပြင်းတယ်။ အခုဆိုရင် အဆင့် ၄၂၀ မှာ ရှိနေပြီလေ”
တစ်စုံတစ်ဦးက ထူးဆန်းစွာ မေးမြန်းလိုက်သည်။
“ထူးဆန်းလိုက်တာ... မကြာသေးခင်ကမှ ဂိုဏ်းအသီးသီးက သန်မာသူ အတော်များများက သွေးဝိညာဉ်ဂိုဏ်း စခန်းတွေကို ရှာဖို့အတွက် နတ်ဆိုးတောအုပ်ကို သွားကုန်ကြတာလေ။ ဒီမှာ ဘာလို့ ရွှမ်ဟယ်စာရင်းဝင် တပည့် သုံးယောက်တောင် ရှိနေရတာလဲ”
ထိုစကားကို ကြားသည့်အခါ မျက်နှာကျယ်ကျယ်နှင့်လူတစ်ဦးက အသံကို နှိမ့်လျက် ဆိုလိုက်သည်။
“ငါ သိရသလောက်တော့ သူတို့က လော့ချန်ရဲ့ သတင်းကို လိုက်စုံစမ်းနေကြတာတဲ့။ သူတို့အားလုံးက ရွှမ်ယွမ်ဂိုဏ်း မင်းသားတန်းက တပည့်တွေလေ။ အဲဒီ ချီဟိန်း ဆိုရင် တော်ဝင်မြို့တော် ချီမိသားစုဝင်ပဲ။ လော့ချန်အတွက် လာကြတာ ဖြစ်မှာပေါ့...”
“လော့ချန်ဟုတ်လား။ သူက ကျိလော့ဂိုဏ်းက မူချင်းလျန်ရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရပြီး အစအနမကျန် သေသွားပြီ မဟုတ်ဘူးလား။ တကယ်လို့ သူ မသေသေးဘူးဆိုရင်တောင်မှ...”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မူချင်းလျန်က သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ ထိပ်တန်းသန်မာသူ တစ်ယောက်လေ။ လော့ချန်က ဘယ်လောက်ရှိလို့လဲ။ သူ့လက်ထဲကို ရောက်သွားမှတော့ အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး...”
မျက်နှာကျယ်ကျယ်နှင့်လူက ခေါင်းခါယမ်းလိုက်သည်။
ပထမမင်းသား ကျင်းထျန်တူက လော့ချန်မှာ မူချင်းလျန်၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရပြီး သတင်းအစအန ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ပြီးနောက်...
ဤကိစ္စမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် ပြန့်နှံ့သွားခဲ့သည်။ ဤတစ်လအတွင်းတွင်လူအတော်များများမှာ လော့ချန်၏ အကြောင်းကိုသာ ပြောဆိုနေကြပေသည်။
အဘယ်ကြောင့်ဆိုသော် လော့ချန် စတင် ပေါ်ထွက်လာစဉ်က တိုက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့ရုံတင်မကဘဲ ဂိုဏ်းကြီး ၃ ဂိုဏ်း၏ သိုင်းပြိုင်ပွဲတွင် နံပါတ်တစ် ရရှိခဲ့မှုမှာ တုန်လှုပ်စရာ ကောင်းလွန်းသောကြောင့်ပင်။
လူတိုင်းက အထင်မကြီးကြသော အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသော်လည်း လျှပ်ယွမ်ဂိုဏ်း၏ ပါရမီရှင် ဟွာကျင်းယန်ကို အပြတ်အသတ် ဖိနှိပ်နိုင်ခဲ့သလို တစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် ရွှမ်ယွမ်ဂိုဏ်း၏ အဓိကတပည့် ဖြစ်လာခဲ့သည် မဟုတ်ပါလော။
ဤကဲ့သို့သော အချက်များကြောင့်လူအများ၏ စိတ်ထဲ၌ စွဲထင်နေခြင်း ဖြစ်ပေသည်။ ဆိုရလျှင် ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်အချို့ပင်လျှင် လော့ချန်လောက် နာမည်မကြီးလှပေ။
ယခု တစ်လကုန်ဆုံးသွားသော်လည်း လော့ချန်၏ သတင်းကို မရရှိသဖြင့်လူအတော်များများမှာ သူသည် မူချင်းလျန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဟု ယူဆနေကြခြင်း ဖြစ်ပေသည်။
ရွှမ်ယွမ်ဂိုဏ်း အဓိကတပည့် ကိုးဦးမှာလည်း ထိုနည်းအတိုင်းပင် ယူဆနေကြသည်။
“စီနီယာအစ်ကို ကျင်းမင် ကလည်း အရမ်းကို သတိကြီးလွန်းတာပဲ။ အဲဒီ လော့ချန်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သာ ရှိသေးတာလေ။ မူချင်းလျန်ရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရမှတော့ သေမှာ သေချာနေပါပြီ။ ငါတို့ကို သူ့သတင်း လိုက်စုံစမ်းခိုင်းတာက တကယ်ကို အပို အလုပ်တစ်ခုပဲ...”
“စီနီယာအစ်ကို ချီဟိန်း... ကျွန်တော်တို့ ဘယ်တော့ ပြန်ကြမှာလဲ...”
အဓိကတပည့် ကိုးဦးစလုံးမှာ ဤတာဝန်အပေါ် ဘဝင်မကျ ဖြစ်နေကြသဖြင့် အရက်သောက်ရင်း ညည်းညူနေကြကာ အဓိကနေရာတွင် ထိုင်နေသောလူငယ်ကို မေးမြန်းလိုက်ကြသည်။
ထိုလူငယ်မှာ အရပ် ၆ ပေ ကျော်ခန့် ရှိပြီး ရုပ်ရည်ခန့်ညားလှကာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် အလွန်ပင် ခန့်ညားလှပေသည်။ သူသည် အရက်တစ်ခွက်ကို သောက်လိုက်ပြီး အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
“ဒီလောက်ကြာတဲ့အထိ သတင်းမရဘူးဆိုတော့ လော့ချန်က သေသွားပြီဆိုတာ သေချာနေပြီ။ ချင်ယု တို့နဲ့ ဆုံပြီးတာနဲ့ ငါတို့ ပြန်ကြတာပေါ့...”
“ဟဲဟဲ... တကယ်လို့ သူ မသေသေးဘူးဆိုရင်တော့ ငါ အတော်လေး ဝမ်းသာမှာပဲ။ ငါ့ရဲ့ အချိန်တွေကို ဒီလောက်အထိ ဖြုန်းတီးအောင် လုပ်ခဲ့တာဆိုတော့... ငါ့လက်ထဲသာ ရောက်လာရင်တော့ သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်မယ်”
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသောလူငယ်တစ်ဦးက လှောင်ပြုံးဖြင့် ဆိုလိုက်သည်။
ထိုစကားကို ကြားသည့်အခါ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လုရှောင်ကျင့်မှာ မျက်ဝန်းများ လှုပ်ရှားသွားသော်လည်း ခေါင်းငုံ့ကာ အရက်သောက်လျက် မျက်နှာအမူအရာကို ဖုံးကွယ်ထားလိုက်သည်။
ထိုလူငယ်မှာ သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်း သန်မာသူတစ်ဦးသာ ဖြစ်ပြီး ရွှမ်ဟယ်စာရင်းထဲပင် မဝင်နိုင်သေးသဖြင့် သူ့အား ယှဉ်နိုင်ရန်ပင် ဝေးလှသည်မဟုတ်ပါလော။ လော့ချန်နှင့် ဆိုလျှင်မူ ပို၍ပင် ဝေးကွာလှပေသည်။
သေချာသည်မှာ လုရှောင်ကျင့်သည် ထိုစကားများကို ထုတ်ပြောမည် မဟုတ်ပေ။
ယခင်က တော်ဝင်မြို့တော်တွင် လော့ချန်အား ရှုံးနိမ့်ခဲ့ရသည့် ကိစ္စမှာ အလွန်ပင် အရှက်ရစရာ ကောင်းလှသဖြင့် သူ မည်သူ့ကိုမျှ ပြောပြခဲ့ခြင်း မရှိပေ။
“ချင်ယု တို့က ဘာလို့ အခုထိ ရောက်မလာသေးတာလဲ...”
အချိန်ကြာလာသည်နှင့်အမျှ စောင့်ဆိုင်းနေရသောလူအချို့မှာ စိတ်မရှည် ဖြစ်လာကြသည်။
ထိုစဉ်မှာပင်...
“ဒေါက်... ဒေါက်... ဒေါက်...”
လှေကားထစ်မှ ခြေသံများ ထွက်ပေါ်လာပြီး ကြည်လင်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။
“သူတို့တွေကတော့... လာနိုင်မှာ မဟုတ်တော့ဘူး ထင်တယ်...”
အသံမှာ မကျယ်လွန်းသော်လည်း ပဉ္စမအထပ်ရှိလူတိုင်းမှာ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ကြသည်။ နောက်တစ်ခဏတွင်လူငယ်တစ်ဦးမှာလူအများ၏ အမြင်အာရုံထဲသို့ ရောက်ရှိလာခဲ့သည်။ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားကာ ခန့်ညားလှသော မျက်နှာနှင့် တည်ငြိမ်လှသော မျက်ဝန်းအစုံမှာ ကြင်နာမှုများ ရှိနေသော်လည်း ဝေဝါးလှသော ထက်မြက်မှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
“လော့ချန်...”
ရောက်ရှိလာသူကို မြင်ရသည့်အခါ ရွှမ်ယွမ်ဂိုဏ်း အဓိကတပည့် အချို့မှာ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကြပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာတော့သည်။
အခန်း ၅၉၁ ပြီးပါပြီ။